← Chapters

အခန်း (၅၆၂-၅၆၄)

Vol. 38 Ch. 562-564

အခန်း (၅၆၂-၅၆၄)

Vol. 38 Ch. 562-564

အပိုင်း (၅၆၂) ပြုစုပျိုးထောင်ခြင်း

မယ်တော်ကြီးကျောက်သည် မျက်နှာငယ်လေး ဖြစ်နေသော ချင်ဖေးကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်တော့သည်။ "အရှင်မင်းကြီးရဲ့ စိတ်က ပိုပိုပြီး ကြီးလာတယ်။ စိတ်ဆိုးချင်ရင် ချက်ချင်း ဆိုးလိုက်တာပဲ။ အိုက်ကျားလည်း သူ့ကို ဘယ်လိုမှ မတတ်နိုင်ဘူး။ နင်လည်း နည်းနည်းလောက် သည်းခံပြီး စိတ်ထဲ မထားပါနဲ့"

စိတ်ထဲထားတော့ကော ဘာတတ်နိုင်မှာမို့လဲ။

ကျောက်မိသားစုက သူမရဲ့ မိသားစုအရင်း မဟုတ်တော့ သူမဘက်က ရပ်တည်ပေးမှာ မဟုတ်ဘူး။ မယ်တော်ကြီးကျောက်ရဲ့ စိတ်ထဲမှာလည်း သားက တူမထက် ပိုအရေးကြီးတယ်လေ။

ချင်ဖေးသည် ရင်ထဲက ဝမ်းနည်းမှုများကို အကုန်မြိုချလိုက်ပြီး အပြုံးကို ညှစ်ထုတ်ကာ ပြောလိုက်လေသည်။ "ချန်ချဲ့က ဒီလို လျှာရှည်တတ်တဲ့ အကျင့်ကို ပြင်သင့်နေပါပြီ။ နောက်ဆို အရှင်မင်းကြီး မယ်တော်ကြီးဆီ လာနှုတ်ဆက်ရင် ချန်ချဲ့က ငြိမ်ငြိမ်လေး နေပြီး လုံးဝ ဝင်မပြောတော့ပါဘူး"

မယ်တော်ကြီးကျောက်ကတော့ ချင်ဖေးအကြောင်း ကောင်းကောင်း သိနေလေသည်။ "နင့်အကျင့်နဲ့ ဝင်မပြောဘဲ နေနိုင်ပါ့မလား။ နောက်ဆို အရှင်မင်းကြီး လာရင် နင် ရှောင်နေလိုက်"

ချင်ဖေး "..."

မယ်တော်ကြီးကျောက်က ထပ်ပြီး သက်ပြင်းချပြန်သည်။ "လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကဆိုရင် အိုက်ကျားက နင့်ဘက်က ရပ်တည်ပေးပြီး အရှင်မင်းကြီးကို နင့်နန်းဆောင်ဆီ မကြာခဏ သွားဖို့ တိုက်တွန်းပေးမှာပါ။ အခုတော့ နင်လည်း ဒီအရွယ် ရောက်နေပြီ။ ကလေးလည်း မမွေးနိုင်တော့ဘူး။ မျက်နှာသာ ပေးခံရတာ မခံရတာက အရေးမကြီးတော့ပါဘူး"

"ဟွမ်ဟုပ်ကို ကြည့်ပါလား။ အရှင်မင်းကြီးက ကျောင်းဖန်နန်းဆောင်မှာ မအိပ်တာ ဘယ်နှစ်နှစ် ရှိပြီလဲ"

မယ်တော်ကြီးကျောက်သည် တတွတ်တွတ် ဆက်ပြောနေပြန်သည်။ "မုန့်ဖေးလည်း ရှိသေးတယ်။ အရင်တုန်းကဆို အချစ်ခံရဆုံးနဲ့ အရှိန်အဝါ အကြီးဆုံးပဲ။ အခုတော့ ယန်ရှီနန်းဆောင်မှာ တစ်ယောက်တည်း အထီးကျန်နေရတာပဲ။ အရှင်မင်းကြီးက တစ်လနေမှ တစ်ခါနှစ်ခါလောက်ပဲ သွားတော့တာ"

"အနောက်နန်းဆောင်ထဲမှာ ဝမ်ကျဲယွီ ရှိတယ်၊ ယန်ဖင် ရှိတယ်။ ပြီးတော့ လျိုမေရန်၊ ကျန်းချိုင်ရန်တို့လို တစ်ယောက်ထက်တစ်ယောက် နုပျိုချောမောတဲ့သူတွေ ရှိသေးတယ်။ အရှင်မင်းကြီးအတွက် ပန်းကောင်းပန်းလှတွေ ခူးဆွတ်စရာ အများကြီး ရှိနေတာ။ ဘယ်သူက အိုနေတဲ့ ဂေါ်ဖီထုပ်ကို စားချင်ပါ့မလဲ"

"နင်ကတော့ အေးအေးဆေးဆေး နေလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် နင့်မှာ သားရှိတယ်၊ ချွေးမရှိတယ်၊ မြေးရှိတယ်။ ပြီးတော့ နင့်ကို ကာကွယ်ပေးမယ့် အိုက်ကျားလည်း ရှိနေသေးတာပဲ။ အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို မရရင်တောင် စားရေးသောက်ရေးအတွက် ပူစရာ မလိုပါဘူး"

ချင်ဖေး၏ ရင်ဘတ်ထဲသို့ ဓားချက်များ တစ်ချက်ပြီးတစ်ချက် ဝင်ရောက်လာသကဲ့သို့ ခံစားလိုက်ရပြီး သွေးအန်လုနီးပါး ဖြစ်သွားတော့သည်။ တိတ်တဆိတ် အံကိုကြိတ်ထားသော်လည်း မျက်နှာတွင်တော့ အပြုံးကို ညှစ်ထုတ်ထားရလေသည်။ "မယ်တော်ကြီးရဲ့ စကားတွေကို ချန်ချဲ့ မှတ်သားထားပါ့မယ်"

မယ်တော်ကြီးကျောက်သည် ချင်ဖေး၏ လိမ္မာမှုကို ကျေနပ်သွားပြီး ဆဋ္ဌမမင်းသားနှင့် ယန်ဖင်အကြောင်းကို ဆက်လက် တတွတ်တွတ် ပြောနေပြန်သည်။

ချင်ဖေးသည် မယ်တော်ကြီးကျောက်၏ စကားကို ဟုတ်ကဲ့ ဟု ပြန်ဖြေနေသော်လည်း စိတ်ထဲတွင်တော့ မကျေမနပ် ဖြစ်နေလေသည်။

