အခန်း (၁၁၅၉-၁၁၆၀)
Vol. 67 Ch. 1159-1160
အပိုင်း (၁၁၅၉)
ညနက်ပိုင်းတွင် ထိုရင်းနှီးသော သူတစ်ယောက် ထပ်မံ ရောက်ရှိလာပြန်သည်။
ဤတစ်ကြိမ်တွင် ရှမ့်လန်သည် တော်ဝင်ရန်အင်ပါယာ၏ မင်းသားအသစ်နှင့် မတွေ့ဆုံခဲ့ပေ။ ထိုအစား မင်းသားကျင်းက လက်ခံတွေ့ဆုံခဲ့၏။
“ခင်ဗျားတို့ သဘောထားကို ကျုပ် နားလည်ပါပြီ။”
မင်းသား ကျိထျန်းက ပြောလိုက်သည်။ “အရှင်ရှမ့်လန်က ဘာကိုမှ မကြောက်ဘူး ဖြစ်နေတယ်။ ဘာလို့လဲ။”
မင်းသားကျင်း ပြုံးလိုက်ပြီး ပြောလိုက်၏။ “အရှင် ဘာတွေးနေလဲဆိုတာ ကျုပ်တို့ လက်အောက် ငယ်သားတွေက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။”
မင်းသားကျိထျန်းက ပြောလိုက်သည်။ “ဒါဆို ဆွေးနွေးစရာ နေရာ မရှိတော့ဘူး ဆိုတဲ့ သဘောလား။ ဒါပေမဲ့ တော်ဝင်ရင်အင်ပါယာ မင်းသမီး ရင်ရင် ခင်ဗျားတို့ စခန်းထဲ ဝင်သွားတာ ခုဏလေးတင်ပဲ။ သူ ဘာလာလုပ်တာလဲ။”
မင်းသားကျင်းက ပြောလိုက်၏။ “အဲဒါ လျှို့ဝှက်ချက်ပါ။ ဖြေကြားခွင့် မရှိပါ။”
မင်းသားကျိထျန်းက ပြောလိုက်သည်။ “ရှေးဟောင်း နဂါးသေတ္တာအတွက် လာတာတော့ မဟုတ်ပါဘူးနော်။”
မင်းသားကျင်းက ပြောလိုက်၏။ “ဖြေကြားခွင့် မရှိပါ။”
မင်းသားကျိထျန်းက ပြောလိုက်သည်။ “ရင်ကွမ်းကို နဂါးသေတ္တာပေးဖို့ သဘောတူလိုက်ပြီလို့တော့ မပြောနဲ့နော်။”
မင်းသားကျင်းက ပြောလိုက်၏။ “ဖြေကြားခွင့် မရှိပါ။”
ကျိထျန်း ပြုံးလိုက်ပြီး ပြောလိုက်သည်။ “ကောင်းပြီလေ။ ခင်ဗျား ဘာဆိုလိုလဲဆိုတာ ကျုပ် နားလည်ပါပြီ။ ဆွေးနွေးညှိနှိုင်းဖို့ တံခါး လုံးဝ ပိတ်သွားပြီပေါ့။ ဒါဆိုရင် ကျုပ် ပြောလိုက်မယ်။ တော်ဝင်ရန်အင်ပါယာ အနေနဲ့ နေ့တိုင်း အထူးနဂါးနောင်တ ပစ်လွှတ်ပြီး ခင်ဗျားတို့ စစ်သည်ငါးသောင်းကို ဒီလောကထဲကနေ ဖျောက်ပစ်လိုက်နိုင်တယ်။
ဒါပေါ့။ ကြိုတင်ကာကွယ်မှု အနေနဲ့ ခင်ဗျားတို့ တပ်တော်ကို ကီလိုမီတာ ဒါဇင်ပေါင်းများစွာ၊ ရာပေါင်းများစွာ အထိ ဖြန့်ခွဲထားလို့ ရတယ်။ ဘာပဲဖြစ်ဖြစ် နဂါးနောင်တရဲ့ ပေါက်ကွဲမှု အချင်းဝက်က ဆယ်ကီလိုမီတာ အောက်မှာပဲ ရှိတာကိုး။ ဒါပေမဲ့ ကျုပ်တို့က ခင်ဗျားတို့ တပ်တော်ကို အချိန်တိုင်း စောင့်ကြည့်နေမှာပါ။ လိုအပ်ရင် နဂါးနောင်တ နှစ်ခု၊ သုံးခုတောင် ပစ်လွှတ်လိုက်လို့ ရတယ်။ ကျေးဇူးပြုပြီး ပြင်ဆင်ထားကြပါ။”
မင်းသားကျင်းက ပြောလိုက်၏။ “ကောင်းကောင်း ပြန်ပါ။ လိုက်မပို့တော့ပါဘူး။”
ကျိထျန်းက ပြောလိုက်သည်။ “ခွင့်ပြုပါအုံး။”
ထို့နောက် မင်းသားလျန် အသစ် ထွက်ခွာသွား၏။
… …
နောက်တစ်နေ့ နံနက်တွင် နုရှောင့်မြို့၏ စစ်သည်ငါးသောင်းသည် စခန်းသိမ်းပြီး မြောက်ဘက်သို့ ထပ်မံ ချီတက်ကြပြန်သည်။
မနေ့က မင်းသား ကျိထျန်းသည် အထူးနဂါးနောင်တ ပစ်လွှတ်မည်ဟု ခြိမ်းခြောက် ခဲ့သည်။ ပုံမှန်အားဖြင့် ဆိုလျှင် တော်ဝင်ချန်တပ်တော်သည် လူစုခွဲထားသင့်သည်။ သို့မှသာ အထူး နဂါးနောင်တ ပေါက်ကွဲလျှင် ထိခိုက်သေဆုံးမှု နည်းပါးမည် ဖြစ်၏။
သို့သော်ငြား ရှမ့်လန် ထိုသို့မပြုလုပ်ခဲ့ပေ။ တပ်တော်သည် မူလ ပုံစံအတိုင်း ဆက်လက် တည်ရှိနေသည်။ စစ်သည်ငါးသောင်းသည် တော်ဝင်ရင်အင်ပါယာ၏ အဓိကလမ်းမကြီးပေါ်တွင် ချီတက်နေကြပြီး ကီလိုမီတာ နှစ်ဆယ်ခန့်သာ တန်းစီထားကြသည်။
အထူးနဂါးနောင်တ တစ်ခု ပစ်လွှတ်လိုက်လျှင် တပ်တော်၏ ထက်ဝက် ဆုံးရှုံးသွားပေလိမ့်မည်။ အထူးနဂါးနောင်တ နှစ်ခု ပစ်လွှတ်လိုက်လျှင် စစ်သည် ငါးသောင်းစလုံး သုတ်သင်ရှင်းလင်းခံရပေလိမ့်မည်။
သို့သော်ငြား မတော်တဆ ဖြစ်လာခဲ့လျှင် အဆင်သင့် ဖြစ်စေရန် အထူးစစ်သင်္ဘော ခြောက်စင်းသည် တပ်တော်ကို ဝိုင်းရံထားပြီး ကောင်းကင်ယံ တစ်ခုလုံးကို အဆက်မပြတ် စောင့်ကြည့်နေကြ၏။
