အခန်း (၅၂၉-၅၃၁)
Vol. 36 Ch. 529-531
အပိုင်း (၅၂၉) ပြန်ရောက်လာခြင်း (၁)
စူးကွေ့ရန် ကိုယ်ဝန်ပျက်ကျသွားသည့်သတင်းသည် ရှို့နင်နန်းဆောင်သို့ လျင်မြန်စွာ ရောက်ရှိသွားလေသည်။
မယ်တော်ကြီးကျောက်လည်း အတော်လေး နှမြောတသ ဖြစ်သွားရှာသည်။
ရက်အနည်းငယ်ကြာပြီးနောက် ယုံးကျားဧကရာဇ် လာရောက်နှုတ်ဆက်သည့်အခါ မယ်တော်ကြီးကျောက်သည် မနေနိုင်မထိုင်နိုင်ဘဲ ညည်းညူပြောဆိုလိုက်လေသည်။ "အရှင်မင်းကြီး စိတ်ထဲမှာ မကျေမနပ်ဖြစ်နေတာကို အိုက်ကျား သိပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီး စိတ်ထွက်ပေါက် ရှာချင်တယ်ဆိုရင် တခြားနည်းလမ်းတွေ အများကြီး ရှိပါသေးတယ်။ ဘာကိစ္စ ကလေးလေးကို ရောပြီး အပြစ်ပေးလိုက်ရတာလဲ။ နန်းတော်ထဲမှာ မင်းသားတွေ မင်းသမီးတွေ တစ်ယောက်ပြီးတစ်ယောက် အိမ်ထောင်ကျပြီး နန်းတော်က ထွက်သွားကြပြီ။ မင်းသမီးလေး တစ်ပါးပဲ ကျန်တော့တာ။ အိုက်ကျားက နောက်ထပ် မင်းသားလေးတစ်ပါးလောက် ထပ်ရချင်နေသေးတာ..."
ယုံးကျားဧကရာဇ်၏ မျက်နှာထားသည် တင်းမာသွားတော့သည်။
မယ်တော်ကြီးကျောက်သည် လေသံကို ချက်ချင်း ပြောင်းလိုက်ကာ "အိုက်ကျား ဆိုလိုတာက အရှင်မင်းကြီး အားရင် အနောက်နန်းဆောင်ကို များများ သွားပါလို့ပါ။ ဒါဆိုရင် နောက် ၁နှစ် ၂နှစ်လောက်ဆို နန်းတော်ထဲမှာ ဝမ်းသာစရာကိစ္စ ရှိလာနိုင်တာပေါ့"
ယုံးကျားဧကရာဇ်သည် မိခင်အရင်း ဖြစ်သော်လည်း ဤကိစ္စကို ဆက်မပြောလိုတော့ချေ။ ထို့ကြောင့် စကားလမ်းကြောင်း လွှဲလိုက်လေသည်။
မယ်တော်ကြီးကျောက်သည် ပါးစပ်ပိတ်ထားလိုက်ရုံသာ ရှိတော့သည်။
ယုံးကျားဧကရာဇ် ပြန်သွားပြီးနောက် မယ်တော်ကြီးကျောက်သည် ချင်ဖေး၏ ရှေ့မှောက်တွင် သက်ပြင်းချကာ ညည်းညူလိုက်လေသည်။ "အခုဆို အရှင်မင်းကြီးရဲ့ ဒေါသက ပိုကြီးလာတယ်။ အိုက်ကျား နည်းနည်းလောက် ပြောလိုက်တာနဲ့ မျက်နှာက ပျက်သွားပြီ။ နင် ပြောကြည့်စမ်း။ အိုက်ကျား ပြောတာ ဘယ်နေရာ မှားလို့လဲ။ သူ စူးကွေ့ရန်ကို မကြိုက်ရင်တောင် ကလေးမွေးပြီးတဲ့အထိ စောင့်သင့်တာပေါ့။ ပြီးမှ အိုက်ကျားရဲ့ ရှို့နင်နန်းဆောင်မှာ လာထားပြီး မွေးစားလိုက်လည်း ရသားပဲ"
ချင်ဖေးသည် စောစောက ယုံးကျားဧကရာဇ်၏ မည်းမှောင်နေသော မျက်နှာထားကို ပြန်တွေးမိပြီး ရင်တုန်နေဆဲ ဖြစ်သဖြင့် လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "အရှင်မင်းကြီးက ဒီအကြောင်းတွေ နားမထောင်ချင်ဘူးဆိုရင် မယ်တော်ကြီး နောက်ဆို မပြောပါနဲ့တော့။ စူးကွေ့ရန်လည်း ကိုယ်ဝန်ပျက်ကျသွားပြီပဲ။ ညန်ညန်က ဘာလို့ ဒီကိစ္စလေးတစ်ခုအတွက်နဲ့ အရှင်မင်းကြီး စိတ်ဆိုးအောင် လုပ်နေမှာလဲ"
မယ်တော်ကြီးကျောက်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ "မပြောတော့ပါဘူး။ ကလေးလည်း မရှိတော့တာ။ ပြောနေလည်း ဘာထူးမှာလဲ"
မယ်တော်ကြီးကျောက်သည် အသက်ကြီးလာသဖြင့် စကားများတတ်သော အကျင့် ရှိလာသည်။ နေ့တစ်ဝက်လောက် အတွင်းမှာပင် အကြိမ်ကြိမ် ညည်းညူနေတော့သည်။
ချင်ဖေးမှာ စိတ်ရှည်လက်ရှည်ဖြင့် မယ်တော်ကြီးကျောက်ကို နှစ်သိမ့်ပေးနေသော်လည်း စိတ်ထဲတွင်တော့ တိတ်တဆိတ် သက်ပြင်းချနေမိသည်။
စူးကွေ့ရန် ကံဆိုးမိုးမှောင်ကျသွားသည်ကို သူမ ဘေးကနေ ကြည့်ပြီး ကျေနပ်နေသော်လည်း ရင်ထဲတွင်တော့ ထိတ်လန့်သွားမိသည်။ အရင်တုန်းက သံယောဇဉ်ကြီးမားပြီး တည်ကြည်လေးနက်သော လီယွမ်သည် လုံးဝ တခြားလူတစ်ယောက် ဖြစ်သွားခဲ့ပြီ။
သာ့ဝေဧကရာဇ်မင်းမြတ်ရဲ့ အရှိန်အဝါက ကြီးမားလွန်းလှတယ်။
ဒီရက်ပိုင်းတွေမှာ မုန့်ဖေးတောင်မှ ယန်ရှီနန်းဆောင်ကနေ အပြင်မထွက်တော့ဘူး။
နန်းတော်သည် အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း အောက်ခြေတွင်တော့ မမြင်နိုင်သော ရေစီးကြောင်းတစ်ခု စီးဆင်းနေသကဲ့သို့ ရှိနေ၏။ မိုးထိအောင် မြင့်မားသော လှိုင်းလုံးကြီးများ မည်သည့်အချိန်တွင် ရိုက်ခတ်လာမည်ကို မသိနိုင်ပေ။
...
