အခန်း (၉၄၁-၉၄၂)
Vol. 56 Ch. 941-942
စာစဉ် (၅၆) အကျဉ်းချုပ်
အလင်း ဖက်ဒရေးရှင်းနှင့် အာကိန်း ဘုရားကျောင်းတို့ရဲ့ လျှို့ဝှက်အစီအစဉ်ကြီးကို ဖြိုခွင်းပြီး အကန့်သတ်မဲ့ ဘဏ္ဍာရေးအုပ်စုကို တန်ပြန်တိုက်ခိုက်မယ်။
နတ်ဘုရားပလ္လင် ယန္တရားပညာရှင်အဆင့်ကို ရောက်ပြီး စကြဝဠာရဲ့ အထွတ်အထိပ်အဆင့်တွေထဲက တစ်ယောက်ဖြစ်လာမယ်။
ဟီဘာကို ဘယ်လိုပြန်ကြိတ်မယ်
ယန္တရား အင်ပါယာ မန်နီဆန်ကို ဘယ်လိုခံချမယ်
OP လား Face Slapping လား၊ ဉာဏ်နီဉာဏ်နက်တွေလား၊ ယန္တရား နတ်ဘုရားကြီးလား…
စာအုပ်က ပြီးခါနီးလာပြီဆိုတော့ ဟန်ရှောင်းရဲ့ အကြမ်းအရမ်းတွေနဲ့ ဇာတ်ရှိန်အမြင့်တွေ တောက်လျောက်ဖတ်ရမယ့် စာစဉ် (၅၆)…
အခန်း (၉၄၁) နှောင့်ယှက်ခြင်း၊ ဖိနှိပ်ခြင်း
အန်ယာ အာကာသစခန်း၏ နေရာအသီးသီးတွင် ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားနေသည်။
ရေမွန်သည် သူ့ရဲဘော်များထံမှ သတင်းရရှိပြီးနောက် သူတို့နှင့်တွေ့ဆုံရန် အပြေးသွားလေသည်။ ဖေဒင်နှင့် အော်ရိုရာတို့သည် သူ့နောက်မှသာ လိုက်နိုင်ကြသည်။ တစ်ချိန်တည်းမှာပင် ဖေဒင်သည် အခြား ဘလက်စတား အစောင့်တပ်ဖွဲ့ဝင်များကို တိတ်တဆိတ် ဆက်သွယ်လိုက်သည်။
သူသည် အပြစ်ပေးသူ မဟာမိတ်အဖွဲ့ထဲသို့ ခိုးဝင်ရမည်ဖြစ်သောကြောင့် လှုပ်ရှားရန် အဆင်မပြေဖြစ်နေသည်။ ထို့ကြောင့် ဘလက်စတား အစောင့်တပ်ဖွဲ့ဝင်များသည် သူ့အတွက် အကောင်းဆုံးအကူအညီများ ဖြစ်ကြသည်။
အခြေအနေသည် သူ၏ကနဦးမျှော်မှန်းချက်ထက် ကျော်လွန်သွားပြီဖြစ်သည်။ ဤမုန်တိုင်းကို ကျော်ဖြတ်နိုင်ရန် ဘလက်စတား စစ်တပ်သည် ဘေးမှ လက်ပိုက်ကြည့်မနေနိုင်တော့ပေ။
စစ်ဘက်ဆိုင်ရာကန့်သတ်နယ်မြေသည် နေရာအသီးသီးမှ ရောက်ရှိလာသော စစ်သင်္ဘောများဖြင့် အလွန်ရှုပ်ထွေးနေသည်။ တိုက်ပွဲ၏ တုန်ခါမှုလှိုင်းများသည် အနီးနားရှိမြို့များကို ပျက်စီးစေမည်ကို စိုးရိမ်သဖြင့် သူတို့သည် ရန်သူကို ဖြေရှင်းရန် ဂြိုလ်အတွင်းရှိ လက်နက်များကိုသာ အသုံးပြုနိုင်သည်။
ဂျဘရာသည် မီးခိုးရောင်အဖွဲ့အစည်းများကို ရှာဖွေရန် သူ့လက်အောက်ငယ်သားများကို ဦးဆောင်သွားသည်။ သူ့ဘေးတွင် ကပ်ဘေးအဆင့် ရဲဘော်များလည်း ရှိနေပြီး နှစ်ဖက်စလုံး ပြင်းထန်သောတိုက်ပွဲ ဖြစ်ပွားနေကြသည်။ အပြန်အလှန် တိုက်ခိုက်နေကြသော ကပ်ဘေးအဆင့်စူပါ ၇ ယောက်၊ ၈ ယောက်ခန့် ရှိပြီး တိုက်ပွဲ၏ တုန်ခါမှုလှိုင်းများသည် ထိုဧရိယာကို လုံးဝပျက်စီးစေခဲ့သည်။ အကယ်၍ စစ်တပ်မှ အကာအကွယ်ဒိုင်းကို မဖွင့်ထားပါက သူတို့တိုက်ပွဲ၏ တုန်ခါမှုလှိုင်းသည် အခြားဒေသများသို့ ပျံ့နှံ့သွားလိမ့်မည်။
အပြစ်ပေးသူ မဟာမိတ်အဖွဲ့ဝင်များသည် ကပ်ဘေးအဆင့်စူပါများကြား တိုက်ပွဲကို လုံးဝဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိသဖြင့် မီးခိုးရောင်အဖွဲ့အစည်းအမျိုးမျိုးကို ဖြေရှင်းရာတွင်သာ ကူညီပေးနိုင်သည်။
"မြန်မြန် သူတို့ကို ကူညီလိုက်ကြ။" ရေမွန်သည် စစ်မြေပြင်သို့ ရောက်ရှိလာပြီးနောက် တွေဝေခြင်းမရှိဘဲ တိုက်ပွဲထဲသို့ ဝင်ရောက်သွားသည်။
ဖေဒင်သည် ထိုအရာကို မြင်လိုက်သောအခါ အော်ရိုရာကို ကာကွယ်လိုက်ပြီး ရန်သူများကို တိုက်ခိုက်ရန် အဆင့် ဘီ ခွန်အားကိုသာ ထုတ်သုံးခဲ့သည်။ သူ့တွင် ပိုလျှံနေသော စွမ်းရည်များစွာ ရှိပြီး ပုံရိပ်ကြီးကို တွေးတောရင်း တိုက်ခိုက်နိုင်သည်။
အခြေအနေက ဒီလိုဖြစ်လာမယ်လို့ ငါဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ဒီမီးခိုးရောင်အဖွဲ့အစည်းတွေက ဆင့်ကဲဖြစ်စဉ် တိုတမ်ကို လာလုတယ်ဆိုတော့ သူတို့နောက်ကွယ်မှာ ကြိုးကိုင်သူတစ်ယောက် ရှိကိုရှိရမယ်။ ဖေဒင်က မျက်မှောင်ကြုတ်လိုက်သည်။ အင်ပါယာ၏ နယ်မြေအတွင်းမှ ဆင့်ကဲဖြစ်စဉ် တိုတမ်ကို လုယူရန် ဤမျှကြီးမားသော ရုန်းရင်းဆန်ခတ်မှုကို ဖြစ်စေခြင်းထက် အခြားကြယ်နယ်မြေများရှိ အခြားလူမှုအဖွဲ့အစည်းများထံမှ လုယူခြင်းက ပိုကောင်းပေလိမ့်မည်။ သူတို့၏ ပစ်မှတ်သည် ဤဒေသရှိ ဆင့်ကဲဖြစ်စဉ် တိုတမ်ထက် အခြားအရာတစ်ခု ဖြစ်သင့်သည်။
သူဤမေးခွန်းကို စဉ်းစားနေစဉ်မှာပင် နေရာအနှံ့အပြား၌ နောက်ထပ်ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။ အမှောင်ထဲတွင် ပေါက်ကွဲမှုများကို ဖန်တီးနေသော ရန်သူများစွာ ရှိနေသည်မှာ ထင်ရှားသည်။
ဂျဘရာသည် ဂိုဏ်းချုပ်၏ တူကို ရှောင်တိမ်းလိုက်ပြီး ဟိန်းဟောက်လိုက်သည်၊ "ပေါက်ကွဲမှုတွေ လုပ်နေတဲ့ အဲ့ဒီကောင်စုတ်တွေကို ရှင်းပစ်ဖို့ လူတချို့ လွှတ်လိုက်။"
အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် စစ်သင်္ဘောအချို့ လူစုခွဲကာ လုံခြုံရေးထိန်းသိမ်းရန် နေရာအသီးသီးသို့ ဦးတည်သွားကြသည်။
ဘုန်း။
ထိုအချိန်၌ပင် အဝေးတစ်နေရာ၌ ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး မိုးမျှော်တိုက်တစ်လုံး ပြိုကျသွားသည်။ တိုက်ခိုက်မှု၏ တုန်ခါမှုလှိုင်းသည် အခြားလမ်းအနည်းငယ်ကို ပျက်စီးစေခဲ့ပြီး အမည်မသိ ကပ်ဘေးအဆင့် အရှိန်အဝါတစ်ခု ပေါ်လာသည်။
"ရန်သူတွေ ရှိနေတုန်းပဲလား။" ဂျဘရာက စိတ်ပျက်လက်ပျက် ပြောလိုက်ပြီး ရန်သူစစ်ကူများ ရောက်လာသည်ဟု ထင်လိုက်သည်။
သို့သော် အဝေးမှ ကပ်ဘေးအဆင့်စူပါများသည် အနီးကပ်သို့ လာရန် ရည်ရွယ်ချက်မရှိပုံရပြီး အမည်မသိ ပြိုင်ဘက်တစ်ဦးနှင့် တိုက်ခိုက်နေပုံရသည်။
"ဘာတွေဖြစ်နေတာလဲ။" ဂျဘရာသည် ဇဝေဇဝါ ဖြစ်သွားသည်။ သူသည် သူ့နေရာကို စွန့်ခွာ၍မရပေ။ သူမြင်ရသလောက် ရန်သူ၏ပစ်မှတ်မှာ ဆင့်ကဲဖြစ်စဉ် တိုတမ်ဖြစ်သည်။ အကယ်၍ သူလက်ရှိနေရာမှ ထွက်ခွာသွားပါက ရန်သူသည် ခံစစ်ကိုဖောက်ထွက်ပြီး ဆင့်ကဲဖြစ်စဉ် တိုတမ်ကို ခိုးယူသွားလိမ့်မည်။ ထို့ကြောင့် သူသည် သူ့နေရာကို စွန့်ခွာ၍မရပေ။
