အခန်း (၅၂၆-၅၂၈)
Vol. 36 Ch. 526-528
အပိုင်း (၅၂၆) ကိုယ်ဝန်ရှိခြင်း (၂)
ဝမ်ဟွားနန်းဆောင်။
ယုံးကျားဧကရာဇ်သည် မှူးမတ်များနှင့် တိုင်းရေးပြည်ရာ ကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်နေ၏။
ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့သည်လည်း ဘေးမှ နားစွင့်နေကြသည်။ တိုင်းပြည်အရေးကိစ္စများကို ဧကရာဇ်မင်းမြတ်ကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိရာ သူတို့သည် နားထောင်ရုံသာ တတ်နိုင်ပြီး ဝင်ရောက်ဆွေးနွေးခွင့် မရှိကြပေ။
ဆွေးနွေးတိုင်ပင်မှုများ ပြီးဆုံးသွားသည့်အခါ မွန်းတည့်ချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။
ယုံးကျားဧကရာဇ်သည် မှူးမတ်များကို တော်ဝင်နေ့လယ်စာ ချီးမြှင့်လိုက်ပြီး ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့ကိုလည်း ချန်ရစ်ကာ အတူတကွ သုံးဆောင်စေလိုက်လေသည်။
ထိုအချိန်ရောက်မှသာ လျိုကုန်းကုန်းသည် ရှေ့သို့တိုးဝင်ရန် အခွင့်အရေးရရှိကာ လေသံတိုးတိုးဖြင့် လျှောက်တင်လိုက်လေသည်။ "အရှင်မင်းကြီး။ လွန်ခဲ့တဲ့ တစ်နာရီလောက်က ဟွမ်ဟုပ်ညန်ညန်က လူလွှတ်ပြီး သတင်းပို့လာပါတယ်။ ယိဟွားနန်းဆောင်က စူးကွေ့ရန်မှာ ကိုယ်ဝန်ရနေပြီတဲ့။ ကိုယ်ဝန်ရတာ ၃လတောင် ပြည့်နေပြီလို့ ပြောပါတယ်"
ယုံးကျားဧကရာဇ် "..."
ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့သည် နားပါးသူများ ဖြစ်ကြသဖြင့် ထိုစကားကို ကြားလိုက်ကြသည်။ သို့သော် ညီအစ်ကိုနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မကြားချင်ယောင် ဆောင်နေလိုက်ကြ၏။ ယုံးကျားဧကရာဇ်၏ မျက်နှာအမူအရာ မည်သို့ရှိသည်ကိုလည်း မော့မကြည့်ရဲကြပေ။
အချိန်အတော်ကြာမှ ယုံးကျားဧကရာဇ်ဆီမှ စကားလေးလုံးသာ ထွက်ပေါ်လာခဲ့သည်။ "ကျန်း သိပြီ"
ထို့နောက်တွင်တော့ မည်သည့်စကားမှ ဆက်မပြောတော့ချေ။
တော်ဝင်နေ့လယ်စာသည် လျင်မြန်စွာ ပြင်ဆင်ပြီးစီးသွားလေသည်။ ယုံးကျားဧကရာဇ် ထရပ်လိုက်သည်နှင့် ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့သည်လည်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး အတူတကွ လိုက်ပါသွားကြသည်။
ဤနေ့လယ်စာတွင် ယုံးကျားဧကရာဇ်သည် ဟိုနှိုက်ဒီနှိုက်ဖြင့် အနည်းငယ်သာ သုံးဆောင်ပြီး တူကို ပြန်ချထားလိုက်လေသည်။
ပထမမင်းသားက စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် မေးမြန်းလိုက်၏။ "ဖုဟွမ် ဘာဖြစ်လို့ နည်းနည်းပဲ သုံးဆောင်ရတာလဲ။ အစားအသောက်တွေက ခံတွင်းမတွေ့လို့လား"
စတုတ္ထမင်းသားကတော့ ပို၍ ဉာဏ်များပြီး ခေါင်းကိုငုံ့ကာ တစ်ခွန်းမှ ဝင်မပြောဘဲ နေလိုက်သည်။
ထင်ထားသည့်အတိုင်းပင် ပထမမင်းသား၏ မြှောက်ပင့်မှုသည် နေရာလွဲသွားခဲ့ပြီး ယုံးကျားဧကရာဇ်သည် အနည်းငယ်မျှပင် သာယာခြင်းမရှိဘဲ ခပ်ပြတ်ပြတ် ပြောလိုက်လေသည်။ "ကျန်း ဒီနေ့ ခံတွင်းမကောင်းဘူး။ မင်းတို့ညီအစ်ကိုနှစ်ယောက်ပဲ များများစားကြတော့။ ကျန်း အရင်သွားနားနှင့်မယ်"
ပြောပြီးသည်နှင့် ချက်ချင်း ထွက်ခွာသွားလေတော့သည်။
ပထမမင်းသား "..."
မင်း ပါးစပ်ဖွာချင်ဦးလေ။ ခံရတာ နည်းတောင်နည်းသေးတယ်။
စတုတ္ထမင်းသားသည် စိတ်ထဲတွင် ကျိတ်ရယ်လိုက်ပြီး ထမင်းတစ်ပန်းကန်လုံးကို ကုန်စင်အောင် စားသောက်လိုက်ကာ ဗိုက်ပြည့်သွားမှ စိတ်ကျေနပ်သွားတော့သည်။
ခေါင်းမော့ကြည့်လိုက်ရာ ပထမမင်းသား၏ မျက်နှာ မည်းမှောင်နေသည်ကို တွေ့လိုက်ရ၏။ စတုတ္ထမင်းသားက ပြုံးကာ စနောက်လိုက်လေသည်။ "ဖုဟွမ်က ခံတွင်းမတွေ့တာ ထားပါတော့။ သာ့ကောကရော ဘာလို့ လိုက်ပြီး စားမဝင် ဖြစ်နေရတာလဲ။ ဒီလိုမျိုး သိတတ်လွန်းတဲ့ စိတ်ထားမျိုးကို ကျွန်တော်ကတော့ အမီ လိုက်နိုင်မှာ မဟုတ်ဘူး"
ပထမမင်းသားသည် သူတစ်ပါးမပျော်သည်ကို ဝမ်းသာနေသော စတုတ္ထမင်းသားကို မျက်စောင်းထိုးလိုက်၏။ "ငါလည်း ခံတွင်းမကောင်းဖြစ်နေတာလေ။ ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး။ ဘာမှမဖြစ်ပါဘူး" စတုတ္ထမင်းသားက အပြစ်ကင်းစင်ဟန်ဆောင်ကာ ပြောလိုက်လေသည်။ "ကျွန်တော်က ပါးစပ်ဖွာမိတာပါ။ နောက်မပြောတော့ပါဘူး"
ပထမမင်းသားက နှာခေါင်းတစ်ချက် ရှုံ့လိုက်သော်လည်း နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ လေသံတိုးတိုးဖြင့် ပြောလာသည်။ "စစ်တိ။ အနောက်နန်းဆောင်က စူးကွေ့ရန် ကိုယ်ဝန်ရှိတာတောင် ဖုဟွမ်က နည်းနည်းလေးမှ ဝမ်းသာတဲ့ပုံ မပေါ်ဘူးနော်။ မင်း ပြောကြည့်ပါဦး။ ဖုဟွမ်က များ..."
