ထိုက်ဝေ့
Vol. 3 Ch. 300
ဆန်းလျန်က ပါးစပ်ကို ဖွင့်လိုက်ပြီး ဓားဝိညာဉ်ကို ပြန်အန် ထုတ်လိုက်လေသည်။ ဓားဝိညာဉ်မှာ ဆန်းလျန် မျိုချ လိုက်စဉ်ကထက်ပင် စွမ်းအား ကြီးမားနေသေးသည်။
တာအို ကျောင်းဆောင်၏ ခန်းမကြီးမှာ တုန်လှုပ် လာလေသည်။ ကျောက်နံရံများ အက်ကွဲသည့် ကျယ်လောင်သည့် အသံကြီးများလည်း ထွက်ပေါ် လာလေသည်။ ကောင်းကင်ထက်မှ ဆင်းသက် လာသည့် တာအိုဆရာမှာ ဆန်းလျန် အန်ထုတ် လိုက်သည့် ဓားဝိညာဉ်နှင့် ထိမိသည်နှင့် လေထဲတွင် ပျောက်ကွယ် သွားလေသည်။
ထိုသူ ဝတ်ဆင်ထားသည့် တာအိုဝတ်ရုံမှာ အစိတ်အစိတ် အမြွှာမြွှာ ကွဲကြေသွားပြီး မြေပြင်ထက်သို့ ပြန့်ကျဲကျရောက်သွားလေသည်။
သို့သော် မြေပြင်ထက်သို့ ကျရောက်သွားသည့် တာအိုဝတ်ရုံ အပိုင်းအစများမှာ လူသား ပုံသဏ္ဌာန်များ အဖြစ် ပြောင်းလဲ သွားလေသည်။ ထိုလူများထဲတွင် ယောကျ်ားများ၊ မိန်းမများ များစွာ ပါဝင်လေသည်။
ရုတ်တရက်ပင် ထိုလူများက များပြားစွာသော ဂမ္ဘီရပညာများကို အသုံးပြုကာ ဆန်းလျန်ကို တိုက်ခိုက် လိုက်ကြလေတော့သည်။ ထိုပညာရပ်များ အားလုံးမှာ ဆန်းလျန် ရင်းနှီးပြီးသား ဖြစ်သည့် ချင်းရွှမ်နတ်တံခါးမှ တန်ခိုး စွမ်းအားများပင် ဖြစ်လေသည်။ ထိုလူများ အားလုံး ချင်းရွှမ်မှ တန်ခိုး စွမ်းအားများကို ထိပ်တန်းအဆင့် အသုံးပြု နိုင်ကြလေသည်။
ဆန်းလျန်၏ ကြုံးဝါး အော်ဟစ်သံသည် တာအို ကျောင်းဆောင် ခြံဝင်း တစ်ခုလုံးတွင် ပဲ့တင် ထပ်သွားလေသည်။ လူပေါင်းများစွာမှ ဝိုင်းဝန်း တိုက်ခိုက်သည့် တန်ခိုး စွမ်းအားများသည် သူ၏ ဝတ်ရုံစကိုပင် ထိခိုက်နိုင်ခြင်း မရှိပေ။
ဆန်းလျန်သည် ရုပ်ခန္ဓာမှ ခွဲထွက်လာသည့် ဝိညာဉ် တစ်ခုမျှသာ ဖြစ်သည့်တိုင် များစွာသော တန်ခိုး စွမ်းအားများကို အသုံးပြုကာ သူ့ကို တိုက်ခိုက်လာသည့် သူများကို တန်ပြန် တိုက်ခိုက်နေလေသည်။ ထိုသူများ အားလုံး၏ အားနည်းချက်များကို သိရှိကာ တစ်ချက်တည်းဖြင့် ဇီဝိန် ခြွေပစ်နေလေသည်။
ဆန်းလျန်၏ တိုက်ခိုက်မှု အောက်တွင် တစ်ယောက်ပြီး တစ်ယောက် ကျဆုံး ကုန်ကြလေသည်။
