← Chapters

အခန်း (၅၃၂-၅၃၄)

Vol. 36 Ch. 532-534

အခန်း (၅၃၂-၅၃၄)

Vol. 36 Ch. 532-534

အပိုင်း (၅၃၂) ကာလရှည်ကြာ ခွဲခွာရခြင်း (၂)

ခန္ဓာကိုယ်၏ အပူချိန်မှာ ရုတ်ချည်းပင် မြင့်တက်လာတော့သည်။ လုမင်ယွိ၏ ပါးပြင်နှစ်ဖက်မှာလည်း လျင်မြန်စွာပင် နီမြန်းလာခဲ့၏။ သူမသည် ဟိုဒီရွေ့လျားနေသော လီကျင့်၏ လက်များကို ဖမ်းဆွဲလိုက်ပြီး အသက်ရှူသံများ မမှန်မကန်ဖြစ်လျက် ပြောလိုက်လေသည်။ "အတွင်းခန်းကို အရင်ပြန်ကြရအောင်"

လီကျင့်၏ မျက်ဝန်းများထဲတွင် မီးတောက်နှစ်ခု လောင်ကျွမ်းနေသကဲ့သို့ ရှိနေပြီး အသံမှာလည်း အက်ရှလို့နေတော့သည်။ "ကောင်းပြီ" ထို့နောက်တွင်တော့ သူက လုမင်ယွိကို ပွေ့ချီလိုက်လေသည်။

ဤသို့ ကြည်နူးဖွယ်ရာ မြင်ကွင်းက လုမင်ယွိကို မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားစေတော့သည်။ "ကျွန်မက အခု အရင်ကထက် အများကြီး ပိုလေးနေပြီနော်။ ရှင် ဂရုတစိုက် ပွေ့ရမယ်"

'ဗိုက်ထဲက ကလေးကို ထိခိုက်မိတာမျိုး မဖြစ်စေနဲ့ဦး'

လီကျင့်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး အဓိပ္ပာယ်နှစ်ခွပါသော စကားဖြင့် ကျီစယ်လိုက်လေသည်။ "မစိုးရိမ်ပါနဲ့။ ကိုက လပေါင်းများစွာ အားအင်တွေ စုဆောင်းထားတာဆိုတော့ ခွန်အားတွေက အပြည့်ပဲ" သူ၏ ခြေလှမ်းများမှာ အမှန်တကယ်ပင် သွက်လက်မြန်ဆန်လှပြီး တည်ငြိမ်မှုလည်း ရှိလှပေသည်။

ပါးလွှာသော ခန်းဆီးစများကို ချလိုက်သောအခါ ရေလှိုင်းလေးများကဲ့သို့ပင် တစ်လှိုင်းပြီးတစ်လှိုင်း ညင်သာစွာ တုန်ခါနေတော့သည်။ အချိန်အတော်ကြာပြီးနောက်တွင်တော့ ခန်းဆီးစများအတွင်းမှ ကြည်နူးသာယာလှသော သက်ပြင်းချသံများ ထွက်ပေါ်လာခဲ့လေသည်။

"ရှောင်ယွိ... မင်းကို ကို တကယ်ပဲ အသေအလဲ လွမ်းနေတာ" လီကျင့်က လက်မောင်းများကို ဆန့်ထုတ်ကာ လုမင်ယွိကို ရင်ခွင်ထဲသို့ ထည့်လိုက်ပြီး တစ်ဦးနှင့်တစ်ဦး ခေါင်းချင်းချင်းအပ်ကာ ပါးချင်းကပ်ထားလိုက်ကြသည်။ သူ၏ လက်ကြီးက သူမ၏ ဝမ်းဗိုက်ပေါ်သို့ ကျရောက်သွားပြီး ညင်သာစွာ ပွတ်သပ်နေတော့သည်။

လုမင်ယွိ၏ ပါးပြင်ပေါ်မှ နီမြန်းမှုများမှာ မပြယ်သေးဘဲ သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။ "ဒီလောက်အထိ အသည်းအသန် ဖြစ်နေတာ... သူများတွေ ရယ်စရာ ဖြစ်ကုန်မှာကို မကြောက်ဘူးလား"

လီကျင့်ကတော့ အနည်းငယ်မျှ ရှက်ရွံ့ခြင်းမရှိဘဲ ပြောလိုက်လေသည်။ "အကြာကြီး ဝေးနေရတဲ့ ဇနီးမောင်နှံက အသစ်စက်စက် လက်ထပ်ထားတဲ့သူတွေထက် ပိုမြတ်နိုးကြတာပဲလေ။ ဒီလောက် စိတ်လောတာကလည်း မလွှဲသာတဲ့ကိစ္စပဲ။ ဘယ်သူက ကို့ကို ရယ်မှာလဲ။ အဘွားတော်ကိုယ်တိုင်တောင် ငါ့ကို နားလည်ပေးပြီး ‘နားနားနေနေ နေဖို့’ အရင်ပြန်ခိုင်းလိုက်တာပဲ မဟုတ်ပါလား"

လုမင်ယွိက အသံထွက်အောင် ရယ်မောလိုက်ပြီး လီကျင့်၏ ပါးကို လှမ်းဆွဲလိုက်လေသည်။ လီကျင့်ကလည်း ထိုအခွင့်အရေးကို အသုံးချကာ သူမအနားသို့ တိုးကပ်သွားပြီး လုမင်ယွိနှင့်အတူ အချိန်အတော်ကြာအောင် ချစ်ကြည်နူးနေကြတော့သည်။

လုမင်ယွိသည် ကိုယ်ဝန် ၆ လ ရှိနေပြီ ဖြစ်သောကြောင့် ရံဖန်ရံခါ ကိုယ်လက်နှီးနှောခြင်းက ပြဿနာမရှိသော်လည်း အလွန်အကျွံတော့ မပြုလုပ်နိုင်ပေ။ ခဏမျှ ဆူညံသွားပြီးနောက်တွင်တော့ ငြိမ်သက်သွားကြပြီး ခွဲခွာနေရသည့် အချိန်များအကြောင်းကို စကားစမြည် ပြောဆိုနေကြလေသည်။

"ဒီတစ်ခေါက် ကျန့်ခရိုင်ကို သွားတဲ့အခါ ကို သာမန်ပြည်သူတွေကို အများကြီး တွေ့ခဲ့ရတယ်" လီကျင့်က လုမင်ယွိ၏ ဆံနွယ်ရှည်များကို သပ်တင်ပေးရင်း တိုးတိုးလေး ပြောလိုက်လေသည်။ "သူတို့ ဒီနှစ်တွေမှာ ဖြတ်သန်းခဲ့ရတာက တကယ်ကို ဆင်းရဲပင်ပန်းလွန်းလှတယ်။ အရင်မင်းဆက်ကနေ သာ့ဝေတိုင်းပြည်အထိ အရင်ဆုံး ၂ နှစ်ဆက်တိုက် မိုးခေါင်ခဲ့တယ်။ အဲ့ဒီနောက်မှာတော့ နှစ်တိုင်း စစ်မက်တွေ ဖြစ်ပွားခဲ့တာပဲ။ စစ်ပွဲဖြစ်ပြီဆိုရင်လည်း လူစုရပြန်ရော။ မိသားစု တော်တော်များများမှာ မိဘမဲ့ကလေးတွေ၊ မုဆိုးမတွေ ဒါမှမဟုတ် အိုမင်းမစွမ်း လူကြီးတွေပဲ ကျန်တော့တာ။ အင်အားသန်စွမ်းတဲ့ ယောက်ျားတွေဆိုတာ အလွန်ပဲ ရှားပါးသွားပြီ"

"ဒီနှစ်မှာလည်း နှင်းဘေးနဲ့ ထပ်ကြုံရပြန်တော့ ကျန့်ခရိုင်မှာ လူတော်တော်များများ အေးခဲသေဆုံးခဲ့ကြရတယ်။ ကိုက ကိုယ်ရံတော်တွေကို ခေါ်ပြီး တစ်ရွာဝင် တစ်ရွာထွက်နဲ့ စားနပ်ရိက္ခာတွေ သွားဝေခဲ့တယ်။ ပြည်သူတွေက ရိက္ခာတွေ ရတဲ့အခါ မြေပြင်ပေါ်မှာ ဒူးထောက်ပြီး ဦးချကြတာ... တွဲထူလို့တောင် မရဘူး။ ဒါကို ကြည့်ပြီး ကို့ရင်ထဲမှာ တကယ်ပဲ မကောင်းလိုက်တာ"

