အခန်း (၁၁၅၁-၁၁၅၂)
Vol. 67 Ch. 1151-1152
အပိုင်း (၁၁၅၁)
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
နုရှောင့်မြို့၏ အမြှောက်များသည် အိပ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံးများကို အံ့အားသင့်ဖွယ်ရာ အရေအတွက်ဖြင့် ဆက်တိုက် ပစ်ခတ်နေကြ၏။
တော်ဝင်ရင်အင်ပါယာ၏ အထက်မြက်ဆုံး စစ်သည်တော်များသည် ရှေးဟောင်း သံချပ်ကာဝတ်စုံများ ဝတ်ဆင်ထားလျက်နှင့်ပင် ထပ်ခါတလဲလဲ လေဖြတ်သကဲ့သို့ မလှုပ်မယှက် ဖြစ်နေကြရသည်။ မီတာ အနည်းငယ်မျှ ပြေးလွှားပြီးသည်နှင့် တစ်ဖန် ပြန်လည် အေးခဲသွားကြရပြန်သည်။
ထိုသို့မဟုတ်ပါကလည်း သာမန်စစ်သားများ၏ အမြန်နှုန်းဖြင့်သာ ပြေးလွှားနိုင်ကြတော့သည်။ အထူး စစ်သည်တော်များ၏ ရှေးဟောင်း သံချပ်ကာဝတ်စုံများ လေဖြတ်သွားရုံသာ မဟုတ်ပေ။ ရှေးဟောင်း ဒူးလေးများ၊ ရှေးဟောင်း မြားများနှင့် အခြားသော ရှေးဟောင်းလက်နက်များ အားလုံးသည်လည်း ထိခိုက်ပြီး အသုံးမဝင် ဖြစ်သွားခဲ့ရ၏။
“မင်းသား... အသေအပျောက်တွေ များလွန်းနေပါပြီ။”
တပ်မှူး လန်ရှစ်က ပြောလိုက်သည်။ “ကျုပ်တို့ ဆုတ်ခွာကြမလား။”
ရင်ဝူချန်သည် သွားကို တင်းတင်းကြိတ်ကာ အော်ဟစ်လိုက်၏။
“ဆုတ်ခွာမယ် ဟုတ်လား။ ဒီအချိန်မှာ ဆုတ်ခွာရမယ်တဲ့လား။ မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ နုရှောင့်မြို့မှာ လက်နက်အသစ်တွေ ရှိနေရုံပဲ ရှိတာ၊ သူတို့ရဲ့ တစ်ဦးချင်း တိုက်ခိုက်နိုင်စွမ်းက အရမ်း အားနည်းတယ်။ ကျုပ်တို့ သူတို့တပ်ထဲကို ဝင်ရောက် စီးနင်းနိုင်တာနဲ့ သူတို့အားလုံးကို သတ်ပစ်နိုင်မှာပဲ။ လူတစ်သောင်းလောက် ဝင်ရောက်စီးနင်းနိုင်ရင်တောင် ကျုပ်တို့ နိုင်နိုင်သေးတယ်။”
“တက်... တက်ကြစမ်း။ ရှေ့ကို တက်ကြ။” ရင်ဝူချန်က အော်ဟစ် အမိန့်ပေးလိုက်သည်။
“သတ်... သတ်ကြ။ အကုန်သတ်ပစ်။” စေတီတောင်မှ ရန်တန်ရှောင်ကလည်း ထပ်ဆင့် အော်ဟစ်လိုက်၏။
တော်ဝင်ရင်အင်ပါယာ၏ သိန်းချီသော စစ်သည်များသည် ကြောက်မက်ဖွယ်ကောင်းသော အမြှောက်ဒဏ်ကို ကြံ့ကြံ့ခံရင်း အစွမ်းကုန် အားကုန်ထုတ်၍ ရှေ့သို့ တိုးဝင်လာကြသည်။ ယခုအချိန်တွင် ရှေးဟောင်း ဒူးလေးများ၊ လေးများနှင့် မြားများ အားလုံးမှာ အသုံးမဝင်တော့ချေ။ တစ်ခုတည်းသော နည်းလမ်းမှာ ရန်သူ့တပ်ဖွဲ့ထဲသို့ ဝင်ရောက်ပြီး အားလုံးကို သတ်ဖြတ်ပစ်ရန်သာ ရှိတော့သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
“ရွှီ... ရွှီ... ရွှီ...”
နုရှောင့်မြို့မှ စစ်သည် ငါးသောင်းသည် သေမင်းတမန် ကွပ်မျက်ခြင်း တေးသွား တီးခတ်နေမှုကို ရပ်တန့်ခြင်း မရှိပေ။
သေမင်းတမန် ပိုက်ကွန်ကြီးသည် ရူးသွပ်စွာဖြင့် ရန်သူတို့ကို လွှမ်းခြုံထား၏။ ခဏတာအတွင်းမှာပဲ တော်ဝင်ရင်အင်ပါယာ၏ တပ်တော်သည် အလောင်းကောင် များဖြင့် ပြည့်နှက်သွားခဲ့၏။
အထူးစစ်သည်တော်များသည် အလွန် သန်မာကြပြီး တိုက်ပွဲကို ဘယ်သောအခါမှ ကျောခိုင်းလိမ့်မည် မဟုတ်ပေ။ ငရဲတပ်တော်သည်လည်း အလွန် သန်မာပြီး ထိခိုက်သေဆုံးမှုများကြောင့် တိုက်ပွဲမှ ဆုတ်ခွာမည့် သူများ မဟုတ်ကြချေ။
သို့သော်ငြား တော်ဝင်ရင်အင်ပါယာ၏ သာမန်တပ်တော်မှာမူ ထိုမျှ ရဲရင့်ခြင်း မရှိကြချေ။ သာမန်တပ်ဖွဲ့များထက် ပိုမို သန်မာကြသော်လည်း တပ်ဖွဲ့ဝင် သုံးပုံတစ်ပုံကျော် ဆုံးရှုံးသွားပါက ပြိုကွဲသွားတတ်ကြစမြဲ ဖြစ်သည်။ ယခုတွင်မူ သူတို့၏ တပ်ဖွဲ့ဝင် ထက်ဝက်နီးပါး ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။
အဓိကအချက်မှာ မျှော်လင့်ချက် ကင်းမဲ့လွန်းနေခြင်းပင် ဖြစ်သည်။ နှစ်ကီလိုမီတာ၊ သုံးကီလိုမီတာခန့် အကွာအဝေးသည် ငရဲတမျှ သတ်ဖြတ်ကွင်းပြင်ကြီး ဖြစ်နေ၏။ အနိုင်ရရန် မျှော်လင့်ချက် လုံးဝ မရှိတော့ပေ။ တော်ဝင်ချန်တပ်တော်မှ ဖန်တီးထားသော သေမင်းတမန် ပိုက်ကွန်ကြီးမှာ ထူထဲလွန်းလှ၏။ နောက်ဆုံးတွင် တော်ဝင်ရင်အင်ပါယာ၏ သာမန်တပ်တော်ကြီး ပြိုကွဲကာ ထွက်ပြေးကြလေတော့၏။
“မပြေးကြနဲ့။ မပြေးကြနဲ့။ ပြေးရင် ချက်ချင်း ကွပ်မျက်မယ်။”
တော်ဝင်ရင်အင်ပါယာ၏ စစ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့သည် နောက်ပြောင်နေခြင်း မဟုတ်ပေ။ သူတို့သည် အမှန်တကယ်ပင် စတင် သတ်ဖြတ်ကြတော့သည်။
