← Chapters

သတ္တိရှိသော ရုပ်သေးဂိုဏ်း ၂

Vol. 49 Ch. 486

သတ္တိရှိသော ရုပ်သေးဂိုဏ်း ၂

Vol. 49 Ch. 486

“ဒါပေမဲ့” လီချင်းဖုန်းက လေသံပြောင်းကာ ပြုံးလိုက်၏။ “ကျွန်တော်တို့ ဂိုဏ်းချုပ်က သဘောကောင်းပေမဲ့ အလုပ်လုပ်တဲ့အခါမှာလည်း ပြတ်သားတယ်။ အဲဒီလို မြင်ကွင်းမျိုးကို ခင်ဗျားတို့ မြင်တွေ့ရမှာမဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။”

ချန်မိသားစုမှ လူများ၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားသည်။

တကယ်တော့ သူတို့က ထိုအရာကို မြင်တွေ့ခဲ့ပြီးပြီ ဖြစ်သည်။ ဆူညံပြင်းထန်လှသော မီးပင်လယ်ကြီးက ယခုအချိန်အထိ သူတို့၏ မြင်ကွင်းထဲတွင် စွဲထင်နေဆဲပင်။

“အလုပ်သွားလုပ်ကြတော့။” လီချင်းဖုန်းသည် သူ၏အဆင့်ကို ကျော်လွန်ရန်ရည်ရွယ်ချက် မရှိပေ၊ ယခုအခါ သူသည် ရှန်းယီ၏ နောက်လိုက်တစ်ဦးမျှသာ ဖြစ်သည်။

သူက ဤလူများကို ရှန်းယီ၏ ကြင်နာမှုအပေါ် အထင်လွဲမှားပြီး မလိုအပ်သော ပြဿနာများ ဖန်တီးမိမည်ကို မလိုလားရုံသာ ဖြစ်သည်။

ဂိုဏ်းချုပ်ရှန်းသည် နတ်ဆိုးများကို သတ်ဖြတ်ရာတွင် ကျွမ်းကျင်ရုံသာမက၊ လူသတ်သည့်အခါတွင်လည်း မည်သည့် သနားညှာတာမှုကိုမျှ ပြသလေ့မရှိပေ။

နန်ယန်ဂိုဏ်း အပြင်ဘက်

ရှန်းယီသည် နန်ယန်ဂိုဏ်း၏ ဝတ်ရုံဖြူကို မလဲလှယ်ရသေးဘဲ မင်ရောင်ဝတ်ရုံကိုသာ ဝတ်ဆင်ထားဆဲဖြစ်သည်။

အကြောင်းရင်းတစ်စိတ်တစ်ပိုင်းမှာ အာရုံစိုက်ခံရလွန်းခြင်းကို ရှောင်ရှားရန်ဖြစ်ပြီး၊ ထို့အပြင် ဂိုဏ်းချုပ်ကိုယ်တိုင် ကိစ္စရပ်များကို လိုက်လံဆောင်ရွက်နေခြင်းက အခြားသူများအား နန်ယန်ဂိုဏ်းကို အထင်သေးသွားစေနိုင်သောကြောင့် ဖြစ်သည်။

သူက ဤကဲ့သို့သော အတုအယောင် ဂုဏ်သတင်းများကို တစ်ခါမှဂရုမစိုက်ခဲ့သော်လည်း၊ လက်ရှိ နန်ယန်ဂိုဏ်းကတော့ ၎င်းတို့ကို လိုအပ်နေ၏။ ဤမိသားစု ၁၈၂ စုကို ပြန်လည်ရယူနိုင်ဖို့ဆိုသည်မှာ အသည်းအသန်ကြိုးပမ်းရမည့်အရာဖြစ်ပြီး ပြင်းထန်သော နည်းလမ်းများကို မသုံးဘဲမဖြစ်နိုင်တာသေချာသည်။

နန်ယန်တာဝန်ရှိသူဝတ်ရုံများကို ဝတ်ဆင်ထားသော ချန်မိသားစုမှအကြီးအကဲ သုံးဦးက နောက်မှလိုက်ပါလာရာ အတော်လေး ခန့်ညားထည်ဝါနေသည်။

“ဂိုဏ်းချုပ်၊ သူတို့က ကျွန်တော်တို့ကို ရှောင်နေကြသလိုပဲ။” အကြီးအကဲတစ်ဦးက ရှေ့သို့ လှမ်းကြည့်ရင်း အနည်းငယ် အံ့သြသွား၏။

