အခန်း (၄၈၃)
Vol. 49 Ch. 483
ချင်းယွဲ့ဂိုဏ်း၏ ဂိုဏ်းချုပ်သည် သူမ၏ မေးစေ့ကို သာသာလေးကိုင်လိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"အခု ပြန်တော့။ တစ်ခါ မိုက်မဲခဲ့တာနဲ့တင် လုံလောက်ပြီ။"
ဤလူငယ်လေး တစ်ချိန်က ဖန်တီးခဲ့သော ပြဿနာများသည် ယခုအချိန်အထိ နန်ဟုန်သားတော်ခုနစ်ပါးကို စိတ်အေးလက်အေး မနေနိုင်အောင် လုပ်ဆောင်နေဆဲဖြစ်သည်။
သူ့တွင် အကူအညီပေးမည့် အဆက်အသွယ်များစွာ ရှိကောင်းရှိနိုင်သည်။ သို့သော် ဤစွမ်းအားကို တစ်ကြိမ်သာ အသုံးပြုနိုင်သည်။
အကယ်၍ အသုံးပြုပြီးသွားပါက ရွှမ်ချင်းဆိုသည့် နာမည်သည် ဟုန်ကျယ်တစ်ခွင် ထပ်မံဟိုးလေးတကျော် ဖြစ်သွားမည်ဖြစ်ပြီး၊ ထို့နောက်တွင် သူ၏သေဆုံးခြင်းနှင့်အတူ ဟုန်ကျယ်အတွင်း၌ ကြီးမားသော အငြိုးအတေး အခြေအတင်ဖြစ်မှုများ ပေါ်ပေါက်လာလိမ့်မည်။
သူ့ကို ချစ်မြတ်နိုးကြသော အမျိုးသမီးများစွာသည် သေရမည်ကို ဂရုမစိုက်ကြသော်လည်း လီရွှမ်ချင်းကိုယ်တိုင်ကမူ ထိုမျှလောက် အသည်းနှလုံးမရှိသည့် လူစားမျိုး မဟုတ်ပေ။
ချင်းယွဲ့ဂိုဏ်းချုပ်၏ စကားများ ဆုံးသွားသည်နှင့် လူအုပ်ကြီး၏ရှေ့တွင် လျိုရှီချန်းက သက်ပြင်းတစ်ချက် အလိုအလျောက် ချလိုက်မိ၏။
ရွှမ်ချင်းက ဘာရည်ရွယ်ချက်နှင့် ဤသို့လုပ်သည်ကို သူနားမလည်သလို၊ ဤကိစ္စက ရှန်းယီအပေါ်တွင် ဖိအားတွေ အများကြီးပေးမိသွားမလားဟုလည်း စိုးရိမ်နေမိသည်။
ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အစောပိုင်းအဆင့်မှာပဲ ရှိသေးတဲ့ လူငယ်လေးတစ်ယောက်က ဒီလိုကိစ္စရပ်အားလုံးကို တကယ်ပဲ တောင့်ခံနိုင်ပါ့မလား။
ယန်ဝမ်ချန့်နှင့် ကျန်းချန်တို့မှာမူ ထူးဆန်းသော မျက်နှာအမူအရာများ ဖြစ်နေကြသည်။ သူတို့ အမြဲတမ်း ဂိုဏ်းချုပ်ရှန်းဟု ခေါ်နေခဲ့သော အရာမှာ ယခုအခါ လက်တွေ့အမှန်တရား ဖြစ်လာခဲ့ပြီ။
နန်ဟုန်သားတော်ခုနစ်ပါးက ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အစောပိုင်းအဆင့်မှာပဲ ရှိသေးတဲ့ ဂိုဏ်းချုပ်တစ်ယောက်ကို တကယ်ပဲ ဗြောင်ကျကျ အသိအမှတ်ပြုကြမှာလား။
"ကျေးဇူးတင်ပါတယ် ဒေါ်လေး ကျိ။"
လီရွှမ်ချင်းက မတ်မတ်ရပ်ကာ နာခံမှုရှိစွာဖြင့် လှည့်ထွက်သွားခဲ့သည်။ သူသည် တိမ်တိုက်များကြားသို့တိုးဝင်ပျောက်ကွယ်သွားပြီး နန်ယန်ရုပ်ကြွ ပေါ်သို့ ဆင်းသက်လိုက်သည်။
