လက်စသတ်တော့ …. ရှင်ကိုး
Vol. 17 Ch. 246
နေ့ခင်းပိုင်းတွင် ယန်ကျင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လေယာဉ်တစ်စီး ဆိုက်ကပ်လာသည်။ ထိုလေယာဉ်၏ VIP လိုင်းမှ အဘိုးအိုတစ်ယောက်နှင့် လူငယ်တစ်ယောက် ဆင်းလာသည်။
ယဲ့ဖန် တစ်ယောက်တည်း လာရမည်ဖြစ်သော်လည်း ယန်ကျင့်မြို့ရှိ ပင်မ ယဲ့ကလန်မှ ဆင့်ခေါ်စာတစ်စောင် ယဲ့ဖန့်ချန် ရရှိခဲ့သည်။
"ယဲ့ဖန် ကျန်းရှီမြို့က ငါတို့ရဲ့ ယဲ့ကလန်ခွဲက ယန်ကျင့်မြို့ကနေ လွန်ခဲ့တဲ့ နှစ်များစွာကတည်းက ထွက်လာခဲ့တာ၊ ဒီလောက်နှစ်တွေ အကြာကြီးနေမှ ပင်မကလန်က ငါတို့ကို ဆင့်ခေါ်တာ ဒါ ပထမဆုံးပဲ"
ယဲ့ဖန့်ချန်သည် အလွန် စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး ပင်မ ယဲ့ကလန်၏ ဆင့်ခေါ်ခြင်း ခံရသည်ကို အလွန် ဂုဏ်ယူရသည့် အရာကဲ့သို့ တွေးတော ပြုမူနေသည်။
ထိုသို့ပြောပြီးနောက် ယဲ့ဖန့်ချန်က တစ်ဘက်လှည့်ကာ ယဲ့ဖန်အား ပြောလိုက်သည်။
"တကယ်တော့ ပင်မ ယဲ့ကလန်က ငါတို့ကို ဆင့်ခေါ်ရတဲ့ အဓိက အကြောင်းရင်းက မင်းကြောင့်ပဲ"
"ကျွန်တော့်ကြောင့်လား"
ယဲ့ဖန် တစ်ခဏမျှ တွေဝေသွားပြီးမှ မျက်မှောင်ကြုတ်သွားရသည်။
"ပင်မ ယဲ့ကလန်က မင်းအကြောင်းတွေ ကြားသွားတယ်လေ၊ သူတို့က မင်းကို ပင်မ ယဲ့ကလန်ထဲ ဝင်စေချင်နေတယ်"
ယဲ့ဖန့်ချန်က အလွန် စိတ်လှုပ်ရှားနေဟန်ဖြင့် ပြောလာသည်။ သို့သော် သူ့စကားကြောင့် ယဲ့ဖန်က နှုတ်ခမ်းတွန့်ရှုံလေး ပြုံးလိုက်သည်။
ပင်မယဲ့ကလန်နှင့် ပူးပေါင်းဖို့ သူ လုံးလုံးလျားလျား စိတ်မဝင်စားပါ။
သူ ယန်ကျင့်မြို့သို့ လာခြင်းက အနာဂတ်တွင် ခြိမ်းခြောက်မှုများ ဖြစ်လာမည်စိုး၍ ကိုရီးယားနိုင်ငံ၏ နံပါတ်တစ် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် ဖျောင်ထိုက်ရှင်းအား သတ်ဖြတ်ရန် ဖြစ်သည်။
"လမ်းဖယ်စမ်း … ဖယ်စမ်း"
ဖျောင်ထိုက်ရှင်းအား သတ်ရန် ယဲ့ဖန် အတွေးနက်နေစဉ်တွင် ကျောဘက်မှ မနှစ်မြို့ဖွယ်ကောင်းသော အမျိုးသမီးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။
ထို့နောက် နေကာမျက်မှန်နှင့် မိန်းမလှလေးတစ်ယောက်က သူမ၏ ခရီးဆောင် လက်ဆွဲသေတ္တာဖြင့် ယဲ့ဖန့်ချန်၏ ခန္ဓာကိုယ်အား ဝင်ဆောင့်သွားသည်။
ဒုန်း!
