အခန်း (၅၅၃-၅၅၅)
Vol. 37 Ch. 553-555
အပိုင်း (၅၅၃) စိတ်ပြေလက်ပျောက် (၃)
လီဟန်သည် ကျွမ်းကျင်စွာပင် ဖိနပ်ကို ကန်ထုတ်လိုက်သည်။ တစ်ဖက်ကို ကုတင်ဘေးသို့ ကန်ထုတ်လိုက်သော်လည်း နောက်တစ်ဖက်ကတော့ တံခါးအနောက်သို့ ရောက်လုနီးပါး ဖြစ်သွားသည်။
သူသည် ခြေဗလာလေးဖြင့် ကုတင်ပေါ်သို့ တွားတက်သွားပြီး မိခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လိုက်သည်။ ပါးဖောင်းဖောင်းလေးကို မိခင်၏ ပါးပြင်နှင့် ကပ်လိုက်ပြီး လက်သေးသေးလေးများဖြင့် လည်ပင်းကို ဖက်တွယ်ကာ ကျေနပ်ပျော်ရွှင်စွာ ပြောလိုက်သည်။ "မေမေ... ဘွားဘွားက ပြောတယ်။ မေမေက သားနဲ့ တူတူပုန်းတမ်း ကစားချင်လို့တဲ့။ အခုတော့ သား မေမေ့ကို တွေ့ပြီ"
နူးညံ့အိစက်ပြီး ဖက်တီးနေသော ကိုယ်လုံးလေးသည် သူမ၏ ရင်ခွင်ထဲတွင် ကပ်တွယ်နေသည်။
လုမင်ယွိသည် ရယ်ရခက် ငိုရခက် ဖြစ်နေပြီး သားဖြစ်သူ၏ ပါးလေးကို ပွတ်သပ်ပေးလိုက်သည်။ "ဘယ်သူ လာပို့တာလဲ"
"ချိုင်လန်ကူးကူး လာပို့တာ။ သားက နန်းတော်ထဲမှာ နေရာအနှံ့ လိုက်ရှာတာ မေမေ့ကို မတွေ့ဘူး။ စိတ်ပူပြီး ငိုတော့တာပဲ" လီဟန်သည် စကားပြောရာတွင် အသံကြည်လင်ပြတ်သားပြီး အကြောင်းအကျိုး ဆက်စပ်တတ်သည်။ "ဘွားဘွားက သားကို သနားလို့ ချိုင်လန်ကူးကူးကို လိုက်ပို့ခိုင်းလိုက်တာ"
လုမင်ယွိ "..."
သူမ ကြိုသိနေသင့်သည်။
ချောင်မိဖုရားခေါင်သည် ကလေးအလိုလိုက်ဆုံး ဖြစ်သည်။ လီဟန်ကလည်း ငိုပြီး ဇွတ်တောင်းဆိုတတ်သူ ဖြစ်ရာ ချောင်မိဖုရားခေါင်၏ စိတ်နေစိတ်ထားနှင့် မည်သို့ စိတ်ခိုင်နိုင်ပါမည်နည်း။ ကြည့်ပါဦး... မိုးမချုပ်ခင်မှာပင် ကလေးကို လုအိမ်တော်သို့ ပို့ဆောင်ပေးလိုက်လေပြီ။
"မေမေ... သားကို နမ်းပါဦး" လီဟန်သည် ရင်ခွင်ထဲတွင် လူးလှိမ့်နေပြီး ပါးဖောင်းဖောင်းလေးကို ထိုးပေးလိုက်သည်။
လုမင်ယွိသည် ရယ်ချင်စိတ်ကို မနည်းထိန်းထားရပြီး သားဖြစ်သူ၏ ပါးလေးကို ငုံ့နမ်းလိုက်၏။ သူမ၏ စိတ်နှလုံးသားသည် အရည်ပျော်ကျသွားသလို နူးညံ့သွားတော့သည်။
ထားလိုက်ပါတော့... တစ်ရက်လောက် နားခွင့်ရတာပဲ ကျေးဇူးတင်ရမည်။ ရောက်လာမှတော့ ပြန်ပို့လို့ မရတော့ပေ။
ဒေါက်... ဒေါက်... ဒေါက်...
တံခါးခေါက်သံ ကြားလိုက်ရပြီး ချိုင်လန်၏ အသံထွက်ပေါ်လာသည်။ "ကျွန်မ ချိုင်လန်ပါ... ထိုက်ဇီဖေးညန်ညန်ကို ဂါရဝပြုပါတယ်"
လုမင်ယွိသည် ကုတင်ပေါ်တွင် ထထိုင်လိုက်သည်။ "ဝင်ခဲ့ပါ"
ချိုင်လန်သည် ပြုံးရွှင်စွာ တံခါးဖွင့်ဝင်လာပြီး ကုတင်ဘေးတွင် ရပ်ကာ ဂါရဝပြုလိုက်သည်။ "ဟွမ်ဟုပ်ညန်ညန်က စကားပါးလိုက်ပါတယ်။ ထိုက်ဇီဖေးညန်ညန် စိတ်ချလက်ချ နေခဲ့ပါ။ ၁၀ရက် ၁၅ရက်လောက် နေခဲ့လည်း ရပါတယ်တဲ့"
ချောင်မိဖုရားခေါင်သည် အားနာသွားပုံ ရသည်။ မူလက ၅ရက် ၆ရက်ဟု ပြောထားသော်လည်း ယခုအခါ ၁၅ရက်အထိ တိုးပေးလိုက်လေသည်။
လုမင်ယွိလည်း ယဉ်ကျေးမနေတော့ဘဲ ပြုံးကာ ပြောလိုက်တော့၏။ "နန်းတော်ပြန်ရောက်ရင် မူဟုပ်ကို ကျေးဇူးတင်ကြောင်း ပြောပေးပါ"
ချိုင်လန်က ခေါင်းညိတ်လိုက်ပြီး ကုတင်ပေါ်တွင် လူးလှိမ့်ကစားနေသော လီဟန်ကို ကြည့်ကာ ပြုံးလိုက်သည်။ "ကျွန်မ ရဲရဲတင်းတင်း ပြောပါရစေ။ ထိုက်ဇီဖေး စိတ်မဆိုးပါနဲ့"
"ဒီနေ့ မင်းသားငယ်လေးက အရမ်း ငိုတာပါ။ ဟွမ်ဟုပ်ညန်ညန်တင် မကဘူး။ ကျွန်မတောင် စိတ်မကောင်း ဖြစ်ရတယ်။ မင်းသားငယ်လေးက ငယ်သေးတော့ မေမေနဲ့ ခွဲမနေနိုင်သေးဘူးလေ။ ဟွမ်ဟုပ်ညန်ညန်က ထိုက်ဇီဖေးကို မျက်နှာပူနေတာနဲ့ ကျွန်မကပဲ တောင်းဆိုပြီး လိုက်ပို့ပေးလိုက်တာပါ"
"ထိုက်ဇီဖေး စိတ်မကြည်ရင် ကျွန်မကိုပဲ ဆူပစ်လိုက်ပါ။ ဟွမ်ဟုပ်ညန်ညန်ကိုတော့ စိတ်မဆိုးပါနဲ့"
လုမင်ယွိက ရယ်မောလိုက်ကာ "နင် ပြောတာ ကြားရင် ငါကပဲ အဆိုးကြီး ဖြစ်နေသလိုပဲ။ ဟန်အာ သောင်းကျန်းရင် ငါတောင် မနိုင်တာ မူဟုပ်ဆို ပြောမနေနဲ့တော့။ ရပါပြီ... ဘာမှ ပြောမနေနဲ့တော့။ နန်းတော်ကို ပြန်ပြီး သတင်းပို့လိုက်တော့"
