အခန်း (၁၇၁-၁၇၂)
Vol. 17 Ch. 171-172
အခန်း (၁၇၁) - မင်းကို ရိုက်ဖို့ အကြောင်းပြချက် လိုသေးလို့လား
"မင်း... မင်းသမီးကြီး..."
မဟာယင်နေရာတွင် ဆံပင်ဖြူနေသော အရာရှိအိုကြီးတစ်ဦး၏ နှုတ်ခမ်းများ တုန်ရီနေသည်။ "အဲဒါ မင်းသမီးကြီး ယဲ့ဖူးပဲ"
သူ့ဘေးရှိ ငယ်ရွယ်သော အရာရှိတစ်ဦးက ဇဝေဇဝါဖြင့် လှည့်မေးလိုက်သည်။ "မင်းသမီးကြီး... ဘယ်မင်းသမီးကြီးလဲ"
ထိုစကားများ သူ၏ ပါးစပ်မှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် စစ်ဝတ်စုံနှင့် စစ်သူကြီးအိုကြီး တစ်ဦးက သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း။ အဲဒါ နတ်ရွာစံ ဧကရာဇ်မင်းမြတ်ရဲ့ သမီးတော်ကြီး ယဲ့ဖူး ပဲ။ အဲဒီတုန်းကသာ... ထားလိုက်ပါတော့"
သူ စကားကို အဆုံးမသတ်လိုက်သော်လည်း သူ၏ မည်းနက်သော မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာတစ်ခု ချက်ချင်း ဖြတ်ပြေးသွားသည်။
လေးစားမှု၊ လွမ်းဆွတ်မှုနှင့် နောင်တရမှု အနည်းငယ်တို့ ပါဝင်နေသည်။
ကွင်းပြင်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
သူမကို မှတ်မိသူ ပို၍ပို၍ များလာသည်။
အနောက်ပိုင်းဒေသ၏ ရှုစားရာ နေရာများတွင် ဟွေချန်နှင့် အခြားသူများ၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်မှုများ အပြည့်ရှိနေကြသည်။
အနီရောင် သင်္ကန်းနှင့် ဘုန်းကြီးအိုကြီး တစ်ပါးက လေးနက်သော မျက်နှာဖြင့် ရှင်းပြလိုက်သည်။ "ယဲ့ဖူး... မဟာယင်ရဲ့ အရင်မျိုးဆက် မင်းသမီးကြီးလေ။ အဲဒီတုန်းက သူမသာ ထီးနန်းအတွက် တိုက်ပွဲဝင်ဖို့ ရည်ရွယ်ခဲ့မယ်ဆိုရင်၊ ပထမဆုံး ဧကရီမင်းမြတ် ဖြစ်လာနိုင်လောက်တယ်..."
မြောက်ပိုင်းနယ်စပ်ဘက်တွင် အကြီးအကဲ အချို့ အကြည့်ချင်း ဖလှယ်လိုက်ကြရာ၊ အားလုံး၏ မျက်နှာပေါ်တွင် အံ့သြတုန်လှုပ်မှုများကို မြင်တွေ့နေရသည်။
ဟေဟွမ်းဂိုဏ်းမှ အကြီးအကဲလျူ မှာ ရယ်မောလိုက်ပြီး၊ သူမ၏ မှော်ရတနာကို ဖြည်းညင်းစွာ အောက်သို့ချလိုက်ကာ၊ သူမ၏ မျက်လုံးများက လခြမ်းကွေးလေးများအဖြစ် ပြောင်းလဲသွားသည်။ "အခုမှပဲ ကြည့်ကောင်းတဲ့ ပြဇာတ်တစ်ခု ဖြစ်လာတော့မယ်"
ရှဲ့ချန်ရှင်းတို့ကို ကူညီရန် မူလက ရည်ရွယ်ထားခဲ့ကြသော ရွှမ်ယိတာအိုဂိုဏ်း၊ ထျန်းကျိ အဆောက်အအုံ နှင့် အခြား ဂိုဏ်းများမှ ကိုယ်စားလှယ်များ အားလုံး သူတို့၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြပြီး၊ အကြည့်ချင်း ဖလှယ်ကာ... နောက်ဆုံးတွင် စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်ကြသည်။
အနက်ရောင် ပျံသန်းသည့် သင်္ဘော ၇ စီး ကောင်းကင်ယံတွင် ရပ်တန့်နေသည်။
ယဲ့ဖူးက ရှေ့ဆုံးမှ သင်္ဘောပေါ်မှ လေထဲသို့ ဖြည်းညင်းစွာ လှမ်းဆင်းလာသည်။
သူမ၏ ဖြူစင်သော ပိုးသားဝတ်ရုံက လေထဲတွင် ညင်သာစွာ လွင့်ပျံနေပြီး၊ အရှေ့ပိုင်းဒေသ အဖွဲ့သားများရှေ့တွင် ဆင်းသက်လာသည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်၊ သူမသည် အင်ပါယာမြို့တော်သို့ တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူမက အံ့အားသင့်နေသော အကြည့်များကို လျစ်လျူရှုကာ၊ တီးတိုး ဆွေးနွေးသံများကိုလည်း ဂရုမစိုက်ပေ။
သူမက စစ်ချန်ကို အရင်ဆုံး ကြည့်လိုက်ရာ၊ သူမ၏ မျက်နှာပေါ်ရှိ အေးစက်မှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး အကြည့်များက နူးညံ့သွားသည်။
"ချန်အာ၊ ထိခိုက်မိသေးလား"
စစ်ချန်က ခေါင်းခါလိုက်သည်။
"အော် အမေ ရောက်လာပြီကိုး"
အမေဟူသော စကားတစ်ခွန်းတည်းဖြင့်ပင်။
တစ်ကွင်းလုံး ပေါက်ကွဲထွက်သွားတော့သည်။
စစ်ချန်၊ ချင်းရွှမ်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးကလူက... ယဲ့ဖူးရဲ့ သားလား။
ယဲ့ဖူး က မဟာယင်ရဲ့ အရင်မျိုးဆက် မင်းသမီးကြီးလေ။
ဒါဆို စစ်ချန်က ဧကရာဇ်အသစ်ရဲ့ တူအရင်း မဟုတ်ဘူးလား။
အနောက်ပိုင်းဒေသ၊ မြောက်ပိုင်းနယ်စပ်နှင့် အရှေ့ပိုင်းဒေသမှ ဂိုဏ်းကိုယ်စားလှယ်များ၏ မျက်နှာပေါ်ရှိ အမူအရာများမှာ ကြည့်ကောင်းလှသည်။
ဒီလောက်အထိ ဖြစ်ပြီးမှ၊ ဒါက တော်ဝင်မိသားစုရဲ့ ပြည်တွင်းရေး ကိစ္စတဲ့လား။
အာဏာလုပွဲလား။ အာဏာသိမ်းမှုလား။ ဒါမှမဟုတ် မိသားစု အမွေလုပွဲလား။
ဝက်ဝံမိစ္ဆာ ဟေးစန်း၏ ပါးစပ်မှာ ဖရဲသီးတစ်လုံး ဝင်ဆံ့လောက်အောင် ပြဲနေသည်။ "ညီ... ညီလေးက မင်းသားလား။ မဟုတ်ဘူး... ဧကရာဇ်ရဲ့ မြေးတော်လား"
ဟုန်ဖုန်းက သူ့ခေါင်းနောက်စေ့ကို ရိုက်ချလိုက်သည်။ "ပါးစပ်ပိတ်ထားစမ်း။ နားမလည်ရင် ဝင်မပြောနဲ့"
ထို့နောက် သူက ချက်ချင်းပင် လူသားပုံစံသို့ ပြောင်းလဲလိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် တက်ကာ ရိုသေစွာ လက်သီးဆုပ် အရိုအသေပေးလိုက်သည်။ "သခင်မကြီး"
ထိုအခါမှ ဟေးစန်း သတိဝင်လာပြီး လူသားပုံစံသို့ အလျင်အမြန် ပြန်ပြောင်းလိုက်သည်။
သူက ပြေးလာပြီး သေသေချာချာ ဦးညွှတ်ကာ စာပေပညာရှင်ဆန်ဆန် လေသံဖြင့် ပြောလိုက်သည်။
"သခင်မကြီး။ ဒီစာပေပညာရှင်ဟေးစန်း က သခင်မကြီးကို ဂါရဝပြုပါတယ်"
"သခင်မကြီးရဲ့ ကျက်သရေက အရင်ကထက်တောင် ပိုပြီး တောက်ပနေပါလား။ ဒီစာပေပညာရှင်က သခင်မကြီးရဲ့ ဆုံးမစကားတွေကို တွေးမိတိုင်း နွေဦးလေပြေလေးလိုပဲ..."
