ပျားရှာပုံတော်
Vol. 10 Ch. 98
ထိန်းသိမ်းရေးခန်းမမှ ထွက်လာပြီးနောက် ချူလျန်သည် ငွေဓားတောင်ထွတ်သို့ ချက်ချင်း ပြန်မသွားသေးပေ။
ယနေ့သည် လျိုရှောင်ယွီလေး လာရောက်နေထိုင်သော ပထမဆုံးနေ့ဖြစ်ပြီး တောင်ပေါ်တွင် သူမအတွက် အိမ်ဆောက်လုပ်ပေးနေကြသည်။ ထိုကဲ့သို့သော သာမန် သစ်သားအိမ်လေးမျိုးကို ရှုတောင်ပေါ်တွင် တာဝန်ယူ ဆောက်လုပ်ပေးသော တပည့်များ ရှိကြသည်။ ဓားဒင်္ဂါး အနည်းငယ်ပေးလိုက်ရုံဖြင့် လူသုံးလေးယောက် ရောက်လာပြီး ခဏလေးနှင့် ဆောက်လုပ် ပြီးစီးသွားနိုင်သည်။
သို့သော် ဆောက်လုပ်နေစဉ် ဆူညံသံများ ရှိနေမည်ဖြစ်ရာ ချူလျန်သည် ဓားပျံစီးနင်းပြီး တောင်ပေါ်မှ ဆင်းကာ ကျင်းဟွာမြစ်ကမ်းဘေးသို့ ရောက်ရှိလာခဲ့သည်။
မြေပြင်သို့ ဆင်းသက်လိုက်သည်နှင့် မြစ်ကမ်းဘေးတွင် လူသွားလူလာများ ဟိုတစ်စု ဒီတစ်စု ရှိနေကြပြီး ပန်းများပွင့်ဝေကာ စိမ်းလန်းစိုပြေနေသည်ကို တွေ့ရသဖြင့် နွေဦးရာသီ ရှုခင်းအလှကို ဖော်ဆောင်နေလေသည်။
ချူလျန် ငေးမောကြည့်ရှုနေမိပြီး ကြက်သေသေနေမိသည်။
ဘာဖြစ်တာလဲ...။
ငါ့ရဲ့ အဆိပ်ပျားလေးတွေ ဘယ်ရောက်ကုန်ပြီလဲ...။
ပျံသန်းနိုင်ပြီး ရုပ်ဆိုးဆိုးလေးတွေနဲ့ စိတ်ကြီးတတ်သလို အဆိပ်ပြင်းတဲ့ အဲဒီချစ်စရာ အကောင်လေးတွေရော...။
သူသည် မြစ်ကမ်းတစ်လျှောက် အထက်အောက် လျှောက်ကြည့်လိုက်ပြီးနောက် ပိုမိုသေချာစေရန် လမ်းသွားလမ်းလာများကို မေးမြန်းကြည့်ရာ အဆိပ်ပျားများ ပျောက်ကွယ်နေသည်မှာ ရက်အတော်ကြာပြီ ဖြစ်ကြောင်း အတည်ပြုလိုက်ရသဖြင့် စိတ်ပျက်လက်ပျက် ပြန်လှည့်လာခဲ့ရသည်။
ခဏတာ ခွဲခွာရခြင်းဟု ထင်မှတ်ခဲ့သော်လည်း ထာဝရ နှုတ်ဆက်ထွက်ခွာသွားခြင်း ဖြစ်နေရသည်လော...။
ချန်ထားရစ်ခဲ့သူထက် ကျန်ရစ်ခဲ့ရသူက ပိုမို၍ လွမ်းနာကျရသည် ဆိုသည်မှာ ဒါမျိုးပင်လော…။
(ငိုးမချူလျန်… မျက်ရည်တောင် ဝဲလာတယ်)
ယခုတစ်ကြိမ် အဆိပ်ပျားများ လုံးဝမရှိတော့ရာ သစ်သီးလက်ဖက်ရည် ရောင်းသကဲ့သို့ အရောင်းသွက်မည့် စီးပွားရေးမျိုး မည်သည့်အချိန်ကျမှ ထပ်မံ တွေ့ရှိနိုင်မည်နည်းအား မသိတော့ပေ။
