← Chapters

အခန်း (၅၄၄-၅၄၆)

Vol. 37 Ch. 544-546

အခန်း (၅၄၄-၅၄၆)

Vol. 37 Ch. 544-546

အပိုင်း (၅၄၄) အတင်းအဖျင်းစကားများ

နေ့ရက်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး တစ်လ ထပ်မံ ကြာမြင့်သွားခဲ့လေပြီ။

ရာသီဥတုက တဖြည်းဖြည်း ပူပြင်းလာသည်။ ကံကောင်းထောက်မစွာ အိမ်ရှေ့စံနန်းဆောင်တွင် သစ်ပင်ကြီးများ ရှိသဖြင့် အရိပ်ရကာ အေးမြနေသည်။ အိမ်ရှေ့စံနန်းဆောင်အတွင်း၌လည်း စောစောစီးစီး ရေခဲဇလုံများ အသုံးပြုထားသဖြင့် နန်းဆောင်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် အေးမြမှုက ရင်ထဲအထိ စိမ့်ဝင်သွားစေသည်။

သို့သော်ငြား လုမင်ယွိသည် ရင်ထဲတွင် ပူလောင်အိုက်စပ်နေသလို ခံစားနေရဆဲပင်။ "ငါ အေးအေးလေး တစ်ခုခု စားချင်တယ်"

ချီယွင်သည် ယပ်တောင်ဖြင့် သူမကို ညင်သာစွာ ယပ်ခတ်ပေးနေရင်း ပြုံးကာ ချော့မော့လိုက်လေသည်။ "ညန်ညန်က ကိုယ်ဝန်ရှစ်လ ရှိနေပြီလေ။ အေးတာတွေ စားရင် အစာအိမ်က ဘယ်ခံနိုင်မှာလဲ။ နည်းနည်းလောက် သည်းခံပါဦး။ ကလေးမွေးပြီးရင် အဆင်ပြေသွားမှာပါ"

လုမင်ယွိသည် ကလေးတစ်ယောက်လို နှုတ်ခမ်းကို စူထားပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။ "ကလေးမွေးပြီးရင်လည်း ငါက မီးနေသည်ဘဝနဲ့ နေရဦးမှာ။ သည်းခံရင်း သည်းခံရင်းနဲ့ ဆောင်းဦးပေါက် ရောက်သွားရင် ရေခဲပန်းကန် ဘယ်စားလို့ ကောင်းတော့မလဲ။ ငါ အခုပဲ စားချင်တာ"

ချီယွင်သည် ရယ်ချင်စိတ်ကို ထိန်းကာ ဆက်လက်ချော့မော့လိုက်ပြန်သည်။ "ရေခဲပန်းကန်က တကယ်စားလို့ မရပါဘူး။ ဒီလိုလုပ်ပါ့မယ်။ ကျွန်မ သစ်သီးတစ်ချို့ သွားယူလာပေးမယ်။ အဲဒါစားရင်လည်း အပူသက်သာတာချင်း အတူတူပါပဲ"

လုမင်ယွိသည် မတတ်သာသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။ "ဒါဆိုလည်း ယူခဲ့လေ"

ရေခဲပန်းကန် မရရင်လည်း သစ်သီးစားတာလည်း မဆိုးပါဘူး။

လုမင်ယွိ၏ ဗိုက်သည် လေမှုတ်ထားသော ပူဖောင်းတစ်လုံးကဲ့သို့ ကြီးထွားလာပြီး ခေါင်းငုံ့လျှင် ခြေထောက်ကိုပင် မမြင်ရတော့ချေ။ ထိုင်လျှင်လည်း နောက်သို့ အနည်းငယ်မှီပြီး ခါးကြားတွင် ခေါင်းအုံးအပျော့စား တစ်လုံး ခံထားရသည်။ ခြေထောက်နှင့် ခြေဖဝါးများ ဖောရောင်နေပြီး မျက်နှာသည်လည်း တစ်ဆလောက် ဝိုင်းစက်လာလေသည်။ ညဘက်တွင် တစ်ဖက်သို့ လှည့်အိပ်ချင်လျှင်ပင် လွယ်ကူသောကိစ္စ မဟုတ်တော့ပေ။ လှုပ်ရှားလိုက်သည်နှင့် ခါးနာခါးကိုက် ဖြစ်ရသည်။

ဆယ်လလွယ်ရသည်မှာ လရင့်လာလေလေ ပိုမိုပင်ပန်းလာလေလေပင်။ ထိုပင်ပန်းဆင်းရဲမှုကို ကိုယ်တိုင်ကြုံဖူးသူသာလျှင် နားလည်နိုင်သည်။

ချီယွင်သည် မကြာမီတွင် သစ်သီးပန်းကန်လုံးတစ်လုံးကို ယူဆောင်လာခဲ့သည်။ ချိုချဉ်အရသာစုံလင်ပြီး အနီရောင် အစိမ်းရောင်တို့ဖြင့် အတုံးသေးသေးလေးများ လှီးဖြတ်ထားသည်။ ကြည့်လိုက်သည်နှင့် လန်းဆန်းပြီး စားချင်စဖွယ် ကောင်းနေ၏။

လုမင်ယွိသည် တစ်လုပ်ပြီးတစ်လုပ် စားလိုက်ရာ မကြာမီတွင် သစ်သီးပန်းကန်လုံးလေးသည် ပြောင်စင်သွားလေသည်။ ရင်ထဲမှ အပူများလည်း တဖြည်းဖြည်း ငြိမ်းအေးသွားတော့၏။

လုမင်ယွိသည် ချီယွင်ကို ကြည့်ကာ ပြုံးရင်း သက်ပြင်းချလိုက်လေသည်။ "ဒီလို တစ်ယောက်ပြီးတစ်ယောက် ကလေးမွေးရတာ တကယ့်ကို ပင်ပန်းလွန်းတယ်။ ဒီတစ်ယောက် မွေးပြီးရင်တော့ ငါ နောက်ထပ် ကလေးမယူချင်တော့ဘူး"

ချီယွင်သည်လည်း သခင်မကို သနားသဖြင့် တိုးတိုးလေး ပြောလိုက်လေသည်။ "သားနှစ်ယောက် သမီးတစ်ယောက် ရပြီဆိုတော့လည်း လုံလောက်ပါပြီ"

လုမင်ယွိက အင်းဟု ပြန်ဖြေလိုက်လေသည်။

ကိုယ်ဝန်မရချင်လျှင် သဘာဝကျကျ နည်းလမ်းရှိသည်ပင်။

စကားပြောနေစဉ်မှာပင် နန်းတွင်းသူတစ်ဦး ရောက်လာပြီး လျှောက်တင်လေသည်။ "ညန်ညန်ကို လျှောက်တင်ပါတယ်။ စတုတ္ထမင်းသားကြင်ရာတော် ရောက်လာပါတယ်"

လုမင်ယွိသည် မလှုပ်ချင်သဖြင့် ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်လေသည်။ "သူ့ကို ဝင်လာခိုင်းလိုက်ပါ"

ကျောက်ယွီ ဝင်ရောက်လာသည်နှင့် လုမင်ယွိသည် ပျင်းရိလေးတွဲ့စွာဖြင့် တစ်ပိုင်းထိုင်တစ်ပိုင်းလှဲ နေနေပြီး ချီယွင်က လက်ကိုင်ပုဝါဖြင့် သူမ၏ ချွေးများကို သုတ်ပေးနေသည်ကို တွေ့လိုက်ရလေသည်။ ကျောက်ယွီသည် မနေနိုင်ဘဲ ပြုံးကာ စနောက်လိုက်လေသည်။ "အာ့စောင်က ထိုက်ဇီနဲ့ ဝေးလို့ရပေမဲ့ ချီယွင်နဲ့ကျတော့ တစ်ရက်လေးတောင် ခွဲလို့မရဘူးပဲ"

လုမင်ယွိက ပြုံးကာ ပြောလိုက်လေသည်။ "နင်ပြောတာ ဟုတ်တယ်"

ချီယွင်က နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်ပြီး ထကာ နောက်သို့ အနည်းငယ် ဆုတ်ပေးလိုက်သည်။