စတုတ္ထမင်းသားသည် တစ်သက်လုံး အတင်းအဖျင်း ပြောရသည်ကို အနှစ်သက်ဆုံးဖြစ်ပြီး စကားများရသည်ကို နှစ်ခြိုက်သူဖြစ်ရာ ထိုစကားကို ကြားသည်နှင့် စိတ်ဝင်တစား ခေါင်းထိုးဝင်လာပြီး လေသံနှိမ့်ကာ ပြောလိုက်လေသည်။ "ဒါက ပြောရခက်ပါတယ်။ အရင်တုန်းက ကောလာဟလတွေကြောင့် ဖုဟွမ်က တော်တော်လေး ဒေါသထွက်ပြီး ယိဟွားနန်းဆောင်ကို ခြေဦးတောင် မလှည့်တော့ဘူးလေ။ စူးကွေ့ရန်ရဲ့ ဒီကိုယ်ဝန်က အချိန်အခါ မဟုတ်ဘူး ဖြစ်နေတယ်"
သားသမီးဖြစ်သူများ အနေဖြင့် ဖခင်အရင်း၏ ထိုကဲ့သို့သော ကိစ္စရပ်များကို ဆွေးနွေးခြင်းသည် မသင့်လျော်လှပေ။
ပထမမင်းသားသည် စကားဆက်မပြောတော့ဘဲ ပေါ့ပေါ့ပါးပါးပင် အင်း ဟုသာ အသံပြုလိုက်သည်။
စတုတ္ထမင်းသားကတော့ စိတ်ထဲတွင် မျက်စောင်းထိုးမိတော့သည်။
ငါက သာ့ကောနဲ့ မရင်းနှီးချင်လို့ မဟုတ်ပါဘူး။ ငါ့ရဲ့ဒီသာ့ကောက အရင်ကတည်းက အလိုလိုက်ခံထားရပြီး မောက်မာနေကျလေ။ ကိစ္စတိုင်းမှာ သူ့ကို ဦးစားပေးရမယ်။ အချိန်တိုင်း သူ့ကို မြှောက်ပင့်ပေးနေရတာ။ စဉ်းစားကြည့်ပါဦး။ အခုအချိန်က အရင်အချိန်နဲ့ တူတော့တာမှ မဟုတ်တာ။ ခြေထောက်တစ်ဖက် ထော့ပြီး အချစ်တော်နေရာကနေ လျှောကျသွားတဲ့ မင်းသားတစ်ပါးကို ငါက ဒီလောက်အထိ လေးစားမှုပေးပြီး အလျှော့ပေးဆက်ဆံနေတာက ငါ့ရဲ့စိတ်ထား ဖြူစင်လို့ပါနော်။
...
ယိဟွားနန်းဆောင်။
လွန်ခဲ့သော ၂လလုံးလုံး မှိုင်းညို့နေခဲ့သော ယိဟွားနန်းဆောင်သည် ရုတ်တရက် မိုးစဲပြီး နေသာသွားသကဲ့သို့ ဖြစ်သွားတော့သည်။ နန်းတွင်းသူ နန်းတွင်းသားတိုင်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်ဝမ်းမြောက်မှုများ ဖုံးလွှမ်းလို့နေ၏။
တစ်ကိုယ်လုံး ပိန်ကျသွားပြီး မျက်နှာဖြူဖတ်ဖြူရော် ဖြစ်နေသော စူးကွေ့ရန်၏ မျက်နှာထက်တွင် အပြုံးရိပ်တစ်ခု ယှက်သန်းလာခဲ့သည်။
သူမသည် ပြန့်ပြူးနေဆဲဖြစ်သော သူမ၏ ဝမ်းဗိုက်ငယ်ကို ဂရုတစိုက် ပွတ်သပ်နေသည်မှာ ကမ္ဘာလောကကြီး၏ တန်ဖိုးအရှိဆုံး ရတနာကို ကိုင်တွယ်နေရသကဲ့သို့ပင်။ နောက်တစ်ခဏအတွင်း ဗိုက်ထဲမှ ကလေးငယ်သည် လေမှုတ်သွင်းလိုက်သကဲ့သို့ ကြီးထွားလာတော့မည့်အလား ခံစားနေရသည်။
ဘေးနားရှိ နန်းတွင်းသူက ပြုံးရွှင်စွာ ပြောလိုက်လေသည်။ "ညန်ညန် ဝမ်းသာစရာပါပဲ။ ဒီအနောက်နန်းဆောင်မှာ မင်းသမီးလေး မွေးပြီးကတည်းကဆိုရင် ၂နှစ်လုံးလုံး ဒီလိုဝမ်းသာစရာကိစ္စမျိုး မရှိခဲ့တော့ဘူး"
အခြားနန်းတွင်းသူတစ်ဦးကလည်း ပြုံးလျက် ဝင်ထောက်ခံလေသည်။ "ဟုတ်တာပေါ့။ ညန်ညန်ကတော့ ဆင်းရဲဒုက္ခတွေပြီးလို့ စည်းစိမ်ချမ်းသာ ရောက်လာပါပြီ။ အရှင်မင်းကြီးက မကြာခင် ညန်ညန်ကို လာတွေ့မှာပါ"
စူးကွေ့ရန်သည် နှုတ်ခမ်းကို စေ့လိုက်ပြီး မျက်ဝန်းထဲတွင် မျှော်လင့်ချက်နှင့် ပျော်ရွှင်မှုတို့ ဖြတ်ပြေးသွားကြသည်။
လွန်ခဲ့သော ၂လတာ ကာလသည် သူမအတွက်တော့ အိပ်မက်ဆိုးကြီးတစ်ခု မက်နေရသကဲ့သို့ပင်။ သူမသည် အချစ်တော်မိဖုရား တစ်ပါး၏ ဂုဏ်ကျက်သရေကို မခံစားလိုက်ရသေးခင်မှာပင် နက်ရှိုင်းသော ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွားခဲ့ရပြီး နေရောင်ခြည် တစ်စက်မျှပင် မမြင်တွေ့ခဲ့ရပေ။
သူမသည် နေ့တိုင်း မျက်ရည်ဖြင့် မျက်နှာသစ်ခဲ့ရပြီး မိမိ၏ ဆိုးရွားလှသော ကံကြမ္မာအတွက် ငိုကြွေးခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ကောင်းကင်ဘုံသည် သူမအတွက် လမ်းစကို ပိတ်မပစ်ခဲ့ပေ။ သူမ၏ ဓမ္မတာ မလာတော့ကြောင်း သတိထားမိသည့်အချိန်တွင် သူမ၏ စိတ်နှလုံးသည် အတိုင်းအဆမဲ့ လှုပ်ရှားသွားခဲ့ရသည်။ သို့သော် သူမသည် အသံမထွက်ရဲခဲ့ပေ။ ၃လခန့် ကြာမြင့်ပြီး ကိုယ်ဝန်တည်မြဲသည့် အချိန်ရောက်မှသာ သတိလစ်မေ့မြောချင်ယောင် ဆောင်လိုက်ခြင်း ဖြစ်သည်။
ယခုအခါ သူမ ကိုယ်ဝန်ရှိသည့် သတင်းကောင်းသည် အနောက်နန်းဆောင်ရှိ လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားခဲ့လေပြီ။ အရှင်မင်းကြီးလည်း သေချာပေါက် သိရှိပြီးလောက်ပြီ။
ငါ့ရဲ့ ခန္ဓာကိုယ်က သန့်ရှင်းစင်ကြယ်တယ်ဆိုတာ အရှင်မင်းကြီးက အသိဆုံးပါ။ ငါ့ဗိုက်ထဲက ကလေးက အရှင်မင်းကြီးရဲ့ သွေးသားရင်းချာ သာ့ဝေတိုင်းပြည်ရဲ့ မင်းသားလေးပဲ။ သားကိုအကြောင်းပြုပြီး မိခင်က တန်ခိုးထွားလာမှာ။ ကလေး မွေးပြီးတာနဲ့ ငါလည်း အနောက်နန်းဆောင်မှာ နေရာတစ်နေရာ ရလာတော့မှာပဲ။
ငါ့မှာ ပြန်ပြီးခေါင်းမော့နိုင်မယ့် အခွင့်အရေး ရှိလာပြီ။
စူးကွေ့ရန်သည် တွေးလေ ပျော်လေဖြစ်ပြီး မျက်မှောင်များ ဖြည်းဖြည်းချင်း ပြေလျော့သွားတော့သည်။
