← Chapters

အခန်း (၁၁၅၃-၁၁၅၄)

Vol. 67 Ch. 1153-1154

အခန်း (၁၁၅၃-၁၁၅၄)

Vol. 67 Ch. 1153-1154

အပိုင်း (၁၁၅၃)

လန်ရှစ်က ပြန်ပြောလိုက်သည်။ “ပိုမသန်မာပါဘူး၊ စိတ်ကူးစိတ်သန်း မတူညီတာပဲ ရှိတာပါ။ အနည်းဆုံးတော့ ရှမ့်လန်က နဂါးနောင်တကို မတီထွင်နိုင်ခဲ့ပါဘူး။”

ရုတ်တရက် ရန်တန်ရှောင်က ပြောလိုက်၏။ “ဒီလူက အံ့မခန်းပဲ။”

လန်ရှစ်က ပြန်ပြောလိုက်သည်။ “ကျုပ်တို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ။”

ဟုတ်ပေသည်။ ဘာဆက်လုပ်ကြမည်နည်း။ ရင်ဝူချန်က သူ့ကိုယ်သူ ဟားတိုက် ရယ်မောလိုက်ချင်စိတ်သာ ပေါက်နေမိသည်။ ယခင်က သူ အရှုံးမပေးချင်ခဲ့ပေ၊ တော်ဝင်ချန်အင်ပါယာမှ လူငါးသောင်းစလုံးကို လွယ်ကူစွာ သတ်ဖြတ်ပစ်ချင်ခဲ့သည်။ သူသည် မည်သည့် အမှားအယွင်းမှ အဖြစ်ခံမည် မဟုတ်ဘဲ ၁၇ ရက်အတွင်း စစ်ပွဲကို အဆုံးသတ်ချင်ခဲ့၏။

သူ ဤသို့ အမှန်တကယ် ပြုလုပ်ခံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ သူ၏ တပ်တော်ကြီးမှာမူ လုံးဝ သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရလေပြီ။ သို့သော်ငြား ယခုအချိန်တွင် သူ ဝမ်းနည်းပူဆွေးမနေတော့ပေ။ အရာအားလုံးတို့သည် အဓိပ္ပာယ်မဲ့ ထုံထိုင်းနေသကဲ့သို့သာ ခံစားနေရတော့၏။ ယခုအချိန်တွင် သူ အလိုချင်ဆုံးအရာမှာ လဲလျောင်းပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူလိုက်ရန်သာ ဖြစ်သည်။ မည်သည့်အရာကိုမှ တွေးတောနေစရာ မလို၊ မည်သည့်အရာကိုမှ ဂရုစိုက်နေစရာ မလိုဘဲ အိပ်စက်ချင်ခြင်းပင်။

“မင်းသား ... ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ။” လန်ရှစ်က မေးလိုက်သည်။

ရင်ဝူချန်က မဲ့ပြုံး ပြုံးလိုက်၏။ “ဘာလုပ်ရမလဲ ဟုတ်လား။ ချင်မြို့တော်ကို ပြန်ပြေးကြရမှာပေါ့။ အခြေအနေက ထိန်းချုပ်လို့ မရတော့ဘူး။ ဒီကိစ္စက ကျုပ်တို့သုံးယောက်ရဲ့ စွမ်းဆောင်နိုင်ရည်ထက် ကျော်လွန်သွားပြီ။ ကျန်တာကို အဖေနဲ့ ဂိုဏ်းချုပ်ရန်ကို လွှဲပေးလိုက်ရုံပဲ ရှိတော့တယ်။ သွားစို့... သွားကြစို့။”

ရင်ဝူချန်က ခြောက်ကပ်စွာ ပြုံးလိုက်မိသည်။

လန်ရှစ်က မေးလိုက်၏။ “ကျုပ်တို့ တကယ်ပဲ ဘာမှ မလုပ်ကြတော့ဘူးလား။ တောင်ပိုင်းက ဆင်းလာတဲ့ ငါးသိန်းသော တပ်တော်ကြီးက သုံးရက်မပြည့်ခင်မှာတင် အကုန် သုတ်သင်ခံလိုက်ရပြီ။ တော်ဝင်ရင် အင်ပါယာကို ဘယ်လို ပြန်ရှင်းပြကြမလဲ။”

ရင်ဝူချန်က လန်ရှစ်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။ “တပ်မှူးလန်... သိပ်ပြီး ရိုးမနေစမ်းပါနဲ့။ ဘာမှ ရှင်းပြနေစရာ မလိုပါဘူး၊ ဘယ်သူကမှလည်း တာဝန်ယူခိုင်းမှာ မဟုတ်ဘူး။ နောက်ဆိုရင် နုရှောင့်မြို့ က ချင်နိုင်ငံကို ကျူးကျော်ပြီး ရှမ့်လန်ကို လာကယ်ကြလိမ့်မယ်။ ဒီအကျပ်အတည်းကို မကျော်လွှားနိုင်ရင် ကျုပ်တို့ မိသားစုနှစ်ခုစလုံး သွားပြီပဲ။ ဘာမှ လျှောက်တွေးမနေနဲ့တော့၊ ပြန်ပြေးဖို့သာ ပြင်စမ်းပါ။”

ထို့နောက် ရင်ဝူချန်၊ ရန်တန်ရှောင်နှင့် လန်ရှစ်တို့သည် ရှေးဟောင်းလင်းယုန်များကို စီးနင်းကာ လူအနည်းငယ်၏ အကာအကွယ်ဖြင့် ချင်မြို့တော် မြောက်ဘက်သို့ ပျံသန်းထွက်ခွာသွားကြ၏။ ငါးသိန်းသော တပ်တော်ကြီးတွင် နှင်းလင်းယုန် စစ်သည်တော် ရှစ်ဆယ်ခန့်သာ ကျန်ရှိတော့သည်။

ယခုအချိန်တွင် ကောင်းကင်ယံ၌ တော်ဝင်ရင်အင်ပါယာမှ ထွက်ပြေးလွတ်မြောက်လာသော စစ်ပြေးများကို နေရာအနှံ့ တွေ့မြင်နေရသည်။ ဤလူများသည် ကြောက်စိတ်မွှန်နေကြပြီ ဖြစ်သောကြောင့် ချင်မြို့တော်သို့ ပြန်ရဲကြမည် မဟုတ်ပေ။

သူတို့သည် အခြားသော ပြည်နယ်များ၊ မြို့များနှင့် ကျေးရွာများသို့ ထွက်ပြေးကြပြီး လွန်ခဲ့သည့် နှစ်ရက်အတွင်း ဖြစ်ပျက်ခဲ့သမျှကို ချဲ့ကား ပြောဆိုကြပေလိမ့်မည်။ တော်ဝင်ချန်တပ်တော်သည် လောကတွင် အကောင်းဆုံး ဖြစ်ကြောင်း ချီးကျူးပြောဆိုကြပေလိမ့်မည်။

ထို့နောက်တွင် တော်ဝင်ရင်အင်ပါယာ၏ ပြည်သူလူထု ထင်မြင်ယူဆချက်များသည် လုံးဝ ပြိုလဲသွားပေ လိမ့်မည်။ မူလတည်းက ရှမ့်လန်ကို ထောက်ခံသူများစွာ ရှိခဲ့သည်။ ဤတိုက်ပွဲသတင်း ပြန့်နှံ့သွားသည်နှင့် တော်ဝင်ရင်အင်ပါယာ တစ်ခုလုံး ပြောင်းလဲသွားပေလိမ့်မည်။

ချန်နိုင်ငံသစ်ဟု ဆိုသော တော်ဝင်ရင်အင်ပါယာမှ ပြည်သူများသည် ကျန်းကလန်ဘက်မှ အမြဲ ရပ်တည်ခဲ့ ကြသည်။ သို့သော်ငြား သူတို့သည် ရှမ့်လန်ကို မယုံကြည်ခဲ့ကြပေ။ သူ၏ တော်ဝင်ချန်အင်ပါယာသည် အလွန် အားနည်းပြီး သူတို့ကို မကာကွယ်နိုင်ဟု ခံစားခဲ့ကြရသည်။ ထို့ကြောင့် အချို့သော လူများသည် ရင်ကွမ်းကို ထောက်ခံခဲ့ကြသည်။