အချိန်များ ကုန်ဆုံးသွားခဲ့ပြီး ၅ရက်ကြာသွားခဲ့သည်။
ဤနေ့တွင် အိမ်ရှေ့စံလီကျင့်သည် အိမ်ရှေ့စံနန်းဆောင်မှ အရာရှိများနှင့် ကိုယ်ရံတော်တပ်ဖွဲ့ကို ဦးဆောင်ပြီး မြို့တော်သို့ ပြန်ရောက်လာခဲ့သည်။
လီကျင့်နှင့်အတူ အကျဉ်းသားလှည်းအချို့လည်း မြို့တော်သို့ ဝင်ရောက်လာကြသည်။ လှည်းပေါ်တွင် အကျဉ်းသား ၅၊ ၆ယောက် ပါလာပြီး သူတို့အားလုံးသည် ကျန့်ခရိုင်မှ အကျင့်ပျက်ခြစားသော အရာရှိများ ဖြစ်ကြသည်။ မြို့တော်သူ မြို့တော်သားများသည် ပွဲကြည့်ရသည်ကို နှစ်သက်ကြသဖြင့် လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ပင်။
အဝါရောင် တောက်ပသော အိမ်ရှေ့စံဝတ်စုံကို ဝတ်ဆင်ထားသည့် အိမ်ရှေ့စံမင်းသားသည် မြင်းနက်ကြီးကို စီးနင်းလိုက်ပါလာပြီး ပြည်သူလူထု၏ ချီးကျူးထောပနာပြုသံများကြားတွင် ရှေ့သို့ ချီတက်လာခဲ့သည်။
"ထိုက်ဇီ အရှင်မင်းသားက တကယ့်ကို ခန့်ညားထည်ဝါတာပဲ"
"ဒါတင် ဘယ်ကမလဲ။ အရှင်မင်းသားက ယန်နဲ့ ချူကို တိုက်ခိုက်တုန်းကလည်း ကြီးမားတဲ့ အောင်ပွဲတွေ ရယူခဲ့သေးတာ။ ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ဖို့အတွက် ကျန့်ခရိုင်မှာ လချီကြာအောင် နေခဲ့တာ။ ပြည်သူတွေကို သားသမီးအရင်းလို ချစ်တာပဲ။ ကြည့်ပါဦး။ အရှင်မင်းသားရဲ့ မျက်နှာလေးတောင် ညိုမည်းပြီး ပိန်သွားရှာပြီ"
"ဟွန်း။ ဒီလောက်ဝေးတာကို အရှင်မင်းသားရဲ့ မျက်နှာကို ဘယ်လိုလုပ် မြင်ရမှာလဲ။ လျှောက်ပြောနေတာ"
"ဘာလို့ လျှောက်ပြောရမှာလဲ။ ငါက မကြည့်ဘဲနဲ့တောင် သိတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို သဘောထားကြီးပြီး ကြင်နာတတ်တဲ့ အိမ်ရှေ့စံမင်းသား ရှိတာ ငါတို့ ပြည်သူတွေအတွက် ကံကောင်းခြင်းပဲ"
"ဟုတ်တာပေါ့။ ဟုတ်တာပေါ့။ သာ့ဝေတိုင်းပြည်မှာ ထက်မြက်တဲ့ ဧကရာဇ်မင်းမြတ်နဲ့ ကြင်နာတတ်တဲ့ အိမ်ရှေ့စံမင်းသား ရှိနေမှတော့ တိုင်းပြည်အေးချမ်းသာယာပြီး နှစ်ပေါင်းသောင်းချီ တည်တံ့မှာ သေချာတာပေါ့"
"တိုင်းပြည်မှာ အိမ်ရှေ့စံမင်းသား ရှိနေရင် ပြည်သူတွေ စိတ်အေးချမ်းရတယ်" ဆိုတဲ့ စကားက နည်းနည်းလေးမှ မမှားပါဘူး။
ပြည်သူတွေအတွက်ကတော့ စားစရာရှိပြီး ဝတ်စရာရှိရင် ဧကရာဇ်မင်းမြတ်က ကောင်းကင်ကြီးဖြစ်ပြီး အိမ်ရှေ့စံမင်းသားက မိုးထိအောင် မြင့်မားတဲ့ သစ်ပင်ကြီးပဲ။ အိမ်ရှေ့စံမင်းသား ရှိနေသရွေ့ မိုးပြိုကျလာရင်တောင် ပူစရာမလိုဘူး။
မြင်းနီကြီးကို စီးနင်းလာသော လီယန့်သည် ခေါင်းလှည့်ကြည့်လိုက်ပြီး အိမ်ရှေ့စံလီကျင့်ကို ပြုံးကာ လှမ်းအော်ပြောလိုက်လေသည်။ "ပြည်သူတွေက အရှင်မင်းသားကို ချီးကျူးနေကြတယ်"
လီကျင့်သည် ရယ်ချင်သွားပြီး "ငါတို့က ဒီလောက် နီးနီးလေး နေတာ။ တိုးတိုးပြောလည်း ကြားပါတယ်။ ဘာလို့ အော်ပြောနေတာလဲ"
လီယန့်က သွားဖြဲပြီး ရယ်မောလိုက်လေသည်။ "အရှင်မင်းသား မကြားမှာစိုးလို့ တမင် အော်ပြောလိုက်တာပါ"
ဖန်းဇီကျန်းနှင့် ကျိုးလီတို့သည်လည်း မြင်းစီးလျက် နောက်မှ လိုက်ပါလာကြရာ ထိုစကားကို ကြားသောအခါ ဟားတိုက် ရယ်မောလိုက်ကြသည်။
သူတို့နှစ်ဦးစလုံးသည် စာမေးပွဲဖြေဆိုပြီး အရာရှိဖြစ်လာသူများ ဖြစ်ကြသဖြင့် မြင်းစီးကျွမ်းကျင်မှုမှာ သာမန်သာ ရှိသည်။ သို့သော် လွန်ခဲ့သော လအနည်းငယ်အတွင်း ကျန့်ခရိုင်၌ အိမ်ရှေ့စံမင်းသားနှင့်အတူ နေရာအနှံ့ သွားရောက်ခဲ့ရသဖြင့် မြင်းစီးကျွမ်းကျင်မှုမှာ အတော်လေး တိုးတက်လာခဲ့သည်။
ပြည်သူများ ပြောနေသည့် စကားများကို သူတို့ သေချာ မကြားရပေ။ သို့သော် ပြည်သူများ၏ တစ်ခဲနက် ကြိုဆိုအားပေးသံများကို ကြည့်ခြင်းအားဖြင့် အိမ်ရှေ့စံမင်းသားအပေါ် မည်မျှ ချစ်ခင်လေးစားကြောင်း သိနိုင်ပေသည်။
သူတို့သည် အိမ်ရှေ့စံနန်းဆောင်မှ အရာရှိများ ဖြစ်ကြသဖြင့် ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ ဝမ်းသာပီတိ ဖြစ်ကြရသည်။
မည်သူမှန်းမသိသော ပြည်သူတစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်လေသည်။ "ထိုက်ဇီ အရှင်မင်းသား သက်တော်ရာကျော် ရှည်ပါစေ"
အသံတစ်သံ ထွက်ပေါ်လာသည်နှင့် မကြာမီမှာပင် ပြည်သူအများအပြား လိုက်ပါ အော်ဟစ်ကြတော့သည်။
အိမ်ရှေ့စံမင်းသား သက်တော်ရာကျော် ရှည်ပါစေ။
လီကျင့်သည် ပြုံးလိုက်ပြီး ပြည်သူများကို လက်ပြနှုတ်ဆက်လိုက်သည်။ ထိုအခါ လမ်းဘေးဝဲယာမှ အားပေးသံများသည် ပိုမို ဆူညံလာတော့သည်။
လီကျင့်သည် ခေါင်းလှည့်ကာ လီယန့်ကို အမိန့်ပေးလိုက်လေသည်။ "မင်း အကျဉ်းသားလှည်းပေါ်က လူတွေကို ပြစ်မှုဆိုင်ရာ တရားစီရင်ရေး ဌာနရဲ့ အကျဉ်းထောင်ကို ပို့လိုက်။ ပြီးမှ နန်းတော်ထဲဝင်ပြီး ပွဲတက်ရမယ်"
လီကျင့် မြို့တော်သို့ မပြန်မီကတည်းက စာလွှာပို့ပြီးဖြစ်သည်။ ယုံးကျားဧကရာဇ်နှင့် မှူးမတ်များ အားလုံးသည် သူ၏ ခရီးစဉ်ကို သိရှိပြီးဖြစ်၏။ နန်းတော်ထဲသို့ ဝင်ရောက်ပြီးလျှင် နန်းတွင်းစားပွဲသောက်ပွဲ တစ်ခုတော့ မလွဲမသွေ ရှိပေလိမ့်မည်။
လီယန့်သည် ပြုံးရွှင်စွာ လက်ခံလိုက်ပြီး အကျဉ်းသားလှည်းရှိရာသို့ မြင်းကို မောင်းနှင်သွားလေသည်။
လီကျင့်၊ ဖန်းဇီကျန်းနှင့် ကျိုးလီတို့သည် နန်းတော်သို့ တန်းတန်းမတ်မတ် ဆက်လက် ထွက်ခွာလာခဲ့ကြသည်။
...
