အခန်း (၅၄၁-၅၄၃)
Vol. 37 Ch. 541-543
အပိုင်း (၅၄၁) မင်္ဂလာပွဲကြီး
မုန့်ယွင်လော်သည် လေအေးတစ်ချက်ကို ရှူသွင်းလိုက်မိပြီး လှပသောမျက်နှာလေးမှာ ရုတ်တရက် ဖြူဖျော့သွားလေသည်။
စူးကွေ့ရန် ကိုယ်ဝန်ပျက်ကျသည့်ကိစ္စကို သူမ စောစောကတည်းက ကြားသိထားခဲ့ပြီး မိဖုရားခေါင် သို့မဟုတ် ထိုက်ဇီဖေးက တိတ်တဆိတ် လက်နက်အသုံးပြုသည်ဟု အမြဲတမ်း ထင်မှတ်ခဲ့သည်။ ယုံးကျားဧကရာဇ် ကိုယ်တိုင် ယိဟွားနန်းဆောင်သို့ သွားခဲ့ခြင်းဖြစ်သည်ဟု မည်သို့မျှ မျှော်လင့်မထားခဲ့မိပေ။
မုန့်ဖေး၏ မျက်ဝန်းအကြည့်တို့သည် အနည်းငယ် မှေးမှိန်သွားပြီး အသံသည်လည်း အနည်းငယ် တိုးဝင်သွားလေသည်။ "မင်းမပြောနဲ့၊ အဲဒီနေ့တုန်းက ငါသိလိုက်ရတော့လည်း လန့်သွားတာပဲ"
"ငါနဲ့ အရှင်မင်းကြီးက ငယ်ငယ်ကတည်းက သိကျွမ်းခဲ့တာ။ ကစားဖော်ကစားဖက်တွေလေ၊ စိတ်သဘောထားချင်းလည်း တိုက်ဆိုင်တယ်။ အရှင်မင်းကြီးအကြောင်း ငါ နားလည်တယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ဒီနှစ်ပိုင်းတွေမှာ အရှင်မင်းကြီးက အရင်ကနဲ့ လုံးဝမတူတော့ဘူး။ ဒီတစ်ခါကိစ္စက ငါ့ကို ပိုပြီးတုန်လှုပ်ချောက်ချားသွားစေတာပဲ"
"အရှင်မင်းကြီး တကယ်ပြောင်းလဲသွားပြီ"
"ယွင်လော်၊ ငါက အဒေါ်တစ်ယောက်အနေနဲ့ မင်းကို သတိပေးရဦးမယ်။ လီဟောက်နဲ့ အိမ်ရှေ့စံနန်းဆောင်ကြားက အာဃာတတွေကို လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးက ညီအစ်ကိုတွေ မတည့်ကြတာကို မမြင်ချင်ဘူး။ မင်းက ဟန်ဆောင်ရင်တောင် သင့်မြတ်တဲ့ပုံစံ ပေါက်နေအောင် ဟန်ဆောင်ရမယ်။ ဒီနေ့လိုမျိုး လူပုံအလယ်မှာ ထိုက်ဇီဖေးနဲ့ ရန်ဖြစ်ပြီး စကားနိုင်လုတာမျိုး နောက်ဆို မဖြစ်စေနဲ့တော့"
မုန့်ယွင်လော်သည် ရင်ထဲတွင် မွန်းကြပ်သွားသဖြင့် မျက်နှာတစ်ခုလုံး နီရဲလာတော့သည်။ "ကျွန်မက ဒီလိုပဲ အောင့်အီးသည်းခံနေရတော့မှာလား"
"ခဏတဖြုတ် အောင့်အီးသည်းခံရတာက ဘာပြောစရာရှိလို့လဲ" မုန့်ဖေး၏ အသံသည် အနည်းငယ် အေးစက်သွားလေသည်။ "မင်းလို မင်းသားကြင်ရာတော်တစ်ယောက် မပြောနဲ့၊ နှစ်၂၀လောက် အချစ်တော်ဖြစ်ခဲ့တဲ့ ငါတောင်မှ ခေါင်းငုံ့သင့်တဲ့အချိန်ကျရင် ခေါင်းငုံ့ရတာပဲ။ ဟွမ်ဟုပ်ညန်ညန်တောင်မှ ဒေါသကိုမျိုသိပ်ပြီး သည်းခံရတဲ့အချိန် ရှိတာပဲ"
"မင်းက လုမင်ယွိရဲ့ ထင်ပေါ်ကျော်ကြားမှုကိုပဲ မြင်တာကိုး၊ သူရထားတဲ့ ဂုဏ်ရှိန်တွေက ဘာနဲ့လဲလိုက်ရလဲဆိုတာ မင်းဘာလို့ မစဉ်းစားကြည့်တာလဲ။ အဲဒါက ရှင်းယန်ဝမ်က နောက်ကွယ်ကနေ ထောက်ခံပေးထားလို့၊ သူကိုယ်တိုင်လည်း အကျိုးဆောင်မှုတွေ ပြုလုပ်ခဲ့ဖူးလို့၊ သူက မြေးတော်မောင်နှမတစ်စုံ မွေးဖွားပေးထားလို့၊ ပြီးတော့ ထိုက်ဇီက သူ့နောက်မှာ အပြည့်အဝ ရပ်တည်ပေးထားလို့လေ"
"မင်းမှာ ဘာရှိလို့လဲ။ မင်းက ဘာနဲ့များ သူ့ကို ယှဉ်ချင်နေရတာလဲ"
မုန့်ယွင်လော် "..."
မုန့်ယွင်လော်၏ မျက်ဝန်းများ နီရဲလာပြန်သည်။
ဤသည်မှာ ဝမ်းနည်းခြင်းနှင့် မကျေနပ်ခြင်းတို့ကြောင့် ကျဆင်းလာသော မျက်ရည်များ ဖြစ်လေသည်။
မုန့်ဖေးက သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြန်ပြီး တစ်ဝက်မှာ မိမိကိုယ်ကို လှောင်ပြောင်ခြင်းဖြစ်သလို တစ်ဝက်မှာတော့ ဝမ်းနည်းကြေကွဲခြင်း ဖြစ်လေသည်။ "ဒီစကားတွေက မင်းကို ပြောပြနေတာတင် မဟုတ်ဘူး။ ငါ့ကိုယ်ငါလည်း ပြောနေတာ။ ငါက ပုံမှန်ဆိုရင် မာနကြီးပြီး ဘဝင်မြင့်တတ်ပေမဲ့ ဟွမ်ဟုပ်ညန်ညန်နဲ့ ပြိုင်ဆိုင်လာခဲ့တာလည်း တစ်ရက်နှစ်ရက်မှ မဟုတ်တာ"
"အခု ပြန်စဉ်းစားကြည့်တော့ ဒီလိုနေ့ရက်တွေကို ဖြတ်သန်းရတာလည်း ဘာမှ စိတ်ဝင်စားဖို့ မကောင်းတော့ပါဘူး"
"ဒါပေမဲ့ ဒီလိုမဖြတ်သန်းလို့လည်း တခြားလျှောက်စရာလမ်းမှ မရှိတော့တာ။ ဒီအတိုင်းပဲ ဆက်လျှောက်ရတော့မှာပေါ့။ မင်းနဲ့ငါက မတူဘူး။ မင်းက ငယ်သေးတယ်။ တတိယမင်းသားက ငယ်ငယ်ရွယ်ရွယ်နဲ့ အရည်အချင်းရှိပြီး အရှင်မင်းကြီးရဲ့ ချစ်မြတ်နိုးမှုကိုလည်း ရထားတယ်။ နောင်ကျရင် ပိုကောင်းတဲ့ အနာဂတ် ရှိလာနိုင်တာပဲ။ မင်းမှာ မျှော်လင့်ချက် ရှိသေးတယ်။ အခုအချိန်မှာ သည်းခံဖို့ သင်ယူထားရမယ်။ ခါးမတ်မတ် ပြန်ရပ်နိုင်မယ့်နေ့အထိ သည်းခံထားလိုက်"
မုန့်ယွင်လော်သည် နှာခေါင်းကို တရှုံ့ရှုံ့လုပ်လိုက်ပြီး လက်ကိုင်ပုဝါဖြင့် မျက်ရည်များကို သုတ်လိုက်လေသည်။ "ကူးမူ ပြောသလို ဘယ်မှာ လွယ်လို့လဲ။ အရှင်မင်းသားက အရင်တုန်းကတော့ ဖုဟွမ်ရဲ့ မျက်နှာသာပေးမှုကို ရခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ကောလာဟလတွေက အဆက်မပြတ် ထွက်လာတော့ အရှင်မင်းသားခမျာ ရှင်းပြလို့လည်း မရဘူး။ ဖုဟွမ်က ဒေါသကူးစက်တတ်ဆုံးပဲ။ အရှင်မင်းသားရဲ့ အမှားမဟုတ်ရင်တောင်မှ စိတ်ထဲမှာ အဖုအထစ် ဖြစ်သွားမှာပဲ"
ဒါကတော့ ဟုတ်သည်။
ယုံးကျားဧကရာဇ်သည် ဤကဲ့သို့သော လူစားမျိုးပင်။
မုန့်ဖေးသည် လည်ချောင်းဝရောက်နေသော သက်ပြင်းကို မျိုချလိုက်ပြီး ခပ်ပေါ့ပေါ့ ပြောလိုက်လေသည်။ "အဲဒါဆိုလည်း သည်းခံရမှာပဲ" ထိုသို့ပြောရင်း မိမိကိုယ်ကို လှောင်ပြောင်သလို ရယ်မောလိုက်ပြန်သည်။ "ငါ့ပါးစပ်ကနေ ဒီလိုစကားမျိုး ပြောထွက်လာမယ့်နေ့ ရှိလာလိမ့်မယ်လို့ တကယ်မထင်ထားမိဘူး"
ထိုအချိန်မှာပင် နန်းတွင်းသူတစ်ဦး ဝင်ရောက်လာပြီး လျှောက်တင်လေသည်။ "ညန်ညန်ကို လျှောက်တင်ပါတယ်။ တတိယမင်းသားနဲ့ ပဉ္စမမင်းသားတို့ ရောက်လာပါတယ်"
မုန့်ယွင်လော်၏ မျက်နှာထက်တွင် ချက်ချင်း အပြုံးရိပ်များ ပေါ်လာပြီး ထရပ်ကာ ပြောလိုက်လေသည်။ "အရှင်မင်းသားက ကျွန်မကို အိမ်တော်ပြန်ခေါ်ဖို့ လာကြိုတာပဲ"
မုန့်ဖေးသည် ပျော်ရွှင်ကြည်နူးနေသော မုန့်ယွင်လော်ကို ကြည့်ရင်း ရယ်ချင်မိသလို တဖက်တွင်လည်း အကြောင်းရင်းမရှိဘဲ စိတ်မကောင်း ဖြစ်မိပြန်သည်။ လက်ကို ဝှေ့ယမ်းပြလိုက်ကာ ပြောလိုက်လေတော့သည်။ "မင်း တတိယမင်းသားနဲ့ ပြန်လိုက်သွားတော့"
...
