အခန်း (၅၄၇-၅၄၉)
Vol. 37 Ch. 547-549
အပိုင်း (၅၄၇) ၃နှစ် (၁)
၃နှစ်အကြာတွင်။
"မေမေ"
၃နှစ်အရွယ် ယောက်ျားလေးတစ်ယောက်သည် ဒေါသတကြီးဖြင့် ပြေးလာပြီး အော်ဟစ်လိုက်လေသည်။ "မေမေ... လီရွှမ်းက သားကို အနိုင်ကျင့်ပြန်ပြီ"
ထိုကလေးလေးသည် အသားအရေ ဖြူဖြူဝင်းဝင်းနှင့် မျက်လုံးဝိုင်းဝိုင်းလေးများ ပိုင်ဆိုင်ထားပြီး နှုတ်ခမ်းနီနီလေးမှာ မိန်းကလေးတစ်ယောက်ထက်ပင် ပိုပြီး နူးညံ့လှပနေသည်။ ခေါင်းပေါ်တွင် အပေါ်ထောင်နေသော ကျစ်ဆံမြီးလေးကို စည်းထားပြီး အလွန် ဉာဏ်ကောင်းမည့်ပုံ ပေါ်လေသည်။
ယခုကဲ့သို့ ပြေးဝင်လာသည်မှာ ဒုံးပျံလေးတစ်စင်းကဲ့သို့ပင်။
ကံကောင်းစွာဖြင့် လုမင်ယွိက မျက်စိလျင်ပြီး လက်မြန်သဖြင့် ကလေးလေး ဝင်မတိုက်မိခင်မှာပင် လှမ်းဖမ်းလိုက်နိုင်သည်။
လုမင်ယွိသည် ခေါင်းကိုက်စွာဖြင့် နဖူးကို အသာပွတ်သပ်လိုက်လေသည်။ "သားကို ပြောထားသားပဲ။ မမကို သွားမစနဲ့လို့။ ဘာလို့ သွားသွားစနေတာလဲ"
ကလေးငယ်သည် ရုတ်တရက် ဝမ်းနည်းသွားတော့သည်။ "သားက စတာမဟုတ်ပါဘူး။ သူက အရင်လာပြီး အနိုင်ကျင့်တာ။ မေမေက ဘက်လိုက်တယ်။ လီရွှမ်းကိုပဲ ချစ်တယ်။ သားကို မချစ်ဘူး"
လုမင်ယွိ "..."
လုမင်ယွိသည် ဒေါသထွက်လွန်းသဖြင့် ရယ်ချင်စိတ်ပင် ပေါက်လာပြီး ကလေးငယ်၏ နားရွက်ကို လှမ်းဆွဲလိုက်လေသည်။
ဘေးတွင် ထိုင်နေသော ဟွေ့အန်းကုန်းကျူက တူဖြစ်သူကို ချက်ချင်း ဖက်ထားလိုက်ပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။ "ဟန်အာ... ကူးမူဆီ လာခဲ့။ ဒါဆို မင်းအမေ မင်းကို မရိုက်တော့ဘူး"
လီဟန်သည် သာမန်အချိန်များတွင် မီးရှူးမီးပန်းလေးတစ်ချောင်းကဲ့သို့ ဆူညံသောင်းကျန်းတတ်သော်လည်း လူချော့သည့်အခါတွင်တော့ ပါးစပ်လေးက အလွန်ချိုသာလေသည်။ သူသည် ဟွေ့အန်းကုန်းကျူ၏ ရင်ခွင်ထဲသို့ ဝင်ရောက်ပုန်းခိုလိုက်ပြီး လည်ပင်းကို ဖက်တွယ်ကာ ခြေဖျားထောက်ပြီး ပါးကို ရွှတ်ခနဲ နမ်းလိုက်လေသည်။ "ကူးမူက သားကို အချစ်ဆုံးပဲ"
ဟွေ့အန်းကုန်းကျူသည် သဘောကျလွန်းသဖြင့် မျက်လုံးများ ပိတ်သွားသည်အထိ ရယ်မောလိုက်ပြီး တူလေး၏ ပါးနုနုလေးကို ပြန်နမ်းလိုက်သည်။ "ဟန်အာက ဒီလောက် လိမ်မာပြီး ချစ်ဖို့ကောင်းတာ။ ကူးမူက သားကို အချစ်ဆုံးပေါ့"
ထို့နောက် လုမင်ယွိကို ပြောလိုက်လေသည်။ "နင်လည်း မျက်နှာကြီး စူပုပ်မနေပါနဲ့။ ဟန်အာက နည်းနည်း ဆော့တတ်ရုံလေးပါ။ ယောက်ျားလေးဆိုတာ ဒီလိုပဲလေ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ ငါရှိနေတော့ သူ့ကို မဆူပါနဲ့"
လုမင်ယွိက မတတ်သာသည့်ဟန်ဖြင့် ရယ်မောလိုက်သည်။ "သာမန်ရက်တွေမှာ မူဟုပ်က သူ့ကို ကာကွယ်ပေးတယ်။ ဟွမ်ကျဲ လာရင်လည်း သူ့ကို ကာကွယ်ပေးပြန်တယ်။ ကျွန်မက သူ့ကို ဆူချင်တာတောင် အခွင့်အရေး ရှာမရဘူး"
ဟွေ့အန်းကုန်းကျူက ချက်ချင်း ပြုံးလိုက်သည်။ "ကလေးက ငယ်ပါသေးတယ်။ နောက်ကျမှ ဖြည်းဖြည်းချင်း သင်ပေးလို့ ရတာပဲ"
လီဟန်က ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံလေသည်။ "ဟုတ်တယ်... ဟုတ်တယ်။ ကူးမူ ပြောတာ မှန်တယ်"
လုမင်ယွိက ပြုံးလျက် မျက်စောင်းထိုးလိုက်၏။
လီဟန်က ခေါင်းကို ပုလိုက်ပြီး ဟွေ့အန်းကုန်းကျူ၏ ရင်ခွင်ထဲသို့ တိုးဝင်သွားပြန်သည်။
ဟွေ့အန်းကုန်းကျူသည် လီဟန်၏ နားရွက်ထူထူလေးကို ချစ်ခင်စွာ ပွတ်သပ်ပေးလိုက်ပြီး လုမင်ယွိကို ပြောလိုက်သည်။ "အချိန်ကုန်တာ မြန်လိုက်တာနော်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဟန်အာတောင် ၃နှစ် ပြည့်တော့မယ်"
"ဟုတ်ပါ့" လုမင်ယွိကလည်း သက်ပြင်းချလိုက်မိသည်။ "ခဏလေးအတွင်းမှာပဲ ဟန်အာတောင် ဒီလောက် ကြီးလာပြီ"
ကလေးမွေးဖွားစဉ်က အဖြစ်အပျက်များသည် မနေ့တစ်နေ့ကလိုပင် ထင်မြင်နေရဆဲ။