အစပိုင်းတွင် ရှေ့သို့ လှမ်းတက်ရန်ပြင်သော်လည်း ရုတ်တရက် ရပ်တန့်လိုက်၏။ ထို့နောက် သူသည် တင်ပျဉ်ခွေထိုင်ကာ ဂိုဏ်းချုပ်ရှန်းကျင့်ကြံခြင်းပြီးဆုံး၍ သူ့အတွက် တံခါးဖွင့်ပေးမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။
နန်ယန်ဂိုဏ်းအတွင်း၌ရှန်းယီသည် ထျန်းဟွမ်ဆေးလုံး အားလုံးကို မျိုချလိုက်ရာ သူ၏ တစ်ကိုယ်လုံးမှာ ချက်ထားသော ပုစွန်တစ်ကောင်လို နီရဲတောက်လာပြီး အရေပြားများမှာလည်း မီးတောက်သကဲ့သို့ ပူပြင်းလာသည်။
ဤအရာဟာ တတိယအကြိမ်မြောက် ကောင်းကင်နန်းတော်ကို တည်ဆောက်အောင်မြင်ခြင်းဖြစ်ပြီး ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အလယ်အလတ်အဆင့်သို့ တက်လှမ်းလိုက်ခြင်း ဖြစ်သည်။
ထိုမျှလောက်ကြီးမားသော ခွန်အားတိုးတက်မှုသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ဖြစ်ပေါ်နေသော အပြောင်းအလဲများနှင့် ယှဉ်လျှင် ဘာမှမဟုတ်သေးပေ။ ကောင်းကင်ဘုံဖီးနစ်ထာဝရမူလခန္ဓာကိုယ် သည် နောက်ဆုံးတွင် နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ကြီးမားသောအောင်မြင်မှုအဆင့်မှ ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားခြင်းပင်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ တာအိုဝိညာဉ်ကိုယ်တွင်းအင်္ဂါငါးခုစလုံးသည် တောက်ပစွာ လင်းလက်နေပြီး ဖီးနစ်သစ်ပင်ကို ပို၍ပင်ခန့်ညားထည်ဝါစေသည်။
လင်းလက်တောက်ပသော ရွှေရောင်အလင်းများ ဝန်းရံထားသည့် ဖီးနစ်ငှက်သည် မီးလျှံများအတွင်း၌ ဖုံးလွှမ်းနေသည်။ ရှင်သန်ခြင်းအရှိန်အဝါများ တဖြည်းဖြည်းမှေးမှိန်သွားသည်။
စူးရှသော ဖီးနစ်အော်မြည်သံကြီး ထွက်ပေါ်လာသည့်အထိပင်။
၎င်းသည် ရွှေရောင်မီးလျှံများကို ဖယ်ခွာပစ်လိုက်ပြီး အရောင်အသွေးစုံလင်သော အလင်းတန်းများအဖြစ် ပြောင်းလဲကာ မီးပင်လယ်ထဲမှ ပျံတက်သွားသည်။
သူ၏ ရှည်လျားသော အမြီးအမွေးများသည် ကောင်းကင်ယံမှ ရောင်စုံနေထွက်ချိန်ကဲ့သို့ လွင့်ဝဲနေသည်။ ပြာပုံထဲမှ ရုန်းထွက်ကာ အသစ်တဖန် မွေးဖွားလာသော စစ်မှန်သော ကောင်းကင်ဖီးနစ်ပင်။