ချိုင်လန်က လုမင်ယွိ၏ မျက်နှာထားကို အကဲခတ်လိုက်၏။
လုမင်ယွိက မနေနိုင်ဘဲ ရယ်လိုက်မိသည်။ "ငါ စိတ်မဆိုးပါဘူး။ စိတ်ချလက်ချ ပြန်သွားပါ"
ချိုင်လန်က အပြုံးဖြင့် ပြန်ဖြေလိုက်သည်။ "ထိုက်ဇီဖေးက သဘောထားကြီးပါတယ်။ ကျွန်မ ကျေးဇူးတင်ပါတယ်"
လုမင်ယွိသည် စိတ်ထဲတွင် ချီးကျူးလိုက်မိသည်။ ချိုင်လန်သည် တကယ့် သစ္စာရှိသော အပျိုတော်ပင်။ ဤသို့ သတိထားပြီး တောင်းပန်နေခြင်းမှာ လုမင်ယွိက ချောင်မိဖုရားခေါင်အပေါ် စိတ်ခုသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်မည်။
ချိုင်လန် ထွက်သွားပြီးနောက် ချီယွင်သည် ပြုံးရွှင်စွာ ဝင်ရောက်လာသည်။ "ထိုက်ဇီဖေး... ဝမ်ရယ်က မင်းသားငယ်လေး ရောက်နေတာ သိလို့ ဝမ်းသာအားရ ရောက်လာပါပြီ"
လီဟန်သည် အဘိုး ရောက်လာသည်ဟု ကြားသည်နှင့် ချက်ချင်း ထခုန်လိုက်ပြီး ကုတင်ပေါ်တွင် လျှောက်ခုန်နေတော့သည်။ "ဘိုးဘိုး... သား ဘိုးဘိုးကို တွေ့ချင်တယ်"
လုမင်ယွိသည် အကျင့်ပါနေသည့်အတိုင်း နဖူးကို ပွတ်သပ်လိုက်သည်။
ချီယွင်သည် သခင်မ၏ မျက်နှာထားကို ကြည့်ပြီး သဘောကျသွားကာ "ထိုက်ဇီဖေး နည်းနည်းလောက် ထပ်နားလိုက်ပါဦး။ ကျွန်မ မင်းသားငယ်လေးကို ခေါ်သွားပြီး ဝမ်ရယ်နဲ့ ပေးတွေ့လိုက်ပါ့မယ်"
လုမင်ယွိက ရယ်မောလိုက်သည်။ "ငါ တစ်ညနေလုံး အိပ်ထားတာ အိပ်ချင်စိတ် မရှိတော့ပါဘူး။ နင် အဖေ့ကို ခဏစောင့်ခိုင်းလိုက်။ ငါ အဝတ်အစားလဲပြီး လာခဲ့မယ်"
...
လုမင်ယွိသည် လှုပ်ရှားမှု မြန်ဆန်သူ ဖြစ်သဖြင့် ရေနွေးတစ်အိုး ဆူပွက်ချိန်လောက်သာ ကြာပြီးနောက် အဝတ်အစားလဲကာ လီဟန်၏ လက်ကို ဆွဲ၍ အဘိုးဖြစ်သူနှင့် သွားရောက်တွေ့ဆုံလေသည်။
"ဘိုးဘိုး"
အဝေးကတည်းက လီဟန်သည် အသံကုန်ဟစ်ကာ အော်ခေါ်လိုက်လေသည်။
လုလင်းသည် ထိုင်မနေနိုင်တော့ဘဲ ပြုံးရွှင်စွာ ထွက်ကြိုလေသည်။ ပြေးလာသော ချစ်မြေးလေးကို ပွေ့ချီလိုက်ပြီး "မတွေ့တာ လနဲ့ချီနေပြီ။ ဘိုးဘိုးကို ပြပါဦး"
လီဟန်သည် ဖြူဖြူဖွေးဖွေး ဖက်တီးလေး ဖြစ်ပြီး မျက်လုံးနက်နက်လေးများ တောက်ပနေသည်။ အားအင်ပြည့်ဝပြီး တက်ကြွလန်းဆန်းနေသဖြင့် မြင်သူတိုင်း ချစ်ခင်နှစ်သက်ကြသည်။
လုလင်းသည် ကြည့်လေ သဘောကျလေ ဖြစ်ပြီး လုမင်ယွိကို ပြုံးကာ ပြောလိုက်သည်။ "ဟန်အာက ဒီလောက် ချစ်ဖို့ကောင်းတာ။ သမီးက ရက်ရက်စက်စက် နန်းတော်ထဲမှာ ထားခဲ့တယ်"
လုမင်ယွိသည် ဖခင်ဖြစ်သူရှေ့တွင် သမီးဆိုးလေးကဲ့သို့ မျက်စောင်းထိုးကာ ပြန်ပြောလိုက်သည်။ "အဖေက တစ်ခါတလေမှ တွေ့ရတော့ ချစ်တာပေါ့။ နေ့တိုင်း တွေ့နေရရင် ခေါင်းကိုက်တယ်ဆိုတာ ဘာလဲဆိုတာ သိလာလိမ့်မယ်"
လီဟန်သည် ချက်ချင်း ဝမ်းနည်းသွားပြီး မိခင်ဖြစ်သူကို ကြည့်ကာ မေးလိုက်သည်။ "မေမေက သားကို မချစ်တော့ဘူးလား"
လုမင်ယွိ စကားမပြန်ရသေးမီ လုလင်းက စိုးရိမ်တကြီး ဝင်ပြောလိုက်သည်။ "တို့ဟန်အာလေးက ဒီလောက် ချစ်ဖို့ကောင်းတာ မေမေက ဘယ်လိုလုပ် မချစ်ဘဲ နေမလဲ။ ခုနက သူ စနောက်နေတာပါ။ တကယ်တော့ သူက ဟန်အာကို အချစ်ဆုံးပါ"
ပြောရင်းနှင့် လုမင်ယွိကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
လုမင်ယွိက တမင်သက်သက် ညည်းတွားပြလိုက်သည်။ "အရင်တုန်းကဆို အဖေက သမီးကို အချစ်ဆုံး။ စကားပြောရင်တောင် အသံကျယ်ကျယ် မပြောရက်ဘူး။ ရွှီအာနဲ့ ရွှမ်းအာ မွေးလာတော့ သမီးရဲ့ နေရာက လျော့သွားတယ်။ အခု ဟန်အာ ထပ်ရောက်လာတော့ အဖေ့မျက်လုံးထဲမှာ သမီးကိုတောင် မမြင်တော့ဘူး"
လုလင်းက သဘောကျစွာ ဟားတိုက် ရယ်မောလိုက်၏။
လီဟန်သည် မိခင်ဖြစ်သူ၏ ဤကဲ့သို့ ချွဲနွဲ့သော ပုံစံကို တစ်ခါမှ မမြင်ဖူးသဖြင့် ဆန်းသစ်နေပြီး လက်ခုပ်တီးကာ ရယ်မောနေတော့သည်။