နန်ဟုန်ဂိုဏ်းခုနစ်ခု၏ မည်သည့် မိသားစုမှဖြစ်စေ၊ တာဝန်ရှိသူများဖြစ်စေ၊ ပြင်ပအကြီးအကဲများဖြစ်စေ ရှန်းယီကို မြင်သည်နှင့် ကြောင်ကိုမြင်သော ကြွက်များကဲ့သို့ တုံ့ဆိုင်းမှုမရှိဘဲ ချက်ချင်း လှည့်ထွက်သွားကြသည်ကို သူတို့ မြင်တွေ့နေရသည်။

“…”

ရှန်းယီက ဂရုမစိုက်ဘဲ စာအုပ်ငယ်များထဲတွင် မှတ်တမ်းတင်ထားသော လမ်းကြောင်းအတိုင်း ရှေ့သို့သာ ဆက်လျှောက်သွားသည်။

အရေးပါအရာရောက်လှသည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်မှတ်နေကြသော ဤလူများသည် မျိုးဆက်သစ်လူငယ်တစ်ဦးကို ဂိုဏ်းချုပ်တစ်ယောက်ကဲ့သို့ မည်သို့လိုလိုလားလား အရိုအသေပေးနိုင်မည်နည်း။

ထို့ကြောင့် သူတို့က ရှောင်ပြေးရန်သာ ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

သို့သော် ဒါကလည်း ကောင်းပါသည်။ ပြဿနာတော်တော်များများကို သက်သာစေသည် မဟုတ်ပါလား။

ရှန်းယီသည် သူ၏ လက်များကို ငုံ့ကြည့်လိုက်၏။ ရွှေချထားသော နာမည်စာရင်း မှတ်တမ်းများအရ ရုပ်သေးဂိုဏ်းသည် ဤမိသားစုပေါင်း တစ်ရာ့ရှစ်ဆယ့်နှစ်စု အနက်တွင် အလယ်အလတ်အဆင့်ရှိသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ မမြင့်မားသော်လည်း၊ သူတို့၏ ရုပ်သေးပညာရပ် ကျွမ်းကျင်မှုကို ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၆ နတ်ဆိုးတစ်ကောင်ကပင် အထင်သေး၍ မရနိုင်ပေ။

အစပိုင်းတွင် သူတို့က အကူအညီ မတောင်းခံခဲ့ဘဲ သူတို့၏ ဝိညာဉ်ရုပ်သေးရုပ်များကို ပြုပြင်ရန်အတွက် မိုးမြေရတနာအချို့ကို ငှားရမ်းလိုရုံသာ ဖြစ်သော်လည်း၊ အချိန်အတော်ကြာသည်အထိ မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။

အခု အခြေအနေ ဘယ်လိုရှိနေမလဲဆိုတာ မသိရသေးပေ။

ခရီးက သိပ်မဝေးလှပေ၊ မည်သည့် သယ်ယူပို့ဆောင်ရေးရတနာမှ မပါဘဲနှင့်ပင် သုံးရက်သာ ကြာမြင့်ခဲ့သည်။

ထို့နောက် ရှန်းယီသည် အဝေးမှ ခမ်းနားထည်ဝါသော ဂိုဏ်းတံခါးကြီးကို မြင်လိုက်ရ၏။

“ဟူး။” အကြီးအကဲအချို့က တစ်ပြိုင်နက် သက်ပြင်းချလိုက်ကြ၏။

သူတို့သည် နန်ယန်တာဝန်ရှိသူ ဝတ်ရုံများကို ဝတ်ဆင်ထားသော်လည်း ချန်မိသားစုထက် သိသိသာသာအင်အားကြီးမားသော အဖွဲ့အစည်းတစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် စိုးရိမ်ထိတ်လန့်မှုကို မထိန်းချုပ်နိုင်ကြပေ။

မည်သို့ပင်ဖြစ်စေ သူတို့သည် မသေမျိုးဂိုဏ်းတစ်ခုမှ ဆင်းသက်လာသူများ မဟုတ်သဖြင့် မွေးရာပါ အထက်စီးဆန်သော မာနမျိုးကင်းမဲ့နေကြသည်။ အထူးသဖြင့် ဂိုဏ်းအတွင်း၌ စုစည်းနေသော အစွမ်းထက်သည့် အရှိန်အဝါများကို ခံစားလိုက်ရချိန်တွင် ဤခံစားချက်က ပို၍ နက်ရှိုင်းလာတော့သည်။

“ဂိုဏ်းချုပ်၊ ဒါက နတ်ဆိုးတွေ ကျူးကျော်ခံထားရတဲ့ ဂိုဏ်းနဲ့ မတူဘူးနော်။” ချန်မိသားစုမှ အကြီးအကဲက ရှန်းယီကို သံသယဖြစ်စွာ ကြည့်လိုက်၏။

အကယ်၍ တကယ်သာ နတ်ဆိုးကျူးကျော်ခံရခြင်းဖြစ်လျှင် အဘယ်ကြောင့် ဤမျှထိတိတ်ဆိတ်ငြိမ်သက်နေရသနည်း။ အဘယ်ကြောင့် ဤအစွမ်းထက်သည့်သူများက အတူတကွ စုရုံးနေဖို့ စိတ်ကူးရှိနေကြသေးသနည်း။

