← Chapters

အခန်း (၅၅၉-၅၆၁)

Vol. 38 Ch. 559-561

အခန်း (၅၅၉-၅၆၁)

Vol. 38 Ch. 559-561

အပိုင်း (၅၅၉) မိုးကြိုး (အမျက်ဒေါသ)

ယန်ဖင်သည် လဲ့ဟွာနန်းဆောင်တွင် တစ်ညလုံး ဒူးထောက်ကာ ညသန်းခေါင်ကျော်သည်အထိ ငိုကြွေးနေခဲ့ရာမှ မနက်လင်းအားကြီးတွင် အပြင်းအထန် ဖျားနာသွားခဲ့လေသည်။

ဒီတစ်ခေါက် ဖျားသည်က တကယ်ကို အကြီးအကျယ် ဖျားခြင်းပင်။

ချောင်မိဖုရားခေါင်သည် ဖြစ်ပျက်ပုံအလုံးစုံကို သိရှိသွားသောအခါ တစ်ချက်အေးစက်စက် ပြုံးလိုက်သော်လည်း အပေါ်ယံအနေဖြင့် လုပ်စရာရှိတာများကိုတော့ မလုပ်ဘဲ မနေနိုင်ပေ။

ချောင်မိဖုရားခေါင်သည် တော်ဝင်သမားတော်ကို အထူးတလည် စေလွှတ်ကာ ရောဂါကုသစေပြီး အားဆေးများစွာ ပေးသနားလိုက်သည်။ ထို့နောက် ချိုင်လန်ကို အမိန့်ပြန်တမ်း ထုတ်ပြန်စေကာ ယန်ဖင်အား လဲ့ဟွာနန်းဆောင်တွင် စိတ်အေးချမ်းသာစွာဖြင့် ရောဂါကုသရန် မှာကြားလိုက်လေသည်။

ယုံးကျားဧကရာဇ်သည် လူမမာသွားမမေးသည့်အပြင် ရက်ဆက်ဆိုသလို ဖန်ဟွားနန်းဆောင်သို့သာ သွားရောက်ခဲ့သည်။

ကုတင်ပေါ်တွင် လဲလျောင်းနေရသော ယန်ဖင်သည် နေ့စဉ်နှင့်အမျှ မျက်ရည်ဖြင့် မျက်နှာသစ်နေရပြီး ရောဂါသက်သာလာခြင်း မရှိသည့်အပြင် ပို၍ပင် ဆိုးရွားလာခဲ့လေသည်။

နန်းတော်ထဲသို့ ဝင်ရောက်လာကတည်းက ယန်ဖင်သည် အမြဲတမ်း အချစ်ခံ၊ အမြှောက်ခံခဲ့ရပြီး ဧကရာဇ်မင်းမြတ်၏ နူးညံ့သိမ်မွေ့သော အခြမ်းကိုသာ မြင်တွေ့ခဲ့ရသည်။ ယုံးကျားဧကရာဇ် မျက်နှာထား တင်းမာသွားမှသာ "မိုးကြိုးနှင့် မိုးရေစက်" (အမျက်ဒေါသနှင့် မေတ္တာတရား) ဆိုသည်မှာ မည်သို့ရှိကြောင်း နားလည်သွားတော့သည်။

အသက် ၁၈ နှစ်သာ ရှိသေးသော ယန်ဖင်သည် ဤမျှ ပြင်းထန်သော မုန်တိုင်းဒဏ်ကို မည်သို့ ခံနိုင်ရည် ရှိပါမည်နည်း။

ဘေးတွင်ရှိသော ယုံကြည်စိတ်ချရသည့် နန်းတွင်းသူများက အစွမ်းကုန် နှစ်သိမ့်ပေးကြရသည်။ "ညန်ညန် စိတ်လျှော့ပြီး ကောင်းကောင်း အနားယူပါ။ နေကောင်းသွားရင် ဆဋ္ဌမမင်းသားလေးကို ခေါ်ပြီး အရှင်မင်းကြီးဆီမှာ အပြစ်သွားတောင်းလိုက်ရင် အဆင်ပြေသွားမှာပါ။ အရှင်မင်းကြီးက မင်းသားလေးကို အချစ်ဆုံးဆိုတော့ သေချာပေါက် စိတ်ပြောင်းသွားမှာပါ"

ယန်ဖင်၏ ဆံနွယ်များ ဖရိုဖရဲ ဖြစ်နေပြီး ပန်းပွင့်ကဲ့သို့ မျက်နှာလေးမှာလည်း ဖြူဖျော့နေကာ လှပသော မျက်လုံးအစုံမှာလည်း နီရဲမို့အစ်နေလေသည်။

ထိုစကားကို ကြားလိုက်ရမှ ယန်ဖင်သည် စိတ်အနည်းငယ် ကြည်လင်လာသည်။ "နင် ပြောတာ ဟုတ်တယ်။ ငါ ကောင်းကောင်း အနားယူမှ ဖြစ်မယ်။ ဆေးခွက် ယူလာခဲ့။ ငါ အခု သောက်မယ်"

နန်းတွင်းသူများ စိတ်အေးသွားကြပြီး အငွေ့တထောင်းထောင်း ထနေသော ဆေးခွက်ကို အလျင်အမြန် ယူလာကာ တစ်ဇွန်းချင်း တိုက်ကျွေးလိုက်ကြသည်။

ယန်ဖင် ဆေးသောက်ပြီးနောက် အိပ်ချင်စိတ် ဖြစ်ပေါ်လာပြီး မှေးစက်တော့မည် ပြုစဉ်မှာပင်...

ရုတ်တရက် နန်းတွင်းသူတစ်ယောက် ဝင်လာပြီး လျှောက်တင်လေသည်။ "အရှင်မင်းကြီးရဲ့ ကိုယ်ရံတော် လျိုကုန်းကုန်း အမိန့်တော် လာပြန်ပါတယ်"

အရှင်မင်းကြီးက သူမကို သတိရသွားပြီပဲ။

ယန်ဖင် ချက်ချင်း အိပ်ချင်စိတ် ပျောက်သွားပြီး အတင်းကုန်းထကာ နန်းတွင်းသူများကို တွဲထူခိုင်းလိုက်သည်။ ခဏအကြာတွင် လျိုကုန်းကုန်း ဝင်ရောက်လာခဲ့သည်။

လျိုကုန်းကုန်းသည် နာမကျန်းဖြစ်နေသော ယန်ဖင်ကို သနားကြင်နာသော မျက်လုံးများဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် အမိန့်ပြန်တမ်းကို ဖတ်ကြားလိုက်လေသည်။ "အရှင်မင်းကြီးက အမိန့်ရှိပါတယ်။ ယန်ဖင် နေထိုင်မကောင်း ဖြစ်နေလို့ ဆဋ္ဌမမင်းသားကို ပြုစုစောင့်ရှောက်ဖို့ အားအင်မရှိဘူး။ ဒီနေ့ကစပြီး ဆဋ္ဌမမင်းသားကို ကျောင်းဖန်နန်းဆောင်ဆီ ပို့ဆောင်ပြီး ဟွမ်ဟုပ်ညန်ညန်ရဲ့ စောင့်ရှောက်မှုအောက်မှာ ထားရှိရမယ်..."

ဘာ...

ယန်ဖင်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး မျက်နှာမှ သွေးရောင်များ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ "ရှင် ဘာပြောလိုက်တာလဲ။ အရှင်မင်းကြီးက တကယ် အဲဒီလို ပြောလိုက်တာလား။ မဖြစ်နိုင်ဘူး။ ငါ ၁၀ လလောက် လွယ်ထားပြီး မွေးထားရတဲ့ သားကို ဘယ်သူမှ လာလုသွားလို့ မရဘူး။ နင် ဒီခွေးကောင်။ ဘယ်လိုလုပ်ပြီး လျှောက်ပြောရဲတာလဲ။ အရှင်မင်းကြီးက ငါ့ကို ဒီလို လုံးဝ လုပ်မှာ မဟုတ်ဘူး။ ဒီလို အမိန့်မျိုး လုံးဝ ပေးမှာ မဟုတ်ဘူး..."