လွန်ခဲ့သော ၃နှစ်က လီကျင့်သည် ဧကရာဇ်ကိုယ်စား ရှန်းတုန်းပြည်နယ်သို့ စစ်ဆေးရေးထွက်ခွာသွားခဲ့သည်။ သူထွက်ခွာသွားပြီး တစ်လကျော်အကြာတွင် သူမ ဗိုက်နာလာပြီး ဒုတိယသား လီဟန်ကို မွေးဖွားခဲ့လေသည်။
ကလေး၏ စိတ်နေစိတ်ထားသည် ဝမ်းတွင်းကတည်းက သိသာထင်ရှားခဲ့သည်။ မွေးဖွားလာပြီးနောက်တွင် အမှန်တကယ်ပင် စိတ်ကြီးသော ကလေးတစ်ယောက် ဖြစ်လာခဲ့သည်။ ငိုသံသည် အခြားကလေးများထက် ကျယ်လောင်ပြီး မွေးရာပါ ဗိုလ်ကျစိုးမိုးတတ်သူ ဖြစ်သည်။ နေ့တိုင်း မိခင်ဖြစ်သူကိုသာ ကပ်တွယ်နေတတ်ပြီး ချီယွင် ပွေ့ချီလျှင်ပင် ငိုယိုတတ်လေသည်။ နို့ထိန်းများဆိုလျှင် အနားကပ်၍ပင် မရပေ။
ကံကောင်းစွာဖြင့် လုမင်ယွိသည် ခွန်အား ကောင်းမွန်သဖြင့် တစ်နေ့ကုန် ပွေ့ချီထားရသော်လည်း ခံနိုင်ရည်ရှိသည်။ ဤအခြေအနေသည် လီဟန် တစ်နှစ်ပြည့်သည်အထိ ကြာမြင့်ခဲ့လေသည်။
ထို့နောက်တွင်တော့ ပို၍ ခေါင်းကိုက်စရာ ကောင်းလာခဲ့သည်။
ယခင်က ပွေ့ချီထားရုံဖြင့် ပြီးသွားသော်လည်း လီဟန် လမ်းလျှောက်တတ်လာသောအခါ ခေါင်းမာမာဖြင့် နေရာအနှံ့ လျှောက်သွားပြီး ချော်လဲတတ်သည်။ အနည်းငယ် ကြီးလာပြန်တော့ နေ့တိုင်း အစ်ကို အစ်မများနှင့် ရန်ဖြစ်ပြီး အချစ်လုတတ်လာသည်။
လီရွှီကတော့ တော်ပါသေးသည်။ အစ်ကိုကြီး ပီသစွာ ညီဖြစ်သူကို အလျှော့ပေးတတ်သည်။ လီရွှမ်းကတော့ မတူပေ။
ဗိုလ်ကျစိုးမိုးတတ်သည့် နေရာတွင် လီရွှမ်းက ဘယ်သူ့ကိုမှ အရှုံးမပေးပေ။
ထို့ပြင် လီရွှမ်းသည် မိခင်ဖြစ်သူ၏ ခွန်အားဗလကို အမွေဆက်ခံထားပြီး သိုင်းပညာပါရမီလည်း ထူးချွန်လေသည်။ အသက် ၇နှစ်သာ ရှိသေးသော်လည်း နန်းတွင်းကိုယ်ရံတော်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်လျှင် အရေးနိမ့်ခြင်း မရှိပေ။ လီဟန်ကဲ့သို့ ကလေးပေါက်စနလေးသည် သူမအတွက်တော့ ပါးစပ်ထဲက သွားကြားထိုးတံလောက်သာ ရှိပြီး အနိုင်ကျင့်ဖို့ပင် စိတ်မဝင်စားပေ။
သို့သော် လီဟန်သည် မကြာခဏ သွားရောက်စနောက်တတ်သဖြင့် လီရွှမ်း၏ စိတ်နေစိတ်ထားနှင့် မည်သို့ သည်းခံနိုင်ပါမည်နည်း။
ထို့ကြောင့် လီဟန်သည် မကြာခဏဆိုသလို အစ်မဖြစ်သူ၏ လက်သီးစာ မိတတ်ပြီး မိခင်ဖြစ်သူထံသို့ လာရောက်တိုင်တန်းတတ်သည်။
လုမင်ယွိသည် ထိုအကြောင်းများကို တွေးမိတိုင်း ခေါင်းကိုက်ရသဖြင့် ဟွေ့အန်းကုန်းကျူကို ညည်းတွားလိုက်လေသည်။ "သူတို့ မောင်နှမ ၃ယောက် တစ်နေ့တစ်နေ့ ကြက်ပျံမကျ ဆူညံနေတာနဲ့တင် ကျွန်မ နောက်ထပ် ကလေးမမွေးတော့ဘူးလို့ ဆုံးဖြတ်ထားတယ်"
ဟွေ့အန်းကုန်းကျူက ရယ်မောလိုက်ကာ "သားနှစ်ယောက် သမီးတစ်ယောက်ဆိုတာ တခြားလူတွေ လိုချင်လို့တောင် မရတဲ့အရာလေ။ နင့်ကျမှ ငြီးငြူနေရတယ်လို့" ခဏရပ်ပြီး သူက သက်ပြင်းတိုးတိုး ချလိုက်သည်။ "ငါသာ ကလေးတစ်ယောက်လောက် ရမယ်ဆိုရင် ဘယ်လောက် ဒုက္ခခံရခံရ ကျေနပ်မိမှာ"
ကိုယ်ဝန်မဆောင်နိုင်ခြင်းသည် ဟွေ့အန်းကုန်းကျူ၏ အကြီးမားဆုံး ဝမ်းနည်းစရာပင်။
သူမနှင့် ဖုမာသည် လက်ထပ်ပြီး ၁၀နှစ်ကြာသည်အထိ သာယာချမ်းမြေ့သော စုံတွဲအဖြစ် နာမည်ကြီးသော်လည်း ဝမ်းဗိုက်ထဲတွင် လှုပ်ရှားမှု မရှိခဲ့ပေ။ လွန်ခဲ့သော ၄နှစ်က သူမသည် ဒုတိယအိမ်တော်မှ လိအာကို မွေးစားခဲ့လေသည်။ လိအာသည် ရွှီအာထက် ၂လသာ ငယ်ပြီး ယခုနှစ်တွင် ၇နှစ် ရှိပြီဖြစ်သည်။
လုမင်ယွိသည် ဟွေ့အန်းကုန်းကျူ၏ စိတ်ထဲက အဖုအထစ်ကို သိနားလည်သဖြင့် ပြုံးကာ နှစ်သိမ့်လိုက်၏။ "လိအာက ဉာဏ်ကောင်းပြီး လိမ်မာတယ်။ မိဘကို သိတတ်တဲ့ ကလေးပါ။ ဟွမ်ကျဲ သူ့ကို ကောင်းကောင်း ပျိုးထောင်လိုက်ရင် ကြီးလာတဲ့အခါ အစ်မကို ကောင်းကောင်း ပြုစုစောင့်ရှောက်မှာပါ။ အတူတူပါပဲ"
ဟွေ့အန်းကုန်းကျူက စိတ်ကို တည်ငြိမ်အောင် ထားပြီး ပြုံးလိုက်သည်။ "စိတ်ချပါ။ ငါ ဖြေတွေးတတ်နေပါပြီ။ ငါ့ကို ဒီလိုမျိုး သတိထားပြီး နှစ်သိမ့်မနေပါနဲ့"