ပြောရလျှင် ယခင် အတွေ့အကြုံများအရ အမျိုးအစားတူပြီး ဇာစ်မြစ်တူသော မိစ္ဆာများ ပေးစွမ်းသော ဆုလာဘ်များသည် တူညီလေ့ ရှိပုံရသည်။
ထိုသို့ဆိုလျှင် မိမိ လိုချင်သော ဆုလာဘ်မျိုး ရှိပါက တူညီသောမိစ္ဆာကို ထပ်မံ သတ်ဖြတ်လိုက်ရုံဖြင့် ရရှိနိုင်သည်ဟု ဆိုလိုခြင်းပင်လော...။
အဆင့်နိမ့် မိစ္ဆာများတွင်သာ ထိုသို့ ဖြစ်နိုင်ချေ ရှိသည်။
မီးအိမ်မိစ္ဆာ၊ အဆိပ်ပျားကဲ့သို့သော မိစ္ဆာအငယ်စားလေးများသည် သဘာဝကျကျပင် တူညီလွယ်သည်။ သို့သော် ကြီးပြင်းလာသည်နှင့်အမျှ ပြောင်းလဲမှုများ ရှိလာပေလိမ့်မည်။
ဥပမာအားဖြင့် ပြီးခဲ့သော တစ်ခေါက်က တွေ့ခဲ့ရသော ပုတ်သင်ကြီးတွင် ညီအစ်ကိုတစ်ကောင် ရှိခဲ့လျှင် ငယ်ရွယ်စဉ်က တူညီနိုင်သော်လည်း စတုတ္ထအဆင့်၊ ပဉ္စမအဆင့် မိစ္ဆာကြီးများအဖြစ် ကြီးပြင်းလာသောအခါ ကွာခြားမှုများ ရှိလာပေလိမ့်မည်။
တစ်ကောင်ကို သတ်ဖြတ်၍ ကြက်သွေးရောင်ကွပ်မျက်သူဓား ရရှိခဲ့သော်လည်း နောက်တစ်ကောင်ကို သတ်ဖြတ်လျှင်မူ ဒုတိယမြောက် တူညီသောဓားတစ်လက် ရရှိရန် မဖြစ်နိုင်ပေ။
သို့သော်...။
လူမျက်နှာရှောင်ကဲ့သို့သော ကျင့်ကြံခြင်းအဆင့် များစွာမမြင့်မားသေးသော မိစ္ဆာမျိုးဆိုလျှင်တော့ တူညီနိုင်ခြေ များပြားပေသည်။
သူ စဉ်းစားနေမိသည်မှာ အကယ်၍ နောက်ထပ် လူမျက်နှာရှောင်တစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့လျှင် ချီလှည့်ပတ်ခြင်းရုပ်သေးရုပ် နှစ်ရုပ်ရရှိနိုင်မည်လော...။
ပို၍များပြားသော အရေအတွက်ကို သတ်ဖြတ်နိုင်လျှင် ခေါင်းကြီးအရုပ် တန်းစီပြီးရရှိကာ မိမိအတွက် အစွမ်းကုန် ကျင့်ကြံပေးနေကြမည့် မြင်ကွင်းမျိုး ဖြစ်လာနိုင်မည်လော ဟူ၍ ဖြစ်သည်။
ထိုမြင်ကွင်းကို တွေးကြည့်ရုံနှင့်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။
သို့သော် လူမျက်နှာရှောင်ကဲ့သို့သော မိစ္ဆာမျိုးမှာ ရှားပါးလှပြီး၊ သာမန် စုံစမ်းမေးမြန်းရုံဖြင့် ရှာဖွေတွေ့ရှိနိုင်သော အရာမဟုတ်ဘဲ၊ ထပ်မံတွေ့ဆုံနိုင်ရန်မှာ ကံတရားအပေါ်တွင်သာ မူတည်နေချေသည်။
ဟိုဟိုဒီဒီများ စဉ်းစားရင်းနှင့်ပင် ငွေဓားတောင်ထွတ်သို့ ပြန်ရောက်လာခဲ့တော့သည်။
...
