အခန်း (၅၃၈-၅၄၀)
Vol. 36 Ch. 538-540
အပိုင်း (၅၃၈) ပါးစပ်သနပ် (၂)
ရှို့နဉ်နန်းဆောင်ထဲတွင် ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခု ဖြစ်ပေါ်သွားလေသည်။
လူတိုင်းက လုမင်ယွိ၏ ကျွမ်းကျင်မှုနှင့် လွှမ်းမိုးနိုင်စွမ်းရှိသော စိတ်နေစိတ်ထားကို သိထားကြသော်ငြား ယနေ့ သူမ၏ အပြုအမူက လူတိုင်း၏ အမြင်ကို တစ်ဖန် ပြောင်းလဲသွားစေပြန်သည်။
မုန့်ဖေးသည် ဒေါသကြောင့် ရင်ဘတ်တစ်ခုလုံး ပိတ်ဆို့နေသလို ခံစားနေရပြီး မျက်နှာအမူအရာမှာလည်း ကြည့်ရဆိုးလှသည်။
ချင်ဖေးလည်း လုမင်ယွိကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကာ ပါးစပ်ကို လုံးဝ ပိတ်ထားလိုက်တော့၏။
ဝမ်ကျဲယွီကတော့ မျက်လွှာချထားပြီး မိမိနှင့် အရှေ့နန်းဆောင်တို့ ဆက်ဆံရေး ကောင်းမွန်နေသည့်အတွက် တိတ်တဆိတ် ဝမ်းသာနေမိသည်။
မယ်တော်ကြီးကျောက်သည်ပင်လျှင် လုမင်ယွိ၏ တင်းမာသော သဘောထားကြောင့် အံ့သြသွားလေသည်။ သူမသည် လုမင်ယွိ၏ အေးစက်နေသော မျက်နှာထားကို ကြည့်ပြီး အတော်ကြာမှ စကားတစ်ခွန်း ထွက်ပေါ်လာတော့၏။ "တော်ပြီ။ လုရှီ နင်လည်း စိတ်မဆိုးပါနဲ့တော့။ ဒီကိစ္စက အရှေ့နန်းဆောင်နဲ့ ဘာမှမဆိုင်ပါဘူး။ ဘယ်သူမှ ဆက်မပြောကြနဲ့တော့"
တကယ့်ဆိုးဝါးတဲ့လူနဲ့ တွေ့ရတဲ့အခါ ဘယ်သူကမှ ထိပ်တိုက် မရင်ဆိုင်ရဲကြဘူး ဆိုတာ လက်တွေ့ပြသွားတာပဲ။
မယ်တော်ကြီးကျောက် ကိုယ်တိုင်ကပင် မြေးချွေးမတော်နှင့် စကားနိုင်လုရန် ဆန္ဒမရှိတော့ပေ။
လုမင်ယွိသည် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး လေသံအနည်းငယ် လျော့ထားလိုက်၏။ "မြေးချွေးမတော်က ခုနက စကားလုံးတွေ နည်းနည်းလေး ပြင်းထန်သွားတယ်။ အဘွားတော် စိတ်မရှိပါနဲ့။ တကယ်လို့ တခြားတစ်ယောက်က မြေးချွေးမတော်ကို လာပြောမယ်ဆိုရင် မြေးချွေးမတော်က သည်းခံပေးလို့ ရပါတယ်။ ဒါပေမဲ့ အရှင်မင်းသားရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် ဘယ်သူ့ကိုမဆို မြေးချွေးမတော်က ခွင့်လွှတ်ပေးမှာ မဟုတ်ပါဘူး"
မယ်တော်ကြီးကျောက်သည် ခပ်ဟဟ ရယ်မောလိုက်ကာ "နင်က ထိုက်ဇီကို ဒီလောက် ကာကွယ်ပေးမှတော့ ထိုက်ဇီက နင့်အပေါ် ကောင်းပေးတာနဲ့ တန်တာပေါ့"
ချောင်မိဖုရားခေါင်ကလည်း အချိန်ကိုက်ပင် ကြားဝင်ပြောဆိုလိုက်သည်။ "မူဟုပ် ပြောတာ မှန်ပါတယ်။ လင်နဲ့မယား လျှာနဲ့သွားပဲလေ။ ထိုက်ဇီဖေးက ထိုက်ဇီကို နေရာတိုင်းမှာ ကာကွယ်ပေးနေတာကို တွေ့ရတော့ အာရှီလည်း ကျေနပ်မိပါတယ်"
တစ်ချိန်လုံး အသံတိတ်နေသည့် ဝမ်ကျဲယွီကလည်း ချောင်မိဖုရားခေါင်၏ စကားကို ဝင်ထောက်ခံလိုက်၏။ "ထိုက်ဇီနဲ့ ထိုက်ဇီဖေးတို့ရဲ့ ချစ်ခြင်းမေတ္တာက နက်ရှိုင်းလွန်းလို့ နန်းတွင်းထဲက လူတိုင်း မြင်တွေ့နေရတာပဲလေ"
ချင်ဖေးသည် သတိပြန်ဝင်လာပြီး အပြုံးတစ်ခုကို အတင်းညှစ်ထုတ်ကာ ပြောလိုက်လေသည်။ "တတိယမင်းသား နေပြန်ကောင်းလာတာက ဝမ်းသာစရာ ကိစ္စပဲ။ ဒီနေ့ ဂါရဝပြုဖို့ နန်းတော်ထဲ ဝင်လာတာက ပိုပြီးတော့တောင် ဝမ်းသာစရာ ကောင်းသေးတယ်။ အားလုံး စုံနေကြတုန်း စကားပြောရင်းနဲ့ အနည်းနဲ့အများ အဆင်မပြေတာလေးတွေ ရှိသွားရင်လည်း စိတ်ထဲမထားကြပါနဲ့"
လုမင်ယွိသည် အသာပြုံးလိုက်ပြီး နောက်ဆုံးတွင်တော့ ပါးစပ်ပိတ်ထားလိုက်တော့သည်။
လူတိုင်းက စိတ်ထဲတွင် သက်ပြင်းချလိုက်ကြတော့၏။
မုန့်ယွင်လော်သည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေလေပြီ။ လီဟောက်သာ သူမကို ကြိုတင် သတိပေးမထားလျှင် သူမသည် သည်းမခံနိုင်ဘဲ ထပေါက်ကွဲမိမည်မှာ သေချာလှသည်။ ခုနက သူမ ပါးစပ်ဟရန် ပြင်လိုက်စဉ်မှာပင် လီဟောက်က အကြည့်ဖြင့် တားမြစ်လိုက်ခြင်း ဖြစ်လေသည်။
မုန့်ယွင်လော်သည် မကျေမနပ်ဖြစ်နေသော ဒေါသများကို မြိုသိပ်ထားလိုက်ရသဖြင့် လုမင်ယွိအပေါ် ထားရှိသည့် အမုန်းတရားများက ပိုမိုကြီးထွားလာတော့၏။
ယခုအချိန်တွင် သူမသည် လုမင်ယွိနှင့် လီဟောက်တို့၏ "အတိတ်" ကိစ္စကို လုံးဝ ဂရုမစိုက်တော့ပေ။ ပြောမပြတတ်လောက်အောင်ပင် ဒေါသထွက်မိနေတော့သည်။
လုမင်ယွိက စူးဖေးကို သတ်လိုက်ရုံတင်မကဘူး။ လီဟောက်အပေါ်မှာလည်း သံယောဇဉ် နည်းနည်းလေးတောင် မထားခဲ့ဘူး။ လုပ်ရပ်တွေက ရက်စက်လွန်းပြီး တကယ်ကို သွေးအေးလွန်းတယ်!