သို့သော်ငြား ယခုအခါ နုရှောင့်မြို့မှ လူငါးသောင်းသည် တော်ဝင်ရင်အင်ပါယာ၏ လူငါးသိန်းကို အနိုင်ယူ လိုက်လေပြီ။ အင်ပါယာ တစ်ခု၏ အင်အားကို သက်သေပြရန်အတွက် စစ်မှန်သော စစ်ပွဲတစ်ခုထက် ပိုကောင်းသောအရာ မရှိပေ။

ချန်နိုင်ငံသစ်မှ ပြည်သူများသည် ခြေထောက်ဖြင့် မဲပေးကြပေလိမ့်မည်။ ပြည်နယ်အသီးသီးမှ အရာရှိများ သည်လည်း စတင် ယိမ်းယိုင်လာကြပေလိမ့်မည်။ အသစ်တည်ထောင်ထားသော တော်ဝင်ရင်အင်ပါယာသည် မကြာမီ စုတ်ပြတ်သတ်သွားတော့မည် ဖြစ်သည်။

ခမည်းတော် ရင်ကွမ်းနှင့် ဂိုဏ်းချုပ်ရန်တို့ အနေဖြင့် အခြေအနေကို ချက်ချင်း ပြောင်းလဲပစ်ပြီး တော်ဝင်ချန်တပ်တော်ကို အပြီးတိုင် ချေမှုန်းနိုင်ခြင်း မရှိပါက အရာရာကို ပြန်လည် ထိန်းသိမ်းရန် အလွန် ခက်ခဲသွားပေလိမ့်မည်။

နုရှောင့်မြို့မှ လူငါးသောင်းသည် တော်ဝင်ရင်အင်ပါယာအတွင်းသို့ ဝင်ရောက်ပြီး ချင်မြို့တော်အထိ အတားအဆီးမရှိ တိုက်ခိုက်သွားနိုင်မည့် အဖြစ်ကိုပင် မြင်ယောင်နေမိသည်။ ခုခံတိုက်ခိုက်ရန် မဆိုထားနှင့်၊ လမ်းတစ်လျှောက်ရှိ ပြည်နယ်များမှ ပြည်သူများနှင့် အရာရှိများသည် မြို့တံခါးဖွင့်ပြီး ကြိုဆိုခြင်း မပြုလျှင်ပင် ကံကောင်းလှပြီဟု ဆိုရပေမည်။ ဤသည်မှာ ပုန်ကန်သူများနှင့် သစ္စာဖောက်များ၏ ဝမ်းနည်းဖွယ် ဇာတ်သိမ်းပင် ဖြစ်သည်။ တံတိုင်းပြိုလဲချိန်တွင် လူတိုင်းက ဝိုင်းတွန်းတတ်ကြစမြဲ ဖြစ်သည်။

အကယ်၍ ဝူ၊ ချောင်နှင့် ရွဲ့နိုင်ငံများကို ကျူးကျော်သူမှာ တော်ဝင်ရင်အင်ပါယာသာ ဖြစ်ခဲ့ပါက နေရာအနှံ့တွင် စစ်မီးများ တောက်လောင်နေမည်မှာ သေချာသလောက် ရှိသည်ဟု ရင်ဝူချန် တွေးနေမိသည်။ နေရာအနှံ့တွင် ခုခံတော်လှန်မှုများ ရှိနေမည်ဖြစ်ပြီး ရှမ့်လန်အတွက် အသက်ပေးမည့်သူများ မရေမတွက်နိုင်အောင် ရှိနေပေလိမ့်မည်။ ယခုသူတို့ဆီ တစ်ဖက်လူများက လာရောက် တိုက်ခိုက်ကြောင့်သာ ထိုက်သင့်ရုံလောက် သက်သာနေခြင်း ဖြစ်၏။

သူက စစ်မြေပြင်ကို ပြန်လည် ငေးကြည့်လိုက်မိသည်။ အလွန်တရာ ဆိုးရွားလှ၏။ အလောင်းကောင်များဖြင့် ပြည့်နှက်နေပြီး အဆုံးအစပင် မမြင်ရချေ။

“ဒီတိုက်ပွဲမှာ အရေးပါတဲ့ လူတစ်ယောက် ရှိတယ်။” ရန်တန်ရှောင်က ပြောလိုက်သည်။

“အသံလွန် ပျံသန်းသားရဲကို စီးနင်းထားတဲ့ မိန်းမပဲ။ ကျုပ်တို့ရဲ့ အထူးစစ်သည်တော် အများစုက သူ့လက်ချက်နဲ့ သေခဲ့ရတာ။ သူသာ မရှိရင် ဒီတိုက်ပွဲရဲ့ ရလဒ်က ပြောဖို့ ခက်တယ်။”

ဤစကားမှာ မှန်ကန်ပေသည်။ ဤတိုက်ပွဲတွင် ရှမ့်လန်၏ အခန်းကဏ္ဍသည် အဆုံးအဖြတ် ပေးနိုင်ခဲ့သည်။ စုစုပေါင်း သုံးကြိမ်တိုင်တိုင် တော်ဝင်ချန်တပ်တော်သည် စေတီတောင်၏ အထူးစစ်သည်တော်များ လက်ချက်ဖြင့် သေလုမျောပါး တိုက်ခိုက်ခံခဲ့ရသည်။ ထိုသူများကို သုတ်သင်နိုင်ခဲ့ခြင်းမှာ ရှမ့်လန်ကြောင့်ပင် ဖြစ်သည်။

ကိုယ်ခန္ဓာ ထိန်းချုပ်ခြင်း နည်းစနစ်နှင့် တချောင်၏ အသံလွန်လှိုင်း တိုက်ခိုက်မှု ပေါင်းစပ်လိုက်ခြင်းသည် ပြိုင်ဘက်ကင်း ဖြစ်နေခဲ့သည်။ နောက်ဆုံးတိုက်ပွဲ၏ အရေးကြီးဆုံးအချိန်တွင် စေတီတောင်မှ အထူးစစ်သည်တော် သုံးရာသည် စခန်းအတွင်းသို့ ဝင်ရောက်လာပြီး အသေးစား နဂါးအရှိန်အဝါ အားလုံးကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့၏။

ထို့အပြင် ဤလူသုံးရာသည် နုရှောင့်မြို့ စစ်သည် တစ်သောင်း၊ နှစ်သောင်းခန့်ကို သတ်ဖြတ်နိုင်စွမ်း ရှိသည်။ ရှေးဟောင်း သံချပ်ကာ၊ မဟာပညာရှင် အဆင့်နီးပါး သိုင်းပညာရှင်များနှင့် အိပ်မက်ဆိုးကျောက်တုံး ရှေးဟောင်းစစ်ဓား၊ ဤသုံးမျိုး ပေါင်းစပ်လိုက်သော အင်အားမှာ အလွန် တုန်လှုပ်ဖွယ် ကောင်းလှသည်။

ထိုလူသုံးရာကို တစ်နေရာတည်းတွင် ငြိမ်သက်သွားအောင် ထိန်းချုပ်လိုက်နိုင်သူမှာ ရှမ့်လန်သာ ဖြစ်သည်။ ထိုသို့ ထိန်းချုပ်လိုက်မှသာ နုရှောင့်မြို့၏ အထူးစစ်သည်တော်များက တစ်ခဏချင်းအတွင်း ဝင်ရောက် သုတ်သင်နိုင်ခဲ့ခြင်း ဖြစ်၏။

