အခန်း (၅၅၀-၅၅၂)
Vol. 37 Ch. 550-552
အပိုင်း (၅၅၀) ၃နှစ် (၄)
ဝမ်ကျဲယွီသည် အချစ်တော်ခံရသည့် အချိန်တုန်းကလည်း ဘဝင်မမြင့်ခဲ့ပေ။ ယခု တစ်နှစ်ကျော်လောက် အချစ်တော်မခံရတော့သည့် အချိန်တွင်လည်း စိတ်ဓာတ်ကျနေခြင်း မရှိပေ။ နေ့စဉ်နေ့တိုင်း မနက်တစ်ကြိမ် ညတစ်ကြိမ် ကျောင်းဖန်နန်းဆောင်သို့ လာရောက် ဂါရဝပြုမြဲပင်။ မိုးရွာရွာ နေပူပူ တစ်ရက်မှ မပျက်ခဲ့ပေ။
ချောင်မိဖုရားခေါင်ကတော့ ဝမ်ကျဲယွီကို မိသားစုဝင်တစ်ယောက်လို သဘောထားပြီး လုမင်ယွိကလည်း ဝမ်ကျဲယွီနှင့် ရင်းနှီးလေသည်။
"ဒီနေ့ စာသင်ဆောင် ပိတ်ရက်ဆိုတော့ ရှောင်ကုန်းကျူက ဖန်းဟွာနန်းဆောင်ထဲမှာ နေရတာ ပျင်းပြီး ရွှီအာတို့ကို လာရှာချင်တယ်ဆိုလို့ ခေါ်လာတာပါ"
ဝမ်ကျဲယွီက အားနာဟန်ဖြင့် ပြုံးရင်း ရှင်းပြလေသည်။ "သူ့ဒဏ် မခံနိုင်လွန်းလို့ မျက်နှာပြောင်တိုက်ပြီး ခေါ်လာခဲ့ရတာပါ။ ဟွမ်ဟုပ်ညန်ညန်၊ ထိုက်ဇီဖေးညန်ညန်နဲ့ ကုန်းကျူတို့ စကားပြောနေတာကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်"
ချောင်မိဖုရားခေါင်က ပြုံးလိုက်သည်။ "ရှောင်ကုန်းကျူက ချစ်စရာကောင်းပါတယ်။ ပန်ကုံးက နေ့တိုင်းတောင် လာစေချင်တာ"
ဟွေ့အန်းကုန်းကျူက ဝင်ပြောလိုက်သည်။ "ကျွန်မနဲ့ မူဟုပ်က နေ့တိုင်း တွေ့နေကြတာပဲ။ ပြောစရာစကား သိပ်မရှိပါဘူး။ ဘာမှ မနှောင့်ယှက်ပါဘူး။ လူများတော့ စည်ကားတာပေါ့"
လုမင်ယွိကလည်း ပြုံးလိုက်သည်။ "နောက်ဆိုရင် စောစောလာခဲ့။ နေ့လယ်စာ အတူစားရအောင်"
ဝမ်ကျဲယွီက နှုတ်ခမ်းလေး ကွေးညွှတ်အောင် ပြုံးလိုက်သည်။ "ထိုက်ဇီဖေးညန်ညန်က ဒီလို ဖိတ်ခေါ်မှတော့ ကျွန်မလည်း နောက်ဆိုရင် မျက်နှာပြောင်ပြောင်နဲ့ စောစောလာခဲ့ပါ့မယ်"
လူကြီးများ ရယ်မောပြောဆိုနေကြစဉ် ကလေးများဘက်မှ အသံထွက်လာတော့သည်။
ရှောင်ကုန်းကျူက ဝမ်းနည်းပက်လက်ဖြင့် ပြေးလာပြီး တိုင်တန်းလေသည်။ "အာ့စောင်... ဟန်အာက သမီးရဲ့ ခေါင်းစည်းကြိုးကို ဆွဲတယ်"
ရှောင်ကုန်းကျူ၏ ခေါင်းပေါ်မှ ဆံထုံးနှစ်ဖက်အနက် တစ်ဖက်မှ ကြိုးမှာ ပြေကျနေပြီး ဆံထုံးလေးလည်း ဘေးသို့ စောင်းနေသည်။ ထိုအမူအရာနှင့် ဝမ်းနည်းနေသော မျက်နှာထားလေးကို တွေ့ရသည်မှာ သနားကရုဏာ သက်ဖွယ် ကောင်းလှသည်။
လုမင်ယွိသည် ရှောင်ကုန်းကျူကို ချက်ချင်း ပွေ့ဖက်လိုက်ပြီး နှစ်သိမ့်စကား ပြောလိုက်၏။ ထို့နောက် ခေါင်းစည်းကြိုးကို ပြန်လည် ပြင်ဆင်ပေးလိုက်ပြီး လီဟန်ကို လှမ်းခေါ်လိုက်သည်။
လီဟန်သည် မိခင်ဖြစ်သူ၏ မျက်နှာကို ကြည့်လိုက်သည်နှင့် အခြေအနေ မကောင်းမှန်း သိလိုက်၏။ ထို့ကြောင့် အနားသို့ မကပ်ဘဲ အချိန်ဆွဲနေလိုက်သည်။ လုမင်ယွိ ဒေါသထွက်ပြီး မဆူခင်မှာပင် သူက ချောင်မိဖုရားခေါင်၏ ရင်ခွင်ထဲသို့ ဝင်ရောက်ပုန်းခိုလိုက်သည်။
ချောင်မိဖုရားခေါင်သည် မြေးချစ်မြေးခင် ဖြစ်သဖြင့် ဘာမှမစဉ်းစားဘဲ ကာကွယ်ပေးလိုက်လေသည်။ "ဟန်အာက ငယ်ပါသေးတယ်။ ဘာမှ နားမလည်သေးဘူး။ မှားတာရှိရင် ဖြည်းဖြည်းချင်း သင်ပေးလို့ ရပါတယ်။ မျက်နှာကြီး တင်းမနေပါနဲ့။ ကလေး မပြောနဲ့။ ပန်ကုံးတောင် ကြောက်လာပြီ"
လုမင်ယွိ "..."