သူ၏ ကျင့်ကြံခြင်းအဆင့်က မြင့်သော်ငြားလည်း ယဲ့ဖန့်ချန်သည် အတော်လေး အသက်ကြီးနေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ယိမ်းထိုး၍ ကြမ်းပြင်ပေါ် လဲကျမလို ဖြစ်သွားရသည်။
မိန်းမပျိုလေးသည်လည်း အရှိန်လွန်၍ သူမ၏ ခရီးဆောင် လက်ဆွဲသေတ္တာ နှင့်အတူ ကြမ်းပြင်ပေါ် လဲကျသွားသည်။
ယဲ့ဖန့်ချန်သည် အလွန် ထိတ်လန့်သွားဟန်ဖြင့် ပြောဆိုလိုက်သည်။
"ကလေးမလေး …. ကျုပ် တောင်းပန်ပါတယ် … မင်း အဆင်ပြေရဲ့လား"
ထို့နောက် သူက ရှေ့သို့ လျှောက်လာကာ မိန်းမပျိုလေးကို ဆွဲထူမပေးရန် ပြင်လိုက်သည်။
ဖြန်း!
သို့သော် သူ လက်ဆန့်ပေးလိုက်ပြီး မကြာခင်မှာပင် မိန်းမပျိုလေးက သူ့အား ပါးချလိုက်သည်။
ထို့နောက် ထိုမိန်းမပျိုလေးက လွှားခနဲ ခုန်ထ၍ ယဲ့ဖန့်ချန်အား လက်ညှိုးငေါက်ငေါက်ထိုးကာ ဆဲဆိုလေတော့သည်။
"သောက်ခွေးအိုကြီး … ရှင် နားလေးနေလား … ကျွန်မ ရှင့်ကို လမ်းဖယ်ဖို့ ပြောနေခဲ့တာလေ … ရှင် မကြားဘူးလား"
"ကျွန်မ ဒူးခေါင်းနာသွားပြီ … ကျွန်မရဲ့ ခရီးဆောင် လက်ဆွဲသေတ္တာကလည်း ပျက်စီးတော့မလို ဖြစ်သွားပြီ … သောက်… သောက် အကန်း ခွေးအိုကြီး … သေစမ်းဟာ … ကျွန်မ ရှင့်ကို သင်ခန်းစာ ကောင်းကောင်းပေးမှ ရမယ်"
ထို့နောက် မိန်းမပျိုလေးက လက်မြှောက်ကာ ယဲ့ဖန့်ချန်အား အားနှင့် ရိုက်ရန် ရွယ်လိုက်သည်။
ဖြန်း!
ကျယ်လိုက်သည့် အသံပါလား။
သို့သော် ယဲ့ဖန့်ချန်က ယခင်အတိုင်း ဒဏ်ရာမရဘဲ ရပ်မြဲတိုင်း ရပ်နေသည်။ သူ့အစား မိန်းမပျိုလေး၏ မျက်နှာပေါ်၌ နီရဲနေသော လက်ဖဝါးရာကြီးက အထင်းသား ရှိနေသည်။
မိန်းမပျိုလေး၏ နေကာမျက်မှန်သည် ခပ်ဝေးဝေးသို့ လွင့်ထွက်သွားပြီး သူမ ပါးစပ်ထောင့်မှ သွေးများ စီးကျလို့နေ၏။
မိန်းမပျိုလေး တအံ့တဩဖြစ်သွားရသည်။
ယဲ့ဖန်အား တွေဝေစွာ ငေးကြည့်နေရင်း သည်ခွေးကောင်က သူမအား ပါးရိုက်လိမ့်မည်ဟု ထင်မှတ်မထားမိပါ။
"နင်… နင် ငါ့ကို ရိုက်တယ် ဟုတ်လား … ငါနင်နဲ့ အသေအကြေ ချမယ်ဟဲ့ သူတောင်းစားရဲ့"
အဖြစ်အပျက်ကို သတိထားမိပြီးနောက် မိန်းမပျိုလေးက အလွန် ဒေါသထွက်သွားသည်။ ချက်ချင်း သူမက သွားဖြဲပြကာ လက်ရွယ်၍ ယဲ့ဖန်ထံသို့ တိုးဝင်လာသည်။
ဖြန်း!
