← Chapters

ရတနာစစ်ဆေးခြင်း

Vol. 10 Ch. 96

ရတနာစစ်ဆေးခြင်း

Vol. 10 Ch. 96

ယွီမြို့တော်၊ ဖန်ယန်မြို့...။

ဒဏ္ဍာရီများအရ ယွီမင်းဆက်ကို တည်ထောင်ခဲ့သော မင်းကြီးသည်၊ မူလက ဧကရာဇ်အဖြစ် ခံယူရန် ဆန္ဒမရှိခဲ့ပေ။

သို့သော် တစ်ညတွင် အိပ်မက်ထဲ၌ နတ်ဘုရားတစ်ပါး ရောက်လာပြီး တောင်ကုန်းတစ်ခုတွင် ဖန်ယန်ရှေးဟောင်းကျောက်စိမ်းတစ်ခု မြှုပ်နှံထားကြောင်း၊ ယင်းကို ရရှိသူသည် ကမ္ဘာလောကကို ပိုင်ဆိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မင်းကြီးသည် နောက်တစ်နေ့တွင် ထိုတောင်ကုန်းသို့ သွားရောက်တူးဖော်ရာ၊ အမှန်တကယ်ပင် ဆန်းကြယ်သော ရှေးဟောင်းကျောက်စိမ်းတစ်ခုကို တူးဖော်ရရှိခဲ့သည်။ ထိုအခါမှ ကံတရားကို ယုံကြည်ပြီး စိတ်ပိုင်းဖြတ်ကာ၊ ဧကရာဇ်အဖြစ်ခံယူရန် စစ်တိုက်ခဲ့ခြင်း ဖြစ်လေသည်။

နောက်ပိုင်းတွင် ယွီမင်းဆက် တည်ထောင်ပြီးနောက် ဤတောင်ကို ဧကရာဇ်တောင်ကုန်းဟု အမည်ပေးခဲ့သည်။ မြို့တော်ကိုလည်း ဤနေရာတွင် တည်ထောင်ခဲ့ပြီး၊ ဖန်ယန်မြို့ဟု အမည်ပေးခဲ့ကာ၊ ယွီမြို့တော် သို့မဟုတ် ကျောက်စိမ်းမြို့တော် ဟူ၍လည်း ခေါ်ဆိုကြသည်။

ယနေ့အချိန်တွင် ဖန်ယန်မြို့သည် ကမ္ဘာလောကတွင် အကြီးဆုံးသော မြို့ကြီး ဖြစ်လာခဲ့ပြီး၊ ပြည်သူအများအပြား နေထိုင်ကြကာ စည်ကားသိုက်မြိုက်မှုမှာ ပြောမပြနိုင်လောက်အောင်ပင် ဖြစ်လေသည်။

မြို့ပြဧရိယာ အဆက်မပြတ် တိုးချဲ့လာသည်နှင့်အမျှ၊ သေးငယ်သော ဧကရာဇ်တောင်ကုန်းမှာ မြို့ထဲသို့ ရောက်ရှိသွားခဲ့ပြီး ယခုအခါ နန်းတော်ဘေးရှိ ဘိုးဘွားပိုင်နတ်ကွန်းတည်ရှိရာ နေရာ ဖြစ်နေချေပြီ။

နန်းတော်အတွင်းတွင်၊ ညီလာခံခန်းမ တည်ရှိသည်။

အစိုးရ အရာရှိကြီးများ၏ ရုံးခန်းများကို ဤနေရာတွင် တည်ဆောက်ထားပြီး၊ ချီကြည့်ရှုတတ်သူများသာ လှမ်း‌မျှော်ကြည့်ရှုပါက၊ ဤနေရာတွင် ခရမ်းရောင်ချီများ ကောင်းကင်သို့ ထိုးတက်နေသည်ကို မြင်တွေ့နိုင်ပေသည်။

အတွင်းဘက်တွင်မူ နန်းတွင်း ဖြစ်လေသည်။

အထပ်ထပ်ဆင့်နေသော မြင့်မားသည့် နံရံများ၊ နက်ရှိုင်းသော ကျုံးများဖြင့်၊ ကမ္ဘာလောကတွင် အားအကောင်းဆုံးသော နဂါးချီကို ထိန်းချုပ်ထားသည်။

