အပ်နှံခြင်း
Vol. 10 Ch. 97
"ကောင်းပြီလေ… (၂၀၀) ဆိုလည်း (၂၀၀) ပေါ့ဗျာ…" ချူလျန် လက်ခံလိုက်ပြီး ဆက်ပြောလိုက်သည်။
"ဒါဆိုရင် ကျုပ်မှာ နောက်ထပ် ပစ္စည်းနှစ်ခု ရှိသေးတယ်… စစ်ဆေးခတော့ မယူနဲ့တော့နော်"
"ပြဿနာမရှိဘူး" ဝမ်ယွဲ့လုံက ပြုံး၍ ပြောလိုက်သည်။
သွန်းလုပ်ခရရှိ၍ ပျော်ရွှင်နေခြင်း မဟုတ်ဘဲ၊ သူသည် လက်နက်သွန်းလုပ်ခြင်းကို အမှန်တကယ် နှစ်သက်မြတ်နိုးသူ ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
သွန်းလုပ်ရန်အတွက် ကောင်းမွန်သော ပစ္စည်းများနှင့် ကုန်ကြမ်းများ ရရှိခြင်းသည် သူ့အတွက် အလွန် ပျော်ရွှင်စရာကောင်းသော ကိစ္စတစ်ခု ဖြစ်ချေသည်။
ချူလျန်သည် မီးလောင်ကျွမ်းထားသော ပိတ်စအပိုင်းအစကို ထုတ်ယူလိုက်ပြီး မေးလိုက်၏။ "ဒါက ဘာလဲဆိုတာ ကြည့်ပေးပါဦး"
"အာ..." ယခုတစ်ကြိမ်တွင် ဝမ်ယွဲ့လုံသည် လျင်မြန်စွာ ကြည့်ရှုလိုက်ပြီး လက်ချောင်းဖြင့် ပွတ်သပ်ကာ ချက်ချင်းပင် ပြောလိုက်သည်။
"ဒါက အရှိန်အဝါဖုံး ပိတ်ပါးပဲ၊ အရှိန်အဝါကို ဖုံးကွယ်ထားနိုင်တဲ့ ပစ္စည်းတစ်မျိုးပေါ့... ဝတ်ရုံချုပ်ပြီး ဝတ်ဆင်ထားရင် လှုပ်ရှားသွားလာတဲ့အခါ ဘာအရှိန်အဝါမှ ထွက်ပေါ်လာမှာ မဟုတ်ဘူး...
စောစောက မဟူရာဥက္ကာခဲသံမဏိနဲ့ လုပ်ထားတဲ့ ဓားနဲ့ တွဲဖက်လိုက်ရင်… ဒါက လုပ်ကြံသတ်ဖြတ်သူ ဝတ်စုံတစ်စုံ ဖြစ်မနေဘူးလား... ခင်ဗျား ဒါတွေကို အဆင့်မြင့် လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ဆီကနေ ရလာတာပဲ ဖြစ်ရမယ်"
သူ၏ခန့်မှန်းချက် မှန်ကန်သော်လည်း ချူလျန်က ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှမပြောပေ။ ထို့နောက် ဆက်မေးလိုက်သည်။ "တန်ဖိုးကြီးလား…"
"ဒီလိုပစ္စည်းမျိုးက ဝတ်စုံချုပ်ပြီးမှ တန်ဖိုးရှိတာ… ခင်ဗျားဆီမှာက တစ်ဝက်လောက်ပဲ ကျန်တော့တယ်… အချောထည်အနေနဲ့ ရောင်းလို့မရသလို ကုန်ကြမ်းအနေနဲ့ ရောင်းရင်လည်း နည်းနည်း ရှုံးလိမ့်မယ်..."
