← Chapters

သစ်ရွက်ပျံ ဓားသွား

Vol. 10 Ch. 100

သစ်ရွက်ပျံ ဓားသွား

Vol. 10 Ch. 100

ချူလျန် ငွေဓားတောင်ထွတ်သို့ ပြန်ရောက်သောအခါ အိမ်ရှေ့စားပွဲပေါ်တွင် နောက်ထပ် စက္ကူကြိုးကြာငှက်တစ်ကောင် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ဖွင့်ကြည့်လိုက်ရာ ကျန်းယွဲ့ပိုင် ပေးပို့လိုက်ခြင်း ဖြစ်လေသည်။

ယခင် သူ ရှုတောင်သို့ ပြန်ရောက်စဉ်က ကျန်းယွဲ့ပိုင်ထံ စက္ကူကြိုးကြာတစ်ကောင် ပေးပို့ခဲ့ဖူးသည်။ သို့သော် သူမ ပြန်မရောက်သေးသဖြင့် စာပြန်ခြင်း မရှိခဲ့ပေ။

စာထဲတွင် ရေးသားထားသည်မှာ ရိုးရှင်းလှသည်။ သူမ ပြန်ရောက်လာပြီဖြစ်ကြောင်း၊ အရာအားလုံး အဆင်ပြေကြောင်း စသည်ဖြင့် ရေးသားထားသည်။

မကြာမီတွင် တန်ခိုးစွမ်းရည်များ သင်ယူရတော့မည်ကို တွေးမိရင်း ချူလျန်၏ မျက်နှာပေါ်တွင် အပြုံးရေးရေး ထွက်ပေါ်လာသည်။

အိမ်ထဲဝင်ရန် ပြင်လိုက်စဉ် ကောင်းကင်ယံမှ လူရိပ်တစ်ခု ပျံသန်းလာပြီး တောင်ကုန်းအနီးတွင် ဆင်းသက်လိုက်သည်ကို တွေ့လိုက်ရသည်။

ဝမ်ယွဲ့လုံပင် ဖြစ်ချေသည်။

'ရောက်လာတာ မြန်လိုက်တာ….'

'ပြီးခဲ့တဲ့တစ်ခေါက် လက်နက်ခန်းမဆောင်ကို သွားခဲ့တာ နှစ်ရက်တောင် မပြည့်သေးဘူးလေ… သူ ပြင်လို့ ပြီးသွားပြီလား...'

ချူလျန်တစ်ယောက် ဝမ်ယွဲ့လုံ၏ စွမ်းဆောင်ရည်ကို အံ့သြသွားမိသည်။

ကြည့်ရသည်မှာ စိတ်ဝင်စားသော လက်နက်သွန်းလုပ်ခွင့်သာ ရရှိပါက သူသည် အားသွန်ခွန်စိုက် အိပ်ရေးပျက်ခံပြီး လုပ်ဆောင်တတ်ပုံရလေသည်။

"ဂိုဏ်းတူအစ်ကိုချူ..." ဝမ်ယွဲ့လုံ၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေပြီး သူ၏ ပျော်ရွှင်မှုကို ကြည့်ခြင်းအားဖြင့် ရလဒ်ကို ခန့်မှန်းနိုင်ပေသည်။

"အစ်ကို အပ်လိုက်တဲ့အချိန်ကစပြီး ကျွန်တော် နေ့ရောညပါ အလုပ်လုပ်ခဲ့တာ... အခုပဲ ဒီမှော်ဝင်ပစ္စည်းကို ပြုပြင်လို့ ပြီးသွားပါပြီ..."