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ထိုက်ဇီ အရှင်မင်းသားက နန်းတော်တံခါးကို ဝင်လာပါပြီ။ မကြာခင် ဝမ်ဟွားနန်းဆောင်ကို ရောက်ပါတော့မယ်" လျိုကုန်းကုန်းသည် နန်းဆောင်ထဲသို့ အမြန်ဝင်ရောက်လာပြီး ဝမ်းသာအားရ လျှောက်တင်လိုက်လေသည်။
ယုံးကျားဧကရာဇ်၏ မျက်နှာပေါ်တွင် ဝမ်းသာသည့် အရိပ်အယောင် သိပ်မတွေ့ရဘဲ ခေါင်းကို အသာညိတ်လိုက်လေသည်။ "ကျန်း သိပြီ"
ချောင်ကောလောင်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားပြီး ရှေ့သို့ တစ်လှမ်းတိုးကာ ပြုံးလျက် လက်ကိုယှက်၍ လျှောက်တင်လိုက်လေသည်။ "ထိုက်ဇီ အရှင်မင်းသားက ကျန့်ခရိုင်မှာ ရေဘေးကယ်ဆယ်ရေးတွေ လုပ်ပေးပြီး ပြည်သူတွေရဲ့ ဒုက္ခတွေကို ဖြေရှင်းပေးခဲ့ပါတယ်။ အရှင်မင်းကြီးရဲ့ တာဝန်တွေကို ခွဲဝေထမ်းဆောင်ပေးခဲ့ပါတယ်။ ဒီလို အိမ်ရှေ့စံမင်းသားမျိုး ရှိတာ မှူးမတ်တွေလည်း စိတ်ချမ်းသာရပါတယ်"
ဝန်ကြီးလော်ကလည်း ရှေ့သို့ တစ်လှမ်းတိုးကာ ပြုံးလျက် လျှောက်တင်လေသည်။ "ချောင်ကောလောင် ပြောတာ မှန်ပါတယ်။ ထိုက်ဇီ အရှင်မင်းသားက တစ်လမ်းလုံး ပင်ပန်းလာခဲ့တာပါ။ မှူးမတ်တွေ အနေနဲ့ အပြင်ထွက်ပြီး ကြိုဆိုချင်ပါတယ်။ အရှင်မင်းကြီး ခွင့်ပြုပေးပါ"
ဝန်ထမ်းရေးရာဌာနမှ ဝန်ကြီးယွီသည် ချောင်ကောလောင်နှင့် နိုင်ငံရေးအမြင် မတူညီကြသော်လည်း အိမ်ရှေ့စံမင်းသားကိုတော့ လေးစားချစ်ခင်ကြသူများ ဖြစ်ကြသည်။ ပြုံးလျက် လက်ကိုယှက်ကာ လျှောက်တင်လိုက်လေသည်။ "ကျွန်တော်မျိုးလည်း ထွက်ပြီး ကြိုဆိုချင်ပါတယ်"
ကျန်ရှိသော ဝန်ကြီးများကလည်း တစ်ယောက်တစ်ပေါက် ထောက်ခံပြောဆိုကြသည်။
ယုံးကျားဧကရာဇ်၏ မျက်ဝန်းများ လှုပ်ခတ်သွားပြီး ပြုံးကာ ပြောလိုက်လေသည်။ "ကောင်းပြီလေ။ ချစ်ရတဲ့ မှူးမတ်တွေ ထွက်ပြီး ကြိုဆိုလိုက်ကြပါ" ထို့နောက် ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့ကိုလည်း အမိန့်ပေးလိုက်သည်။ "မင်းတို့နှစ်ယောက်လည်း အတူတူ သွားကြိုလိုက်ကြ"
ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့သည် ပြုံးလျက် လက်ခံလိုက်ကြ၏။
လူအများစုသည် အတူတကွ ထွက်ခွာသွားကြသည်။
ယုံးကျားဧကရာဇ်သည် နဂါးပလ္လင်ပေါ်တွင် ထိုင်လျက် ထိုလူများ၏ ကျောပြင်ကို ကြည့်နေလေသည်။
လျိုကုန်းကုန်းသည် ရုတ်တရက် ရင်တုန်လာပြီး ခေါင်းကို အမြန်ငုံ့ထားလိုက်သည်။
သူသည် ယုံးကျားဧကရာဇ်ကို နှစ်ပေါင်းများစွာ ပြုစုခဲ့သူ ဖြစ်သဖြင့် ယုံးကျားဧကရာဇ်၏ အကြောင်းကို ကောင်းကောင်းသိသည်။ ယုံးကျားဧကရာဇ်၏ သေးငယ်သော မျက်နှာအမူအရာ ပြောင်းလဲမှုကိုပင် သူ့မျက်လုံးထဲမှ ဖုံးကွယ်ထား၍ မရနိုင်ပေ။
အိမ်ရှေ့စံမင်းသားသည် အပြင်တွင် လပေါင်းများစွာ အလုပ်ကြိုးစားခဲ့ပြီး အကျိုးဆောင်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် ယုံးကျားဧကရာဇ်၏ အမူအရာကို ကြည့်ရသည်မှာ အိမ်ရှေ့စံမင်းသား ပြန်ရောက်လာသည့်အပေါ် သိပ်ပြီး ဝမ်းသာပုံ မပေါ်ပေ။
စဉ်းစားကြည့်တော့လည်း ဟုတ်တာပါပဲ။ လူတစ်ယောက်က သံသယ ဝင်လာပြီဆိုရင် အရာရာတိုင်းက အလွဲလွဲအချော်ချော် ဖြစ်ကုန်တာပဲ။ ဘာလုပ်လုပ် အပြစ်မြင်နေတော့မှာ။
လျိုကုန်းကုန်း စဉ်းစားနေစဉ်မှာပင် ယုံးကျားဧကရာဇ်၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။ "လျိုကုန်းကုန်း"
လျိုကုန်းကုန်း သတိပြန်ဝင်လာပြီး ရိုသေစွာ ပြန်ထူးလိုက်သည်။ "ကျွန်တော်မျိုး ရှိပါတယ်"
"ထိုက်ဇီက လူချစ်လူခင် တော်တော်များတာပဲနော်" ယုံးကျားဧကရာဇ်က အဓိပ္ပာယ်ပါသော စကားတစ်ခွန်း ပြောလိုက်လေသည်။
လျိုကုန်းကုန်း ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး ရိုသေစွာ ပြန်လျှောက်တင်လိုက်သည်။ "ထိုက်ဇီ အရှင်မင်းသားက ပြည်သူတွေကို သနားကြင်နာပြီး မှူးမတ်တွေကို လေးစားပါတယ်။ နိမ့်ကျတဲ့ ကျွန်တော်မျိုးတို့လို လူတွေကိုတောင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါတယ်။ လူချစ်လူခင် များတာလည်း ဖြစ်သင့်တဲ့ ကိစ္စပါ"
ယုံးကျားဧကရာဇ်က ပြုံးလိုက်၏။
ခဏအကြာတွင် အိမ်ရှေ့စံလီကျင့်သည် မှူးမတ်များ ခြံရံလျက် ဝမ်ဟွားနန်းဆောင်ထဲသို့ ဝင်ရောက်လာလေတော့သည်။
...