ဖုန်းရွှေဆရာသခင်များ ပြောကြားသည်မှာ၊ ပြည်နယ်ကိုးခု မြေပြင်သည် နဂါးကြောတစ်ခု ဖြစ်ပါက ဧကရာဇ်တောင်ကုန်းမှာ သံသယဖြစ်ဖွယ်မရှိ နဂါးခေါင်း တည်ရှိရာနေရာပင် ဖြစ်သည်။ ဤနန်းတွင်းမှာ နဂါးပါးစပ်ထဲတွင် ကိုက်ထားသော နဂါးပုလဲပင် ဖြစ်ချေသည်။

ညဉ့်နက်သန်းခေါင်အချိန်၊ နန်းတွင်းနံရံများအတွင်းတွင် မီးရောင်များ လင်းလက်နေသည်။

အရပ်ရှည်ရှည် အဘိုးအိုတစ်ဦးသည် စားပွဲတွင် ထိုင်ပြီး စာရေးနေကာ အတော်ကြာမှ ရပ်တန့်လိုက်သည်။ စုတ်တံကို ကျောက်စိမ်းစင်ပေါ်တွင် တင်လိုက်ပြီး၊ ခေါင်းမော့ကာ သက်ပြင်းချလိုက်သည်။

"ရှိသေးလား..." သူ မေးလိုက်သည်။

"တောင်ပိုင်းဒေသကနေ အမြန်ပို့လာတဲ့ လျှို့ဝှက်သတင်းလွှာ တစ်စောင် ရှိပါသေးတယ်..." အသံစူးစူးနှင့် နန်းတွင်းအမတ်တစ်ဦးက ခေါင်းငုံ့ပြီး တင်ပြလိုက်သည်။

"ဒီလောက် အရေးကြီးတာလား... ဖတ်ပြစမ်း..." အရပ်ရှည်ရှည် အဘိုးအိုက ပြောလိုက်သည်။

"ဒီနေ့ ညနေစောင်းမှာ၊ တောင်ပိုင်းဂီတမျှော်စင်က တပည့်တစ်ဦး တောင်တံခါးမြို့အပြင်ဘက်မှာ နယ်လှည့်ဖျော်ဖြေပွဲ ကျင်းပခဲ့ပါတယ်... ဖျော်ဖြေပွဲ မစတင်မီမှာ ရှုတောင်ဂိုဏ်းသားအချို့က ပွဲခင်းထဲ ဝင်ရောက်လာပြီး၊ နေရာမှာတင်... နေရာမှာတင် တင့်ဆန်းမြို့စားကို သတ်ဖြတ်လိုက်ပါတယ်... မြို့စားလေးကိုလည်း ကြိုးတုပ်ပြီး အရှင်ဖမ်းဆီးသွားပါတယ်..."

အဘိုးအို မျက်မှောင်ကြုတ်သွားပြီး၊ အသက်ရှူသံ ပြင်းလာတော့သည်။

နန်းတွင်းအမတ်မှာ ချက်ချင်း ကြောက်လန့်တကြား ဖြစ်သွားပြီး ဆက်လက်တင်ပြလိုက်သည်။ "အကြောင်းရင်းကတော့... အကြောင်းရင်းကတော့ တင့်ဆန်းမြို့စားစံအိမ်နဲ့ အရှေ့ပိုင်း ဝေလငါးဂိုဏ်းတို့ ပူးပေါင်းပြီး အမျိုးသမီးတွေကို ရောင်းစားနေတာကို အဲဒီ ရှုတောင်ဂိုဏ်းတပည့်က တွေ့ရှိသွားလို့ ပဋိပက္ခ ဖြစ်ပွားခဲ့တာပါ...

နောက်ဆက်တွဲ ကိစ္စတွေကို စုံစမ်းထောက်လှမ်းရေးတွေက စုံစမ်းနေဆဲပါ… တောင်တံခါးမြို့က အစီရင်ခံစာက မနက်ဖြန်လောက်ဆို ရောက်လာပါလိမ့်မယ်..."

