ဘာလို့လဲဆိုတော့ မင်းက တစ္ဆေ ပြီးတော့ ငါက နတ်ဆိုး ဖြစ်နေလို့ပဲ
Vol. 17 Ch. 244
ဘေးပတ်လည်မှ ထူးဆန်းသော မှော်စာလုံးများကို အာရုံခံမိပြီးနောက် အနက်ရောင် ချီမျှင်တန်းများသည် ၎င်းတို့၏ သဘာဝ ရန်သူအား ရင်ဆိုင်လိုက်ရသကဲ့သို့ လူငယ်၏ ခန္ဓာကိုယ်ထဲမှ စိတ်ခံစားချက်ရှိဟန်ဖြင့် ပျာပန်းခတ်နေသော အမူအရာနှင့် စိမ့်ထွက်လာသည်။
"သေစမ်း … ဘာ … ဘာကြီးလဲဟ"
အသားပိုနှင့် လူငယ်သည် အလွန် ထိတ်လန့်၍ မေးခွန်းထုတ်လိုက်မိသည်။ သူသည် တစ္ဆေချီဓာတ်၏ ထိတ်လန့်ကြောက်ရွံ့မှုကို ကောင်းကောင်းကြီး သိနားလည်သည်။
ထို့ကြောင့် သူ၏ ချီဓာတ်မှ ပျာပန်းခတ်စွာ တုံ့ပြန်နေမှုကြောင့် ထိုထူးဆန်းသော မှော်စာလုံးများသည် သူ၏ ကိုယ်ပိုင်ချီဓာတ်ထက် ပို၍ ဆန်းကြယ်ကာ ကြောက်ဖို့ကောင်းမည် ဖြစ်ကြောင်း ရိပ်စားမိလိုက်သည်။
သို့သော် ဝိုင်းထားကြသော ယဲ့ဖန်၏ နတ်ဆိုး တောင်ကြားမှ ကျေးကျွန်များက သူ့ကို စဉ်းစားချိန် ပေးမနေပါ။
ထိုဆန်းကြယ်သော မှော်စာလုံးများက ကြေးစားဧကရာဇ် ဝုဒ်၏ လက်ဖဝါး၌လည်း ပေါ်လာသည်။ ထို့နောက် ဝုဒ်သည် သိမ်းငှက်က ယုန်အား သုတ်ချီရန် ပြေးဝင်လာသည့် ဟန်ဖြင့် ထိုလူငယ်ထံသို့ တစ်ဟုန်ထိုး ဝင်ရောက်သွားသည်။
သူ၏ လက်ဖဝါးသည် အလွန် ဖိနှိပ်နိုင်လွန်းသည်။ ကြမ်းကြုတ် ရက်စက်သော လူတစ်ယောက် သူ့ထံ ခုန်ဝင်လာသည်ကို မြင်ပြီး အသားပိုနှင့် လူငယ်သည် ချက်ချင်း ကြောက်ရွံ့လာကာ အဝေးသို့ မြန်နိုင်သမျှ မြန်မြန် ထွက်ပြေးလိုက်မိသည်။
ရွှစ်!
သူ ဟန်ချက်ညီညီ ပြေးနိုင်သည့် အချိန်မှာပင် သွေးစုပ် လူသတ်သမား ဖီးလစ်က သူ့လက်မောင်းတစ်ဘက်ကို သူ၏ လက်ဖဝါးဖြင့် ပိုင်းဖြတ်လိုက်သည်။
"အား…."
