← Chapters

နွေဦးပြန်လည်ရောက်ရှိခြင်း မေတ္တာတေးသွား

Vol. 10 Ch. 92

နွေဦးပြန်လည်ရောက်ရှိခြင်း မေတ္တာတေးသွား

Vol. 10 Ch. 92

တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ရှည်ကြာသော တိတ်ဆိတ်မှုပင်။

ခဏကြာမှ ချူလျန်က အားနည်းသော အသံဖြင့် ပြောလိုက်သည်။ "သူ့မှာ ခေါင်းရှိတုန်းကတော့... တင့်ဆန်းမြို့စားလို့ ခေါ်ပါတယ်…"

"’တောင်လောက်ကြီးတဲ့တင်ပါး’တဲ့လား နာမည်က စောက်ဆန်းကြီးပဲ..." တိနွီဖုန့်က ရေရွတ်လိုက်သည်။

"ဖြစ်နိုင်တာက... အဲဒါ သူ့ရဲ့ ဘွဲ့နာမည် ဖြစ်လောက်ပါတယ်" ချူလျန် သက်ပြင်းချလိုက်မိသည်။

သူသည် မြစ်ကမ်းဘေးတွင် မြို့စားလေးက လူသတ်ချင်နေသည်ကို သိလိုက်ရကတည်းက၊ ချက်ချင်းပင် လမ်းပြကျောက်စိမ်းပြားကို ချိုးဖျက်ပြီး ဆရာသခင်ကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မြို့စားလေးသည် အရူးမဟုတ်သဖြင့်၊ သူ့ကို သတ်ရန် ထောင်ချောက်ဆင်ထားသည် ဆိုမှတော့၊ စေလွှတ်လိုက်သော အင်အားမှာ သူ့ကို သတ်နိုင်ရန် လုံလောက်မည်မှာ သေချာသောကြောင့် ဖြစ်၏။

ရန်သူ၏ အစီအစဉ်ကို သေချာမသိရှိရသေးမီ၊ ချူလျန်သည် အမြန်ဆုံး အကူအညီ တောင်းခံလိုက်ခြင်း ဖြစ်သည်။

သို့သော် ဤကျောက်စိမ်းပြားမှာ အပ်ချလောင်းဆိုပြီး ချက်ချင်း ရောက်ရှိလာစေသော ပစ္စည်းမဟုတ်ပေ။

တိနွီဖုန့်တစ်ယောက် သတင်းရပြီး ချက်ချင်း လာရောက်လျှင်ပင်၊ လမ်းခရီးအတွက် အချိန်တစ်ခု လိုအပ်ပေသည်။ သူသည် မူလက အချိန်ဆွဲရန် ရည်ရွယ်ထားသော်လည်း၊ မြို့စားလေးက အခွင့်အရေး မပေးဘဲ ဆရာလုကို တိုက်ခိုက်ခိုင်းခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ကြက်သွေးရောင်ကွပ်မျက်သူဓား၏ စွမ်းအား ပြင်းထန်မှုကြောင့် ဆရာလုခမျာ တိနွီဖုန့်၏ လက်သီးနှင့် လွဲချော်သွားခဲ့ရသည်။ ဤရှုထောင့်မှ ကြည့်လျှင် သူသည် ချူလျန်ကို ကျေးဇူးတင်စကား ပြောသင့်ပေသည်။

ထို့နောက် အဖြစ်အပျက်များမှာ အလွန် လျင်မြန်စွာ ပြောင်းလဲသွားသည်။

မြို့စားလေး ထွက်ပြေးခြင်း...

ချူလျန် လိုက်ဖမ်းခြင်း...

တင့်ဆန်းမြို့စား၏ ဝိုင်းရံခံခြင်း...