အပိုင်း (၅၃၀) ပြန်ရောက်လာခြင်း (၂)
လီကျင့်သည် နေရာတွင် ရပ်တန့်လိုက်ပြီးနောက် ခါးကိုကိုင်းညွှတ်ကာ လက်နှစ်ဖက်ဆုပ်လျက် အရိုအသေပေးပြီး ပြောလိုက်လေသည်။ "သားတော် ဖုဟွမ်ကို ဂါရဝပြုပါတယ်"
ယုံးကျားဧကရာဇ်သည် နှစ်သက်သဘောကျစွာ ပြုံးလိုက်ပြီး နေရာမှထကာ လျှောက်လာခဲ့ပြီး လီကျင့်ကို တွဲထူလိုက်သည်။ "ထိုက်ဇီက ကျန့်ခရိုင်မှာ လချီကြာအောင် ပင်ပန်းခဲ့တာကို ကျန်း စိတ်ထဲမှာ အမြဲတမ်း စိုးရိမ်ပူပန်နေခဲ့ရတာ။ ဒီနေ့တော့ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာခဲ့ပြီ။ မြန်မြန် ထစမ်းပါ။ ကျန်းကို ကြည့်ခွင့်ပေးပါဦး။ မည်းပြီး ပိန်သွားပြီလားလို့"
လီကျင့်သည် အလိုက်သင့်ပင် မတ်တပ်ထရပ်လိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်။ "သားတော် လုပ်ခဲ့တာတွေက လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်တွေပါ။ ပြီးတော့ သားတော်က ပါးစပ်နဲ့ပဲ အမိန့်ပေးခဲ့တာပါ။ တကယ်တမ်း ခြေကုန်လက်ပန်းကျအောင် လုပ်ကိုင်ခဲ့ကြတာက အိမ်ရှေ့စံနန်းဆောင်က အရာရှိတွေနဲ့ ကျန့်ခရိုင်မှာ အသစ်ခန့်အပ်လိုက်တဲ့ အရာရှိတွေပါ။ ပင်ပန်းခဲ့တာက သူတို့ပါ။ ဖုဟွမ်အနေနဲ့ ဆုချီးမြှင့်ချင်တယ် ဆိုရင် သူတို့ကိုပဲ ချီးမြှင့်လိုက်ပါ"
ဤစကားများသည် ပွင့်လင်းရိုးသားပြီး သဘောထားကြီးကြောင်း ပေါ်လွင်စေသည်။
ချောင်ကောလောင်နှင့် အခြားမှူးမတ်များသည် စိတ်ထဲတွင် တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြ၏။
အကျိုးဆောင်မှုကို မိမိတစ်ယောက်တည်း မယူဘဲ လက်အောက်ငယ်သားများအတွက် ဆုတောင်းဆိုပေးတတ်ခြင်းသည်သာ လူအများ ချီးကျူးပြောဆိုကြသည့် သာ့ဝေတိုင်းပြည်၏ အိမ်ရှေ့စံမင်းသား ပီသပေသည်။ အိမ်ရှေ့စံနန်းဆောင် တစ်ခုလုံး စည်းလုံးညီညွတ်ကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ဤကဲ့သို့သော အိမ်ရှေ့စံမင်းသား ရှိနေခြင်းသည် တိုင်းပြည်အတွက် ကံကောင်းခြင်းပင်။
ယုံးကျားဧကရာဇ်သည်လည်း များစွာ ကျေနပ်အားရသွားပြီး လီကျင့်ကို ပြုံးရွှင်စွာ ချီးကျူးပြောဆိုလိုက်လေသည်။ "ထိုက်ဇီက ကျန့်ခရိုင်ကို သွားခဲ့တဲ့ လအနည်းငယ်အတွင်းမှာ တကယ်ကို ရင့်ကျက်လာခဲ့တာပဲ။ ကောင်းတယ်။ ဒီလို အိမ်ရှေ့စံမင်းသားမျိုး ရှိတာက သာ့ဝေတိုင်းပြည်အတွက် ကံကောင်းခြင်း ဖြစ်သလို ကျန်းအတွက်လည်း ကံကောင်းခြင်းပါပဲ။ တစ်နေ့ကျရင် ကျန်းက ဒီတိုင်းပြည်ကြီးကို ထိုက်ဇီလက်ထဲ လွှဲပေးခဲ့ရင်တောင် စိတ်ချလက်ချ မျက်လုံးမှိတ်နိုင်ပါပြီ"
လီကျင့်က အလျင်အမြန် ပြောလိုက်လေသည်။ "ဖုဟွမ်က ကျန်းမာသန်စွမ်းပြီး သက်တော်ရှည်ဦးမှာပါ။ ဘာလို့များ ဒီလို နိမိတ်မရှိတဲ့ စကားတွေကို ပြောရတာလဲ။ သားတော်က ဖုဟွမ်ကို အသက်ရာကျော် ရှည်စေချင်ပြီး သားတော်ကတော့ ထိုက်ဇီအဖြစ်နဲ့ပဲ ထာဝရ နေသွားချင်တာပါ"
ယုံးကျားဧကရာဇ်သည် ရယ်မောလိုက်လေသည်။ "ချစ်ရတဲ့ မှူးမတ်တို့ နားထောင်ကြည့်ကြပါဦး။ ထိုက်ဇီက ကျန်းကို ဘယ်လောက်တောင် မြှောက်ပင့်ပြောဆိုတတ်နေပြီလဲ ဆိုတာ"
ချောင်ကောလောင်က ပြုံးလျက် ဝင်ပြောလိုက်လေသည်။ "ထိုက်ဇီက သိတတ်တဲ့ သားလိမ္မာလေးမို့လို့ပါ။ ဘယ်မှာ မြှောက်ပင့်တာ ဖြစ်ရမှာလဲ"
"မြှောက်ပင့်တယ် ဆိုရင်တောင် ဒါက နဂါးဖင်ကို ပုတ်တာပဲ ဖြစ်မှာပါ (နဂါးကို မြှောက်ပင့်တာပါ)" ဟု တည်ကြည်ဖြောင့်မတ်သော ဝန်ကြီးလော်ကလည်း စနောက်လိုက်လေသည်။
မှူးမတ်များသည်လည်း အလိုက်အထိုက် ဝင်ရယ်ကြသဖြင့် တစ်ခန်းလုံး ရယ်မောသံများဖြင့် ပြည့်နှက်သွားသည်။
ယုံးကျားဧကရာဇ်သည် ဟားတိုက် ရယ်မောကာ "ကောင်းပြီ။ ကောင်းပြီ။ သားက အဖေ စိတ်ချမ်းသာအောင် လုပ်ပေးတာက သဘာဝကျပါတယ်။ ကျန်း ဒီလောက် မပျော်ရွှင်ရတာ ကြာပြီ။ လာကြစမ်း။ ကျန်းရဲ့ အမိန့်တော်ကို ဆင့်ဆိုလိုက်။ စားဖိုဆောင်ကို ပွဲတော်တည်ခိုင်းလိုက်။ ဒီနေ့မွန်းတည့်ချိန်မှာ ချစ်ရတဲ့ မှူးမတ်တွေအားလုံး နေခဲ့ပြီး အတူတူ သုံးဆောင်ကြမယ်"
ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့က တညီတညွတ်တည်း ကျေးဇူးတင်စကား လျှောက်တင်လိုက်ကြသည်။
ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့သည်လည်း ပြုံးနေကြသည်။ သို့သော် ထိုအပြုံးများထဲတွင် ဖော်ပြ၍မရနိုင်သော အဓိပ္ပာယ်များ ပါဝင်နေလေသည်။
ယုံးကျားဧကရာဇ်သည် အောင်ပွဲခံပြီး ပြန်လာသော အိမ်ရှေ့စံမင်းသားအပေါ် နူးညံ့ကြင်နာမှု ရှိနေပြီး အိမ်ရှေ့စံမင်းသားကလည်း ယုံးကျားဧကရာဇ်အပေါ် ရိုသေလေးစားမှု အပြည့်ရှိနေသည်။ ဤသားအဖနှစ်ယောက်ကို ကြည့်ရသည်မှာ ဖခင်က မေတ္တာကြီးမားပြီး သားက လိမ္မာသိတတ်သည့် ပုံရိပ်ကို မြင်တွေ့နေရသည်။
သူတို့သားအဖ၏ စိတ်နေစိတ်ထားကို ကောင်းစွာ သိရှိသူများသာလျှင် မူမမှန်မှု အနည်းငယ်ကို သတိထားမိကြပေလိမ့်မည်။
လူတိုင်း မျက်နှာဖုံးကိုယ်စီ စွပ်ထားကြသကဲ့သို့ပင်။ ထုတ်ဖော်ပြသသော မျက်နှာထားများနှင့် ပြောဆိုလိုက်သော စကားများသည် ကြိုတင်ပြင်ဆင်ထားကြသည့် အတိုင်းပင်။ ရင်းနှီးမှုများသည် အနည်းငယ် လွန်ကဲနေသည့်နှယ်။
...