ရှမ့်လန်သည် တစ်ကောင်တည်းသော ရှေးဟောင်းလင်းယုန်ကို စီးနင်းထားသည်။ နုရှောင့်မြို့၏ အထူး စစ်သည်တော် ဒါဇင်ပေါင်းများစွာသည် နှင်းလင်းယုန်များကို စီးနင်းလျက် ကောင်းကင်သို့ ပျံတက်သွားကြပြီး ကောင်းကင်ယံကို အဆက်မပြတ် စောင့်ကြည့်နေကြသည်။ နဂါးနောင်တကို တွေ့ရှိသည်နှင့် ချက်ချင်း အရေးယူ ဆောင်ရွက်ကြမည် ဖြစ်သည်။
နှစ်နာရီ ကြာသွားသော်လည်း ကောင်းကင်တွင် မည်သည့် လှုပ်ရှားမှုမှ မရှိပေ။ လေးနာရီ ကြာသွားသော်လည်း ကောင်းကင်တွင် မည်သည့် လှုပ်ရှားမှုမှ မရှိသေးပေ။
နေ့တစ်ဝက် ကုန်သွားပြီး တစ်ရက် ကုန်ဆုံးသွားခဲ့သည်။
နေဝင်တော့မည် ဖြစ်ပြီး ကောင်းကင်ကြီး မှောင်တော့မည် ဖြစ်သည်။ တော်ဝင်ချန်တပ်တော်သည် စခန်းချရန် ထပ်မံ ပြင်ဆင်နေကြ၏။
‘တော်ဝင်ရန်အင်ပါယာက ညဘက်ကျမှ အထူးနဂါးနောင်တ ပစ်လွှတ်မှာလား။ ဒါဆိုရင် ကာကွယ်ဖို့ ပိုခက်သွားမှာပေါ့။ အဲဒီလို မဟုတ်ဘူးလား။’
နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် ရှမ့်လန် အတွက် အတူတူပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်စွမ်းအင်သည် နဂါးနှလုံးသား၏ အထူးအမြင်အာရုံနှင့် ရောနှောနေသောကြောင့် ဖြစ်သည်။ ရှေးဟောင်း လက်နက်ကိရိယာ ဖြစ်နေသရွေ့ တောက်ပနေမည် ဖြစ်သည်။
မကြာသေးမီက ရာသီဥတု အလွန် ကောင်းမွန်နေခဲ့သည်။ နေဝင်ချိန်တိုင်းတွင် လှပနေပြီး နေလုံးနီကြီးက ကောင်းကင်တစ်ခုလုံးကို အနီရောင် ဆိုးထားသကဲ့သို့ ဖြစ်နေ၏။
နုရှောင့်မြို့၏ နေဝင်ချိန်ကို မေ့ဖျောက်၍ မရနိုင်ပေ။ ပင်လယ်ပြင်ပေါ်မှ နေဝင်ချိန်ကို ကြည့်ရှုရသည်မှာ ဖော်ပြမပြနိုင်လောက်အောင် လှပသည်။ နုရှောင့်မြို့မှ ထွက်ခွာလာခဲ့သည်မှာ သုံးလနီးပါး ရှိခဲ့ပြီ။ နုရှောင့်မြို့ကို သူတို့ တကယ် လွမ်းဆွတ်မိကြသည်။ ဤသောင်းနှင့်ချီသော စစ်သည်များအတွက် နုရှောင့်မြို့သည် သူတို့၏ အိမ်ပင် ဖြစ်သည်။
ထိုအချိန်တွင် ရုတ်တရက် ကောင်းကင်ယံ၌ နားကွဲမတတ် စူးရှသော အချက်ပေးသံ ထွက်ပေါ်လာခဲ့၏။
“နဂါးနောင်တ တိုက်ခိုက်လာပြီ။ နဂါးနောင်တ တိုက်ခိုက်လာပြီ။”
မြောက်ဘက်ရှိ ထိုအရာကို ပထမဆုံး တွေ့ရှိသူမှာ နုရှောင့်မြို့မှ ဖြစ်သည်။ သူတို့သည် အချက်ပြ မီးကျည်ကို ချက်ချင်း ပစ်လွှတ်လိုက်ပြီး အိပ်မက်ဆိုးကျောက်တုံး အသံချဲ့စက်ကို အသုံးပြုကာ အဆက်မပြတ် သတိပေး လိုက်ကြသည်။
ထို့နောက် နှင်းလင်းယုန်တပ်ဖွဲ့မှ စစ်သည်များသည် ဆက်တိုက် အော်ဟစ်လိုက်ကြ၏။ “နဂါးနောင်တ တိုက်ခိုက်လာပြီ။ နဂါးနောင်တ တိုက်ခိုက်လာပြီ။”
ရှမ့်လန် သေချာ ကြည့်လိုက်ချိန်မှာတော့ မြောက်ဘက် ကောင်းကင်ယံမှ ကြယ်ကြွေသကဲ့သို့ အလင်းတန်း နှစ်ခု ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ နဂါးနောင်တ ဖြစ်ရုံသာမက ပိုမို ကြီးမား၏။ အထူးနဂါးနောင်တများ ဖြစ်ကြသည်။ ဤသည်မှာ တော်ဝင်ရန်အင်ပါယာက ကျင်းကန်တောင်တွင် အသုံးပြုခဲ့သော အထူး နဂါးနောင်တပင် ဖြစ်သည်။
‘သူတို့ ဘယ်နေရာကနေ ပစ်လွှတ်လိုက်တာလဲ။ ဒါက တော်ဝင်ရင်အင်ပါယာရဲ့ နယ်မြေလေ။ တော်ဝင်ရန်အင်ပါယာ အနေနဲ့ နဂါးအရှိန်အဝါ ပစ်လွှတ်စင်ကို ဒီနေရာအထိ သယ်ဆောင်လာနိုင်စရာ အကြောင်း မရှိဘူး။ နောက်ထပ် အထူးတာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်မှုလား။ ဒါမှမဟုတ် အထူးခံတပ်တွေ၊ အထူးခံတပ်ပျံတွေတောင် မရောက်နိုင်တဲ့ အမြင့်ပေ တစ်နေရာကနေ ပစ်လွှတ်လိုက် တာလား။’
အထူးနဂါးနောင်တသည် အံ့အားသင့်ဖွယ် မြန်ဆန်လှသည်။ ယခင်က သူတို့ မြင်ဖူးသမျှ အရာအားလုံးထက် ပိုမြန်ပြီး အသံထက် ၈ ဆ၊ ၉ ဆ ခန့် မြန်ဆန်၏။ သူတို့ မြင်လိုက်ရချိန်တွင် မီတာ သုံးသောင်း၊ လေးသောင်း အကွာသို့ ရောက်ရှိနေပြီ ဖြစ်၏။
အများဆုံး ၁၅ စက္ကန့် အတွင်း တော်ဝင်ချန်တပ်တော် အထက်သို့ ရောက်ရှိလာတော့မည်။ တစ်ခုတည်း မဟုတ်ဘဲ နှစ်ခု ဖြစ်သည်။
“ရွှီ...”