ဝမ်ယွဲ့လုံ အနည်းငယ် စဉ်းစားလိုက်ပြီး ပြောလိုက်ပြန်သည်။ "ကျုပ် အကြံပေးချင်တာကတော့ ခင်ဗျား ပိုက်ဆံနည်းနည်းထပ်စိုက်ပြီး အရှိန်အဝါဖုံးပိတ်ပါး တစ်စိတ်တစ်ပိုင်းလောက် ထပ်ဝယ်လိုက်… ကုန်ကြမ်းသာရှိရင် ကျုပ် ခင်ဗျားအတွက် ဝတ်ရုံတစ်ထည်ကောင်းကောင်း ချုပ်ပေးနိုင်တယ်… ဒါဆိုရင် အသုံးဝင်သွားပြီ"
"အဲဒီလိုလား…"
ချူလျန် ခေတ္တမျှ စဉ်းစားလိုက်ရာ ထိုအကြံဉာဏ်မှာ မဆိုးလှဟု ထင်မြင်မိသည်။
ယခင်က သူ ရင်ဆိုင်ခဲ့ရသော ရွှေအမြုတေအဆင့် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူသည် ထိုကဲ့သို့သော နည်းလမ်းကို အသုံးပြုခဲ့ပြီး ဝတ်ရုံကို ဝတ်ဆင်လိုက်သည်နှင့် ရုပ်သွင်ကို မမြင်ရအောင် ပြုလုပ်နိုင်ခဲ့သည်။ ထိုကဲ့သို့သော ကိုယ်ရောင်ဖျောက်သည့် နည်းစနစ်များသည် သိုင်းလောကတွင် လှည့်လည်သွားလာရာ၌ မရှိမဖြစ် လိုအပ်ပေသည်။
သို့သော် ရုပ်သွင်ကို မမြင်ရုံသက်သက် အကျိုးသက်ရောက်မှုမှာ သာမန်သာ ရှိသေးသည်။ အစစ်အမှန် ကျွမ်းကျင်သူများသည် အရှိန်အဝါကို အာရုံခံလေ့ ရှိကြသည်။
အကယ်၍ ဤအရှိန်အဝါဖုံးပိတ်ပါးဖြင့် ပြုလုပ်ထားသော ဝတ်ရုံကို ပိုင်ဆိုင်ထားပါက တိုက်ခိုက်ရာတွင် ဖြစ်စေ၊ လူသိရှင်ကြား မလုပ်နိုင်သော ကိစ္စရပ်များကို လုပ်ဆောင်ရာတွင် ဖြစ်စေ ပိုမို အဆင်ပြေချောမွေ့သွားပေလိမ့်မည်။
"ဒါဆို လက်နက်ခန်းမဆောင်မှာ ဝယ်လို့ရလား…" သူ မေးလိုက်သည်။ "ဘယ်လောက်ကျမလဲ"
"ဒီပစ္စည်းက ကျုပ်တို့ ရှုတောင်ပေါ်မှာ မရှိဘူး…" ဝမ်ယွဲ့လုံကိုယ်တိုင်သည် လက်နက်ခန်းမဆောင်မှ ဖြစ်သဖြင့် ပစ္စည်းရှိမရှိကို ကောင်းစွာ သိရှိလေသည်။
သူ ချက်ချင်းပင် ပြန်ဖြေလိုက်၏။ "ခင်ဗျား လိုချင်တယ်ဆိုရင် တောက်ထျယ်ခန်းမက မိတ်ဆွေတွေကို မေးပေးလို့ ရပါတယ်... အဲဒီမှာတော့ သေချာပေါက် ဝယ်လို့ရနိုင်တယ်… ဒါပေမဲ့ ဈေးနှုန်းကတော့ ရှုတောင်တွင်းကလို သက်သာမှာ မဟုတ်ဘူး... ကျုပ် ခန့်မှန်းရသလောက်… ဝယ်ပြီး ဓားဒင်္ဂါးနဲ့ ပြန်တွက်မယ်ဆိုရင် အနည်းဆုံး (၅၀၀) လောက် ကျလိမ့်မယ်"
"ရှုတောင်တွင်း ဈေးနှုန်းတွေက သက်သာတယ်လို့ ခေါ်လို့ရလို့လား..." ချူလျန် တီးတိုး ရေရွတ်လိုက်မိသည်။
သူသည် လက်နက်ခန်းမဆောင်ရှိ စင်ပေါ်မှ ဓားပျံများ၏ ဈေးနှုန်းသည် ထိုစဉ်က သူ၏ မပြည့်စုံသေးသော တန်ဖိုးထားမှုစံနှုန်းများကို ကြီးမားစွာ ရိုက်ခတ်ခဲ့ဖူးသည်ကို မှတ်မိနေသေးသည်။