ဘေးနားမှ နန်းတွင်းသူများသည် အကင်းပါးသူများ ဖြစ်ကြသဖြင့် စူးကွေ့ရန် ကြားချင်သည့် စကားချိုချိုများကိုသာ ရွေးချယ်ပြောဆိုကြလေသည်။ သို့သော် ညနေစောင်းသည်အထိ စောင့်မျှော်နေသော်လည်း မယ်တော်ကြီးကျောက်နှင့် ချောင်မိဖုရားခေါင်တို့ထံမှ ဆုလာဘ်များ ရောက်မလာသလို ယုံးကျားဧကရာဇ်ထံမှ ဆုလာဘ်များကိုလည်း မမြင်တွေ့ရပေ။ နန်းတွင်းသူများသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရိပ်မိလိုက်ကြတော့၏။
ထိုစဉ်က ဝမ်ကျဲယွီ ကိုယ်ဝန်ရှိစဉ်အခါက ဆုလာဘ်များသည် တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာခဲ့ဖူးသည်။ ယခု စူးကွေ့ရန် အလှည့်ရောက်မှ လှုပ်ရှားမှုအနည်းငယ်မျှပင် မရှိပေ။ မည်သို့စဉ်းစားကြည့်ကြည့် အခြေအနေ မကောင်းလှပေ။
စူးကွေ့ရန်သည် နန်းတော်ထဲသို့ ဝင်ရောက်လာသည်မှာ မကြာသေးသဖြင့် နန်းတွင်းထုံးစံများကို သိပ်မသိပေ။ နန်းတွင်းသူများက အခြေအနေမကောင်းသည်ကို သိသော်လည်း မပြောရဲကြချေ။
စူးကွေ့ရန်သည် မျက်လုံးအပြူးသားဖြင့် ညမိုးချုပ်သည်အထိ စောင့်မျှော်နေခဲ့ရာ နောက်ဆုံးတွင်တော့ ယုံးကျားဧကရာဇ် ရောက်ရှိလာခဲ့လေသည်။
လျိုကုန်းကုန်းက နှုတ်မိန့်တော် လာရောက်ဆင့်ဆိုသည့်အခါ နန်းတွင်းသူများအားလုံး သက်ပြင်းချနိုင်သွားကြသည်။ စူးကွေ့ရန်မှာမူ အတိုင်းထက်အလွန် ဝမ်းမြောက်သွားပြီး ရေချိုးသန့်စင်ကာ အဝတ်အစားလဲလှယ်ပြီး အလှဆင်လေတော့သည်။
သူမသည် မူလကတည်းက လှပနူးညံ့သူဖြစ်ရာ တစ်ပတ်လည်မျှ ပိန်ကျသွားပြီး မျက်နှာနွမ်းလျနေသည့်ပုံစံက သနားစဖွယ် ကောင်းသော အလှတရားကို ပိုမို ပေါ်လွင်စေပြီး မြင်သူတကာ သနားချစ်ခင်စိတ် ဖြစ်ပေါ်စေလေသည်။
ယုံးကျားဧကရာဇ် ဝင်ရောက်လာသည်နှင့် စူးကွေ့ရန်၏ မျက်ဝန်းအိမ်များ ချက်ချင်း နီရဲသွားကာ ဒူးထောက်ချလိုက်လေသည်။ "ချန်ချဲ့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
ယုံးကျားဧကရာဇ်သည် လေတိုက်လျှင် လဲကျတော့မည့်အလား ဖြစ်နေသော မိန်းမလှလေးကို ကြည့်လိုက်ရာ နဂါးမျက်ဝန်းများထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ဖြတ်ပြေးသွားပြီး လျင်မြန်စွာ ပျောက်ကွယ်သွားကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ထတော့"
စူးကွေ့ရန်သည် မထဘဲ ရှိုက်သံဖြင့် ပြောလိုက်၏။ "ဒီရက်ပိုင်းတွေမှာ အရှင်မင်းကြီးနဲ့ မတွေ့ရလို့ ချန်ချဲ့ရဲ့စိတ်ထဲမှာ နေ့တိုင်း စိုးရိမ်ပူပန်ပြီး နေမထိထိုင်မသာ ဖြစ်နေရတာပါ။ အခု အရှင်မင်းကြီးက ချန်ချဲ့ကို လာတွေ့ပြီဆိုတော့ ချန်ချဲ့မှာ အရှင်မင်းကြီးကို ပြောပြချင်တဲ့ စကားတွေ ဝမ်းထဲမှာ အများကြီး ရှိနေပါတယ်"
"နန်းတော်အပြင်ဘက်မှာ ချန်ချဲ့ကို စော်ကားတဲ့ ကောလာဟလတွေ ဘယ်လိုထွက်လာလဲဆိုတာ ချန်ချဲ့ မသိပါဘူး။ ဒါပေမဲ့ ချန်ချဲ့ရဲ့ သန့်ရှင်းစင်ကြယ်မှုကိုတော့ အရှင်မင်းကြီး အသိဆုံးပါ။ အရှင်မင်းကြီး ချန်ချဲ့ကို သနားကြင်နာပြီး ဒီကိစ္စကြောင့် ချန်ချဲ့ကို မမုန်းလိုက်ပါနဲ့နော်"
မျက်ရည်များသည် မျက်လုံးထောင့်မှ တဖြည်းဖြည်း စီးကျလာသည်။
မိုးရေစိုနေသော သစ်တော်ပန်းပွင့်လေးကဲ့သို့ သနားစဖွယ် ကောင်းလှသည်။
ကွယ်လွန်သူ စူးဖေးသည်လည်း မကြာခဏ ငိုကြွေးလေ့ရှိသည်။ စူးကွေ့ရန် ငိုကြွေးသည့်ပုံစံက စူးဖေးထက်ပင် သုံးဆခန့် ပိုမိုလှပနေသည်။
ယုံးကျားဧကရာဇ်သည် လက်ကိုဆန့်ကာ စူးကွေ့ရန်ကို တွဲထူပေးလိုက်ပြီး ကိုယ်တိုင် မျက်ရည်သုတ်ပေးလိုက်လေသည်။ "ကျန်း မင်းကို အပြစ်မတင်ဖူးပါဘူး။ မငိုနဲ့တော့"
စူးကွေ့ရန်သည် ငိုကြွေးရင်း ယုံးကျားဧကရာဇ်၏ ရင်ခွင်ထဲသို့ မှီတွယ်လိုက်လေ၏။ သူမသည် ယုံးကျားဧကရာဇ်၏ လက်ကို ဆွဲယူကာ သူမ၏ ဝမ်းဗိုက်ပေါ်သို့ ဖြည်းညှင်းစွာ တင်ပေးလိုက်၏။ "ချန်ချဲ့က အရှင်မင်းကြီးရဲ့ သွေးသားရင်းချာကို လွယ်ထားရတာပါ။ အရှင်မင်းကြီး..."
စကားမဆုံးမီမှာပင် ဝမ်းဗိုက်ပေါ်ရှိ လက်သည် ရုတ်တရက် တင်းကြပ်သွားလေသည်။
စူးကွေ့ရန် ထိတ်လန့်သွားပြီး ရုတ်တရက် မော့ကြည့်လိုက်မိ၏။
ယုံးကျားဧကရာဇ်၏ မျက်ဝန်းထဲမှ အေးစက်မှုသည် လွန်စွာမြန်ဆန်သဖြင့် ဖမ်းဆုပ်၍ပင် မမီလိုက်ချေ။ ထို့နောက်တွင်တော့ ထိုလက်သည် ဖြည်းညှင်းစွာ ပြန်လည်ပြေလျော့သွားပြီး သူမ၏ဝမ်းဗိုက်ကို ညင်သာစွာ အုပ်မိုးလိုက်လေသည်။ "ကျန်း သိပါတယ်"
ထိုအခါမှသာ စူးကွေ့ရန် သက်ပြင်းချနိုင်တော့သည်။
ထို့နောက်တွင်တော့ ယုံးကျားဧကရာဇ်က လေသံတိုးတိုးဖြင့် မှာကြားလိုက်လေသည်။ "ကျန်း လူလွှတ်ပြီး မင်းသောက်ဖို့ ငှက်သိုက်ပေါင်း တစ်ပွဲ လုပ်ခိုင်းထားတယ်။ မင်း သောက်ပြီး အားဖြည့်လိုက်ဦး"
...