ကောင်းကင်ယံမှ အထူးနဂါးနောင်တ၏ ရှည်လျားသော အရိပ်ကို မြင်လိုက်ရချိန်မှာတော့ မြေပြင်ပေါ်ရှိ တပ်တော်သည် ထိတ်လန့်သွားခဲ့ကြသည်။ တော်ဝင်ချန်တပ်တော်သည် အထူးနဂါးနောင်တ၏ စွမ်းအားကို ကောင်းစွာ သိရှိထားကြသည်။ သူတို့ ယခင်က နှစ်ကြိမ် ပစ်လွှတ်ခဲ့ဖူးပြီး နှစ်ကြိမ်စလုံး ရန်သူကို သေစေနိုင်သော ဒဏ်ရာ ရရှိစေခဲ့သည်။ အထူးနဂါးနောင်တကို ကာကွယ်ရန် မဖြစ်နိုင်သလောက်ပင်။
ရှမ့်လန် အမိန့်မပေးလျှင်ပင် ကောင်းကင်ရှိ အထူးခံတပ်ပျံများသည် အထူးနဂါးနောင်တ နှစ်ခုကို ကြားဖြတ် တိုက်ခိုက်ရန် အသေးစား နဂါးအရှိန်အဝါများကို ပစ်ခတ်နေကြပြီ ဖြစ်၏။
“ရွှီ... ရွှီ... ရွှီ... ရွှီ..... ရွှီ...”
အထူးခံတပ်ပျံ ခြောက်စင်းစလုံး ရူးသွပ်စွာ ပစ်ခတ်နေကြသော်လည်း ဤမျှ ဝေးကွာသော အကွာအဝေးမှ ထိမှန်ရန် ခဲယဉ်းလှသည်။
အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်များ ဆိုလျှင် ပစ်ခတ်စရာပင် မလိုပေ။ အကွာအဝေးမှာ ဝေးလွန်းလှ၏။
တော်ဝင်ရန်အင်ပါယာမှ အထူးနဂါးနောင်တ နှစ်ခုသည် နီးကပ်သထက် နီးကပ်လာခဲ့သည်။
“ရွှီ... ရွှီ... ရွှီ... ရွှီ..... ရွှီ...”
အထူးခံတပ်ပျံပေါ်မှ အသေးစား နဂါးအရှိန်အဝါများသည် ရူးသွပ်စွာ ပစ်ခတ်နေကြသည်။ သို့သော်ငြား အားလုံး က ပစ်မှတ် လွဲသွားခဲ့၏။
ခေတ်မီ ကမ္ဘာမြေ နည်းပညာဖြင့်ပင် ဒုံးကျည်များကို ကြားဖြတ် ဟန့်တားရန် ခက်ခဲလှသည် ဖြစ်ရာ ဤကမ္ဘာတွင် ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။ အနည်းဆုံး ဒုံးကျည် ကြားဖြတ် ဟန့်တားခြင်း နည်းပညာနှင့် ပတ်သက်၍ နုရှောင့်မြို့၌ မရှိသလောက် ဖြစ်သည်။ တော်ဝင်ရင်အင်ပါယာနှင့် စေတီတောင်တွင်သာ ရှေးဟောင်း ကြားဖြတ် ဟန့်တားရေး ကိရိယာများ ရှိသည်။
ရှေးဟောင်းလင်းယုန်ကြီး အပေါ်တွင် စီးနင်းလျက် ရှမ့်လန်သည် သူ့ဆီသို့ ပျံသန်းလာသော အထူး နဂါးနောင်တ နှစ်ခုကို ကြည့်နေမိသည်။ ဘာလုပ်သင့်သနည်း။ မဟာကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ်ကို ဆက်ခံပြီးနောက် သူ၏ စိတ်စွမ်းအင်သည် အံ့အားသင့်ဖွယ် နှုန်းဖြင့် တိုးတက်လာခဲ့၏။
ထို့အပြင် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကောင်းမွန်စွာ အနားယူထားသောကြောင့် သူ၏ စိတ်စွမ်းအင် သည် အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေ၏။ နဂါးနောင်တကို ကြားဖြတ် ဟန့်တားနိုင်ခြင်း ရှိ ၊ မရှိ သူ အမြဲ စမ်းသပ်ကြည့်ချင်ခဲ့သည်။
ယခု အခွင့်အရေး ရောက်လာခဲ့ပြီ။ အံ့ဖွယ်အမှု တစ်ခုကို မျက်ဝါးထင်ထင် တွေ့မြင်ရမည့် အချိန်ပင်။ အကယ်၍ သူသာ အထူးနဂါးနောင်တ နှစ်ခုကို ကြားဖြတ် ဟန့်တားနိုင်ခဲ့လျှင် ဟန့်တားရုံ သက်သက် မဟုတ်ဘဲ သိမ်းပိုက်လိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။ နုရှောင့်မြို့တွင် အထူးနဂါးနောင်တ သုံးခု ရှိလာမည် ဖြစ်ပြီး မဟာဗျူဟာမြောက် ဟန့်တားမှု တစ်ခု ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် ဤအချိန်တွင် ရှမ့်လန်သည် ရှေးဟောင်းလင်းယုန်ကြီးကို စီးနင်းလျက် ရှေ့သို့ ချက်ချင်း တိုးဝင်သင့်သည်။ ရှေးဟောင်း ကိရိယာကို ကြားဖြတ် ဟန့်တားရန် သူသည် အကွာအဝေး တစ်ခု အတွင်း ရှိနေရမည်။
ထို့ကြောင့် ရှမ့်လန်သည် ရှေးဟောင်းလင်းယုန်ကြီးကို စီးနင်းလျက် အစွမ်းကုန် ပျံသန်းသွားပြီး အထူး နဂါးနောင်တ နှစ်ခုကို ရှေ့သို့ ဆက်လက် ပျံသန်းလာစေရန် ဖိအားပေးလိုက်သည်။ သူ တစ်ယောက်တည်း မဟုတ်ပေ။ နုရှောင့်မြို့ အထူးစစ်သည်တော် ဒါဇင်ပေါင်းများစွာသည် နှင်းလင်းယုန်များကို စီးနင်းလျက် အထူးနဂါးနောင်တ နှစ်ခုဆီသို့ ရူးသွပ်စွာ ပျံသန်းသွားကြသည်။
“ရွှီ... ရွှီ... ရွှီ...”
အထူးနဂါးနောင်တ နှစ်ခုသည် တစ်စက္ကန့်လျှင် မီတာ သုံးထောင်နီးပါးနှုန်းဖြင့် ပျံသန်း လာကြသည်။ မကြာမီ တော်ဝင်ချန်တပ်တော် အထက်သို့ ရောက်ရှိလာပြီး ကောင်းကင်မှ ထိုးဆင်း လာကြသည်။
ရှမ့်လန်သည် ရှေးဟောင်းလင်းယုန်ကြီးကို စီးနင်းလျက် အစွမ်းကုန် ရှေ့သို့ တိုးဝင်သွားသည်။ သို့သော်ငြား မီတာ ရာဂဏန်း အလိုတွင် ရှေးဟောင်းလင်းယုန်ကြီးသည် ကြောက်ရွံ့သောကြောင့် နောက်သို့ ဆုတ်သွားခဲ့၏။
အထူးနဂါးနောင်တ၏ အရှိန်သည် မြန်ဆန်လွန်းသောကြောင့် ပတ်ဝန်းကျင်လေထုကို အစွမ်းကုန် ပူနွေးစေခဲ့သည်။
ဤအချိန်တွင် ရှမ့်လန်၏ လေကြောင်း ကြားဖြတ် ဟန့်တားမှု အကွာအဝေး အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်၏။
သို့သော်ငြား အထူးနဂါးနောင်တ နှစ်ခုသည် ရှမ့်လန်ကို ဖြတ်ကျော် ပျံသန်းသွားပြီး နုရှောင့်မြို့ စစ်သည် သောင်းနှင့်ချီ ရှိသော နေရာသို့ ဝင်ရောက်သွားကြသည်။
ငါး... လေး... သုံး... နှစ်... တစ်။
“ဘုန်း...”