သူမ၏ လက်သည်းများက ယဲ့ဖန်ကို မထိမိခင်မှာပင် သူမ နောက်တစ်ခါ အဝေးသို့ လွင့်ထွက်သွားပြန်၏။
ဤမြင်ကွင်းကြောင့် ယဲ့ဖန့်ချန် အလွန် မှင်တက်သွားပြီး အသည်းအသန် ဟစ်အော်၍ ယဲ့ဖန်အား တားလိုက်သည်။
"ယဲ့ဖန် …. ရပ်လိုက်ပါ … သူက မိန်းကလေးလေကွာ"
ထိုအခါ ယဲ့ဖန်က အေးစက်စက် မျက်လုံးများနှင့် ကြည့်ကာ အထင်သေးသည့် မျက်နှာထိ မျက်နှာထားဖြင့် ပြောလိုက်သည်။
"မိန်းမလား … ကျွန်တော့် မျက်လုံးထဲမှာတော့ မိန်းကလေး အမျိုးအစားက နှစ်မျိုးပဲ ရှိတယ် … အရှက်ရှိတဲ့ မိန်းကလေးနဲ့ အရှက်မရှိတဲ့ မိန်းကလေးပဲ"
"သူမက အဘိုးကို ဝင်တိုက်တယ် … ဒါပေမယ့် သူမက နောင်တ မရဘူး အဲ့အစား ဆင်ခြေတောင် ပေးနေသေးတယ် ... သူမက အရှက်ကို မရှိဘူး"
"သူမက လူကြီးတွေကို မလေးစားဘူး၊ အဲ့အစား သူက ဆဲဆိုပြီး အကြီးကို ရိုက်တယ်၊ ဒါ တော်တော်လေး ထိန်းမနိုင် သိမ်းမရ ဖြစ်ပြီး အရှက်မဲ့တာပဲ"
ထို့နောက် ယဲ့ဖန်က ထိုမိန်းမပျိုအား အထင်သေးသော မျက်နှာထားဖြင့် ကြည့်ကာ ဆက်ပြောလာသည်။
"ဒီလောက် အရှက်မရှိတဲ့ မိန်းမကို ဘာလို့ ကျွန်တော်က မရိုက်နိုင်ရမှာလဲ"
သူ့စကားကြောင့် ထိုမိန်းမပျိုလေး ချက်ချင်း ဒေါပွသွားရသည်။
နိုင်ငံခြားမှ ယခုလေးတင် ပြန်ရောက်လာပြီး အလွန် အသားအရည် ဖြူဖွေး၍ ချမ်းသာသော မိန်းမလှလေး ဖြစ်သည့် လူတိုင်း၏ မျက်လုံးထဲတွင် ပုလဲလုံးလေးကဲ့သို့ အဖိုးတန်လှပေသည်။
သူမ အရိုက်ခံရပြီး အပြောခံရသည်က ယခုမှ ပထမဆုံးအကြိမ် ထိုကဲ့သို့ ပြုမူခံရခြင်း ဖြစ်သည်။
"ခွေးကောင်လေး … နင်… နင်က သိပ်တော်နေတယ်ပေါ့လေ … နင်နဲ့ငါနဲ့ ကြားက ရန်ပွဲက ဒီလောက်နဲ့ မပြီးသွားဘူး … ကြည့်ကြသေးတာပေါ့"
မိန်းမပျိုလေးက ရှက်ကိုးရှက်ကန်း အမူအရာဖြင့် လဲနေရာမှ ပြန်ထကာ ယဲ့ဖန်အား အလွန် မုန်းတီးဟန်ဖြင့် ကြည့်ပြီး လေဆိပ်ထွက်ပေါက်ရှိရာသို့ ခပ်သုတ်သုတ် ထွက်သွားလေသည်။
ထိုမိန်းမပျိုလေး ထွက်သွားသည်ကို ကြည့်ရင်း ယဲ့ဖန့်ချန်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ယဲ့ဖန် …. သူ့နောက်ခံ အသိုင်းအဝိုင်းက တော်တော်လေး ကြီးမယ်လို့ ဘိုးဘိုး ထင်တယ်နော်"
သူ့စကားကြောင့် ယဲ့ဖန်က အသာပြုံး၍ ပြောလိုက်သည်။
"ဒါပေါ့ …. သူက ယဲ့မိသားစုဝင်ပဲကို"