အပိုင်း (၅၂၇) ကိုယ်ဝန်ပျက်ကျခြင်း (၁)
ယုံးကျားဧကရာဇ်၏ နူးညံ့နွေးထွေးသော စကားများကို ကြားလိုက်ရသည်တွင် စူးကွေ့ရန်၏ စိတ်နှလုံးသည် ပီတိအဟုန်ဖြင့် ပြည့်လွှမ်းသွားရတော့သည်။
စူးကွေ့ရန်သည် မျက်ရည်စများကို သုတ်ဖယ်လိုက်ပြီး ရှက်သွေးဖြာလျက် ပျော်ရွှင်ကြည်နူးစွာဖြင့် ဧကရာဇ်မင်းမြတ်၏ ကျေးဇူးတော်ကို ဂါရဝပြုလိုက်လေသည်။
လျိုကုန်းကုန်းသည် ငှက်သိုက်ပေါင်းပွဲကို ကိုင်ဆောင်လျက် ရှေ့သို့တိုးလာခဲ့သည်။ စူးကွေ့ရန်သည် ကမ်းပေးလာသော ပန်းကန်ကို လှမ်းယူလိုက်ပြီး ယုံးကျားဧကရာဇ်၏ အကြည့်အောက်မှာပင် ထိုနွေးထွေးမွှေးကြိုင်လှသော ငှက်သိုက်ပေါင်း တစ်ပန်းကန်လုံးကို ကုန်စင်အောင် သုံးဆောင်လိုက်လေသည်။
ယုံးကျားဧကရာဇ်က ပြုံးကာ မှာကြားလိုက်\။ "ကျန်း စစ်ဆေးစရာ လျှောက်လွှာတွေ ကျန်သေးတော့ အရင်ပြန်နှင့်တော့မယ်။ မင်း လျှောက်ပြီး တွေးမနေနဲ့။ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်ပြီး အနားယူလိုက်ဦး"
ကိုယ်ဝန်ဆောင်ထားရသော မိဖုရားတစ်ပါး အနေဖြင့် အရှင်မင်းကြီးအား အိပ်ဆောင်၌ ပြုစုခွင့်မရှိချေ။ သို့သော် ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ကိုယ်ကျ လာရောက်မေးမြန်းခြင်းသည်ပင်လျှင် လုံလောက်သော မျက်နှာပန်းနှင့် ကြီးမားသော မျက်နှာသာပေးမှုပင် ဖြစ်နေပေပြီ။
စူးကွေ့ရန်က သံယောဇဉ် ဖွဲ့နွဲ့သော မျက်ဝန်းများဖြင့် ကြည့်ကာ ပြန်ပြောလိုက်လေသည်။ "အရှင်မင်းကြီး စိတ်ချပါ။ ချန်ချဲ့ ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်ပြီး နေပါ့မယ်"
ယုံးကျားဧကရာဇ်သည် ခေါင်းကို အသာညိတ်ပြလိုက်ပြီးနောက် ပြန်လည် ထွက်ခွာသွားလေသည်။
စူးကွေ့ရန်သည် ဧကရာဇ်မင်းမြတ်ကို နှုတ်ဆက်ပို့ဆောင်ပြီးနောက်တွင် ကျေနပ်အားရစွာ ပြုံးရယ်လိုက်မိတော့သည်။ နန်းတွင်းသူများသည်လည်း အကင်းပါးသူများ ဖြစ်ကြသဖြင့် စူးကွေ့ရန် ပျော်ရွှင်စေရန် ဝိုင်းဝန်းမြှောက်ပင့် ပြောဆိုကြပြန်သည်။
စူးကွေ့ရန်၏ မျက်နှာထက်တွင် ကြည်နူးရိပ်တို့ ဝေဆာလို့နေ၏။
ကိုယ်ဝန်ဆောင်သည်တို့ ပင်ပန်းနွမ်းနယ်လွယ်ခြင်းမှာ ဓမ္မတာပင်။ စူးကွေ့ရန်သည် မကြာမီမှာပင် မောပန်းလာသဖြင့် နန်းတွင်းသူများ၏ ပြုစုမှုဖြင့် ကုတင်ထက်တွင် ဝင်ရောက်လှဲလျောင်းလိုက်ရာ လက်ဖက်ရည်တစ်ခွက်စာ အချိန်မပြည့်မီမှာပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားလေတော့သည်။
နန်းတွင်းသူတစ်ဦးသာ ညစောင့်အဖြစ် ကျန်ရစ်ခဲ့ပြီး ကျန်လူများအားလုံး ထွက်ခွာသွားကြသည်။
ညဉ့်နက်သန်းခေါင် အချိန်တွင် ညစောင့်နန်းတွင်းသူသည် သမ်းဝေလိုက်ပြီး ခြေရင်း၌ပင် အိပ်ပျော်သွားခဲ့သည်။
အိပ်မောကျနေစဉ်မှာပင် နားထဲ၌ ဝေဝါးသော ညည်းညူသံတစ်စုံကို ရုတ်တရက် ကြားလိုက်ရ\။
နန်းတွင်းသူသည် ထိတ်လန့်သွားပြီး ချက်ချင်း နိုးထလာကာ ကုတင်လိုက်ကာကို ဆွဲဖွင့်လိုက်လေသည်။ "ညန်ညန် ဘာဖြစ်လို့လဲ"
အိပ်ဆောင်ထောင့်ရှိ ဖယောင်းတိုင်မီးရောင် မှိန်ပြပြအောက်တွင် စူးကွေ့ရန်၏ နဖူးပြင်ထက်၌ ချွေးစေးများ ပြည့်နှက်နေပြီး မျက်နှာထားမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်ကို နန်းတွင်းသူက အထင်းသား မြင်တွေ့လိုက်ရသည်။ ပါးစပ်မှလည်း မရပ်မနား ညည်းညူအော်ဟစ်နေရှာသည်။ "ဗိုက်... ဗိုက်နာတယ်..."
နန်းတွင်းသူသည် လွန်စွာ ထိတ်လန့်သွားပြီး စောင်ကို အလျင်အမြန် ဆွဲလှန်ကြည့်လိုက်ရာ စူးကွေ့ရန်၏ ခြေထောက်နှစ်ဖက်ကြားတွင် ရဲရဲနီနေသော သွေးကွက်ကြီးကို တွေ့မြင်လိုက်ရလေတော့သည်။
နန်းတွင်းသူ၏ ကိုယ်ပေါ်တွင် ချွေးစေးများ ဒလဟော စီးကျလာပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်လေသည်။ "ညန်ညန် စိတ်မပူပါနဲ့။ ကျွန်မ အခုပဲ တော်ဝင်သမားတော်ကို သွားခေါ်လိုက်ပါ့မယ်"
စူးကွေ့ရန်သည် နှုတ်ခမ်းကို ဖိကိုက်ထားလျက် မျက်ရည်များ စီးကျလာကာ ပြောရှာသည်။ "မြန်မြန်... လူသွားခေါ်ပေးပါ။ ငါ့ကို ကယ်ကြပါဦး..."
နန်းတွင်းသူသည် ဖိနပ်ပင် စီးချိန်မရလိုက်ဘဲ ခြေဗလာဖြင့် အပြင်သို့ ပြေးထွက်သွားလေawmhသည်။
စူးကွေ့ရန်သည် လက်ဖြင့် သူမ၏ ဝမ်းဗိုက်ကို ဖိထားရင်း မျက်ရည်များ မရပ်မနား စီးကျနေတော့သည်။
သူမ၏ ဗိုက်သည် အလွန်အမင်း နာကျင်နေသည်။ ဓားတစ်ချောင်းဖြင့် ဗိုက်ထဲသို့ ထိုးမွှေနေသကဲ့သို့ပင်။ ထိုနာကျင်မှုသည် အေးစက်သော အအေးဓာတ်နှင့်အတူ ဝမ်းဗိုက်အောက်ပိုင်းမှနေ၍ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။
တကယ်ကို နာကျင်လွန်းလှသည်။
တစ်ယောက်ယောက် မြန်မြန် လာကြပါဦး။ သူမ၏ ကလေးကို ကယ်ပေးကြပါဦး။ သူမကို ကယ်ပေးကြပါဦး။
...