ခဏကြာ ရယ်မောပြီးနောက် လုလင်းက လုမင်ယွိကို ပြောလိုက်သည်။ "သမီး ပြန်လာတုန်း အိမ်မှာ ရက်နည်းနည်းလောက် ပိုနေသွားပါလား"
လုမင်ယွိက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ "မူဟုပ်က ချိုင်လန်ကို ဟန်အာ လာပို့ခိုင်းရင်း ၁၅ရက်လောက် နေခဲ့ပါလို့ မှာလိုက်တယ်"
မူလက ၅ရက် ပြောထားသော်လည်း မျက်စိတစ်မှိတ်အတွင်း ၁၅ရက် ဖြစ်သွားသည်။
ချောင်မိဖုရားခေါင် တကယ်ပဲ အားနာနေပုံရသည်။
လုလင်းကလည်း သဘောကျသွားပြီး "ဟွမ်ဟုပ်ညန်ညန်က သမီးအပေါ် တကယ် ကောင်းတာပဲ"
ယောက္ခမတစ်ယောက်အနေနဲ့ ချွေးမအပေါ် ဒီလောက် ကောင်းပေးတာ ရှားပါးပါတယ်။
လုမင်ယွိ၏ မျက်ဝန်းထဲတွင် အပြုံးများ ပြည့်နှက်သွားသည်။ "ဟုတ်ပါတယ်။ မူဟုပ်က သဘောထားကြီးပြီး ကြင်နာတတ်ပါတယ်။ ဒီလို ယောက္ခမမျိုး ရထားတာ သမီးအတွက် ကံကောင်းမှုပါပဲ"
ယောက္ခထီး အကြောင်းကတော့... ထားလိုက်ပါတော့။
ယုံးကျားဧကရာဇ်သည် ထက်မြက်သော ဧကရာဇ်တစ်ပါး ဖြစ်သော်လည်း မိသားစုရေးရာတွင်တော့ အဆင်မပြေလှပေ။ မယားငယ်နှင့် မယားငယ်ကမွေးသော သားသမီးများကို အလိုလိုက်ပြီး မယားကြီးကို လျစ်လျူရှုကာ တရားဝင် သားသမီးများကို သာမန်ကာလျှံကာသာ ဆက်ဆံတတ်သည်။
လွန်ခဲ့သော နှစ်များအတွင်း နောက်နန်းဆောင်တွင် မိန်းမပျိုများ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာခဲ့သည်။ လွန်ခဲ့သော ၂လက ယန်ဖင်သည် ဆဌမမင်းသားကို မွေးဖွားခဲ့သည်။ ယုံးကျားဧကရာဇ်သည် သက်ကြီးမှ သားရသဖြင့် အလွန် ပျော်ရွှင်ပြီး ယန်ဖင်ကို အထူးတလည် အလိုလိုက်နေသည်။ မယ်တော်ကြီးကျောက်ကလည်း ယန်ဖင်ကို မြှောက်ပင့်ပေးနေသည်။
ကံကောင်းစွာဖြင့် ချောင်မိဖုရားခေါင်သည် သဘောထားကြီးသူ ဖြစ်သဖြင့် သည်းခံနေနိုင်ခြင်း ဖြစ်သည်။ မဟုတ်လျှင် ဒေါသထွက်ပြီး ရင်ကွဲနာကျလောက်နေပြီ။
သားအဖ ဆက်ဆံရေးကို ပြောရလျှင်လည်း...
ယုံးကျားဧကရာဇ်သည် အိမ်ရှေ့စံ လီကျင့်ကို အားကိုးသလို သတိလည်း ထားလေသည်။ လွန်ခဲ့သော နှစ်များအတွင်း ခက်ခဲသော တာဝန်များကို လီကျင့်အား ပေးအပ်ခဲ့သည်။ လီကျင့်သည် နေရာအနှံ့ ခရီးသွားပြီး တာဝန်ထမ်းဆောင်ရသော်လည်း ညည်းတွားခွင့် မရှိပေ။
မည်သို့ပင်ဖြစ်စေကာမူ ဤသို့သော အတွေ့အကြုံများသည် အကျိုးရှိစေပြီး ဘေးဖယ်ထားခံရခြင်းထက် ပိုမို ကောင်းမွန်လေသည်။
တချို့စကားများသည် ကလေးရှေ့တွင် ပြောရန် မသင့်တော်ပေ။
လုလင်းသည် လုမင်ယွိကို ကြည့်ကာ ပြောလိုက်သည်။ "ထမင်းစားဆောင် သွားကြရအောင်။ ညစာစားပြီးမှ စာကြည့်ဆောင်မှာ စကားပြောကြတာပေါ့"
လုမင်ယွိက ခေါင်းညိတ်ပြလိုက်၏။
...
အပိုင်း (၅၅၄) စိတ်ပြေလက်ပျောက် (၄)
"သာ့ယီး( ကြီးကြီး)"
"အာ့ကျို့မူ (ဒုတိယကြီးတော်)"
လုမင်ယွိသည် စိတ်ရှည်လက်ရှည်ဖြင့် လီဟန်ကို တစ်ယောက်ချင်းစီ လိုက်လံနှုတ်ဆက်ခိုင်းလေသည်။ လီဟန်သည် လူအများက ဝိုင်းကြည့်နေသော်လည်း စိုးရွံ့ခြင်း မရှိဘဲ ကျယ်လောင်စွာ လိုက်လံခေါ်ဝေါ်နှုတ်ဆက်လေသည်။
အားလုံးက ဝိုင်းဝန်း ချီးကျူးကြသည်။ "ကြည့်ပါဦး... ငါတို့ ဟန်အာလေးက ချောလိုက်တာ"
"လူများတာကိုလည်း မကြောက်တတ်ဘူး။ အသံကလည်း ကျယ်တယ်။ အားရစရာ ကောင်းလိုက်တာ"
"ဒီလောက် လိမ်မာပြီး ချစ်စရာ ကောင်းတာ။ စစ်မေ့ ပြောသလို ဆိုးတဲ့ပုံစံ မပေါ်ပါဘူး"
လီဟန်သည် ချီးကျူးခံရသဖြင့် ဂုဏ်ယူဝင့်ကြွားနေပြီး မျက်နှာလေး မော့ကာ ခြေထောက်လေး လှုပ်ရမ်းနေသည်။ အမြီးသာ ပါလျှင် အပေါ်ထောင်နေလောက်ပြီ ဖြစ်သည်။
လုမင်ယွိက ရယ်မောလိုက်သည်။ "ကဲ... အားလုံးပဲ သူ့ကို အရမ်းမမြှောက်ကြပါနဲ့။ နင်တို့ ပြောသမျှ သူက အဟုတ်မှတ်နေမှာ"
ရယ်မောသံများဖြင့် အားလုံး စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်ကြသည်။