ကလေး အလွန်အမင်း ချစ်တတ်သော ယောက္ခမ ရှိနေသဖြင့် ကလေးဆုံးမရသည်မှာ မလွယ်ကူလှပေ။
ဝမ်ကျဲယွီကလည်း ပြုံးကာ ဝင်ပြောလိုက်သည်။ "ထိုက်ဇီဖေး စိတ်မဆိုးပါနဲ့။ ဟန်အာက ၃နှစ်တောင် မပြည့်သေးဘူး။ ဒီအရွယ် ကလေးက သူချစ်တဲ့သူကိုပဲ စနောက်တတ်တာပါ။ ရှောင်ကုန်းကျူကို တမင်သက်သက် အနိုင်ကျင့်တာ မဟုတ်ပါဘူး။ ထိုက်ဇီဖေးက ဒီကိစ္စလေးနဲ့ ဟန်အာကို ဆူလိုက်ရင် ကျွန်မလည်း နောက်ဆို ရှောင်ကုန်းကျူကို ခေါ်မလာရဲတော့ဘူး"
လုမင်ယွိက သက်ပြင်းချကာ ရယ်မောလိုက်သည်။ "ဒီကောင်စုတ်လေးက ဆိုးသွမ်းလွန်းလို့ပါ။ ရှင်တို့က ဝိုင်းပြီး ကာကွယ်ပေးနေကြတယ်။ ကျွန်မ သေချာ မဆုံးမရင် သူက ခေါင်းပေါ် တက်လာတော့မှာ"
ချောင်မိဖုရားခေါင်က သဘောကျစွာ ရယ်မောလိုက်သည်။ "ယောက်ျားလေးဆိုတာ ဆော့တတ်တာ သဘာဝပဲလေ"
ကဲ... ချောင်မိဖုရားခေါင် ရှိနေမှတော့ ကလေး ဆုံးမဖို့ မစဉ်းစားနဲ့တော့။
လုမင်ယွိသည် လီဟန်ကို မသိမသာ စိုက်ကြည့်လိုက်သည်။ လီဟန်သည် အစ်ကို အစ်မများနှင့် မတူပေ။ မိခင်ဖြစ်သူ စိုက်ကြည့်နေသည်ကို မြင်သော်လည်း ကြောက်ရွံ့ခြင်း မရှိသည့်အပြင် သွားဖြဲပြီး ရယ်ပြလိုက်သေးသည်။
လုမင်ယွိမှာ စိတ်တိုလွန်းလို့ ရယ်ချင်လာသည်။
ဒီကောင်စုတ်လေးက တကယ့် ဂြိုဟ်ဆိုးလေးပါပဲ။ ကိုယ်ဝန်ဆောင်ချိန်ကတည်းက ဒုက္ခပေးလာလိုက်တာ မွေးလာတော့လည်း ပိုဆိုးလာသည်။
ကျောင်းဖန်နန်းဆောင်တွင် ၂နာရီခန့် နေပြီးနောက် ကလေးများ ကစားရတာ မောပန်းလာကြသဖြင့် လုမင်ယွိက ပြန်လည် ခေါ်ဆောင်သွားလိုက်သည်။
အိမ်ရှေ့စံနန်းဆောင်သို့ ပြန်ရောက်သောအခါ လုမင်ယွိသည် မျက်နှာထားတင်းတင်းဖြင့် လီဟန်ကို ဆူပူကြိမ်းမောင်းလိုက်လေသည်။
အကာအကွယ်ပေးမည့်သူ မရှိတော့သဖြင့် လီဟန်သည် မလှုပ်ရှားရဲဘဲ ငြိမ်သက်စွာ ခံယူနေရသည်။ ခေါင်းငိုက်စိုက်ကျနေသော ပုံစံလေးမှာ သနားစရာ ကောင်းလှသည်။
ချီယွင်သည် ကြည့်ရင်း သနားလာသဖြင့် ဝင်ရောက်အသနားခံပေးလိုက်သည်။ "ထိုက်ဇီဖေးလည်း ဆူလို့ ဝသွားပြီဆိုတော့ ကျွန်မ မင်းသားလေးကို ခေါ်ပြီး သိပ်လိုက်ပါတော့မယ်"
လီဟန်သည် ခေါင်းကို အတင်းညိတ်ပြလိုက်ပြီး အကြောဆန့်ကာ အိပ်ချင်ဟန် ဆောင်ပြလိုက်သည်။
လုမင်ယွိသည် နဖူးကို ပွတ်သပ်လိုက်ပြီး ချီယွင်ကို ညည်းတွားလိုက်သည်။ "လူတိုင်းက သူ့ကို အလိုလိုက်လွန်းတယ်။ ငါ ဆုံးမ,မလို့ ကြံလိုက်တိုင်း နင်က ဝင်ဝင်ပြီး ပြောပေးနေတာ"
ချီယွင်က ရယ်မောလိုက်ကာ "ကောင်စုတ်လေး ဆိုတဲ့ စကားလုံးကို ထိုက်ဇီဖေးပဲ ပြောလို့ရတာလေ။ တခြားလူ ပြောရင် ထိုက်ဇီဖေးက စိတ်ဆိုးမှာ"
လုမင်ယွိက သဘောကျစွာ ရယ်မောလိုက်သည်။ "သေချာ စဉ်းစားကြည့်တော့လည်း ဟုတ်သားပဲ။ ငါကိုယ်တိုင်သာ စိတ်ဆိုးပြီး ဆူချင်ဆူမယ်။ တခြားလူက သူ့ကို အပြစ်ပြောရင် ငါက မခံစားနိုင်ဘူး။ ကြည့်ရတာ ဒီကမ္ဘာပေါ်မှာ မိခင်တိုင်းက ကိုယ့်သားသမီးကို ကာကွယ်ချင်ကြတာပဲ"
လီဟန်သည် အသက်ငယ်သော်လည်း ဉာဏ်ကောင်းသူ ဖြစ်သည်။ မိခင်ဖြစ်သူ ပြုံးလိုက်သည်ကို မြင်သောအခါ သက်ပြင်းချလိုက်ပြီး ချီယွင်၏ ရင်ခွင်ထဲသို့ ပြေးဝင်လိုက်လေသည်။ "ယွင်မားမားက သားအပေါ် အကောင်းဆုံးပဲ"
ပါးစပ်ချိုပြီး လိမ်မာတတ်သော လီဟန်ကို မည်သူက မချစ်ဘဲ နေနိုင်ပါမည်နည်း။
သူ ဆိုးသွမ်းနေပါစေ လူတိုင်းက သူ့ကို ချစ်ခင်နှစ်သက်ကြသည်။ ချီယွင်ဆိုလျှင် ပြောဖွယ်ရာ မရှိပေ။ ပြုံးရွှင်စွာဖြင့် လီဟန်ကို ပွေ့ချီပြီး သိပ်ရန် ခေါ်သွားလေသည်။
လုမင်ယွိသည် အားလပ်သွားသဖြင့် အိပ်ခန်းထဲသို့ ဝင်ရောက်ကာ အနားယူလိုက်၏။
အိပ်ပျော်လုဆဲဆဲ အချိန်တွင် သူမသည် အိမ်မက်တစ်ခု မက်လေသည်။
...
အိမ်မက်ထဲတွင် လီကျင့်သည် မြင်းစီးလျက် သူမဆီသို့ လျှောက်လှမ်းလာသည်။
မြင်းကြီးသည် မြင့်မားထည်ဝါပြီး လီကျင့်သည် နတ်သားတစ်ပါးကဲ့သို့ ချောမောခန့်ညားနေသည်။ မျက်ဝန်းနက်များထဲတွင် အပြုံးများ ပြည့်နှက်နေပြီး သူမ၏ နာမည်ကို ခေါ်လိုက်သည်။ "ရှောင်ယွိ... ကိုယ် ပြန်လာပြီ"
ထိုခဏတွင် သူမသည် ငယ်စဉ်ကကဲ့သို့ပင် ပေါ့ပါးလွတ်လပ်စွာဖြင့် မိမိချစ်သူထံသို့ ပြေးသွားမိသည်။
နေရောင်ခြည်သည် တောက်ပနေပြီး လေပြည်ညှင်းလေးများ တိုက်ခတ်နေသည်။
လီကျင့်၏ အပြုံးသည် နေရောင်ခြည်ထက်ပင် ပိုမို တောက်ပနေသည်။
ရုတ်တရက် ဘယ်နေရာမှန်း မသိသော နေရာမှ မြားတစ်စင်း ပျံသန်းလာပြီး လီကျင့်၏ ရင်ဘတ်တည့်တည့်သို့ စိုက်ဝင်သွားသည်။
သူမ၏ နှလုံးသားသည် တုန်လှုပ်သွားပြီး အော်ဟစ်သတိပေးလိုက်သည်။ "လီကျင့်... သတိထား"
ထိုမြားတံသည် ချက်ချင်းပင် သူ့ရင်ဘတ်ကို ဖောက်ထွက်သွားပြီး သွေးများ ပန်းထွက်လာသည်။ သူသည် နာကျင်ကြောင်းပင် အော်ဟစ်ချိန်မရလိုက်ဘဲ မြင်းပေါ်မှ ပြုတ်ကျသွားလေသည်။
ကမ္ဘာလောကကြီး တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး အရာအားလုံး ဗလာနတ္ထိ ဖြစ်သွားတော့သည်။
သူမ၏ နာကျင်ကြေကွဲစွာ အော်ဟစ်သံသာ ကျန်ရစ်တော့သည်။ "လီကျင့်"
လီကျင့်!