ထိုညက လုမင်ယွိသည် ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။
နံနက်ခင်း အိပ်ရာထချိန်တွင် မျက်လုံးအောက်၌ မည်းညိုသော အရိပ်အယောင် အနည်းငယ် ပေါ်နေလေသည်။
ချီယွင်သည် လုမင်ယွိကို နေရာတွင် ထိုင်စေပြီး ဆံပင်ဖြီးပေးရင်း စိတ်မကောင်းစွာဖြင့် ညည်းညူလိုက်\။ "ညန်ညန် မနေ့ညက ကောင်းကောင်း အိပ်မပျော်ဘူးလား။ ကြည့်ပါဦး။ မျက်ကွင်းတွေ ညိုနေလိုက်တာ"
"နင်ပြောသလောက်လည်း မဆိုးပါဘူး" လုမင်ယွိက ရယ်မောလိုက်ကာ "ဗိုက်က တစ်နေ့ထက်တစ်နေ့ ပိုလေးလာတော့ ကိုယ်ကို လှည့်ရတာ အဆင်မပြေဖြစ်ပြီး အိပ်မပျော်တာပါ။ ဘယ်မှာများ မျက်ကွင်းတွေ ညိုနေလို့လဲ"
ချီယွင်က သက်ပြင်းချလိုက်ပြီး "ဘာပဲဖြစ်ဖြစ်ပါ ကျွန်မကတော့ ကြည့်ရတာ စိတ်မကောင်းဘူး" ထို့နောက် ကြက်ဥပြုတ်ကို ချက်ချင်း ယူခိုင်းလိုက်ပြီး အခွံခွာကာ မျက်လုံးအောက်တွင် ညင်သာစွာ လှိမ့်ပေးလိုက်လေသည်။ အကယ်၍ လုမင်ယွိသာ ကိုယ်ဝန်မရှိပါက မိတ်ကပ်တစ်ထပ်လောက် ထပ်လိမ်းပေးဦးမည်မှာ သေချာသည်။
လုမင်ယွိသည် ချီယွင်၏ အလုပ်ရှုပ်နေသော ပုံစံကို ကြည့်ရင်း ရယ်ချင်သလို ဖြစ်သွားသော်လည်း ရင်ထဲတွင်တော့ ပို၍ နွေးထွေးမှုကို ခံစားလိုက်ရသည်။
သူမအတွက်တော့ ချီယွင်သည် မိသားစုဝင်တစ်ယောက် ဖြစ်နေပြီဖြစ်ပြီး တစ်ရက်လေးပင် ခွဲခွာ၍ မရနိုင်တော့ပေ။
နန်းတွင်းသူတစ်ဦး အလျင်အမြန် ဝင်ရောက်လာပြီး လေသံတိုးတိုးဖြင့် လျှောက်တင်လိုက်လေသည်။ "ထိုက်ဇီဖေးကို လျှောက်တင်ပါတယ်။ ဟွမ်ဟုပ်ညန်ညန် ကြွလာပါတယ်"
လုမင်ယွိသည် ကြောင်အမ်းအမ်း ဖြစ်သွားပြီး အံ့သြစွာဖြင့် ထရပ်ကာ ကြိုဆိုလိုက်သည်။
ချောင်မိဖုရားခေါင်သည် နံနက်ပိုင်းများတွင် နန်းတွင်းကိစ္စများကို စီမံခန့်ခွဲလေ့ရှိသည်။ အိမ်ရှေ့စံနန်းဆောင်သို့ လာလျှင်လည်း မွန်းလွဲပိုင်းတွင်သာ လာလေ့ရှိသည်။ ယနေ့ ဘာကြောင့်များ မိုးလင်းစောစောစီးစီး ရောက်လာရတာလဲ။
ကြည့်ရသည်မှာ ချောင်မိဖုရားခေါင်၏ မျက်နှာထားသည် သိပ်မကောင်းလှပေ။
လုမင်ယွိသည် ချီယွင်ကို မျက်ရိပ်ပြလိုက်ရာ ချီယွင်ကလည်း နန်းတွင်းသူများကို ခေါ်ဆောင်လျက် ချက်ချင်း ဆုတ်ခွာသွားကြသည်။
"မူဟုပ် ဘာကိစ္စ ဖြစ်လို့လဲ" လုမင်ယွိက တိုးတိုးလေး မေးလိုက်သည်။
ချောင်မိဖုရားခေါင်သည် လုမင်ယွိကို ကြည့်လိုက်ပြီး ခဏကြာမှ ပြောလာခဲ့သည်။ "မနေ့ညက အရှင်မင်းကြီး ယိဟွားနန်းဆောင်ကို သွားခဲ့တယ်။ သန်းခေါင်ယံလောက်ကျတော့ စူးကွေ့ရန် ကိုယ်ဝန်ပျက်ကျသွားတယ်"
လုမင်ယွိ "..."
လုမင်ယွိသည် မည်သို့သော မျက်နှာထားမျိုး လုပ်ရမည်ကိုပင် မသိတော့ချေ။
အမှန်တကယ်တော့ ယုံးကျားဧကရာဇ်တွင် ဤကဲ့သို့သော တုံ့ပြန်မှုမျိုး ရှိလာမည်ဆိုသည်မှာ မျှော်လင့်ထားပြီးသား ကိစ္စပင်။
တိုင်းပြည်တစ်ပြည်၏ ဘုရင်တစ်ပါး အနေဖြင့် "သားအဖနှစ်ယောက် မိန်းမတစ်ယောက်တည်းကို ယူသည်" ဟူသော သိက္ခာချ စွပ်စွဲချက်ကြီး ခေါင်းပေါ်သို့ ရောက်လာခဲ့ခြင်းပင်။ ရင်ထဲမှ ဒေါသများကို ထွက်ပေါက်မရှိဘဲ ၂လကျော်ကြာအောင် မြိုသိပ်ထားခဲ့ရသည်။ ယခုလိုအချိန်မျိုးတွင် စူးကွေ့ရန်က ကိုယ်ဝန်ရှိလာသည် ဆိုခြင်းမှာ နဂါးမျက်နှာကို ဖြတ်ရိုက်လိုက်သည်နှင့် ဘာမှ မခြားနားပေ။
နန်းတော်ထဲတွင် မင်းသားတွေ မင်းသမီးတွေ မရှားပါးပေ။
သို့သော်လည်း သူမ မမျှော်လင့်ထားမိသည်မှာ ယုံးကျားဧကရာဇ်သည် ဘာကိုမှ ဖုံးကွယ်မနေဘဲ၊ ဘာကိုမှ မငဲ့ကွက်ဘဲ ကိုယ်တိုင်ကိုယ်ကျ လက်စဖျောက်လိုက်ခြင်းပင်။
ချောင်မိဖုရားခေါင်၏ မျက်နှာအမူအရာသည် ရှုပ်ထွေးနေပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "အရှင်မင်းကြီးက ဒီကလေးကို မလိုချင်ဘူး ဆိုရင်တောင် တိတ်တိတ်ကလေး ရှင်းပစ်လို့ ရတာပဲ။ အခုလို ကိုယ်တိုင်ကိုယ်ကျ လုပ်လိုက်တာက တကယ်ကို မထင်မှတ်ထားစရာပဲ။ သေသေချာချာ စဉ်းစားကြည့်မယ် ဆိုရင်တော့ ကြက်ကိုသတ်ပြီး မျောက်ကို ခြိမ်းခြောက်ပြလိုက်တဲ့ သဘောလည်း ပါနေတယ်"
စူးကွေ့ရန်က အသတ်ခံလိုက်ရတဲ့ ကြက်ဆိုရင် အခြိမ်းခြောက်ခံလိုက်ရတဲ့ မျောက်က ဘယ်သူဖြစ်မလဲ။
လုမင်ယွိ၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း ချောင်မိဖုရားခေါင်ကို နူးညံ့စွာဖြင့် နှစ်သိမ့်လိုက်လေသည်။ "ဘယ်လိုပဲဖြစ်ဖြစ် မူဟုပ်ကို အပြစ်တင်လို့ မရပါဘူး။ မူဟုပ်လည်း ဒီကိစ္စကို စိတ်ထဲ ထားမနေပါနဲ့"
ချောင်မိဖုရားခေါင်က ခါးသက်သက် ရယ်မောလိုက်လေသည်။ "ပြောလိုက်ရင် မင်း ရယ်တော့မှာပဲ။ ပန်ကုံးနဲ့ အရှင်မင်းကြီးက လင်မယားသက်တမ်း နှစ်၂၀ကျော် ရှိခဲ့ပြီ။ အရှင်မင်းကြီးရဲ့ စိတ်နေစိတ်ထားကို ကောင်းကောင်း နားလည်တယ်လို့ ထင်ခဲ့မိတာ။ ဒီတစ်ခါတော့ ပန်ကုံးကို ကြက်သီးမွေးညင်းထအောင် လုပ်လိုက်တာပဲ"
"ဒီနေ့ကျမှပဲ ပန်ကုံး သိလိုက်ရတယ်။ တကယ်တော့ ပန်ကုံးက သူ့ကို တစ်ခါမှ ကောင်းကောင်း နားမလည်ခဲ့ဘူး ဆိုတာကိုပေါ့"
လုမင်ယွိသည် ငြိမ်သက်သွားတော့သည်။
ဒီလိုခံစားချက်မျိုးကို သူမ ကောင်းကောင်း နားလည်တာပေါ့။
အရင်ဘဝတုန်းက သူမနှင့် လီဟောက်တို့သည်လည်း ချစ်ခင်ကြင်နာသော ဇနီးမောင်နှံ ဖြစ်ခဲ့ဖူးသည်။ သူမသည် လီဟောက်ကို တစ်စိုက်မတ်မတ် ချစ်ခင်ခဲ့ပြီး ဆံဖြူသွားကျိုးသည်အထိ အတူပေါင်းသင်းရမည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ထင်မှတ်မထားသည်မှာ သူ နန်းတက်ပြီး နှစ်ဝက်မပြည့်မီမှာပင် သူ၏ ဝမ်းကွဲညီမကို ကြင်ရာတော်အဖြစ် နန်းသွင်းခဲ့သည်။ ထိုနောက်တွင်တော့ ဇနီးမောင်နှံနှစ်ဦး စိတ်ဝမ်းကွဲကာ နောက်ဆုံးတွင် သူစိမ်းပြင်ပြင် ဖြစ်သွားခဲ့ရသည်။
"အနီးစပ်ဆုံး လူက အစိမ်းကားဆုံးလူ ဖြစ်လာတယ်" ဆိုတဲ့ စကားက နည်းနည်းလေးမှ မမှားပါဘူး။
ချောင်မိဖုရားခေါင် အခု ခံစားနေရတာလည်း အတူတူလောက်ပါပဲ။ အရင်းနှီးဆုံးလို့ ထင်ထားခဲ့တဲ့ ခင်ပွန်းသည်က ရုတ်တရက် လူတစ်ယောက် ပြောင်းလဲသွားသလိုမျိုး လုံးဝ စိမ်းသက်သွားခဲ့တာလေ။
ချောင်မိဖုရားခေါင်သည် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး စိတ်ကို ပြန်လည်စုစည်းကာ ပြောလိုက်လေသည်။ "ဒီနေ့ မနက်စောစောစီးစီး ယိဟွားနန်းဆောင်က လူလွှတ်ပြီး သတင်းလာပို့တယ်။ ပန်ကုံးလည်း အံ့သြသွားပြီး စိတ်မထိန်းနိုင်ဘဲ မင်းနဲ့ စကားလာပြောမိတာပါ"
"ဒီကိစ္စကို မင်း မသိချင်ယောင်သာ ဆောင်နေလိုက်။ ပန်ကုံး ယိဟွားနန်းဆောင်ကို သွားပြီး စူးကွေ့ရန်ကို သွားကြည့်လိုက်ဦးမယ်"
လုမင်ယွိက မမျှော်လင့်ထားသော စကားကို ပြောလိုက်လေသည်။ "ကျွန်မလည်း မူဟုပ်နဲ့အတူ ယိဟွားနန်းဆောင်ကို လိုက်ခဲ့မယ်"
ချောင်မိဖုရားခေါင်က အနည်းငယ် တွန့်ဆုတ်သွားပြီး ပြောလေသည်။ "မင်းက ကိုယ်ဝန်လွယ်ထားရတာလေ။ ကိုယ်ဝန်ပျက်ကျထားတဲ့ ကြင်ရာတော်တစ်ပါးကို သွားကြည့်တာက နိမိတ်မကောင်းပါဘူး။ မလိုက်ပါနဲ့တော့"
လုမင်ယွိက ပြန်ပြောလိုက်လေသည်။ "ကိစ္စမရှိပါဘူး။ ကျွန်မလည်း စူးကွေ့ရန်ကို သွားတွေ့ချင်လို့ပါ"
ယခင်ဘဝက ရန်သူတော်ကြီး ဒီလိုအဖြစ်မျိုးနဲ့ ကြုံနေရတာကို ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ရတာကမှ ပိုပြီး ကျေနပ်စရာ ကောင်းတာပေါ့။
ချောင်မိဖုရားခေါင်သည် သူမကို မတားဆီးနိုင်တော့သဖြင့် ခေါင်းညိတ်လိုက်ရတော့၏။
...