လီဟန်သည် ဆော့ကစားတတ်သော်လည်း ထမင်းစားလျှင်တော့ စည်းကမ်းရှိသည်။ ထိုင်ခုံပေါ်တွင် ထိုင်ကာ စားချင်တာကို မိခင်ကို တိုးတိုးလေး ပြောသည်။ လုမင်ယွိကလည်း လျင်မြန်စွာဖြင့် သူ့ပန်းကန်ထဲသို့ ဟင်းများ ထည့်ပေးလိုက်သည်။ လီဟန်သည် ဇွန်းလေးကို ကိုင်ကာ တစ်ဇွန်းပြီး တစ်ဇွန်း အရသာရှိစွာ စားသောက်လေသည်။
လုမင်ဖန်းက ရယ်မောလိုက်သည်။ "လိမ်မာပါတယ်"
လုမင်ယွိက မတတ်သာသည့်ဟန်ဖြင့် ပြုံးလိုက်သည်။ "ထမင်းစားချိန်နဲ့ အိပ်ချိန်လောက်ပဲ ငြိမ်တာပါ။ ဗိုက်ဝသွားရင် ကြည့်နေလိုက်"
"ယောက်ျားလေးဆိုတာ အားအင်ပြည့်ဝနေတော့ ဒီလိုပါပဲ" ရှန်းလန်က ဝင်ပြောလိုက်သည်။ "ကျွမ်းအာ ငယ်ငယ်တုန်းကလည်း ဒီလိုပါပဲ။ မနှစ်က စာသင်ဆောင် သွားတက်မှ တစ်နေ့လုံး လူမမြင်ရတော့ နားအေးပါးအေး ဖြစ်သွားတာ"
လုစီယွမ်(ကျွမ်းအာ နာမည်ရင်း)သည် လီရွှီ၏ အဖော်အဖြစ် စာသင်ကြားနေရပြီး မနက်စောစော နန်းတော်ထဲဝင်ကာ ညဘက်မှ ပြန်လာရသည်။
ထိုသို့ ဖြစ်သွားသဖြင့် ရှန်းလန်သည် တော်တော် သက်သာသွားခဲ့သည်။
လုမင်ယွဲ့က ပြုံးလျက် မေးလိုက်သည်။ "စစ်ကျဲ... အစ်မ တကယ်ပဲ ၁၅ရက်နေပြီးမှ ပြန်မှာလား။ ရွှီအာနဲ့ ရွှမ်းအာကို မလွမ်းဘူးလား"
တကယ်တော့ လွမ်းနေပြီ ဖြစ်သည်။
ရွှီအာနှင့် ရွှမ်းအာ မွေးဖွားပြီးကတည်းက သူမသည် ကလေးများနှင့် တခါမှ မခွဲခွာဖူးပေ။
လုမင်ယွိက နှုတ်ခမ်းလေး ကွေးညွှတ်အောင် ပြုံးလိုက်သည်။ "လွမ်းလည်း နောက်ရက်နည်းနည်းလောက် ပိုနေပြီးမှ ပြန်မယ်"
အားလုံးက ရယ်မောလိုက်ကြ၏။
ညစာစားပြီးနောက် ချီယွင်သည် လီဟန်ကို ရေချိုးပေးရန် ခေါ်ဆောင်သွားသည်။ လုမင်ယွိသည် စာကြည့်ဆောင်ထဲသို့ ဝင်ရောက်ကာ လုလင်းနှင့် စကားပြောလေသည်။ စာကြည့်ဆောင်ထဲတွင် သားအဖနှစ်ယောက်တည်း ရှိသဖြင့် ဟန်ဆောင်နေစရာ မလိုဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်လေသည်။
လုလင်းက တဲ့တိုးပင် မေးလိုက်သည်။ "အိမ်ရှေ့စံရဲ့ ဒီခရီးစဉ်က တရားမဝင် ဆားလုပ်ငန်းကို စစ်ဆေးတာအပြင် တခြားရည်ရွယ်ချက် ရှိသေးလား"
လုမင်ယွိသည် ဖခင်ကို ဖုံးကွယ်မထားဘဲ လေသံတိုးတိုးဖြင့် ပြောပြလိုက်သည်။ "ကျန်းနန်က ဆွေကြီးမျိုးကြီးတွေက အမြစ်တွယ်နေတာ ကြာပြီ။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က စစ်ပွဲတွေကြောင့် တော်တော်များများ ပျက်စီးသွားပေမယ့် ကျန်ရှိနေတဲ့ အင်အားစုတွေက လျှော့တွက်လို့ မရဘူး"
"သူတို့က နောက်ကွယ်မှာ ပူးပေါင်းပြီး အင်အားကြီးမားတဲ့ အဖွဲ့အစည်း တည်ထောင်ထားကြတယ်။ တရားမဝင် ဆားရောင်းဝယ်တာက တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်။ လောင်းကစားရုံ ဖွင့်တာ၊ ပြည့်တန်ဆာရုံ ဖွင့်တာ၊ လူကုန်ကူးတာ စတဲ့ မကောင်းမှု ဒုစရိုက်တွေ အများကြီး လုပ်နေကြတယ်။ အချို့ အရာရှိတွေနဲ့တောင် ပူးပေါင်းပြီး ကျန်းနန် အရာရှိလောကကို ချယ်လှယ်ထားကြတယ်"
"ဆားလုပ်ငန်း စစ်ဆေးရေးမှူး လုပ်ကြံခံရတာကို ပြန်စဉ်းစားကြည့်ရင် ကြောက်စရာ ကောင်းလွန်းတယ်"
"ဖုဟွမ်က အိမ်ရှေ့စံကို လွှတ်လိုက်တာက ဒီအင်အားစုတွေကို ရှင်းလင်းပစ်ဖို့နဲ့ ကျန်းနန် အရာရှိလောကကို သန့်ရှင်းရေး လုပ်ဖို့ပါ"
လုလင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ခဏကြာမှ ပြောလိုက်သည်။ "အိမ်ရှေ့စံရဲ့ ခရီးစဉ်က ရိုးရှင်းမှာ မဟုတ်ဘူးလို့ ငါ ထင်သားပဲ။ အရှင်မင်းကြီးက ဒီလောက် အရေးကြီးတဲ့ တာဝန်ကို အိမ်ရှေ့စံ လက်ထဲ အပ်လိုက်တာကို ကြည့်ရင် အိမ်ရှေ့စံကို ယုံကြည်အားကိုးတယ် ဆိုတာ သိသာပါတယ်။ ဒါပေမဲ့ ဒါက လွယ်ကူတဲ့ ကိစ္စ မဟုတ်ဘူး။ အန္တရာယ်တွေ အများကြီး ရှိနိုင်တယ်"
ဖခင်ရှေ့ရောက်မှ လုမင်ယွိသည် စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြသလိုက်သည်။ "သမီးလည်း သူ့လုံခြုံရေးအတွက် စိတ်ပူတယ်။ ဒီတစ်ခါ ဖုဟွမ်က သူ့ကို နန်းစောင့်တပ်သား ၂၀၀၀ ထည့်ပေးလိုက်တယ်။ သမီးက လုယိကို ကိုယ်ရံတော် ၂၀၀၀ နဲ့ ထည့်ပေးလိုက်တယ်။ သူ့ရဲ့ ကိုယ်ရံတော် ၁၀၀၀ နဲ့ ပေါင်းရင် စုစုပေါင်း ၅၀၀၀ ရှိတယ်"