မွန်းတည့်ချိန် နန်းတွင်းစားပွဲသောက်ပွဲတွင် လေထုမှာ သက်ဝင်လှုပ်ရှားနေသဖြင့် အသေးစိတ် ပြောပြရန် မလိုတော့ပေ။
စားပွဲသောက်ပွဲ ပြီးဆုံးသွားသည့်အခါ ယုံးကျားဧကရာဇ်က ပြုံးလျက် လီကျင့်ကို ပြောလိုက်လေသည်။ "ထိုက်ဇီ ဒီတစ်ခါ ခရီးထွက်သွားတာ လနဲ့ချီ ကြာသွားတယ်။ အနောက်နန်းဆောင်ထဲမှာ ထိုက်ဟုပ်က မင်းကို အမြဲတမ်း သတိရနေတာ။ ဟွမ်ဟုပ်နဲ့ ထိုက်ဇီဖေးတို့ကလည်း နေ့တိုင်း မျှော်နေကြတာ။ ရွှီအာနဲ့ ရွှမ်းအာတို့ဆိုရင်လည်း ဖခင်အရင်းဖြစ်တဲ့ မင်းကို လွမ်းဆွတ်နေကြရှာတာ။ မင်း အနောက်နန်းဆောင်ကို အရင်သွားပြီး သူတို့ကို သွားတွေ့လိုက်ဦး။ ပြီးမှ ကောင်းကောင်း အနားယူလိုက်။ မနက်ဖြန် အားမှ ဝမ်ဟွားနန်းဆောင်ကို လာခဲ့ချေ"
လီကျင့်သည် အလျင်အမြန်ပင် ကျေးဇူးတင်စကား ပြောလိုက်လေသည်။ "သားတော် ဖုဟွမ်ကို ကျေးဇူးတင်ပါတယ်"
ယုံးကျားဧကရာဇ်သည် လက်ကာပြလိုက်ပြီး အိမ်ရှေ့စံမင်းသားကို ထွက်ခွာခွင့် ပေးလိုက်လေသည်။
ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့သည်လည်း အခွင့်ကောင်းယူ၍ နှုတ်ဆက်ထွက်ခွာလာကြပြီး အိမ်ရှေ့စံမင်းသားနှင့်အတူ ဝမ်ဟွားနန်းဆောင်မှ ထွက်ကာ အနောက်နန်းဆောင်ဘက်သို့ လျှောက်လာခဲ့ကြသည်။
ပထမမင်းသားသည် ခြေထောက်တစ်ဖက် ထော့နဲ့ထော့နဲ့ လျှောက်လှမ်းနေရင်း ဘေးနားရှိ အရပ်ရှည်ရှည် ရုပ်ရည်ချောမောသော အိမ်ရှေ့စံမင်းသားကို စောင်းငဲ့ကြည့်လိုက်ရာ ရင်ထဲတွင် မွန်းကြပ်မှုများ ပြည့်နှက်လာတော့၏။ သူက တမင်သက်သက် ပြောလိုက်လေသည်။ "အာ့တိ။ မင်း ကျန့်ခရိုင်မှာ လအနည်းငယ်လောက် သွားနေတဲ့အချိန်အတွင်း မြို့တော်မှာ ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့တယ်။ မင်း မသိသေးဘူး မဟုတ်လား"
လီကျင့်၏ အပြုံးသည် ပျက်ယွင်းမသွားဘဲ အေးဆေးတည်ငြိမ်စွာ ပြန်မေးလိုက်လေသည်။ "သာ့ကော ပြောချင်တာ ဘာကိစ္စလဲ မသိဘူး"
ပထမမင်းသားက ဆိုးညစ်စွာ ပြုံးလိုက်လေသည်။ "အို... ကိစ္စတွေက မနည်းဘူးကွ။ တစ်ခုချင်းစီ ပြောပြရမယ် ဆိုရင် အနည်းဆုံး ၁နာရီ ၂နာရီလောက်တော့ ကြာလိမ့်မယ်"
လီကျင့်သည် ပထမမင်းသားကို တစ်ချက်ကြည့်လိုက်လေသည်။ "စကားတွေ အဲ့လောက်များရင်လည်း မပြောနဲ့တော့လေ။ သိသင့်တဲ့ ကိစ္စဆိုရင် ကျွန်တော် သိလာရမှာပါပဲ"
ပထမမင်းသား "..."
ပထမမင်းသားသည် နှာခေါင်းနှင့် တံခါး ဆောင့်မိသကဲ့သို့ ဖြစ်သွားတော့သည်။
စတုတ္ထမင်းသားကတော့ ဘေးမှနေ၍ အရသာခံ ကြည့်ရှုနေလေသည်။ ပထမမင်းသားက လှမ်းကြည့်လိုက်သည့်အခါ စတုတ္ထမင်းသား၏ သူတစ်ပါး မကောင်းဖြစ်သည်ကို ဝမ်းသာနေသည့် ပုံစံကို မြင်လိုက်ရသဖြင့် ဒေါသအလိပ်လိုက် ထွက်လာပြီး မျက်စောင်းထိုးလိုက်မိသည်။
စတုတ္ထမင်းသားသည်လည်း ဉာဏ်များသူ ပီပီ ချက်ချင်းပင် လက်ကိုယှက်ကာ ပြောလိုက်လေသည်။ "သာ့ကော စိတ်မဆိုးပါနဲ့။ အားလုံးက ကျွန်တော့်အပြစ်ပါ။ သာ့ကော အပြစ်တင်ချင်ရင် ကျွန်တော့်ကိုပဲ တင်ပါ"
ပထမမင်းသားသည် ဒေါသထွက်လွန်းသဖြင့် ရယ်ချင်စိတ်ပင် ပေါက်သွားပြီး စတုတ္ထမင်းသားကို တံတွေးနှင့် လှမ်းထွေးလိုက်လေသည်။
စတုတ္ထမင်းသားက မျက်နှာပြောင်တိုက်ပြီး ပြုံးနေဆဲ။
လီကျင့်သည်လည်း ရယ်မောလိုက်လေသည်။ မကြာမီ ဇနီးသည်နှင့် သားသမီးများကို တွေ့ရတော့မည်ဟု တွေးလိုက်မိသည်နှင့် ရင်ထဲတွင် အပူဓာတ်များ စီးဆင်းသွားတော့သည်။ ပထမမင်းသား၏ မျက်နှာထားကိုလည်း ဂရုမစိုက်နိုင်တော့ဘဲ ခြေလှမ်းများကို ပို၍ မြန်ဆန်စွာ လှမ်းလိုက်တော့သည်။
သူ အတွေ့ချင်ဆုံးလူကတော့ သေချာပေါက် လုမင်ယွိပင်။
သို့သော် မိဘကို ရိုသေခြင်းက ပထမ ဖြစ်သဖြင့် အဝေးမှ ပြန်ရောက်လာသူ အနေဖြင့် ရှို့နင်နန်းဆောင်ကို အရင်သွားရပေမည်။
"အာ့ကော... ကျွန်တော့်ကို စောင့်ပါဦး" စတုတ္ထမင်းသားသည် အမီလိုက်နိုင်ရန် ခြေလှမ်းသွက်သွက်ဖြင့် ပြေးလိုက်ရလေသည်။
နောက်တွင် ကျန်ရစ်ခဲ့သော ပထမမင်းသားမှာမူ ဒေါသကြောင့် မျက်နှာ မည်းမှောင်သွားတော့သည်။ သူ ခြေထောက်မသန်သဖြင့် လျှောက်နိုင်မည် မဟုတ်သည်ကို သိလျက်နှင့် လီကျင့်က တမင်သက်သက် အမြန်လျှောက်သွားခြင်းမှာ သူ့ကို နှိမ်ချင်သောကြောင့် မဟုတ်ပါလား။
လီကျင့်သည် လှည့်မကြည့်ဘဲနှင့်ပင် ပထမမင်းသား၏ မျက်နှာထား မည်သို့ရှိမည်ကို ခန့်မှန်းနိုင်လေသည်။ သူသည် စတုတ္ထမင်းသားကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး နှုတ်ခမ်းမဲ့ပြလိုက်လေသည်။ စတုတ္ထမင်းသားသည် သဘောကျလွန်းသဖြင့် တခစ်ခစ် ရယ်မောလေတော့သည်။
ပထမမင်းသား "..."
...
