← Chapters

အခန်း (၅၃၅-၅၃၇)

Vol. 36 Ch. 535-537

အခန်း (၅၃၅-၅၃၇)

Vol. 36 Ch. 535-537

အပိုင်း (၅၃၅) သားအဖ (၁)

ပဥ္စမမင်းသား လီချန်သည် ထုံးစံအတိုင်းပင် လူအများ၏ နောက်ကွယ်မှ တိတ်ဆိတ်စွာ လိုက်ပါလာလေသည်။

စတုတ္ထမင်းသားက ခြေလှမ်းကို တမင်နှေးလိုက်ပြီး လီချန်နှင့် ယှဉ်တွဲလျက် ပြောလိုက်လေသည်။ "ဝူတိ... နောက်ထပ် ၁၀ ရက်ကျော်ရင် မင်းရဲ့ မင်္ဂလာပွဲ ကျင်းပရတော့မယ်။ မင်း ဘယ်တော့လောက် မင်းသား ၅ အိမ်တော်ကို ပြောင်းဖို့ စိတ်ကူးထားလဲ"

လီချန်သည် ခဏမျှ ဝေခွဲမရဖြစ်နေပြီးမှ ပြောလိုက်လေသည်။ "စန်းကောက ကျွန်တော့်ကို မနက်ဖြန်ပဲ ပြောင်းဖို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော် နောက်ထပ် ရက်အနည်းငယ်လောက် ထပ်နေချင်သေးတယ်"

စတုတ္ထမင်းသားသည်လည်း စကားစမရှိ ဖြစ်သွားပြီး လီချန်ကို တစ်ချက် ကြည့်လိုက်လေသည်။ "ဝူတိ... မင်းနဲ့ စန်းကောက မိခင်တစ်ဦးတည်းက မွေးတဲ့ ညီအစ်ကိုတွေဖြစ်လို့ သံယောဇဉ် ကြီးမားတာကို အားလုံး သိကြပါတယ်။ ဒါပေမဲ့ မင်းကလည်း ကြီးပြင်းလာပြီ၊ မကြာခင် အိမ်ထောင်ပြုတော့မှာပဲ။ အခုထိ စန်းကောဆီမှာပဲ နေနေတာက တကယ်တော့ မသင့်တော်ဘူးလေ။ အဲ့ဒါကြောင့် စောစောပြောင်းတာ အကောင်းဆုံးပဲ"

"နောက်ပြီး စန်းကောက အိမ်တော်မှာ လူမမာ နားနေတာလေ။ မင်းကတော့ ကျန်းကျန်းမာမာနဲ့ နေ့တိုင်း တတိယမင်းသား အိမ်တော်မှာပဲ အောင်းနေတာက ဘယ်လိုလုပ် ဖြစ်မှာလဲ။ ဖုဟွမ်က မင်းကို တာဝန် ပေးထားပြီးသားပဲ။ မင်းက ဆောက်လုပ်ရေးဌာနမှာပဲ တာဝန် သွားထမ်းဆောင်လိုက်ပါ။ သာ့ဝေတိုင်းပြည်ရဲ့ မင်းသားတစ်ပါးကို ဘယ်သူကများ ရှေ့တင်မှာ အတင်းအဖျင်း ပြောရဲမှာလဲ"

လီချန်သည် ကောင်းပြီဟုလည်း မဆို၊ ခေါင်းလည်း မခါဘဲ ခေါင်းငုံ့လျက်သာ တိတ်ဆိတ်နေတော့သည်။

စတုတ္ထမင်းသားက စဉ်းစားလိုက်လေသည်။ 'ပြောရတာ အလကားပဲ။' သူသည် တိတ်တဆိတ် မျက်လုံးလှန်ပြလိုက်ပြီး ထပ်မံ၍ စကားမပြောတော့ရန် ဆုံးဖြတ်လိုက်လေသည်။

ညီအစ်ကို ၅ ယောက်စလုံးသည် စရိုက်ချင်း မတူညီကြချေ။ သာ့ကောက မာနကြီးပြီး သဘောထား ကျဉ်းမြောင်းသည်။ အာ့ကောက ကြင်နာတတ်ပုံ ပေါ်သော်လည်း စိတ်အတွင်း၌ အကြံအစည် နက်နဲလှသည်။ စန်းကောကတော့ တွက်ကိန်း အလွန်များပြီး ရိုးသားသူ မဟုတ်ပေ။ သူကတော့ ရုပ်ရည် ချောမောပြေပြစ်ပြီး ဖော်ရွေသွက်လက်သဖြင့် အားလုံး၏ ချစ်ခင်မှုကို ရရှိထားသူ ဖြစ်လေသည်။ ဤ ဝူတိ တစ်ယောက်တည်းသာ အရည်အချင်း မရှိဘဲ ပျော့ညံ့သည့်အပြင် စရိုက်ကလည်း ထူးဆန်းလှသည်။ သူကဲ့သို့ စကားပြော ကောင်းသူပင် ဝူတိနှင့် တွေ့လျှင် ခေါင်းကိုက်ရလေသည်။

လူတိုင်းသည် စကားပြောရန် ပင်မဆောင်သို့ လျင်မြန်စွာ ရွှေ့ပြောင်းသွားကြလေသည်။ မုန့်ယွင်လော်သည် ကျန်းအာကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။ ကျန်းအာမှာလည်း တော်တော်လေး အရပ်ရှည်လာခဲ့ပြီ ဖြစ်သော်လည်း မျက်လုံးလေးများက မှေးစင်းနေဆဲ ဖြစ်ကာ ရုပ်ရည်မှာလည်း ပုံမှန် အဆင့်သာ ရှိလေသည်။ မုန့်ယွင်လော်သည် သမီးဖြစ်သူကို မြင်ရတိုင်း ရင်ထဲ၌ မချင့်မရဲ ဖြစ်ရလေသည်။

မိဘနှစ်ပါးစလုံး၏ ရုပ်ရည်အလှကို ကျန်းအာက နည်းနည်းလေးမျှ အမွေမရခဲ့ချေ။ ကွယ်လွန်သွားသော စူးဖေးနှင့် တူလျှင်ပင် ကောင်းဦးမည်။ အခုတော့ လီချန်နှင့် တူနေသဖြင့် တကယ်ကို စိတ်ပျက်စရာ ကောင်းလှပေသည်။

"မူဖေး..." ကျန်းအာသည် မျှော်လင့်ချက် အပြည့်ဖြင့် မော့ကြည့်ကာ ပြောလိုက်လေသည်။ "သမီးကို ဘယ်တော့ နန်းတော်ထဲ ခေါ်သွားမှာလဲ။ သမီး ရွှမ်းအာနဲ့ ဒေါ်လေးတို့နဲ့ အတူတူ ဆော့ချင်တယ်"

မုန့်ယွင်လော်သည် ရွှမ်းအာ၏ အမည်ကို ကြားလိုက်သည်နှင့် ရွှမ်းအာ၏ မိခင်မျက်နှာကို ချက်ချင်း မြင်ယောင်လာပြီး စိတ်တိုတိုဖြင့် ပြန်ပြောလိုက်လေသည်။ "နန်းတော်ထဲ ဘာသွားလုပ်မှာလဲ။ မင်းအဖေက ဖျားနေတာ၊ ငါလည်း ကိုယ်ဝန်ကို ဂရုစိုက်နေရတာဆိုတော့ ဘယ်မှာ နန်းတော်ထဲ သွားဖို့ အားရှိမှာလဲ"

ကျန်းအာသည် နှုတ်ခမ်းလေး ဆူကာ ဝမ်းနည်းပန်းနည်းဖြင့် ငိုကြွေးလေတော့သည်။ "နေ့တိုင်း အိမ်ထဲမှာပဲ နေနေရတာ၊ ဘယ်မှ သွားခွင့်မရှိဘူး။ သမီး အပြင်ထွက် မဆော့ရတာ အရမ်း ကြာနေပြီ..."