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် ယဲ့ဖန့်ချန် တွေတေသွားပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဘယ်… ဘယ်လိုလုပ် မင်းက အဲ့ဒါကို သိတာလဲ"
"သူမလည်ပင်းပေါ်က အသက်ရှည်စေတဲ့ လည်ဆွဲပေါ်မှာ တွေ့လိုက်တာလေ … အဲ့ပေါ်မှာ ယဲ့ဆိုတဲ့ စာလုံးကို ပါနေတယ်"
ယဲ့ဖန်က အလွန် ဆိုးရွားသော အပြုံးမျိုး ပြုံး၍ ပြောလိုက်သည်။
"သူမက ပင်မယဲ့ကလန်ရဲ့ တိုက်ရိုက်မျိုးဆက်က သခင်မလေး ဖြစ်မယ်ထင်တယ်"
သူ့စကားကြောင့် ယဲ့ဖန့်ချန်က သက်ပြင်းချ၍ ပြောလိုက်မိသည်။
"ဟူး …. ယန်ကျင့်မြို့ကို ရောက်လာခါစမှာကတည်းက ယဲ့ကလန်က သခင်မလေးတစ်ယောက်ကို ရန်စမိလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး … ယဲ့ဖန် မင်း သူမ နောက်ခံကို သိနေမှတော့ ဘာလို့ သူမကို ရိုက်နေသေးရတာလဲ"
"သူမကို ရိုက်တယ် ဟုတ်လား"
ယဲ့ဖန်က ခေါင်းခါ၍ အလွန် ရက်စက်သော သရော်ပြုံးဖြင့် ပြောလိုက်သည်။
"မဟုတ်ဘူး …. သူမ ကံကောင်းတယ်လို့တောင် တွေးသင့်နေတာ … သူမက ယဲ့မိသားစုဝင်သာ မဟုတ်လို့ကတော့ သူမ အဘိုးကို ရိုက်ဖို့ ရွယ်ကတည်းက ကျွန်တော် သူ့ကို သတ်ပစ်လိုက်ပြီ"
သူ့စကားကြောင့် ယဲ့ဖန့်ချန် ကတုန်ကယင် ဖြစ်သွားရသည်။ ယခုအခါမှသာ သူ၏ အဖိုးတန်မြေးလေးက နတ်ဆိုးတစ်ကောင် ဖြစ်နေသည်ကို သူ သတိပြုမိသွားသည်။
သူ့မြေး၏ မျက်လုံးထဲတွင် သာမန်လူများသည် ပုရွက်ဆိတ်သာသာမျှသာ ဖြစ်သည်။
….
ထိုအချိန်တွင် Bentley တံဆိပ် ဇိမ်ခံကားတစ်စီးသည် လေဆိပ်အပြင်ဘက် ထွက်ပေါက်၌ ရပ်နားထားပြီး ဟွာရှနိုင်ငံ ရိုးရာ ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်သည် နဂါးကဲ့သို့ သန်မာသော သက်တော်စောင့်အချို့နှင့် ငြိမ်သက်စွာ စောင့်ဆိုင်းလို့နေ၏။
သူတို့၏ အင်္ကျီပေါ်၌ ယဲ့ ဟူသော စာလုံးအား ပန်းထိုးထားသည်။ မိန်းမပျိုလေးကို မြင်သည်နှင့် သူတို့၏ မျက်လုံးများက ချက်ချင်း တောက်ပလာသည်။
ဟွာရှ ရိုးရာ ဝတ်စုံနှင့် အဘိုးအိုက ရှေ့သို့ ခပ်သွက်သွက် လျှောက်လာပြီး သူမကို နှုတ်ဆက်လိုက်သည်။
"သခင်မလေး … ဘဏ္ဍာထိန်း ယဲ့စန်းက သခင်မလေး အမိနိုင်ငံကို ပြန်လာတဲ့အတွက် ကြိုဆိုပါတယ်"
ထိုသို့ပြောပြီးနောက် အဘိုးအိုက တစ်ခဏမျှ အံ့ဩသွားပြီး မေးလာသည်။
"သခင်မလေး … သခင်မလေး မျက်နှာက … ဘာ … ဘာဖြစ်လာတာလဲ"
ယခုအခါမှ ဘဏ္ဍာထိန်း အဘိုအိုးက မိန်းမပျိုလေး၏ မျက်နှာသည် ပါးရိုက်ခံထားရသကဲ့သို့ နီမြန်းနေသည်ကို သတိထားလိုက်မိသည်။