ယန်ဖင်က သားယောက်ျားလေး မွေးပြီး အရှင်မင်းကြီးရဲ့ အချစ်တော် ဖြစ်လာတော့ စိတ်ကြီးဝင်လာတယ်။ အိမ်ရှေ့စံ နေရာကိုတောင် လိုချင်လာတယ်။ ယုံးကျားဧကရာဇ် မပြောနဲ့။ သူမတောင်မှ ယန်ဖင်ကို တံတွေးနဲ့ ထွေးပစ်ချင်နေတာ။

အနောက်နန်းဆောင်ထဲမှာ သားယောက်ျားလေး မွေးထားတဲ့ မိဖုရားတွေ အများကြီး ရှိတယ်။ မုန့်ဖေးနဲ့ သူတောင်မှ ခေါင်းငုံ့ပြီး နေနေရတာ။ ယန်ဖင်ဆိုတာ ဘာမို့လို့လဲ။ ကိုယ့်ကိုယ်ကိုယ် ဘာမှန်း မသိဘဲ မောက်မာနေတော့ အခုလို အဖြစ်မျိုး ကြုံရတာ နည်းတောင် နည်းသေးတယ်။

ယုံးကျားဧကရာဇ်သည် ယခင်က သံယောဇဉ်ကြီးပြီး ချစ်တတ်သူ ဖြစ်သည်။ သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

တစ်ချိန်က အချစ်တော် ဖြစ်ခဲ့ဖူးသော စူးကွေ့ရန်သည် ယခုအခါ ယိဟွားနန်းဆောင်ထဲတွင် ပိတ်လှောင်ခံထားရပြီး နေ့တိုင်း ရူးကြောင်ကြောင် ဖြစ်နေသည်။ ယုံးကျားဧကရာဇ်သည် မေးမြန်းခြင်းပင် မရှိတော့ချေ။ ယန်ဖင်မွေးထားသော ဆဋ္ဌမမင်းသားကိုလည်း ခေါ်ထုတ်သွားပြီ။ နောက်နောင် မျက်နှာသာ ပြန်ရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်။

သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာပြီးနောက် ချင်ဖေး၏ စိတ်ထဲတွင် အကြောင်းပြချက် မရှိဘဲ ဝမ်းနည်းလာပြန်သည်။

ယုံးကျားဧကရာဇ်ကို အားကိုးလို့ မရတော့ဘူး။

ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံး သားကိုပဲ အားကိုးရတော့မယ်။

...

မျက်စိတစ်မှိတ်အတွင်း နှစ်လ ကုန်ဆုံးသွားပြန်သည်။ နွေဦးပေါက်ကာလသို့ ရောက်ရှိလာပြီး ရာသီဥတုက တဖြည်းဖြည်း ပူပြင်းလာလေသည်။

စာသင်ဆောင် ပိတ်ရက်နှင့် တိုက်ဆိုင်နေသဖြင့် လုမင်ယွိသည် လီရွှီ၊ လီရွှမ်း၊ လီဟန် ကလေးသုံးယောက်ကို ခေါ်ဆောင်ကာ ကျောင်းဖန်နန်းဆောင်သို့ ဂါရဝပြုရန် သွားရောက်လေသည်။

တိုက်တိုက်ဆိုင်ဆိုင် နို့ထိန်းသည်က ဆဋ္ဌမမင်းသားကို ပွေ့ချီပြီး ဂါရဝပြုရန် ရောက်ရှိလာလေသည်။

လီရွှီနှင့် လီရွှမ်းတို့က စပ်စုကာ အနားသို့ တိုးသွားကြသည်။ "ဒါက ရှောင်လျို့ရှူး(ဦးလေး၆)လား"

လုမင်ယွိက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။

ဆဋ္ဌမမင်းသားသည် လပိုင်းသာ ရှိသေးသော်လည်း ၇ နှစ်အရွယ် လီရွှီနှင့် လီရွှမ်းတို့သည် လူပျိုပေါက် အရွယ်လေးများ ဖြစ်နေကြပြီ။ သို့သော် ဆွေမျိုးတော်စပ်မှုအရ ဦးလေးဟု ခေါ်ရမည် ဖြစ်သည်။

လီရွှီသည် ရှောင်လျို့ရှူးကို သေချာ ကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။ "ရှောင်လျို့ရှူးက ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ်နဲ့ ချစ်စရာလေးပဲ"

လီရွှမ်းကလည်း ထပ်ပြောသည်။ "ရှောင်လျို့ရှူး ကြည့်ရတာ အရမ်း ချစ်ဖို့ကောင်းတယ်"

ဟုတ်တာပေါ့။ လပိုင်းအရွယ် ကလေးလေးက ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ်နဲ့ ပြုံးပြနေတာ ဘယ်သူက မချစ်ဘဲ နေနိုင်မှာလဲ။

ချောင်မိဖုရားခေါင်ကလည်း စိတ်အနူးညံ့ဆုံးသူ ဖြစ်သည်။ အစပိုင်းတွင် မလိုလားသော်လည်း နှစ်လလောက် မွေးမြူပြီးနောက် မကြာခဏ တွေ့မြင်နေရသဖြင့် သံယောဇဉ် ဖြစ်လာရသည်။

ချောင်မိဖုရားခေါင်နှင့် လုမင်ယွိတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အသံမထွက်ဘဲ ပြုံးမိလိုက်ကြသည်။

ယုံးကျားဧကရာဇ်သည်လည်း ဆဋ္ဌမမင်းသားကို လာကြည့်လေ့ရှိသည်။ သို့သော် လာကြည့်တိုင်း တစ်ချက်သာ ကြည့်ပြီး ပြန်သွားတတ်သည်။ ထမင်းစားရန် မနေသလို ညအိပ်ရန်လည်း မနေချေ။

"သမားတော်လျောင်က ဆဋ္ဌမမင်းသားကို ဂရုတစိုက် စောင့်ရှောက်ပေးတယ်။" ချောင်မိဖုရားခေါင်က ပြုံးပြီး ပြောလိုက်လေသည်။ "ဒီနှစ်လအတွင်းမှာ ဆဋ္ဌမမင်းသားက ချောင်းတစ်ချက်တောင် မဆိုးဘူး။ ပန်ကုံး သူ့ကို ဆုချရမယ်"

လျောင်မိသားစုသည် မြို့တော်တွင် နာမည်ကြီးသော ဆေးပညာရှင် မိသားစု ဖြစ်သည်။

သမားတော်လျောင်သည် နန်းတော်ထဲသို့ ရောက်ရှိနေသည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်ပြီး ဆေးကုသဆောင်မှ ဝါရင့်သမားတော်တစ်ဦး ဖြစ်ကာ တာဝန်ထမ်းဆောင်ရာတွင် အမြဲတမ်း စေ့စပ်သေချာသူ ဖြစ်သည်။