ထိုနေ့ မွန်းလွဲပိုင်းတွင် လီချန်သည် တတိယမင်းသားအိမ်တော်မှ ပဉ္စမမင်းသားအိမ်တော်သို့ ပြောင်းရွှေ့သွားခဲ့လေသည်။
ထုံးစံအရ အိမ်သစ်တက်လျှင် ဧည့်ခံပွဲ ကျင်းပရသည်။ လီချန်၏ အိမ်တော်ထဲတွင် ဦးစီးဦးဆောင် ပြုလုပ်နိုင်သူ မရှိသဖြင့် မရီးဖြစ်သူ မုန့်ယွင်လော်သည် မဖြစ်မနေ ကူညီစီမံပေးရတော့သည်။
မင်းသားများ၊ မင်းသားကြင်ရာတော်များ၊ ကုန်းကျူများနှင့် ဖုမာများ အားလုံး လာရောက် ဂုဏ်ပြုကြသည်။
ထိုက်ဇီလီကျင့် ကိုယ်တိုင်လည်း ရောက်ရှိလာပြီး များပြားလှသော အိမ်သစ်တက်လက်ဆောင်များကို ယူဆောင်လာခဲ့သည်။
လုမင်ယွိကတော့ မျက်နှာမပြပေ။
"ဝူတိ၊ မင်းရဲ့ အာ့စောင်က ကိုယ်ဝန်ရှိနေတော့ နန်းတော်ထဲက ထွက်ရတာ သိပ်အဆင်မပြေလို့ ဒီနေ့ မလာနိုင်ဘူး" လီကျင့်က ပြုံးကာ ပြောလိုက်လေသည်။ "ဒါပေမဲ့ ဒီအိမ်သစ်တက်လက်ဆောင်တွေ အကုန်လုံးက မင်းရဲ့ အာ့စောင် ကိုယ်တိုင် ပြင်ဆင်ပေးလိုက်တာ။ တစ်ခုချင်းစီတိုင်းက ပစ္စည်းကောင်းတွေချည်းပဲ။ မင်း လူတွေကို သေချာ သိမ်းခိုင်းလိုက်"
လီချန်သည် အားတင်းကာ ကျေးဇူးတင်စကား ဆိုလိုက်လေသည်။ "အာ့ကောနဲ့ အာ့စောင်ကို ကျေးဇူးတင်ပါတယ်"
လုမင်ယွိ မလာတာလည်း ကောင်းတာပဲ။
သူက လုမင်ယွိကို မြင်လိုက်တာနဲ့ ရင်ထဲကနေ လှိုက်ပြီး ကြောက်နေတာ။ ဒါပေါ့လေ၊ လုမင်ယွိကလည်း သူ့ကို သိပ်ကြည့်ရတာ မဟုတ်ဘူး။ တစ်ခါတလေ တွေ့ရင်တောင် သူ့ကို တည့်တည့်မှ မကြည့်တာ။
အိမ်သစ်တက်ပွဲ ပြီးဆုံးပြီးနောက်တွင် လီချန်သည် နန်းတော်ထဲဝင်ကာ နိုင်ငံရေးကိစ္စများကို နားထောင်ပြီး လုပ်ငန်းဌာနတွင် တာဝန်ထမ်းဆောင်ရန် သင်ယူလေသည်။
လုပ်ငန်းဌာနမှ ဝန်ကြီးကျင်သည် ဝါရင့်အရာရှိဟောင်းတစ်ဦး ဖြစ်သည့်အားလျော်စွာ စကားပြော ကောင်းမွန်လှပြီး အလုပ်လုပ်ရာတွင်လည်း အလွန် ပါးနပ်လေသည်။ သူသည် လီချန်က မည်သို့သော အဆင့်အတန်းရှိသည်ကို စိတ်ထဲတွင် ရှင်းလင်းစွာ သိထား၏။ ထိုက်ဇီနှင့် တတိယမင်းသားတို့နှင့် ယှဉ်ရန်မဆိုထားနှင့်၊ အတွင်းနန်းဆောင်မှ ရှောင်ချွန်းကုန်းကုန်းကပင် လီချန်ဟူသော သခင်ထက် သာလွန်ပေလိမ့်မည်။
လုပ်ငန်းဌာနသို့ လာရောက် တာဝန်ထမ်းဆောင်သည် ဆိုရာတွင်လည်း အခေါ်အဝေါ် ကောင်းရုံသာ ရှိသည်။ အတည်တကျ လုပ်ရမည့်အလုပ်ဆိုလျှင်တော့ မေ့ထားလိုက်ပါတော့။ လီချန်ကို နေ့တိုင်း လက်မှတ်ထိုးခိုင်းရုံ၊ အရာရှိများ ဆွေးနွေးသည်ကို နားထောင်ခိုင်းရုံနှင့် ဟိုဟိုဒီဒီ လျှောက်သွားပြီး အချိန်ဖြုန်းခိုင်းထားလိုက်ရုံသာ ဖြစ်သည်။
ဝန်ကြီးကျင်၏ ထိုသို့ စီစဉ်ပေးမှုကြောင့် လီချန်သည် ချက်ချင်းဆိုသလို စိတ်ပေါ့ပါး လွတ်လပ်သွားလေသည်။
လီဟောက် သိသွားပြီးနောက်တွင်လည်း ဘာမှ ဝင်မပြောခဲ့ပေ။
လောလောဆယ်တော့လည်း ဒီလိုပဲ နေရမှာပေါ့။ လီချန် မင်္ဂလာဆောင်ပြီးသွားရင် မြန်မြန်ဆန်ဆန် ရင့်ကျက်လာဖို့ကိုပဲ မျှော်လင့်ရတော့မယ်။
နေ့ရက်များ ကုန်ဆုံးလာခဲ့ရာ လီချန်၏ မင်္ဂလာဆောင်သည့်နေ့သို့ ရောက်ရှိလာခဲ့လေသည်။
လီကျင့်သည် အစ်ကိုတစ်ယောက်အနေဖြင့် ယနေ့တွင် လီချန်နှင့်အတူ သတို့သမီးသွားကြိုပေးရမည်။ လုမင်ယွိသည်လည်း ထိုက်ဇီဖေးဖြစ်သည့် အားလျော်စွာ ယနေ့တွင် မျက်နှာမပြလျှင် မဖြစ်သဖြင့် မနက်စောစော ထကာ လီကျင့်နှင့်အတူ မြင်းလှည်းစီး၍ ပဉ္စမမင်းသားအိမ်တော်သို့ သွားရောက်ခဲ့ကြသည်။