ယန်ဖင်သည် စိတ်လှုပ်ရှားလွန်းသဖြင့် စကားများ ဗလုံးဗထွေး ဖြစ်ကုန်ပြီး ကုတင်ပေါ်မှ အတင်းဆင်းရန် ကြိုးစားလေတော့သည်။

ဘေးနားရှိ နန်းတွင်းသူများ မျက်နှာပျက်သွားကြပြီး ဝိုင်းဝန်း တားဆီးလိုက်ကြရသည်။

ထိုအထဲမှ တစ်ယောက်က ယန်ဖင်၏ နားနားကပ်ကာ အလျင်အမြန် တိုးတိုးလေး ပြောလိုက်လေသည်။ "ညန်ညန်... ညန်ညန် မလန့်ပါနဲ့။ မင်းသားလေးကို ခဏ ခေါ်သွားတာပါ။ ညန်ညန် နေကောင်းရင် အရှင်မင်းကြီးကို သွားတောင်းပန်ပြီး ပြန်ခေါ်လို့ ရပါတယ်။ ညန်ညန် အခု စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ ပြီးတော့ လျှောက်မပြောပါနဲ့။ အရှင်မင်းကြီး စိတ်ဆိုးသွားရင် နောက်ဆို မင်းသားလေးကို ပြန်ခေါ်လို့မရဘဲ ဖြစ်သွားလိမ့်မယ်"

ယန်ဖင်သည် ဒေါသရော အမောပါ ပေါင်းပြီး ရုတ်တရက် သွေးအန်ကာ သတိလစ်သွားတော့သည်။

လျိုကုန်းကုန်းသည် ထိုအခြေအနေများကို မြင်ဖူးနေကျ ဖြစ်သဖြင့် မတုန်လှုပ်ပေ။ သတိလစ်နေသော ယန်ဖင်ကို တစ်ချက်ကြည့်လိုက်ပြီး နန်းတွင်းသူများကို ပြောလိုက်လေသည်။ "ယန်ဖင်ကို ကောင်းကောင်း ပြုစုလိုက်ကြ။ ကျုပ်က အရှင်မင်းကြီး အမိန့်နဲ့ မင်းသားလေးကို အခု ခေါ်သွားရမယ်"

နန်းတွင်းသူများ မည်သူမျှ စကားမပြောရဲကြဘဲ ခေါင်းငုံ့ကာ အမိန့်နာခံလိုက်ကြရသည်။

...

ထိုအချိန်တွင် ကျောင်းဖန်နန်းဆောင်၌ စည်ကားနေလေသည်။

အချိန်အတော်ကြာ ငြိမ်သက်နေခဲ့သော မုန့်ဖေးနှင့် ချင်ဖေးတို့သည် တိုက်ဆိုင်စွာဖြင့် ဂါရဝပြုရန် ရောက်ရှိလာကြသည်။ နေ့တိုင်း ရောက်လာတတ်သော ဝမ်ကျဲယွီ၊ အခြားသော ငယ်ရွယ်သည့် မိဖုရား ၅ ဦး ၆ ဦးတို့သည် အဆင့်အလိုက် နေရာယူထားကြသဖြင့် နန်းဆောင်ထဲတွင် လူအပြည့် ဖြစ်နေလေသည်။

ရေပန်းစားနေသော ယန်ဖင်ကို ယုံးကျားဧကရာဇ်က ရုတ်တရက် အပြစ်ပေးလိုက်ခြင်းသည် လူတိုင်း၏ စိတ်ကို လှုပ်ခတ်သွားစေသည်။ ပြုံးနေသော မျက်နှာများ၏ အောက်တွင် ဘာတွေ တွေးတောကြံစည်နေကြသည်ကို မည်သူမျှ မသိနိုင်ပေ။

ချင်ဖေးက ဟန်ဆောင်ပန်ဆောင် သက်ပြင်းချလိုက်လေသည်။ "ယန်ဖင် ရုတ်တရက် နေမကောင်း ဖြစ်သွားတယ်။ ချန်ချဲ့က လဲ့ဟွာနန်းဆောင်ကို သွားပြီး လူမမာမေးမလို့ စိတ်ကူးထားတာ။ ဒါပေမဲ့ အရှင်မင်းကြီး ကိုယ်တိုင် အမိန့်ထုတ်ထားတယ်။ ဘယ်သူမှ ယန်ဖင် အနားယူတာကို သွားမနှောင့်ယှက်ရဘူးတဲ့။ ချန်ချဲ့ စိတ်ထဲမှာတော့ တကယ်ကို စိတ်ပူမိပါတယ်"

ချောင်မိဖုရားခေါင်သည် သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာအားရ ဖြစ်နေသော ချင်ဖေးကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။ "ယန်ဖင် နေကောင်းမှ မင်း သွားလည်း မနောက်ကျပါဘူး"

မုန့်ဖေးက နှုတ်ခမ်းမဲ့ကာ ဝင်ပြောလိုက်သည်။ "ဒီနောက်နန်းဆောင်ထဲမှာ ချန်ချဲ့ အလေးစားဆုံးက ချင်ဖေးပဲ။ သူက မွေးရာပါ သဘောထားကြီးပြီး ကြင်နာတတ်သူလေ။ ဘယ်နေရာမှာ ဘာကိစ္စဖြစ်ဖြစ် ပထမဆုံး ရောက်သွားတာ သူပဲ"

စကားလုံးများက ရွဲ့စောင်းပြီး အဆိပ်ပြင်းလှသည်။ သို့သော် ချင်ဖေးသည် မျက်နှာပြောင်သူ ဖြစ်သဖြင့် စိတ်ထဲမထားဘဲ ပြုံးလျက် ပြန်ပြောလိုက်လေသည်။ "ဟုတ်တယ်လေ။ ဟိုတုန်းက ရှင် တစ်နှစ်ကျော်လောက် နေမကောင်း ဖြစ်တုန်းကလည်း ကျွန်မပဲ နေ့တိုင်း စိတ်ပူပေးခဲ့ရတာ မဟုတ်လား"

မုန့်ဖေး စကားတစ်ဆို့သွားပြီး မျက်စောင်းထိုးလိုက်သည်။

မျက်စောင်းထိုးလည်း ထိုးပေါ့။ ဘယ်သူက ကြောက်နေမှာလဲ။ အရင်လို အချစ်တော် ကွေ့ဖေးလို့ ထင်နေတုန်းလား။

ချင်ဖေးသည် နည်းနည်းလေးမှ မကြောက်ဘဲ ပြုံးသယောင်ယောင် မျက်လုံးများဖြင့် ပြန်ကြည့်လိုက်လေသည်။

ချောင်မိဖုရားခေါင်သည် သူတို့နှစ်ယောက်ကို ဂရုမစိုက်တော့ဘဲ ဝမ်ကျဲယွီကို ပြုံးလျက် ကြည့်လိုက်လေသည်။ "ဒီရက်ပိုင်း အရှင်မင်းကြီး ဖန်ဟွားနန်းဆောင်မှာ ဆက်တိုက် ညအိပ်တယ်။ မင်း ကောင်းကောင်း ပြုစုလို့ နေမှာပေါ့။ ပန်ကုံးဆီမှာ အရည်အသွေးကောင်းတဲ့ ပိုးထည်တွေ ရှိတယ်။ နွေဦးရာသီ ဝတ်စုံချုပ်ဖို့ မင်းကို ဆုချလိုက်မယ်"

ဝမ်ကျဲယွီ အလျင်အမြန် ထရပ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ "ဟွမ်ဟုပ်ညန်ညန်ရဲ့ ဆုလာဘ်ကို ကျေးဇူးတင်ပါတယ်"

ချောင်မိဖုရားခေါင် ပြုံးလိုက်သည်။ "ဒါက မင်း ရသင့်ရထိုက်တာပါ"

မုန့်ဖေးသည် ဝမ်ကျဲယွီ၏ ငယ်ရွယ်နုပျိုပြီး လှပသော မျက်နှာကို ကြည့်ရင်း ရင်ထဲတွင် မွန်းကြပ်လာတော့၏။

ယန်ဖင် အမှားလုပ်လိုက်သည်နှင့် ယုံးကျားဧကရာဇ်က ချက်ချင်း ဖန်ဟွားနန်းဆောင်သို့ ပြောင်းသွားသည်။ ဝမ်ကျဲယွီ၏ အရှိန်အဝါ မသေးကြောင်း သိသာလှသည်။ မိမိကိုယ်ကို ပြန်ကြည့်လိုက်တော့ ယခုနှစ်ပိုင်းတွေမှာ ယုံးကျားဧကရာဇ်နှင့် တွေ့ရသည့် အကြိမ်အရေအတွက်က တဖြည်းဖြည်း နည်းပါးလာခဲ့သည်။

ယခုအခါ သူမ၏ မျက်နှာပေါ်မှ မိတ်ကပ်များသည် ပိုမို ထူပိန်းလာပြီး ဝတ်ဆင်ထားသော ဝတ်စုံများသည်လည်း ပိုမို တောက်ပလာခဲ့သည်။

ချောင်မိဖုရားခေါင်ကမူ အရှင်မင်းကြီးနှင့် အတူမနေရသည်မှာ ကြာပြီဖြစ်သော်လည်း ရိုးရှင်းစွာ ဝတ်ဆင်ထားပြီး တည်ငြိမ်ရင့်ကျက်ကာ အိုမင်းသည့်ပုံ မပေါ်သည့်အပြင် ပို၍ပင် ငယ်ရွယ်လာသယောင် ရှိသည်။ ဒါသည် မိဖုရားခေါင်တစ်ပါး၏ ယုံကြည်မှုပင်။ အခြား မိဖုရားများနှင့် အပြိုင်အဆိုင် အလှဂုဏ်ပြစရာ မလိုဘဲ အလယ်နန်းဆောင်တွင် ခိုင်ခိုင်မာမာ ထိုင်နေနိုင်လေသည်။