ယဲ့ဖူးက သူတို့ကို အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ လေသံက နူးညံ့နေသည်။
"ဟေးစန်း၊ ဟုန်ဖုန်း၊ လမ်းတစ်လျှောက်လုံး ချန်အာ ကို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ဤအသိအမှတ်ပြုစကားကြောင့် မိစ္ဆာဘုရင် နှစ်ပါး၏ ကျောများ ချက်ချင်း မတ်မတ် ဖြစ်သွားကြသည်။ ဟေးစန်းဆိုလျှင် နှာခေါင်းကို မော့ကာ ဘေးသို့ပင် ပြုံးစိစိ လုပ်နေသေးသည်။
ရှဲ့ချန်ရှင်းနှင့် ကျိုးယန်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြရာ၊ သူတို့နှစ်ဦးလုံး၏ မျက်နှာများပေါ်တွင် အော်... ဒီလိုကိုးဆိုသော နားလည်သွားသည့် အမူအရာများ ပေါ်လွင်နေသည်။
သူတို့နှစ်ဦးလည်း ရှေ့သို့ တက်လာကာ ဂျူနီယာ တစ်ယောက်၏ အရိုအသေကို ပေးလိုက်ကြသည်။
"စီနီယာ ကို နှုတ်ဆက်ပါတယ်"
ဆုန်ချီကလည်း အလားတူပင် ဦးညွှတ် နှုတ်ဆက်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။
အစ်ကိုစစ်က ဒီလို အဆင့်အတန်းမျိုး ရှိနေတာတောင် တစ်ခါမှ ထုတ်မပြောခဲ့ဘူး၊ ဂုဏ်သတင်းနဲ့ စည်းစိမ်ဥစ္စာတွေကို လွင့်မျောနေတဲ့ တိမ်တိုက်တွေလို သဘောထားတာပဲ။ တကယ်ကို သူ့ရဲ့ ကျက်သရေက လျော့မသွားဘဲ သူ့ရဲ့ ဂန္ထဝင်ကို ပိုပြီးတောင် ဖြည့်ဆည်းပေးလိုက်တာပဲ... ကောင်းလိုက်တာ။ တကယ်ကို ကောင်းလိုက်တာ။
ငါ ချီလိုင်ဓားရဲ့ အချစ်ဆုံးသူငယ်ချင်း ပီသပါပေတယ်။
လော့ချင်းရင်က သူမ၏ စောင်းကို ကိုင်ထားရင်း သူမ၏ စိတ်ထဲတွင် လုံးဝကို ဗြောင်းဆန်နေတော့သည်။
ချင်းရွှမ်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးကလူနောက်ကို လိုက်သွားရင် တော်ဝင်မိသားစုရဲ့ အာဏာသိမ်းပွဲမှာ ပါဝင်ရလိမ့်မယ်လို့ ဆရာ က မပြောခဲ့ပါဘူး။
ယဲ့ဖူး၏ အကြည့်က စစ်ချန်၏ သူငယ်ချင်းများအုပ်စုကို ဝေ့ကြည့်လိုက်ပြီး လူတိုင်း၏ တုံ့ပြန်မှုကို အကဲခတ်လိုက်သည်။
သူမ၏ ရင်ထဲတွင် ကျေနပ်မှုတစ်ခုကို ခံစားလိုက်ရသည်။
ချန်အာ အိမ်ကနေ ထွက်သွားပြီး ဒီလို သူငယ်ချင်းအုပ်စုမျိုးကို ရလာခဲ့တာ၊ အရေးကြီးတဲ့ အချိန်ရောက်ရင် သူ့ဘက်ကနေ ရပ်တည်ပေးဖို့ ဝန်မလေးတဲ့ သူငယ်ချင်းမျိုးတွေကို ရလာခဲ့တာ တကယ်ကို ရှားပါးလှပါတယ်။
"ဒီလို အခမ်းအနားတွေ လုပ်နေစရာ မလိုပါဘူး"
"အန္တရာယ်ကြုံလာတဲ့ အချိန်မှာ မစွန့်ခွာသွားတဲ့ သူတွေကမှ သူငယ်ချင်း အစစ်တွေပါ"
"မင်းတို့လို သူငယ်ချင်းတွေ ရထားတာ ချန်အာ ကံကောင်းတာပဲ။ ဒီကိစ္စ ပြီးသွားရင် မင်းတို့အားလုံးကို မိသားစုစားပွဲသောက်ပွဲ တစ်ခုကို တရားဝင် ဖိတ်ကြားပါ့မယ်"
ထိုစကားကို ကြားသောအခါ ရှဲ့ချန်ရှင်းနှင့် အခြားသူများက ထပ်မံ ဦးညွှတ်လိုက်ကြသည်။ "ကျေးဇူးတင်ပါတယ် စီနီယာ"
ကျိုးယန်က တဟဲဟဲ ရယ်မောရင်း ပြောလိုက်သည်။
"ဒါဆိုရင် ကျွန်တော်တို့ ဂျူနီယာတွေက လက်ခံလိုက်ပါ့မယ်"
ယဲ့ဖူး ပြုံးကာ ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
သူမ လှည့်လိုက်ရာ၊ သူမ၏ မျက်နှာပေါ်ရှိ နူးညံ့မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ထို့နောက် သူမက ကောင်းကင်ပူဇော်ရာ စင်မြင့် ဆီသို့ လျှောက်သွားတော့သည်။
မဟာယင်သည် ဓလေ့ထုံးစံများနှင့် ဥပဒေများအပေါ် အခြေခံ၍ တည်ထောင်ထားခြင်းဖြစ်ပြီး စစ်ဘက်ဆိုင်ရာ အဆင့်အတန်း များကို တင်းကျပ်စွာ ပြဋ္ဌာန်းထားသည်။
သို့သော် ယဲ့ဖူး ဟူသော အမည်မှာ အဲဒီခေတ်က အရပ်ဘက်၊ စစ်ဘက် အရာရှိများ အားလုံးအတွက် လေးစားအားကျစရာ အရာတစ်ခု ဖြစ်ခဲ့သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင်၊ အဲဒီတုန်းကသာ ယဲ့ဖူး ဧကရီမင်းမြတ် ဖြစ်ချင်ခဲ့မည်ဆိုလျှင်...
