အခန်း (၅၅၆-၅၅၈)
Vol. 38 Ch. 556-558
အပိုင်း (၅၅၆) အကာအကွယ်ပေးခြင်း (၂)
တော်ဝင်သမားတော်ဝူသည် နန်းတော်ထဲတွင် ဆယ်နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး မိဖုရားငယ်များကို မကြာခဏ ရောဂါကုသပေးနေရသူ ဖြစ်သဖြင့် မည်သို့သော လှည့်ကွက်မျိုးကိုမဆို မြင်ဖူးတွေ့ဖူးပြီး ဖြစ်လေသည်။
တုံးပင်ကျွင်းဝမ်ဖေး၏ အခက်တွေ့နေသော ပုံစံကို ကြည့်ရုံဖြင့် တော်ဝင်သမားတော်ဝူသည် သွေးခုန်နှုန်း စမ်းသပ်ကြည့်ရန် မလိုဘဲ မည်သို့ ဖြစ်ပျက်နေသည်ကို ခန့်မှန်းမိလိုက်သည်။ ထို့နောက်တွင် ထိုက်ဇီဖေးလုမင်ယွိ၏ ယခင်က မှာကြားချက်များကို ပြန်လည်တွေးတောမိကာ တော်ဝင်သမားတော်ဝူသည် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိတော့သည်။
လူပါးဝချင်ရင်တောင် ပျော့တဲ့ကန်စွန်းဥကို ရွေးဖိမှပေါ့။ ထိုက်ဇီဖေးက သူ့လူဆိုရင် သိပ်ကာကွယ်တတ်တာ နာမည်ကြီးပဲဟာ။ တုံးပင်ကျွင်းဝမ်ဖေးက ချွေးမကို ပညာပြချင်နေတာ အချိန်အခါ မရွေးတတ်လိုက်တာ။ ထိုက်ဇီဖေးနဲ့ တည့်တည့်ကို သွားတိုးတော့တာပဲ။ ကြည့်လေ.. ချက်ချင်းကို ထိုက်ဇီဖေးရဲ့ ဒေါသနဲ့ တိုးတော့တာပဲ။
မျက်နှာပျက်စရာ ကောင်းလိုက်တာ။ ပိုပြီး ခံစားရမဲ့ဟာတွေက နောက်မှ လာမှာ။
တော်ဝင်သမားတော်ဝူသည် ကုတင်ဘေးတွင် ဝင်ထိုင်လိုက်ပြီး တုံးပင်ကျွင်းဝမ်ဖေး၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်လေသည်။
တုံးပင်ကျွင်းဝမ်ဖေးသည် ထပ်မံ၍ စိတ်လှုပ်ရှားကာ စိုးရိမ်ပူပန်လာပြီး မသိစိတ်၏ စေ့ဆော်မှုဖြင့် တော်ဝင်သမားတော်ဝူကို လှမ်းကြည့်လိုက်မိသည်။ တော်ဝင်သမားတော်ဝူကမူ တုန်လှုပ်ခြင်းအလျဉ်းမရှိဘဲ အလွန် တည်ငြိမ်စွာဖြင့်သာ သွေးခုန်နှုန်းကို ဆက်လက်စမ်းသပ်နေလိုက်၏။
ကံကောင်းသည်မှာ တော်ဝင်သမားတော်ဝူသည် သူမ ရောဂါဟန်ဆောင်နေသည်ကို ဖွင့်ချခြင်းမပြုပေ။ သွေးခုန်နှုန်းစမ်းသပ်ပြီးနောက် ထရပ်လိုက်ကာ လုမင်ယွိကို လျှောက်တင်လိုက်လေသည်။ "ကျွင်းဝမ်ဖေးရဲ့ သွေးခုန်နှုန်းက အားနည်းပြီး မျှော့နေပါတယ်။ ဒါက ခန္ဓာကိုယ် အားနည်းတဲ့ လက္ခဏာပါပဲ။ ကျွန်တော်မျိုး ဆေးအနည်းငယ် ညွှန်းပေးပါ့မယ်။ ၅ရက် ၆ရက်လောက် သောက်လိုက်ရင် သက်သာသွားပါလိမ့်မယ်"
တုံးပင်ကျွင်းဝမ်ဖေးသည် တိတ်တဆိတ် သက်ပြင်းချလိုက်နိုင်ပြီး စီးကျလာမည့် ချွေးစေးများကို မနည်းထိန်းချုပ်ကာ သုတ်ပစ်လိုက်ရသည်။
ထို့နောက်တွင် လုမင်ယွိ ပြောလိုက်သည်ကို ကြားလိုက်ရလေသည်။ "ဒီလိုဆိုမှတော့ ရှင် ကျွင်းဝမ်အိမ်တော်မှာပဲ ရက်အနည်းငယ်လောက် နေခဲ့လိုက်ပါ။ နေ့တိုင်း ကျွင်းဝမ်ဖေး ဆေးသောက်တာကို ကိုယ်တိုင်ကိုယ်ကျ ပြုစုပေးလိုက်ပါ။ ကျွင်းဝမ်ဖေး ရောဂါပျောက်ကင်းသွားမှပဲ နန်းတော်ကို ပြန်လာပြီး အမိန့်ပြန်အပ်လိုက်ပါ"
တော်ဝင်သမားတော်ဝူသည် လက်ကိုယှက်ကာ အမိန့်ကို နာခံလိုက်လေသည်။
တုံးပင်ကျွင်းဝမ်ဖေး "..."
တုံးပင်ကျွင်းဝမ်ဖေးသည် ရင်ထဲတွင် သွေးအန်လုမတတ် ဖြစ်သွားပြီး အလျင်အမြန် ပြောလိုက်တော့သည်။ "ဘယ်လိုလုပ်ပြီး တော်ဝင်သမားတော်က ကျွင်းဝမ်အိမ်တော်မှာ နေပြီး ပြုစုပေးရတဲ့ ထုံးစံရှိမှာလဲ။ လုံးဝ မဖြစ်ပါဘူး"
လုမင်ယွိသည် တုံးပင်ကျွင်းဝမ်ဖေးကို ပြုံးပြလိုက်လေသည်။ "ကျွင်းဝမ်ဖေးက တစိမ်းဆန်နေစရာ မလိုပါဘူး။ ကျွန်မ လူလွှတ်ပြီး မူဟုပ်ကို လျှောက်တင်ခိုင်းပြီးပါပြီ။ တော်ဝင်သမားတော်ဝူက ဒီမှာနေပြီး ပြုစုပေးပါလိမ့်မယ်။ ကျွင်းဝမ်ဖေးက စိတ်အေးအေးထားပြီး ဆေးသောက်ကာ အနားယူလိုက်ပါ"
"ကျွန်မက လုအိမ်တော်မှာ နေတာဆိုတော့ ဒီကို လာပြီး လူမမာမေးရတာလည်း အဆင်ပြေပါတယ်။ အိမ်လည်သဘောမျိုး လာရင်း စိတ်အပန်းဖြေတာပေါ့။ နောက်ပိုင်း နေ့တိုင်း ကျွန်မ လာခဲ့မယ်"
တုံးပင်ကျွင်းဝမ်ဖေး "..."