ထိုလူငယ်သည် နာကျင်စွာ ဟစ်အော်လိုက်မိပြီး သူ့ဒဏ်ရာမှ သွေးများ ပန်းထွက်လာ၏။
နောက်ထပ် သိုင်းပညာရှင်တစ်ဖွဲ့ သူ့နား ကပ်လာသည်ကို သတိထားမိသည်နှင့် သူ ကြက်သီးတဖြန်းဖြန်း ထကာ ကြောက်လန့်သွားသည်။
"ကိုယ်ယောင်ဖျောက်သိုင်း"
ထိုလူငယ်သည် ချက်ချင်း အဓိက သက်စောင့်စွမ်းအားကို သုံးစွဲ၍ အနက်ရောင်ချီဓာတ် အမျှင်တန်းများ အဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက် သူက သွေးများ ပေကျံနေသော လက်မောင်းနှင့် ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာတို့ နှင့်အတူ ဆေးရုံအပြင်ဘက်မှ လမ်းကြားလေးထဲသို့ ဒယီးဒယိုင်နှင့် လျှောက် သွားသည်။
"သောက်ခွေးကောင် … ငါလက်စားချေမှာ … ငါ ကျန်းရှီမြို့ကို ရှင်းလင်းပစ်ဦးမှာ"
ထိုလူငယ်လေးသည် ငယ်စဉ်အခါ ကတည်းက ပြိုင်ဘက်ကင်း ဖြစ်ခဲ့သည်။ သူ့ထက် ပို၍ သာလွန်သော ပြိုင်ဘက်နှင့် ယခုမှ သူ ပထမဆုံးအကြိမ် ဆုံခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ အလွန် မုန်းတီးမိသွားသည်။
သို့သော် သူ ထွက်ပြေးလာပြီး မကြာခင်မှာပင် အနက်ရောင် ဝတ်စုံနှင့် လူများစွာက လမ်းကြားလေး၏ မြင့်မားသော နံရံများကို ခုန်ကျော်၍ ရောက်လာသည်ကို မြင်လိုက်ရသည်။
တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်၊ အယောက် နှစ်ဆယ်။
အနက်ရောင်ဝတ်စုံနှင့် သူများနှင့် သူတို့၏ လက်မှ ဆန်းကြယ်သော မှော်စာလုံးများကို မြင်ပြီး အသားပိုနှင့် လူငယ်သည် ကြောက်လန့်ကာ ဖိမ့်ဖိမ့်တုန်သွားသည်။
"မဖြစ်နိုင်ဘူး … ငါ ပြန်ပေါ်လာမယ့်နေရာကို သူတို့က ဘယ်လိုလုပ် အတိအကျ ကြိုသိနေရတာလဲ … လုံးဝ မဖြစ်နိုင်ဘူးကွာ"
ထိုလူငယ်သည် ကြောက်လန့်နေသော မျက်နှာထားဖြင့် ညည်းတွားလိုက်မိသည်။ ဖိနှိပ်နိုင်သော ချီဓာတ်များနှင့် လူများက သူ့ထံသို့ ပြေးဝင်လာသည်ကို မြင်သည်နှင့် သူသည် အော်ဟစ်၍ အဝေးသို့ ပုန်းကွယ်၍ ထွက်ပြေးရန် ကြံရွယ်လိုက်သည်။
ထိုစဉ် လှစ်ခနဲ အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး သူ၏ ကျန်လက်မောင်းတစ်ဘက်ပါ ပြတ်ထွက်သွားသည်။
"အား…အား…အား"
လူငယ်သည် ထပ်မံ၍ အော်ဟစ်လိုက်မိပြီး ဒဏ်ရာမှ သွေးများ ပန်းထွက်လာသည်။ နောက်တစ်ကြိမ် အနက်ရောင် ချီမျှင်စုအဖြစ် ပြောင်းလဲရန် သူ ပြင်လိုက်သည်။
သို့သော် ဤသည်ကား အစသာ ရှိသေးသည်။ ထိုလူငယ်၏ အိပ်မက်ဆိုးက ယခုမှ စတင်မည် ဖြစ်သည်။
သူ ပြန်ပေါ်လာသည်နှင့် သိုင်းပညာရှင် အဖွဲ့တစ်ဖွဲ့၏ တိုက်ခိုက်ခြင်းကို ချက်ချင်း ခံလိုက်ရသည်။
ထို့ကြောင့် သူ ပို၍ ပို၍ ဒဏ်ရာများ ရလာသည်။ သူ့လက်မောင်းများ ပြတ်တောက်သွားချေပြီ။
သူ့ပခုံးနှစ်ဘက်လုံး ရိုက်ချိုးခြင်း ခံထားရသည်။ သူ၏ နံရိုးများ ကျိုးကြေလို့နေသည်။ သူ့ဘယ်ဘက်ခြေထောက် သုံးစားမရတော့။
….