“အဲဒီမိန်းမက ဘယ်သူလဲ။” ရန်တန်ရှောင်က မေးလိုက်သည်။

ရင်ဝူချန်က ခေါင်းခါလိုက်သည်။ သူ မသိကြောင်း ပြသလိုက်ခြင်း ဖြစ်၏။

လန်ရှစ်က ပြောလိုက်သည်။ “ရှမ့်လန်ရဲ့ မိန်းမ ကျင်းမူလန် ဖြစ်နိုင်တယ်။ သူက နှစ်အတော်ကြာ လျှို့ဝှက် ပျောက်ဆုံးနေတာ၊ အခု ပြန်ရောက်လာတာ ဖြစ်နိုင်တယ်။”

အမှန်တကယ်တော့ ရှက်စရာ ကောင်းလှသည်။ လူများကို လှည့်စားရန် ရှမ့်လန်သည် တောက်လျှောက် အထူးရှေးဟောင်းသံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ ရန်သူများ စိတ်ကူးလွဲသွားစေရန်အတွက် သူသည် သံချပ်ကာဝတ်စုံကို မူလန်၏ဝတ်စုံနှင့် တစ်ပုံစံတည်း ဆေးခြယ်ထားခဲ့၏။ ထို့ကြောင့် သူသည် အမျိုးသမီး သံချပ်ကာဝတ်စုံကို အမြဲ ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား ဤအရာက မှားနေသည်လား။

‘မိန်းမလို ဝတ်ဆင်တာတောင် မဟုတ်ဘူးလေ။ ဒါပေမဲ့ မိန်းမလို ဝတ်ဆင်တယ် ဆိုရင်ကော ဘာဖြစ်သလဲ။ ငါ ... ရှမ့်လန် ဒါမျိုးလုပ်တာ ပထမဆုံးအကြိမ်မှ မဟုတ်တာ။’

ထိုအချိန်တွင် ကောင်းကင်ယံမှ စူးရှသော အော်မြည်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အသံလွန်လှိုင်း တစ်ခုသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်၏။

“ဘုန်း...”

ရုတ်တရက် ကောင်းကင်ယံမှ ရှေးဟောင်းလင်းယုန်တစ်ကောင်သည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ရသည်။ ၎င်းအပေါ်တွင် စီးနင်းလိုက်ပါလာသော အထူးစစ်သည်တော်သည် မီတာ တစ်သောင်းကျော် အမြင့်မှ ပြုတ်ကျသွားခဲ့ရသည်။

ရင်ဝူချန်နှင့် အခြားနှစ်ဦးတို့ လုံးဝ ကြောင်အသွားခဲ့ကြသည်။ ထိုမိန်းမက အသံလွန်လှိုင်း သားရဲကို စီးပြီး သူတို့ကို လိုက်လံ တိုက်ခိုက်ရဲသည်လား။ ဘာလုပ်ချင်နေသနည်း။ သို့သော်ငြား ရှမ့်လန် ဘာလုပ်ချင်သည် ဖြစ်စေ၊ ရင်ဝူချန်နှင့် အခြားနှစ်ဦးတို့သည် ဘာမှ မတတ်နိုင်ကြပေ။

အဘယ်ကြောင့်ဆိုသော် တချောင်သည် မီတာ တစ်သောင်းသုံးထောင်ကျော် အမြင့်အထိ အလွယ်တကူ ပျံသန်းနိုင်သောကြောင့်ပင်။

ရန်တန်ရှောင်နှင့် ရင်ဝူချန်တို့၏ သိုင်းပညာ မည်မျှမြင့်မားစေကာမူ လုံးဝ အသုံးမဝင်တော့ပေ။ ထို့နောက်တွင် ဝမ်းနည်းဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ တချောင်သည် မီတာ တစ်သောင်းသုံးထောင် အမြင့်တွင် ရှေးဟောင်းလင်းယုန်ဒါဇင်ပေါင်းများစွာကို ရူးသွပ်စွာ ရိုက်နှက် တိုက်ခိုက်နေ၏။

ထို့နောက် ပိုမို ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထပ်မံ ပေါ်ပေါက်လာသည်။ ရှေ့မျက်နှာစာ ကောင်းကင်ယံတွင် အမဲစက် ခြောက်ခု ပေါ်လာခဲ့၏။ ၎င်းတို့မှာ နုရှောင့်မြို့၏ ကောင်းကင် ခံတပ်ကြီးများ ဖြစ်ကြသည်။ ကောင်းကင်တိုက်ပွဲ ဖြစ်ပွားပြီးတည်းက ၎င်းတို့ လုံးဝ ပျောက်ကွယ်နေခဲ့ရာမှ ယခု ပြန်လည် ပေါ်ထွက်လာကြခြင်း ဖြစ်သည်။ ၎င်းတို့သည် အံ့အားသင့်ဖွယ်အမြင့်မှ ပျံသန်းလာပြီး ရူးသွပ်စွာ ပစ်ခတ်လိုက်ကြသည်။

“ရွှီ... ရွှီ.... ရွှီ.... ရွှီ...”

ကောင်းကင် ခံတပ်ကြီး ခြောက်စင်းသည် အသေးစား နဂါးအရှိန်အဝါများနှင့် အိပ်မက်ဆိုးကျောက်တုံး စက်သေနတ်များကို စတင် ပစ်ခတ်လိုက်ကြ၏။ ခဏတာအတွင်းမှာပဲ ရှေးဟောင်းလင်းယုန် ဒါဇင်ပေါင်းများစွာ ထိမှန်သွားပြီး ကောင်းကင်မှ ပြုတ်ကျကုန်ကြသည်။ ရင်ဝူချန်နှင့် ရန်တန်ရှောင်တို့ တုန်လှုပ်သွား ကြသည်။ ဤသည်မှာ လူသတ်ပွဲကြီးပင် ဖြစ်၏။

“လူစုခွဲ... လူစုခွဲ... ခွဲပြေးကြ။”

အမိန့်သံနှင့်အတူ တော်ဝင်ရင်အင်ပါယာမှ ကျန်ရှိနေသေးသော ရှေးဟောင်းလင်းယုန် ဒါဇင်ပေါင်းများစွာသည် ရုတ်တရက် လူစုခွဲလိုက်ကြသည်။ သူတို့သည် ဝေးကွာနိုင်သမျှ ဝေးကွာအောင် ခွဲထွက်သွားကြသည်။ ထိုသို့မဟုတ်ပါက အရှင်လတ်လတ် ပစ်မှတ်များ ဖြစ်လာပေလိမ့်မည်။

ရင်ဝူချန်နှင့် ရန်တန်ရှောင်တို့သည်လည်း လူစုခွဲလိုက်ကြသည်။ သူတို့အားလုံးသည် အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်သောကြောင့် တစ်ယောက်ယောက် ချင်မြို့တော်သို့ ပြန်ရောက်မှ ဖြစ်ပေမည်။ သူတို့အားလုံး တပြိုင်နက်တည်း အဖမ်းခံ၍ မဖြစ်ပေ။

ထို့နောက်တွင် တချောင်နှင့် ၎င်းအပေါ်မှ အမျိုးသမီးသည် သူ့နောက်သို့ တောက်လျှောက် လိုက်လာကြောင်း ရင်ဝူချန် ဝမ်းနည်းစွာ တွေ့ရှိလိုက်ရသည်။

‘တောက်... ဘာသဘောလဲ။ ဘာလို့ ရန်တန်ရှောင်နောက် မလိုက်ဘဲ ကျုပ်နောက် လိုက်ရတာလဲ။ ကျုပ်ရဲ့သိုင်းပညာ မကောင်းလို့ ကျုပ်ကို အနိုင်ကျင့်တာလား။’

မှန်ပေသည်။ ရန်တန်ရှောင်၏ သိုင်းပညာသည် အလွန် မြင့်မားသည်။ ရှမ့်လန်ဘက်မှ မည်သူမှ သူ့ကို အနိုင်မတိုက်နိုင်ပေ။ ထို့ကြောင့် မျက်စိစုံမှိတ်ကာ သူ့ကို လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ ရင်ဝူချန်၏ သိုင်းပညာသည် ရင်ဝူမင်အောက် နိမ့်ကျသည်သာမက ရင်ဝူချယ်နှင့်ပင် နှိုင်းယှဉ်၍ မရနိုင်ပေ။