"ဒီနှစ်တွေမှာ ကိုက စည်းစိမ်ချမ်းသာတွေကြားမှာပဲ နေလာခဲ့တာ။ ကို့အတွက် အကြီးမားဆုံး နာကျင်မှုဆိုတာ ဖုဟွမ်ရဲ့ အေးစက်စက် ဆက်ဆံတာကို ရက်အနည်းငယ် ခံရတာပဲ ရှိတာ။ တကယ့် လူ့လောကရဲ့ ဒုက္ခဆင်းရဲဆိုတာ ဘာလဲဆိုတာ တစ်ခါမှ မသိခဲ့ရဘူး"

"ကျန့်ခရိုင်က အဂတိလိုက်စားတဲ့ အရာရှိတွေကို အကုန်သတ်ပစ်ရင်တောင် နှမြောစရာ မရှိပါဘူး"

လုမင်ယွိသည်လည်း ကြားရသည်မှာ ထိတ်လန့်သွားပြီး လီကျင့်၏ တွန့်ချိုးနေသော မျက်မှောင်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်လေသည်။ "ရှင်က ပြည်သူတွေကို သနားနေတာပဲ။ နောက်ဆိုရင် တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်ပြီး ပြည်သူတွေ ကောင်းမွန်တဲ့ ဘဝကို ရအောင် အစွမ်းကုန် ကြိုးစားပေးလိုက်ပါ"

လီကျင့်က ခေါင်းညိတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "ကိုလည်း ဒီလိုပဲ တွေးထားတာ။ ဒါက ကို လုပ်သင့်တဲ့အရာပဲ။ ဖုဟွမ်ကို စိတ်ကောက်နေတာ ဒါမှမဟုတ် ညီအစ်ကိုတွေနဲ့ အပြိုင်အဆိုင် လုပ်နေတာထက်စာရင် တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အကျိုးရှိမယ့် အရာတွေကိုပဲ ပိုပြီး လုပ်ချင်တယ်"

လီကျင့်က ခဏမျှ ရပ်တန့်လိုက်ပြီးနောက် တိုးတိုးလေး သက်ပြင်းချလိုက်ပြန်သည်။ "ဒါပေမဲ့ အာဏာအစစ်အမှန် မရှိဘဲ ထိုက်ဇီဆိုတဲ့ နာမည်ခံသက်သက်ပဲ ရှိနေရင်တော့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ဖုဟွမ်ရဲ့ ဂူဗိမာန်ကလည်း အပြီးမသတ်သေးဘူး။ ဖုဟွမ်က ကို့ကို ဒီလောက်တောင် အမြင်မကြည်ဖြစ်နေတာ... မကြာခင်မှာ ကို့ကို ဂူဗိမာန်ပြင်ဖို့ ပြန်လွှတ်ဦးမလားပဲ"

ပထမမင်းသားက အခွန်တော်ဌာနမှာ ရှိနေပြီး လီဟောက်က စီမံရေးဌာနမှာ ရှိနေသည်။ စတုတ္ထမင်းသားက စစ်ဘက်ရေးရာဌာနကို ဝင်သွားသလို ဝူတိကလည်း ဆောက်လုပ်ရေးဌာနမှာ တာဝန်ထမ်းဆောင်နေကြသည်။ သူကတော့ ထိုက်ဇီ ဖြစ်သော်ငြားလည်း ဂူဗိမာန်ပြင်ရန်သာ စေလွှတ်ခြင်း ခံနေရလေသည်။

အကယ်၍ ကျန့်ခရိုင်မှာ ဘေးအန္တရာယ် ဖြစ်ပွားတဲ့ အရေးပေါ် ကိစ္စသာ မဟုတ်ရင် သူက မြို့တော်ကနေ ထွက်ပြီး တာဝန်ထမ်းဆောင်ခွင့် ရဖို့ ဘယ်မှာ အခွင့်အလမ်း ရှိပါမည်နည်း။

လုမင်ယွိ၏ မျက်ခုံးများက အနည်းငယ် လှုပ်ရှားသွားပြီး လီကျင့်ကို မော့ကြည့်လိုက်လေသည်။ "ရှင် ဒီတစ်ခေါက် ပြန်လာတော့ ဖုဟွမ်က ရှင့်အပေါ် ဘယ်လို သဘောထားမျိုး ရှိလဲ"

လီကျင့်၏ မျက်ဝန်းများထဲတွင် မိမိကိုယ်ကို လှောင်ပြောင်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ပြောလိုက်လေသည်။ "ကို့အပေါ်မှာတော့ အစစအရာရာ ဂရုစိုက်ပေးပြီး နွေးနွေးထွေးထွေးနဲ့ ဖခင်ကောင်း တစ်ယောက်လိုပါပဲ"

ထိုသို့ ဖြစ်နေခြင်းကပင် သူ့ကို ပို၍ စိတ်ပျက်စေတော့သည်။ သားအဖနှစ်ဦးကြားတွင် မျက်နှာဖုံးစွပ်ပြီး ပြဇာတ်ကနေရသည့် အခြေအနေသို့ပင် ရောက်ရှိနေခဲ့ပြီ။ လုမင်ယွိက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တိုးတိုးလေး ပြောလိုက်လေသည်။ "ကျွန်မကြောင့် ရှင်ပါ နစ်နာသွားရပြီ"

သူမက ကောလာဟလများကို ပျံ့နှံ့စေခဲ့သဖြင့် ယုံးကျားဧကရာဇ်မှာ အရှက်တကွဲ ဖြစ်ခဲ့ရလေသည်။ ယုံးကျားဧကရာဇ်သည် ချွေးမဖြစ်သူကို ဒေါသပုံမချနိုင်သော်လည်း ဒေါသများအားလုံးကို လီကျင့်အပေါ်တွင်သာ ပုံချလိုက်ခြင်း ဖြစ်ပေသည်။ လီကျင့်က ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။ "မင်း လုပ်ခဲ့တာတွေက ကို လုပ်ချင်ပေမယ့် မလုပ်နိုင်တဲ့ အရာတွေပဲ။ မင်းကို အမှန်အတိုင်း ပြောရရင် ကို ကျန့်ခရိုင်မှာ သတင်းကြားရတုန်းက ဘယ်လောက်တောင် ဝမ်းသာပြီး စိတ်ပေါ့ပါးသွားလဲဆိုတာ... ၂ ညဆက်တိုက်တောင် အရက်သောက်ခဲ့သေးတယ်"

"နောက်ပြီးတော့ လင်မယားဆိုတာ တစ်စိတ်တစ်ဝမ်းတည်းပဲလေ။ အတူတူ ပျော်ရွှင်ပြီး အတူတူ ဒုက္ခခံရမှာပဲ။ မင်းက သွေးမြေမကျစေဘဲ စူးကွေ့ရန်ဆိုတဲ့ ပြဿနာကို ရှင်းထုတ်နိုင်ခဲ့သလို ကွမ်းပင်းနယ်စားကိုလည်း နှိမ်နင်းနိုင်ခဲ့တယ်။ လီဟောက်ကိုလည်း လူတောမတိုးနိုင်အောင် အရှက်ခွဲနိုင်ခဲ့တာ... ဒီအကြံက တကယ်ကို ထက်မြက်လွန်းလှတယ်"

ထို့နောက်တွင်တော့ သူက လုမင်ယွိကို စိတ်ဝင်တစားဖြင့် မေးလိုက်ပြန်သည်။ "ဒါနဲ့... ‘ကြောင်လဲတဲ့ ပြဇာတ်’ က တကယ်ကို ကောင်းလွန်းတယ်။ အဲ့ဒါကို ဘယ်သူ ရေးခဲ့တာလဲ"

လုမင်ယွိက ချောင်းတစ်ချက် ဟန့်လိုက်ပြီး "ရှင့်ရဲ့ ယွဲ့ဖု ပေါ့" ဟု ပြောလိုက်လေသည်။

လီကျင့် "..."