"ဘယ်သူမှ ဗြောင်ကျကျ ပုန်ကန်တာ မလုပ်သရွေ့ လုပ်ကြံသတ်ဖြတ်မှုလောက်နဲ့တော့ သူ့ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး"
လုလင်းက ခေါင်းညိတ်လိုက်ပြီး လုမင်ယွိကို ကြည့်ကာ မေးလိုက်သည်။ "သမီး ရုတ်တရက် နန်းတော်ထဲက ထွက်ပြီး စိတ်ပြေလက်ပျောက် လာနေတာက ဒီကိစ္စကြောင့် စိတ်ပူနေလို့လား"
လုမင်ယွိက သက်ပြင်းချလိုက်သည်။ "အဲဒါကြောင့်လည်း ပါပါတယ်။ နေ့တိုင်း နန်းတော်ထဲမှာ နေရတာ အရမ်း မွန်းကျပ်တယ်။ ဒီအခွင့်အရေးကို အသုံးချပြီး အိမ်ပြန်လာနေတော့ စိတ်နည်းနည်း သက်သာသွားတာပေါ့"
လုလင်းသည် သမီးဖြစ်သူကို သနားကရုဏာ သက်မိသွားသည်။
လီကျင့်သည် လွန်ခဲ့သော နှစ်များအတွင်း တာဝန်ထမ်းဆောင်ရန် ခရီးထွက်နေရသဖြင့် အိမ်ရှေ့စံနန်းဆောင်တွင် နေထိုင်ချိန် နည်းပါးသည်။ လုမင်ယွိသည် ထိုက်ဇီဖေး တစ်ယောက်အနေဖြင့် အိမ်ရှေ့စံနန်းဆောင်ကို ထိန်းသိမ်းစောင့်ရှောက်ရသလို ကလေးများကိုလည်း ပြုစုပျိုးထောင်ရသည်။ ထို့ပြင် ချောင်မိဖုရားခေါင်အတွက်ပါ အကြံဉာဏ်ပေး ကူညီရသဖြင့် အလွန် ပင်ပန်းရှာသည်။
လုလင်း ငြိမ်သက်နေသည်ကို မြင်သောအခါ လုမင်ယွိက ပြုံးကာ ပြောလိုက်သည်။ "အဖေ... သမီးအတွက် စိတ်မပူပါနဲ့။ သမီးတို့ လင်မယားက စိတ်တူကိုယ်တူနဲ့ ယုံကြည်မှု ရှိကြပါတယ်။ နည်းနည်း ပင်ပန်းပေမယ့် ပျော်ရွှင်စရာ ကောင်းတဲ့ ဘဝပါ"
ထိုအခါမှ လုလင်း၏ မျက်နှာတွင် အပြုံးရိပ်များ ပေါ်လာလေသည်။ "သူသာ သမီးကို သစ္စာဖောက်ရဲရင် အဖေက သူ့ကို ပထမဆုံး ဆုံးမမယ့်လူပဲ"
လုမင်ယွိက မျက်လုံးလေး မှိတ်ပြလိုက်သည်။ "အဖေက သမီးဘက်က ရပ်တည်ပေးမှတော့ သမီးက ဘယ်သူ့ကိုမှ မကြောက်တော့ဘူး"
ဤစကားသည် ယုံးကျားဧကရာဇ်ကို ရည်ညွှန်းခြင်း ဖြစ်ကြောင်း သိသာလှသည်။
လုလင်းက သဘောကျစွာ ပြုံးလိုက်သည်။
လွန်ခဲ့သော ၃နှစ်အတွင်း သာ့ဝေတိုင်းပြည်သည် အေးချမ်းတည်ငြိမ်ခဲ့သည်။ ရှင်းယန်စစ်တပ်သည် ၂ကြိမ်သာ စစ်ထွက်ခဲ့ရသော်လည်း ထွက်သည့်အခါတိုင်း ရန်သူကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့သည်။
ဤကဲ့သို့ အင်အားကြီးမားသော စစ်တပ်ကို ပိုင်ဆိုင်ထားသဖြင့် ယုံးကျားဧကရာဇ်သည် လုလင်းကို အထူး လေးစားအားကိုးလေသည်။
လုလင်းက မေးလိုက်သည်။ "နောက်နန်းဆောင်မှာ ဆဌမမင်းသား ရောက်လာတော့ အိမ်ရှေ့စံနန်းဆောင်အပေါ် သက်ရောက်မှု ရှိလား"
လုမင်ယွိ၏ မျက်ဝန်းများ အရောင်လက်သွားပြီး တည်ငြိမ်စွာ ဖြေလိုက်သည်။ "ဆဌမမင်းသားက ၆လသားပဲ ရှိပါသေးတယ်။ သူ အရွယ်ရောက်လာဖို့ဆိုတာ နောက်ထပ် ၁၀နှစ်ကျော် ကြာဦးမှာပါ။ အခုအချိန်မှာ သက်ရောက်မှု ရှိတယ်လို့ ပြောဖို့ စောလွန်းပါသေးတယ်။ သူ အသက်ရှင်လျက် ကြီးပြင်းလာနိုင်မလား ဆိုတာကို အရင်စောင့်ကြည့်ရမှာပေါ့"
ကလေးများသည် အသက်ရှင်ရန် ခက်ခဲတတ်ပြီး ၈နှစ်ကျော်မှသာ စိတ်ချရလေသည်။ ယခုမှ မွေးဖွားလာသော မင်းသားလေးတစ်ပါးသည် အိမ်ရှေ့စံနန်းဆောင်အတွက် ခြိမ်းခြောက်မှု မရှိနိုင်ပေ။
အိမ်ရှေ့စံနန်းဆောင်အတွက် အဓိက ခြိမ်းခြောက်မှုသည် လီဟောက်နှင့် စိတ်ထားခန့်မှန်းရခက်သော ယုံးကျားဧကရာဇ်တို့သာ။
သားအဖနှစ်ယောက် အချိန်ကြာမြင့်စွာ စကားပြောခဲ့ကြသည်။
နောက်ဆုံးတွင် လုလင်းက ပြုံးလျက် ပြောလိုက်သည်။ "ဒီကိစ္စတွေကို သမီး နားလည်ထားရင် ပြီးတာပါပဲ။ အိမ်ရှေ့စံနန်းဆောင် ကိစ္စတွေကို ထိုက်ဇီက တာဝန်ယူလိမ့်မယ်။ နိုင်ငံရေး ကိစ္စတွေကို အဖေ တာဝန်ယူမယ်။ သမီးက ဟန်အာကို ခေါ်ပြီး စိတ်ချလက်ချသာ နေပါ"
လုမင်ယွိက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
...