သူ ပြန်ပြန်ပေါ်လာတိုင်း မြေကြီးပေါ်၌ သွေးကွက်ရာ တစ်ခုက ကျန်ရှိခဲ့စမြဲ ဖြစ်သည်။
တိုက်ပွဲ၏ အစပိုင်းတွင် ထိုလူငယ်သည် ယဲ့ဖန်အား အရမ်း မုန်းတီးခဲ့သည်။ တဖြည်းဖြည်းနှင့် သူသည် ယဲ့ဖန်၏ စွမ်းရည်ကြောင့် ထိတ်လန့်လာရသည်။ ထို့နောက် သူ ကြောက်စိတ်ဝင်လာသည်။ နောက်ဆုံးတွင်တော့ သူ သေမတတ် ကြောက်လန့် သွားသည်။
အဆုံးတွင် လမ်းကြားလေး၏ အဆုံး၌ အနက်ရောင် ချီမျှင်စုက ပြန်ပေါ်လာသည်။ သူသည် အသားပိုနှင့် လူငယ်လေး ဖြစ်သည်။
ထိုအချိန်တွင် သူ့တစ်ကိုယ်လုံး ဆိုးဆိုးရွားရွား ပျက်စီးနေပြီး ငရဲမှ လွတ်မြောက်ရန် ကြိုးစားနေသည်နှင့် သဏ္ဌာန်တူလှသည်။
သူ၏ ခြေလက်များသည် လုံးဝကို သုံးစား၍ မရတော့ပေ။
သွေးများနှင့် ပေကျံနေသော တီကောင်ကဲ့သို့ သူသည် ရှေ့သို့ ဖြည်းဖြည်းချင်း တွားသွား၍ သွားနေ၏။
"ဒီတစ်ခါတော့ ငါက ငါ့ရဲ့ အခြေခံ သက်စောင့် စွမ်းအားကို တော်တော်လေး သုံးလိုက်ပြီးပြီ … ငါ ဘယ်နေရာမှာ ပြန်ပေါ်လာမလဲဆိုတာ သူတို့ လုံးဝ သိမှာမဟုတ်ဘူး"
ထိုလူငယ်က အလွန် မုန်းတီးသည့် မျက်ဝန်းများဖြင့် ရေရွတ်နေသည်။
"လက်စားချေရမယ် … ငါ သေချာပေါက် လက်စားချေရမယ် … ငါ့အဖေကို ဒီကို ဆင်းလာခိုင်း ပြီးတော့ ကျန်းရှီမြို့ကို ဘာသက်ရှိမှ မကျန်တော့တဲ့အထိ လုံးဝ ရှင်းလင်းပစ်ဖို့ ပြောရမယ်"
ဒဏ်ရာရထားသော သားရဲကောင်ကဲ့သို့ ထိုလူငယ်၏ မျက်လုံးများသည် ကြောက်မက်ဖွယ် ကောင်းလောက် အောင် မီးဝင်းဝင်းတောက်လာသည်။
ထိုစဉ် သူသည် နီးကပ်လာသော ခြေသံအချို့ကို ကြားလိုက်ရသည်။
*အမ်*
လူငယ်သည် တစ်ခဏမျှ မှင်တက်သွားပြီးမှ အသံလာရာ ဘက်သို့ အသည်းအသန် လှည့်ကြည့် လိုက်သည်။
အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်သည် ညတာ၏ အမှောင်ထုထဲမှ တဖြည်းဖြည်း ထွက်ပေါ် လာသည်။
သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူသည် ထိုလူငယ်၏ နှလုံးသားအား နင်းချေနေသလို ခံစားရသဖြင့် ထိုလူငယ်သည် မဟားတရား ရင်တုန်လာကာ အချိန်မရွေး ပေါက်ထွက်တော့မလို ခံစားသွားရသည်။
လူငယ်သည် အမှောင်ထုထဲသို့ မနည်း အားယူ၍ ကြည့်လိုက်သည်။