ရှန်းလန်ပင်လျှင် စိတ်ထဲ၌ အနည်းငယ် သနားသွားမိသည်။
လုမင်ယွိသည် ပြောသည့်အတိုင်း လုပ်မည့်သူ ဖြစ်လေသည်။ နေ့တိုင်းလာမည်ဟု ပြောလျှင် သေချာပေါက် ရောက်လာပေလိမ့်မည်။ တုံးပင်ကျွင်းဝမ်ဖေးသည် မနာမကျန်း မဖြစ်လျှင်လည်း ဖြစ်ရတော့မည်ဖြစ်ပြီး ကုတင်ပေါ်တွင်သာ ငြိမ်ငြိမ်လေး လဲလျောင်းနေရတော့မည် ဖြစ်လေသည်။
လုမင်ယွဲ့သည် ယောက္ခမဖြစ်သူ၏ ထိုပုံစံကို ကြည့်ရင်း စိတ်ထဲတွင် အလွန် ကျေနပ်အားရနေတော့၏။
သူမသည် လီယန်နှင့် လက်ထပ်ပြီးသည်မှာ နှစ်ဝက်မျှသာ ရှိသေးသည်။ လင်မယားနှစ်ယောက်သည် တစ်ဦးနှင့်တစ်ဦး ချစ်ခင်စုံမက်ကြပြီး သံယောဇဉ် နက်ရှိုင်းကြသည်။ တုံးပင်ကျွင်းဝမ်ဖေးသည် သားဖြစ်သူ၏ စိတ်နှလုံးတွင် ချွေးမသာ ရှိနေသည်ကို မြင်တွေ့ရသောအခါ စိတ်ထဲတွင် မရှုစိမ့်နိုင် ဖြစ်လာပြီး မကြာခဏဆိုသလို အိမ်တွင်းမှုရေးရာတွင် အမျိုးသမီးတို့ သုံးတတ်သည့် နည်းလမ်းများကို အသုံးပြုကာ နှောင့်ယှက်တတ်လေသည်။
ထိုနည်းလမ်း အသေးအဖွဲလေးများသည် လူကို ထိခိုက်စေသည်ဟု ပြောရလောက်အောင် မဟုတ်သော်ငြား ယောက္ခမအိမ်သို့ ရောက်ရှိခါစ သတို့သမီးသစ်တစ်ယောက်အတွက်မူ စိတ်မချမ်းမြေ့စရာ ဖြစ်စေရန် လုံလောက်လေသည်။
ယနေ့တွင် လုမင်ယွိက ဝင်ရောက် ဖြေရှင်းပေးလိုက်ရာ တုံးပင်ကျွင်းဝမ်ဖေးခမျာ ပြောရခက်သည့် ဝေဒနာကို ခံစားသွားရလေတော့သည်။
တစ်စုံတစ်ယောက်က မိမိဘက်မှ ရပ်တည်ကာ အကာအကွယ် ပေးသည်ဆိုသော ခံစားချက်က တကယ်ကို ကောင်းမွန်လွန်းလှသည်။
လုမင်ယွိသည်လည်း ကြာကြာမနေတော့ဘဲ တော်ဝင်သမားတော်ဝူကို နေရစ်ခဲ့ရန် မှာကြားပြီးနောက် ပြန်ရန် နှုတ်ဆက်လိုက်တော့သည်။
တုံးပင်ကျွင်းဝမ်ဖေးသည် "နာမကျန်း" ဖြစ်နေဆဲဖြစ်သဖြင့် ကုတင်ပေါ်မှဆင်းကာ လိုက်လံပို့ဆောင်ရန် အဆင်မပြေသောကြောင့် အားအင်ကုန်ခမ်းနေသည့် လေသံဖြင့် ချွေးမဖြစ်သူကို မှာကြားလိုက်ရလေသည်။ "မင်း ထိုက်ဇီဖေးနဲ့ ဒုတိယသခင်မလေးလုတို့ကို လိုက်ပို့လိုက်ပါဦး"
လုမင်ယွဲ့သည် လိမ်မာသော မျက်နှာထားဖြင့် ခေါင်းညိတ် လက်ခံလိုက်လေသည်။
လုမင်ယွိနှင့် ရှန်းလန်တို့ကို ခြံဝင်းအပြင်ဘက်သို့ လိုက်ပို့ပြီးနောက် လုမင်ယွဲ့သည် ချက်ချင်းပင် တိုးတိုးတိတ်တိတ် ရယ်မောလိုက်တော့သည်။
ရှန်းလန်က ပြုံးရင်း ချောင်းတစ်ချက် ဟန့်လိုက်ကာ လုမင်ယွဲ့ကို မျက်လုံးဖြင့် သတိပေးလိုက်လေသည်။ "သိသာလွန်းအောင် မရယ်နဲ့လေ။ ဘေးမှာ အစေခံတွေ ကြည့်နေသေးတယ်"
ထိုအခါမှ လုမင်ယွဲ့သည် အပြုံးကို ထိန်းလိုက်ပြီး လုမင်ယွိကို တိုးတိုးလေး မေးလိုက်သည်။ "စစ်ကျဲ။ အစ်မ စောစောက ပြောတာ တကယ်လား။ မနက်ဖြန် တကယ် လာမှာလား"
"တကယ်ပေါ့" လုမင်ယွိက အေးအေးဆေးဆေးပင် ပြုံးလိုက်လေသည်။ "ငါက လုအိမ်တော်မှာ နေတာဆိုတော့ လုပ်စရာ ကိစ္စလည်း သိပ်မရှိဘူးလေ။ ဒီလောက် နီးနီးလေးကို မြင်းစီးလာရင် အများဆုံး နာရီဝက်လောက်ပဲ ကြာမှာ။ စိတ်အပန်းဖြေတာပေါ့"
"ဒီတစ်ခေါက်တော့ တုံးပင်ကျွင်းဝမ်ဖေးရဲ့ ရောဂါကို အမြစ်ပြတ် ကုပေးလိုက်မှ ရမယ်"
...
ထိုနေ့ညတွင် တုံးပင်ကျွင်းသည် အိမ်သို့ ပြန်ရောက်သည်နှင့် နေ့ခင်းက ဖြစ်ပျက်ခဲ့သည်များကို သိရှိသွားပြီး ဒေါသ အလိပ်လိုက် ထွက်လာတော့သည်။
"ကောင်းကောင်းမွန်မွန် မနေချင်ဘဲ ပြဿနာရှာချင်နေတာပဲ"
တုံးပင်ကျွင်း၏ လက်ညှိုးသည် တုံးပင်ကျွင်းဝမ်ဖေး၏ မျက်နှာကို ထိုးမိလုနီးပါး ဖြစ်နေတော့သည်။
"ချွေးမက သူ့မိဘအိမ်မှာ ပြန်နေတာလေ။ သူ နေချင်သလောက် နေပါစေပေါ့။ မင်းက တမင်သက်သက် ပြဿနာရှာပြီး ရောဂါဟန်ဆောင်ပြီး ချွေးမကို ပြန်လာပြီး 'ပြုစု' ခိုင်းတယ်ပေါ့"
"အခုတော့ ကောင်းရော။ ထိုက်ဇီဖေး ကိုယ်တိုင် တော်ဝင်သမားတော်ကို ခေါ်ပြီး လူမမာ လာမေးတော့တာပဲ။ အခု တော်ဝင်သမားတော်ဝူက အိမ်တော်ထဲမှာ နေပြီး မင်း ဆေးသောက်တာကို ကိုယ်တိုင်ကိုယ်ကျ ပြုစုနေပြီ။ မင်း အရှက်ကွဲတာ နန်းတော်ထဲထိတောင် ရောက်ကုန်ပြီ"
တုံးပင်ကျွင်းဝမ်ဖေးသည်လည်း ရင်ထဲတွင် ဝမ်းနည်းပက်လက် ဖြစ်နေရတော့ည်။ "လုရှီက အိမ်ထောင်ကျတာ နှစ်ဝက်လောက်ပဲ ရှိသေးတာလေ။ မိဘအိမ်ပြန်ပြီး အကြာကြီး နေရတဲ့ ထုံးစံ ဘယ်မှာ ရှိလို့လဲ။ သူ့ကို ၈ရက် ၉ရက်လောက် နေခွင့်ပေးတာက ထိုက်ဇီဖေးရဲ့ မျက်နှာကို ထောက်ထားလို့ပဲ။ ထိုက်ဇီဖေးက ဒီလောက်ထိ ခေါင်းတက်နင်းပြီး ကျွန်မတို့ ကျွင်းဝမ်အိမ်တော်ထိ လာပြီး အာဏာပြလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ..."