ခေတ္တမျှ စဉ်းစားပြီးနောက် ဂျဘရာသည် အဝေးမှ အမည်မသိအခြေအနေကို ခေတ္တလျစ်လျူရှုပြီး သူ့ရှေ့မှ အသုံးမကျသော ကပ်ဘေးအဆင့်စူပါများကို ရှင်းပစ်ရန်သာ တတ်နိုင်တော့သည်။ ထိုအခါမှသာ သူသည် အခြားအခြေအနေကို ဂရုစိုက်နိုင်မည်ဖြစ်သည်။
ဖေဒင်သည်လည်း အဝေးမှ တုန်ခါမှုလှိုင်းကို ခံစားလိုက်ရပြီး သူ့မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
သူသာ မမှတ်မိပါက ထိုတုန်ခါမှုလှိုင်းသည်... ရုတ်တရက် ဖေဒင်သည် သူတွေ့ရှိခဲ့သော ကပ်ဘေးအဆင့် စူပါအုပ်စုအကြောင်းကို တွေးမိလိုက်သည်။ သူ့ပင်ကိုယ်အာရုံဖြင့်ပင် သူတို့သည် အထက်တန်းလွှာမျိုးဆက်၏ သက်တော်စောင့်များနှင့် တိုက်ခိုက်နေကြောင်း ခန့်မှန်းမိလိုက်သည်။
ဒါက ပူးပေါင်းကြံစည်မှုတစ်ခု ဖြစ်ပုံရတယ်... ဖေဒင်၏မျက်လုံးများ အရောင်လက်သွားသည်။
…
တစ်ချိန်တည်းမှာပင် အခြားဒေသတစ်ခု၌ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။ ကပ်ဘေးအဆင့်စူပါများသည် မည်သည့်အရာကိုမျှ ထိန်းချန်မထားဘဲ မိုးမျှော်တိုက်များစွာ ပျက်စီးခဲ့ရသည်။
တိုက်ခိုက်နေကြသူများမှာ ဝရမ်းပြေး ကပ်ဘေးအဆင့်လေးဦးနှင့် လဒ်ဝဲလ်မြေး၏ သက်တော်စောင့်များ ဖြစ်ကြသည်။
တိုက်ပွဲမှာ လေးယောက်နှင့်နှစ်ယောက် အခြေအနေဖြစ်နေသဖြင့် လဒ်ဝဲလ်မြေး၏ဘေးမှ သက်တော်စောင့်များသည် ဝရမ်းပြေး ကပ်ဘေးအဆင့်လေးဦး၏ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိအောင် ကြိုးစားရင်း ဒဏ်ရာများ ပြည့်နှက်နေပြီဖြစ်သည်။
"သူတို့က ဘာလို့ ငါ့ကို တိုက်ခိုက်နေကြတာလဲ။" လဒ်ဝဲလ်၏မြေး မျက်နှာတွင် ထိတ်လန့်မှုများ အပြည့်ဖြစ်နေသည်။ သူသည် အဆင့်မြင့်အရာရှိကြီးတစ်ဦး၏ မြေးဖြစ်သော်လည်း နိုင်ငံရေးလောကတွင် ဘယ်တုန်းကမှ ဝင်ရောက်မလုပ်ကိုင်ခဲ့ဘဲ စီးပွားရေးသမားဖြစ်ရန် ရွေးချယ်ခဲ့သည်။ တစ်နေ့တွင် ဤကဲ့သို့သော အခြေအနေနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူစိတ်ကူးမယဉ်ခဲ့ဖူးပေ။
ဤအချိန်တွင် သူသည် စွမ်းအင်အကာအကွယ်ဒိုင်းအတွင်း ပုန်းအောင်းနေပြီး တစ်လက်မမျှပင် မရွေ့နိုင်ပေ။ ဒိုင်းအပြင်ဘက်တွင် တိုက်ပွဲမှ တုန်ခါမှုလှိုင်းသည် သူ့ကို အလွယ်တကူ ပျက်စီးစေနိုင်ပြီး ဒိုင်းမှ ထွက်လိုက်သည်နှင့် သူအသက်ဆုံးရှုံးသွားလိမ့်မည်။
သူ့သက်တော်စောင့်နှစ်ဦးသည် အင်ပါယာမှ မွေးထုတ်ပေးထားသော အဆင့်မြင့် တိုက်ခိုက်ရေးသမားများဖြစ်ပြီး အလွန်သစ္စာရှိကြသည်။ သူတို့သည် အနိုင်ရရန် အခွင့်အလမ်း နည်းပါးကြောင်း သိသော်လည်း အံကြိတ်ကာ လေးဦး၏ တိုက်ခိုက်မှုကို ကာကွယ်နေကြဆဲဖြစ်သည်။
ဘုန်း။
ရုတ်တရက် သက်တော်စောင့်တစ်ဦး ပြင်းထန်သော ထိုးနှက်ချက်ကို ခံလိုက်ရပြီး လွင့်ထွက်သွားသည်။
ရန်သူလေးဦး၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန် သက်တော်စောင့်တစ်ဦးသာ ကျန်ရှိတော့ပြီး သူ၏ဒဏ်ရာများမှာ လျင်မြန်စွာ ဆိုးရွားလာသည်။ သူတို့သည် ဂျဘရာကဲ့သို့ ထိပ်တန်း ကပ်ဘေးအဆင့်များ မဟုတ်ကြဘဲ ဤဝရမ်းပြေးများမှာလည်း သာမန်ဇာတ်ကောင်များ မဟုတ်ကြပေ။ ဟာကွက်တစ်ခု ပေါ်လာသည်နှင့် သူတို့က အခွင့်ကောင်းယူလိုက်ပြီး ဤသက်တော်စောင့်၏ လက်မောင်း ပြတ်သွားသည်။
သက်တော်စောင့်၏ မျက်နှာ ဖြူဖျော့သွားသော်လည်း သူသည် ညည်းသံသဲ့သဲ့သာ ပြုလိုက်ပြီး ပြန်လည်တိုက်ခိုက်ချင်ခဲ့သည်။ သို့သော် သူ၏ အားကောင်းသော စိတ်ဆန္ဒသည် အပိုတိုက်ခိုက်ရေးခွန်အားအဖြစ် ပြောင်းလဲမသွားပေ။
သူ့သက်တော်စောင့်နှစ်ဦးစလုံး ပြင်းထန်စွာ ဒဏ်ရာရသွားသဖြင့် လဒ်ဝဲလ်သည် ကျွမ်းကျင်သူများ၏ ကာကွယ်မှုကို ဆုံးရှုံးလိုက်ရပြီး သားသတ်ရုံအတွက် သိုးတစ်ကောင် ဖြစ်သွားပြီဖြစ်သည်။
"သူ့ကို ရှင်းပစ်လိုက်။" ဝရမ်းပြေးလေးဦးသည် သူတို့၏ပစ်မှတ်ကို ရှင်းပစ်ချင်ကြသည်။
သို့သော် နောက်အခိုက်အတန့်တွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
ကောင်းကင်မှ အလင်းတန်းများ မိုးရွာချလိုက်ပြီး ဝရမ်းပြေး ကပ်ဘေးအဆင့်များသည် တိုက်ခိုက်မှုများကို ချက်ချင်း ရှောင်တိမ်းလိုက်ကြသည်။
ဘုန်း။
လေဆာရောင်ခြည်များသည် သူတို့ရှေ့တွင် ပေါက်ကွဲသွားပြီး မြေကြီးသည် အပူချိန်မြင့်မားမှုအောက်တွင် အရည်ပျော်သွားသည်။
ထို့နောက် လူရိပ်အနည်းငယ် ဆင်းသက်လာပြီး ဝရမ်းပြေးလေးဦးကို ပိတ်ဆို့လိုက်သည်။
"မင်းတို့က ဘယ်သူတွေလဲ။" သူတို့ထဲမှ တစ်ဦးသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ချက်ချင်း ခံစားလိုက်ရသည်။ သူတို့ရှေ့မှ ကပ်ဘေးအဆင့်စူပါများသည် ထောက်လှမ်းရေးအစီရင်ခံစာထဲတွင် မပါဝင်သလို အန်ယာ အာကာသစခန်း လုံခြုံရေးတပ်ဖွဲ့၏ အစိတ်အပိုင်းလည်း မဟုတ်ပေ။ ထို့အပြင် သူတို့ထုတ်လွှတ်သော ဖိအားသည် သူတို့ယခုလေးတင် တိုက်ခိုက်ခဲ့သော သက်တော်စောင့်နှစ်ဦးထက် များစွာသာလွန်သည်။ သူတို့သည် သေချာပေါက် ကပ်ဘေးအဆင့်မှ အင်အားကြီးသူများ ဖြစ်ကြသည်။
"ငါတို့က ဘလက်စတား စစ်တပ်က ဘလက်စတား အစောင့်တပ်ဖွဲ့ပဲ။ မင်းတို့ကရော ဘယ်သူတွေလဲ။ အင်ပါယာရဲ့နယ်မြေထဲမှာ မင်းတို့က ဘယ်လိုလုပ် ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်ရဲရတာလဲ။" ဟာဒါဗီ၏ အကြည့်သည် ဝရမ်းပြေးများကို အေးစက်စွာ ဖြတ်ကျော်ကြည့်ရှုလိုက်သည်။
ဝရမ်းပြေးများ ကြောင်အမ်းသွားပြီး သူတို့၏ မျက်နှာအမူအရာများ များစွာ ပြောင်းလဲသွားသည်။
ဘလက်စတား စစ်တပ်။
သူတို့ အန်ယာ အာကာသစခန်းကို ဘယ်တုန်းက ရောက်နေတာလဲ။ ဘာလို့ ငါတို့ ဘာသတင်းမှ မရခဲ့တာလဲ။
ဒီတစ်ခါတော့ သူတို့တကယ် သံပြားကို ကန်မိပြီ။
ဘလက်စတား စစ်တပ် ရှိနေကြောင်း သူတို့သိခဲ့လျှင် မစ်ရှင်တွင် ပါဝင်ရဲပါ့မလား။
သူတို့ တကယ် ကံဆိုးတာပဲ။
"ငါတို့မှာ တကယ် စစ်ကူတွေ ရှိတာပဲ။" ပြင်းထန်စွာ ဒဏ်ရာရနေသော သက်တော်စောင့်နှစ်ဦးသည် သက်ပြင်းချကာ အလွန်ဝမ်းသာသွားကြသည်။
ကျေးဇူးတင်စရာကောင်းသည်မှာ ဘလက်စတားသည် အန်ယာ အာကာသစခန်းတွင် ရှိနေသည်။ သို့မဟုတ်ပါက အကျိုးဆက်များ ဆိုးရွားနိုင်ပေသည်။
