လင်းယွင်ဂိုဏ်း၏ တိုက်ရိုက်မျိုးဆက် ၂
Vol. 49 Ch. 489
မင်ရောင်ဝတ်ရုံနှင့် လူငယ်၏ လျှင်မြန်ပြတ်သားသောလုပ်ရပ်က ကြည့်ရှုနေသူများအားလုံးကို ကျောချမ်းသွားစေသည်။
ထို့ပြင် သူ၏ ငယ်ရွယ်နုပျိုသော ရုပ်ရည်ကိုလည်း သတိပြုမိကြ၏။
ဤကဲ့သို့သော ပါရမီရှင်မျိုးသည် ဆုတ်ယုတ်ပျက်စီးနေပြီဟု နာမည်ကြီးနေသော ဂိုဏ်းတစ်ခုမှ ထွက်ပေါ်လာနိုင်ပါ့မည်လော။ နန်ဟုန်ခုနစ်ဂိုဏ်းမှ အခြားထူးချွန်သူများနှင့် နှိုင်းယှဉ်လျှင်ပင် သူသည် ထင်ရှားသောပြိုင်ဘက်တစ်ဦး ဖြစ်နေသည်မှာ အသေအချာပင်။
“မသေမျိုး အရှင်ကို တင်ပြပါရစေ”
ထိုအချိန်တွင် ခုနက ယန်လင်းနှင့် အချေအတင် ဖြစ်ခဲ့သော ချင်းဟိုင်စီရင်စုမှ အဘိုးအိုမှာ ရှေ့သို့ တစ်ဖန်တိုးလာပြီး ရိုသေစွာ ဒူးထောက်လိုက်သည်။
“ကျွန်တော်တို့ နန်ဟုန်မှာ နေထိုင်ကြသူတွေဟာ မသေမျိုးဂိုဏ်းကြီး ခုနစ်ခုရဲ့ထောက်ပံ့မှုနဲ့ အကာအကွယ်ကို ရယူထားကြသူတွေပါ။ ဒီလို ရုတ်တရက် ဘေးအန္တရာယ်နဲ့ ကြုံရတဲ့အခါ စိတ်မအေးဖြစ်ရတာက လူသားတို့ရဲ့ သဘာဝပါ။ ဒါ့အပြင် ကျွန်တော်ဟာ ယန်လင်းရဲ့ လှည့်ဖျားမှုကို ခံခဲ့ရပါတယ်။ အရှင်အနေနဲ့ ကျွန်တော်တို့ကို အမှားပြင်ဆင်ခွင့် ပေးသနားဖို့ မျှော်လင့်ပါတယ်”
“ကျွန်တော်တို့ ဂိုဏ်းရဲ့စိုးရိမ်ပူပန်မှုတွေကို မျှဝေခံစားဖို့အတွက် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး လုပ်ဆောင်သွားပါ့မယ်”
“ဟူး...”
ချန်မိသားစုမှ အကြီးအကဲများမှာ ထိုလူကို တိတ်ဆိတ်စွာ ကြည့်လိုက်ကြ၏။ ဤလူ၏ ဦးနှောက်ကော ပုံမှန်ရှိရဲ့လားဟု သူတို့ တွေးနေကြသည်။
ရုပ်သေးဂိုဏ်းက အသာစီးရနေတုန်းက သူက နန်ယန်ဂိုဏ်းအတွက် စကားပြောပေးချင်သယောင် လုပ်ခဲ့ပြီး၊ယခု ရုပ်သေးဂိုဏ်း အခြေအနေမလှတော့သည့်အခါမှာ ကျန်သည့်သူများအတွက် ချက်ချင်း အသနားခံကာ ချင်းဟိုင်စီရင်စုကိုပါ ဆွဲထည့်လိုက်သည်။
ချင်းဟိုင်စီရင်စုမှာ ယခုလိုမျိုးစီမံခန့်ခွဲသူတစ်ယောက် ရှိနေတာဟာ တကယ်ကို ကံဆိုးလွန်းလှ၏။ သူတို့ဂိုဏ်း အမြစ်ပြတ်သွားမှသာ ဤလူ အေးအေးဆေးဆေး နေနိုင်မည့်ပုံ ရှိသည်။
“…”