စကားမဆုံးမီမှာပင် တုံးပင်ကျွင်း၏ စူးစူးရဲရဲ စိုက်ကြည့်ခြင်းကို ခံလိုက်ရလေသည်။ "ပါးစပ် ပိတ်ထားစမ်း။ ဒီလိုစကားမျိုးတောင် မင်းက ပြောရဲသေးတယ်။ တကယ်လို့ ထိုက်ဇီဖေးရဲ့ နားထဲ ရောက်သွားရင် မင်း နောက်ဆို နန်းတော်ထဲ ဝင်ဖို့ မျက်နှာ ရှိဦးမှာလား"
တုံးပင်ကျွင်းဝမ်ဖေးသည် အဆူခံလိုက်ရသဖြင့် မျက်နှာမှာ မြေကြီးရောင် ကဲ့သို့ ဖြစ်သွားပြီး ညှိုးငယ်စွာ ပြောရှာသည်။ "ဒါဆို အခု ဘယ်လိုလုပ်မလဲ"
"ဘယ်လို လုပ်ရမှာလဲ"
တုံးပင်ကျွင်းက စိတ်မရှည်စွာ ပြောလိုက်လေသည်။ "မင်း ငြိမ်ငြိမ်လေးနေပြီး ရက်အနည်းငယ်လောက် 'နေမကောင်း' လိုက်။ တော်ဝင်သမားတော်က ဘာဆေးပေးပေး မင်း သောက်လိုက်။ 'ရောဂါ' ပျောက်သွားမှ ဆုကြေးလက်ဆောင် များများပေးပြီး တော်ဝင်သမားတော်ဝူကို ယဉ်ယဉ်ကျေးကျေး ပြန်ပို့လိုက်။ နောက်ဆို ဒီလို အပေါက်ချော်တဲ့ ကိစ္စမျိုးတွေ မလုပ်နဲ့တော့"
တုံးပင်ကျွင်းဝမ်ဖေးသည် ငိုချင်သော်လည်း မျက်ရည်မထွက်နိုင် ဖြစ်နေရသည်။ "အဲဒီ တော်ဝင်သမားတော်ဝူလေ။ ကျွန်မမှာ ရောဂါမရှိမှန်း သိသိကြီးနဲ့ တည်တည်ငြိမ်ငြိမ်ပဲ ဆေးစာ ရေးပေးသွားတယ်။ ချက်လာတဲ့ဆေးကလည်း ခါးလွန်းလို့ ပျို့အန်ချင်စိတ်တောင် ပေါက်တယ်"
"ကျွန်မက ဆေးကို ခိုးသွန်ပစ်ချင်ပေမဲ့ တော်ဝင်သမားတော်ဝူက ဘေးကနေ မျက်တောင်မခတ် စောင့်ကြည့်နေပြီး ကျွန်မ ဆေးကုန်အောင် သောက်ပြီးမှ ပြန်ထွက်သွားတာ"
တမင်သက်သက် လုပ်နေမှန်း သိသာလှသည်။
တုံးပင်ကျွင်းသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။ "ထိုက်ဇီဖေးက စစ်သူကြီးယန်ကို လုပ်ကြံတုန်းက ဘယ်လောက် ပြတ်သားလဲဆိုတာ စဉ်းစားကြည့်။ စတုတ္ထမင်းသားကို ရှင်းထုတ်တုန်းက နည်းလမ်းတွေကို ပြန်တွေးကြည့်ဦး။ အရှင်မင်းကြီးနဲ့ ထိပ်တိုက်တွေ့တုန်းကတောင် သူက ခေါင်းငုံ့ပေးဖူးလို့လား။ အခု မင်းကို ဒီလောက်လုပ်တာ ယဉ်ကျေးတယ်လို့တောင် မှတ်ယူရမယ်"
"မင်း နောက်ဆို လုရှီအပေါ် ကောင်းကောင်းဆက်ဆံ။ ချွေးမကို စည်းကမ်းတွေ သင်ပေးဖို့ပဲ တွေးမနေနဲ့။ ဒါဆိုရင် အရာအားလုံး အေးဆေးငြိမ်းချမ်းပြီး ဘာကိစ္စမှ ဖြစ်လာမှာ မဟုတ်ဘူး"
တုံးပင်ကျွင်းဝမ်ဖေးသည် မျက်နှာကိုမဲ့ကာ သက်ပြင်းရှည်ကြီး ချလိုက်လေသည်။ "ကျွန်မကို သတ္တိတွေ ပိုပေးရင်တောင် နောက်ဆို မလုပ်ရဲတော့ပါဘူး"
သူမလည်း နောင်တရနေမိပြီ ဖြစ်၏။
ဒီနေ့လို ဖြစ်လာမှန်းသာ ကြိုသိခဲ့လျှင် သူမသည် ထိုသို့သော မိုက်မဲသည့် အကြံအစည်မျိုးကို တွေးတောင် တွေးမိမည် မဟုတ်ပေ။
နောက်ဆက်တွဲ ရက်အနည်းငယ်တွင် လုမင်ယွိသည် နေ့စဉ်ရက်ဆက် ကျွင်းဝမ်အိမ်တော်သို့ လာရောက်ပြီး လူမမာမေးလေသည်။ သူမသည် တုံးပင်ကျွင်းဝမ်ဖေးအပေါ်တွင် ဖော်ရွေပျူငှာစွာ ဆက်ဆံပြီး ရန်လိုသည့်ပုံစံ အနည်းငယ်မျှပင် မပြချေ။
တုံးပင်ကျွင်းဝမ်ဖေးသည် ကုတင်ပေါ်တွင် ၅ရက်တိတိ လဲလျောင်းနေခဲ့ရပြီးနောက် နောက်ဆုံးတွင်တော့ "ရောဂါပျောက်ကင်း" သွားခဲ့လေသည်။ သူမသည် တော်ဝင်သမားတော်ဝူအတွက် ဆုလက်ဆောင်များကို အများအပြား ပြင်ဆင်ပေးလိုက်ပြီး ယဉ်ကျေးစွာဖြင့် မြင်းလှည်းစီစဉ်ပေးကာ တော်ဝင်သမားတော်ဝူကို နန်းတော်သို့ ပြန်ပို့ပေးလိုက်ရသည်။
တော်ဝင်သမားတော်ဝူကလည်း အလျင်အမြန်ပင် လက်ကိုယှက်ကာ ကျေးဇူးတင်စကား ဆိုလေသည်။ "ကျွန်တော်မျိုးက ထိုက်ဇီဖေးရဲ့ အမိန့်အရ ကျွင်းဝမ်ဖေးကို ပြုစုပေးရတာပါ။ ဒါက ကျွန်တော်မျိုး လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်မို့လို့ ဒီလောက်များပြားတဲ့ လက်ဆောင်တွေကို လက်မခံဝံ့ပါဘူး"
ကောင်းနိုးရာရာ ပြောဆိုပြီးမှသာ တော်ဝင်သမားတော်ဝူသည် ကျေးဇူးတင်လက်ဆောင်များကို လက်ခံလိုက်သော်လည်း ချက်ချင်း နန်းတော်သို့ ပြန်မသွားသေးပေ။ "ထိုက်ဇီဖေးက ကျွင်းဝမ်ဖေး ရောဂါပျောက်ကင်းသွားတာကို မျက်မြင်ကိုယ်တွေ့ တွေ့ရမှ ကျွန်တော်မျိုးကို နန်းတော်ပြန်ခွင့်ပြုမယ်လို့ မှာထားပါတယ်။ ကျွန်တော်မျိုးက ကိုယ့်သဘောနဲ့ကိုယ် ပြန်သွားဖို့ မဝံ့ရဲတာကြောင့် ကျွင်းဝမ်ဖေး ခွင့်လွှတ်ပေးပါ"
ဆိုလိုသည်မှာ သူမအနေဖြင့် ခေါင်းငုံ့လျှော့ပေးပြီး လုမင်ယွိ ကျေနပ်သည်အထိ နေရဦးမည် ဖြစ်လေသည်။
တုံးပင်ကျွင်းဝမ်ဖေးသည် အံကို ကြိတ်လိုက်မိသော်လည်း မျက်နှာတွင်မူ ကျေးဇူးတင်ပြီး ကြည်နူးနေသည့် ဟန်ပန်ကို ဖော်ပြလိုက်ရလေသည်။ "ထိုက်ဇီဖေးက ကျွန်မအပေါ် တကယ်ပဲ ကောင်းလွန်းလှပါတယ်"
တော်ဝင်သမားတော်ဝူကလည်း ပြုံးလျက် ထောက်ခံပြောဆိုလိုက်လေသည်။ "ဟုတ်ပါ့။ ထိုက်ဇီဖေးက ဒီလောက်ထိ ဂရုစိုက်တတ်တာမျိုး ကျွန်တော်မျိုးလည်း ပထမဆုံးအကြိမ် မြင်ဖူးတာပါပဲ"
တုံးပင်ကျွင်းဝမ်ဖေး "..."
...