ထိုလူများအားလုံးမှာ အစိမ်းသရဲ မြို့တော်ထဲတွင် နေထိုင်ကြသည့် ဈေးသည်များ၊ ကုန်သည်များ၊ လူချမ်းသာများ၊ စာပေသမားများ တစ်ယောက် မကျန်ပင် ဖြစ်လေသည်။ သူတို့ အားလုံးမှာ အသိတရားများ ပျောက်ဆုံး နေကြလေသည်။
ဆန်းလျန်သည် အားလုံးကို တိုက်ခိုက် အနိုင်ယူ နှိမ်နင်း လိုက်လေသည်။
ခန်းမဆောင် တစ်ခုလုံးသည် တိတ်ဆိတ် ငြိမ်သက် သွားလေသည်။ အသံတစ်စက်မှ မကြားရတော့ လောက်အောင် တိတ်ဆိတ်သွားခြင်း ဖြစ်လေသည်။
အချိန်များစွာ ကုန်ဆုံး သွားလေသည်။
တိတ်ဆိတ်ခြင်းနှင့် အထီးကျန်ခြင်း ပေါင်းစည်းသွားပြီး ဆန်းလျန်၏ တာအို ကျင့်ကြံသူ စိတ်ထားသည် တဖြည်းဖြည်း ပြီးပြည့်စုံသည်ထက် ပြည့်စုံလာလေသည်။
ထိုအချိန်မှာပင် ရေတစ်စက်ချင်း ကျနေသည့် အသံတစ်သံကို ဆန်းလျန် ကြားလိုက် ရလေသည်။
"တောက် တောက် တောက် တောက်"
ခန်းမဆောင် အပြင်ဘက်ရှိ တံစက်မြိတ်ဆီမှ ကျောက်တုံး လှေကားထစ်များ ပေါ်သို့ သွေးများ တစ်စက်ချင်း ကျဆင်း နေခြင်း ဖြစ်လေသည်။ သွေးများမှာ နီရဲနေပြီး အလွန်မှ လတ်ဆတ် လေသည်။
ဆန်းလျန်မှာ သွေးနံ့ကို ရနေမိလေသည်။ ထို့နောက် ခန်းမဆောင် အပြင်ဘက်တွင် သွေးမိုးများ ရွာသွန်း လာလေတော့သည်။ သွေးမိုးများသည် တဖြည်းဖြည်း သည်းထန် လာလေသည်။
ဆန်းလျန်သည် နွေးထွေးသည့် အိပ်ရာ တစ်ခုထက်တွင် လဲလျောင်း နေလေသည်။
အိပ်ရာထဲသို့ ဘယ်အချိန်က ဘယ်လို ရောက်သွားသည်ကို ဆန်းလျန် မသိလိုက်ပေ။
အမှန်တော့ အိပ်ရာ တစ်ခုမဟုတ်ပေ။ ကျောက်ဖျာတစ်ခု ဖြစ်လေသည်။ ကျောက်ဖျာသည် နွေးထွေးနေပြီး အနွေးဓာတ်များက သူ့ကိုယ်တွင်းသို့ စီးဝင်နေလေသည်။
အေးစက်ပြီး နူးညံ့သည့် လက်လေး တစ်ဖက်သည် ဆန်းလျန်၏ နဖူးကို လာစမ်းလေသည်။ ဆန်းလျန်က သူ၏ မျက်ဝန်းများကို ဖွင့်ကြည့်လိုက်လေသည်။ သူ၏ မျက်စိရှေ့တွယ် သွယ်လျ လှပပြီး ကျက်သရေ ရှိလွန်းလှသည့် ငယ်ရွယ်သည့် မိန်းမပျို တစ်ယောက်ကို တွေ့လိုက် ရလေသည်။ သူမ၏ မျက်ဝန်းများတွင် နူးညံ့သည့် အကြင်နာ တရားများဖြင့် ပြည့်နေလေသည်။