လျိုရှောင်ယွီလေးအတွက် သစ်သားအိမ်လေးမှာ ဆောက်လုပ်ပြီးစီးသွားပြီ ဖြစ်သည်။ ချူလျန်၏အိမ်နှင့် မဝေးလှဘဲ တောင်ကုန်းအကွေ့တွင် တည်ရှိသည်။ သူ သွားရောက် ကြည့်ရှုလိုက်ရာ ဆရာသခင်နှင့် လျိုရှောင်ယွီလေးတို့ စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။
ချူလျန် ဝင်လာသည်ကို မြင်သောအခါ တိနွီဖုန့်က သနားကရုဏာသက်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။ "ငါ ရှောင်ယွီလေး ပြောပြတဲ့ သူမရဲ့ အတိတ်ဇာတ်ကြောင်းကို နားထောင်နေတာ... သနားစရာလေးဟယ်..."
"တကယ်တမ်းတော့ အဲဒီလောက်လည်း မဟုတ်ပါဘူး..." လျိုရှောင်ယွီလေးကမူ မပျော်မရွှင် ဖြစ်ပုံမရဘဲ ပြောလိုက်သည်။
"ကျွန်မနဲ့ အစ်မရယ်၊ မျိုးနွယ်တူတွေရယ် ရေအောက်မှာ နေထိုင်ရတာ တော်တော်လေး လွတ်လပ်ပါတယ်... ဟို လူဆိုးကောင်ကြီးနဲ့သာ မတွေ့ခဲ့ရင်… ကျွန်မတို့ ဘဝမှာ စိတ်ညစ်စရာဆိုတာ ရှိမှာမဟုတ်ဘူး..."
"မင်းတို့ နေထိုင်ခဲ့တဲ့ ကျင်းဟွာမြစ်က ရှုတောင်ခြေရင်းမှာ ရှိတာဆိုတော့... မင်း ပြောတဲ့ လူဆိုးကောင်ဆိုတာ ရှုတောင်ဂိုဏ်းသားများ ဖြစ်နေမလား..." တိနွီဖုန့် မေးလိုက်သည်။
"မင်း မှတ်မိလား... မှတ်မိရင် ပြောပြ… ငါ မင်းအတွက် ကလဲ့စားချေပေးမယ်..."
"အင်း..." လျိုရှောင်ယွီလေးက ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်သည်။ "နောက်တစ်ခါ ထပ်တွေ့ရင် ကျွန်မ သေချာပေါက် မှတ်မိမှာပါ..."
"ကောင်းတယ်..." တိနွီဖုန့်ကလည်း ဒေါသတကြီး ပြောလိုက်သည်။
"ဘယ်တောင်ထွတ်က တပည့်ကများ ဒီလောက် အားယားနေလဲ မသိဘူး... အလုပ်မရှိ အလုပ်ရှာပြီး အဆိပ်ပျားတွေကို သတ်ဖြတ်ပြီး အပျော်ရှာနေရတယ်လို့..."
"အမ်..." ဘေးနားမှ တိတ်တဆိတ် နားထောင်နေသော ချူလျန်တစ်ယောက် ရုတ်တရက် ခေါင်းမော့လာရသည်။
"မင်း မသိဘူး… ရှောင်ယွီလေး ပြောတာက သူမအစ်မက မျိုးနွယ်တူတွေကို ကာကွယ်ဖို့အတွက် အဆိပ်ပျားတချို့ကို ဆင့်ခေါ်ထားတယ်တဲ့... အဲဒါကို ရုပ်ဆိုးပြီး စိတ်ဓာတ်မမှန်ကန်တဲ့ ကျင့်ကြံသူတစ်ယောက်က နေ့တိုင်းလာပြီး အဲဒီအဆိပ်ပျားတွေကို သတ်ဖြတ်ပစ်တယ်တဲ့လေ..."