တစ်ချက်ခေါ်လိုက်ရုံဖြင့်၊ ဒီနန်းတွင်းနှင့် စစ်တပ်ထဲတွင် သူမအတွက် သေခံတိုက်ခိုက်ပေးမည့်သူ မရေမတွက်နိုင်အောင် ရှိနေပေလိမ့်မည်။
နတ်ရွာစံ ဧကရာဇ်မင်းမြတ်ကို သူမအတွက် ထီးနန်းစွန့်ပေးရန် တောင်းဆိုခြင်းမှာ ရယ်စရာတစ်ခု ဖြစ်မည် မဟုတ်ပေ။
သူမ ဖြတ်လျှောက်သွားစဉ်၊ တိုက်ပွဲများစွာကို ဖြတ်သန်းဖူးသော စစ်သူကြီးများ၏ မျက်နှာများမှာ တစ်ယောက်ပြီးတစ်ယောက် ပိုမို ရှုပ်ထွေးလာကြသည်။
နောက်ဆုံးတွင်... စစ်ဝတ်စုံနှင့် စစ်သူကြီးအိုကြီး တစ်ဦးက ရုတ်တရက် ဒူးတစ်ဖက်ထောက်ချလိုက်ပြီး လက်သီးဆုပ် အရိုအသေပေးလိုက်သည်။ "ဒီစစ်သူကြီးက... မင်းသမီးကြီးကို ဂါရဝပြုပါတယ်"
ချက်ချင်းဆိုသလိုပင် အခြား စစ်သူကြီး သုံးလေးဦးကလည်း အရိုအသေပေးလိုက်ကြသည်။ သူတို့အားလုံးက ယဲ့ဖူး ကြီးကြပ်ကွပ်ကဲခဲ့သော၊ သို့မဟုတ် ရာထူးတိုးပေးခဲ့သော လက်အောက်ငယ်သားဟောင်းများ ဖြစ်ကြသည်။
အရပ်ဘက် အရာရှိများထဲတွင်လည်း၊ အကြီးအကဲ အချို့က အင်္ကျီလက်များကို မြေကြီးနှင့် ထိသည်အထိ နက်ရှိုင်းစွာ ဦးညွှတ်လိုက်ကြပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ကြသည်။ "ဒီအစေခံအိုကြီးက... မင်းသမီးကြီးကို ဂါရဝပြုပါတယ်"
အရာရှိငယ်များနှင့် စစ်သူကြီးငယ်များမှာ ထိုမြင်ကွင်းကို မြင်သောအခါ မည်သို့လုပ်ရမည်မသိ ဖြစ်နေကြသည်။
သူတို့ လှုပ်ရှားရမလား၊ ငြိမ်ငြိမ်နေရမလား မသိကြပေ။
မည်သူကမျှ အမိန့်မပေးသော်လည်း၊ လူတိုင်းက အလိုအလျောက်ပင် ဘေးသို့ ဖယ်ပေးကာ လမ်းရှင်းပေးလိုက်ကြသည်။
ယဲ့ဖူးက ရှေ့တည့်တည့်ကိုသာ ကြည့်ရင်း ခပ်ဖျော့ဖျော့သာ ပြောလိုက်သည်။ "ငါက တော်ဝင်မိသားစုဝင် မဟုတ်တော့ပါဘူး၊ ထကြပါ"
သို့သော် အရိုအသေပေးထားသူများထဲမှ မည်သူကမျှ မထရဲကြပေ။
သူမ ဖြတ်သွားပြီးမှသာ ဒူးထောက်နေသူများက ဖြည်းညင်းစွာ မတ်တပ်ရပ်လာကြပြီး၊ သူတို့၏ အကြည့်များက သူမ၏ ကျောပြင်နောက်သို့ လိုက်ပါသွားကြသည်။
ယဲ့ဖူးသည် ကောင်းကင်ပူဇော်ရာ စင်မြင့် ထက်သို့ မည်သည့် အတားအဆီးမှ မရှိဘဲ တက်သွားလေသည်...
ကောင်းကင်ပူဇော်ရာ စင်မြင့် ပေါ်တွင်၊ ယဲ့ဟုန်က တစ်လှမ်းချင်း ချဉ်းကပ်လာသော ပုံရိပ်ကို စောင့်ကြည့်နေသည်။
သူက သေချာပေါက် ဒေါသထွက်သင့်သည်၊ ခန့်ညားထည်ဝါသင့်သည်၊ ပြီးတော့ သူမ၏ ရိုင်းစိုင်းမှုအတွက် ဧကရာဇ် တစ်ပါး၏ အဆင့်အတန်းကို အသုံးပြု၍ ဆူပူကြိမ်းမောင်းသင့်သည်။
သို့သော် သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ရီနေသည်။
ဒီခန္ဓာကိုယ်၊ သူ ဆယ်စုနှစ်များစွာ နေရာယူထားပြီး ကျွမ်းကျင်ပိုင်နိုင်နေပြီဖြစ်သော ဒီရုပ်ခန္ဓာက ထိန်းချုပ်မရအောင် တုန်ရီနေသည်။
သူ နားမလည်နိုင်ပေ။
ဒီခန္ဓာကိုယ်က... ကြောက်နေတာလား။
ဘာလို့လဲ။
သဘာဝ သားကောင် တစ်ကောင်နဲ့ တွေ့လိုက်ရသလိုမျိုးပဲ။
သူမ နောက်ဆုံး ခြေလှမ်းသို့ ရောက်လာသောအခါ၊ ယဲ့ဟုန်က မသိစိတ်မှ ခြေတစ်ဝက်ခန့် နောက်ဆုတ်လိုက်မိသည်။
ထိုလှုပ်ရှားမှုက အလွန် သိမ်မွေ့သော်လည်း စင်မြင့်အောက်မှ လူတိုင်း မြင်တွေ့လိုက်ရသည်။
ယဲ့ဟုန်က အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် အတင်းကြိုးစားကာ အင်ပါယာ၏ ဂုဏ်သိက္ခာကို ထုတ်ပြရန် ကြိုးစားလိုက်သည်။ "အစ်မတော်ကြီး... ဒါက နိုင်ငံတော်ရဲ့ ကြီးကျယ်တဲ့ အခမ်းအနားတစ်ခုပါ၊ အစ်မတော်..."
"ငါ မင်းကို စကားပြောခွင့် ပေးလို့လား"
ယဲ့ဖူးက အေးစက်စွာ ဖြတ်ပြောလိုက်သည်။
ပြီးတော့...