ခဏရပ်ပြီး ဂုဏ်ယူစွာ ပြောလိုက်လေသည်။ "လိအာက ဖုမာ ငယ်ငယ်တုန်းကနဲ့ တူတယ်။ ဉာဏ်ကောင်းပြီး စာဖတ်တာ ဝါသနာပါတယ်။ အခု စာသင်ဆောင်မှာ ရွှီအာတို့ ထန်အာတို့နဲ့ အတူတူ စာသင်နေတယ်။ မနေ့က ထိုက်ဖု(မင်းသားဆရာ) စာမေးပွဲစစ်တာ လိအာက ဒုတိယရတယ်"
လုမင်ယွိက ပြုံးပြီး ချီးကျူးလိုက်၏။ "လိအာက တကယ်ပဲ ဉာဏ်ကောင်းပြီး ဇွဲရှိတဲ့ ကလေးပါ"
ဟွေ့အန်းကုန်းကျူသည် ကျေနပ်နေပြီး တူဖြစ်သူကိုလည်း ချီးကျူးရန် မမေ့ပေ။ "ရွှီအာကမှ အတော်ဆုံး။ တစ်ခုသင်ပေးရင် ဆယ်ခုတတ်တယ်။ မနေ့က စာမေးပွဲမှာ ရွှီအာက ပထမရတာ"
လုမင်ယွိက ခပ်တိုးတိုး ရယ်မောလိုက်ကာ "ဟွမ်ကျဲကလည်း ထပ်မမြှောက်ပါနဲ့တော့။ ရွှီအာက တစ်နေ့လုံး ကြွားနေတာ။ အမြီးသာပါရင် အပေါ်ထောင်နေလောက်ပြီ"
ဟွေ့အန်းကုန်းကျူက တခစ်ခစ် ရယ်မောလိုက်သည်။ "ကလေးက ငယ်ပါသေးတယ်။ ပထမရလို့ ပျော်တာ ဖြစ်သင့်တာပဲလေ"
ရွှီအာသည် ၄နှစ်သားတွင် စာစတင်သင်ယူပြီး ၆နှစ်သားတွင် စာသင်ဆောင်သို့ တရားဝင် ဝင်ရောက်ခဲ့သည်။ ပထမမင်းသား၏ သား ထန်အာ၊ စတုတ္ထမင်းသား၏ သား ချန်းအာနှင့် ဟွေ့အန်းကုန်းကျူ၏ မွေးစားသား လိအာတို့လည်း အတူတူ တက်ရောက်ကြသည်။ လုမင်ယွိ၏ တူ ကျွမ်းအာသည်လည်း နန်းတော်ထဲသို့ ဝင်ရောက်လာပြီး ရွှီအာ၏ အဖော်အဖြစ် စာသင်ကြားနေလေသည်။
ရွှမ်းအာသည် အစ်ကိုဖြစ်သူ စာသင်ဆောင်သို့ သွားသည်ကို မြင်သောအခါ သူလည်း လိုက်ချင်ကြောင်း ပူဆာလေသည်။
ချောင်မိဖုရားခေါင်သည် မြေးများကို အလိုလိုက်တတ်သူ ဖြစ်သဖြင့် ယုံးကျားဧကရာဇ်ထံသို့ အထူးတလည် သွားရောက်ခွင့်တောင်းခဲ့ရာ ကျန်းအာနှင့် ဖျင်အန်းကုန်းကျူ အပါအဝင် မိန်းကလေးများလည်း စာသင်ဆောင်သို့ တက်ရောက်ခွင့် ရရှိခဲ့ကြသည်။
ယုံးကျားဧကရာဇ်သည် ဖျင်အန်းကုန်းကျူကို အလွန်ချစ်ခင်ပြီး မြေးမလေးများကိုလည်း နှစ်သက်သဖြင့် ပညာတတ် ဟန်လင်းပညာရှင် နှစ်ဦးကို ရွေးချယ်ကာ နေ့စဉ် စာပေသင်ကြားစေခဲ့သည်။
ဖန်းဇီကျန်းနှင့် ချောင်ဝမ်တို့၏ သမီး ဖန်းနဉ်ကို ရွှမ်းအာ၏ အဖော်အဖြစ် စာသင်ကြားရသည်။ မိန်းကလေး ၄ယောက်သည် အရွယ်တူများ ဖြစ်ကြပြီး နေ့စဉ် အတူတူ စာသင် ကစားခုန်စား ပြုလုပ်ကြသဖြင့် ပျော်ရွှင်နေကြသည်။
စာသင်ဆောင်သည် ၅ရက်လျှင် တစ်ရက် ပိတ်သည်။ ယနေ့သည် ကျောင်းပိတ်ရက် ဖြစ်သဖြင့် ဟွေ့အန်းကုန်းကျူသည် အားလပ်နေသောကြောင့် လိအာကိုပါ နန်းတော်ထဲသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
၇နှစ်အရွယ် ကလေးများ စုဝေးကစားနေကြရာ ၃နှစ်အရွယ် လီဟန်သည်လည်း လိုက်ပါကစားချင်သော်လည်း အစ်ကို၊ အစ်မများက သူ့ကို မခေါ်ချင်ကြပေ။ သူက ဆူညံသောင်းကျန်းသဖြင့် ရွှမ်းအာ၏ လက်သီးစာ မိလိုက်ရပြီး ဝမ်းနည်းပက်လက်နှင့် လာရောက်တိုင်တန်းခြင်းပင်။
စကားပြောနေစဉ်မှာပင် ကလေးများ ရောက်ရှိလာကြသည်။
ရှေ့ဆုံးမှ လျှောက်လာသော မိန်းကလေးတစ်ဦးက အဝေးမှနေ၍ လှမ်းအော်လိုက်လေသည်။ "လီဟန်... နင် ဒီကိုလာခဲ့"
...
အပိုင်း (၅၄၈) ၃နှစ် (၂)
ထိုမိန်းကလေးသည် ၇နှစ်၊ ၈နှစ်ခန့် ရှိပြီဖြစ်ပြီး အရွယ်တူ မိန်းကလေးများထက် အရပ်အနည်းငယ် ပိုရှည်သည်။ အသားအရေ ဖြူဝင်းပြီး မျက်လုံးများ တောက်ပကာ သွားလေးများလည်း ညီညာလှပသည်။ မျက်နှာသွင်ပြင်တွင်တော့ တက်ကြွရွှင်လန်းသည့် အငွေ့အသက်များ လွှမ်းခြုံထားလေသည်။
သူမကား လီရွှမ်းပင်။
လီရွှမ်းက ပါးစပ်ဟလိုက်သည်နှင့် လီဟန်သည် ခေါင်းကို ဟွေ့အန်းကုန်းကျူ၏ ရင်ခွင်ထဲသို့ ချက်ချင်း တိုးဝင်လိုက်ရာ ဖင်လုံးလုံးလေးသာ အပြင်ထွက်နေတော့သည်။ ဟွေ့အန်းကုန်းကျူသည် သဘောကျလွန်းသဖြင့် ရယ်မောလိုက်ပြီး တူလေးကို အသာပုတ်လိုက်လေသည်။ "မကြောက်နဲ့... ကူးမူ ရှိတယ်။ ဒီနေ့ ဘယ်သူမှ မင်းကို မနိုင်ကျင့်စေရဘူး"
လီဟန်ကလည်း လူလည်လေး ဖြစ်သည်။ ခေါင်းကို ချက်ချင်း ပြန်ထုတ်လာပြီး ပြောလိုက်လေသည်။ "ကူးမူက သားအပေါ် အရမ်းကောင်းတာပဲ။ ဒီနေ့ ကူးမူနဲ့ပဲ ပြန်လိုက်တော့မယ်။ နောက်ဆိုရင် ကူးမူရဲ့ သားပဲ လုပ်တော့မယ်"
လုမင်ယွိ "..."