လုမင်ယွိက ပြုံးပြီး ပြောလိုက်လေသည်။ "ကလေးမွေးရတာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ဒီနှစ်လအတွင်း မူဟုပ် ပင်ပန်းသွားပါပြီ"

ယုံးကျားဧကရာဇ်သည် ဆဋ္ဌမမင်းသားကို ကျောင်းဖန်နန်းဆောင်သို့ စိတ်ချလက်ချ ပို့ဆောင်ရခြင်းမှာ ချောင်မိဖုရားခေါင်၏ စိတ်ထားကို သိရှိထားသောကြောင့်ပင်။ ချောင်မိဖုရားခေါင်သည် ကလေးချစ်တတ်သူ ဖြစ်ပြီး ဆဋ္ဌမမင်းသား ရောက်လာသည်နှင့် ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးမည်မှာ သေချာလှသည်။

လီဟန်သည် အစ်ကိုနှင့် အစ်မ ကြားထဲသို့ အတင်းတိုးဝင်သွားပြီး ဆဋ္ဌမမင်းသား၏ မျက်နှာကို လှမ်းကိုင်လိုက်သည်။

သူက ငယ်သေးသဖြင့် အားကို မထိန်းနိုင်ဘဲ အားနည်းနည်း ပြင်းသွားသဖြင့် ဆဋ္ဌမမင်းသား၏ နုနယ်သော မျက်နှာလေးပေါ်တွင် အနီရောင်အစင်းရာလေး တစ်ခု ပေါ်လာတော့သည်။ ဆဋ္ဌမမင်းသားသည် နှုတ်ခမ်းမဲ့ကာ အော်ဟစ် ငိုကြွေးလေတော့သည်။

နို့ထိန်းသည်က ဆဋ္ဌမမင်းသားကို ကမန်းကတန်း ပွေ့ချီပြီး ဘေးသို့သွားကာ ချော့မြှူလိုက်ရသည်။

လုမင်ယွိ မျက်မှောင်ကြုတ်လိုက်ပြီး လီဟန်ကို စူးစိုက်ကြည့်လိုက်သည်။

လီဟန်သည် လည်ပင်းကို ပုလိုက်ပြီး လျင်မြန်စွာပင် ဝန်ခံလိုက်လေသည်။ "မေမေ သားမှားသွားပါတယ်"

ချောင်မိဖုရားခေါင်သည် အကျင့်ပါနေသလို မြေးကို ကာကွယ်ပေးလိုက်လေသည်။ "ဟန်အာက တမင်လုပ်တာမှ မဟုတ်တာ။ သူ့ကို မျက်စောင်းမထိုးပါနဲ့"

လုမင်ယွိက မတတ်သာသည့်ဟန်ဖြင့် ပြောလိုက်သည်။ "မူဟုပ်က သူ့ကို အမြဲတမ်း အလိုလိုက်နေတာပဲ"

ချောင်မိဖုရားခေါင်က ပြုံးပြီး ပြောလိုက်လေသည်။ "ပန်ကုံးမှာ မြေးသုံးယောက်ပဲ ရှိတာ။ သူတို့ကို အလိုမလိုက်ရင် ဘယ်သူ့ကို အလိုလိုက်ရမှာလဲ။ မင်း ဆုံးမချင်ရင် ပန်ကုံးရှေ့မှာ မဆုံးမနဲ့။ ပန်ကုံး မမြင်ရတဲ့နေရာမှာ မင်းကြိုက်သလို ဆုံးမ။ ပန်ကုံး မမြင်ရင် မသိချင်ယောင်ဆောင်လို့ ရတယ်။ ပန်ကုံး ရှေ့မှာ ကလေးကို ဆုံးမရင် ပန်ကုံးက ဘယ်နေနိုင်မှာလဲ"

ကိုယ့်ကိုယ်ကိုယ် သိပ်သိတာပဲ။

လုမင်ယွိက ပြုံးလိုက်လေသည်။ "ဒါ မူဟုပ် ပြောတာနော်။ နောက်ဆို ကွယ်ရာမှာ ဆုံးမရင် မူဟုပ်က သူတို့အတွက် ကြားဝင် မပြောပေးရဘူးနော်"

ချောင်မိဖုရားခေါင်က ချောင်းတစ်ချက် ဟန့်လိုက်သည်။ "သိပ်လည်း ပြင်းပြင်းထန်ထန် မဆုံးမနဲ့ဦး"

စကားပြောနေစဉ် နန်းတွင်းအပျိုတော် ဝင်လာပြီး သတင်းပို့လေသည်။ "ဟွမ်ဟုပ်ညန်ညန်ကို လျှောက်တင်ပါတယ်။ ယန်ဖင်ညန်ညန် အပြင်မှာ ရောက်နေပြီး ဝင်ခွင့်တောင်းနေပါတယ်"

ချောင်မိဖုရားခေါင်က မျက်မှောင်ကြုတ်လိုက်မိသည်။

ယန်ဖင်သည် အိပ်ရာထဲတွင် တစ်လကျော် လဲလျောင်းနေခဲ့ပြီး လွန်ခဲ့သော ရက်အနည်းငယ်ကမှ အိပ်ရာထနိုင်ခဲ့သည်။ ထို့နောက် နေ့တိုင်း ကျောင်းဖန်နန်းဆောင်သို့ ဂါရဝပြုရန် လာရောက်လေသည်။ ဆဋ္ဌမမင်းသားကို တစ်ချက်လောက် တွေ့ရဖို့ မျှော်လင့်နေပုံရသည်။

ချောင်မိဖုရားခေါင်သည် သားအမိချင်း မတွေ့ဆုံရအောင် တားမြစ်သည်အထိတော့ ရက်စက်သူ မဟုတ်ပေ။ သို့သော် ယန်ဖင်သည် ကလေး အလုခံလိုက်ရသလိုမျိုး ဝမ်းနည်းပက်လက်ဖြစ်ပြနေသည်ကို မြင်ရသည်မှာ အလွန် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှသည်။

ထင်ထားသည့်အတိုင်းပင်။ ယန်ဖင် ဝင်လာပြီးနောက် ဂါရဝပြုရင်း ဆဋ္ဌမမင်းသားဘက်သို့ မကြာခဏ လှမ်းကြည့်နေလေသည်။ ဆဋ္ဌမမင်းသားသည် စောစောက ငိုထားသဖြင့် အခုထိ ရှိုက်သံ မပျောက်သေးပေ။