ဖြန်း။
ယဲ့ဟုန်၏ မျက်နှာပေါ်သို့ ပါးရိုက်ချက်တစ်ခု တည့်တည့် ကျရောက်သွားသည်။
ယဲ့ဟုန်မှာ ပါးရိုက်ချက်ကြောင့် ဘေးသို့ လွင့်စင်သွားပြီး၊ ဘုန်း ခနဲ အသံနှင့်အတူ ကောင်းကင်ပူဇော်ရာ စင်မြင့် ၏ အလယ်ဗဟိုရှိ ကျောက်တုံးများပေါ်သို့ ပြင်းထန်စွာ ရိုက်မိသွားတော့သည်။
သူ၏ မျက်နှာတစ်ခြမ်းမှာ အကြီးအကျယ် ဖူးယောင်လာပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာကာ၊ အပျက်အစီးပုံထဲတွင် လဲလျောင်းနေစဉ် သူ၏ ခေါင်းထဲတွင် အူနေတော့သည်။
ဒီပါးရိုက်ချက်ရဲ့ ပျက်စီးမှုက မကြီးမားပေမဲ့၊ စော်ကားမှုကတော့ အပြည့်အဝပါပဲ။
မဟာယင်ရဲ့ ခန့်ညားထည်ဝါတဲ့ ဧကရာဇ်အသစ်က သူ့ရဲ့ နန်းတက်ပွဲ အခမ်းအနားမှာ သူ့ရဲ့ အစ်မအရင်းရဲ့ လူပုံအလယ် ပါးရိုက်ခံလိုက်ရပြီး မြေကြီးထဲကိုတောင် ရိုက်သွင်းခံလိုက်ရတာလေ။
စင်မြင့်အောက်မှ မဟာယင် အရာရှိအိုကြီးများ အားလုံး သူတို့၏ နှာခေါင်းကိုသာ ငုံ့ကြည့်နေကြပြီး ထို့နောက် သူတို့၏ နှလုံးသားကိုသာ ကြည့်နေကြသည်။
ငါတို့ ဘာမှ မမြင်ဘူး၊ ငါတို့ လုံးဝ ဘာမှ မမြင်လိုက်ဘူး။ ဘာဘာ ဘာမှသိဝူး သိဝူးလို့
ဒါက သူတို့ ဝင်စွက်ဖက်နိုင်တဲ့ ကိစ္စ မဟုတ်တော့ဘူးလေ။
သူတို့အမြင်မှာတော့ ဒါက မင်းသမီးကြီးက သူ့ရဲ့ မောင်လေးကို ပညာပေးနေတာပဲ။
သူက ဧကရာဇ် ဖြစ်နေတဲ့ မောင်လေး ဖြစ်နေရင်တောင်မှပေါ့။
မောင်လေးဆိုတာ မောင်လေးပါပဲ။
ယဲ့ဖူး၏ အတိတ်က ဂုဏ်သတင်းများက လွှမ်းမိုးနေဆဲဖြစ်ရာ၊ မည်သူကမျှ သူမကို သွားရောက် ဖျောင်းဖျရန် မဝံ့ရဲကြပေ။
အငယ်တွေကလည်း အမိန့်မရှိဘဲ မလှုပ်ရဲကြဘူး... သူတို့ရဲ့ အထက်လူကြီးတွေ အားလုံး ခေါင်းငုံ့ပြီး မျက်ကန်းဟန်ဆောင်နေကြတာကို မမြင်ဘူးလား။
...ယဲ့ဟုန်၏ ခန္ဓာကိုယ်ထဲရှိ ပုံရိပ်ယောင်နဂါး၏ အသိစိတ်မှာ လုံးဝကို မှင်သက်သွားသည်။
စောစောက ပါးရိုက်ချက်ကို ရှောင်ဖို့ သူ မတွေးခဲ့တာ မဟုတ်ဘူး။
သူက ဒီခန္ဓာကိုယ်ရဲ့ စွမ်းအားအားလုံးကို ချက်ချင်း စုစည်းလိုက်ပြီး ပြန်တိုက်ခိုက်ဖို့၊ ရှောင်တိမ်းဖို့၊ သူ့ရှေ့က မိန်းမကို သတ်ပစ်ဖို့ ကြိုးစားခဲ့တာပဲ။
ဒါပေမဲ့ ဒီခန္ဓာကိုယ်က... တကယ်ကို အမိန့်မနာခံခဲ့ဘူး။
ယဲ့ဖူးက တွင်းအစွန်းသို့ လျှောက်သွားပြီး အတွင်းထဲရှိ သူမ၏ မောင်လေး ကို ငုံ့ကြည့်လိုက်သည်။
ပုံရိပ်ယောင်နဂါး၏ အသိစိတ်က ဒေါသတကြီး ဟိန်းဟောက်နေသည်။ အသုံးမကျတဲ့ကောင်။ လှုပ်စမ်းလေ။
သို့သော် ယဲ့ဟုန်၏ ရုပ်ခန္ဓာမှာ လုံးဝကို အားနည်းနေဆဲဖြစ်ပြီး ပုံရိပ်ယောင်နဂါး၏ အသိစိတ်ကို ဆန့်ကျင်တိုက်ခိုက်နေပုံရသည်။
ယဲ့ဟုန် က သွားကိုကြိတ်ကာ ပြောရုံသာ တတ်နိုင်တော့သည်။ "အစ်မ... အစ်မ အခုလုပ်ရပ်က နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တူတယ်ဆိုတာကို သိရဲ့လား..."
ဖြန်း။
နောက်ထပ် ပါးရိုက်ချက် တစ်ချက်။
ဒီတစ်ကြိမ်တော့ ညာဘက်ပါးပေါ်သို့ ဖြစ်သည်။
ယဲ့ဟုန်မှာ မြေကြီးထဲသို့ ထပ်မံ ရိုက်သွင်းခံလိုက်ရပြီး၊ ဤတစ်ကြိမ်တွင် ပို၍ နက်ရှိုင်းစွာ နစ်ဝင်သွားကာ၊ သူ၏ ညာဘက်ပါး တစ်ခုလုံးမှာ ဘယ်ဘက်မှ လက်ဝါးရာနှင့် ညီမျှအောင် ဖူးယောင်လာတော့သည်။
ယဲ့ဖူးက တွင်းအစွန်းသို့ ထပ်မံ လျှောက်သွားပြန်သည်။
သူမက တွင်းထဲရှိ သနားစရာကောင်းသော ပုံရိပ်ကို ကြည့်ကာ ပြောလိုက်သည်။
"မင်းကို ရိုက်ဖို့ ငါက အကြောင်းပြချက် လိုသေးလို့လား။"
အခန်း (၁၇၂)
တွင်းထဲရှိ ယဲ့ဟုန်၏ ပါးစပ်တစ်ခုလုံးတွင် သွေးများ ပြည့်နှက်နေသည်။ သူ အပေါ်သို့ တွယ်တက်ချင်သော်လည်း သူ၏ ခြေလက်များမှာ အားနည်းနေပြီး မည်သည့်ခွန်အားမျှ ထုတ်မရနိုင်ဘဲ ဖြစ်နေသည်။
သူ အတန်ကြာ အသက်ရှူမှန်အောင် ကြိုးစားလိုက်ပြီးနောက် နောက်ဆုံးတွင် အားယူကာ တွင်းထဲမှ လေးဖက်ထောက်၍ တွားသွားထွက်လာခဲ့သည်။ ထို့နောက် ကောင်းကင်ပူဇော်ရာ စင်မြင့်၏ အစွန်းသို့ ရောက်သည်အထိ ခြေလှမ်း ခုနစ်လှမ်း ရှစ်လှမ်းခန့် ယိမ်းယိုင်ဆုတ်ခွာသွားတော့သည်။
သူက မျက်နှာကို အုပ်ကိုင်ထားရင်း ယဲ့ဖူးကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီးနောက် စင်မြင့်အောက်ရှိ အရာရှိများနှင့် စစ်သူကြီးများဆီသို့ အကြည့်လွှဲလိုက်သည်။
"မင်းတို့... မင်းတို့အားလုံး မျက်ကန်းနေကြတာလား။"
"သူက နန်းတက်ပွဲ အခမ်းအနားမှာ ငါ့ကို တိုက်ခိုက်နေတာလေ။"
"ဧကရာဇ်ကို ကာကွယ်ကြစမ်း။ ဒီသူပုန်ကို ဖမ်းလိုက်ကြစမ်း။"
"ဘာကို သူပုန်လဲ။" ယဲ့ဖူးက တည်ငြိမ်စွာ ဖြတ်ပြောလိုက်သည်။
ယဲ့ဟုန်က မသိမသာ တံတွေးမြိုချလိုက်မိပြီး သစ္စာဖောက် ဟူသော စကားလုံးမှာ သူ၏ နှုတ်ခမ်းဖျားမှ ထွက်မလာရဲတော့ပေ။
အဘယ်ကြောင့်ဆိုသော် ယဲ့ဖူးက သူ့ကို တည့်တည့် စိုက်ကြည့်နေသောကြောင့်ပင်။
အောက်ဘက်တွင် ယခုလေးတင် အရိုအသေပေးထားခဲ့ကြသော အရာရှိအိုကြီးများမှာ သူတို့၏ ခေါင်းများကို ပို၍ပင် ငုံ့ထားလိုက်ကြသည်။
အငယ်များကမူ အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် ငါက ဘယ်သူလဲ၊ ငါ ဘယ်ရောက်နေတာလဲ၊ ငါ ဘာလုပ်ရမှာလဲ ဆိုသည့် မေးခွန်းများ ပြည့်နှက်နေကြသည်။
နောက်ဆုံးတွင် သိပ်မကြီးသေးပုံရသော စစ်သူကြီးငယ်တစ်ဦးက ဆက်၍ သည်းမခံနိုင်တော့ပေ။
သူသည် ဧကရာဇ်သက်တော်စောင့်တပ်သို့ ပြောင်းရွှေ့လာသည်မှာ သုံးနှစ်ပင် မပြည့်သေးဘဲ သွေးဆူလွယ်သော အရွယ်တွင် ရှိနေသည်။
ဤယခင် မင်းသမီးကြီးတွင် အဆက်အသွယ်ဟောင်းများစွာ ရှိနေလျှင်တောင်မှ ပုန်ကန်မှုဆိုသော ရာဇဝတ်မှုကိုတော့ မကျူးလွန်နိုင်ဟု သူ ယူဆထားသည်။