ကံကောင်းထောက်မစွာ လုမင်ယွိသည် သူတစ်ပါး၏ စိတ်ကို ဖတ်နိုင်စွမ်း မရှိချေ။ သို့မဟုတ်ပါက မုန့်ယွင်လော်သည် သူမ၏ ခင်ပွန်းဖြစ်သူအတွက် မကျေမနပ် ဖြစ်နေသည်ကို သိရှိသွားပါက သေချာပေါက် ရယ်စရာကောင်းသည်ဟု ထင်မြင်မိပေလိမ့်မည်။
"နောက်ရက်နည်းနည်း ကြာရင် ပဉ္စမမင်းသားလည်း မင်္ဂလာဆောင်တော့မယ်" မယ်တော်ကြီးကျောက်က ပြုံးကာ ပြောလိုက်လေသည်။ "အားချန်... ဒီလာပါဦး။ အိုက်ကျား သေချာ ကြည့်ပါရစေ"
လီချန်က ဟုတ်ဟု အသံပြုလိုက်ပြီး ရှေ့သို့ တိုးသွားလိုက်သည်။
မယ်တော်ကြီးကျောက်သည် လီချန်၏ လက်ကို ဆုပ်ကိုင်ထားပြီး စိတ်မပါဘဲ ချီးကျူးစကား ပြောလိုက်တော့သည်။ "ပိုပြီး ချောလာလိုက်တာ" "အရင်ကထက် ပိုသိတတ်လာပြီပဲ" စသည်ဖြင့်ပေါ့။
ချင်ဖေးကလည်း အလျင်အမြန်ပင် ဝင်ရောက် ထောက်ခံလိုက်၏။ "ချန်ချဲ့ ပဉ္စမမင်းသားကို မတွေ့ရတာ ကြာပြီ။ ဒီနေ့မှ တွေ့လိုက်ရတော့တယ်... အရင်ကနဲ့ တကယ်မတူတော့ဘူး။ တတိယမင်းသားက သူ့အပေါ် အများကြီး ဂရုစိုက်ပေးထားတာ သိသာပါတယ်"
လူတိုင်းက အငွေ့အသက်ကို ပြန်လည် ကောင်းမွန်အောင် ကြိုးစားပြီး စကားလမ်းကြောင်း လွှဲနေကြသဖြင့် ရှက်ရွံ့ဖွယ်ကောင်းပြီး လေးလံနေသည့် လေထုသည် တဖြည်းဖြည်း ပြေလျော့သွားလေတော့သည်။
လီချန်သည် ပုံမှန်အားဖြင့် ထောင့်တစ်နေရာတွင် ရပ်နေရသည်ကို အသားကျနေပြီ ဖြစ်သဖြင့် ယခုလို လူအများက သူ့ကို ဝိုင်းကြည့်နေကြသည့်အခါ တစ်ကိုယ်လုံး နေရခက်နေတော့သည်။
ခဏလောက် သည်းခံပြီးနောက် မယ်တော်ကြီးကျောက်က သူ့ကို လွှတ်ပေးလိုက်တော့သည်။
မယ်တော်ကြီးကျောက်သည် ကျန်းအာကို သူမ၏ ရှေ့သို့ ခေါ်ယူလိုက်ပြီး ကြင်နာစွာဖြင့် ချီးကျူးလိုက်ပြန်သည်။
ကျန်းအာသည် ငယ်ရွယ်သေးသဖြင့် လူကြီးများကြားမှ တင်းမာမှုများကို နားမလည်ရှာပေ။ သူမသည် ပါးစပ်ဟကာ ပြောလိုက်လေသည်။ "သမီးက ရွှီကောကောနဲ့ ရွှမ်းကျဲကျဲတို့နဲ့ အတူတူ ကစားချင်တယ်"
မုန့်ယွင်လော်သည် ရင်ထဲတွင် မျိုသိပ်ထားရသော ဒေါသမီးများသည် မျက်လုံးများမှတစ်ဆင့် ထွက်ပေါ်လာတော့၏။ သူမသည် အော်ဟစ်လိုက်လေသည်။ "ကျန်းအာ... မင်း အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ အရှေ့နန်းဆောင်က မင်း သွားချင်တိုင်း သွားလို့ရတဲ့နေရာ မှတ်နေလား။ ဒီမှာပဲ ငြိမ်ငြိမ်လေး နေစမ်း။ ထပ်ပြီး ပေါက်ကရတွေ ပြောနေရင် ငါ မင်းကို ဘယ်လို ဆုံးမမလဲဆိုတာ စောင့်ကြည့်လိုက်"
ကျန်းအာသည် ဝမ်းနည်းစွာဖြင့် မျက်လုံးများ နီရဲလာပြီး မျက်ရည်များ ဝဲတက်လာတော့သည်။
လုမင်ယွိက မုန့်ယွင်လော်ကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်ကာ "စန်းတိမေ့ ပြောတဲ့စကားက ဘာအဓိပ္ပာယ်လဲ။ အရှေ့နန်းဆောင်က နဂါးလိုဏ်ဂူ ကျားသိုက်လည်း မဟုတ်ဘဲနဲ့ ဘာလို့ ကျန်းအာ သွားလို့မရရမှာလဲ"
မုန့်ယွင်လော်သည် ထိုအကြည့်ကြောင့် ဒေါသထွက်သွားပြီး လီဟောက်က မျက်ရိပ်ပြနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။ အေးစက်စက် ပြုံးကာ ပြန်ပြောလိုက်လေသည်။ "ထိုက်ဇီဖေးက တန်ခိုးအာဏာ ကြီးမားလွန်းလို့ ရှို့နဉ်နန်းဆောင်ထဲမှာတောင် ဘယ်သူမှ မထိရဲ မတို့ရဲကြဘူး။ ဘယ်သူပဲ အရှေ့နန်းဆောင်ကို သွားချင်သွားပါစေ... ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ မသွားရဲပါဘူး"
ပြီးနောက် ကျန်းအာကို တစ်ချက် စိုက်ကြည့်လိုက်ပြန်သည်။ "ဘာငိုနေတာလဲ။ မျက်ရည် မြန်မြန်သုတ်လိုက်စမ်း။ ဒီမှာ လာပြီး အရှက်ခွဲမနေနဲ့"
လုမင်ယွိသည် မျက်ခုံးပင့်လိုက်ပြီး ငိုရှိုက်နေသော ကျန်းအာကို ကောက်ချီလိုက်လေသည်။
လုမင်ယွိသည် လက်ကိုင်ပုဝါဖြင့် ကျန်းအာ၏ မျက်ရည်များကို သုတ်ပေးရင်း နူးညံ့စွာ ချော့မြှူလိုက်၏။ "ရွှီအာနဲ့ ရွှမ်းအာတို့က စာလေ့လာနေကြတာ။ သမီးက သူတို့နဲ့ ကစားချင်တယ်ဆိုရင် ဒေါ်ဒေါ်က လူလွှတ်ပြီး ခေါ်ခိုင်းလိုက်မယ်လေ... ဟုတ်ပြီလား"
ကျန်းအာသည် ငိုနေသည်ကို ချက်ချင်း မေ့သွားပြီး မျက်လုံးဝိုင်းလေးများဖြင့် မော့ကြည့်လိုက်လေသည်။ "တကယ်လားဟင်"
လုမင်ယွိက ပြုံးလိုက်လေသည်။ "တကယ်ပေါ့။ ခဏလောက် စောင့်နော်။ သူတို့ မကြာခင် ရောက်လာလိမ့်မယ်" ထို့နောက် ချီယွင်ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်ရာ ချီယွင်သည် ချက်ချင်းပင် ထွက်ခွာသွားလေတော့သည်။
ဒီကောင်မ စိတ်ပျက်စရာ ကောင်းလိုက်တာ!
မုန့်ယွင်လော်၏ မျက်နှာသည် ဒေါသကြောင့် မည်းမှောင်နေပြီး ကျန်းအာကို ဆက်လက် စိုက်ကြည့်နေတော့သည်။
ကျန်းအာသည် ကြောက်လန့်လွန်းသဖြင့် မိခင်ဖြစ်သူကို မကြည့်ရဲတော့ပေ။
လုမင်ယွိက ပြုံးကာ ပြောလိုက်သည်။ "ကျန်းအာ မကြောက်နဲ့နော်။ ဒေါ်ဒေါ့်ဆီမှာပဲ နေ။ ဘယ်သူကများ သမီးကို လာတားမလဲ ကြည့်ရသေးတာပေါ့"
ကျန်းအာသည် မျက်နှာမည်းမှောင်နေသော မိခင်ဖြစ်သူကို ခိုးကြည့်လိုက်ပြီး ကိုယ်ကို လှည့်ကာ မုန့်ယွင်လော်ကို ကျောပေးထားလိုက်တော့သည်။
မုန့်ယွင်လော် "..."