"မင်း … မင်းကိုး"
သူ သည်လောက် အခြေခံ သက်စောင့်စွမ်းအား အများအပြား သုံးစွဲခဲ့ပြီးတာတောင် ယဲ့ဖန်က သူ့ကို ဘယ်လိုလုပ် ရှာတွေ့သလဲ ဆိုတာကို သူ တွေးကြည့်လို့ မရပေ။
"ဒါတွေအားလုံးကို မင်း စီစဉ်ထားတာလား … မင်း ဘယ်သူလဲ … မင်း ဘာလို့ ဒီလို လုပ်ရတာလဲ"
အသားပိုနှင့် လူငယ်သည် ပြောမပြတတ်လောက်အောင် ထိတ်လန့် ကြောက်ရွံ့နေသော မျက်နှာနှင့် အော်ဟစ် လိုက်သည်။
သူ့စကားကြောင့် ယဲ့ဖန်က မခိုးမခန့် မျက်နှာပေးနှင့် ပြောလိုက်သည်။
"ငါက ယဲ့ဖန်လေ … ဘာလို့လဲ ဟုတ်လား … ဘာလို့လဲဆိုတော့ မင်းက တစ္ဆေ ပြီးတော့ ငါက နတ်ဆိုး ဖြစ်နေလို့ပဲ"
ထိုသို့ပြောပြီး ယဲ့ဖန်က အနက်ရောင် နတ်ဆိုးချီဓာတ်ကို ထုတ်လွှတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ နတ်ဆိုးချီဓာတ်များက လေထဲ၌ အနက်ရောင် ဦးခေါင်းခွံ အသွင်သို့ ပြောင်းလဲသွားသည်။
မိစ္ဆာဆန်လှသည်။
ဆိုးယုတ်လှသည်။
ထိုချီဓာတ်ကို မြင်လိုက်သည်နှင့် အသားပိုနှင့် လူငယ်သည် လုံးဝ သွေးပျက်သွားရသည်။
*နတ်ဆိုးလား*
သူ့ကိုယ်ထဲမှ တစ္ဆေ ချီဓာတ်က နားကွဲမတတ် အော်ဟစ်ကာ တစ္ဆေချီမျှင်စုများ အားလုံး ထွက်ပြေးရန် ကြိုးစားနေသည်ကို ခံစားလိုက်ရသည်။
"နတ်ဆိုးလူသား … မင်းက နတ်ဆိုးလူသားပဲ"
အသားပိုနှင့် လူငယ်က အလွန် ထိတ်လန့် ကြောက်ရွံ့နေသော မျက်နှာထားဖြင့် အော်ဟစ်လိုက် မိသည်။
သူ့အား ပေးခဲ့ဖူးသည် သတိပေးချက်ကို သူ သတိရသွားသည်။ တစ္ဆေလူသားများသည် နတ်ဘုရား သို့မဟုတ် အင်မော်တယ်များကို သတ်ဖြတ် နိုင်သည်၊ သို့သော် တစ္ဆေလူသားများ၏ သဘာဝရန်သူက နတ်ဆိုးများ ဖြစ်သည်။
နတ်ဆိုးများက နတ်ဘုရားများ၏ အသားကို စား၍ အင်မော်တယ်များ၏ သွေးများကို သောက်သုံးကြပြီး တစ္ဆေများ၏ အရိုးများကို လက်ဘက်ရည်ခွက်အဖြစ် ပြုလုပ်ကြသည်။
သူတို့သည် အင်မော်တယ်နှင့် တစ္ဆေလူသားများ၏ သဘာဝရန်သူပင် ဖြစ်သည်။ တစ္ဆေလူသားများသည် နတ်ဆိုးများ၏ ရှေ့မှောက်တွင်တော့ မုချ သေပွဲဝင်ရမည် ဖြစ်၏။
"မဟုတ်ဘူး … ဘယ်လိုလုပ် နတ်ဆိုးက ကမ္ဘာဂြိုဟ်ပေါ်မှ ရှိနေနိုင်မှာလဲ … မဖြစ်နိုင်ဘူး..."