'ယွဲ့ဖုက တကယ်ပဲ အရည်အချင်းရှိတာပဲ'

လီကျင့်က တစ်ခုခု ပြောချင်နေသော်လည်း လည်ချောင်းထဲတွင် တစ်ခုခု ပိတ်ဆို့နေသကဲ့သို့ ခံစားလိုက်ရပြီး မျက်ဝန်းအိမ်များမှာလည်း ပူနွေးလာတော့သည်။

လုမင်ယွိက ရယ်ချင်သလို ဖြစ်သွားပြီး လီကျင့်၏ မျက်တောင်ထောင့်မှ မျက်ရည်စများကို သုတ်ပေးလိုက်လေသည်။ "ရှင် ဘာဖြစ်နေတာလဲ။ ကောင်းကောင်းမွန်မွန် ပြောနေရင်းနဲ့ ဘာလို့ ယောက်ျားမျက်ရည် ကျချင်နေရတာလဲ"

လီကျင့်က လုမင်ယွိ၏ လည်ပင်းနံဘေးသို့ ခေါင်းမှီလိုက်ပြီး အတော်ကြာမှ ပြောလိုက်လေသည်။ "ရှောင်ယွိ... ကို တစ်ခါတလေကျရင် မင်းကို တကယ်ပဲ အားကျမိတယ်။ ယွဲ့မူ ကွယ်လွန်သွားတာ စောပေမယ့် ယွဲ့ဖုက နှစ်ပေါင်းများစွာ နောက်အိမ်ထောင်မပြုဘဲ မင်းကိုပဲ စိတ်ရောကိုယ်ပါ ချစ်မြတ်နိုးပြီး ကာကွယ်ပေးခဲ့တာ။ မင်းအတွက်ဆိုရင် ဘာမဆို လုပ်ရဲတယ်"

မိမိကိုယ်ကို ပြန်ကြည့်လိုက်မည်ဆိုလျှင်တော့ သူသည် တရားဝင်သား ဖြစ်သော်ငြားလည်း ငယ်စဉ်ကတည်းက မယားငယ်သားဖြစ်သည့် အစ်ကိုကြီး၏ ဖိနှိပ်မှုကို နေရာတိုင်းတွင် ခံခဲ့ရလေသည်။ များစွာ ကြိုးပမ်းအားထုတ်ပြီးမှသာ မိမိနှင့် ထိုက်တန်သော ထိုက်ဇီ ရာထူးကို ရရှိခဲ့သော်လည်း ယခုအခါတွင်တော့ ဖုဟွမ်၏ သံသယများ၊ စစ်ဆေးမှုများနှင့် အခက်အခဲများကိုပါ ရင်ဆိုင်နေရပေသည်။ ဤသို့ နှိုင်းယှဉ်ကြည့်လိုက်လျှင်တော့ တကယ်ကို စိတ်ပျက်စရာ ကောင်းလှပေသည်။

လုမင်ယွိက အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။ "တော်ဝင်မိသားစုမှာ မွေးလာရင် သားအဖချင်း သံသယဝင်တာ၊ ညီအစ်ကိုချင်း သတ်ဖြတ်တာ၊ လင်မယားချင်း ရန်သူဖြစ်တာနဲ့ သားအမိချင်း စိမ်းကားတာတွေက ထူးဆန်းတဲ့ ကိစ္စတွေ မဟုတ်ပါဘူး။ အရင်မင်းဆက်ကို ကြည့်ရင် သိနိုင်တာပဲ"

"လီကျင့်... ကျွန်မက ရှင်တို့ သားအဖကြားမှာ သွေးထိုးပေးချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုလို အခြေအနေမျိုးမှာတော့ ရှင် အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပြီ"

လီကျင့်က စကားတစ်ခွန်းမှ မဆိုချေ။ အချိန်အတော်ကြာပြီးမှ သူက သက်ပြင်းချလိုက်ပြီး ပြောလိုက်လေသည်။ "စိတ်ချပါ! ကိုက အကန်းယုံ ယုံကြည်ပြီး လိမ်မာပြနေတဲ့အထိတော့ မအပါဘူး။ တကယ်လို့ တစ်နေ့နေ့မှာ ဖုဟွမ်ကသာ ထိုက်ဇီရာထူးကနေ ဖယ်ရှားဖို့ ကြိုးစားလာမယ်ဆိုရင်တော့ ကိုက ဒီအတိုင်း အရှုံးပေးမှာ မဟုတ်ဘူး"

ဤစကားဝိုင်းက စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းလှသဖြင့် လင်မယားချင်း ပြောဆိုကြသော်ငြားလည်း အများကြီး ဆက်မပြောသင့်တော့ပေ။ လုမင်ယွိက အင်းဟု အသံပြုလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်လေသည်။ "ကျွန်မ နည်းနည်း အိပ်ချင်လာပြီ။ အိပ်ပြီး အားမွေးထားမှ ညကျရင် ရှို့နင်နန်းတော်က စားပွဲသောက်ပွဲကို သွားနိုင်မှာ"

ဤသို့ဖြင့် အိပ်ပျော်သွားလိုက်ရာ မိုးချုပ်သည်အထိပင် ဖြစ်သွားတော့သည်။ ရှို့နင်နန်းတော်မှ လူလွှတ်ပြီး ၂ ကြိမ်တိုင်တိုင် လာခေါ်ခဲ့ပြီးပြီ ဖြစ်လေသည်။ ချီယွင်သည် ခဏမျှ တွေဝေနေပြီးမှ တံခါးကို သွားခေါက်လိုက်လေသည်။ "အရှင်မင်းသား... ညန်ညန်... ရှို့နင်နန်းတော်က လူလွှတ်ပြီး လာခေါ်နေပါပြီ။ ထကြပါဦးရှင်"

ခဏအကြာတွင် လီကျင့်၏ အသံထွက်ပေါ်လာခဲ့သည်။ "အခုပဲ ထတော့မယ်"

ချီယွင်သည် တံခါးအပြင်ဘက်တွင် အလိုက်တသိ စောင့်ဆိုင်းနေပြီး လုမင်ယွိ၏ အသံကို ကြားရမှသာ တံခါးဖွင့်ပြီး ဝင်သွားလေသည်။ အခန်းထဲမှ ထူးဆန်းသော အနံ့အသက်များကို ချီယွင်က မသိကျိုးကျွန်ပြုလိုက်ပြီး ပြုံးလျက်ပင် လုမင်ယွိ၏ အဝတ်အစားများကို ပြင်ပေးကာ ခြယ်သပေးလိုက်လေသည်။ လုမင်ယွိ၏ လည်ပင်းရှိ ထူးဆန်းသော အမှတ်အသားများကို တွေ့လိုက်ရသောအခါ ချီယွင်က မျက်နှာမပျက်ဘဲ မျက်နှာချေများကို အထပ်ထပ် လိမ်းပေးလိုက်လေသည်။ အနီးကပ် သေချာမကြည့်လျှင်တော့ လုံးဝ သိနိုင်မည် မဟုတ်ပေ။

လီကျင့်ကတော့ ကျေနပ်အားရစွာ ရယ်မောနေတော့သည်။ လုမင်ယွိက သူ့ကို မျက်စောင်းထိုးလိုက်ရာ လီကျင့်က ဟားဟားတိုက် ရယ်မောလိုက်ပြီး လုမင်ယွိ၏ လက်ကို လှမ်းဆွဲလိုက်လေသည်။ "သွားကြစို့... တို့တွေ ရှို့နင်နန်းတော်ကို သွားကြရအောင်"

...

အပိုင်း (၅၃၃) နန်းတွင်းစားပွဲသောက်ပွဲ

မျှော်လင့်ထားသည့်အတိုင်းပင် ထိုဇနီးမောင်နှံနှစ်ဦးသည် အားလုံးထက် နောက်ကျပြီးမှ ရောက်ရှိလာကြလေသည်။ လန်းဆန်းတက်ကြွနေသော ထိုက်ဇီ လီကျင့်နှင့် လှပတောက်ပနေသော ထိုက်ဇီဖေး လုမင်ယွိတို့ကို မြင်လိုက်ရသည့်အခါ နန်းဆောင်အတွင်းရှိ လူတိုင်း၏ မျက်နှာထက်တွင် နားလည်မှုရှိသော အပြုံးများ အသီးသီး ပေါ်ပေါက်လာကြကုန်၏။

ကျောက်ယွီသည် အလိုက်ကမ်းဆိုးမသိဘဲ ရွှီအာနှင့် ရွှမ်းအာကို တမင်သက်သက် စနောက်ကာ မေးလိုက်လေသည်။ “ဒီနေ့ဝက်အချိန်လေးမှာ မင်းတို့ မောင်နှမနှစ်ယောက် မင်းတို့ အဖေနဲ့အမေနဲ့ အတူရှိနေခဲ့တာ မဟုတ်လား”

ရွှီအာက အနည်းငယ် စိတ်ကောက်နေဟန်ဖြင့် “ခဏလေးပဲ ရှိပါတယ်” ဟု ပြန်ဖြေလေသည်။ ရွှမ်းအာကတော့ သူမ၏ စကားကို ချက်ချင်း ဖြတ်ပြောလိုက်တော့၏။ “အဖေနဲ့အမေက ပြောစရာတွေ ရှိတယ်ဆိုပြီး သမီးတို့ကို အခန်းထဲကနေ မောင်းထုတ်လိုက်တာ”

ထိုစကားကြောင့် လူတိုင်းသည် တဟားဟားနှင့် ရယ်မောလိုက်ကြကုန်၏။ လုမင်ယွိ၏ ပါးပြင်များမှာ အနည်းငယ် နီမြန်းသွားသော်လည်း လီကျင့်ကတော့ နည်းနည်းလေးမျှ ရှက်ရွံ့ခြင်း မရှိဘဲ ဖြဲကာ ရယ်မောလိုက်လေသည်။ “အားလုံးကို တောင်းပန်ပါတယ်။ ကျွန်တော်တို့ကို စောင့်နေရတာ တကယ်ပဲ အားနာလှပါတယ်”