အပိုင်း (၅၅၇) ယန်ဖင် (၁)
လုမင်ယွိသည် စိတ်လက်ပေါ့ပါး ရွှင်လန်းတက်ကြွစွာဖြင့် နန်းတော်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့လေသည်။
နန်းတော်သို့ ရောက်သည်နှင့် ပထမဆုံးအလုပ်မှာ ကျောင်းဖန်နန်းဆောင်သို့ သွားရောက်ပြီး ချောင်မိဖုရားခေါင်ကို ဂါရဝပြု နှုတ်ဆက်ခြင်းပင်။
ချောင်မိဖုရားခေါင်သည် ချစ်မြေးတော်လေးနှင့် မတွေ့ရသည်မှာ လဝက်ခန့် ရှိပြီဖြစ်သဖြင့် အလွန်အမင်း သတိရနေခဲ့ပြီး လီဟန်ကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလျက် နမ်းလိုက် ချော့မြှူလိုက် လုပ်နေတော့သည်။ "ဟန်အာ။ အဘွားနဲ့ မတွေ့တာ ကြာပြီဆိုတော့ အဘွားကို သတိရရဲ့လား"
လီဟန်က ပါးဖောင်းဖောင်းလေးဖြင့် အဘွားဖြစ်သူ၏ ပါးကို ပွတ်သပ်လိုက်ကာ ကလေးသံတစာစာဖြင့် ချွဲနွဲ့လိုက်လေသည်။ "နေ့တိုင်း သတိရတယ်။ ထမင်းစားရင်လည်း သတိရတယ်။ အိပ်တဲ့အခါလည်း သတိရတယ်"
ချောင်မိဖုရားခေါင်သည် သဘောကျလွန်းသဖြင့် တခစ်ခစ် ရယ်မောနေတော့သည်။
လုမင်ယွိက ပြုံးရင်း လီဟန်ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။
ဒီကောင်လေးကတော့ လုအိမ်တော်မှာ ရောက်နေတုန်းက မြင်းရိုင်းလေးတစ်ကောင် လွတ်သွားသလိုပါပဲ။ ဦးလေးငယ်လုရွှမ်းနဲ့အတူ လျှောက်သွားပြီး အပျော်လွန်နေလိုက်တာ။ သူ့အမေအရင်းဖြစ်တဲ့ သူမကိုတောင် မေ့ထားတာ။ ချောင်မိဖုရားခေါင်ကို သတိရတယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လား။
ချောင်မိဖုရားခေါင်က လုမင်ယွိ သူမကို စောင်းငဲ့ကြည့်သည်ဟု ထင်မှတ်ပြီး ချောင်းတစ်ချက်ဟန့်ကာ ရယ်မောပြောဆိုလိုက်လေသည်။ "ပန်ကုံးက မင်းကို လုအိမ်တော်မှာ ရက်နည်းနည်းလောက် စိတ်ချမ်းသာအောင် နေစေချင်တာပါ။ ဟန်အာက အရမ်း ဆော့လွန်းတယ်။ တချိန်လုံး ငိုယိုပြီး အော်ဟစ်နေတော့ ပန်ကုံးလည်း မတတ်သာဘဲ ချိုင်လန်ကို လွှတ်ပြီး ဟန်အာကို လုအိမ်တော်ဆီ ပို့လိုက်ရတော့တာပဲ"
လုမင်ယွိက ပြုံးလျက် ပြန်ပြောလိုက်သည်။ "မူဟုပ်က ကျွန်မကို လုအိမ်တော်မှာ လဝက်လောက် နေခွင့်ပေးတာ ကျေးဇူးကြီးလှပါပြီ။ ဟန်အာ တစ်ယောက်တည်း မဟုတ်ဘဲ ရွှီအာနဲ့ ရွှမ်းအာကိုပါ ထပ်ခေါ်သွားရရင်တောင် ကျွန်မက ပျော်နေမှာပါ"
"ဒီလဝက်အတွင်းမှာ ကျွန်မ တော်တော်လေး စိတ်လက်ပေါ့ပါးခဲ့တယ်။ ဟန်အာက လုအိမ်တော်မှာ ရောက်နေတုန်း လျို့တိက နေ့တိုင်း သူ့ကိုခေါ်ပြီး လျှောက်သွားနေတော့ ပျော်လွန်းလို့ အိမ်ကိုတောင် သတိမရတော့ဘူး။ မိုးလင်းတာနဲ့ လူပျောက်သွားလိုက်တာ ညမိုးချုပ် အိပ်ချိန်ကျမှပဲ ပြန်ပေါ်လာတော့တယ်"
လုရွှမ်းသည် တူတော်မောင်လေးကို အလိုလိုက်ကာ ဆော့ကစားပေးရန်အတွက် အထူးတလည် ခွင့်ယူထားခဲ့ခြင်း ဖြစ်လေသည်။ တူလေးကို အမှန်တကယ် ချစ်ခင်နှစ်သက်သလို အစ်မဖြစ်သူကိုလည်း သနားပြီး ကောင်းကောင်း အနားယူစေချင်သောကြောင့် ဖြစ်သည်။
ချောင်မိဖုရားခေါင်သည် ထိုစကားများ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်လိုက်သဖြင့် ပိုပြီး အားနာသွားရသည်။ တစုံတရာ ထပ်ပြောမည် ပြုစဉ်မှာပင် လုမင်ယွိက ပြုံးလျက် ပြောလိုက်သည်ကို ကြားလိုက်ရလေသည်။ "မူဟုပ်ကို ပြောပြစရာ ကိစ္စတစ်ခု ရှိသေးတယ်"
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က တုံးပင်ကျွင်းဝမ်ဖေး နေမကောင်းဖြစ်လို့ ဝူမေ့က ပြန်ပြီး ပြုစုခဲ့ရတယ်။ ကျွန်မလည်း နန်းတော်ထဲ လူလွှတ်ပြီး တော်ဝင်သမားတော်ဝူကို ကျွင်းဝမ်အိမ်တော်ဆီ ပို့ဆောင်ပေးလိုက်တယ်။ ကျွင်းဝမ်ဖေးကို ရောဂါရှာဖွေပြီး ဆေးကုသပေးဖို့ပေါ့။ တော်ဝင်သမားတော်ဝူက သေသေချာချာ ဂရုစိုက်ကုသပေးပြီး ရက်အနည်းငယ်အကြာမှာတော့ ကျွင်းဝမ်ဖေးလည်း ရောဂါပျောက်ကင်းသွားခဲ့ပြီ"
"မနေ့က ကျွင်းဝမ်ဖေးက လက်ဆောင်တွေအများကြီး ယူလာပြီး လုအိမ်တော်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက် ကျေးဇူးတင်စကား ပြောသွားတယ်"
ဒီကိစ္စကို ချောင်မိဖုရားခေါင်က သိပြီးသားပင်။
လုမင်ယွိ နန်းတော်ထဲ လူလွှတ်ပြီး တော်ဝင်သမားတော် ခေါ်ယူခဲ့ခြင်းသည် ချောင်မိဖုရားခေါင်၏ ခွင့်ပြုချက်နှင့် ဖြစ်လေသည်။
ချောင်မိဖုရားခေါင်သည် တည်ငြိမ်အေးဆေးနေသော လုမင်ယွိကို ကြည့်ပြီး အဓိပ္ပာယ်ပါပါ ပြုံးလိုက်လေသည်။ "ကျွင်းဝမ်ဖေးရဲ့ 'ရောဂါ' ပျောက်ကင်းသွားတာ ကောင်းတဲ့ကိစ္စပါပဲ။ နောက်ဆို မင်းရဲ့ ညီမလေး မိဘအိမ်ပြန်ချင်တဲ့အခါ ကျွင်းဝမ်ဖေး ထပ်ပြီး နေမကောင်း ဖြစ်တော့မှာ မဟုတ်လောက်ပါဘူး"
ယောက္ခမနှင့် ချွေးမ နှစ်ဦးသား ကြည်နူးစွာ ပြုံးလိုက်ကြပြီး ထိုကိစ္စကို ဆက်လက်ဆွေးနွေးခြင်း မပြုတော့ပေ။
နှစ်ဦးစလုံး နားလည်သဘောပေါက်ပြီးသား ကိစ္စဖြစ်လေသည်။ ဆက်ပြောနေလျှင် တစ်ယောက်နှင့်တစ်ယောက် ထိုးနှက်နေသလို ဖြစ်သွားနိုင်သဖြင့် မပြောဘဲ နေလိုက်ခြင်းက ပိုကောင်းပေသည်။
စကားပြောနေစဉ်မှာပင် ချိုင်လန်သည် ခြေလှမ်းသွက်သွက်ဖြင့် ဝင်လာပြီး လျှောက်တင်လိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်ကို လျှောက်တင်ပါတယ်။ ယန်ဖင် နေထိုင်မကောင်း ဖြစ်နေလို့ သမားတော်ချုပ်ကျိုးကို လာရောက်ကုသပေးဖို့ တောင်းဆိုနေပါတယ်။ ညန်ညန်ရဲ့ ခွင့်ပြုချက် ရနိုင်ဖို့ ကျောင်းဖန်နန်းဆောင်ကို အထူးတလည် လူလွှတ်လိုက်တာပါ"
ချောင်မိဖုရားခေါင်၏ မျက်နှာထား အနည်းငယ် တင်းမာသွားတော့သည်။
ဒီယန်ဖင်က ကိုယ်ဝန်ရကတည်းက အရှင်မင်းကြီးရဲ့ အချစ်ကို ကိုးကားပြီး ဘဝင်မြင့်နေတာ။ ယုံးကျားဧကရာဇ်က အသက်ကြီးမှ အချစ်သစ် တွေ့နေတာဆိုတော့ ယန်ဖင် တောင်းဆိုသမျှကို ဖြည့်ဆည်းပေးနေတာပဲ။ ယန်ဖင်က ဆဋ္ဌမမင်းသားကို မွေးဖွားပြီးနောက်မှာတော့ ပိုပြီး အတင့်ရဲလာတဲ့ပုံစံ ဖြစ်နေပြီ။
လုမင်ယွိ၏ မျက်ဝန်းများ အရောင်လက်သွားပြီး အေးစက်စွာ ပြောလိုက်လေသည်။ "သမားတော်ချုပ်ကျိုးက ပုံမှန်ဆိုရင် မယ်တော်ကြီး၊ ဖုဟွမ်နဲ့ မူဟုပ်တို့ကိုပဲ ဆေးကုသပေးတာ။ ဒါမှမဟုတ် အရှေ့နန်းဆောင်ကို လာပြီး ဆေးကုသပေးတာမျိုးပဲ ရှိတာ။ ယန်ဖင်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် တော်ဝင်သမားတော်ဝူကို လာကြည့်ခိုင်းရင် ရပြီပဲ"
"ချိုင်လန်။ နင် လဲ့ဟွာနန်းဆောင်ကို သွားပြီး ဒီစကားတွေကို ယန်ဖင် ကြားအောင် ပြောပြလိုက်။ တကယ်လို့ သူ မကျေနပ်ဘူးဆိုရင် အရှေ့နန်းဆောင်ကို လာပြီး ငါနဲ့ လာရှင်းလို့ရတယ်"