“အထဲဝင်ကြည့်ကြတာပေါ့။” ရှန်းယီသည် အချည်းနှီး ခရီးစဉ်မဖြစ်ချင်သော်လည်း၊ နေရာအနှံ့အလောင်းတွေ ပြန့်ကျဲနေတာကိုလည်း မြင်တွေ့ချင်စိတ် မရှိပေ။

တစ်ချိန်တည်းမှာပင်။

ရုပ်သေးဂိုဏ်း၏ အနက်ရှိုင်းဆုံး နေရာရှိ အမြင့်ဆုံးစင်မြင့်ထက်တွင်ထူထပ်သော လူအုပ်ကြီးသည် အုပ်စုသုံးစု အဖြစ် ရှင်းလင်းစွာ ကွဲပြားနေပြီး စင်မြင့်တစ်ခုလုံးတွင် နေရာယူထားကြသည်။

မီးခိုးရောင်ဝတ်စုံများကို ဝတ်ဆင်ထားကာ ဘေးတွင်ရုပ်သေးရုပ် အမျိုးမျိုး ပါရှိသူများမှာ ဤနေရာ၏ အိမ်ရှင်များဖြစ်ကြောင်း သိသာလှသည်။

သူတို့ရှေ့တွင် လူငါးဦး ထိုင်နေပြီး ထိုင်ခုံတစ်လုံး လွတ်နေသည်။

လူတစ်ဦး မတ်တပ်ရပ်လိုက်၏။ အခြား အကြီးအကဲ ငါးဦးနှင့် နှိုင်းယှဉ်လျှင် သူသည် အသက်ပိုငယ်သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သော်လည်း၊ သူ၏ အဆင့်အတန်းမှာ ထိုသူများထက် နိမ့်ကျမနေပေ။

သူက လေးနက်စွာဖြင့် ပတ်ဝန်းကျင်သို့ အော်ပြောလိုက်၏။

“ယန်လင်း က ရုပ်သေးဂိုဏ်းကိုယ်စား ကျောက်မိသားစု နဲ့ ချင်းဟိုင်စီရင်စုတို့ရဲ့ အကူအညီအတွက် ကျေးဇူးတင်ရှိပါတယ်။ ဒါပေမဲ့ နတ်ဆိုးတွေက ဆုတ်ခွာမသွားသေးတဲ့အတွက်၊ မိသားစုနှစ်ခုလုံးကိုလာရောက်ဖို့ ကျွန်တော် ရဲရဲဝံ့ဝံ့ တောင်းဆိုရတာက အလကားစကားပြောဖို့ မဟုတ်ဘဲ ပိုအရေးကြီးတဲ့ ကိစ္စတစ်ခုကို ဆွေးနွေးဖို့ပါ။”

သူ၏ စကားအဆုံးတွင် ကျောက်မိသားစုနှင့် ချင်းဟိုင်စီရင်စုမှ လူအုပ်ကြီးသည် သူတို့၏ အကြည့်များကို လှမ်းကြည့်လိုက်ကြသော်လည်း၊ ၎င်းကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည့်အလား မည်သည့် ဇဝေဇဝါဖြစ်မှုမျှ မရှိကြပေ။

“ကျွန်တော်တို့ရဲ့မဟာမိတ်နှစ်ခုလုံးအနေနဲ့ နန်ဟုန် မသေမျိုးဂိုဏ်းခုနစ်ခုက ကျွန်တော်တို့ကို စွန့်ပစ်လိုက်ပြီဆိုတဲ့ သတင်းကို ရရှိထားပြီးဖြစ်မယ်လို့ ယုံကြည်ပါတယ်။”

ယန်လင်းသည် မျက်လုံးများကိုမှိတ်ကာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။

သို့သော် ချင်းဟိုင်စီရင်စုမှ အဘိုးအိုတစ်ဦးက ဝင်ရောက်ဖြတ်ပြောလိုက်၏။ “ကျွန်တော်တို့ ရထားတဲ့သတင်းက ဒီလိုမဟုတ်ပါဘူး။ စွန့်ပစ်ခံရတာ မဟုတ်ဘဲ နန်ယန်မသေမျိုးဂိုဏ်းဆီကို ပြန်လည်လွှဲပြောင်းပေးလိုက်တာပါ။”

“နန်ယန် မသေမျိုးဂိုဏ်း ဟုတ်လား”