လီကျင့်သည် စိတ်မချနိုင်ဘဲ လမ်းတစ်လျှောက်လုံး အဆက်မပြတ် မှာကြားနေတော့သည်။ "မင်း ဒီနေ့ လူတွေရှေ့မှာ မျက်နှာပြလိုက်ရင် ရပြီ။ ကျန်တဲ့ အသေးအမွှားကိစ္စတွေကို ဝင်မပါနဲ့"
"ဘာကိစ္စပဲဖြစ်ဖြစ် မင်း စိတ်မဆိုးနဲ့နော်"
လုမင်ယွိသည် သူ စကားများနေသည်ကို ငြိုငြင်သဖြင့် ပြုံးကာ မျက်စောင်းထိုးလိုက်လေသည်။ "ထည်ဝါခန့်ညားတဲ့ ထိုက်ဇီအရှင်မင်းသားက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် စကားများနေရတာလဲ။ အတင်းအဖျင်းပြောတဲ့ မိန်းမကြီးကျနေတာပဲ။ ကျွန်မခန္ဓာကိုယ် အခြေအနေကို ကျွန်မဘာသာ သိပါတယ်။ ရှင် စိတ်ပူမနေပါနဲ့"
လီကျင့်က မတတ်နိုင်သည့်ဟန်ဖြင့် ပြုံးကာ ပြောလိုက်သည်။ "မင်းရဲ့ခန္ဓာကိုယ်ကို မင်းသိပေမဲ့ မင်းရဲ့စိတ်ကြီးကိုတော့ ကို သိတယ်"
ပြောလိုက်ပုံကလည်း စကားနာထိုးနေလိုက်တာ။
လုမင်ယွိသည် သဘောကျကာ တခစ်ခစ် ရယ်မောလိုက်မိတော့သည်။ "ကဲပါ။ ဒီနေ့ စိတ်မဆိုးပါဘူး။ ဘယ်သူနဲ့မှလည်း စကားမများပါဘူး။ ကိုယ်ထိလက်ရောက်လည်း မလုပ်ပါဘူးလို့ ရှင့်ကို ကတိပေးပါတယ်။ ဒီလောက်ဆို ရပြီမလား"
လီကျင့်က ပြုံးကာ သူမကို ဖက်လိုက်ပြီး လက်ကြီးများဖြင့် သူမ၏ ဗိုက်ပေါ်သို့ ပွတ်သပ်ကာ ဗိုက်ထဲရှိ ကလေးကို ပြောလိုက်လေသည်။ "မင်းအမေပြောတာကို ကြားတယ်မလား။ မကြောက်နဲ့နော်။ အမေ့ဗိုက်ထဲမှာ လိမ်လိမ်မာမာလေး နေ"
လုမင်ယွိသည် ဟားခနဲ ရယ်မောလိုက်မိပြီး လက်ကိုဆန့်ကာ လီကျင့်၏ လက်မောင်းကို ဆွဲလိမ်လိုက်တော့သည်။ "စကားတတ်တိုင်း လျှောက်ပြောနေ။ ကျွန်မက ကျားမကြီးမှ မဟုတ်တာ။ တစ်နေ့လုံး ဒေါသထွက်ပြီး ဟိန်းဟောက်နေရမှာလား"
လီကျင့်သည် လေအေးတစ်ငုံကို ရှူသွင်းလိုက်မိပြီး တရစပ် ရယ်မောကာ ချော့ပြောလိုက်သည်။ "ဒါပေါ့ မဟုတ်ပါဘူး။ ဘယ်သူကများ ထိုက်ဇီဖေးညန်ညန်ကို ကျားမကြီးလို့ ပြောရဲမှာလဲ။ ဒီထိုက်ဇီက ပထမဆုံး ခွင့်လွှတ်မှာ မဟုတ်ဘူး"
လုမင်ယွိက ပြုံးကာ သူ့ကို မျက်စောင်းထိုးလိုက်လေသည်။ "စကားတွေ တတ်နေလိုက်တာ"
လီကျင့်က ပါးစပ်ဖြီးကာ ရယ်ပြလိုက်၏။
ဇနီးမောင်နှံနှစ်ဦးသည် လမ်းတစ်လျှောက်လုံး ရယ်မောစကားပြောဆိုရင်း ပဉ္စမမင်းသားအိမ်တော်သို့ ရောက်ရှိလာခဲ့ကြသည်။
ထိုအချိန်တွင် ပဉ္စမမင်းသားအိမ်တော်၌ လူအများအပြား ရောက်ရှိနေကြပြီ။
ဟွေ့အန်းကုန်းကျူနှင့် ဝူဖုမာတို့ ရောက်ရှိနေကြပြီး ကျင့်အန်းကုန်းကျူနှင့် ကောင်းဖုမာတို့လည်း ရောက်ရှိနေကြလေသည်။ သေချာသည်မှာ စောစောစီးစီး အရောက်လာဆုံးသူများမှာ လီဟောက်နှင့် မုန့်ယွင်လော်တို့ပင် ဖြစ်မည်။
လီဟောက်သည် ယနေ့တွင် သတို့သမီးသွားကြိုရာ၌ အဖော်လိုက်ပါရမည်ဖြစ်သဖြင့် မင်္ဂလာကိစ္စများကို စီမံခန့်ခွဲရန် တာဝန်ကြီးသည် မုန့်ယွင်လော်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။ လူတိုင်းကလည်း နားလည်မှုရှိစွာဖြင့် လွှတ်ပေးထားကြပြီး မည်သူမျှ မုန့်ယွင်လော်နှင့် ဝင်ရောက်လုယူခြင်း မပြုကြပေ။
မုန့်ယွင်လော်သည် အိမ်ရှေ့အိမ်နောက် အလုပ်ရှုပ်နေပြီး တက်ကြွလန်းဆန်းနေလေသည်။
လုမင်ယွိကတော့ လက်ပိုက်ကြည့်နေကာ ဝင်မပါဘဲ အေးအေးလူလူ ပေါ့ပါးနေတော့သည်။
အပြင်ဘက်တွင်တော့ ထိုက်ဇီနှင့် တတိယမင်းသားတို့သည် ညီအစ်ကိုသံယောဇဉ် နက်ရှိုင်းနေကြပြီး ထိုက်ဇီဖေးနှင့် တတိယမင်းသား ကြင်ရာတော်တို့သည်လည်း ပြဿနာမရှိဘဲ သင့်မြတ်နေကြသည့်အလားပင်။
...