"ဒီ မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်း၊ မြေကမ္ဘာဂိုဏ်း (၁၀)ဂိုဏ်းက ကျင့်ကြံသူတွေကတော့..." အဘိုးအိုက မျက်လုံးမှိတ်ပြီး စိတ်ငြိမ်အောင်ထားလိုက်ကာ အသံနက်ကြီးဖြင့် ပြောလိုက်သည်။

"နန်းတွင်းအာဏာကို လုံးဝ ဂရုမစိုက်ကြတော့ပါလား... ကြီးလေးတဲ့ ပြစ်မှုကျူးလွန်ထားတယ် ဆိုရင်တောင်… အဲဒါက တော်ဝင်မျိုးနွယ်လေ... ညီလာခံမှာ မစစ်ဆေးဘဲ… တိုက်ရိုက် သတ်ဖြတ်ပစ်လိုက်တယ်တဲ့လား..."

နန်းတွင်းအမတ်မှာ အသက်ရှူကျပ်သကဲ့သို့ ခံစားလိုက်ရပြီး၊ ချက်ချင်း ဒူးထောက်လိုက်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ "အရှင်မင်းကြီး စိတ်လျှော့တော်မူပါ..."

"သူတို့ကို သေချာ သတိပေးမှ ဖြစ်တော့မယ်… မဟုတ်လို့ ကြာလာရင် အင်မော်တယ်ဂိုဏ်းတွေက စည်းမဲ့ကမ်းမဲ့ ဖြစ်လာပြီး ခက်ခက်ခဲခဲ တည်ဆောက်ထားရတဲ့ လောကစည်းကမ်းတွေ ပျက်စီးကုန်လိမ့်မယ်..."

အဘိုးအိုက ဆက်လက် ရေရွတ်လိုက်ပြီး ခဏရပ်ကာ မေးလိုက်ပြန်သည်။ "တင့်ဆန်းမြို့စားကလည်း ဆဌမအဆင့် ရောက်နေတာပဲမလား… တိုက်ခိုက်တဲ့သူက ရှုတောင်ဂိုဏ်းမှာ ရာထူးမနိမ့်လောက်ဘူး… ဘယ်သူလဲ..."

"ရှုတောင်က တောင်ထွတ်သခင်၊ တိနွီဖုန့် ပါ..." နန်းတွင်းအမတ်က ဖြေလိုက်သည်။

"ဟင်..."

ထိုအမည်နာမကို ကြားလိုက်ရသောအခါ၊ အဘိုးအို၏ မျက်လုံးများ ရုတ်တရက်ပွင့်လာပြီး စူးရှတောက်ပနေလေတော့သည်။

နန်းတွင်းအမတ်မှာမူ ထိတ်လန့်သွားရပြီး တစ်ကိုယ်လုံး တုန်ရီသွားသည်။

"သူမလား..." အဘိုးအို ရေရွတ်လိုက်သည်။

"ဒါလည်း ဟုတ်တာပဲ၊ သူမကလွဲရင်... တခြားဘယ်သူကမှ ဒီလောက် မိုက်မိုက်ကန်းကန်း လုပ်မှာမဟုတ်ဘူး..."

ခဏကြာအောင် တိတ်ဆိတ်နေပြီးမှ၊ သူ ဆက်ပြောလိုက်သည်။

"အမိန့်ပြန်လိုက်… တင့်ဆန်းမြို့စားစံအိမ်က ကြီးလေးတဲ့ ပြစ်မှုကျူးလွန်ထားလို့… နောက်ရက်ကျရင် တစ်မိသားစုလုံး ကွပ်မျက်လိုက်...

အရှေ့ပိုင်း ဝေလငါးဂိုဏ်း... ကျန်းရှန်းထင်ကို ဘာဖြစ်တာလဲဆိုတာ ရှင်းရှင်းလင်းလင်း စစ်ဆေးခိုင်းလိုက်၊ ပါဝင်ပတ်သက်သူ မှန်သမျှ ခေါင်းဖြတ်ပြီး လူအများရှေ့ ပြသခိုင်းလိုက်...

ပါဝင်ပတ်သက်တဲ့ ကြံရာပါတွေ အကုန်လုံး… ဆက်စပ်သူ မှန်သမျှ၊ အကုန်လုံးကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်... သေချာ စုံစမ်းစစ်ဆေးပြီး၊ တစ်ယောက်မှ လွတ်မသွားစေနဲ့..."