လူချင်း ယှဉ်ကြည့်လိုက်လျှင် ဒေါသထွက်စရာပင်။

မုန့်ဖေးသည် စိတ်ပျက်လက်ပျက်နှင့် အကြည့်လွှဲလိုက်ရာ ချင်ဖေးနှင့် တည့်တည့်တိုးသွားပြန်သည်။

ချင်ဖေးလည်း ဒီနှစ်ပိုင်းတွေမှာ တော်တော် အိုစာသွားသည်။ နဖူးပေါ်တွင် အရေးအကြောင်းများ ပေါ်လာပြီး ဆံပင်ဖြူအချို့လည်း ပေါက်လာပြီ ဖြစ်သည်။

ဂေါ်ဖီထုပ်အိုကြီး။

နှစ်ယောက်စလုံး စိတ်ထဲတွင် တစ်ယောက်ကို တစ်ယောက် တံတွေးထွေးလိုက်ကြသည်။

ထိုအချိန်တွင် နန်းတွင်းသူတစ်ယောက် ဝင်လာပြီး ပြုံးရွှင်စွာ လျှောက်တင်လိုက်သည်။ "ထိုက်ဇီဖေး ရောက်လာပါပြီ"

ဝမ်ကျဲယွီက ပထမဆုံး ထရပ်ကာ ကြိုဆိုလိုက်သည်။ ကျန်သော ငယ်ရွယ်သည့် မိဖုရားများလည်း လိုက်လံ ထရပ်ကြသည်။ မုန့်ဖေးနှင့် ချင်ဖေး နှစ်ယောက်သာ မတုန်မလှုပ် ထိုင်နေကြလေသည်။

လုမင်ယွိက ပြုံးလျက် ဝင်လာ၏။ သူမဘေးတွင် ဖြူဖြူဖွေးဖွေး ဖောင်းဖောင်းအစ်အစ် ကလေးလေးတစ်ယောက် ပါလာပြီး ခုန်ဆွခုန်ဆွ လုပ်နေလေသည်။ သူကား လီဟန်ပင်။

လူတိုင်း နှုတ်ဆက်ကြပြီး တစ်ခဏမျှ စည်ကားသွားသည်။ ချောင်မိဖုရားခေါင်က ပြုံးလျက် လုမင်ယွိကို သူမဘေးတွင် ထိုင်ခိုင်းလိုက်ပြီး ချစ်မြေးတော်လေးကို ပေါင်ပေါ်သို့ ကောက်တင်လိုက်လေသည်။

ပျော်ရွှင်စရာ ကောင်းနေသော အချိန်တွင် လျိုကုန်းကုန်းနှင့် အဖွဲ့ ရောက်ရှိလာကြသည်။

"ဟွမ်ဟုပ်ညန်ညန်ကို လျှောက်တင်ပါတယ်။ ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ အမိန့်နဲ့ ဆဋ္ဌမမင်းသားကို ခေါ်ဆောင်လာခဲ့ပါတယ်" လျိုကုန်းကုန်းက ဦးညွှတ် ဂါရဝပြုလျက် လျှောက်တင်လိုက်သော စကားသည် ကျောက်တုံးကြီး ရေကန်ထဲ ကျသွားသကဲ့သို့ နန်းဆောင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားစေသည်။

ချောင်မိဖုရားခေါင်၏ အပြုံးများ ရပ်တန့်သွားပြီး လုမင်ယွိကို အမြန်လှမ်းကြည့်လိုက်သည်။

လုမင်ယွိက တည်ငြိမ်စွာ မေးလိုက်သည်။ "လျိုကုန်းကုန်း ရှင်းရှင်းလင်းလင်း ပြောပါဦး။ ဖုဟွမ်က ဘာသဘောလဲ။ ရုတ်တရက်ကြီး ဆဋ္ဌမမင်းသားကို ဘာလို့ ခေါ်လာခိုင်းတာလဲ"

လျိုကုန်းကုန်းက ရိုသေစွာ ပြန်လည် လျှောက်တင်လိုက်သည်။ "ထိုက်ဇီဖေးကို လျှောက်တင်ပါတယ်။ အရှင်မင်းကြီးက အမိန့်ရှိပါတယ်။ ယန်ဖင် ရောဂါသည်းနေလို့ စိတ်ငြိမ်ငြိမ်ထားပြီး ကုသဖို့ လိုအပ်ပါတယ်။ ဆဋ္ဌမမင်းသားက ငယ်သေးတော့ ရောဂါကူးမှာ စိုးရိမ်ရတယ်။ ဒါကြောင့် ကျောင်းဖန်နန်းဆောင်မှာ ခဏ ပို့ထားပြီး ဟွမ်ဟုပ်ညန်ညန်ကို ဂရုစိုက် စောင့်ရှောက်ပေးဖို့ အမိန့်ပေးလိုက်ပါတယ်"

တစ်စုံတစ်ယောက်က လေကို ရှူသွင်းလိုက်သံ ကြားလိုက်ရသည်။

နန်းဆောင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး အားလုံး၏ အကြည့်များသည် ချောင်မိဖုရားခေါင်ထံသို့ ရောက်ရှိသွားကြလေသည်။

...

အပိုင်း (၅၆၀) မိုးရေစက် (မေတ္တာတရား)

ချောင်မိဖုရားခေါင်သည် ဒေါသကြောင့် သွေးတိုးလာပြီး ဆဲဆိုကြိမ်းမောင်းမိတော့မလို ဖြစ်သွားသည်။

ဒီခွေးကောင်ကတော့...

ငယ်ရွယ်စဉ်က မုန့်ဖေးကို အိမ်တွင်းရေးထဲသို့ သွင်းလာပြီး တရားမဝင် သားဦးကို မွေးဖွားခဲ့သည်။ ထိုသားဦးကို ရတနာတစ်ပါးကဲ့သို့ တယုတယဖြင့် မုန့်ဖေးကို ကိုယ်တိုင် ပြုစုပျိုးထောင်ခွင့် ပေးခဲ့သည်။ နောက်ပိုင်း တရားမဝင်သားများ တစ်ယောက်ပြီးတစ်ယောက် မွေးဖွားလာသော်လည်း သူမကဲ့သို့ တရားဝင်ဇနီးကို ပြုစုပျိုးထောင်ခွင့်ပေးရန် မည်သည့်အခါကမှ စိတ်မကူးခဲ့ဖူးပေ။

အခုတော့ အသက်ကြီးမှ သားငယ်တစ်ယောက် မွေးလာပြီး သူမက တရားဝင်မိခင် ဖြစ်ကြောင်း သတိရသွားကာ ကလေးကို သူမထံ လာရောက် ထိုးထည့်ပေးနေသည်တဲ့လား။

ဖွီး။

ချောင်မိဖုရားခေါင်၏ မျက်နှာထားသည် အုံ့မှိုင်းသွားပြီး လေသံမှာလည်း မနှစ်မြို့ဖွယ် ဖြစ်လာတော့သည်။ "ပန်ကုံးက နေ့တိုင်း နန်းတွင်းရေးရာကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာ။ ဆဋ္ဌမမင်းသားကို ပြုစုပျိုးထောင်ဖို့ အချိန် ဘယ်ရှိမှာလဲ။ မင်း အခုပဲ သွားပြီး အရှင်မင်းကြီးကို ပြန်လျှောက်တင်လိုက်။ ပန်ကုံး ဒီလို ကြီးလေးတဲ့ တာဝန်ကို မထမ်းဆောင်နိုင်ပါဘူးလို့"

လျိုကုန်းကုန်း၏ မျက်နှာပေါ်တွင် အခက်တွေ့နေသည့် အရိပ်အယောင်များ ပေါ်လာသည်။ "ကျွန်တော်မျိုးက အမိန့်အတိုင်း လုပ်ဆောင်ရတာပါ။ ဟွမ်ဟုပ်ညန်ညန် ဆဋ္ဌမမင်းသားကို လက်ခံပေးလိုက်ပါ။ မဟုတ်ရင် ကျွန်တော်မျိုး အရှင်မင်းကြီးကို ပြန်ရှင်းပြဖို့ နည်းလမ်းမရှိတော့ပါဘူး"

ပြောပြီးသည်နှင့် နို့ထိန်းနှစ်ယောက်ကို ခေါ်လိုက်လေသည်။ ထိုအထဲမှ တစ်ယောက်၏ ရင်ခွင်ထဲတွင် ၆ လသားအရွယ် ကလေးငယ်တစ်ယောက်ကို ပွေ့ချီထားသည်။ ထိုကလေးသည် ကျန်းမာသန်စွမ်းပြီး ထွားကျိုင်းလှသည်။ သူကား ဆဋ္ဌမမင်းသားပင်။