မယ်တော်ကြီးကျောက်က ပြုံးလျက် ပြောလိုက်လေသည်။ “လုရှီက ကိုယ်ဝန်ရှိနေတာဆိုတော့ နောက်ထပ် လအနည်းငယ်ဆိုရင် မွေးတော့မှာပဲ။ ကလေးမွေးပြီးရင်တော့ ခန္ဓာကိုယ်ကို ကောင်းကောင်း ဂရုစိုက်ပြီး နောက်ထပ် တစ်ယောက် ထပ်ယူဦးပေါ့။ သားသမီး များလေလေ ဘုန်းကံကြီးလေလေပဲ။ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် မွေးနိုင်တာက အကောင်းဆုံးပဲ”

လုမင်ယွိသည် နှုတ်ခမ်းကို အနည်းငယ် တွန့်ကွေးလိုက်ပြီး မယ်တော်ကြီးကျောက်ကို တစ်ခါလောက်တော့ သည်းခံပေးရန် ဆုံးဖြတ်လိုက်လေသည်။ ချောင်မိဖုရားခေါင်ကလည်း သူမ၏ ချွေးမဖြစ်သူဘက်မှ ကူညီကာ ပြုံးလျက် ဝင်ပြောလိုက်လေသည်။ “လုရှီက အိမ်ထောင်ကျပြီး နှစ်အနည်းငယ်အတွင်းမှာပဲ ရွှီအာနဲ့ ရွှမ်းအာကို မွေးပေးခဲ့တယ်။ အခု ဗိုက်ထဲမှာ ရှိနေတာကလည်း တော်ဝင်မြေးတော်လေးပဲလေ။ ဘုန်းကံအကြောင်း ပြောမယ်ဆိုရင်တော့ သူက တကယ်ကို ဘုန်းကံကြီးမားတဲ့သူပါ”

မယ်တော်ကြီးကျောက်ကလည်း ထိုစကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်လေသည်။ “မြေးချွေးမတော်တွေထဲမှာ လုရှီက ဗိုက်အကျိုးပေး အကောင်းဆုံးပဲ”

ထိုစကားကြောင့် ပထမမင်းသား ကြင်ရာတော် (လျန်ရှီ) ၏ မျက်နှာမှာ အနည်းငယ် တောင့်တင်းသွားပြီး အားတင်းကာ ပြုံးနေရတော့၏။ လုမင်ယွိကတော့ ပြောစရာ မလိုတော့ချေ။ မုန့်ယွင်လော်ကလည်း သမီးတစ်ယောက် မွေးထားသလို အခုလည်း ကိုယ်ဝန်ရှိနေပြန်ပြီ။ ကျောက်ယွီဆိုလျှင်လည်း သားတစ်ယောက် ရထားပြီးသား ဖြစ်သည်။ မင်းသားကြင်ရာတော်များထဲတွင် သူမ တစ်ယောက်တည်းသာ ကိုယ်ဝန်ပျက်ကျခဲ့ဖူးပြီး အခုဆိုရင်လည်း မယားငယ်က မွေးသည့် သားလေးကိုသာ ပြုစုစောင့်ရှောက်နေရလေသည်။ ထိုကလေးမှာ လိမ္မာပြီး ဉာဏ်ကောင်းသော်လည်း သူမ၏ သားအရင်း မဟုတ်သောကြောင့် အမြဲတမ်း တစ်ခုခု လိုအပ်နေသကဲ့သို့ ခံစားနေရတော့၏။

မုန့်ဖေး၏ ရင်ထဲတွင်လည်း မကျေမနပ် ဖြစ်သွားပြီး ပထမမင်းသား ကြင်ရာတော်ကို လှမ်းကြည့်ကာ ပြောလိုက်လေသည်။ “မယ်တော်ကြီး ပြောတာ မှန်တယ်။ သားသမီး များတာက ကံကောင်းတာပဲ။ လျန်ရှီ... မင်း ဒီစကားကို ကြားတယ် မဟုတ်လား”

ပထမမင်းသား ကြင်ရာတော်က အရှက်တရားနှင့် နာကျင်မှုများကို အောင့်အီးကာ တိုးတိုးလေး ပြန်ဖြေလိုက်လေသည်။ “ကျွန်မ ကြားပါတယ်”

ပထမမင်းသား၏ မျက်ဝန်းများထဲတွင်လည်း အမည်းရောင် အရိပ်အယောင်များ ဖြတ်သန်းသွားသော်လည်း အားလုံးက စကားပြောကောင်းနေကြသဖြင့် မည်သူမျှ သတိမပြုမိလိုက်ကြချေ။ ထိုအခိုက်အတန့်မှာပင် ယုံးကျားဧကရာဇ်သည် နန်းဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။ မယ်တော်ကြီးကျောက်က ဝမ်းသာအားရဖြင့် ထရပ်လိုက်ရာ အားလုံးကလည်း တပြိုင်တည်း ထရပ်ကာ ကြိုဆိုလိုက်ကြကုန်၏။

ယုံးကျားဧကရာဇ်၏ မျက်နှာထက်တွင် အပြုံးများ ဝေဆာနေပြီး စိတ်ကြည်လင်နေဟန် ရနေလေသည်။ “ကျန်းက အရင်က အမိန့်တော်တွေ ဖတ်နေတာ။ ရှို့နင်နန်းတော်မှာ ဒီလောက်တောင် စည်ကားနေတာ ကြားလို့ မနေနိုင်ဘဲ လာခဲ့တာ။ ကျန်း ရောက်လာတာက အားလုံးရဲ့ စိတ်အာရုံကို နှောင့်ယှက်မိသွားလား”

မယ်တော်ကြီးကျောက်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး ပြန်ပြောလေသည်။ “အရှင်မင်းကြီး လာတာက အကောင်းဆုံးပဲပေါ့။ အိုက်ကျားကတော့ အရှင်မင်းကြီးကို အမြဲတမ်း လာပြီး နှောင့်ယှက်စေချင်တာ”

ချောင်မိဖုရားခေါင်ကလည်း ပြုံးလျက် ဦးညွတ်နှုတ်ဆက်လိုက်သလို ကျန်ရှိနေသူများကလည်း တရိုတသေ အရိုအသေ ပေးလိုက်ကြလေသည်။ ယုံးကျားဧကရာဇ်က အားလုံးကို ဝေ့ကြည့်လိုက်ပြီး “အားလုံး ထကြပါဦး။ ဒီနေ့က မိသားစု ထမင်းစားပွဲပဲဆိုတော့ ဒီလို ဓလေ့ထုံးစံတွေ လုပ်မနေကြနဲ့။ အားလုံး ပေါ့ပေါ့ပါးပါးပဲ နေကြပါ” ဟု မိန့်ကြားလိုက်ပြီး ကလေးများကို လှမ်းခေါ်လိုက်တော့၏။ “ဖျင်အန်း... ရွှီအာ... မင်းတို့အားလုံး ကျန်းရဲ့ အနားကို လာကြဦး”

ဖျင်အန်းကုန်းကျူမှာ ယုံးကျားဧကရာဇ်၏ အငယ်ဆုံးသမီးလေး ဖြစ်သည့်အလျောက် တကယ့်ကို လှပချစ်စရာကောင်းလှပေသည်။ ယုံးကျားဧကရာဇ်သည် ထိုသမီးငယ်လေးကို အလွန်ပင် ချစ်မြတ်နိုးတော်မူ၏။ တော်ဝင်မြေးတော်များထဲတွင်လည်း ရွှီအာသည် အရှေ့နန်းဆောင်မှ တရားဝင်မြေးဦး ဖြစ်သဖြင့် အဆင့်အတန်း အမြင့်မားဆုံး ဖြစ်လေသည်။ ယုံးကျားဧကရာဇ်သည် ထိုက်ဇီအပေါ်တွင် လိုအပ်ချက်များစွာ ရှာဖွေတတ်သော်လည်း ရွှီအာကိုတော့ အလွန်ပင် သဘောကျလှပေသည်။

နန်းတွင်းထဲတွင် ဤကဲ့သို့ နွေးထွေးပြီး သဟဇာတဖြစ်သော ပတ်ဝန်းကျင်မျိုး မရှိခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။ မယ်တော်ကြီးကျောက်သည် အလွန်ဝမ်းသာသွားပြီး အားလုံးကို ထမင်းစားခန်းသို့ ဖိတ်ခေါ်လိုက်၏။ ထို့နောက် ယုံးကျားဧကရာဇ်ကိုလည်း ထပ်မံ ပြောလိုက်သေး၏။ “နောက်ထပ် ရက်အနည်းငယ်ဆိုရင် ပဥ္စမမင်းသားရဲ့ မင်္ဂလာပွဲ ကျင်းပရတော့မယ်။ အားဟောက်ကလည်း ဖျားနေတာ လအနည်းငယ် ရှိနေပြီဆိုတော့ အခုဆိုရင် သက်သာလောက်ပါပြီ”