အပိုင်း (၅၄၂) သတို့သမီးသစ် (၁)
နောက်တစ်နေ့တွင် ဇနီးမောင်နှံအသစ်သည် နန်းတော်ထဲသို့ ဝင်ရောက်ကာ ဂါရဝပြုကြလေသည်။
လူတိုင်းသည် ရှို့နဉ်နန်းဆောင်တွင် စုံညီစွာ စုဝေးရောက်ရှိနေကြ၏။
ပဉ္စမမင်းသားကြင်ရာတော် ယွီရှီသည် တံခါးခုံကို ကျော်ဖြတ်ဝင်ရောက်လာချိန်တွင် ခြေထောက်များ ပျော့ခွေနေလေသည်။
သာ့ဝေတိုင်းပြည် တည်ထောင်ပြီး ၁၃နှစ်အကြာတွင် ယွီမိသားစုသည် သာမန်စာပေပညာရှင် မိသားစုအဖြစ်မှ "စာပေဂုဏ်ရောင်ထွန်းပြောင်သော မိသားစု" အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ဤအရာအားလုံးမှာ သူမ၏ အဘိုးဖြစ်သူက ရာထူးဝန်ကြီးဖြစ်လာသောကြောင့်ပင်။
ရာထူးဝန်ကြီးဌာနသည် အဆင့်၃အောက် အရာရှိများ၏ ရာထူးတိုးမြှင့်ခြင်းကို စီမံခန့်ခွဲရသဖြင့် အာဏာကြီးမားလှသည်။ ဒီနှစ်ပိုင်းများအတွင်း အရပ်ဖက်အရာရှိများသည် ညီလာခံတွင် ပိုမိုအရေးပါလာကြသည်။ ဝန်ကြီးယွီကို လူအများက ကောင်းကင်ဘုံအရာရှိဟုပင် တင်စားခေါ်ဝေါ်ကြသည်။ အရပ်ဖက်အရာရှိအပေါင်းတို့တွင် အမတ်ချုပ် ချောင်ကောလောင်မှလွဲလျှင် ဝန်ကြီးယွီသာ ရှိလေတော့သည်။
လီဟောက်သည် ထိုစဉ်က လီချန်အတွက် လက်ထပ်ပွဲကို စီစဉ်ပေးခဲ့ရာတွင် ယွီဝန်ကြီး၏ ဂုဏ်သတင်းနှင့် အင်အားကို သဘောကျခဲ့ခြင်း ဖြစ်လေသည်။
ယွီရှီသည် စာပေပညာရှင်မျိုးရိုးမှ အမျိုးသမီးငယ်တစ်ဦးအနေဖြင့် ကံကောင်းထောက်မစွာ ပဉ္စမမင်းသားကြင်ရာတော် ဖြစ်လာခဲ့သည်။
စစ်သူကြီးမျိုးနွယ်မှ ဆင်းသက်လာကြသော မင်းသားကြင်ရာတော်များကြားတွင် သူမသည် ထူးခြားထင်ရှားနေလေသည်။
ပြင်ပမှလူများသည် ယွီမိသားစုကို ကြည့်ပြီး အားကျနေကြ၏။ ယွီရှီသည် အိမ်မှမထွက်ခွာမီက ရင်ထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့သည်။ သို့သော် ထိုပျော်ရွှင်မှုနှင့် မျှော်လင့်ချက်များသည် မနေ့ညက ပုဝါစကို လှန်လိုက်သည့်အချိန်၌ ရေအေးနှင့်လောင်းချလိုက်သလိုမျိုး အများစု ပျောက်ကွယ်သွားခဲ့ရသည်။
ပဉ္စမမင်းသား လီချန်သည် ပုကွပြီး ဝဖိုင့်ကာ ရုပ်ရည်သာမန်မျှသာရှိကြောင်း စောစောကတည်းက ကြားသိထားသဖြင့် သူမတွင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု အပြည့်အဝ ရှိထားပြီးဖြစ်သည်။ သို့သော် မျက်လုံးချင်း ဆုံမိသည့်အခါကျမှ သူမ၏ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုသည် လုံလောက်မှုမရှိသေးကြောင်း တွေ့ရှိလိုက်ရတော့သည်။
ထိုအချိန်လေးတွင် ဖြစ်ပေါ်လာသော စိတ်ပျက်အားငယ်မှုသည် လီချန်၏ မျက်လုံးထဲတွင် ထင်ဟပ်သွားခဲ့သည်။ လီချန်ကို အရှက်ရစေခဲ့၏။
ထို့နောက်တွင် လီချန်သည် အပြုံးကို အတင်းဆင်မြန်းကာ ယွီရှီနှင့် မင်္ဂလာလက်ထပ်ဆုတောင်း အရက်ခွက်ကို သောက်လိုက်လေသည်။ မင်္ဂလာညစာစားပွဲ ပြီးဆုံးသောအခါ လီချန်သည် အရက်နံ့တလှိုင်လှိုင်ဖြင့် မင်္ဂလာခန်းဆောင်ထဲသို့ ဝင်ရောက်လာပြီး အရက်ရှိန်ကို အခွင့်ကောင်းယူကာ သတို့သမီးအသစ် ပဉ္စမမင်းသားကြင်ရာတော် ယွီရှီကို ဒုက္ခရောက်အောင် နှိပ်စက်တော့သည်။
ယွီရှီသည် တစ်ညလုံးပေါင်းမှ နှစ်နာရီခန့်သာ အိပ်စက်ခဲ့ရပြီး ယနေ့မနက် စောစောထကာ မျက်နှာချေများကို ထူပိန်းနေအောင် လိမ်းခြယ်ထားပြီး ညှိုးနွမ်းနေသော မျက်နှာကို ဖုံးကွယ်ထားလိုက်ရသည်။
လီချန်၏ စိတ်ထဲတွင်လည်း မပျော်ရွှင်လှပေ။ သို့သော် ဒီရက်ပိုင်းအတွင်း လီဟောက်က သူ့ကို မကြာခဏ သတိပေးထားသဖြင့် သူသည် ဒီလိုအချိန်မျိုးတွင် မျက်နှာပျက်နေရဲသည် မဟုတ်ချေ။ အဆီများဖြင့် ပြည့်ဖြိုးနေသော မျက်နှာကြီးပေါ်တွင် အပြုံးကို ညှစ်ထုတ်ထားပြီး ဇနီးသည်အသစ်ကို ခေါ်ဆောင်ကာ ဂါရဝပြုလေသည်။
လူတိုင်း၏ အကြည့်များသည် ယွီရှီ၏ ကိုယ်ပေါ်သို့ တညီတညွတ်တည်း ကျရောက်နေကြ၏။
လုမင်ယွိသည်လည်း ယွီရှီကို အကဲခတ်ကြည့်ရှုနေလေသည်။
ယခင်ဘဝက ပဉ္စမမင်းသားကြင်ရာတော်သည် စစ်သူကြီးမျိုးနွယ်မှ ဖြစ်သည်။ ယခုဘဝတွင်တော့ ပဉ္စမမင်းသားကြင်ရာတော် နေရာတွင် ယွီရှီနှင့် အစားထိုးလိုက်ပြီ ဖြစ်သည်။
ယွီရှီသည် အပျိုဆောင်တွင် နေထိုင်စဉ်ကတည်းက နာမည်ဂုဏ်သတင်း အတော်အတန် ရှိခဲ့သည်။ အလွန်အမင်း လှပသည်ဟု မဆိုနိုင်သော်လည်း သန့်ရှင်းစင်ကြယ်ကာ ယဉ်ကျေးသိမ်မွေ့လေသည်။ အမူအရာများတွင် တည်ငြိမ်ရင့်ကျက်မှု ရှိနေသည်။ ဒီလိုစိတ်နေစိတ်ထားမျိုးက ချောင်မိဖုရားခေါင်နှင့် အနည်းငယ် တူညီနေလေသည်။
စာပေပညာရှင် မိသားစုက ဂရုတစိုက် ပြုစုပျိုးထောင်လာသော အမျိုးသမီးငယ်လေးများသည် အများအားဖြင့် ဤကဲ့သို့ တည်ငြိမ်ရင့်ကျက်သော အမူအကျင့်မျိုး ရှိကြစမြဲပင်။
ပထမဆုံးအကြိမ် မြင်လိုက်ရသည်နှင့် နှစ်သက်သဘောကျစိတ် ဖြစ်ပေါ်လာစေသည်။
ယွီရှီသည် ရှက်ရွံ့စွာ ခေါင်းငုံ့ထားပြီး မည်သူ့ကိုမျှ မျက်လုံးချင်း မဆုံရဲပေ။ နန်းတွင်းအထိန်းတော်ကြီး၏ လမ်းညွှန်မှုအောက်တွင် ဖုံထိုင်ခုံပေါ်၌ ဒူးထောက်လိုက်ပြီး မယ်တော်ကြီးကျောက်ကို ဦးစွာ ဦးခိုက်ကာ လက်ဖက်ရည် ဆက်သလိုက်လေသည်။ "မြေးချွေးမတော် ယွီရှီက အဘွားတော်ကို လက်ဖက်ရည် ဆက်သပါတယ်"