နန်းတော်အပေါ်တွင် နဂါးချီများ လှိမ့်ဝင်လာကာ ညတိမ်တိုက်များ ပြန့်ကျဲသွားပြီး၊ တစ်ခြမ်းပဲ့လလေးတစ်စင်း ပေါ်ထွက်လာလေသည်။

...

"အိုက်ယား... ထိခိုက်သွားတာက တော်တော်ဆိုးတာပဲ..."

လက်နက်ခန်းမဆောင်ထဲတွင် ဝမ်ယွဲ့လုံသည် အသက်ရင်းမြစ် မူလသစ်ရွက်စိမ်း မှော်ဝင်ပစ္စည်းပေါ်ရှိ အပေါက်ကို ပွတ်သပ်ရင်း၊ နှမြောတသဖြစ်နေသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။

ဤမှော်ဝင်ပစ္စည်းသည် သူနှင့် မဆိုင်တော့သော်လည်း၊ သူ၏ သွေးချွေးဖြင့် ပြုလုပ်ထားသော လက်ရာတစ်ခု ဖြစ်သလို၊ အလုပ်လက်ခံပြီး ပြုလုပ်အောင်မြင်ခဲ့သော ပထမဆုံးလက်ရာလည်း ဖြစ်သဖြင့်၊ မည်သို့ ဂရုမစိုက်ဘဲ နေနိုင်မည်နည်း။

"အပေါက်သေးသေးလေး တစ်ပေါက်ပဲဟာ..." ချူလျန်က ပြောလိုက်သည်။

အသက်ရင်းမြစ် မူလသစ်ရွက်စိမ်း ဖြန့်ကျက်လိုက်ပါက လူအများအပြား တင်ဆောင်နိုင်ပြီး၊ အပေါ်တွင် လက်မအနည်းငယ်ခန့်ရှိသော ဓားရာတစ်ခုသာ ရှိသဖြင့်၊ ဝမ်ယွဲ့လုံ၏ပုံစံမှာ အနည်းငယ် ပိုလွန်းသည်ဟု သူ ထင်မြင်မိသည်။

"အစ်ကို မသိလို့ပါ..." ဝမ်ယွဲ့လုံက ခေါင်းယမ်းလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ "အပေါက်သေးသေးလေး တစ်ပေါက်ပဲ ဆိုပေမဲ့… ဒီအပေါက်ရဲ့ ပျက်စီးမှုအတိုင်းအတာက အရမ်း ပြင်းထန်တယ်… မူလအတိုင်း ပြန်ဖြစ်အောင် ပြုပြင်ဖို့ မဖြစ်နိုင်သလောက်ပဲ... ပစ္စည်းကောင်းတွေ မရှိရင်၊ မဖြစ်စလောက်ပဲ ဖာထေးလို့ ရမှာ… အဲဒါဆို နောက်ပိုင်းကျရင် အားနည်းချက်တစ်ခု ဖြစ်ကျန်ခဲ့မှာ..."

"အဲလိုလား..." ချူလျန်တစ်ယောက် နားလည်သွားရသည်။

"သူက ဆဌမအဆင့် ကျင့်ကြံသူလက်ထဲကနေ ငါ့အသက်ကို ကယ်ပေးခဲ့တာ… အင်း လွယ်တော့ ဘယ်လွယ်ပါ့မလဲ... မင်း တတ်နိုင်သလောက် ပြုပြင်ပေးပါ၊ ဘယ်လိုပုံစံဖြစ်ဖြစ် ရပါတယ်..."

"ပိုက်ဆံတော့ ပေးရမယ်နော်..." ဝမ်ယွဲ့လုံက ခေါင်းမော့ကြည့်လိုက်ပြီး၊ သတိထားသောလေသံဖြင့် ပြောလိုက်သည်။

သူသည် ချူလျန်၏ ပြီးခဲ့သောတစ်ခေါက်က ဈေးဆစ်ခဲ့သည့်ပုံစံကို မှတ်မိနေသေးသဖြင့် ကြိုတင် ပြောထားရခြင်း ဖြစ်သည်။

"စိတ်ချပါ..." ချူလျန် ပြုံးလိုက်သည်။

ဤရက်ပိုင်းအတွင်း သူ စုဆောင်းမိထားသည်များမှာ မနည်းတော့သဖြင့် ငွေကြေး သိပ်မရှားတော့ပေ။