လက်ဖက်ရည်တစ်ခွက်စာ အချိန်ကြာပြီးနောက် လီကျင့်သည် ရှို့နင်နန်းဆောင်ထဲသို့ ဦးစွာ ဝင်ရောက်သွားလေသည်။
"ထိုက်ဇီ အရှင်မင်းသား ကြွလာပါပြီ" နန်းဆောင်တံခါးကို စောင့်ကြပ်နေသော နန်းတွင်းသူသည် လျင်မြန်စွာ ပြေးဝင်သွားပြီး သတင်းပို့လိုက်လေသည်။ မကြာမီမှာပင် မယ်တော်ကြီးကျောက်သည် လူအုပ်ကြီး ခြံရံလျက် ထွက်ကြိုလာလေသည်။
ချောင်မိဖုရားခေါင်၊ မုန့်ဖေး၊ ချင်ဖေးနှင့် ဝမ်ကျဲယွီတို့ အားလုံး ရောက်ရှိနေကြသည်။ သေချာပေါက် လူအများဆုံး သတိထားမိသည်မှာ အနီရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဗိုက်ပူပူလေးနှင့် မျက်ခုံးမျက်လုံး ထက်မြက်လှပသော ထိုက်ဇီဖေးပင်။
လီကျင့်၏ ရင်ထဲတွင် နွေးထွေးသွားပြီး စိတ်မထိန်းနိုင်တော့ဘဲ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးဝင်သွားကာ လုမင်ယွိ၏ လက်ကို ဆုပ်ကိုင်လိုက်လေသည်။ "ရှောင်ယွိ... ကို ပြန်ရောက်ပြီ"
လုမင်ယွိ၏ ရင်ထဲတွင် ပျော်ရွှင်မှုနှင့် ကြည်နူးမှုတို့ ပြည့်လျှံသွားပြီး နှုတ်ခမ်းကို စေ့ကာ ပြုံးလိုက်လေသည်။ "ရှင် ပြန်ရောက်လာပြီပဲ"
ဘေးလူများကို ဂရုမစိုက်ဘဲ ကြင်နာပြနေသော ဇနီးမောင်နှံကြောင့် ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် အနည်းငယ် သဝန်တိုသလို ဖြစ်သွားပြီး အသံအနည်းငယ် ကျယ်အောင် ချောင်းဟန့်လိုက်လေသည်။
ဒီမှာ အမေရင်း ရှိနေသေးတယ်နော်။
လီကျင့်သည် ရယ်မောလိုက်ပြီး လုမင်ယွိ၏လက်ကို လွှတ်ပေးလိုက်ကာ မိခင်ဖြစ်သူ၏ လက်ကို လှမ်းဆွဲလိုက်ပြီး ကြင်နာစွာ ပြောလိုက်လေသည်။ "မူဟုပ်... သား ခွဲခွာသွားတဲ့ ရက်တွေမှာ မူဟုပ်ကို အမြဲ သတိရနေတာပါ"
ချောင်မိဖုရားခေါင်သည် သဘောကျသွားပြီး ပြုံးလျက် ပြောလိုက်လေသည်။ "ပြန်ရောက်လာရင် ပြီးတာပါပဲ။ ပန်ကုံးလည်း မင်းကို နေ့တိုင်း သတိရနေတာ"
မယ်တော်ကြီးကျောက်ကလည်း ချောင်းတစ်ချက် ဟန့်လိုက်ပြန်သည်။
လီကျင့်သည် မယ်တော်ကြီးကျောက်ဘက်သို့ လှည့်လိုက်ပြီး နွေးထွေးစွာ ပြောလိုက်ပြန်သည်။ "အဘွားတော်ရော နေကောင်းရဲ့လား။ မြေးတော်က နေ့တိုင်း အဘွားတော်ကို သတိရနေတာပါ"
မယ်တော်ကြီးကျောက်က ပြုံးပြီး စနောက်လိုက်လေသည်။ "အိုက်ကျားက နံပါတ် ၃ နေရာ ရောက်သွားပါပေါ့။ ထိုက်ဇီက အိုက်ကျားကို တကယ် သတိရရဲ့လားဆိုတာ တွေ့ရပြီလေ"
မယ်တော်ကြီးကျောက်က ရှားရှားပါးပါး စနောက်လိုက်သဖြင့် အားလုံးကလည်း ဝိုင်းဝန်းရယ်မောလိုက်ကြရာ ရယ်သံများ မဆုံးနိုင်အောင် ဖြစ်သွားတော့သည်။
ဟွေ့အန်းကုန်းကျူသည် အချိန်ကြာမြင့်စွာ ခွဲခွာပြီးမှ ပြန်ဆုံတွေ့ရသော မောင်ဖြစ်သူကို ကြည့်ကာ ဝမ်းသာပီတိဖြစ်နေသည်။ "အာ့တိ ပိန်သွားတယ်။ ပြီးတော့ နည်းနည်းလည်း မည်းသွားတယ်"
လီကျင့်က ယုံကြည်မှုရှိရှိဖြင့် မျက်ခုံးပင့်လိုက်လေသည်။ "ကျွန်တော်က အရင်တုန်းက အရမ်းဖြူလွန်းလို့ စိတ်ညစ်နေတာ။ အခုမှပဲ အတော်ဖြစ်သွားတော့တယ်"
အားလုံးက ရယ်မောလိုက်ကြပြန်သည်။
မယ်တော်ကြီးကျောက်သည် လီကျင့်၏လက်ကို ဆွဲကာ ပြုံးလျက် ပြောလိုက်လေသည်။ "ဒီမှာ ရပ်မနေနဲ့တော့။ အထဲဝင်ပြီး စကားပြောကြတာပေါ့" လီကျင့်သည် သဘာဝကျကျပင် ရှေ့သို့တိုးကာ မယ်တော်ကြီးကျောက်ကို တွဲပြီး အထဲသို့ ဝင်ရောက်သွားလေသည်။
ချောင်မိဖုရားခေါင်က လီကျင့်၏ အခြားလက်တစ်ဖက်ကို ကိုင်ထားလိုက်သည်။
လုမင်ယွိသည်လည်း စိတ်မရှိဘဲ နောက်မှ ဖြည်းဖြည်းချင်း လိုက်ပါသွားလေသည်။
မကြာမီ ဆော့ကစားနေကြသော ကလေးများသည် ပြေးထွက်လာကြသည်။ ကြီးသူရော ငယ်သူပါ စုစုပေါင်း ၆ယောက် ၇ယောက်ခန့် ရှိပြီး တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ အလုအယက် ပြေးလာကြသည်။ အမြန်ဆုံး ပြေးလာသူမှာ အားအသန်ဆုံးဖြစ်သော ရွှမ်းအာဖြစ်ပြီး လီကျင့်၏ ရင်ခွင်ထဲသို့ ပထမဆုံး ဝင်ရောက်လာလေသည်။
...
အပိုင်း (၅၃၁) ကြာမြင့်စွာ ခွဲခွာရပြီးနောက် (၁)
"အဖေ"
ရွှမ်းအာသည် အဖေဖြစ်သူ၏ ရင်ခွင်ထဲသို့ အရှိန်ဖြင့် ပြေးဝင်လိုက်ပြီး အသံကျယ်လောင်ကာ နွေးထွေးစွာ ပြောလိုက်လေသည်။ "အဖေ ပြန်ရောက်လာပြီပေါ့။ သမီးက အဖေ့ကို နေ့တိုင်း လွမ်းနေတာ"
လီကျင့်သည် မီးလုံးလေးတစ်လုံးကို ပွေ့ဖက်ထားရသကဲ့သို့ ရင်ထဲတွင် နွေးထွေးသွားပြီး သမီးဖြစ်သူ၏ တက်ကြွရွှင်လန်းနေသော မျက်နှာလေးကို ငုံ့နမ်းလိုက်မိလေသည်။ "လိမ္မာလိုက်တဲ့ သမီးလေး။ အဖေလည်း သမီးကို နေ့တိုင်း လွမ်းနေတာပါ"
ရွှီအာသည် အနည်းငယ် နောက်ကျကျန်နေခဲ့ပြီး အဖေဖြစ်သူကို မျှော်လင့်တကြီး မော့ကြည့်နေလေသည်။
လီကျင့်က ပြုံးလိုက်ပြီး ရွှီအာကိုပါ ဆွဲဖက်လိုက်လေသည်။ "ရွှီအာ။ အဖေ့ကို လွမ်းလား"
ရွှီအာသည် မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အသံကျယ်ကျယ်ဖြင့် ဖြေလိုက်၏။ "လွမ်းတယ်"
ရွှမ်းအာက ပျော်ရွှင်တက်ကြွစွာ ပြောလိုက်လေသည်။ "အဖေ ပြန်ရောက်လာပြီဆိုတော့ မေမေက သားတို့သမီးတို့ကို ဆူရင် အဖေက ကာကွယ်ပေးတော့မှာမလား"
လုမင်ယွိ "..."