ဘလက်စတား စစ်တပ်၏ အမည်ကို ကြားလိုက်ရသည့်အခိုက်အတန့်တွင် ဝရမ်းပြေးလေးဦးသည် ဆုတ်ခွာပြီး သူတို့၏မစ်ရှင်ကို စွန့်လွှတ်ရန် ချက်ချင်း တွေးလိုက်ကြသည်။ သို့သော် ဟာဒါဗီသည် သူတို့ကို စဉ်းစားရန် အချိန်ပေးမည်မဟုတ်ဘဲ ဘလက်စတား အစောင့်တပ်ဖွဲ့နှင့်အတူ ရှေ့သို့ ချက်ချင်း ဝင်ရောက်တိုက်ခိုက်လိုက်သည်။ နှစ်ဖက်စလုံး တိုက်ပွဲထဲသို့ ရောက်သွားကြသည်။
…
အခြားတစ်ဖက်တွင် စစ်ဘက်ဆိုင်ရာဒေသ၌ တိုက်ပွဲတွင် ထိခိုက်သေဆုံးမှုများစွာရှိပြီး ဂျဘရာ၏ လက်ချက်ဖြင့် ခေါင်းဖောက်ခွဲခံရသော ကပ်ဘေးအဆင့်စူပါတစ်ဦးပင် ရှိလေသည်။
အန်ယာ အာကာသစခန်း တပ်ဖွဲ့များသည် အားသာချက်ရှိသော်လည်း ဂျဘရာသည် ရန်သူများကို မကြာမီအချိန်အတွင်း ရှင်းလင်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အန်ယာ အာကာသစခန်းရှိ ဖရိုဖရဲဖြစ်မှုများကို လျင်မြန်စွာ နှိမ်နင်းရန် ခက်ခဲလိမ့်မည်။
အပြစ်ပေးသူ မဟာမိတ်အဖွဲ့ဝင်များသည် စစ်မြေပြင်တစ်ခုတွင် ကူညီပေးနေပြီး ပြင်းထန်သောတိုက်ပွဲ ဖြစ်ပွားနေသည်။ သူတို့အဖွဲ့ဝင်များစွာသည် အတိုင်းအတာအမျိုးမျိုးဖြင့် ဒဏ်ရာများ ရရှိခဲ့ကြသည်။
ဤအခိုက်အတန့်တွင် သူတို့သည် အော်ရိုရာ၏ ကုသမှုစွမ်းရည် လွန်ကဲမှုကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ကြရသည်။ သူတို့၏ ဒဏ်ရာများ မည်မျှပင် ပြင်းထန်စေကာမူ အသက်ရှူချိန်အနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာသည်။ အပြစ်ပေးသူ မဟာမိတ်အဖွဲ့ဝင်အားလုံး ချက်ချင်း အားအင်ပြည့်ဝလာပြီး သေမင်းကို မကြောက်သကဲ့သို့ တိုက်ခိုက်ကြသည်။
သူတို့နှစ်ဦးကို သတိထားနေသော စလိတ်သည် မျက်နှာအမူအရာ အူကြောင်ကြောင်ဖြစ်နေပြီး ကုသမှုခံယူရသည့်အခါ ကျေးဇူးတင်စကား ပြောရန်ပင် ရှက်ရွံ့နေသည်။
ရှည်လျားသော ကြီးထွားမှုကာလတစ်ခုပြီးနောက် အော်ရိုရာ၏ ပြန်လည်ကောင်းမွန်ခြင်းစွမ်းရည်သည် ယခင်ကထက် များစွာသာလွန်အားကောင်းလာသည်။ အဆင့် ဘီ စူပါတစ်ဦးကို ကုသရန် ကုန်ဆုံးသော အားအင်အနည်းငယ်သည် သူမ၏ ကိုယ်ပိုင် ပြန်လည်ကောင်းမွန်ခြင်းနှုန်းထက် နည်းပါးပြီး သူမ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဝန်ထုပ်ဝန်ပိုးမှ မရှိပေ။
သူတို့တိုက်ခိုက်နေစဉ်မှာပင် ဒုတိယတပ်မှူးတစ်ဦး၏ ပုံရိပ်ယောင်သည် ဂျဘရာ၏ဘေးတွင် ပေါ်လာပြီး စိုးရိမ်တကြီး ပြောလိုက်သည်၊ "အရှင် ဂျဘရာ၊ ဆင့်ကဲဖြစ်စဉ် တိုတမ် ပျောက်ဆုံးနေပါတယ်။"
"ဘာ။" ဂျဘရာ ထိတ်လန့်သွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်၊ "မင်းတို့ကောင်တွေ အဲဒါကို ဘယ်လိုလုပ် ပျောက်စေရတာလဲ။ အခုချက်ချင်း ပြန်ယူလာခဲ့။"
ဤတိုက်ခိုက်မှုသည် သူခိုးတစ်ဦး နောက်ကျောမှ ခိုးဝင်ပြီး ဆင့်ကဲဖြစ်စဉ် တိုတမ်ကို ခိုးယူနိုင်စေရန် အာရုံလွှဲခြင်းတစ်ခုသာဖြစ်ကြောင်း ဤအချိန်တွင် သူနားလည်လိုက်သည်။
ဆင့်ကဲဖြစ်စဉ် တိုတမ်ကို လုံခြုံသည်ဟုယူဆရသော နေရာတစ်ခုတွင် ထားရှိသော်လည်း ဂလက်ဆီသူခိုးများသည် သာမန်လူများ မဝင်နိုင်သောနေရာများကို ဝင်ရောက်နိုင်သောကြောင့် စီးပွားရေး ဖြစ်နေဆဲဖြစ်သည်။
အခြေအနေများ ဤအဆင့်ထိ ဖြစ်လာသဖြင့် ဂျဘရာ၏ မာနကြီးသော စရိုက်နှင့်ပင် ရန်သူစုဆောင်းနိုင်သော အင်အားပမာဏကြောင့် မလန့်ဘဲ မနေနိုင်တော့ပေ။ စီမံကိန်းတစ်ခုလုံး၏ နောက်ကွယ်ရှိ လူပုဂ္ဂိုလ်ကို သူတကယ် သိချင်မိသည်။
တိုတမ်တစ်ခုတည်းအတွက် ဒီလောက်အားထုတ်နေတာလား။ ဂျဘရာက ဒါဖြစ်နိုင်မယ် မထင်ပေ။
တိုတမ်ကို ကာကွယ်ခြင်းသည် သူ့တာဝန်ဖြစ်သည်။ တကယ်တော့ သူတို့သည် အင်ပါယာ၏ မဟာမိတ်လည်းဖြစ်သောကြောင့် တိုတမ်ကို သူဂရုမစိုက်ပေ။ သူတို့သည် ဘလက်စတားထံမှ တိုတမ်အသစ်တစ်ခုကို အချိန်မရွေး အလွယ်တကူ ဝယ်ယူနိုင်သည်။
သူစဉ်းစားနေစဉ်မှာပင် ရန်သူ၏တိုက်ခိုက်မှုက သူ့အတွေးများကို နှောင့်ယှက်လိုက်သည်။ ဂျဘရာ ချက်ချင်း ဒေါသထွက်သွားပြီး သူ့ဘာသာ တွေးလိုက်သည်၊ တိုတမ်တွေ ပျောက်သွားလို့ ရတယ်၊ ဒါပေမယ့် ဒီကောင်စုတ်တွေ သေကိုသေရမယ်။
"ပျောက်သွားတဲ့ တိုတမ်တွေကို မဖြေရှင်းခင် ပြဿနာရှာနေတဲ့ ဒီကောင်တွေကို အရင်ရှင်းပစ်။"
သူပြောလိုက်သည်နှင့် တပြိုင်နက် ကပ်ဘေးအဆင့်စူပါအချို့ ကောင်းကင်မှ ရုတ်တရက် ဆင်းသက်လာသည်။ သူတို့သည် အခြား ဘလက်စတား အစောင့်တပ်ဖွဲ့ဖြစ်သည်။ သူတို့သည် စကားတစ်ခွန်းမှမပြောဘဲ တိုက်ပွဲထဲသို့ ဝင်ရောက်လာပြီး စစ်မြေပြင်၏ ဟန်ချက်ညီမှု ချက်ချင်း ပျက်ပြားသွားသည်။
"စစ်ကူတွေလား။" ဂျဘရာ ကြောင်အမ်းသွားသည်။ သူတို့ ဘယ်ကနေ ရောက်လာတာလဲ။
ဘလက်စတား အစောင့်တပ်ဖွဲ့ဝင်တစ်ဦးသည် ဂိုဏ်းချုပ် ဆင့်ခေါ်ထားသော မှော်သတ္တဝါကို ဖျက်ဆီးရန် သူနှင့် ပူးပေါင်းလိုက်ပြီး ဂျဘရာက ဤအခွင့်အရေးကို အသုံးချကာ မေးလိုက်သည်၊ "မင်းတို့က ဘယ်သူတွေလဲ။"
ထိုဘလက်စတား အစောင့်တပ်ဖွဲ့ဝင်က တည်ငြိမ်စွာ ပြန်ဖြေသည်၊ "ဘလက်စတား အစောင့်တပ်ဖွဲ့။"
"မင်းတို့ပဲကိုး။" ဂျဘရာ အလွန်ဝမ်းသာသွားသည်။ ဘလက်စတားသည် အင်ပါယာ၏နယ်မြေတစ်ဝိုက်တွင် လှည့်လည်သွားလာနေကြောင်း သူသိထားသော်လည်း တစ်ဖက်လူက သူ့နယ်မြေသို့ ရောက်လာလိမ့်မည်ဟု သူဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။
ကောင်းကင်ဘုံက သူ့ဘက်မှာ ရှိနေတာပဲ။
ထို့နောက် ဂျဘရာက အော်ဟစ်လိုက်ရာ သူ့အသံသည် စစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
"ဘလက်စတား စစ်တပ်ရဲ့ စစ်ကူတွေ ရောက်လာပြီ။ မသေချင်ရင် ခုခံနေတာကို ရပ်လိုက်တော့။"
ထို့နောက် ဘလက်စတား အစောင့်တပ်ဖွဲ့ဝင်အားလုံး ကြောင်အမ်းသွားကြသည်။
‘ငါတို့ နာမည်တောင် မပြောရသေးဘူး၊ ခင်ဗျားက ငါတို့ထက် ဦးအောင် ပြောလိုက်တာလား။ ခင်ဗျားက ဘာလို့ ငါတို့ထက် ဘလက်စတား အစောင့်တပ်ဖွဲ့ဝင်နဲ့ ပိုတူနေရတာလဲ။’