ရှန်းယီ မျက်လုံးဖွင့်လိုက်ချိန်တွင် ခန္ဓာကိုယ်ပေါ်မှ နီရဲမှုများပျောက်ကွယ်သွားပြီး ကျောက်စိမ်းကဲ့သို့ ဖြူစင်ဝင်းပလာ၏။ သူ မတ်တပ်ရပ်လိုက်သည်နှင့် နန်ယန်ဂိုဏ်းအတွင်းစည်းတစ်ခုလုံး၏ အပူချိန်မှာ သိသိသာသာ မြင့်တက်သွားတော့သည်။
နတ်ဆိုးသက်တမ်း နှစ်ပေါင်း သုံးသောင်းနီးပါးကို အသုံးပြုပြီးနောက် သူ၏ စနစ်မျက်နှာပြင်တွင် စာသားများ ပေါ်လာသည်။
[ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် - ကောင်းကင်ဘုံဖီးနစ်ထာဝရမူလခန္ဓာကိုယ် : ပြီးပြည့်စုံခြင်း]
[ကျန်ရှိသော နတ်ဆိုးသက်တမ်း: ၁၀၀၀၀၂]
ယခုအခါ သူ၏စိတ်ဝိညာဉ်ခန္ဓာကိုယ် သည် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၆ နှင့် နှိုင်းယှဉ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
သူသည် ပြည့်လျှံနေသော ရှင်သန်ခြင်းစွမ်းအင်ကို ခံစားရင်း အဝေးသို့ လှမ်းကြည့်လိုက်ရာ တောင်တန်းအားလုံးမှာ သူ၏ ခြေဖဝါးအောက်တွင် ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် အလိုအလျောက် ကျယ်လောင်စွာ ဟောက်လိုက်ချင်သော်လည်း တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မျက်မှောင်ကြုတ်ကာ ထိုရူးကြောင်ကြောင် ဆန္ဒကိုထိန်းချုပ်လိုက်၏။
အေးအေးဆေးဆေး နေတာကပဲ ပိုကောင်းပါလိမ့်မယ်။
သူ၏ စီနီယာ ရွှမ်ချင်း အစောပိုင်းက ပြောခဲ့သော စကားသည် မည်သည့်အရာကို ဆိုလိုသည်ကို သူ မသေချာပေ။ တစ်ခုခု ချန်ထားခဲ့ပုံရ၏။
ရှန်းယီက ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ ဖီးနစ်ငှက်ကဲ့သို့လျင်မြန်လှသည်။ သူ ယခင်က အသုံးပြုခဲ့သော ကောင်ကင်းသို့နဂါးကခုန်ခြင်း နည်းစနစ် ထက်ပင် ပို၍ မြန်ဆန်နေသည်။
သူသည် နန်ယန်ရုပ်ကြွပေါ်တွင် ပေါ်လာပြီး ထိုနေရာတွင် တိတ်ဆိတ်စွာရှိနေသော ကျောက်စိမ်းဖြူတံဆိပ်ပြားကို မြင်လိုက်ရသည်။
ရှန်းယီ ထိုတံဆိပ်ပြားကို ကောက်ကိုင်လိုက်၏။
အော်... စီနီယာ ရွှမ်ချန်းက ဒီသော့ကို တစ်ချိန်လုံး ကိုင်ထားခဲ့တာကိုး။
ဒါက ဘာကို ဆိုလိုတာလဲ။ ဂိုဏ်းချုပ်ရဲ့အမိန့်အာဏာကို သူ့ဆီလွှဲပေးလိုက်တာလား။
ရှန်းယီသည် ဤကဲ့သို့သော ထုံးတမ်းစဉ်လာများကို သိပ်နားမလည်သော်လည်း ဂိုဏ်းချုပ်တံဆိပ်ပြားမှာ အလွန်တန်ဖိုးရှိသည်မှာ ထင်ရှားသဖြင့် သူ့လက်စွပ်ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်သိမ်းလိုက်၏။