သို့သော်ငြား အဓိပ္ပာယ် မရှိတော့ချေ။ စစ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့သည် တော်ဝင်ချန်တပ်တော်လောက် လူအင်အား များပြားသည်လား။ ထွက်ပြေးလျှင် အသက်ရှင်နိုင်သေး၏။ ရှေ့ဆက်တိုးလျှင် သေလမ်းသာ ရှိတော့၏။
ရင်ဝူချန်၏ မျက်လုံးထဲတွင်မူ ဤသာမန်စစ်သားများသည် အစတေးခံများသာ ဖြစ်ကြ၏။ သူတို့သည် ငရဲတပ်တော်နှင့် အထူးစစ်သည်တော်များအတွက် အမြှောက်ဒဏ်ကို အကာအကွယ်ပေးရန်သာ ရှိနေခြင်း ဖြစ်သည်။ သို့သော်ငြား ယခုအခါ သူတို့အားလုံး ထွက်ပြေးသွားကြပြီး တပ်ဖွဲ့တည်ဆောက်ပုံကို ရှုပ်ထွေးသွား စေခဲ့သည်။
ရင်ဝူချန် အလွန်အမင်း ဒေါသထွက်နေသော်လည်း အသုံးမဝင်တော့ပေ။ စစ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ မည်မျှပင် သန်မာပါစေ၊ လူအင်အား ထောင်ဂဏန်းသာ ရှိသည်။ ထွက်ပြေးနေသည့် သိန်းနှင့်ချီသော လူအုပ်ကြီးကို သူတို့ မည်သို့ တားဆီးနိုင်မည်နည်း။
သို့သော်ငြား ရှမ့်လန်သည်လည်း အလွန် ဒေါသထွက်နေခဲ့၏။ ထိုသူတို့ ထွက်ပြေးသွားခြင်းကြောင့် ဝိုင်းရံထားမှု ရှုပ်ထွေးသွားခဲ့ရသည်။ သူတို့သည် သတ်ဖြတ်ခံရရန် သေသေသပ်သပ် တန်းစီမနေကြတော့ပေ။ ဤသည်မှာ သူတို့၏ သတ်ဖြတ်မှု စွမ်းဆောင်ရည်ကို များစွာ လျော့ကျသွားစေ၏။
… …
စစ်မြေပြင် ရှုပ်ထွေးသွားပြီးနောက် တော်ဝင်ရင်အင်ပါယာ၏ တပ်တော်ကြီးမှာ နောက်ဆုံးတွင် ထွက်ပြေး လွတ်မြောက်သွားကြ၏။ စစ်မြေပြင်တွင် အထူးစစ်သည်တော်များနှင့် ငရဲတပ်တော်သာ ကျန်ရစ်ခဲ့ တော့သည်။ သို့သော်ငြား စုစုပေါင်း လူအင်အား တစ်သိန်းပင် မပြည့်တော့ဘဲ ခုနစ်သောင်း၊ ရှစ်သောင်းခန့်သာ ကျန်ရှိခြင်းပင်။ ငရဲတပ်တော်၏ ထက်ဝက်ခန့်မှာ သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရသည်။
ဤတိုက်ပွဲတွင် တော်ဝင်ရင်အင်ပါယာ၏ ငါးသိန်းသော တပ်တော်ကြီးသည် နှစ်သိန်းခန့် သေဆုံးခဲ့ရပြီး နှစ်သိန်းခန့် ထွက်ပြေးသွားခဲ့ကြ၏။
ယခုအချိန်တွင် တော်ဝင်ချန်တပ်တော်ဘက်မှ အမြှောက်များနှင့် တိုက်ခိုက်မှုများ အားလုံး ရပ်တန့်သွားခဲ့သည်။ အဓိပ္ပာယ်မှာ ရှင်းလင်းလှ၏။ တော်ဝင်ရင်အင်ပါယာ၏ ငရဲတပ်တော်နှင့် အထူးစစ်သည်တော် တပ်ဖွဲ့များ အားလုံး လူစုကွဲနေလျှင် မည်သို့ ပစ်ခတ်သတ်ဖြတ် ရမည်နည်း။
ရင်ဝူချန်သည် လင်းယုန်ကြီးအပေါ်တွင် စီးနင်းလျက် ကောင်းကင်ယံ၌ ပျံသန်းနေသည်။ သူ့ရင်ထဲတွင် သွေးမျက်ရည် ကျနေခဲ့သည်။ ယခုအချိန်တွင် သူ့ရင်ထဲ၌ စကားတစ်ခွန်းသာ ရှိတော့သည်။ သာမန်စစ်တပ် ဆိုသည်မှာ အမှိုက်ပုံကြီးသာ ဖြစ်၏။ အရေးကြီးသည့်အချိန်တွင် ဘာမှ သုံးစားမရပေ။
ယခု သူ ရွေးချယ်စရာ လမ်းနှစ်လမ်း ရှိနေသည်။ ထွက်ပြေးမည်လား၊ ဆက်တိုက်မည်လား။
ရင်ဝူချန်နှင့် ရန်တန်ရှောင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
တပ်မှူး လန်ရှစ်က ပြောလိုက်၏။ “အခုချိန် ထွက်ပြေးတာက သေလမ်းရှာတာနဲ့ အတူတူပဲ။”
မူလက တော်ဝင်ချန်တပ်တော်၏ ဝှက်ဖဲမှာ အသေးစား နဂါးအရှိန်အဝါနှင့် အမြှောက်များ ဖြစ်သည်ဟု သူ ထင်မှတ်ထားခဲ့သည်။ ထိုလက်နက်များသည် လေးလံလွန်းပြီး ရွှေ့ပြောင်းရန် ခက်ခဲသည်။ သို့သော်ငြား သူတို့ထံတွင် အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်များ ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိပေ။ ယင်းမှာ ၁၅ ကီလိုဂရမ်သာ လေးပြီး ကျည်ဆန်များမှာလည်း မြားတံများထက် များစွာ သေးငယ်သည်။
တော်ဝင်ချန်နိုင်ငံ၏ ပထမအသုတ် တပ်တော်သစ် အားလုံးမှာ နိဗ္ဗာန စစ်သည်တော်များ ဖြစ်ကြသည်။ သူတို့သည် ၁၅၀ ကီလိုဂရမ် ဝန်ကို ထမ်းလျက် ပျံသန်းနေသကဲ့သို့ ပြေးလွှားနိုင်ကြသည်။
ထို့အပြင် အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်၏ ကျည်ဆန်များသည် ယမ်း သို့မဟုတ် ကျည်ခွံများ မလိုအပ်ပေ။ ရှည်လျားသော ကျည်ဖူးတစ်ခုသာ ဖြစ်သည်။ ပြုလုပ်ရန် မခက်ခဲဘဲ အမြောက်အမြား ထုတ်လုပ်နိုင်၏။
ထို့ကြောင့် လန်ရှစ် ပြောသည်မှာ မှန်ကန်ပေသည်။ ယခုအချိန်တွင် သူတို့ ထွက်ပြေးလိုက်သည်နှင့် တော်ဝင်ချန်တပ်တော်ကို ကျောပေးလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ မီတာ နှစ်ထောင်၊ သုံးထောင် အကွာအဝေးမှ အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်များ ပစ်ခတ်လိုက်လျှင် သေလမ်းသာ ရှိတော့သည်။