လူအများက ခါးကိုင်းသည်အထိ ရယ်မောကြလေသည်။ အထူးသဖြင့် ကျောက်ယွီက ပို၍ ပျော်ရွှင်စွာ ရယ်မောနေ၏။
လုမင်ယွိသည် ရယ်ရခက်ငိုရခက်ဖြစ်သွားပြီး ရွှမ်းအာကို မျက်စောင်းထိုးလိုက်လေသည်။ ရွှမ်းအာကတော့ တခစ်ခစ်ရယ်မောရင်း အဖေ့ရင်ခွင်ထဲသို့ ဝင်ပုန်းနေလိုက်သည်။ လီကျင့်သည် သားနှင့်သမီးကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်ရာ သားအဖသုံးယောက်မှာ တစ်သားတည်း ဖြစ်နေကြတော့သည်။
မယ်တော်ကြီးကျောက်သည် သဘောကျစွာ ပြုံးရယ်လိုက်ပြီး ချောင်မိဖုရားခေါင်ကို ပြောလိုက်လေသည်။ "လုရှီရဲ့ ဗိုက်ထဲက မြေးတော်လေး မွေးလာရင် နန်းတော်ထဲမှာ ပိုပြီး စည်ကားတော့မှာပဲ"
ယနေ့တွင် ချန်းအာနှင့် ထန်အာတို့ နန်းတော်ထဲ ဝင်လာကြသည်။ ဟွေ့အန်းကုန်းကျူ၏ မွေးစားသား လိအာနှင့် ဝမ်ကျဲယွီ မွေးထားသော မင်းသမီးငယ်လေးတို့လည်း ရောက်ရှိနေကြသည်။ ကျန်းအာတစ်ယောက်သာ ရောက်မလာခဲ့ချေ။ တတိယမင်းသားတို့ ဇနီးမောင်နှံလည်း နန်းတော်ထဲသို့ ဝင်မလာကြပေ။
အသက်အနည်းငယ်သာ ရှိကြသေးသော ကလေးငယ် (၆)ဦးသည် ရှို့နင်နန်းဆောင်တစ်ခုလုံးကို ဆူညံပွက်လောရိုက်သွားအောင် ကစားနေကြသည်။
မယ်တော်ကြီးကျောက်သည် သားမြေးများ စုံလင်နေသော မြင်ကွင်းမျိုးကို အနှစ်သက်ဆုံး ဖြစ်လေသည်။ ဆူညံသည်ဟု သဘောမထားသည့်အပြင် နောက်ထပ် များများမွေးပါစေဟုပင် မျှော်လင့်နေတတ်သည်။
ချောင်မိဖုရားခေါင်က ပြုံးလျက် ပြောလိုက်လေသည်။ "အာရှီလည်း အဲဒီနေ့ကို မျှော်လင့်နေပါတယ်"
မယ်တော်ကြီးကျောက်က အမှတ်တမဲ့ ပြောလိုက်မိသည်။ "စူးကွေ့ရန်ရဲ့ ဗိုက်ထဲက ကလေးလေးသာဆိုရင် နှမြောစရာကောင်းလိုက်တာ"
ချောင်မိဖုရားခေါင်သည် နှုတ်ခမ်းထောင့်များ တွန့်သွားပြီး မကြားချင်ယောင် ဆောင်လိုက်လေသည်။
မုန့်ဖေးနှင့် ချင်ဖေးတို့လည်း အနီးတွင်ရှိနေသဖြင့် မယ်တော်ကြီးကျောက်၏ စကားကို ကြားလိုက်ကြသည်။ နှုတ်ခမ်းများကို မဲ့လိုက်ကြသော်လည်း မည်သူကမျှ အသံထွက်မလာရဲကြချေ။ ယုံးကျားဧကရာဇ်၏ လက်ချက်က ရက်စက်လွန်းသဖြင့် အနောက်နန်းဆောင်တစ်ခုလုံး တုန်လှုပ်နေကြရသည်။ မည်သူကမျှ ပါးစပ်သရမ်းပြီး ပြဿနာ အဖြစ်မခံချင်ကြပေ။
မယ်တော်ကြီးကျောက်သည် ပြောပြီးမှ မှားမှန်းသိသွားသဖြင့် ချောင်းတစ်ချက်ဟန့်ကာ စကားလမ်းကြောင်း လွှဲလိုက်လေသည်။ "ထိုက်ဇီ ပြန်ရောက်လာပြီဆိုတော့ အနောက်နန်းဆောင်ကလည်း စည်ကားအောင် လုပ်ရမယ်။ ဒီည အိုက်ကျားရဲ့ ရှို့နင်နန်းဆောင်မှာ စားပွဲဝိုင်း ပြင်ခိုင်းလိုက်မယ်"
ချောင်မိဖုရားခေါင်က ပြုံးလျက် လက်ခံလိုက်ပြီး အောက်လူများကို စီစဉ်ရန် အမိန့်ပေးလိုက်လေသည်။
ဆူညံသံများ ငြိမ်သွားပြီးနောက် လူတိုင်း နေရာကိုယ်စီ ဝင်ထိုင်လိုက်ကြသည်။
လူများနေသဖြင့် ဟိုတစ်ပေါက် ဒီတစ်ပေါက် ပြောဆိုနေကြရာ အတော်လေး စည်ကားနေလေသည်။
လုမင်ယွိသည် စကားမပြောဘဲ ပြုံးရွှင်စွာ ထိုင်နေလျက် လီကျင့်ကို စိုက်ကြည့်နေလေသည်။ လီကျင့်သည်လည်း လူများကို ဖြေကြားနေရင်း လုမင်ယွိကို မကြာခဏ လှမ်းကြည့်နေ၏။
လူပုံအလယ်တွင်ဖြစ်၍ ဇနီးမောင်နှံနှစ်ဦးသည် ရင်းနှီးသော စကားများကို မပြောဖြစ်ကြသော်လည်း အကြည့်ချင်းကမူ တစ်ချိန်လုံး ချိတ်ဆက်နေလေသည်။
အချိန်ကြာလာသောအခါ မယ်တော်ကြီးကျောက်လည်း သဘောပေါက်လာသဖြင့် ရယ်မောကာ ပြောလိုက်သည်။ "ထားလိုက်ပါတော့။ ထိုက်ဇီက အရှေ့နန်းဆောင်ပြန်ပြီး အနားယူလိုက်ဦး။ ၂နာရီလောက်ကြာမှ ညစာစားဖို့ ပြန်လာခဲ့"
လီကျင့်သည်လည်း ဟန်ဆောင် ငြင်းဆန်မနေတော့ဘဲ ချက်ချင်းပင် ပြုံးရွှင်စွာ ပြောလိုက်လေသည်။ "အဘွားတော်က မြေးတော်ကို ဒီလောက်တောင် ချစ်တာ။ မြေးတော်က အဘွားတော်ကို ကျေးဇူးတင်ပါတယ်"
လူအများကလည်း ဝိုင်းဝန်းရယ်မောလိုက်ကြပြန်သည်။
လီကျင့်သည် မျက်နှာပြောင်ပြောင်ဖြင့်ပင် ထရပ်လိုက်ပြီး ဇနီးနှင့် သားသမီးများကို ခေါ်ကာ အရင်ဆုံး နှုတ်ဆက်ထွက်ခွာလာခဲ့လေသည်။
...
မိသားစု (၄)ယောက်သည် အရှေ့နန်းဆောင်သို့ အလျင်အမြန် ပြန်ရောက်လာကြသည်။
အရှေ့နန်းဆောင်ထဲသို့ ခြေချလိုက်သည်နှင့် လီကျင့်သည် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။ "နောက်ဆုံးတော့ ပြန်ရောက်လာပြီ"
ဤနေရာသည်သာ သူတို့၏ အိမ်ဖြစ်လေသည်။
လုမင်ယွိသည် နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်ပြီး သူမ၏ အကြည့်များသည် လီကျင့်၏ မျက်နှာပေါ်သို့ ဖြတ်သန်းသွားသည်။ "ရှင် နည်းနည်း ပိန်သွားတယ်။ ပြီးတော့ အသားလည်း မည်းသွားတယ်"
လီကျင့်က မတတ်နိုင်ဟန်ဖြင့် ပြုံးလိုက်လေသည်။ "ကျန့်ခရိုင်မှာ ဘေးအန္တရာယ်က ဆိုးရွားလွန်းတယ်။ အကျင့်ပျက် အရာရှိတွေ အကုန်လုံး ထောင်ထဲရောက်ကုန်ပြီ။ ကိုယ်က မြို့ဝန်ရုံးကို လွှဲပြောင်းယူပြီးတဲ့နောက် ကိစ္စတိုင်းကို ကိုယ်တိုင် ဝင်ပါခဲ့ရတာ။ နေ့တိုင်း အပြင်ထွက်ပြီး အလုပ်ရှုပ်နေရတော့ ထမင်းတောင် မေ့နေတဲ့အချိန်တွေရှိတယ်။ ပိန်တာ မည်းတာက ရှောင်လွှဲမရပါဘူး"
ထို့နောက် သူက ရယ်မောကာ စနောက်လိုက်ပြန်သည်။ "ဒီပုံစံနဲ့ ထိုက်ဇီဖေးညန်ညန်ရဲ့ မျက်စိထဲ ဝင်ပါ့မလားမသိဘူး"
လုမင်ယွိက အလေးအနက် စဉ်းစားဟန်ပြုလိုက်ပြီး "အရင်က မျက်နှာက ဖြူလွန်းနေတာ။ အခုမှပဲ ယောက်ျားပီသသွားတော့တယ်။ ကြည့်လို့ကောင်းသွားတာပေါ့"