ယန်ဖင်သည် နှလုံးသားကို ဓားဖြင့် မွှန်းထားသကဲ့သို့ ခံစားလိုက်ရပြီး မနေနိုင်ဘဲ ပြောလိုက်လေသည်။ "ဆဋ္ဌမမင်းသား ငိုနေတယ်။ ချန်ချဲ့ တောင်းပန်ပါတယ်။ ဆဋ္ဌမမင်းသားကို ခဏလောက် ပွေ့ချီခွင့် ပြုပါ"

ချောင်မိဖုရားခေါင်က အေးစက်စက်ဖြင့် ပြန်ဖြေလိုက်လေသည်။ "မင်းက ဆဋ္ဌမမင်းသားရဲ့ မွေးမိခင်ပဲ။ ကလေးချီချင်တာ ပန်ကုံးက မတားပါဘူး"

ယန်ဖင်သည် ချောင်မိဖုရားခေါင်၏ မျက်နှာထားကို ဂရုမစိုက်နိုင်တော့ဘဲ အလျင်အမြန် ထကာ ဆဋ္ဌမမင်းသားကို ပွေ့ချီလိုက်သည်။ ခေါင်းငုံ့ကြည့်လိုက်သည့်အခါ ဆဋ္ဌမမင်းသား၏ မျက်နှာပေါ်ရှိ မပျောက်သေးသော အနီရောင် အစင်းရာလေးကို တွေ့လိုက်ရသဖြင့် လန့်ဖျပ်သွားပြီး ရင်နာသွားကာ ပါးစပ်မှ အလွတ်သဘော ထွက်သွားလေတော့သည်။ "ဘယ်သူက ဆဋ္ဌမမင်းသားရဲ့ မျက်နှာကို ဆွဲလိုက်တာလဲ"

လီဟန်သည် တစ်ယောက်တည်း လုပ်တာ တစ်ယောက်တည်း ခံမယ်ဆိုသည့် သူရဲကောင်းပုံစံဖြင့် ရင်ကော့ကာ ချက်ချင်း ဖြေလိုက်လေသည်။ "ကျွန်တော် လုပ်တာ"

ယန်ဖင် "..."

...

အပိုင်း (၅၆၃) ကြောက်မက်ဖွယ် သတင်းဆိုး (၁)

သားသမီးဟူသည် မိဘ၏ အသည်းနှလုံး ဖြစ်သည်။

ယန်ဖင်၏ မျက်ဝန်းများသည် ချက်ချင်း နီရဲလာပြီး လီဟန်ကို ကြည့်သော အကြည့်ထဲတွင် အနည်းငယ်သော အငြိုးအတေးများ ပါဝင်နေသည်။ သို့သော် သူမသည် လွန်ခဲ့သော နှစ်လအတွင်း အချစ်ခံရခြင်း မရှိတော့သည့် အရသာကို ခံစားခဲ့ရပြီ ဖြစ်သဖြင့် ဘာမှ ပြန်မပြောရဲဘဲ ဆဋ္ဌမမင်းသား၏ မျက်နှာလေးကိုသာ ညင်သာစွာ ပွတ်သပ်ပေးလိုက်တော့သည်။

သားအမိချင်း စိတ်ချင်းဆက်နေသည်မှာလည်း သဘာဝတရားပင်။

မူလက အော်ဟစ်ငိုကြွေးနေသော ဆဋ္ဌမမင်းသားသည် ရင်းနှီးသော အနံ့အသက်ကို ရရှိလိုက်သည်နှင့် ငိုသံတိတ်သွားပြီး ပါးစပ်လေးကို စုပ်သပ်ကာ ယန်ဖင်၏ ရင်ခွင်ထဲသို့ တိုးဝင်လာလေသည်။

ယန်ဖင်၏ မျက်ဝန်းထဲတွင် စုဝေးနေသော မျက်ရည်များမှာ ချက်ချင်း စီးကျလာလေတော့သည်။

သူမ နောင်တရမိပြီ။

လွန်ခဲ့သော နှစ်လအတွင်း သူမ နောင်တမရသော နေ့ရက်ဟူ၍ မရှိခဲ့ပေ။ အလုယူခံလိုက်ရသော သားဖြစ်သူကို တွေးလိုက်တိုင်း ရင်ထဲတွင် စုတ်ပြတ်သတ်သွားမတတ် နာကျင်ရလေသည်။

ယန်ဖင်သည် ရုတ်တရက် ဒူးထောက်ချလိုက်ပြီး လက်ထဲတွင် ဆဋ္ဌမမင်းသားကို တင်းကြပ်စွာ ပွေ့ဖက်ထားလျက် မျက်ရည်စက်လက်ဖြင့် တောင်းပန်လေတော့သည်။ "ဟွမ်ဟုပ်ညန်ညန်၊ ထိုက်ဇီဖေးညန်ညန်၊ အရင်က ဖြစ်ခဲ့တာတွေ အားလုံးက ချန်ချဲ့ရဲ့ အပြစ်တွေပါ။ မရိုင်းပြသင့်တာကို ရိုင်းပြမိခဲ့ပါတယ်။ ဟွမ်ဟုပ်ညန်ညန် ချန်ချဲ့ကို ဘယ်လိုပဲ အပြစ်ပေးပေး ချန်ချဲ့ ကျေနပ်ပါတယ်။ တောင်းဆိုချင်တာ တစ်ခုတည်းပါ။ ဆဋ္ဌမမင်းသားကို ချန်ချဲ့ဆီ ပြန်ပေးပါနော်။ ချန်ချဲ့ ဟွမ်ဟုပ်ညန်ညန်ကို ဦးချပါ့မယ်"

ငိုရင်းဖြင့် ခေါင်းနှင့် ကြမ်းပြင် တိုက်ကာ ဦးချလေတော့သည်။

"နေပါဦး" လုမင်ယွိ၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာသည်။

ယန်ဖင်၏ စိတ်ထဲတွင် ဝမ်းသာသွားပြီး မျှော်လင့်ချက် အပြည့်ဖြင့် လုမင်ယွိကို မော့ကြည့်လိုက်သည်။

လုမင်ယွိ၏ မျက်နှာထားက အေးစက်နေသည်။ "ရှင် ဦးချပြီး တောင်းပန်ချင်တာ ရှင့်ကိစ္စလေ။ ဆဋ္ဌမမင်းသားကို လန့်အောင် မလုပ်နဲ့။ မားမား၊ ဆဋ္ဌမမင်းသားကို လာခေါ်လိုက်"