အသံစူးစူးဖြင့် ငိုကြွေးသံကြောင့် မုန့်ယွင်လော်သည် စိတ်အနှောင့်အယှက် ဖြစ်သွားပြီး ကျန်းအာကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။ "ငိုပဲ ငိုနေတော့တာပဲ။ တခြားသူနဲ့ မတူဘဲ နင့်ရဲ့ အဘွားနဲ့ သွားတူနေရတာလဲ"

ဘေးမှ နို့ထိန်းသည် အခြေအနေ မကောင်းမှန်း သိလိုက်သဖြင့် ကျန်းအာကို အမြန် ပွေ့ချီသွားတော့သည်။ မုန့်ယွင်လော်သည် မျက်နှာပျက်ပျက်ဖြင့်ပင် အဆောင်သို့ ပြန်လာခဲ့လေသည်။

မင်းသားများ အားလုံးသည် အိမ်တော်၌ နေ့ဝက်ခန့် အချိန်ဖြုန်းပြီးနောက် ညနေပိုင်းမှသာ ပြန်သွားကြလေသည်။ လီဟောက်သည် စာကြည့်တိုက်ခန်း၌ လက်ထောက်များနှင့် အကြံပေးများဖြင့် အတော်ကြာအောင် တိုင်ပင်ဆွေးနွေးပြီးမှ ညနေစောင်းတွင် အဆောင်သို့ ပြန်လာခဲ့သည်။

မုန့်ယွင်လော်က အားတင်းကာ ကြိုဆိုလိုက်လေသည်။ "ကျွန်မ အခုပဲ စားစရာတွေ ပြင်ခိုင်းလိုက်ပါ့မယ်"

လီဟောက်က မုန့်ယွင်လော်၏ လက်ကို ဆုပ်ကိုင်ကာ ညင်သာစွာ ပြောလိုက်လေသည်။ "ဒီလို ကိစ္စလေးကို အပျိုတော်တွေကိုပဲ ခိုင်းလိုက်ပါ။ မင်းက ကိုယ်ဝန်နဲ့ဆိုတော့ အေးအေးဆေးဆေးပဲ နားနေပါ"

ဤကာလအတွင်း လီဟောက်သည် စိတ်ဓာတ်ကျနေသဖြင့် သူမကို ဤမျှလောက်အထိ ညင်ညင်သာသာ မချော့မြူခဲ့သည်မှာ ကြာလှပြီ။ မုန့်ယွင်လော်သည် နှာခေါင်းလေး ရှုံ့ကာ မျက်ရည်ဝဲလျက် ပြောလိုက်လေသည်။ "ရှင် အဆင်ပြေနေမှပဲ ကျွန်မလည်း စိတ်အေးရမှာပါ"

လီဟောက်က သက်ပြင်းချလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "အခြေအနေက ဒီလို ဖြစ်သွားမှတော့ နေ့တိုင်း စိတ်တိုနေလို့လည်း အပိုပဲ။ ဒီနေ့ ထိုက်ဇီ လာသွားပြီဆိုတော့ နောက်ထပ် ၂ ရက်လောက်နေရင် ငါ နန်းတော်ကို သွားပြီး ဖုဟွမ်ကို တွေ့လိုက်ပါ့မယ်"

ထိုအတိုင်းပင် ငြိမ်သက်နေ၍ မဖြစ်တော့ချေ။ မုန့်ယွင်လော်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်လေသည်။ လီဟောက်က ထပ်မံ ပြောလိုက်ပြန်သည်။ "မင်းက ကိုယ်ဝန် ၃ လ ရှိပြီဆိုတော့ အခြေအနေကလည်း တည်ငြိမ်နေပါပြီ။ မယ်တော်ကြီးကျောက်နဲ့ မူဟုပ်ကို သွားပြီး ဂါရဝပြုလိုက်ဦးလေ"

မုန့်ယွင်လော်ကတော့ သိပ်ပြီး မသွားချင်သော်လည်း ခေါင်းညိတ်လိုက်လေသည်။ ကောလာဟလတွေကြောင့် လူပုံအလယ် မထွက်ဘဲ ပုန်းနေလို့ ရသော်လည်း တကယ်တမ်း လူကြားထဲ ရောက်သွားလျှင်တော့ အားလုံး၏ လှောင်ပြောင်သရော်မှုများကို ရင်ဆိုင်ရပေလိမ့်မည်။ ဘယ်သူမှ စကားမပြောလျှင်တောင် စိုက်ကြည့်နေကြခြင်းကပင် သူမကို အလွန် ရှက်ရွံ့စေလိမ့်မည်။ သို့သော် လီဟောက်သည် တစ်သက်လုံး ပုန်းနေ၍ မရသကဲ့သို့ သူမသည်လည်း တတိယမင်းသားကြင်ရာတော် ဖြစ်သဖြင့် လူကြားထဲ ထွက်ပြလာရမည်သာ။

လီကျင့်သည် နန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက် ဝမ်ဟွားနန်းဆောင်သို့ သွားရောက်ခဲ့လေသည်။ လျိုကုန်းကုန်းက ပြုံးလျက် ပြောလိုက်လေသည်။ "အရှင်မင်းကြီးက အမိန့်တော်တွေ ဖတ်နေတာမို့ ထိုက်ဇီအရှင်မင်းသားအနေနဲ့ ဘေးဆောင်မှာ ခဏလောက် စောင့်ပေးပါဦး"

လီကျင့်သည် မျက်နှာမပျက်ဘဲ ပြုံးလျက်ပင် လက်ခံလိုက်လေသည်။ ဘေးဆောင်သို့ သွားကာ ထိုင်နေပြီး လက်ဖက်ရည် ၁ ခွက် သောက်ကာ မုန့်အချို့ကိုလည်း စားလိုက်လေသည်။ နာရီဝက်ခန့် ကြာပြီးနောက်တွင်တော့ လျိုကုန်းကုန်း ထပ်မံ ရောက်ရှိလာခဲ့လေသည်။ "အရှင်မင်းကြီးက အရှင်မင်းသားကို စကားပြောဖို့ ခေါ်လိုက်ပါပြီ"

လီကျင့်က ပြုံးလျက် ကျေးဇူးတင်စကား ဆိုလိုက်၏။ "ကျေးဇူးတင်ပါတယ် လျိုကုန်းကုန်း"

လျိုကုန်းကုန်း၏ စိတ်ထဲတွင်တော့ လီကျင့်ကို တိတ်တဆိတ် ချီးကျူးမိလေသည်။ ထိုက်ဇီအရှင်သား၏ စိတ်ရှည်သည်းခံမှုနှင့် အရှိန်အဝါမှာ တကယ်ကို ထိပ်တန်းအဆင့် ဖြစ်လေသည်။ ဘေးဆောင်တွင် ပစ်ထားခြင်း ခံရသော်လည်း မည်သည့် မကျေနပ်သည့် အမူအရာမျှ မပြခဲ့ချေ။ ပထမမင်းသားဆိုလျှင်တော့ မျက်နှာက ပျက်နေလောက်ပြီ။

လီကျင့်သည် နန်းဆောင်မကြီးထဲသို့ ဝင်ရောက်ပြီးနောက် လက်ဖဝါးချင်း ယှက်ကာ အရိုအသေ ပေးလိုက်လေသည်။ "သားတော် ဖုဟွမ်ကို ဂါရဝပြုပါတယ်"

ယုံးကျားဧကရာဇ်သည် လက်ထဲမှ စုတ်တံကို ချလိုက်ပြီး အေးစက်စက် လေသံဖြင့် "ထပါ" ဟု မိန့်ကြားလိုက်လေသည်။ လီကျင့်သည်လည်း ကျေးဇူးတင်စကား ဆိုကာ မတ်တပ်ရပ်လိုက်တော့သည်။

နန်းဆောင်အတွင်း၌ အခြားသော အရာရှိများ မရှိဘဲ အပျိုတော်များနှင့် ကုန်းကုန်းများလည်း အပြင်သို့ ထွက်ခွာသွားကြပြီ။ ကျယ်ဝန်းလှသော နန်းဆောင်မကြီးအတွင်း၌ သားအဖ ၂ ဦးတည်းသာ ရှိနေတော့၏။ တစ်ယောက်က ထိုင်နေပြီး တစ်ယောက်ကတော့ မတ်တပ်ရပ်နေလေသည်။ အငွေ့အသက်များမှာလည်း အလိုလိုပင် အေးစက်လို့ သွားတော့၏။

လီကျင့်သည် ထိုတိတ်ဆိတ်မှုကို စတင် ဖြိုခွဲလိုက်လေသည်။ "ဒီနေ့ သားတော် စန်းတိဆီ သွားခဲ့ပါတယ်။ စန်းတိရဲ့ ကျန်းမာရေးက အများကြီး ကောင်းမွန်လာသလို မျက်နှာကလည်း အရင်လို ပြန်ဖြစ်လာပါပြီ။ နောက်ထပ် ၂ ရက်လောက်နေရင် စန်းတိ နန်းတော်ကို လာပြီး ဂါရဝပြုပါလိမ့်မယ်။ ဖုဟွမ်အနေနဲ့လည်း စန်းတိအတွက် အမြဲတမ်း စိုးရိမ်မနေပါနဲ့တော့"

ယုံးကျားဧကရာဇ်က အင်းဟု အသံပြုလိုက်ပြီး လီကျင့်၏ ချောမောတည်ငြိမ်သော မျက်နှာကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။ "မင်းတို့ ညီအစ်ကိုတွေ အဆင်ပြေပြေ ရှိနေကြတာကို မြင်ရတော့ ကျန်းလည်း စိတ်အေးရတာပေါ့" ထို့နောက် သူက ခဏမျှ ရပ်တန့်လိုက်ပြီးမှ ထပ်မံ မေးမြန်းလိုက်ပြန်သည်။ "မင်း ကျန့်ခရိုင်မှာ လအနည်းငယ် နေခဲ့တုန်းက ဘယ်လို အတွေ့အကြုံတွေ ရခဲ့လဲ။ ကျန်းကို ပြောပြပါဦး"