ထိုစကားလုံးများ၏ အကျိုးသက်ရောက်မှုမှာ ထင်ရှားသည်။
ရန်သူ၏မျက်နှာများ ရုတ်တရက် ပြောင်းလဲသွားပြီး သူတို့၏စိတ်နှလုံးများ တုန်လှုပ်သွားကြသည်။
အန်ယာ အာကာသစခန်း စစ်သည်များ၏ စိတ်ဓာတ်များ အလွန်မြင့်တက်လာသည်။
သူတို့နောက်ကွယ်တွင် အဆင့် အေ အထက်ဆင့်တစ်ဦး ရပ်တည်နေကြောင်း တွေးမိလိုက်သည့် အခိုက်အတန့်တွင် သူတို့အားလုံး စိတ်သက်သာရာ ရသွားကြသည်။
သာမန်စစ်သည်များအတွက် အဆင့် အေ အထက်ဆင့်တစ်ဦး ရှိနေခြင်းသည် သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ မဏ္ဍိုင်ကဲ့သို့ ဖြစ်သည်။
"ဘလက်စတား စစ်တပ်..." အပြစ်ပေးသူ မဟာမိတ်အဖွဲ့ဝင်များသည် ဘလက်စတား အစောင့်တပ်ဖွဲ့ဝင်များကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။
စကြဝဠာထဲတွင် အတားအဆီးမရှိ လှည့်လည်သွားလာနိုင်သော ဤကဲ့သို့သော အဖွဲ့အစည်းတစ်ခုသည် သူတို့နှင့် အလွန်ဝေးကွာပုံရသည်။ ၎င်းသည် သူတို့ ထိတွေ့ဆက်ဆံနိုင်သည့် အဆင့်တစ်ခု မဟုတ်ပေ။
ဘလက်စတား အစောင့်တပ်ဖွဲ့ဝင်များကို မြင်လိုက်ရသောအခါ လူတိုင်းသည် သူတို့၏ အိုင်ဒေါကို တွေ့လိုက်ရသကဲ့သို့ အလွန်စိတ်လှုပ်ရှားနေကြသည်။ စူပါတစ်ဦးအတွက် ကျော်ကြားသော ကပ်ဘေးအဆင့်အဖွဲ့တစ်ဖွဲ့သည် စူပါလောကတွင် စူပါစတားတစ်ဦး ဖြစ်သည်။
…
"ငါတို့ ပစ္စည်းရပြီ။ သွားကြစို့။"
ရုပ်ဖျက်ထားသော လူပုဂ္ဂိုလ်အချို့သည် စစ်မြေပြင်မှ ထွက်ပြေးလွတ်မြောက်သွားကြသည်။
ပင်မတပ်ဖွဲ့ ထိန်းချုပ်ခံထားရစဉ်တွင် သူတို့သည် ခိုးယူထားသော ဆင့်ကဲဖြစ်စဉ် တိုတမ်ကို ဘေးကင်းရာသို့ တိတ်တဆိတ် သယ်ဆောင်သွားကြသည်။ မှောင်ခိုဈေးကွက်ရှိ ကျော်ကြားသော ဂလက်ဆီပင်လယ်ဓားပြများအနေဖြင့် သူတို့တွင် အထောက်အကူပြုရန် ပစ္စည်းအမျိုးမျိုးနှင့် သင့်လျော်သော အက်စ်ပါစွမ်းရည်များ ရှိကြသည်။
သူခိုးများ၏ ခြေရာကို ရှာဖွေရန် အာကာသယာဉ်များ ကောင်းကင်တွင် ဖြတ်သန်းပျံသန်းနေကြသည်။ သို့သော် သူခိုးများသည် မဟာမိတ်များကြားနှင့် အကာအကွယ်အောက်တွင် ပုန်းအောင်းနေသဖြင့် အတွေ့မခံရပေ။
လမ်းကြားတစ်ခုမှ သူတို့ပြေးထွက်တော့မည့်အချိန်၌ သူတို့ပခုံးများ လေးလံသွားသည်ကို ခံစားလိုက်ရပြီး အားကောင်းသော ခွန်အားတစ်ခုက ဖိနှိပ်လိုက်သဖြင့် သူတို့ကို မလှုပ်ရှားနိုင်အောင် တားဆီးလိုက်သည်။
ထို့နောက် အသက်ရှူသံတစ်ခု သူတို့နောက်တွင် ပေါ်လာသည်။ ဤမတိုင်မီက သူတို့ မည်သည့်အရာကိုမျှ အာရုံမခံမိခဲ့သဖြင့် သူတို့၏ ဆံပင်များ ချက်ချင်း ထောင်မတ်သွားသည်။
လှည့်ကြည့်လိုက်ရာ တည်ကြည်ခန့်ညားသော ပုံပန်းသဏ္ဍာန်တစ်ခု သူတို့မျက်စိရှေ့တွင် ပေါ်လာသည်။
"ငါရောင်းလိုက်တဲ့ ပစ္စည်းတွေနဲ့ မင်းတို့ ဘယ်သွားမယ်လို့ ထင်နေလဲ။"
အသံသည် အလွန်တည်ငြိမ်သော်လည်း သူတို့နားထဲတွင် မိုးချိန်းသံကဲ့သို့ ကြားလိုက်ရသည်။
သူတို့ရှေ့မှ ဤမျက်နှာသည် စကြဝဠာတွင် အလွန်ကျော်ကြားသည်။ သာမန်လူပုဂ္ဂိုလ်များ မှတ်မိချင်မှ မှတ်မိမည်ဖြစ်သော်လည်း အဖွဲ့အစည်းတိုင်းသည် ဤမျက်နှာပိုင်ရှင်ကို သေချာပေါက် မှတ်မိကြလိမ့်မည်။
သူသည် အင်ပါယာ၏ မဟာမိတ်၊ 'အာကိန်း ရန်သူ'၊ 'မပျက်စီးနိုင်သောခန္ဓာ' ဘလက်စတား ဖြစ်သည်။
ဂလက်ဆီသူခိုးများသည် နေရာတွင် အေးခဲသွားပြီး မလှုပ်ရဲကြပေ။
ဟန်ရှောင်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး နာနိုမှုန်များ သူ့အဝတ်အစားများမှ စီးဆင်းထွက်လာသည်။ ထို့နောက် နာနိုမှုန်များသည် သူတို့အားလုံးကို နေရာတွင် သော့ခတ်ရန် လက်ထိပ်များအဖြစ် ပြောင်းလဲသွားသည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ယန္တရားစစ်သည်တစ်ဦး သူ့ဘေးတွင် ပေါ်လာသည်။
"ဒါကို မူလနေရာဆီ ပြန်ယူသွားလိုက်။" ဟန်ရှောင်းက ဆင့်ကဲဖြစ်စဉ် တိုတမ်ကို ညွှန်ပြလိုက်သည်။
ရုန်းရင်းဆန်ခတ်ဖြစ်ပွားချိန်တွင် သီးသန့်ခွဲနေပြီး သူ့စွမ်းအင်ကို လေ့ကျင့်နေသော ဟန်ရှောင်းသည် ဖြစ်ပျက်ခဲ့သည်ကို သတိပြုမိလိုက်သည်။ သူသည် ဘလက်စတား အစောင့်တပ်ဖွဲ့ကို လှုပ်ရှားရန်နှင့် ဤမုန်တိုင်းကို တားဆီးရန် ခွင့်ပြုပေးခဲ့ပြီး ဆင့်ကဲဖြစ်စဉ် တိုတမ် အခိုးခံရသည်ကိုလည်း အာရုံခံမိခဲ့သည်။
လေ့ကျင့်မှုများစွာ ပြုလုပ်ပြီးနောက် ဟန်ရှောင်းသည် ဆင့်ကဲဖြစ်စဉ် ကုဗတုံးနှင့် ဝိညာဉ်ချိတ်ဆက်မှု ပြုလုပ်ထားပြီးဖြစ်ရာ ဝိညာဉ်ချိတ်ဆက်မှု၏ အကျိုးသက်ရောက်မှုများသည် ယခင်က ဆိုင်ကာ ရရှိခဲ့သည်နှင့် တူညီသည်။ သူသည် ဆင့်ကဲဖြစ်စဉ် ကုဗတုံး၏ တည်နေရာကို အာရုံခံနိုင်စွမ်း ရှိသည်။
တစ်ချိန်တည်းမှာပင် သူသည် အကွာအဝေးတစ်ခုအတွင်းရှိ ဆင့်ကဲဖြစ်စဉ် တိုတမ်များကိုလည်း အာရုံခံနိုင်စွမ်းရှိသည်။ ပို၍တိကျစွာ ပြောရလျှင် သူသည် ၎င်းတို့အတွင်းရှိ ဆင့်ကဲဖြစ်စဉ်စွမ်းအင်ကို အာရုံခံနိုင်ခြင်း ဖြစ်သည်။
ကပ်ဘေးအဆင့်များကြား တိုက်ပွဲတွင် သူဝင်ရောက်စွက်ဖက်ရန် မလိုအပ်ဘဲ သူ့ဘလက်စတား အစောင့်တပ်ဖွဲ့သည် ထိုကဲ့သို့သော ရန်သူကို ကိုင်တွယ်ရန် လုံလောက်သည်။ သို့သော် ဆင့်ကဲဖြစ်စဉ် တိုတမ် အခိုးခံရပါက သူဘေးမှ လက်ပိုက်ကြည့်နေနိုင်မည် မဟုတ်ပေ။
ဘလက်စတား စစ်တပ်၏ ဝင်ရောက်စွက်ဖက်မှုဖြင့် ရုန်းရင်းဆန်ခတ်မှုကို အလွန်လျင်မြန်စွာ နှိမ်နင်းနိုင်လိမ့်မည်။ ဤအစီအစဉ်ကို ရေးဆွဲခဲ့သူများသည် သူပေါ်လာလိမ့်မည်ဟု သေချာပေါက် ထင်မှတ်မထားခဲ့ကြပေ။
ဟန်ရှောင်းသည် သူဖမ်းမိထားသော သူခိုးများကို ကြည့်ကာ အပြုံးတစ်ခု ထုတ်ဖော်လိုက်သည်။
"ကဲ... မင်းတို့သိသမျှ အကုန်ငါ့ကို ပြောပြစမ်း။"
စာစဉ် (၅၆)၊ အခန်း (၉၄၁) ပြီးပါပြီ။
လင်းဆက်
+++++
အခန်း (၉၄၂) ထွက်ပြေးချင်လို့လား။ မင်းတို့က အဲဒါဖြစ်နိုင်မယ် ထင်လို့လား။