ဘေးနားရှိ နို့ထိန်းသည်က အမိန့်ကို နာခံပြီး ရှေ့တိုးလာကာ ဆဋ္ဌမမင်းသားကို ပွေ့ယူရန် ပြင်လိုက်သည်။

ယန်ဖင်၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး သားဖြစ်သူကို အလိုအလျောက် တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။ နို့ထိန်းသည်က အတင်းအဓမ္မ မလုရဲသဖြင့် အခက်တွေ့စွာ ရပ်နေလေသည်။

ချောင်မိဖုရားခေါင်သည် စိတ်အနူးညံ့ဆုံး ဖြစ်ပြီး ဤကဲ့သို့သော မြင်ကွင်းမျိုးကို မကြည့်ရက်သဖြင့် မျက်ဝန်းထဲတွင် သနားသည့် အရိပ်အယောင်များ ပေါ်လာလေသည်။

လုမင်ယွိကမူ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး အေးစက်စွာ ပြုံးလိုက်လေသည်။ "ယန်ဖင်၊ အရှင်မင်းကြီး ကိုယ်တိုင်က ဆဋ္ဌမမင်းသားကို ကျောင်းဖန်နန်းဆောင်ဆီ ပို့ပြီး မူဟုပ်ကို ပြုစုပျိုးထောင်ခိုင်းတာနော်။ ဆဋ္ဌမမင်းသားက ရှင် မွေးတာ မှန်ပေမယ့် မူဟုပ်ရဲ့ သားလည်း ဖြစ်နေတာပဲ။ မူဟုပ်က မွေးမြူပေးတာ သူ့အတွက် ကံကောင်းခြင်းပဲ"

"မူဟုပ်က သဘောထားကြီးပြီး ရက်ရောလို့ ရှင့်ကို ဆဋ္ဌမမင်းသားနဲ့ မကြာခဏ တွေ့ခွင့်ပေးထားတာ။ တခြား မိဖုရားခေါင်သာ ဆိုရင် ရှင်လို စိတ်သဘောထား သေးသိမ်ပြီး အတက်အကျ မသိတဲ့ ကိုယ်လုပ်တော်ကို ဒီလောက်ထိ သည်းခံနေမယ် ထင်လို့လား"

"မူဟုပ်က စိတ်သဘောထား ကောင်းပေမယ့် ကျွန်မကတော့ အဲ့လောက် မကောင်းဘူးနော်။ ရှင်သာ ဆက်ပြီး ငိုယိုအော်ဟစ်နေမယ်ဆိုရင် နောက်ဆို ကျောင်းဖန်နန်းဆောင်ကို ခြေမချနဲ့တော့"

လုမင်ယွိသည် ပြောသည့်အတိုင်း လုပ်မည့်သူ ဖြစ်သည်။

ယန်ဖင်၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်နှာမှာလည်း သွေးဆုတ်သွားသော်လည်း ပြန်မပြောရဲဘဲ ဆဋ္ဌမမင်းသားကို နို့ထိန်းသည် လက်ထဲသို့ ကိုယ်တိုင် ထည့်ပေးလိုက်လေသည်။

နို့ထိန်းသည် သက်ပြင်းချလိုက်ပြီး ဆဋ္ဌမမင်းသားကို ကမန်းကတန်း ပွေ့ချီကာ ထွက်သွားလေတော့သည်။

ယန်ဖင်သည် စိတ်ဝိဉာဉ် လွင့်ပါးနေသူကဲ့သို့ ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် မျက်ရည်များ တသွင်သွင် စီးကျနေလေသည်။

"ရှင် ဆဋ္ဌမမင်းသားကို ပြန်လိုချင်ရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး" လုမင်ယွိက လေသံအေးစက်စက်ဖြင့် ဆက်ပြောလိုက်သည်။ "အရှင်မင်းကြီးဆီ သွားတောင်းဆိုလိုက်လေ။ အရှင်မင်းကြီးက သဘောတူတယ် ဆိုရင် ဆဋ္ဌမမင်းသားကို လဲ့ဟွာနန်းဆောင်ဆီ ပြန်ခေါ်သွားလို့ ရပြီ"

ချောင်မိဖုရားခေါင် မျက်မှောင်ကြုတ်လိုက်ပြီး ဝင်ပြောလိုက်သည်။ "ဒီမှာ ဒူးထောက်နေတာ ကြည့်လို့ မကောင်းဘူး။ မသိတဲ့သူတွေ မြင်ရင် ပန်ကုံးက မင်းကို တမင်သက်သက် နှိပ်စက်နေတယ် ထင်နေဦးမယ်။ မြန်မြန် ထပြီး လဲ့ဟွာနန်းဆောင်ကို ပြန်တော့။ နောက်ဆို တစ်လကို နှစ်ခါပဲ လာနှုတ်ဆက်ခွင့် ပေးမယ်"

ဒါသည် တစ်လတွင် နှစ်ကြိမ်သာ သားဖြစ်သူကို တွေ့ခွင့်ပေးခြင်း ဖြစ်သည်။

ယန်ဖင်သည် ဒေါသထွက်သော်လည်း ထုတ်မပြောရဲဘဲ တိုးတိုးလေးသာ ဝန်ခံလိုက်ရသည်။ ထရပ်လိုက်ပြီးနောက် အင်္ကျီလက်ဖြင့် မျက်နှာကို ဖုံးကာ အလျင်အမြန် ထွက်ခွာသွားလေသည်။

ချောင်မိဖုရားခေါင်က လုမင်ယွိကို ညည်းညူပြောဆိုလိုက်လေသည်။ "စိတ်ပျော်ရွှင်စရာ ကောင်းနေတာလေး ပျက်စီးသွားပြီ"

ဒါကြောင့် ပြောတာ။ သူများသားကို မွေးစားရတာ ပြဿနာတွေ များတယ်လို့။

လုမင်ယွိက ပြုံးပြီး ချောင်မိဖုရားခေါင်ကို နှစ်သိမ့်လိုက်သည်။ "တစ်ခါလောက် ဆုံးမလိုက်တော့ နောက်ဆို ယန်ဖင်လည်း လိမ္မာသွားမှာပါ" ထို့နောက် ခပ်တိုးတိုး ရယ်မောလိုက်ပြန်သည်။ "ကြည့်ပါဦး အနောက်နန်းဆောင်က မိဖုရားတွေ အခုဆို တစ်ယောက်ပြီးတစ်ယောက် လိမ္မာကုန်ကြပြီ"

ကြက်ကလေးကို သတ်ပြီး မျောက်ကလေးကို ခြောက်လှန့်ခြင်းသည် အမြဲတမ်း ထိရောက်သော နည်းလမ်းပင်။

ချောင်မိဖုရားခေါင်က မတတ်သာသည့်ဟန်ဖြင့် ပြုံးလိုက်လေသည်။ "ကောင်းတဲ့ဘက်ကပဲ တွေးရတော့မှာပေါ့"

လူ့ဘဝတွင် မည်သူက ကိစ္စတိုင်းကို စိတ်တိုင်းကျ ဖြစ်စေနိုင်ပါမည်နည်း။

ယခု လက်ရှိဘဝသည် မပြည့်စုံမှုများကြားမှ အကောင်းဆုံး ပုံစံပင် ဖြစ်သည်။

...