ထို မိန်းမပျိုသည် ကူးချိုင်ဝေ့နှင့် အလွန် ဆင်တူလေသည်။ ကူးချိုင်ဝေ့ ငယ်စဉ်က ပုံဖြစ် နိုင်လေသည်။
ဆန်းလျန် မျက်လုံး ဖွင့်လာတော့မှ သူမက စိတ်သက်သာရာ ရသွားသည့် အသံဖြင့်…
"ဆန်းလျန်၊ အမြန်ထ၊ ဒီနေ့က မင်းကို တပည့်အဖြစ် တရားဝင် အသိအမှတ် ပြုမယ့်နေ့ပဲ၊ ဒီနေ့ကစပြီး မင်းက မမရဲ့ ဂိုဏ်းတူ မောင်လေး ဖြစ်သွားပြီ"
ဆန်းလျန်သည် မှန်ထဲသို့ လှမ်းကြည့် လိုက်လေသည်။
သူက အသက်ဆယ်နှစ် အရွယ် ဆန်းလျန် ဖြစ်နေပြီး ပိန်လည်းပိန်းပြီး သေးလည်း သေးလေသည်။ သို့သော် ချောမောနေဆဲ ဖြစ်လေသည်။ ငယ်ရွယ်သည့် မိန်းမပျိုလေး အသွယ်ဖြစ်သည့် ကူးချိုင်ဝေ့က သူ၏ ဆံပင်များကို ဖြီးသင် ရှင်းလင်း ပေးနေလေသည်။
ထို့နောက် ကူးချိုင်ဝေ့က သူဝတ်ဆင်ရန် အတွက် တာအိုဝတ်ရုံ တစ်ခုကို ယူလာလေသည်။ ထိုဝတ်ရုံသည် ဆန်းလျန်နှင့် အလွန် ပွနေလေသည်။
ထို့နောက် မိန်းမငယ်လေး ကူးချိုင်ဝေ့သည် သူ့ကို ဆရာဘွားဘွား၏ ခန်းမဆောင်သို့ ခေါ်ဆောင် လာလေသည်။ ခန်းမထဲတွင် ပိယွင် နတ်သမီးနှင့် ဆင်တူသည့် မိန်းမပျိုတစ်ယောက် ထိုင်နေလေသည်။ ခန်းမထဲတွင် ပိယွင်နတ်သမီး၏ ပန်းချီကားချပ်မှာ ရှိမနေတော့ပေ။ ပိယွင် နတ်သမီးမှာ ပန်းချီကားထဲမှများ ထွက်လာလေသလား ဟုထင်ရလေသည်။
တပည့် အဖြစ်လက်ခံသည့် အခမ်းအနား ပြီးဆုံးသွားသည့် အခါတွင်တော့ ဆန်းလျန်က ဆရာ ဖြစ်သူကို ဂါရဝပြုရမည့် အစီအစဉ် ဖြစ်လေသည်။
သို့သော် ဆန်းလျန်က ခပ်တည်တည် သာရပ်နေပြီး ဆရာဖြစ်သူကို ဂါရဝပြုခြင်း မရှိပေ။
"ဂိုဏ်းတူ မောင်လေး၊ မင်းဘာလို့ ဆရာ့ကို ဂါရဝ မပြုရတာလဲ"
"ဂိုဏ်းတူ မောင်လေး၊ မင်းဘာလို့ ဆရာ့ကို ဂါရဝမပြုရတာလဲ"
"ဂိုဏ်းတူ မောင်လေး၊ မင်းဘာလို့ ဆရာ့ကို ဂါရဝမပြုရတာလဲ"
မိန်းမငယ်လေး ကူးချိုင်ဝေ့က အဆက်မပြတ် သူ့ကို ပြောဆိုနေလေသည်။
ဆန်းလျန်က လက်နှစ်ဖက်ကို နောက်သို့ ပစ်လိုက်ပြီး သူ့ဘဝတွင် ဆုံတွေ့ခဲ့ရခြင်း မရှိသည့် ဆရာဖြစ်သူ ပိယွင် နတ်သမီးကို စိုက်ကြည့် နေလိုက်လေသည်။
ခန်းမဆောင် အပြင်ဘက် တံစက်မြိတ်မှ သွေးစက် ကျသံများ ထပ်မံ ထွက်ပေါ် လာပြန်လေသည်။ ထို့နောက် သွေးမိုးများ ရွာသွန်းလာပြီး သွေးမိုးများသည် ခန်းမအတွင်းသို့ ပင် ဝင်ရောက်လု နီးပါး ဖြစ်လာလေသည်။