ဤသို့ဖြင့် ၈ရက် ၉ရက်ခန့် ကြာမြင့်သွားခဲ့သည်။
နေ့တိုင်း ဘာမှမလုပ်ဘဲ စားလိုက် အိပ်လိုက် ရှန်းလန်တို့နှင့် စကားပြောလိုက်ဖြင့် အချိန်ကုန်ဆုံးစေသည်။ လီဟန် ဆိုးသွမ်းလျှင်ပင် ချစ်စရာကောင်းသည်ဟု ထင်မြင်မိလာသည်။
စိတ်ပျော်ရွှင်သောအခါ အစားအသောက် ပျက်ခြင်းမရှိဘဲ ကျန်းမာဝဖြိုးလာလေသည်။
ချီယွင်သည် သခင်မ၏ မျက်နှာ ကြည်လင်နေသည်ကို မြင်သောအခါ ပြုံးကာ ပြောလိုက်သည်။ "ကျွန်မ အထင်တော့ ထိုက်ဇီဖေးက နန်းတော်ထဲမှာ နေရတာ မွန်းကျပ်နေလို့ ဖြစ်မယ်"
"ဟုတ်တာပေါ့" လုမင်ယွိက ရယ်မောလိုက်သည်။ "လီကျင့်နဲ့ လက်ထပ်ပြီး အိမ်ရှေ့စံနန်းဆောင်မှာ နေခဲ့တာ နှစ်တွေ ကြာခဲ့ပြီ။ မူဟုပ်က သဘောကောင်းပြီး နောက်နန်းဆောင်မှာ ဘယ်သူမှ ငါ့ကို မစရဲကြဘူး။ ဒါပေမဲ့ ငါ့စိတ်ထဲမှာ လုအိမ်တော်မှာ နေရတာ အလွတ်လပ်ဆုံးလို့ ခံစားရတုန်းပဲ"
မိသားစု၏ နွေးထွေးမှုနှင့် စိတ်ဖိစီးမှု မရှိသော လွတ်လပ်မှုသည် အလွန် တန်ဖိုးရှိလှသည်။
အိမ်ရှေ့စံနန်းဆောင်သည်လည်း ကောင်းမွန်ပါသည်။ သူမ၏ ခင်ပွန်းနှင့် သားသမီးများ ရှိသောကြောင့် သူမ၏ အိမ်ပင် ဖြစ်သည်။ သို့သော် အိမ်ထောင်ကျသွားသော အမျိုးသမီးများအတွက် မိဘအိမ်သည် ထာဝရ အားကိုးရာနှင့် လွမ်းဆွတ်ဖွယ်ရာ နေရာတစ်ခု ဖြစ်နေဆဲပင်။
"ထိုက်ဇီဖေး ပျော်နေရင် နောက်ရက်နည်းနည်းလောက် ပိုနေပြီးမှ ပြန်လေ" ချီယွင်က အကြံပေးလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ဟွမ်ဟုပ်ညန်ညန်က မင်းသားငယ်လေးကို လာပို့ထားတာဆိုတော့ ထိုက်ဇီဖေးကို အပြစ်ပြောရက်မှာ မဟုတ်ပါဘူး"
လုမင်ယွိက ပြုံးလိုက်ကာ "တော်ပါပြီ။ နောက် ၂ရက်လောက်နေရင် ပြန်တော့မယ်။ ငါ မပြန်ရင် ရွှီအာနဲ့ ရွှမ်းအာကို ထိန်းမယ့်သူမရှိဘဲ ဘယ်လောက်တောင် ဆိုးနေမလဲ မသိဘူး"
စကားပြောနေစဉ် လုမင်ယွဲ့ ရောက်ရှိလာလေသည်။ "စစ်ကျဲ... ညီမ အခု ပြန်တော့မယ်နော်"
...
အပိုင်း (၅၅၅) ကာကွယ်ပေးခြင်း (၁)
လုမင်ယွိ၏ မျက်နှာထက်မှ အပြုံးရိပ်များ ပျောက်ကွယ်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ "ဘာဖြစ်လို့လဲ... နင်လည်း ၁၅ရက်လောက်နေမယ်ဆို။ ဘာလို့ ရုတ်တရက် ပြန်မယ် လုပ်ရတာလဲ"
လုမင်ယွဲ့သည် အစက ပြောပြရန် ငြင်းဆန်နေသော်လည်း လုမင်ယွိက မျက်စောင်းတစ်ချက် ထိုးလိုက်မှ အမှန်အတိုင်း ပြောပြတော့သည်။ "အိမ်တော်ကနေ စာလာပို့တယ်... ယောက္ခမ နေမကောင်းဘူးတဲ့။ ဒါကြောင့် ချွေးမဖြစ်တဲ့ ငါက ပြန်သွားပြီး ပြုစုရတော့မှာ"
လွန်ခဲ့သော ၁လကျော်ခန့်က လီယန်သည် အိမ်ရှေ့စံနောက်သို့ လိုက်ပါပြီး ကျန်းနန်သို့ ထွက်ခွာသွားခဲ့သည်။ လုမင်ယွဲ့သည် တုန်းပင်ကျွင်းဝမ်အိမ်တော်တွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး အထီးကျန်ဆန်နေခဲ့ရသည်။ ယခုတစ်ခေါက် မိဘအိမ်သို့ ပြန်လာရသည်ကို သူမက အခြားသူများထက် ပိုပျော်ရွှင်နေခဲ့သည်။
ကံဆိုးစွာဖြင့် လုအိမ်တော်တွင် နေရသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ယောက္ခမက နေမကောင်း ဖြစ်နေပြီဟု ဆိုသည်။
လုမင်ယွိ၏ မျက်ဝန်းထဲတွင် အရောင်တစ်ချက် လက်သွားပြီး မထီမဲ့မြင်ဟန်ဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ "သူ နေမကောင်းဖြစ်တာ တိုက်ဆိုင်လိုက်တာနော်"
မိဘကို ရိုသေခြင်းသည် အရေးအကြီးဆုံး ဖြစ်သည်။
လုမင်ယွိသည် ထိုက်ဇီဖေး ဖြစ်သော်လည်း ညီမဖြစ်သူက ယောက္ခမကို ပြုစုရန် ပြန်သွားမည်ဆိုလျှင် တားမြစ်ပိုင်ခွင့် မရှိပေ။ တုန်းပင်ကျွင်းဝမ်ဖေးသည် တကယ်ပဲ နေမကောင်းဖြစ်သည် ဖြစ်စေ၊ ဟန်ဆောင်သည် ဖြစ်စေ၊ လုမင်ယွဲ့သည် တုန်းပင်ကျွင်းဝမ်အိမ်တော်သို့ ပြန်သွားရမည်သာ။
လုမင်ယွဲ့က လုမင်ယွိကို ပြုံးကာ နှစ်သိမ့်ပေးလိုက်သည်။ "ဒီလောက် ရက်အနည်းငယ် ပြန်လာနေရတာကိုပဲ ငါက ကျေနပ်နေပါပြီ။ အခု ပြန်သွားလည်း ဘာမှ မဖြစ်ပါဘူး"
လုမင်ယွိက နှာခေါင်းတစ်ချက် ထပ်ရှုံ့လိုက်သည်။ "နင့်ယောက္ခမက ဉာဏ်နီဉာဏ်နက်တွေ သုံးပြီး မဟုတ်တာတွေ လုပ်တတ်တယ်။ ချွေးမကို အနိုင်ကျင့်ပြီး စည်းကမ်းတကျ ဖြစ်အောင် လုပ်ချင်တာပဲ ရှိမှာပါ။ ငါ မသိရင်တော့ ထားလိုက်တော့။ အခု ငါကိုယ်တိုင် ကြုံနေရမှတော့ သူ့ကို ကောင်းကောင်း ဆုံးမပြီး အမှတ်သည်းခြေ ရှိသွားအောင် လုပ်ရမှာပေါ့"
လုမင်ယွဲ့သည် စိတ်လှုပ်ရှားသလို စိုးရိမ်သလို ခံစားလိုက်ရသည်။ "စစ်ကျဲ... အစ်မ ဘာလုပ်မလို့လဲ"
လုမင်ယွိက မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။ "ငါ နင့်ကို လိုက်ပို့မယ်။ ပြီးတော့ နေမကောင်းဖြစ်နေတဲ့ တုန်းပင်ကျွင်းဝမ်ဖေးကို လူမမာမေးမယ်" ထို့နောက် ချီယွင်ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည်။ "နင် နန်းတော်ထဲကို ပြန်ပြီး တော်ဝင်သမားတော် တစ်ယောက်လောက် ခေါ်လာခဲ့"
ချီယွင်က ခေါင်းညိတ်ပြီး ထွက်ခွာသွားသည်။
လုမင်ယွိက လုမင်ယွဲ့ကို ပြုံးကာ ပြောလိုက်သည်။ "နင် အထုတ်အပိုးတွေ ပြင်ဆင်ပြီး မြင်းလှည်း အဆင်သင့် လုပ်ထားလိုက်။ သမားတော် ရောက်လာတာနဲ့ တုန်းပင်ကျွင်းဝမ်အိမ်တော်ကို သွားကြမယ်"
လုမင်ယွဲ့သည် မျက်ရည်ဝဲမတတ် ခံစားသွားရပြီး လုမင်ယွိ၏ လက်ကို ဆုပ်ကိုင်ထားလိုက်သည်။ "စစ်ကျဲ... အစ်မ ငါ့အပေါ် အရမ်းကောင်းတာပဲ"
ကိုယ့်ဘက်က ရပ်တည်ပေးမယ့်သူ ရှိတာ တကယ် ကောင်းလိုက်တာ။
လုမင်ယွိသည် သဘောကျစွာ ပြုံးလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် လုမင်ယွဲ့၏ လက်ဖမိုးကို ပုတ်ပေးလိုက်သည်။ "ဒီတစ်ခါ ငါ တော်ဝင်သမားတော် ခေါ်သွားပြီး နင့်ယောက္ခမရဲ့ ရောဂါကို အမြစ်ပြတ် ကုပေးလိုက်မယ်"
...