တိနွီဖုန့် ပြောလိုက်သည်။ "ပြောစမ်းပါဦး... ဘယ်လို လူကောင်းမျိုးက အဲဒီအကောင်လေးတွေကို သတ်နေမှာတုန်း..."
"..." ချူလျန် တည်ငြိမ်စွာ မျက်တောင်ခတ်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
"ကျွန်တော် ခန့်မှန်းကြည့်တာ… အဲ… ခန့်မှန်းကြည့်တာ သက်သက်ပါနော်... ဖြစ်နိုင်တာက အဲဒီ အဆိပ်ပျားတွေကများ အနီးအနားက ပြည်သူတွေကို ဒုက္ခပေးလို့... အဲဒီကျင့်ကြံသူက တစ်ယောက်ယောက်ရဲ့ အကူအညီတောင်းခံမှုကြောင့် မိစ္ဆာလာနှိမ်နင်းပေးတာများ ဖြစ်မလား..."
"လူသူဝေးတဲ့ တောကြီးမျက်မည်းထဲမှာ အဆိပ်ပျား ရှိနေတာလေ… မသွားဘဲနေရင် ရပြီပေါ့..." တိနွီဖုန့်က ပြန်လည်ချေပလိုက်သည်။
"ငါ့အထင်တော့ အဲဒီလူက စိတ်ဖောက်ပြန်နေတာပဲ ဖြစ်လောက်တယ်..."
"သေချာပေါက်ပဲ..." လျိုရှောင်ယွီလေးကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
"အပြင်လူတစ်ယောက်အနေနဲ့ ပြောရရင်တော့..." ချူလျန် ဆက်ပြောလိုက်ပြန်သည်။
"အဲဒီလူက အဲဒီလောက်ကြီး ဆိုးရွားချင်မှ ဆိုးရွားမှာပါလို့ ကျွန်တော် ထင်တာပဲ…"
...
ခဏကြာ စကားပြောပြီးနောက် တိနွီဖုန့် သူမ၏နန်းဆောင်သို့ ပြန်သွားသောအခါ ချူလျန်တစ်ယောက် လျိုရှောင်ယွီလေးကို တိတ်တဆိတ် ခေါ်ထုတ်လိုက်သည်။
"ရှောင်ယွီလေး... မင်းအစ်မ ဆင့်ခေါ်ထားတဲ့ အဆိပ်ပျားတွေက ဘယ်နေရာက ရောက်လာတာလဲဆိုတာ မင်း သိလား" သူ တိုက်ရိုက် မေးမြန်းလိုက်သည်။
"အင်း... အထက်ပိုင်းက သစ်ပင်တွေထူထပ်တဲ့ တောင်ကြားတစ်ခုထဲကလေ..." ကောင်မလေးက ပြန်စဉ်းစားလိုက်ပြီး ခေါင်းစောင်းကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲဟင်"
"ဘာ… ဘာမှ မဖြစ်ပါဘူး… ငါ ဒီအတိုင်း သိချင်လို့ပါ..." ချူလျန် ပြုံးပြီး ပြောလိုက်သည်။ "အဲဒီ အဆိပ်ပျားတွေက ဘယ်လို ပုံစံရှိလဲဆိုတာ မသိလို့လေ..."