သူမ ဘယ်လိုများ ဒီလိုသားမျိုး မွေးလိုက်မိပါလိမ့်။
လုမင်ယွိ၏ ပြောစရာစကားမဲ့နေသော မျက်နှာထားကြောင့် ဟွေ့အန်းကုန်းကျူမှာ နောက်တစ်ကြိမ် ရယ်မောရပြန်သည်။
လီရွှမ်းသည် ခြေလှမ်းကျဲများဖြင့် လျှောက်လာပြီး မျက်နှာပြောင်ပြနေသော လီဟန်ကို မျက်စောင်းတစ်ချက် အရင်ထိုးလိုက်သည်။ ထို့နောက်မှ လုမင်ယွိနှင့် ဟွေ့အန်းကုန်းကျူကို ယဉ်ကျေးစွာ ဂါရဝပြုလိုက်သည်။ "မေမေ့ကို ဂါရဝပြုပါတယ်။ ကူးမူကို ဂါရဝပြုပါတယ်"
လီရွှီနှင့် ဝူလိတို့လည်း ရောက်ရှိလာကြသည်။
လီရွှီနှင့် လီရွှမ်းသည် အရပ်အမောင်း တူညီပြီး ရုပ်ရည်လည်း ဆင်တူကြသည်။ သို့သော် အမွှာမောင်နှမသည် အသက်ကြီးလာသည်နှင့်အမျှ ယောက်ျားလေးနှင့် မိန်းကလေး ကွာခြားချက်များ ရှိလာသဖြင့် အနည်းငယ် ကွဲပြားသွားပြီဖြစ်သည်။ လီရွှမ်းသည် မည်မျှပင် သန်မာထက်မြက်စေကာမူ မိန်းကလေးတစ်ယောက် ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိသာလေသည်။ လီရွှီကတော့ ယောက်ျားလေးပီသစွာ ချောမောခန့်ညားလေသည်။
"မေမေ... ကူးမူ" လီရွှီက မတ်တပ်ရပ်လိုက်ပြီး ကိုယ်ကိုကိုင်းကာ လက်နှစ်ဖက်ကို ယှက်၍ ဂါရဝပြုလိုက်သည်။
သူသည် အိမ်ရှေ့စံနန်းဆောင်၏ တရားဝင်အိမ်ရှေ့စံမြေးတော် ဖြစ်သဖြင့် ဂုဏ်ရည်မြင့်မားကြောင်း အထူးတလည် ပြောစရာမလိုပေ။ ထိုက်ဖုများသည်လည်း သူ့ကို အထူးဂရုစိုက် သင်ကြားပေးကြသည်။ အသက် ၇နှစ်သာ ရှိသေးသော်လည်း ကလေးဆန်ခြင်း မရှိတော့ဘဲ လှုပ်ရှားမှုတိုင်းတွင် လူကြီးတစ်ယောက်ကဲ့သို့ တည်ငြိမ်နေလေပြီ။
ဘေးတွင် ရပ်နေသော ဝူလိကလည်း ပြုံးလျက် ဂါရဝပြုလိုက်သည်။ "ကျို့မု (အဒေါ်) ကို ဂါရဝပြုပါတယ်။ အမေကို ဂါရဝပြုပါတယ်"
ဝူလိသည် ဝူဖုမာ၏ ညီအရင်းမှ မွေးဖွားသော ဒုတိယသား ဖြစ်ပြီး သွေးသားတော်စပ်မှုအရ ဝူဖုမာနှင့် အရင်းနှီးဆုံး ဖြစ်သည်။ ရုပ်ရည်နှင့် စိတ်နေစိတ်ထားသည်လည်း အနည်းငယ် တူညီမှုရှိလေသည်။ လူကြီးလူကောင်းလေးတစ်ယောက်ကဲ့သို့ ချစ်ခင်နှစ်သက်ဖွယ် ကောင်းလှပေသည်။
လုမင်ယွိက ပြုံးကာ ပြောလိုက်သည်။ "ကဲ... ဂါရဝပြုမနေကြပါနဲ့တော့။ လာခဲ့ကြပါ"
ကလေး ၃ယောက်က ပြိုင်တူ ဖြေကြားလိုက်ပြီး မတ်တပ်ရပ်လိုက်ကြသည်။
လီရွှမ်းသည် လီဟန်ကို ကြည့်ကာ ခြိမ်းခြောက်လိုက်လေသည်။ "လီဟန်... ငါ ခုနက ပြောတာ ကြားလား။ ကူးမူ ရင်ခွင်ထဲမှာ ကပ်မနေနဲ့။ မြန်မြန် လာခဲ့"
လီဟန်သည် မျက်နှာကို မော့ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်လေသည်။ "မလာဘူး... ဘာဖြစ်လဲ။ နင် ဘာလုပ်ချင်လဲ"
လီရွှမ်းက မျက်ခုံးပင့်ကာ အေးစက်စက် ရယ်မောလိုက်ပြီး အင်္ကျီလက်ကို ပင့်တင်လိုက်လေသည်။
ထိုအမူအရာနှင့် မျက်နှာထားသည် လုမင်ယွိနှင့် တစ်ထပ်တည်း တူညီနေတော့သည်။
လုမင်ယွိကိုယ်တိုင် ကြည့်ရင်း ရယ်ချင်လာတော့၏။ ဟွေ့အန်းကုန်းကျူကတော့ ဆိုဖွယ်ရာ မရှိတော့ပေ။ သူမက မရပ်မနား ရယ်မောနေတော့သည်။ "သမီးက အမေနဲ့ တူတယ်ဆိုတာ တကယ်ပဲနော်။ ရွှမ်းအာကို ကြည့်ပါဦး။ နင့်ပုံစံအတိုင်းပဲ"
လုမင်ယွိသည် ရယ်ချင်စိတ်ကို ထိန်းလိုက်ပြီး လီရွှမ်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
လီရွှမ်းသည် ချက်ချင်း လိမ္မာသွားပြီး အင်္ကျီလက်ကို ပြန်ချလိုက်ကာ လေသံကိုလည်း လျှော့လိုက်လေသည်။ "မေမေ... သမီးတို့က လိပြောင်တိ(ဝမ်းကွဲညီလေး)နဲ့ ကစားနေတာ။ လီဟန် ရောက်လာပြီး လာရှုပ်တယ်။ သမီး ပြောတာလည်း နားမထောင်ဘူး။ သမီးကို မျက်နှာပြောင်ပြသေးတယ်။ သမီး ဒေါသထွက်ပြီး သူ့ကို တစ်ချက် ရိုက်လိုက်မိတာ။ သူ မေမေ့ဆီ လာတိုင်တာပဲ နေမှာ"
"သမီး ပြောတာ အကုန်အမှန်တွေချည်းပါပဲ။ မေမေ မယုံရင် လီရွှီကို မေးကြည့်"
ကလေးများသည် တဖြည်းဖြည်း ကြီးပြင်းလာပြီး လူကြီးလူကောင်းများကဲ့သို့ နေထိုင်တတ်လာကြသည်။ အချင်းချင်း နာမည်တပ် ခေါ်ဝေါ်ကြပြီး အစ်ကို အစ်မ မောင်လေး ဟု ခေါ်ဝေါ်ရန် ဝန်လေးနေကြသည်။
လုမင်ယွိသည် အကြိမ်ကြိမ် ပြောဆိုဆုံးမသော်လည်း မရသဖြင့် နောက်ပိုင်းတွင် မပြောတော့ဘဲ လွှတ်ထားလိုက်တော့သည်။