ဘေးတွင်ရပ်နေသော ချီယွင်သည် ရယ်ချင်စိတ်ကို အောင့်ထားရင်း အပျိုတော်များကို ထွက်သွားရန် မျက်လုံးဖြင့် အချက်ပြလိုက်သည်။ ထို့နောက် ရွှီအာနှင့် ရွှမ်းအာတို့ကို သွားကစားကြရန် နူးညံ့စွာ ချော့မြှူလေသည်။
ရွှမ်းအာသည် ဖခင်ဖြစ်သူကို မခွဲနိုင်သဖြင့် မသွားချင်ဘဲ လီကျင့်၏ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဆွဲထားလေသည်။ ရွှီအာမှာ မူလက သွားရန် ပြင်နေသော်လည်း ရွှမ်းအာ၏ ပုံစံကို မြင်သောအခါ သူလည်း မသွားချင်တော့ဘဲ ဖခင်၏ ကျန်လက်မောင်းတစ်ဖက်ကို ဝင်ဆွဲထားလိုက်ပြန်သည်။
လီကျင့်မှာ ကြည်နူးရခက် ခွကျရခက်ဖြင့် လုမင်ယွိကို ပြုံးပြလိုက်လေသည်။ "ကို့မှာ လက်မအားတော့ဘူး။ ရင်ဘတ်ပဲ ကျန်တော့တယ်။ မင်း လာမှာလား"
လုမင်ယွိက ပြုံးလျက် နှာခေါင်းရှုံ့ပြလိုက်သည်။ သို့သော် လီကျင့်၏ ပြင်းပြသော အကြည့်များကို မလွန်ဆန်နိုင်ဘဲ ရှေ့သို့တိုးကာ ရင်းနှီးသော ရင်ခွင်ထဲသို့ ဝင်ရောက် မှီခိုလိုက်လေသည်။
လီကျင့်သည် ခေါင်းငုံ့ကာ လုမင်ယွိ၏ ပါးပြင်နှင့် ကပ်လိုက်ပြီး ကြည်နူးစွာဖြင့် သက်ပြင်းချလိုက်လေသည်။ "တစ်ရက်မတွေ့ရရင် (၃)နှစ်လောက် ကြာသွားသလိုပဲ။ တွက်ကြည့်ပါဦး။ ကိုတို့လင်မယား ခွဲခွာနေတာ ဘယ်လောက်တောင် ကြာပြီလဲ"
လုမင်ယွိသည် သူ့လောက် မျက်နှာမပြောင်နိုင်ချေ။ သားနှင့်သမီးက မျက်လုံးဝိုင်းကြီးများဖြင့် သူတို့၏ ကြည်နူးနေမှုကို ကြည့်နေကြရာ သူမအနေဖြင့် နေရခက်လာတော့သည်။ သူမသည် ကိုယ်ကို အနည်းငယ် ခွာလိုက်ပြီး ပြုံးလျက် မျက်စောင်းထိုးကာ ပြောလိုက်၏။ "ကလေးတွေ ရှိနေတာကို။ နည်းနည်းလောက် မထိန်းဘူး"
ပြီးတော့ ချီယွင်လည်း ရှိနေသည်လေ။
ချီယွင်သည် ရယ်မောလိုက်ပြီး ကိုယ်ကို လှည့်ပေးထားလိုက်သည်။
လီကျင့်သည် သားသမီးများကို လေသံပျော့ပျောင်းစွာဖြင့် ညှိနှိုင်းလေသည်။ "အဖေက မေမေ့ကို ဖက်ချင်လို့။ မေမေ့ဗိုက်ထဲက မောင်လေးကို စမ်းကြည့်ချင်လို့လေ။ ရမလား"
ကလေးများသည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လက်ကို လွှတ်ပေးလိုက်ကြသည်။
လီကျင့်၏ လက်နှစ်ဖက်သည် နောက်ဆုံးတော့ အားသွားခဲ့ပြီဖြစ်၍ လုမင်ယွိကို ညင်သာစွာ ပွေ့ဖက်လိုက်ပြီး လက်ကြီးများက သူမ၏ မို့မောက်နေသော ဗိုက်လေးပေါ်တွင် ဖွဖွလေး ပွတ်သပ်ပေးလိုက်သည်။ "ကို ထွက်သွားတုန်းက မင်းဗိုက်က ပြားကပ်နေတာ။ အခုတော့ ဒီလောက်တောင် ကြီးလာပြီပဲ"
ဗိုက်ထဲမှ ကလေးငယ်သည် ဖခင်ဖြစ်သူ၏ ပျော်ရွှင်မှုကို ခံစားမိသည့်အလား ရုတ်တရက် လှုပ်ရှားလိုက်သည်။ လုမင်ယွိ၏ ဗိုက်သားသည် ချက်ချင်းပင် ဖုထစ်သွားလေသည်။
လီကျင့်သည် အံ့သြဝမ်းသာ ဖြစ်သွားတော့၏။ "ကလေး လှုပ်သွားတယ်"
လုမင်ယွိကလည်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။ "ဟုတ်တယ်လေ။ ဒီတစ်ယောက်က တော်တော်ဆိုးတာ။ ရွှီအာနဲ့ ရွှမ်းအာတုန်းကလိုပဲ အဆော့မက်တယ်"
ယခင်က အမြွှာကိုယ်ဝန်ဖြစ်၍ ကလေးလှုပ်ရှားမှု များပြားသည်မှာ မဆန်းသော်လည်း ယခုတစ်ခေါက်တွင် တစ်ယောက်တည်း ဖြစ်သော်ငြား လှုပ်ရှားမှုက ယခင်ကထက် မလျော့နည်းချေ။
လုမင်ယွိက ရယ်မောရင်း ထပ်ပြောလိုက်ပြန်သည်။ "ဒီကောင်စုတ်လေးက စိတ်ကြီးမယ့်ပုံပဲ။ ကျွန်မ နေရထိုင်ရတာ စိတ်မရှည်သလိုလို ဖြစ်ပြီး ဒေါသလည်း ထွက်လွယ်တယ်။ မွေးလာမှ ကောင်းကောင်း ဆုံးမရမယ်"
ရွှမ်းအာက လျင်မြန်စွာပင် ဝင်ပြောလိုက်လေသည်။ "မလိမ္မာရင် သမီး ဝင်ရိုက်မှာ" ပြောရင်းဖြင့် သူမ၏ လက်သီးဆုပ်လေးကို မြှောက်ကာ ခြိမ်းခြောက်ပြလိုက်သေးသည်။
လီကျင့်သည် စိတ်မကောင်းဖြစ်သွားပြီး သမီးဖြစ်သူနှင့် ညှိနှိုင်းလေသည်။ "မောင်လေးမွေးလာရင် သမီးက အစ်မကြီး ဖြစ်နေပြီလေ။ အစ်မကြီးက အားသန်တော့ ရိုက်တဲ့အခါ နည်းနည်းလောက် လျှော့ရိုက်နော်။ ရမလား"
ရွှမ်းအာက အလေးအနက် စဉ်းစားလိုက်ပြီး မတတ်သာသည့်ဟန်ဖြင့် လက်ခံလိုက်သည်။ "ပြီးတာပါပဲ။ သမီး အားနည်းနည်း လျှော့သုံးပါမယ်"
လုမင်ယွိသည် သဘောကျလွန်း၍ မရပ်မနား ရယ်မောနေတော့သည်။
ရွှီအာကလည်း လက်လှမ်းကာ မိခင်ဖြစ်သူ၏ ဗိုက်ကို ပွတ်သပ်လိုက်သည်။ မူလက လှုပ်ရှားနေသော ဗိုက်သားသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ရွှီအာ၏ မျက်လုံးများ အရောင်တောက်သွားပြီး ဝမ်းသာအားရ ပြောလိုက်လေသည်။ "မေမေ။ မောင်လေးက မေမေ့ကို မကန်တော့ဘူး"
လုမင်ယွိက ပြုံးလျက် ရွှီအာ၏ ခေါင်းကို ပွတ်ပေးလိုက်သည်။ "အင်း။ ညီလေးက သားကို ချစ်လို့လေ။ သားက ပွတ်ပေးလိုက်တော့ သူက လိမ္မာသွားတာ"
ရွှီအာသည် သဘောကျစွာ ရယ်မောလိုက်လေသည်။
မိသားစု (၄)ယောက်သား နာရီဝက်ခန့်ကြာအောင် ပူးကပ်နေကြပြီးမှ ရွှီအာနှင့် ရွှမ်းအာတို့ ကျေနပ်သွားကြပြီး ချီယွင် ခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားကြလေသည်။
လီကျင့်က သက်ပြင်းချလိုက်ပြီး လုမင်ယွိကို အသည်းအသန် ဖက်လိုက်ကာ ပါးပြင်ကို နမ်းရှိုက်လိုက်သည်။ လက်ကြီးများက ဗိုက်ပေါ်မှ အထက်သို့ တိုးတက်လာခဲ့၏။ "နောက်ဆုံးတော့ ထွက်သွားကြပြီ"
ထိုလောဘတကြီး ပုံစံသည် ရယ်ချင်စရာပင် ကောင်းနေသေးသည်။
လုမင်ယွိ၏ နှုတ်ခမ်းထောင့်မှ အပြုံးများသည် မကြာမီမှာပင် သူ၏ လောဘတကြီး အနမ်းများကြားတွင် ပျောက်ကွယ်သွားလေတော့သည်။
...