ကျောက်ယွီသည် လုမင်ယွိ၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး လုမင်ယွိကို တစ်ချက်အကဲခတ်ကာ တက်ခေါက်လိုက်လေသည်။ "အာ့စောင် အပူကြောက်တယ်ဆိုတာ စောစောကတည်းက ကြားဖူးပေမဲ့ ဒီနေ့မှပဲ တကယ်မြင်ဖူးတော့တယ်။ အခုက အပူဆုံးအချိန်တောင် မရောက်သေးဘူး။ အာ့စောင်က ရေခဲဇလုံတောင် သုံးနေပြီ။ ပြီးတော့ ချွေးတွေကလည်း ဒီလောက်တောင် ထွက်နေတာ"

လုမင်ယွိကလည်း မတတ်နိုင်သည့်ဟန်ဖြင့် ပြောလိုက်သည်။ "အရင်တုန်းက ဒီလိုမဟုတ်ပါဘူး။ ဒီကိုယ်ဝန်ရပြီးကတည်းက ငါ့ကိုယ်ငါ အမြဲတမ်း ပူလောင်နေတယ်လို့ ခံစားနေရတာ"

ကျောက်ယွီက ပြုံးကာ နှစ်သိမ့်လိုက်လေသည်။ "မိန်းမတွေ ကိုယ်ဝန်ဆောင်ရတာ တစ်ကိုယ်နဲ့တစ်ကိုယ် မတူဘူးလို့ ကြားဖူးတယ်။ အာ့စောင်ဗိုက်ထဲက ကလေးက အပူကြောက်တတ်လို့ နေမှာပေါ့၊ အဲဒါကြောင့် အမေရင်းဖြစ်တဲ့ အာ့စောင်ပါ ရောပြီး ဒုက္ခရောက်ရတာ။ ရှစ်လတောင် ရှိနေပြီ။ နည်းနည်းလေး သည်းခံလိုက်ရင် မွေးတော့မှာပါ"

"သည်းမခံလို့ ဘာတတ်နိုင်မှာလဲ" လုမင်ယွိက ပြုံးကာ ပြောလိုက်လေသည်။ "မွေးလာမှပဲ သူ့ကို ပညာပေးရတော့မယ်"

စကားအနည်းငယ် ပြောဆိုပြီးနောက် ကျောက်ယွီ၏ မျက်လုံးများ ရုတ်တရက် ဝိုင်းသွားပြီး အသံကို နှိမ့်ကာ ပြောလိုက်လေသည်။ "အာ့စောင်၊ ဝူတိနဲ့ ဝူတိမေ့တို့ သိပ်အဆင်မပြေဘူးဆိုတာ ကြားပြီးပြီလား"

လုမင်ယွိသည် အိမ်ရှေ့စံနန်းဆောင်တွင် နေထိုင်သော်လည်း နန်းတော်ပြင်ပ နေရာအနှံ့တွင် မျက်စိနှင့်နားများ ထားရှိပြီးဖြစ်ရာ မင်းသားအိမ်တော်အသီးသီးမှ လှုပ်ရှားမှုများကို သူမ မသိဘဲ မနေနိုင်ပေ။ ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။

"ဪ၊ ဒါတော့ ငါ မသိပါဘူး" လုမင်ယွိသည် ဟန်ဆောင်ကာ အံ့ဩပြလိုက်လေသည်။ "သူတို့ လက်ထပ်တာ တစ်လပဲ ရှိသေးတာလေ။ မင်္ဂလာဦးကာလဆိုတော့ ချစ်လို့ကောင်းတုန်းအချိန်ပဲ။ ဘယ်လိုလုပ် အဆင်မပြေ ဖြစ်ရမှာလဲ"

မိသားစုတစ်ခု မဟုတ်ရင် အိမ်တစ်အိမ်တည်း ဝင်မှာ မဟုတ်ဘူး ဆိုတဲ့ စကားအတိုင်း ကျောက်ယွီနှင့် စတုတ္ထမင်းသားတို့ ဇနီးမောင်နှံသည် "အတင်းအဖျင်း ပြောခြင်း" တွင် ဝါသနာတူသူများ ဖြစ်ကြသည်။

ကျောက်ယွီသည် လုမင်ယွိက နားစွင့်နေသည်ကို မြင်သောအခါ ချက်ချင်း စိတ်ဝင်စားလာပြီး တိုးတိုးလေး ရယ်မောကာ ပြောလိုက်လေသည်။ "ကျွန်မတို့ အိမ်တော်နဲ့ ပဉ္စမမင်းသားအိမ်တော်က နီးတော့ တစ်ခါတလေ အသံဗလံတွေ ကြားရတယ်"

"သူတို့နှစ်ယောက်က မင်္ဂလာဆောင်ပြီးခါစ ရှိသေးတာ။ ဝူတိက သူ့အိမ်တော်မှာ နေတာထက် တတိယမင်းသားအိမ်တော်မှာ နေတဲ့အချိန်က ပိုများနေတယ်။ ဝူတိမေ့က ကြည့်ရတာ နူးညံ့သိမ်မွေ့ပေမဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တော့ ရှိတယ်။ ဟိုဘက်အိမ်တော်ကို သွားဖို့ သိပ်ဆန္ဒမရှိဘူး။ ဝူတိက မကျေနပ်တော့ မကြာခဏဆိုသလို သူ့ဘာသာသွားပြီး ဝူတိမေ့ကို အိမ်တော်ထဲမှာ တစ်ယောက်တည်း ပစ်ထားခဲ့တာ"

"ဒါက ဘယ်မှာ မင်္ဂလာဆောင်ခါစ ဇနီးမောင်နှံ ဖြစ်သင့်တဲ့ပုံစံ ဟုတ်လို့လဲ"

လုမင်ယွိ၏ မျက်ဝန်းအကြည့်တို့သည် အနည်းငယ် တောက်ပသွားပြီး ခပ်ပေါ့ပေါ့ ပြောလိုက်လေသည်။ "လီချန်က ငယ်သေးတော့ နားမလည်သေးဘူး။ လီဟောက်ကလည်း သူ့ကို သင်ပေးသင့်တာပေါ့။ အိမ်ထောင်ကျပြီဆိုတာနဲ့ သီးခြားမိသားစု ဖြစ်သွားပြီလေ။ နေ့တိုင်း အတူတူ စားသောက်နေထိုင်ရတယ်လို့ ဘယ်မှာ ရှိလို့လဲ"

"ဟုတ်ပါ့" ကျောက်ယွီက ပခုံးတွန့်လိုက်လေသည်။ "ဘာတွေ တွေးနေလဲတော့ မသိပါဘူး"

တကယ်တမ်းကျတော့ လီဟောက်က မပြောဘဲ နေမည် မဟုတ်ပေ။

သို့သော် လီချန်သည် အပေါ်ယံကြည့်လျှင် ကြောက်တတ်ပြီး စကားနားထောင်ပုံ ပေါက်သော်လည်း တကယ်တမ်းကျတော့ ထူးဆန်းပြီး ခေါင်းမာတတ်သည်။ လီဟောက်အပေါ် မှီခိုစိတ်ကလည်း အလွန်ပြင်းထန်သည်။ လီဟောက် ပြောလျှင်တောင် အရာရောက်ချင်မှ ရောက်မည်။

လုမင်ယွိသည် စိတ်ထဲတွင်သာ တွေးနေပြီး ထုတ်မပြောဘဲ ကျောက်ယွီနှင့်အတူ အချိန်ဖြုန်းရန် အတင်းအဖျင်းစကားများကို ဆက်ပြောနေလိုက်သည်။

ကျောက်ယွီသည် ကောက်ကျစ်စဉ်းလဲသော မျက်နှာပေးဖြင့် ထပ်မေးလိုက်ပြန်သည်။ "ကျွန်မ ကြားတာတော့ ယိဟွားနန်းဆောင်က ဟိုကွေ့ရန်ကလေ။ ဦးနှောက် သိပ်မကောင်းတော့ဘူးတဲ့။ မကြာခဏဆိုသလို ငိုလိုက်ရယ်လိုက် ဖြစ်နေတယ်ဆို"

လုမင်ယွိက ပြုံးကာ သူမကို တစ်ချက်ကြည့်လိုက်လေသည်။ "နင်က နန်းတော်ပြင်ပမှာ နေတာဆိုပြီးတော့ သတင်းတွေက ငါ့ထက်တောင် မြန်နေပါလား"