“ကျဉ်းမြောင်းတဲ့လမ်းမှာ ရန်သူချင်း တွေ့ရင် ရဲရင့်သူက အနိုင်ရတာပဲ။”
တပ်မှူး လန်ရှစ်က ဆက်ပြော၏။ “ကျုပ်တို့ဆီမှာ လူအင်အား ခုနစ်သောင်း၊ ရှစ်သောင်းနဲ့ အထူးစစ်သည်တော် ရှစ်ရာလောက်ပဲ ကျန်တော့ပေမဲ့ ကျုပ်တို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက တော်ဝင်ချန် တပ်တော်ထက် အများကြီး သာလွန်နေတုန်းပဲ။ ကျုပ်တို့ တော်ဝင်ချန်တပ်တော်ထဲကို ဝင်ရောက်ပြီး အနီးကပ် တိုက်ပွဲ ဆင်နွှဲနိုင်တာနဲ့ သေချာပေါက် နိုင်မှာပါ။”
ယခုအချိန်တွင် တပ်မှူးသုံးဦးစလုံး လုံးဝ စည်းလုံးညီညွတ်သွားကြပြီ ဖြစ်သည်။ “ဒါဆို ဆက်ပြီး ဝိုင်းရံမလား။ တစ်နေရာတည်း စုပြီး တိုက်မလား။” ရင်ဝူချန်က မေးလိုက်သည်။
“ဝိုင်းရံမယ်။”
“ဝိုင်းရံမယ်။”
တော်ဝင်ချန်တပ်တော်၏ ပစ်ခတ်အားမှာ သိပ်သည်းလွန်းလှသည်။ တစ်နေရာတည်း စုပြုံပြီး တိုက်ခိုက် လိုက်လျှင် ပစ်မှတ်အဖြစ် အလွယ်တကူ ရောက်ရှိသွားပေလိမ့်မည်။
တပ်မှူး လန်ရှစ်က ပြောလိုက်၏။ “ဒီတိုက်ပွဲက အဆိုးရွားဆုံး အခြေအနေကို ရောက်နေပြီ ဆိုပေမဲ့ နိုင်ဖို့ အခွင့်အရေး ရှိသေးတယ်လို့ ကျုပ် ထင်တယ်။”
ရန်တန်ရှောင်က ပြောလိုက်သည်။ “မဆင်မခြင် မတိုးကြနဲ့အုံး။ ငရဲတပ်တော်ထဲမှာ ပုန်းနေကြ။ တပ်ဖွဲ့ ပြန်လည် နေရာချထားပြီးရင် ကျုပ်တို့က ရန်သူနဲ့ မီတာ ၃,၅၀၀ အကွာမှာ ရှိနေလိမ့်မယ်။ ဒီအကွာအဝေးကို ငရဲတပ်တော်အနေနဲ့ ခြောက်မိနစ်ပဲ ကြာမယ်။ ဒါဆိုရင် ကျုပ်တို့အနေနဲ့ ခြောက်မိနစ်စာ အမြှောက်ဒဏ်ကို ခံရမယ်ဆိုတဲ့ သဘောပဲ။ တော်ဝင်ချန် တပ်တော်ရဲ့ ပစ်ခတ်အား အရဆိုရင် ကျုပ်တို့ ၁၇ ကျော့လောက် ခံရလိမ့်မယ်။”
ရင်ဝူချန်က တွက်ချက်ပြလိုက်၏။ “၁၇ ကျော့... တချို့က အိပ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံးတွေ၊ တချို့က ငရဲမီး ဗုံးတွေ။ စုစုပေါင်း ကျည်ဆန် ၇,၀၀၀ လောက် ရှိလိမ့်မယ်။”
ရန်တန်ရှောင်က ပြောလိုက်သည်။ “ကျုပ်တို့တပ်ဖွဲ့က နည်းနေပြီ။ ဒီအမြောက်ဆံ ၇,၀၀၀ က ကျုပ်တို့ထဲက တစ်ဝက်လောက်ကို သတ်ပစ်နိုင်တယ်။”
လန်ရှစ်က ဝင်ပြော၏။ “သူတို့ရဲ့ ထူးဆန်းတဲ့ လက်နက်တွေ အပါအဝင်ဆိုရင် လူငါးသောင်းလောက် တပြိုင်နက် ပစ်ခတ်ကြလိမ့်မယ်။”
ရင်ဝူချန်က ပြောလိုက်သည်။ “တခြားနည်းနဲ့ ပြောရရင် တော်ဝင်ချန် တပ်တော်ထဲကို ဝင်ရောက် စီးနင်းနိုင်တဲ့ အချိန်မှာ လူတစ်သောင်းတောင် ကျန်ချင်မှ ကျန်တော့မယ်။”
သူတို့အားလုံး ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။ တိုက်ပွဲအနည်းငယ် ပြီးဆုံးပြီးနောက်တွင် နုရှောင့်မြို့ လက်နက်များ၏ သေစေနိုင်စွမ်းကို ရှင်းလင်းစွာ နားလည်သဘောပေါက်သွားကြပြီ ဖြစ်၏။
“လူတစ်သောင်းနဲ့ တော်ဝင်ချန်တပ်တော်ထဲ ဝင်စီးရင် နိုင်နိုင်ပါ့မလား။” ရင်ဝူချန်က မေးလိုက်သည်။
လူတိုင်း ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် အထူးစစ်သည်တော်က ပြောလိုက်၏။ “နိုင်,နိုင်ပါတယ်။”
ငရဲတပ်တော် တပ်မှူးကလည်း ပြောလိုက်သည်။ “နိုင်,နိုင်ပါတယ်။”
လန်ရှစ်က ပြောလိုက်၏။ “လူတစ်သောင်းတောင် မလိုပါဘူး။ အထူးစစ်သည်တော် ရှစ်ရာ အသက်ရှင်ပြီး တော်ဝင်ချန်တပ်တော်ထဲ ဝင်ရောက်နိုင်တာနဲ့ ကျုပ်တို့ နိုင်မှာပါ။ အိပ်မက်ဆိုးကျောက်တုံး စစ်ဓားကို ကိုင်ဆောင်ထားတဲ့ အထူးစစ်သည်တော် ရှစ်ရာက တော်ဝင်ချန်တပ်တော်ကို သုတ်သင်ရှင်းလင်းနိုင်ပါတယ်။”
ရင်ဝူချန်က ပြောလိုက်သည်။ “ဒါဆို ဆုံးဖြတ်လိုက်ပြီ။ အထူးစစ်သည်တော် ၈၀၀ ကို ငရဲတပ်တော်ထဲမှာ ဖြန့်ခွဲထားလိုက်။ ကျုပ်တို့ လုံးဝ မဆုတ်ဘူး၊ မပြေးဘူး။ စစ်သားတွေ အကုန် သေချင်သေပါစေ၊ ဒီတိုက်ပွဲကို မဖြစ်မနေ နိုင်အောင် တိုက်ရမယ်။ နုရှောင့်မြို့က ကောင်တွေကို သုတ်သင်ဖို့ ဘာမဆို လုပ်ကြ။”
… …
အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် ပြန့်ကျဲနေသော ငရဲတပ်တော်နှင့် အထူးစစ်သည်တော်များ ပြန်လည် စုစည်းလိုက်ကြ၏။
ရှေးဟောင်း သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော အထူးစစ်သည်တော် ရှစ်ရာသည် ငရဲတပ်တော်သား ရှစ်သောင်းကြားတွင် ရောနှောလိုက်ကြသည်။ အင်အား ရှစ်သောင်း ရှိသော ငရဲတပ်တော်သည် ကြီးမားသော လေးထောင့်ကွက် ဝိုင်းရံမှု ပုံစံကို ဖော်ဆောင်ထားဆဲ ဖြစ်သော်လည်း အလွန်တရာ ကျဲပါးစွာ ရှိနေသည်။