ဟာဒါဗီသည် ဝရမ်းပြေး ကပ်ဘေးအဆင့်များထဲမှ တစ်ဦး၏လည်ပင်းကို ကြက်ပေါက်လေးတစ်ကောင်လို ညှစ်ထားလိုက်သည်။ ဤဝရမ်းပြေးသည် တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ဖုံးလွှမ်းနေပြီဖြစ်ပြီး ဟာဒါဗီ၏ လက်မှ ရုန်းမထွက်နိုင်ပေ။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် တိုက်ခိုက်မှုလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သော်လည်း သူ့တိုက်ခိုက်မှုများသည် ဟာဒါဗီ၏ ခံစစ်ကို ဖောက်ထွက်နိုင်စွမ်း မရှိပေ။
"အသုံးမကျလိုက်တာ..." ဟာဒါဗီသည် တိုက်ခိုက်မှုလှိုင်းကို ခံစားရင်း ကျေနပ်သော အမူအရာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။
နောက်အခိုက်အတန့်တွင် သူ့မျက်လုံးများသည် ပြင်းထန်သော အလင်းရောင်ဖြင့် တောက်ပလာပြီး ရန်သူ၏လည်ပင်းကို ချိုးလိုက်သည်။
ခရွပ်။
ရန်သူ၏ခေါင်းသည် ချက်ချင်း ငိုက်ကျသွားပြီး ကျောရိုးကျိုးသွားသည်။ ထိုကဲ့သို့သော ဒဏ်ရာသည် ကပ်ဘေးအဆင့်တစ်ဦးအတွက် အသက်အန္တရာယ် မရှိသဖြင့် ဝရမ်းပြေးသည် ဒဏ်ရာမှ သက်သာလာစေရန် သူ့ဆဲလ်များရှိ ကုသခြင်းစွမ်းရည်ကို ချက်ချင်း အသက်သွင်းလိုက်သည်။
သို့သော် ဟာဒါဗီသည် ရန်သူကို ပြန်လည်သက်သာလာရန် အခွင့်အရေးပေးမည်မဟုတ်ဘဲ လက်သီးဖြင့်ထိုးကာ မြေကြီးပေါ်သို့ ရိုက်ချလိုက်သည်။ ထို့နောက် သူ့ဘေးမှ ဘလက်စတား အစောင့်တပ်ဖွဲ့ဝင်များသည် ဝိုင်းအုံလာပြီး ဤရန်သူကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်လိုက်ကြသည်။
ဟာဒါဗီသည် သူ့ကိုယ်သူ ဖိအားပေးရန် အားကောင်းသော ရန်သူများနှင့် တိုက်ခိုက်ရသည်ကို နှစ်သက်သည်။ သို့သော် သူသည် ဤသာမန် ကပ်ဘေးအဆင့်များကို တစ်ယောက်တည်း အနိုင်ကျင့်ရန် စိတ်မဝင်စားဘဲ တိုက်ပွဲကို တတ်နိုင်သမျှ မြန်မြန် ပြီးစေချင်သည်။
ဘလက်စတား၏ ဘလက်စတား အစောင့်တပ်ဖွဲ့ဝင် အားလုံးသည် စစ်တပ်အတွင်းမှ ဂရုတစိုက် ရွေးချယ်ထားသော အထက်တန်းလွှာများ ဖြစ်ကြသည်။ ဟာဒါဗီသည် အဆင့် အေ အထက်ဆင့် မျိုးစေ့တစ်ဦးဖြစ်ပြီး သာမန် ကပ်ဘေးအဆင့်စူပါတစ်ဦးနှင့် ယှဉ်လျှင် ကြီးမားသော အားသာချက်ရှိသည်။ သူသည် ကွဲအက်ကြယ်စင်ကွင်းတွင် သူ့ခံစစ်ကြောင့် ကျော်ကြားပြီး ဤကလေးများသည် သူ့အရေပြားကိုပင် ဖောက်ထွက်နိုင်မည် မဟုတ်ပေ။
ဘလက်စတား စစ်တပ် ဝင်ရောက်စွက်ဖက်လိုက်သည့် အခိုက်အတန့်တွင် ဤဝရမ်းပြေးများ၏ ကံကြမ္မာသည် ဆုံးဖြတ်ပြီးသား ဖြစ်သွားသည်။ ဤဝရမ်းပြေး ကပ်ဘေးအဆင့်များထဲမှ တစ်ဦးသာ အသက်ရှင်လျက် ကျန်ရစ်ခဲ့ပြီး ဟာဒါဗီသည် သူ့ကို ရည်ရွယ်ချက်ရှိရှိ အသက်ရှင်လျက် ချန်ထားခဲ့ခြင်း ဖြစ်သည်။
ရန်သူများကို ဖြေရှင်းပြီးနောက် လဒ်ဝဲလ်၏ သက်တော်စောင့်နှစ်ဦးသည် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားကြသည်။ သူတို့သည် မိမိတို့ကိုယ်ပိုင် ဒဏ်ရာများကို ဂရုမစိုက်ဘဲ လဒ်ဝဲလ်၏မြေးတွင် ဒဏ်ရာတစ်စုံတစ်ရာ ရှိမရှိ စစ်ဆေးရန် သူ့ပတ်လည်ရှိ အကာအကွယ်ဒိုင်းကို ချက်ချင်း ပိတ်လိုက်သည်။
သူအဆင်ပြေကြောင်း သေချာပြီးနောက် နှစ်ဦးစလုံးသည် ဟာဒါဗီထံသို့ လျှောက်သွားပြီး ကျေးဇူးတင်စကား ပြောလိုက်ကြသည်။
"အရှင် လဒ်ဝဲလ် ကိုယ်စား ခင်ဗျားတို့အားလုံးရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ရဲ့ စွမ်းဆောင်ရည်တွေကို သူ့ဆီ အမှန်အတိုင်း သတင်းပို့ပါ့မယ်။"
"လဒ်ဝဲလ်။ သူက ဘယ်သူလဲ။" ဟာဒါဗီ ဇဝေဇဝါ ဖြစ်သွားသည်။
ဖေဒင်နှင့်မတူဘဲ သူသည် အင်ပါယာအရာရှိများ၏ ဖွဲ့စည်းပုံအကြောင်း လုံးဝနားမလည်ပေ။ သူသည် အဆင့် အေ အထက်ဆင့် စူပါ ဖြစ်လာရန်သာ စိတ်ဝင်စားပြီး အခြားကိစ္စများကို သိပ်စိတ်မဝင်စားပေ။
"သူက ကြက်သွေးရောင်အင်ပါယာရဲ့ နိုင်ငံရေးအရာရှိကြီးတစ်ယောက်ပါ..." ထို့နောက် သက်တော်စောင့်က လဒ်ဝဲလ်၏ ရာထူးနှင့် အဆင့်အတန်းကို ဖော်ပြပြီး ဘေးမှ လူငယ်လေးကို ညွှန်ပြလိုက်သည်။ "ဒါက အရှင် လဒ်ဝဲလ်ရဲ့ မြေးပါ၊ ကျွန်တော်တို့ရဲ့ အလုပ်က သူ့ကို ကာကွယ်ပေးဖို့ပါ။ ခင်ဗျားတို့သာ မရှိရင် အကျိုးဆက်တွေက ဆိုးရွားနိုင်ပါတယ်။"
"အော်၊ ငါတို့က အရာရှိကြီးတစ်ယောက်ရဲ့ ကလေးကို ကယ်လိုက်တာပေါ့။" ဟာဒါဗီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး တဟားဟား ရယ်မောလိုက်သည်။ "ဟဲ၊ ငါတို့ ဒီမှာ အားလပ်ရက် လာနားနေတာ မင်းတို့ကောင်တွေ တကယ်ကံကောင်းတာပဲ။ ဒါမှမဟုတ် ရန်သူက ကံဆိုးတယ်လို့ ပြောရမလား။ ဘာပဲဖြစ်ဖြစ် ဒါက ငါတို့အတွက် သေးငယ်တဲ့ ကိစ္စလေးပါ၊ အင်ပါယာရဲ့ မဟာမိတ်အနေနဲ့ တခြားသူတွေ အင်ပါယာထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်နေတာကို ငါတို့ လက်ပိုက်ကြည့်မနေနိုင်ပါဘူး။"
"ဒီကျေးဇူးကို ကျွန်တော်တို့ မမေ့ပါဘူး။" လက်ပြတ်သွားသော သက်တော်စောင့်သည် ကျန်ရစ်သော ထွက်ပြေးသူကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်၊ "ကျွန်တော့်မှာ တောင်းဆိုစရာတစ်ခု ရှိပါတယ်။ နောက်ပိုင်း စစ်ဆေးမေးမြန်းတဲ့အခါ ကျွန်တော် ပါဝင်ခွင့်ရချင်ပါတယ်။ အရှင် လဒ်ဝဲလ်ကို ဘယ်သူက ပစ်မှတ်ထားလဲဆိုတာ ကျွန်တော် သိဖို့လိုတယ်။"
"ဒါကို နောက်မှ ပြောကြတာပေါ့။ ငါ့ရဲဘော်တွေ ဟိုဘက်မှာ တိုက်ခိုက်နေတုန်းပဲ၊ ငါသူတို့ကို အရင်သွားကူညီလိုက်ဦးမယ်။"
ဟာဒါဗီသည် ပွင့်လင်းသော စရိုက်ရှိသော်လည်း ဤကဲ့သို့သော ကိစ္စကို အလွယ်တကူ သဘောတူ၍ မရကြောင်း သူသိသည်။ ထို့ကြောင့် သူလက်ကို ဝှေ့ယမ်းကာ အခြား ဘလက်စတား အစောင့်တပ်ဖွဲ့ဝင်များကို ပင်မစစ်မြေပြင်သို့ ဦးဆောင်သွားသည်။
သက်တော်စောင့်နှစ်ဦး ထိုအရာကို မြင်လိုက်သောအခါ နောက်ထပ် ခြုံခိုတိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် လဒ်ဝဲလ်၏မြေးနှင့်အတူ နောက်မှသာ လိုက်နိုင်တော့သည်။ တစ်ချိန်တည်းမှာပင် ဖြစ်ပျက်ခဲ့သည်များကို လဒ်ဝဲလ်ထံ သတင်းပို့လိုက်ကြသည်။
…
"အင်ပါယာရဲ့ စီးပွားရေးအခြေအနေက စိတ်ကူးထားသလောက် မကောင်းဘူး၊ ကုန်သွယ်ရေးပိုင်းမှာလည်း ကြီးမားတဲ့ သက်ရောက်မှု ခံစားခဲ့ရတယ်..."