ဆဋ္ဌမမင်းသား မွေးဖွားပြီးကတည်းက လဲ့ဟွာနန်းဆောင်တွင်သာ နေထိုင်ခဲ့ရပြီး ယခုမှ ပထမဆုံးအကြိမ် လူအများရှေ့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ မိဖုရားငယ်များသည် စပ်စုချင်စိတ် ဖြစ်ပေါ်လာသဖြင့် ချောင်မိဖုရားခေါင်၏ မျက်နှာပျက်နေသည်ကို ဂရုမစိုက်နိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် ထရပ်ကာ ဆဋ္ဌမမင်းသားကို လှမ်းကြည့်ကြလေသည်။

မုန့်ဖေးကတော့ ချောင်မိဖုရားခေါင်၏ ရင်ကို တမင်သက်သက် ထိုးနှက်လိုသဖြင့် ပြုံးကာ ပြောလိုက်လေသည်။ "အရှင်မင်းကြီးက ဆဋ္ဌမမင်းသားကို ကျောင်းဖန်နန်းဆောင်ဆီ ပို့ပြီး ပြုစုပျိုးထောင်ဖို့ တာဝန်ပေးတယ် ဆိုကတည်းက ဟွမ်ဟုပ်ညန်ညန်ကို ဘယ်လောက် ယုံကြည်အားကိုးလဲဆိုတာ သိသာပါတယ်"

ချောင်မိဖုရားခေါင်သည် ဒေါသအိုး ပေါက်ကွဲလုနီးပါး ဖြစ်နေသော်လည်း အေးဆေးစွာ ပြန်ပြောလိုက်လေသည်။ "ပထမမင်းသား မွေးတုန်းက ပန်ကုံးကို စိတ်မပူခိုင်းခဲ့ပါဘူး။ ဒီအချိန်ရောက်မှ အရှင်မင်းကြီးက ပန်ကုံးကို ယုံကြည်လာလိမ့်မယ်လို့ ထင်မထားမိဘူး"

မုန့်ဖေး စကားတစ်ဆို့သွားပြီး ဘာမှ ပြန်မပြောနိုင်တော့ချေ။

ချင်ဖေးက မုန့်ဖေး အပြောခံလိုက်ရသည်ကို ကြည့်ပြီး သဘောကျကာ လက်ကို ပါးစပ်ဖြင့်အုပ်၍ တခစ်ခစ် ရယ်မောနေတော့သည်။

ဆဋ္ဌမမင်းသားသည် ငယ်ရွယ်သေးသဖြင့် လူအများ ဝိုင်းအုံကြည့်ရှုခြင်းနှင့် ပြင်းထန်သော ရေမွှေးနံ့များကြောင့် နှာခေါင်းရှုံ့လိုက်ပြီး အသံကုန်ဟစ်ကာ ငိုကြွေးလေတော့သည်။

အသံက ကျယ်လောင်လိုက်သည့်ဖြစ်ခြင်းပင်။

မုန့်ဖေးသည် အနီးဆုံးတွင် ရှိသဖြင့် နားစည်ကွဲမတတ် ခံစားလိုက်ရ၏။ နားကို လက်ဖြင့်ပိတ်ကာ မနှစ်မြို့သော ပုံစံဖြင့် နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်လိုက်မိသည်။

လျိုကုန်းကုန်းသည် ချောင်မိဖုရားခေါင်ကို ဂါရဝပြုလိုက်သည်။ "ဟွမ်ဟုပ်ညန်ညန် ဆဋ္ဌမမင်းသားကို နေရာချပေးလိုက်ပါဦး။ ကျွန်တော်မျိုး ပြန်ခွင့်ပြုပါဦး"

ချောင်မိဖုရားခေါင် မျက်နှာထား မကောင်းသော်လည်း ဘာမှ ထပ်မပြောတော့ပေ။

တရားမဝင် သားသမီးများကို ပြုစုပျိုးထောင်ခြင်းသည် တရားဝင်ဇနီးမယား၏ တာဝန်များထဲမှ တစ်ခု ဖြစ်လေသည်။ ယုံးကျားဧကရာဇ်က လူအများရှေ့တွင် အမိန့်ပေးလိုက်သည် ဖြစ်ရာ သူမအနေဖြင့် ငြင်းဆန်ရန် အကြောင်းပြချက် မရှိသလို ရပ်တည်ချက်လည်း မရှိပေ။

နန်းဆောင်ထဲတွင် ဆဋ္ဌမမင်းသား၏ စူးရှသော ငိုသံများ ပဲ့တင်ထပ်နေလေသည်။

နို့ထိန်းများသည် ကပျာကယာဖြင့် ဆဋ္ဌမမင်းသားကို ချော့မြှူနေကြရသည်။

ထိုအချိန်မှာပင် လုမင်ယွိက ရုတ်တရက် ပြောလိုက်လေသည်။ "လျိုကုန်းကုန်း ခဏလောက် နေပါဦး"

လျိုကုန်းကုန်းသည် ပြန်လှည့်ထွက်တော့မည့်ဆဲဆဲ အသံကြားလိုက်ရသဖြင့် ချက်ချင်း ခါးကိုကိုင်းကာ ပြောလိုက်လေသည်။ "ထိုက်ဇီဖေး အမိန့်ရှိပါ"

လူတိုင်း ချက်ချင်း တိတ်ဆိတ်သွားကြသည်။ ဆဋ္ဌမမင်းသား၏ ကျယ်လောင်သော ငိုသံသာ နားစည်ကွဲမတတ် ကျန်ရစ်ခဲ့သည်။

လုမင်ယွိက နို့ထိန်းများကို ဦးစွာ အမိန့်ပေးလိုက်သည်။ "ဆဋ္ဌမမင်းသား ဗိုက်ဆာနေတာ နေမှာ။ မင်းတို့ အရင်ခေါ်သွားလိုက်။ ဗိုက်ဝအောင်တိုက်၊ အငိုတိတ်အောင်ချော့ပြီးမှ ပြန်ခေါ်လာခဲ့" နို့ထိန်းများသည် တရစပ် ခေါင်းညိတ်ကာ ဆဋ္ဌမမင်းသားကို အလျင်အမြန် ပွေ့ချီထွက်သွားကြသည်။

နန်းဆောင်ထဲတွင် နောက်ဆုံးတော့ တိတ်ဆိတ်သွားလေသည်။

လုမင်ယွိက လျိုကုန်းကုန်းကို ကြည့်လိုက်သည်။ "လျိုကုန်းကုန်း။ ဖုဟွမ်က တကယ်ပဲ ဘယ်လို မှာလိုက်တာလဲ။ ဆဋ္ဌမမင်းသားကို ကျောင်းဖန်နန်းဆောင်ဆီ ပို့တာက ခဏလောက်ပဲလား။ ယန်ဖင် နေကောင်းရင် ပြန်ခေါ်သွားမှာလား။ ဒါမှမဟုတ် ဒီနေ့ကစပြီး ကျောင်းဖန်နန်းဆောင်မှာ အပြီး နေခိုင်းမှာလား"

လျိုကုန်းကုန်းသည် စကားလုံးများကို ဂရုတစိုက် ရွေးချယ်ကာ ပြန်လည် လျှောက်တင်လိုက်လေသည်။ "အရှင်မင်းကြီးက ဆဋ္ဌမမင်းသားကို ခေါ်သွားဖို့ပဲ မှာလိုက်တာပါ။ ဘယ်လောက်ကြာကြာ ထားမယ်၊ ဘယ်လို အစီအစဉ် ရှိတယ် ဆိုတာ ကျွန်တော်မျိုးလည်း မသိပါဘူး"

လုမင်ယွိက အေးစက်စွာ ပြောလိုက်လေသည်။ "ဒီလိုဆိုရင် ရှင် ဝမ်ဟွားနန်းဆောင်ကို သွားပြီး ရှင်းရှင်းလင်းလင်း သွားမေးကြည့်လိုက်။ ပြီးမှ ပြန်လာပြော။ ဒီလို မရေမရာ ဖြစ်နေလို့ ဘယ်လိုလုပ် ဖြစ်မှာလဲ"

နန်းတော်ထဲတွင် ဧကရာဇ်မင်းမြတ်၏ အမိန့်တော်ကို "မရေမရာ ဖြစ်နေတယ်" ဟု ပြောရဲသူမှာ ထိုက်ဇီဖေး တစ်ယောက်သာ ရှိပေမည်။

လျိုကုန်းကုန်းသည် စိတ်ထဲတွင် တိုးတိုးတိတ်တိတ် ရေရွတ်လိုက်မိသော်လည်း ရိုသေလေးစားစွာဖြင့် လက်ခံလိုက်ရသည်။

လျိုကုန်းကုန်း ထွက်သွားပြီးနောက် လုမင်ယွိသည် ဝမ်ကျဲယွီကို တစ်ချက်ကြည့်လိုက်သည်။

ဝမ်ကျဲယွီသည် အလိုက်သိစွာဖြင့် ချက်ချင်း ထရပ်ကာ ပြောလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန် ဆဋ္ဌမမင်းသား ကိစ္စ စီစဉ်ရဦးမှာဆိုတော့ ချန်ချဲ့ မနှောင့်ယှက်တော့ပါဘူး။ ပြန်ခွင့်ပြုပါဦး"