ကျယ်လောင်သော အသံတစ်သံနှင့်အတူ အထူးနဂါးနောင်တ နှစ်ခုသည် တစ်ခုပြီးတစ်ခု ကျရောက်လာပြီး မီတာ ရှစ်ထောင် ကွာခြားသော မြေပြင်နှစ်ခုပေါ်သို့ ကျရောက်သွားကြသည်။ တိုက်ခိုက်မှုကြောင့် မြေပြင်တွင် မီတာ တစ်ရာနက်သော တွင်းကြီး ဖြစ်ပေါ်သွားခဲ့သည်။ မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး အရှိန်အဝါသည် အလွန်တရာ တုန်လှုပ်ဖွယ် ကောင်းလှသည်။ သို့သော်ငြား ပေါက်ကွဲမှု မရှိခဲ့ပေ။
၎င်း ကျရောက်လာချိန်တွင် စစ်သည် အားလုံး ရှောင်တိမ်းလိုက်ကြသည်။ ဤမျှ တိုတောင်းသော အချိန်အတွင်း ပေါက်ကွဲမှု အချင်းဝက်အတွင်းမှ လွတ်မြောက်ရန် မဖြစ်နိုင်သော်လည်း တွင်းကြီးကို ရှောင်တိမ်းရန်မှာမူ လွယ်ကူသည်။
ဟုတ်ပေ၏။ ဤအရာများက အထူးနဂါးနောင်တ အတု နှစ်ခုဖြစ်ပြီး အစစ်ထက်တောင် ပိုပြီး အစစ်နှင့် တူနေသေးသည်။ ပထမအချက် အနေနှင့် သူတို့၏ ပျံသန်းနှုန်းက အရမ်း မြန်၏။ ဒုတိယ အချက် အနေနှင့် သူတို့ ထုတ်လွှတ်တဲ့ စွမ်းအင် အရှိန်အဝါက အံ့သြစရာ ကောင်းသည်။ သို့သော်ငြား အတုက အတုပင်။ တော်ဝင်ရန်အင်ပါယာက သိပ်ကောက်ကျစ်လွန်း၏။
ဤ အထူးနဂါးနောင်တ အတု နှစ်ခုကို ရှမ့်လန် တားဆီးနိုင်ခဲ့သည်။ သို့သော်ငြား သူ မတားဆီးခဲ့ပေ။ သူသာ တားဆီးရန် ကြိုးစားခဲ့လျှင် ထောင်ချောက်ထဲ ဝင်သွားသကဲ့သို့ ဖြစ်ပြီး ပေါ်သွားပေလိမ့်မည်။ ထို့ကြောင့် တော်ဝင်ရန်အင်ပါယာသည် အစတည်းက ပြဇာတ် ကနေခြင်း ဖြစ်သည်။ သူတို့သည် ရေချိန်ကို စမ်းသပ်နေခြင်း ဖြစ်သည်။
အနည်းဆုံးတော့ တော်ဝင်ရန်အင်ပါယာ အနေနှင့် ဤအချိန်တွင် တော်ဝင်ချန်တပ်တော်ကို တကယ် ဖျက်ဆီးပစ်မှာ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က ရင်ကွမ်း၊ စေတီတောင်တို့နှင့် မတိုက်ခိုက်ချင်သေးပေ။ တော်ဝင်ချန်တပ်တော်သာ ဤလောကထဲကနေ လုံးဝ ပျောက်ကွယ်သွားရင် ရင်ကွမ်းနှင့် စေတီတောင်ကို မည်သူက သွားတိုက်မည်နည်း။
ရှမ့်လန်သည် တွင်းကြီးနှစ်ခုကို ကြည့်ပြီး သက်ပြင်းရှည် တစ်ချက် ချလိုက်သည်။
‘တော်ဝင်ရန်အင်ပါယာက သိပ်ကောက်ကျစ်လွန်းတယ်။ မင်းသားလျန် အသစ်ကလည်း သိပ်သစ္စာဖောက်လွန်းတယ်။ သူက မင်းသားလျန် အဟောင်းလောက် ကြင်နာမှု မရှိဘူးလား။ ဒါပေမဲ့ မင်းသားလျန် အဟောင်းက တကယ်ကော ကြင်နာတတ်တဲ့သူလား။ ချောင်ဘုရင်အိုကြီး သေဆုံးမှုက မင်းသားလျန် စီစဉ်ခဲ့တာချည်းပဲလေ။ မင်းသားလျန် အသစ်က သူ့အဖေထက် သာတယ်လို့ပဲ ပြောရမှာပေါ့။’
… …
အထူးနဂါးနောင်တအတု နှစ်ခု အပစ်ခံရပြီးနောက် တပ်တော်သည် မြောက်ဘက်သို့ ခရီးဆက်ခဲ့ကြ၏။
နှစ်ရက်ခွဲ အကြာတွင် ရွှယ်ရင်သည် တချောင်ကို စီးနင်းလျက် ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။ သူမသည် ရှေးဟောင်း နဂါးသေတ္တာနှင့် အတူ နုရှောင့်မြို့မှ ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဆိုရင် ဤရှေးဟောင်း နဂါးသေတ္တာက အစစ်လား။ ဟုတ်ပေသည်။ အစစ်ပင်။ ရှမ့်လန်သည် ရှေးဟောင်း နဂါးသေတ္တာကို ပွတ်သပ်လိုက်သည်။ ဤသည်မှာ မဟာဗျူဟာမြောက် ရတနာတစ်ပါး ဖြစ်သည်။ အခြားသူသာဆိုလျှင် မြေအောက် မီတာရာဂဏန်းအနက်တွင် ဝှက်ထားပေလိမ့်မည်။ ရှမ့်လန် တစ်ယောက်တည်းကသာ တခြားသူကို ဒုက္ခပေးဖို့ ထုတ်ယူရဲခြင်း ဖြစ်၏။
ရှမ့်လန်၏ မျက်လုံးထဲတွင် မည်သည့် ရတနာကိုမှ ရတနာဟု မသတ်မှတ်ထားပေ။
သူက အလွန်အကျွံ ဖြုန်းတီးတတ်သူ တစ်ယောက်ဖြစ်သည်။ ယခင်တုန်းက သူ့ယောက္ခမ ကျင်းကျိုး၏ မိသားစု စည်းစိမ်ကို ဖြုန်းတီးခဲ့၏။ ယခု သူ့အဖေ ကျန်းလီ၏ မိသားစု စည်းစိမ်ကို ဖြုန်းတီးနေပြန်သည်။
“သွားစို့။ ချန်မြို့တော်မှာ စစ်မဖြစ်ဘဲ ရင်ကွမ်းကို အေးအေးဆေးဆေး သတ်နိုင်ပါစေလို့ မျှော်လင့်မိတယ်။”
… …
အပိုင်း (၁၁၆၀)
ထို့နောက်တွင် တော်ဝင်ရန်အင်ပါယာသည် သူတို့ ပြောခဲ့သည်များကို လုံးဝ မေ့သွားသကဲ့သို့ ဖြစ်နေသည်။ ထပ်မံ နှောင့်ယှက်ခြင်း မပြုတော့ပေ။ အထူးနဂါးနောင်တ အတုကိုပင် ပစ်လွှတ်ခြင်း မရှိတော့ပေ။