လီကျင့်သည် ကြိုတင် ပြင်ဆင်ထားသည့်အတိုင်း တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်လေသည်။ "သားတော် ကျန့်ခရိုင်ကို ရောက်သွားမှပဲ ပြည်သူတွေရဲ့ ဆင်းရဲပင်ပန်းမှုကို သိခဲ့ရတာပါ။ အရင်မင်းဆက်ရဲ့ စစ်ပွဲတွေကြောင့် နှစ်တိုင်း လူစုဆောင်းခဲ့ရလို့ မိသားစုတွေမှာ ကျန်းမာသန်စွမ်းတဲ့ ယောက်ျားတွေ သိပ်မကျန်တော့ဘဲ အိုမင်းမစွမ်းသူတွေနဲ့ ကလေးတွေပဲ ရှိတော့တာပါ။ တကယ်လို့ သဘာဝဘေးအန္တရာယ်နဲ့ ကြုံရပြီဆိုရင် ငတ်ပြတ်ပြီး အေးခဲသေဆုံးတဲ့သူတွေက နေရာတိုင်းမှာပါပဲ။ ဒါဟာ တကယ်ကို ရင်နာစရာ မြင်ကွင်းပါ"

"ဖုဟွမ်က စစ်မြေပြင်မှာ တိုက်ခိုက်ပြီး ပြည်မကြီးကို စည်းလုံးစေခဲ့သလို ထာဝရ တည်တံ့မယ့် အုတ်မြစ်ကိုလည်း ချပေးခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းပြည်ကို သိမ်းပိုက်ဖို့ ခက်ခဲသလို တိုင်းပြည်ကို ကောင်းမွန်အောင် အုပ်ချုပ်ပြီး ပြည်သူတွေ ကောင်းမွန်တဲ့ ဘဝကို ရရှိအောင် လုပ်ပေးဖို့က ပိုပြီးတော့ ခက်ခဲပါတယ်"

"သားတော် ထင်တာကတော့ အစိုးရအနေနဲ့ အရင်ဆုံး အဂတိလိုက်စားတဲ့ အရာရှိတွေကို နှိမ်နင်းပြီး နန်းတွင်းကို သန့်စင်ရပါလိမ့်မယ်။ အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့က ပထမဆုံး လုပ်ဆောင်ရမယ့် အရာပါ"

ယုံးကျားဧကရာဇ်သည် လီကျင့်၏ စကားများကို နားထောင်ပြီးနောက် ရင်ထဲ၌ ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်လာတော့သည်။ သူသည် မူလကပင် ဂုဏ်သရေရှိ လီမျိုးနွယ်စု၏ အကြီးအကဲ တစ်ဦး ဖြစ်လေသည်။ လောကကြီး ပရမ်းပတာ ဖြစ်နေချိန်တွင် အခွင့်အရေးကို အသုံးချကာ နိုင်ငံတော်သစ်ကို တည်ထောင်ခဲ့ခြင်းပင်။ စစ်တိုက်သည့် အရည်အချင်းကို ပြောမည်ဆိုလျှင်တော့ သူသည် အရှင်မင်းကြီးအနေဖြင့် ရှင်းယန်ဝမ်နှင့် ကွမ်းပင်းနယ်စားတို့ထက် နိမ့်ကျသူ မဟုတ်ပေ။

သို့သော် မြင်းပေါ်မှာထိုင်ပြီး တိုင်းပြည်ကို သိမ်းပိုက်ရတာ ခက်ခဲသလို မြင်းပေါ်ကဆင်းပြီး တိုင်းပြည်ကို အုပ်ချုပ်ဖို့က ပိုပြီး ခက်ခဲလှပေသည်။ သာ့ဝေတိုင်းပြည်ကို တည်ထောင်ခဲ့သည်မှာ ၁၀ နှစ်ကျော် ရှိပြီ ဖြစ်သော်လည်း သူသည် ဧကရာဇ်တစ်ပါးအနေဖြင့် နန်းပလ္လင်ပေါ်တွင် အခြေကျပြီး အုပ်ချုပ်ရေးကို အလေးထား လုပ်ဆောင်နိုင်ခဲ့သည်မှာ ယခု ၁ နှစ်၊ ၂ နှစ်အတွင်းမှာသာ ဖြစ်လေသည်။ နေ့စဉ် တောင်ပုံရာပုံ ရှိနေသော အမိန့်တော်များကို ဖတ်ရသည်မှာ ရှုပ်ထွေးလှပေသည်။ စဉ်းစားစရာတွေကလည်း အများကြီးပင်။

ထက်မြက်သော ဧကရာဇ်တစ်ပါး ဖြစ်လာဖို့က တကယ်ကို မလွယ်ကူလှပေ။ စစ်တိုက်လျှင် သေဘေးကို မကြောက်သော စစ်သည်များကို အားကိုးရသော်လည်း တိုင်းပြည်ကို အုပ်ချုပ်လျှင်တော့ ပညာတတ် အမတ်များကို အားကိုးရလေသည်။ နန်းတွင်း၌ စစ်ဘက်ကို အလေးပေးပြီး အရပ်ဖက်ကို လျစ်လျူရှုသည့် အစဉ်အလာမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်လို့ သွားခဲ့ပြီ။

လီကျင့် တစ်ယောက်တည်းသာလျှင် အရပ်ဖက် အမတ်အားလုံး၏ အသိအမှတ်ပြုမှုနှင့် ထောက်ခံမှုကို ရရှိနိုင်သူ ဖြစ်လေသည်။ လီကျင့်သည် သူ အချစ်ဆုံး သား မဟုတ်နိုင်သော်လည်း အသင့်တော်ဆုံးသော အနာဂတ် ထိုက်ဇီ ဖြစ်သည်မှာတော့ ငြင်းမရနိုင်သော အမှန်တရားပင် ဖြစ်လေတော့သည်။

...

အပိုင်း (၅၃၆) သားအဖ (၂)

ဝမ်ဟွားနန်းဆောင် အတွင်း၌ တစ်ဖန် ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားပြန်လေသည်။

နဂါးပလ္လင်ထက်တွင် ထိုင်နေသော ယုံးကျားဧကရာဇ်၏ မျက်ဝန်းအကြည့်တို့သည် နက်ရှိုင်းလှပြီး သူ၏ စစ်မှန်သော ခံစားချက်ကို မည်သူမျှ ခန့်မှန်းကြည့်ရှု၍ မရနိုင်ချေ။

လီကျင့်သည် တည်ငြိမ်စွာပင် ပြန်လည်ကြည့်နေပြီး ယုံးကျားဧကရာဇ်၏ အကဲခတ်စစ်ဆေးမှုကို မတုန်မလှုပ် ခံယူနေလိုက်လေသည်။

အချိန်အတော်ကြာပြီးနောက်မှ ယုံးကျားဧကရာဇ်က နှုတ်ဖွင့်ပြောဆိုလေသည်။ "မင်း အပြင်ထွက်ပြီး တာဝန်ထမ်းဆောင်လိုက်တာ တကယ်ကိုပဲ အများကြီး တိုးတက်ပြောင်းလဲလာတာပဲ"

လီကျင့်သည် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိပြီး သူ နောက်ထပ် အခက်အခဲတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပြန်ပြီဟု သိလိုက်၏။

သားအဖနှစ်ယောက် ဆက်ဆံရေးသည် ဒီအဆင့်ထိ ရောက်ရှိလာခဲ့ခြင်းမှာ အမှန်တကယ်ပင် ဝမ်းနည်းစရာ ကောင်းလှ၏။ သို့သော်ငြား ခေတ်အဆက်ဆက် ထိုက်ဇီနေရာကို ဆက်ခံရသူများသည် အစွမ်းကုန် ကြိုးစားအားထုတ်ရပြီး စိုးရိမ်ထိတ်လန့်စွာဖြင့် နေထိုင်ရသည်ချည်းပင်။ ဧကရာဇ်အဖြစ် နန်းတက်ရမည့် နေ့ရက်အထိ ချောမွေ့စွာ ဖြတ်သန်းနိုင်သူမှာ အမှန်တကယ်တော့ သိပ်မများလှချေ။

သူ၏ လက်ရှိအခြေအနေသည်လည်း သိပ်ဆိုးရွားလှသည် မဟုတ်ချေ။

အနည်းဆုံးတော့ ယုံးကျားဧကရာဇ်သည် သူ့အား အရည်အချင်းပြည့်မီသော ထိုက်ဇီတစ်ပါးအဖြစ် အသိအမှတ်ပြုထားပြီး ထိုက်ဇီအရာမှ ဖယ်ရှားမည့် ဆန္ဒမရှိခြင်းပင်။

"ချီးကျူးပေးတဲ့အတွက် ဖုဟွမ်ကို ကျေးဇူးတင်ပါတယ်" လီကျင့်၏ အပြုံးတွင် ဟန်ဆောင်မှုကင်းသော ရိုးသားမှုများ ပိုမိုပါဝင်လာလေသည်။ "သားတော် ကျန့်ခရိုင်ကို သွားခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို အကုန်မြင်တွေ့ခဲ့ရပါတယ်။ ဒါက သားတော်ရဲ့ စိတ်ကို အများကြီး လှုပ်ခတ်စေခဲ့ပါတယ်။ သားတော် နောင်ကျရင် ပြည်သူတွေအတွက် အကျိုးရှိမယ့် ကိစ္စတွေကို ပိုပြီးလုပ်ဆောင်ပေးချင်ပါတယ်"