၂နာရီခန့် ကြာပြီးနောက်။
လုမင်ယွိနှင့် လုမင်ယွဲ့တို့ စီးနင်းလိုက်ပါလာသော မြင်းလှည်းသည် တုန်းပင်ကျွင်းဝမ်အိမ်တော်ရှေ့တွင် ရပ်တန့်လိုက်သည်။ ရှန်းလန်လည်း အတူ လိုက်ပါလာခဲ့သည်။
မြင်းလှည်းပေါ်မှ လူအုပ်ကြီး ဆင်းလာသည်ကို မြင်သောအခါ တုန်းပင်ကျွင်းဝမ်အိမ်တော် တစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားတော့၏။ တံခါးစောင့်များသည် အစေခံများကို အိမ်ထဲသို့ သတင်းပို့ခိုင်းလိုက်ပြီး တံခါးမကြီးကို ဖွင့်ကာ ဧည့်သည်တော်များကို ကြိုဆိုလိုက်ကြသည်။
ရှန်းလန်နှင့် လုရွှမ်းတို့က ပြဿနာ မဟုတ်သော်လည်း လုမင်ယွိကဲ့သို့သော ထိုက်ဇီဖေး ရောက်ရှိလာခြင်းသည် အိမ်တော်အတွက် ကြီးမားသော ဂုဏ်ယူဖွယ်ရာ ဖြစ်သဖြင့် လစ်ဟင်းမှု မရှိစေရပေ။
ကုတင်ပေါ်တွင် လှဲနေသော တုန်းပင်ကျွင်းဝမ်ဖေးသည် လုမင်ယွိ ရောက်ရှိလာသည်ဟု ကြားသည်နှင့် ထိတ်လန့်သွားပြီး ကုတင်ပေါ်မှ ချက်ချင်း ထထိုင်လိုက်သည်။ "ထိုက်ဇီဖေးက ဘာလို့ ရုတ်တရက် ရောက်လာတာလဲ"
ဘေးနားရှိ အစေခံမလေးသည်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ "ကျွင်းဝမ်ဖေး... အခု ဘယ်လိုလုပ်မလဲ"
တုန်းပင်ကျွင်းဝမ်ဖေးသည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ဟန်ဆောင်ကာ ပြောလိုက်သည်။ "ငါက နေမကောင်းဖြစ်နေတာ။ ထွက်ကြိုလို့ မရဘူး။ ကျောက်အာကို သွားကြိုခိုင်းလိုက်။ လက်ဖက်ရည် တိုက်ပြီး ငါ့အစား တောင်းပန်ခိုင်းလိုက်။ ငါ နေမကောင်းဖြစ်နေလို့ ထိုက်ဇီဖေးကို ရောဂါ ကူးမှာစိုးလို့ မတွေ့တော့ဘူးလို့ ပြောလိုက်"
တုန်းပင်ကျွင်းဝမ်ဖေးတွင် သားတစ်ယောက် သမီးတစ်ယောက် ရှိသည်။ လီယန်သည် သားအကြီးဆုံး ဖြစ်ပြီး လွန်ခဲ့သော ၆လက လက်ထပ်ခဲ့သည်။ သမီးဖြစ်သူ လီကျောက်သည် ၁၄နှစ် ရှိပြီ ဖြစ်သည်။ ဧည့်သည်တော်ကို ထွက်ကြိုခိုင်းလျှင်လည်း သင့်လျော်ပေသည်။
အစေခံမလေးသည် ခေါင်းညိတ်ပြီး ထွက်ခွာသွားသည်။
မကြာမီ သတင်းသွားပို့သော အစေခံမလေးသည် မျက်နှာပျက်ပျက်ဖြင့် ပြန်ရောက်လာသည်။ "ကျွင်းဝမ်ဖေး... ထိုက်ဇီဖေးညန်ညန်က ပြောလိုက်ပါတယ်။ ဒီနေ့ ကျွင်းဝမ်ဖေးကို အထူးတလည် လာကြည့်တာပါတဲ့။ ပြီးတော့ နန်းတော်ထဲက တော်ဝင်သမားတော်ကိုပါ ခေါ်လာပြီး ရောဂါ စစ်ဆေးပေးဦးမယ်တဲ့"
တုန်းပင်ကျွင်းဝမ်ဖေး "..."