ပြောရလျှင်သာ ရှည်လျားသော်လည်း၊ အမှန်တကယ်တွင် ခဏတာမျှသာ ကြာမြင့်ခဲ့သည်။ ထို့ကြောင့် တိနွီဖုန့် ရောက်ရှိလာချိန်တွင်မူ၊ တင့်ဆန်းမြို့စားက သတ်ဖြတ်ရန် ပြင်ဆင်နေချိန်နှင့် ကွက်တိ ဖြစ်သွားခြင်း ဖြစ်၏။

ချူလျန် ဓားကို ပြတ်ပြတ်သားသား ချလိုက်ခြင်းမှာလည်း၊ ဆရာသခင် ရောက်ရှိလာသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်၏။ သို့မဟုတ်ပါက သူသည် နည်းလမ်းမျိုးစုံဖြင့် အချိန်ဆွဲနေဦးမည် ဖြစ်သည်။

ဤအချက်တွင် လင်းပေ့၏ ထွက်ပေါ်လာခြင်းကလည်း အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သို့မဟုတ်ပါက ဆရာသခင် ရောက်လာသည်အထိ တောင့်ခံနိုင်မည် မဟုတ်ပေ။

ချူလျန်နှင့် တင့်ဆန်းမြို့စားတို့ စကားပြောနေသော စက္ကန့်တိုင်းသည်၊ အမှန်တကယ်တွင် သူ၏ သက်တမ်းကို လျော့နည်းစေခြင်း ဖြစ်သော်လည်း၊ ထိုအချိန်က တင့်ဆန်းမြို့စားမှာ လုံးဝ သတိမထားမိခဲ့ပေ။

မတ်တပ်ရပ်လျက်သား ကျန်ရစ်နေသော ကိုယ်ခန္ဓာကြီးကို ကြည့်ရင်း၊ ချူလျန် ဝမ်းနည်းပက်လက်ပင် ဖြစ်မိသွားရသည်။

‘ကျုပ်က ဆရာသခင် ရောက်လာမှာကို စောင့်နေတာလေ... ခင်ဗျားကရော ဘာကို စောင့်နေတာတုန်း…’

သို့သော် သူသည် တော်ဝင်မျိုးနွယ်ဝင် တစ်ဦးဖြစ်ပြီး၊ မျိုးရိုးအရ မြို့စားဘွဲ့ ရရှိထားသူ၊ ဆဌမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

တိနွီဖုန့်က ဘာဆိုဘာမှ မေးမြန်းမနေဘဲ လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ခြင်းမှာ၊ ထိုနေရာရှိ လူအားလုံး၏ မျှော်လင့်ချက်ထက် ကျော်လွန်နေခဲ့လေသည်။

"အော်... မြို့စားကိုး..." တိနွီဖုန့်က လက်ကာပြလိုက်ပြီး၊ ဂရုမစိုက်သော ပုံစံဖြင့် ပြောလိုက်သည်။

တစ်ဖက်လူရဲ့ အဆင့်အတန်းကို သိသွားတာတောင် စိုးရိမ်မှု လုံးဝ မရှိဘူးလား…။

လေသံက ဘာလို့ ဒီလောက် ပေါ့ပါးနေရတာလဲ….။

မြို့စားဆိုတဲ့ စကားလုံးက ခင်ဗျားပါးစပ်ထဲက ထွက်လာတော့ ယင်ကောင်တစ်ကောင်လိုပဲ ဖြစ်နေပါရောလား…။

လူအများ၏ စိတ်ထဲတွင် ဝေဖန်သံများ ထွက်ပေါ်လာကြသည်။

သူမသည် လူပေါင်းသောင်းချီ၏ အလယ်တွင် ရောက်ရှိနေသည်ကို သတိမထားမိသကဲ့သို့၊ ဘေးပတ်ဝန်းကျင်၏ အကြည့်များကို ဂရုမစိုက်ဘဲ ချူလျန်ထံသို့ လျှောက်လှမ်းလာသည်။

ဘေးနားရှိ မြို့စားစံအိမ် အစောင့်များသည်လည်း လမ်းဖယ်ပေးလိုက်ကြပြီး၊ မတိုက်ခိုက်ရဲကြပေ။ ထို့အစား လှုပ်ပင် မလှုပ်ရဲကြဘဲ၊ နေရာတွင်သာ ကြောင်အပြီး ရပ်နေကြသည်။

တစ်ဘက်ခြမ်းတွင် တင့်ဆန်းမြို့စား၏ ဖိနှိပ်မှုကြောင့် သေလုမြောပါး ဖြစ်နေသော လင်းပေ့မှာမူ၊ ယခုအခါ ပြန်လည် လန်းဆန်းလာပြီး စင်ပေါ်သို့ ခုန်တက်ကာ၊ ခေါင်းမရှိသော ကိုယ်ခန္ဓာကြီးကို ကြည့်ပြီး ခေါင်းခါလိုက်သည်။