အမွှေးတိုင် တစ်တိုင်စာခန့် ကြာပြီးနောက်။
လုမင်ယွိနှင့် ချောင်မိဖုရားခေါင်တို့သည် ယိဟွားနန်းဆောင်သို့ အတူတကွ ရောက်ရှိလာကြသည်။
ယိဟွားနန်းဆောင်အတွင်းတွင် ဝမ်းနည်းပူဆွေးမှုများ ဖုံးလွှမ်းနေပြီး နန်းတွင်းသူများသည် မျက်နှာမကောင်းစွာဖြင့် ဒူးထောက်ကြိုဆိုကြလေသည်။ " ဟွမ်ဟုပ်ညန်ညန်ကို ဂါရဝပြုပါတယ်။ ထိုက်ဇီဖေးညန်ညန်ကို ဂါရဝပြုပါတယ်"
ချောင်မိဖုရားခေါင်သည် ပေါ့ပေါ့ပါးပါးပင် အင်း ဟု အသံပြုလိုက်ပြီး ခြေလှမ်းမရပ်တန့်ဘဲ အိပ်ဆောင်အတွင်းသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
လုမင်ယွိသည်လည်း ချောင်မိဖုရားခေါင်နှင့်အတူ လိုက်ပါဝင်ရောက်သွားလေသည်။
ကုတင်နားသို့ မရောက်မီမှာပင် သွေးညှီနံ့ဖျော့ဖျော့က နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။
ချောင်မိဖုရားခေါင်သည် မျက်မှောင်ကြုတ်လိုက်ပြီး လုမင်ယွိကို အမြန် လှည့်ကြည့်လိုက်၏။
လုမင်ယွိ၏ မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိသည့်အပြင် မျက်ဝန်းများသည် ထူးဆန်းစွာ အေးစက်တည်ငြိမ်နေလေသည်။
ချောင်မိဖုရားခေါင်၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်စုံ ဖြစ်ပေါ်လာတော့သည်။
လုမင်ယွိနှင့် စူးကွေ့ရန်က အရင်တုန်းက တစ်ခါမှ မတွေ့ဖူးကြသလို ရန်ငြိုးရန်စ ရှိစရာလည်း အကြောင်းမရှိပေ။ လုမင်ယွိက စူးကွေ့ရန်ကို အဘယ်ကြောင့်များ ထိုမျှလောက် မုန်းတီးနေရပါသနည်း။
...
အပိုင်း (၅၂၈) ကိုယ်ဝန်ပျက်ကျခြင်း (၂)
လုမင်ယွိသည် ကုတင်အနီးသို့ လျှောက်သွားပြီး သေသေချာချာ ကြည့်ရှုလိုက်သည်။
စူးကွေ့ရန်၏ မျက်နှာမှာ စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျော့နေပြီး သွေးသားဆူဖြိုးခြင်း လုံးဝ မရှိတော့ပေ။ မျက်လုံးများသည်လည်း မှိုင်တွေငေးငိုင်နေပြီး ဗိုက်ထဲမှ ကလေးနှင့်အတူ သူမ၏ စိတ်ဝိညာဉ်များပါ လိုက်ပါပျောက်ကွယ်သွားသကဲ့သို့ပင်။
ချောင်မိဖုရားခေါင်သည်လည်း ကုတင်နားသို့ ရောက်ရှိလာပြီး တစ်ချက်ဝေ့ကြည့်လိုက်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။ ထို့နောက် ကုတင်ဘေးရှိ နန်းတွင်းသူကို မေးလိုက်၏။ "တော်ဝင်သမားတော် ဘယ်ရောက်သွားလဲ"
နန်းတွင်းသူသည် တုန်လှုပ်စွာ ဒူးထောက်လိုက်ပြီး "ဟွမ်ဟုပ်ညန်ညန်ကို လျှောက်တင်ပါတယ်။ သမားတော်မာက ကွေ့ရန်ညန်ညန်ကို သွေးခုန်နှုန်း စမ်းပေးပြီး ဆေးစာ ရေးပေးပြီးတာနဲ့ ပြန်သွားပါပြီ။ ညန်ညန် နေမကောင်းဖြစ်မှပဲ သူ့ကို ပြန်လာခေါ်ပါတဲ့"
စူးကွေ့ရန်၏ အဆင့်အတန်းအရ ခေါ်ယူနိုင်သော တော်ဝင်သမားတော်၏ အဆင့်သည်လည်း သိပ်မမြင့်လှပေ။
သမားတော်မာ၏ ဆေးပညာသည် အသင့်အတင့် ရှိသော်လည်း မွေးရာပါ မျက်နှာလိုက်တတ်သူ ဖြစ်သည်။ စူးကွေ့ရန်၏ အခြေအနေ ဤမျှဆိုးရွားနေသည်ကို မြင်နေရပါလျက်နှင့် ယိဟွားနန်းဆောင်တွင် ဆက်မစောင့်တော့ပေ။ သွေးခုန်နှုန်းစမ်းသပ် ဆေးစာရေးပြီးသည်နှင့် ပြန်သွားခြင်းပင်။
ချောင်မိဖုရားခေါင်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လေးနက်စွာ အမိန့်ပေးလိုက်လေသည်။ "ပန်ကုံးရဲ့ အမိန့်ကို သွားပြန်ခေါ်ချေ။ သမားတော်မာကို အခုချက်ချင်း ပြန်လာခိုင်း။ ပန်ကုံး မေးစရာရှိတယ်"
ချိုင်လန်သည် အမိန့်ကို လက်ခံပြီး ဆုတ်ခွာသွားလေသည်။
ကုတင်ပေါ်ရှိ စူးကွေ့ရန်မှာမူ တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိသေးပေ။
လုမင်ယွိနှင့် ချောင်မိဖုရားခေါင်တို့ နှစ်ဦးစလုံးသည် အသံမထွက်ဘဲ နေလိုက်ကြသည်။
ကုတင်ဘေးတွင် ဒူးထောက်နေသော နန်းတွင်းသူများသည် မြေပြင်ပေါ်တွင် ဝပ်တွားနေကြပြီး ခေါင်းမမော့ရဲကြပေ။ စိတ်ထဲတွင်တော့ သက်ပြင်းချရင်း တွေးတောနေမိကြသည်။
စူးကွေ့ရန် ကိုယ်ဝန်ရှိလာသောအခါ သူမ ပြန်လည်အာဏာရလာပြီး မိမိတို့ပါ မျက်နှာပွင့်လမ်းပွင့် ဖြစ်လာမည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် ၂ရက်မျှပင် မပျော်လိုက်ရဘဲ ဗိုက်ထဲမှ ကလေး ပျောက်ကွယ်သွားခဲ့ရသည်။ ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ချီးမြှင့်သော ငှက်သိုက်ပေါင်းကြောင့်ပင်...