ဝမ်ကျဲယွီ ထွက်သွားသည်နှင့် ကျန်ရှိသော မိဖုရားငယ်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ ချင်ဖေးကတော့ ပွဲကြည့်ချင်သေးသော်လည်း လုမင်ယွိ၏ အေးစက်သော မျက်လုံးများကို မြင်လိုက်ရသဖြင့် စိတ်လျော့ကာ ပြုံးရွှင်စွာ နှုတ်ဆက်ထွက်ခွာသွားလေသည်။

ချီယွင်သည်လည်း လီဟန်ကို ချော့မော့ကာ အပြင်ဘက်သို့ ခေါ်ထုတ်သွားလေသည်။

မကြာမီ နန်းဆောင်ထဲတွင် ချောင်မိဖုရားခေါင်နှင့် လုမင်ယွိတို့သာ ကျန်ရစ်ခဲ့တော့သည်။

ချောင်မိဖုရားခေါင်၏ ရင်ထဲတွင် စုဝေးနေသော ဒေါသမီးများသည် နောက်ဆုံးတွင် ပေါက်ကွဲထွက်လာတော့သည်။ "ဒါ ဘာသဘောလဲ။ အကြောင်းမရှိ အကြောင်းရှာပြီး ဆဋ္ဌမမင်းသားကို ပို့လာတယ်။ ကြိုတင် အသိပေးတာလည်း မရှိဘဲ ပန်ကုံးကို မင်းသားတစ်ပါး ပြုစုခိုင်းတယ်ပေါ့။ ၂ လ ၃ လလောက်ကြာရင် အရှင်မင်းကြီး စိတ်ပြေသွားပြီး ဆဋ္ဌမမင်းသားကို လဲ့ဟွာနန်းဆောင်ဆီ ပြန်ပို့လိုက်ဦးမှာ မဟုတ်လား။ ဒီလို လုပ်တာက ပန်ကုံးကို ဘယ်နေရာမှာ ထားတာလဲ"

လုမင်ယွိက တိုးတိုးလေး ပြောလိုက်သည်။ "မူဟုပ် စိတ်ဆိုးနေတာ ကျွန်မ နားလည်ပါတယ်။ ဒီကိစ္စကို ဒီအတိုင်း ပြီးသွားလို့ မဖြစ်ဘူး။ မူဟုပ် အရင်ဆုံး စိတ်လျှော့လိုက်ပါ။ ပြီးမှ သေသေချာချာ တိုင်ပင်ကြတာပေါ့"

ချောင်မိဖုရားခေါင်သည် သက်ပြင်းတစ်ချက်ကို ပြင်းပြင်းမှုတ်ထုတ်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်လေသည်။ "ဘာ တိုင်ပင်စရာ ရှိတော့မှာလဲ။ ခေါ်လာပြီးပြီပဲ။ မပြုစုလို့လည်း မရတော့ဘူး"

ပြုစုရုံတင်မကဘူး။ ကောင်းကောင်းမွန်မွန် ပြုစုရဦးမည်။

တကယ်လို့ ကလေးက ခေါင်းကိုက် ဖျားနာတာ ဖြစ်ဖြစ်၊ မတော်တဆ တစ်ခုခု ဖြစ်ဖြစ် ဖြစ်သွားခဲ့ရင် တာဝန်အားလုံးက သူမခေါင်းပေါ် ရောက်လာတော့မည်။

ဒါကမှ အဆိုးရွားဆုံး အချက်ပင်။

လုမင်ယွိ၏ မျက်ဝန်းများ အရောင်လက်သွားပြီး အေးစက်စွာ ပြောလိုက်လေသည်။ "ကောင်းတဲ့ဘက်က တွေးကြည့်ရအောင်။ ခေါ်လာပြီးမှတော့ နောက်ပိုင်း ပြန်ခေါ်သွားချင်ရင် လုံးဝ မရတော့ဘူးလို့ မှတ်လိုက်"

ချောင်မိဖုရားခေါင် လန့်သွားပြီး လုမင်ယွိကို မော့ကြည့်လိုက်သည်။

လုမင်ယွိနှင့် ချောင်မိဖုရားခေါင်တို့ ခဏမျှ စိုက်ကြည့်နေကြပြီးမှ လုမင်ယွိက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။ "ဆဋ္ဌမမင်းသားက ငယ်သေးတယ်။ မူဟုပ်ရဲ့ ရင်ခွင်အောက်မှာ ကြီးပြင်းလာပြီး ကောင်းကောင်းမွန်မွန် သွန်သင်ဆုံးမပေးလိုက်ရင် ကြီးလာတဲ့အခါ မူဟုပ်နဲ့ ရင်းနှီးသွားမှာပါ"

"ယန်ဖင်ရဲ့ စိတ်နေစိတ်ထားနဲ့သာ ဆဋ္ဌမမင်းသားကို ဆက်ပြီး ပြုစုခွင့်ပေးလိုက်ရင် သူ့ရဲ့ လောဘကို ပိုကြီးထွားလာစေပြီး နောင်ကျရင် ပြဿနာတွေ အများကြီး ဖြစ်လာလိမ့်မယ်"

ချောင်မိဖုရားခေါင် ချက်ချင်း သဘောပေါက်သွားသည်။ "မင်း ပြောတာ မှန်တယ်။ ပန်ကုံးဆီ ပို့လာမှတော့ ပြန်ခေါ်သွားစရာ အကြောင်း မရှိတော့ဘူး။ ပန်ကုံး အခုပဲ ဝမ်ဟွားနန်းဆောင်ကို သွားပြီး အရှင်မင်းကြီးနဲ့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်"

ကလေးတစ်ယောက် ပြုစုတာပဲလေ။ စားစရာ သောက်စရာ ရှိတယ်။ နို့ထိန်းတွေ၊ နန်းတွင်းသူတွေ ရှိတယ်။ နေ့တိုင်း တစ်ခွန်းနှစ်ခွန်းလောက် မေးလိုက်ရင် ပြီးတာပဲ။ မျက်စိအောက်မှာ ထားကြည့်နေမှတော့ ဘာလှိုင်းဂယက်မှ ထနိုင်မှာ မဟုတ်ဘူး။

ချောင်မိဖုရားခေါင် သဘောပေါက်သွားသည်ကို မြင်မှ လုမင်ယွိလည်း စိတ်သက်သာရာ ရသွားပြီး နောက်ပြောင်ကာ ပြောလိုက်လေသည်။ "မိုးကြိုးနဲ့ မိုးရေစက် (အမျက်ဒေါသနဲ့ မေတ္တာတရား) အားလုံးက အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ပါပဲ။ ဘာပဲဖြစ်ဖြစ် ဖုဟွမ်က အရှေ့နန်းဆောင်ကို ကာကွယ်ပေးသလို မူဟုပ်ကိုလည်း မျက်နှာသာ ပေးလိုက်တာပါပဲ"

တကယ်လို့ ဆဋ္ဌမမင်းသားကို မုန့်ဖေး သို့မဟုတ် ချင်ဖေးတို့၏ နန်းဆောင်သို့ ပို့လိုက်လျှင်သာ ချောင်မိဖုရားခေါင်အတွက် တကယ် အရှက်ရစရာ ဖြစ်ပေလိမ့်မည်။

ချောင်မိဖုရားခေါင်လည်း သက်ပြင်းချလိုက်လေသည်။ "ဒီလို ဖြစ်လာမှတော့ ကောင်းတဲ့ဘက်ကပဲ တွေးရတော့မှာပေါ့"

လုမင်ယွိက ပြောလိုက်သည်။ "ကျွန်မ မူဟုပ်နဲ့အတူ ဝမ်ဟွားနန်းဆောင်ကို လိုက်ခဲ့မယ်လေ"

ချောင်မိဖုရားခေါင်က ငြင်းလိုက်သည်။ "မလိုပါဘူး။ ပန်ကုံး တစ်ယောက်တည်း သွားလိုက်ပါမယ်"

ချောင်မိဖုရားခေါင် အတင်းငြင်းဆန်နေသဖြင့် လုမင်ယွိ ခေါင်းညိတ်လိုက်ရတော့သည်။

အမွှေးတိုင်တစ်တိုင်စာ အချိန်ကုန်လွန်ပြီးနောက် ချောင်မိဖုရားခေါင် ဝမ်ဟွားနန်းဆောင်ရှေ့သို့ ရောက်ရှိလာခဲ့သည်။

နန်းဆောင်ရှေ့တွင် စောင့်နေသော အတွင်းနန်းဆောင်ကုန်းကုန်းက အလျင်အမြန် လာရောက် ဂါရဝပြုသည်။ ချောင်မိဖုရားခေါင်က တစ်ချက်ကြည့်လိုက်ပြီး "ဝင်ပြီး အရှင်မင်းကြီးကို လျှောက်တင်လိုက်။ ပန်ကုံးမှာ အရှင်မင်းကြီးနဲ့ တိုင်ပင်စရာ အရေးကြီးကိစ္စ ရှိတယ်လို့"