ယခုအခါ နန်ဟုန်နယ်မြေအတွင်း၌ပင် အတော်အတန် ကောင်းမွန်သောခွန်အားကို ပိုင်ဆိုင်ထားပြီဖြစ်ရာ ရှေ့ဆက်ရမည့် လမ်းစဉ်ကို စီမံကိန်းချရန် အချိန်တန်ပြီ။
"ဟင်"
ဂိုဏ်းအပြင်ဘက်တွင် တစ်စုံတစ်ဦး စောင့်နေသည်ကို ခံစားလိုက်ရသဖြင့် ရှန်းယီက ခေတ္တမျှကြည့်လိုက်ပြီးနောက် ဂိုဏ်းအကာအကွယ်အစီအရင်ကို ဖွင့်ပေးလိုက်၏။
လီရွှမ်ချင်းသည် နောက်ဆုံးတွင် အတွင်းသို့ လှမ်းဝင်လာခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင် သူသည် ဘိုးဘေးရုပ်တုရှေ့တွင် ဒူးထောက်ခြင်း မပြုတော့ပေ။ သူသည် ရှန်းယီကို တည်ငြိမ်စွာ ကြည့်ရင်း ညင်သာစွာ ပြောလိုက်၏။
"အားလုံးကို ကိုင်တွယ်ဖြေရှင်းပြီးပါပြီ။"
"ဘာကို ဖြေရှင်းတာလဲ" ရှန်းယီက ပျင်းရိစွာ အကြောဆန့်ရင်း စပ်စုလိုစိတ်ဖြင့် ကြည့်လိုက်သည်။
"နန်ယန်ဂိုဏ်းရဲ့ဂိုဏ်းချုပ်အသစ် နန်းတက်ပွဲအကြောင်း သူတို့ကို သွားပြောခဲ့တာလေ။" လီရွှမ်ချင်းက ပြုံးလျက် ပြောလိုက်သည်။
"..."
ရှန်းယီ၏ လှုပ်ရှားမှုများ အနည်းငယ် တုံ့ဆိုင်းသွား၏။
သူသည် ဤ တာအိုပေါင်းစည်းခြင်းရတနာနယ်မြေကို အမှန်တကယ် လိုချင်ခဲ့သည်မှာ မှန်ပါသည်။ သို့သော် သူ၏ ခွန်အား လုံလောက်သည့်အချိန်ကျမှသာ တစ်ချက်တည်းနှင့် သိမ်းပိုက်နိုင်ရန် ကိစ္စရပ်များကို ရွှေ့ဆိုင်းထားခြင်းက အကောင်းဆုံးဟု သူ အမြဲတွေးထားခဲ့သည်။
"မင်း ဘာတွေးနေလဲဆိုတာ ငါသိပါတယ်။" လီရွှမ်ချင်းက ခေါင်းခါရင်း ရှင်းပြသည်။
"ဒါပေမယ့် သူတို့က မိုက်မဲပေမဲ့အတွေ့အကြုံတော့ ရှိကြတယ်။ မင်းရဲ့ အခုရှိနေတဲ့ ခွန်အားကို မြင်ရင် သူတို့ မင်းကိုကြောက်ကြလိမ့်မယ်။ အဲဒီအခါမှာ သူတို့ကျိုးကြောင်းဆင်ခြင်ဉာဏ် မရှိတာတွေ လုပ်လာနိုင်တယ်။"
"အကယ်၍ မင်းက လက်လျှော့ချင်တယ်ဆိုရင်လည်းလျှော့လိုက်ပါ။ ဒါပေမယ့် မင်းက ကြိုးစားချင်တယ်ဆိုရင်တော့... ကိစ္စရပ်တွေကို နောက်ကျမှ သိရတာထက် စောစောစီးစီး ဗြောင်ကျကျ ချပြလိုက်တာက ပိုကောင်းပါတယ်။"
"ဒါကတော့ ငါ့ရဲ့အမြင်သက်သက်ပါပဲ။ မင်းမှာ တခြားအကြံရှိရင် ငါ အခုပဲ ပြန်သွားပြီး စောစောက ပြောခဲ့တာတွေကို ပြန်ရုပ်သိမ်းပေးလို့ ရပါတယ်။ ပြဿနာမရှိဘူး။"