ရှန်းယီ၏ အကြည့်မှာ ထိုအကြီးအကဲပေါ်သို့ ကျရောက်သွားပြီး ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်၏။ ထိုအဘိုးအိုသည် ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အဆင့် ၆ ရှိသဖြင့် အားကောင်းသော အရှိန်အဝါရှိသည်။
သို့သော် သူသည် ခုနက ကြက်သွေးရောင်မုတ်ဆိတ်သွေးလက်သည်းရုပ်သေးထက် ပိုမစွမ်းနိုင်ပေ။ နန်ဟုန် ခုနစ်ဂိုဏ်း၏ စံနှုန်းနှင့်ဆိုလျှင် သူသည် အပြင်စည်းအကြီးအကဲ အဆင့်သို့ မနည်းတက်လှမ်းထားရသူမျှသာ ဖြစ်သည်။
“ခင်ဗျားနာမည် ဘယ်သူလဲ”
“ကျွန်တော့်နာမည် ကျင်းကျင့်စုန့် ပါ၊ ချင်းဟိုင်စီရင်စုကပါ ခင်ဗျာ။”
အဘိုးအိုမှာ နှစ်ချက်ခန့်ချောင်းဟန့်လိုက်၏။ ရှန်းယီက သူ့ကို မေးခွန်းထုတ်လိုက်သည်နှင့် သူ၏ ယုံကြည်မှုများ ပျောက်ကွယ်သွားပြီး အသံမှာ သိသိသာသာ တိုးဝင်သွားတော့သည်။
သူသည် ကြောက်ရွံ့နေပုံရသော်လည်း ရဲရင့်ဟန်ဆောင်ရန် ကြိုးစားနေဆဲပင်။
“နတ်ဆိုးတွေ ဘယ်မှာလဲ”
ရှန်းယီက မတ်တပ်ရပ်လိုက်ပြီး မလိုအပ်သော စကားများကို ပြတ်သားစွာ ကျော်ဖြတ်လိုက်သည်။ ကျင်းကျင့်စုန့်မှာ ခဏတာ ကြောင်သွားပြီးမှ စိတ်ထဲတွင် သက်ပြင်းချလိုက်ဟ။
မသေမျိုးဂိုဏ်းက ရွေးချယ်ခံ ပါရမီရှင်ဆိုသည့်အတိုင်းပင် တကယ်ကိုကွဲပြားပေ၏။
ယခုလို အခြေအနေမျိုးမှာပင် သူက အရေးကြီးသည့် ကိစ္စနှင့် ကိုယ်ရေးကိုယ်တာကိစ္စကို ရှင်းရှင်းလင်းလင်း ခွဲခြားထားနိုင်သည်။ ဆန့်ကျင်ဘက်အားဖြင့် ယန်လင်းဆိုသော ထိုလူအမှာ နတ်ဆိုးများ ကျူးကျော်နေချိန်မှာပင် အာဏာနှင့် စည်းစိမ်အတွက် လုနေခဲ့၏။
ထိုလူသေသွားခြင်းမှာ မတရားဟု မဆိုနိုင်ပေ။
ဤသို့တွေးပြီး ကျင်းကျင့်စုန့်မှာ ချက်ချင်း ထရပ်လိုက်သည်။ “အရှင်ကို တင်ပြပါတယ်၊ ကျွန်တော်တို့ ပေယန်တောင် အပြင်ဘက်မှာ မဟာအစီအရင်ကို တည်ဆောက်ပြီး သူတို့ကိုပိတ်လှောင်ထားပါတယ်။ ကျွန်တော်တို့ စုရုံးခဲ့ကြတာက အထိအခိုက်နည်းစေဖို့နဲ့ သူတို့ကို ဘယ်လို နှိမ်နင်းမလဲဆိုတာ ဆွေးနွေးဖို့ပါပဲ။”
“အခု နန်ယန်ဂိုဏ်းရဲ့အကူအညီကို ရရှိပြီဆိုတော့ အောင်မြင်ဖို့က သေချာနေပါပြီ။ အရှင်ရဲ့ ရှိနေမှုကတင် သူတို့ကို ကြောက်လန့်ပြီး ထွက်ပြေးသွားစေဖို့ လုံလောက်ပါတယ်”