အတွင်းနန်းဆောင်ကုန်းကုန်း ဝင်ရောက် သတင်းပို့ပြီး ခဏအကြာတွင် ပြန်ထွက်လာခဲ့သည်။ "အရှင်မင်းကြီးက ဟွမ်ဟုပ်ညန်ညန်ကို ဝင်ခဲ့ပါတဲ့"

ဇနီးမောင်နှံနှစ်ဦး၏ ဆက်ဆံရေးမှာ အေးစက်နေပြီး လွန်ခဲ့သော ၃ နှစ်အတွင်း စကားပြောဖြစ်သည့် အကြိမ်အရေအတွက်ကို လက်ချိုးရေတွက်၍ ရလေသည်။ သို့သော် သူမ ဝမ်ဟွားနန်းဆောင်သို့ လာတိုင်း ယုံးကျားဧကရာဇ်နှင့် အဆင်ပြေပြေ တွေ့ဆုံခွင့် ရလေ့ရှိသည်။

ချောင်မိဖုရားခေါင် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ဝမ်ဟွားနန်းဆောင်ထဲသို့ ဝင်ရောက်သွားလေတော့သည်။

...

အပိုင်း (၅၆၁) ဧကရာဇ်မင်းမြတ်နှင့် မိဖုရားခေါင်

"ချန်ချဲ့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်" ချောင်မိဖုရားခေါင်သည် အိန္ဒြေရရဖြင့် ဦးညွှတ်ကာ အရိုအသေ ပြုလိုက်လေသည်။

ယုံးကျားဧကရာဇ်က လေသံအေးစက်စက်ဖြင့် ပြောလိုက်၏။ "ထုံးစံတွေ မလိုပါဘူး။ ထပါ"

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး" ချောင်မိဖုရားခေါင်သည် မနှေးမမြန်ပင် ပြန်လည် ထရပ်လိုက်လေသည်။

ယုံးကျားဧကရာဇ်သည် တိုင်းရေးပြည်ရာ ကိစ္စရပ်များဖြင့် အလုပ်ရှုပ်နေပြီး အားလပ်ချိန် ရမှသာ အနောက်နန်းဆောင်သို့ ဝင်ရောက်လာခြင်း ဖြစ်လေသည်။ အနောက်နန်းဆောင်တွင် နုပျိုချောမောသော မိဖုရားငယ်များ အများအပြား ရှိနေပါလျက် အေးစက်ပြီး ဂရုမစိုက်တတ်သည့် မိဖုရားခေါင်တစ်ပါးကို မျက်နှာချင်းဆိုင်ရန် မိမိကိုယ်ကို အဘယ်ကြောင့် အတင်းအကျပ် ဖိအားပေးနေရပါမည်နည်း။ လဆန်းတစ်ရက်နှင့် လပြည့်နေ့များတွင် ကျောင်းဖန်နန်းဆောင်၌ ညအိပ်ရမည့် စည်းမျဉ်းသည် စောစီးစွာကပင် ပျက်ပြားခဲ့ပြီ ဖြစ်လေသည်။

ရက်များကို ပြန်လည် တွက်ချက်ကြည့်လိုက်လျှင် နောက်ဆုံးအကြိမ် တွေ့ဆုံစကားပြောခဲ့သည်မှာ လွန်ခဲ့သော တစ်လခန့်က ဖြစ်လေသည်။

ချောင်မိဖုရားခေါင်သည် အိုမင်းရင့်ရော်စ ပြုလာသော ယုံးကျားဧကရာဇ်ကို မော့ကြည့်လိုက်၏။

အမျိုးသားတစ်ယောက်သည် အသက်၄၀ကျော်လာပြီးနောက်တွင် ကာယခွန်အားနှင့် စိတ်ခွန်အားတို့မှာ ယခင်ကကဲ့သို့ မဟုတ်တော့ချေ။ စိတ်ကို တည်ငြိမ်အောင်ထား၍ ကာမဂုဏ်တို့မှ ရှောင်ကြဉ်ကာ ကျန်းမာရေးကို ဂရုစိုက်ရမည့် အရွယ်ပင် ဖြစ်သည်။ ယုံးကျားဧကရာဇ်သည် တိုင်းပြည်တာဝန်များကို ထမ်းဆောင်ရင်း တစ်ဖက်၌လည်း အလှအပမက်မောကာ ကာမဂုဏ်လိုက်စားနေသဖြင့် ဧကရာဇ်၏ ခန္ဓာကိုယ်သည် အတွင်းမှ ခြောက်ခန်းလာသည်မှာ မလွဲမသွေပင်။

ယုံးကျားဧကရာဇ်ကို ကြည့်လိုက်လျှင် မျက်နှာက အနည်းငယ် ဖောရောင်နေပြီး မျက်လုံးအောက်တွင် အညိုအမည်းကွင်းများ ထင်ရှားနေကာ မိန်းမကိစ္စ အလွန်အကျွံ လိုက်စားထားသည့် ပုံစံ ပေါက်နေလေသည်။

ချောင်မိဖုရားခေါင်၏ စိတ်ထဲတွင် ရွံရှာမှုတစ်ချက် ဖြတ်ပြေးသွားသော်လည်း မျက်နှာထက်တွင်တော့ အနည်းငယ်မျှ ထုတ်မပြပေ။ "အရှင်မင်းကြီးက ရုတ်တရက်ကြီး လျိုကုန်းကုန်းကို စေခိုင်းပြီး ဆဋ္ဌမမင်းသားကို ကျောင်းဖန်နန်းဆောင်ထဲ ပို့လိုက်တယ်။ လျိုကုန်းကုန်း ပြောတာကလည်း ရေရေရာရာ မရှိတော့ ချန်ချဲ့က အရှင်မင်းကြီးရဲ့ သဘောထားကို နားမလည်နိုင်ဖြစ်နေရတယ်။ ဒါ့ကြောင့် အထူးတလည် လာမေးမြန်းရတာပါ။ အရှင်မင်းကြီးက ချန်ချဲ့ကို ဆဋ္ဌမမင်းသားကို ဘယ်လောက်ကြာကြာ မွေးမြူခိုင်းမှာလဲ"

ယုံးကျားဧကရာဇ်၏ အကြည့်သည် တရိပ်ရိပ် ဖြတ်သန်းသွားလေသည်။ "ယန်ဖင်က ကိုယ်ကျင့်တရား မကောင်းဘူး။ ဆဋ္ဌမမင်းသားသာ လဲ့ဟွာနန်းဆောင်မှာ ဆက်နေရင် နောင်ကျရင် ဘယ်လိုပုံစံမျိုး ဖြစ်လာမလဲ မသိနိုင်ဘူး။ နောက်ဆိုရင် မိဖုရားခေါင်ပဲ ပင်ပန်းခံပြီး ဆဋ္ဌမမင်းသားကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ပေးလိုက်ပါ"

ဒါသည် ဆဋ္ဌမမင်းသားကို ပြန်လည်ခေါ်ယူတော့မည် မဟုတ်ကြောင်း ကတိပေးလိုက်ခြင်းပင်။

ချောင်မိဖုရားခေါင်၏ ရင်ထဲမှ အလုံးကြီး ကျသွားတော့သည်။ "အရှင်မင်းကြီးက ချန်ချဲ့ကို ဒီလောက် ယုံကြည်ပေးမှတော့ ချန်ချဲ့က ဆဋ္ဌမမင်းသားကို သေသေချာချာ ဂရုစိုက် ပြုစုပျိုးထောင်ပေးပါ့မယ်"

ယုံးကျားဧကရာဇ်က ခေါင်းအနည်းငယ် ညိတ်လိုက်လေသည်။ "ဟွမ်ဟုပ်သာ စေတနာထားပြီး လုပ်ပေးရင် ဆဋ္ဌမမင်းသားကို ကောင်းကောင်းမွန်မွန် မွေးမြူနိုင်လိမ့်မယ်လို့ ကျန်း ယုံကြည်ပါတယ်"

သားတော်များထဲတွင် စာပေရော စစ်ရေးပါ ထူးချွန်သူမှာ လီဟောက် ဖြစ်လေသည်။ သို့သော် ကိုယ်ကျင့်တရားနှင့် တာဝန်ယူမှုအပိုင်းတွင်တော့ ထိုက်ဇီ လီကျင့်ကို မည်သူမျှ ယှဉ်နိုင်ခြင်း မရှိချေ။