ဘေးမှ အချိန်အတော်ကြာ ကြည့်နေခဲ့သော ကျောက်ယွီသည် သဘောကျလွန်းသဖြင့် ခပ်တိုးတိုး အော်ရယ်လိုက်လေသည်။ "စန်းစောင်... မျက်နှာကြီး မည်းမနေပါနဲ့တော့။ လူကြီးချင်း စကားများတာက ကလေးတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ကလေးတွေ အတူတူ ကစားချင်တယ်ဆိုရင်လည်း ကစားခိုင်းလိုက်ပါ"
မုန့်ယွင်လော်သည် ဒေါသထွက်လွန်းသဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။ "ငါ့သမီး ငါဆုံးမတာ မရဘူးလား"
"ဆုံးမချင်ရင်လည်း ဒီနေ့ပြီးမှ ဆုံးမလေ" ကျောက်ယွီက ပြုံးကာ စနောက်လိုက်သည်။ "ကလေးအပေါ်မှာ အာဏာပြနေတာ ဘာအစွမ်းအစ ရှိလို့လဲ။ တကယ် အစွမ်းအစရှိရင် အာ့စောင်နဲ့ တိုက်ခိုက်လေ။ ငါတို့လည်း ပွဲကောင်း ကြည့်ရတာပေါ့"
မုန့်ယွင်လော်သည် ဒေါသထွက်လွန်းသဖြင့် ရယ်ချင်သွားပြီး ကျောက်ယွီကို နှာခေါင်းရှုံ့ပြလိုက်ကာ "နင် ပွဲကောင်း ကြည့်ချင်နေတာ ငါ မသိဘူးများ မှတ်နေလား။ ငါ နင့်အကွက်ထဲ ဝင်မလာဘူး"
ကျောက်ယွီ ဝင်ရောက် စနောက်လိုက်သဖြင့် လူတိုင်း ရယ်မောလိုက်ကြလေသည်။
လေထုသည် ရင်းနှီးဖော်ရွေသည်ဟု မဆိုနိုင်သော်ငြား ယခင်ကထက်စာလျှင် အများကြီး သက်သာသွားလေသည်။
ကွယ်ရာမှာ ဓားနဲ့ထိုးတာက ကွယ်ရာကိစ္စလေ။ လူအများရှေ့မှာတော့ မျက်နှာရအောင် နေရမှာပေါ့။ အရမ်းကြီး ရန်ဖြစ်နေရင်လည်း ကြည့်မကောင်းဘူးလေ။
ရွှီအာနှင့် ရွှမ်းအာတို့ ရောက်လာသောအခါ ရှို့နဉ်နန်းဆောင်အတွင်း ပိုမို စည်ကားသွားတော့သည်။
ကျန်းအာသည် ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်လေသည်။ "ရွှီကောကော... ရွှမ်းကျဲကျဲ... မတွေ့ရတာ ကြာပြီနော်။ ညီမလေးကို လွမ်းလားဟင်"
ရွှီအာနှင့် ရွှမ်းအာတို့က တပြိုင်နက် ခေါင်းညိတ်လိုက်ကြသည်။ "လွမ်းတာပေါ့"
ကျန်းအာသည် ပါးစပ်လေး ပွင့်သွားသည်အထိ ပြုံးရယ်လိုက်လေသည်။
မင်းသမီးလေးသည်လည်း ဝမ်ကျဲယွီ၏ ပေါင်ပေါ်မှ လျှောဆင်းလာပြီး ဝင်ရောက် ပူးပေါင်းလိုက်သည်။ "သမီးတို့ အတူတူ ကစားကြမယ်"
တူ၊ တူမလေး ၃ယောက်နှင့် အဒေါ်လေးတို့ ပျော်ရွှင်စွာ စကားပြော ကစားနေကြသည်။ ထန်အာနှင့် ချန်းအာတို့သာ ဒီနေ့ နန်းတော်ထဲ ဝင်မလာကြခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ပိုပြီး စည်ကားနေပေလိမ့်မည်။
ဒါသည် မယ်တော်ကြီးကျောက် အမြင်ချင်ဆုံး မြင်ကွင်းပင် ဖြစ်၏။
မယ်တော်ကြီးကျောက်သည် သဘောကျစွာ ရယ်မောလိုက်လေသည်။ "အိုက်ကျား နေ့လယ်စာ ပြင်ဆင်ခိုင်းလိုက်မယ်။ ဒီနေ့ အားလုံး ရှို့နဉ်နန်းဆောင်မှာပဲ စားသောက်ကြတာပေါ့" ထို့နောက် ဝမ်ဟွားနန်းဆောင်သို့ လူလွှတ်ကာ သတင်းပို့ခိုင်းလိုက်သည်။ "ဝမ်ဟွားနန်းဆောင်ကို သွားပြီး အရှင်မင်းကြီး၊ ထိုက်ဇီ၊ ပထမမင်းသားနဲ့ စတုတ္ထမင်းသားတို့ကိုပါ လာခဲ့ဖို့ ဖိတ်လိုက်ပါ"
....
အပိုင်း (၅၃၉) သင့်မြတ်ခြင်း
အမွှေးတိုင် တစ်တိုင်စာ ကြာမြင့်ပြီးနောက်တွင် ယုံးကျားဧကရာဇ်နှင့် သားတော်များ ရှို့နဉ်နန်းဆောင်သို့ ရောက်ရှိလာကြလေသည်။
ယုံးကျားဧကရာဇ်သည် ယနေ့တွင် စိတ်အခြေအနေ ကောင်းမွန်ဟန်တူပြီး မျက်နှာတွင် အပြုံးတစ်ခုကို ချိတ်ဆွဲထားလေသည်။ "ဒီနေ့က နန်းတွင်းပွဲတော် ဖြစ်သလို မိသားစု ထမင်းစားပွဲလည်း ဟုတ်ပါတယ်။ အားလုံး အေးအေးဆေးဆေး နေကြပါ။ ဂါရဝပြုမနေကြနဲ့တော့"
ထို့နောက်တွင် သူ၏ အကြည့်များသည် လီဟောက်ထံသို့ ရောက်ရှိသွားလေသည်။ "အားဟောက်... မင်းရဲ့ရောဂါ အခြေအနေ ဘယ်လိုလဲ... ပျောက်ပြီလား"
လီဟောက်သည် မျက်နှာတွင် ရှက်ရွံ့သည့် အရိပ်အယောင်များ ပေါ်ပေါက်လာပြီး ရှေ့သို့ တိုးသွားလိုက်ကာ "သားတော်က မိုက်မဲပြီး ဖုဟွမ်ကို စိတ်ပူပင်စေမိပါတယ်။ ဖုဟွမ် စိတ်မပူပါနဲ့။ သားတော် နေကောင်းသွားပါပြီ"
လူအများရှေ့တွင် ယုံးကျားဧကရာဇ်သည် စကားအများကြီး မပြောဘဲ ပြုံးရယ်လိုက်လေသည်။ "နေကောင်းသွားပြီဆိုမှတော့ မနက်ဖြန်ကစပြီး နန်းတော်ထဲဝင်လာပြီး တာဝန်ပြန်ထမ်းဆောင်လိုက်တော့"
လီဟောက်က လက်ခံကြောင်း ပြန်ဖြေလိုက်လေသည်။
ယုံးကျားဧကရာဇ်သည် လီချန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး အကြည့်များက အတော်လေး နူးညံ့သွားလေသည်။ "အားချန်... မင်းရဲ့ မင်္ဂလာရက်က နီးကပ်လာပြီပဲ။ မင်္ဂလာဆောင်ပြီးရင် မင်းက လူကြီး ဖြစ်သွားပြီ။ ပဉ္စမမင်းသား အိမ်တော်မှာ မင်းရဲ့ဇနီးနဲ့အတူ နေထိုင်ရမှာ။ မင်းအစ်ကိုကြီးရဲ့ အိမ်တော်မှာပဲ အမြဲတမ်း သွားနေမနေနဲ့တော့"
လူတိုင်းက သဘောကျစွာ ပြုံးရယ်လိုက်ကြလေသည်။
လီချန်က တတိယမင်းသား အိမ်တော်မှာ နေထိုင်ခဲ့တာ ၁နှစ်လောက် ရှိနေပြီ။ မင်္ဂလာဆောင်ခါနီးပြီဆိုတော့ ဆက်နေလို့ ဘယ်ဖြစ်တော့မလဲ။
လီချန်၏ ဖောင်းကားနေသော မျက်နှာကြီးသည် နီရဲလာပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဖုဟွမ် မှာကြားတာကို သားတော် မှတ်သားထားပါတယ်။ ဒီနေ့ပြန်ရောက်တာနဲ့ မနက်ဖြန်ကျရင် သားတော် ပဉ္စမမင်းသား အိမ်တော်ကို ပြောင်းရွှေ့နေထိုင်ပါ့မယ်"