ထို့အပြင် ယခုတစ်ခေါက် ဆရာလုထံမှ ရရှိထားသည်များလည်း ရှိသေးရာ၊ အမြတ်မနည်း ရရှိနိုင်မည်ဟု ယုံကြည်ပေသည်။

"ငါ့ဆီမှာ တခြား ရထားတာလေးတွေလည်း ရှိသေးတယ်… ဒီတစ်ခေါက် မင်းဆီ လာတာက၊ မင်းကို ရတနာစစ်ဆေးပေးဖို့ အကူအညီတောင်းချင်လို့ပဲ..." ချူလျန် ပြောလိုက်သည်။

"ဟုတ်လား..." ဝမ်ယွဲ့လုံသည်လည်း စိတ်ဝင်စားသွားပုံရပြီး၊ မျက်လုံးများ အရောင်တောက်လာသည်။

ချူလျန်သည် ဓားကျိုးတစ်ပိုင်းကို ထုတ်ယူလိုက်ပြီး "ဒါ ဘာပစ္စည်းလဲဆိုတာ ကြည့်ပေးပါဦး..."

ဝမ်ယွဲ့လုံ ယူကြည့်လိုက်သည်။

စမ်းသပ်ကြည့်လိုက်၊ နမ်းကြည့်လိုက်၊ လက်ချောင်းဖြင့် ခေါက်ကြည့်လိုက် စသဖြင့်လုပ်ပြီးနောက် ခေါင်းမော့ကာ ချူလျန်ကို သတိထားပြီးကြည့်ကာ ပြောလိုက်သည်။ "ဓားဒင်္ဂါး ဆယ်ပြား..."

"..." ချူလျန်တစ်ယောက် ခါးသက်သက်သာ ပြုံးလိုက်မိတော့သည်။

မိမိသည် ဤဂျူနီယာလေးအပေါ် မည်သို့သောပုံရိပ်မျိုး ချန်ထားခဲ့မိ၍ ငွေမပေးမည်ကို ဤကဲ့သို့ အသည်းအသန် ကြောက်လန့်နေရပါသနည်း…။

သူ ချက်ချင်းပင် ဓားဒင်္ဂါး ဆယ်ပြားကို စားပွဲပေါ် တင်ပေးလိုက်သည်။

"စီနီယာအစ်ကိုက အရမ်း သဘောကောင်းတာပဲ..." ဝမ်ယွဲ့လုံက သိမ်းလိုက်ကာ အပြုံးလေးဖြင့် ပြောလိုက်သည်။

"ကျွန်တော့်ရဲ့ ရတနာစစ်ဆေးခက သေချာပေါက် တန်ပါတယ်..."

"အစ်ကို့ရဲ့ ဒီဓားကျိုးက မဟူရာဥက္ကာခဲသံမဏိနဲ့ ပြုလုပ်ထားတာပဲ…. ပေါ့ပါးပြီး မာကျောရုံတင် မကဘူး… အပေါ်မှာ ကပ်နေတဲ့ ချီစွမ်းအင်ကိုပါ ဖုံးကွယ်ထားနိုင်တယ်… လုပ်ကြံသတ်ဖြတ်တာ၊ အလစ်ဖမ်းတိုက်တာတွေအတွက် အသင့်တော်ဆုံးပဲ… ကာကွယ်ဖို့ အရမ်းခက်တယ်... ပစ္စည်းသက်သက် ရောင်းမယ်ဆိုရင်တောင် ဓားဒင်္ဂါး ခုနစ်ရာ ရှစ်ရာလောက် တန်တယ်… ပစ္စည်းကောင်းပဲ..." သူ အသေးစိတ် ရှင်းပြလိုက်သည်။

"ကြည့်ရတာ တော်တော်လေး ပြည့်စုံနေသေးတယ်… ငါ့အတွက် လက်နက်တစ်ခု တိုက်ရိုက်လုပ်ပေးလို့ အဆင်ပြေလောက်လား..." ချူလျန် မေးလိုက်သည်။

"အင်း... ဓားသွန်းလုပ်တာတော့ ကျွန်တော် မကျွမ်းကျင်ဘူး... အင်း... ဒါပေမဲ့ ဒီလိုအဆင့်ရှိတဲ့ ပစ္စည်းမျိုးသာရှိနေရင်… ကျွန်တော် ဒါကိုသုံးပြီး ပြုပြင်ပေးလို့ ရတယ်...