ကျောက်ယွီသည် မျက်နှာပြောင်တိုက်တတ်သူမို့ အရွှန်းဖောက်ခံရတာကို ဂရုမစိုက်ဘဲ ပြုံးကာ တိုက်တွန်းလိုက်လေသည်။ "ကျွန်မရှေ့မှာ ဟန်မဆောင်ပါနဲ့တော့။ အာ့စောင်က ဘာဖြစ်လဲဆိုတာ သေချာပေါက် သိမှာပါ။ မြန်မြန် ပြောပြပါဦး။ သေချာ မမေးရရင် ကျွန်မ ရင်ကွဲပြီး သေလိမ့်မယ်"

လုမင်ယွိသည် ရယ်မောလိုက်မိတော့သည်။ "နင်ကလေ။ တော်သေးတာပေါ့ မင်းသားကြင်ရာတော် ဖြစ်နေလို့။ သာမန်အိမ်မှာ မွေးပြီး သာမန်အရပ်သားနဲ့ လက်ထပ်ခဲ့ရင် နေ့တိုင်း နေကြာစေ့ထိုင်စားပြီး အတင်းပြောတဲ့ မိန်းမကြီး ဖြစ်မှာ သေချာတယ်"

ကျောက်ယွီသည် လေးလေးနက်နက် စဉ်းစားလိုက်ပြီး "တကယ်တော့ အဲဒီလိုဘဝမျိုးကလည်း မဆိုးပါဘူး" ဟု ပြောလိုက်လေသည်။

လုမင်ယွိသည် ဟားခနဲ ရယ်မောလိုက်မိတော့၏။

ရယ်မောပြီးနောက်မှ စူးကွေ့ရန်၏ အကြောင်းကို ပြောပြလိုက်လေသည်။

"စူးကွေ့ရန်က ကိုယ်ဝန်ပျက်ကျတုန်းက သွေးထွက်လွန်ပြီး အားအင်တွေ ကုန်ခမ်းသွားတာ။ အခု ယိဟွားနန်းဆောင်ထဲမှာ အနားယူနေရတယ်။ မူဟုပ်က ယိဟွားနန်းဆောင်မှာ စောင့်ရှောက်ဖို့ တော်ဝင်သမားတော်ကို အထူးတလည် လွှတ်ပေးထားတယ်"

"အစပိုင်းတုန်းက စူးကွေ့ရန်က တစ်ယောက်တည်း ရေရွတ်ပြောဆိုနေတတ်တယ်။ နောက်ပိုင်းကျတော့ ရုတ်တရက် ထရယ်လိုက်၊ ရုတ်တရက် အော်ဟစ်ငိုကြွေးလိုက် ဖြစ်လာတယ်။ သမားတော်က သူ့ကို ရောဂါစစ်ဆေးပေးတော့ သူက စူးစူးဝါးဝါး အော်ဟစ်ဆဲဆိုပြီး သမားတော်ကို မောင်းထုတ်တယ်။ သမားတော်က မတတ်နိုင်တော့ဘဲ စိတ်ငြိမ်ဆေး တိုက်လိုက်ပြီး သူ အိပ်ပျော်သွားမှပဲ ရောဂါစစ်ပေးရတော့တာ"

"ဒီတစ်လအတွင်းမှာ စူးကွေ့ရန်က သတိတောင် သိပ်မကပ်တော့ဘူး"

စူးကွေ့ရန်က ဒါဆို... ရူးသွားတာလား။

ကျောက်ယွီသည် အံ့အားသင့်စွာဖြင့် လုမင်ယွိကို ကြည့်လိုက်လေသည်။ "စူးကွေ့ရန် ရူးသွားပြီလား"

လုမင်ယွိ၏ မျက်နှာထားသည် တည်ငြိမ်နေပြီး မည်သည့်ခံစားချက်မျှ မပေါ်လွင်ချေ။ "ဖြစ်နိုင်တာပါပဲ"

ကျောက်ယွီက လုမင်ယွိကို နောက်တစ်ခါ ထပ်ကြည့်လိုက်ပြန်သည်။

လုမင်ယွိသည် ပြုံးကာ မျက်ခုံးပင့်လိုက်လေသည်။ "နင် ငါ့ကို အဲဒီလို ဘာလို့ကြည့်နေတာလဲ။ ငါက နောက်ကွယ်ကနေ လက်မည်းကြီးနဲ့ ခြယ်လှယ်လိုက်တယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်"

ကျောက်ယွီက ဘယ်ဝန်ခံရဲပါ့မလဲ။ ချောင်းတစ်ချက်ဟန့်ကာ ပြုံးလိုက်လေသည်။ "မရှိပါဘူး။ ကျွန်မက ဘယ်လိုလုပ် အဲဒီလို တွေးရမှာလဲ"

စူးကွေ့ရန် နန်းတော်ထဲ ဝင်ရောက်လာပြီးနောက် ဒီနေ့ဒီအချိန်အထိ ရောက်လာတာ နောက်ကွယ်ကနေ တွန်းပို့နေတဲ့ လက်တစ်စုံ ရှိနေသလိုပဲ။ သေချာ စဉ်းစားကြည့်လိုက်ရင် အဲဒီလက်တစ်စုံက အိမ်ရှေ့စံနန်းဆောင်က မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။

လုမင်ယွိသည် ပြုံးသယောင်ယောင်ဖြင့် နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားလေသည်။ "ငါသာ တကယ် လုပ်ချင်ရင် သူ ဒီနေ့အထိ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"

ကျောက်ယွီသည် မူဝါဒမရှိဘဲ ချက်ချင်း ထောက်ခံလိုက်လေသည်။ "ဟုတ်တာပေါ့။ ကျွန်မကလည်း ဒီတိုင်း ပါးစပ်ထဲရှိရာ လျှောက်ပြောလိုက်တာပါ။ ဒီကိစ္စက အာ့စောင်နဲ့ ဘာမှမဆိုင်ပါဘူး"

...

အပိုင်း (၅၄၅) အလုပ်တာဝန် (၁)

ကျောက်ယွီက ထိုသို့ ပြောသော်ငြား စိတ်ထဲတွင်တော့ ဒီအတိုင်း တွေးနေမည် မဟုတ်ချေ။

လုမင်ယွိသည် ခပ်ရေးရေး ပြုံးလိုက်ပြီး စကားထပ်မပြောတော့ပေ။

စူးကွေ့ရန် ဒီနေ့ဒီအခြေအနေအထိ ရောက်သွားတာ တကယ်တော့ သူမက နောက်ကွယ်ကနေ "ခွန်အားစိုက်ထုတ်" ပေးထားလို့ပါ။ "အမျိုးသားနှစ်ယောက်က မိန်းမတစ်ယောက်ကို မျှဝေခံစားကြတယ်" ဆိုတဲ့ အရှက်ရစေတဲ့စကားက စူးကွေ့ရန်ကို အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို လုံးဝ ဆုံးရှုံးစေခဲ့တာ။ စူးကွေ့ရန်မှာ ကိုယ်ဝန်ရှိလာတာကလည်း တကယ်ကို မထင်မှတ်ထားတဲ့ကိစ္စပါပဲ။ တကယ်လို့ ယုံးကျားဧကရာဇ်သာ ဝင်မပါခဲ့ရင် သူမကလည်း စူးကွေ့ရန်ကို အဲဒီကလေး ချောချောမွေ့မွေ့ မွေးခွင့်ပေးမှာ မဟုတ်ဘူး။

စူးကွေ့ရန်က ကိုယ်ဝန်ပျက်ကျသွားတဲ့ကိစ္စကြောင့် စိတ်ထိခိုက်မှု ပြင်းထန်ခဲ့တယ်။ အဲဒါကို ရောဂါကုသပေးဖို့ အမိန့်ပေးခံထားရတဲ့ သမားတော်က စိတ်ငြိမ်ဆေးထဲမှာ ဆေးတစ်မျိုးနှစ်မျိုးလောက် တိတ်တဆိတ် ထည့်လိုက်တာ။

အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို လုံးဝ ဆုံးရှုံးသွားတဲ့ ကိုယ်လုပ်တော်အငယ်စားလေးတစ်ယောက် ဘာဆေးသောက်သောက် ဘယ်သူမှ ဂရုစိုက်မနေဘူး။ ဆေးစမ်းသပ်ပေးမယ့်လူ၊ ဆေးဖတ်တွေကို စစ်ဆေးပေးမယ့်လူ ဆိုတာလည်း မရှိဘူး။ အတိုချုပ်ပြောရရင်တော့ စူးကွေ့ရန်က သိပ်မကြာခင်မှာပဲ စိတ်ဖောက်ပြန်ပြီး ရူးသွပ်သွားခဲ့တာ။

ချောင်မိဖုရားခေါင်က ထူးခြားမှု တစ်စုံတစ်ရာ ရှိနေတာကို သတိထားမိလား မထားမိလားတော့ မသိဘူး။ ယောက္ခမနဲ့ ချွေးမနှစ်ယောက်က နားလည်မှုရှိရှိနဲ့ ဒီကိစ္စကို ဘယ်တုန်းကမှ ထုတ်မပြောခဲ့ကြဘူး။

ကျောက်ယွီကမှ ဒီနေ့ ရုတ်တရက် ထပြောလာတာ။ ဒါပေမဲ့လည်း ပျင်းလို့ စကားစမြည်ပြောရင်း ပါးစပ်ထဲ ရှိရာ လျှောက်ပြောတာပါ။ စူးကွေ့ရန်အတွက် မခံမရပ်နိုင် ဖြစ်ပြီး နက်နက်ရှိုင်းရှိုင်း ဆွေးနွေးချင်တဲ့သဘော လုံးဝ မပါပါဘူး။

လီဟောက်နဲ့ မုန့်ယွင်လော် ဇနီးမောင်နှံတောင်မှ စူးကွေ့ရန်အကြောင်း လုံးဝ မဟကြတော့တာ၊ တခြားဘယ်သူက စူးကွေ့ရန် သေတာရှင်တာကို ဂရုစိုက်နေမှာလဲ။

ကျောက်ယွီ ပြန်သွားပြီးနောက်တွင် လုမင်ယွိလည်း အနည်းငယ် ပင်ပန်းလာလေသည်။

ချီယွင်က လုမင်ယွိကို တွဲကူပြီး အိပ်ခန်းထဲသို့ ဝင်ရောက်ကာ တစ်ရေးအိပ်စေသည်။

လုမင်ယွိသည် ခေါင်းအုံးနှင့် ထိလိုက်သည်နှင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

ထိုတစ်ရေးသည် မွန်းလွဲပိုင်း တစ်ချိန်လုံး ကြာမြင့်သွားခဲ့သည်။ ပြန်လည်နိုးထလာချိန်တွင် မိုးပင်ချုပ်နေလေပြီ။ လုမင်ယွိသည် အိပ်ရေးဝသွားပြီး အပျင်းကြောဆန့်လိုက်လေသည်။ "ချီယွင်၊ အခု ဘယ်အချိန် ရှိပြီလဲ"

သူမကို ပြန်လည်ဖြေကြားလိုက်သည်က အခြားရင်းနှီးနေသော အသံတစ်သံ ဖြစ်နေလေသည်။ "ညနေ ၅ နာရီ ကျော်ပြီ"

လုမင်ယွိသည် ချက်ချင်း သတိဝင်လာတော့သည်။ "ရှင် ဒီနေ့ ဘာလို့ ဒီလောက် စောစောပြန်ရောက်တာလဲ"

နားနားကပ်ပြီး ရယ်မောသံ သဲ့သဲ့ ထွက်ပေါ်လာကာ ရင်းနှီးနွေးထွေးသော လက်ကြီးများက သူမ၏ ပါးပြင်ကို ပွတ်သပ်လိုက်လေသည်။ "မင်း အိပ်ချင်ရင် ထပ်အိပ်လိုက်လေ"

လုမင်ယွိသည် အမှတ်တမဲ့ မျက်နှာကို သူ့လက်ဖဝါးပေါ်တွင် မှီလိုက်ပြီး ပွတ်သပ်ကာ တိုးတိုးလေး ရယ်မောလိုက်လေသည်။ "မွန်းလွဲပိုင်း တစ်ချိန်လုံး အိပ်လိုက်တာ၊ ဘယ်လိုလုပ် ထပ်အိပ်လို့ရတော့မှာလဲ" ထို့နောက် သက်ပြင်းချလိုက်ပြီး "လရင့်လာလေလေ လူက ပိုပြီး ပင်ပန်းလွယ်လေလေပဲ။ ဒီရက်ပိုင်း ကျွန်မ ခဏခဏ အိပ်ငိုက်နေတာ"

ပြောပြီးမှ တစ်ခုခု မှားနေသလို ခံစားလိုက်ရသဖြင့် ခေါင်းမော့ကာ လီကျင့်ကို ကြည့်လိုက်လေသည်။

လီကျင့်၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးနေပြီး မျက်နှာအမူအရာသည်လည်း လေးနက်နေလေသည်။

"ဘာဖြစ်လို့လဲ" လုမင်ယွိသည် ရင်ထဲတွင် လေးလံသွားပြီး တိုးတိုးလေး မေးလိုက်သည်။

လီကျင့်သည် အခက်တွေ့နေသည့် မျက်နှာထားဖြင့် ပြောရမလို မပြောရမလို ဖြစ်နေလေသည်။

လုမင်ယွိသည် ရင်ထဲတွင် ချက်ချင်း နားလည်လိုက်သည်။ "ဖုဟွမ်က ရှင့်ကို အလုပ်တာဝန် ပေးလိုက်ပြီး မြို့တော်ကနေ ထွက်သွားခိုင်းလိုက်တာမလား"

လီကျင့်သည် ခါးသက်သက် ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလေသည်။ "ဟုတ်တယ်"

"ရှန်းတုန်းပြည်နယ် အုပ်ချုပ်ရေးမှူးက စာလွှာတင်လာတယ်။ ရှန်းတုန်းမှာ ဒီနှစ် ဒုတိယအကြိမ်မြောက် ပြည်သူတွေ ဆူပူအုံကြွမှု ဖြစ်ပွားနေပြီတဲ့။ တပ်စွဲထားတဲ့ စစ်တပ်က ချက်ချင်း နှိမ်နင်းလိုက်နိုင်ပေမဲ့ ပြည်သူတွေရဲ့ ဒေါသက ပွက်ပွက်ဆူနေပြီး ငြိမ်သက်ခြင်း မရှိသေးဘူး။ အချိန်မီ မဖြေရှင်းနိုင်ရင် ပြဿနာအကြီးကြီး တက်လိမ့်မယ်"

"ဒီနေ့ မနက် ညီလာခံမှာ ဖုဟွမ်က တိုက်ရိုက် အမိန့်ထုတ်လိုက်တယ်။ ကို့ကို ကောင်းကင်သား ကိုယ်စား ရှန်းတုန်းက ခရိုင်ဒေသအသီးသီးကို လှည့်လည်စစ်ဆေးပြီး ပြည်သူတွေရဲ့ စိတ်နှလုံးကို နှစ်သိမ့်ပေးရမယ်တဲ့"

သူက သာ့ဝေတိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသား ဖြစ်နေတော့ ကောင်းကင်သား ကိုယ်စား လှည့်လည်စစ်ဆေးဖို့ အကောင်းဆုံး ရွေးချယ်မှု ဖြစ်နေတာတော့ အမှန်ပဲ။ ပြီးတော့ သူ့တာဝန်အရ ငြင်းလို့မရတဲ့ ကိစ္စလည်း ဖြစ်နေတယ်။

ဒီအချိန်မှာ မြို့တော်ကနေ ခွာပြီး ရှန်းတုန်းက ခရိုင်ဒေသအသီးသီးကို လှည့်လည်စစ်ဆေးရမယ်ဆိုရင် အနည်းဆုံး လအနည်းငယ်တော့ ကြာမှာ။ လုမင်ယွိက ကိုယ်ဝန်ရှစ်လ ရှိနေပြီ၊ မီးဖွားဖို့ တစ်လကျော်ပဲ လိုတော့တာ...