တော်ဝင်ချန်တပ်တော်တွင်မူ သူတို့သည် နည်းပါးသော တပ်ဖွဲ့ပုံစံကို ထိန်းသိမ်းထားဆဲဖြစ်ပြီး တော်ဝင်ရင်နိုင်ငံ၏ နောက်ဆုံးကျန်ရှိသည့် စစ်သည် ရှစ်သောင်း စုစည်းနေမှုကို တိတ်ဆိတ်စွာ စောင့်ကြည့်နေ ကြ၏။
“တက်... တက်... တက်…”
“တော်ဝင်ချန်တပ်တော်ကို သုတ်သင်ပစ်။ အကုန်လုံးကို သုတ်သင်ပစ်။”
တပ်မှူးသုံးဦး၏ အမိန့်ပေးသံနှင့် အတူ တော်ဝင်ချင်နိုင်ငံ၏ အင်အား ရှစ်သောင်း ရှိသော ငရဲတပ်တော်ကြီးသည် ရူးသွပ်စွာဖြင့် ရှေ့သို့ တိုးဝင်လာကြ၏။ သူတို့၏ တိုက်စစ်အရှိန်မှာ ယခင်နှင့် လုံးဝ မတူတော့ချေ။
သူတို့သည် တစ်စက္ကန့်လျှင် ၁၀ မီတာကျော်နှုန်းဖြင့် ကမ္ဘာမြေပေါ်မှ အပြေးစံချိန်များကို ကျော်လွန်ကာ အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် ပြေးလွှားလာကြသည်။ မီတာ သုံးထောင်၊ လေးထောင် အကွာအဝေးကို အများဆုံး ခြောက်မိနစ်အတွင်း ရောက်ရှိနိုင်ပေမည်။
“ပစ်... ပစ်... ပစ်”
တပ်တော်ရှိ အသေးစား နဂါးအရှိန်အဝါ ပစ်လွှတ်စင်များနှင့် အမြှောက် ၃၀၀ စလုံး ပစ်ခတ်လိုက်ကြသည်။ ရန်သူများ မီတာ သုံးထောင် အကွာအဝေးသို့ ရောက်ရှိလာချိန်မှာတော့ အိပ်မက်ဆိုး ကျောက်တုံး စက်သေနတ်များနှင့် အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်များ အားလုံး ပစ်ခတ်လိုက်ကြ၏။ တစ်ဖန် ကြောက်မက်ဖွယ်ရာကောင်းသော သေမင်းတမန် ပိုက်ကွန်ကြီး တစ်ခု ဖြစ်ပေါ်လာပြန်၏။
ငရဲတပ်တော်၏ သံချပ်ကာဝတ်စုံသည် ယခင်က အလွန် သန်မာပြီး ဖျက်ဆီး၍ မရနိုင်သလောက် ဖြစ်ခဲ့သည်။ သို့သော်ငြား အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်များနှင့် ငရဲမီး အမြှောက်များ ရှေ့တွင်မူ ခံစစ်စွမ်းအား အားလုံး ပျက်ပြယ်သွားခဲ့ရပြီ ဖြစ်သည်။
“ဘုန်း ဘုန်း ဘုန်း...”
ငရဲမီး အမြှောက်ဆံများ ရုတ်တရက် ပေါက်ကွဲသွားပြီး အံ့အားသင့်ဖွယ် ငရဲမီးများ တောက်ပလာသည်။ ကြောက်မက်ဖွယ် အပူချိန်သည် ငရဲသံချပ်ကာများကို ချက်ချင်း အရည်ပျော်စေပြီး ပုံပျက်သွားစေကာ အတွင်းရှိ ငရဲစစ်သည်တော်များမှာ ဆိုးရွားစွာ သေဆုံးကုန်ကြ၏။
“ရွှီ...”
အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်ကျည်ဆန်များသည် တန်စတင်ဖြင့် ဖုံးအုပ်ထားသည်။ အနည်းငယ်မျှသာ အသုံးပြုထားသော်လည်း သံချပ်ကာကို ဖောက်ထွင်းရန် လုံလောက်ပေသည်။
ဖျက်ဆီး၍ မရနိုင်သော ငရဲသံချပ်ကာများသည် အလွယ်တကူ စုတ်ပြဲသွားပြီး အတွင်းရှိ ငရဲစစ်သည်တော်များ၏ ခန္ဓာကိုယ်၌ ကြီးမားသော အပေါက်ကြီးများ ဖြစ်ပေါ်ကာ ပေါက်ထွက်ကုန်ကြသည်။
“ဘုန်း... ဘုန်း… ဘုန်း...”
ရင်ဝူချန်နှင့် လန်ရှစ်တို့၏ တွက်ချက်မှုမှာ မှန်ကန်ပေသည်။ ခြောက်မိနစ်၊ ခုနစ်မိနစ် အတွင်း တော်ဝင်ချန် တပ်တော်သည် အမြှောက်အချီ ၂၀ ခန့် ပစ်ခတ်နိုင်ပြီး အမြှောက်ဆန် ရှစ်ထောင်နီးပါး ပစ်ခတ်နိုင်ခဲ့၏။
တော်ဝင်ရင်အင်ပါယာ၏ ငရဲတပ်တော်သည် ရှေ့သို့ တစ်မီတာ တိုးဝင်နိုင်ရန်အတွက် ကြောက်မက်ဖွယ် ကောင်းသော ပေးဆပ်မှုများကို ပြုလုပ်ရ၏။ သို့သော်ငြား သူတို့သည် တွေဝေခြင်း မရှိဘဲ ကျည်ဆန်မိုးများကို ဖြတ်ကျော်ကာ ရှေ့သို့ တိုးဝင်လာကြဆဲပင်။
မြင်ကွင်းမှာ အလွန်တရာ ဆိုးရွားလှသည်။ ငရဲတပ်တော် ဟူသည့် အမည်နှင့် လိုက်ဖက်စွာပင် သူတို့သည် သေမင်းကို လုံးဝ ကြောက်ရွံ့ခြင်း မရှိကြပေ။
သူတို့၏ မဟာဗျူဟာ ရည်မှန်းချက်မှာ ရှင်းလင်းလွန်း၏။ အထူးစစ်သည်တော် ရှစ်ရာကို ကာကွယ်ရန်ပင် ဖြစ်သည်။ သူတို့အားလုံး သေဆုံးသွားလျှင်ပင် တန်၏။ အထူးစစ်သည်တော် ရှစ်ရာ တော်ဝင်ချန်တပ်တော် အတွင်းသို့ ဝင်ရောက်နိုင်သည်နှင့် အောင်ပွဲခံနိုင်မည်။
နီးကပ်လာသော ငရဲတပ်တော်ကြီးကို ကြည့်ရှုရင်း ရှမ့်လန်၏ မျက်နှာမှာ ရှုံ့တွသွားခဲ့၏။ မင်းသားကျင်းက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ “အရှင်... အခြေအနေ မကောင်းဘူး။ ကျုပ်တို့ ထင်ထားတာထက် ပိုဆိုးနိုင်တယ်။”
အပိုင်း (၁၁၅၂)
ရှမ့်လန် အလျင်အမြန် တွက်ချက်ကြည့်လိုက်သည်။ ဤနှုန်းအတိုင်းဆိုလျှင် အထူးစစ်သည်တော် ရှစ်ရာနှင့် ရောနှောနေသော ငရဲတပ်တော်သား နှစ်သောင်းနီးပါးခန့် တော်ဝင်ချန်တပ်တော်အတွင်းသို့ ဝင်ရောက် လာနိုင်လိမ့်မည်။ နှစ်သောင်း မရှိလျှင်ပင် အနည်းဆုံး တစ်သောင်းခွဲခန့် ရှိနေဦးမည်။