ပြောရင်းဆိုရင်း သူသည် လက်ဖဝါးအရွယ်အစားရှိသော သစ်ရွက်စိမ်းတစ်ခုကို ထုတ်ယူလိုက်သည်။ ပုံသဏ္ဌာန်မှာ ယခင်နှင့် သိပ်မကွာခြားသော်လည်း အရွက်ကြောအလယ်တွင် အနက်ရောင် အစင်းကြောင်းတစ်ခု ပါဝင်လာလေသည်။

"အိုး..." ချူလျန် သစ်ရွက်စိမ်းကို ယူလိုက်ရာ ယခင်ကထက် အနည်းငယ် ပိုလေးလံသွားသည်ကို ခံစားလိုက်ရသည်။ မည်သို့ ပြောင်းလဲသွားသည်ကိုမူ မသိရှိသေးပေ။

"ကျွန်တော် အရင်က အစီအရင်တွေကို ပြင်ဆင်လိုက်တာအပြင် ဟို မဟူရာဥက္ကာခဲတုံးကို အသုံးပြုပြီးတော့ တိုက်ခိုက်ရေး အစီအရင်တစ်ခုကိုပါ ထပ်ထည့်ပေးထားတယ်... အခုဆိုရင် ဒီသစ်ရွက်စိမ်းမှာ ပုံစံသုံးမျိုး ရှိသွားပြီ... ဟဲဟဲ…" ဝမ်ယွဲ့လုံက ပြောလိုက်သည်။

ကာကွယ်ရေးပုံစံနှင့် ပျံသန်းရေးပုံစံတို့ကိုမူ ချူလျန် ရင်းနှီးပြီးသား ဖြစ်၏။ သူသည် ချက်ချင်းပင် သစ်ရွက်စိမ်းကို စမ်းသပ်လိုက်ပြီး ချီစွမ်းအင်ထည့်သွင်းကာ တိုက်ခိုက်ရေးပုံစံကို စမ်းသပ်ကြည့်လိုက်တော့သည်။

ချီစွမ်းအင် လည်ပတ်သွားသည်နှင့်တစ်ပြိုင်နက် သစ်ရွက်စိမ်းသည် လခြမ်းပုံသဏ္ဌာန်အဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ အနက်ရောင်ဓားသွားများသည် လခြမ်းကွေး၏ အနားသတ်တစ်လျှောက်တွင် သေသပ်စွာ တည်ရှိနေပြီး အလင်းရောင်တောက်ပနေကာ အန္တရာယ်ရှိသော အငွေ့အသက်များကို ထုတ်လွှတ်နေလေသည်။

ချူလျန် သေချာစွာ အာရုံခံလိုက်ပြီးမှ ချီစွမ်းအင်ကို ထိန်းချုပ်ကာ လေထဲရှိ နေရာလွတ်သို့ အစီအရင်ကို လှုံ့ဆော်လိုက်သည်။

ပြီးခဲ့သည့်တစ်ခေါက်ကတည်းက ဝမ်ယွဲ့လုံ၏ အကြောင်းကို သိထားသဖြင့် သူသည် အလွန်တရာ ချွေတာစွာဖြင့် ချီစွမ်းအင် အနည်းငယ်မျှသာ ထည့်သွင်းလိုက်သည်။ ဖြစ်နိုင်သည်မှာ ရှစ်ပုံတစ်ပုံခန့်သာ ရှိရော့ပေမည်။

"ရွှစ်..."

မျက်စိရှေ့တွင် အရိပ်တစ်ခု ဖြတ်သန်းသွားပြီး ထိုသစ်ရွက်စိမ်းသည် သာမန်မျက်စိဖြင့် လိုက်မမီနိုင်လောက်အောင် လျင်မြန်သောအရှိန်ဖြင့် သူ၏လက်ဖဝါးပေါ်မှ ပျောက်ကွယ်သွားလေသည်။

"ဘယ်လိုလဲ... မြန်ပြီး ထိရောက်တယ်ဟုတ်..." ဝမ်ယွဲ့လုံက မေးလိုက်သည်။

"ဒါကို ခဏထား... မင်း အရင်ရှင်းပြပါ့လားကွာ..." ချူလျန်သည် သူ ချိန်ရွယ်လိုက်သော သစ်ပင်ကြီးမှာ ဘာမှမဖြစ်ဘဲ ကျန်ရှိနေသည်ကို ကြည့်ပြီး နားမလည်နိုင်စွာ မေးလိုက်မိတော့သည်။

"အဲဒါ ဘယ်ရောက်သွားတာလဲ..."

ဝမ်ယွဲ့လုံက သူ၏ နောက်ကျောဘက်ကို လက်ညှိုးထိုးပြလိုက်သည်။ ၏

"အစ်ကို့ နောက်ကျောဘက်က သစ်ပင်မှာလေ..."