ယုံးကျားဧကရာဇ်သည် ထိုစကားကို ကြားလိုက်ရသည့်အခါ လုမင်ယွိကို မသိမသာ လှမ်းကြည့်လိုက်လေသည်။ လုမင်ယွိကတော့ တည်ငြိမ်နေဆဲဖြစ်ပြီး နှုတ်ခမ်းထောင့်တွင်လည်း အပြုံးစလေး တစ်ခု ရှိနေဆဲပင်။ ယုံးကျားဧကရာဇ်က နှုတ်ခမ်းကို အနည်းငယ် တွန့်ကွေးလိုက်ပြီး ပြန်ဖြေလိုက်လေသည်။ “မူဟုပ် ပြောတာ ကျိုးကြောင်းဆီလျော်ပါတယ်။ မနက်ဖြန်ကျရင် ကျန်း လူတစ်ယောက်ကို စတုတ္ထမင်းသားအိမ်တော်ကို လွှတ်လိုက်ပါ့မယ်”

ထိုအခိုက်အတန့်တွင် လီကျင့်သည် အားလုံး မထင်မှတ်ထားဘဲ ရှေ့သို့ ထွက်လာခဲ့လေသည်။ “ဖုဟွမ်... သားတော် မြို့တော်ကနေ ထွက်သွားတာ လပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ စန်းတိကို မတွေ့ရတာလည်း ကြာပါပြီ။ ဒါကြောင့် မနက်ဖြန်ကျရင် သားတော် စန်းတိဆီ သွားပြီး လူမမာမေးချင်ပါတယ်”

ယုံးကျားဧကရာဇ်၏ မျက်ဝန်းများက တစ်ချက် လင်းလက်သွားပြီး ခွင့်ပြုလိုက်လေသည်။ စတုတ္ထမင်းသားကလည်း ထိုကဲ့သို့သော ပွဲကောင်းကို လက်လွတ်မခံချင်သဖြင့် ချက်ချင်းပင် ပြောလိုက်တော့၏။ “ကျွန်တော်လည်း အာ့ကောနဲ့ အတူတူ သွားမယ်”

ပထမမင်းသားကလည်း နောက်ကနေ လိုက်ပြီး “သားတော်လည်း အတူတူ လိုက်ချင်ပါတယ်” ဟု ဆိုလေသည်။ ယုံးကျားဧကရာဇ်က ခေါင်းညိတ်ပြလိုက်ပြီး မိန့်ကြားလိုက်လေသည်။ “ကောင်းပြီ။ မင်းတို့ ညီအစ်ကို သုံးယောက် မနက်ဖြန် အတူတူ သွားကြပေါ့။ ညီအစ်ကိုဆိုတာ လက်နဲ့ခြေလိုပဲလေ။ အချင်းချင်း ရိုသေကြင်နာပြီး သဟဇာတ ဖြစ်ရမယ်”

နန်းတွင်း စားသောက်ပွဲသည် ည ရွှီနာရီခန့်တွင် ပြီးဆုံးသွားခဲ့လေသည်။

ကောင်းကင်ယံတွင် ကြယ်စင်များ တလက်လက် တောက်ပနေပြီး ညလေပြေကလည်း အေးမြလို့ နေတော့၏။ လုမင်ယွိနှင့် လီကျင့်တို့သည် အပြန်အလှန် စကားအနည်းငယ် ဆိုကြပြီးနောက် သူမက ရွှီအာနှင့် ရွှမ်းအာကို ခေါ်ဆောင်ကာ အရှေ့နန်းဆောင်သို့ အရင် ပြန်သွားခဲ့လေသည်။ လီကျင့်ကတော့ ချောင်မိဖုရားခေါင်ကို ကျောင်ဖန်နန်းဆောင်အထိ လိုက်လံ ပို့ဆောင်ပေးခဲ့လေသည်။

ချောင်မိဖုရားခေါင်သည် သားဖြစ်သူကို တနေကုန် မျှော်လင့်စောင့်စားနေခဲ့သော်လည်း ယခုအချိန်တွင်တော့ သူမက ပိုပြီး စိတ်မရှည်တော့ဘဲ တိုက်တွန်းလိုက်လေသည်။ “မိုးလည်း ချုပ်နေပြီဆိုတော့ အမြန်ပြန်ပြီး နားလိုက်ပါဦး။ မနက်ဖြန်ကျမှ အချိန်ရရင် ထပ်လာခဲ့လေ။ အဲ့ဒီကျမှ တို့တွေ ကောင်းကောင်း စကားပြောကြတာပေါ့”

လီကျင့်ကတော့ ပြုံးကာ ပြန်ပြောသည်။ “ကျွန်တော် နေ့လယ်က အိပ်ထားတယ်ဆိုတော့ အခု ဘာမှ မပင်ပန်းပါဘူး။ မူဟုပ်နဲ့ စကားခဏလောက် ပြောပြီးမှ ပြန်ပါ့မယ်”

ချောင်မိဖုရားခေါင်၏ ရင်ထဲတွင် ကြည်နူးသွားပြီး သားဖြစ်သူကို ဆက်ပြီး မမောင်းထုတ်တော့ချေ။ သူမက သားဖြစ်သူကို စူးစိုက်ကြည့်လိုက်ပြီးနောက် “ပန်ကုံး ကောင်းကောင်း မကြည့်ရသေးဘူး။ ဒီကို လာပါဦး... မူဟုပ်ကို ပြဦး” ဟု ဆိုကာ စိတ်မကောင်းစွာဖြင့် ပြောလိုက်လေသည်။ “မင်း တကယ်ပဲ အရင်ကထက် အသားတွေ ညိုပြီး ပိန်သွားတာပဲ။ ရက်အနည်းငယ်လောက်တော့ ကောင်းကောင်း အားရှိအောင် စားပြီး နားရမယ်”

လီကျင့်ကတော့ ရယ်မောလိုက်ပြီး ပြောပြန်သည်။ “ကျွန်တော်က လူကြီးဖြစ်နေပြီပဲလေ။ မူဟုပ်က ကျွန်တော့်အတွက် အများကြီး စိုးရိမ်မနေပါနဲ့တော့”

ချောင်မိဖုရားခေါင်က စနောက်ကာ “ဟုတ်ပါပြီ... ဟုတ်ပါပြီ။ မင်းက လူကြီးဖြစ်လို့ မိန်းမနဲ့ သားသမီးတွေတောင် ရနေပြီဆိုတော့ မူဟုပ် စကားများတာကို စိတ်ပျက်နေပြီပေါ့”

လီကျင့်ကတော့ ချက်ချင်းပင် လေသံကို ပြင်လိုက်ပြီး “ဘယ်လိုလုပ် အဲ့ဒီလို ဖြစ်ရမှာလဲ။ မူဟုပ်က ကျွန်တော့်ကို ချစ်တာကို ကျွန်တော် ဘယ်လောက်တောင် ဝမ်းသာလဲဆိုတာ။ နောက်ပိုင်းကျရင် ကျွန်တော် နန်းတော်ထဲမှာပဲ နေပြီး နေ့တိုင်း အားရှိအောင် စားမယ်၊ ကောင်းကောင်း အိပ်မယ်။ ပြီးရင် ကျွန်တော့်ကိုယ်ကျွန်တော် ဝဖြိုးလာအောင် လုပ်ပါ့မယ်” ဟု ပြန်ပြောလိုက်ရာ ချောင်မိဖုရားခေါင်မှာ မရယ်ဘဲ မနေနိုင်တော့ချေ။ “မင်းကတော့ စကားပြောရင် သိပ်ကို တတ်တာပဲ”

ထို့နောက်တွင်တော့ သူမက လီကျင့်၏ ကျန့်ခရိုင် ခရီးစဉ်အကြောင်းကို မေးမြန်းလေတော့သည်။ အမှန်စင်စစ် လီကျင့်သည် စာများကို မကြာခဏ ပို့ခဲ့သော်လည်း မိခင်တစ်ဦး၏ မေတ္တာအရ ချောင်မိဖုရားခေါင်သည် နေ့စဉ်နှင့်အမျှ စိုးရိမ်ပူပန်နေခဲ့ရသဖြင့် ယခုမှ အသေးစိတ်ကို ပြန်လည် မေးမြန်းနေခြင်းပင် ဖြစ်လေသည်။ လီကျင့်ကလည်း စိတ်ရှည်လက်ရှည်ဖြင့် တစ်ခုချင်းစီ ပြန်လည် ဖြေကြားပေးခဲ့လေသည်။