ယုံးကျားဧကရာဇ်က ရယ်မောလိုက်လေသည်။ "မင်းတို့ ညီအစ်ကိုတွေရဲ့ အိမ်တော်တွေက တစ်နေရာတည်းမှာ စုနေတာပဲ။ သွားလာရတာလည်း လွယ်ကူတာပေါ့"
လီချန်က ခေါင်းညိတ်ပြီး လက်ခံလိုက်လေသည်။
ယုံးကျားဧကရာဇ် ရောက်လာသည်နှင့် လူတိုင်းက ပါးစပ်ပိတ်ထားလိုက်ကြပြီး ယုံးကျားဧကရာဇ်ကိုသာ အာရုံစိုက်ထားကြသည်။ အားလုံး၏ အကြည့်များသည် လီဟောက်နှင့် လီချန် ညီအစ်ကိုနှစ်ဦးထံသို့ ရောက်ရှိသွားကြတော့သည်။
ချောင်မိဖုရားခေါင်က ပြုံးကာ ပြောလိုက်၏။ "ပဉ္စမမင်းသား မကြာခင် မင်္ဂလာဆောင်တော့မှာဆိုတော့ ချန်ချဲ့က မိခင်တစ်ယောက်အနေနဲ့ လက်ဖွဲ့ပစ္စည်း တစ်ခုခုတော့ ပေးမှ ဖြစ်မှာပေါ့။ ချန်ချဲ့ လက်ဆောင်ပစ္စည်းတွေ အများကြီး ပြင်ဆင်ထားပါတယ်။ မနက်ဖြန်ကျရင် ပဉ္စမမင်းသား အိမ်တော်ကို ပို့ပေးလိုက်မယ်"
မယ်တော်ကြီးကျောက်ကလည်း ပျော်ရွှင်စွာဖြင့် ဝင်ပြောလိုက်၏။ "အိုက်ကျားလည်း လက်ဆောင်ပစ္စည်း ကောင်းကောင်းတွေ ပြင်ဆင်ထားပါတယ်။ မနက်ဖြန်ကျရင် လူလွှတ်ပြီး အတူတူ ပို့ခိုင်းလိုက်မယ်"
လုမင်ယွိသည်လည်း အမြဲတမ်း စကားလုံးများဖြင့် တိုက်ခိုက်နေတတ်သူ မဟုတ်ပေ။ ဟာသနှောကာ စနောက်လိုက်လေသည်။ "အဘွားတော်က ပဉ္စမမောင်လေးကို အချစ်ဆုံးပဲ။ အရင်တုန်းက မြေးချွေးမတော်နဲ့ အရှင်မင်းသား လက်ထပ်တုန်းကကျတော့ အဘွားတော်က ဒီလောက် ရက်ရက်ရောရော မပေးခဲ့ပါဘူး"
ထိုစကားကြောင့် လူတိုင်း ရယ်မောလိုက်ကြလေသည်။
မယ်တော်ကြီးကျောက်က ရယ်မောကာ ပြောလိုက်လေသည်။ "ရွှီအာနဲ့ ရွှမ်းအာတို့ မွေးတုန်းက အိုက်ကျား လက်ဆောင်တွေ အများကြီး ပေးခဲ့တာပဲလေ။ နောက်လနည်းနည်း ကြာလို့ နင့်ဗိုက်ထဲက ကလေးလေး မွေးလာရင် အိုက်ကျား လက်ဆောင်တွေ အများကြီး ထပ်ပေးပါ့မယ်။ ပဉ္စမမင်းသားကို ပေးတာထက် ပိုများစေရမယ်"
လုမင်ယွိက ချက်ချင်း ပြုံးလိုက်လေသည်။ "အားလုံး ဒီမှာ ရှိနေကြတာနော်။ အဘွားတော် ကတိတည်မှ ဖြစ်မယ်"
လူတိုင်းက အဆက်မပြတ် ရယ်မောနေကြတော့သည်။
ယုံးကျားဧကရာဇ်သည် ရယ်မောပျော်ရွှင်နေသော လုမင်ယွိကို မကြည့်ဘဲ မနေနိုင်တော့ချေ။
ဒီချွေးမက... မိသားစုနောက်ခံ ကောင်းမွန်ပြီး အရည်အချင်းရှိတယ် ဆိုတာတော့ ပြောနေစရာ မလိုတော့ဘူး။ စိတ်နှလုံး မာကျောပြီး ရက်စက်တတ်သလို မျက်နှာပြောင်းလဲတာလည်း စာအုပ်လှန်သလို မြန်ဆန်လွန်းတယ်။ ဟန်ဆောင်ကောင်းတာလည်း ပြောမနေနဲ့တော့။
ထားလိုက်ပါတော့။
စိတ်ရှုပ်စရာ ကောင်းတဲ့ ကိစ္စတွေကို မတွေးတော့ပါဘူး။
ယောက္ခမ ဖြစ်သူက ချွေးမကို အကဲခတ်နေတာကလည်း သိပ်မသင့်တော်ပါဘူးလေ။ ယုံးကျားဧကရာဇ်သည် အကြည့်ကို လျင်မြန်စွာ ပြန်ရုပ်သိမ်းလိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။ "ကျန်း ဗိုက်ဆာနေပြီ။ ထမင်းဝိုင်း ပြင်ခိုင်းလိုက်တော့"
လူတိုင်းက သဘောတူလိုက်ကြပြီး ယုံးကျားဧကရာဇ်နှင့် မယ်တော်ကြီးကျောက်တို့ကို ဝန်းရံကာ စားသောက်ဆောင်သို့ ဝင်ရောက်လာခဲ့ကြသည်။
လီကျင့်သည် လုမင်ယွိ၏ ဘေးနားသို့ တိုးကပ်လာပြီး အလျင်အမြန် အကဲခတ်ကြည့်လိုက်ကာ လေသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။ "ဒီနေ့ အခြေအနေ ဘယ်လိုလဲ"
ရန်မဖြစ်လိုက်ကြဘူး မလား။
လုမင်ယွိသည် သူ ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်သဖြင့် ပြုံးကာ မျက်ခုံးပင့်ပြလိုက်လေသည်။ လီကျင့်သည် ချက်ချင်း သဘောပေါက်သွားပြီး အသံတိတ် ရယ်မောလိုက်တော့သည်။
ဟုတ်သားပဲ။ လုမင်ယွိရဲ့ စိတ်နေစိတ်ထားနဲ့ ဆိုရင် ဘယ်သူကများ သူ့ကို အနိုင်ကျင့်လို့ ရမှာလဲ။ သူများတွေပဲ အသည်းကွဲပြီး ကျန်ခဲ့ရမှာပေါ့။
ဇနီးမောင်နှံနှစ်ဦးသည် ခဏလောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး လက်ချင်းချိတ်ကာ စားသောက်ဆောင်သို့ ဝင်ရောက်သွားကြတော့သည်။
ပုံမှန် နန်းတွင်းစားပွဲများတွင် လူနှစ်ယောက် တစ်ဝိုင်းနှုန်းဖြင့် ခင်းကျင်းလေ့ရှိသည်။ ယနေ့တွင်တော့ မယ်တော်ကြီးကျောက်သည် စားပွဲဝိုင်းကြီး တစ်လုံးတည်းတွင် အားလုံး ဝိုင်းဖွဲ့စားသောက်ရန် စီစဉ်ထားလေသည်။ ပြင်ပလူများ မရှိသဖြင့် ကန့်လန့်ကာပင် ကာရံထားခြင်း မရှိပေ။ ထို့ကြောင့် ပိုမို စည်ကားနေတော့သည်။
ယုံးကျားဧကရာဇ်သည် သားတော် ၅ယောက်၊ သားမက် ၂ယောက်တို့နှင့်အတူ တစ်ဝိုင်းတည်း ထိုင်လေသည်။ အမျိုးသမီးများဘက်တွင်တော့ မယ်တော်ကြီးကျောက်၊ ချောင်မိဖုရားခေါင်၊ မုန့်ဖေး၊ ချင်ဖေးနှင့် ဝမ်ကျဲယွီတို့က တစ်ဝိုင်းတည်း ထိုင်ကြသည်။ လုမင်ယွိနှင့် မင်းသားကြင်ရာတော်များ၊ မင်းသမီး ၂ပါးတို့က တစ်ဝိုင်းတည်း ထိုင်ကြသည်။
ကလေးများသည်လည်း လူကြီးများကဲ့သို့ စားပွဲဝိုင်းတစ်ခုတွင် စုဝေးထိုင်နေကြပြီး တစ်ယောက်တစ်ပေါက် စကားပြောနေကြသည်မှာ အလွန် ချစ်စရာကောင်းလှသည်။
မည်သူမျှ ကောလာဟလ ကိစ္စကို ထပ်မပြောကြသလို လီဟောက် "နေမကောင်း" သည့် ကိစ္စကိုလည်း ထည့်မပြောကြတော့ချေ။ လေထုသည် သင့်မြတ်ပြီး အေးချမ်းနေလေသည်။