ယုံးကျားဧကရာဇ်သည် လီကျင့်ကို တစ်ချက် စွေကြည့်လိုက်လေသည်။ "ဒီလိုဆိုမှတော့ မင်းက တာဝန်ထမ်းဆောင်ချင်ပြီး ကျန်းအတွက် တော်ဝင်ဂူဗိမာန် ဆောက်ပေးဖို့ ဆန္ဒမရှိတော့ဘူးပေါ့လေ"

လီကျင့်သည် သေချာပေါက် ဝန်ခံမည် မဟုတ်ချေ။ "ဖုဟွမ် အထင်လွဲနေပါပြီ။ သားတစ်ယောက်အနေနဲ့ ဖခင်အပေါ် ကျေးဇူးသိတတ်ရမှာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပါ။ ဖုဟွမ်အတွက် တော်ဝင်ဂူဗိမာန် တည်ဆောက်တဲ့ တာဝန်ကို သားတော် လက်ခံထားပြီးမှတော့ သေချာပေါက် ပြီးဆုံးအောင် လုပ်ဆောင်မှာပါ"

"သားတော်က လုပ်ငန်းဌာနက အရည်အချင်းရှိတဲ့ အရာရှိတွေကို ရွေးချယ်ပြီး ဦးတော်ဝင်ဂူဗိမာန် တည်ဆောက်ရေးအတွက် တာဝန်ပေးထားပါတယ်။ ၁၀ရက်တစ်ကြိမ် တည်ဆောက်ရေး အခြေအနေနဲ့ တိုးတက်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးမေးမြန်းပါတယ်။ ကျန့်ခရိုင်မှာ တာဝန်ထမ်းဆောင်နေတုန်းကလည်း တစ်ကြိမ်လေးတောင် မပျက်ကွက်ခဲ့ပါဘူး"

"သားတော် တွေးမိတာက ညီလာခံကိစ္စတွေက အရမ်းများပြားပြီး ဖုဟွမ်က နေ့စဉ် တိုင်းရေးပြည်ရာတွေနဲ့ အလုပ်ရှုပ်ပြီး ပင်ပန်းလွန်းလှပါတယ်။ ဒါကြောင့် ဖုဟွမ်ရဲ့ အပူအပင်တွေကို ကူညီဖြေရှင်းပေးချင်တာပါ။ သားတော်က ငယ်ရွယ်ပြီး အားအင်ပြည့်ဖြိုးနေတော့ ဖုဟွမ်အနေနဲ့ သားတော်ကို လူနှစ်ယောက်စာ ခိုင်းစေမယ်ဆိုရင်လည်း အဆင်ပြေပါတယ်"

နောက်ဆုံးပြောလိုက်သည့် လူလည်ကျသော စကားကြောင့် ယုံးကျားဧကရာဇ်သည် နောက်ဆုံးတွင် ပြုံးရယ်မိသွားလေတော့သည်။

ယုံးကျားဧကရာဇ် ပြုံးလိုက်သည်နှင့် နန်းဆောင်အတွင်းရှိ လေးလံအေးစက်နေသော လေထုသည် ချက်ချင်းဆိုသလို လျော့ပါးသွားလေသည်။ "မင်း ဒီလိုပြောမှတော့ ကျန်းကလည်း နောက်ဆိုရင် အားနာနေတော့မှာ မဟုတ်ဘူး။ လုပ်ရအခက်ခဲဆုံး တာဝန်တွေကို ကျန်းက မင်းကိုပဲ ပေးအပ်တော့မယ်"

လီကျင့်ကလည်း ချက်ချင်း လက်ကိုယှက်ကာ ပြုံးလျက် ပြောလိုက်၏။ "ဖုဟွမ်က သားတော်ကို ဒီလောက် ယုံကြည်ပေးမှတော့ သားတော်ကလည်း သေချာပေါက် အစွမ်းကုန် ကြိုးစားပြီး သာ့ဝေတိုင်းပြည်အတွက် အသက်ပေး ဆပ်သွားပါ့မယ်"

ယုံးကျားဧကရာဇ်က ရယ်မောလိုက်ကာ "ပါးစပ်နဲ့ပြောနေရုံနဲ့ မရဘူးနော်။ ကျန်းက နောက်ဆို မင်း တာဝန်ကို ဘယ်လိုထမ်းဆောင်လဲဆိုတာ ကြည့်ပြီးမှ ဆက်ပြောမယ်"

လီကျင့်က တည်ကြည်လေးနက်စွာ ပြန်ဖြေလိုက်၏။ "သားတော် အခု အများကြီး ပြောမနေတော့ပါဘူး။ နောက်ကျရင် ဖုဟွမ် ကိုယ်တိုင် မြင်တွေ့ရမှာပါ"

ယုံးကျားဧကရာဇ်က အင်းဟု ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး ပြောလိုက်လေသည်။ "မင်း ကျန့်ခရိုင်မှာ လအနည်းငယ်လောက် အလုပ်ရှုပ်ခဲ့ရတာဆိုတော့ ပြန်ရောက်တုန်း ရက်နည်းနည်းလောက် အနားယူလိုက်ပါဦး။ ပြီးမှပဲ ညီလာခံတက်ပြီး တာဝန်ပြန်ထမ်းဆောင်ပေါ့"

လီကျင့်သည် ဂါရဝပြု နှုတ်ဆက်ကာ ပြန်လည် ထွက်ခွာလာခဲ့လေသည်။

...

အရှေ့နန်းဆောင်သို့ ပြန်ရောက်သည့်အချိန်တွင် နေဝင်ရီတရော အချိန်သို့ ရောက်ရှိနေပြီ ဖြစ်၏။

လုမင်ယွိက ဘာမှ အများကြီး မမေးမြန်းဘဲ ညစာပြင်ဆင်ရန်သာ အမိန့်ပေးလိုက်လေသည်။

လွန်ခဲ့သော ၁နှစ်ကျော်လောက်ကတည်းက စတင်ပြီး လီကျင့်သည် ဝမ်ဟွားနန်းဆောင်တွင် ညစာ စားသုံးခဲ့ခြင်း မရှိတော့ပေ။

ညစာ စားပြီးနောက်တွင် ဇနီးမောင်နှံနှစ်ဦးသည် အိပ်ဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ လီကျင့်သည် ယနေ့ အကြောင်းအရာများကို တစ်ခုမကျန် ပြောပြလိုက်လေသည်။

"... နောက်၂ရက်လောက်နေရင် လီဟောက်က နန်းတော်ထဲဝင်ပြီး ဖုဟွမ်ကို လာတွေ့လိမ့်မယ်"

လုမင်ယွိက ခေါင်းအသာညိတ်လိုက်၏။ "အချိန်တန်ပြီပဲလေ။ လီချန်လည်း မင်္ဂလာဆောင်တော့မှာဆိုတော့ လီဟောက်က အဖေတူအမေတူ အစ်ကိုကြီးတစ်ယောက်အနေနဲ့ ပေါ်လာမှ ဖြစ်မှာပေါ့"

ဒီတစ်ခေါက် ပြင်းထန်တဲ့ ရိုက်ချက်က လီဟောက်ကို တော်တော်လေး အထိနာသွားစေတာပဲ။

လီဟောက်နဲ့ ကွမ်ပင်းနယ်စားကို လုံးဝ အပြတ်ရှင်းပစ်ဖို့ ဆိုရင်တော့ မလုံလောက်သေးဘူး။ နောက်ကျရင် အခွင့်အရေး ရလာဦးမှာပဲ။ လောလောဆယ်တော့ မလောသေးပါဘူး။

ဇနီးမောင်နှံနှစ်ဦးသည် စိတ်ချင်းဆက်နွယ်နေကြသဖြင့် စကားအချို့ကို ထုတ်ပြောစရာမလိုဘဲ အကြည့်တစ်ချက်ဖြင့်ပင် အချင်းချင်း နားလည်သဘောပေါက်နေကြလေသည်။

လီကျင့်သည် လုမင်ယွိကို တစ်ချက် ကြည့်လိုက်ပြီး သူနှင့် ယုံးကျားဧကရာဇ်တို့၏ ပြောစကားများကို တစ်ဖန် ပြောပြလိုက်ပြန်သည်။

လုမင်ယွိသည် ဦးစွာ မျက်မှောင်ကြုတ်လိုက်သော်လည်း လျင်မြန်စွာပင် ပြန်လည် တည်ငြိမ်သွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ရှင် ဒီနေ့ ပြန်ဖြေလိုက်တာ မမှားပါဘူး။ နန်းတော်ထဲမှာ မွန်းကြပ်ပြီး သည်းခံနေရတာထက် မြို့တော်ကနေ ခဏခဏ ခွာပြီး တာဝန်ထမ်းဆောင်ရတာက ပိုကောင်းပါတယ်"

ယုံးကျားဧကရာဇ် ပြောလိုက်သည့် "လုပ်ရအခက်ခဲဆုံး တာဝန်တွေကို ကျန်းက မင်းကိုပဲ ပေးအပ်တော့မယ်" ဟူသော စကားမှာ အလကား ပြောလိုက်ခြင်း မဟုတ်ပေ။ စဉ်းစားကြည့်လျှင် လီကျင့်သည် နောင်တွင် အေးအေးဆေးဆေး နေရတော့မည် မဟုတ်ကြောင်း တွေးမိလိုက်သည်။