"တွေ့ပြီလား... ဒါ ကျုပ်ကို မျက်နှာသာ မပေးတဲ့ အကျိုးဆက်ပဲ…"

ထို့နောက် ချက်ချင်း ခေါင်းလှည့်လိုက်ပြီး တိနွီဖုန့်၏ နောက်သို့ လိုက်ကာ၊ မျက်နှာချိုသွေးသော အပြုံးဖြင့် ပြောလိုက်သည်။

"ဂိုဏ်းတူဒေါ်လေး တိနွီဖုန့်... ခင်ဗျားက တကယ့်ကို စွမ်းအားကြီးတာပဲဗျာ... ကျွန်တော်ရဲ့ လေးစားမှုတွေက မြစ်ရေလိုပဲ တရဟော စီးဆင်းနေပါတယ်"

တိနွီဖုန့်သည် ချူလျန်၏ ဒဏ်ရာကို ကြည့်ရှုနေစဉ်၊ လင်းပေ့ ကပ်လာသည်ကို မြင်သောအခါ မေးလိုက်သည်။ "မင်းကလည်း ရှုတောင်ကလား… ဘယ်တောင်ထွတ်ကလဲ…"

"ကျွန်တော်..." လင်းပေ့ စကားပြောရန် ပြင်လိုက်ပြီးမှ ရုတ်တရက် ရပ်တန့်သွားကာ ရယ်မောပြီး ပြောလိုက်သည်။

"ကျွန်တော် ဘယ်တောင်ထွတ်ကလဲ ဆိုတာ အရေးမကြီးပါဘူး... အရေးကြီးတာက ကျွန်တော်ဟာ ငွေဓားတောင်ထွတ်ရဲ့ အကောင်းဆုံး မိတ်ဆွေပါ... ကျွန်တော် အမြဲတမ်း ယုံကြည်ထားတာက တောင်ထွတ်သခင် (၃၆) ပါးထဲမှာ ဂိုဏ်းတူဒေါ်လေး တိနွီဖုန့်က အသန်မာဆုံးပဲလို့လေ…"

"ကောင်းပြီလေ... ဒါဆို ပြန်ရောက်ရင် ငါ့အတွက် ကြော်ငြာပေးဦး... ဟီးဟီးဟီး…" တိနွီဖုန့်က တဟီးဟီး ရယ်မောလိုက်သည်။

"ကျွန်တော့်တာဝန်သာ ထားလိုက်ပါ..." လင်းပေ့က ရင်ဘတ်ကို ကော့လိုက်ပြီး စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ သူက မြို့စားတစ်ပါးလေ... ဂိုဏ်းတူဒေါ်လေးက ဘာမှ မမေးဘဲ ဒီအတိုင်း သတ်လိုက်တာ... တကယ်ကော အဆင်ပြေပါ့မလား"

"ငါ ရောက်လာတာနဲ့ သူက ငါ့တပည့်ကို သတ်မလို့ လုပ်နေတာ တွေ့လိုက်ရတာလေ... ဘာမေးစရာ လိုသေးလို့လဲ" တိနွီဖုန့်က ယုံကြည်မှုရှိစွာ ပြောလိုက်တော့သည်။

...

ချူလျန်သည် ဆရာသခင်၏ စကားကို ကြားလိုက်ရသောအခါ၊ စိတ်ထဲတွင် ကြည်နူးသွားမိသည်။

ဤကဲ့သို့ မိမိလူကို ကာကွယ်ပေးခြင်းမျိုးမှာ၊ ကာကွယ်ခံရသူ အနေဖြင့် မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။

ခဏမျှ စဉ်းစားပြီးနောက် သူ ပြောလိုက်သည်။

"စိတ်မပူပါနဲ့... ဒီ တင့်ဆန်းမြို့စားက လူကုန်ကူးတယ်၊ လူ့အသက်ကို တန်ဖိုးမထားဘူး၊ မကောင်းတာ မှန်သမျှ လုပ်တယ်... ဆရာသခင် သူ့ကို သတ်လိုက်တာက ကုသိုလ်တောင် ရပါသေးတယ်... နန်းတော်အထိ ရောက်သွားရင်တောင်၊ ကျုပ်တို့ဘက်က အမှန်တရား ရှိနေပါတယ်"