လုမင်ယွိသည် လန့်နိုးလာပြီး ကုတင်ပေါ်တွင် ထထိုင်လိုက်သည်။ နှလုံးခုန်သံများ မြန်ဆန်နေပြီး နဖူးပေါ်တွင် ချွေးစေးများ ပြန်နေကာ ကျောပြင်တစ်ခုလုံးလည်း အေးစက်နေသည်။
"ထိုက်ဇီဖေး..." တံခါးဝတွင် စောင့်နေသော ချီယွင်သည် အသံကြားသဖြင့် အပြေးအလွှား ဝင်ရောက်လာသည်။ "ထိုက်ဇီဖေး အိမ်မက်ဆိုး မက်လို့လား"
လုမင်ယွိသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး နှလုံးခုန်သံ ငြိမ်သက်သွားအောင် ထိန်းချုပ်လိုက်သည်။ "အင်း"
ချီယွင်သည် လက်ကိုင်ပုဝါဖြင့် လုမင်ယွိ၏ နဖူးမှ ချွေးများကို သုတ်ပေးလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။ "ထိုက်ဇီဖေး ခုနက အရှင်မင်းသားရဲ့ နာမည်ကို အော်လိုက်တာ ကြားတယ်။ အရှင်မင်းသားကို အိမ်မက်မက်လို့လား"
လုမင်ယွိက သက်ပြင်းချလိုက်သည်။ "ကျွန်မ ခုနက အိမ်မက်ဆိုး မက်တယ်။ တစ်ယောက်ယောက်က ချောင်းမြောင်းပြီး ပစ်လိုက်တဲ့မြား လီကျင့် ရင်ဘတ်ကို ထိသွားတယ်။ သူ မြင်းပေါ်က ပြုတ်ကျသွားပြီး သေလား ရှင်လား မသိရတော့ဘူး"
လီကျင့်သည် ယခုတစ်ခေါက် ကျန်းနန်သို့ သွားရောက်ခြင်းမှာ တရားမဝင် ဆားလုပ်ငန်းကို စစ်ဆေးရန် ဖြစ်သည်။
တရားမဝင် ဆားရောင်းဝယ်ခြင်းသည် အခွန်ဆောင်စရာ မလိုသဖြင့် အမြတ်အစွန်း ကြီးမားပြီး အစိုးရက တားမြစ်သော်လည်း မရပေ။
ဆားကုန်သည်များသည် အရာရှိများကို လာဘ်ထိုးပြီး ကိုယ်ပိုင် စစ်တပ်များပင် မွေးမြူထားကြသည်။ ယခင်က ကျန်းနန်သို့ စစ်ဆေးရေး သွားရောက်သော အရာရှိတစ်ဦးသည် လမ်းခရီးတွင် လုပ်ကြံခံရပြီး သေဆုံးခဲ့သည်။ တရားဝင် ထုတ်ပြန်ချက်တွင် ရောဂါကြောင့် သေဆုံးသည်ဟု ဆိုသော်လည်း တကယ်တမ်းမှာ လုပ်ကြံခံရခြင်းပင်။
ဆားကုန်သည်များ သောင်းကျန်းလွန်းသဖြင့် ယုံးကျားဧကရာဇ်သည် ဒေါသထွက်ပြီး အိမ်ရှေ့စံ လီကျင့်ကို စေလွှတ်ကာ စစ်ဆေးစေခဲ့ခြင်း ဖြစ်သည်။ လုံခြုံရေးအတွက် ဧကရာဇ်အစောင့်တပ်သား ၂၀၀၀ ကိုလည်း ထည့်ပေးလိုက်သည်။
လုမင်ယွိသည် စိတ်မချသဖြင့် ထိုက်ဇီဖေး ကိုယ်ရံတော် ၂၀၀၀ ကို ထပ်မံ ထည့်ပေးလိုက်သည်။
ထို့ကြောင့် လီကျင့်နှင့်အတူ ပါသွားသော စစ်သည်အင်အားမှာ ၅၀၀၀ ရှိသည်။ သူပုန် ၂သောင်း ၃သောင်းလောက်နှင့် တွေ့လျှင်ပင် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိလေသည်။
...
အပိုင်း (၅၅၁) စိတ်ပြေလက်ပျောက် (၁)
ချီယွင်သည် လုမင်ယွိကို အသံတိုးတိုးဖြင့် နှစ်သိမ့်လိုက်လေသည်။ "ထိုက်ဇီဖေးက အရှင်မင်းသားရဲ့ လုံခြုံရေးအတွက် စိတ်ပူနေတယ်ဆိုတာ ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ အရှင်မင်းသားက စစ်သည် ၅၀၀၀ ခေါ်သွားတာလေ။ တစ်ယောက်ယောက်က ပုန်ကန်မယ်ဆိုရင်တောင် အရှင်မင်းသားကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး"
လုမင်ယွိ၏ မျက်မှောင်များ မပြေလျော့သေးဘဲ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "တခြားနေရာကို သွားတာဆိုရင်တော့ စစ်သည် ၂၀၀၀ နဲ့တင် လုံလောက်ပါတယ်။ ကျန်းနန်ကတော့ အခြေအနေ မတူဘူး"
သာ့ဝေတိုင်းပြည် တည်ထောင်သည့် လမ်းခရီးသည် ၁၀စုနှစ်ကျော် ကြာမြင့်ခဲ့ပြီ။ ထိုကာလအတွင်း တိုက်ပွဲကြီး တိုက်ပွဲငယ် မည်မျှ တိုက်ခိုက်ခဲ့ရသည်ကို မသိနိုင်ပေ။ ပါဝင်ပတ်သက်ခဲ့သော ဆွေကြီးမျိုးကြီး အိမ်တော်များသည်လည်း မရေမတွက်နိုင်အောင် များပြားလှပြီး ကျန်းနန်ဒေသတွင် အများဆုံး ဖြစ်လေသည်။
ကျန်းနန်ဒေသ၏ ကြွယ်ဝချမ်းသာမှုသည် မြို့တော်ထက်ပင် သာလွန်လေသည်။ ဆွေကြီးမျိုးကြီးများသည် အချင်းချင်း လက်ဆက်ကြပြီး အင်အားကြီးမားသော ကွန်ရက်ကြီးတစ်ခု တည်ဆောက်ထားကြသည်။ ပြီးခဲ့သော ၁၀နှစ်တာ ကာလအတွင်း ၇၀ရာခိုင်နှုန်းသော အိမ်တော်များသည် အမြစ်ဖြတ် သုတ်သင်ခံခဲ့ရသည်။ ကျန်ရှိသော ၃၀ရာခိုင်နှုန်းသော အိမ်တော်များသည် အင်အားသေးငယ်သော အိမ်တော်များ သို့မဟုတ် ကြောက်ရွံ့သွားပြီး ပိုင်ဆိုင်မှုအများစုကို နိုင်ငံတော်သို့ ဆက်သကာ စစ်စရိတ်အဖြစ် လှူဒါန်းခဲ့သော အိမ်တော်များ ဖြစ်ကြသည်။