“မင်းသားသုံး... မြန်မြန်ပြေး...” ရှေးဟောင်းလင်းယုန် စစ်သည်တော် ခုနစ်ဦးသည် အလွန် သစ္စာရှိကြသည်။ သူတို့သည် ရင်ဝူချန် ထွက်ပြေးလွတ်မြောက်နိုင်စေရန်အတွက် နောက်ချန်ကာ ကာကွယ်ပေးလိုက်ကြသည်။

ရင်ဝူချန်သည် အားမနာတော့ဘဲ ချက်ချင်း အောက်သို့ ထိုးဆင်းလိုက်သည်။ သူသည် အမြင့်ပေ ၈,၀၀၀ ခန့်သို့ လျှော့ချလိုက်ပြီး မြောက်ဘက်သို့ အစွမ်းကုန် ထွက်ပြေး၏။ ဤလူသည် တကယ်ပင် ဉာဏ်ကောင်းလှသည်။ အကယ်၍ တချောင်အနေဖြင့် သူ့ကို တိုက်ခိုက်လိုလျှင် မီတာ ၁၀,၀၀၀ ခန့်အထိ နိမ့်ဆင်းလာရမည် ဖြစ်သည်။ ထိုအမြင့်သို့ ရောက်ရှိပါက အခြားသော ရှေးဟောင်းလင်းယုန်စစ်သည်များ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံရနိုင်၏။

ထို့အပြင် ရင်ဝူချန် အနေဖြင့် ထိုထက်ပို၍ နိမ့်ဆင်း၍ မရနိုင်ပေ။ မီတာ ၅,၀၀၀ အမြင့်သို့ ရောက်ရှိသွားပါက ရှမ့်လန်ဘက်မှ နှင်းလင်းယုန်တပ်ဖွဲ့၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံရနိုင်သောကြောင့် ဖြစ်သည်။ ရင်မိသားစုတွင် ရိုးရှင်းသောလူဟူ၍ တစ်ယောက်မျှ မရှိပေ။ လူတိုင်းသည် အလွန် ဉာဏ်ရည် ထက်မြက်ကြသည်။

သို့သော်ငြား ဤလုပ်ရပ်အားလုံးသည် လုံးဝ အချည်းနှီး ဖြစ်သွားခဲ့၏။ တချောင်၏ လျင်မြန်ဖျတ်လတ်မှု၊ ပျံသန်းနှုန်းနှင့် ပျံသန်းနိုင်သည့် အမြင့်သည် ရှေးဟောင်းလင်းယုန်များထက် များစွာ သာလွန်လွန်းသည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းသည်လည်း ပြိုင်ဘက်ကင်း ဖြစ်၏။

ရင်ဝူချန်ကို ကာကွယ်ရန် ကျန်ရစ်ခဲ့သော ရှေးဟောင်းလင်းယုန်စစ်သည် ခုနစ်ဦးသည် တစ်မိနစ်ပင် မခံလိုက်ရဘဲ တချောင်၏ လက်ချက်ဖြင့် သေဆုံးသွားကြရသည်။ သူတို့ကို သတ်ဖြတ်နေစရာပင် မလိုပေ။ ဤရှေးဟောင်းသိမ်းငှက်များကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် မှုတ်ထုတ်လိုက်ရုံသာ ဖြစ်သည်။ ထို့ကြောင့် ရင်ဝူချန်ကို ကာကွယ်ပေးမည့်သူ မရှိတော့ပေ။

ရှမ့်လန်သည် တချောင်ကို ထိန်းချုပ်ပြီး သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။

ရင်ဝူချန်သည် ရန်တန်ရှောင်နှင့် နီးကပ်သွားအောင် အသည်းအသန် ကြိုးစားနေသည်။ သူသည် မီတာ ၈,၀၀၀ အမြင့်ကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်၏။ “မြန်မြန်... မြန်မြန်... မြန်မြန်...”

သို့သော်ငြား ရှေးဟောင်းလင်းယုန်များ၏ အမြန်နှုန်းမှာ သိပ်မမြန်လှပေ။ တချောင် အလျင်အမြန် မီလာခဲ့ပြီ ဖြစ်သည်။ ထို့နောက် ရင်ဝူချန်သည် အဆိုးရွားဆုံးသော ဝေခွဲမရသည့် အခြေအနေသို့ ကျရောက် သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှ ရှေးဟောင်း သံချပ်ကာဝတ်စုံကို ချွတ်ပစ်ရမည်လား။ မချွတ်လျှင်ကော။ သူသည် ပြိုင်ဘက်၏ တိုက်ရိုက် ထိန်းချုပ်ခြင်းကို ခံရပေလိမ့်မည်။

ဤရှေးဟောင်း သံချပ်ကာသည် အသုံးမဝင်တော့ရုံသာမက ဝန်ထုပ်ဝန်ပိုးနှင့် လှောင်အိမ်တစ်ခု ဖြစ်လာပေ လိမ့်မည်။ သို့သော်ငြား သူ ချွတ်လိုက်လျှင်ကော၊ သူ၏ ရှေးဟောင်းလင်းယုန်ပျက်စီးသွားသည်နှင့် မီတာ ၈,၀၀၀ အမြင့်မှ ပြုတ်ကျကာ သေဆုံးသွားပေလိမ့်မည်။ ရှေးဟောင်း သံချပ်ကာမှ ထုတ်လွှတ်သော စွမ်းအင် အကာအကွယ် မရှိလျှင် သူ သေချာပေါက် သေဆုံးရမည်။

သို့သော်ငြား သူ ရုန်းကန်နေစရာ မလိုတော့ပေ။ နောက်တစ်စက္ကန့်တွင် သူ မလှုပ်ရှားနိုင်တော့သည်ကို ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ရှေးဟောင်း သံချပ်ကာဝတ်စုံသည် လုပ်ဆောင်ချက် အားလုံး ရပ်တန့်သွားခဲ့သည်။

နောက်တစ်ခဏတွင် ကြောက်မက်ဖွယ်ကောင်းသော အသံလွန်လှိုင်း တိုက်ခိုက်မှု ရောက်ရှိလာခဲ့သည်။ သူသည် ရှေးဟောင်းလင်းယုန်ကို ထိန်းချုပ်ပြီး ရှောင်တိမ်းရန် အသည်းအသန် ကြိုးစားလိုက်သည်။ သို့သော်ငြား သူ မရှောင်နိုင်ခဲ့ပေ။

မျက်စိတစ်မှိတ် အတွင်းမှာပဲ ရင်ဝူချန် စီးနင်းထားသော ရှေးဟောင်းလင်းယုန်သည် လေထဲတွင် အစိတ်စိတ် အမွှာမွှာ ဖြစ်သွားခဲ့ရသည်။ ရင်ဝူချန်သည် မီတာ ၈,၀၀၀ အမြင့်မှ တည့်တည့်မတ်မတ် ပြုတ်ကျသွားခဲ့ရ၏။

‘...........’

သူ မအော်ဟစ်ခဲ့ပေ။ သို့သော်ငြား စိတ်ထဲတွင်မူ အသည်းအသန် အော်ဟစ်နေမိ၏။ သူ ပြုတ်ကျသည့် အရှိန်မှာ မြန်သထက် မြန်လာခဲ့သည်။ နောက်ဆုံးတွင် မြေပြင်နှင့် မီတာ ရာဂဏန်းခန့် အကွာသို့ ရောက်ချိန်မှာတော့ သူ၏ ရှေးဟောင်း သံချပ်ကာသည် ပြန်လည် အလုပ်လုပ်လာခဲ့သည်။

“ဘုန်း...”