ချူလျန် လှည့်ကြည့်လိုက်ရာ ထိုသစ်ရွက်စိမ်း ဓားသွားသည် သူ၏နောက်ကျောဘက် ခပ်လှမ်းလှမ်းရှိ သစ်ပင်ကြီးတစ်ပင်တွင် စိုက်ဝင်နေသည်ကို အမှန်တကယ်ပင် တွေ့လိုက်ရသည်။

ထိုးဖောက်နိုင်စွမ်းအား ကောင်းမွန်လွန်းလှသဖြင့် သစ်ပင်အနည်းငယ်ကို ဖြတ်ကျော်သွားပြီးမှသာ ရပ်တန့်သွားခြင်း ဖြစ်ပုံရသည်။

ဒါတောင်မှ ချီစွမ်းအင် ပိစိလေးပဲ သုံးခဲ့လိုက်ခြင်းသာ…။

"ကျွန်တော် ဒီတိုက်ခိုက်ရေး အစီအရင်နဲ့ အရင်က ပျံသန်းရေးအစီအရင်ကို ပညာသားပါပါ ပေါင်းစပ်လိုက်တာလေ... အဲတာမှ ပစ်လွှတ်လိုက်တဲ့အခါမှာ အရမ်းမြန်ဆန်တဲ့ အရှိန်တစ်ခုကို ရရှိတော့မပေါ့...

ဟဲဟဲ… ဒီအရှိန်ကို အမြင့်ဆုံး ရောက်စေဖို့အတွက် ဓားသွားကို အကွေးပုံစံ လုပ်ထားသလို… လည်ပတ်အားကို အသုံးပြုပြီးတော့ ဖျက်ဆီးအားကို မြှင့်တင်ပေးထားတယ်... အရင်က နာမည်မပေးရသေးပေမယ့်… အခု ကျွန်တော် နာမည်ပေးချင်တာက 'သစ်ရွက်ပျံ ဓားသွား' ပါ..." ဝမ်ယွဲ့လုံက စိတ်လှုပ်ရှားစွာ မိတ်ဆက်ပေးလိုက်သည်။

"ဒါ… ဒါပေမဲ့..." ချူလျန် သစ်ရွက်စိမ်းကို ပြန်ယူလိုက်ပြီး သေချာကြည့်ရှုလိုက်သည်။

"ဒါက ငါချိန်ရွယ်လိုက်တဲ့ ပစ်မှတ်နဲ့ မိုင်တစ်သောင်းလောက် ဝေးနေတယ်လေ... ဖျက်ဆီးအား ဘယ်လောက်ပဲ ကောင်းကောင်း ဘယ်နားသွားသုံးရမတုန်း..."

"အဲဒါကတော့..." ဝမ်ယွဲ့လုံ ခေါင်းကုတ်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

"တစ်ခုတည်းသော အားနည်းချက်ကတော့... ပစ်မှတ်ကို ထိမှန်အောင် လုပ်ဖို့ နည်းနည်းလေး ခက်ခဲတာပါပဲ... ဒါပေမဲ့ သူ့ရဲ့ လည်ပတ်မှုက ပုံသေနည်းနဲ့ပါ... အစ်ကိုသာ ပစ်လွှတ်တဲ့ နည်းစနစ်ကို သေချာ လေ့ကျင့်လိုက်မယ်ဆိုရင် တိကျမှုကို အများကြီး မြှင့်တင်နိုင်ပါလိမ့်မယ်..."

"..." ချူလျန်ခမျာ ပြုံးပြရုံကလွဲ၍ ဘာမှ မတတ်နိုင်တော့ချေ။

ကောင်းပါလေရဲ့….။

မင်းရဲ့ မှော်ဝင်ပစ္စည်း စွမ်းရည်တစ်ခု တိုးလာတိုင်း ငါလေးက စွမ်းရည်တစ်ခု ထပ်သင်ယူရမယ်ပေါ့လေ….။

"ပြီးတော့ ဒီလိုလုပ်တာက အားသာချက်တစ်ခုလည်း ရှိပါသေးတယ်..." ဝမ်ယွဲ့လုံက ဆက်ပြောလိုက်ပြန်သည်။

"ကျွမ်းကျင်သူတွေ တိုက်ခိုက်ကြရင် ချီစွမ်းအင် အာရုံခံမှုကို အားပြုကြတယ်လေ... တကယ်လို့ အစ်ကိုက ရန်သူကို ချိန်ရွယ်လိုက်ရင် သူတို့က ကြိုတင်ပြင်ဆင်ပြီး ရှောင်တိမ်းသွားနိုင်တယ်မလား..."