လီရွှီနှင့် လီရွှမ်းသည် အမွှာမောင်နှမများ ဖြစ်ကြပြီး ငယ်စဉ်ကတည်းက အတူတူ ကြီးပြင်းလာကြသူများ ဖြစ်သဖြင့် သံယောဇဉ် ကြီးမားကြသည်။ လီရွှမ်းက မိုးကောင်းကင်သည် အမည်းရောင်ဖြစ်ပြီး မြစ်ရေသည် ပူနွေးသည်ဟု ပြောလျှင်ပင် လီရွှီက ချက်ချင်း ခေါင်းညိတ်ထောက်ခံမည့်သူ ဖြစ်သည်။ "လီရွှမ်း ပြောတာ မှန်ပါတယ်။ ဒီနေ့ လီဟန်က အရင် စနောက်တာ။ လီရွှမ်းက ဒေါသထွက်ပြီး ရိုက်လိုက်တာ"
လီဟန်သည် မူလက ခေါင်းမော့ကာ ဂုဏ်ယူဝင့်ကြွားနေသော်လည်း အစ်ကိုဖြစ်သူ၏ စကားကို ကြားလိုက်ရသည်တွင် ချက်ချင်း ဝမ်းနည်းသွားတော့သည်။ "မေမေ... လီရွှီနဲ့ လီရွှမ်း နှစ်ယောက်ပေါင်းပြီး သားကို အနိုင်ကျင့်ကြတယ်"
အစ်ကိုနှင့် အစ်မသည် အမြဲတမ်း တစ်ဖက်တည်းတွင် ရပ်တည်ပြီး သူ့ကို ပေါင်းပြီး အနိုင်ကျင့်ကြသည်။ သူ သနားစရာ ကောင်းလိုက်တာ။
လုမင်ယွိသည် စိတ်လှုပ်ရှားခြင်း မရှိဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။ "အစ်ကိုနဲ့ အစ်မ စကားပြောပြီး ကစားနေတာကို သားက ဝင်မရှုပ်နဲ့လေ။ ဒါဆိုရင် သူတို့က သားကို လာပြီး အနိုင်ကျင့်မှာ မဟုတ်ဘူး"
ထို့နောက် လီရွှမ်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "သမီးက အားသန်တယ်။ ရိုက်ရင် အားနည်းနည်း လျှော့ဦး"
ဟယ်... မေမေက သူ့ကို မဆူဘူး။ ကောင်းလိုက်တာ။
လီရွှမ်းသည် ချက်ချင်း မျက်နှာဝင်းပသွားပြီး ပျော်ရွှင်စွာ ပြန်ဖြေလိုက်လေသည်။ "ဟုတ်ကဲ့ပါ မေမေ။ စိတ်ချပါ။ သမီး အားလျှော့ထားပါတယ်။ မဟုတ်ရင် လီဟန်ရဲ့ လက်သေးသေး ခြေထောက်သေးသေးလေးတွေက သမီး လက်သီးတစ်ချက်တောင် ခံနိုင်မှာ မဟုတ်ဘူး"
လုမင်ယွိက လီရွှီကိုလည်း ပြောလိုက်သည်။ "သားက အစ်ကိုကြီး ဖြစ်ပေမယ့် ညီမလေးနဲ့ ညီလေးကို အမြဲတမ်း အလျှော့ပေးနေစရာ မလိုဘူး။ ဘယ်သူက သားကို စိတ်ဆိုးအောင် လုပ်ရင် သား စိတ်ကြိုက်သာ ဆုံးမလိုက်"
လီရွှီက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ပါ။ မေမေ့စကားကို သား မှတ်သားထားပါ့မယ်"
ဤကဲ့သို့သော ဆုံးမနည်းကို ဟွေ့အန်းကုန်းကျူ အံ့ဩသွားပြီး မနေနိုင်ဘဲ မေးလိုက်မိသည်။ "နင် ပုံမှန်ဆိုရင် သူတို့ကို ဒီလိုပဲ ဆုံးမတာလား"
အစ်ကို အစ်မတွေက မောင်လေး ညီမလေးတွေကို အလျှော့ပေးရမယ်လို့ ဆုံးမရမှာ မဟုတ်ဘူးလား။
လုမင်ယွိကျမှ ဘာလို့ ပြောင်းပြန် ဖြစ်နေရတာလဲ။
လုမင်ယွိကလည်း သက်ပြင်းချလိုက်မိသည်။ "ရွှီအာနဲ့ ရွှမ်းအာ ငယ်ငယ်တုန်းက ခဏခဏ ရန်ဖြစ်ကြတယ်။ ကျွန်မက အစတုန်းက ရွှမ်းအာဘက်ပဲ ပါတော့ ရွှီအာက ညီမလေးကို အမြဲတမ်း အလျှော့ပေးနေရတယ်။ စိတ်ထဲမှာလည်း ဝမ်းနည်းရှာမှာပေါ့။ ဟန်အာ မွေးလာတော့လည်း သူ့စိတ်ဓာတ်ကို အစ်မ မြင်တဲ့အတိုင်းပဲလေ။ အစ်ကို အစ်မတွေက သူ့ကို ထပ်ပြီး အလျှော့ပေးနေရင် သူ တစ်ယောက်တည်း ဗိုလ်ကျစိုးမိုးနေတော့မှာ"
"အခုတော့ ကျွန်မ နားလည်သွားပါပြီ။ ကလေးတွေ အချင်းချင်း ဘယ်လိုဆက်ဆံလဲ ဆိုတာ သူတို့ကိစ္စပါပဲ။ အလွန်အကျွံ မဖြစ်သရွေ့ ကျွန်မ ဝင်မပါတော့ဘူး။ အစ်ကို အစ်မတွေကိုချည်းပဲ အမြဲတမ်း အလျှော့ပေးခိုင်းပြီး ခံစားခိုင်းလို့ မဖြစ်ဘူးလေ"
လက်ဖဝါးနှင့် လက်ဖမိုး ဘယ်နေရာကိုပဲ ထိထိ နာကျင်ရသည်ချည်းပင်။ ဘယ်သူ့ဘက်ကိုမှ လိုက်လို့မရပေ။
ဟွေ့အန်းကုန်းကျူက တစ်ဝက်အားကျ တစ်ဝက်နောက်ပြောင်သည့်အနေဖြင့် ပြောလိုက်သည်။ "ကလေးတွေ များလာတော့လည်း မိခင်တစ်ယောက်အနေနဲ့ တရားမျှတအောင် စည်းကမ်းသတ်မှတ်ထားရတာပေါ့။ နောက်ကျရင် ကလေး တစ်ယောက် နှစ်ယောက် ထပ်ရလာရင်လည်း ဒီစည်းကမ်းအတိုင်းပဲ ဆက်ကျင့်သုံးပေါ့"
လုမင်ယွိက ပြုံးကာ ပြောလိုက်၏။ "ဒီ ၃ယောက် မွေးပြီးတာနဲ့ တော်လောက်ပါပြီ။ ကျွန်မ ထပ်မမွေးတော့ဘူး"
ဒီစကားကို နားထောင်ကြည့်ပါဦး။ ဘယ်လောက် ဒေါသထွက်စရာ ကောင်းလိုက်သလဲ။ ကလေးတစ်ယောက်မှ မမွေးဖူးသေးတဲ့သူကို အားနာပါဦးလား။
ဟွေ့အန်းကုန်းကျူ၏ ရင်ထဲတွင် အနည်းငယ် ခံစားလိုက်ရသည်။
ထိုအချိန်တွင် နန်းတွင်းအပျိုတော်တစ်ဦးက ပြုံးရွှင်စွာ ရောက်လာခဲ့သည်။ "ထိုက်ဇီဖေးညန်ညန်... ကုန်းကျူ... ဟွမ်ဟုပ်ညန်ညန်က နေ့လယ်စာ ပြင်ဆင်ပြီးပါပြီ။ ကျောင်းဖန်နန်းဆောင်ကို ကြွခဲ့ဖို့ ဖိတ်ကြားလိုက်ပါတယ်"
လုမင်ယွိနှင့် ဟွေ့အန်းကုန်းကျူတို့ ပြိုင်တူ ပြန်ဖြေလိုက်ကြပြီး ပြုံးရွှင်စွာ ထရပ်ကာ ကလေးများကို ခေါ်ဆောင်၍ ကျောင်းဖန်နန်းဆောင်သို့ ထွက်ခွာသွားကြသည်။