ထို့နောက် ရှေးဟောင်း သံချပ်ကာသည် ဆန့်ကျင်ဘက်သို့ အားကောင်းသော စွမ်းအင်တစ်ခုကို ထုတ်လွှတ်လိုက်ပြီး သူ၏ ပြုတ်ကျနှုန်းကို ချက်ချင်း လျှော့ချလိုက်၏။ ဤသည်မှာ လေထီးထက်ပင် ပိုမို ကောင်းမွန်ပေ၏။

“ဘုန်း...”

ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ကြားခံနယ်တစ်ခု ရှိနေသော်လည်း ရင်ဝူချန်သည် ပြင်းထန်စွာ ရိုက်မိသွားပြီး မြေပြင်တွင် နက်ရှိုင်းသော တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ ရှေးဟောင်း သံချပ်ကာ၏ အကာအကွယ် ရှိနေသော်လည်း သူသည် ပြင်းထန်သော တုန်ခါမှုကို ခံစားလိုက်ရသည်။ သူ အော့အန်လိုက်မိပြီး မူးဝေသွားခဲ့ရသည်။

‘မြန်မြန်... မြန်မြန်... မြေပြင်ကို အကာအကွယ်ယူပြီး ချင်မြို့တော်ကို ချက်ချင်း ပြေးမှ ဖြစ်မယ်။’

ရင်ဝူချန်သည် တွင်းကြီးထဲမှ တွားသွား ထွက်လာပြီး မြောက်ဘက်သို့ အစွမ်းကုန် ပြေးလွှားလေတော့၏။

အပိုင်း (၁၁၅၄)

သို့သော်ငြား မီတာ ၁၀၀ ပင် မပြေးရသေးခင်မှာ သူ့ရှေ့တွင် အမဲစက်တစ်ခု ပိတ်ဆို့နေသည်ကို တွေ့လိုက်ရသည်။

“အရူးကြီး”

ထို့ကြောင့် သူ အရှေ့ဘက်သို့ ပြေးသည်။ ထိုနေရာတွင်လည်း သူ့ကို ပိတ်ဆို့နေသူ ရှိ၏။ “လန်ပေါင်”

သူသည် အောက်ဘက်သို့ ပြေးသည်။ ထိုနေရာတွင် လူနှစ်ဦး ပိတ်ဆို့ထားပြန်သည်။ “တုတနှင့် တုအာ”

ဘာကြောင့် လူနှစ်ယောက် ဖြစ်နေရသနည်း။ အဘယ်ကြောင့်ဆိုသော် အမြွှာညီအစ်ကို နှစ်ယောက် လူစုကွဲ သွားသည်နှင့် လောကပျက်သကဲ့သို့ ခံစားရပြီး အလွန်အမင်း စိုးရိမ် ပူပန်တတ်ကြသောကြောင့်ပင်။

ထို့နောက် ရွှယ်ရင်၊ လီချင်းချိုး၊ ပန်ရော့နှင့် အခြားသော ရှေးဟောင်း သံချပ်ကာ ဝတ်ဆင်ထားသည့် မဟာပညာရှင် အချို့သည် နောက်ဘက်မှ လိုက်ပါလာကြသည်။

“မင်းသားသုံး... အဖမ်းမခံခင် ခဏလောက် ရုန်းကန်ချင်သေးလား။ ဒါမှမဟုတ် အေးဆေးပဲ အဖမ်းခံမလား။” ရွှယ်ရင်က မဲ့ပြုံး ပြုံးကာ မေးလိုက်၏။

ရင်ဝူချန် တုန်လှုပ်သွားသည်။ “အဒေါ်ရွှယ်ရင်...”

အရှင်ကျန်းလီ ရှိစဉ်က ရင်ဝူချန်သည် အလွန် ငယ်ရွယ်သေးသည်။ အခြားသော ကလေးများကဲ့သို့ပင် သူသည် ရွှယ်ရင်ကို အဒေါ်ဟု ခေါ်ဝေါ်ခဲ့ဖူး၏။

“ဘာလို့ နည်းနည်းလောက် မရုန်းကန်ရတာလဲ။” ရွှယ်ရင်က မေးလိုက်သည်။

ရင်ဝူချန် ခါးသီးစွာ ရယ်မောလိုက်သည်။ သူသည် လက်နှစ်ဖက်ကို မြှောက်ကာ အညံ့ခံလိုက်၏။ ယခုအချိန်တွင် ရုန်းကန်နေ၍ ဘာအဓိပ္ပာယ် ရှိမည်နည်း။ အရှက်ကွဲရုံသာ ရှိပေလိမ့်မည်။

“အဒေါ်ရွှယ်ရင်... ကျုပ် ပြောရမယ်ဆိုရင်တော့ ကျုပ်ကို ရှမ့်လန်နဲ့ လဲလှယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ခမည်းတော်က လုံးဝ သဘောတူမှာ မဟုတ်ဘူး။” ရင်ဝူချန်က ပြောလိုက်၏။

“ရှေးဟောင်း သံချပ်ကာကို ချွတ်ပြီး ဖြည်းဖြည်းချင်း ထွက်လာခဲ့။ ပြီးရင် မြေကြီးပေါ်မှာ ဒူးထောက်ပြီး ခေါင်းကို လက်နှစ်ဖက်နဲ့ ကိုင်ထား။” ရွှယ်ရင်က အမိန့်ပေးလိုက်သည်။

ရင်ဝူချန်သည် ရှေးဟောင်း သံချပ်ကာကို ချွတ်ပြီး တွားသွား ထွက်လာခဲ့သည်။ သူသည် မြေကြီးပေါ်တွင် ဒူးထောက်ကာ ခေါင်းကို ကိုင်ထားလိုက်၏။

“ဖမ်းလိုက်။” ရွှယ်ရင်က အမိန့်ပေးလိုက်သည်။ တော်ဝင်ရင်အင်ပါယာ၏ တတိယမင်းသား ရင်ဝူချန် အဖမ်းခံလိုက်ရပြီ ဖြစ်သည်။

… … …

ရန်တန်ရှောင်သည် အလွန်တရာ အစွမ်းထက်မြက်လွန်းသည်။ ရှမ့်လန်အနေဖြင့် သူ့ကို ရန်မစလိုပေ။ အကယ်၍ သူ၏ ရှေးဟောင်းလင်းယုန်သာ ပစ်ချခံလိုက်ရလျှင် နုရှောင့်မြို့မှ ပညာရှင်များ သူ့ကို ဖမ်းဆီးသင့် သလား။ ဖမ်းဆီးရသည်မှာ အလွန် အရှက်ရဖွယ် ကောင်းပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ သူ့ကို သွားဖမ်းလျှင်လည်း နိုင်အောင် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ သူ့ကို ဖမ်းဆီးနိုင်ရန် ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ရပေလိမ့်မည်။

ထို့ကြောင့် သူ့ကို ချန်နိုင်ငံသို့ ပြန်လွှတ်လိုက်ပြီး သတင်းပို့ခိုင်းလိုက်သည်က ပိုကောင်းပေလိမ့်မည်။ သခင်လေးလန်က အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့ရာတွင်ပင် အလွန် ကျက်သရေရှိပြီး သိမ်မွေ့လှသည်။

‘ဟမ့်... ကံကောင်းလို့ နဂါးဓား ကျုပ်လက်ထဲ မရှိတာ။ မဟုတ်ရင် ခင်ဗျားကို သေချာပေါက် ပြာကျသွားအောင် လုပ်ပစ်လိုက်တယ်။’

ရင်ဝူချန်ကို အောင်မြင်စွာ ဖမ်းဆီးပြီးနောက် ရှမ့်လန်သည် မူလက အိမ်ပြန်ချင်ခဲ့သည်။ သို့သော်ငြား တော်ဝင်ရင် အင်ပါယာ၏ တပ်မှူး လန်ရှစ်သည် ရှေးဟောင်းလင်းယုန်ကို စီးနင်းကာ သူ့မျက်စိရှေ့မှ ထွက်ပြေးသွား သည်ကို တွေ့လိုက်ရလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။ ထို့အပြင် ကာကွယ်ပေးမည့်သူ တစ်ယောက်မှ မရှိချေ။ လွယ်ကူလှသည်တော့ မဟုတ်ပေ။ သူသည် အသက် ၈၀ ရှိနေပြီ ဖြစ်သော်လည်း အစွမ်းကုန် ကြိုးစား ထွက်ပြေးနေဆဲ ဖြစ်၏။