ကလေးသုံးယောက်သည် နန်းဆောင်ထဲတွင် နေရသည်မှာ မွန်းကျပ်လာသဖြင့် အပြင်ဘက်သို့ ထွက်ကစားကြလေသည်။ လီရွှီနှင့် လီရွှမ်းတို့သည် တစ်ခါတစ်ရံ လီဟန်၏ ဆိုးသွမ်းမှုကို စိတ်ပျက်သော်လည်း စိတ်ရှည်သည့်အချိန်တွင်တော့ အစ်ကိုကောင်း အစ်မကောင်းများ ဖြစ်ကြလေသည်။

ချောင်မိဖုရားခေါင်နှင့် လုမင်ယွိတို့သည် လီကျင့်အကြောင်း ပြောဆိုနေကြသည်။ "ထိုက်ဇီက လဝက်တစ်ကြိမ် အိမ်ကို စာပို့လေ့ရှိတယ်။ ဘယ်တုန်းကမှ နောက်ကျဖူးတာ မရှိဘူး။ ဒီတစ်ခါတော့ လဝက်ကျော်နေပြီ။ ဘာလို့ သတင်းမကြားရသေးတာလဲ။ ကျန်းနန်မှာ တစ်ခုခုများ ဖြစ်နေလို့လား"

လုမင်ယွိ၏ စိတ်ထဲတွင်လည်း စိုးရိမ်ပူပန်နေသော်လည်း နှုတ်မှတော့ ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။ "အရှင်မင်းသားက အလုပ်ရှုပ်နေလို့ စာရေးဖို့ မေ့နေတာ နေမှာပါ။ သူ့ဘေးမှာ ကိုယ်ရံတော်တွေ အများကြီး ပါသွားတာပဲ။ ဘာမှ ဖြစ်စရာ အကြောင်းမရှိပါဘူး။ မူဟုပ်ကလည်း လျှောက်တွေးပြီး ကိုယ့်ကိုယ်ကိုယ် ခြောက်လှန့်မနေပါနဲ့"

ချောင်မိဖုရားခေါင်က ပြုံးပြီး သက်ပြင်းချလိုက်လေသည်။ "မိခင်ဖြစ်တဲ့သူက သားသမီးအတွက် မပူဘဲ ဘယ်နေနိုင်ပါ့မလဲ။ ရွှီအာနဲ့ ဟန်အာတို့ ကြီးလာပြီး တာဝန်ထမ်းဆောင်ဖို့ အပြင်ထွက်ရတဲ့အခါကျရင် မင်းလည်း သားသမီးကို လွမ်းတဲ့ အရသာကို သိလာလိမ့်မယ်"

လုမင်ယွိ ပြုံးလိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ် ချီယွင်သည် မျက်နှာပျက်ပျက်ဖြင့် ဝင်ရောက်လာလေသည်။

ချီယွင်သည် ပုံမှန်အားဖြင့် တည်ငြိမ်ပြီး စေ့စပ်သေချာသူ ဖြစ်သည်။ ယခုမူ ခြေလှမ်းများ မြန်ဆန်နေပြီး မျက်နှာမှာလည်း ဖြူဖပ်ဖြူရော် ဖြစ်နေကာ လက်ထဲတွင် စာတစ်စောင်ကို ကိုင်ထားသည်မှာ တစ်စုံတစ်ခု ဖြစ်ပျက်နေကြောင်း သိသာလှသည်။

လုမင်ယွိ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

ထင်ထားသည့်အတိုင်းပင် ချီယွင်သည် တုန်ရီနေသော အသံဖြင့် လျှောက်တင်လေသည်။ "ညန်ညန်၊ လုယိက အရေးပေါ်သတင်း ပို့လိုက်ပါတယ်။ အိမ်ရှေ့စံမင်းသား လုပ်ကြံခံရပြီး ဒဏ်ရာရသွားတယ်တဲ့..."

ဘာ...!

လုမင်ယွိ၏ ရင်ထဲတွင် ကျပ်တည်းသွားပြီး အသံမထွက်နိုင်သေးမီမှာပင် ချောင်မိဖုရားခေါင်က ထရပ်လိုက်ပြီ ဖြစ်သည်။ "မင်း ဘာပြောလိုက်တာလဲ။ ထိုက်ဇီ ဘာဖြစ်သွားတာလဲ"

ချီယွင်သည် မျက်ရည်များကို ထိန်းချုပ်ထားပြီး စာကို ချောင်မိဖုရားခေါင်ထံ ဆက်သလိုက်သည်။ "ဒါက ကျွန်မ ခင်ပွန်း လုယိ အမြန်ဆုံးနည်းနဲ့ ပို့လိုက်တဲ့ စာပါ။ ညီလာခံကို ရောက်တဲ့သတင်းထက်တောင် ပိုမြန်ပါသေးတယ်။ ဟွမ်ဟုပ်ညန်ညန်နဲ့ ထိုက်ဇီဖေးညန်ညန်တို့ ဖတ်ကြည့်ပါဦး"

စကားမဆုံးမီမှာပင် ချောင်မိဖုရားခေါင်သည် စာအိတ်ကို လျင်မြန်စွာ ဆွဲယူလိုက်သည်။ သို့သော် သူမ၏ လက်များမှာ တုန်ယင်နေသဖြင့် စာကို ထုတ်ယူ၍ မရနိုင် ဖြစ်နေသည်။

လုမင်ယွိသည် စိုးရိမ်ပူပန်မှုများကို မြိုသိပ်လိုက်ပြီး ချောင်မိဖုရားခေါင်၏ လက်ထဲမှ စာအိတ်ကို ယူကာ လျင်မြန်စွာ ဖွင့်ဖောက်ပြီး စာရွက်ကို ထုတ်ယူလိုက်သည်။ တစ်ချက်ကြည့်ရုံဖြင့် စာတစ်စောင်လုံးကို ဖတ်ရှုလိုက်လေသည်။