ကျောက်ယွီသည် လုမင်ယွိ၏ ပူထွက်နေသော ဗိုက်ကြီးကို အားကျစွာ ကြည့်လိုက်လေသည်။ "အာ့စောင် ကိုယ်ဝန်က ၆လ ပြည့်တော့မယ် မလား"
လုမင်ယွိက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ "၆လ ကျော်သွားပါပြီ။ သမားတော် တွက်ချက်ထားတာ အရဆိုရင်တော့ ၈လပိုင်းလောက် မွေးဖွားလိမ့်မယ်"
"အချိန်ကောင်းပဲ" ပထမမင်းသားကြင်ရာတော်က ပြုံးကာ ဝင်ပြောလိုက်သည်။ "ဆောင်းဦးအစပိုင်းဆိုတော့ သိပ်မအေးသလို သိပ်လည်းမပူဘူး။ နေလို့အကောင်းဆုံး အချိန်ပဲ"
မုန့်ယွင်လော်သည် အရှုံးမပေးချင်သည့်ဟန်ဖြင့် မိမိ၏ ဗိုက်ကို ကော့ပြလိုက်လေသည်။ "ကျွန်မ ဗိုက်ထဲက ကလေးက ၃လ ပြည့်တော့မယ်။ တွက်ကြည့်ရသလောက်ဆိုရင် ၁၂လပိုင်းလောက် မွေးဖွားလိမ့်မယ်"
ကြည့်စမ်းပါဦး... သူ့ရဲ့ ရုပ်ကိုက အချိုးမပြေလိုက်တာ။ သူတစ်ယောက်တည်း ကလေးမွေးဖူးတာ ကျနေတာပဲ။
ကျောက်ယွီသည် တိတ်တဆိတ် မျက်လုံးလှန်ကြည့်လိုက်ပြီး လှောင်ပြောင်ရန် ပြင်လိုက်စဉ် ပထမမင်းသားကြင်ရာတော်က အလျင်အမြန် ကြားဖြတ်ပြောလိုက်လေသည်။ "၁၂လပိုင်း မွေးတာလည်း ကောင်းပါတယ်။ မီးဖွားပြီးတဲ့ အချိန်ကျရင် နွေဦးပေါက် ရောက်နေပြီ။ ရာသီဥတုကလည်း ကောင်းလာပြီဆိုတော့ ကလေး နည်းနည်း ကြီးလာရင် အပြင်ခေါ်ထုတ်လို့ ရတာပေါ့"
မုန့်ယွင်လော်သည် မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသည့် အရိပ်အယောင်များ ပေါ်ပေါက်လာပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ကြွားဝါလိုက်လေသည်။ "ဒီတစ်ခေါက် သားလေး မွေးလာဖို့ မျှော်လင့်နေတာ။ သားတစ်ယောက် သမီးတစ်ယောက်ဆိုရင် စုံသွားပြီပေါ့။ ဒါဆိုရင် အရှင်မင်းသားကိုလည်း မျက်နှာပြလို့ ရပြီ"
ပထမမင်းသားကြင်ရာတော်၏ မျက်ဝန်းအကြည့်များ မှေးမှိန်သွားလေသည်။
ဟွေ့အန်းကုန်းကျူ၏ မျက်နှာထားသည်လည်း တင်းမာသွားသည်။
ကျောက်ယွီသည် မုန့်ယွင်လော်၏ အခွင့်အရေးယူတတ်သော အကျင့်စရိုက်ကို အမုန်းဆုံး ဖြစ်သဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။ "သာ့စောင်... သူ့ကို ဂရုစိုက်မနေပါနဲ့"
လုမင်ယွိက အေးစက်စွာ ပြောလိုက်လေသည်။ "ကျွန်မတို့က အထက်မှာ အဘွားတော်၊ ဖုဟွမ်၊ မူဟုပ်တို့ကို ရိုသေရမယ်။ အောက်မှာ သားသမီးတွေကို ဆုံးမသွန်သင်ပြီး အိမ်မှုကိစ္စတွေကို စီမံခန့်ခွဲရမယ်။ ခင်ပွန်းသည်ရဲ့ စားဝတ်နေရေးကိုလည်း ဂရုစိုက်ရမယ်။ ကလေးရတာ မရတာကတော့ ကံတရားပါပဲ။ အတင်းအကျပ် တောင်းဆိုလို့ ရတာမှ မဟုတ်တာ။ စန်းတိမေ့အနေနဲ့ နောက်ဆိုရင် စကားနည်းနည်း လျှော့ပြောပြီး မမွေးလာသေးတဲ့ ကလေးအတွက် ကုသိုလ်ယူသင့်တယ်"
မုန့်ယွင်လော် "..."
မုန့်ယွင်လော်သည် ပြန်ပြောစရာ စကားမရှိဘဲ ပါးစပ်ပိတ်သွားတော့သည်။
တကယ်ပါပဲ။ တချို့လူတွေက အရိုးထဲကနေ ယုတ်ညံ့တာ။ အဆူခံလိုက်ရမှ ငြိမ်သွားတော့တယ်။
ကျောက်ယွီသည် စိတ်ထဲတွင် ကျေနပ်သွားပြီး လုမင်ယွိကို မျက်စိတစ်ဖက် မှိတ်ပြလိုက်လေသည်။ လုမင်ယွိကလည်း မျက်ခုံးပင့်ကာ ပြန်လည် ပြုံးပြလိုက်သည်။
...
နန်းတွင်းစားပွဲ ပြီးဆုံးသွားသောအခါ လူတိုင်း ကိုယ့်လမ်းကိုယ် ပြန်သွားကြတော့သည်။
လီဟောက်နှင့် လီချန် ညီအစ်ကိုနှစ်ယောက်တည်းသာ ယုံးကျားဧကရာဇ်၏ ဆင့်ခေါ်မှုကြောင့် ဝမ်ဟွားနန်းဆောင်သို့ လိုက်ပါသွားကြရသည်။
ယုံးကျားဧကရာဇ်သည် လျိုကုန်းကုန်း တစ်ယောက်တည်းကိုသာ ဘေးတွင် ထားရှိပြီး ကျန်သည့် အတွင်းနန်းဆောင်ကုန်းကုန်းများကို ထွက်ခွာခိုင်းလိုက်လေသည်။
လီဟောက်သည် စကားတစ်ခွန်းမှ မဆိုဘဲ ဒူးထောက်လိုက်ပြီး မျက်နှာတွင် ရှက်ရွံ့သည့် အရိပ်အယောင်များဖြင့် အပြစ်ကို တောင်းပန်လိုက်လေသည်။ "သားတော်က သေချာ မစဉ်းစားဘဲ မဆင်မခြင် ပြုမူမိတဲ့အတွက် ဖုဟွမ်ကို ကောလာဟလ ဒဏ်တွေ ခံစားစေမိပါတယ်။ အားလုံးက သားတော်ရဲ့ အမှားပါ။ ဒီလအနည်းငယ်အတွင်း သားတော် ဒီကိစ္စကို တွေးမိတိုင်း နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပါတယ်။ ဒီနေ့ နန်းတော်ထဲဝင်ပြီး ဖုဟွမ်ကို အပြစ်တောင်းပန်ခွင့် ရတာကြောင့် ဖုဟွမ် အနေနဲ့ သားတော်ကို အပြစ်ပေးပါ"
လီချန်သည် ဘာပြောရမှန်း မသိသဖြင့် လိုက်ပါ ဒူးထောက်လိုက်လေသည်။
ယုံးကျားဧကရာဇ်က သက်ပြင်းချလိုက်လေသည်။ "ဒီကိစ္စက မင်းတစ်ယောက်တည်း အမှားတော့ မဟုတ်ပါဘူး။ ကျန်းဘက်ကလည်း မှားယွင်းမှု ရှိခဲ့ပါတယ်။ အဲဒီနေ့က ကျန်း စိတ်မထိန်းနိုင်ဘဲ စူးကွေ့ရန်ကို နန်းတော်ထဲ ခေါ်လာမိတာ... ထားလိုက်ပါတော့။ ပြီးခဲ့တဲ့ ကိစ္စတွေကို ထပ်မပြောကြပါနဲ့တော့"
"ကောလာဟလတွေက ခဏလောက်ကြာရင် ပျောက်သွားမှာပါ။ နောက်ဆိုရင် အပြောအဆို အနေအထိုင် ဆင်ခြင်ကြ။ သူများတွေ အတင်းပြောစရာ မဖြစ်စေနဲ့"
"မင်းတို့ ညီအစ်ကိုနှစ်ယောက်လုံး ထကြတော့"
လီဟောက်နှင့် လီချန်တို့သည် ကျေးဇူးတင်စကား ဆိုကာ မတ်တပ်ရပ်လိုက်ကြသည်။
လီချန်သည် ပါးစပ်မထိန်းနိုင်ဘဲ မေးလိုက်မိလေသည်။ "ဖုဟွမ်... စူးကွေ့ရန် ကိုယ်ဝန်ပျက်ကျသွားတယ်လို့ ကြားတယ်။ သူ အခု ဘယ်လိုနေလဲ မသိဘူး"
လီဟောက် "..."