သို့သော်လည်း သူက လုမင်ယွိကို ပြောပြခဲ့သကဲ့သို့ ရင်ထဲက စကားများကိုတော့ ချောင်မိဖုရားခေါင်ကို အားလုံး မပြောပြခဲ့ချေ။ သူမကို အလကား စိုးရိမ်သောက မရောက်စေချင်သောကြောင့်ပင်။ ချောင်မိဖုရားခေါင်က လီကျင့်၏ မျက်နှာကို စိုက်ကြည့်ကာ မေးလိုက်လေသည်။ “မင်း ဒီနေ့ နန်းတော်ကို ပြန်ရောက်ပြီး ဖုဟွမ်နဲ့ တွေ့တုန်းက ဖုဟွမ်က ဘယ်လို တုံ့ပြန်လဲ”

လီကျင့်ကတော့ တည်တည်ငြိမ်ငြိမ်ပင် ပြုံးလျက် ပြောလိုက်လေသည်။ “ဖုဟွမ်က ကျွန်တော့်အပေါ် အများကြီး ဂရုစိုက်ပါတယ်။ ကျွန်တော့်အတွက်လည်း အရမ်း စိုးရိမ်နေတာ”

ချောင်မိဖုရားခေါင်ကတော့ မယုံကြည်နိုင်ဟန်ဖြင့် “တကယ်လား။ ဖုဟွမ်က မင်းကို ဟိုကောလာဟလတွေ အကြောင်း မပြောဘူးလား” ဟု ထပ်မံ မေးမြန်းပြန်သည်။

အမှန်စင်စစ် သားအဖနှစ်ဦးသည် သီးသန့် စကားပြောဆိုခဲ့ခြင်း မရှိချေ။ လီကျင့်ကတော့ မျက်တောင်တစ်ခတ်မျှ မလွဲဘဲ လိမ်ညာပြီး ပြောလိုက်လေသည်။ “ဖုဟွမ်က ကျွန်တော့်ကို တစ်ခွန်းလောက်ပဲ ပြောပါတယ်။ ဟိုကောလာဟလတွေကို ယုံစရာ မလိုဘူးတဲ့။ ကျွန်တော့်ကိုလည်း စန်းတိနဲ့ စိမ်းကားမသွားစေနဲ့လို့ မှာလိုက်ပါတယ်”

...

အပိုင်း (၅၃၄) ညီအစ်ကို

“မင်းရဲ့ ဖုဟွမ်က တကယ်ပဲ အဲ့ဒီလို ပြောခဲ့တာလား” ချောင်မိဖုရားခေါင်က လီကျင့်ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။

လီကျင့်က ရယ်မောလိုက်ပြီး ပြန်ပြောလေသည်။ “ကျွန်တော်က မူဟုပ်ကို လိမ်ပါ့မလား”

ချောင်မိဖုရားခေါင်က ပြုံးလျက် သက်ပြင်းချလိုက်ပြီး ဆိုလိုက်၏။ “ထားလိုက်ပါတော့လေ။ အမှန်ပဲဖြစ်ဖြစ်၊ အမှားပဲဖြစ်ဖြစ် မင်းက အဲ့ဒီလို ပြောနေမှတော့ ငါက ယုံပေးရုံပေါ့”

ထို့နောက် သူမက လေသံကို နှိမ့်ကာ တိုးတိုးလေး မှာကြားလိုက်သည်။ “ဒီကာလအတွင်းမှာ လုရှီက အစွမ်းကုန် ကြိုးစားပြီး အများကြီး စဉ်းစားပေးခဲ့ရတာ။ အခု မင်း ပြန်ရောက်လာပြီဆိုတော့ သူ့ကို ထပ်ပြီး စိတ်မပူစေနဲ့တော့။ သူက ကိုယ်ဝန်နဲ့ဆိုတော့ နောက်ထပ် လအနည်းငယ်ဆိုရင် မွေးတော့မှာလေ”

လုမင်ယွိအပေါ် သူမ စိတ်ထဲတွင် အားနာသလို ခံစားနေရခြင်းပင်။ မိန်းကလေး တစ်ယောက်အတွက် ကိုယ်ဝန်ဆောင်သည့် ဆယ်လတာ ကာလသည် အမြတ်နိုးဆုံးနှင့် အားအနည်းဆုံး အချိန်ဖြစ်သည်။ သာမန် အရာရှိ မိသားစုမှ ချွေးမများပင် ကိုယ်ဝန်ရှိပါက အိမ်တွင်းရေး ကိစ္စများကို မစဉ်းစားတော့ဘဲ ကလေးအတွက်သာ အေးအေးဆေးဆေး နေကြသည် မဟုတ်ပါလား။

သို့သော် လုမင်ယွိမှာမူ သာ့ဝေတိုင်းပြည်၏ ထိုက်ဇီဖေး ဖြစ်သော်ငြား ကိုယ်ဝန်နှင့်ပင် ဒီလပေါင်းများစွာအတွင်း တစ်ခါမျှ အနားမရခဲ့ဘဲ အရေးကြီးသည့် ကိစ္စအဝဝကို မပြတ် စီစဉ်ပေးခဲ့ရလေသည်။

ချောင်မိဖုရားခေါင်က သူမ၏ ချွေးမကို သနားနေသကဲ့သို့ လီကျင့်ကလည်း မိမိ၏ ဇနီးကို ပို၍ပင် သနားနေမိသည်။ ထိုစကားကို ကြားသောအခါ သူက သက်ပြင်းချလျက် ပြောလိုက်လေသည်။ “မူဟုပ် ပြောတာ မှန်ပါတယ်။ ကျွန်တော် ကျန့်ခရိုင်မှာ ရှိနေတုန်းက မြို့တော်က သတင်းတွေကို ကြားရတိုင်း စိုးရိမ်လွန်းလို့ အတောင်ပံတွေ ပေါက်ပြီး မြို့တော်ကို ချက်ချင်း ပျံလာချင်ခဲ့တာ။ ဒါပေမဲ့ ကျွန်တော့်မှာ တာဝန် ရှိနေသေးသလို ပြည်သူတွေကိုလည်း အခြေချမပေးနိုင်သေးတော့ လုံးဝ ထွက်မလာနိုင်ခဲ့ဘူး။ အရာအားလုံး အဆင်ပြေပါစေလို့ပဲ တိတ်တဆိတ် ဆုတောင်းနေခဲ့ရတာပါ”

ချောင်မိဖုရားခေါင်က ပြီးခဲ့သည့် ကာလအတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြန်တွေးကြည့်ပြီး မျက်မှောင်များ ပြေလျော့သွားကာ တိုးတိုးလေး ရယ်မောလိုက်သည်။ “ပြောရမယ်ဆိုရင်တော့ တကယ်ကို စိတ်ကျေနပ်စရာ ကောင်းလှပါတယ်။ ဒီနှစ်ပေါင်းများစွာအတွင်းမှာ ငါက အမြဲတမ်း အလျှော့ပေးပြီး သည်းခံခဲ့ရတာ။ အခုလိုမျိုး ပြင်းပြင်းထန်ထန် ပြန်လည် တိုက်ခိုက်ရတာက ဒီလောက်အထိ စိတ်ချမ်းသာဖို့ ကောင်းမယ်လို့ တစ်ခါမှ မထင်ခဲ့ဖူးဘူး”

“ကောလာဟလတွေက လီဟောက်ရဲ့ အရိုးထဲအထိ မထိခိုက်နိုင်ပေမဲ့ ကွမ်းပင်းနယ်စားကိုတော့ အရှက်ရပြီး ပုန်းနေအောင် လုပ်နိုင်ခဲ့တယ်။ မင်းရဲ့ ဖုဟွမ်က ဒါဟာ အရှေ့နန်းဆောင်ရဲ့ လက်ချက်မှန်း သိနေပေမဲ့လည်း ဒေါသထွက်ဖို့ အဆင်မပြေဖြစ်သွားတာလေ”

ထိုသို့သော အခြေအနေကို အသုံးချနိုင်ခြင်းမှာ တကယ်ကို ထက်မြက်လွန်းလှပေသည်။ လုမင်ယွိ၏ နည်းလမ်းများ မည်မျှ ပြင်းထန်သည်ကိုလည်း သိသာလှ၏။

လီကျင့်၏ မျက်ဝန်းထဲတွင် ဂုဏ်ယူသော အပြုံးတစ်ခု ဖြတ်ပြေးသွားပြီး ပြောလိုက်လေသည်။ “ရှောင်ယွိက မိန်းကလေး ဖြစ်နေလို့ပါ။ တကယ်လို့သာ သူက ယောက်ျားလေးဆိုရင် ရှင်းယန်စစ်တပ် ၁၀ဝ,ဝဝဝ ကို ဦးဆောင်ပြီး စစ်မြေပြင်မှာ တိုက်ပွဲဝင်နေတာ ကြာလှပြီ။ မူဟုပ်က သူ့ရဲ့ နည်းလမ်းတွေက ပြင်းထန်တယ်လို့ ထင်နေတာလား။ တကယ်တော့ သူက အခုလိုမျိုး လုပ်နေရတာကိုက သူ့အတွက်တော့ အများကြီး အလျှော့ပေးထားရတာပါ”