ဤသုံးနှစ်တာ ကာလအတွင်းတွင် လီကျင့်သည် အလုပ်ကြိုးစားပြီး အပြစ်ပြောခံရမည်ကို ဂရုမစိုက်ဘဲ နေရာအနှံ့ သွားရောက်ကာ တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ကိစ္စရပ်တိုင်းကိုလည်း သေသပ်စွာ ဖြေရှင်းနိုင်ခဲ့၏။ အပြစ်ရှာလိုသော ယုံးကျားဧကရာဇ် ကိုယ်တိုင်ပင်လျှင် လီကျင့်သည် ထူးချွန်ထက်မြက်သော အိမ်ရှေ့စံတစ်ပါး ဖြစ်ကြောင်းကို ဝန်ခံရပေလိမ့်မည်။

လီကျင့် ယခုကဲ့သို့ အခြေအနေမျိုး ရောက်ရှိလာခြင်းမှာ မိခင်အရင်းဖြစ်သော ချောင်မိဖုရားခေါင်၏ ကျေးဇူးအများကြီး ပါဝင်လေသည်။

ယုံးကျားဧကရာဇ်၏ ချီးကျူးစကားကို ကြားလိုက်ရသောအခါ ချောင်မိဖုရားခေါင်၏ ရင်ထဲတွင် ခါးသက်သက် ခံစားမှုတစ်ခု ဖြစ်ပေါ်လာတော့သည်။

ထိုခါးသက်မှုသည် ရေကန်မျက်နှာပြင်ပေါ်တွင် ဂယက်ထသွားသကဲ့သို့ ခဏအကြာတွင် ပြန်လည် ငြိမ်သက်သွားခဲ့၏။

ဇနီးမောင်နှံ သံယောဇဉ်သည် ကြာမြင့်စွာကတည်းက ပျက်ပြယ်ခဲ့ပြီ ဖြစ်ပြီး နှစ်ဦးသား ကြည့်လိုက်ကြလျှင် ရေခဲတောင်ကြီး ခြားနေသကဲ့သို့ပင်။ ယုံးကျားဧကရာဇ်က သူမကို မည်သို့မြင်သည်ကို သူမ ဂရုမစိုက်တော့သည်မှာ ကြာလှပြီဖြစ်သည်။

"အရှင်မင်းကြီးက ဒီလောက်တောင် ချီးကျူးနေတော့ ချန်ချဲ့ ရှက်မိပါတယ်။ ချန်ချဲ့က အတတ်နိုင်ဆုံး ကြိုးစားမှာပါ။ ဒါပေမဲ့ ဆဋ္ဌမမင်းသားက ငယ်ပါသေးတယ်။ ခေါင်းကိုက်တာ ကိုယ်ပူတာတွေက ဖြစ်ရိုးဖြစ်စဉ် ကိစ္စတွေပါ။ ပြီးတော့ ကလေးတစ်ယောက်ချင်းစီရဲ့ စိတ်နေသဘောထားကလည်း မွေးရာပါ မတူညီကြတော့ ဘယ်လိုပုံစံမျိုး ဖြစ်လာအောင် သင်ကြားပေးနိုင်မလဲ ဆိုတာကိုတော့ ချန်ချဲ့ အာမ မခံရဲပါဘူး"

ယုံးကျားဧကရာဇ်က မျက်ခုံးပင့်လိုက်လေသည်။ "ဟွမ်ဟုပ် ဒီလိုပြောတာက အရမ်း နှိမ့်ချလွန်းရာ ကျနေပါပြီ"

ချောင်မိဖုရားခေါင်က ထပ်ပြောပြန်သည်။ "ယန်ဖင်က နေမကောင်းတာ တော်တော်ဆိုးနေတယ်။ သမားတော်ဝူက လဲ့ဟွာနန်းဆောင်မှာ အမြဲစောင့်နေရတယ်။ အရှင်မင်းကြီး အားရင် ယန်ဖင်ကို သွားကြည့်လိုက်ပါဦး။ သူက ငယ်သေးတော့ ဘာမှ မကြုံဖူးသေးဘူး။ အရှင်မင်းကြီး ဒီလိုမျိုး ဒေါသတကြီး လုပ်လိုက်တော့ ယန်ဖင် ဘယ်ခံနိုင်ရှာပါ့မလဲ"

ယုံးကျားဧကရာဇ်သည် ချောင်မိဖုရားခေါင်ကို ဖျတ်ခနဲ စောင်းငဲ့ကြည့်လိုက်ပြီး သူ၏ အသံထဲတွင် မသိမသာ သရော်သည့် အရိပ်အယောင်များ ပါဝင်နေတော့သည်။ "ဟွမ်ဟုပ်က တကယ်ပဲ သဘောထား ပြည့်ဝတာပဲ။ ယန်ဖင်အတွက်တောင် ကြားကနေ အသနားခံပေးနေတယ်"

ချောင်မိဖုရားခေါင်သည် ယုံးကျားဧကရာဇ်၏ သရော်မှုကို နားမလည်ယောင် ဆောင်လိုက်ပြီး တည်ငြိမ်စွာပင် ပြန်ပြောလိုက်လေသည်။ "ချန်ချဲ့က ဖုန့်(ဇာမဏီ)တံဆိပ်တော်ကို ကိုင်ဆောင်ထားပြီး အနောက်နန်းဆောင်ကို အုပ်ချုပ်ရတာပါ။ ပြီးတော့ မင်းသား မင်းသမီးတွေကို ပြုစုပျိုးထောင်ရတာကလည်း ချန်ချဲ့ရဲ့ တာဝန်ပဲလေ။ အရှင်မင်းကြီး နှုတ်က ဟလိုက်တာနဲ့ ချန်ချဲ့ဘက်က ငြင်းဆန်စရာ အကြောင်းမရှိပါဘူး"

ယုံးကျားဧကရာဇ် "..."

သူသည် ရုတ်တရက် ယခင်က သည်းခံပြီး လိမ္မာသိတတ်သော ဇနီးသည်ကို လွမ်းဆွတ်မိသွားတော့သည်။ သူ ဘာလုပ်လုပ် ဘာပြောပြော တိတ်တိတ်ဆိတ်ဆိတ် လက်ခံပြီး ဘယ်တော့မှ ညည်းညူခြင်း မရှိခဲ့ပေ။

ယခုလို စကားလုံးတိုင်းမှာ အနှောင့်အသွားမလွတ် ပြန်ပြောနေသည့် ပုံစံက တကယ်ကို မုန်းစရာကောင်းပြီး စိတ်အနှောင့်အယှက် ဖြစ်စရာပင်။

အရေးကြီးကိစ္စ ပြောပြီးပြီဖြစ်၍ ဆက်ပြောစရာလည်း မရှိတော့ချေ။

ချောင်မိဖုရားခေါင်သည် လျင်မြန်စွာပင် နှုတ်ဆက်စကားဆိုလိုက်သည်။ ယုံးကျားဧကရာဇ်သည်လည်း ချောင်မိဖုရားခေါင်နှင့် စကားအများကြီး မပြောချင်တော့သဖြင့် လက်ကို ဝှေ့ယမ်းကာ ထွက်သွားရန် အမိန့်ပေးလိုက်တော့သည်။

ချောင်မိဖုရားခေါင်သည် ကိုယ်ကိုလှည့်ကာ ဝမ်ဟွားနန်းဆောင်မှ ထွက်ခွာလာခဲ့လေသည်။

နန်းဆောင်တံခါးမှ ထွက်လိုက်သည့် ခဏ၌ ဧကရာဇ်နှင့် မိဖုရားခေါင် နှစ်ဦးစလုံးသည် စိတ်ထဲမှ သက်ပြင်းတစ်ချက်ကို ပြိုင်တူ ချလိုက်မိကြလေသည်။

မလိုအပ်လျှင် တွေ့ဆုံခြင်း နည်းပါးလေ ကောင်းလေပင်။ သို့မှသာ အချင်းချင်း မျက်နှာကြည့်ရ ဆိုးသည့်အဖြစ်မှ ကင်းဝေးတော့မည်။

...