ပြောသင့်တာ မပြောဘဲ မပြောသင့်တာကျမှ လွှတ်ခနဲ ပြောထွက်လိုက်တာပဲ။
လီဟောက်သည် အပ်နှင့်ချည် ယူပြီး လီချန်၏ ပါးစပ်ကို ဖမ်းချုပ်ပစ်ချင်စိတ် ပေါက်သွားတော့သည်။
ထင်ထားသည့်အတိုင်းပင် ယုံးကျားဧကရာဇ်၏ မျက်နှာထားသည် တင်းမာသွားပြီး ဝမ်ဟွားနန်းဆောင်အတွင်းရှိ လေထုသည်လည်း ချက်ချင်း အေးစက်သွားတော့သည်။
...
အပိုင်း (၅၄၀) သားအဖ
လီချန်သည် ထိုအချိန်ကျမှ သူ စကားမှားသွားမှန်း အချိန်နှောင်းမှ သိလိုက်လေသည်။
သူသည် မလုံမလဲဖြင့် လည်ပင်းကို ကျုံ့ထားလိုက်ပြီး ယုံးကျားဧကရာဇ်၏ မျက်နှာကို မော့မကြည့်ရဲတော့ပေ။
ကံဆိုးရှာသော လီဟောက်မှာတော့ လီချန်ကိုယ်စား ဝင်ရောက် ဖြေရှင်းပေးရတော့သည်။ "ဝူတိက ငယ်ရွယ်သေးတော့ အကြံဉာဏ်တွေက ရိုးရှင်းပြီး ပါးစပ်ထဲ ရှိတာ ပြောတတ်ပါတယ်။ ဖုဟွမ်... သူ့ကို အပြစ်မယူပါနဲ့"
ယုံးကျားဧကရာဇ် ပါးစပ်မဟရသေးမီ လီဟောက်သည် လီချန်ကို မျက်စောင်းထိုးကာ ပြောလိုက်ပြန်သည်။ "စူးကွေ့ရန်က အနောက်နန်းဆောင်ထဲ ဝင်သွားပြီ။ အရာအားလုံးက ဖုဟွမ်နဲ့ မူဟုပ်တို့ ဆုံးဖြတ်ရမယ့် ကိစ္စပဲ။ မင်း ပါးစပ်ပါစရာ မလိုဘူး။ ဖုဟွမ်ကို အပြစ်မတောင်းပန်ဘဲ ဘာလုပ်နေတာလဲ"
သူတို့ ညီအစ်ကိုနှစ်ယောက်တောင် ကိုယ့်ကိုယ်ကိုယ် မနည်း ကာကွယ်နေရတာ... စူးကွေ့ရန်ကို ဘယ်ဂရုစိုက်နိုင်ပါ့မလဲ။
စူးရော့ သေသည် ရှင်သည်ကတော့ သူ့ကံတရားပင်။
လီချန်သည် မျက်နှာငယ်လေးဖြင့် တောင်းပန်လိုက်လေသည်။ "သားတော် မဆင်မခြင် စကားများသွားမိလို့ တောင်းပန်ပါတယ်။ ဖုဟွမ် ခွင့်လွှတ်ပေးပါ"
ယုံးကျားဧကရာဇ်က အေးစက်စွာ ပြောလိုက်လေသည်။ "ထားလိုက်ပါတော့။ ဒီလောက်ကိစ္စသေးလေးကို ကျန်း စိတ်ထဲမထားပါဘူး။ မင်း အရင် ထွက်သွားလိုက်တော့"
လီချန်သည် ခပ်တိုးတိုး ပြန်ဖြေလိုက်ပြီး နန်းဆောင်အပြင်သို့ ရောက်သောအခါ ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်မိသည်။
အရင်တုန်းက သူသည် စူးဖေးကို မုန်းတီးခဲ့ဖူးသည်။ သူ့အမေ မျက်လုံးထဲမှာ စန်းကော ပဲ ရှိပြီး သူ့ကို လျစ်လျူရှုထားသည်ဟု ခံစားခဲ့ရသည်။ စူးဖေး သေဆုံးသွားမှသာ သူ သိလိုက်ရသည်မှာ နန်းတော်ထဲတွင် သူ့ကို အချစ်ဆုံး၊ အဂရုစိုက်ဆုံးသူမှာ စူးဖေးသာ ဖြစ်သည်ဟုပင်။
ဒီတစ်နှစ်အတွင်း သူသည် တတိယမင်းသား အိမ်တော်တွင် နေထိုင်ခဲ့သည်။ လီဟောက်က သူ့ကို ဆူပူကြိမ်းမောင်းသည့်အခါတိုင်း သူသည် လိုလိုလားလား လက်ခံခဲ့သည်။ အကြောင်းမှာ နန်းတော် အတွင်းအပြင်တွင် လီဟောက်ကလွဲလျှင် သူ့ကို ဆူပူကြိမ်းမောင်းမယ့်သူ တစ်ယောက်မှ မရှိသောကြောင့်ပင်...