ချိုင်လန်သည် အားတက်သွားပြီး ချက်ချင်းပင် အမိန့်နာခံကာ ထွက်ခွာသွားတော့သည်။
ချောင်မိဖုရားခေါင်သည် အစဉ်အလာအားဖြင့် သဘောထားကြီးပြီး ရက်ရောသူဟု နာမည်ကြီးလေသည်။ ထိုနာမည်ကောင်းသည်ပင် ချောင်မိဖုရားခေါင်အတွက် မမြင်ရသော သံကွန်ချာတစ်ခုလို ဖြစ်နေခဲ့သည်။ ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေလျှင်တောင် အလယ်နန်းဆောင် မိဖုရားခေါင်ကြီး၏ ဂုဏ်သိက္ခာကို ထောက်ထားပြီး လွယ်လွယ်ကူကူ ပေါက်ကွဲ၍ မရပေ။
လုမင်ယွိကတော့ မတူချေ။
ဘာပဲဖြစ်ဖြစ် သူမ၏ ကြမ်းတမ်းပြီး ဒဲ့တိုးဆန်သော စိတ်နေစိတ်ထားကို လူတိုင်း သိကြပြီး ဖြစ်သည်။ အတိတ်က သူမ၏ "အောင်ပွဲများ" သည် အနောက်နန်းဆောင်ရှိ မိဖုရားများကို ကောင်းကောင်းကြီး ခြိမ်းခြောက်နိုင်ခဲ့လေသည်။ အတိုချုပ်ပြောရလျှင် ထိုက်ဇီဖေးက "ဟွန်း" ခနဲ လုပ်လိုက်ရုံဖြင့် လူတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ် ကြရလေသည်။
"ဒီလောက် ကိစ္စသေးလေးကို လိုက်လျောပေးလိုက်လည်း ဘာမှ မဖြစ်ပါဘူး"
ချွေးမဖြစ်သူက မိမိဘက်မှ ကာကွယ်ပေးသဖြင့် ချောင်မိဖုရားခေါင်၏ ရင်ထဲတွင် နွေးထွေးသွားသော်လည်း လုမင်ယွိကို တိုးတိုးလေး သတိပေးလိုက်လေသည်။ "ယန်ဖင်က ဆဋ္ဌမမင်းသားကို မွေးဖွားထားတာဆိုတော့ အရှင်မင်းကြီးက အခုတလော သူ့အပေါ် တော်တော်လေး အလိုလိုက်ထားတာ။ ဒီလို ကိစ္စသေးသေးလေးအတွက်နဲ့ သူ့ကို မျက်နှာပျက်အောင် လုပ်နေရင် ကောင်းပါ့မလား"
လုမင်ယွိက မျက်ခုံးပင့်လိုက်ပြီး မျက်ဝန်းထဲတွင် အရောင်များ ပိုမို တောက်ပလာလေသည်။ "ဒါကြောင့်မလို့ ပိုပြီး ဖိနှိပ်ထားရမှာပေါ့။ သူက အခွင့်ကောင်းယူပြီး ပြဿနာ ရှာချင်နေတာ။ ကျွန်မက အရှေ့နန်းဆောင်မှာ သူ့ကို စောင့်နေလိုက်မယ်"
ဖြောင်း... ဖြောင်း... ဖြောင်း
ရုတ်တရက် လက်ခုပ်သံများ ထွက်ပေါ်လာသည်။
လုမင်ယွိနှင့် ချောင်မိဖုရားခေါင်တို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြရာ လီဟန်သည် လူကြီးလေးတစ်ယောက်ကဲ့သို့ လက်ခုပ်တီးနေပြီး လုမင်ယွိကို အားကျသော မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ "မေမေက သိပ်မိုက်တာပဲ"
ချောင်မိဖုရားခေါင်ကလည်း ရယ်မောကာ ထောက်ခံပြောဆိုလိုက်သည်။ "ဟုတ်တယ် ဟုတ်တယ်။ မြေးရဲ့ မေမေက အမိုက်ဆုံးပဲ"
လုမင်ယွိက ပြုံးလိုက်မိသည်။
ရေပန်းစားနေသော ယန်ဖင်သည် တစ်ခဏမျှပင် သည်းမခံနိုင်လောက်အောင် ဖြစ်လိမ့်မည်ဟု လုမင်ယွိ ထင်မထားခဲ့မိပေ။ အမွှေးတိုင်တစ်တိုင်စာ အချိန်ကုန်လွန်ပြီးနောက် ယန်ဖင်သည် နန်းတွင်းသူများ တွဲထူလျက် ကျောင်းဖန်နန်းဆောင်သို့ ရောက်ရှိလာခဲ့လေသည်။
ချိုင်လန် လာရောက် သတင်းပို့သည့်အခါ ချောင်မိဖုရားခေါင်သည်လည်း ဒေါသထွက်သွားပြီး မျက်နှာထား တင်းမာသွားတော့သည်။ "သူ့ကို ဝင်ခိုင်းလိုက်။ ဒီနေ့ သူ ဘာလုပ်ချင်လဲဆိုတာ ပန်ကုံး ကြည့်ရသေးတာပေါ့"
လုမင်ယွိကမူ ဒေါသမထွက်ဘဲ အေးအေးဆေးဆေး ပြောလိုက်လေသည်။ "ယန်ဖင်ကို ဝင်ခွင့်ပြုလိုက်ပါ"
...
ခဏအကြာတွင် ယန်ဖင်သည် နန်းတွင်းသူများ တွဲထူလျက် ကျောင်းဖန်နန်းဆောင်ထဲသို့ ဝင်ရောက်လာခဲ့၏။
နာမည်ကျော်ကြားသော မိန်းမပျိုများကြားတွင် ထူးချွန်ပြောင်မြောက်စွာ ပေါ်ထွက်လာနိုင်သူ ဖြစ်သည့်အလျောက် ယန်ဖင်၏ ရုပ်ရည်အဆင်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်မှာ အမှန်ပင်။ မက်မွန်သီးကဲ့သို့ မျက်လုံးများ၊ မက်မွန်ပွင့်ကဲ့သို့ ပါးပြင်များ၊ နှင်းကဲ့သို့ ဖြူဝင်းသော အသားအရေနှင့် ပန်းပွင့်ကဲ့သို့ လှပသော မျက်နှာထားတို့ ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။
ယောက်ျားများသည် လတ်ဆတ်သော အလှတရားကို နှစ်သက်ကြစမြဲပင်။ ယုံးကျားဧကရာဇ်သည်လည်း ခြွင်းချက်မရှိပေ။ ယခင်က နူးညံ့သိမ်မွေ့သော ဝမ်ကျဲယွီကို နှစ်သက်ခဲ့သော်လည်း ယခုနှစ်များတွင်တော့ ဖြူစင်ရိုးသားပြီး ချစ်စရာကောင်းသော ယန်ဖင်ကို ပိုမို နှစ်သက်လာခဲ့သည်။
ဒီယန်ဖင်က တကယ်ပဲ ကံကောင်းလွန်းလှသည်။ အချစ်တော် ဖြစ်လာပြီး မကြာမီမှာပင် ကိုယ်ဝန်ရရှိခဲ့ပြီး ဆဋ္ဌမမင်းသားကို မွေးဖွားပေးနိုင်ခဲ့သည်။ ခဏအတွင်းမှာပင် နောက်နန်းဆောင်တစ်ခုလုံးကို လွှမ်းမိုးထားနိုင်သည့် အနေအထားသို့ ရောက်ရှိလာခဲ့လေသည်။
ယခုအခါ ယန်ဖင်သည် ဝမ်းနည်းပက်လက် မျက်နှာထားဖြင့် ရောက်ရှိလာပြီး ချောင်မိဖုရားခေါင်ကို ဂါရဝပြုလိုက်သည်။ ချောင်မိဖုရားခေါင် ပါးစပ်မဟရသေးခင်မှာပင် မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ပြောလိုက်တော့သည်။ "ချန်ချဲ့ ဘာအမှား လုပ်မိမှန်း မသိပါဘူး။ ထိုက်ဇီဖေး စိတ်ဆိုးအောင် လုပ်မိသွားတယ်။ ဒါကြောင့် ကျောင်းဖန်နန်းဆောင်ကို လာပြီး ညန်ညန်ဆီမှာ အပြစ်လာတောင်းတာပါ"
ဒါက အပြစ်လာတောင်းတာမှ မဟုတ်တာ။ အပြစ်လာရှာတာနဲ့ တူနေတာပဲ။
ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် "ဟွန်း" ခနဲ လုပ်လိုက်မိသည်။
လုမင်ယွိက အေးစက်စွာ ပြောလိုက်လေသည်။ "ယန်ဖင်။ နန်းတော်ထဲ ဝင်လာတုန်းက အနောက်နန်းဆောင် စည်းမျဉ်းတွေကို မသင်ခဲ့ရဘူးလား။ တကယ်လို့ မေ့သွားပြီဆိုရင် ဒီနေ့ ကျွန်မ သင်ပေးလိုက်မယ်"
"အနောက်နန်းဆောင်က မိဖုရားတွေ နေထိုင်မကောင်း ဖြစ်ရင် မူဟုပ်ကို အရင်ဆုံး သတင်းပို့ရတယ်။ မူဟုပ်က အခြေအနေကို ကြည့်ပြီး သင့်တော်တဲ့ သမားတော်ကို စေလွှတ်ပေးလိမ့်မယ်။ ရှင်က ဖင် အဆင့်ပဲ ရှိသေးတာ။ သမားတော်ချုပ်ကျိုးကို ကုသပေးဖို့ တောင်းဆိုရအောင် ဘယ်လို အရည်အချင်းတွေ ရှိနေလို့လဲ"
"အနောက်နန်းဆောင်မှာ အဲဒီလို အရည်အချင်း ရှိတာ မူဟုပ် တစ်ယောက်တည်းပဲ ရှိတယ်။ ရှင် ဒီလို လုပ်တာက မူဟုပ်ကို မျက်လုံးထဲ မထည့်တာပဲ။ မူဟုပ်က သဘောထားကြီးပြီး ရိုသေလေးစားဖို့ ကောင်းလို့ ရှင့်ကို အပြစ်မယူဘဲ နေတာ။ ကျွန်မက ထိုက်ဇီဖေး တစ်ယောက်အနေနဲ့ မူဟုပ်ကို စော်ကားတာမျိုး ဘယ်သူ့ကိုမှ ခွင့်မလွှတ်နိုင်ဘူး"
"ကျွန်မ လဲ့ဟွာနန်းဆောင်ဆီ စကားပါးလိုက်ပြီးပြီ။ ရှင် နားမလည်ဘူးဆိုရင် ကျွန်မ ထပ်ပြီး ရှင်းရှင်းလင်းလင်း ပြောပြမယ်။ သမားတော်ချုပ်ကျိုးကို ကုသခိုင်းချင်ရင် ရှင့်မှာ အရည်အချင်း မပြည့်မီသေးဘူး"
ယန်ဖင် "..."