တော်ဝင်ရင်နိုင်ငံနှင့် စေတီတောင်၏ ငရဲတပ်တော်သည် ကြမ်းကြုတ်လွန်းပြီး လျင်မြန်လွန်းလှသည်။ တော်ဝင်ချန်တပ်တော်အတွင်းသို့ တစ်သောင်းခန့် ဝင်ရောက်လာလျှင်ပင် အကျိုးဆက်မှာ တွေးကြည့်၍ မရနိုင်အောင် ဖြစ်သွားပေမည်။
တော်ဝင်ချန်နိုင်ငံ၏ တပ်တော်သစ်သည်လည်း အလွန် သန်မာပြီး လျှို့ဝှက်သံချပ်ကာများ ဝတ်ဆင်ထား သော်လည်း တိုက်ခိုက်နိုင်စွမ်းမှာ ငရဲတပ်တော်နှင့် စေတီတောင်၏ အထူးစစ်သည်တော်များနှင့် ယှဉ်လျှင် များစွာ ကွာခြားနေသေးသည်။ နောက်ဆုံးတွင် သူတို့ အနိုင်ရလျှင်ပင် ထက်ဝက်နီးပါး ဆုံးရှုံးရပေလိမ့်မည်။
ဤလူ ငါးသောင်းသည် တော်ဝင်ချန် နိုင်ငံ၏ မျိုးစေ့များ ဖြစ်ကြပြီး ဤမျှ များပြားသော ထိခိုက်သေဆုံးမှုကို ခံနိုင်ရည် မရှိပေ။ တပ်တော်သည် ချင်နိုင်ငံသစ်ကို ဆက်လက် တိုက်ခိုက်ရဦးမည် ဖြစ်သည်။
သူ တကယ်တမ်း ဤသို့ မဖြစ်စေလိုသော်လည်း အခြားနည်းလမ်း မရှိတော့ချေ။ ဤအရာများသည် ရှေးဟောင်း စွမ်းအင်အမြုတေများ ဖြစ်ကြသည်။ စွမ်းအင် ကုန်ဆုံးနေလျှင်ပင် အားသွင်းရန်နေရာကို ရှာတွေ့ပါက အသုံးဝင်နေဦးမည် ဖြစ်သည်။ ရှမ့်လန်၏ လက်ထဲတွင် ရှေးဟောင်း စွမ်းအင်အမြုတေ တစ်ရာကျော် ရှိနေသည်မှာ မှန်သော်လည်း တစ်ခုစီတိုင်းသည် အလွန်တရာ တန်ဖိုး ကြီးမားလှ၏။
သူ အမှန်တကယ်ပင် နှမြောမိ၏။ သို့သော်ငြား အခြားနည်းလမ်း မရှိတော့ချေ။ ငရဲတပ်တော်ကို အမြောက်အမြား ဝင်ရောက်ခွင့် မပြုနိုင်ပေ။ ရှမ့်လန်သည် အံကို တင်းတင်းကြိတ်ကာ အဝေးထိန်း အိပ်မက်ဆိုး ကျောက်တုံး ခလုတ်လေးခုကို ချက်ချင်း ထုတ်လိုက်သည်။
ထို့နောက် လောကကြီး တိတ်ဆိတ် သွားခဲ့၏။
ထို့နောက် “ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း”
ရုတ်တရက် မြေပြင်အောက်မှ မှိုပွင့်သဏ္ဍာန် မီးတောက်ကြီးများ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။ လေးဖက်လေးတန်တွင် မြှုပ်နှံထားသော အသေးစား ရှေးဟောင်း စွမ်းအင် အမြုတေ လေးခု ပေါက်ကွဲသွားခြင်း ဖြစ်သည်။ အသေးစားဟု ဆိုသော်လည်း အလေးချိန် လေးငါးတန်ခန့် ရှိပြီး ယင်းတို့၏ ပေါက်ကွဲအားသည် ပြင်းအားမြင့် ယမ်း တန် ၂၀၀ နှင့် ညီမျှသည်။
ဤပေါက်ကွဲမှု၏ စွမ်းအားသည် တစ်ကီလိုမီတာ ပတ်လည်အတွင်း ရှိသမျှ အရာအားလုံးကို လုံးဝ ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။ ထိုခဏ၌ မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့၏။ ထွက်ပေါ် လာသော အလင်းရောင်သည် နေမင်း၏ မီးတောက်များကိုပင် လွှမ်းမိုးသွားခဲ့၏။
နဂါးနောင်တနှင့် ယှဉ်လျှင် များစွာ ကွာခြားသော်လည်း ရှေးဟောင်း စွမ်းအင်အမြုတေများ၏ ပေါက်ကွဲအား သည် ငရဲမီး အမြှောက်ဆံ တန်အနည်းငယ်ထက် များစွာ ပိုမို ပြင်းထန်သည်။
“ဂါး... ဂါး... ဂါး...”
ကောင်းကင်ယံတွင် ပျံသန်းနေသော နှင်းလင်းယုန် ရာပေါင်းများစွာသည် ဤကြောက်မက်ဖွယ် လှိုင်းဂယက် ကို မခံနိုင်ကြတော့ဘဲ သွေးများ အန်ထုတ်ကာ ကောင်းကင်မှ ပြုတ်ကျ ကုန်၏။
တော်ဝင်ချန်တပ်တော်သည် ပေါက်ကွဲမှု ဗဟိုချက်နှင့် သုံးကီလိုမီတာကျော် ကွာဝေးသော်လည်း ကြောက်မက်ဖွယ် မုန်တိုင်းကို ခံစားနေကြရဆဲ ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး တုန်ခါနေခဲ့၏။ ရင်ဝူချန်နှင့် အခြားသူများမှာမူ ရှေးဟောင်းသိမ်းငှက်ကြီးများကို စီးနင်းလျက် အလွန် မြင့်မားစွာ ပျံသန်း နေကြသောကြောင့် ဘေးကင်းနေကြသည်။
သို့သော်ငြား ကြောက်မက်ဖွယ် မီးလုံးကြီး လေးခု ပေါက်ကွဲသွားသည်ကို သူတို့ လက်ပိုက်ကြည့်နေရုံမှတစ်ပါး မတတ်နိုင်ကြတော့ပေ။
မရေမတွက်နိုင်သော ငရဲတပ်တော် စစ်သည်များသည် ချက်ချင်း ပြာကျသွားခဲ့ ကြသည်။ သူတို့၏ အထူး စစ်သည်တော်များသည်လည်း ကောက်ရိုးမျှင်များအလား လွင့်စင်ထွက်သွားကြ၏။
ဤစွမ်းအင်အမြုတေ အသေးစား လေးခု၏ ပေါက်ကွဲအားသည် ငရဲမီး အမြှောက်ဆန် ၂,၀၀၀ ကို တပြိုင်နက် ပစ်လွှတ်လိုက်သည်နှင့် ညီမျှသည်။ မည်မျှ တုန်လှုပ်ဖွယ် ကောင်းလိုက်သနည်း။
ရင်ဝူချန် မျက်လုံးပြူးကာ အော်ဟစ်လိုက်သည်။ “အရှက်မရှိလိုက်တာ... အရှက်မရှိလိုက်တာ။ ယုတ်မာလိုက်တဲ့ တော်ဝင်ချန်တပ်တော်။ မင်းတို့ မနိုင်တော့ဘူးလို့ ထင်တာနဲ့ ရှေးဟောင်း စွမ်းအင်အမြုတေ တွေကို ဖောက်ခွဲပစ်လိုက်ကြတာလား။”