ယန်လင်းသည် မျက်လုံးများကို ဖွင့်လိုက်ပြီး မျက်ခုံးပင့်ကာ သူ၏ရင်ထဲမှ မကျေနပ်မှုကို ဖိနှိပ်ထားလိုက်၏။ “ဘယ်က နန်ယန် မသေမျိုးဂိုဏ်းလဲ၊ အဲဒါက လွန်ခဲ့တဲ့ နှစ်သိန်းချီကကိစ္စလေ။ အဲဒီအချိန်တုန်းက ခင်ဗျားရော ကျွန်တော်ရော မမွေးသေးဘူး။ နန်ယန်မသေမျိုးဂိုဏ်းကို ခင်ဗျား ကိုယ်တိုင် မျက်မြင်တွေ့ဖူးလို့လား”

စကားတစ်ခွန်းတည်းဖြင့် ချင်းဟိုင်စီရင်စုမှ အကြီးအကဲမှာ ဆွံ့အသွားသည်။

သူတို့ထဲတွင် အစွမ်းအထက်ဆုံးသူသည်ပင်လျှင် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၆ ထက် မကျော်လွန်သေးသဖြင့်၊ ထိုမျှရှည်လျားသော ခေတ်ကာလများကို ဖြတ်သန်း အသက်ရှင်နေထိုင်နိုင်ရန်မှာ အလှမ်းဝေးလွန်းလှသည်။

ကျန်သူများလည်း တိတ်ဆိတ်သွားကြ၏။

ယန်လင်းသည် သူ၏ အကြည့်ကို ယုံကြည်မှုရှိစွာ ရုပ်သိမ်းလိုက်ပြီး သူ၏ မျက်လုံးများမှာ ပို၍ စူးရှလာသည်။

“သူတစ်ပါးကို အားကိုးတာထက် ကိုယ့်ကိုယ်ကိုယ် အားကိုးတာက ပိုကောင်းပါတယ်။ နန်ဟုန်ဂိုဏ်းခုနစ်ခုက ကျွန်တော်တို့ကို ဆက်ပြီးအကာအကွယ်ပေးဖို့ ရည်ရွယ်ချက်မရှိတော့မှတော့၊ ကျွန်တော်တို့ ထိုင်ပြီး သေမင်းကိုစောင့်နေလို့ မရဘူးလေ။ ကျွန်တော်တို့ မိသားစု သုံးခု လက်တွဲပြီး ဒီနန်ဟုန် ရေမြေပေါ်မှာ လုံလောက်တဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းကို ရှာဖွေတာက ပိုကောင်းလိမ့်မယ်။”

သူ စကားမဆုံးခင်မှာပင်၊တက်ရောက်လာသူများ၏ မျက်နှာပေါ်တွင် အပြောင်းအလဲတစ်ခု ပေါ်လာတော့သည်။

ရုပ်သေးဂိုဏ်းက ဤကိစ္စကို ထုတ်ပြောလာမည်ဟု သူတို့ သံသယရှိခဲ့ကြပြီး ဖြစ်သည်။ ဂိုဏ်းသည် ဘေးအန္တရာယ်တစ်ခုနှင့် ကြုံတွေ့နေရပြီး နန်ဟုန် ခုနစ်ဂိုဏ်းက ၎င်းကို လျစ်လျူရှုထားကြောင်း သိထားကြသဖြင့် နာကြည်းချက်ရှိနေမည်မှာ မျှော်လင့်ထားပြီးသား ဖြစ်သည်။

သို့သော် ယန်လင်းက ဤကဲ့သို့ ရဲတင်းသော စကားများကို ပွင့်ပွင့်လင်းလင်းကြေညာရဲလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

မည်သို့ပင်ဖြစ်စေ၊ ဤအင်အားစုများသည် အစကတည်းက နန်ယန်ဂိုဏ်း၏ထောက်ပံ့မှုဖြင့် ယနေ့အထိမျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်သည်။

ယခုဆြိလျှင် ရက်အနည်းငယ်သာ ရှိသေးသည် မဟုတ်လော။ ဒါက အရမ်းလောလွန်းရာ မကျသလိုဖြစ်နေ၏။

ရုပ်သေးဂိုဏ်းမှ အုပ်စုကို ပြန်ကြည့်လိုက်ရာ၊ ထိုင်နေသော အကြီးအကဲ ငါးဦးစလုံးသည် ဤအကြံအစည်နှင့် ပတ်သက်၍ လွန်ဆွဲနေဟန်ဖြင့် မြေပြင်ကိုသာ စိုက်ကြည့်နေကြသော်လည်း၊မည်သူတစ်ဦးတစ်ယောက်ကမျှ ထရပ်ကာ ငြင်းဆန်ခြင်း မရှိကြပေ။

ချင်းဟိုင်စီရင်စုမှ အကြီးအကဲသည် ခဏတာ စဉ်းစားလိုက်ပြီး အခြေအနေကို သဘောပေါက်သွားပုံရသည်။

All Chapters