ဆန်းလျန် မျက်စိရှေ့မှ မြင်ကွင်းများ အားလုံးမှာ ပျောက်ကွယ် သွားလေသည်။ ကူးချိုင်ဝေ့လည်း ပျောက်ကွယ် သွားပြီ ဖြစ်သည်။ တပည့်အဖြစ် လက်ခံသည့် အခမ်းအနားလည်း ပျောက်ကွယ် သွားပြီး ခန်းမအတွင်းတွင် ထိုင်နေသည့် ပိယွင်လည်း ပျောက်ကွယ် သွားပြီ ဖြစ်လေသည်။
ဆန်းလျန်သည် ယခင်က အတိုင်းပင် ခန်းမဆောင်ထဲတွင် ရှိနေလေသည်။
သို့သော် ခန်းမထဲတွင် ပိယွင်နတ်သမီး၏ ပန်းချီကားချပ် ရှိမနေတော့ပါ။
ခန်းမ အပြင်ဘက်တွင် မိုးများ ရွာသွန်းနေလေသည်။
မိုးရေထဲတွင် ထီတစ်လက်ကို ဆောင်းပြီး မိန်းမပျို တစ်ယောက် လမ်းလျှောက် လာနေလေသည်။ ထိုမိန်းမပျိုသည် ခန်းမအတွင်းသို့ ဝင်ရောက် လာလေသည်။
ဆန်းလျန်နှင့် မိန်းမပျိုသည် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် နေကြလေသည်။
ထိုမိန်းမပျိုမှာ ပန်းချီကားထဲမှ ပိယွင်နတ်သမီးနှင့် အလွန် ဆင်တူလေသည်။
"မင်းက ဘယ်သူလဲ"
ဆန်းလျန်က မေးလိုက်သည်။
"ငါက မင်းရဲ့ဆရာ ပိယွင်လေ"
မိန်းမပျိုက ပြန်ပြောလိုက်သည်။
"မဖြစ်နိုင်ဘူး…"
ဆန်းလျန်က သိမ်မွေ့စွာပင် ငြင်းဆိုလိုက်သည်။
"ငါက ပိယွင်ပါပဲ၊ ငါသေဆုံး သွားခဲ့တယ်၊ မင်းက ငါ့အတွက် ယန်ရွှီးကို သတ်ပြီး လက်စား ချေရမယ်နော်"
သူမ၏ စကားများကို ဆန်းလျန်က အရေးမလုပ်ပါ။
"မင်းက မိုးကောင်းကင် နတ်မိစ္ဆာ တစ်ယောက်ပဲ"
"မင်းမှန်ပါတယ်၊ ငါက မိုးကောင်းကင် နတ်မိစ္ဆာ တစ်ယောက်ပဲ၊ ဒါပေမယ့် ငါက ပိယွင်ပါပဲ၊ မင်းက မင်းရဲ့ ဆရာကို ပြန်သတ်တော့ မလို့လား၊ မင်းကို ငါက ပညာသင် ပေးခွင့် မရခဲ့ပေမယ့် ငါက မင်းရဲ့ ဆရာအဖြစ် အမည်ခံခဲ့ရတဲ့ သူပါပဲ"
မိန်းမပျိုက ပြောလိုက်လေသည်။
"မင်းက ကျုပ်ဆရာရဲ့ မှတ်ဉာဏ်တွေကို ယူထားတာပဲ၊ ပြီးတော့ ဒီအစိမ်းသရဲ မြို့တော်က ဝိညာဉ်တွေရဲ့ ဝိညာဉ် အလင်းဓာတ်ကိုလည်း မင်းပဲယူထားတာ၊ ချင်းရွှမ်က ဆရာသခင်အချို့ရဲ့ ဝိညာဉ် အလင်းဓာတ်ကိုတောင် မင်းက ယူထားတယ်"
ဆန်းလျန်က ပြောလိုက်လေသည်။