သူတို့လည်း လုပ်နိုင်၏။ သို့သော်ငြား ကံဆိုးစွာဖြင့် သူတို့က နဂါးအရှိန်အဝါကို မသယ်ဆောင် လာနိုင်သောကြောင့် စွမ်းအင်အမြုတေများကို ပစ်မပေါက်နိုင်ကြချေ။
ဟုတ်ပေ၏။ ရှမ့်လန် ဘက်ကလည်း ပစ်မပေါက်နိုင်ချေ။ ထို့ကြောင့် စွမ်းအင်အမြုတေများကို မြေအောက်မှာ မြှုပ်ပြီး ဖောက်ခွဲခဲ့ခြင်း ဖြစ်၏။
ငရဲတပ်တော် အင်အား ရှစ်သောင်းတွင် ထက်ဝက်ခန့် မရှိတော့ပေ။ အထူးစစ်သည်တော်များသည် အလွန် စွမ်းအားကြီးမားကြသည်။ ဤမျှပြင်းထန်သော ပေါက်ကွဲမှုအဆင့်တွင်ပင် အများစု အသက်ရှင်နိုင်ကြသည်။ သို့သော်ငြား အနည်းဆုံး လူနှစ်ရာ၊ သုံးရာခန့် ထိခိုက်သေဆုံးသွားခဲ့ကြရသည်။
‘နောက်ထပ် ဘာဆက်လုပ်ကြမလဲ။ ပြေးမလား။ ဆုတ်ခွာမလား။’
ခက်ခဲသော ပုစ္ဆာတစ်ပုဒ်သည် ရင်ဝူချန်နှင့် ရန်တန်ရှောင်တို့ ရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မူလက စစ်သည်ရှစ်သောင်း ဝင်ရောက် စီးနင်းရန် စီစဉ်ထားသော်လည်း ယခုအခါ လေးသောင်းသာ ကျန်ရှိတော့သည်။ ဆက်တိုက်နိုင်ပါဦးမည်လား။
“ရှေးဟောင်း စွမ်းအင်အမြုတေတွေကို ဖောက်ခွဲလိုက်တာက တော်ဝင်ချန်တပ်တော်ရဲ့ နောက်ဆုံး လက်ကျန် နည်းလမ်းပဲ။ ဒါက သူတို့ ကျုပ်တို့ကို ကြောက်နေတယ် ဆိုတာ သက်သေပြလိုက်တာပဲ။”
ရင်ဝူချန်က ရူးသွပ်စွာ ပြောလိုက်သည်။ “ကျုပ်တို့ သူတို့ဆီ ရောက်လာမှာကို သူတို့ ကြောက်နေကြတယ်။ သူတို့ဆီ ရောက်တာနဲ့ သူတို့ ရှုံးပြီဆိုတာ သိနေကြတယ်။
ဒါကြောင့် ကျုပ်တို့ဆီမှာ စစ်သည်လေးသောင်းပဲ ကျန်တော့ပေမဲ့ အထူးစစ်သည်တော် ငါးရာ၊ ခြောက်ရာလောက် အကောင်းတိုင်းရှိနေသရွေ့ ကျုပ်တို့ ဒီတိုက်ပွဲကို နိုင်နိုင်သေးတယ်။ ကျုပ်တို့ နိုင်, နိုင်သေးတယ်။ တော်ဝင်ချန်တပ်တော်ကို သုတ်သင်ရှင်းလင်းနိုင်သရွေ့ ဘယ်လိုပေးဆပ်မှုမျိုးမဆို တန်တယ်။”
“ဒါက တော်ဝင်ရင်အင်ပါယာ တည်ထောင်ပြီးနောက် ပထမဆုံး တိုက်ပွဲပဲ။ ကျုပ်တို့ နိုင်မှ ဖြစ်မယ်၊ ရှုံးလို့ မဖြစ်ဘူး။ တက်... တက်... တော်ဝင်ချန်တပ်တော်နယ်မြေထဲ ဝင်ပြီး အကုန် သတ်ပစ်ကြ။” ရင်ဝူချန်က အော်ဟစ်လိုက်ပြီး ရန်တန်ရှောင်ကိုပါ ဘေးသို့ တွန်းထုတ်လိုက်၏။
ရင်မိသားစုမှ လူတိုင်းသည် ရက်စက်ကြကြောင်း ဝန်ခံရပေမည်။
အမိန့်ရသည်နှင့် တပြိုင်နက် ကျန်ရှိနေသော ငရဲတပ်တော် စစ်သည် လေးသောင်းနှင့် အထူးစစ်သည်တော် ၅၀၀ တို့သည် မြေပြင်ပေါ်တွင် တွားသွားရာမှ ထလာကြပြီး အော့အန်ချင်စိတ်ကို တွန်းလှန်ကာ ခေါင်းကို တွင်တွင်ခါလိုက်ကြသည်။ ထို့နောက် သူတို့ ဆက်လက် တိုးဝင်လာကြပြန်သည်။
ဤသည်မှာ အမှန်တကယ်ပင် ရဲရင့်လှ၏။ အမှန်တကယ်လည်း စိတ်လှုပ်ရှားဖွယ် ကောင်းသည်။ ရန်သူဖြစ်နေလျှင်ပင် ငရဲတပ်တော်သည် ဆက်လက် ရွေ့လျားနေဆဲ ဖြစ်သည်။ ကျန်ရှိနေသော လူလေးသောင်း သည် အရပ်မျက်နှာအသီးသီးမှနေ၍ တော်ဝင်ချန်တပ်တော်ဆီသို့ ဆက်လက် တိုးဝင် လာကြသည်။ သို့သော်ငြား ယခုအခါ စစ်သည်လေးသောင်းက စစ်သည် ငါးသောင်းကို ဝိုင်းရံထားခြင်း ဖြစ်၏။
“ပစ်... ပစ်... ပစ်”
တော်ဝင်ချန်တပ်တော်မှ ပစ်ခတ်အားကို ထုတ်သုံးလိုက်၏။ ရန်သူ အရေအတွက် လျော့နည်းသွားရုံဖြင့် သူတို့ နှမြော တွန့်တိုနေမည် မဟုတ်ပေ။ ရန်သူ လေးသောင်းသာ ကျန်တော့သော်လည်း တိုက်ပွဲသည် အန္တရာယ်အရှိဆုံး အချိန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း လူတိုင်း သိရှိထားကြသည်။
ဤစစ်သည် လေးသောင်း စခန်းအတွင်းသို့ ဝင်ရောက်လာသည်နှင့် ကပ်ဘေး သို့မဟုတ် ရှုံးနိမ့်ခြင်း ဖြစ်ပေလိမ့်မည်။ ကြောက်မက်ဖွယ်ရာ ပစ်ခတ်အားသည် သေမင်းတမန် ပိုက်ကွန်တစ်ခုအဖြစ် ထပ်မံ ပုံဖော်လိုက်ပြန်၏။
အမြှောက်ဆံ အများစုမှာ ပေါက်ကွဲကုန်ပြီ ဖြစ်သော်လည်း အများစုမှာ လေထဲသို့ ပစ်ခတ်မိ နေကြသည်။ သို့သော်ငြား ဤမျှ ကြီးမားသော ငရဲသတ်ကွင်းကြီးကြောင့် တော်ဝင်ရင်နိုင်ငံ၏ စစ်သည် လေးသောင်း သည် တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့ လဲကျသေဆုံးကုန်ကြရသည်။
“တက်... တက်... တက်...”
တော်ဝင်ရင်နိုင်ငံ၏ စစ်သည် လေးသောင်းသည် တော်ဝင်ချန်တပ်တော်နှင့် နီးကပ်သထက် နီးကပ်လာ ကြသည်။ မီးကို တိုးသည့် ပိုးဖလံများကဲ့သို့ အမှန်တကယ် ဆိုးရွားလှ၏။
… …………….