ဧရာမ အစည်းအဝေးခန်းမကြီးထဲတွင် ဘဏ္ဍာရေးတာဝန်ခံ အရာရှိကြီးများအားလုံး စုဝေးနေကြပြီး လဒ်ဝဲလ်လည်း ထိုအဖွဲ့၏ အစိတ်အပိုင်းဖြစ်သည်။
စီးပွားရေးအရာရှိအများစုသည် ကြားနေအဖွဲ့ခွဲမှဖြစ်ပြီး လဒ်ဝဲလ်သည် ကြားနေအဖွဲ့ခွဲ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ထို့ကြောင့် ဘဏ္ဍာရေးနှင့်ပတ်သက်လာလျှင် သူသည် ကြီးမားသော အခွင့်အာဏာ ပိုင်ဆိုင်ထားသည်။
အစည်းအဝေး တစ်ဝက်လောက်တွင် လဒ်ဝဲလ်၏ ဆက်သွယ်ရေးကိရိယာ တုန်ခါလာသည်။ သတင်းအကြောင်းအရာကို ကြည့်ပြီးနောက် သူသည် ဆက်သွယ်ရေးကိရိယာကို ဘေးဖယ်ထားကာ အစည်းအဝေးကို ဆက်လက်လုပ်ဆောင်သည်။
အစည်းအဝေး ပြီးဆုံးပြီးနောက် လဒ်ဝဲလ် သူ့ရုံးခန်းသို့ ပြန်လာသည်။
တံခါးပိတ်လိုက်သည်နှင့် သူသည် စားပွဲကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဘုန်း။
အလွိုင်းစားပွဲတစ်ခုလုံး ချိုင့်ဝင်သွားသည်။ လဒ်ဝဲလ်သည် ယဉ်ကျေးသိမ်မွေ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သော်လည်း သူ့တွင် တိုက်ခိုက်ရေးခွန်အား မရှိဟု မဆိုလိုပေ။ အင်ပါယာရှိ အရာရှိအများစုသည် အားနည်းသော ပညာရှင်များ မဟုတ်ကြပေ။
"ဒီကိစ္စကို စုံစမ်း။ ငါ့မြေးကို ဘယ်သူကများ ပစ်မှတ်ထားရဲတာလဲ။"
လဒ်ဝဲလ်၏မျက်နှာ ဖြူဖျော့နေပြီး သူ့ဒေါသ အနည်းငယ် မပြေမချင်း နေ့ဝက်လောက် အမိန့်များ ဟိန်းဟောက်ပေးနေသည်။
သတင်းကို မြင်လိုက်ရသောအခါ သူအလွန်ထိတ်လန့်သွားသော်လည်း အစည်းအဝေးထဲတွင် ရောက်နေသဖြင့် ဒေါသကို မြိုသိပ်ထားခဲ့ရသည်။ ဤအချိန်မှသာ သူသည် ဒေါသကို ထုတ်ဖော်လိုက်ပြီး ကိစ္စကို ရှင်းရှင်းလင်းလင်း စစ်ဆေးရန် သူ့လက်ထဲရှိ အာဏာကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
ကျေးဇူးတင်စရာကောင်းသည်မှာ သူ့မြေးသည် နောက်ဆုံးတွင် ကယ်တင်ခံခဲ့ရပြီး လဒ်ဝဲလ်သည် ရင်ထဲတွင် ကြောက်ရွံ့မှုများ ကျန်ရှိနေလျက် သက်ပြင်းချလိုက်သည်။
ကျေးဇူးတင်စရာကောင်းသည်မှာ သူတို့သည် ဘလက်စတား စစ်တပ်နှင့် တွေ့ဆုံခဲ့သည်။ သို့မဟုတ်ပါက...
ဤဖြစ်နိုင်ခြေကို တွေးမိသောအခါ သူကြောက်ရွံ့မှုကြောင့် မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။
အခန်းထဲတွင် ခေတ္တမျှ လမ်းလျှောက်ပြီးနောက် လဒ်ဝဲလ် တဖြည်းဖြည်း တည်ငြိမ်သွားပြီး ကုလားထိုင်တွင် ထိုင်ကာ ရေရွတ်လိုက်သည်။
"ဘလက်စတား၊ ဒီတစ်ခါ ငါမင်းကို အကြွေးတင်သွားပြီ..."
သူသည် မူလက ဘလက်စတားကို မကြိုက်ပေ။ သို့သော် သူတို့သည် မဟာမိတ်များဖြစ်ပြီး သူသည် ဘလက်စတားကို ရန်သူကဲ့သို့ မဆက်ဆံပေ။ အင်ပါယာအတွက် အကျိုးအမြတ်များနှင့်ပတ်သက်၍ ပဋိပက္ခသာ ရှိခဲ့သည်။
အလုပ်ကိစ္စသည် အလုပ်ကိစ္စအဖြစ် ကျန်ရှိနေမည်ဖြစ်သော်လည်း ဘလက်စတားအပေါ် သူ၏ပုဂ္ဂိုလ်ရေးအမြင်သည် ယခင်ကထက် များစွာ ပိုကောင်းလာသည်။
သူသည် ပုဂ္ဂိုလ်ရေးခံစားချက်များကို အလုပ်ထဲသို့ ယူဆောင်လာမည် မဟုတ်သော်လည်း ဤကျေးဇူးကို သူမှတ်ထားမည်ဖြစ်သည်။
…
ဟာဒါဗီသည် တိုက်ပွဲတွင် ပါဝင်ရန် နောက်ထပ် စစ်ကူများ ခေါ်ဆောင်လာပြီးနောက် ရုန်းရင်းဆန်ခတ်မှုများကို ချက်ချင်း နှိမ်နင်းနိုင်လိုက်သည်။ ထွက်ပြေးချင်သူများ မပြေးနိုင်ကြဘဲ အခြားသူများမှာ သေဆုံး သို့မဟုတ် ဒဏ်ရာရသွားကြသည်။
ထို့နောက် စစ်သည်များသည် စစ်မြေပြင်ကို ရှင်းလင်းပြီး အသက်ရှင်ကျန်ရစ်သူအားလုံးကို ကန့်သတ်ပစ္စည်းများ တပ်ဆင်ပေးလိုက်သည်။
ဤဝရမ်းပြေးများသည် ခေါင်းငုံ့လျက် ဘေးတွင် ထိုင်နေကြပြီး မြင်ကွင်းသည် ဒုစရိုက်နှိမ်နင်းရေး စစ်ဆင်ရေးတစ်ခုနှင့် တူနေသည်။
"သူတို့အားလုံးကို ချုပ်နှောင်ပြီး သေချာစစ်ဆေးမေးမြန်းလိုက်။" ဂျဘရာသည် သူ့လက်အောက်ငယ်သားများကို အော်ဟစ်လိုက်ပြီးနောက် အပြစ်ပေးသူ မဟာမိတ်အဖွဲ့ဝင်များထံသို့ လျှောက်သွားသည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောလိုက်သည်၊ "မင်းတို့ကောင်တွေ မဆိုးပါဘူး။ နောက်မှ မင်းတို့ကို ဆုချဖို့ လူတွေ လွှတ်လိုက်မယ်။ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။"
သူကျေးဇူးတင်စကား ပြောနေသော်လည်း သူ့လေသံမှာ တည်ငြိမ်ပြီး ဟန်ဆောင်မှုသာ ဖြစ်သည်။ အပြစ်ပေးသူ မဟာမိတ်အဖွဲ့၏ အဆင့်အတန်းသည် တကယ်ကို နိမ့်ကျလွန်းပြီး သူတို့သည် သူ့ကို များစွာ အကူအညီ မပေးနိုင်ခဲ့ပေ။ သူ့မျက်လုံးထဲတွင် သူတို့သည် ငါးဖမ်းငယ်လေးအချို့ကိုသာ ကိုင်တွယ်နိုင်သည်။ သို့သော် တစ်ဖက်လူက သူ့ကို ကူညီပေးခဲ့သည်မှာ အမှန်ပင်ဖြစ်ပြီး ဤစူပါဟီးရိုးများကို မျက်နှာသာအချို့ ပေးရမည်ဖြစ်သည်။
ရေမွန်နှင့် အခြားသူများ ခေါင်းညိတ်လိုက်ကြသည်။ အဆင့် အေ အထက်ဆင့်စူပါတစ်ဦး၏ အရာရှိတစ်ယောက်က သူတို့ကို အလွန်ကျေးဇူးတင်လိမ့်မည်ဟု မမျှော်လင့်ထားကြဘဲ ထိုကဲ့သို့သော သဘောထားမျိုး ပြသခြင်းသည်ပင် ကောင်းမွန်နေပြီဖြစ်သည်။ ထို့အပြင် သူတို့ရစရာ ပိုက်ဆံရှိနေသေးပြီး ထိုပိုက်ဆံကို မဟာမိတ်အဖွဲ့၏ ရန်ပုံငွေ ဖြည့်တင်းရန် အသုံးပြုနိုင်သည်။ ဂျဘရာကဲ့သို့ ကပ်ဘေးအဆင့် အင်အားကြီးသူတစ်ဦးသည် သေချာပေါက် ကပ်စီးနည်းမည် မဟုတ်ပေ။
သို့သော် ဂျဘရာသည် ချက်ချင်း ထွက်မသွားဘဲ အော်ရိုရာကို ကြည့်လိုက်သည်။ "မင်းငါနဲ့ ပူးပေါင်းဖို့ စိတ်ဝင်စားလား။"
ရေမွန် မျက်မှောင်ကြုတ်လိုက်ပြီး တစ်ဖက်လူ၏ အဆင့်အတန်းကို ဂရုမစိုက်ဘဲ လေးနက်သောအသံဖြင့် ပြောလိုက်သည်၊ "ဒါက ဘာသဘောလဲ။"
"မင်းရဲ့ ကုသခြင်းစွမ်းရည်တွေက မဆိုးပါဘူး။ ငါတို့ရဲ့ အဆင့် အေ အထက်ဆင့် အဖွဲ့အစည်းကို ဝင်လိုက်ပါ။ မင်းမှာ ပိုတောက်ပတဲ့ အနာဂတ် ရှိလာလိမ့်မယ်။" ဂျဘရာက တည်ငြိမ်စွာ ပြောလိုက်သည်။