"ကို သွားလိုက်ရင် အနည်းဆုံး သုံးလလောက်တော့ ကြာလိမ့်မယ်။ ပိုတောင်ကြာနိုင်သေးတယ်” လီကျင့်၏ မျက်နှာတွင် အားနာစိတ်များ ပြည့်နှက်နေပြီး လက်ကြီးများက လုမင်ယွိ၏ ဗိုက်ပေါ်သို့ ကျရောက်လာလေသည်။ "မင်း မကြာခင် မွေးတော့မှာ၊ ကိက ခင်ပွန်းတစ်ယောက်အနေနဲ့ နန်းတော်ထဲမှာနေပြီး မင်းဘေးနား စောင့်မပေးနိုင်ဘူး။ ရှောင်ယွိ၊ ကို တကယ် မင်းကို အားနာတယ်"

လုမင်ယွိသည် လက်ကိုဆန့်ထုတ်ကာ လီကျင့်၏ လက်ဖမိုးပေါ်သို့ ဖွဖွလေး အုပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "ရှင် ဘာမှမပြောပါနဲ့တော့။ ကျွန်မ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးသားပါ။ ဖုဟွမ်က ဒီလိုအလုပ်တာဝန်မျိုးကို ရှင့်ကို ပေးအပ်တာက ကောင်းတဲ့ကိစ္စပါပဲ။ ရှင် မသွားရင် လီဟောက်ကို လွှတ်ရမှာလား။ ရှင် စိတ်ချလက်ချ မြို့တော်က ထွက်ပြီး ရှန်းတုန်းကို သွားပါ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်ပါတယ်"

လီကျင့်၏ မျက်ဝန်းထဲမှ အားနာရိပ်များ ပိုမိုနက်ရှိုင်းလာပြီး သက်ပြင်းရှည်ကြီး ချလိုက်လေသည်။ "တကယ်လို့ ဖုဟွမ်က ကြိုမေးခဲ့ရင် ကို သေချာပေါက် ငြင်းလိုက်မှာပါ"

လုမင်ယွိသည် သူ့ကို မျက်လုံးချင်း စိုက်ကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ ပြောလိုက်လေသည်။ "ဖုဟွမ်က အရာရှိပေါင်းစုံရှေ့မှာ အမိန့်ထုတ်လိုက်တာလေ။ ရှင်က အိမ်ရှေ့စံတစ်ယောက်အနေနဲ့ ဘယ်လိုလုပ် ငြင်းပယ်လို့ ရမှာလဲ။ မွေးခါနီး ဇနီးသည်ကို စိတ်ပူလို့ ခရီးဝေးထွက်ပြီး တာဝန်မထမ်းဆောင်နိုင်ပါဘူးလို့ ပြောရမှာလား"

ပြောင်းပြန် ပြန်စဉ်းစားကြည့်လိုက်ရင် ယုံးကျားဧကရာဇ်က ဒီအချက်ကို သိနေလို့ပဲ တိုက်ရိုက် အမိန့်ထုတ်လိုက်တာ။

ယုံးကျားဧကရာဇ်က အိမ်ရှေ့စံကို ဖြုတ်ချဖို့ ဆန္ဒမရှိပေမဲ့ သားအဖချင်း အပြန်အလှန် သတိထားပြီး သံသယဝင်နေကြတာကတော့ ရှောင်လွှဲလို့မရဘူး။ ယုံးကျားဧကရာဇ်က လီကျင့်ကို ဒီလိုအချိန်မျိုးမှာ မြို့တော်ကနေ ထွက်ခွာခိုင်းတာက တမင်ရည်ရွယ်ပြီး လုပ်တာ သိသာနေတာပဲ။

လီကျင့်သည် မျက်မှောင်ကြုတ်ထားမိသည်။

လုမင်ယွိကတော့ လျင်မြန်စွာ တည်ငြိမ်သွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "အရင်တုန်းက ကျွန်မ တိတ်တိတ်လေး လုပ်ခဲ့တဲ့ကိစ္စတွေကို ဖုဟွမ်က ရိပ်မိနေပေမဲ့ ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဒီတစ်ခါတော့ ကျွန်မကို လက်တုံ့ပြန်လိုက်တာပေါ့"

"စိတ်မပူပါနဲ့။ ဒီလောက်ကိစ္စလေးကို ကျွန်မ ခံနိုင်ရည်ရှိပါတယ်။ ရှင်လည်း ကျွန်မကိုပဲ စိတ်ပူမနေပါနဲ့။ ရှန်းတုန်းကို သွားပြီး အလုပ်တာဝန်ကို သေချာ ထမ်းဆောင်ပါ။ ပြီးတော့ အလုပ်ကို သေသပ်လှပအောင် လုပ်ပြရမယ်။ ဖုဟွမ် အပြစ်ရှာလို့ မရအောင် လုပ်ပြရမယ်"

လီကျင့်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။ "ကောင်းပြီ။ ကို အလုပ်ကို သေချာကြိုးစားပြီး အမြန်ဆုံး ပြန်လာခဲ့မယ်။ နောက်ဆို ကို မင်းဆီ ငါးရက်တစ်ကြိမ် စာရေးမယ်။ မင်းမှာ တစ်ခုခု အရေးကိစ္စရှိရင် လူလွှတ်ပြီး ငါ့ဆီ ချက်ချင်း စာပို့ဖို့ မမေ့နဲ့"

"ဖုဟွမ်က ကို့ကို အမြန်ဆုံး ထွက်ခွာဖို့ အမိန့်ပေးထားတယ်။ မနက်ဖြန် ကို ဘယ်မှမသွားဘဲ အိမ်ရှေ့စံနန်းဆောင်မှာ မင်းနဲ့ ကလေးတွေနား နေပေးမယ်။ သဘက်ခါကျရင် မနက်စောစော ထွက်ခွာမယ်"

လုမင်ယွိက အင်းဟု ပြန်ဖြေလိုက်ပြီး လီကျင့်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်လေသည်။

ဇနီးမောင်နှံနှစ်ဦးသည် တိတ်ဆိတ်စွာ ဖက်ထားလိုက်ကြသည်။

လီကျင့်သည် လျင်မြန်စွာ အားတင်းလိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။ "ကို ကျောင်းဖန်နန်းဆောင်ကို တစ်ခေါက်သွားပြီး မူဟုပ်ကို ပြောပြရဦးမယ်။ မင်းက ကိုယ်ဝန်နဲ့ဆိုတော့ မလိုက်နဲ့တော့"

လုမင်ယွိက ခေါင်းညိတ်လိုက်သည်။ "ရှင် မူဟုပ်နဲ့ ညစာစားပြီးမှ ပြန်လာခဲ့လေ"

ယုံးကျားဧကရာဇ်သည် ဒီရက်ပိုင်းအတွင်း မိန်းမပျိုလေးနှစ်ဦးကို မြှောက်စားနေပြီး ဖန်ဟွားနန်းဆောင်သို့ မသွားလျှင် ယန်ရှီးနန်းဆောင်သို့ သွားတတ်သည်။ ကျောင်းဖန်နန်းဆောင်သို့ ခြေဦးမလှည့်သည်မှာ ကြာပြီဖြစ်သည်။ ချောင်မိဖုရားခေါင်သည် နေ့တိုင်း တစ်ယောက်တည်း နေနေရသည်မှာ အထီးကျန်ဆန်လွန်းလှသည်။

...