စူးကွေ့ရန်သည် လုံးဝ ကျဆုံးသွားလေပြီ။
နန်းတွင်းသူများ၏ ဘဝသည် သခင်ဖြစ်သူ၏ အခြေအနေပေါ်တွင် မူတည်လေသည်။ သခင်ဖြစ်သူက ဤအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ သူမတို့အတွက်လည်း မည်သည့် ကောင်းကျိုးမှ ရှိလာနိုင်တော့မည် မဟုတ်ပေ။
ခဏအကြာတွင်။
အဝေးမှ အလျင်စလို ခြေသံများ နီးကပ်လာခဲ့၏။ သမားတော်မာသည် အခန်းထဲသို့ အပြေးဝင်လာပြီး ဒူးထောက်ချလိုက်လေသည်။ သူ့အသံများ တုန်ယင်နေ၏။ "ကျွန်တော်မျိုး ဟွမ်ဟုပ်ညန်ညန်ကို ဂါရဝပြုပါတယ်။ ထိုက်ဇီဖေးညန်ညန်ကို ဂါရဝပြုပါတယ်"
ချောင်မိဖုရားခေါင်သည် သမားတော်မာကို အေးစက်စွာ ကြည့်လိုက်ကာ "အခုကစပြီး မင်း ယိဟွားနန်းဆောင်မှာပဲ စောင့်နေပြီး စူးကွေ့ရန်ရဲ့ ကျန်းမာရေးကို စောင့်ရှောက်ရမယ်။ စူးကွေ့ရန် တစ်ခုခုဖြစ်သွားရင် မင်းကိုပဲ အပြစ်ပေးမယ်"
သမားတော်မာ၏ နဖူးပေါ်တွင် ချွေးစေးများ ပြန်လာပြီး တရိုတသေ ပြန်ဖြေလိုက်လေသည်။ "ကျွန်တော်မျိုး ညန်ညန်ရဲ့ အမိန့်ကို နာခံပါတယ်"
လုမင်ယွိက ထိုအချိန်တွင် ဝင်ရောက်မေးမြန်းလိုက်သည်။ "သမားတော်မာ။ စူးကွေ့ရန်ရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲ။ စိုးရိမ်ရလား"
သမားတော်မာသည် အနည်းငယ် တုံ့ဆိုင်းသွားပြီး ခေါင်းမော့ကြည့်လိုက်ရာ လုမင်ယွိ၏ အေးစက်သော အကြည့်နှင့် ဆုံတွေ့သွားသဖြင့် ရင်ထဲ ထိတ်လန့်သွားပြီး အလျင်အမြန် ဖြေကြားလိုက်လေသည်။ "ထိုက်ဇီဖေးညန်ညန်ကို လျှောက်တင်ပါတယ်။ မနေ့ညက စူးကွေ့ရန် သွေးဆင်းလွန်သွားတဲ့အတွက် သွေးခုန်နှုန်းက အားနည်းနေပါတယ်။ ကောင်းကောင်း ဂရုစိုက်ပြီး အနားယူဖို့ လိုပါတယ်။ မဟုတ်ရင် နောင်တစ်ချိန် ကိုယ်ဝန်ထပ်ရဖို့ ခက်ခဲသွားပါလိမ့်မယ်"
ကိုယ်ဝန် ၃လ ရှိပြီးမှ ပျက်ကျခြင်းသည် အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်ကို ကြီးမားစွာ ထိခိုက်စေနိုင်သည်။
မနေ့ညက စူးကွေ့ရန် သွေးဆင်းလိုက်သည်မှာ ကုတင်တစ်ခုလုံး ရဲရဲနီသွားသည်အထိပင်။ ယခုအခါ သွေးတိတ်သွားပြီး အသက်ဘေးမှ လွတ်မြောက်လာပြီ ဖြစ်သော်လည်း အနည်းဆုံး ၂နှစ် ၃နှစ်ခန့် ဂရုစိုက် ပြုစုရလိမ့်မည်။
နောက်ဆုံးပြောလိုက်သော စကားသည် စူးကွေ့ရန်၏ နားထဲသို့ ဆူးတစ်ချောင်း စိုက်ဝင်သွားသကဲ့သို့ ဖြစ်သွားစေသည်။
ငေးငိုင်နေသော စူးကွေ့ရန်သည် နောက်ဆုံးတွင် တုံ့ပြန်လာခဲ့သည်။ သူမ၏ မျက်လုံးအိမ်များ ကျယ်သွားပြီး ရုတ်တရက် ထထိုင်လိုက်ကာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော သမားတော်မာကို စူးစိုက်ကြည့်လိုက်လေသည်။ ရူးသွပ်နေသူ တစ်ယောက်ကဲ့သို့ အော်ဟစ်လိုက်လေသည်။ "ငါ့ကလေး ဘယ်မှာလဲ။ နင် ငါ့ကလေးကို ဘယ်ပို့လိုက်တာလဲ"
သမားတော်မာသည် ချောင်မိဖုရားခေါင်နှင့် လုမင်ယွိကို ကြောက်ရွံ့သော်လည်း စူးကွေ့ရန်ကိုမူ မကြောက်ပေ။ ထို့ကြောင့် ပြန်ဖြေလိုက်လေသည်။ "မနေ့ညက စူးကွေ့ရန် သွေးဆင်းပြီး ကိုယ်ဝန်ပျက်ကျသွားတာပါ။ ကျွန်တော်မျိုး လာကြည့်တဲ့အချိန်မှာ ကလေးက မရှိတော့ပါဘူး။ ကွေ့ရန်ညန်ညန် ကျန်းမာရေးကို ဂရုစိုက်ပါ"
စူးကွေ့ရန်၏ မျက်လုံးများ နီရဲလာပြီး စောင်ကို ဆွဲဖယ်ကာ ကုတင်ပေါ်မှ ခြေဗလာဖြင့် ပြေးဆင်းလာပြီး သမားတော်မာ၏ အင်္ကျီလည်ပင်းကို ဆွဲကိုင်လိုက်လေသည်။ "နင် ငါ့ကလေးကို သတ်လိုက်တာ။ ငါ နင့်ကို သတ်မယ်။ ငါ နင့်ကို သတ်မယ်"
သမားတော်မာသည် ရုတ်တရက် အဆွဲခံလိုက်ရသဖြင့် ခေါင်းမူးသွားပြီး "အမယ်လေး။ ကွေ့ရန်ညန်ညန် လွှတ်ပါဦး။ ကျွန်တော်မျိုးနဲ့ ဘာမှမဆိုင်ပါဘူး... အား..."