ဤစာသည် လုယိ အလျင်စလို ရေးသားထားခြင်း ဖြစ်ကြောင်း သိသာလှသည်။ လက်ရေးမှာ နဂါးပျံသကဲ့သို့ ဖြစ်နေပြီး စာမှာလည်း မရှည်လျားဘဲ စာမျက်နှာ တစ်မျက်နှာသာ ရှိလေသည်။

"...အိမ်ရှေ့စံမင်းသားက တရားမဝင် ဆားလုပ်ငန်းကို စုံစမ်းစစ်ဆေးတဲ့အခါ ကျန်းနန် အရာရှိလောက တစ်ခုလုံး တုန်လှုပ်သွားခဲ့ပါတယ်။ တရားမဝင် ဆားလုပ်ငန်းနဲ့ ပတ်သက်နေတဲ့ အရာရှိတွေ အများကြီးပါ။ သူတို့အသက်ကို သူတို့ ကာကွယ်ဖို့အတွက် နည်းလမ်းပေါင်းစုံ သုံးခဲ့ကြပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ အရှင်မင်းသား လုပ်ကြံခံရတာ သုံးကြိမ် ရှိပါပြီ။ ပထမ နှစ်ကြိမ်ကတော့ အရှင်မင်းသား ဘေးကင်းခဲ့ပါတယ်"

"ဒီနေ့ ကျန်းနန် ဘုရင်ခံချုပ်က အရှင်မင်းသားကို စားပွဲ ဖိတ်ကြားခဲ့ပါတယ်။ အရှင်မင်းသား သွားရောက်တဲ့အခါ ကျွန်တော်က ကိုယ်ရံတော် ရာဂဏန်းလောက် ခေါ်ပြီး လိုက်ပါသွားခဲ့ပါတယ်။ အရှင်မင်းသား စားသောက်နေစဉ်မှာ ကျွန်တော်နဲ့ လက်ဝဲတပ်မှူးက ဘေးကနေ မခွာဘဲ စောင့်ရှောက်ပေးခဲ့ပါတယ်"

"စားပွဲ ပြီးခါနီးမှာ စစ်ဆေးရေးမှူးကျန်းရဲ့ နောက်က ကိုယ်ရံတော်က ရုတ်တရက် ထပြီး တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီထဲက နှစ်ယောက်ကို ကျွန်တော်နဲ့ လက်ဝဲတပ်မှူးက သတ်လိုက်နိုင်ပေမယ့် တစ်ယောက်ကိုတော့ တားလို့ မမီလိုက်ပါဘူး။ ကံကောင်းထောက်မစွာနဲ့ အရှင်မင်းသားဘေးက ကချေသည်မလေးက အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ ဓားချက်ကို ဝင်ခံပေးလိုက်ပါတယ်။ အရှင်မင်းသားက ညာဘက်လက်မောင်းပဲ ဒဏ်ရာရသွားတာပါ။ ဒဏ်ရာက သိပ်မပြင်းထန်ပေမယ့် လောလောဆယ် စာရေးလို့ မရသေးပါဘူး"

ဒီနေရာရောက်မှ လုမင်ယွိသည် သက်ပြင်းတစ်ချက် ချနိုင်တော့သည်။

လူအန္တရာယ် မရှိရင် ပြီးတာပါပဲ။

"အရှင်မင်းသားက ဟွမ်ဟုပ်ညန်ညန်နဲ့ ထိုက်ဇီဖေးညန်ညန်တို့ စိတ်ပူမှာစိုးလို့ ကျွန်တော့်ကို အရင်ဆုံး စာပို့ခိုင်းလိုက်တာပါ။ လုပ်ကြံခံရတဲ့ သတင်းကို ရုတ်တရက် ကြားရရင် စိတ်ပူနေမှာစိုးလို့ပါ"

လုမင်ယွိသည် နောက်ဆုံးစာကြောင်းကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

လီကျင့် ရရှိထားသော ဒဏ်ရာသည် စာထဲတွင် ရေးထားသကဲ့သို့ မဖြစ်စလောက်လေး ဟုတ်ချင်မှ ဟုတ်မည်။

ဘေးနားရှိ ချောင်မိဖုရားခေါင်သည် မျက်ဝန်းအိမ်များ နီရဲလာပြီး အသံတိတ် ငိုကြွေးနေလေပြီ။ "ဒါ ဘာတာဝန်ကြီးလဲ။ သွားတာ လပိုင်းပဲ ရှိသေးတယ် သုံးကြိမ်တောင် လုပ်ကြံခံရတယ်တဲ့"

"တကယ်လို့ တစ်ခုခုများ ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"

"မဖြစ်ဘူး။ ပန်ကုံး အခုပဲ ဝမ်ဟွားနန်းဆောင်ကို သွားမယ်။ အရှင်မင်းကြီးကို ပြောပြီး ထိုက်ဇီကို မြို့တော် ပြန်ခေါ်ခိုင်းရမယ်"

...

အပိုင်း (၅၆၄) ကြောက်မက်ဖွယ် သတင်းဆိုး (၂)

လုမင်ယွိသည် ထိတ်လန့်သွားပြီး ချောင်မိဖုရားခေါင်ကို ချက်ချင်း တားဆီးလိုက်သည်။ "မူဟုပ် အရင် စိတ်လျှော့ပါဦး။ မူဟုပ် စိတ်ပူသလို ကျွန်မလည်း စိတ်ပူတာပါပဲ။ ဒါပေမဲ့ အခုအချိန်မှာ ဝမ်ဟွားနန်းဆောင်ကို သွားဖို့ မသင့်တော်ပါဘူး။ စိတ်လွတ်သွားပြီး မပြောသင့်တာတွေ ပြောမိမှာစိုးလို့ပါ..."