ဆွေကြီးမျိုးကြီးများ ပြိုလဲသွားသောအခါ ကျန်းနန်ဒေသတွင် ဒုစရိုက်လောကသားများ ပေါ်ထွက်လာကြသည်။ တရားမဝင် ဆားရောင်းဝယ်ခြင်း၊ ကလေးနှင့် အမျိုးသမီးများ လူကုန်ကူးခြင်း၊ လောင်းကစားရုံနှင့် ပြည့်တန်ဆာရုံများ ဖွင့်လှစ်ခြင်း စသည်ဖြင့် မကောင်းမှု ဒုစရိုက်များ မရေမတွက်နိုင်အောင် များပြားလှသည်။
ယခင်က ယုံးကျားဧကရာဇ်သည် စစ်တိုက်ရန် အလုပ်များနေပြီး ယန်နှင့် ချူ နှစ်နိုင်ငံကို သိမ်းပိုက်ကာ ကြီးမားသော အင်ပါယာကြီးတစ်ခု တည်ထောင်ခဲ့သည်။ ယခု စစ်ပွဲများ ငြိမ်းအေးသွားပြီ ဖြစ်သဖြင့် ထိုလူများကို ဖြေရှင်းရန် အချိန်ရလာပြီ ဖြစ်သည်။
လီကျင့်၏ ခရီးစဉ်သည် အပေါ်ယံတွင် တရားမဝင် ဆားလုပ်ငန်းကို စစ်ဆေးရန် ဖြစ်သော်လည်း တကယ်တမ်းတွင် အခြားရည်ရွယ်ချက် တစ်ခု ရှိနေသည်။ ၎င်းမှာ ကြီးမားသော အမှောင်အင်အားစုများကို ရှင်းလင်းပစ်ရန်နှင့် ကျန်းနန် အရာရှိလောကမှ အကျင့်ပျက် အရာရှိများကို ဖယ်ရှားပစ်ရန် ဖြစ်သည်။
လီကျင့် မထွက်ခွာမီ ယုံးကျားဧကရာဇ်သည် သူ့ကို ဝမ်ဟွားနန်းဆောင်သို့ ခေါ်ယူခဲ့၏။
သားအဖနှစ်ယောက် ၁နာရီခန့် သီးသန့် ဆွေးနွေးခဲ့ကြသည်။ ယုံးကျားဧကရာဇ်က လီကျင့်ကို ပြောလိုက်သည်။ "...မင်း ဒီခရီးစဉ်မှာ ကျန်းနန် အရာရှိလောကကို ရှင်းလင်းနိုင်ပြီး သာ့ဝေရဲ့ နောက်ဆုံး ကျန်ရှိနေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှ တိုင်းပြည်က တကယ် အေးချမ်းမှာ"
"မင်းက သာ့ဝေရဲ့ အိမ်ရှေ့စံပဲ။ ဒီကိစ္စကို မင်းလက်ထဲ အပ်မှ ငါ စိတ်ချရမှာ"
အကယ်၍ ဤမျှ အရေးကြီးသော တာဝန်ကို လီဟောက်အား ပေးအပ်လိုက်ပါက အိမ်ရှေ့စံ၏ ဂုဏ်သိက္ခာ ဘယ်ရောက်သွားပါမည်နည်း။
အိမ်ရှေ့စံ ဖြစ်ရသည်မှာ မလွယ်ကူလှပေ။ အခက်ခဲဆုံး အလုပ်များကို အိမ်ရှေ့စံကသာ တာဝန်ယူရသည်။
လီကျင့်၏ မျက်ဝန်းများသည် တည်ကြည်ပြတ်သားနေပြီး လက်နှစ်ဖက်ကို ယှက်ကာ ကတိပေးလိုက်လေသည်။ "ဖုဟွမ်ရဲ့ ယုံကြည်မှုကို သားတော် အလဟဿ မဖြစ်စေရပါဘူး။ သားတော်ကို အချိန် နှစ်ဝက်လောက် ပေးပါ။ သားတော်က နှစ်ဝက်အတွင်း ကျန်းနန် ၆မြို့နယ်က အကျင့်ပျက် အရာရှိတွေကို ဖော်ထုတ်ပြီး သူတို့နဲ့ ပူးပေါင်းနေတဲ့ အင်အားစုတွေကို ရှင်းလင်းပစ်ပါ့မယ်။ ပြည်သူတွေကို အေးချမ်းသာယာတဲ့ ကျန်းနန်ဒေသ ပြန်ပေးပါ့မယ်"
ဤကိစ္စများကို ချောင်မိဖုရားခေါင်နှင့် ဟွေ့အန်းကုန်းကျူတို့ပင် မသိရှိကြပေ။ လုမင်ယွိသည်လည်း ချီယွင်ကို အသေးစိတ် မပြောပြခဲ့ဖူးပေ။
သို့သော် ချီယွင်ကတော့ ရိပ်မိနေသည်။ အကြောင်းမှာ ယခုတစ်ကြိမ် ကျန်းနန်ခရီးစဉ်တွင် လုယိပါ လိုက်ပါသွားသောကြောင့် ဖြစ်သည်။ လုမင်ယွိသည် လုယိကို အိမ်ရှေ့စံနှင့်အတူ ပထမဆုံးအကြိမ် ထည့်ပေးလိုက်ခြင်း ဖြစ်သည်။
အိမ်ရှေ့စံ လီကျင့် လုပ်ဆောင်မည့် ကိစ္စသည် အလွန် အရေးကြီးပြီး အန္တရာယ်များသည့် ကိစ္စ ဖြစ်ပေလိမ့်မည်။
ချီယွင်သည် စိတ်ကို တည်ငြိမ်အောင် ထားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "ထိုက်ဇီဖေးက အရှင်မင်းသားကို စိတ်ပူနေရင် စာရေးလိုက်ပါလား"
လုမင်ယွိက သက်ပြင်းချလိုက်ကာ "မရေးတော့ပါဘူး။ သူက အပြင်မှာ ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်နေရတာ။ အားရင် ငါ့ဆီ စာရေးပါလိမ့်မယ်။ ငါက စာသွားရေးရင် သူ့ကို အာရုံထွေပြားအောင် လုပ်သလို ဖြစ်နေမှာ"
လွန်ခဲ့သော ၃နှစ်အတွင်း လင်မယားနှစ်ယောက် အတူနေရချိန် နည်းပါးလှသည်။ လုမင်ယွိသည် စကားတစ်ခွန်းမျှ မညည်းညူခဲ့ပေ။ အိမ်ရှေ့စံနန်းဆောင်ကို စောင့်ရှောက်ပြီး ကလေးများကို ပြုစုပျိုးထောင်ကာ အိမ်မှုကိစ္စများကို တာဝန်ယူထားသဖြင့် လီကျင့်သည် နောက်ဆံမတင်းဘဲ အလုပ်ကို အာရုံစိုက်နိုင်ခဲ့သည်။
အိမ်ရှေ့စံ၏ ပြည်သူအပေါ်ထားသော မေတ္တာစေတနာသည် ၃နှစ်အတွင်း သာ့ဝေတစ်ပြည်လုံးသို့ ပျံ့နှံ့သွားပြီး ပြည်သူများ၏ ချစ်ခင်လေးစားမှုကို ရရှိခဲ့သည်။
ချီယွင်သည် သခင်မကို သနားကရုဏာသက်မိပြီး သက်ပြင်းချလိုက်သည်။ "ဒါပေမဲ့ ထိုက်ဇီဖေးအတွက်တော့ တော်တော် ပင်ပန်းရတာပဲ"