နာရီဝက်ခန့်အကြာတွင် လီကျင့်သည် ကျောင်းဖန်နန်းဆောင်ထဲသို့ ဝင်ရောက်လာခဲ့၏။

ချောင်မိဖုရားခေါင်သည် သတင်းရပြီးဖြစ်သဖြင့် လီကျင့် မြို့တော်မှထွက်ခွာကာ တာဝန်ထမ်းဆောင်ရတော့မည်ကို သိရှိပြီးဖြစ်သည်။ ရင်ထဲတွင် ဒေါသထွက်ခြင်းနှင့် နှမြောတသခြင်းများ ရောထွေးနေပြီး အံကြိတ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။ "လုရှီက မွေးခါနီးနေပြီ။ ဒီလိုအချိန်မျိုးမှာ မင်းဖုဟွမ်က မင်းကို ရှန်းတုန်းသွားခိုင်းရတယ်လို့။ ဒီတစ်ခါသွားရင် လနဲ့ချီ ကြာဦးမှာ။ ကလေးမွေးတဲ့အချိန်ကျရင် မင်းက အဖေရင်းဖြစ်ပြီးတော့ နန်းတော်ထဲမှာ မရှိနိုင်ဘူး။ ဒါက သက်သက်မဲ့ လုရှီကို စိတ်ဒုက္ခပေးချင်တာပဲ"

"ပြီးတော့ ရှန်းတုန်းမှာ ပြည်သူတွေက သူပုန်ထပြီး မကြာခဏ ဆူပူအုံကြွမှု ဖြစ်နေတာ။ အဲဒီနေရာက တော်တော် အန္တရာယ်များတယ်။ မင်းသွားရင် ပိုပြီး သတိထားနော်။ ကိုယ်ရံတော်တပ်သားတွေ အများကြီး ခေါ်သွားရမယ်"

ချောင်မိဖုရားခေါင်သည် ချွေးမကို သနားသလို သားကိုလည်း ပို၍ သနားမိသဖြင့် အချိန်အကြာကြီး တတွတ်တွတ် မှာကြားနေတော့သည်။

အခြေအနေက ဒီအဆင့်ထိ ရောက်လာမှတော့ မသွားလို့လည်း မဖြစ်တော့ပေ။

လီကျင့်သည် ဟန်ဆောင်ကာ ပေါ့ပေါ့ပါးပါးပင် ချောင်မိဖုရားခေါင်ကို နှစ်သိမ့်လိုက်လေသည်။ "ဖုဟွမ်က ကျွန်တော့်ကို အရေးပေးလို့ ဒီလိုအရေးကြီးတဲ့ တာဝန်ကို ပေးအပ်တာပါ။ တကယ်လို့ ဖုဟွမ်က အမိန့်ထုတ်ပြီး စန်းတိကို ကောင်းကင်သားကိုယ်စား ရှန်းတုန်းကို လှည့်လည်စစ်ဆေးခိုင်းလိုက်ရင် ကျွန်တော်က အိမ်ရှေ့စံတစ်ယောက်အနေနဲ့ မျက်နှာ ဘယ်နား သွားထားရမလဲ"

ဒါကလည်း ဟုတ်တာပါပဲ။

ချောင်မိဖုရားခေါင်သည် ပြုံးကာ သက်ပြင်းချလိုက်လေသည်။ "အဲဒီလို တွေးလိုက်တော့မှ ပန်ကုံးရဲ့ စိတ်တွေ သက်သာသွားတော့တယ်။ ထားလိုက်ပါတော့။ မင်း တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ပါ။ နန်းတော်ထဲက ကိစ္စတွေကို စိတ်မပူနဲ့။ ပန်ကုံးက လုရှီကို သေချာ စောင့်ရှောက်ပေးပါ့မယ်"

လီကျင့်က လေးလေးနက်နက် ပြောလိုက်လေသည်။ "ဒီလောကကြီးမှာ ကျွန်တော် တစ်ဦးတည်း ယုံကြည်ရတဲ့သူက မူဟုပ်ပါပဲ။ ကျွန်တော် မရှိတုန်း ရှောင်ယွိနဲ့ သူ့ဗိုက်ထဲက ကလေးကို မူဟုပ်ဆီပဲ အပ်ခဲ့ပါရစေ"

...

အပိုင်း (၅၄၆) တာဝန် (၂)

ချောင်မိဖုရားခေါင်သည် ခေါက်တုံ့ခေါက်ပြန် စဉ်းစားနေမိပြီး စိတ်မချနိုင် ဖြစ်နေရှာသည်။ ထို့ကြောင့် လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "လုံခြုံရေးအတွက် မင်း ကိုယ်ရံတော်တွေ ပိုခေါ်သွားသင့်တယ်။ လုရှီရဲ့ တပ်သားတွေကိုပါ တစ်ခါတည်း ခေါ်သွားလိုက်ပါလား"

လီကျင့်က ရယ်မောလိုက်ကာ "အဲဒါတွေက ရှောင်ယွိရဲ့ တပ်သားတွေလေ။ ကျွန်တော်က သူ့လူတွေကို ခေါ်သွားပြီး ဘာလုပ်ရမှာလဲ"

ချောင်မိဖုရားခေါင်သည် ပြုံးရင်း လီကျင့်ကို မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။ "ပန်ကုံး စကားကို ပွင့်ပွင့်လင်းလင်း ပြောတယ်လို့ မမှတ်ပါနဲ့။ ပန်ကုံးက နန်းတော်ထဲက အပြင်မထွက်ပေမယ့် ကြားဖူးပါတယ်။ ထိုက်ဇီဖေးရဲ့ တပ်သားတွေက သာ့ဝေတိုင်းပြည်မှာ ထိပ်တန်းစစ်သည်တွေပဲ။ တစ်ယောက်က ဆယ်ယောက်နဲ့ ညီမျှတယ်။ စစ်ဗျူဟာလည်း ကျွမ်းကျင်ကြတယ်။ မင်းရဲ့ တပ်သားတွေထက် အများကြီး သာတယ်"

လီကျင့် "..."

လီကျင့်သည် နှာခေါင်းကို ပွတ်သပ်လိုက်ပြီး ချောင်းတစ်ချက် ဟန့်လိုက်ကာ "ရှောင်ယွိရဲ့ တပ်သားတွေက ရှင်းယန်တပ်ထဲကနေ သေချာရွေးထုတ်ထားတဲ့ စစ်သည်ဟောင်းတွေပါ။ စစ်မြေပြင်မှာ တိုက်ခိုက်ခဲ့ဖူးသူတွေမို့ သတ္တိဗျတ္တိနဲ့ ပြည့်စုံကြတယ်။ ကျွန်တော့်ရဲ့ တပ်သားတွေကတော့ မယှဉ်နိုင်တာ အမှန်ပါပဲ"

"မင်းက ပါးစပ်ဖွင့်ပြောဖို့ အားနာနေရင် ပန်ကုံးက လုရှီကို သွားပြောပေးမယ်" ချောင်မိဖုရားခေါင်၏ စိတ်ထဲတွင် သားတော် လီကျင့်၏ လုံခြုံရေးသည် ပထမဦးစားပေး ဖြစ်လေသည်။ ပါးစပ်ဖွင့်ပြီး တပ်သားတောင်းရသည့် ကိစ္စလောက်က ဘာမှမဟုတ်ပေ။

လီကျင့်သည် ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြုံးကာ ပြောလိုက်သည်။ "ကျွန်တော် ကိုယ်တိုင်ပဲ သူ့ကို ပြောလိုက်ပါ့မယ်"

ထိုအခါမှသာ ချောင်မိဖုရားခေါင်၏ မျက်နှာတွင် အရေးအကြောင်းများ ပြေလျော့သွားတော့သည်။ "ဒါဆိုလည်း ကောင်းတာပေါ့။ မင်း အိမ်ရှေ့စံနန်းဆောင်ကို အမြန်ပြန်ပြီး သူနဲ့ တိုင်ပင်လိုက်ပါ"

လီကျင့်က ပြုံးလိုက်ကာ "မလောပါဘူး။ ရှောင်ယွိက မူဟုပ်နဲ့ ညစာစားပြီးမှ ပြန်လာခဲ့ဖို့ အထူးတလည် မှာလိုက်ပါတယ်။ စောစောပြန်ရောက်သွားရင် သူက ကျွန်တော့်ကို အပြစ်တင်နေပါဦးမယ်"

ချောင်မိဖုရားခေါင်သည် ကြားလိုက်ရသည်တွင် သဘောကျသွားပြီး "လုရှီက ဒီလို သိတတ်လိမ်မာတဲ့ စိတ်ရှိတာ ပန်ကုံး ဝမ်းသာမိပါတယ်။ ဒါပေမဲ့ မင်းက တာဝန်ထမ်းဆောင်ဖို့ မြို့တော်ကနေ ထွက်ခွာရတော့မှာဆိုတော့ လုပ်စရာတွေ များနေမှာ။ ဒီမှာ အချိန်ဖြုန်းမနေပါနဲ့။ စောစောပြန်ပါ"

လီကျင့်က အတင်းငြင်းဆန်လေသည်။ "ဘယ်လောက်ပဲ အလုပ်များများ မူဟုပ်နဲ့ ညစာစားဖို့ အချိန်တော့ ရှိပါတယ်။ ကျွန်တော် ဒီတစ်ခါသွားရင် လနဲ့ချီကြာမှ မြို့တော်ကို ပြန်ရောက်မှာ။ မူဟုပ်က ကျွန်တော့်ကို သားတစ်ယောက်အနေနဲ့ လုပ်ကျွေးပြုစုခွင့်လေး ပေးပါဗျာ"