ယုံးကျားဧကရာဇ်၏ မျက်လုံးထဲတွင် သူသည် နံရံထောင့်က ရွှံ့ဗွက်အိုင်တစ်ခုသာသာပင်။
နန်းဆောင်ထဲတွင် ယုံးကျားဧကရာဇ်က လီဟောက်ကို ပြောလိုက်လေသည်။ "မင်း ခံစားနေရတယ်ဆိုတာ ကျန်း သိပါတယ်။ အတိတ်က ကိစ္စတွေက မင်းနဲ့ မဆိုင်ပါဘူး။ မင်းက ကျန်းရဲ့ သားတော်... သာ့ဝေတိုင်းပြည်ရဲ့ မင်းသားတစ်ပါးလေ။ အဓိပ္ပာယ်မရှိတဲ့ ကောလာဟလတွေကို ကျန်း လုံးဝ ယုံမှာ မဟုတ်ပါဘူး"
လီဟောက်၏ မျက်ဝန်းအိမ်များ နီရဲလာသော်လည်း အသံကတော့ တည်ငြိမ်နေဆဲပင်။ "ဖုဟွမ် မှာကြားတာကို သားတော် မှတ်သားထားပါတယ်"
ယုံးကျားဧကရာဇ်က သက်ပြင်းချလိုက်ပြီး လီဟောက်၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။ "ဘာပဲဖြစ်ဖြစ်... ထိုက်ဇီက မင်းရဲ့ အာ့ကော၊ ထိုက်ဇီဖေးက မင်းရဲ့ အာ့စောင်ပဲ။ မင်း သူတို့ကို လေးစားရမယ်။ သည်းခံပေးရမယ်"
လီဟောက်က ချက်ချင်း လက်ခံလိုက်သော်လည်း ရင်ထဲတွင်တော့ အေးစက်စက် ဖြစ်သွားလေသည်။
ယုံးကျားဧကရာဇ်၏ စိတ်ထဲတွင် ထီးနန်းအာဏာကသာ အရေးအကြီးဆုံး ဖြစ်နေဆဲပင်။ ယုံးကျားဧကရာဇ် အချစ်ဆုံး သားတော်မှာ လီကျင့် ဖြစ်ချင်မှ ဖြစ်မည်။ သို့သော် ယုံးကျားဧကရာဇ်ကတော့ လီကျင့်သည် အသင့်တော်ဆုံး ထိုက်ဇီတစ်ပါး ဖြစ်သည်ဟု ဆုံးဖြတ်ထားလေသည်။
ဒီစကားတွေက သတိပေးတာရော ခြိမ်းခြောက်တာရောပဲ။
ယုံးကျားဧကရာဇ်သည် ခဏလောက် စဉ်းစားပြီးမှ ဆက်ပြောလိုက်သည်။ "အားချန် မင်္ဂလာဆောင်ပြီးရင် ကျန်း မင်းကို တာဝန်တစ်ခု ပေးမယ်။ မင်း မြို့တော်ကနေ ထွက်ပြီး တာဝန်သွားထမ်းဆောင်လိုက်။ လအနည်းငယ်လောက် ကြာလို့ မြို့တော်ကို ပြန်ရောက်လာရင် ကောလာဟလတွေလည်း လုံးဝ ပျောက်ကွယ်သွားလောက်ပြီ"
လီဟောက်က အားတက်သရော ပြန်ဖြေလိုက်၏။ "ဖုဟွမ်ရဲ့ အပူအပင်တွေကို ကူညီဖြေရှင်းပေးချင်ပါတယ်"
မလုပ်ချင်လို့လည်း မရဘူးလေ။ ယုံးကျားဧကရာဇ်က ပြောလာမှတော့ ငြင်းဆန်ပိုင်ခွင့်မှ မရှိတာ။
ယုံးကျားဧကရာဇ်သည် လီဟောက်က လိုလိုလားလား လက်ခံသည်ကို တွေ့လိုက်ရသဖြင့် ကျေနပ်စွာ ပြုံးလိုက်လေသည်။ "မင်း နားလည်ပေးနိုင်ရင် ကောင်းတာပေါ့။ ကျန်း မင်းကို မြို့တော်ကနေ ထွက်ခွာခိုင်းတာက ကောလာဟလတွေကို ရှောင်ရှားစေချင်လို့ တစ်ကြောင်း၊ နောက်ပြီး မင်းကို လက်တွေ့လုပ်ငန်းခွင် ဝင်ရောက်ပြီး လေ့လာသင်ယူစေချင်လို့ တစ်ကြောင်းပေါ့။ မင်း တစ်ယောက်တည်း မဟုတ်ပါဘူး။ မင်းရဲ့ သာ့ကော၊ စစ်တိ၊ ဝူတိတို့လည်း နောက်ဆိုရင် မြို့တော်ကနေ ထွက်ပြီး တာဝန်သွားထမ်းဆောင်ရမှာ"
"မင်းတို့က နောင်တစ်ချိန်ကျရင် နယ်စားမင်းတွေ ဖြစ်လာကြမှာ။ အမတ်တွေ ပြောသမျှ နားထောင်ပြီး လုပ်နေလို့ မရဘူး။ ဝန်ကြီးဌာန ၆ခုရဲ့ လုပ်ငန်းတွေကိုလည်း လေ့လာထားရမယ်။ အခွန်ကောက်ခံတာ၊ စိုက်ပျိုးရေး၊ တရားစီရင်ရေး အစုံပေါ့။ ဒါမှ အမတ်တွေရဲ့ လှည့်စားတာကို မခံရမှာ"
"ထိုက်ဇီဆိုရင်လည်း နောက်ပိုင်း မကြာခဏ မြို့တော်ကနေ ထွက်ပြီး တာဝန်ထမ်းဆောင်ရမှာ"
ထိုက်ဇီကလည်း မြို့တော်ကနေ မကြာခဏ ထွက်ပြီး တာဝန်ထမ်းဆောင်ရမယ်တဲ့လား။
လီဟောက်၏ မျက်လုံးများ အရောင်လက်သွားပြီး ပြုံးကာ ပြောလိုက်လေသည်။ "ဖုဟွမ်ရဲ့ စေတနာကို သားတော် နားလည်ပါတယ်။ သားတော် အများကြီး ကျေးဇူးတင်ပါတယ်။ စာအုပ်ပေါင်း တစ်သောင်း ဖတ်တာထက် ခရီးမိုင် တစ်သောင်း သွားတာက ပိုထိရောက်တယ် ဆိုသလိုပေါ့။ အရင်တုန်းက စစ်ထွက်တုန်းက ယန်ချူနယ်မြေမှာ ၂နှစ်လောက် နေခဲ့ရတာ သားတော်အတွက် အတွေ့အကြုံတွေ အများကြီး ရခဲ့ပါတယ်"
"နောက်ကျရင် သားတော် မြို့တော်ကနေ ထွက်ပြီး တာဝန်ထမ်းဆောင်ရင်း ပြည်သူတွေရဲ့ အခြေအနေကို လေ့လာမယ်။ သာ့ဝေတိုင်းပြည်ရဲ့ နေရာအနှံ့အပြားကို သွားရောက်ကြည့်ရှုမယ်။ ဒါက တစ်ချက်ခုတ် ၃ချက်ပြတ်ပါပဲ။ ဖုဟွမ်ကို ကျေးဇူးတင်ပါတယ်"
လီဟောက်သည် ဝမ်ဟွားနန်းဆောင်ထဲတွင် ၁နာရီခန့် နေထိုင်ပြီးမှ ပြန်လည် ထွက်ခွာလာခဲ့လေသည်။
နန်းဆောင်အပြင်သို့ ရောက်သည်နှင့် လီချန်က တံစက်မြိတ်အောက်တွင် ခေါင်းငုံ့ ခါးကိုင်းကာ စိတ်ပျက်အားငယ်နေသော ပုံစံဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။
လီဟောက်သည် ဒေါသထွက်လာပြီး လီချန်ကို ခြေထောက်ဖြင့် ကန်ချင်စိတ် ပေါက်သွားလေသည်။ "မတ်မတ် ရပ်စမ်း။ ခါးကိုင်း ခေါင်းငုံ့ပြီး ဘာပုံစံ ဖြစ်နေတာလဲ" တကယ့်ကို အသုံးမကျတဲ့ကောင်။
လီချန်သည် အလိုအလျောက် ခါးကို မတ်လိုက်လေသည်။
လီဟောက်သည် ပို၍ပင် စိတ်ပျက်သွားပြီး လီချန်ကို တစ်ချက်ကြည့်ကာ တိုတိုတုတ်တုတ် ပြောလိုက်လေသည်။ "မင်း ပဉ္စမမင်းသား အိမ်တော်ကို ပြောင်းရွှေ့ရဦးမှာ မလား။ အခုပဲ ပြန်တော့"
လီချန်က အင်းဟု အသံပြုလိုက်သော်လည်း မျက်နှာတွင် မလိုလားသည့် အရိပ်အယောင်များ ပေါ်ပေါက်နေလေသည်။
လီဟောက်သည် ဒေါသထွက်လွန်းသဖြင့် ရယ်ချင်သွားတော့သည်။ "နောက် ၁၀ရက်လောက်နေရင် မင်း မင်္ဂလာဆောင်ရတော့မှာ။ မင်း မပြောင်းဘူးဆိုရင် မင်းရဲ့ မိန်းမကိုပါ ငါ့အိမ်တော်ထဲ ခေါ်လာမလို့လား"
လီချန်၏ မျက်လုံးများ အရောင်လက်သွားပြီး မျှော်လင့်ချက် ပြည့်ဝစွာ ပြောလိုက်လေသည်။ "တကယ်တော့... အတူတူ နေရရင် ပျော်စရာ ကောင်းသားပဲ"
လီဟောက် "..."