လမ်းတစ်လျှောက်လုံးတွင် လီဟန်သည် ဟွေ့အန်းကုန်းကျူ၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး တစ်ခါတလေ ဝမ်းကွဲအစ်ကို ဝူလိကို လှမ်းဆွဲလိုက်၊ တစ်ခါတလေ အစ်ကိုဖြစ်သူ လီရွှီကို လှမ်းဆွဲလိုက် လုပ်နေလေသည်။ လီရွှမ်းကိုတော့ သူ တကယ် မစရဲတော့ပေ။ တင်ပါးကို အရိုက်ခံထားရသည်မှာ ယခုထိ နာနေသေးသည် မဟုတ်ပါလား။
ဝူလိသည် သဘောကောင်းသူ ဖြစ်သဖြင့် လီဟန်နှင့် အပြိုင်မလုပ်ပေ။ လီရွှီကတော့ တစ်ခါတလေ လီဟန်ကို မျက်စောင်းထိုးတတ်သော်လည်း သည်းခံနေလိုက်သည်။
ဤသို့ဖြင့် ကျောင်းဖန်နန်းဆောင်သို့ ဆူဆူညံညံဖြင့် ရောက်ရှိလာကြသည်။ ချောင်မိဖုရားခေါင်သည် အဝေးကပင် ကလေးများ၏ အသံကို ကြားလိုက်ရသဖြင့် မနေနိုင်တော့ဘဲ ထွက်ကြိုလေတော့သည်။
"အဘွားတော်"
လီဟန်သည် ကူးမူကို ချက်ချင်း ပစ်ထားခဲ့ပြီး မီးရှူးမီးပန်းလေးတစ်ချောင်းကဲ့သို့ တည့်တည့်မတ်မတ် ပြေးဝင်သွားလေသည်။
ချောင်မိဖုရားခေါင်သည် ပျော်ရွှင်စွာ ပြုံးရယ်လိုက်ပြီး ကိုယ်ကိုကိုင်းကာ မြေးချစ်လေးကို ပွေ့ချီလိုက်လေသည်။ ထို့နောက် နူးညံ့ဖက်တီးနေသော ပါးဖောင်းဖောင်းလေးကို အကြိမ်ကြိမ် နမ်းရှိုက်လိုက်သည်။ "ဘွားဘွားရဲ့ မြေးချစ်လေး ဟန်အာ... မတွေ့တာ တစ်မနက်တောင် ရှိပြီ။ ဘွားဘွား လွမ်းနေတာ"
လီဟန်သည် ချောင်မိဖုရားခေါင်၏ လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားပြီး ပါးဖောင်းဖောင်းလေးကို ကပ်ကာ ချစ်စဖွယ် ပွတ်သီးပွတ်သပ် လုပ်နေလေသည်။ ချောင်မိဖုရားခေါင်သည် အသည်းယားလွန်းသဖြင့် ထပ်မံ နမ်းလိုက်ပြန်သည်။
လုမင်ယွိက နှုတ်ခမ်းမဲ့လိုက်တော့၏။
ဒီကောင်စုတ်လေးက လူချော့ အရမ်းတော်တာပဲ။
...
အပိုင်း (၅၄၉) ၃နှစ် (၃)
လွန်ခဲ့သော ၃နှစ်တာအတွင်း ယုံးကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်သို့ လာရောက်သည့် အကြိမ်အရေအတွက်မှာ လက်ချိုးရေ၍ပင် ရနိုင်လေသည်။ တစ်ခါတစ်ရံ ချောင်မိဖုရားခေါင်နှင့် ကိစ္စတိုင်ပင်ရန် လာတတ်သော်လည်း ညအိပ်လေ့မရှိပေ။ အတူတူ ထမင်းစားသည်မှာလည်း အလွန်ရှားပါးသည်။
လင်မယားသံယောဇဉ်သည် အလွန်အမင်း ပါးလျားနေလေပြီ။ သို့သော် ချောင်မိဖုရားခေါင်ကတော့ ဂရုမစိုက်တော့ပေ။ သူမသည် နေ့စဉ် ကောင်းကောင်းစား ကောင်းကောင်းအိပ်ပြီး အားလပ်ချိန်တွင် လီဟန်ကို ထိန်းကျောင်းပေးနေသဖြင့် ယခင်ကထက်ပင် ကျန်းမာဝဖြိုးလာလေသည်။
ဟွေ့အန်းကုန်းကျူက နောက်ပြောင်ကာ ပြောလေ့ရှိသည်။ "ဟန်အာ မွေးပြီးတဲ့နောက်ပိုင်း ရွှီအာနဲ့ ရွှမ်းအာတောင် အချစ်လျော့သွားကြပြီ။ မြေးအကြီးတွေဆို ပြောမနေနဲ့တော့"
ချောင်မိဖုရားခေါင်သည် ပြုံးလျက် ဟွေ့အန်းကုန်းကျူကို မျက်စောင်းထိုးလိုက်ကာ "ဟန်အာက အငယ်ဆုံးလေးလေ။ ပန်ကုံးက နည်းနည်း ပိုချစ်တာ ဘာဖြစ်လဲ။ ဟို ၃ယောက်က ကြီးကုန်ကြပြီ။ နေ့တိုင်း စာသင်ဆောင်မှာ စာသွားသင်နေကြတာ။ ငါက ချစ်ချင်ရင်တောင် သူတို့ ကျောင်းပိတ်ရက်မှ ချစ်လို့ရတာ"
ပြောရင်းနှင့် ရင်ခွင်ထဲမှ လီဟန်ကို ချပေးလိုက်ပြီး ကလေး ၃ယောက်ကို လက်ယပ်ခေါ်လိုက်လေသည်။ "ရွှီအာ... ရွှမ်းအာ... လိအာ... ဘွားဘွားဆီ လာခဲ့ကြ"
၇နှစ်အရွယ် ကလေး ၃ယောက်သည် "သမီးတို့ သားတို့က ကြီးပြီလေ... လီဟန်လို ကလေး မဟုတ်တော့ဘူး" ဟူသော မျက်နှာပေးများ လုပ်နေကြသည်။
ချောင်မိဖုရားခေါင်သည် သဘောကျလွန်းသဖြင့် တဟားဟား ရယ်မောလိုက်လေသည်။ "ကဲပါ... ကြီးကုန်ကြပြီ ဆိုတော့လည်း ဘွားဘွားက အတင်း မခိုင်းတော့ပါဘူး။ နေ့လယ်စာ ပြင်ဆင်ပြီးပြီ။ အတူတူ သွားစားကြရအောင်"
ထိုအခါမှ ရွှီအာတို့ ၃ယောက် သက်ပြင်းချနိုင်ကြပြီး ပြုံးရွှင်စွာ ပြန်ဖြေလိုက်ကြသည်။ လီဟန်၏ ဘေးမှ ဖြတ်သွားသောအခါ ၃ယောက်သား တညီတညွတ်တည်း အထင်သေးသော မျက်လုံးများဖြင့် ကြည့်သွားကြသည်။
ကောင်စုတ်လေး... တစ်နေ့ကုန် ချွဲနွဲ့နေတာပဲ။
လီဟန်၏ သေးငယ်သော မာနလေး ထိခိုက်သွားပြီး နှုတ်ခမ်းမဲ့ကာ ငိုတော့မည့်ဟန် ပြင်လိုက်၏။ ချောင်မိဖုရားခေါင်သည် စိတ်မကောင်း ဖြစ်သွားပြီး မြေးချစ်လေးကို ကောက်ချီလိုက်ပြန်သည်။ "ကိုကို မမတွေက တို့ကို မခေါ်ဘူး။ တို့ကလည်း သူတို့ကို မခေါ်ဘူးနော်။ လာလာ... ဘွားဘွား ချီမယ်"
လုမင်ယွိသည် နှုတ်ခမ်းမဲ့လိုက်ပြီး ဟွေ့အန်းကုန်းကျူကို ပြောလိုက်သည်။ "မူဟုပ်လောက် ကလေးအလိုလိုက်တဲ့သူ ကျွန်မ တခါမှ မမြင်ဖူးဘူး"