ချောင်မိဖုရားခေါင်၏ နှလုံးသားသည် မီးပူတိုက်ထားသကဲ့သို့ နွေးထွေးပြီး ပြေပြစ်သွားတော့သည်။

သားအမိနှစ်ဦး ညစာစားပြီးနောက်တွင် လီကျင့်သည် အိမ်ရှေ့စံနန်းဆောင်သို့ ပြန်လာခဲ့လေသည်။

လီကျင့် ပါးစပ်မဟရသေးမီ လုမင်ယွိက ပြုံးကာ ပြောလိုက်၏။ "စောစောကပဲ ကျွန်မ နန်းတော်အပြင်ကို လူလွှတ်ပြီး စာပို့ခိုင်းလိုက်ပြီ။ လုယိကို ထိုက်ဇီဖေးရဲ့ တပ်သား ၁၀၀၀ ရွေးခိုင်းထားတယ်။ သဘက်ခါ ရှင် မြို့တော်က ထွက်ခွာတဲ့အခါ တစ်ခါတည်း ခေါ်သွားလိုက်"

လီကျင့်သည် အံ့ဩဝမ်းသာ ဖြစ်သွားရလေသည်။ "ကို ဘာမှမပြောရသေးဘူး။ မင်းက ဘယ်လိုလုပ်ပြီး ကို့စိတ်ကို ကြိုသိနေရတာလဲ"

လုမင်ယွိက နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်သည်။ "ရှင့်စိတ်ကို သိတာ မဟုတ်ပါဘူး။ မူဟုပ်ရဲ့ စိတ်ကို ခန့်မှန်းမိလိုက်တာပါ"

ချောင်မိဖုရားခေါင်၏ စိတ်ထဲတွင် လီကျင့်၏ လုံခြုံရေးထက် အရေးကြီးသောအရာ မရှိချေ။ ဇနီးသည်တစ်ယောက်က ခင်ပွန်းသည်အပေါ် ထားရှိသည့် ဂရုစိုက်မှုနှင့် မိခင်အရင်းက သားအပေါ် ထားရှိသည့် ချစ်ခင်စောင့်ရှောက်မှုတို့မှာ နှိုင်းယှဉ်၍ မရနိုင်ပေ။

လီကျင့်က လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေ ပြုလိုက်ပြီး "ထိုက်ဇီဖေးညန်ညန်ရဲ့ သူတစ်ပါးစိတ်ကို ခန့်မှန်းနိုင်တဲ့ အရည်အချင်းက တကယ်ပဲ အံ့မခန်းပါပဲ။ လေးစားပါတယ်။ လေးစားပါတယ်"

ထိုသို့ စနောက်ပြီးနောက် လီကျင့်က လေးနက်စွာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ "ရှောင်ယွိ ကျေးဇူးတင်ပါတယ်"

လုမင်ယွိက ပြုံးလျက် မျက်စောင်းထိုးလိုက်သည်။ "ကျွန်မက ရှင့်ကို ငှားရမ်းလိုက်တာပါ။ အပြီးပေးလိုက်တာ မဟုတ်ဘူး။ မြို့တော်ကို ပြန်ရောက်ရင် ကျွန်မရဲ့ တပ်သားတွေကို ပြန်ပေးရမယ်။ ပြီးတော့ ဒီကာလအတွင်း ကုန်ကျစရိတ်နဲ့ လစာတွေကို ရှင်က စိုက်ထုတ်ရမှာနော်"

လီကျင့်က ရက်ရောစွာပင် ချက်ချင်း သဘောတူလိုက်၏။ "ဒါပေါ့... သေချာတာပေါ့"

စကားပြောနေစဉ်မှာပင် ရွှီအာနှင့် ရွှမ်းအာတို့ ရောက်ရှိလာကြသည်။

မောင်နှမနှစ်ယောက်သည် ပြိုင်တူ မော့ကြည့်လိုက်ကြပြီး မျက်လုံးဝိုင်းလေးများဖြင့် ဖခင်ဖြစ်သူကို ကြည့်ကာ မေးလိုက်ကြသည်။ "ဖေဖေ... ဖေဖေက ခရီးထွက်ရတော့မှာလား"

"ဒီတစ်ခါသွားရင် ဘယ်လောက်ကြာမှာလဲ။ သားတို့ ဖေဖေ့ကို လွမ်းရင် ဘယ်လိုလုပ်ရမလဲ"

သိပ်မကြာခင်ကမှ စိတ်ဓာတ်တက်ကြွနေသော အိမ်ရှေ့စံမင်းသားသည် သားသမီးနှစ်ဦး၏ စကားကို ကြားလိုက်ရသည်တွင် နှာခေါင်းရှုံ့ကာ မျက်ရည်ကျလုနီးပါး ဖြစ်သွားရလေသည်။ "ရွှီအာ လိမ်မာတယ်။ ရွှမ်းအာ လိမ်မာတယ်။ ဖေဖေက တိုင်းပြည်တာဝန် သွားထမ်းဆောင်ရမှာပါ။ ဖေဖေ မကြာခင် ပြန်လာခဲ့ပါမယ်။ သားတို့နှစ်ယောက် စာကြိုးစားပြီး သိုင်းပညာ လေ့ကျင့်နေနော်။ မေမေ့စကား နားထောင်ကြနော်"

ရွှီအာနှင့် ရွှမ်းအာတို့က မပျော်မရွှင်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

မောင်နှမနှစ်ယောက်စလုံး ဖခင်ဖြစ်သူကို အလွန်ချစ်ခင်ကြသည်။

လီကျင့်သည် ပြုံးလျက် လက်ကမ်းပေးလိုက်ပြီး သားသမီးနှစ်ဦးကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ သေသေချာချာ နှစ်သိမ့်ပေးလိုက်သည်။ နောက်ဆုံးတွင် ကတိပါ ပေးလိုက်လေသည်။ "ဖေဖေ ပြန်လာရင် သားတို့အတွက် အရုပ်ဆန်းတွေနဲ့ မုန့်တွေ အများကြီး ဝယ်လာခဲ့မယ်"

မောင်နှမနှစ်ယောက်သည် ဖခင်ဖြစ်သူ၏ လည်ပင်းကို ဖက်တွယ်ထားကြသည်။ "မလိုချင်ဘူး။ သားတို့က ဖေဖေ့ကိုပဲ လိုချင်တာ"

လီကျင့်၏ မျက်ဝန်းအိမ်များ နီရဲလာလေသည်။

လုမင်ယွိသည် ကြည့်ရင်း သနားကရုဏာ သက်မိသလို ရယ်လည်း ရယ်ချင်မိသည်။ သူမက ရှေ့သို့တိုးကာ ပြောလိုက်၏။ "ကဲ... သားတို့ သောင်းကျန်းမနေကြနဲ့တော့။ စောစောသွားအိပ်ကြ။ မနက်ဖြန်ကျရင် ဖေဖေက ဘယ်မှမသွားဘဲ နန်းဆောင်ထဲမှာပဲ နေပြီး သားတို့နဲ့ တစ်နေကုန် ကစားပေးလိမ့်မယ်"

ထိုအခါမှ ရွှီအာနှင့် ရွှမ်းအာတို့က လက်လွှတ်ပေးလိုက်ကြသည်။

ကလေးများ ထွက်သွားပြီးနောက် လုမင်ယွိသည် လီကျင့်၏ မျက်ရည်စများကို ပြောင်နောက်နောက်အမူအရာဖြင့် သုတ်ပေးလိုက်လေသည်။ လီကျင့်သည်လည်း ရှက်ရွံ့နေခြင်း မရှိဘဲ ပြုံးကာ သက်ပြင်းချလိုက်လေသည်။ "တကယ်ပဲ မင်းတို့ကို မခွဲနိုင်မခွာရက် ဖြစ်နေတာ"

လုမင်ယွိကရော သူ့ကို ခွဲနိုင်ပါမည်လား။

သူမက စကားပြန်မပြောတော့ဘဲ သူ့ရင်ခွင်ထဲတွင် ငြိမ်သက်စွာ မှီတွယ်လိုက်သည်။

...