"ဒါပေမဲ့ ကျွန်တော့်ရဲ့ သစ်ရွက်ပျံ ဓားသွားကတော့ အရှေ့ကို ပစ်လိုက်ပေမဲ့ အနောက်ကို ရောက်သွားနိုင်တယ်... တောင်ဘက်ကို ချိန်ပေမဲ့ မြောက်ဘက်ကို ရောက်သွားနိုင်တယ်... လမ်းကြောင်းက ခန့်မှန်းရခက်တော့ ရန်သူက သေချာပေါက် ဘယ်လိုသွားပြီး ကာကွယ်နိုင်တော့မလဲ... ဟဲဟဲ… ဟုတ်တယ်ဟုတ်…"

"ဒါကျလည်း ဟုတ်သား..." ချူလျန် ခေါင်းညိတ်လိုက်မိသည်။

ဤသည်မှာမူ အမှန်ပင်။

အနည်းဆုံးအနေဖြင့် ယုခုအချိန်တွင် သူကိုယ်တိုင်ပင် ဤပစ္စည်း၏ လမ်းကြောင်းကို မခန့်မှန်းနိုင်သည် မဟုတ်ပါလော။

ပိုင်ရှင်ကိုယ်တိုင်ပင်လျှင် ဘယ်ရောက်သွားမည် ဆိုသည်အား မသိနိုင်သည်ဖြစ်ရာ၊ ရန်သူသည် မည်ကဲ့သို့ သိနိုင်ပါမည်နည်း…။

သောက်ကျိုးနည်းလှပေသည်…။

ဤတိုက်ခိုက်ရေး စွမ်းရည်ကိုမူ နောက်ပိုင်း အသုံးပြုမည်ဆိုပါက နှစ်ခါပြန် အသေအချာ စဉ်းစားရပေလိမ့်မည်။ သေချာ မကျွမ်းကျင်သေးလျှင် ထုတ်မသုံးသည်က အကောင်းဆုံးပင်။

သို့မဟုတ်ပါက ရန်သူထံ ပစ်လွှတ်လိုက်သော သောက်ကျိုးနည်း မှော်ဝင်ပစ္စည်းသည် တစ်ပတ်ပြန်လှည့်လာ၍ ကိုယ့်ရဲဘော်ရဲဘက်အား ခုတ်ပိုင်းမိနေပါက မည်သို့လုပ်ရပါမည်နည်း။

ဤမြင်ကွင်းဖြင့် ရန်သူဖြစ်သူကို အူတက်ကာ အသက်ပါသွားစေနိုင်လောက်ပေမည်။

မှော်ဝင်ပစ္စည်းကို စစ်ဆေးပြီးနောက် ချူလျန်သည် သိမ်းဆည်းလိုက်ပြီး နောက်ပိုင်း အချိန်ယူကာ သေချာလေ့ကျင့်ရန် ဆုံးဖြတ်လိုက်ရသည်။

ဤပစ္စည်းသည် ပြီးခဲ့သည့်တစ်ခေါက်တွင် သူ၏အသက်ကို ကယ်တင်ခဲ့ဖူးသည် မဟုတ်ပါလော။ ယခုကဲ့သို့ ပြုပြင်၍ ရသွားသည်နှင့်တင် အတော်လေး ကောင်းမွန်နေချေပြီ။

မှော်ဝင်ပစ္စည်းကို ချူလျန်လက်ထဲသို့ အပ်ပြီးနောက် ဝမ်ယွဲ့လုံသည် ဆေးလုံးအသေးလေးတစ်လုံးကို ထုတ်ယူလိုက်ပြန်သည်။

"အစ်ကို စစ်ဆေးခိုင်းထားတဲ့ ဆေးလုံးရဲ့ အဖြေလည်း ရပြီ..." သူက ပြောလိုက်သည်။

"ဒီဆေးလုံးရဲ့ နာမည်က 'ယင်းယွမ်ဆေးလုံး'လို့ ခေါ်တယ်... ကုန်ကြမ်းပစ္စည်းတွေက ရှားပါးလွန်းလို့ အခုခေတ်မှာ တွေ့ရခဲတယ်..."