မယ်တော်ကြီးကျောက်သည် ခဏလောက် စောင့်ဆိုင်းပြီးမှ လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်ကာ ပေါ့ပေါ့ပါးပါး တစ်ငုံသောက်ပြီး နှုတ်ဆက်လက်ဆောင် ချီးမြှင့်လိုက်လေသည်။
နှုတ်ဆက်လက်ဆောင်မှာ နည်းပါးလွန်းသည်ဟု မဆိုနိုင်သော်လည်း မည်မျှ တန်ဖိုးကြီးမားသည်ဟုလည်း ပြော၍မရပေ။ မြေးချွေးမတော် တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြသဖြင့် ယွီရှီအလှည့်သို့ ရောက်သောအခါ ထူးဆန်းမှု မရှိတော့ချေ။
နောက်ပိုင်း ဂါရဝပြုခြင်းများမှာ အလွန်ချောမွေ့လေသည်။ ယုံးကျားဧကရာဇ်၏ သဘောထားမှာ နူးညံ့သိမ်မွေ့ပြီး ချောင်မိဖုရားခေါင်သည်လည်း အလွန်သဘောကောင်းလေသည်။ ခက်ခဲအောင် မလုပ်ခဲ့ကြဘဲ လက်ဖက်ရည်ကို လျင်မြန်စွာ လက်ခံသောက်သုံးပြီး နှုတ်ဆက်လက်ဆောင် ပေးသနားကြသည်။
ယွီရှီ၏ တင်းမာနေသော စိတ်အာရုံများသည် အနည်းငယ် သက်သာရာ ရသွားတော့သည်။
ထို့နောက်တွင်တော့ သမီးယောက်မ အချင်းချင်း နှုတ်ဆက်ကြရမည့်အချိန်သို့ ရောက်ရှိလာခဲ့သည်။
ပထမမင်းသား ကြင်ရာတော်သည် အကြီးဆုံးဖြစ်သော်ငြားလည်း ဂုဏ်ရည်အဆင့်အတန်းနှင့် ပြောရလျှင် ထိုက်ဇီဖေးကသာ ပထမဦးဆုံး ဖြစ်သင့်သည်။ ယွီရှီသည် ထိုက်ဇီဖေးအပေါ် အထူး ရိုသေလေးစားရမည်ဖြစ်ကြောင်း မိသားစုက စောစောစီးစီးကတည်းက မှာကြားထားပြီး ဖြစ်လေသည်။
ယွီရှီသည် လုမင်ယွိ၏ ရှေ့မှောက်သို့ လျှောက်သွားပြီး အိန္ဒြေရရ ဂါရဝပြုလိုက်လေသည်။ "ယွီရှီက ထိုက်ဇီဖေးကို ဂါရဝပြုပါတယ်"
လုမင်ယွိက မသိမသာ ပြုံးလိုက်ပြီး လက်ကိုဆန့်ကာ ယွီရှီကို တွဲထူပေးလိုက်လေသည်။ "နောင်ဆိုရင် မိသားစုဝင်တွေ ဖြစ်သွားကြပြီပဲ။ ဝူတိမေ့(ပဥ္စမယောင်းမ) မြန်မြန်ထပါ"
ယွီရှီ မတ်တပ်ရပ်လိုက်သောအခါ လုမင်ယွိက ပြုံးကာ ထပ်ပြောလိုက်လေသည်။ "အစ်မကလည်း ဝူတိမေ့အတွက် နှုတ်ဆက်လက်ဆောင်တစ်ခု ပြင်ဆင်ထားတယ်။ ဒါက ဒီနှစ် ဆက်သထားတဲ့ အရည်အသွေးကောင်း ပိုးချည်ဖဲသားတွေလေ။ ဝူတိမေ့က အိမ်ထောင်ကျတာ နောက်ကျတော့ ဒီနှစ်နွေဦးရာသီ ဆက်သတဲ့လက်ဆောင်တွေကို မမီလိုက်ဘူး။ ဒီပိုးချည်ဖဲသားလိပ်အနည်းငယ်က ဝူတိမေ့အတွက် ကွက်တိပဲ။ အရောင်တောက်တောက် အဝတ်အစားလေးတွေ ချုပ်ဝတ်လိုက်ပေါ့"
ကောလာဟလများထဲတွင် ရန်သူ့စစ်သူကြီး၏ လည်ချောင်းကို ဓားဖြင့် ထိုးဖောက်ခဲ့သည်ဆိုသော ထိုက်ဇီဖေးသည် တကယ်တမ်းကျတော့ အလွန်နူးညံ့သိမ်မွေ့ပြီး ဖော်ရွေနေလေသည်။
ယွီရှီ၏ မြင့်တက်နေသော စိတ်ပူပန်မှုများသည် တဖြည်းဖြည်း လျော့ကျသွားပြီး သတ္တိမွေးကာ မော့ကြည့်လိုက်လေသည်။ "အာ့စောင်ကို ကျေးဇူးတင်ပါတယ်"
လုမင်ယွိသည် သူမ၏ သိုးငယ်လေးကဲ့သို့ ကြောက်ရွံ့နေသော မျက်ဝန်းများကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ ရယ်မောလိုက်မိတော့သည်။ "အပြင်က ကောလာဟလတွေကို ဝူတိမေ့ မယုံပါနဲ့။ အစ်မကလေ တစ်ခါတလေ စိတ်နည်းနည်း ဆတ်တာတော့ ရှိတယ်။ ဒါပေမဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ အလိုက်လျောဆုံးပါပဲ"
ကျောက်ယွီက တခစ်ခစ်ရယ်မောကာ ဝင်ပြောလိုက်လေသည်။ "မဟုတ်လို့လား။ တစ်ယောက်ယောက်က အာ့စောင်ကို စိတ်ဆိုးအောင် လုပ်မိရင် အာ့စောင်က အလွန်ဆုံး လက်ဖက်ရည်ခွက်ကို အမှုန့်ကြေအောင် ချေပစ်လိုက်ရုံပါပဲ။ တကယ်တမ်း လက်ပါပြီး လူရိုက်တာက သိပ်မရှိပါဘူး။ စိတ်မပူနဲ့"
လုမင်ယွိက ပြုံးကာ သူမကို မျက်စောင်းထိုးလိုက်လေသည်။ "ငါ့နာမည်ဂုဏ်သတင်း မကောင်းတာ မဆန်းပါဘူး။ အဲဒါ နင်က နေရာတကာ လျှောက်ပြောနေလို့ ဖြစ်မှာ။ လာစမ်းပါ။ ဒီနေ့ပဲ နင့်မျက်စိရှေ့မှာ လက်ဖက်ရည်ခွက်ကို ချေပြရမလား"
ကျောက်ယွီက လက်မြှောက်အရှုံးပေးလိုက်လေသည်။ "မဝံ့ရဲပါဘူး။ မဝံ့ရဲပါဘူး။ အာ့စောင်၊ စစ်တိမေ့ မှားသွားပါတယ်"
လူတိုင်းက မရပ်မနား ရယ်မောနေကြတော့သည်။
ယွီရှီသည်လည်း တိတ်တဆိတ် နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်မိ၏။ စိတ်ထဲတွင်တော့ တွေးလိုက်မိသည်။ ထိုက်ဇီဖေးက ကြမ်းတမ်းခက်ထန်တယ်လို့ နာမည်ကြီးပေမဲ့ တကယ်တမ်းကျတော့ လူက အဲဒီလောက်လည်း မဆိုးပါဘူး!
တကယ်လို့ လုမင်ယွိသာ သူမ၏ စိတ်ထဲကစကားကို ကြားသိခဲ့လျှင် သူမကို လေးလေးနက်နက် ပြောပြပေလိမ့်မည်။
ငါက တကယ်မဆိုးပါဘူး။
ငါ့ကို လာမစသရွေ့ပေါ့။
...
မွန်းတည့်ချိန် နန်းတွင်းစားပွဲတော်သို့ ရောက်သောအခါ ပို၍ စည်ကားသိုက်မြိုက်သွားလေသည်။
လူကြီးများက တစ်ဝိုင်း၊ မင်းသားကြင်ရာတော်များနှင့် ကုန်းကျူနှစ်ပါးက တစ်ဝိုင်း ထိုင်ကြသည်။ အားလုံးက ဂုဏ်ရည်တူ၊ အသက်အရွယ်တူများ ဖြစ်ကြသဖြင့် တစ်နေရာတည်း အတူထိုင်ကာ ရယ်မောစကားပြောဆိုနေကြသည်မှာ အချင်းချင်းကြားတွင် အဖုအထစ် ရှိနေသည်ဟု လုံးဝ မထင်မှတ်ရချေ။
ယွီရှီသည် သတို့သမီးအသစ် ဖြစ်သဖြင့် ရှက်ရွံ့နေပြီး ပါးစပ်ဟရန် အားနာနေကာ လူများ ပြောဆိုနေကြသည်ကိုသာ နားစွင့်နေလိုက်လေသည်။
ကျောက်ယွီက အနေအထိုင် ပေါ့ပါးသွက်လက်သူ ဖြစ်သဖြင့် မနေနိုင်ဘဲ ပြုံးကာ စနောက်လိုက်လေသည်။ "ကျွန်မတို့တွေက ပွင့်လင်းတဲ့ စိတ်သဘောထားရှိကြတယ်။ တည့်တည့်ပြောတတ်ကြတယ်။ ဝူတိမေ့က ကျွန်မတို့နဲ့ လုံးဝမတူဘူးပဲ။ ယဉ်ယဉ်ကျေးကျေးလေးနဲ့ ပြုံးရင်တောင် သွားမပေါ်ဘူး။ စကားလည်း သိပ်မပြောတတ်ဘူး"