သို့သော် နောက်ပိုင်းတွင် ပြင်ပလောက၌ ကျင်လည်ခဲ့ပြီးနောက် သူ နားလည်လာခဲ့သည်။ လက်နက်ခန်းမဆောင်မှ ရောင်းချသော ပစ္စည်းများသည် ရှုတောင်ဂိုဏ်းတူများအတွက် အမှန်တကယ်ပင် သက်သာသော ဈေးနှုန်းများ ဖြစ်ပေသည်။
ပြင်ပ သိုင်းလောကမှ လမ်းဘေးကျင့်ကြံသူများအတွက်မူ အများအားဖြင့် ပစ္စည်းချင်း ဖလှယ်ကြရလေ့ ရှိသည်။ လိုအပ်သော ပစ္စည်းတစ်ခု ရရှိရန်အတွက် ပုံမှန်ထက် များစွာပိုပေးရလေ့ရှိပြီး လိမ်လည်လှည့်ဖျားမှုများလည်း များပြားလှသည်။
တစ်ခါတစ်ရံတွင် ဈေးကြီးပေးရခြင်းထက် ပစ္စည်းရှာမရခြင်းက ပိုမို ဆိုးရွားသော ပြဿနာ ဖြစ်နေတတ်သည်။
ယင်းနှင့် နှိုင်းယှဉ်လျှင် ရှုတောင်သည် အမှန်တကယ်ပင် လုံခြုံသော ဖန်လုံအိမ်တစ်ခု ဖြစ်နေချေသည်။
စဉ်းစားပြီးနောက် သူ သဘောတူလိုက်သည်။ "ကောင်းပါပြီ၊ ဒါဆိုရင် ကျုပ်အတွက် အရင် မေးပေးပါဦး… ဈေးနှုန်းအတိအကျ သိရရင် ပြန်ပြောပေးပါ… ဒုက္ခပေးရပြီ…"
"ကောင်းပါပြီ" ဝမ်ယွဲ့လုံက ထိုကိစ္စကို မှတ်သားလိုက်သည်။
ထို့နောက် ချူလျန်သည် ဘူးသီးခြောက်ပုံစံ ဆေးဘူးလေး တစ်ဘူးကို ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရသည်။ "ဆေးလုံးတွေကိုကော စစ်ဆေးပေးနိုင်မလား…"
"ရတနာတွေ တော်တော် ရလာတာပဲ…" ဝမ်ယွဲ့လုံ အာမေဍိတ်သံ ပြုလိုက်မိပြီး ဆေးဘူးကို ယူကာ ပြုံး၍ ပြောလိုက်သည်။
"ခင်ဗျား လူမှန်ကို ရှာတွေ့တာပဲ… ကျုပ်က အရင်ဆုံး ဆေးဖော်တာကို သင်ယူခဲ့တာ… နောက်မှ လက်နက်သွန်းလုပ်တဲ့ဘက်ကို ပြောင်းလိုက်တာလေ…"
"ဘာဖြစ်လို့တုန်း…" ချူလျန် အပြုံးဖြင့် မေးလိုက်သည်။
"အဂ္ဂိရတ်ခန်းမဘက်က ပြောတာတော့ ဆေးဖော်တာက နည်းနည်းလောက် မှားတာနဲ့ လူသေစေနိုင်တယ်တဲ့… ကျုပ် ဖော်လိုက်တဲ့ ဆေးလုံးတွေကို ဘယ်သူမှ မစားရဲကြဘူးလေ...
လက်နက်သွန်းလုပ်တာကမှ ပိုကောင်းသေးတယ်… အနည်းဆုံးတော့ ဗိုက်ထဲ ဝင်သွားမှာ မဟုတ်ဘူးလေ..." ဝမ်ယွဲ့လုံက အတိတ်ကို ပြန်ပြောင်းပြောပြရင်း ဝမ်းနည်းစဖွယ်လေသံဖြင့် ပြောပြလိုက်သည်။
“…” ချူလျန် တိတ်တဆိတ် ခေါင်းညိတ်လိုက်မိသည်။
သောက်ကျိုးနည်းအောင် မှန်လှပေ၏…။
ဤလူ၏ လက်ရာဖြင့်ဆိုလျှင် လက်နက်သွန်းလုပ်ရာ၌ နည်းနည်းကြမ်းတမ်းလျှင် ကိစ္စမရှိပေ။ ထူးဆန်းနေလျှင်လည်း လက်ခံနိုင်သေးသည်၊ တစ်ခါတစ်ရံ အံ့အားသင့်စရာများပင် ဖြစ်လာနိုင်သည်။
သို့သော် ဆေးလုံးဖော်စပ်ခြင်း ဆိုလျှင်မူ...