ထို့ကြောင့် ရှမ့်လန်သည် တချောင်ကို ပျံတက်စေလိုက်သည်။

“ရပ်လိုက်စမ်း။”

ချက်ချင်းပဲ တပ်မှူး လန်ရှစ်၏ ရှေးဟောင်း သံချပ်ကာသည် အေးခဲသွားပြီး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ ထို့နောက် တချောင်၏ အသံလွန်လှိုင်း တိုက်ခိုက်မှု ထွက်ပေါ်လာခဲ့၏။

“မလုပ်ပါနဲ့။ မလုပ်ပါနဲ့။ မလုပ်ပါနဲ့။”

တပ်မှူး လန်ရှစ်က ပြောလိုက်သည်။ “ကျုပ်က အသက်ကြီးပါပြီ။ ဒီလောက် မြင့်တဲ့ နေရာကနေ ပြုတ်ကျရင် သေသွားလိမ့်မယ်။ ရှေးဟောင်း သံချပ်ကာ အကာအကွယ် ရှိရင်တောင် သေသွားမှာပါ။”

“ခင်ဗျားက သခင်မလေး ကျင်းမူလန် မဟုတ်လား။”

တပ်မှူး လန်ရှစ်က ဆက်ပြော၏။ “ကျုပ်ကို ပြန်လွှတ်ပေးပါ။ ကျုပ် ရင်ကွမ်းကို နားချပြီး ဓားစာခံ လဲလှယ်ဖို့၊ အရှင်မင်းကြီး ရှမ့်လန်ကို ပြန်လွှတ်ပေးဖို့ ပြောပေးပါ့မယ်။”

ချက်ချင်းပဲ တချောင်သည် ဘာမှ ပြန်မပြောဘဲ အသံလွန်လှိုင်းကို ထပ်မံ ပစ်လွှတ်လိုက်သည်။

“ဂီး .....”

တပ်မှူးလန်ရှစ် စီးနင်းထားသော ရှေးဟောင်းလင်းယုန်သည် သွေးပျက်ဖွယ် စူးရှစွာ အော်မြည် လိုက်သည်။ ၎င်း၏ ခန္ဓာကိုယ် ညာဘက်ခြမ်းရှိ အမွေးအတောင် အများအပြား ကြေမွသွားခဲ့၏။ ၎င်းသည် အလွန်အမင်း လန့်ဖျပ်သွားခဲ့၏။

“ဘာမှ မလုပ်ပါနဲ့။ ကျေးဇူးပြုပြီး ဘာမှ မလုပ်ပါနဲ့။ ကျုပ် ကိုယ့်ဘာသာ ဆင်းပါ့မယ်။ ကိုယ့်သဘောဆန္ဒနဲ့ အဖမ်းခံပါ့မယ်။ ကျေးဇူးပြုပြီး ဘာမှ မလုပ်ပါနဲ့။”

တပ်မှူး လန်ရှစ်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “ကျုပ် ကိုယ့်သဘောဆန္ဒနဲ့ အဖမ်းခံမယ်ဆိုရင် ခင်ဗျားတို့အနေနဲ့ အကောင်းအတိုင်းရှိနေတဲ့ ရှေးဟောင်း လင်းယုန် တစ်ကောင်ကို ရနိုင်သေးတယ် မဟုတ်လား။”

ဤတပ်မှူး လန်ရှစ်သည် အမှန်တကယ်ပင် ဉာဏ်ရှိသော လူတစ်ယောက် ဖြစ်သည်။ သူသည် ရှေးဟောင်း လင်းယုန်ကို ချက်ချင်း ထိန်းချုပ်ကာ အောက်သို့ ဆင်းသက်လိုက်၏။ မီတာ ၅,၀၀၀ အမြင့်သို့ ရောက်ရှိချိန်မှာတော့ နုရှောင့်မြို့၏ နှင်းလင်းယုန် စစ်သည်တော်များက သူ့ကို ချက်ချင်း ဝိုင်းရံလိုက်ကြသည်။ ထို့နောက် သူ ဆက်လက် ဆင်းသက်လာပြီး မြေပြင်ပေါ်သို့ တိုက်ရိုက် သက်ဆင်းလိုက်၏။

ဤအချိန်တွင် နုရှောင့်မြို့သည် အကောင်းပကတိ ရှိနေသော ရှေးဟောင်းလင်းယုန် တစ်ကောင်နှင့် အသက် ၈၀ အရွယ် လူတစ်ယောက်ကို ဖမ်းဆီးရမိလိုက်၏။ တော်ဝင်ရင်နိုင်ငံ၏ စစ်သေနာပတိကြီး သုံးဦးနှင့် စစ်သည် ငါးသိန်း တောင်ပိုင်းသို့ ချီတက်လာခဲ့ကြသည်။ ရန်တန်ရှောင် တစ်ဦးတည်းသာ ချန်မြို့တော်သို့ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။ အခြားသော စစ်သေနာပတိကြီး နှစ်ဦးစလုံး အဖမ်းခံခဲ့ရသည်။

… … …

အသက် ၈၀ အရွယ် လန်ရှစ်သည် အလျင်အမြန် တူးဖော်ထားသော မြေအောက် အကျဉ်းထောင်တစ်ခု အတွင်း၌ အကျဉ်းချခံထားရသည်။ သူသည် ဦးနှောက်ခြောက်မတတ် စဉ်းစားနေခဲ့၏။

သူ အသက်ရှင်မှ ဖြစ်မည်။ အသက် ၈၀ ရှိနေပြီ ဖြစ်သော်လည်း သူ့ဘဝ မကုန်ဆုံးသေးဟု ခံစားနေရသည်။ အနည်းဆုံး နောက်ထပ် နှစ် ၂၀ ခန့် ကောင်းမွန်စွာ နေထိုင်သွားနိုင်သေးသည်။

သူ၏ သိုင်းပညာသည် အလွန် မြင့်မားပြီး သွေးမျိုးဆက် ပြောင်းလဲခြင်း တစ်မျိုးကို ခံယူထားခဲ့သည်။ ထို့ကြောင့် အသက် ၈၀ ရှိသော်လည်း သူသည် အလွန် ငယ်ရွယ်နုပျိုပုံ ပေါက်နေဆဲ ဖြစ်သည်။ အသက် ၅၀ ထက် မပိုဟု ထင်ရသည်။ စည်းစိမ်ဥစ္စာနှင့် အလှပဂေးများကို ခံစားနိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။ သူ သေဆုံးသွားသည်နှင့် ဘာမှ ကျန်တော့မည် မဟုတ်ပေ။

ထိုသို့ဆိုလျှင် သူ ဘယ်လိုလုပ်လျှင် အသက်ရှင်သန်မည်နည်း။ နုရှောင့်မြို့အတွက် သူက မည်မျှ တန်ဖိုး ရှိမည်နည်း။ သူနှင့် ရင်ဝူချန်ကို အသုံးပြုပြီး ရှမ့်လန်နှင့် လဲလှယ်မည်လား။ ထိုအရာက မဖြစ်နိုင်ချေ။ သူက ထိုမျှလောက် အရေးမပါကြောင်း နုရှောင့်မြို့က သိရှိသည်။ ရင်ကွမ်းက ရှမ့်လန်ကို ပြန်လွှတ်ပေးမှာ မဟုတ်ပေ။

သူ၏တန်ဖိုးကို အမြင့်ဆုံးဖြစ်အောင် လုပ်မှ ဖြစ်ပေမည်။ ဟုတ်ပေသည်။ ထိုသို့လုပ်ခြင်းက သူ့ကို အရှက်မရှိသည့်လူ ဖြစ်သွားစေလိမ့်မည်။ သို့ပေမည့် အသက်ရှင်နိုင်ဖို့ ဆိုလျှင် မည်သူက အရှက်တရားကို ဂရုစိုက်နေမည်နည်း။

ထိုအချိန်တွင် တံခါးပွင့်လာခဲ့ပြီး လူနှစ်ယောက် ဝင်လာသည်။ တစ်ယောက်မှာ မဟာပညာရှင် ရွှယ်ရင် ဖြစ်ပြီး နောက်တစ်ယောက်မှာ အထူး သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော ရှမ့်လန် ဖြစ်သည်။

“သခင်မလေး ကျင်းမူလန်... အိုး မဟုတ်ပါဘူး၊ တော်ဝင်ချန်ဧကရီ...”