လီဟောက်နှင့် လီချန်သည် မိခင်တူ ညီအစ်ကိုအရင်းများ ဖြစ်ကြပြီး သံယောဇဉ် နက်ရှိုင်းကြသည်။
မုန့်ယွင်လော်သည် ယောင်းမဖြစ်သူပီပီ ယွီရှီကို ကာကွယ်ပေးရမည် ဖြစ်သဖြင့် ပြုံးကာ ပြန်ပြောလိုက်လေသည်။ "ဝူတိမေ့က စာပေကျမ်းဂန်တွေ ဖတ်ရှုထားတာလေ။ နင်နဲ့ ဘယ်တူမလဲ။ နင်က မြင်းစီးမြားပစ် ဓားခုတ်လှံထိုး ဝါသနာပါတာကိုး။ စကားပြောတာကလည်း လှံကစားနေသလိုပဲ။ ပါးစပ်ဟလိုက်တာနဲ့ လူကို လာထိုးနေတော့တာပဲ"
ဒီစကားက ဘယ်သူ့ကို ခနဲ့လိုက်တာလဲ။
လုမင်ယွိက မုန့်ယွင်လော်ကို ပြုံးသယောင်ယောင်ဖြင့် တစ်ချက်ကြည့်လိုက်လေသည်။ "နင်ကများ သူများကို ပြောရက်တယ်နော်။ ကိုယ့်ကိုယ်ကိုယ် မှန်ထဲ အရင်ပြန်ကြည့်လိုက်ပါဦး"
ကျောက်ယွီက ဟားခနဲ ရယ်မောလိုက်လေသည်။
တစ်ချိန်လုံး နှုတ်ဆိတ်နေသော ဟွေ့အန်းကုန်းကျူကလည်း ပြုံးကာ မုန့်ယွင်လော်ကို နှစ်ခွန်းလောက် ပြန်ပက်လိုက်လေသည်။ "ဟုတ်တယ်မလား။ သိမ်မွေ့တဲ့နေရာမှာတော့ ကျွန်မတို့ဘယ်သူမှ ဝူတိမေ့ကို မယှဉ်နိုင်ပါဘူး။ စန်းတိမေ့ကလည်း ကျွန်မတို့ကို မပြောနဲ့ဦး။ ရှင်လည်း သာမန်မိန်းမမှ မဟုတ်တာ"
ပထမမင်းသား ကြင်ရာတော်က နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်လေသည်။ "စန်းတိမေ့က ဒီနေ့တော့ လူအများရဲ့ ဒေါသကို ဆွမိပြီထင်တယ်။ ကျွန်မတို့အားလုံးက စစ်သူကြီးမျိုးနွယ်တွေလေ။ ဘာမှသုံးမရတဲ့ ကျွန်မတောင်မှ မြင်းစီးမြားပစ်ကို ရက်အနည်းငယ်လောက်တော့ သင်ဖူးပါသေးတယ်။ ရှင်က ဝါးလုံးရှည်နဲ့ လှမ်းရမ်းလိုက်တော့ ကျွန်မတို့အားလုံး ထိကုန်ပြီလေ။ ဘယ်သူက ရှင့်ကို ခွင့်လွှတ်နိုင်မှာလဲ"
ကျင့်အန်းကုန်းကျူက သဘောထားအကြီးဆုံး ဖြစ်သဖြင့် ဝင်ရောက်ပြောဆိုခြင်း မပြုပေ။
မုန့်ယွင်လော်သည် တစ်ယောက်တည်းဖြစ်ပြီး ပါးစပ်ပေါက်များစွာကို မယှဉ်နိုင်သဖြင့် အရှုံးပေးလိုက်ရတော့သည်။ "ကျွန်မ စကားပြောတာ မှားသွားပါတယ်။ အားလုံးကို တောင်းပန်ပါတယ်"
ထိုအခါမှ လူတိုင်းက သူမကို လွှတ်ပေးလိုက်ကြသည်။
ဒီလိုအခြေအနေကလည်း စည်ကားနေတာပါပဲ။
ယွီရှီသည် နားထောင်ရင်း ကြည့်ရှုရင်းဖြင့် မသိမသာ ထူးခြားမှုအချို့ကို သတိပြုမိလိုက်လေသည်။
ဟွေ့အန်းကုန်းကျူကတော့ ပြောစရာမလိုပေ။ ထိုက်ဇီဖေး လုမင်ယွိနှင့် တစ်ဖက်တည်း ရပ်တည်သည်။ စတုတ္ထမင်းသားကြင်ရာတော် ကျောက်ယွီနှင့် လုမင်ယွိ၏ ဆက်ဆံရေးကလည်း ပိုမိုရင်းနှီးကြသည်။
ပထမမင်းသား ကြင်ရာတော်နှင့် ကျင့်အန်းကုန်းကျူတို့က ပိုပြီးရင်းနှီးကြကာ တစ်ဖွဲ့ပုံစံ ဖြစ်နေသည်။
မုန့်ယွင်လော်ကတော့ လူတိုင်းနဲ့ အဆင်မပြေဖြစ်နေပုံ ရသည်...
...
အပိုင်း (၅၄၃) သတို့သမီးသစ် (၂)
နန်းတွင်းစားတော်ပွဲ ပြီးဆုံးသွားပြီးနောက် ယွီရှီသည် လုမင်ယွိကို နူးညံ့သိမ်မွေ့စွာ နှုတ်ဆက်လေသည်။
တစ်နေ့တာလုံး အတူရှိခဲ့ကြရာတွင် လုမင်ယွိသည် ယွီရှီအပေါ်တွင် တကယ်ကို အမြင်ကြည်နေပြီး ပြုံးကာ ပြောလိုက်လေသည်။ "အာ့စောင်က အခု ကိုယ်ဝန်ရင့်လာတော့ နန်းတော်ထဲက ထွက်ခဲတယ်။ ဝူတိမေ့ နောင်ကျရင် အားတဲ့အချိန် အိမ်ရှေ့စံနန်းဆောင်ဘက်ကို မကြာခဏ လာလည်လေ"
ယွီရှီသည် အနည်းငယ် ရှက်ရွံ့စွာ ခေါင်းညိတ်လိုက်လေသည်။ "ဟုတ်ကဲ့၊ နောက်ဆိုရင် ညီမလေး နန်းတော်ထဲ ဝင်တိုင်း အာ့စောင်နဲ့ စကားပြောဖို့ လာခဲ့ပါ့မယ်"
လုမင်ယွိက မသိမသာ ပြုံးလိုက်လေသည်။ "ဒါဆိုရင်တော့ အစ်မက လက်ဖက်ရည်ကောင်းကောင်း ပြင်ဆင်ပြီး ဝူတိမေ့လာမှာကို စောင့်နေလိုက်မယ်နော်"
မုန့်ယွင်လော်သည် ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားတော့၏။
ခုမှရောက်လာတဲ့ ဒီယောက်မလေးက ဘာဖြစ်လို့ ဦးနှောက်မရှိသလို ဖြစ်နေရတာလဲ။ ဘယ်သူနဲ့ ရင်းရင်းနှီးနှီး နေသင့်ပြီး ဘယ်သူနဲ့ ဝေးဝေးနေသင့်တယ်ဆိုတာကိုတောင် သူ နားမလည်ဘူးလား။
လူအများရှေ့တွင်မို့ မုန့်ယွင်လော်သည် ဘာမှဝင်မပြောလိုက်ပေ။
နန်းတော်တံခါးမှ ထွက်လာပြီးနောက် လီဟောက်နှင့် လီချန်တို့သည် ကိုယ်စီ မြင်းပေါ်သို့ တက်လိုက်ကြသည်။ မုန့်ယွင်လော်သည် ကိုယ်ဝန်ဆောင်ထားရသည့်အပြင် နေ့တစ်ဝက်လုံး အလုပ်ရှုပ်ခဲ့ရသဖြင့် မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်များ ပေါ်နေလေသည်။ ယွီရှီကတော့ အလိုက်တသိ ရှေ့တိုးလာပြီး မုန့်ယွင်လော်ကို တွဲကူပေးလိုက်သည်။ "စန်းစောင် သတိထားနော်၊ ညီမလေး တွဲပေးမယ်"
တော်သေးတာပေါ့၊ နည်းနည်းတော့ အလိုက်သိသားပဲ။
မုန့်ယွင်လော်၏ စိတ်အခြေအနေသည် အနည်းငယ် ပြန်လည်ကောင်းမွန်သွားပြီး မြင်းလှည်းပေါ်တွင် ထိုင်လိုက်ပြီးနောက် ယွီရှီကို ပြုံးကာ မေးလိုက်လေသည်။ "ဒီနေ့ နန်းတော်ထဲ ဝင်ပြီး ဂါရဝပြုရတာ။ လူတွေအများကြီးနဲ့ တွေ့ရတာ ဘယ်လိုနေလဲ"
ယွီရှီသည် ခဏလောက် စဉ်းစားလိုက်ပြီး တိုးတိုးလေး ဖြေလိုက်သည်။ "အားလုံးက ညီမလေးအပေါ် သဘောကောင်းကြပါတယ်။ အထူးသဖြင့် အာ့စောင်ပေါ့၊ ညီမလေး အိမ်မှာနေတုန်းက သူ့ရဲ့ ဂုဏ်သတင်းကျော်ကြားမှုကို ကြားဖူးထားတော့ သူနဲ့ ပေါင်းသင်းဆက်ဆံရတာ ခက်မယ်လို့ ထင်ထားတာ။ တကယ်တမ်း တွေ့လိုက်ရတော့ အာ့စောင်က ညီမလေး စိတ်ကူးထားတာနဲ့ လုံးဝမတူဘူး"