သူ မည်သို့မျှ စားရဲမည် မဟုတ်ပေ။
ဝမ်ယွဲ့လုံသည် ဆေးဘူးထဲမှ ဆေးလုံးသေးသေးလေး တစ်လုံးကို ထုတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ အချိန်အတော်ကြာ ကြည့်ရှုနေလိုက်သည်။
ထို့နောက် ပြောလိုက်သည်။ "ဒီဆေးလုံးကို ကျုပ် သိပ်မရင်းနှီးဘူး… ပြန်ပြီး ရှာကြည့်လိုက်ဦးမယ်… တကယ်လို့ အဖြေမရရင် နမူနာယူပြီး အာနိသင်ကို စမ်းသပ်ကြည့်ရလိမ့်မယ်... နည်းနည်းတော့ လက်ဝင်တယ်… ခင်ဗျား ဒီမှာ တစ်လုံး ထားခဲ့လိုက်ပါ… အဖြေရရင် ကျုပ် ပြန်အကြောင်းကြားပေးပါ့မယ်…"
"ကောင်းပြီလေ…" ချူလျန်လည်း ဆေးတစ်လုံး ချန်ထားခဲ့ပြီး ဆေးဘူးကို ပြန်သိမ်းလိုက်သည်။
ဤသည်မှာလည်း ပုံမှန်ပင် ဖြစ်သည်။ ဆေးလုံးနှင့် မှော်ဝင်ပစ္စည်း ကုန်ကြမ်းများသည် မတူညီကြပေ။
မှော်ဝင်ပစ္စည်းများကို မသိရှိလျှင်ပင် ချီစွမ်းအင် ထည့်သွင်း စမ်းသပ်ကြည့်လိုက်ရုံဖြင့် အာနိသင်ကို သိရှိနိုင်သည်။ သို့သော် မသိရှိသော ဆေးလုံးများကိုမူ မည်သူကမျှ လျှာဖြင့် လျက်ကြည့်ရဲမည် မဟုတ်ပေ။
ကိစ္စအားလုံး ပြီးဆုံးသွားသောအခါ ချူလျန် နှုတ်ဆက်ပြီး ပြန်လာခဲ့သည်။
ဝမ်ယွဲ့လုံတစ်ယောက် ပြုံးရွှင်စွာဖြင့် လက်ပြနှုတ်ဆက်လိုက်ပုံမှာ ပြီးခဲ့သည့် တစ်ခေါက်က ဆက်ဆံပုံနှင့် လုံးဝ ကွာခြားနေချေသည်။
ချူလျန်လည်း မပြုံးမိဘဲ မနေနိုင်တော့ပေ။
မှန်ပေသည်… ထိုက်သင့်သောငွေရပြီဆိုမှတော့ ဝန်ဆောင်မှု သဘောထားကလည်း ဘယ်တူတော့ပါမည်နည်း...။
...