ယန်ဖင်သည် ဒေါသကြောင့် မျက်နှာဖြူဖျော့သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။ "ရှင်..."
နင် ငါ့ကို ဒီလို ဆက်ဆံရဲတယ်ပေါ့။
ငါက အရှင်မင်းကြီးရဲ့ အချစ်တော် မိဖုရားနော်။
လုမင်ယွိ၏ မျက်ဝန်းထဲတွင် လှောင်ပြောင်သရော်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ "နေမကောင်း ဖြစ်နေတာတောင် ကျောင်းဖန်နန်းဆောင်ကို လာသေးတယ်။ မူဟုပ်ကို ရောဂါကူးစေချင်လို့လား။ ရှင် ကျောင်းဖန်နန်းဆောင်ကို ဘယ်လိုလာခဲ့လဲ။ အဲဒီအတိုင်း လဲ့ဟွာနန်းဆောင်ကို ပြန်သွားလိုက်တော့"
...
အပိုင်း (၅၅၈) ယန်ဖင် (၂)
ညနေစောင်းတွင် ဝမ်ဟွားနန်းဆောင်အတွင်း။
ယုံးကျားဧကရာဇ်သည် တစ်မနက်ခင်းလုံး တိုင်းရေးပြည်ရာ အစီရင်ခံစာများကို စစ်ဆေးပြီးနောက် နောက်ဆုံးတွင် အားလပ်သွားပြီး လျိုကုန်းကုန်းကို ပေါ့ပေါ့ပါးပါးပင် အမိန့်ပေးလိုက်သည်။ "ကျန်းရဲ့ အမိန့်တော်ကို ပြန်တမ်းထုတ်လိုက်။ လဲ့ဟွာနန်းဆောင်ဆီ ကြွမယ်"
လျိုကုန်းကုန်းသည် ပြုံးရွှင်စွာဖြင့် အမိန့်တော်ကို နာခံလိုက်လေသည်။
ယန်ဖင်သည် ဆဋ္ဌမမင်းသားကို မွေးဖွားပြီးနောက် မိခင်ဖြစ်သူသည် သားကြောင့် ဂုဏ်တက်ကာ အနောက်နန်းဆောင်၏ အချစ်တော်အသစ် ဖြစ်လာခဲ့သည်။ ယုံးကျားဧကရာဇ်သည် အနောက်နန်းဆောင်သို့ ရောက်တိုင်း ဆဋ္ဌမမင်းသားကို အရင်ဆုံး သွားရောက်ကြည့်ရှုလေ့ရှိသည်။ အများအားဖြင့် လဲ့ဟွာနန်းဆောင်တွင်သာ ညအိပ်လေ့ရှိသည်။
အသက်အရွယ်ရမှ သားသမီးရခြင်းသည် ကမ္ဘာပေါ်ရှိ ဖခင်တိုင်းအတွက် တားဆီးမရနိုင်သော ပျော်ရွှင်မှုတစ်ခု ဖြစ်လေသည်။
နေ့စဉ်နှင့်အမျှ အိုမင်းရင့်ရော်လာသော ဧကရာဇ်မင်းမြတ်အတွက် မွေးကင်းစ မင်းသားငယ်လေးတစ်ပါးသည် တနေ့လုံး အာဏာပြိုင်ဆိုင်နေကြသော အရွယ်ရောက်ပြီးသား မင်းသားကြီးများထက် ပိုမို ချစ်ခင်နှစ်သက်ဖွယ် ကောင်းနေတော့သည်။
ယုံးကျားဧကရာဇ်သည် ပေါ့ပါးသွက်လက်သော ခြေလှမ်းများဖြင့် လဲ့ဟွာနန်းဆောင်ထဲသို့ ဝင်ရောက်သွားလေသည်။
ယန်ဖင်ကမူ ပုံမှန်လို ထွက်မကြိုပေ။
ယုံးကျားဧကရာဇ်သည် မျက်ခုံးအနည်းငယ် တွန့်သွားပြီး ဒူးထောက်ကာ တုန်လှုပ်ချောက်ချားနေကြသော နန်းတွင်းသူများကို ဝေ့ဝဲကြည့်လိုက်လေသည်။ "ယန်ဖင် ဘာဖြစ်လို့လဲ"
နန်းတွင်းသူများသည် ခေါင်းငုံ့ထားကြပြီး ထိုအထဲမှ တစ်ယောက်က သတ္တိမွေးကာ အသံတုန်တုန်ဖြင့် ပြန်လည် လျှောက်တင်လိုက်လေသည်။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ယန်ဖင်က ဒီနေ့ ကျောင်းဖန်နန်းဆောင်ကို သွားခဲ့ပါတယ်။ ပြန်ရောက်တဲ့အခါ အိပ်ဆောင်ထဲမှာ တစ်ယောက်တည်း နေပြီး ကျွန်မတို့ကို အကုန်မောင်းထုတ်လိုက်ပါတယ်။ စောစောကမှ ကျွန်မ သွားပြီး အရှင်မင်းကြီး ကြွလာတော့မယ်လို့ တံခါးခေါက် သတင်းပို့တာတောင် ယန်ဖင်က ထွက်မလာပါဘူး"
ဒါသည် ဝမ်းနည်းစရာ ကိစ္စတစ်ခု ကြုံတွေ့ထားရသဖြင့် စိတ်ကောက်နေပြီး အရှင်မင်းကြီး ကိုယ်တိုင် လာချော့မည့်အချိန်၊ တစ်ခါတည်း ရှေ့က မားမားမတ်မတ် ရပ်တည်ပေးမည့်အချိန်ကို စောင့်နေခြင်း ဖြစ်ပေသည်။
ဤစကားကို နန်းတွင်းသူများက ပြောရဲမည် မဟုတ်ပေ။
ယုံးကျားဧကရာဇ်သည်လည်း မည်သို့ ကြည့်မမြင်ဘဲ နေပါမည်နည်း။
ဂျီကျခြင်းနှင့် စိတ်ကောက်ခြင်း အရာတွင်တော့ ယန်ဖင်သည် ငယ်ရွယ်စဉ်က မုန့်ဖေးလောက် မမီပေ။ ချော့ချင် မချော့ချင်၊ ဘယ်လိုချော့မလဲ ဆိုသည်မှာ ယုံးကျားဧကရာဇ်၏ စိတ်အခြေအနေပေါ်တွင် မူတည်နေလေသည်။
ယုံးကျားဧကရာဇ်သည် ရင်ထဲက အချစ်တော်လေးအတွက် သနားကြင်နာစိတ် အနည်းငယ် ဖြစ်ပေါ်လာပြီး ကိုယ်တိုင် ရှေ့တက်ကာ တံခါးခေါက်လိုက်လေသည်။ "ယန်ဖင်။ ကျန်း ရောက်လာပြီ။ တံခါးဖွင့်ပါဦး"
ခဏအကြာတွင် တံခါးပွင့်သွားလေသည်။
ယန်ဖင်သည် တံခါးဝတွင် ရပ်နေပြီး လှပသော မျက်လုံးအစုံမှာ ငိုထားသဖြင့် နီရဲမို့အစ်နေကာ ပုံမှန် ချိုမြနေသော အသံလေးသည်လည်း အက်ကွဲကာ ရှတတ ဖြစ်နေတော့သည်။ "ချန်ချဲ့ရဲ့ ဒီပုံစံက အရှင်မင်းကြီးကို တွေ့ဖို့ မျက်နှာမပြရဲပါဘူး"
ယုံးကျားဧကရာဇ်သည် အိပ်ဆောင်ထဲ ဝင်လိုက်ပြီး တံခါးကို ပြန်ပိတ်လိုက်လေသည်။ "တကယ်ပဲ ဘာဖြစ်တာလဲ။ ကျန်းကို ပြောပြစမ်း"
ယန်ဖင်သည် "အင့်" ခနဲ ရှိုက်သံပြုလျက် ယုံးကျားဧကရာဇ်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ရှိုက်ကြီးတငင် ငိုကြွေးရင်း နေ့ခင်းက အရှက်ကွဲခဲ့ရသည့် အဖြစ်အပျက်ကို ရင်ဖွင့်လေတော့သည်။ "..... ချန်ချဲ့က နန်းတွင်းစည်းမျဉ်းတွေကို ခဏလောက် မေ့သွားမိတာပါ။ သမားတော်ချုပ်ကျိုးရဲ့ ဆေးပညာက ထူးချွန်တော့ သမားတော်ချုပ်ကျိုး ကုပေးရင် ချန်ချဲ့ ရောဂါက နှစ်ရက် သုံးရက်လောက်နဲ့ ပျောက်ကင်းသွားမယ်လို့ တွေးမိတာပါ။ ဒါမှ ဆဋ္ဌမမင်းသားလေးကို အချိန်ပိုပေးပြီး ပြုစုနိုင်မှာမို့ပါ"