တုန်းပင်ကျွင်းဝမ်ဖေးသည် မျက်လုံးများ ပြာဝေသွားသလို ခံစားလိုက်ရပြီး ယိုင်နဲ့သွားတော့သည်။
အစေခံမလေးသည် ထိတ်လန့်သွားပြီး အပြေးအလွှား ဝင်ထိန်းလိုက်သည်။ "ကျွင်းဝမ်ဖေး"
တုန်းပင်ကျွင်းဝမ်ဖေးသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဒေါသတကြီးဖြင့် အံကြိတ်ကာ ပြောလိုက်သည်။ "အမြင်ကပ်စရာ ကောင်းလိုက်တာ။ ငါ နေမကောင်းတာ သူက ဘာလာလုပ်တာလဲ"
တကယ်တမ်းတွင် သူမသည် နေမကောင်းဖြစ်နေခြင်း မဟုတ်ပေ။ ချွေးမဖြစ်သူ မိဘအိမ်သို့ ပြန်သွားပြီး အကြာကြီး နေနေသည်ကို မကျေနပ်သဖြင့် အကြောင်းပြချက် ရှာကာ ပြန်ခေါ်လိုက်ခြင်းသာ ဖြစ်သည်။ လုမင်ယွိပါ လိုက်ပါလာလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
"ထိုက်ဇီဖေးညန်ညန်အပြင် လုအိမ်တော်က သခင်မလေးလည်း ပါလာပါတယ်" အစေခံမလေးက တိုးတိုးလေး ထပ်ပြောလိုက်သည်။
ဒါက လုမင်ယွဲ့ကို အားကိုးပေးဖို့ လာတာပဲ။
ရှန်းလန်သည် နူးညံ့သိမ်မွေ့သော်လည်း ဆက်ဆံရ ခက်ခဲသူ ဖြစ်သည်။ သို့သော် လုမင်ယွိလောက်တော့ ကြောက်စရာ မကောင်းပေ။
တုန်းပင်ကျွင်းဝမ်ဖေးသည် လုမင်ယွိ၏ အရှိန်အဝါကို သိရှိသဖြင့် အားတင်းကာ ပြောလိုက်သည်။ "ငါ့ကို တွဲထူပေး။ ဆံပင် ပြန်ပြင်ရမယ်"
စကားမဆုံးမီ တံခါးခေါက်သံ ကြားလိုက်ရသည်။ ထို့နောက် ချွေးမဖြစ်သူ လုမင်ယွဲ့၏ အသံ ထွက်ပေါ်လာသည်။ "ယောက္ခမ နေမကောင်းဘူး ကြားလို့ ကျွန်မ စိတ်ပူပြီး အမြန်ပြန်လာခဲ့တာပါ"
ထို့နောက် လုမင်ယွိ၏ အသံပါ ထပ်ထွက်လာသည်။ "ကျွင်းဝမ်ဖေးက နေမကောင်းဖြစ်နေတာဆိုတော့ ထမလာပါနဲ့တော့"
လူတွေက တံခါးဝ ရောက်နေပြီ ဆိုတော့ တံခါးမဖွင့်ပေးလို့ မရတော့ပေ။
တုန်းပင်ကျွင်းဝမ်ဖေးသည် ကုတင်ပေါ်တွင် ပြန်လှဲလိုက်ပြီး နေမကောင်းသည့် ပုံစံ ဖမ်းလိုက်ရတော့သည်။
အစေခံမလေးသည် တံခါးသွားဖွင့်ပေးလိုက်ပြီး လုမင်ယွိ၊ လုမင်ယွဲ့နှင့် ရှန်းလန်တို့ ဝင်ရောက်လာကြသည်။
လုမင်ယွဲ့သည် စိုးရိမ်သော မျက်နှာထားဖြင့် ကုတင်ဘေးသို့ အမြန်လျှောက်သွားပြီး မေးမြန်းလိုက်သည်။ "ယောက္ခမ အခု ဘယ်လိုနေသေးလဲ။ ခေါင်းကိုက်တာ သက်သာရဲ့လား"
တုန်းပင်ကျွင်းဝမ်ဖေးသည် ချွေးမကို မျက်စောင်းထိုးချင်စိတ်ကို ထိန်းလိုက်ပြီး အသံကို ဖျော့တော့စွာ ပြောလိုက်သည်။ "အခု နည်းနည်း သက်သာသွားပါပြီ"
ရှန်းလန်က ပြုံးလျက် ပြောလိုက်သည်။ "ဒီနေ့ ကျွန်မတို့က ဧည့်သည်ဆိုးတွေ ဖြစ်နေပြီ။ ကျွင်းဝမ်ဖေး နားနေတာကို လာနှောင့်ယှက်သလို ဖြစ်သွားရင် ခွင့်လွှတ်ပါ"
တုန်းပင်ကျွင်းဝမ်ဖေးက ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ "ဒီလို ဧည့်သည်တော်မျိုးကို ဖိတ်ချင်လို့တောင် မရတာပါ။ ဘာမှ အားနာစရာ မလိုပါဘူး။ လာကြ... ထိုင်ခုံ ယူခဲ့ကြ"
လုမင်ယွိသည် ပြုံးလျက် လျှောက်လာပြီး အပြစ်ရှိစိတ်ကြောင့် မျက်နှာမကောင်း ဖြစ်နေသော တုန်းပင်ကျွင်းဝမ်ဖေးကို ကြည့်လိုက်သည်။ "ကျွင်းဝမ်ဖေး နေမကောင်းဖြစ်နေတာဆိုတော့ အလုပ်မရှုပ်ပါနဲ့တော့။ ကျွန်မ တော်ဝင်သမားတော် ခေါ်လာပါတယ်။ အခုပဲ ဝင်ခိုင်းပြီး ရောဂါ စစ်ဆေးခိုင်းလိုက်ပါ့မယ်"
တုန်းပင်ကျွင်းဝမ်ဖေးသည် သမားတော် အစစ်ဆေးခံရမည်ကို ကြောက်ရွံ့သဖြင့် အသံတုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။ "ထိုက်ဇီဖေးညန်ညန်ရဲ့ စေတနာကို ကျွန်မ လက်ခံပါတယ်။ မနေ့က လေတိုက်ခံလိုက်ရလို့ ခေါင်းနည်းနည်း ကိုက်နေတာပါ။ ၂ရက်လောက် နားလိုက်ရင် သက်သာသွားမှာပါ။ အစေခံတွေက ကိုယ့်သဘောနဲ့ကိုယ် လုအိမ်တော်ကို စာပို့လိုက်ကြတာ။ ထိုက်ဇီဖေးညန်ညန်ကိုပါ အလုပ်ရှုပ်သွားစေမိလို့ ကျွန်မ အားနာလှပါတယ်။ တော်ဝင်သမားတော်ကို ဒုက္ခမပေးပါနဲ့တော့"
လုမင်ယွိသည် တုန်းပင်ကျွင်းဝမ်ဖေး၏ ဟန်ဆောင်မှုကို အေးဆေးစွာ ကြည့်နေလိုက်သည်။ "ကျွင်းဝမ်ဖေးက ညီမလေးရဲ့ ယောက္ခမ ဖြစ်သလို ကျွန်မရဲ့ လူကြီးလည်း ဖြစ်ပါတယ်။ ကျွန်မက ကျွင်းဝမ်ဖေးကို အရင်ကတည်းက လေးစားပါတယ်။ ကျွင်းဝမ်ဖေး နေမကောင်းဘူး ကြားတော့ ကျွန်မလည်း ညီမလေးလိုပဲ စိတ်ပူမိတာပေါ့"
"ပြီးတော့ တော်ဝင်သမားတော်လည်း ရောက်နေပြီဆိုတော့ ဒုက္ခပေးတယ်လို့ မခေါ်ပါဘူး"
ထို့နောက် အမိန့်ပေးလိုက်သည်။ "သမားတော်ဝူကို ဝင်ခိုင်းလိုက်"
တုန်းပင်ကျွင်းဝမ်ဖေးသည် ငြင်းဆန်ချိန်မရလိုက်ဘဲ သမားတော်ဝူ ဝင်ရောက်လာသည်ကို မျက်လုံးပြူးကာ ကြည့်နေရတော့သည်။ သူမ၏ နဖူးပေါ်တွင် ချွေးစေးများ ပြန်လာသည်မှာ ဟန်ဆောင်စရာပင် မလိုတော့ပေ။
လုမင်ယွဲ့သည် အနီးကပ် ရပ်နေသဖြင့် ယောက္ခမဖြစ်သူ ကြောက်လန့်ပြီး ချွေးစေးပြန်နေသည်ကို အတိုင်းသား မြင်နေရကာ သူမသည် ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။
လုမင်ယွဲ့သည် စောင်ကို မလိုက်ပြီး ယောက္ခမ၏ လက်ကောက်ဝတ်ကို ဆွဲထုတ်ကာ သမားတော် အဆင်သင့် စမ်းသပ်နိုင်ရန် ပြင်ဆင်ပေးလိုက်သည်။ "ယောက္ခမ... နန်းတော်ထဲမှာ သမားတော်ချုပ်ကျိုးပြီးရင် သမားတော်ဝူက အတော်ဆုံးပဲ"
တုန်းပင်ကျွင်းဝမ်ဖေး "..."
...