"အဆိပ်ပျားလေးတွေက ချစ်စရာကောင်းတယ်..." လျိုရှောင်ယွီလေးက အခိုင်အမာ ပြောလိုက်သည်။
"ငါလည်း အဲလိုပဲ ထင်တယ်..." ချူလျန်သည်လည်း ခေါင်းညိတ်လိုက်သည်။
နေရာကို စုံစမ်းသိရှိပြီးပြီ ဖြစ်၍ သူ ဘာမှ ဆက်မပြောတော့ပေ။
နောက်တစ်နေ့တွင် သူသည် ငွေဓားတောင်ထွတ်မှ ထွက်ခွာလာပြီး ကျင်းဟွာမြစ်သို့ ထပ်မံ သွားရောက်လေသည်။
ပုံမှန် ဆင်းသက်နေကျ နေရာသို့ ရောက်ရှိပြီးနောက် မြစ်အတိုင်း အထက်ဘက်သို့ ပျံသန်းသွားလိုက်သည်။ အချိန်အတော်ကြာသောအခါ မြစ်ကြောင်းမှာ လမ်းလွဲသွားပြီး တောင်တန်းများကြားသို့ ဝင်ရောက်သွားကာ ပတ်ဝန်းကျင် မြေပြင်အနေအထားမှာ တဖြည်းဖြည်း လျှို့ဝှက်ကာ ကျဉ်းမြောင်းလာသည်ကို တွေ့လိုက်ရသည်။
လမ်းခရီးတွင် သစ်ပင်များနှင့် ကျောက်တုံးများ ပိတ်ဆို့နေသဖြင့် ချူလျန်သည် ဓားပျံဖြင့် လမ်းရှင်းရလေသည်။ ရေကြောင်းအတိုင်း ဆန်တက်လာခြင်း ဖြစ်သဖြင့် ကုန်းလမ်းမှဆိုလျှင် မည်သူမျှ ရှာတွေ့နိုင်မည့် လမ်းကြောင်း မဟုတ်ပေ။
နောက်ထပ် အချိန်အတော်ကြာသောအခါမှ လျိုရှောင်ယွီလေး ပြောပြသော သစ်ပင်ထူထပ်သည့် တောင်ကြားကို တွေ့လိုက်ရသည်။
ဤနေရာတွင် သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေပြီး စိမ်းလန်းစိုပြေနေကာ အမှန်တကယ်ပင် မည်သူမျှ မရောက်ဖူးသော တောင်ကြားတစ်ခု ဖြစ်ချေသည်။ တောင်ကြားထဲတွင် ငှက်၊ သားရဲ၊ ပိုးမွှား၊ လိပ်ပြာ ဟူ၍ မရှိဘဲ တဝီဝီမြည်အောင် ပျံသန်းနေသော အဆိပ်ပျားများသာ ရှိနေပြီး အရေအတွက်မှာ အလွန် များပြားလှသည်။
ကြည့်ရသည်မှာ ဤနေရာသည် ၎င်းတို့၏ အသိုက်အမြုံ ဖြစ်ပုံရသည်။
ချူလျန် ဝင်ရောက်လာသည်ကို မြင်သောအခါ အနီးနားရှိ အဆိပ်ပျားအချို့သည် ချက်ချင်းပင် တဝီဝီမြည်အောင် အရှိန်ဖြင့် ပျံသန်းလာပြီး ဤမဖိတ်ခေါ်ထားသောဧည့်သည်ကို တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။
ဓားပျံကို ဝှေ့ယမ်းလိုက်ပြီး ရှေ့ဆုံးမှ ပြေးဝင်လာသော အဆိပ်ပျားအချို့ကို ခုတ်ပိုင်းလိုက်လေသည်။
ဘန်းခနဲ အသံနှင့်အတူ ပတ်ဝန်းကျင်ရှိ အဆိပ်ပျားများမှာ ချက်ချင်း လွင့်စင်ထွက်ပြေးသွားကြပြီး ရှောင်တိမ်းသွားကြတော့သည်။
ကောင်းကင်အပြည့် ပျံသန်းနေသော အကောင်လေးများသည် သူ မျှော်လင့်စောင့်စားနေခဲ့ရသော ချစ်စရာလေးများ ဖြစ်ကြသော်လည်း ချူလျန် လိုက်လံ ဖမ်းဆီးခြင်း မပြုသေးပေ။