သနားစဖွယ် အော်သံတစ်သံ ထွက်ပေါ်လာသည်။
စူးကွေ့ရန်သည် ဒေါသအလွန်ထွက်ပြီး သမားတော်မာ၏ နားရွက်ကို ကိုက်လိုက်ခြင်းပင်။ သမားတော်မာသည် နာကျင်လွန်းသဖြင့် ကျားမ ကွဲပြားခြင်းကိုပင် ဂရုမစိုက်နိုင်တော့ဘဲ စူးကွေ့ရန်ကို အတင်း တွန်းထုတ်လိုက်လေသည်။
စူးကွေ့ရန်သည် ရူးသွပ်နေသကဲ့သို့ အတင်းကိုက်ထားပြီး မလွှတ်ပေးတော့ချေ။ သမားတော်မာ၏ နားရွက် ပြတ်ထွက်သွားမည့် အနေအထားပင်။
ချောင်မိဖုရားခေါင်သည်လည်း ဤရုတ်တရက် အဖြစ်အပျက်ကြောင့် လန့်ဖျပ်သွားသည်။ "ရပ်လိုက်စမ်း။ ဒါ ဘာလုပ်တာလဲ။ အရှက်မရှိဘူးလား"
စူးကွေ့ရန်သည် အသိစိတ် လွတ်နေပြီဖြစ်ရာ ချောင်မိဖုရားခေါင်၏ အသံကို ကြားလိုက်သည်နှင့် သမားတော်မာကို လွှတ်ပေးလိုက်ပြီး ချောင်မိဖုရားခေါင်ဘက်သို့ ပြေးဝင်လာသည်။ သို့သော် ချောင်မိဖုရားခေါင်၏ အဝတ်အစားကိုပင် မထိလိုက်ရဘဲ တားဆီးခံလိုက်ရသည်။
လုမင်ယွိသည် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး စူးကွေ့ရန်၏ ပခုံးကို လက်သီးဖြင့် ထိုးချလိုက်တော့သည်။
စူးကွေ့ရန်သည် စူးရှစွာ အော်ဟစ်လိုက်ပြီး ခွေခွေလေး လဲကျသွားသည်။ ကြမ်းပြင်ပေါ်သို့ မရောက်မီမှာပင် လည်ပင်းကို အညှစ်ခံလိုက်ရသည်။
လုမင်ယွိသည် ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီး မျက်နှာဖြူဖတ်ဖြူရော် ဖြစ်နေသော စူးကွေ့ရန်ကို အေးစက်စွာ ကြည့်လိုက်လေသည်။ "စူးကွေ့ရန်။ ရှင် ကလေးပျက်ကျရတာ ဘာကြောင့်လဲ ဆိုတာ ရှင် ကိုယ်တိုင် အသိဆုံးပါ။ ရူးချင်ယောင် ဆောင်ပြီး သူများတွေကို လိုက်ဒုက္ခပေးမနေနဲ့"
စူးကွေ့ရန်သည် လည်ပင်းညှစ်ခံထားရသဖြင့် အသက်ရှူရ ခက်ခဲလာပြီး မျက်နှာတစ်ခုလုံး နီရဲလာသည်။
ချောင်မိဖုရားခေါင်သည် ထိတ်လန့်သွားပြီး နှလုံးခုန် မြန်လာကာ အရှေ့သို့ တိုးလာခဲ့သည်။ "ပန်ကုံး ဘာမှမဖြစ်ပါဘူး။ စူးကွေ့ရန်ကို အရင် လွှတ်လိုက်ပါ"
လုမင်ယွိ၏ ခွန်အားဖြင့်ဆိုလျှင် အနည်းငယ် အားစိုက်လိုက်ရုံနှင့် စူးကွေ့ရန်၏ လည်ပင်း ကျိုးသွားနိုင်သည်။ စူးကွေ့ရန် သေသွားလျှင် နှမြောစရာ မရှိသော်လည်း လုမင်ယွိသည် အိမ်ရှေ့စံကြင်ရာတော် ဖြစ်သဖြင့် ကိုယ်ဝန်ဆောင် မိဖုရားတစ်ပါးကို သတ်ဖြတ်သည်ဟူသော နာမည်ဆိုးကို မရသင့်ပေ။
လုမင်ယွိသည် မျက်နှာထားတင်းတင်းဖြင့် လက်ကို ပြန်ရုတ်လိုက်၏။
စူးကွေ့ရန်သည် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး နာကျင်စွာ အသက်လုရှူနေရပြီး လည်ပင်းပေါ်တွင် လက်ရာထင်းထင်းကြီး ကျန်ရစ်ခဲ့သည်။
ချောင်မိဖုရားခေါင်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ဘေးမှ နန်းတွင်းသူများကို အမိန့်ပေးလိုက်လေသည်။ "စူးကွေ့ရန်ကို ကုတင်ပေါ် တွဲပို့လိုက်ကြ" ထို့နောက် ဘယ်ဘက်နားရွက်မှ သွေးများထွက်နေပြီး ညည်းညူနေသော သမားတော်မာကို ပြောလိုက်သည်။ "မင်း အရင်သွားပြီး ဆေးကုလိုက်ချေ။ သမားတော်ရုံးတော်ကနေ တခြား သမားတော်တစ်ယောက်ကို လဲခိုင်းလိုက်"
နန်းတွင်းသူများသည် အမိန့်ကို နာခံပြီး ကြမ်းပြင်ပေါ်တွင် ခွေနေသော စူးကွေ့ရန်ကို ကုတင်ပေါ်သို့ တွဲပို့ပေးလိုက်ကြသည်။
သမားတော်မာမှာမူ ကံဆိုးသည်ဟု မှတ်ယူရုံသာ ရှိတော့သဖြင့် အင်္ကျီလက်ဖြင့် နားရွက်ကို အုပ်ကာ ထွက်ခွာသွားလေသည်။
...
ချောင်မိဖုရားခေါင်သည် မျက်နှာထား တင်းမာလျက် လုမင်ယွိ၏ အင်္ကျီလက်စကို ဆွဲကာ အိပ်ဆောင်ထဲမှ ထွက်လာခဲ့သည်။
လုမင်ယွိသည် ချောင်မိဖုရားခေါင်၏ နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာပြီး ယိဟွားနန်းဆောင်မှ ထွက်ခွာကာ အိမ်ရှေ့စံနန်းဆောင်သို့ ပြန်လာခဲ့ကြသည်။ အတွင်းဆောင်သို့ ရောက်မှသာ ချောင်မိဖုရားခေါင်က စတင်ပြောဆိုလာသည်။ "စူးကွေ့ရန် တစ်ယောက်တည်းအတွက်နဲ့ မင်း ဒေါသထွက်နေစရာ မလိုပါဘူး။ မင်း ဗိုက်ကလည်း မသေးတော့ဘူး။ ကိုယ်ဝန် ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ။ မင်း ခန္ဓာကိုယ်နဲ့ ဗိုက်ထဲက ကလေးကို ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ"
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ယောက္ခမနှင့် ချွေးမတို့ ဆက်ဆံရေး ကောင်းမွန်ခဲ့ကြပြီး ချောင်မိဖုရားခေါင် အနေဖြင့် ချွေးမဖြစ်သူကို မျက်နှာထားတင်းတင်းဖြင့် ဆူပူသည်မှာ ပထမဆုံးအကြိမ်ပင်။
လုမင်ယွိသည် ကိုယ့်ဘက်က မှားနေသဖြင့် အလျင်အမြန်ပင် ဝန်ခံလိုက်လေသည်။ "မူဟုပ် ပြောတာ မှန်ပါတယ်။ စောစောက အာရှီ စိတ်လိုက်မာန်ပါ ဖြစ်သွားပါတယ်။ အာရှီက စူးကွေ့ရန် မူဟုပ်ကို ရန်ပြုမှာ စိုးရိမ်လို့ပါ..."
"အခုချိန်မှာ ဘာကိစ္စကမှ မင်းနဲ့ ကလေးလောက် အရေးမကြီးဘူး" ချောင်မိဖုရားခေါင်သည် ဒေါသ မပြေသေးဘဲ လုမင်ယွိကို မျက်စောင်းထိုးလိုက်လေသည်။ "ပန်ကုံး ပြောတာ ကြားရဲ့လား"
လုမင်ယွိက လိမ္မာစွာဖြင့် တောင်းပန်လိုက်၏။ "ကြားပါပြီ။ အာရှီ မူဟုပ်ကို တောင်းပန်ပါတယ်။ မူဟုပ် စိတ်လျှော့ပါနော်"
ချောင်မိဖုရားခေါင် "..."
ချောင်မိဖုရားခေါင်သည် စိတ်မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်မိတော့သည်။ "မင်းကလေ... ပုံမှန်အချိန်တွေမှာလည်း ဒီလို လိမ္မာနေရင် ဘယ်လောက်ကောင်းမလဲ"
လုမင်ယွိသည် လူချော့ရာတွင်လည်း ကျွမ်းကျင်သူ ပီပီ ပြုံးကာ ပြောလိုက်လေသည်။ "ဒါက မူဟုပ်က သဘောထားကြီးပြီး အမြဲတမ်း အလိုလိုက်ထားလို့ပါ။ ဒါကြောင့် အာရှီက မူဟုပ်ရှေ့မှာ ဆိုးရဲတာပေါ့။ ဒီလို ယောက္ခမကောင်းမျိုး ရတာ ကျွန်မ ဘဝပေါင်းများစွာ ကုသိုလ်ပြုခဲ့လို့ နေမှာပါ"
ချောင်မိဖုရားခေါင်က ပြုံးကာ နောက်တစ်ကြိမ် မျက်စောင်းထိုးလိုက်ပြန်သည်။ "ပန်ကုံးက မင်းဗိုက်ထဲက ကလေးကို ထောက်ထားပြီး သည်းခံနေတာနော်။ မင်း ကလေးမွေးပြီးရင်တော့ ပန်ကုံး မင်းကို ဘယ်လို စီရင်မလဲသာ ကြည့်နေလိုက်"
...