"ထိုက်ဇီဖေးက ချန်ချဲ့ကို ဒီလောက်ထိ အရှက်ခွဲလိမ့်မယ်လို့ မထင်ထားမိပါဘူး။ နန်းတွင်းသူတွေ အများကြီးရဲ့ ရှေ့မှာ ချန်ချဲ့ကို အပြစ်တင် ဆူပူပြီး လဲ့ဟွာနန်းဆောင်ကို ပြန်မောင်းထုတ်ခဲ့တယ်။ ချန်ချဲ့ အရှက်ကွဲရပါပြီ။ နောက်ဆို လဲ့ဟွာနန်းဆောင် အပြင်ဘက်ကို ထွက်ပြီး လူတောတိုးရဲမှာ မဟုတ်တော့ဘူး"
ပြောရင်းနှင့် ငိုကြွေးနေလေသည်။
ငယ်ရွယ်ချောမောသော ယန်ဖင်သည် ငိုနေရင်တောင်မှ လှပနေဆဲပင်။ သို့သော် ငိုကြွေးခြင်း အရာတွင် ကွယ်လွန်သွားသည်မှာ နှစ်အနည်းငယ် ကြာပြီဖြစ်သော စူးဖေးကို မည်သူကမှ မယှဉ်နိုင်ပေ။ စူးဖေး ငိုကြွေးသည့်အခါမှသာ သစ်တော်ပန်းလေး မိုးရေစိုနေသကဲ့သို့ ရင်ကို လှုပ်ခတ်သွားစေနိုင်သည် မဟုတ်ပါလား။
ယုံးကျားဧကရာဇ်သည် သိပ်ပြီး ဒေါသမထွက်ပေ။ ယန်ဖင်ကို ပွေ့ဖက်ထားရင်း ပေါ့ပေါ့ပါးပါးပင် ချော့မော့လိုက်လေသည်။ "ဒီလောက် ကိစ္စသေးလေးအတွက်နဲ့ ဒီလို ငိုနေစရာ မလိုပါဘူး။ မျက်ရည်တွေ မြန်မြန်သုတ်လိုက်။ ကျန်း အခုပဲ သမားတော်ချုပ်ကျိုးကို မင်းကို လာကြည့်ပေးဖို့ အမိန့်ပေးလိုက်မယ်"
ယန်ဖင်သည် မျက်ရည်ကို လိုသလို ထိန်းချုပ်နိုင်သော အဆင့်သို့ မရောက်ရှိသေးပေ။ ထို့အပြင် ယုံးကျားဧကရာဇ်၏ "ရေလိုက်ငါးလိုက်" ဖြေရှင်းပုံကိုလည်း သဘောမကျသဖြင့် ဆက်လက် ငိုကြွေးကာ ပြောဆိုပြန်သည်။ "ထိုက်ဇီဖေးက ဂုဏ်မြင့်တယ် ဆိုပေမဲ့ ချန်ချဲ့ကလည်း ဆဋ္ဌမမင်းသားကို မွေးဖွားထားတာဆိုတော့ သူ့အတွက် လူကြီးတစ်ယောက် ဖြစ်နေတာပဲ။ ထိုက်ဇီဖေးက ချန်ချဲ့ကို နည်းနည်းလေးမှ မလေးစားဘဲ အတင်းအကျပ် ဖိနှိပ် ဆူပူတယ်။ ချန်ချဲ့ မျက်နှာပျက်ရတာ ထားပါတော့။ သူက ဒီလောက်ထိ ရိုင်းစိုင်းနေတာ အရှင်မင်းကြီးကို မျက်လုံးထဲ မထည့်တာ သေချာနေပြီ......"
စကားမဆုံးမီမှာပင် ရုတ်တရက် တွန်းထုတ်ခံလိုက်ရသဖြင့် သူမ ယိုင်နဲ့ကာ နောက်ဆုတ်သွားပြီး လဲကျလုနီးပါး ဖြစ်သွားတော့သည်။
ယန်ဖင်သည် မထင်မှတ်ထားသော အခြေအနေကြောင့် အံ့အားသင့်ကာ မော့ကြည့်လိုက်မိသည်။ "အရှင်မင်းကြီး"
ဧကရာဇ်နှင့် အိမ်ရှေ့စံတို့သည် အပေါ်ယံတွင် ရင်းနှီးသည်ဟု ထင်ရသော်လည်း အတွင်းထဲတွင်မူ လှိုင်းလေထန်နေတတ်သည်မှာ သဘာဝပင်။ နန်းတော်ထဲတွင် လူတိုင်း သိကြသော်လည်း မည်သူမျှ ထုတ်မပြောရဲကြပေ။
ယန်ဖင်သည် ဆဋ္ဌမမင်းသားကို မွေးဖွားပြီးနောက် ယုံးကျားဧကရာဇ်က သားငယ်လေးကို အလွန် အလိုလိုက် ချစ်ခင်သည်ကို မြင်သောအခါ စိတ်ကူးယဉ် အိပ်မက်များ မက်လာမိခြင်း ဖြစ်သည်။
လုမင်ယွိ ယနေ့ နန်းတော်ပြန်ရောက်သည်ကို သူမ သိသည်။
သူမသည် တမင်သက်သက် အကြောင်းပြချက်ရှာပြီး ပြဿနာ ဖြစ်အောင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ယုံးကျားဧကရာဇ်၏ ရှေ့တွင် ကုန်းချောစကား ပြောချင်သောကြောင့်ပင်။ အကောင်းဆုံးကတော့ ယုံးကျားဧကရာဇ်က ထိုက်ဇီဖေးကို ဆူပူကြိမ်းမောင်းပြီး အရှေ့နန်းဆောင်ကို အရှက်ခွဲလိုက်လျှင် ပိုကောင်းမည်ဟု တွေးထားခဲ့သည်။
သို့သော် ယုံးကျားဧကရာဇ်၏ ဒေါသသည် သူမဘက်သို့ လှည့်လာလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့မိပေ။
"မိုက်ရိုင်းလိုက်တာ"
ယုံးကျားဧကရာဇ်၏ မျက်နှာထား တင်းမာသွားပြီး မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။ "မင်းက နန်းတွင်းစည်းကမ်းကို အရင် ချိုးဖောက်တာ။ ထိုက်ဇီဖေးက မင်းကို ဆူပူတာ နည်းတောင် နည်းသေးတယ်။ မင်းက ကျန်းရဲ့ ရှေ့မှာ ကုန်းချောစကားလာပြောပြီး ထိုက်ဇီဖေးကို မဟုတ်မမှန် လုပ်ကြံစွပ်စွဲရဲတယ်ပေါ့"
ယန်ဖင်သည် မတ်တပ်မရပ်နိုင်တော့ဘဲ တုန်ယင်စွာ ဒူးထောက်ချလိုက်ရတော့သည်။ မျက်ရည်များလည်း ပါးပြင်ပေါ်သို့ တသွင်သွင် စီးကျလာလေသည်။ "ချန်ချဲ့ စကားမှားသွားပါတယ်။ အရှင်မင်းကြီး စိတ်လျှော့ပါ"
ယုံးကျားဧကရာဇ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။ "ထိုက်ဇီက ကျန်းရဲ့ သားရင်း။ သာ့ဝေတိုင်းပြည်ရဲ့ အိမ်ရှေ့စံ။ သူ့ရဲ့ ဂုဏ်သတင်းက နေရာအနှံ့ ပျံ့နှံ့နေပြီးသား။ ထိုက်ဇီဖေးက ကျန်းကိုယ်တိုင် ရွေးချယ်ပေးထားတဲ့ ချွေးမ။ တော်ဝင်မိသားစုအတွက် မျိုးဆက်သစ်တွေ မွေးဖွားပေးထားတဲ့ အနှိုင်းမဲ့ မိန်းမမြတ်တစ်ယောက်။ မင်းက ကျန်းရဲ့ ရှေ့မှာ သွေးထိုးစကား လာပြောတာ ဘာရည်ရွယ်ချက်လဲ"
"မင်းက ဆဋ္ဌမမင်းသားကို မွေးဖွားထားလို့ သားကို အကြောင်းပြ၊ ကိုယ့်ကိုယ်ကိုယ် အဆင့်မြှင့်ပြီး အိမ်ရှေ့စံ နေရာကို လှုပ်ခတ်သွားအောင် လုပ်ချင်နေတာလား"