လက်နက်ခန်းမဆောင်မှ ထွက်လာပြီးနောက် ချူလျန်သည် ဘေးနားရှိ ထိန်းသိမ်းရေးခန်းမသို့ ဝင်ရောက်သွားလိုက်သည်။
ထိန်းသိမ်းရေးခန်းမ၏ စီးပွားရေးသည် လက်နက်ခန်းမဆောင်နှင့် အဂ္ဂိရတ်ခန်းမတို့နှင့် ယှဉ်လျှင် များစွာ နိမ့်ကျလှသည်။ အဘယ်ကြောင့်ဆိုသော် တန်ခိုးစွမ်းရည်နှင့် ကျင့်စဉ်များသည် မှော်ဝင်ပစ္စည်းများ၊ ဆေးလုံးများကဲ့သို့ လိုချင်တိုင်း ဝယ်ယူရသည့် အရာများ မဟုတ်သောကြောင့် ဖြစ်သည်။
တန်ခိုးစွမ်းရည်တစ်ခုကို မိမိ ဝယ်ယူလိုက်ပါက တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ပြန်လည်ဖြန့်ဝေနိုင်သဖြင့် လူတိုင်း လာရောက်ကာ ပိုက်ဆံပေးဝယ်ယူရန် မလိုအပ်ပေ။ ထို့အပြင် လူတိုင်းတွင် ဆရာသခင်များ ရှိကြသည် မဟုတ်ပါလော။
သောက်ကျိုးနည်း ကံဆိုးသော လူငယ်အချို့မှလွဲ၍ တန်ခိုးစွမ်းရည် ဝယ်ယူရန် လိုအပ်ချက်မှာ နည်းပါးလှချေသည်။
လက်တွေ့တွင် ထိန်းသိမ်းရေးခန်းမ၏ ရှုတောင်ဂိုဏ်းတွင်း အဆင့်အတန်းမှာ စာကြည့်တိုက်ကြီး တစ်ခုနှင့် ပိုမိုတူညီပြီး အမွေအနှစ်များကို ထိန်းသိမ်းထားရှိရန် အဓိက ရည်ရွယ်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် တပည့်များ လာရောက်အပ်နှံသော တန်ခိုးစွမ်းရည်နှင့် ကျင့်စဉ်များကို လက်ခံလေ့ရှိပြီး သိုလှောင်ထားသော အမွေအနှစ်များ များပြားလေလေ ပိုကောင်းလေ ဖြစ်သည်။
လူစည်ကားသော လက်နက်ခန်းမဆောင်နှင့် နှိုင်းယှဉ်လျှင် ဤနေရာသည် အလွန် တိတ်ဆိတ်ခြောက်ကပ်နေပြီး ဧည့်ခံသည် သီးသန့်အခန်းများစွာ မရှိပေ။ စားပွဲခုံငယ်လေး တစ်လုံးသာရှိပြီး စားပွဲနောက်တွင် ဆယ်ပြားစေ့ပုံမျက်နှာနှင့် အစိမ်းရောင် ဝတ်စုံဝတ်ဆင်ထားသော လူငယ်တပည့်တစ်ဦး ထိုင်ကာ စာဖတ်နေလေသည်။
ကြည့်ရသည်မှာ ဤသူသည် ဤတွင်တာဝန်ကျသော တပည့်တစ်ဦး ဖြစ်ပုံရလေ၏။
ချူလျန်သည် ဆယ်ပြားစေ့မျက်နှာနှင့် လူငယ်၏ ရှေ့သို့ ရောက်ရှိသွားပြီး ခေါ်လိုက်သည်။ "ဒီက ဂိုဏ်းတူအစ်ကို…"
"အိုး..." ဆယ်ပြားစေ့မျက်နှာနှင့် လူငယ်က မော့ကြည့်လိုက်သည်။ မျက်လုံးများက မကြီးမားလှသော်လည်း အကြည့်များက စူးရှနေသည်။
ကြည့်ရသည်မှာ အနည်းငယ် ဉာဏ်ရည်မမီသကဲ့သို့ပင်...။
ရုပ်ရည်မှာမူ ရိုးသားဖြောင့်မတ်သော ပုံစံမျိုး ရှိပေသည်။