မဟုတ်သေးဘူး… အကြီးစား အဆင့်မြှင့်တင်ပေးလို့တောင် ရတယ်..." သူသည် အသက်ရင်းမြစ် မူလသစ်ရွက်စိမ်းကို ယူလိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော် တိုက်ခိုက်ရေး အစီအရင်တစ်ခုကို တိုက်ရိုက် ပေါင်းထည့်ပေးလို့ ရတယ်… တိုက်ခိုက်တာရော ကာကွယ်တာရော နှစ်မျိုးလုံးရပြီးတော့ အားနည်းချက်မရှိတဲ့ မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်အောင် လုပ်ပေးနိုင်တယ်..."

ဝမ်ယွဲ့လုံ၏ လက်ရာကို ပြန်လည်စဉ်းစားမိပြီးနောက် ချူလျန်ခမျာ အနည်းငယ် တုံ့ဆိုင်းနေမိသည်။

သို့သော် ဤအသက်ရင်းမြစ် မူလသစ်ရွက်စိမ်းသည်လည်း မိမိအသက်ကို ကယ်တင်ခဲ့ဖူးသည် ဖြစ်ရာ၊ ဒီအတိုင်း ပြုပြင်မရတော့ဘဲ ဖြစ်သွားမည်ကို နှမြောမိပြန်သည်။

ထို့အပြင် ဝမ်ယွဲ့လုံက အကြီးစား အဆင့်မြှင့်တင်ပေးမည်ဟု ပြောနေသဖြင့်...

အံ့သြစရာများ ရှိလာနိုင်မည်လော...။

မည်သို့ပင်ဖြစ်စေ ဤပစ္စည်းနှစ်ခုလုံးမှာ လောလောဆယ် အသုံးပြု၍ မရနိုင်သဖြင့်၊ ပျက်စီးနေသော ပစ္စည်းနှစ်ခုကို ပေါင်းစပ်ပြီး ပြီးပြည့်စုံသော ပစ္စည်းတစ်ခုဖြစ်အောင် လုပ်ကြည့်ခြင်းမှာ၊ စမ်းသပ်ကြည့်သင့်သည့် ကိစ္စတစ်ခု ဖြစ်လေသည်။

ထို့ကြောင့် သူ အံကြိတ်ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

သူ ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါ၊ ဝမ်ယွဲ့လုံက ချက်ချင်း ပြုံးပြီး ပြောလိုက်ပြန်သည်။

"ဓားဒင်္ဂါး နှစ်ရာ..."

"ဘာ..."

"သွန်းလုပ်ခ၊ ဓားဒင်္ဂါး နှစ်ရာ..." ဝမ်ယွဲ့လုံက ပြောလိုက်သည်။

"ယုံလိုက်ပါ၊ သေချာပေါက် တန်စေရမယ်..."

"နည်းနည်းလောက် လျှော့လို့ မရဘူးလား..." ချူလျန် မေးလိုက်သည်။

"တစ်ခွန်းဈေးပဲ… မရရင်လည်း နေလိုက်တော့..." ဝမ်ယွဲ့လုံက ပြတ်သားစွာ ခေါင်းခါလိုက်သည်။

"ညီလေး... မင်း ပြောင်းလဲသွားပြီ..."

ချူလျန်သည် ဝမ်ယွဲ့လုံကို နက်နက်နဲနဲ ကြည့်ပြီး ပြောလိုက်သည်။ "မင်းက လက်နက်သွန်းလုပ်တာကို နှစ်သက်တဲ့ ရိုးသားဖြူစင်တဲ့ လူငယ်လေး မဟုတ်တော့ဘူး..."

ဝမ်ယွဲ့လုံ၏ အကြည့်များမှာမူ ထူးခြားနေလေသည်။

'ကျုပ် ဘာကြောင့် ဘယ်လို ပြောင်းလဲရသွားလဲ ဆိုတာ ခင်ဗျား မသိဘူးလား' ဟု ပြောနေသကဲ့သို့ပင်...။

All Chapters