တပ်မှူး လန်ရှစ်သည် ဒူးထောက်ကာ ဦးညွှတ်လိုက်၏။ “အရှင်မရဲ့ ကျေးကျွန်လန်ရှစ်က ဧကရီကို ဂါရဝပြုပါတယ်။ ဧကရီ သက်တော်ရာကျော် ရှည်ပါစေ။”

‘သောက်ကျိုးနည်း... ဧကရီ ဆိုတဲ့ အခေါ်အဝေါ်ကို ခင်ဗျား ဘယ်လိုလုပ်ပြီး ခေါ်ရဲရတာလဲ။’

လန်ရှစ်သည် ဒူးထောက်ပြီးနောက် နဖူးကို မြေကြီးနှင့် ထိကပ်ထားကာ မယုံနိုင်လောက်အောင် ရိုသေ လေးစားသော အမူအရာဖြင့် ဆက်ပြောလိုက်သည်။ “ကျုပ် တော်ဝင်ချန်အင်ပါယာအတွက် အလုပ်နှစ်ခု လုပ်ပေးနိုင်ပါတယ်။ ပထမတစ်ခုက ရင်ကွမ်းရဲ့ အရှက်မရှိမှုကို လူသိရှင်ကြား ဖွင့်ချပေးပါ့မယ်။ အဲဒီတုန်းက ချန်နိုင်ငံသစ် တစ်ခုလုံး မဲပေးကြတုန်းက အရှင်ရှမ့်လန် နိုင်ခဲ့တာ အထင်အရှားပါပဲ။ ရင်ကွမ်းက အမှန်တရားကို ဖုံးကွယ်ပြီး သမင်ကို မြင်းလို့ ခေါ်ခဲ့တာပါ။ သူက နိုင်ငံအသီးသီးက သံတမန်တွေနဲ့ မင်းသားလျန်ရဲ့ အသက်ကို အသုံးပြုပြီး ခြိမ်းခြောက်ကာ စိတ်ပြောင်းခိုင်းခဲ့တာပါ။

ဒုတိယ အချက်က ကျုပ် သံတမန် လုပ်လာတာ နှစ် ၃၀ နီးပါး ရှိပါပြီ။ ချန်မြို့တော်ရဲ့ ကာကွယ်ရေး အကြောင်း ကျုပ်ထက် ဘယ်သူမှ ပိုမသိပါဘူး။ တော်ဝင်ချန်တပ်တော် ချန်မြို့တော်ကို ဝင်တိုက်မယ်ဆိုရင် ကျုပ် အများကြီး ကူညီပေးနိုင်ပါတယ်။”

ရွှယ်ရင် အံ့သြသွားခဲ့သည်။ ဤတပ်မှူး လန်ရှစ်သည် အလွန် ပါးနပ်လွန်းလှသည်။ လွန်ခဲ့သော နှစ် ၃၀ က အင်ပါယာ ကျန်းလီ ထီးနန်းစိုးစံစဉ်တည်းက သူသည် လျှို့ဝှက်ကောင်စီ၏ ဒုတိယ သံတမန် ဖြစ်ခဲ့သည်။ သူ့တွင် တာဝန် တစ်ခုတည်းသာ ရှိသည်။ ယင်းမှာ အုပ်စုဟောင်းနှင့် အုပ်စုသစ်ကြား ကြားခံအဖြစ် ဆောင်ရွက်ရန် ဖြစ်သည်။ သို့သော်ငြား ထိုစဉ်က သူသည် သိက္ခာရှိပုံ ပေါက်ပြီး နာမည်ကျော် တပ်မှုးတစ်ဦး၏ အသွင်အပြင်မျိုး ရှိခဲ့သေးသည်။ အဘယ်ကြောင့် ယခု ဤမျှ အားနည်းသွားရသနည်း။

ထိုသို့ပြောပြီးနောက် တပ်မှူးလန်ရှစ်သည် ဘာမျှ ထပ်မပြောတော့ပေ။ သူသည် မြေကြီးပေါ်တွင် ဒူးထောက်လျက် လုံးဝ မလှုပ်မယှက် နေနေ၏။

ရှမ့်လန်သည် မျက်နှာဖုံးကို မလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ “တပ်မှူးလန်ရှစ်... မျက်လုံးဖွင့်ပြီး ကျုပ်ကို ကြည့်စမ်းပါ။”

ထိုစကားကို ကြားလိုက်သည်နှင့် လန်ရှစ် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး မယုံနိုင် ဖြစ်သွားခဲ့ရသည်။ ရှမ့်လန်၏ အသံကို သူ ရင်းနှီးလွန်းနေသည်။ အထူး သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော ဤသူသည် တကယ်ပဲ ရှမ့်လန်လား။

‘သူ... သူက ကျင်းမူလန်လို့ ထင်နေတာ။ ဒါဆိုရင် ချန်မြို့တော်မှာ ရှိတဲ့ ရှမ့်လန်က အတုလား။ ကိုယ်ပွားလား။’

သူ တကယ်ကို မရိပ်မိခဲ့ချေ။ နှစ်ဝက်ကျော် ကြာခဲ့ပြီဖြစ်သည်။ အဘယ်သို့ အမှားအယွင်း မရှိနိုင်ရသနည်း။ တကယ့်ကို အပြစ်ပြောစရာ မရှိအောင် တူလွန်း၏။ ရင်ကွမ်းနှင့် ဂိုဏ်းချုပ်ရန် နှစ်ဦးစလုံး ရှမ့်လန်တွင် ကိုယ်ပွား တစ်ယောက် ရှိကြောင်း သိထားကြသည်။ ကျင်းကန်တောင် အပျက်အစီးများတွင် ထို ရှမ့်လန် ကိုယ်ပွားကို သူတို့ မြင်တွေ့ခဲ့ဖူးသည်။

ထိုစဉ်က သူတို့သည် ရှမ့်လန် အစစ်နှင့် အတုကို လုံးဝ ခွဲခြားနိုင်သည်ဟု ခံစားခဲ့ကြရသည်။ အဘယ်ကြောင့် ဆိုသော် ရှမ့်လန် ကိုယ်ပွားသည် အနည်းငယ် အာရုံကြော မကောင်းသကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်။ သူ၏ အပြုအမူများသည် ပိုမို ချဲ့ကားလွန်းပြီး အနည်းငယ် လွန်ကဲနေတတ်၏။

ထိုတင်မကသေးပေ။ ရင်ကွမ်းနှင့် ဂိုဏ်းချုပ်ရန်သည် ရှမ့်လန် အစစ်နှင့် အတုကြား ကွာခြားချက် ဆယ်ချက် ကိုပင် ခွဲခြား သတ်မှတ်ထားခဲ့ကြသည်။ ယခု အဖမ်းခံရသော ရှမ့်လန်သည် ရှမ့်လန် အတုကဲ့သို့ ချဲ့ကား လုပ်ဆောင်ခြင်းမျိုး လုံးဝ မရှိပေ။ တကယ်တော့ သူသည် အလွန် တည်ငြိမ်နေပုံ ပေါ်သည်။