ကျင်းကျင့်စုန့်၏ မြှောက်ပင့်စကားများမှာ ရိုးရှင်းသော်လည်း ကျွမ်းကျင်လှ၏။
သို့သော် သူပြောပြီးသည်နှင့် ရှန်းယီသည် သူ၏ အရှိန်အဝါကို ရုတ်တရက် ရုပ်သိမ်းလိုက်ပြီး ဘေးတစောင်း ကြည့်ကာ ပြောလိုက်၏။ “လမ်းပြစမ်း။”
“…”
ကျင်းကျင့်စုန့်မှာ ခဏတာ ဆွံ့အသွားပြီးနောက် ချက်ချင်း သတိပြန်ဝင်လာကာ သူ၏ လက်အင်္ကျီကို ခါလိုက်ရင်း အော်ပြောလိုက်၏။ “ဘာစောင့်နေကြတာလဲ နတ်ဆိုးတွေကို နှိမ်နင်းဖို့အရှင်ရဲ့ နောက်က လိုက်ကြစမ်း”
စကားပြောနေသည့် အချိန်အတွင်းမှာပင် စင်မြင့်ထက်ရှိ လူအုပ်ကြီးမှာ ကောင်းကင်သို့ ပျံတက်သွားကြသည်။ ရာနှင့်ချီသော လူရိပ်များနှင့်အတူ ရုပ်သေးရုပ်အမျိုးမျိုးမှာ ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခုကို ဖန်တီးနေပြီး ၎င်းတို့ထဲတွင် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၆ ရှိသော အရှိန်အဝါ အချို့ပင် ပါဝင်နေသည်။
နန်ဟုန်ခုနစ်ဂိုဏ်း၏ ရှေ့တွင်တော့ ဤအင်အားစုများသည် လက်အောက်ခံများသာ ဖြစ်သည်။ သို့သော် အပြင်ပန်းအားဖြင့် ကြည့်လျှင် မည်သည့်အဖွဲ့အစည်းမဆို လွတ်လပ်ကျင့်ကြံသူများကို ထိတ်လန့်တုန်လှုပ်စေနိုင်သည့် အင်အားကြီးများ ဖြစ်ကြသည်။
ယခုအချိန်တွင် ၎င်းတို့၏ ခြံရံမှုအောက်၌ ရှန်းယီသည် နန်ဟုန်နယ်မြေ၏ အစွမ်းထက်သော ခေါင်းဆောင်တစ်ဦး၏ အသွင်ဖြင့် လေထဲတွင် ရပ်နေ၏။
မသိမသာငြိမ်နေခဲ့ကြသော ကျောက်မိသားစုဝင်များမှာလည်း ဤမသေမျိုး လူငယ်ကို တိတ်တဆိတ် အကဲခတ်နေကြသည်။ သူတို့အတွက် နန်ယန်မသေမျိုးဂိုဏ်း ဆိုသည့် နာမည်မှာ အလွန်စိမ်းသက်နေပြီဖြစ်သည်။
ဤသည်မှာ နှစ်ပေါင်း တစ်သိန်းအတွင်း နန်ယန်ဂိုဏ်းမှစစ်မှန်သော ကျင့်ကြံသူတစ်ဦးနှင့် ပထမဆုံးအကြိမ် တိုက်ရိုက်ထိတွေ့ဖူးခြင်း ဖြစ်ပေလိမ့်မည်။
သွေးညှီနံ့များထွက်ပေါ်နေသော ဂူအပြင်ဘက်၊ ရာနှင့်ချီသော နတ်ဆိုးများအကြားတွင် လူသိမခံဘဲ ထူးဆန်းသော ဝက်ဖြူနတ်ဆိုးတစ်ကောင် ရောနှောနေ၏။
“ဆောရီးနော်... ငါ့ကို လာမကပ်နဲ့...”