လုမင်ယွိက ပြောလိုက်သည်။ "လင်မယားနှစ်ယောက် စိတ်တူကိုယ်တူနဲ့ ယုံကြည်မှုရှိရှိ အပြန်အလှန် မှီခိုနေရတာက ငါ့အတွက်တော့ လောကကြီးမှာ အပျော်ရွှင်ဆုံး ကိစ္စပဲ။ ပင်ပန်းတယ်လို့ မခေါ်ပါဘူး"
တကယ့် ပင်ပန်းဆင်းရဲခြင်း ဆိုသည်မှာ ပေးဆပ်သမျှကို တန်ဖိုးမထားဘဲ လျစ်လျူရှုခံရခြင်း၊ ယုံကြည်မှုကို သစ္စာဖောက်ခံရခြင်းနှင့် အချစ်ဆုံး ယောက်ျား၏ သစ္စာဖောက်ခြင်းကို ခံရခြင်းတို့ပင်။
လုမင်ယွိသည် ယခင်ဘဝက အကြောင်းများကို မတွေးမိသည်မှာ ကြာပြီဖြစ်သည်။
ယခုဘဝ၏ ပျော်ရွှင်မှုများသည် သူမ၏ ရင်ထဲမှ ဒဏ်ရာများကို ကုစားပေးနိုင်ခဲ့လေပြီ။
"ချီယွင်... ငါ တကယ် အဆင်ပြေပါတယ်” လုမင်ယွိက ချီယွင်ကို မော့ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်။ "တစ်ခါတလေ အိမ်မက်ဆိုး မက်တာပါ။ စိတ်မပူပါနဲ့"
ချီယွင်သည် မကောင်းသော ခံစားချက်ကို ဖိနှိပ်ထားလိုက်ပြီး ပြုံးလျက် ပြောလိုက်၏။ "မင်းသားလေးနဲ့ မင်းသမီးလေးတို့ နေ့လယ်စာ စားပြီးလို့ နိုးလာတာနဲ့ ထိုက်ဇီဖေးကို ရှာနေကြတယ်။ ထိုက်ဇီဖေး နိုးပြီဆိုတော့ သူတို့ကို ခေါ်လာလိုက်ပါ့မယ်"
လုမင်ယွိက ခေါင်းညိတ်လိုက်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။ "တစ်ခါတလေကျရင် သူတို့ ၃ယောက်ကို ထားခဲ့ပြီး လုအိမ်တော်ကို ပြန်နေချင်တယ်"
မချစ်လို့ မဟုတ်ဘဲ ကလေး ၃ယောက်ကို ထိန်းကျောင်းရသည်မှာ မိခင်တစ်ယောက်အတွက် အလွန် ခေါင်းကိုက်စရာ ကောင်းသောကြောင့်ပင်။
ချီယွင်သည် သဘောကျစွာ ရယ်မောလိုက်ကာ "ထိုက်ဇီဖေး လုအိမ်တော်ကို ပြန်ချင်ရင် ဟွမ်ဟုပ်ညန်ညန်ကို ပြောလိုက်လေ။ ဟွမ်ဟုပ်ညန်ညန်က ငြင်းမှာ မဟုတ်ပါဘူး"
ဟုတ်တာပဲ။
လုမင်ယွိသည် ပါးစပ်ထဲ ရှိရာ ပြောလိုက်ခြင်း ဖြစ်သော်လည်း ယခုအခါ တကယ် စိတ်ဝင်စားလာပြီ ဖြစ်သည်။ "ရွှီအာနဲ့ ရွှမ်းအာက နေ့တိုင်း စာသင်နေရတော့ သူတို့ကို ကြည့်ပေးမယ့်သူ ရှိတယ်။ ငါ ရက်နည်းနည်းလောက် မရှိလည်း ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ဟန်အာက ငယ်သေးတော့ မူဟုပ်ဆီ ထားခဲ့ရင် ကောင်းပါ့မလား"
ချီယွင်က ပြုံးလိုက်ကာ "ဟွမ်ဟုပ်ညန်ညန်က မင်းသားလေးကို အချစ်ဆုံးပဲ။ ထိုက်ဇီဖေးက မင်းသားလေးကို ကျောင်းဖန်နန်းဆောင် ပို့ပေးရင် ဟွမ်ဟုပ်ညန်ညန်က ပျော်တောင် နေဦးမှာ။ ဘာလို့ မကောင်းရမှာလဲ"
မင်းသားလေးတွေက အရေးကြီးပါတယ်။ ဒါပေမဲ့ ချီယွင်၏ စိတ်ထဲတွင် လုမင်ယွိကသာ အရေးကြီးဆုံးပင်။
လုမင်ယွိ၏ စိတ်နေစိတ်ထားနှင့် နေ့တိုင်း အိမ်ရှေ့စံနန်းဆောင်ထဲတွင် ကလေးထိန်းနေရသည်မှာ မလွယ်ကူလှပေ။ စိတ်မွန်းကျပ်နေသဖြင့် အပြင်ထွက်ပြီး စိတ်ပြေလက်ပျောက် နေချင်သည်မှာ မဆန်းပေ။
လုမင်ယွိသည် ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်ပြီး တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ "ကောင်းပြီ... ငါ မနက်ဖြန် မူဟုပ်ကို ပြောလိုက်မယ်"
...
နောက်တစ်နေ့တွင် လုမင်ယွိက ချောင်မိဖုရားခေါင်ကို ပြောပြလိုက်ရာ ချောင်မိဖုရားခေါင်က ချက်ချင်း သဘောတူလေသည်။ "မင်း လုအိမ်တော်မှာ သွားနေချင်ရင် သွားနေလိုက်။ ရွှီအာနဲ့ ရွှမ်းအာက နေ့တိုင်း စာသင်ဆောင်မှာ စာသင်နေရတာ။ လိမ်မာတဲ့ ကလေးတွေဆိုတော့ စိတ်ပူစရာ မလိုပါဘူး။ ဟန်အာကိုတော့ ပန်ကုံး ကြည့်ထားလိုက်မယ်"
ချောင်မိဖုရားခေါင်က လွယ်လွယ်ကူကူ သဘောတူလိုက်သဖြင့် လုမင်ယွိ ပျော်ရွှင်သွားသည်။ "ကျေးဇူးတင်ပါတယ် မူဟုပ်"
ချောင်မိဖုရားခေါင်က ပြုံးလိုက်ကာ "ပန်ကုံးနဲ့ ဒီလို အားနာစကားတွေ ပြောမနေပါနဲ့။ ဒါပေမဲ့ အရမ်းကြီး ကြာကြာတော့ မနေနဲ့နော်။ ကလေးတွေက အမေနဲ့ ခွဲနေရရင် အဆင်မပြေဘူး။ ၅ရက် ၆ရက်လောက် နေပြီးရင် ပြန်လာခဲ့"
၅ရက် ၆ရက် ဆိုတာလည်း မနည်းပါဘူး။
လုမင်ယွိ၏ အပြုံးသည် တောက်ပသွားသည်။ "ကောင်းပါပြီ။ မူဟုပ် စကား နားထောင်ပါ့မယ်။ ၆ရက် နေပြီး ပြန်လာခဲ့ပါ့မယ်"
လုအိမ်တော်သို့ ပြန်မည့်အကြောင်းကို လုမင်ယွိက လီရွှီနှင့် လီရွှမ်းကို တည့်ပြောလိုက်သည်။ အမွှာမောင်နှမသည် အသက်ကြီးလာပြီ ဖြစ်သဖြင့် နားလည်မှု ရှိကြသည်။ "မေမေ စိတ်ချလက်ချ သွားနေပါ။ သားတို့ ကိုယ့်ဘာသာကိုယ် နေတတ်ပါတယ်"
လီဟန်ကိုတော့...