သူသည် ချူလျန်ကို တစ်ချက်ကြည့်လိုက်ပြီးမှ မေးလိုက်သည်။ "ဘာတန်ခိုးစွမ်းရည် ဝယ်ချင်လို့လဲ…"
"မဝယ်ပါဘူး၊ ကျုပ်က တန်ခိုးစွမ်းရည် လာအပ်နှံတာပါ…"
"လာအပ်တာလား" ဆယ်ပြားစေ့မျက်နှာနှင့် လူငယ်က ပြောလိုက်သည်။
"ထုတ်ပြပါဦး ကျုပ် ကြည့်ပါရစေ... ထိန်းသိမ်းရေးခန်းမမှာ မရှိသေးတဲ့ အရာဖြစ်မှ ဆုလာဘ် ရမှာနော်…"
"ဒီမှာပါ..." ချူလျန်သည် 'ခုနစ်ထွေသတ်ဖြတ်ခြင်း အမွေအနှစ်' မှတ်တမ်းတင်ထားသော ကျောက်စိမ်းပြားကို ထုတ်ပေးလိုက်သည်။
ဆယ်ပြားစေ့မျက်နှာနှင့် လူငယ် လှမ်းယူလိုက်ပြီး ဝိညာဉ်အာရုံဖြင့် အနည်းငယ် စစ်ဆေးလိုက်သည်။ ထို့နောက် ခေါင်းညိတ်ပြီး အသိအမှတ်ပြုလိုက်သည်။
"ကောင်းကင်ကြယ်တာရာ ထူးဆန်းအတတ်ပညာရဲ့ အမွေအနှစ်ပဲ... ခုနစ်ထွေသတ်ဖြတ်ခြင်း မျိုးဆက်က... မပေါ်လာတာ ကြာပြီဆိုတော့ တန်ဖိုးရှိတယ်လို့ ပြောလို့ရတယ်"
သူ ချူလျန်ကို ကြည့်သော အကြည့်များက အနည်းငယ် လေးနက်သွားသည်။
ကြည့်ရသည်မှာ ချူလျန်ကဲ့သို့ ကျင့်ကြံခြင်းအဆင့် မမြင့်မားသော တပည့်ငယ်တစ်ဦးက ဤမျှ တန်ဖိုးရှိသော အမွေအနှစ်ကို ရရှိထားလိမ့်မည်ဟု ထင်မှတ်မထားသောကြောင့် ဖြစ်ပုံရသည်။
ချူလျန်၏ အကြည့်များလည်း အနည်းငယ် ပြောင်းလဲသွားရသည်။
မူလက တံခါးစောင့် တပည့်တစ်ဦးသာ ဖြစ်မည်ဟု ထင်ထားသော်လည်း၊ ဤဆယ်ပြားစေ့မျက်နှာနှင့် လူငယ်သည် ဝိညာဉ်အာရုံဖြင့် တစ်ချက်စစ်ဆေးလိုက်ရုံဖြင့် ထိန်းသိမ်းရေးခန်းမတွင် ဤအမွေအနှစ် မရှိသေးကြောင်း သိရှိနိုင်သည်ကို ကြည့်ခြင်းအားဖြင့်၊ ထိန်းသိမ်းရေးခန်းမတွင် ဘာရှိသည်ကို သူ အကုန်သိနေကြောင်း ပေါ်လွင်နေသည်။
ထိန်းသိမ်းရေးခန်းမအတွင်းရှိ တန်ခိုးစွမ်းရည်နှင့် အမွေအနှစ်များမှာ ပင်လယ်ပြင်ကဲ့သို့ ကျယ်ပြန့် များပြားလှသည်ဖြစ်ရာ၊ သူသာ အကုန်လုံးကို ဦးနှောက်ထဲတွင် မှတ်သားထားနိုင်ပါက အတော်လေး ကြောက်စရာ ကောင်းလှပေသည်။
"ဒီအမွေအနှစ်က တကယ်ပဲ တန်ဖိုးရှိတယ်... ဒါပေမဲ့ ကျုပ်တို့ဆီမှာက အမွေအနှစ် လာအပ်ရင် ဆုလာဘ်ပဲ ပေးတာ… ဝယ်ယူတာမျိုး မဟုတ်ဘူး..." ဆယ်ပြားစေ့မျက်နှာနှင့် လူငယ်က ပြောလိုက်သည်။
"ဒီ ခုနစ်ထွေသတ်ဖြတ်ခြင်း အမွေအနှစ် ဆိုရင်တောင် ဓားဒင်္ဂါး (၁၀၀၀) ပဲ ဆုချနိုင်မှာပါ…"
"အဆင်ပြေပါတယ်..." ချူလျန် သဘောတူလိုက်သည်။