သို့သော်လည်း ဒါသည် တစ်နေ့ကုန် အရှေ့နန်းဆောင်ထဲတွင် အောင်းနေရသည်ထက်စာလျှင် အများကြီး သာလွန်ပေသည်။

ထိုက်ဇီတစ်ပါးအနေဖြင့် အကြောက်ရဆုံးအရာမှာ ဘေးဖယ်ထားခံရပြီး အေးစက်စွာ ဆက်ဆံခံရကာ ညီလာခံ နိုင်ငံရေးကိစ္စများနှင့် ဝေးကွာသွားရခြင်းပင်။

လီကျင့်၏ မျက်ဝန်းထဲတွင် အားနာစိတ်များ ပေါ်ပေါက်လာတော့သည်။ "ဒီလိုဆိုရင်တော့ ကိုယ်က မင်းနဲ့ ကလေးတွေကို အချိန်တိုင်း အဖော်ပြုပေးနိုင်တော့မှာ မဟုတ်လို့ စိုးရိမ်မိတယ်"

လုမင်ယွိက ပြုံးလိုက်လေသည်။ "လင်မယားချင်းပဲ ဘာလို့ ဒီလိုစကားတွေ ပြောနေရတာလဲ။ ရှင်က ကျွန်မရဲ့ ခင်ပွန်းဖြစ်သလို ကလေးတွေရဲ့ အဖေလည်း ဟုတ်တယ်။ ပြီးတော့ ရှင်က သာ့ဝေတိုင်းပြည်ရဲ့ ထိုက်ဇီတစ်ပါးလေ။ တိုင်းပြည်ကို ရင်ဝယ်ပိုက်ပြီး လက်တွေ့ကျတဲ့ အလုပ်တွေကို လုပ်ဆောင်ကာ ပြည်သူတွေကို အေးချမ်းသာယာအောင် လုပ်ပေးရမှာ"

"ရှင့်မှာ ရှင့်ရဲ့ ရည်မှန်းချက်တွေ ရှိတယ်။ ကျွန်မက ရှင့်ရဲ့ဘေးနားမှာ ရပ်တည်ပြီး အမြဲတမ်း ပံ့ပိုးပေးနေမှာပါ"

"ရှင်က စိတ်အေးလက်အေးနဲ့သာ တာဝန်သွားထမ်းဆောင်ပါ။ အရှေ့နန်းဆောင်မှာ ကျွန်မ ရှိတယ်။ ကလေးတွေကိုလည်း ကျွန်မ စောင့်ရှောက်လိုက်မယ်။ မူဟုပ်နဲ့ ဟွမ်ကျဲတို့ ဘာကိစ္စပဲရှိရှိ ကျွန်မ ရှိနေတာပဲ။ ရှင် စိတ်ပူစရာ မလိုပါဘူး"

လီကျင့်၏ ရင်ထဲတွင် ပူနွေးသွားပြီး လုမင်ယွိကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ပွေ့ဖက်လိုက်သည်။ သူ၏ အသံများမှာလည်း သိသိသာသာ စိတ်လှုပ်ရှားလာတော့၏။ "ရှောင်ယွိ... ကျေးဇူးတင်ပါတယ်... ထားလိုက်ပါတော့လေ။ ဒီစကားကို မပြောတော့ပါဘူး။ မင်းပြောတာ မှန်ပါတယ်။ ကိုယ်တို့ကြားမှာ ဒီလိုစကားတွေ ပြောစရာမှ မလိုတာ။ ကိုယ် မင်းကို နားလည်သလို မင်းကလည်း ကိုယ့်ကို နားလည်ပေးတယ်"

"မင်းကို ဇနီးအဖြစ် ပိုင်ဆိုင်ရတာ ကိုယ့်အတွက်တော့ တကယ့်ကံကောင်းမှုပါပဲ"

လုမင်ယွိသည် သူ့ရင်ခွင်ထဲတွင် ခပ်တိုးတိုး ရယ်မောလိုက်လေသည်။ "ဒါကတော့ မသေချာပါဘူး။ ကျွန်မက စိတ်သဘောထား မာကျောပြီး ဒေါသထွက်လာရင် ဘယ်လိုမှ ထိန်းချုပ်လို့ရတာ မဟုတ်ဘူး။ ပြဿနာရှာတဲ့ အချိန်တွေက ရှင့်ကို နားလည်ပေးတဲ့ အချိန်ထက် ပိုများပါတယ်။ ရှင်ဆိုတဲ့ ထိုက်ဇီခမျာလည်း ကျွန်မကြောင့် ခဏခဏ ဒုက္ခရောက်ရတာပဲ"

ဥပမာ ပြောရမည် ဆိုလျှင်တော့ အရင်တုန်းက ကောလာဟလ ကိစ္စပင်။ သူမသည် လီကျင့်နှင့် မတိုင်ပင်ဘဲ တိုက်ရိုက် လက်တုံ့ပြန်ခဲ့သည်။ နောက်ဆုံးတွင်တော့ ထိုစာရင်းရှင်းတမ်းသည် လီကျင့်၏ ခေါင်းပေါ်သို့သာ ရောက်ရှိသွားခဲ့ရသည်။

လီကျင့်သည် ကျန့်ခရိုင်တွင် ကြိုးကြိုးစားစားဖြင့် အကျိုးဆောင်ခဲ့သော်လည်း နန်းတော်သို့ ပြန်ရောက်သည့်အခါ ဆုချီးမြှင့်မခံရသည့်အပြင် ယုံးကျားဧကရာဇ်၏ သတိပေးမှုကိုပင် ခံလိုက်ရသေးသည်။ အဆုံးသတ် ပြောရလျှင် ထိုအရာအားလုံးက သူမကြောင့် ဖြစ်ရခြင်းပင်။

လီကျင့်သည် လေသံတိုးတိုးဖြင့် ရယ်မောလိုက်ပြီး ပူနွေးသော လေငွေ့များသည် သူမ၏ နားနားတွင် ဖြတ်သန်းတိုက်ခတ်သွားတော့သည်။ "မင်းကြောင့် ဒုက္ခရောက်ရမယ် ဆိုရင်လည်း ကိုယ်က ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်"

လုမင်ယွိ၏ နားနောက်ဘက်သည် အထိမခံနိုင်ဆုံး ဖြစ်သဖြင့် ချက်ချင်းဆိုသလို နီရဲလာတော့သည်။ သူမသည် မော့ကြည့်ကာ လီကျင့်ကို မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။ ထိုမျက်စောင်းထဲတွင် ဆွဲဆောင်မှုရှိသော ညှို့ဓာတ်များ ပါဝင်နေပြီး စိတ်နှလုံးကို မူးမေ့သွားစေနိုင်လောက်၏။

လီကျင့်သည် မည်သို့လုပ်ပြီး သည်းခံနိုင်ပါတော့မည်နည်း။ ခေါင်းကို ငုံ့လိုက်ကာ နက်ရှိုင်းသော အနမ်းတစ်ခုကို ပေးအပ်လိုက်လေတော့သည်။

...

၂ရက် ကြာမြင့်ပြီးနောက်တွင် လီဟောက်သည် ဇနီးနှင့် သားသမီးများကို ခေါ်ဆောင်ကာ နန်းတော်ထဲသို့ ဂါရဝပြုရန် ဝင်ရောက်လာခဲ့လေသည်။

အတူတကွ ဝင်ရောက်လာသူများထဲတွင် မကြာမီ လက်ထပ်တော့မည့် ပဉ္စမမင်းသား လီချန်လည်း ပါဝင်သည်။

လီချန်သည် ထုံးစံအတိုင်း အစ်ကိုဖြစ်သူ၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပြီး ခါချ၍မရသော အမြီးတစ်ခုနှယ်ပင်။

လီဟောက်သည်လည်း ယဉ်ပါးနေပြီ ဖြစ်၏။ ရှို့နင်နန်းဆောင်ထဲသို့ မဝင်မီ လီချန်ကို အထူးတလည် မှာကြားလိုက်လေသည်။ "နန်းဆောင်ထဲ ရောက်ရင် အဘွားတော်ကို ဂါရဝပြုနော်။ စကားနည်းနည်းပဲ ပြော။ ပြီးတော့ မကျေမနပ်ဖြစ်တဲ့ပုံစံ နည်းနည်းလေးတောင် ထုတ်မပြမိစေနဲ့"

လီချန်က စိတ်ရှုပ်ထွေးစွာဖြင့် ပြန်ဖြေလိုက်သည်။ "သိပါပြီ"

လီဟောက်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ "ရင်ကိုကော့ထား။ အမြဲတမ်း ဒီလို ပျော့ညံ့ပြီး အားမရှိတဲ့ပုံစံ လုပ်မနေနဲ့"