ခြောက်မိနစ် ကြာပြီးနောက် တော်ဝင်ရင်အင်ပါယာ၏ တပ်တော်သည် နောက်ဆုံးတွင် တော်ဝင်ချန် တပ်တော်ထံသို့ ရောက်ရှိလာခဲ့ကြသည်။ သို့သော်ငြား စစ်သည် သုံးထောင်အောက်သာ ကျန်ရှိတော့သည်။ စစ်သည် ရှစ်သောင်း၏ ထက်ဝက်နီးပါးမှာ စွမ်းအင်အမြုတေ လေးခုကြောင့် သေဆုံးခဲ့ရပြီ ဖြစ်သည်။
စစ်သည် လေးသောင်း၏ ကိုးဆယ်ရာခိုင်နှုန်းမှာ ဤမီတာထောင်ဂဏန်း အကွာအဝေးအတွင်း သေဆုံးခဲ့ရပြီ ဖြစ်၏။ နောက်ဆုံးတွင်မူ သူတို့ အောင်မြင်ခဲ့ပြီး တော်ဝင်ချန်တပ်တော်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့ကြသည်။ ထိုလူ သုံးထောင်အနက် ငရဲတပ်တော်မှ နှစ်ထောင်ခုနစ်ရာနှင့် အထူးတပ်ဖွဲ့မှ သုံးရာ ပါဝင်၏။
“ဟူး... ဟူး... ဟူး...”
တော်ဝင်ချန်တပ်တော်တွင်းသို့ ဝင်ရောက်နိုင်သည်နှင့် သူတို့သည် လူသတ်ပွဲကြီး စတင်နိုင်တော့မည် ဖြစ်ပြီး အနီးကပ် တိုက်ခိုက်နိုင်ကြတော့မည်။ သူတို့ အိပ်မက်မက်ခဲ့ရသော လက်နက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်မှု စတင်နိုင်တော့မည်။
ဟုတ်ပေသည်။ လုံးဝကြီးတော့ မဟုတ်သေးပေ။ အနီးကပ် အကွာအဝေးတွင်ပင် တော်ဝင်ချန်နိုင်ငံ၏ တပ်တော်သစ်သည် ဆက်လက် ပစ်ခတ်နေဆဲ ဖြစ်သည်။
"ဘန်း... ဘန်း... ဘန်း...”
သို့သော်ငြား အမြှောက်များနှင့် အသေးစား နဂါးအရှိန်အဝါ အားလုံးမှာ အာနိသင် ကုန်ဆုံးသွားခဲ့ရပြီ ဖြစ်သည်။ စေတီတောင် စစ်သည်သုံးရာသည် တော်ဝင်ချန်တပ်တော်အတွင်းသို့ ဝင်ရောက်လာပြီး အိပ်မက်ဆိုးကျောက်တုံး လက်နက်များကို မြှောက်ကာ လူသတ်ပွဲကြီးကို စတင်လိုက်ကြ၏။
သို့သော်ငြား မကြာမီမှာပင် သူတို့သည် လူများကို သတ်ဖြတ်မည့်အစား တော်ဝင်ချန်တပ်တော်၏ အသေးစား နဂါးအရှိန်အဝါ ပစ်လွှတ်စင်များကို ဖျက်ဆီးရန် အမိန့် ရရှိလိုက်ကြ၏။ တော်ဝင်ချန်တပ်တော်သည် မကြာမီ ချန်နိုင်ငံသစ်ကို ကျူးကျော်တိုက်ခိုက်တော့မည် ဖြစ်ကြောင်း ရင်ဝူချန် သိထားသည်။
အသေးစား နဂါးအရှိန်အဝါသည် ကြောက်မက်ဖွယ် ကောင်းလွန်းပြီး တာဝေးပစ်ခတ်အားမှာလည်း ပြင်းထန် လွန်းသည်။ ထိုလက်နက်များကို ဖျက်ဆီးရမည်။ ဤတိုက်ပွဲတွင် ရှုံးနိမ့်လျှင်ပင် ဤလူသတ်လက်နက် များကို ဖျက်ဆီးပစ်ရပေမည်။
ချက်ချင်းပဲ ရှေးဟောင်း သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော စစ်သည် ၃၀၀ သည် အလယ်ရှိ အသေးစား နဂါးအရှိန်အဝါ တည်ရှိရာဆီသို့ ပြေးဝင်သွားကြ၏။ အသေးစား နဂါးအရှိန်အဝါ ၁၃၀ ခုစလုံးကို သေသေသပ်သပ် စီတန်းထားသည်။
စေတီတောင် စစ်သည် သုံးရာသည် လျှပ်စီးလက်သကဲ့သို့ စစ်အခင်းအကျင်း၏ အလယ်ဗဟိုသို့ ဝင်ရောက် လာပြီး အိပ်မက်ဆိုးကျောက်တုံး ဓားများကို ဝှေ့ယမ်းလိုက်ကြ၏။
တစ်စက္ကန့်... အများဆုံး တစ်စက္ကန့် အတွင်း သူတို့သည် ဤ အသေးစား နဂါးအရှိန်အဝါများကို လုံးဝ ဖျက်ဆီး ပစ်နိုင်တော့မည် ဖြစ်သည်။ သို့သော်ငြား သူတို့ထံတွင် တစ်စက္ကန့်မျှပင် အချိန်မရှိတော့ပေ။
ရှမ့်လန်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ထူးဆန်းပြီး ဆွဲဆောင်မှုရှိသော သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည်။ သူသည် တချောင်ကို စီးနင်းလျက် ကောင်းကင်သို့ ပျံတက်သွားခဲ့၏။ သူ၏ အားကောင်းသော စိတ်စွမ်းအင် သည် နဂါးနှလုံးသား၏ စွမ်းအားနှင့် ရောနှောလျက် စွမ်းအင်ဗုံး တစ်လုံးကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ရုတ်တရက် စေတီတောင်စစ်သည် သုံးရာစလုံးသည် လေထဲတွင် အေးခဲသွားပြီး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ ထိုအချိန်တွင် ရှမ့်လန်သည် နောက်ဆုံး၌ သေချင်လောက်အောင် ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရ၏။ သူ၏ စိတ်စွမ်းအင် သုံးစွဲမှုသည် အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
ယခင်က သူ၏ စိတ်စွမ်းအင်များကို ဘယ်တော့မှ မကုန်ဆုံးနိုင်သကဲ့သို့ ဖြုန်းတီးပစ်ခဲ့မိသည်။ သို့သော်ငြား ယခုနောက်ဆုံးတွင် ကုန်ဆုံးသွားခဲ့ရ၏။ သို့သော်ငြား ဤမြင်ကွင်းသည် အလွန်တရာ တုန်လှုပ်ဖွယ် ကောင်းနေဆဲ ဖြစ်သည်။ စုစုပေါင်း စစ်သည် သုံးရာစလုံး အေးခဲသွားခဲ့ကြသည်။
နောက်တစ်စက္ကန့်တွင် ရှမ့်လန်ဘက်မှ အထူးစစ်သည်တော် ရှစ်ဆယ်သည် လျှပ်စီးလက်သကဲ့သို့ ရှေ့သို့ တိုးဝင်လာကြသည်။ သူတို့သည် အိပ်မက်ဆိုးကျောက်တုံး စစ်ဓားများကို ဝှေ့ယမ်းပြီး ခုတ်ပိုင်းချလိုက်ကြ၏။
“ရွှပ်... ရွှပ်... ရွှပ်...”