ချောင်မိဖုရားခေါင်က ရယ်မောလိုက်ပြီး ဆိုလေသည်။ “ဟုတ်ပါပြီ... ဟုတ်ပါပြီ။ မင်းရဲ့ ဇနီးက အတော်ဆုံးပါပဲ”

စကားအနည်းငယ် ဆိုလိုက်ရုံနှင့် ဇနီးဖြစ်သူကို ချီးကျူးနေတော့သည်။ တကယ်ကိုပင် အချင်းချင်း သံယောဇဉ် ကြီးမားကြပေ၏။ သားအမိနှစ်ဦး စကားစမြည် အနည်းငယ် ဆိုကြပြီးနောက် ချောင်မိဖုရားခေါင်က လီကျင့်ကို ထပ်ကာထပ်ကာ မှာကြားလေသည်။

၁ နာရီခန့် ကြာပြီးနောက်တွင်မှ လီကျင့်သည် အရှေ့နန်းဆောင်သို့ ပြန်လာခဲ့သည်။ လုမင်ယွိသည် ရေချိုးပြီး အဝတ်အစားလဲကာ ကုတင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေ၏။ သူမ၏ နက်မှောင်သော ဆံနွယ်ရှည်များက ခေါင်းအုံးပေါ်တွင် ဖရိုဖရဲ ဖြစ်နေပြီး ဖြူဝင်းသော အသားအရေနှင့် နီမြန်းသော နှုတ်ခမ်းလွှာလေးများကို ပို၍ ထင်ရှားစေတော့သည်။

လီကျင့်၏ ရင်ထဲတွင် တဖန် ပူနွေးလာပြီး သူမအနားသို့ တိုးကပ်ကာ အနမ်းတစ်ခုကို ရယူလိုက်၏။ လုမင်ယွိ၏ ပါးပြင်များ နီမြန်းသွားပြီး ကိုယ်လေးမှာလည်း အနည်းငယ် တုန်ယင်သွားသည်။

ကိုယ်ဝန်ရှိနေသဖြင့် အတူအိပ်ရန် မသင့်သော်လည်း သူမ၏ ခန္ဓာကိုယ်မှာ ယခင်ကထက် ပို၍ ထိခိုက်လွယ်နေပြီး စနောက်သည်ကို မခံနိုင်တော့ချေ။ လီကျင့် ထပ်မံ၍ အရှိန်မတက်မီမှာပင် လုမင်ယွိက သူ့ကို တွန်းထုတ်လိုက်ပြီး မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။

လီကျင့်က အသံတိတ် ရယ်မောလိုက်ပြီး ချက်ချင်းပင် ရေချိုးခန်းထဲသို့သွားကာ ရေအေးဖြင့် ချိုးလိုက်ရတော့သည်။ စိတ်ငြိမ်သွားမှသာ ကုတင်ပေါ်သို့ ပြန်တက်လာပြီး လုမင်ယွိကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။ ဇနီးမောင်နှံနှစ်ဦးသည် အချင်းချင်း ဖက်ထားလျက် တိုးတိုးလေး စကားဆိုနေကြတော့သည်။

“ရှင် ဒီနေ့ ဘာလို့ တတိယမင်းသား အိမ်တော်ကို သွားဖို့ ရုတ်တရက်ကြီး ပြောရတာလဲ” လုမင်ယွိက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ “ကျွန်မကတော့ ရှင်က ဒီကိစ္စကို ရှောင်ပြီး ဘာမှ ပြောမှာ မဟုတ်ဘူးလို့ ထင်နေတာ”

လီကျင့်က နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး ရှင်းပြလိုက်သည်။ “တချို့ကိစ္စတွေကို ဖုဟွမ်နဲ့ ကိုက ရင်ထဲမှာ အကုန်သိနေကြတာပဲ။ ရှောင်နေစရာ မလိုပါဘူး။ ကို တတိယမင်းသား အိမ်တော်ကို သွားတာက လူအများ မြင်အောင်လို့ပါ။ တော်ဝင်မိသားစုရဲ့ ညီအစ်ကိုတွေက ချစ်ခင်ကြင်နာကြပြီး ကောလာဟလတွေရဲ့ နှောင့်ယှက်မှုကို မခံရဘူးဆိုတာကို ပြချင်တာ။ ဖုဟွမ်ကလည်း လီဟောက် လူပုံအလယ် ပြန်ထွက်လာနိုင်ဖို့အတွက် ကို့ဆီကနေ ဒီလို အမူအရာမျိုးကို လိုချင်နေတာလေ”

လုမင်ယွိက အင်းဟု အသံပြုလိုက်ပြီး ပြောလိုက်သည်။ “ပြဇာတ်ကရမယ်ဆိုမှတော့ အစအဆုံး အပြည့်အစုံ ကရမှာပေါ့။ မနက်ဖြန်ကျရင် အားရှိမယ့် ဆေးတွေ အများကြီး ယူသွားလိုက်ဦး”

လီကျင့်က လုမင်ယွိ၏ စူထွက်နေသော ဗိုက်ကလေးကို ပွတ်သပ်ရင်း ခပ်တိုးတိုး ရယ်မောလိုက်သည်။ “ဒီလို ကိစ္စလေးက ကို့ကို အခက်မတွေ့စေပါဘူး။ မင်းက အများကြီး စဉ်းစားမနေနဲ့တော့။ ကလေးကိုပဲ အေးအေးဆေးဆေး စောင့်ရှောက်တော့နော်”

လုမင်ယွိက ပြုံးလျက် ပြန်ထူးလိုက်ပြီးနောက် ရုတ်တရက် သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်ပြန်သည်။

လီကျင့်က အနည်းငယ် ထူးဆန်းသွားပြီး သူမကို ငုံ့ကြည့်လိုက်သည်။ “ဘာဖြစ်လို့လဲ။ ကောင်းကောင်း ပြောနေရင်းနဲ့ ဘာလို့ သက်ပြင်းချတာလဲ”

လုမင်ယွိက မတတ်သာသည့်ဟန်ဖြင့် မိမိကိုယ်ကို လှောင်ပြောင်လိုက်သည်။ “ရှင် နန်းတော်မှာ မရှိတုန်းကတော့ ကိစ္စအဝဝကို ကျွန်မကပဲ ထိန်းထားရတယ်။ လီဟောက်နဲ့ ကွမ်းပင်းနယ်စားကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကိုလည်း နည်းလမ်းရှာခဲ့ရသေးတယ်။ အခု ရှင် ပြန်ရောက်လာပြီဆိုတော့ ကျွန်မက ချက်ချင်းပဲ ပျင်းသွားပြီး ဘာမှ မလုပ်ချင်တော့ဘူး၊ ဘာကိုမှလည်း မစဉ်းစားချင်တော့ဘူး။ ရှင့်စကားအတိုင်းပဲ ကိုယ်ဝန်ကိုပဲ အေးအေးဆေးဆေး စောင့်ရှောက်ရတော့မယ် ထင်တယ်”

လီကျင့်က ရယ်မောလိုက်ပြီး သူမ၏ နဖူးကို ငုံ့နမ်းလိုက်သည်။ “ဒါက ကောင်းတဲ့အချက်ပဲ မဟုတ်လား။ ကို မရှိတုန်းက မင်းက အပင်ပန်းခံခဲ့ရတာလေ။ အခု ကို ပြန်ရောက်လာပြီဆိုတော့ မင်းက အရှေ့နန်းဆောင်မှာပဲ စိတ်အေးလက်အေး နေရမှာပေါ့”

သူမက သူ့အပေါ်တွင် ဤမျှလောက်အထိ ယုံကြည်အားကိုးနေသဖြင့် သူ၏ ရင်ထဲတွင် အလွန်ပင် ကြည်နူးနေတော့သည်။ လုမင်ယွိက သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်သော်လည်း စိတ်ထဲတွင်တော့ အလွန်ပင် တည်ငြိမ်အေးချမ်းသွားတော့သည်။ သူ၏ ရင်ခွင်ထဲတွင် မှီတွယ်လျက်နှင့် မကြာမီမှာပင် အိပ်ပျော်သွားတော့၏။

....