တပ်တော်သည် မြောက်ဘက်သို့ ဆက်လက် ချီတက်ခဲ့ကြသည်။
ယခင်မြို့များကဲ့သို့ပင် မြို့တိုင်းလိုလိုသည် တော်ဝင်ချန်တပ်တော်ကို ကြိုဆိုရန် မြို့တံခါးများ ဖွင့်ထား ကြသည်။ ထိုတင်မကသေးချေ။ သူတို့သည် မြို့တံခါးဝတွင် မရေမတွက်နိုင်သော ကောက်ပဲသီးနှံနှင့် အသားများ ကိုပင် ထားရှိပေးခဲ့ကြ၏။
သို့သော်ငြား မင်းသားကျင်းသည် တပ်တော်ကို ရှောင်ကွင်းသွားရန်နှင့် မည်သည့် မြို့ကိုမှ မဖြတ်သန်းရန် အမိန့်ပေးခဲ့သည်။ မြို့များကို မဖြတ်သန်းသည်သာမက ကျေးရွာများနှင့် မြို့ငယ်များကို ဖြတ်သန်းရသည့် အခါတွင်လည်း တပ်တော်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ သူတို့သည် ဒေသခံ ပြည်သူများထံမှ ကောက်ပဲသီးနှံ တစ်စေ့မျှ တောင်းခံခြင်း မရှိခဲ့ပေ။
ချင်နိုင်ငံသစ်မှ ပြည်သူများ အကြောက်ဆုံး အရာမှာ မည်သည့်အရာနည်း။ စစ်မီးလျှံများ သူတို့ ခေါင်းပေါ်သို့ ထပ်မံ ကျရောက်လာမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။ သူတို့ အိုးမဲ့အိမ်မဲ့ ထပ်ဖြစ်ရမည်ကို စိုးရိမ်နေ ကြသည်။ နောက်ထပ် ကပ်ဘေးတစ်ခု ကြုံတွေ့ရမည်ကို စိုးရိမ်နေကြသည်။
တော်ဝင်ချန်တပ်တော်၏ စွမ်းဆောင်ရည်သည် ပြည်သူများ၏အမြင်ကို လုံးဝ ပြောင်းလဲသွားစေခဲ့သည်။ သို့သော်ငြား ချန်မြို့တော်နှင့် နီးကပ်လာလေ ပြည်သူများနှင့် အရာရှိများ၏ သဘောထား ပိုမို အေးစက်လာလေ ဖြစ်၏။
ဤသည်မှာ ပုံမှန်ပင် ဖြစ်သည်။ ချန်မြို့တော်သည် ရင်ကွမ်း အုပ်ချုပ်မှု၏ ဗဟိုချက် ဖြစ်သည်။ သူ့အနားသို့ နီးကပ်လေ ရင်မိသားစု၏ လွှမ်းမိုးမှု ကြီးမားလေ ဖြစ်သည်။ အနီးအနားမြို့များမှ အရာရှိများနှင့် ဗိုလ်ချုပ်များသည် ရင်ကွမ်း၏ လက်အောက်ခံများ ဖြစ်ကြသည်။
ချန်မြို့တော် တောင်ဘက်ရှိ မြို့များသည် တော်ဝင်ချန်တပ်တော်ကို ကြိုဆိုရန် မြို့တံခါးများ ဖွင့်မပေးကြပေ။ ထို့အပြင် မြို့ရိုးပေါ်မှ စစ်သားများသည် ရန်သူကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ ပြုမူနေကြသည်။ သူတို့ကို စောင့်ကြည့်ရန် ကင်းထောက်များ လွှတ်ရန်သာ ကျန်တော့သည်။ ချန်မြို့တော်နှင့် နီးကပ်လာလေ ရန်ငြိုးနှင့် သတိထားမှုတို့ကို ရှမ့်လန် ပိုမို ခံစားလာရလေပင်။
… …
၁၅ ရက် တိတိ ကြာပြီးနောက် နုရှောင့်မြို့၏ စစ်သည် ငါးသောင်းသည် မြို့သို့ နောက်ဆုံးတွင် ရောက်ရှိ လာခဲ့ကြသည်။ ချန်မြို့တော်သို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့ခြင်းပင်။ တောင်ဘက် မြို့တံခါးပေါက်ပင် ဖြစ်သည်။
‘ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ဧည့်သည် အနေနဲ့ လာခဲ့တာ။ ဒီတစ်ခါတော့ ရန်သူ အနေနဲ့ လာခဲ့တာ။’
ယခုအချိန်တွင် ချန်မြို့တော်၏ မြို့တံခါးများ အားလုံး တင်းတင်းကျပ်ကျပ် ပိတ်ထား၏။ မြို့ရိုးများ အထက်တွင် စစ်သားများ ပြည့်နှက်နေသည်။ တော်ဝင်ရင်အင်ပါယာတွင် စစ်သည် တစ်သန်း ရှိသည်။ ယခင် တိုက်ပွဲတွင် သူတို့သည် ထိခိုက်သေဆုံးမှု သုံးသိန်း ရှိခဲ့ပြီး စစ်သည် နှစ်သိန်းနီးပါး ထွက်ပြေးခဲ့ကြသည်။
ထွက်ပြေးသွားသော စစ်သည် နှစ်သိန်း အများစုမှာ ပြန်မလာကြပေ။ ထိုအစား သူတို့သည် ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွားကြသည်။ ချန်မြို့တော်တွင် စစ်သည် မည်မျှ ရှိသနည်း။ နှစ်သိန်းခွဲ။ ဤသည်မှာ တော်ဝင်ရင်အင်ပါယာ တစ်ခုလုံး၏ နောက်ဆုံး လက်ကျန် အထက်တန်းလွှာ တပ်ဖွဲ့ ဖြစ်၏။
ယခင် တိုက်ပွဲတွင် တော်ဝင်ရင်အင်ပါယာသည် အထူးစစ်သည်တော် သုံးထောင်နှင့် ငရဲစစ်သည် တစ်သိန်းခွဲ ဆုံးရှုံးခဲ့ရသည်။
ယခု ချန်မြို့တော်တွင် အထူးစစ်သည်တော် မည်မျှ ကျန်သေးသနည်း။ တစ်ထောင်ငါးရာ။
ငရဲစစ်သည် မည်မျှ ရှိသနည်း။ ငါးသောင်းအောက်။
ကျန်ရှိနေသော နှစ်သိန်းသည် တော်ဝင်ရင်အင်ပါယာ၏ သာမန် အဓိက အင်အားစုများ ဖြစ်ကြသည်။ သို့သော်ငြား စစ်သည် နှစ်သိန်းခွဲ ဆိုသည်မှာ အနိုင်ယူရန် မလွယ်ကူလှပေ။