ပြင်ပလူများ မရှိတော့သဖြင့် မုန့်ယွင်လော်သည်လည်း ဟန်ဆောင်မနေတော့ဘဲ လှောင်ပြောင်လိုက်လေသည်။ "သူ့ရဲ့ ဟန်ဆောင်ကောင်းမှုအောက်မှာ နင် အရူးလုပ်မခံရပါစေနဲ့။ အရင်တုန်းက နန်းတော်အတွင်းအပြင် ကောလာဟလတွေ အများကြီး ထွက်ခဲ့တာ။ အဲဒါတွေအကုန်လုံးက သူ ခိုင်းလို့ လုပ်ခဲ့ကြတာ"
"သူဆိုတဲ့လူက စိတ်ထားမည်းမှောင်ပြီး လက်ရဲဇက်ရဲနိုင်တယ်။ ရက်စက်ပြီး ပေါင်းသင်းရ ခက်တယ်။ သူ့ရဲ့ ရာထူးအာဏာကို အားကိုးပြီး လူတွေကို အနိုင်ကျင့်တာက ပုံမှန်ကိစ္စလို ဖြစ်နေတာ။ ငါ နင့်ကို အကြံပေးလိုက်မယ်။ နောက်ဆိုရင် သူနဲ့ ဝေးဝေးနေ။ အဲဒီလိုမဟုတ်ရင် သူက ဘယ်အချိန် မျက်နှာပြောင်းပြီး ဒေါသထွက်လာမလဲ။ ဒါမှမဟုတ် တန်းပြီး ဓားနဲ့ထိုးမလဲ ဆိုတာ ပြောလို့မရဘူး။ နင့်ကို လူပုံအလယ်မှာ အရှက်ကွဲအောင် လုပ်လိမ့်မယ်"
ယွီရှီသည် ဒေါသထွက်နေသော မုန့်ယွင်လော်ကို တိတ်တဆိတ် ကြည့်လိုက်ပြီး စိတ်ထဲတွင် တွေးလိုက်မိသည်။ တကယ်တမ်းကျတော့ အစ်မလည်း ရက်စက်ပြီး ပေါင်းသင်းရခက်တာပါပဲ။
ပြီးတော့ မုန့်ယွင်လော်က လုမင်ယွိကို ဒီလောက်တောင် မုန်းတီးနေတာက တကယ်ပဲ ဒီကိစ္စတွေကြောင့်ပဲလား။
တတိယမင်းသားက ငယ်ရွယ်စဉ်က လုမင်ယွိကို ချစ်ကြိုက်ခဲ့ပြီး မရခဲ့သည့်အတွက် အချစ်ကနေ အမုန်းဘက် ပြောင်းသွားခဲ့သည် ဆိုသည့်သတင်းကို သူမ သဲ့သဲ့ကြားဖူးသည်။ မုန့်ယွင်လော်က လုမင်ယွိအပေါ် မနာလိုဝန်တိုစိတ်များနှင့် မုန်းတီးနေခြင်းမှာလည်း မဆန်းတော့ပေ...
မုန့်ယွင်လော်သည် အတိတ်က အာဃာတဟောင်းများ ပြန်လည်နိုးထလာပြီး လေသံတွင် နာကျည်းမှုများ ပြည့်နှက်နေလေသည်။ "နောက်ထပ်ကိစ္စတစ်ခုလည်း ရှိသေးတယ်။ ငါ နင့်ကို ပြောပြရဦးမယ်။ အရှင်မင်းသားနဲ့ ဝူတိတို့ရဲ့ မယ်တော်အရင်း စူးဖေးက လုမင်ယွိရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတာ"
"အမေကိုသတ်တဲ့ ရန်ကြွေးဆိုတာ ကောင်းကင်အောက်မှာ အတူမနေသင့်တဲ့ ရန်ငြိုးမျိုးလေ။ သူတို့ညီအစ်ကိုနှစ်ယောက်နဲ့ အိမ်ရှေ့စံနန်းဆောင်က စောစောကတည်းက ရန်သူတွေ ဖြစ်နေကြပြီ။ လူရှေ့မှာတော့ ထုတ်မပြနိုင်ပေမဲ့ ကွယ်ရာမှာတော့ စည်းခြားထားသလို ရှင်းလင်းနေပြီးသား"
"နင်က အခုမှ အိမ်ထောင်ကျတာဆိုတော့ ချက်ချင်း နားလည်မှာ မဟုတ်သေးဘူး။ တစ်ချက်ပဲ မှတ်ထားလိုက်။ လင်နဲ့မယားဆိုတာ တစ်သားတည်းပဲ။ နင်က ဝူတိနဲ့ စိတ်သဘောထားချင်း တိုက်ဆိုင်နေရမယ်။ ငါတို့နဲ့ တစ်ဖက်တည်း ရပ်တည်ရမယ်။ နောက်ဆိုရင် အိမ်ရှေ့စံနန်းဆောင်နဲ့ အကွာအဝေးတစ်ခု ခြားထားမှ ဖြစ်မယ်"
ယွီရှီ၏ ရင်ထဲတွင် လေးလံသွားပြီး တိုးတိုးလေး ပြန်ဖြေလိုက်လေသည်။ "စန်းစောင် ပြောတဲ့စကားတွေကို ညီမလေး မှတ်ထားပါ့မယ်"
မုန့်ယွင်လော်သည် အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး ရင်ထဲတွင် ပိတ်ဆို့နေသော အခိုးအငွေ့များကို ထုတ်ပစ်လိုက်သကဲ့သို့ပင်။ "နင် မှတ်ထားတာ အကောင်းဆုံးပဲ။ တကယ်လို့ မမှတ်မိဘူးဆိုရင်လည်း နောက်ဆိုရင် ငါက နင့်ကို အချိန်မရွေး သတိပေးနေမှာပါ"
ယွီရှီက နူးညံ့စွာ ပြောလိုက်သည်။ "သင်ပြပေးတဲ့အတွက် စန်းစောင်ကို ကျေးဇူးတင်ပါတယ်"
ဒီယောက်မလေးက နည်းနည်း တုံးပေမဲ့ တော်သေးတာပေါ့ စကားနားထောင်လို့။
ကိုယ်ဝန်ဆောင်ထားသူများသည် စိတ်အပြောင်းအလဲ မြန်တတ်သဖြင့် မုန့်ယွင်လော်သည် မျက်မှောင်ကြုတ်ထားရာမှ လျင်မြန်စွာ ပြန်လည်ပြေလျော့သွားပြီး ယွီရှီကို ပြုံးပြလိုက်လေသည်။
နန်းတော်တံခါးမှ ထွက်လာပြီးနောက် မြင်းလှည်းသည် တစ်နာရီခန့် မောင်းနှင်ပြီး တတိယမင်းသားအိမ်တော်သို့ ရောက်ရှိလာခဲ့သည်။
မုန့်ယွင်လော်ကို အရင် တွဲကူပြီး ဆင်းခိုင်းလိုက်သည်။ ယွီရှီလည်း မြင်းလှည်းပေါ်မှ ဆင်းလိုက်ပြီး မုန့်ယွင်လော်ကို နှုတ်ဆက်စကား ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ခင်ပွန်းသည်အသစ်စက်စက် လီချန်သည် လီဟောက်နှင့်အတူ တတိယမင်းသားအိမ်တော်ထဲသို့ ဝင်ရောက်သွားသည်ကို တွေ့လိုက်ရလေသည်။
ယွီရှီ "..."
အခုမှ လက်ထပ်ပြီးခါစ၊ သူမက ပဉ္စမမင်းသားအိမ်တော်နဲ့တောင် မရင်းနှီးသေးဘူး၊ တတိယမင်းသားအိမ်တော်ဆိုရင် ပြောမနေနဲ့တော့။
ပြီးတော့ ဒီလိုအချိန်မျိုးမှာ ကိုယ့်အိမ်တော်ကို အရင်ပြန်ပြီး နားနားနေနေ နေသင့်တာ မဟုတ်ဘူးလား။ တတိယမင်းသားအိမ်တော်ကို လာပြီး နေနေတယ်ဆိုတာ ဘယ်လိုသဘောလဲ။
မုန့်ယွင်လော်ကတော့ မြင်နေကျမို့ ရိုးနေပြီဖြစ်ကာ ယွီရှီကို ပြုံးပြီး ပြောလိုက်လေသည်။ "ဝူတိက ငါတို့အိမ်တော်မှာ တစ်နှစ်လောက် နေသွားခဲ့တာလေ။ မင်္ဂလာမဆောင်ခင် လဝက်လောက် အလိုကျမှ ပဉ္စမမင်းသားအိမ်တော်ကို ပြောင်းသွားတာ။ နောက်ဆိုရင် ငါတို့တွေ မကြာခဏ ဝင်ထွက်သွားလာနေကြမှာပဲ။ နင်လည်း အားမနာပါနဲ့၊ ငါနဲ့အတူ ဝင်ခဲ့လိုက်လေ။ ဝူတိ နေခဲ့တဲ့ခြံဝန်းကို ငါ လူတွေကို အမြဲ သန့်ရှင်းရေး လုပ်ခိုင်းထားတယ်"
ယွီရှီသည် မတတ်သာဘဲ ပြုံးလိုက်ရတော့သည်။ "စန်းစောင်ကို ဒုက္ခပေးရပါပြီ"
...