နောက်တစ်နေ့တွင် လီကျင့်သည် ပထမမင်းသား၊ စတုတ္ထမင်းသားတို့နှင့် အတူတူ တတိယမင်းသား အိမ်တော်သို့ သွားရောက်ခဲ့ကြသည်။

လီဟောက်က မနေ့ညကတည်းက သတင်းရထားသဖြင့် တစ်ညလုံး စိတ်ခံစားချက်ကို ပြင်ဆင်ထားပြီး ဖြစ်သည်။ သူသည် ဇနီးနှင့် သမီးကို ခေါ်ဆောင်ကာ အိမ်ရှေ့တံခါးဝမှနေ၍ ကြိုဆိုနေလေသည်။ ပဥ္စမမင်းသား လီချန်သည်လည်း အိမ်ရှေ့တံခါးဝသို့ အတူတူ ရောက်လာခဲ့သည်။

ရန်သူချင်း တွေ့ဆုံကြသဖြင့် မျက်ဝန်းများ နီမြန်းနေကြမည်လား... အဲ့ဒီလိုတော့ မဟုတ်ခဲ့ချေ!

ညီအစ်ကိုတွေ တွေ့ဆုံကြသည်မှာ အလွန်ပင် အေးချမ်းပြီး ချစ်ခင်ကြင်နာနေကြသည့် ပုံစံမျိုးသာ။

တစ်ယောက်က လက်ဖဝါးချင်း ယှက်ပြီး “အာ့ကော” ဟု ခေါ်သလို နောက်တစ်ယောက်ကလည်း ချစ်ခင်စွာဖြင့် “စန်းတိ” ဟု ပြန်ထူးလေသည်။

တစ်ယောက်က “ကျွန်တော်နဲ့ အာ့ကော ခွဲခွာနေရတာ လပေါင်းများစွာ ရှိပြီဆိုတော့ စိတ်ထဲမှာ အမြဲတမ်း သတိရနေတာ” ဟု ဆိုသလို နောက်တစ်ယောက်ကလည်း “ငါ ကျန့်ခရိုင်မှာ ရှိနေတုန်းက စန်းတိ ဖျားနေတယ်ဆိုတဲ့ သတင်းကို ကြားရတော့ တစ်ရက်မှ စိတ်မအေးခဲ့ရဘူး” ဟု ပြန်ပြောလေသည်။

တစ်ယောက်က “အာ့ကောက ကျန့်ခရိုင်မှာ အပင်ပန်းခံခဲ့ရတာပဲ။ အသားတွေလည်း ညိုပြီး တော်တော်လေး ပိန်သွားတယ်” ဟု ညည်းညူသလို နောက်တစ်ယောက်ကလည်း “စန်းတိက တစ်ခါ ဖျားလိုက်တာနဲ့ စိတ်ဓာတ်တွေက အရင်ကထက် အများကြီး ကျဆင်းသွားသလိုပဲ။ ကြည့်ရတာ တကယ်ပဲ ရင်နာစရာ ကောင်းလှပါတယ်” ဟု ပြန်ပြောနေကြတော့သည်။

ညီအစ်ကိုနှစ်ဦးသည် အချင်းချင်း လက်ကို ဆုပ်ကိုင်ထားလျက် တစ်ဦးနှင့်တစ်ဦး အလွန်တရာမှပင် ကြင်ကြင်နာနာဖြင့် မေးမြန်းနေကြလေသည်။ ဘေးမှ ပွဲကောင်းကြည့်ရန် စောင့်နေသည့် ပထမမင်းသားနှင့် စတုတ္ထမင်းသားတို့မှာမူ အနည်းငယ် စိတ်ပျက်သွားရတော့သည်။

မုန့်ယွင်လော်က လေသံတိုးတိုးလေးဖြင့် ပြောလိုက်လေသည်။ “အရှင်မင်းသား... တံခါးဝမှာပဲ ရပ်မနေပါနဲ့တော့။ အားလုံးကို အိမ်ထဲမှာပဲ စကားပြောဖို့ ဖိတ်လိုက်ပါဦး”

မုန့်ယွင်လော်မှာ ကိုယ်ဝန် သုံးလ ရှိနေပြီဖြစ်ပြီး ကိုယ်ဝန်ဒဏ်ကြောင့် တော်တော်လေး ပိန်သွားကာ စကားပြောလျှင်လည်း အားမပါဘဲ အသံက တိမ်ဝင်နေလေသည်။

ဤကာလအတွင်း သူမ တကယ်ပင် အခြေအနေ မကောင်းခဲ့ကြောင်း သိသာလှပေသည်။ လီဟောက်က ခေါင်းအသာညိတ်ပြလိုက်ပြီး အားလုံးကို အိမ်ထဲသို့ ပြုံးလျက် ဖိတ်ခေါ်လိုက်လေသည်။

လီကျင့်ကလည်း ပြုံးကာ ထူးလိုက်ပြီး လီဟောက်နှင့်အတူ အိမ်ထဲသို့ ဝင်လာခဲ့ကြ၏။ လမ်းတစ်လျှောက်တွင်လည်း အချင်းချင်း လက်ချင်းတွဲထားကြပြီး ခဏခဏ ခေါင်းစောင်းကာ စကားဆိုနေကြသည်မှာ ဘယ်လိုကြည့်ကြည့် တကယ့် ညီအစ်ကို အရင်းအခြာများကဲ့သို့ပင်။

ပထမမင်းသားမှာ ထိုမြင်ကွင်းကြောင့် နေရခက်သွားပြီး တမင်တကာ ခပ်ဟဟ ရယ်မောလိုက်သည်။ “အာ့တိနဲ့ စန်းတိတို့ရဲ့ အခုလို ပုံစံကို မြင်ရမှပဲ ငါလည်း စိတ်အေးရတော့တယ်။ အစတုန်းကတော့ မင်းတို့နှစ်ယောက် ကောလာဟလတွေကြောင့် စိမ်းကားသွားမှာကို စိုးရိမ်နေတာ”

လီကျင့်က ပြုံးလျက် ပြောလိုက်၏။ “သာ့ကောက စန်းတိကို အထင်သေးလွန်းနေတာပဲ။ ကောလာဟလဆိုတာ လေလိုပါပဲ၊ ခဏတိုက်ခတ်ပြီးရင် ပျောက်ကွယ်သွားတာမျိုးလေ။ စန်းတိက စိတ်ဓာတ်ခိုင်မာပြီး သဘောထားကြီးတဲ့သူပဲ။ ဒီလို ကိစ္စမျိုးကို စိတ်ထဲမှာ ထားမှာ မဟုတ်ပါဘူး”

“အာ့ကော ပြောတာ မှန်ပါတယ်” လီဟောက်က ထိုစကားကို သဘာဝကျကျပင် ပြန်ပြောလိုက်သည်။ “ဒီကိစ္စက အစကနေ အဆုံးအထိ အရှေ့နန်းဆောင်နဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ ကျွန်တော်က ဘယ်လိုလုပ်ပြီး အာ့ကောအပေါ်မှာ အပြစ်ပုံချရမှာလဲ”

“ကျွန်တော် ဒီရက်ပိုင်းအတွင်းမှာ ခန္ဓာကိုယ် သိပ်မကောင်းဖြစ်နေတာပါ။ အခုတော့ အများကြီး သက်သာသွားပါပြီ။ နောက်ထပ် နှစ်ရက်လောက်နေရင် နန်းတော်ကို သွားပြီး ဖုဟွမ်ကို ဂါရဝပြုပါဦးမယ်”

လီကျင့်က ဝမ်းသာအားရ ပြုံးလိုက်ပြီး “ဒါက တကယ့် သတင်းကောင်းပဲ။ ငါ ဒီနေ့ နန်းတော်ကို ပြန်ရောက်ရင် ဖုဟွမ်ကို အရင်ဆုံး သတင်းပို့လိုက်ပါ့မယ်။ ဖုဟွမ်က နေ့တိုင်း မင်းကို သတိရနေတာလေ။ မင်း အမြန်ဆုံး နေကောင်းသွားမှပဲ ဖုဟွမ်လည်း စိတ်အေးရမှာ”

လီဟောက်၏ မျက်နှာတွင် အပြစ်ရှိသလို အရိပ်အယောင်လေး ပေါ်လာပြီး “ကျွန်တော်က သားတစ်ယောက်အနေနဲ့ တကယ်ပဲ မသိတတ်ခဲ့ပါဘူး။ ဖုဟွမ်ကို အမြဲတမ်း ကျွန်တော့်အတွက် စိုးရိမ်နေအောင် လုပ်မိတယ်”

ပထမမင်းသားမှာမူ သူတို့၏ စကားများကို နားမခံနိုင်လောက်အောင် ဖြစ်သွားပြီး လှောင်ပြုံးဖြင့် တစ်ခွန်း ဝင်ပြောလိုက်တော့သည်။ “မင်းက ရုပ်ရည်အလှပဆုံး ဖြစ်တဲ့ ဝမ်းကွဲညီမလေးကိုတောင် ဖုဟွမ်ကို ဆက်သခဲ့တာပဲ။ ဘယ်သူက မင်းကို မသိတတ်ဘူးလို့ ပြောရဲမှာလဲ”

လီဟောက် “...”

...

All Chapters