ဤအမွေအနှစ်ကို ကျင့်ကြံခြင်းလောကတွင် သွားရောင်းပါက လိုချင်သူနှင့် တွေ့လျှင် ဤဈေးနှုန်းထက်မက ရရှိနိုင်မည်ကို သူ နားလည်ပေသည်။ သို့သော် ပထမတစ်ချက်မှာ အလွန် အလုပ်ရှုပ်ပြီး၊ နောက်တစ်ချက်မှာမူ စိတ်ချရခြင်း မရှိပေ။
ဤကဲ့သို့ အကောင်းအဆိုး ရောထွေးနေသော အမွေအနှစ်မျိုးကို ဝယ်ယူမည့်သူသည် လူဆိုး မဟုတ်ကြောင်း မည်သူက အာမခံနိုင်မည်နည်း။ အကယ်၍ တစ်စုံတစ်ယောက်က ဤအမွေအနှစ်ကို ကျင့်ကြံပြီး လူသတ်သမား ဖြစ်လာကာ သတ်ဖြတ်မှုများ ကျူးလွန်ပါက မိမိတွင်လည်း တာဝန်ရှိလာပေလိမ့်မည်။
ထိန်းသိမ်းရေးခန်းမသို့ အပ်နှံလိုက်ခြင်းသည် ရှုတောင်ပေါ်တွင် သိမ်းဆည်းထားရုံသာ ဖြစ်ပြီး အသုံးဝင်ချင်မှ ဝင်မည်ဖြစ်ရာ ဝယ်ယူသကဲ့သို့ ဈေးပေး၍ မရခြင်းမှာလည်း နားလည်ပေးနိုင်သော ကိစ္စဖြစ်သည်။
ဓားဒင်္ဂါး (၁၀၀၀) ဆိုသည်မှာ လက်ရှိ သူ့အတွက် နည်းပါးသောပမာဏ မဟုတ်ပေ။
အသုံးပြုပုံ မသိရသေးသော ဆေးဘူးမှလွဲ၍ ဤအမွေအနှစ်သည် ယခုတစ်ခေါက် ရရှိခဲ့သော ပစ္စည်းများထဲတွင် အကျိုးအမြတ် အများဆုံး ဖြစ်နေချေသည်။ ကျန်ပစ္စည်းနှစ်ခုမှာ ပျက်စီးနေပြီ မဟုတ်ပါလော။
ဤငွေဖြင့် ဝမ်ယွဲ့လုံအတွက် သွန်းလုပ်ခနှင့် ကုန်ကြမ်းဖိုး ပေးချေရန် လုံလောက်ပေသည်။
"ဒါက မင်းရထိုက်တဲ့ ဓားဒင်္ဂါးတွေပဲ… ရေတွက်ကြည့်လိုက်ပါဦး... ဒီအမွေအနှစ်ကို မင်း လာအပ်တာ ဖြစ်တဲ့အတွက် မင်းဆီမှာ မိတ္တူကျန်သည်ဖြစ်စေ မကျန်သည်ဖြစ်စေ နောက်နောင် ထိန်းသိမ်းရေးခန်းမကို လာပြီး အခမဲ့ ဝင်ရောက်ကြည့်ရှုခွင့် ရှိတယ်... ကျုပ်နာမည်က ယွမ်ကျိုး… နောက်ပိုင်း ဘာကိစ္စရှိရှိ လာရှာလို့ ရပါတယ်"
ဆယ်ပြားစေ့မျက်နှာနှင့် လူငယ်သည် အမွေအနှစ်ကို မှတ်တမ်းတင်လိုက်ပြီး ချူလျန်အား ဓားဒင်္ဂါးများ ပေးအပ်ကာ မှာကြားလိုက်သည်။
"ကောင်းပါပြီ…" ချူလျန် ဓားဒင်္ဂါးများကို လက်ခံရယူလိုက်ပြီး ပြုံးလျက် ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ကျေးဇူးပါ… ဂိုဏ်းတူအစ်ကိုဖန်း…"
(စကားချပ် - ဖန်းရဲ့ အဓိပ္ပါယ်က လေးထောင့်ကိုပြောတာပါ။ လေးထောင့်ဆန်တဲ့မျက်နှာဆိုတာထက် ဆယ်ပြားစေ့မျက်နှာဆိုတာက မြန်မာလို ပိုရင်းနှီးမှာမလို့ ကျွန်တော်ကတော့ ဆယ်ပြားစေ့လို့ သုံးထားပါတယ်ဗျ။)