"ငါ ပြောသားပဲ..." ဆရာသခင်က မာန်ဝင့်စွာ ပြုံးလိုက်သည်။

"ငါ တိနွီဖုန့်က တစ်သက်လုံး ဖြောင့်မတ်မှန်ကန်ခဲ့တာ... ဘယ်တုန်းကမှ တွေ့ကရာလူ လျှောက်မသတ်ဘူး"

လင်းပေ့က နှုတ်ခမ်းမဲ့လိုက်ပြီး၊ ဘာမှ ဝင်မပြောရဲတော့ပေ။

"ကျွန်တော် ထင်တာကတော့... အခု တခြားပြဿနာတစ်ခုကို စိတ်ပူရမယ် ထင်တယ်" ချူလျန်က အားနည်းသော အသံဖြင့် ထပ်ပြောလိုက်သည်။

"ဘာကိုလဲ…" နှစ်ယောက်စလုံး သူ့ကို ကြည့်လိုက်ကြသည်။

ချူလျန် ပြောလိုက်သည်ကို ကြားလိုက်ရတော့သည်။

"ကျွန်တော်ရဲ့ ဒဏ်ရာက လုံးဝကို ပြန်မကျက်နိုင်ဘူး... ဒီအတိုင်း ဆက်သွားရင်၊ ကျွန်တော် မခံနိုင်တော့ဘူး ထင်တယ်"

ကျင့်ကြံသူများအတွက် အတွင်းအား ပြည့်ဝပြီး ခန္ဓာကိုယ် သန်မာသဖြင့်၊ ပြင်ပဒဏ်ရာများမှာ ချက်ချင်း သေစေလောက်သော ဒဏ်ရာ မဟုတ်ပါက၊ လျင်မြန်စွာ ပြန်လည် သက်သာလာနိုင်စမြဲ ဖြစ်သည်။ ချီစွမ်းအင် လည်ပတ်ပြီး ကုသမည်ဆိုပါက ပိုမို၍ပင် မြန်ဆန်ပေလိမ့်မည်။

အစောပိုင်းကတည်းက ချူလျန်သည် ချီစွမ်းအင်ဖြင့် ကုသရန် ကြိုးစားခဲ့သော်လည်း၊ အခြေအနေမှာ ကောင်းမွန်ခြင်း မရှိပေ။

ဆရာလု၏ သာမန်ဟု ထင်ရသော ဓားချက်တွင် ဝိညာဉ်ကို စားသုံးပြီး အရိုးကို တိုက်စားသော စွမ်းအားတစ်မျိုး ပါဝင်နေသဖြင့်၊ သူ၏ ဒဏ်ရာမှာ ပြန်လည် မကျက်နိုင်ဘဲ သွေးများမှာလည်း တောက်လျှောက် စီးကျနေခြင်း ဖြစ်သည်။

ဤအတိုင်းသာ ဆက်သွားပါက ကျင့်ကြံသူ ဖြစ်လျှင်ပင် အသက်ဆက်ရန် ခက်ခဲပေလိမ့်မည်။

"ဆရာက ကုသရေးမန္တန်တွေကို နားမလည်ဘူးဟ..." တိနွီဖုန့်က စဉ်းစားလိုက်သည်။

"ဒါပေမဲ့ မင်း ဘာမှစိတ်မပူနဲ့... တကယ်လို့ မင်း မရတော့ဘူး ဆိုရင်… မီးသင်္ဂြိုဟ်တဲ့နေရာမှာတော့ ဆရာက ကျွမ်းကျင်ပါတယ်…"

ကျင့်ကြံသူများမှာ ဤကဲ့သို့ပင် ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့် မည်မျှ မြင့်မားစေကာမူ၊ သက်ဆိုင်ရာ နတ်ဘုရားစွမ်းရည် မရှိပါက အချို့သော အခြေအနေများတွင် ဘာမှ မတတ်နိုင်ပေ။

"..." ချူလျန်သည် မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့်သာ ဆရာသခင်ကို ကြည့်လိုက်မိသည်။