လုံးဝ ပြောပြ၍ မရပေ။ မဟုတ်လျှင် သူ့ကိုပါ ခေါ်သွားဖို့ အတင်း ကပ်တွယ်ပြီး ဆူညံသောင်းကျန်းနေလိမ့်မည်။
၂ရက်အကြာတွင် လုမင်ယွိသည် ဘာမှမဖြစ်သလို ပုံစံဖြင့် လီဟန်ကို ကျောင်းဖန်နန်းဆောင်သို့ ခေါ်သွားပြီး လီဟန် ကစားနေချိန်တွင် အိမ်ရှေ့စံနန်းဆောင်သို့ ပြန်လာကာ အထုတ်အပိုး ဆွဲပြီး နန်းတော်မှ ထွက်ခွာသွားလေသည်။
လီဟန်သည် တစ်မနက်ခင်းလုံး ကစားပြီးနောက် မိုးချုပ်ချိန်တွင် မိခင်ဖြစ်သူကို ရှာမတွေ့မှ သတိထားမိသွားသည်။
"ဘွားဘွား... မေမေ ရော" လီဟန်သည် ချောင်မိဖုရားခေါင်၏ အင်္ကျီစကို ဆွဲပြီး မျက်လုံးဝိုင်းလေးများဖြင့် မေးလိုက်သည်။
ချောင်မိဖုရားခေါင်သည် ဉာဏ်ကောင်းပြီး ချစ်စရာကောင်းသော မြေးလေးကို ပွေ့ချီလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "သား မေမေက ကိစ္စရှိလို့ ခရီးသွားတယ်။ သားက ကျောင်းဖန်နန်းဆောင်မှာ နေပြီး ညကျရင် ဘွားဘွားနဲ့ အတူအိပ်နော်"
လီဟန်သည် မွေးစကတည်းက မိခင်နှင့် တစ်ခါမှ မခွဲဖူးပေ။ မိခင်ဖြစ်သူ ခရီးသွားသည်ဟု ကြားလိုက်ရသည်တွင် နှုတ်ခမ်းမဲ့ကာ အော်ငိုလေတော့သည်။ "မေမေ့ကို လိုချင်တယ်... မေမေ့ကို လိုချင်တယ်"
ချောင်မိဖုရားခေါင် "..."
...
အပိုင်း (၅၅၂) စိတ်ပြေလက်ပျောက် (၂)
လုအိမ်တော်။
နန်းတော်မှ လာသော မြင်းလှည်းသည် အိမ်တော်တံခါးဝတွင် ရပ်တန့်လိုက်ပြီးနောက် လုမင်ယွိသည် မြင်းလှည်းပေါ်မှ ပေါ့ပါးသွက်လက်စွာ ဆင်းလိုက်လေသည်။
ခေါင်းမော့ကြည့်လိုက်သည်နှင့် ရင်းနှီးကျွမ်းဝင်သော အပြုံးမျက်နှာများကို မြင်တွေ့လိုက်ရ၏။
ရှေ့ဆုံးမှ ရပ်နေသူကတော့ ဖခင်ဖြစ်သူ လုလင်းပင်။ ထို့နောက်တွင် ကျန်းကျုံးနှင့် လုမင်ဖန်း လင်မယား နှစ်ယောက်၊ လုဖေးနှင့် ရှန်းလန်တို့လည်း ပြုံးရွှင်စွာ ရပ်နေကြသည်။ ကျိုးလီသည် အိမ်ရှေ့စံနှင့်အတူ ကျန်းနန်သို့ လိုက်ပါသွားသဖြင့် လုမင်ဟွားသည် သားသမီးများနှင့်အတူ ပြန်လာခဲ့သည်။ လက်ထပ်ပြီး ၃လသာ ရှိသေးသော လီယန်သည်လည်း လီကျင့်နှင့်အတူ လိုက်ပါသွားသဖြင့် လုမင်ယွဲ့သည် တစ်ယောက်တည်း ပြန်လာခဲ့လေသည်။
ပြစ်ဒဏ်စီရင်ရေးဌာနတွင် အလုပ်ဝင်နေသော မောင်ငယ် လုရွှမ်းသည်လည်း ယနေ့တွင် အထူးတလည် ခွင့်ယူထားသည်။
မိသားစုဝင်များ စုံစုံလင်လင် ရောက်ရှိနေကြသည်။
လုမင်ယွိသည် စိတ်ပျော်ရွှင်နေသဖြင့် ခြေလှမ်းများ ပေါ့ပါးသွက်လက်နေပြီး ပြုံးရွှင်စွာ နှုတ်ဆက်လိုက်လေသည်။ "အဖေ၊ သာ့ကျဲ၊ သာ့ကျဲဖူ၊ အာ့ကော၊ အာ့စောင်၊ စန်းကျဲ၊ ဝူမေ့၊လျို့တိ အားလုံး ရှိနေကြတာပဲ"
လုရွှမ်းက အရင်ဦးအောင် ဝင်ပြောလေသည်။ "ပြီးခဲ့တဲ့ ၂ရက်က အစ်မ အိမ်ပြန်လာနေမယ်လို့ စာပို့လိုက်တော့ အာ့စောင်က အားလုံးကို အကြောင်းကြားပေးတာလေ။ ဒါကြောင့် အားလုံး ရောက်နေကြတာ"
ရှန်းလန်က နှုတ်ခမ်းလေး ကွေးညွှတ်အောင် ပြုံးလိုက်ပြီး ပြောလိုက်သည်။ "နင်က နန်းတော်ထဲကနေ အိမ်ပြန်လာဖို့ ဆိုတာ ခဲယဉ်းတော့ အားလုံးက လာတွေ့ကြတာပေါ့"
လုမင်ဖန်းက ရယ်မောလိုက်ကာ။ "ဟုတ်သားပဲ။ ငါလည်း ဒီမှာ ရက်နည်းနည်းလောက် လာနေမလို့"
လုမင်ဟွားက နူးညံ့စွာ ပြောလိုက်၏။ "ငါလည်း လာနေမလို့ စိတ်ကူးထားတာ"
"သမီးလည်း ယောက္ခမကို အထူးတလည် ပြောပြီး ပြန်လာခဲ့တာ" လုမင်ယွဲ့သည် ချွေးမဘဝကို နေသားမကျသေးသဖြင့် အသံတိုးတိုးဖြင့် ညည်းတွားလိုက်သည်။ "ယောက္ခမက သိပ်မကြိုက်ချင်ဘူး။ သမီးကိုတောင် ဆူလိုက်သေးတယ်"
လုမင်ယွိက မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။ "စိတ်ချလက်ချသာ နေ။ သူ မကျေနပ်ရင် ငါ့ကို လာပြောခိုင်းလိုက်"
ထိုက်ဇီဖေးညန်ညန်ကတော့ တကယ်ကို သြဇာအာဏာ ကြီးမားပါပေတယ်။
အားလုံးက သဘောကျစွာ ရယ်မောလိုက်ကြသည်။