"ယင်းယွမ်ဆေးလုံး..." ချူလျန် ရေရွတ်လိုက်သည်။

"ဟုတ်တယ်... အာနိသင်ကတော့ ကိုယ်ပိုင်အငွေ့အသက်ကို လုံးဝ ဖုံးကွယ်ထားနိုင်တာပါ... သောက်သုံးပြီးတာနဲ့ တိုက်ခိုက်ရင်တောင်မှ ချီစွမ်းအင်လှုပ်ရှားမှု ပေါ်ထွက်မှာ မဟုတ်ဘူး... အာနိသင်က (၁၅) မိနစ်လောက် ခံတယ်..."

ဝမ်ယွဲ့လုံက ပြောလိုက်သည်။ "လုပ်ကြံသတ်ဖြတ်သူတွေ သုံးတဲ့ ပစ္စည်းကိရိယာအစုံအလင်ထဲက တစ်ခု ဖြစ်လောက်တယ်..."

'လုံးဝ ဖုံးကွယ်ထားနိုင်တယ်တဲ့လား…'

'ဒါကတော့ တော်တော်လေး စွမ်းတာပဲ…'

အရင်က ပြောခဲ့တဲ့ ဝတ်ရုံလိုမျိုးက ပုံမှန်အချိန်မှာပဲ အငွေ့အသက်ကို ဖုံးကွယ်ထားနိုင်တာလေ….။

တကယ်လို့ တိုက်ခိုက်လိုက်ပြီ ဆိုရင်တော့ ချီစွမ်းအင် လှုပ်ရှားမှုတွေ ရှိလာမှာဖြစ်လို့ ဖုံးကွယ်လို့ မဖြစ်နိုင်တော့ဘူး….။

အကယ်လို့ ဒီယင်းယွမ်ဆေးလုံးကို သောက်သုံးလိုက်ရင် အငွေ့အသက်ကို အပြည့်အဝ ဖုံးကွယ်ထားနိုင်သလို… ခုနစ်ထွေသတ်ဖြတ်ခြင်း တန်ခိုးစွမ်းရည်နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင်ဖြင့် လူသတ်တာကိုတောင် ဘယ်သူမှ မသိအောင် လုပ်ဆောင်နိုင်မှာပဲ…။ ကိစ္စပြီးရင်လည်း အသာလေး အဝတ်ခါပြီး ထွက်သွားရုံပဲပေါ့…။

ဒါတင် မကသေးဘူးပဲ….။ မိစ္ဆာတွေ လူသားမြို့ပြတွေမှာ ပုန်းအောင်းနေရင်လည်း အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မှာ မဟုတ်တော့ဘူး... ။

မိစ္ဆာစွမ်းရည်ကို ထုတ်သုံးပြီး မိစ္ဆာချီစွမ်းအင် ယိုစိမ့်ထွက်လာမှသာ လူသားကျင့်ကြံသူတွေက သတိထားမိကြတာမဟုတ်လား….။

အကယ်၍ ဒီလိုဆေးလုံးမျိုးသာ ရှိရင် မိစ္ဆာတွေ စွမ်းရည်ထုတ်သုံးရင်တောင် အဖမ်းခံရမှာ မဟုတ်တော့ဘူး။

သူသည် ထိုဆေးလုံးလေးကို ဂရုတစိုက်ဖြင့် ဘူးသီးခြောက်ထဲသို့ ထည့်ပြီး သိမ်းဆည်းလိုက်သည်။

"ဒီဆေးလုံးကို အစ်ကို ရောင်းမယ်ဆိုရင် တစ်လုံးကို ဓားဒင်္ဂါး ရာချီပြီး ရနိုင်တယ်..." ဝမ်ယွဲ့လုံက ပြောလိုက်သည်။

ချူလျန် ခေါင်းခါလိုက်သည်။ "ငါ စဉ်းစားကြည့်ဦးမယ်..."