ပထမအချက်အနေနှင့် သူတို့က အလွန် ခိုင်ခံ့သော ချန်မြို့တော်ကို ကာကွယ်နေကြခြင်း ဖြစ်သည်။ ဤသည်မှာ လောကတွင်တွင် ဒုတိယမြောက် မြို့ကြီး ဖြစ်သည်။ မြို့ရိုးများ၏ ခိုင်ခံ့မှုမှာ စိတ်ကူးကြည့်၍ မရနိုင်အောင်ပင်။
နုရှောင့်မြို့၏ အသေးစား နဂါးအရှိန်အဝါမှ ပစ်လွှတ်သော ငရဲမီး အမြှောက်ဆံများသည် အလွန် စွမ်းအား ကြီးမားသည်။ သို့သော်ငြား သူတို့သည် မီးလောင်ကျွမ်းမှု ပျက်စီးဆုံးရှုံးမှုကိုသာ အာရုံစိုက်ပြီး ပေါက်ကွဲမှု ပျက်စီးဆုံးရှုံးမှုကို အာရုံမစိုက်ပေ။ ထို့ကြောင့် မီတာ ၄၀ ကျော် ထူသော မြို့ရိုးများကို ဖောက်ခွဲရန် အမြှောက်များကို အသုံးပြုခြင်းသည် အလွန် ခက်ခဲလှသည်။
ထိုတင်မကသေးပေ။ ချန်မြို့တော်နန်းတော်သည် ကြီးမားသော ရှေးဟောင်း အပျက်အစီး တစ်ခုပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ရှေးဟောင်း လက်နက်များနှင့် ရှေးဟောင်း ကာကွယ်ရေး ကိရိယာများ မရေမတွက်နိုင်အောင် ရှိ၏။
စေတီတောင်တွင် ရှေးဟောင်း ကြားဖြတ် ဟန့်တားရေး ကိရိယာ စုစုပေါင်း သုံးခု ရှိသည်။ တစ်ခုမှာ ချန်မြို့တော်တွင် ရှိသည်။ ထို့ကြောင့် ရှေးဟောင်း လက်နက်နှင့် ကိရိယာများ အနေဖြင့် ချန်မြို့တော်တွင် မရေမတွက်နိုင်အောင် ရှိသည်။
တချောင်ကို စီးနင်းလျက် ရှမ့်လန်သည် မြို့ထဲရှိ ရှေးဟောင်း အထူးအားပြင်း ဒူးလေးများနှင့် ရှေးဟောင်း ဒူးလေးကြီးများကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ထိုအရာတို့သည် ထူထပ်စွာ စုဝေးနေကြပြီး မရေမတွက်နိုင်အောင် များပြားလှသည်။ ထို့အပြင် သူ မသိသော ရှေးဟောင်း ကိရိယာများစွာလည်း ရှိနေသည်။ ထို့အပြင် နဂါးအရှိန်အဝါ ပစ်လွှတ်စင် နှစ်ခုတောင် ရှိနေသေးသည်။ တော်တော် ကြောက်စရာ ကောင်း၏။
ရင်ကွမ်းသည် နဂါးနောင်တကို ပစ်လွှတ်နိုင်ခြင်း မရှိသော်လည်း ရှေးဟောင်း စွမ်းအင်အမြုတေများကို ပစ်လွှတ်နိုင်သည်။ ဤအရာများ ပေါက်ကွဲသွားသည်နှင့် စွမ်းအားသည် အလွန်တရာ တုန်လှုပ်ဖွယ် ကောင်းပေလိမ့်မည်။ ရှေးဟောင်း စွမ်းအင်အမြုတေ လေးငါးခုလောက် ထိမှန်သွားခဲ့လျှင် ရှမ့်လန်၏ စစ်သည် ငါးသောင်း အများစု သုတ်သင်ရှင်းလင်းခံရပေလိမ့်မည်။
ဟုတ်ပေသည်။ ရှမ့်လန်ကလည်း ရှေးဟောင်း စွမ်းအင်အမြုတေတွေကို ကြားဖြတ် ဟန့်တားလို့ ရ၏။ သို့သော်ငြား တစ်ခု သေချာသည်မှာ ချန်မြို့တော်သည် တိုက်ခိုက်ရန် မလွယ်ကူပေ။ အကာအကွယ် ပေးထားသော စစ်သည် နှစ်သိန်းခွဲသာ ရှိသော်လည်း အံ့အားသင့်ဖွယ် ရှေးဟောင်း ကိရိယာများက ကွာခြားချက်ကို ဖြည့်ဆည်းပေးထားသည်။
ထို့အပြင် ရှမ့်လန်၏ အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်၊ အသေးစား နဂါးအရှိန်အဝါ၊ ငရဲမီး အမြှောက်ဆံများ နှင့် အခြားသော လျှို့ဝှက်လက်နက်များ အားလုံး ပေါ်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ရင်ကွမ်းဘက်မှ ပြင်ဆင်ထားပြီး ဖြစ်၏။
ချန်မြို့တော်နှင့် မီတာ ၅,၀၀၀ အကွာသို့ ရောက်ချိန်မှာတော့ နုရှောင့်မြို့၏ စစ်သည် ငါးသောင်းသည် ရပ်တန့်လိုက်ပြီး ခံစစ် စတင် ပြင်ဆင်ကြသည်။
ထိုအချိန်တွင် ချန်မြို့တော် အတွင်း၌ ခန့်ညားထည်ဝါပြီး စိတ်အားတက်ကြွဖွယ် ဂီတသံ ကောင်းကင်ယံတွင် ပဲ့တင်ထပ်လာခဲ့၏။
‘ဒီသီချင်းကို ဘယ်သူ ရေးစပ်ခဲ့တာလဲ။ တော်ဝင်ရင်အင်ပါယာရဲ့ နိုင်ငံတော်သီချင်းလား။ တကယ်ကို တုန်လှုပ်စရာ ကောင်းတာပဲ။’
ဤ ခန့်ညားထည်ဝါသော ဂီတသံကြားတွင် တော်ဝင်ရင်အင်ပါယာ၏ စစ်သည် နှစ်သိန်းခွဲသည် စတင် အားပေး ကြွေးကြော်လာကြသည်။
“တော်ဝင်ရင်အင်ပါယာ ခမ်းနားပါစေ။”
“တော်ဝင်ရင်အင်ပါယာ ပြိုင်ဘက်ကင်း၊ ရှုံးနိမ့်ခြင်း မရှိစေရ။”
“တော်ဝင်ရင်အင်ပါယာ... အရှင် သက်တော်ရာကျော် ရှည်ပါစေ၊ ရှည်ပါစေ၊ ရှည်ပါစေ။”
စစ်သည်နှစ်သိန်းခွဲ၏ အသံများသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေရုံသာမက မြေကြီးကိုပါ တုန်ခါ သွားစေသည်။ ခန့်ညားထည်ဝါသော ဂီတသံနှင့် ပေါင်းစပ်လိုက်ချိန်မှာတော့ ကြက်သီးထဖွယ် မြင်ကွင်းတစ်ခု ဖြစ်လာခဲ့၏။