လီချန်သည် စကားနားထောင်စွာဖြင့် ခါးကို မတ်လိုက်လေသည်။

မုန့်ယွင်လော်သည် နှုတ်ခမ်းထောင့်များ တွန့်သွားတော့သည်။ ဒီလိုမြင်ကွင်းမျိုးကို သူမလည်း မြင်ဖူးနေကျ ဖြစ်၏။ မြင်လိုက်ရတိုင်း စိတ်ထဲတွင် တိတ်တဆိတ် ကဲ့ရဲ့ပြစ်တင်မိလေသည်။

အစ်ကိုကြီးဆိုတာ အဖေနဲ့တူတယ် ဆိုတဲ့စကားက လီဟောက်အတွက်တော့ တစ်စက်လေးမှ မမှားဘူးပဲ။

လီဟောက်သည် လီချန်အပေါ် အစကတည်းက ကောင်းမွန်ခဲ့သည်။ စူးဖေး သေဆုံးသွားပြီးနောက်တွင် လီဟောက်သည် လီချန်ကို မိမိ၏ တာဝန်တစ်ခုအဖြစ် ပိုလို့ပင် သဘောထားလာခဲ့သည်။

စာပေလေ့လာခြင်း သိုင်းပညာသင်ကြားခြင်းမှအစ ပုံမှန် စကားပြောဆို နေထိုင်ခြင်းအထိ ကိစ္စအဝဝကို ဝင်ရောက်စွက်ဖက် မေးမြန်းလေ့ရှိသည်။

ဒါက ညီလေးကို ဆုံးမသွန်သင်နေတာ ဘယ်ဟုတ်မလဲ။ အဖေအရင်းက သားကို ထိန်းကျောင်းနေတာနဲ့ တူနေတာပဲ။

ဒီလိုစကားမျိုးကိုတော့ မုန့်ယွင်လော်သည် စိတ်ထဲတွင်သာ ရေရွတ်ရဲပြီး ထုတ်ဖော်ပြောဆိုရန် လုံးဝ မဝံ့ရဲချေ။ လီဟောက် စိတ်အနှောင့်အယှက် ဖြစ်မည်ကို ရှောင်ရှားလိုသောကြောင့်ပင်။

"တတိယမင်းသား၊ တတိယမင်းသားကြင်ရာတော်နဲ့ ပဉ္စမမင်းသားတို့ နန်းဆောင်ထဲ ဝင်ရောက်ဖို့ ဖိတ်ကြားပါတယ်" နန်းတွင်းအစေခံသည် ခေါင်းငုံ့ကာ အရိုအသေပြုလိုက်ပြီး တတိယမင်းသား၏ မျက်နှာထားကို မော့ကြည့်ချင်သည့် စိတ်ဆန္ဒကို အစွမ်းကုန် ထိန်းချုပ်ထားလိုက်ရသည်။

နန်းတော်ထဲတွင် မည်သူမဆို အတင်းအဖျင်းပြောဆိုခြင်းကို တားမြစ်ထားလေသည်။ တတိယမင်းသား၏ မျိုးရိုးနောက်ခံနှင့် ပတ်သက်သည့် ကောလာဟလများကို မည်သူမျှ ထုတ်ဖော်မပြောရဲကြချေ။

သို့သော်ငြား ထုတ်မပြောရုံဖြင့် စူးစမ်းချင်စိတ် မရှိတော့ဟု မဆိုလိုပေ။

တတိယမင်းသား နန်းတော်ထဲဝင်ပြီး ဂါရဝပြုသည်ကို လူဘယ်နှယောက်လောက်များ စောင့်ကြည့်နေကြသလဲ မသိနိုင်ပေ။

လီဟောက်သည် တစ်ချက် ဝေ့ဝဲကြည့်လိုက်ပြီး ခေါင်းအသာညိတ်ကာ ရှို့နင်နန်းဆောင်အတွင်းသို့ ဦးဆောင် ဝင်ရောက်သွားလေတော့သည်။

...

အပိုင်း (၅၃၇) ပါးစပ်သနပ် (၁)

ရှို့နဉ်နန်းဆောင်။

တတိယမင်းသား ဂါရဝပြုရန် နန်းတော်ထဲသို့ ဝင်ရောက်လာသည့်ကိစ္စကို သိသူကလည်း မနည်းလှချေ။ ယနေ့ မနက်စောစောကတည်းက ချောင်မိဖုရားခေါင်နှင့် ထိုက်ဇီဖေး လုမင်ယွိတို့ ရောက်ရှိနေကြပြီး မုန့်ဖေးနှင့် ချင်ဖေးတို့လည်း ရှိနေကြ၏။

ပုံမှန်အချိန်တွင် အနေအထိုင် တည်ငြိမ်ပြီး အသံတိတ်နေတတ်သည့် ဝမ်ကျဲယွီကပင် မင်းသမီးလေးကို ခေါ်ဆောင်ကာ "ဂါရဝပြု" ရန် ရောက်ရှိနေပြီး အခြေအနေကို လာရောက် စောင့်ကြည့်နေလေသည်။

ကောလာဟလ၏ "အစွမ်း" က မည်မျှ ကြီးမားကြောင်းကို ဤအချက်ကို ကြည့်ရုံဖြင့် သိသာထင်ရှားလှပေသည်။

ကောလာဟလများသည် ကွမ်ပင်းနယ်စားနှင့် ပတ်သက်နေသဖြင့် မုန့်ဖေးသည်လည်း ဒီရက်ပိုင်းအတွင်း နေထိုင်ရ ခက်ခဲနေရှာသည်။ သိသိသာသာ ပိန်ကျသွားပြီး မျက်လုံးထောင့်များရှိ အရေးအကြောင်းများမှာလည်း ပိုမိုနက်ရှိုင်းလာခဲ့လေသည်။

ချင်ဖေးသည် မုန့်ဖေးကို တစ်ချက် ကြည့်လိုက်ပြီး တမင်တကာ ပြုံးရယ်ကာ စနောက်လိုက်၏။ "အို... ဒီရက်ပိုင်းလေး မတွေ့ရတာ မုန့်ဖေးက ကြည့်ရတာ ပိုပိန်သွားသလိုပဲနော်"

မုန့်ဖေးက ဟန်ဆောင်ပြုံးလိုက်ပြီး ပြန်ပြောလိုက်၏။ "ဟုတ်လား။ ချင်ဖေးကတော့ ကြည့်ရတာ တော်တော် ဝလာသလိုပဲ။ အရှင်မင်းကြီးက မကြာခဏ လာရောက်လည်ပတ်တာ မရှိပေမယ့် ချင်ဖေးအနေနဲ့ ကိုယ့်ရုပ်ရည်သွင်ပြင်ကို ထိန်းသိမ်းထားသင့်တယ်။ ဒါမှ အရှင်မင်းကြီး မြင်တဲ့အခါ စိတ်မပျက်မိမှာ။ ဒါက ငါတို့လို နန်းတွင်းမိဖုရားတွေရဲ့ တာဝန်ပဲလေ"

ချင်ဖေး "..."

မုန့်ဖေးက စကားလုံးတွေနဲ့ တိုက်ခိုက်လာပြီဆိုရင် အဆိပ်ပြင်းလွန်းလှတယ်။

ချင်ဖေးသည် အနိုင်မရသည့်အပြင် ရှက်စိတ်ဖြင့် ပါးစပ်ပိတ်ထားလိုက်ရတော့သည်။

မယ်တော်ကြီးကျောက်သည် ချင်ဖေးဘက်ကိုသာ အမြဲတမ်း လိုက်ပါလေ့ရှိသဖြင့် ချက်ချင်းဆိုသလို မုန့်ဖေးကို စိုက်ကြည့်လိုက်လေသည်။ "နင်လည်း ပါးစပ်ပိတ်ထားလိုက်တော့။ နန်းတွင်းမိဖုရား တစ်ယောက်အနေနဲ့ အရှင်မင်းကြီးကို ကောင်းမွန်စွာ ပြုစုရမှာက တာဝန်ပဲ။ မပြောသင့်တဲ့ စကားတွေကို လျှော့ပြော။ နန်းတွင်းထဲမှာ ကောလာဟလတွေ နည်းနေသေးလို့လား"

ဒီစကားက မုန့်ဖေးကို ပြောနေသည်ဆိုသော်ငြား တကယ်တမ်းကျတော့ ချောင်မိဖုရားခေါင်နှင့် လုမင်ယွိကို သတိပေးလိုက်ခြင်းပင်။

မယ်တော်ကြီးကျောက်သည် ပြောရင်းဆိုရင်းနှင့်ပင် ဟိုဘက်သို့ အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်လေသည်။

လုမင်ယွိသည် မတုန်မလှုပ် ငြိမ်သက်နေပြီး "ဒီကိစ္စက ငါနဲ့ ဘာမှမဆိုင်ပါဘူး" ဆိုသော ပုံစံမျိုးဖြင့် တည်ငြိမ်နေလေသည်။

ချောင်မိဖုရားခေါင်သည်လည်း မျက်နှာထား မပြောင်းလဲဘဲ မယ်တော်ကြီးကျောက်၏ စကားကို ထောက်ခံလိုက်၏။ "မူဟုပ် ပြောတာ မှန်ပါတယ်။ မုန့်ဖေး... မင်း မတ်တပ်ထပြီး မူဟုပ်ကို တောင်းပန်စကား မဆိုသေးဘူးလား"