ယခင်တိုက်ပွဲအတွင်း အော်ရိုရာ၏ ကုသခြင်းစွမ်းရည်များသည် သူ့အာရုံကို ဖမ်းစားနိုင်ခဲ့သဖြင့် သူက သူမကို စည်းရုံးသိမ်းသွင်းချင်ခြင်း ဖြစ်သည်။
ထိုအရာကို ကြားလိုက်ရသောအခါ အပြစ်ပေးသူ မဟာမိတ်အဖွဲ့ဝင်များအားလုံး စိုးရိမ်ပူပန်သော မျက်လုံးများဖြင့် အော်ရိုရာကို ကြည့်လိုက်ကြသည်။ သူတို့သည် ထိုကဲ့သို့သော ရဲဘော်ကောင်းတစ်ဦး ပါသွားမည်ကို မလိုလားကြသော်လည်း သူမကိုယ်စား ပြန်မပြောနိုင်ကြပေ။
အော်ရိုရာက ခေါင်းခါပြီး ပြောလိုက်သည်၊ "ကျေးဇူးပါပဲ။ ကျွန်မက ဟီးရိုးတစ်ယောက် ဖြစ်ရတာကို ပိုစိတ်ဝင်စားပါတယ်။"
ဂျဘရာ မျက်မှောင်ကြုတ်လိုက်ပြီး သူမကို ဖျောင်းဖျချင်သည်။ ဤအခိုက်အတန့်တွင် သူ့နောက်မှ ခြေသံများ ကြားလိုက်ရပြီး ဟာဒါဗီသည် ဘလက်စတား အစောင့်တပ်ဖွဲ့ဝင်များနှင့်အတူ ရောက်ရှိလာသည်။
ဂျဘရာသည် အပြစ်ပေးသူ မဟာမိတ်အဖွဲ့ဝင်များကို ချက်ချင်း စွန့်ခွာပြီး ဟာဒါဗီ၏အဖွဲ့ဘက်သို့ တောက်ပသောအပြုံးဖြင့် ပြောလိုက်သည်၊ "ဟားဟားဟား၊ ဘလက်စတား စစ်တပ်က ညီအစ်ကိုတွေပဲ။ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တာပဲ။"
ဘလက်စတား အစောင့်တပ်ဖွဲ့နှင့် ပတ်သက်လာလျှင် ဂျဘရာ၏ သဘောထားသည် ၁၈၀ ဒီဂရီ ပြောင်းလဲသွားသည်။ သူသည် အပြစ်ပေးသူ မဟာမိတ်အဖွဲ့ရှေ့တွင် ဟန်လုပ်နေသော်လည်း ဘလက်စတား အစောင့်တပ်ဖွဲ့ရှေ့တွင် အလွန်ဖော်ရွေပျူငှာနေသည်။
သူသည် အဆင့် အေ အထက်ဆင့်စူပါတစ်ဦး၏ လက်အောက်ငယ်သားဖြစ်သော်လည်း ဂျဘရာ၏သူဌေးသည် အင်ပါယာ၏ သာမန်တိုင်တစ်တိုင်သာ ဖြစ်သည်။ သို့သော် အလားအလာ အများအပြားရှိသော ဘလက်စတားသည် အနာဂတ်တွင် အမှောင်သခင်၏ နေရာကို ဆက်ခံပြီး အင်ပါယာ၏ အသန်မာဆုံးမဟာမိတ် ဖြစ်လာရန် အလွန်ဖြစ်နိုင်ခြေ ရှိသည်။
"ငါတို့အားလုံးက အင်ပါယာရဲ့ မဟာမိတ်တွေပဲ၊ အချင်းချင်း ကူညီတာက မှန်ကန်ပါတယ်။" ဟာဒါဗီက ဆက်ပြောသည်၊ "အရှင် ဘလက်စတားက ဒီဝရမ်းပြေးတွေကို အတူတူ စစ်ဆေးမေးမြန်းချင်နေတယ်။ ခင်ဗျားအတွက် အဆင်ပြေပါ့မလား။"
"ဒါပေါ့ အဆင်ပြေတာပေါ့။" ဂျဘရာ တဟားဟား ရယ်မောလိုက်သည်။
"အင်း။" ဟာဒါဗီ ခေါင်းညိတ်ပြီး အော်ရိုရာကို ကြည့်လိုက်သည်။ ထို့နောက် သူက ပြောသည်၊ "မင်းက တော်တော်စွမ်းရည်ရှိတာပဲ။ ဘလက်စတား စစ်တပ်ကို ဝင်ဖို့ စိတ်ဝင်စားလား။ အနည်းဆုံးတော့ မင်းက ဘလက်စတား အစောင့်တပ်ဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မယ်။"
ဤစကားများကို ပြောလိုက်သောအခါ လူတိုင်း၏မျက်နှာ ထူးဆန်းသွားပြီး အထူးသဖြင့် အပြစ်ပေးသူ မဟာမိတ်အဖွဲ့ဝင်များ ဖြစ်သည်။
‘ခင်ဗျားက ငါတို့လူတစ်ယောက်ကို စည်းရုံးသိမ်းသွင်းချင်ရုံပဲ ရှိသေးတယ်၊ အခု သူမကို ပိုကြီးတဲ့ ငါးကြီးတစ်ကောင်က စည်းရုံးသိမ်းသွင်းနေပြီ။’
ထိုအရာကို ကြားလိုက်ရသောအခါ ဂျဘရာ၏မျက်နှာ နေရာတွင် အေးခဲသွားပြီး သူ့အူကြောင်ကြောင်ဖြစ်မှုကို ဖုံးကွယ်ရန် ချောင်းဟန့်လိုက်သည်။
"ဒါက... သိပ်မသင့်တော်ဘူး မဟုတ်လား။ ကျွန်မမှာ လက်ရှိအဖွဲ့အစည်းကနေ ထွက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။"
"ကောင်းပြီ၊ မင်းစိတ်ပြောင်းရင် ငါတို့ကို အကြောင်းကြားဖို့ မမေ့နဲ့ဦး။"
ဟာဒါဗီသည် တဟားဟားရယ်မောပြီး နှစ်သက်သော အကြည့်ဖြင့် အော်ရိုရာကို ကြည့်လိုက်သည်။
အော်ရိုရာ၏ နှုတ်ခမ်း အနည်းငယ် တွန့်လိမ်သွားသည်။
ရှင်က တကယ် ကလဲ့စားချေတတ်တဲ့လူပဲ။
ထိုအချိန်၌ပင် ယန္တရားစစ်သည်တစ်ဦး ဆင့်ကဲဖြစ်စဉ် တိုတမ်နှင့်အတူ ရောက်ရှိလာသည်။ ဂျဘရာ ချက်ချင်း အပြေးသွားကြည့်ပြီး အလွန်ဝမ်းသာသွားသည်။
ကောင်းလိုက်တာ၊ သူ့နောက်ဆုံးပြဿနာတောင် ဖြေရှင်းပြီးသွားပြီ။ ဒီကိစ္စအတွက် သူခေါင်းကိုက်စရာ မလိုတော့ဘူး။
ဘလက်စတားက တကယ် လူကောင်းပဲ။
ဤအနည်းငယ်သော ကြားဖြတ်နှောင့်ယှက်မှုဖြင့် ဂျဘရာသည် အခြားသူများကို စည်းရုံးသိမ်းသွင်းချင်စိတ် မရှိတော့ဘဲ စစ်မြေပြင်ကို ရှင်းလင်းရန် သူ့လက်အောက်ငယ်သားများကို ခိုင်းလိုက်သည်။
ထို့နောက် ဟာဒါဗီသည် အပြစ်ပေးသူ မဟာမိတ်အဖွဲ့ဝင်များကို ကြည့်ကာ ထူးဆန်းသောအပြုံးဖြင့် ထွက်ခွာသွားသည်။
ထိုအခါမှသာ အပြစ်ပေးသူ မဟာမိတ်အဖွဲ့ဝင်များ စိတ်လျော့လိုက်ကြသည်။ သူတို့သည် ကပ်ဘေးအဆင့် စူပါတစ်စု ဝိုင်းရံထားခံရသောအခါ တကယ်ကို စိတ်လှုပ်ရှားနေခဲ့ကြသည်။
မိမိတို့ကိုယ်ကို တည်ငြိမ်အောင် လုပ်ပြီးနောက် သူတို့သည် အော်ရိုရာနှင့် ဖေဒင်ကို ပိုမိုပြင်းပြသော စိတ်ဖြင့် ကြည့်လိုက်ကြသည်။
သူတို့၏ ဤရဲဘော်သစ်များသည် သူတို့အဖွဲ့အစည်းတွင် နေရန် အဆင့် အေ အထက်ဆင့် အဖွဲ့အစည်းတစ်ခုကို ငြင်းပယ်ခဲ့ကြသည်။
ထို့နောက် သူတို့ဘေးတွင် ဖေဒင်နှင့် အော်ရိုရာ ဝင်ရောက်တိုက်ခိုက်ခဲ့သော မြင်ကွင်းကို တွေးမိလိုက်ကြသည်။ ဤအချိန်တွင် စလိတ်အပါအဝင် လူတိုင်းသည် ဤနှစ်ယောက်ကို သူတို့၏ ရဲဘော်သစ်များအဖြစ် အမှန်တကယ် အသိအမှတ်ပြုလိုက်ကြသည်။
ထိုအရာကို မြင်လိုက်သောအခါ ဖေဒင် ပြုံးလိုက်သည်။
…
တစ်ချိန်တည်းမှာပင် တိတ်တဆိတ် လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှစ်ဦး ရှိနေသည်။ ၎င်းမှာ ရုပ်ဖျက်ထားသူနှင့် သူ့ရဲဘော်ဖြစ်သည်။
ဘလက်စတား စစ်တပ် ဝင်ရောက်စွက်ဖက်လိုက်သည့် အခိုက်အတန့်တွင် သူတို့အစီအစဉ် ကျရှုံးသွားကြောင်း သိလိုက်ကြသည်။ အရင်းအမြစ်များစွာ ရင်းနှီးမြှုပ်နှံထားလျက်နှင့် ကျရှုံးသွားသည့်အတွက် ဒေါသ မထွက်ဘူးဆိုလျှင် လိမ်ရာကျပေလိမ့်မည်။