"မင်းက သိပ်ဉာဏ်ကောင်းတာပဲ၊ ပြီးတော့ သိပ်ပြီးတော့လည်း အသိဉာဏ် ကြွယ်ဝတယ်၊ မင်းကို ဘာမှ ဖုံးကွယ်ထားလို့ မရနိုင်ဘူး ဆိုတာ ငါသိထားပြီး သွားပါ၊ ဒါပေမဲ့ မင်းဒီနေရာကို ရောက်လာမှတော့ ပြန်ထွက်သွားဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး"
မိန်းမပျိုသည် ဆန်းလျန်ကို သားကောင် တစ်ကောင်ကို ဖမ်းတော့မည့် အလား ကြည့်နေလေသည်။
သူမသည် ဆန်းလျန်ကို ပြင်းပြင်းပြပြ ရယူလိုစိတ် ဖြစ်နေကြောင်းကို ဆန်းလျန် ခံစား လိုက်မိလေသည်။ နှစ်ပေါင်းများစွာ အစာ မစားခဲ့ရသူသည် အာသာငမ်းငမ်း စားချင် သောက်ချင် နေသည့် ဆန္ဒမျိုး ဖြစ်လေသည်။
သို့သော် သူမက သူမကိုယ်သူမ ထိန်းချုပ် ထားလေသည်။ ထိုသို့ ထိန်းချုပ် ထားရန်မှာ လွယ်သည့် ကိစ္စတော့ မဟုတ်ပေ။
သူမသည် အလွန် တန်ခိုးစွမ်းအား မြင့်မားသည့် မိုးကောင်းကင် မိစ္ဆာ တစ်ယောက် ဖြစ်လေသည်။ သူမကိုယ် သူမ ထိန်းချုပ်ထားသည့် အတွက်သာ ဆန်းလျန်၏ ဝိညာဉ် အလင်းဓာတ်မှာ စုပ်ယူ မခံရသေးခြင်း ဖြစ်လေသည်။
သူမ စတင် မွေးဖွားလာသည့် အချိန် ကတည်းက ဆန်းလျန်၏ ဝိညာဉ် အလင်းဓာတ်ကဲ့သို့ သန့်စင်လွန်းသည့် ဝိညာဉ် အလင်းဓာတ်မျိုးကို မတွေ့ခဲ့ဖူးပေ။
"မင်းမှားနေပြီ၊ ကျုပ်ထွက်သွားချင်တယ် ဆိုရင် ဘယ်အရာမှ တားဆီးလို့ မရနိုင်ဘူး"
ဆန်းလျန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တတ် ရပ်နေလေသည်။
မိန်းမပျိုက မဲ့ပြုံး တစ်ချက် ပြုံးလိုက်ပြီး…
"ဒါဖြင့် ကြိုးစားကြည့်လေ…"
"နှုတ်ဆက်ခဲ့ပါတယ်"
ဆန်းလျန် ပြောလိုက်သည်။
ဆန်းလျန်၏ ဝိညာဉ် ခန္ဓာတစ်ခုလုံးမှာ လင်းလက် တောက်ပ သွားလေသည်။ အလွန်သန့်စင်ပြီး တောက်ပသည့် ဆန်းလျန်၏ ဝိညာဉ် အလင်းဓာတ်သည် ဗလာနယ်ကို ထိုးခွဲ လိုက်လေသည်။
ထိုက်ဝေ့ထိုင် ခန်းမဆောင်တွင် အလင်းမှုံလေးများ ဖြာထွက် လာပြီး မိန်းမပျို တစ်ယောက်၏ ပုံသဏ္ဌာန် ပေါ်လာလေသည်။
မိန်းမပျိုသည် ပင့်သက် တစ်ချက် ရှိုက်လိုက်လေသည်။
လွတ်လပ်မှု၏ အရသာကို သူမ ခံစားလိုက်ရသည်။
မိုးကောင်းကင် နတ်မိစ္ဆာ တစ်ယောက်သည် လွတ်လပ်မှုကို ဆုံးရှုံးရလျှင် အလကားပင် ဖြစ်လေသည်။