သူ့စကားကြောင့် မိန်းမပျိုလေး၏ လှပသော မျက်လုံးများက မီးဝင်းဝင်းတောက်လာကာ အလွန် မုန်းတီးနေဟန်ဖြင့် ပြောလာသည်။
"တတိယဘိုးဘိုး … လူဆိုးကောင် တစ်ကောင်က သမီးကို အခုလေးတင် ရိုက်ခဲ့တာ ... သူ ထွက်လာလို့ ရှိရင် သူ့ကို ရိုက်နှက်ပေးပါ … သူ့လက်တွေကို ချိုးပစ်လိုက်"
သူမစကားကြောင့် ယဲ့စန်းနှင့် သက်တော်စောင့်များ အားလုံး တုန်ယင်သွားကာ ထိုလူငယ်လေးအတွက် ကျိတ်၍ ဆုတောင်းပေးလိုက်မိသည်။
ယဲ့ကလန်၏ စုန်းမလေးကို ရန်စမိမှတော့ ထိုကောင်စုတ်လေး၏ နေ့ရက်များက အဆုံးသတ်သွားပြီ ဖြစ်သည်။
"အိုး …. တတိယဘိုးဘိုး … ဘိုးဘိုးက ဒီကို ဘာလို့ လာတာလဲ"
မိန်းမပျိုလေးက အနည်းငယ် တွေးတောမရ ဖြစ်နေဟန်ဖြင့် မေးလာသည်။ ယဲ့စန်းသည် ယဲ့အိမ်တော်၏ ဘဏ္ဍာထိန်း ဖြစ်သော်လည်း သူမအဘိုး၏ အယုံကြည်ရဆုံး လက်အောက်ငယ်သား ဖြစ်သည်ကို သူမ သိသည်။
ယဲ့ကလန်၌ သူ၏ အဆင့်အတန်းသည် များစွာသော အာဏာရှိသူများထက်တောင် ပိုမြင့်နေသေးသည်။
ယခင်တုန်းက သူမ နိုင်ငံခြားမှ ပြန်လာတိုင်း ကလန်မှ သက်တော်စောင့် တစ်ယောက်၊ နှစ်ယောက်ကိုသာ သူမကို လာကြိုရန် စေလွှတ်လေ့ ရှိခဲ့သည်။
ယခုတစ်ခေါက်တွင်တော့ ဘဏ္ဍာထိန်း ယဲ့စန်းက စောင့်ကြိုနေသည်။ ဤသည်ကား လုံးဝ ထင်မှတ်ထားခြင်း မရှိသည့် အဖြစ်အပျက် ဖြစ်သည်။
သူမ အမေးကြောင့် ဘဏ္ဍာထိန်းက ခပ်ဖွဖွ ပြုံး၍ ပြန်ပြောလိုက်သည်။
"သခင်မလေး ကျွန်တော်တို့က သခင်မလေးကို ကြိုဖို့ လာတာ မဟုတ်ပါဘူး … တကယ်တော့ ကျွန်တော်တို့က ယဲ့ကလန်ရဲ့ ကျော်ကြားတဲ့ ဧည့်သည်ကို ကြိုဖို့ ရောက်နေကြတာပါ"
*ဘာ*
မိန်းမပျိုလေး ထိတ်လန့်သွားသည်။ ကျော်ကြားသော ဧည့်သည်များဟု ယဲ့စန်း ခေါ်ဝေါ်သော သူများ အားလုံးသည် အခြားနိုင်ငံများမှ အင်အားကြီးသော သူများ ဖြစ်ရင်ဖြစ် သို့မဟုတ်ပါက အလွန် ဩဇာညောင်းသည့် ထိပ်တန်းပုဂ္ဂိုလ်များသာ ဖြစ်သည်။
မိန်းမပျိုလေး ချက်ချင်း သိချင်စိတ် ပြင်းပြလာသည်။ ထိုအချိန်တွင် ယဲ့စန်း၏ မျက်လုံးများက တောက်ပလာကာ အော်ပြောလာသည်။
"ဟော ဟိုမှာ သူ လာပါပြီ"
ကြည့်နေသူများ၏ အကြည့်အောက်မှာပင် အဘိုးအိုတစ်ယောက်နှင့် လူငယ်တစ်ယောက် ရှေ့ပေါက်မှ ထွက်လာကြသည်။
ထိုနှစ်ယောက်ကို မြင်သည်နှင့် မိန်းမပျိုလေးသည် ချက်ချင်း တွေဝေသွားသည်။
"လက်စသတ်တော့ … နင်ကိုး"