တိနွီဖုန့်က သူ၏ သနားစဖွယ် ပုံစံကို ကြည့်ပြီး ပြောလိုက်သည်။ "ငါ မင်းကို ရှုတောင်ပြန်ခေါ်ပြီး ကုပေးတာပဲ ပိုကောင်းမယ်"

"ဂိုဏ်းတူဒေါ်လေး... ခင်ဗျားရဲ့ ပျံသန်းနှုန်းနဲ့ဆိုရင်... ရှုတောင်ရောက်ရင် သူ အသက်ထွက်ပြီးလောက်ပြီ..." လင်းပေ့က ဘေးမှနေ၍ မရဲတရဲ အကြံပြုလိုက်သည်။

တိနွီဖုန့်၏ လူခေါ်ပြီး ပျံသန်းသည့် ငရဲခန်းအတွေ့အကြုံကို သူ ခံစားဖူးခဲ့သည် မဟုတ်ပါလော။

"ကျွန်တော် အကြံပြုချင်တာကတော့... အနီးအနားမှာ ကုသရေး ကျွမ်းကျင်တဲ့ ကျင့်ကြံသူကို ရှာတာ ပိုကောင်းမယ်"

သူတို့ ပြောဆိုနေကြစဉ်၊ နောက်ဘက်မှ နူးညံ့သော အသံတစ်ခု ထွက်ပေါ်လာသည်။

"အဲ… အဲဒါ... ကျွန်မ သူရဲကောင်းလေးချူကို ကုသပေးကြည့်လို့ ရမလား…"

လှည့်ကြည့်လိုက်ရာ၊ စောင်းအိတ်ကို ပိုက်ထားသော လှပသည့် အမျိုးသမီးတစ်ဦး စင်မြင့်ပေါ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမမှာ ရွှဲ့လင်းရွှယ်ပင် ဖြစ်ချေသည်။

တိနွီဖုန့်က သူမကို ကြည့်ပြီး မျက်လုံးများ အရောင်တောက်သွားသည်။

"ကောင်မလေးက တော်တော် လှတာပဲ... နာမည် ဘယ်လိုခေါ်လဲ… အိမ်က ဘယ်မှာလဲ…"

"ဂိုဏ်းတူဒေါ်လေး... ဒါတွေ အကုန်လုံး ကျုပ် သိတယ်... ကျုပ် ပြောပြပါ့မယ်..." လင်းပေ့က သူမကို အမြန် ဆွဲထားလိုက်ရသည်။ "မိန်းကလေးရွှဲ့ကို အရင် ချူလျန်ကို ကုသခိုင်းလိုက်ပါ"

ကောင်းပါလေစွ... ဤအဒေါ်ကြီးသည် အမျိုးသမီးများအပေါ် နှာဘူးထနေခြင်းပင်…။

ရွှဲ့လင်းရွှယ်ခမျာ ယနေ့ အတော်လေး ကံဆိုးသည်ဟု ဆိုရပေမည်။

သူမဘဝ၏ ပထမဆုံး နယ်လှည့်ဖျော်ဖြေပွဲ ဖြစ်ပြီး၊ ပထမဆုံးသောနေရာအဖြစ် ဤနေရာကို ရွေးချယ်ထားသဖြင့် စိတ်ထဲတွင် အကောင်းဆုံး လုပ်ဆောင်မည်ဟု ရည်ရွယ်ထားခဲ့သည်။

သို့သော် စင်ပေါ် သို့ မတက်ရသေးခင်မှာပင်၊ ဤကဲ့သို့သော ပြဿနာများ ဖြစ်ပွားလာခဲ့သည်။

ရှုတောင်ဂိုဏ်းတပည့်က မြို့စားလေးကို အရှက်ခွဲခြင်း...

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးက တင့်ဆန်းမြို့စားကို သတ်ဖြတ်ခြင်း...