ဧကရာဇ်မင်းမြတ် လူပုံအလယ်တွင် ပါးရိုက်ခံရခြင်းမှာ အလွန်တရာ ကြီးမားလှသော စော်ကားမှုကြီးပင် ဖြစ်သည်။ ဤကိစ္စကို ဘယ်လိုလုပ် ခွင့်ပြုထားနိုင်မှာလဲ။ မဟာယင်တွင် ဂုဏ်သိက္ခာ ဆိုတာ မရှိတော့ဘူးလား။
ဧကရာဇ်သက်တော်စောင့် တစ်ယောက်အနေဖြင့် ဧကရာဇ်ကို ကယ်တင်ရန် ရှေ့မထွက်ခြင်းက ဘယ်လိုလုပ်ရပ်မျိုးလဲ။
သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ဓားကို ဆွဲထုတ်ရန် ပြင်လိုက်စဉ် အသားမာတက်နေသော လက်တစ်ဖက်က လှမ်းလာပြီး သူ၏ လက်ကောက်ဝတ်ကို ဖိချလိုက်သည်။
ထိုသူမှာ သူ၏ တိုက်ရိုက်အထက်လူကြီးဖြစ်သော ဝါရင့်စစ်သူကြီးအိုကြီး တစ်ဦးဖြစ်သည်။ "ကောင်လေး၊ မလှုပ်နဲ့။"
စစ်သူကြီးငယ်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ "စစ်သူကြီး။"
စစ်သူကြီးအိုကြီးက ကောင်းကင်ပူဇော်ရာ စင်မြင့်ဆီသို့ ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ရင်း ပြောလိုက်သည်။ "မင်း မကြာခင် နားလည်လာပါလိမ့်မယ်။"
ဒါက ဘာအဓိပ္ပာယ်လဲ။
အရာရှိငယ်မှာ လုံးဝကို ဇဝေဇဝါ ဖြစ်သွားတော့သည်။
သူတစ်ယောက်တည်းသာ မဟုတ်ပေ၊ လူငယ်အရာရှိများနှင့် သက်တော်စောင့်များစွာမှာလည်း ယခုအချိန်တွင် စိတ်ထဲ၌ လုံးဝကို ဗြောင်းဆန်နေကြသည်။
တစ်ချိန်တည်းမှာပင်၊ လွန်ခဲ့သော နှစ်များစွာက ယဲ့ဖူး၏ လက်အောက်ငယ်သားဟောင်းများမှာလည်း တက်ကြွသော အတွေးများ စတင်ဖြစ်ပေါ်လာကြသည်။
မင်းသမီးကြီး အဲဒီတုန်းက မြို့တော်ကနေ ထွက်ခွာသွားတုန်းက စိတ်ပျက်အားလျော့နေခဲ့တာ။ အခုတော့ မိုးကြိုးလို အရှိန်အဝါနဲ့ ပြန်လာပြီး ဧကရာဇ်အသစ်ကို လူပုံအလယ်မှာ ပညာပေးနေတယ်။ ဖြစ်နိုင်တာက... သူမက တကယ်ပဲ ဧကရာဇ်ကို ဖယ်ရှားပြီး သူမကိုယ်တိုင် နန်းတက်ချင်နေတာလား။
ဤအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတို့ကိုယ်သူတို့ပင် အလန့်တကြား ဖြစ်သွားကြသည်။
သို့သော် ပိုတွေးလေလေ ပို၍ ခံစားရလေလေဖြစ်သည်။ ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူးပဲ။
မင်းသမီးကြီးသာ အဲဒီနေရာမှာ တကယ် ထိုင်ချင်တယ်ဆိုရင်၊ ဒီလူအိုကြီးကတော့...
ဤကျောချမ်းဖွယ် လေထုထဲတွင်... ရွှီး၊ ရွှီး၊ ရွှီး။
အင်ပါယာနန်းတော်၏ နက်ရှိုင်းသော နေရာမှ ပုံရိပ်ဒါဇင်ပေါင်းများစွာ ပစ်ထွက်လာပြီး ကောင်းကင်ပူဇော်ရာ စင်မြင့် ပတ်ပတ်လည်သို့ မျက်စိတစ်မှိတ်အတွင်း ဆင်းသက်လာကြသည်။
ထိုလူများအားလုံး ခရမ်းရောင်နှင့် ရွှေရောင် တော်ဝင်မျိုးနွယ်စု ဝတ်ရုံများကို တူညီစွာ ဝတ်ဆင်ထားကြသည်။ အငယ်ဆုံးသူမှာ အသက် ငါးဆယ် ခြောက်ဆယ်ခန့် ရှိပုံရပြီး အသက်အကြီးဆုံးသူများမှာ ဆံပင်နှင့် မုတ်ဆိတ်များ လုံးဝ ဖြူဖွေးနေကြပြီ ဖြစ်သည်။
သူတို့၏ ရှေ့ဆုံးတွင် ဦးဆောင်လာသူများမှာ အဘိုးအိုကြီး သုံးဦးဖြစ်ပြီး သူတို့၏ အရှိန်အဝါများမှာ နက်ရှိုင်းသော တွင်းနက်ကြီးများနှင့် သမုဒ္ဒရာကြီးများကဲ့သို့ နက်နဲလှသည်။
ရှေ့ဆုံးမှ ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုကြီးက စင်မြင့်ပေါ်ရှိ အခြေအနေကို တစ်ချက် ဝေ့ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ ချက်ချင်းပင် မှောင်မည်းသွားတော့သည်။
"ယဲ့ဖူး။ မင်း ရိုင်းစိုင်းလှချည်လား။"
သူသည် ယဲ့မျိုးနွယ်စု၏ ဘိုးဘေးကြီး ယဲ့ချန် ဖြစ်ပြီး မဟာယာန အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ဘယ်ဘက်ရှိ အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး အဘိုးအိုကြီးမှာ ယဲ့ချင်း ဖြစ်ပြီး၊ ညာဘက်ရှိ ခန့်ညားထည်ဝါသော ရုပ်ရည်ရှိသူမှာ ယဲ့ရွှမ် ဖြစ်သည်။ သူတို့နှစ်ဦးလုံးသည်လည်း မဟာယာန အစောပိုင်းအဆင့်များပင် ဖြစ်ကြသည်။
ရောက်ရှိလာသူများမှာ မဟာယင် တော်ဝင်မိသားစု၏ နိုင်ငံတော်အုတ်မြစ်များဖြစ်သော မဟာယာနအဆင့် ဘိုးဘေးကြီး သုံးပါးပင် ဖြစ်ပေသည်။
သူတို့၏ နောက်တွင် ရုပ်ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ အများအပြားက တစ်တန်းတည်း ရပ်နေကြပြီး သူတို့အားလုံးမှာ တော်ဝင်မျိုးနွယ်စုအတွင်းမှ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး ယဲ့မျိုးနွယ်စု ဘိုးဘေးကြီး ယဲ့ချင်း က ဖြည်းညင်းစွာ ပြောလိုက်သည်။ "ဖူးလေး၊ အဲဒီတုန်းက မင်း မြို့တော်ကနေ ထွက်သွားတုန်းက မျိုးနွယ်စုက မင်းကို မတားဆီးခဲ့ပါဘူး။ အခု မင်း ပြန်ရောက်လာပြီဆိုတော့၊ ဘာလို့ ဒီလို ပြဿနာတွေ လုပ်နေရတာလဲ။"
သူ့ဘေးရှိ အခြား ဘိုးဘေးကြီးဖြစ်သော ယဲ့ရွှမ် ကလည်း မကျေနပ်သော အမူအရာဖြင့် ပြောလိုက်သည်။ "နန်းတက်ပွဲ အခမ်းအနားဆိုတာ နိုင်ငံတော်ရဲ့ ကြီးကျယ်တဲ့ ဓလေ့ထုံးစံတစ်ခုပဲ။ ဧကရာဇ်မင်းမြတ်ကို လူပုံအလယ်မှာ ကိုယ်ထိလက်ရောက် ကျူးလွန်တာ၊ မင်းဆီမှာ ဘိုးဘေးတွေရဲ့ စည်းမျဉ်းတွေကို ဂရုစိုက်မှု ရှိသေးရဲ့လား။"
အောက်ဘက်တွင် ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့ကြသော စစ်သူကြီးငယ်များနှင့် သက်တော်စောင့်များမှာ သူတို့၏ အားထားရာ ထောက်တိုင်ကို တွေ့လိုက်ရသည့်အလား ဖြစ်သွားကြပြီး နောက်ဆုံးတွင် တစ်စုံတစ်ယောက်က သူ၏ လက်နက်ကို မြှောက်လိုက်သည်။
စစ်ချန် မျက်မှောင်ကြုတ်လိုက်သည်။
သူ ရှေ့သို့ တက်ရန် ပြင်လိုက်စဉ် သူ၏ မိခင် ရယ်မောလိုက်သံကို ကြားလိုက်ရသည်။
ထိုရယ်သံမှာ ဤကျောချမ်းဖွယ် လေထုထဲတွင် ရုတ်တရက်ဆန်နေသော်လည်း ကွင်းပြင်တစ်ခုလုံးသို့ ရှင်းလင်းစွာ ပျံ့နှံ့သွားသည်။
"ကြည့်ရတာ..."