သို့သော် ဒေါသထွက်ခြင်းက အသုံးမဝင်ပေ။ သူတို့က အဆင့် အေ အထက်ဆင့်တစ်ဦးကို တိုက်ခိုက်မလို့လား။ သူတို့သည် ဒေါသကို မျိုသိပ်ပြီး စောင့်ကြည့်ရေးနေရာမှ တိတ်တဆိတ် ထွက်ခွာရန်သာ တတ်နိုင်တော့သည်။
"ဟူး၊ ငါတို့အစီအစဉ် ကျရှုံးသွားပြီ။" သူတို့ထဲမှ တစ်ဦးက လက်လျော့လိုက်သည့်ပုံစံဖြင့် ခေါင်းခါလိုက်သည်။
"ဒါက မတော်တဆမှုတစ်ခုပါ။ ဘလက်စတား စစ်တပ်က သူတို့အထောက်အထားတွေကို ဖုံးကွယ်ပြီး ဒီဂြိုလ်ပေါ်မှာ ရှိနေမယ်လို့ ဘယ်သူက သိမှာလဲ။ ခေါင်းဆောင်က ငါတို့ကို အပြစ်တင်မှာ မဟုတ်ပါဘူး။"
"ဒါပေမယ့် ငါတို့ အရင်းအမြစ်တွေ အများကြီး ဖြုန်းတီးလိုက်ရပြီး ဒီဂြိုလ်ပေါ်မှာရှိတဲ့ ငါတို့သူလျှိုတွေ သေချာပေါက် အရှင်းခံရတော့မယ်။ စည်းမျဉ်းတွေအရ ငါတို့ အပြစ်ပေးခံရပြီး ရာထူးချခံရလိမ့်မယ်။"
"ငါတို့သာ ဒီအခွင့်အရေးကို အသုံးချပြီး ဒီစီမံကိန်းကနေ ထွက်ပြီး ပိုလုံခြုံတဲ့ နေရာတစ်ခုကို ပြောင်းရွှေ့နိုင်မယ်ဆိုရင် ဒါက မကောင်းတာကနေ ကောင်းတာ ဖြစ်လာနိုင်တယ်။ အဲဒီအဖွဲ့အစည်းတွေ အကုန်လုံးက မှောင်ခိုဈေးကွက်ကနေ ငှားထားတာ၊ ငါတို့က တိုက်ရိုက်ဝင်မပါခဲ့ဘူး။ ဒီကိစ္စကို ငါတို့ဆီ ခြေရာခံဖို့ ခက်ခဲလိမ့်မယ်။"
"ဟုတ်လို့လား။"
"ဟုတ်တယ်... ဟမ်။"
နှစ်ဦးစလုံးသည် ထိတ်လန့်သော အမူအရာဖြင့် နေရာတွင် အေးခဲသွားကြသည်။ ထိုအသံသည် သူတို့နှစ်ဦးစလုံး၏ အသံ မဟုတ်ပေ။
မော့ကြည့်လိုက်ရာ သူတို့ခေါင်းပေါ်တွင် ဝဲပျံနေသော သရဲတစ္ဆေကဲ့သို့ ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ သူတို့ ဘာမှ သတိမထားမိဘဲ ဤပုံရိပ်က သူတို့နောက်သို့ ဘယ်လောက်ကြာကြာ လိုက်နေခဲ့မှန်း ဘယ်သူသိနိုင်မလဲ။
ဤပုံရိပ်ကို မြင်လိုက်ရသောအခါ သူတို့သည် မလှုပ်ရှားဘဲ နေရာတွင် အေးခဲသွားကြသည်။ သူတို့စိတ်များ ဗလာဖြစ်သွားပြီး ခေါင်းထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။
ဘလက်စတားက ငါတို့ကို ဘယ်လိုရှာတွေ့တာလဲ။
မီးခိုးရောင်အဖွဲ့အစည်းအမျိုးမျိုးသည် သူတို့က ကြိုးကိုင်သူများဖြစ်ကြောင်း မသိကြသလို ကပ်ဘေးအဆင့် ထွက်ပြေးသူများကို ပစ်မှတ်များထံ လမ်းညွှန်ပေးရာတွင်လည်း သူတို့ ရုပ်ဖျက်ထားခဲ့ကြသည်။
ထို့နောက် ဟန်ရှောင်းသည် ညင်သာစွာ ဆင်းသက်လာပြီး မမေးဘဲ မနေနိုင်တော့ပေ၊ "ငါမင်းတို့နှစ်ယောက်လုံးကို ရှာတွေ့တာ ဘာများ အံ့သြစရာ ရှိလို့လဲ။ မင်းတို့နှစ်ယောက်က ငါ့လက်ကနေ လွတ်နိုင်မယ်လို့ တကယ် ထင်နေကြတာလား။"
သူခိုးများကို စစ်ဆေးမေးမြန်းပြီးနောက် သူတို့သည် မှောင်ခိုဈေးကွက်မှ မစ်ရှင်ကို လက်ခံရရှိခဲ့ပြီး အလုပ်ရှင်၏ မစ်ရှင်မှာ ဆင့်ကဲဖြစ်စဉ် တိုတမ်ကို ခိုးယူရန်ဖြစ်ကြောင်း သူသိလိုက်ရသည်။
ထို့နောက် ဟန်ရှောင်းသည် လဒ်ဝဲလ်၏မြေး တိုက်ခိုက်ခံရမှုနှင့်ပတ်သက်သော ဖေဒင်၏ အစီရင်ခံစာကို ဆက်စပ်ကြည့်လိုက်ရာ သူတို့၏ စီမံကိန်းတစ်ခုလုံးက ဘာလဲဆိုတာ အနည်းနှင့်အများ ခန့်မှန်းမိလိုက်သည်။
ပြဿနာဖန်တီးရန် ရောက်လာသော ဤအဖွဲ့အစည်းများသည် မှောင်ခိုဈေးကွက်မှ ငှားရမ်းထားခြင်းဖြစ်ပြီး နယ်ရုပ်များသာ ဖြစ်ကြသည်။ သူတို့သည် စီမံကိန်းတစ်ခုလုံးကို မသိကြဘဲ သူတို့တာဝန်ယူရသည့် မစ်ရှင်အပိုင်းကိုသာ လုပ်ဆောင်ကြရသည်။ ကြိုးကိုင်သူ၏ အမှန်တကယ် ရည်ရွယ်ချက်မှာ လဒ်ဝဲလ်၏မြေးကို ရှင်းပစ်ရန် ဖြစ်သင့်သည်။
အန်ယာ အာကာသစခန်းသည် အင်ပါယာ၏ ကိုလိုနီဂြိုလ်တစ်ခု မဟုတ်သော်လည်း သူတို့၏ လုံခြုံရေးသည် သိပ်မဆိုးလှပေ။ ဤလူစုသည် ကန့်သတ်ပစ္စည်းများကို ခိုးသွင်းနိုင်ရန် ဒေသခံအဖွဲ့အစည်းများ၏ အင်အားကို သေချာပေါက် ငှားရမ်းခဲ့ကြသည်။
အင်ပါယာ၏ နယ်မြေအတွင်း ဤကဲ့သို့သော ပူးပေါင်းကြံစည်မှုကို စီစဉ်နိုင်သော အဖွဲ့အစည်း အလွန်နည်းပါးသည်။ သံသယအဖြစ်ရဆုံး နှစ်ဖွဲ့မှာ အလင်း ဖက်ဒရေးရှင်းနှင့် အာကိန်းဘုရားကျောင်းတို့ ဖြစ်သည်။
ဤကာလအတွင်း အင်ပါယာ၏ နယ်နိမိတ်များတွင် ဆင့်ကဲဖြစ်စဉ် တိုတမ် လုယက်မှုများစွာ ဖြစ်ပွားခဲ့သည်။ လုယက်သူများကို အဓိကအားဖြင့် မှောင်ခိုဈေးကွက်မှ ငှားရမ်းထားခြင်းဖြစ်ပြီး အလုပ်ရှင်များသည် ဖက်ဒရေးရှင်း သို့မဟုတ် ဘုရားကျောင်း မဟုတ်ပေ။ သူတို့သည် အခြားအဖွဲ့အစည်းများ၏ အမည်ကို သေချာပေါက် ငှားရမ်းထားပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်ရခြင်း၏ အမှန်တကယ် ရည်ရွယ်ချက်မှာ ဆင့်ကဲဖြစ်စဉ် တိုတမ် မဟုတ်ဘဲ အင်ပါယာအတွင်း လုံခြုံရေးပြဿနာများ ဖန်တီးရန် ဖြစ်သည်။
သူတို့သည် အင်ပါယာအတွက် ဖရိုဖရဲဖြစ်မှုများကို ဖန်တီးရန် ကြိုးစားနေပြီး တိုတမ်များကို လွတ်လပ်စွာ ရောင်းချခွင့် မပြုပါက ဤကဲ့သို့သော ဖြစ်ရပ်များ ဖြစ်လေ့ဖြစ်ထရှိလိမ့်မည်ဟု အင်ပါယာကို သိစေချင်ကြသည်။ သူတို့သည် ဤအခွင့်အရေးကို အသုံးပြုပြီး အခြားလူမှုအဖွဲ့အစည်းများကို သူတို့၏ သဘောထားများ ဖော်ပြချင်ကြသည်။ ဘာပဲဖြစ်ဖြစ် သူတို့တွင် အခြားအစီအစဉ်များ သေချာပေါက် ရှိနေပြီး ၎င်းသည် ရေခဲတောင်၏ ထိပ်ဖျားသာ ရှိသေးသည်။
ကိစ္စ၏ နောက်ကွယ်တွင် ကြိုးကိုင်သူတစ်ယောက် ရှိနေကြောင်း သူခန့်မှန်းမိသောကြောင့် ဟန်ရှောင်းအနေဖြင့် သူတို့ကို လွှတ်ပေးရန် အကြောင်းပြချက် မရှိပေ။ သူသည် ဖီးလစ်ကို အန်ယာ အာကာသစခန်း၏ AI ထဲသို့ ခိုးဝင်စေပြီး ဒေတာအားလုံးကို တူးဖော်ရန် နောက်ဖေးပေါက်တစ်ခု ဖွင့်ခိုင်းလိုက်သည်။
သူသာ ပုံရိပ်ယောင် ယန္တရားပညာရှင်တစ်ဦး မဟုတ်လျှင် ဤကြိုးကိုင်သူနှစ်ဦး ထွက်ပြေးလွတ်မြောက်သွားနိုင်သည်။
နှမြောစရာပဲ... ဟန်ရှောင်း ခေါင်းခါလိုက်သည်။ မင်းတို့နှစ်ယောက် ငါနဲ့လာတွေ့တာ တကယ် ကံဆိုးတာပဲ။
စာစဉ် (၅၆)၊ အခန်း (၉၄၂) ပြီးပါပြီ။
လင်းဆက်
+++++