လီဟောက်၏ နဖူးတွင် သွေးကြောများ ထောင်ထလာပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ အရိုးမြည်သံများပင် ထွက်ပေါ်လာတော့သည်။
ကောလာဟလတွေ နည်းနေသေးလို့ ထပ်ပြီး အတင်းအဖျင်း ပြောခံချင်နေတာလား။
လီချန်သည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ချက်ချင်း ရယ်မောကာ ပြောလိုက်လေသည်။ "ကျွန်တော် စနောက်လိုက်တာပါ။ စန်းကော အတည်မယူပါနဲ့"
လီဟောက်က နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။ "ဒီမှာ လာပြီး အရှက်ခွဲမနေနဲ့။ အိမ်တော် ပြန်ရောက်မှ ဆက်ပြောမယ်"
လီချန်သည် ခေါင်းငုံ့ကာ အားမရှိသော အသံဖြင့် ပြန်ဖြေလိုက်လေသည်။
...
မုန့်ယွင်လော်သည် ကျန်းအာကို ခေါ်ဆောင်ကာ ယန်ရှီနန်းဆောင်တွင် အချိန်ဖြုန်းနေလေသည်။
ယခင်က နန်းတော်ထဲ ဝင်ရောက်လာလျှင် ယိဟွားနန်းဆောင်သို့ သွားရောက် ဂါရဝပြုလေ့ ရှိသည်။ ယခုအခါ စူးဖေး သေဆုံးသွားပြီး ယိဟွားနန်းဆောင်တွင် စူးကွေ့ရန် နေထိုင်နေသဖြင့်... မုန့်ယွင်လော် သွားရောက်မည် မဟုတ်ပေ။ ထို့ကြောင့် ယန်ရှီနန်းဆောင်တွင်သာ သမီးဖြစ်သူနှင့်အတူ သွားနေလိုက်ခြင်းပင်။
မုန့်ဖေးသည် မုန့်ယွင်လော်၏ အဒေါ်အရင်း ဖြစ်သဖြင့် အခြားသူများနှင့် မတူညီပေ။ မုန့်ယွင်လော်ကို ပြောဆိုသည့်အခါတွင်လည်း ကွေ့ဝိုက်မနေဘဲ တိုက်ရိုက်ပင် ဆူပူကြိမ်းမောင်းလိုက်လေသည်။ "လီဟောက်က အဲဒီနေ့တုန်းက စူးကွေ့ရန်ကို နန်းတော်ထဲ ပို့ပေးမယ်လို့ ပြောတုန်းက နင် ဘာလို့ မတားဆီးခဲ့တာလဲ။ အခုတော့ ကြည့်စမ်း... ပြဿနာတွေ တက်ကုန်ပြီ။ မုန့်မိသားစုလည်း လူတွေရဲ့ လှောင်ပြောင်မှုကို ခံနေရတယ်။ လီဟောက်ကလည်း နေမကောင်းဘူးဆိုပြီး အိမ်ထဲက အိမ်ပြင် မထွက်ရဲ ဖြစ်နေတယ်။ နင်က တတိယမင်းသားကြင်ရာတော် တစ်ယောက်အနေနဲ့ မျက်နှာကောင်းမယ် ထင်နေလား"
မုန့်ယွင်လော်သည် ဝမ်းနည်းစွာဖြင့် ပြောလိုက်လေသည်။ "အရှင်မင်းသား လုပ်မယ့်ကိစ္စကို ကျွန်မက ဘယ်လိုလုပ် တားလို့ရမှာလဲ"
မုန့်ဖေးက နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။ "ဟုတ်တာပေါ့။ နင်က တားဆီးဖို့ နေနေသာသာ သူ့ရဲ့ မြှောက်ပင့်မှုကို ခံရပြီး ကူညီပေးလိုက်သေးတယ် မလား"
မုန့်ယွင်လော်၏ မျက်ဝန်းအိမ်များ နီရဲလာတော့သည်။ "ကူးမူ... ဆက်မပြောပါနဲ့တော့။ ကျွန်မလည်း နောင်တရလွန်းလို့ ရင်ကွဲမတတ် ဖြစ်နေပါပြီ။ ဒါပေမဲ့ ဘာတတ်နိုင်မှာမလို့လဲ။ အခြေအနေတွေက ဒီအဆင့်ထိ ရောက်နေမှတော့ နောင်တရလည်း နောက်ကျသွားပြီ"
မုန့်ဖေး ဒီလောက် ဒေါသထွက်နေရခြင်းမှာ တူမဖြစ်သူကို သနားလို့ သက်သက်တော့ မဟုတ်ပေ။
ပို၍ အရေးကြီးသည်မှာ ဤကိစ္စတွင် မုန့်မိသားစု ပါဝင်ပတ်သက်နေခြင်းပင်။ ကွမ်ပင်းနယ်စားသည် နေမကောင်းဟု အကြောင်းပြကာ အိမ်တွင်းပုန်းနေရပြီး သူမသည်လည်း နန်းတော်ထဲတွင် မွန်းကြပ်နေရသည်။ လူအများ ကဲ့ရဲ့ပြစ်တင် ပြောဆိုကြသည့်အခါ သူမနှင့် ယုံးကျားဧကရာဇ်တို့၏ အတိတ်က ဇာတ်လမ်းများကိုပါ ထည့်သွင်း ပြောဆိုတတ်ကြသည်။
ယုံးကျားဧကရာဇ်သည် ဒေါသထွက်နေသဖြင့် ယန်ရှီနန်းဆောင်သို့ လာရောက်လည်ပတ်ခြင်း နည်းပါးသွားသည်။ ယခုအခါ အနောက်နန်းဆောင်တွင် ဝမ်ကျဲယွီ အပြင် နောက်ထပ် ငယ်ရွယ်နုပျိုသော ကိုယ်လုပ်တော် ၂ယောက်သည်လည်း မျက်နှာသာပေးမှုကို ရရှိနေကြသည်။
မုန့်ယွင်လော်သည် မုန့်ဖေး၏ အခြေအနေကို အနည်းအကျဉ်း သိရှိထားသဖြင့် လက်ကိုင်ပုဝါဖြင့် မျက်ရည်သုတ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "ကူးမူ နန်းတော်ထဲမှာ နေရတာ ခက်ခဲမယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကောလာဟလတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားမှာပါ။ နောက်ကျရင် အဆင်ပြေသွားမှာပါ"
မုန့်ဖေးသည် ဝမ်းနည်းပက်လက် ဖြစ်နေပြီး သက်ပြင်းချလိုက်မိသည်။ "ငါက တစ်နေ့တစ်ခြား အိုမင်းလာပြီ။ အရှင်မင်းကြီးရဲ့ ဘေးနားမှာ ငယ်ရွယ်နုပျိုတဲ့ မိန်းမလှလေးတွေက အများကြီးပဲ။ နောက်ကျရင် ငါ့အတွက် ဘာကောင်းကျိုးမှ ရှိလာတော့မှာ မဟုတ်ပါဘူး"
ထားလိုက်ပါတော့။ မပြောတာပဲ ကောင်းပါတယ်။
မုန့်ဖေး စကားလမ်းကြောင်း လွှဲရန် ပြင်လိုက်စဉ်မှာပင် မုန့်ယွင်လော်က လေသံတိုးတိုးဖြင့် မေးမြန်းလိုက်လေသည်။ "ကျွန်မ နန်းတော်အပြင်ဘက်မှာ ရှိနေတုန်းက စူးကွေ့ရန် ကိုယ်ဝန်ပျက်ကျသွားတယ် ဆိုတာလောက်ပဲ ကြားခဲ့ရတာ။ အတွင်းရေး အကြောင်းအရာတွေကိုတော့ သေချာ မသိရဘူး။ ကူးမူ... အဲဒီနေ့က တကယ်တမ်း ဘာဖြစ်ခဲ့တာလဲဟင်"
မုန့်ဖေးသည် ဖုံးကွယ်မထားဘဲ ပြောပြလိုက်လေသည်။ "စူးကွေ့ရန်က ကိုယ်ဝန် ၃လ ရှိနေပြီ ဆိုတဲ့ သတင်းကောင်းကို အရှင်မင်းကြီး ကြားသွားခဲ့တယ်။ အဲဒီညမှာပဲ အရှင်မင်းကြီးက ယိဟွားနန်းဆောင်ကို သွားပြီး ငှက်သိုက်ပေါင်း တစ်ခွက် ဆုချလိုက်တယ်။ ညဘက်ကျတော့ စူးကွေ့ရန် ကိုယ်ဝန်ပျက်ကျသွားတာပဲ"
မုန့်ယွင်လော် "..."
...