ယခုတော့ သူမ လွတ်လပ်မှုကို ပြန်လည်ရရှိခဲ့ပြီ။
ဆန်းလျန်က အလွန်ဉာဏ်ရည် ထက်မြက်သူ တစ်ယောက် ဖြစ်လေသည်။ သို့သော် အစိမ်းသရဲ မြို့တော်မှ သူထွက်ခွာ သွားလျှင် မည်သို့ ဖြစ်မည်ကို သိရှိခဲ့ခြင်း မရှိပေ။
ဆန်းလျန် အစိမ်းသရဲမြို့တော်မှ ဗလာနယ်ကို ထိုးခွင်းကာ ထွက်ခွာ သွားသည့် အတွက် အစိမ်းသရဲ မြို့တော်တွင် အက်ကြောင်းထင် ကျန်ရစ်ခဲ့လေသည်။ ထိုထင်ကျန်ရစ် ခဲ့သည့် အက်ကြောင်းမှ သူမက လိုက်ထွက် လာခြင်း ဖြစ်လေသည်။
ပြင်ပလောကမှ နေ့ရက်များကို သူမ အလွန်မှ လွမ်းဆွတ်တမ်းတ သတိရနေခဲ့သည်မှာ ကြာခဲ့ပြီ။ ယခုတော့ သူမ လွတ်လပ်သွားပြီ။ ပြင်ပကမ္ဘာတွင် သူမ ဝိညာဉ် အလင်းဓာတ် များစွာကို ထပ်မံ စားသုံးနိုင်တော့မည်။ ထိုအခါ သူမသည် ထိပ်တန်း မိုးကောင်းကင် မိစ္ဆာတစ်ပါး ဖြစ်လာမည် ဖြစ်လေသည်။
ထိုသို့ တွေးလိုက်မိသည်နှင့် သူမစိတ်တွင် ပီတိများ ဖြစ်သွား ရလေသည်။ သူမက ထိုက်ဝေ့ထိုင် ခန်းမဆောင် တံခါးဝမှ ထွက်ခွာသွားရန် ခြေလှမ်း ပြင်လိုက်သည်။
သို့သော် ချက်ချင်းပင် သူမ ရင်ထိတ်သွားရသည်။
ထိုက်ဝေ့ထိုင် ခန်းမဆောင် အဝင်ဝတွင် တစ်စုံတစ်ခု ချိတ်ဆွဲ ထားလေသည်။ ထိုအရာမှာ သစ်သား ငါးရုပ်တုံးလေး တစ်ခုဖြစ်လေသည်။ သစ်သား ငါးရုပ်တုံးလေးမှာ မီးခိုးရောင်သန်းသည့် ငွေရောင်ရှိပြီး သံမဏိနှင့် ဆင်တူလေသည်။ ထိုသစ်သား ငါးရုပ်တုံးလေးမှ အရောင်များ တောက်ပ နေလေသည်။
သစ်သား ငါးရုပ်တုံးပေါ်တွင် စာလုံးနှစ်လုံး ရေးထွင်း ထားလေသည်။
"ထိုက်ဝေ့"
ဆန်းလျန်သည် တံခါး အပြင်ဘက်တွင် ရပ်နေလေသည်။
သူက မိန်းမပျိုကို အေးစက်စွာဖြင့် ကြည့်နေလေသည်။
သူ၏ လက်ထဲတွင် တူတစ်ချောင်းကို ကိုင်ဆောင် ထားပြီး ထိုက်ဝေ့ကို အသာလေး ခေါက်လိုက် လေသည်။ ကျယ်လောင်သည့် တုံးခေါက်သံကြီး တစ်သံ ထွက်ပေါ်လာပြီး မိုးမြေတစ်ခွင် ဖုံးလွှမ်း သွားလေသည်။
မိန်းမပျိုသည် ထိုအသံ၏ ဒဏ်ကို မခံနိုင်ဘဲ သူမ၏ ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင် ထားလိုက် မိလေတော့သည်။
***