မုန့်ဖေးသည် ဒေါသကို မြိုသိပ်ထားလိုက်ပြီး မတ်တပ်ရပ်ကာ တောင်းပန်လိုက်လေသည်။ "ချန်ချဲ့ ပါးစပ်သရမ်းမိသွားပါတယ်။ မယ်တော်ကြီး စိတ်မရှိပါနဲ့"

မယ်တော်ကြီးကျောက်က နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။ "ထားလိုက်ပါတော့။ ခဏနေ တတိယမင်းသား ဝင်လာရင် အားလုံး ပါးစပ်ပိတ်ထားကြ"

စကားဆုံးသည်နှင့် တတိယမင်းသား လီဟောက်သည် ဝင်ရောက်လာလေတော့သည်။ တတိယမင်းသားကြင်ရာတော် မုန့်ယွင်လော်သည် သမီးဖြစ်သူ ကျန်းအာကို ခေါ်ဆောင်ကာ အနောက်မှ ကပ်လျက် လိုက်ပါလာပြီး လီချန်ကတော့ ခြေလှမ်းအနည်းငယ် နောက်ကျနေလေသည်။

လူတိုင်း၏ အကြည့်များသည် တပြိုင်နက်တည်း သူတို့ဆီသို့ ရောက်ရှိသွားကြတော့သည်။

လုမင်ယွိသည်လည်း လီဟောက်ကို ကြည့်နေပြီး နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခုကို ချိတ်ဆွဲထားလေသည်။

လီဟောက်က သူမ၏ အကြည့်ကို သတိထားမိခြင်း ရှိမရှိတော့ မသိပေ။ လူအများရှေ့မှောက်တွင် လီဟောက်သည် လုမင်ယွိကို မကြည့်ဘဲ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးကာ လက်ယှက်ပြီး ဂါရဝပြုလိုက်လေသည်။ "မြေးတော် လီဟောက်... အဘွားတော်ကို ဂါရဝပြုပါတယ်"

မုန့်ယွင်လော်လည်း အလျင်အမြန်ပင် လိုက်ပါ ဂါရဝပြုလိုက်၏။

လီချန်က လှုပ်ရှားမှု တစ်ဆင့် နှေးကွေးနေပြီး စကားပြောသည်မှာလည်း လေးကန်နေလေသည်။ "မြေးတော် လီချန်... အဘွားတော်ကို ဂါရဝပြုပါတယ်"

မယ်တော်ကြီးကျောက်၏ မျက်ဝန်းထဲတွင် သနားဂရုဏာ သက်မိသွားပြီး သက်ပြင်းချလိုက်လေသည်။ "အားလုံး ထကြပါ။ ဒီလအနည်းငယ်အတွင်း အိုက်ကျား စိတ်ထဲမှာ မင်းတို့ ညီအစ်ကိုနှစ်ယောက်ကို အမြဲတမ်း စိတ်ပူနေခဲ့တာ။ ဒီနေ့မှပဲ တွေ့လိုက်ရတော့တယ်။ အခုမှပဲ စိတ်အေးရတော့တယ်"

လီဟောက်၏ မျက်နှာတွင် ရှက်ရွံ့သည့် အရိပ်အယောင်များ ပေါ်ပေါက်လာလေသည်။ "မြေးတော်က ဒီလောက် အရွယ်ရောက်နေပြီ။ အဘွားတော်ကို စိတ်ပူပင်စေမိတဲ့အတွက် တကယ်ပဲ ရှက်မိပါတယ်"

မယ်တော်ကြီးကျောက်က နောက်ထပ် သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။ "ကွမ်ပင်းနယ်စားက အရင်တုန်းက အနေအထိုင် မဆင်ခြင်ဘဲ စူးရှီနဲ့ ရှုပ်ရှုပ်ထွေးထွေး ဖြစ်ခဲ့တာတွေက မင်းအပေါ် ဘယ်လိုလုပ် အပြစ်ပုံချလို့ ရမှာလဲ။ ဒါပေမဲ့ စူးကွေ့ရန် နန်းတော်ထဲ ဝင်ရောက်လာတဲ့ ကိစ္စကတော့ မင်း မှားတာ အမှန်ပဲ။ အဲဒီကိစ္စသာ မဖြစ်ခဲ့ရင် အခုလို ပြဿနာတွေ အများကြီး ဖြစ်လာစရာ အကြောင်းမရှိဘူး"

လီဟောက် "..."

လုမင်ယွိသည် လီဟောက်၏ အရုပ်ဆိုး အကျည်းတန်နေသော မျက်နှာထားကို ကြည့်ရင်း နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး စိတ်ထဲတွင် ကျေနပ်အားရသွားလေသည်။

ကွမ်ပင်းနယ်စားနှင့် ပတ်သက်လာသည်နှင့် မုန့်ဖေးသည်လည်း ငြိမ်မနေနိုင်တော့ဘဲ မတ်တပ်ထရပ်ကာ အစ်ကိုဖြစ်သူအတွက် ဝင်ပြောလေတော့သည်။ "အရင်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ချန်ချဲ့လည်း နည်းနည်းပါးပါး သိထားပါတယ်။ ဒါကြောင့် သတ္တိမွေးပြီး ပြောပါရစေ"

"ချန်ချဲ့ရဲ့ အစ်ကိုနဲ့ အရှင်မင်းကြီးက ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာကြတာပါ။ အတူတူ သောက်စားပျော်ပါးခဲ့ကြတယ်။ ယောက်ျားတွေ အရက်သောက်ပြီး ပျော်ပါးကြတဲ့အခါ မသင့်တော်တဲ့ ကိစ္စတချို့ ဖြစ်ပျက်ခဲ့တာက ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ အရှင်မင်းကြီးက စူးရှီကို လီအိမ်တော်ရဲ့ အတွင်းဆောင်ထဲအထိ ခေါ်လာခဲ့တာကို ကြည့်ရင် အဲဒီ အတိတ်က ကိစ္စလေးကို စိတ်ထဲမထားဘူး ဆိုတာ သိသာထင်ရှားနေတာပါပဲ"

"ဘယ်လို မကောင်းတဲ့ စိတ်နှလုံးပိုင်ရှင်တွေကများ အတိတ်က အကြောင်းအရာဟောင်းတွေကို ပြန်လည် တူးဖော်ပြီး ကောလာဟလတွေ ဖြန့်နေကြလဲ မသိပါဘူး။ ချန်ချဲ့မှာ ပြန်ချေပစရာ စကားတောင် မရှိတော့ပါဘူး။ ကြီးမြတ်လှတဲ့ သာ့ဝေတိုင်းပြည်ရဲ့ ကွမ်ပင်းနယ်စားခမျာလည်း အိမ်တံခါးပိတ်ပြီး နေနေရရှာတယ်..."

ချောင်မိဖုရားခေါင်၏ မျက်နှာထားသည် အနည်းငယ် တင်းမာသွားပြီး မုန့်ဖေး၏ စကားကို ဖြတ်ပြောလိုက်လေသည်။ "မုန့်ဖေး စကားကို ဆင်ခြင်ပါ"

သူမရဲ့ ရှေ့မှောက်မှာတင် ရိပ်ဖမ်းသံဖမ်းနဲ့ လာပြီး ဆဲဆိုရဲတယ်ပေါ့လေ။

မုန့်ဖေး၏ ရင်ထဲတွင် မွန်းကြပ်နေသော ဒေါသမီးများသည် စုပုံနေသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ဒီလို အခွင့်ကောင်း ကြုံတောင့်ကြုံခဲ ရရှိနေချိန်တွင် မည်သို့ လက်လွှတ်ခံပါမည်နည်း။ ချောင်မိဖုရားခေါင်၏ သတိပေးမှုကို လျစ်လျူရှုပြီး ဆက်ပြောလိုက်လေသည်။ "... ချန်ချဲ့ လီအိမ်တော်ထဲကို ရောက်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အရှင်မင်းကြီးအတွက် သားသမီးတွေ မွေးဖွားပေးခဲ့တယ်။ ချန်ချဲ့ရဲ့ အစ်ကိုကလည်း အရှင်မင်းကြီးရဲ့ နောက်လိုက်အဖြစ် ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် အလုပ်အကျွေးပြုခဲ့တယ်။ သေရေးရှင်ရေး တိုက်ပွဲတွေမှာ အတူတူ ဖြတ်သန်းခဲ့တယ်။ အကျိုးဆောင်မှု မရှိရင်တောင် ပင်ပန်းဆင်းရဲခဲ့တဲ့ အကျိုးကျေးဇူးတော့ ရှိပါသေးတယ်။ အခုတော့ ဂုဏ်သိက္ခာတွေ အားလုံး ကျဆင်းသွားရပြီ။ ချန်ချဲ့က အစ်ကို့အတွက် တကယ်ပဲ စိတ်မကောင်း ဖြစ်မိပါတယ်"

ချောင်မိဖုရားခေါင်သည် ဒေါသထွက်လွန်းသဖြင့် ရင်ထဲတွင် မီးဟုန်းဟုန်း တောက်လောင်နေတော့သည်။ ပါးစပ်ဟပြီး ပြောရန် ပြင်လိုက်ချိန်မှာပင် လုမင်ယွိ၏ အသံကို ကြားလိုက်ရလေသည်။ "မုန့်ဖေးက ဒီလောက်တောင် မကျေမနပ် ဖြစ်နေမှတော့ ဘာလို့ ဝမ်ဟွားနန်းဆောင်ကို သွားပြီး ဖုဟွမ်ကို မလျှောက်တင်တာလဲ။ အဲဒီ ရင်ထဲက စကားတွေကို ဖုဟွမ် ကြားအောင် သွားပြောပြလိုက်ပါလား"

မုန့်ဖေး "..."