ယဲ့ဖူးက ဘိုးဘေးကြီး သုံးပါးကို ကြည့်ရန် ဖြည်းညင်းစွာ လှည့်လိုက်ပြီးနောက် နောက်ဆုံးတွင် လက်နက်ကိုင်ရန် ရဲတင်းလာကြသော အောက်ဘက်ရှိ လူငယ်မျက်နှာများဆီသို့ သူမ၏ အကြည့်ကို ဝေ့ကြည့်လိုက်သည်။
"ငါ ထွက်သွားတာ အရမ်းကို ကြာသွားခဲ့ပြီထင်တယ်။"
"အရမ်းကြာသွားလို့..."
သူမက လက်ကို ညင်သာစွာ မြှောက်လိုက်ပြီး လေကြောင့် ရှုပ်ပွနေသော သူမ၏ နားထင်ဘေးမှ ဆံပင်များကို သပ်ရပ်အောင် လုပ်လိုက်သည်။
"ဒီမဟာယင်က ငါရှိနေတယ်ဆိုတာကိုတောင် မေ့သွားကြပြီပဲ။"
သူမ၏ အသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက်။
ဝုန်း။
ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးတစ်ခု သူမ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ချန်ထျန်း ခန်းမ ကွင်းပြင်ကြီး တစ်ခုလုံး၏ မြေပြင်မှာ ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။
ရပ်နေကြသူများအားလုံး၊ ရုပ်ခန္ဓာပေါင်းစည်းခြင်းအဆင့် လက်အောက်ငယ်သားများနှင့် မဟာယာနအဆင့် တော်ဝင်မျိုးနွယ်စု ဘိုးဘေးကြီးများ အပါအဝင် အားလုံး ယိမ်းယိုင်သွားကြသည်။
ကောင်းကင်ထက်ရှိ ထူထပ်နေသော တိမ်တိုက်ကြီးများပင် ဤအရှိန်အဝါကြောင့် တိုက်ရိုက် လွင့်စင်သွားကြပြီး ပြာလဲ့နေသော ကောင်းကင်ယံကို ဖော်ပြလာတော့သည်။
မဟာယာန ဘိုးဘေးကြီး သုံးပါးစလုံး တစ်ပြိုင်နက်တည်း အံ့အားသင့်သွားသော အမူအရာများ ပြသလိုက်ကြသည်။
"မ... မဟာယာနအဆင့်။"
"မဟုတ်ဘူး... မင်း... မင်းက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ရဲ့ အစွန်းကိုတောင် ရောက်နေပြီလား။"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ မဟာယင်ကနေ ထွက်သွားတာ ဘယ်လောက်တောင် ကြာသေးလို့လဲ။"
ကျင့်ကြံခြင်း နယ်ပယ်ကိုးခုဖြစ်သော ချီသန့်စင်ခြင်းအဆင့်၊ အခြေခံတည်ဆောက်ခြင်းအဆင့်၊ ရွှေအမြုတေအဆင့်၊ နတ်ဘုရားဝိညာဉ်အဆင့်၊ ဝိညာဉ်အသွင်ပြောင်းအဆင့်၊ ပျက်ပြယ်မှုသန့်စင်ခြင်းအဆင့်၊ ရုပ်ခန္ဓာပေါင်းစည်းခြင်းအဆင့်၊ မဟာယာနအဆင့် နှင့် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်။
မဟာယာနအဆင့် အထွတ်အထိပ်... အဲဒါက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကို ရောက်ဖို့ ခြေတစ်ဝက်သာ လိုတော့တဲ့ အမြင့်မြတ်ဆုံး နယ်ပယ်တစ်ခုလေ။
အဲဒါက အတွေးတစ်ချက်တည်းနဲ့ တောင်တွေနဲ့ မြစ်တွေကို ပြောင်းလဲနိုင်ပြီး ဒေသတစ်ခုလုံးကို တစ်ယောက်တည်း ဖိနှိပ်ထားနိုင်တဲ့ တည်ရှိမှုမျိုးပဲ။
စစ်မှန်တဲ့ ထိပ်တန်းအဆင့် စွမ်းအားရှင်တစ်ဦးပါလား။
မြို့တော်ကနေ နှစ်ပေါင်းများစွာ ထွက်ခွာသွားခဲ့တဲ့ ဒီမင်းသမီးကြီးက တကယ်ပဲ ဒီအဆင့်ထိ ရောက်နေခဲ့တာလား။
အောက်ဘက်တွင် အနောက်ပိုင်းဒေသ၊ မြောက်ပိုင်းနယ်စပ်နှင့် အရှေ့ပိုင်းဒေသတို့မှ ဂိုဏ်းအသီးသီး၏ ကိုယ်စားလှယ်များ အားလုံး အေးစက်သော လေကို ရှူသွင်းလိုက်မိကြသည်။
ကျိုးယန် က ကောင်းကင်ပူဇော်ရာ စင်မြင့်ပေါ်ရှိ ပုံရိပ်ကို မော့ကြည့်ကာ တိုးညင်းစွာ သက်ပြင်းချလိုက်သည်။ "အထင်ကြီးစရာပဲ။"
ဟွေဟွေ က "အင်း-အာ" ဟု အသံပြုလိုက်ပြီး ရှဲ့ချန်ရှင်း၏ ရင်ခွင်ထဲသို့ ခေါင်းကို ပို၍ နက်ရှိုင်းစွာ မြှုပ်ထားလိုက်သည်။ ပြင်ပကမ္ဘာကြီးက အရမ်းကြောက်ဖို့ကောင်းတာပဲ။
ဟေးစန်း၏ ခြေသလုံးများ အနည်းငယ် တုန်ယင်နေပြီး သူက သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သည်။
"ကံကောင်းလို့ ဒီစာပေပညာရှင်က ယဉ်ကျေးတဲ့ ဝက်ဝံတစ်ကောင် ဖြစ်နေလို့ပေါ့... သခင်မကြီးက အကြောင်းသင့်အကျိုးသင့် စဉ်းစားတတ်မှာပါ၊ ယဉ်ကျေးတဲ့ ဝက်ဝံတစ်ကောင်ကို ကြမ်းကြမ်းတမ်းတမ်း လုပ်မှာ မဟုတ်ပါဘူး..."