လုလင်းသည် မြင်းလှည်းထဲသို့ လှမ်းကြည့်လိုက်ပြီး ကလေးများ ပါမလာသည်ကို တွေ့သောအခါ အံ့ဩသွားလေသည်။ "ရွှီအာနဲ့ ရွှမ်းအာက စာသင်ဆောင် သွားရမယ် ထားလိုက်ပါတော့။ ဟန်အာက ငယ်သေးတာ ဘာလို့ မခေါ်လာတာလဲ"
လုမင်ယွိက ရိုးသားစွာ ဖြေလိုက်သည်။ "အဓိကက နေ့တိုင်း သူ့ဒဏ်ကို မခံနိုင်လို့ ခဏလောက် ရှောင်ပြီး စိတ်ပြေလက်ပျောက် လာနေတာလေ"
လုလင်းသည် ရယ်မောလိုက်သည်။ "နားထောင်ကြည့်ကြပါဦး။ မိခင်ရင်းတစ်ယောက် ပြောတဲ့စကားကို။ ကိုယ့်သားကိုယ်တောင် ငြီးငွေ့နေပြီတဲ့"
လုမင်ဖန်းက ထောက်ခံလိုက်သည်။ "ကလေးတွေ ဆိုးရင် တကယ် ခေါင်းကိုက်ရတာ။ ဟန်အာက မွေးကတည်းက အဆော့သန်တာ ကလေး ၂ယောက် ၃ယောက်စာလောက် ရှိတယ်။ စစ်မေ့ရဲ့ စိတ်နဲ့ ဒီလောက်ကြာအောင် သည်းခံနိုင်တာ တော်တော် ဟုတ်နေပြီ"
လုမင်ယွိက ရယ်ချင်စိတ်ကို ထိန်းမရ ဖြစ်သွားတော့သည်။ "သာ့ကျဲ... အစ်မက ကျွန်မကို ချီးကျူးနေတာလား နှိမ်နေတာလား"
အားလုံးက တဟားဟား ရယ်မောလိုက်ကြသည်။
လုလင်းက ရယ်မောရင်း သမီးဖြစ်သူကို နှစ်သိမ့်လိုက်၏။ "ချီးကျူးတာပေါ့ သမီးရဲ့။ သမီးရဲ့ အရင်က စိတ်ထားနဲ့ဆိုရင် အခုလို စိတ်ရှည်လက်ရှည် ကလေးထိန်းနိုင်တာ တကယ် မလွယ်ဘူး။ ဟန်အာ ပါမလာတာ ကောင်းပါတယ်။ သမီးလည်း ကောင်းကောင်း အနားယူလို့ ရတာပေါ့"
ဖခင်ရှေ့တွင် လုမင်ယွိသည် ငယ်မူပြန်ကာ ချွဲနွဲ့လိုက်လေသည်။ "အဖေက သမီးကို ချော့တတ်လိုက်တာ"
လုလင်းက မျက်လုံးမှိတ်ပြပြီး ပြုံးလိုက်သည်။ "ကဲ... သွားကြစို့။ အိမ်ထဲဝင်ပြီးမှ စကားပြောကြတာပေါ့"
မိသားစု ပြန်လည်ဆုံတွေ့ရခြင်းသည် ပြောမပြတတ်အောင် ပျော်ရွှင်စရာ ကောင်းလှသည်။ အိမ်ရှေ့တံခါးဝတွင် စကားပြောကောင်းနေသဖြင့် အိမ်ထဲဝင်ရမည်ကိုပင် မေ့နေကြသည်။
လုမင်ယွိတစ်ယောက် ပြုံးရွှင်စွာ ခေါင်းညိတ်လိုက်ပြီး ရှန်းလန်နှင့် လုမင်ယွဲ့၏ လက်ကို တွဲကာ လျှောက်သွားလိုက်သည်။
လုရွှမ်းသည် မနာလို ဖြစ်သွားပြီး မျက်နှာပြောင်တိုက်ကာ ရှေ့တိုးလာလေသည်။ "စစ်ကျဲ... ကျွန်တော့်ကို စကားတစ်ခွန်းမှ မပြောသေးဘူးနော်"
၁၈နှစ်အရွယ် လုရွှမ်းသည် အရပ်အမောင်း ထောင်ထောင်မောင်းမောင်း ဖြစ်လာပြီး လုဖေးနှင့် မတိမ်းမယိမ်း ရှိနေပြီ ဖြစ်သည်။
သူသည် မွေးရာပါ ပိန်သောကြောင့် ဘယ်လောက်စားစား ဝမလာဘဲ လက်တံခြေတံရှည်ပြီး ခေါင်းကြီးနေဆဲပင်။ ရုပ်ရည်ကတော့ အနည်းငယ် ချောမောလာသော်လည်း အနေအထိုင်ကတော့ ပေါ့ပျက်ပျက် နိုင်လှသည်။
လုမင်ယွိက မျက်ခုံးပင့်ကာ ပြုံးလိုက်ပြီး လက်ကို ဆန့်ထုတ်လိုက်၏။
လုရွှမ်းသည် အလိုက်တသိဖြင့် ခါးကို ကုန်းပေးလိုက်ပြီး ခေါင်းကို ငုံ့ပေးလိုက်သည်။ လုမင်ယွိသည် သူ့ခေါင်းကို တစ်ချက် ပုတ်လိုက်သည်။ လုရွှမ်းသည် သွားဖြဲလိုက်ပြီး ခေါင်းကို ပွတ်သပ်ကာ ပြောလိုက်လေသည်။ "တကယ့်ကို ရင်းနှီးတဲ့ ခံစားမှုပါပဲ"
လုမင်ယွိက တခစ်ခစ် ရယ်မောလိုက်သည်။ "နင်လည်း အသက်ကြီးနေပြီ။ အခုထိ ပေါက်ကရတွေ ပြောတုန်းပဲ"
လုရွှမ်းက ရယ်မောလိုက်ကာ "မိန်းမမရသေးသရွေ့ ကလေးပဲလေ"
အားလုံးက သဘောကျစွာ ရယ်မောလိုက်ကြသည်။
လုမင်ယွိသည် မိသားစုဝင်များ ခြံရံလျက် အိမ်ထဲသို့ ဝင်ရောက်သွားပြီး လုရွှမ်းကို ဆက်ပြောလိုက်သည်။ "နှစ်သစ်ကူးပြီးပြီဆိုတော့ နင်လည်း ၁၈နှစ် ရှိပြီ။ မိန်းမ ယူသင့်ပြီ"
လုရွှမ်းသည် ချက်ချင်း မျက်နှာပျက်သွားပြီး လက်အုပ်ချီကာ တောင်းပန်လေတော့သည်။ "စစ်ကျဲရယ်... ကျွန်တော့်ကို လွှတ်ပေးပါတော့။ ယိဖုကို ပြောထားပြီးသားပါ။ ကျွန်တော်က တစ်ယောက်တည်း နေရတာ ကြိုက်တယ်။ မိန်းမ မယူချင်ပါဘူးလို့"
စကားပြောရင်း အားလုံး ထိုင်ခုံများတွင် နေရာယူလိုက်ကြသည်။
လုမင်ယွိက ဖခင်ဖြစ်သူကို ကြည့်ကာ မေးလိုက်သည်။ "အဖေ... အဖေက သူ့ကို သဘောတူလိုက်တာလား"