ထို့နောက် နဂါးဝတ်ရုံ ဝတ်ဆင်ထားသော ရင်ကွမ်းသည် ဖြည်းဖြည်းချင်း ထွက်လာပြီး မြို့ရိုးပေါ်တွင် ပေါ်လာခဲ့သည်။
“တော်ဝင်ရင်အင်ပါယာ... အရှင် သက်တော်ရာကျော် ရှည်ပါစေ။”
ယခုအချိန်တွင် စစ်သည် နှစ်သိန်းခွဲသာ မကပေ။ မြို့ထဲရှိ သိန်းနှင့်ချီသော ပြည်သူများသည်လည်း ပြိုင်တူ အော်ဟစ် လိုက်ကြရာ သူတို့၏ အသံများသည် ကောင်းကင်ဘုံကို တုန်ခါသွားစေ၏။
အစွမ်းထက်ပြီး အာဏာစက် ပြင်းထန်သော ရင်ကွမ်းသည် လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ အသံများ အားလုံး ရပ်တန့်သွားခဲ့သည်။ သူ ကျယ်လောင်စွာ ပြောလိုက်သည်။ “မင်းသားကျင်း... ကျုပ်တောင်းတာ ယူလာခဲ့ရဲ့လား။”
မင်းသားကျင်းက ပြောလိုက်၏။ “ယူလာပါတယ်။”
ရင်ကွမ်းက တောင်းဆိုသည်။ “ပေးလိုက်။”
မင်းသားကျင်းက ပြောလိုက်၏။ “သူတို့ကို အရင် လွှတ်ပေး။”
ရင်ကွမ်း လက်ဝှေ့ယမ်းလိုက်ရာ မြို့တံခါးတွင် အပေါက်ငယ်တစ်ခု ပွင့်လာခဲ့သည်။ နုရှောင့်မြို့မှ အရာရှိ ရာဂဏန်း ပြေးထွက်လာကြသည်။
ရင်ကွမ်းက စုနန်နှင့် ချောင်ယောင်းအာကို ပြောလိုက်၏။ “သွားကြ... ဘာစောင့်နေတာလဲ။”
စုနန်နှင့် ချောင်ယောင်းအာသည် ရင်ကွမ်း နောက်ရှိ ဝေါယာဉ်ကို ကြည့်လိုက်ကြသည်။ ဝေါယာဉ်ထဲမှ မှန်က ပြောလိုက်သည်။
“သွားကြ... ဒါ အမိန့်ပဲ။”
စုနန်နှင့် ချောင်ယောင်းအာသည် ဝေါယာဉ်ဘက်သို့ ဦးညွှတ်လိုက်ပြီး ထွက်ခွာသွားကြသည်။ သူတို့သည် အရာရှိ ရာဂဏန်းကို ဦးဆောင်ပြီး တော်ဝင်ချန်တပ်တော်ဆီသို့ ဦးတည်သွားကြ၏။
ရင်ကွမ်းက ထပ်ပြောလိုက်သည်။ “ပေးတော့... မဟုတ်ရင် တစ်ယောက်ယောက်က လက်တစ်ဖက် ပြတ်သွားလိမ့်မယ်။”
ဝေါယာဉ်ထဲတွင် မင်းသမီး ရင်ရင်သည် ဓားကို ဆွဲထုတ်ပြီး မှန်၏ လက်မောင်းပေါ် တင်ထားလိုက်သည်။ သူ အမိန့်ပေးလိုက်သည်နှင့် လက်ပြတ်သွားတော့မည်။
မင်းသားကျင်း လက်ဝှေ့ယမ်းလိုက်ရာ အထူးတပ်ဖွဲ့ စစ်သည်တစ်ဦးသည် ရှေးဟောင်း နဂါးသေတ္တာကို သယ်ဆောင်ပြီး ချန်မြို့တော် မြို့တံခါးဆီသို့ ဦးတည်သွား၏။
မကြာမီ ရန်တန်ရှောင်သည် မြို့တံခါးမှ ပြေးထွက်လာပြီး ရှေးဟောင်း နဂါးသေတ္တာကို လက်ခံရယူကာ မြို့ရိုးပေါ်ရှိ ရင်ကွမ်း လက်ထဲသို့ အပ်နှံလိုက်သည်။
ရင်ကွမ်းသည် အသက်အောင့်ထားပြီး ဤနဂါးသေတ္တာကို အာရုံခံလိုက်၏။ ‘ဒါ... ဒါ အစစ်လား။ ဒီလောက် လွယ်လွယ်လေး ရလိုက်တာလား။’
သို့သော်ငြား ဤ ရှေးဟောင်း နဂါးသေတ္တာတွင် ဆန်းကြယ်သော အနံ့တစ်ခု ရှိသည်ကို သူ ရလိုက်သည်။ နဂါးနောင်တ၏ အရှိန်အဝါနှင့် ဆင်တူ၏။ သို့သော်ငြား ရှေးဟောင်း နဂါးသေတ္တာ အစစ် ဟုတ် ၊ မဟုတ် စစ်ဆေးရန် အလွန် လွယ်ကူလှသည်။ သူသည် ကူပိုးကောင် ပုလင်းတစ်လုံးကို ထုတ်ပြီး အတွင်းထဲသို့ ထည့်လိုက်သည်။
ရင်ကွမ်းက ဆက်ပြော၏။ “မင်းသားကျင်း... ဒီပစ္စည်း အတု ဖြစ်နေရင် ကျုပ် ရှမ့်လန်ရဲ့ လက်တစ်ဖက်ကို ဖြတ်ပစ်မယ်။”
မင်းသမီး ရင်ရင်သည် ဓားကို ဖိလိုက်ရာ မှန်၏ လက်မောင်းတွင် ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာသည်။ သွေးများသည် ဓားသွားတစ်လျှောက် စီးကျလာပြီး ဝေါယာဉ်ထဲသို့ ကျသွားသည်။
အချိန် ကုန်ဆုံးသွားသည်။ လူတိုင်း ရင်ကွမ်းကို စိုက်ကြည့်နေကြသည်။ ဤပစ္စည်း အစစ်လား၊ အတုလား ဆိုသည်ကို သိချင်နေကြ၏။
ရင်ကွမ်းသည် အခြားသူများထက် ပိုမို စိုးရိမ်ပူပန်နေမိ၏။ အကယ်၍ ဤရှေးဟောင်း နဂါးသေတ္တာသာ အစစ်အမှန် ဖြစ်ပါက နဂါးဥ ပေါက်ဖွားလာနိုင်မည်ဖြစ်ပြီး ရင်မိသားစုသည် စစ်မှန်သော ကောင်းကင်ဘုံ၏ သားတော် ဖြစ်လာနိုင်ပေလိမ့်မည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ၁၅ မိနစ် ကြာမြင့်သွားခဲ့၏။ ရင်ကွမ်းသည် ရှေးဟောင်း နဂါးသေတ္တာကို ဖွင့်လိုက်သည်နှင့် သူ၏ မျက်လုံးများ တောက်ပသွားခဲ့၏။ အတွင်းရှိ ကူပိုးကောင် အရေအတွက်သည် အဆပေါင်းများစွာ တိုးပွားလာသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ၁၅ မိနစ် အတွင်းမှာပဲ ကူပိုးကောင်များသည် လျင်မြန်စွာ ပွားများပြီး ကွဲပွားနေကြ၏။