အဘယ်ကြောင့်ဆိုသော် သူသည် တောင်ကြား၏ နက်ရှိုင်းသောနေရာတွင် ဖုံးကွယ်နေသော ဂူတစ်ခု ရှိနေကြောင်းနှင့် ဤအဆိပ်ပျားအများစုမှာ ထိုဂူထဲမှ ဝင်ထွက်သွားလာနေကြကြောင်း ဝိုးတဝါး မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ချူလျန်သည် စူးစမ်းချင်စိတ် ဖြစ်ပေါ်လာပြီး ထိုဂူအတွင်း၌ ထူးခြားဆန်းကြယ်မှုများ ရှိနေမည်ဟု ခံစားမိလိုက်သည်။ သူသည် ပျံသန်းသွားပြီး ဓားတစ်ရာတံဆိပ်ဖြင့် လမ်းရှင်းကာ မိမိကို တိုက်ခိုက်ရန် ကြိုးစားနေသော ဒေါသထွက်နေသည့် အဆိပ်ပျားများကို တားဆီးရင်း ဂူထဲသို့ ဝင်ရောက်သွားလိုက်သည်။
ဂူသည် နက်ရှိုင်းပြီး လမ်းကြောင်းမှာ ရှည်လျားလှသည်။ သူသည် တောက်လျှောက် ဝင်ရောက်လာသော်လည်း အဆုံးသတ်သို့ မရောက်နိုင်သေးပေ။ နှာခေါင်းထဲတွင် ရရှိနေသော အနံ့မှာ ညှီစော်နံသော အနံ့မျိုးဖြစ်ပြီး စိတ်ကူးထားသကဲ့သို့ အချိုရနံ့ မဟုတ်ပေ။
ဖြည်းညင်းစွာဖြင့် ရှေ့ဆက်တိုးသွားရာ ဂူ၏ နက်ရှိုင်းသောနေရာတွင် ဤအဆိပ်ပျားများ၏ ပျားအုံကို နောက်ဆုံးတွင် တွေ့လိုက်ရသည်။
ထိုနေရာတွင် ပျားများ ဖုံးလွှမ်းနေသော ရွှေရောင်အရိုးစုတစ်ခု ရှိနေချေသည်။
မရေမတွက်နိုင်သော အဆိပ်ပျားများသည် အပေါ်တွင် တွယ်ကပ်နေပြီး ပြည့်သိပ်နေကာ ထိုအရိုးစုကို ကိုက်ဖြတ်စားသောက်နေပုံ ရသကဲ့သို့ ၎င်းကို အသိုက်အဖြစ် အသုံးပြုနေပုံလည်း ရလေသည်။
ဤအဆိပ်ပျားများ မည်သည့်နေရာက ရောက်လာသည်ကို ချူလျန်တစ်ယောက် နောက်ဆုံးတွင် သိရှိသွားခဲ့ချေပြီ။ မူလဇာစ်မြစ်မှာ ၎င်းတို့သည် ဤအရိုးစုကို ကိုက်ဖြတ်စားသောက်ခြင်းကြောင့် မိစ္ဆာဖြစ်လာနိုင်သော ဝိညာဉ်အသိဉာဏ်ကို ရရှိခဲ့ကြခြင်း ဖြစ်ချေသည်။
မှောင်မိုက်သော ဂူ၊ ကြောက်မက်ဖွယ်ကောင်းသော အဆိပ်ပျားများ၊ ရွှေရောင်အရိုးစု...
ဤမြင်ကွင်းမှာ ကြည့်ရသူကို တုန်လှုပ်ချောက်ချားသွားစေသည်။
စိတ်ထဲတွင် တိတ်တဆိတ် သူထိတ်လန့်နေစဉ်မှာပင် ရှေ့တည့်တည့်မှ လေးလံသည့် တုန်ခါသံများ ထွက်ပေါ်လာပြီးနောက်၊ ထူးဆန်းသည့် အော်သံတစ်ခု ထွက်ပေါ်လာသည်။
ဘုန်း...
ခန္ဓာကိုယ်ကြီးမားသော ပျားကြီးတစ်ကောင်သည် အဆိပ်ပျားအများအပြားကို တွန်းဖယ်လိုက်ပြီး အရိုးစု အောက်ဘက်မှ တိုးထွက်လာတော့သည်။
ဒါ ပျားဘုရင်မပဲ...။