လုလင်းက မတတ်သာသည့်ဟန်ဖြင့် ပြုံးလိုက်သည်။ "ဒီကောင်စုတ်က ငါ နောက်အိမ်ထောင်ပြုမှ သူ ယူမယ်တဲ့။ ငါက နောက်အိမ်ထောင်ပြုဖို့ အစီအစဉ်မှ မရှိတာ။ သူက တစ်သက်လုံး လူပျိုကြီး လုပ်တော့မှာလား။ ငါက စစ်တပ်ထဲမှာ နေရတော့ သူ့ကို ဂရုမစိုက်နိုင်ဘူး။ ဒီတစ်ခါ ပြန်လာမှ သူ့ကို ကောင်းကောင်း ဆုံးမရမယ်"
လုမင်ယွိက လုရွှမ်းဘက်သို့ လှည့်ကြည့်လိုက်သည်။
လုရွှမ်းက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "စစ်ကျဲ... ကျွန်တော် တကယ် ပြောတာပါ။ အခု ကျွန်တော်က ပြစ်ဒဏ်စီရင်ရေးဌာနမှာ အလုပ်လုပ်နေတာ။ နေ့တိုင်း အမှုစစ် လူဖမ်းနဲ့ အလုပ်ရှုပ်နေတာ အိပ်ချိန်တောင် မရှိဘူး။ မိန်းမယူလိုက်ရင် မိန်းမက တစ်ယောက်တည်း အထီးကျန်နေမှာ။ သူများ သမီးပျိုလေးကို ဒုက္ခမပေးချင်ပါဘူး။ ဒါကြောင့် မယူတာ အကောင်းဆုံးပဲ"
"ဘာတွေ လာပြောနေတာလဲ" လုဖေးက ဝင်ပြောလိုက်သည်။ "ငါ အရင်တုန်းက စစ်တိုက်ထွက်ရင် ၂နှစ်ကျော်လောက် ကြာတာ။ မင်းအာ့စောင်က အိမ်မှာ ကလေးထိန်းပြီး စောင့်နေတာပဲ။ မင်း ပြောသလိုဆို ငါလည်း မိန်းမမယူသင့်ဘူးပေါ့"
လုရွှမ်းက ချက်ချင်း ပြန်ဖြေလိုက်သည်။ "ကျွန်တော်က ကျွန်တော့်အကြောင်း ပြောတာပါ။ အစ်ကို့ကို ရည်ရွယ်တာ မဟုတ်ပါဘူး။ အထင်မလွဲပါနဲ့" ပြီးတော့ ရှန်းလန်ကိုပါ ပြုံးပြလိုက်သည်။ "အာ့စောင်... ကျွန်တော် အာ့စောင်ကို ပြောတာ မဟုတ်ဘူးနော်။ အထင်မလွဲပါနဲ့"
ရှန်းလန်က ပြုံးလိုက်သည်။ "ဒီလို ဘဝမျိုးကို ငါ ကျေနပ်ပါတယ်။ ဒါကြောင့် မင်းလည်း ဒီလို အကြောင်းပြချက်နဲ့ မိန်းမ မယူဘဲ မနေပါနဲ့"
လုရွှမ်း "..."
ရှန်းလန် စကားစလိုက်သည်နှင့် လုမင်ဖန်းနှင့် လုမင်ဟွားတို့လည်း ဝင်ရောက် ဝိုင်းဝန်း ပြောဆိုကြတော့သည်။
လုရွှမ်းသည် မခံနိုင်တော့ဘဲ လက်မြှောက်ကာ အရှုံးပေးလိုက်လေသည်။ "ကျွန်တော် မှားပါတယ်။ ကျွန်တော် မှားပါတယ်။" တခြားသူများ ဆက်မပြောမီ သူက ထပ်ပြောလိုက်သည်။ "ကျွန်တော် ဒီနေ့ အိမ်ပြန်မလာခဲ့သင့်ဘူး"
တကယ့် လုရွှမ်းပါပဲ။
လုမင်ယွိက ပြုံးရင်း မျက်စောင်းထိုးလိုက်သည်။
လုရွှမ်းသည် အလိုအလျောက် ခေါင်းကို ကျုံ့လိုက်ပြီး ကိုယ်ကို မတ်မတ်ထားကာ ငြိမ်သက်သွားတော့သည်။
အားလုံးက ဟားတိုက် ရယ်မောလိုက်ကြသည်။
မည်သို့ပင်ဆိုစေကာမူ မိသားစု ပြန်လည်ဆုံတွေ့ရခြင်းသည် ပျော်ရွှင်မှုများ အပြည့်ပင်။
နေ့လယ်စာ စားပြီးနောက် လုမင်ယွိသည် ရင်းနှီးကျွမ်းဝင်သော အိပ်ခန်းထဲသို့ ဝင်ရောက်ကာ ကုတင်ပေါ်တွင် လှဲလျောင်းလိုက်ပြီး သက်ပြင်းချလိုက်လေသည်။ "အိမ်ပြန်လာရတာ အကောင်းဆုံးပဲ"
ချီယွင်က နှုတ်ခမ်းလေး ကွေးညွှတ်အောင် ပြုံးလိုက်သည်။ "ထိုက်ဇီဖေး ဒီလောက် ပျော်ရွှင်နေတာ မတွေ့ရတာ ကြာပြီ"
"ဟန်အာရဲ့ အသံကို မကြားရတော့ ကမ္ဘာကြီးက အေးချမ်းသွားသလိုပဲ" လုမင်ယွိက ကိုယ့်ဘာသာ လှောင်ပြောင်လိုက်သည်။ "သူက ငါ့ဘဝရဲ့ ဂြိုဟ်ဆိုးလေး ဆိုတာ သေချာသွားပြီ"
ချီယွင်က တခစ်ခစ် ရယ်မောလိုက်ပြီး လုမင်ယွိကို စောင်ခြုံပေးလိုက်သည်။ "ထိုက်ဇီဖေး တစ်ရေးလောက် အိပ်လိုက်ဦး။ နိုးလာရင် ဟိုရယ်တို့ လာကြလိမ့်မယ်"
လုမင်ယွိက ခေါင်းညိတ်လိုက်ပြီး မျက်လုံးမှိတ်ကာ အိပ်စက်လိုက်သည်။
"မေမေ"
ဟင်...
ဒီအသံက ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ။
အိမ်မက်မက်နေတာ ဖြစ်မှာပါ။
နားအေးပါးအေး နေရခိုက်မှာတောင် ဒီကောင်စုတ်လေးကို သတိရနေသေးတယ်။
လုမင်ယွိသည် တစ်ဖက်သို့ လှည့်ကာ ဆက်အိပ်လိုက်သည်။ သို့သော် နားငြီးစရာ ကောင်းသော အသံက ဆက်လက် ထွက်ပေါ်လာသည်။ "မေမေ... မေမေ... မေမေ"
လုမင်ယွိ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ရင်းနှီးနေသော ပါးဖောင်းဖောင်းလေးကို တွေ့လိုက်ရလေသည်။ "မေမေ... သား မေမေ့ကို တွေ့ပြီ"
လုမင်ယွိ "..."
...