ထိုနေ့မှ စတင်ကာ ဆဋ္ဌမမင်းသားသည် ကျောင်းဖန်နန်းဆောင်ထဲတွင် အခြေချ နေထိုင်လေတော့သည်။

ချောင်မိဖုရားခေါင်သည် ပြုစုစောင့်ရှောက်ရန် မားမားနှစ်ယောက်နှင့် နန်းတွင်းအပျိုတော် ခြောက်ယောက်ကို ရွေးချယ်ပေးလိုက်သည်။ အသုံးအဆောင်အားလုံးကို မင်းသမီးငယ်လေး၏ စံနှုန်းအတိုင်း စီစဉ်ပေးထားလေသည်။ နေ့စဉ်နေ့တိုင်း နို့ထိန်းသည်ကို ခေါ်ယူ၍ ဆဋ္ဌမမင်းသား၏ စားသောက်နေထိုင်မှုကို မေးမြန်းသည်။ နှစ်ရက်တစ်ခါလောက် နို့ထိန်းသည်ကို ဆဋ္ဌမမင်းသားအား ပွေ့ချီလာခိုင်းပြီး ကြည့်ရှုစစ်ဆေးသည်။

ဆဋ္ဌမမင်းသားသည် အလွန်ငယ်ရွယ်ပြီး ဖျားနာလွယ်သောကြောင့် ချောင်မိဖုရားခေါင်သည် ကလေးရောဂါ ကုသရာတွင် ကျွမ်းကျင်သော သမားတော်တစ်ဦးကို ရွေးချယ်ပြီး ဆဋ္ဌမမင်းသားအနီးတွင် အချိန်မရွေး ပြုစုနိုင်ရန် ထားရှိပေးလိုက်သည်။

မိထွေးတာဝန်ကို ဒီအဆင့်ထိ ကျေပွန်အောင် လုပ်ဆောင်ပေးထားရာ မည်သူကမျှ အပြစ်ရှာ၍ မရနိုင်ချေ။

မယ်တော်ကြီးကျောက်သည် ဤကိစ္စကို သိရှိသွားပြီးနောက်တွင် အနည်းငယ် စိတ်မကျေမနပ် ဖြစ်သွားကာ ယုံးကျားဧကရာဇ်အား ပြောဆိုလေတော့သည်။ "ယန်ဖင်က နေမကောင်းဖြစ်နေတော့ ကလေးမွေးလို့ မရဘူးလေ။ ဆဋ္ဌမမင်းသားကို ရှို့နင်နန်းဆောင်ကို ခေါ်ပြီး မွေးထားလိုက်ပါ"

ယုံးကျားဧကရာဇ်သည် မယ်တော်ကြီးကျောက်၏ ဘေးရှိ ချင်ဖေးကို တစ်ချက် စောင်းကြည့်လိုက်ပြီး တစ်စုံတစ်ခုကို ရည်ညွှန်းကာ ပြောလိုက်လေသည်။ "ဆဋ္ဌမမင်းသားက လပိုင်းပဲ ရှိသေးတာ။ တစ်နေ့ကုန် မငိုရင် အော်နေတာပဲ။ မူဟုပ် ဘယ်ခံနိုင်မှာလဲ။ ပြီးတော့ မူဟုပ်ဘေးမှာ ချင်ဖေးက အဖော်လုပ်ပေးနေတာပဲ လုံလောက်နေပါပြီ"

ချင်ဖေးသည် ရှို့နင်နန်းဆောင်ထဲတွင် တစ်နေ့ကုန် နေထိုင်နေသူ ဖြစ်ရာ အကယ်၍ ဆဋ္ဌမမင်းသားကို ရှို့နင်နန်းဆောင်သို့ ခေါ်ဆောင်လာပါက ချင်ဖေး၏ စိတ်နေသဘောထားအရ ပြဿနာတစ်ခုခု ဖန်တီးလာမည်မှာ သေချာလှသည်။

ချင်ဖေးသည် ယုံးကျားဧကရာဇ်၏ အကြည့်ကြောင့် စိတ်ထဲတွင် အနည်းငယ် လန့်သွားပြီး အပြုံးကို အတင်းညှစ်ထုတ်ကာ ပြောလိုက်ရတော့သည်။ "အရှင်မင်းကြီး ပြောတာ မှန်ပါတယ်။ မယ်တော်ကြီးက လပိုင်းအရွယ် ကလေးကို မွေးဖို့ ဘယ်မှာ အင်အားရှိတော့မှာလဲ။ ဟွမ်ဟုပ်ညန်ညန်က သီလရှိပြီး သဘောထားကြီးတော့ ဆဋ္ဌမမင်းသားကို သေချာပေါက် ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ပေးမှာပါ။ ဆဋ္ဌမမင်းသား နည်းနည်းကြီးလာမှ မယ်တော်ကြီး အပျင်းပြေအောင် ရှို့နင်နန်းဆောင်ကို မကြာခဏ ခေါ်လာခိုင်းလိုက်ရင် ရတာပဲလေ"

ယုံးကျားဧကရာဇ်သည် ချင်ဖေးကို မျက်နှာသာ အနည်းငယ် ပေးလိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။

မယ်တော်ကြီးကျောက်သည် တစ်နေ့ထက်တစ်နေ့ အိုမင်းလာပြီး တုံ့ပြန်မှု နှေးကွေးလာလေသည်။ ပါးစပ်ဟ၍ ပြောလိုက်သည်နှင့် မပြောသင့်သည်များကို ရွေးပြောတတ်လေသည်။ "ယန်ဖင်က ဘာအပြစ်လုပ်မိလို့ အရှင်မင်းကြီးက ဒီလောက်တောင် ပြင်းပြင်းထန်ထန် အပြစ်ပေးရတာလဲ"

ယုံးကျားဧကရာဇ်၏ မျက်နှာထား တင်းမာသွားပြီး အသေးစိတ် မပြောချင်ကြောင်း သိသာလှသည်။ "သူက ဖင် အဆင့်ပဲ ရှိတာ။ မင်းသားကို ပြုစုပျိုးထောင်ဖို့ အရည်အချင်း မမီဘူး"

မယ်တော်ကြီးကျောက်က နှုတ်ခမ်းကို မဲ့လိုက်လေသည်။ "အိုက်ကျား ရှေ့မှာတောင် ဒီစကားတွေ ပြောနေသေးတယ်။ အရှင်မင်းကြီးက တကယ်ပဲ ဒီစည်းမျဉ်းတွေကို ဂရုစိုက်တယ်ဆိုရင် ပထမမင်းသား၊ တတိယမင်းသား၊ စတုတ္ထမင်းသား၊ ပဉ္စမမင်းသားတို့ မွေးတုန်းက ဘာလို့ ဟွမ်ဟုပ်ဆီ ပို့ပြီး မမွေးခိုင်းခဲ့တာလဲ"

ယုံးကျားဧကရာဇ် "..."

ချင်ဖေးသည် အခြေအနေ မကောင်းသည်ကို မြင်လိုက်ရသဖြင့် ပြုံးကာ ကြားဝင်ဖြေရှင်းပေးလိုက်လေသည်။ "သေချာပေါက် ယန်ဖင်က စကားမှားပြီး အရှင်မင်းကြီးကို စိတ်ဆိုးအောင် လုပ်မိလို့ နေမှာပါ။ မယ်တော်ကြီးကလည်း အတင်းလိုက်မေးမနေပါနဲ့တော့"

မယ်တော်ကြီးကျောက်သည် နောက်ကျမှ ယုံးကျားဧကရာဇ်၏ မျက်နှာ မည်းမှောင်နေသည်ကို သတိထားမိလိုက်ပြီး စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။ "ထားလိုက်ပါတော့။ အိုက်ကျားက အိုပြီး စိတ်မမှန်တော့ပါဘူး။ အရှင်မင်းကြီးက ကိစ္စရှိရင်တောင် အိုက်ကျားကို ပြောပြချင်တာ မဟုတ်ပါဘူး"

ချင်ဖေးမှာ ဆက်လက်၍ ကြားဝင် ဖြေရှင်းပေးရတော့သည်။ "အရှင်မင်းကြီးက မယ်တော်ကြီးအပေါ် သိတတ်လွန်းလို့ မယ်တော်ကြီး စိတ်ပင်ပန်းမှာစိုးလို့ မပြောတာပါ"

ယုံးကျားဧကရာဇ်သည် မည်မျှပင် စိတ်မကြည်မလင် ဖြစ်နေပါစေ မိခင်အရင်းကိုတော့ မည်သို့မျှ မလုပ်နိုင်ပေ။ သဘာဝကျစွာပင် ဒေါသများကို ချင်ဖေးအပေါ် ပုံချလိုက်တော့သည်။ "ကျန်းက မူဟုပ်နဲ့ စကားပြောနေတာ။ မင်းက ဘေးကနေ တတွတ်တွတ်နဲ့ ဝင်ပြောနေရအောင် ဘာစည်းကမ်းလဲ။ ထွက်သွား။ ကျန်းရဲ့ အမိန့်မရဘဲ ဒီကို လာခွင့်မရှိဘူး"

ချင်ဖေး "..."

ဒီမီးက ဘယ်လိုဖြစ်ပြီး သူမဆီ ကူးလာရတာလဲ။

သူမ ဘာမှားသွားလို့လဲ။

ချင်ဖေးသည် မျက်ရည်ကျလုနီးပါး ဖြစ်သွားပြီး အရှက်တကွဲ ဖြစ်မှုနှင့် ဒေါသများကို မြိုသိပ်လိုက်ကာ "ဟုတ်ကဲ့ပါ" ဟု တိုးတိုးလေး ပြောပြီး လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

ချင်ဖေးသည် အဝေးကြီး မသွားဘဲ ဘေးနန်းဆောင်တွင် စောင့်ဆိုင်းနေလိုက်၏။ ခဏကြာပြီးနောက် ယုံးကျားဧကရာဇ် ထွက်သွားမှသာ သူမသည် မျက်ဝန်းအိမ်များ နီရဲလျက် မယ်တော်ကြီးကျောက်၏ အနားသို့ သွားရောက် ပြုစုလေတော့သည်။

...

All Chapters