အရူးကြီး၊ လန်ပေါင်၊ တုတနှင့် တုအာ၊ ဤထိပ်တန်း စစ်သည်တော် လေးဦးသည် အရုပ်ဆိုးပြီး လေးလံ လွန်းသည့် နက်ရွှေရောင်လက်နက်များကို ဝှေ့ယမ်းကာ စေတီတောင် စစ်သည်များအပေါ်သို့ ရိုက်ချလိုက်ကြ တော့သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
နှမြောစရာ ကောင်းလှသည်။ ဤရှေးဟောင်း သံချပ်ကာများသည် အလွန် တန်ဖိုးရှိ၏။ ဤမျှအထိ ရိုက်နှက် ဖျက်ဆီးခံလိုက်ရပြီးနောက် ပြန်လည်ပြုပြင်ရန် အချိန်မည်မျှ ကြာမြင့်မည်ဖြစ်ကြောင်း မည်သူမှ မသိနိုင်ပေ။
သို့သော်ငြား မည်သို့ပင်ဆိုစေကာမူ ထိပ်တန်း စစ်သည်တော်ကြီး သုံးဦးဖြစ်သော လန်ပေါင်၊ တုတနှင့် တုအာတို့မှာမူ ကျေနပ်သွားကြသည်။ သုံးစက္ကန့်ဟူသော တိုတောင်းသည့် အချိန်အတွင်းမှာပဲ တော်ဝင်ရင် နိုင်ငံ၏ အထူးစစ်သည်တော် သုံးရာစလုံး သုတ်သင်ရှင်းလင်းခံလိုက်ရ၏။
ထို့နောက် ဤထိပ်တန်း စစ်သည်တော်ကြီးများသည် လေးလံသော နက်ရွှေရောင်တုတ်များကို မြှောက်ကာ ငရဲတပ်တော် ဆီသို့ ပြေးဝင်သွားကြ၏။ တော်ဝင်ချန်စစ်သည် ဒါဇင်ပေါင်းများစွာသည်လည်း အိပ်မက်ဆိုး ကျောက်တုံး ဓားများကို ဝှေ့ယမ်းကာ ငရဲတပ်တော်ဆီသို့ ပြေးဝင်သွားကြသည်။
နောက်ထပ် တစ်မိနစ်အကြာတွင် တော်ဝင်ရင်နိုင်ငံ၏ ငရဲတပ်တော် သုံးထောင်မှာ တိတ်ဆိတ်စွာ သေဆုံးသွား ခဲ့ကြရ၏။ ဤအချိန်တွင် တိုက်ပွဲသည် လုံးဝ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ထွက်ပြေးလွတ်မြောက် သွားသော နှစ်သိန်းမှ လွဲ၍ တော်ဝင်ရင်နိုင်ငံ၏ ငါးသိန်းသော တပ်တော်ကြီးသည် လုံးဝ ချေမှုန်းခံလိုက်ရ၏။
အထူးသဖြင့် ထိပ်တန်း ငရဲတပ်တော် တစ်သိန်းခွဲနှင့် အထူးစစ်သည်တော် သုံးထောင် ဖြစ်သည်။ သူတို့အားလုံး သုတ်သင်ရှင်းလင်း ခံလိုက်ရပြီ ဖြစ်သည်။ တော်ဝင်ချန်နိုင်ငံဘက်မှ အပြည့်အဝ အောင်ပွဲခံ နိုင်ခဲ့သည်။
… …
ဤမြင်ကွင်းကို ကြည့်ရှုရင်း ရင်ဝူချန်၊ ရန်တန်ရှောင်နှင့် လန်ရှစ်တို့သည် လူသေများကဲ့သို့ တိတ်ဆိတ် ငြိမ်သက်နေကြ၏။ ယခုအချိန်တွင် သူတို့၌ ဘာမှပြောစရာ မရှိတော့ပေ။ သူတို့၏ အမြင်အာရုံများ မဲမှောင်သွားပြီး ခန္ဓာကိုယ်များ အေးစက်သွားခဲ့ရသည်။ ဤတိုက်ပွဲ ဖြစ်စဉ်တစ်ခုလုံးသည် အိပ်မက် တစ်ခုကဲ့သို့ပင် ဖြစ်နေ၏။
သုံးရက် မပြည့်မီ အချိန်အတွင်း သူတို့၏ ငါးသိန်းသော တပ်တော်ကြီးသည် လုံးဝ ချေမှုန်းခံလိုက်ရသည်။
ဟုတ်ပေသည်။ ထွက်ပြေးလွတ်မြောက်သွားသော လူနှစ်သိန်း ရှိနေသေးသည်။ သို့သော်ငြား သူတို့အားလုံး စစ်မြေပြင်တွင် သေဆုံးသွားကြလျှင် ပိုကောင်းပေလိမ့်မည်။ ဤလူများသည် အသက်လု ထွက်ပြေးကြပြီး သူတို့ မြင်တွေ့ခဲ့ရသည်များကို လူတိုင်းအား လိုက်လံ ပြောပြကြပေလိမ့်မည်။
မကြာမီ အချိန်အတွင်း တော်ဝင်ရင်နိုင်ငံတစ်ခုလုံးနှင့် အရှေ့ပိုင်းလောက တစ်ခုလုံးသည် ရင်ကလန်၏ ဆိုးရွားသော ရှုံးနိမ့်မှုကို သိရှိသွားကြပေလိမ့်မည်။ ရင်ကလန်၏ အင်အားငါးသိန်းသည် အင်အား ငါးသောင်းဖြင့် တိုက်ခိုက် ချေမှုန်းခံလိုက်ရသည့် အရှက်ရဖွယ်ရာ ဖြစ်ရပ်ဆိုးပင် ဖြစ်၏။
‘ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်ရတာလဲ။ နုရှောင့်မြို့ရဲ့ လက်နက်အသစ်တွေက ဒီလောက်တောင် စွမ်းအား ကြီးမားသလား။ ဘာကို အခြေခံပြီးတော့လဲ။ ကျုပ်တို့မှာ ငရဲတပ်တော် တစ်သိန်းခွဲနဲ့ အထူးစစ်သည်တော် သုံးထောင် ရှိတယ်လေ။ ဘယ်လောက် အင်အားကြီးမားလိုက်သလဲ။’
“နုရှောင့်မြို့က ဒီလက်နက်တွေကို သူတို့ဘာသာ တီထွင်ထားတာလား။” ရန်တန်ရှောင်က ရုတ်တရက် မေးလိုက်သည်။
ရင်ဝူချန်က ပြန်လည် ဖြေကြား၏။ “ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ရှမ့်လန်က ရှေးဟောင်း အပျက်အစီး အနည်းငယ်ကိုပဲ ရယူထားတာ၊ ကြီးမားတဲ့ ရှေးဟောင်း အပျက်အစီးတွေကို တကယ်တမ်း ဖော်ထုတ် ထားတာ မရှိဘူး။ ဒါကြောင့် ဒီလက်နက်တွေကို သူ ကိုယ်တိုင် ပုံစံဆွဲထားတာ ဖြစ်လိမ့်မယ်။”
သို့သော်ငြား ရှမ့်လန်၏ ယခင် လက်နက်များသည် ထိုမျှ အစွမ်းထက်မြက်ခြင်း မရှိခဲ့ပေ။ ဥပမာအားဖြင့် အမြှောက်များသည် သာမန်မျှသာ ဖြစ်သည်။ အဘယ်ကြောင့် ဤလက်နက်များသည် ရုတ်တရက် ယခုလို ကြောက်မက်ဖွယ် ကောင်းလာရသနည်း။
လန်ရှစ်က ပြန်လည် ဖြေလိုက်သည်။ “သူက ရှေးဟောင်း ယဉ်ကျေးမှုနဲ့ သူ့ရဲ့ ထူးဆန်းတဲ့ စိတ်ကူးတွေကို ပေါင်းစပ်ပြီး လက်နက်နဲ့ ပစ္စည်းကိရိယာ အသစ်စက်စက်တွေကို ဖန်တီးလိုက်ပုံ ရတယ်။”
ရင်ဝူချန်က ပြောလိုက်၏။ “ဒါပေမဲ့ ရှေးဟောင်း လက်နက်တွေလောက်တော့ အားမကောင်းသင့်ဘူးလေ။”