၂ရက် ကြာပြီးနောက်တွင် လီကျင့်သည် မြို့တော်မှ ထွက်ခွာခဲ့လေသည်။

ဖန်းဇီကျန်း၊ ကျိုးလီနှင့် လီယန်တို့လည်း အတူလိုက်ပါသွားကြသည်။ ဤခရီးစဉ်တွင် ဝန်ကြီးရှန်နှင့် ဝန်ကြီးစွန်းတို့လည်း ပါဝင်လေသည်။ ထို့ပြင် အိမ်ရှေ့စံ၏ ကိုယ်ရံတော် ၁၀၀၀ နှင့် ထိုက်ဇီဖေး၏ ကိုယ်ရံတော် ၁၀၀၀ လည်း ပါဝင်လေသည်။

လုလင်းနှင့် လုဖေး သားအဖနှစ်ဦးသည် စစ်တပ်မှ စိတ်တိုင်းကျ ထွက်ခွာ၍မရသဖြင့် အိမ်ရှေ့စံမင်းသားထံသို့ ကိုယ်ရံတော် ၁၀၀ စီ ပို့ဆောင်ပေးလိုက်လေသည်။ သာ့ကျဲဖူ ကျန့်ကျုံးကလည်း ကိုယ်ရံတော် ၁၀၀ ပို့ပေးလိုက်သည်။

ကိုယ်ရံတော် အရေအတွက် နည်းသည်များသည် ပဓာနမဟုတ်ဘဲ အိမ်ရှေ့စံမင်းသားကို ကာကွယ်စောင့်ရှောက်လိုသည့် စေတနာကို ပြသခြင်းပင်။

ယုံးကျားဧကရာဇ်ကလည်း သဘောထားမသေးသိမ်ပေ။ အိမ်ရှေ့စံ၏ လုံခြုံရေးအတွက် ဧကရာဇ်အစောင့်တပ်သား ၁၀၀၀ ကို စေလွှတ်ပေးလိုက်လေသည်။

သို့ဖြစ်၍ စုစုပေါင်း လူအင်အား ၃၀၀၀ ကျော်သည် မြင်းများကိုစီးကာ ခရီးနှင်ကြလေသည်။ ရိက္ခာနှင့် အသုံးအဆောင်များ တင်ဆောင်ထားသော မြင်းလှည်း ရာချီပါဝင်သဖြင့် အလွန်ခမ်းနားကြီးကျယ်လှပေသည်။

မင်းသားအများစုသည်လည်း လိုက်လံပို့ဆောင်ကြသည်။

လီကျင့်သည် စစ်သည် ၃၀၀၀ ၏ အစောင့်အရှောက်ဖြင့် ထွက်ခွာသွားသည်ကို ကြည့်ရင်း စတုတ္ထမင်းသားက အားကျစွာ ပြောလိုက်လေသည်။ "မြို့တော်ထဲမှာပဲ နေနေရတာ ပျင်းစရာကြီး။ အာ့ကောလို မြို့တော်ကထွက်ပြီး တာဝန်သွားထမ်းဆောင်ရရင် ပျော်စရာကြီး"

ခြေထောက်မသန်စွမ်းသော ပထမမင်းသားသည် ထိုစကားကို ကြားသောအခါ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ထေ့ငေါ့ငေါ့ ပြောလိုက်လေသည်။ "နောက်ကျရင် နယ်မြေအပိုင်စားရပြီး ထွက်သွားရတဲ့အခါကျရင် မင်း မြို့တော်မှာ နေချင်တယ်ဆိုရင်တောင် မောင်းထုတ်ခံရမှာ"

"သာ့ကော ပြောတာ မှားနေပြီ" စတုတ္ထမင်းသားက အကျင့်ပါနေသည့်အတိုင်း ခွန်းတုံ့ပြန်လိုက်လေသည်။ "မောင်းထုတ်တယ်ဆိုတာ နားထောင်လို့ မကောင်းပါဘူး။ နောက်နှစ်နည်းနည်းကြာရင် ဖုဟွမ်က ကျွန်တော်တို့ကို နယ်မြေစားပေးလိမ့်မယ်။ အဲဒီကျရင် ကျွန်တော်က ပထမဆုံး နယ်မြေစားပေးဖို့ တောင်းဆိုပြီး ပျော်ပျော်ကြီး ထွက်သွားမှာ"

ပထမမင်းသားက နှုတ်ခမ်းမဲ့လိုက်၏။

စတုတ္ထမင်းသားက မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။ "ဒီပုံစံကို ကြည့်ရတာ သာ့ကောက မြို့တော်ကို မခွဲနိုင်မခွာရက် ဖြစ်နေတာလား"

သူကတော့ သေချာပေါက် မသွားချင်ပေ။

သူသည် ဤနေရာတွင် မွေးဖွားပြီး ဤနေရာတွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။ ဤနေရာတွင် သူ့မိသားစု ရှိပြီး အရာရာကို ရင်းနှီးကျွမ်းဝင်နေသည်။ နယ်မြေစား ပေးတယ်ဆိုတာ အပြောကောင်းရုံသာရှိပြီး တကယ်တမ်းကျတော့ နှင်ထုတ်ခံရတာပင် မဟုတ်ပါလား။

ပထမမင်းသားသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မြင်းကိုလှည့်ကာ ထွက်ခွာသွားလေတော့သည်။

စတုတ္ထမင်းသားသည် မျက်လုံးလှန်ကြည့်လိုက်ပြီး လီဟောက် အနားသို့ ကပ်သွားကာ ပြုံးလျက် ပြောလိုက်သည်။ "စန်းကော... ဖုဟွမ်က အစ်ကို့ကို တာဝန်ပေးထားတယ်လို့ ကြားတယ်"

လီဟောက်က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "ဟုတ်တယ်။ သာ့ဝေတိုင်းပြည်က ကျယ်ဝန်းပြီး နိုင်ငံရေးကိစ္စတွေ ရှုပ်ထွေးတယ်။ ဖုဟွမ်က မြို့တော်မှာ နေရမှာဆိုတော့ သားသမီးတွေဖြစ်တဲ့ ငါတို့က ဖုဟွမ်အတွက် တာဝန်ခွဲဝေယူသင့်တာပေါ့... ငါ အရင်က ဖုဟွမ်ကို ပြောဖူးတယ်။ ဖုဟွမ်ကလည်း သဘောတူတယ်။ အခု တာဝန်ရလာပြီဆိုတော့ ငါလည်း နောက်ရက်နည်းနည်းနေရင် မြို့တော်က ထွက်ရတော့မယ်"

စတုတ္ထမင်းသားက အားကျနေမိသည်။ "ကျွန်တော်လည်း ဖုဟွမ်ဆီမှာ တာဝန်တစ်ခုလောက် သွားတောင်းရမယ်"

လီဟောက်က ဖျော့တော့စွာ ပြုံးလိုက်သည်။ "ဖုဟွမ်က မင်းကို အချစ်ဆုံးပဲလေ။ မင်းသွားတောင်းရင် ဖုဟွမ်က ငြင်းမှာ မဟုတ်ပါဘူး"

ယခုလက်ရှိတွင် မင်းသားများထဲ၌ စတုတ္ထမင်းသားသည် အချစ်တော်ခံရဆုံးဖြစ်ပြီး ဝမ်ဟွားနန်းဆောင်သို့ ဝင်ထွက်သွားလာခွင့် အများဆုံးရသူလည်း ဖြစ်လေသည်။

စတုတ္ထမင်းသားက ဟားတိုက်ရယ်မောလိုက်ကာ "စန်းကော ပြောတဲ့စကားသံက သဝန်တိုတဲ့အသံ ပေါက်နေသလိုပဲ"

လီဟောက်လည်း ပြုံးလိုက်ပြီး လီကျင့် ထွက်ခွာသွားရာ လမ်းဘက်သို့ လှမ်းကြည့်လိုက်၏။

မြင်းကောင်ရေ ထောင်ချီ၍ ဒုန်းစိုင်းနှင်နေသဖြင့် လမ်းမကြီးတစ်ခုလုံး တုန်ခါနေသယောင်။ လီကျင့်သည် စစ်သည်အများအပြား၏ ခြံရံမှုဖြင့် အဝေးသို့ ထွက်ခွာသွားလေတော့သည်။

...

All Chapters