ဆုန်ချီ၏ ရင်ထဲတွင် လှိုင်းထန်နေသည်။ စစ်ချန်ကို ကြည့်လိုက်၊ ထို့နောက် ယဲ့ဖူးကို ကြည့်လိုက်ဖြင့် သူ၏ သွေးများ ဆူပွက်နေသည်ဟု ခံစားရသည်။
ဒါဆို အစ်ကိုစစ်ရဲ့ အမူအကျင့်က သူ့မိသားစု အမွေအနှစ်ကနေ လာတာကိုး။ တကယ့် သူရဲကောင်း မိသားစုပဲ၊ တကယ်ကို လေးစားစရာကောင်းလိုက်တာ။
စစ်ချန် ကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်နေသည်။
သူ၏ မိခင်သည် အမြဲတမ်း အလွန် နူးညံ့သိမ်မွေ့ပြီး တချို့အချိန်များတွင် အနည်းငယ် ဆူပူတတ်ကာ သူ့အတွက် စိုးရိမ်ပေးပြီး အရသာရှိသော အစားအစာများကို ချက်ပြုတ်ပေးတတ်သူ ဖြစ်သည်။
သူ၏ မိခင်သည် ဤကမ္ဘာတွင် အလွန် သန်မာကြောင်း သူ သိသော်လည်း ဤမျှလောက်အထိ သန်မာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
အဖေရော သိရဲ့လား။
မိသားစုရော သိပါသလား။
အဲဒီ အကြီးအကဲတွေရော သိကြရဲ့လား။
ကောင်းကင်ပူဇော်ရာ စင်မြင့် ပေါ်တွင် ယဲ့ဖူးက အမူအရာများ ပြောင်းလဲနေသော ဘိုးဘေးကြီး သုံးပါးကို ကြည့်လိုက်ပြီး သူမ၏ အသံမှာ တည်ငြိမ်နေသည်။
"ကဲ... ဘယ်သူက ငါ့ကို ဘိုးဘေးတွေရဲ့ စည်းမျဉ်းတွေအကြောင်း ပြောချင်သေးလဲ။"
ဘိုးဘေးတွေရဲ့ စည်းမျဉ်းတွေ ဟုတ်လား။
ကျင့်ကြံခြင်းလောကမှာ မင်းမှာ စွမ်းအားရှိရင် မင်းက ဘိုးဘေးပဲ။
ဘိုးဘေးကြီး သုံးပါးက အချင်းချင်း အကဲခတ်လိုက်ကြသည်။
ဦးဆောင်လာသော ဘိုးဘေးကြီး ယဲ့ချန် က အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ လေသံ အနည်းငယ် ပျော့ပျောင်းသွားသည်။ "ဖူးလေး၊ မင်းရဲ့ ကျင့်ကြံခြင်းက ဒီအဆင့်ထိ တိုးတက်လာတဲ့အတွက် မျိုးနွယ်စုက သဘာဝကျကျ ဝမ်းသာရပါတယ်။ ဒါပေမဲ့ ဒီနေ့ကိစ္စက တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတယ်..."
"ဂုဏ်သိက္ခာ ဟုတ်လား။"
ယဲ့ဖူးက လှောင်ပြုံးပြုံးလိုက်ပြီး သူ့စကားကို ဖြတ်ပြောလိုက်သည်။
"ငါ့မောင်နှမတွေရဲ့ သွေးတွေ အင်ပါယာမြို့တော်ကို စွန်းထင်းသွားတုန်းက ရှင်တို့ရဲ့ ဂုဏ်သိက္ခာ ဘယ်ရောက်နေလဲ။"
"မဟာယင်ရဲ့ ဂုဏ်သိက္ခာကို ရှင်တို့က လွှင့်ပစ်ခဲ့တာ ကြာလှပြီ။"
ဘိုးဘေးကြီး သုံးပါးစလုံး၏ အမူအရာများ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားကြသည်။
သူတို့အားလုံးသည် တစ်ချိန်က ဧကရာဇ်များ ဖြစ်ခဲ့ကြသူများ ဖြစ်ပြီး၊ ပိုမိုမြင့်မားသော နယ်ပယ်များသို့ ရောက်ရှိရန် ကျင့်ကြံခြင်းအပေါ် အာရုံစိုက်ရန်အတွက်သာ ထီးနန်းကို စွန့်လွှတ်ခဲ့ကြခြင်း ဖြစ်သည်။
သူတို့က ပုံရိပ်ယောင်နဂါး၏ ကျိန်စာအကြောင်းကို သဘာဝကျကျပင် သိရှိထားကြသည်။
အဲဒီတုန်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကိုလည်း သူတို့က နှုတ်ဆိတ်ပြီး သဘောတူခဲ့ကြတာလေ။
ဘာဖြစ်လို့လဲဆိုတော့ သူတို့ မျိုးဆက်တုန်းကလည်း အဲဒီလိုမျိုး အတူတူ ဖြတ်သန်းခဲ့ရလို့ပဲ။
ဘိုးဘေးကြီး ယဲ့ချန် က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "တချို့ကိစ္စတွေက ရှောင်လွှဲလို့ မရနိုင်ခဲ့ဘူး..."
"ရှောင်လွှဲလို့ မရနိုင်ခဲ့ဘူး ဆိုတဲ့ စကားက ကောင်းလိုက်တာ။"
ယဲ့ဖူးက ရှေ့သို့ တစ်လှမ်း တက်လိုက်သည်။
တစ်လှမ်းတည်းသာ။
မဟာယာန ဘိုးဘေးကြီး သုံးပါးနှင့်အတူ သူတို့နောက်ရှိ ရုပ်ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ အားလုံး တစ်ပြိုင်နက်တည်း ခြေလှမ်းအနည်းငယ် ဆုတ်သွားကြသည်။
သူတို့ ဆုတ်ချင်လို့ မဟုတ်ပေ။
သို့သော် ယဲ့ဖူး၏ မဟာယာန အထွတ်အထိပ်နယ်ပယ်မှ ခြိမ်းခြောက်နေသော ဖိအားက သူတို့ကို နောက်ဆုတ်ရန် အတင်းအကျပ် ဖိအားပေးနေသောကြောင့်ပင်။
ယဲ့ဖူးက သူတို့၏ ရှေ့ ငါးလှမ်းအကွာတွင် ရပ်တန့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
"အဲဒီတုန်းက မင်းတို့က ငါ့မောင်နှမတွေကို သေဒဏ်ပေးဖို့အတွက် ရှောင်လွှဲလို့မရဘူးဆိုတဲ့ စကားလုံးကို သုံးခဲ့ကြတယ်။"
"ဒါကြောင့်၊ ငါလည်း မင်းတို့ကို စကားတစ်ခွန်း ပေးမယ်..."
သူမက စကားတစ်လုံးချင်းစီကို ဖိပြောလိုက်သည်။
"ဒီနေ့ကစပြီး..."