ဤကဲ့သို့သော အံ့ဖွယ်ပြဇာတ်ကြီး ပြီးဆုံးသွားသောအခါ၊ ပရိသတ်များမှာ ယနေ့ ဘာလာလုပ်ကြသည်ကိုပင် မေ့သွားလောက်ပြီး၊ သူမ၏ နေရာကို လုယူသွားသကဲ့သို့ ဖြစ်နေချေသည်။

ချူလျန်၏ အခြေအနေကို မြင်သောအခါ၊ သူမသည် စင်ပေါ်တက်ရန် အခွင့်အရေးတစ်ခု ရှာတွေ့လိုက်ခြင်း ဖြစ်သည်။

တောင်ပိုင်းဂီတမျှော်စင် တပည့်များမှာ ကျွမ်းကျင်သော သမားတော်များ မဟုတ်ကြသော်လည်း၊ အများစုမှာ ကုသရေး နတ်ဘုရားစွမ်းရည် တစ်ခုမဟုတ် တစ်ခုတော့ တတ်မြောက်ထားကြသည်။

ရွှဲ့လင်းရွှယ်သည် စောင်းခုံကို ခင်းကျင်းလိုက်ပြီး၊ ဖြည်းညင်းစွာ တီးခတ်လိုက်လေသည်။

ဒေါင်... ဒင်….

စောင်းသံက သာယာငြိမ့်ညောင်းစွာ ထွက်ပေါ်လာသည်။

"ဒီသီချင်းနာမည်က 'နွေဦးပြန်လည်ရောက်ရှိခြင်း မေတ္တာတေးသွား' လို့ ခေါ်ပါတယ်..." နောက်ဘက်မှ ဂီတပညာရှင်က ရှုတောင်ဂိုဏ်းသား နှစ်ယောက်ကို ရှင်းပြလိုက်သည်။

"ဒါဟာ ကျွန်တော်တို့ တောင်ပိုင်းဂီတမျှော်စင်ရဲ့ ကုသရေး တေးသွားဖြစ်ပြီးတော့… စီနီယာအစ်မရွှဲ့ရဲ့ ကျွမ်းကျင်တဲ့ တေးသွားလည်း ဖြစ်ပါတယ်... လူကြီးမင်းတို့ စိတ်ချနိုင်ပါတယ်"

"စိတ်ချပါတယ်... ငါ အရမ်း စိတ်ချတာပေါ့..." တိနွီဖုန့်က ရွှဲ့လင်းရွှယ်ကို ကြည့်ပြီး နှုတ်ခမ်းသပ်ကာ ချီးကျူးလိုက်သည်။

"ဘယ်လိုပြောရမလဲ... ဒီလို အနုပညာလုပ်တဲ့ ကောင်မလေးတွေက ကြည့်ရတာ ကျက်သရေ ရှိချက်ပဲ…"

"မှန်ပါ့ဗျာ..." လင်းပေ့ကလည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။

"မိန်းကလေးရွှဲ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်…. ရုပ်ရည်… အတွင်းစိတ်နဲ့ ကျက်သရေ... ဘယ်နေရာမှ အပြစ်ပြောစရာ မရှိဘူး…"

"...တကယ် သွားရည်ကျစရာပဲ..."

"...ဆယ်နှစ်လောက် အသက်တိုသွားရင်တောင် တန်တယ်..."

ထိုဂီတပညာရှင်မှာ သူတို့နှစ်ဦး၏ စကားများကို ကြားနေရပြီး၊ ကြောင်တောင်တောင် ဖြစ်နေရကာ နဖူးပေါ်တွင် မေးခွန်းသင်္ကေတများ ပေါ်ထွက်လာတော့သည်။

ကောင်းပါလေစွ...။

ခင်ဗျားတို့ ရှုတောင်ဂိုဏ်းမှာ လူကောင်းကော ရှိသေးရဲ့လား….။

(စကားချပ် -定山 က အမှန်က တင့်ရှန်း လို့ အသံထွက်ပါတယ် ကျွန်တော်က တင့်ဆန်းလို့ မြန်မာဆန်ထားမိပါတယ်။ အသံထွက် တင့် ဆိုတာရဲ့ အခြားအဓိပ္ပါယ်တစ်မျိုးက တင်ပါးလို့ အဓိပ္ပါယ်ရပါတယ်။ နောက်က ရှန်း က တောင်လို့ အဓိပ္ပါယ်ထွက်ပါတယ်။ ဆိုတော့ တောင်လောက်ကြီးတဲ့ တင်ပါးဆိုတဲ့ သဘောပေါ့။)

All Chapters