လီရွှမ်ချင်းသည် တစ်ခါတည်းနှင့် ဤမျှလောက် စကားအများကြီး ပြောလေ့မရှိပေ။ သူသည် နန်ယန်ဂိုဏ်းအတွက် တကယ်ကို ထည့်သွင်းစဉ်းစားပေးနေခြင်းမှာ ထင်ရှားသည်။
ရှန်းယီက ခပ်တိုးတိုး သက်ပြင်းချလိုက်၏။
"ထားလိုက်ပါတော့ "
"ဟင်" လီရွှမ်ချင်းက စပ်စုလိုစိတ်ဖြင့် မော့ကြည့်သည်။
"ထားလိုက်ပါတော့ ဆိုတာ ဘာကို ဆိုလိုတာလဲ"
"ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်လို့ ဆိုလိုတာပါ။"
ရှန်းယီက ဘာကိုမှဂရုမစိုက်ဟန်ဖြင့် ရှေ့သို့ လှမ်းတက်ကာ ဘိုးဘေးခန်းမထဲသို့ ဝင်သွားပြီး နေရာတစ်ခုရွေးကာ ထိုင်လိုက်၏။
"နောက်ထပ် ဘာဆက်ဖြစ်မှာလဲ"
ဤစကားကြောင့် လီရွှမ်ချင်း ခေတ္တမျှမှင်တက်သွားပြီးနောက် မရယ်ဘဲ မနေနိုင်တော့ပေ။ ဂိုဏ်းချုပ်၏ ဤကဲ့သို့ ပေါ့ပေါ့ပါးပါး နေတတ်သည့် စရိုက်က သူ၏ တိုက်ရိုက်တပည့်ကိုပင် အနည်းငယ် မနာလို ဖြစ်သွားစေသည်။
"ငါလည်း သေချာမသိဘူး။" လီရွှမ်ချင်းက သူ၏ ထိုင်ခုံသို့ ပြန်သွားသည်။
"သတင်းကိုပဲ စောင့်ကြတာပေါ့။ သိပ်တော့ ကြာမှာ မဟုတ်ပါဘူး ရွှမ်ချင်းရဲ့ အရှိန်အဝါကတော့ နည်းနည်းပါးပါး ကျန်ပါသေးတယ်။"
တည်ငြိမ်နေသယောင် ရှိသော်လည်း သူ၏ စကားများတွင် ယုံကြည်ချက်အပြည့်ရှိနေသည်။
ရှန်းယီသည် အောင်မြင်မှု အသစ်တဖန် ရရှိထားသူဖြစ်ရာ လုပ်စရာအခြားမရှိသဖြင့် ခရမ်းရောင်ဟုန့်မုန့်ချီ၏ အသုံးဝင်ပုံကို စတင်မေးမြန်းလိုက်သည်။
"ဒီ ခရမ်းရောင်ချီက စိတ်ဝိညာဉ်ခန္ဓာကိုယ်နည်းစနစ်ကို မြှင့်တင်ပေးနိုင်တယ်ဆိုတာ ကျွန်တော် သိထားတယ်။ အဲဒီ အရှိန်အဝါ သုံးခုနဲ့ဆိုရင် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်နှောင်းပိုင်းက ကျင့်ကြံသူတစ်ယောက်ကို ကျော်လွန်သွားဖို့ ဖြစ်နိုင်ပါ့မလား"
လီရွှမ်ချင်းက ခေတ္တမျှ စဉ်းစားပြီး ပြန်ဖြေ၏။
"အမြဲတမ်းတော့ မဟုတ်ဘူး။ ဒါက မင်း ဘယ်လိုပြိုင်ဘက်နဲ့ တွေ့မလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။ ထျန်းယန် ၄၉လိုမျိုး စိတ်ဝိညာဉ်နည်းစနစ်တွေကို ဂိုဏ်းသားတိုင်း လေ့ကျင့်ခွင့်ရှိကြတယ်။ အကယ်၍ မင်း သူတို့နဲ့ တွေ့ခဲ့ရင် တိုက်ပွဲက အရမ်းခက်ခဲလိမ့်မယ်ဆိုတာ မင်း သိလာပါလိမ့်မယ်။"