"ငါ ယဲ့ဖူး ပြောတာက စည်းမျဉ်းပဲ။"
"ငါ ယဲ့ဖူး လုပ်တာက သံမဏိဥပဒေပဲ။"
"ဘယ်သူ ကန့်ကွက်စရာရှိလဲ။"
ကွင်းပြင်တစ်ခုလုံး သေမတတ် တိတ်ဆိတ်သွားတော့သည်။
အရာရှိများမှာ ကျယ်လောင်စွာပင် အသက်မရှူရဲကြပေ။
အနောက်ပိုင်းဒေသနှင့် မြောက်ပိုင်းနယ်စပ်မှ ကိုယ်စားလှယ်အဖွဲ့များ၏ မျက်လုံးများမှာ တောက်ပနေကြသည်။ မဟာယင်ရဲ့ ဒီပြဇာတ်က ပိုပိုပြီး လွန်ကျူးလာပါလား။
စင်မြင့်ပေါ်တွင် ဘိုးဘေးကြီး သုံးပါး၏ မျက်နှာများမှာ ဖြူလျော့ခြင်းနှင့် ပြာနှမ်းခြင်းများ တစ်လှည့်စီ ဖြစ်ပေါ်နေကြသည်။
သူတို့ အသက်ရှင်လာခဲ့တာ အတော်ကြာပြီ၊ ထီးနန်းအပြောင်းအလဲတွေကို ဖြတ်သန်းခဲ့ဖူးတယ်၊ ညီအစ်ကိုတွေ အချင်းချင်း သတ်ဖြတ်ကြတာကိုလည်း မြင်တွေ့ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီနေ့လိုမျိုး... မင်းသမီးတစ်ပါးက ဧကရာဇ်ကို လူပုံအလယ် ပါးရိုက်ပြီး စည်းမျဉ်းတွေကို အသစ်ပြန်ချမှတ်ချင်တာမျိုးကတော့ တကယ်ကို ပထမဆုံးအကြိမ်ပဲ။
သို့သော် စွမ်းအားကွာဟချက်က အဲဒီမှာ ရှိနေတယ်လေ။
ယဲ့ဖူးသာ တကယ် တိုက်ခိုက်ချင်တယ်ဆိုရင်၊ သူတို့သုံးယောက် ပေါင်းရင်တောင် သူမရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး။
ပိုအရေးကြီးတာက... ယဲ့ဖူး... ဘာပဲဖြစ်ဖြစ် သူမရဲ့ မျိုးရိုးက ယဲ့ပဲလေ။
လူတိုင်း၏ အာရုံက ယဲ့ဖူးဆီသို့ ရောက်နေချိန်တွင်... ကောင်းကင်ပူဇော်ရာ စင်မြင့် အစွန်းရှိ ယဲ့ဟုန်၏ ရင်ထဲတွင်လည်း မုန်တိုင်းတစ်ခု ဝင်ရောက်မွှေနှောက်နေတော့သည်။
ဒီမိန်းမက အရမ်းသန်မာလွန်းတယ်၊ သူ့ရဲ့ မျှော်လင့်ချက်တွေထက် အများကြီး သာလွန်နေတယ်။
ဒါပေမဲ့ အရာအားလုံးက... သူ့ရဲ့ အစီအစဉ်ကနေ မသွေဖည်သွားသေးပါဘူး။
သူက တိတ်တဆိတ် အသက်ရှူလိုက်ပြီး သူ၏ အတွင်းပိုင်း ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်လိုက်သည်။ လူတိုင်း၏ အာရုံက ယဲ့ဖူးနှင့် ဘိုးဘေးကြီးများ၏ ထိပ်တိုက်ရင်ဆိုင်မှုအပေါ် ရောက်နေချိန်တွင် သူ၏ ပုံရိပ်က ရုတ်တရက် ဝါးယွင်းသွားသည်။ သူ ဒီနေရာကနေ အရင် ထွက်သွားရမယ်။
သို့သော် သူ၏ ခန္ဓာကိုယ် မြေကြီးမှ မီတာဝက်ခန့် အကွာသို့သာ ရောက်ရှိသေးသည်... ရွှီး။
လျှပ်စီးတန်းတစ်ခု ဖြတ်ပြေးသွားသည်။
လက်တစ်ဖက်က သူ၏ ခေါင်းကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး ဖြစ်သည်။
"ဧကရာဇ်မင်းမြတ်။"
"ဘာလို့ ဒီလောက် ရိုင်းစိုင်းနေရတာလဲ။"
ယဲ့ဟုန်က သူ၏ အကြည့်ကို ခက်ခဲစွာ လှည့်လိုက်ပြီး စစ်ချန်၏ တည်ငြိမ်သော မျက်လုံးများနှင့် ဆုံတွေ့လိုက်သည်။
"ကျွန်တော့်အမေ စကားပြောလို့မှ မပြီးသေးတာကို၊ ခင်ဗျားက ထွက်သွားချင်နေတာလား။"
ယဲ့ဟုန်မှာ လေထဲတွင် အေးခဲသွားပြီး၊ သူ၏ ခေါင်းကို ထိုလက်က ဖိထားသဖြင့် မလှုပ်ရှားနိုင်တော့ပေ။
သူ ရုန်းကန်ချင်သော်လည်း သူ့ခေါင်းပေါ်ရှိ ထိုလက်က သူ၏ စွမ်းအား အနည်းငယ်ကိုပင် အသုံးမပြုနိုင်အောင် တားဆီးထားလေသည်။
ဒီအချိန်ရောက်မှသာ စင်မြင့်အောက်ရှိ လူအများစုက ဘာဖြစ်သွားလဲဆိုတာကို ရုတ်တရက် သဘောပေါက်သွားကြသည်။
ဒီအရှေ့ပိုင်းဒေသရဲ့ ချင်းရွှမ်အဆင့်ရဲ့ စစ်မှန်တဲ့ အရည်အချင်းက... ဒီလောက်တောင် ကြောက်စရာကောင်းနေတာလား။
နတ်ဘုရားဝိညာဉ်အဆင့်က ပျက်ပြယ်မှုသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို လက်ချည်းသက်သက်နဲ့ ဖမ်းလိုက်တာလား။
စစ်ချန်က ယဲ့ဟုန်၏ ခေါင်းကို ကြက်ပေါက်စလေးတစ်ကောင်လို ဆွဲကိုင်ကာ ကောင်းကင်ပူဇော်ရာ စင်မြင့် ပေါ်သို့ ပေါ့ပါးစွာ ပြန်လည် ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။
ထို့နောက် သူက ထိုသူကို ယဲ့ဖူး၏ ရှေ့သို့ ပစ်ချလိုက်သည်။
"အမေ။"
"ဒီဧကရာဇ်က အမေ့မောင်လေး မဟုတ်ဘူး။"
"သူ့ရဲ့ ခန္ဓာကိုယ်ကို လုယူခံထားရတယ်။"
သူ့အသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက်။
ပရိသတ်အားလုံး မှင်သက်သွားကြသည်။
ချန်ထျန်း ခန်းမ ကွင်းပြင်ကြီး တစ်ခုလုံး သေမတတ် တိတ်ဆိတ်သွားတော့သည်။
အရာရှိများအားလုံး ခေါင်းကို ဆတ်ခနဲ မော့ကြည့်လိုက်ကြသည်။
ဘိုးဘေးကြီး သုံးပါး၏ သူငယ်အိမ်များ ကျုံ့သွားကြသည်။
အနောက်ပိုင်းဒေသ၊ မြောက်ပိုင်းနယ်စပ်နှင့် ဂိုဏ်းအသီးသီးမှ ကိုယ်စားလှယ်များ အားလုံး မျက်လုံးပြူးသွားကြသည်။
ငှက်ကုလားအုတ်များလို ဟန်ဆောင်နေကြသော အရာရှိအိုကြီးများပင်လျှင် သေချင်ယောင် မဆောင်နိုင်ကြတော့ပေ၊ သူတို့၏ မျက်နှာများ အားလုံးပေါ်တွင် ဒါ ဘာတွေဖြစ်ကုန်တာလဲ ဆိုသည့် အမူအရာများ ပြည့်နှက်နေကြသည်။
ခန္ဓာကိုယ် လုယူခံရတာလား။
ဧကရာဇ်က ခန္ဓာကိုယ် လုယူခံလိုက်ရတာလား။