အာနိသင်ကို ကြားလိုက်ကတည်းက တန်ဖိုးရှိမှန်း သူ သိလိုက်မိသည်။

ဤသို့သော ဆေးလုံးမျိုးသည် ကောင်းကောင်း အသုံးချတတ်ပါက ပြီးပြည့်စုံသော လုပ်ကြံမှုတစ်ခုကို ဖန်တီးနိုင်သကဲ့သို့၊ သေရေးရှင်ရေအခြေအနေမှ အန္တရာယ်ကင်းကင်း ထွက်ပြေးလွတ်မြောက်စေနိုင်သည် မဟုတ်ပါလော။

ငွေကြေး အရမ်းမလိုနေသော အခြေအနေမျိုးတွင်မူ ဤကဲ့သို့သော ရှားပါးပစ္စည်းမျိုးကို ကိုယ့်ဆီမှာသာ သိမ်းထားချင်မိသည်။

"ပြီးတော့ ဟို အငွေ့အသက်ဖုံးကွယ်တဲ့ ပိတ်စအတွက် ကုန်ကြမ်းပစ္စည်းတွေကို ကျွန်တော် တောက်ထျယ်မြို့ဘက်ကို ဈေးလှမ်းမေးကြည့်ပြီးပြီ... ရောင်းတဲ့သူက ဈေးကြီးကြီးတော့ ခေါ်နေတယ်...

ဓားဒင်္ဂါး ရှစ်ရာလောက် ပေးရလိမ့်မယ်... ကျွန်တော်ကတော့ များလွန်းတယ်ထင်လို့ ခဏလောက် စောင့်ကြည့်လိုက်ဦးမယ်... နောက်ပိုင်းကျရင် ဈေးကျလာနိုင်လောက်တယ်..." ဝမ်ယွဲ့လုံက ဆက်ပြောလိုက်ပြန်သည်။

"ကျေးဇူးတင်ပါတယ် ညီလေးဝမ်ရာ..." ချူလျန် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။

ဤသို့သော မှော်ဝင်ပစ္စည်း ကုန်ကြမ်းလမ်းကြောင်းများအား သူ မကျွမ်းကျင်ပေ။ ဤကဲ့သို့သော ကူညီပေးမည့်သူ ရှိနေခြင်းက ကောင်းသောကိစ္စပင်။

"ရပါတယ်... အစ်ကိုချူ နောက်ပိုင်း ကောင်းမွန်တဲ့ မှော်ဝင်ပစ္စည်းတွေ၊ ကုန်ကြမ်းတွေ ရလာရင် ကျွန်တော့်ဆီ လာပြီး သွန်းလုပ်ခိုင်းရင် ပြီးတာပါပဲ..." ဝမ်ယွဲ့လုံက ပြောလိုက်သည်။

သူသည်လည်း ယခုအခါ သတိထားမိလာပြီ ဖြစ်သည်။

ချူလျန်သည် အနည်းငယ် ထူးဆန်းသည် မဟုတ်ပါလော။

ဝိညာဉ်အသိအမြင်အဆင့် တပည့်တစ်ယောက်သာ ဖြစ်သော်လည်း တန်ဖိုးရှိသော ပစ္စည်းများကို အမြဲတမ်း ရရှိတတ်သည်။

သူ့ကိုသာ ကောင်းကောင်း ပေါင်းသင်းထားနိုင်ပါက နောက်ပိုင်းတွင် မှော်ဝင်ပစ္စည်း သွန်းလုပ်ရမည့် အခွင့်အရေးများ အများကြီး ရလာမည်မှာ သေချာပေသည်။

ချူလျန်က သူ့ကို အပြုံးဖြင့် ကြည့်လိုက်ကာ ခပ်တိုးတိုး ပြောလိုက်တော့သည်။

"ဈေးတော့ လျှော့ပေးရမယ်..."

All Chapters