ဟွေ့အန်းကုန်းကျူက သဘောကျစွာ ပြုံးလိုက်သည်။ "မူဟုပ်က ဒီလိုပဲလေ။ ငါဆို ဒီလောက် အသက်ကြီးနေပြီ။ အခုထိ မူဟုပ်ဆီမှာ ရစ်နေတုန်းပဲ"
လုမင်ယွိ ဆက်မပြောမီ သူမက ပြန်လှန်တိုက်ခိုက်လိုက်သည်။ "မူဟုပ် အလိုလိုက်တာကိုပဲ မပြောနဲ့ဦး။ ငါ့အမြင်တော့ ရှင်းယန်ဝမ်ကမှ ကလေးကို တကယ် အလိုလိုက်တာ"
ဒါကလည်း ဟုတ်တာပါပဲ။
လုမင်ယွိသည် ဖခင်ဖြစ်သူကို သတိရသွားပြီး မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
ထားလိုက်ပါတော့... ဘယ်သူက ဘယ်သူ့ကိုမှ ပြောမနေနဲ့တော့။
ကလေး ၄ယောက် ပါဝင်သဖြင့် နေ့လယ်စာသည် အလွန် ဆူညံသက်ဝင်လှုပ်ရှားနေလေသည်။
ချောင်မိဖုရားခေါင်၏ စိတ်ထဲတွင် ကလေးများဖြင့်သာ ပြည့်နှက်နေပြီး ပျော်ရွှင်မှုများ လျှံကျနေတော့သည်။ "ဟန်အာ မွေးတာ မနေ့တစ်နေ့ကလိုပဲ။ ခဏလေးနဲ့ ဒီလောက် ကြီးလာပြီ"
လုမင်ယွိက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။ "ဟုတ်ပါတယ်။ အချိန်ကုန်တာ မြန်လိုက်တာ။ နောက်တစ်နှစ်ဆို ဟန်အာလည်း စာစသင်လို့ ရပြီ။ အဲဒီကျရင် စာသင်ဆောင်ကို ပို့ပြီး စာသင်ခိုင်းလိုက်ရင် ကျွန်မလည်း နားအေးပါးအေး နေရတော့မှာ"
ချောင်မိဖုရားခေါင်သည် မျှော်လင့်ချက် အပြည့်ဖြင့် လုမင်ယွိကို ကြည့်လိုက်သည်။ "နောက် ၁နှစ်၊ ၂နှစ်လောက်နေရင် ဟန်အာလည်း ကြီးပြီဆိုတော့ နောက်ထပ် တစ်ယောက်လောက် ထပ်မွေးရင် အတော်ပဲ"
လုမင်ယွိ "..."
ချောင်မိဖုရားခေါင်၏ မျှော်လင့်တကြီး အကြည့်များကို လုမင်ယွိ ရှောင်လွှဲ၍ မရနိုင်တော့ပေ။ သူမက ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။ "အရှင်မင်းသားက အမြဲတမ်း ခရီးထွက်ပြီး တာဝန်ထမ်းဆောင်နေရတာဆိုတော့ ကျွန်မတို့ လင်မယားက အတူနေရချိန် နည်းပါတယ်။ အရှင်မင်းသား ပြန်လာမှပဲ ပြောရမှာပေါ့"
လွန်ခဲ့သော ၃နှစ်အတွင်း လီကျင့် မြို့တော်တွင် နေထိုင်သည့်အချိန်မှာ စုစုပေါင်း နှစ်ဝက်ပင် မပြည့်ပေ။ အချိန်အများစုကို သာ့ဝေတိုင်းပြည် အနှံ့ ခရီးသွားလာရင်း ကုန်ဆုံးစေခဲ့သည်။
သာ့ဝေတိုင်းပြည်သည် ကျယ်ဝန်းပြီး မြို့နယ်ဒေသ ပေါင်းမြောက်မြားစွာ ရှိလေသည်။ သူပုန်ထကြွမှုများ၊ မိုးခေါင်ရေရှားမှုများ၊ ရေကြီးရေလျှံမှုများ၊ မြေရှင်များက လယ်ယာမြေ သိမ်းဆည်းမှုများ၊ အကျင့်ပျက် အရာရှိများ၏ အနိုင်ကျင့်မှုများ စသည်ဖြင့် ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိနေလေသည်။
လီကျင့်သာမက တတိယမင်းသား လီဟောက်လည်း မကြာခဏ မြို့တော်မှ ထွက်ခွာပြီး တာဝန်ထမ်းဆောင်ရသည်။ စတုတ္ထမင်းသားလည်း ၂ကြိမ်ခန့် တာဝန်ယူခဲ့ဖူးသည်။
ပဉ္စမမင်းသား တစ်ယောက်သာ လုပ်ငန်းဌာနတွင် အချိန်ဖြုန်းနေပြီး တာဝန်ကြီးကြီးမားမား မထမ်းဆောင်ဖူးသေးပေ။ ပထမမင်းသားကတော့ ခြေထောက်မသန်စွမ်းသဖြင့် မြို့တော်မှ ထွက်ခွာရန် အဆင်မပြေပေ။
လီကျင့်သည် နှစ်သစ်ကူးပြီးသည်နှင့် တာဝန်ယူကာ မြို့တော်မှ ထွက်ခွာသွားခဲ့သည်။ ထွက်သွားသည်မှာ တစ်လကျော် ရှိပြီဖြစ်ပြီး မည်သည့်အချိန်မှ ပြန်လာမည် မသိရသေးပေ။
ချောင်မိဖုရားခေါင်က အားတက်သရော ပြောလိုက်သည်။ "ဒီတစ်ခါ ထိုက်ဇီ ပြန်လာရင် ပန်ကုံးက အရှင်မင်းကြီးကို ပြောပေးမယ်။ ထိုက်ဇီကို မြို့တော်မှာ ကြာကြာနေခိုင်းဖို့။ မင်း ကိုယ်ဝန်ရပြီးမှ ပြန်ထွက်သွားပေါ့"
ရှောင်လွှဲလို့ မရတော့ဘူးပဲ။
လုမင်ယွိက ချောင်မိဖုရားခေါင်ကို ပြုံးပြလိုက်သည်။ "မူဟုပ်က ကလေးချစ်တတ်မှန်း သိပါတယ်။ ဒါပေမဲ့ ကျွန်မက သားနှစ်ယောက် သမီးတစ်ယောက် မွေးပြီးပြီလေ။ နောက်ဆိုရင် သူတို့ကိုပဲ သေသေချာချာ ပြုစုပျိုးထောင်သွားတော့မယ်။ နောက်ထပ် မမွေးတော့ပါဘူး"
ချောင်မိဖုရားခေါင်၏ မျက်နှာတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်လာသော်လည်း လက်မလျှော့ဘဲ ဆက်ပြောလေသည်။ "သားသမီးများရင် ကောင်းတာပေါ့။ ကလေးများတော့ စည်ကားတာပေါ့။ မင်း ကလေးထိန်းရတာ ပင်ပန်းရင် မွေးပြီးတာနဲ့ ကျောင်းဖန်နန်းဆောင်ကို ပို့လိုက်လေ"
ချောင်မိဖုရားခေါင်သည် ကလေးအချစ်ဆုံး ဖြစ်သည်။ ဟွေ့အန်းကုန်းကျူက ကိုယ်တိုင် မမွေးဖွားဖူးသော်လည်း ကလေးများကို အလွန်နှစ်သက်သဖြင့် ဝင်ပြောလိုက်သည်။ "ဟုတ်ပါတယ်။ ကျွန်မက ကံမပါလို့ပါ။ မွေးနိုင်ရင်တော့ တစ်ခါတည်း ၅ယောက် ၆ယောက်လောက် မွေးပစ်လိုက်မှာ"