လီချန်နှင့် လီဟောက်တို့ စာကြည့်ခန်းထဲသို့ သွားရောက် စကားပြောဆိုကြသည်။
မုန့်ယွင်လော်သည် အနည်းငယ် ပင်ပန်းနေသဖြင့် ကျန်းအာကို ခေါ်ပြီး အနားယူရန် ပြန်သွားလေသည်။ ယွီရှီတစ်ယောက်တည်းသာ လီချန် နေထိုင်ခဲ့ဖူးသော ခြံဝန်းထဲတွင် ကျန်ရစ်ခဲ့သည်။
ခြံဝန်းသည် ကျယ်ဝန်းပြီး သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားသည်။ စကားပြောမည့်သူ မရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။
ယွီရှီသည် ပြတင်းပေါက်ရှေ့တွင် ထိုင်ကာ ငေးငိုင်နေမိသည်။
အိမ်ထောင်ပြုပြီးနောက် ဘဝသည် သူမ စိတ်ကူးထားခဲ့သည်နှင့် လုံးဝ မတူညီပေ။
အိမ်ပါအစေခံ ချူချင်းသည် သခင်မလေး၏ မျက်နှာ မကောင်းသည်ကို မြင်သောအခါ သနားမိသွားပြီး တမင်သက်သက် ပေါ့ပေါ့ပါးပါး ရယ်မောကာ နှစ်သိမ့်ပေးလိုက်လေသည်။ "ကျွန်မ ဒီနေ့ ညန်ညန်နဲ့အတူ နန်းတော်ထဲ ဝင်ခွင့်ရလိုက်တာ တကယ့်ကို ဗဟုသုတ ရသွားတာပဲ"
ယွီရှီသည် သတိပြန်ဝင်လာပြီး ချူချင်းကို ပြုံးပြလိုက်လေသည်။ "နန်းတော်ထဲမှာ လူတွေများပြီး စည်ကားတယ်။ ငါလည်း ဗဟုသုတ ရပါတယ်။ ဒါပေမဲ့... လူတွေကလည်း အရမ်းများလွန်းတယ်"
ထိုသို့ပြောရင်း အသံသည် တိုးဝင်သွားလေသည်။ "လူတိုင်းက ကြည့်ရတာ ဖော်ရွေပြီး ရယ်ရယ်မောမော ရှိကြပေမဲ့ အားလုံးက မျက်နှာဖုံးစွပ်ထားသလိုပဲ။ သူတို့ပြောတဲ့စကားတွေ ဘယ်ဟာက အမှန် ဘယ်ဟာက အမှားလဲဆိုတာ ငါ မသိဘူး"
"စန်းစောင်က ငါ့ကို အများကြီး ပြောပြတယ်။ အဲဒီစကားတွေကို ငါ နားထောင်ရင်းနဲ့ ရင်တုန်ပန်းတုန် ဖြစ်မိတယ်။ တကယ်တော့ ငါက တံခါးပိတ်ပြီး အေးအေးဆေးဆေး နေချင်တာပါ။ သူတို့ကြားက ပြိုင်ဆိုင်မှုတွေထဲ မပါချင်ဘူး။ ပြီးတော့ စန်းစောင် ပြောသလို အိမ်ရှေ့စံနန်းဆောင်နဲ့လည်း ရန်မဖြစ်ချင်ဘူး..."
ယွီရှီသည် ခဏလောက် ရပ်တန့်သွားပြီး မျက်နှာအမူအရာမှာ တွေဝေသွားလေသည်။ "ချူချင်း၊ အဲဒီနေ့တုန်းက လက်ထပ်ထိမ်းမြားဖို့ အမိန့်တော် ယွီအိမ်တော်ကို ရောက်လာတုန်းက လူတိုင်းက ငါ မင်းသားကြင်ရာတော် ဖြစ်တော့မယ်ဆိုပြီး ဝိုင်းဂုဏ်ပြုကြတယ်။ ဒါပေမဲ့ ငါအခု ဘာဖြစ်လို့ မပျော်နိုင်ရတာလဲ မသိဘူး"
ချူချင်းသည် သခင်မလေး၏ စိတ်ကို အနည်းငယ် ရိပ်မိသဖြင့် တိုးတိုးလေး နှစ်သိမ့်လိုက်သည်။ "ပဉ္စမမင်းသားက ရုပ်ရည် သာမန်ပဲ ရှိပေမဲ့ ယောကျ်ားတစ်ယောက်အတွက် ရုပ်ရည်က အရေးအကြီးဆုံး မဟုတ်ပါဘူး။ အရှင်မင်းသားက အရည်အချင်းရှိပြီး ညန်ညန်အပေါ် ကောင်းရင် ပြီးတာပါပဲ"
ပြဿနာက လီချန်ကိုကြည့်ရတာ ပျော့ညံ့ညံ့နဲ့၊ အရည်အချင်းရှိမယ့်ပုံ စိုးစဉ်းမျှ မပေါ်တာပင်။
မနေ့ညက မင်္ဂလာဦးညကဆိုလျှင် သူမအတွက် ပြောမပြတတ်အောင် ဆင်းရဲဒုက္ခ ရောက်ခဲ့ရသည်။ လီချန်သည် မိန်းမပျိုလေးကို နည်းနည်းလေးမှ မညှာတာဘဲ အသေအလဲ နှိပ်စက်ခဲ့သည်။ အခုထိ သူမ နာကျင်နေဆဲပင်...
တချို့စကားတွေက ယုံကြည်ရတဲ့ အစေခံကိုတောင် ထုတ်ပြောလို့ မရဘူး။
ယွီရှီသည် အတော်ကြာအောင် အောင့်ထားပြီးမှ အင်း ဟု တစ်လုံးတည်း ဖြေလိုက်သည်။
ချူချင်းသည် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ယွီရှီနှင့်အတူ စကားစမြည်ပြောကာ အချိန်ဖြုန်းပေးနေလိုက်သည်။
မိုးချုပ်ခါနီးမှ လီချန် ရောက်လာခဲ့သည်။
ယွီရှီသည် ကိုယ်တိုင် တံခါးသွားဖွင့်ပေးပြီး သတိထားကာ ပြုံးပြလိုက်လေသည်။ "အရှင်မင်းသား၊ မိုးချုပ်နေပါပြီ၊ ကျွန်မတို့ အိမ်တော်ပြန်သင့်ပြီ မဟုတ်လား"
လီချန်က အနည်းငယ် စိတ်မရှည်သလို ဖြစ်သွားပြီး ပြောလိုက်လေသည်။ "ဒီနေရာက တခြားနေရာမှ မဟုတ်တာ။ အာ့ကောတို့ လင်မယားနဲ့ ညစာစားပြီးမှ ပြန်လည်း နောက်မကျပါဘူး"
ယွီရှီသည် ရင်ထဲတွင် ဝမ်းနည်းသွားသော်လည်း ထုတ်မပြောရဲဘဲ တိုးတိုးလေး ဟုတ်ကဲ့ဟု ဖြေလိုက်ရသည်။
လီချန်သည် ယွီရှီ ဒီနေ့ နန်းတော်ထဲတွင် အဆင်ပြေလား မပြေလား ဆိုသည်ကိုလည်း မမေးမြန်းဘဲ ဆက်ပြောလိုက်လေသည်။ "မနက်ဖြန်ကျရင် မင်း မိဘအိမ်ပြန်တာကို ငါ လိုက်ပို့ပေးမယ်။ သဘက်ခါကျရင် ငါ လုပ်ငန်းဌာနမှာ တာဝန်သွားထမ်းဆောင်ရတော့မယ်။ နောက်ဆို မင်းတစ်ယောက်တည်း အိမ်တော်ထဲမှာ ပျင်းနေရင် အာ့ကောရဲ့ အိမ်တော်ကိုလာပြီး စန်းစောင်နဲ့ အဖော်လုပ်ချေ"
အခုမှ အိမ်ထောင်ကျကာစ ခယ်မတစ်ယောက်က ခဲအိုအိမ်တော်ကို မကြာခဏ လာနေရမယ်ဆိုတာ ဘယ်လိုသဘောလဲ။
ယွီရှီသည် စကားအနည်းငယ် ပြောချင်သော်လည်း လီချန်၏ မျက်နှာထားကို ကြည့်လိုက်သည်နှင့် စကားလုံးများအားလုံး လည်ချောင်းထဲ ပြန်ဝင်သွားပြီး တိုးတိုးလေး ပြောလိုက်ရလေသည်။ "ကျွန်မ အရှင်မင်းသား သဘောအတိုင်းပါပဲ"
...