သူ၏ စစ်မှန်မှုကို သက်သေပြနိုင်သည့် တစ်ခုတည်းသော အရာမှာ လွန်ခဲ့သည့် ခြောက်လအတွင်း သူ ရေးသားခဲ့သော မိန့်ခွန်းများပင် ဖြစ်သည်။ ဤမျှ စိတ်လှုပ်ရှားဖွယ်ကောင်းပြီး စိတ်ဝိညာဉ်ကို ထိရှစေသော ဆောင်းပါးမျိုး ရေးသားနိုင်သည့် ပါရမီမျိုး ရှမ့်လန် တစ်ယောက်တည်း၌သာ ရှိသည်။ ၎င်း၌ ကဗျာ မည်မျှ ပါဝင်သနည်း။

ရှမ့်လန် အစစ်ကသာလျှင် တော်ဝင်ချန်အင်ပါယာအပေါ် ဤမျှ စိတ်ပါဝင်စားမှု ရှိပြီး ချန်ပြည်သူ တစ်ယောက်ချင်းစီကို ဆွဲဆောင်နိုင်ရန် သူ၏ စိတ်ခံစားမှု အားလုံးကို ထည့်သွင်းနိုင်မည် ဖြစ်သည်။ ထို့ကြောင့်လည်း ရှမ့်လန်သည် နောက်ဆုံး မဲပေးပွဲတွင် အံ့ဖွယ်နည်းဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အခြားအရာ အားလုံးကို အတုလုပ်၍ ရသော်လည်း စိတ်ခံစားမှုကိုမူ အတုလုပ်၍ မရနိုင်ပေ။

ဂိုဏ်းချုပ်ရန်နှင့် ရင်ကွမ်းတို့ အတွက်မူ ကိုယ်ပွားသည် ကိုယ်ပွားသာ ဖြစ်သည်။ သူ၏ စိတ်နေ သဘောထားသည် လုံးဝ ကွာခြားပြီး ဟန်ဆောင်ရုံသာ တတ်နိုင်ပေလိမ့်မည်။ ရှမ့်လန် အစစ်ကသာလျှင် တော်ဝင်ချန်အင်ပါယာ အပေါ် ဤမျှ နက်ရှိုင်းသော သံယောဇဉ် ရှိနိုင်မည် ဖြစ်သည်။ ရှမ့်လန် အတုက ထိုကဲ့သို့ လုပ်နိုင်မည် မဟုတ်ပေ။

ရင်ကွမ်းတွင်လည်း ကိုယ်ပွား ရှိသည်။ ထို့ကြောင့် ကိုယ်ပွားအကြောင်းကို သူ အသိဆုံး ဖြစ်သည်။ ဟုတ်ပေသည်။ ကိုယ်ပွားဖြစ်သူ မှန်သည် အခြားသူများနှင့် မတူကြောင်း သူ မသိခဲ့ပေ။ မှန်သည် သူ့အသက်နှင့် ဝိညာဉ်ကို အသုံးပြုပြီး ရှမ့်လန် အဖြစ် ဟန်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်စဉ် တစ်လျှောက်လုံးတွင် သူသည် သူ့ကိုယ်သူ လုံးဝ မေ့လျော့နေခဲ့သည်။ တကယ်တော့ သူသည် သူ့ကိုယ်သူ ကိုယ်ပွားတစ်ယောက် အနေဖြင့်ပင် မမြင်ခဲ့ပေ။

...........

ရှမ့်လန်၏ အသံကို ကြားလိုက်ရချိန်မှာတော့ တပ်မှူး လန်ရှစ်သည် အလွန် အံ့အားသင့် သွားခဲ့ရခြင်း ဖြစ်သည်။

“တပ်မှူး လန်ရှစ်... ခေါင်းမော့ပြီး ကျုပ်ကို ကြည့်စမ်းပါ။” ရှမ့်လန်က ထပ်ပြောလိုက်၏။

“မကြည့်ဘူး။ မကြည့်ဘူး။ ကျုပ် မကြည့်ဘူး။”

တပ်မှူး လန်ရှစ်က ပြောလိုက်သည်။ “အရှင်က ဘယ်သူလဲ။ ကျုပ် အရှင့်ကို လုံးဝ မသိပါဘူး။”

သူ ဤသို့ ပြောလိုက်ချိန်မှာတော့ ခေါင်းငုံ့ထားရုံသာမက မျက်လုံးကိုပါ ပိတ်ထားလိုက်၏။ သူ့နှလုံးသားနှင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်၏ အစစ်အမှန် ကိုယ်ပိုင် အမှတ်အသားကို သိလိုက်ရသည်နှင့် သူ့အသက် ဆုံးရှုံးရတော့မည်ကို သိနေသောကြောင့်ပင်။

ရွှယ်ရင်သည် ရှေးဟောင်း သံချပ်ကာဝတ်စုံကို တစ်ကိုယ်လုံး ဝတ်ဆင်ထားသည်။ သူမသည် ရှေ့သို့ တိုးသွားပြီး လန်ရှစ်၏ လည်ပင်းကို ဆုပ်ကိုင်ကာ မလိုက်၏။ ဤအချိန်တွင် လန်ရှစ်၏ မျက်လုံးများသည် တင်းတင်းကျပ်ကျပ် ပိတ်ထားဆဲ ဖြစ်သည်။

ရှမ့်လန်က ပြောလိုက်၏။ “တပ်မှူးလန်ရှစ်... ခင်ဗျား မျက်လုံးမှိတ်ထားတာက ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာ မဟုတ်ဘူးလား။ ကျုပ်အသံကို မှတ်မိပြီး ကျုပ်က ရှမ့်လန်ဆိုတာ သိလို့သာ ခင်ဗျား ဒီလို အလွန်အကျွံ တုံ့ပြန်နေတာလေ။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ တပ်မှူး လန်ရှစ်သည် မျက်လုံးဖွင့်လိုက်ပြီး မျက်ရည်များ စီးကျလာ၏။ ထို့နောက် သူသည် ပြန်လည် ဒူးထောက်လိုက်ပြီး တုန်ယင်သော အသံဖြင့် ငိုကြွေးကာ ပြောလိုက်သည်။

“အရှင်ရှမ့်လန်... ကျုပ် အပြစ်ရှိပါတယ်။ ကျုပ် အပြစ်လုပ်မိပါတယ်။ သေရမှာ ကြောက်ပြီး ရင်ကွမ်းကို အားကိုးမိခဲ့တာ ကျုပ် မှားပါတယ်။ ကျုပ် ရင်ကွမ်း၊ အရှင်ကျန်းလီနဲ့ အတူတူ သေပါရစေ။ ကျုပ် နောင်တရတယ်။ ကျုပ် အရမ်း နောင်တရတယ်။

အရှင်... ကျုပ်ရဲ့ အရှင်... ကျုပ် မှားသွားပါတယ်။ ကျုပ် မှားသွားပါပြီ။ လန်ကလန်က ကျန်းကလန် အပေါ် မျိုးဆက်အလိုက် သစ္စာရှိခဲ့တာကို ထောက်ထားပြီး ဒီအပြစ်သားရဲ့ အသက်ကလေးကို ချမ်းသာပေးပါ။”

ထို့နောက် တပ်မှူး လန်ရှစ်သည် အစွမ်းကုန် ဦးတိုက်လိုက်ရာ သွေးများပင် ထွက်လာ၏။ “အရှင်... ကျုပ်ကို ချမ်းသာပေးပါ။ ကျေးဇူးပြုပြီး ကျုပ်ကို ချမ်းသာပေးပါ။ ကျုပ်ကို သင်းကွပ်ပစ်မယ် ဆိုရင်တောင်၊ အရှင့်ရဲ့ မိန်းမစိုး လုပ်ခိုင်းမယ် ဆိုရင်တောင် ကျုပ် ကျေနပ်ပါတယ်။”

ရှမ့်လန် သက်ပြင်းချလိုက်ပြီး မျက်နှာဖုံးကို ပြန်စွပ်ကာ ထွက်ခွာသွားသည်။

All Chapters