အသားပိုနှင့် လူငယ်သည် ကြောက်လန့်ကာ ခိုက်ခိုက်တုန် နေသည်။ ထို့နောက် သူ တစ်စုံတစ်ခုကို ပြန်သတိရသွားသည်။
"ယဲ့ဖန်လား"
"ငါ မင်းကို မှတ်မိပြီ … မင်းက မဟူရာ ကြက်ခြေခတ် အဖွဲ့ရဲ့ ဂိုဏ်းခွဲတွေကို သိမ်းယူသွားတာပဲ … မင်းက ကုန်းကျန့်ထျန်းကို သတ်လိုက်တာပဲ … မင်းက မဟူရာ ကြက်ခြေခတ် ဂိုဏ်းခွဲလေးခုက ထိပ်တန်း သိုင်းပညာရှင် အားလုံးကို သုတ်သင်ပစ်လိုက်တာမလား"
အသားပိုနှင့်လူငယ်သည် ကြောက်ချီးပါချင်သလို ဖြစ်လာသည်။ ကျန်းရှီမြို့သို့ သိုသိုဝှက်ဝှက်နှင့် လာစဉ်အတွင်း ဤကဲ့သို့ နတ်ဆိုးတစ်ကောင်နှင့် တွေ့ရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
သူ နောင်တရချင်သလို ဖြစ်လာသည်။ ဤကဲ့သို့ နတ်ဆိုးတစ်ကောင်နှင့် ထိပ်တိုက်တွေ့ရမည့်အစား သူ၏ မိစ္ဆာ စိတ်ဝိညာဉ် သန္ဓေသားလောင်းကိုသာ သူ ပို၍ စွန့်လွှတ်လိုက်ချင်သည်။
"နတ်ဆိုး လူသားတစ်ယောက် ပြန်ပေါ်လာတာကို ငါ့အဖေကို ငါ ပြောပြရမယ် … ငါတို့ သူ့ကို သတ်ဖို့လိုတယ် … မဟုတ်လို့ကတော့ တစ္ဆေလူသားတွေ ဒုက္ခ အကြီးအကျယ်ရောက်ရလိမ့်မယ်"
အသားပိုနှင့် လူငယ်လေး၏မျက်နှာက ထိတ်လန့် ကြောက်ရွံ့မှုကြောင့် အလွန် ဖြူဖပ်ဖြူရော် ဖြစ်နေ၏။
သူသည် သူ၏ တစ္ဆေချီဓာတ်အား ကျွမ်းကျင်စွာ အသုံးချ၍ သူ့ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုကို နှိပ်လိုက်သည်။
ရွှစ်!
နံပါတ် အပြည့်အစုံ မနှိပ်ရသေးခင်မှာတင် သူ့ခန္ဓာကိုယ်အား ဓားကျိုးတစ်လက်က ထုတ်ချင်းဖောက် သွားသည်။
ချက်ချင်းဆိုသလိုပင် သွေးများနှင့် အသားစများက ကောင်းကင်အနှံ့ ဖြန့်ကြဲသွားသည်။ ယဲ့ဖန်သည် ဓားကျိုးကို ပြန်ဆွဲထုတ်လိုက်ပြီးနောက် အနက်ရောင် စက်ဝိုင်းပုံစံ အစလေးတစ်စက သူ့လက်ထဲ ရောက်လာသည်။
"ငါ မင်းရဲ့ တစ္ဆေ မျိုးစေ့ကို အသိအမှတ်ပြုပါတယ်"
"ဒါပေမယ့် ငါက မင်းရဲ့ တစ္ဆေ သန္ဓေသားလောင်း ကိုလည်း လိုချင်နေသေးတယ်ကွ"
ထိုသို့ပြော မာဆတ်ဆတ် စကားသံအဆုံး၌ ယဲ့ဖန်သည် ထိုလူငယ်၏ ခန္ဓာကိုယ်အား နောက်တစ်ကြိမ် ဓားနှင့် ထိုးစိုက်လိုက်သည်။
သူ၏ ဓားကျိုးကို ပြန်ရုတ်လိုက်သည့်အချိန်တွင် သက်စောင့်စွမ်းအင် ပေါများစွာ ပါဝင်သော အလုံးလေး တစ်လုံးကို သူ ရလိုက်သည်။
တစ္ဆေလူသား၏ အသက်တွင် တစ္ဆေမျိုးစေ့နှင့် တစ္ဆေ သန္ဓေသားလောင်းတို့ ပါဝင်နေ၏။
"န … နတ်ဆိုး"
အသားပိုနှင့်လူငယ်သည် အထစ်ထစ် အငေါ့ငေါ့ ရေရွတ်ရင်း အလွန် ထိတ်လန့်နေသော မျက်လုံးများ နှင့်အတူ အေးခဲ တောင့်တင်းသွားသည်။
သူ သေသွားလေပြီ။