‘ဟုတ်တယ်။ ဒီရှေးဟောင်း နဂါးသေတ္တာက အစစ်ပဲ၊ တကယ့် အစစ်ပဲ။ ဟား ဟား ဟား ဟား... ကျုပ်ရဲ့ ရင်မိသားစုက ကမ္ဘာကြီးကို အုပ်စိုးတော့မယ်။ ကျုပ်ရဲ့ နဂါးဥ ပေါက်ဖွားလာတော့မယ်။’
… … …
သေချာစွာ ကြည့်ရှုပါက ရင်ကွမ်းသည် များစွာ ပြောင်းလဲသွားကြောင်း တွေ့ရှိရပေလိမ့်မည်။ ပထမဦးဆုံး သူ၏ မျက်လုံးအိမ်များသည် ချိုင့်ဝင်နေပြီး မျက်လုံးအတွင်းရှိ သွေးကြောများကို ရှင်းလင်းစွာ မြင်တွေ့နေ ရသည်။ သူ၏ အရေပြားနှင့် သွေးကြောများသည်လည်း ဖောင်းကြွနေ၏။
အကြီးမားဆုံး ပြောင်းလဲမှုမှာမူ သူ၏ မျက်နှာ အမူအရာနှင့် စိတ်နေသဘောထားပင် ဖြစ်သည်။ ယခင်က ရင်ကွမ်းသည် တည်ငြိမ်ပြီး ခန့်ညားထည်ဝါသူ ဖြစ်သည်။ ယခု ရင်ကွမ်းသည်မူ ပိုမို အစွန်းရောက်နေပုံ ပေါ်သည်။ သူ၏ လေသံမှာ သိပ်မသိသာလှသော်လည်း လူများကို စိတ်ဖောက်ပြန်နေသကဲ့သို့ ခံစားရ စေသည်။
မကြာသေးမီက သူ ကြုံတွေ့ခဲ့ရသော ကြီးမားသည့် အဖြစ်ဆိုးများကြောင့် ဤသို့ ဖြစ်ရသည်ဟု လူအများက ထင်မြင်ယူဆကြသည်။ ရင်ဝူချယ် သေဆုံးခြင်း၊ ရင်ဝူမင် သေဆုံးခြင်း၊ ဆက်တိုက် ဆိုသလို ကြီးမားသော ဆုံးရှုံးမှုကြီး နှစ်ခု၊ သုံးခု ကြုံတွေ့ရခြင်း၊ ချန်နိုင်ငံသစ် ပျောက်ဆုံးသွားခြင်းနှင့် တော်ဝင်ရင်အင်ပါယာ အစားထိုး ဝင်ရောက်လာခြင်းတို့ကြောင့် ဖြစ်၏။
ဤမျှကြီးမားသော အပြောင်းအလဲများကို ကြုံတွေ့ပြီးနောက် သံမဏိဖြင့် ပြုလုပ်ထားသော လူသားပင်လျှင် များစွာ ပြောင်းလဲသွားပေလိမ့်မည်။ သို့သော်ငြား လက်တွေ့တွင်မူ ဤသို့ မဟုတ်ပေ။ အခြား အကြောင်းရင်း တစ်ခု ရှိနေပါသေးသည်။
ထိုရင်းနှီးနေသော ခံစားချက် ထပ်မံ ရောက်ရှိလာပြန်၏။ သူ၏ ဦးနှောက် တစ်ခုလုံး ဖောင်းပွနာကျင်လာပြီး အမြင်အာရုံများ ထပ်နေသကဲ့သို့ ဖြစ်လာသည်။ သူ၏နားထဲတွင်လည်း အသံများ ကြားယောင်လာပြီး မျက်စိထဲတွင်လည်း မြင်ယောင်လာ၏။
ဤသည်မှာ မူလက အလွန် နေမထိထိုင်မသာ ဖြစ်စေသော ခံစားချက်မျိုး ဖြစ်သည်။ သို့သော်ငြား ရင်ကွမ်း၏ မျက်လုံးထဲတွင်မူ ထိုအရာသည် ဆန်းကြယ်ပြီး နက်နဲသော အခြေအနေ တစ်ရပ် ဖြစ်လာခဲ့သည်။ သူသည် နဂါးနှင့် အဆက်အသွယ် တစ်ခု တည်ဆောက်နေသည်ဟု ခံစားနေရသည်။
သူသည် ရှေးဟောင်း စာအုပ်ပေါင်းများစွာကို လှန်လှောဖတ်ရှုခဲ့ဖူးသည်။ တစ်ချို့မှာ အလေးအနက်ထားရမည့် စာအုပ်များပင် မဟုတ်ချေ။ သူသည် နဂါးနှင့် ပတ်သက်သမျှ စာအုပ်များ၊ ဟာသစာအုပ်များ အပါအဝင် အားလုံးကို ဖတ်ရှုခဲ့၏။
သူဖတ်ရှုခဲ့ဖူးသမျှ စာအုပ်များ အနက် အကောင်းဆုံးနှင့် အဆန်းကြယ်ဆုံး စာအုပ်မှာ အနောက်လောကမှ ရှေးဟောင်း အတ္ထုပ္ပတ္တိ စာအုပ်တစ်အုပ် ဖြစ်သည်။ ၎င်း၏ အမည်မှာ “ရာဇပလ္လင်ကစားပွဲ (Game of Thrones)” ဖြစ်သည်။
ထိုစာအုပ်ထဲတွင် ရည်မှန်းချက်ကြီးသူ တစ်ဦးသည် နဂါးဥ တစ်လုံး ရရှိခဲ့ပြီး ထိုအရာကို ဖောက်ခဲ့သည်။ ထို့နောက် ကမ္ဘာလောကတစ်ခုလုံးကို သိမ်းပိုက်ပြီး တာဂါရီယန် မင်းဆက်ကို တည်ထောင်ခဲ့သည်။ ထိုရည်မှန်းချက်ကြီးသူ၏ အမည်မှာ အေဂွန် ဖြစ်၏။
နဂါးပေါက်ဖွားလာချိန်မှာတော့ သူသည် အသက်ပေးရလုနီးပါး ဖြစ်ခဲ့ပြီး ဦးနှောက်ထဲတွင် ထူးဆန်းသော အကျိတ်တစ်ခုပင် ပေါက်ဖွားလာခဲ့သည်။ ဤအကျိတ်သည် သူ၏ ခန္ဓာကိုယ် အတွင်းရှိ နဂါး၏ အမှတ်အသားပင် ဖြစ်သည်။
ဤအကျိတ်သည် အဆက်မပြတ် ကြီးထွားလာပြီး အေဂွန်ကို ပြင်းထန်စွာ ခေါင်းကိုက်စေခြင်း၊ စိတ်ချောက်ချားစေခြင်းများ ဖြစ်စေခဲ့သည်။ သူ၏အမြင်အာရုံများ ထပ်လာပြီး ခန္ဓာကိုယ် အတွင်းရှိ သွေးကြောများ ပင် လိမ်တွန့်လာစေသည်။ သို့သော်ငြား နဂါးပေါက်ဖွားလာသည်နှင့် ထိုအကျိတ်မှ တစ်ဆင့် နဂါးကို ထိန်းချုပ်နိုင်ကြ၏။
ဤရှေးဟောင်း ဒဏ္ဍာရီသည် အလွန်တရာ ဆွဲဆောင်မှု ရှိလှသည်။ ခမ်းနားထည်ဝါပြီး ကြီးကျယ်လှသော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ ပထမတွဲသာ ရှိနေခြင်းပင်။