လီယွီမှာ မျက်လုံးလှန်ကြည့်ကာ ဘေးမှ အနံ့အသက်ဆိုးလှသော ကျားနတ်ဆိုးကို တွန်းထုတ်လိုက်သည်။ သူသည် နတ်ဆိုးအုပ်စု အလယ်တွင် အေးဆေးစွာ နေရာယူထား၏။
နတ်ဆိုးများက သူ့ကို မှတ်မိသွားမည်ကို သူလုံးဝ မကြောက်ပေ။
နန်ဟုန်နယ်မြေအတွင်း နန်ဟုန် ခုနစ်ဂိုဏ်း၏ အကာအကွယ်အောက်ရှိ အင်အားစုများကို ရန်စရဲသော နတ်ဆိုးမှာ အမျိုးအစား နှစ်မျိုးသာ ရှိသည်။
ပထမမှာ ပင်လယ်မျိုးနွယ်စုနှင့် ဆက်နွှယ်နေသော အင်အားကြီး နောက်ခံရှိသူများပင်။
ဒုတိယမှာတော့ အပြင်ဘက်မှ နန်ဟုန်သို့ ထွက်ပြေးလာကြသော နုံအသည့်နတ်ဆိုးငယ်များဖြစ်လေ၏။
ဂူအတွင်းရှိ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၆ ရှိသော ညီအစ်ကိုသုံးဦးမှာ ဒုတိယ အမျိုးအစားထဲတွင် ပါဝင်ကြောင်း သိသာလှသည်။
သူတို့သည် ရုပ်သေးဂိုဏ်းနှင့် တိုက်ပွဲတွင် အထိနာထားသောကြောင့် စိတ်ဓာတ်များ ကျဆင်းနေကြ၏။ သူတို့ ဤနေရာတွင် ဆက်နေနေရခြင်းမှာ သွားစရာ နေရာမရှိသောကြောင့်သာ ဖြစ်သည်။
“ဟင်”
လီယွီသည် သူ၏ ဝက်ခေါင်းကို မော့ကာ ကောင်းကင်ကို ကြည့်လိုက်၏။ ကောင်းကင်ယံမှ ချဉ်းကပ်လာသော လူအုပ်ကြီးကို မြင်လိုက်ရပြီး ပတ်ဝန်းကျင်ရှိ နတ်ဆိုးများ၏ အသက်ရှူသံမှာလည်းမြန်လာတော့သည်။
ဂူထဲမှ ဧရာမ ကြံ့နတ်ဆိုး နှစ်ကောင်မှာ ဒေါသတကြီးဖြင့် ထွက်လာပြီး အော်ဟစ်လိုက်ကြ၏။ “ဘာတွေ ထိတ်လန့်နေကြတာလဲ ငါ့ရဲ့ တတိယညီကို အကာအကွယ်ပေးကြစမ်း။ သူ့ကို တစ်ချက်ကလေးမှ အထိမခံနဲ့၊ အထိခံလိုက်လို့ကတော့ မင်းတို့ အသက်ကို ငါယူပစ်မယ်"
ကြံ့နတ်ဆိုးကြီး နှစ်ကောင် ရှေ့ဆုံးမှ ထွက်လာပြီး အမိန့်ပေးလိုက်သည်နှင့် နတ်ဆိုးများမှာ ချက်ချင်း ပြန်လည် တည်ငြိမ်သွားကြသည်။
“တောက်”
နတ်ဆိုးများအကြားရှိ လီယွီမှာ အပေါ်မှ မြင်ကွင်းကို ကြည့်ရင်း သူ၏ ဗီဇအရ ခေါင်းခါလိုက်၏။ ဤလူသား ကျင့်ကြံသူများမှာ လုံလောက်မှု မရှိသေးပေ။
ဂိုဏ်းတစ်ခုလုံးကို ဦးဆောင်ဖို့ နေနေသာသာ၊ သာမန် အပြင်ဘက်အကြီးအကဲ တစ်ယောက်ပင် ဤမျှလောက်အထိ ဖရိုဖရဲဖြစ်နေသော လက်အောက်ငယ်သားများကို ယခုလိုမျိုး ခေါ်မလာသင့်ပေ။ အင်အားကြီးသယောင် ထင်ရသော်လည်း မည်သည့် စနစ်တကျ စီစဉ်မှုမျှရှိမနေသည်မှာသေချာ၏။