မုန့်ဖေးသည် စကားတစ်ခွန်းဖြင့် ပိတ်ဆို့ခံလိုက်ရသဖြင့် လုမင်ယွိဘက်သို့ လှည့်ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် ဒေါသအငြိုးအတေးများ ပြည့်နှက်နေလေသည်။

လုမင်ယွိသည် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး အေးစက်စွာ ပြောလိုက်၏။ "မုန့်ဖေးက ဘာလို့ စားပွဲကို ရိုက်ပြီး မတ်တပ်ထမရပ်တာလဲ။ ပြီးရင် ကွမ်ပင်းနယ်စားရဲ့ အကျိုးဆောင်မှုတွေကို ထပ်ပြောပြလိုက်လေ။ ပြီးတော့ တော်ဝင်မိသားစုက ရက်စက်ပြီး သာ့ဝေတိုင်းပြည်ရဲ့ အကျိုးဆောင်တွေကို အနိုင်ကျင့်ပါတယ်လို့ စွပ်စွဲလိုက်ပါလား"

တိုတောင်းလှသော စကား ၂ခွန်းကြောင့် မုန့်ဖေး၏ ကျောပြင်တွင် ချွေးအေးများ စီးကျလာလေတော့သည်။

မုန့်ဖေးသည် ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။ "နင် ငါ့ကို စွပ်စွဲမနေနဲ့။ ငါက ခုနက အစ်ကို့အတွက် မေတ္တာရပ်ခံပေးရုံ သက်သက်ပါ။ အရှင်မင်းကြီးကို အပြစ်တင်တဲ့ သဘောထားမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး"

"ဟုတ်လား။ မုန့်ဖေးက ဖုဟွမ်ကို အပြစ်မတင်ဘူးဆိုရင် ဘယ်သူ့ကို အပြစ်တင်နေတာလဲ" လုမင်ယွိက မျက်ခုံးပင့်လိုက်ပြီး လေသံအေးစက်စက်ဖြင့် ပြောလိုက်သည်။ "နန်းတော် အတွင်းအပြင်မှာ ကောလာဟလတွေ ပြန့်နှံ့နေတယ်။ အတင်းအဖျင်း ပြောနေတဲ့သူတွေက ထောင်သောင်းချီ ရှိတယ်။ မဟုတ်မှလွဲရော မုန့်ဖေးက အဲဒီလူတွေကို တစ်ယောက်ချင်းစီ လိုက်ရှာပြီး အပြစ်ပေးချင်နေတာလား"

မုန့်ဖေးသည် ပြန်လည်ချေပစရာ စကားမရှိဘဲ အသက်ရှူပင် ကြပ်လာတော့သည်။

ယုံးကျားဧကရာဇ်တောင် မလုပ်နိုင်တဲ့ ကိစ္စကို သူက နန်းတွင်းမိဖုရား တစ်ယောက်အနေနဲ့ ဘယ်လိုနည်းလမ်း ရှိမှာလဲ။

မုန့်ဖေးသည် ရင်ထဲက ဒေါသကို မျိုသိပ်မထားနိုင်ဘဲ အံကြိတ်ကာ ပြောလိုက်လေသည်။ "ငါ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ ဒါပေမဲ့ ခေါင်းပေါ် ၃ပေအကွာမှာ နတ်ဘုရားတွေ ရှိကြတယ်။ လူတစ်ယောက် ဘာလုပ်ခဲ့လဲ ဆိုတာ မိုးနတ်မင်းနဲ့ မြေနတ်မင်းကို ဖုံးကွယ်ထားလို့ မရပါဘူး။ နောက်ကျရင် ဝဋ်လည်မှာပါ"

လုမင်ယွိက မျက်ခုံးပင့်လိုက်ပြီး လီဟောက်ကို ရုတ်တရက် လှမ်းကြည့်လိုက်ကာ အဓိပ္ပာယ်ပါပါ ပြောလိုက်လေသည်။ "မုန့်ဖေးရဲ့ ဒီစကားကိုတော့ ကျွန်မလည်း ထောက်ခံပါတယ်။ လူတွေ ဘာလုပ်လုပ် ကောင်းကင်ကြီးက ကြည့်နေတယ်။ မကောင်းမှု လုပ်ခဲ့ရင်တော့ ပြန်ပေးဆပ်ရမှာပဲ"

အားလုံး "..."

စူးဖေး သေဆုံးမှုက အရှေ့နန်းဆောင်နှင့် တတိယမင်းသားကြားမှာ ဖြေရှင်းမရသော ရန်ငြိုးတစ်ခု ဖြစ်လာခဲ့သည်။

လုမင်ယွိ ပြောလိုက်သည့် စကားများသည် ထက်မြက်ပြီး တိုက်ရိုက်ကျလွန်းလှသဖြင့် လီဟောက်အတွက် မျက်နှာသာပေးမှု အနည်းငယ်မျှပင် မရှိချေ။

လီဟောက်သည် နောက်ဆုံးတွင် လုမင်ယွိနှင့် အကြည့်ချင်း ဆုံသွားလေသည်။

လီဟောက်၏ စိတ်ခံစားချက်များမှာ ရှုပ်ထွေးနေသော်လည်း အကြည့်ကတော့ အတော်အတန် ထိန်းချုပ်ထားနိုင်သေးသည်။

လုမင်ယွိ၏ မျက်နှာထားမှာ ခံစားချက် ကင်းမဲ့နေပြီး အကြည့်များက အေးစက်နေလေ၏။

ထက်မြက်သော ဓားတစ်ချောင်းသည် သူ၏ ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်လာပြီး ကလီစာများကို မွှေနှောက်လိုက်သကဲ့သို့ပင်။ ပြင်းထန်သော နာကျင်မှုနှင့်အတူ အဆုံးမဲ့ အေးစက်မှုကိုပါ ခံစားလိုက်ရသည်။

လီဟောက်သည် အကြည့်ကို လျင်မြန်စွာ လွှဲဖယ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "သေဆုံးသွားတဲ့သူက သေဆုံးသွားပါပြီ။ မူဖေး လုပ်ခဲ့တဲ့ အမှားတွေအတွက်လည်း တန်ရာတန်ကြေး ပေးဆပ်ခဲ့ပြီးပါပြီ။ အခုဆိုရင် မြေကြီးထဲမှာ အိပ်စက်အနားယူနေပါပြီ။ ထိုက်ဇီဖေးက ဘာလို့ အတိတ်က အကြောင်းအရာတွေကို ထပ်ပြောနေရတာလဲ"

လူတိုင်း၏ အမြင်တွင် အရှေ့နန်းဆောင် ထိုက်ဇီဖေးသည် အနိုင်ကျင့် ဗိုလ်ကျနေပြီး တတိယမင်းသား လီဟောက်ကတော့ နေရာတိုင်းတွင် သည်းခံကာ လျှော့ပေးနေရသူ ဖြစ်နေလေသည်။

ဒီလို အပြုအမူ လုပ်ရပ်မျိုးက စူးဖေးဆီကနေ အရိုးထဲထိ စွဲအောင် အမွေရထားတာပဲ။

လုမင်ယွိက အေးစက်စွာ ပြောလိုက်လေသည်။ "ကျွန်မက အစကတော့ ထပ်မပြောချင်ပါဘူး။ ဒါပေမဲ့ တစ်စုံတစ်ယောက်က အကြောင်းမဲ့သက်သက် ရန်စပြီး ကောလာဟလ ကိစ္စတွေကို အရှေ့နန်းဆောင် ခေါင်းပေါ် လာပုံချဖို့ ကြိုးစားနေလို့ပါ။ ဒီကိစ္စကို ကျွန်မ သည်းခံလိုက်ရင် တခြားလူတွေက ကျွန်မကို လိပ်ပြာမလုံဘူးလို့ ထင်သွားကြမှာပေါ့။ ဒီနေ့ ကျွန်မက ပြောရုံတင်မကဘူး။ ရှင်းရှင်းလင်းလင်းကို ပြောပြဦးမှာ"

"ဒီကိစ္စက ဒီမှာတင် ပြီးသွားပြီ။ ဘယ်သူမဆို အရှေ့နန်းဆောင်ကို နာမည်ဖျက်ဖို့ ကြိုးစားရင် ကျွန်မ သဘောတူမတူ အရင်လာမေးလိုက်"

အားလုံး "..."

မင်း လုပ်ထားတာ ရှင်းနေရဲ့သားနဲ့။ မင်းက မျက်နှာပြောင်တိုက်ပြီး ဒီစကားတွေကို ပြောထွက်ရဲတယ်ပေါ့လေ။

...

All Chapters