လုမင်ယွိသည် ကိုယ်ပိုင်ဆုံးဖြတ်ချက် ခိုင်မာသူ ဖြစ်သဖြင့် ထိုစကားများကြောင့် စိတ်ပြောင်းသွားမည် မဟုတ်ပေ။ သူမက ပြုံးရုံသာ ပြုံးနေလိုက်သည်။
ဆိုလိုသည်မှာ ဤခေါင်းစဉ်ကို ဤနေရာတွင် ရပ်လိုက်ပါတော့ ဟူ၍ပင်။
ယောက္ခမနှင့် ချွေးမ တော်စပ်လာသည်မှာ နှစ်အတော်ကြာပြီ ဖြစ်သဖြင့် ချောင်မိဖုရားခေါင်သည် လုမင်ယွိ၏ စိတ်နေစိတ်ထားကို ကောင်းစွာ သိရှိလေသည်။ ယခုအခါ အတော်အတန် နူးညံ့လာသော်လည်း မူလဇာတိဖြစ်သော ခေါင်းမာပြီး ပြတ်သားသည့် စိတ်ဓာတ်ကတော့ ရှိနေဆဲပင်။
ထားလိုက်ပါတော့... မမွေးဘူး ဆိုလည်း ကလေးတွေက မနည်းတော့ပါဘူးလေ။
ချောင်မိဖုရားခေါင်သည် မိမိကိုယ်ကို နှစ်သိမ့်လိုက်ပြီး ဟွေ့အန်းကုန်းကျူဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "မင်းမှာ လိအာ တစ်ယောက်တည်း ရှိတာဆိုတော့ သမီးလေး တစ်ယောက်လောက် ထပ်မွေးစားလိုက်ပါလား။ သားတစ်ယောက် သမီးတစ်ယောက်ဆိုတော့ အစုံဖြစ်သွားတာပေါ့"
ဟွေ့အန်းကုန်းကျူသည် ချောင်မိဖုရားခေါင်၏ သမီးအရင်း ပီသစွာပင် အကြံအစည် တူညီနေတော့သည်။ "မူဟုပ်ကို မလိမ်ပါဘူး။ ကျွန်မလည်း အဲဒီလို စိတ်ကူးရှိပါတယ်။ လိအာက တစ်နေ့တစ်ခြား ကြီးလာပြီး နေ့တိုင်း နန်းတော်ထဲ ဝင်စာသင်နေရတော့ ကျွန်မလည်း ပျင်းနေတာ။ သမီးလေး တစ်ယောက်လောက် မွေးစားလိုက်ရင် အတော်ပဲ။ ဒါပေမဲ့ ဝူမိသားစု ဆွေမျိုးရင်းချာတွေထဲမှာ အရွယ်တော်တဲ့ ကလေးမရှိဘူး။ ဆွေမျိုးဝေးတွေထဲက ရှာရမှာ။ မွေးကင်းစလေး ရရင်တော့ အကောင်းဆုံးပဲ"
ချောင်မိဖုရားခေါင်က ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံသည်။
ဒီခေတ်ကြီးထဲမှာ လူတိုင်းက ကလေးများတာကို နှစ်သက်ကြသည်။ သားသမီး ရတနာ၊ မြတ်မျက်နှာ ဆိုတာ အလကား ပြောတာ မဟုတ်ပေ။
ဝူမိသားစုသည် ဆွေကြီးမျိုးကြီး ဖြစ်ပြီး ဆွေမျိုးသားချင်း အများအပြား ရှိလေသည်။ ဟွေ့အန်းကုန်းကျူသာ သတင်းလွှင့်လိုက်လျှင် မည်မျှများပြားသော ဆွေမျိုးများက လာရောက်ကပ်တွယ်ကြမည် မသိပေ။ မွေးကင်းစ သမီးမိန်းကလေး တစ်ယောက်မက တရားဝင် သားသမီးများကိုပင် ပေးအပ်ချင်ကြပေလိမ့်မည်။
"ဟွမ်ဟုပ်ညန်ညန်..." ချိုင်လန်သည် ပြုံးရွှင်စွာဖြင့် ဝင်ရောက်လာပြီး သတင်းပို့လိုက်သည်။ "ဝမ်ကျဲယွီညန်ညန်က ရှောင်ကုန်းကျူလေးကို ခေါ်ပြီး ဂါရဝပြုဖို့ ရောက်နေပါတယ်"
ချောင်မိဖုရားခေါင်က ပြုံးလိုက်သည်။ "သားအမိ နှစ်ယောက်လုံးကို ဝင်ခွင့်ပြုလိုက်ပါ"
...
ခဏအကြာတွင် ဝမ်ကျဲယွီသည် မင်းသမီးလေးကို ခေါ်ဆောင်ကာ ဝင်ရောက်လာခဲ့၏။
မင်းသမီးလေးသည် မိခင်ဖြစ်သူ ဝမ်ကျဲယွီ၏ ရုပ်ရည်ကို အမွေဆက်ခံထားပြီး ဖြူဖြူစင်စင် သိမ်မွေ့လှပသည်။ ပြုံးလိုက်လျှင် ပါးချိုင့်လေးနှစ်ဖက် ပေါ်လာပြီး ချိုမြိန်ချစ်စဖွယ် ကောင်းလှသည်။
မင်းသမီးလေးသည် အသက်ငယ်သော်လည်း မျိုးဆက်အရ အကြီးတန်းတွင် ပါဝင်နေသည်။ ရွှီအာတို့ ၄ယောက်သည် ဦးစွာ ဂါရဝပြုပြီး အဒေါ်လေး ဟု ခေါ်ဝေါ်ရသည်။
"တူလေး တူမလေးတို့... ထကြပါ" မင်းသမီးလေးသည် အသံချိုချိုလေးဖြင့် လူကြီးတစ်ယောက်ကဲ့သို့ ပြန်ပြောလိုက်ရာ လူတိုင်း ရယ်မောမိကြလေသည်။
ကလေးများ စုဝေးကစားနေကြသည်ကို ထားလိုက်ပါတော့။
ဝမ်ကျဲယွီသည် ဂါရဝပြုပြီးနောက် ပြုံးရွှင်စွာ ဝင်ထိုင်လိုက်သည်။
ဝမ်ကျဲယွီသည် ယခုနှစ်တွင် ၂၄နှစ် ရှိပြီဖြစ်ပြီး အမျိုးသမီးတစ်ယောက်၏ ရင့်ကျက်တည်ငြိမ်သော အလှတရားများကို ပိုင်ဆိုင်ထားလေသည်။ မိတ်ကပ်ပါးပါးလေး လိမ်းခြယ်ထားပြီး မျက်ခုံးမွှေးများကို သေသပ်စွာ ဆွဲထားသဖြင့် အလွန် လှပတင့်တယ်နေသည်။
လွန်ခဲ့သော ၂နှစ်က ချောင်မိဖုရားခေါင်သည် အမိန့်တော်ထုတ်ပြန်ပြီး ဧကရာဇ်အတွက် ကိုယ်လုပ်တော် ရွေးချယ်ပေးခဲ့သည်။ အဆင့် ၅ အထက် အရာရှိများ၏ သမီးပျိုများကို နန်းတွင်းသို့ ဝင်ရောက်ယှဉ်ပြိုင်စေခဲ့သည်။ ယုံးကျားဧကရာဇ်သည်လည်း အားမနာဘဲ မိန်းမပျို ၅ဦးကို ရွေးချယ်ကာ နောက်နန်းဆောင်သို့ ထည့်သွင်းခဲ့သည်။ ရာထူးနိမ့်သူများကို မေရန် ပေးအပ်ပြီး ရာထူးအမြင့်ဆုံးသူကို ဖင် ပေးအပ်ခဲ့သည်။
နောက်နန်းဆောင်တွင် လူသစ်များ ရောက်လာသဖြင့် ယုံးကျားဧကရာဇ်သည် ဖန်းဟွာနန်းဆောင်သို့ သွားရောက်မှု နည်းပါးသွားခဲ့လေတော့သည်။
...