ယုံးကျားဧကရာဇ်၏ မျက်နှာထားသည် အုံ့မှိုင်းအေးစက်နေပြီး စူးရှသော အကြည့်များဖြင့် ယန်ဖင်၏ ယုတ်ညံ့သော စိတ်ကူးများကို ဖောက်ထွင်းမြင်နေရသကဲ့သို့ပင်။
ယန်ဖင်သည် ကြောက်လန့်လွန်းသဖြင့် လိပ်ပြာလွင့်မတတ် ဖြစ်သွားပြီး ခေါင်းကို ကြမ်းပြင်နှင့် ဆောင့်ကာ တောင်းပန်လေတော့သည်။ "ချန်ချဲ့မှာ မရှိသင့် မရှိထိုက်တဲ့ အတွေးမျိုး လုံးဝ မရှိပါဘူး။ ချန်ချဲ့ မိုက်မဲလို့ စကားမှားသွားတာပါ။ အရှင်မင်းကြီး စိတ်လျှော့ပါ"
ယုံးကျားဧကရာဇ်သည် ယန်ဖင်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ယန်ဖင်၏ လှပသော မျက်နှာလေးကို ရွံရှာစရာ ကောင်းသည်ဟု ခံစားလိုက်ရသည်။ လာစဉ်က ရှိခဲ့သော စိတ်အားထက်သန်မှုများ ပျောက်ကွယ်သွားပြီး စိတ်ပျက်မှုသာ ကျန်ရစ်တော့သည်။
ယုံးကျားဧကရာဇ်သည် စကားတစ်ခွန်း ပစ်ထားခဲ့လိုက်သည်။ "မင်း ဒူးထောက်ပြီး ကောင်းကောင်း စဉ်းစားလိုက်ဦး။ ဘယ်အချိန် စဉ်းစားလို့ ရသွားလဲ၊ အဲဒီကျမှ ထတော့"
ထို့နောက်တွင်တော့ လှည့်ထွက်သွားလေသည်။
ယန်ဖင်သည် ဒီတစ်ကြိမ်တွင်တော့ တကယ်ကို ကမ္ဘာပျက်မတတ် ငိုကြွေးမိတော့သည်။
အရှင်မင်းကြီးက အရှေ့နန်းဆောင်ကို သဘောမကျသဖြင့် အခွင့်ကောင်းယူကာ အရှေ့နန်းဆောင်ကို မျက်နှာပျက်အောင် လုပ်လိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့သည်။ သို့သော် ယုံးကျားဧကရာဇ်က အရှေ့နန်းဆောင်နှင့် ထိုက်ဇီဖေးဘက်မှ ကာကွယ်ပေးလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့မိပေ။
...
"အရှင်မင်းကြီး လဲ့ဟွာနန်းဆောင်ကို ကြွသွားတယ်။ ကြားရသလောက်တော့ ယန်ဖင် အရှင်မင်းကြီးရဲ့ ဆူပူကြိမ်းမောင်းတာ ခံလိုက်ရတယ်တဲ့"
အမွှေးတိုင်တစ်တိုင်စာ အချိန်မပြည့်မီမှာပင် လဲ့ဟွာနန်းဆောင်မှ သတင်းသည် အရှေ့နန်းဆောင်သို့ ရောက်ရှိလာခဲ့သည်။
ချီယွင်သည် လုမင်ယွိကို တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးလေး ဆက်လက် သတင်းပို့လေသည်။ "အရှင်မင်းကြီးက လဲ့ဟွာနန်းဆောင်က ထွက်လာပြီးတော့ ဖန်ဟွားနန်းဆောင်ကို ကြွသွားတယ်။ ကြည့်ရတာ ဒီတစ်ခါတော့ ယန်ဖင် ကြက်ကလေး လိုချင်မှ ကြက်ခြံပါ အသိမ်းခံလိုက်ရတဲ့ ပုံစံပါပဲ"
လုမင်ယွိသည် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး မျက်ဝန်းထဲတွင် လှောင်ပြောင်သရော်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ "သူက နန်းတော်ထဲ ဝင်တာနဲ့ အချစ်တော် ဖြစ်လာတယ်။ ဆဋ္ဌမမင်းသားကို မွေးဖွားပြီးတဲ့နောက် လူတိုင်းရဲ့ မြှောက်ပင့်မှုကို ခံရတော့ ဘဝင်မြင့်ပြီး စိတ်ကူးယဉ်လာတာ မဆန်းပါဘူး"
"အရင်မင်းဆက်တွေတုန်းကလည်း ဒီလို သာဓကတွေ ရှိခဲ့ဖူးတာပဲ။ ဧကရာဇ်က အိမ်ရှေ့စံကို ဖယ်ရှားပြီး သားငယ်ကို အိမ်ရှေ့စံအဖြစ် တင်မြှောက်ခဲ့တာမျိုးလေ။ ယန်ဖင်လည်း သမိုင်းစာအုပ် ဖတ်ဖူးမှာဆိုတော့ ဒီသမိုင်းကြောင်းကို သိမှာပါ။ ဒါကြောင့် ခေါင်းအုံးနားက လေပြည်သွေးပြီး ဖုဟွမ်ကို အရှေ့နန်းဆောင်အပေါ် ငြိုငြင်လာအောင်၊ အိမ်ရှေ့စံ အပြောင်းအလဲလုပ်ချင်စိတ် ပေါ်လာအောင် လုပ်ချင်နေတာ"
ချီယွင်သည် ကြားလိုက်ရသည်နှင့် မျက်လုံးထဲတွင် ဒေါသမီးများ တောက်လောင်လာပြီး တံတွေးထွေးကာ ပြောလိုက်မိသည်။ "သူ့အဆင့်နဲ့များ တန်လို့လား"
"တန်မတန်တော့ မပြောလိုပါဘူး။ ဒါပေမဲ့ သူ့ကို အိပ်မက်လှလှလေး မက်ခွင့် ပေးလိုက်ရမှာပေါ့"
လုမင်ယွိ၏ မျက်ဝန်းများ အေးစက်သွားသည်။ "ထိုက်ဇီက ဒီ ၃နှစ်အတွင်း တောင်ပြေး မြောက်ပြေးနဲ့ နန်းတွင်းအမှုထမ်းတွေအတွက် အလုပ်လုပ်ပေးခဲ့တယ်။ စိတ်ရောကိုယ်ပါ နှစ်ပြီး ပင်ပင်ပန်းပန်း ကြိုးစားခဲ့တယ်။ ဖုဟွမ်က ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သူက ထူးချွန်တဲ့ အိမ်ရှေ့စံ တစ်ယောက်ဆိုတာ ဝန်ခံရမှာပဲ"
အရှေ့နန်းဆောင် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်ခြင်းသည် အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကြောင့် မဟုတ်ပေ။ အရပ်ဖက်အရာရှိများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ၏ ထောက်ခံမှု၊ ပြည်သူများ၏ ချစ်ခင်လေးစားမှုနှင့် လီကျင့်နှင့် သူမတို့၏ စွမ်းဆောင်ရည်များကြောင့်သာ ဖြစ်လေသည်။
ယန်ဖင်သည် သားတစ်ယောက် မွေးဖွားပေးနိုင်ရုံဖြင့် အိမ်ရှေ့စံ နေရာကို မျှော်မှန်းရဲသည်မှာ တကယ်ကို အရှက်မရှိ စိတ်ကူးယဉ်လွန်းနေခြင်းပင်။
ယုံးကျားဧကရာဇ်သည် မိသားစုကိစ္စနှင့် မိန်းမကိစ္စတွင် ရှုပ်ထွေးနိုင်သော်လည်း တိုင်းပြည်အရေးနှင့် ပတ်သက်လာလျှင်တော့ အလွန် ရှင်းလင်းပြတ်သားသူ ဖြစ်လေရာ ဒေါသမထွက်ဘဲ နေပါမည်တဲ့လား။
...