"ပန်ကုံး စိတ်မလျှော့နိုင်ဘူး။ လုရှီ၊ ပန်ကုံးကို လာမတားနဲ့" ချောင်မိဖုရားခေါင်သည် လုမင်ယွိ လက်ထဲမှ စာကို ဆွဲယူလိုက်ပြီး အံကြိတ်ကာ ပြောလိုက်လေသည်။ "ပန်ကုံး အရှင်မင်းကြီးကို သွားမေးရမယ်။ ထိုက်ဇီကို ဘယ်လို တာဝန်မျိုး ပေးလိုက်လို့ အခုလို ခဏခဏ လုပ်ကြံခံနေရတာလဲဆိုတာ"

"ဒီတစ်ခါ ကံကောင်းလို့ ဒဏ်ရာပဲ ရတာ။ နောက်တစ်ခါ ထပ်ဖြစ်ရင် ဘယ်လိုလုပ်မလဲ။ ထိုက်ဇီ အမြဲတမ်း ဘေးကင်းမယ်လို့ ဘယ်သူ အာမခံနိုင်မှာလဲ"

"ထိုက်ဇီက သာ့ဝေရဲ့ အိမ်ရှေ့စံလေ။ မြို့တော်မှာပဲ နေသင့်တာ။ နန်းတွင်းမှာ လုပ်စရာတွေ အများကြီး ရှိတာပဲ။ ဘာလို့ မြို့တော်က ထွက်ပြီး ဟိုပြေးဒီပြေး လုပ်ခိုင်းနေရတာလဲ။ ပြီးတော့ ဒီလို အန္တရာယ်များတဲ့ တာဝန်မျိုးကိုလေ"

"ဖယ်၊ ပန်ကုံး အခုပဲ သွားမယ်"

ချောင်မိဖုရားခေါင်သည် စိတ်လှုပ်ရှားလွန်းသဖြင့် မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ချေ။

လုမင်ယွိသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ရုတ်တရက် လက်ကို လှုပ်ရှားကာ ချောင်မိဖုရားခေါင်၏ သတိမေ့စေသည့် သွေကြောအမှတ်ကို နှိပ်လိုက်လေသည်။

ခဏအကြာက ဒေါသတကြီး ဖြစ်နေသော ချောင်မိဖုရားခေါင်သည် မျက်စိရှေ့တွင် အမှောင်ကျသွားပြီး သတိလစ်သွားလေတော့သည်။

လုမင်ယွိသည် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သဖြင့် ချောင်မိဖုရားခေါင်ကို လျင်မြန်စွာ တွဲထူလိုက်သည်။ ဘေးနားရှိ ချိုင်လန်သည် ထိုအချိန်မှ သတိဝင်လာပြီး အခြား နန်းတွင်းအပျိုတော် တစ်ဦးနှင့်အတူ ရှေ့တိုးလာကာ ချောင်မိဖုရားခေါင်ကို တွဲကူပေးလေသည်။

လုမင်ယွိသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး တည်ငြိမ်သော အသံဖြင့် အမိန့်ပေးလိုက်သည်။ "မူဟုပ်ကို အိပ်ဆောင်ထဲ ခေါ်သွားပြီး အနားယူခိုင်းလိုက်။ အခုကစပြီး ကျောင်းဖန်နန်းဆောင်ကို ဘယ်သူလာလာ ပြန်လွှတ်လိုက်"

ချိုင်လန်သည် ထိတ်လန့်နေဆဲ ဖြစ်သော်လည်း အမိန့်ကို နာခံလိုက်သည်။ ထို့နောက် စိုးရိမ်တကြီးဖြင့် လုမင်ယွိကို ကြည့်လိုက်လေသည်။ "ထိုက်ဇီဖေးညန်ညန်၊ ဟွမ်ဟုပ်ညန်ညန်ကို ကြည့်ပေးဖို့ သမားတော် ခေါ်လိုက်ရမလား"

လုမင်ယွိ ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "သမားတော်ကြီးကျိုးကို ခေါ်လိုက်"

ချောင်မိဖုရားခေါင်သည် သတိမေ့ သွေးကြောအမှတ်ကို အနှိပ်ခံလိုက်ရသဖြင့် သတိလစ်နေသည်။ တွဲခေါ်သွားဖို့ မဖြစ်နိုင်တော့ဘဲ ထမ်းသွားမှ ရပေမည်။ ချိုင်လန် တွန့်ဆုတ်နေစဉ် လုမင်ယွိက ဆက်ပြောလိုက်သည်။ "ထားလိုက်တော့၊ ငါပဲ မူဟုပ်ကို ပွေ့ပြီး အိပ်ဆောင်ထဲ ခေါ်သွားလိုက်မယ်။ နင်တို့နှစ်ယောက် ဖယ်လိုက်"

လုမင်ယွိသည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ချောင်မိဖုရားခေါင်ကို ပေါ့ပါးစွာ ပွေ့ချီလိုက်လေသည်။ လက်ဖက်ရည်ခွက် တစ်ခွက်ကို ကိုင်ထားသကဲ့သို့ပင်။

ချိုင်လန်သည် အံ့သြနေဖို့ အချိန်မရတော့ဘဲ အနောက်မှ ကမန်းကတန်း လိုက်ပါသွားလေသည်။

ချီယွင်သည်လည်း ချောင်မိဖုရားခေါင်၏ အိပ်ဆောင်ထဲသို့ လိုက်ပါသွားသည်။

လုမင်ယွိသည် ချောင်မိဖုရားခေါင်ကို ကုတင်ပေါ်သို့ တင်ပေးလိုက်သည်။ ခေါင်းငုံ့ကြည့်လိုက်သည့်အခါ ချောင်မိဖုရားခေါင်၏ လက်ထဲတွင် စာကို တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။ လီကျင့်၏ အင်္ကျီလက်စကို ဆွဲထားသကဲ့သို့ပင်။

လုမင်ယွိ၏ နှာခေါင်းမှာ မွှန်သွားတော့သည်။

လီကျင့် လုပ်ကြံခံရပြီး ဒဏ်ရာရသည်ကို ကြားရသောအခါ သူမ၏ ရင်ထဲတွင်လည်း ထိတ်လန့်ဝမ်းနည်းနေရသည်။ သို့သော် အခြေအနေ ပိုဆိုးလေ ပိုပြီး တည်ငြိမ်လေ ဖြစ်မှ ရမည်။ စိတ်ရှုပ်ထွေးလို့ မဖြစ်ပေ။

ချီယွင်သည် လုမင်ယွိ၏ နီရဲနေသော မျက်ဝန်းများကို ကြည့်ပြီး စိတ်မကောင်း ဖြစ်သွားကာ တိုးတိုးလေး နှစ်သိမ့်လိုက်သည်။ "ညန်ညန်လည်း စိတ်မပူပါနဲ့။ လုယိ ပြောတာက အရှင်မင်းသား အခြေအနေ မဆိုးဘူးတဲ့။ ဒဏ်ရာ နည်းနည်းပဲ ရတာပါ။ ရက်နည်းနည်းလောက် နားလိုက်ရင် ကောင်းသွားမှာပါ"

လုမင်ယွိသည် နှာခေါင်းကို ရှုံ့လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "အရှင်မင်းသားရဲ့ ဒဏ်ရာက သေချာပေါက် မသေးဘူး။ မဟုတ်ရင် သူ့အကျင့်နဲ့ဆို သူကိုယ်တိုင် စာရေးပြီး ပို့မှာ။ လုယိ ဒီလို ရေးလိုက်တာက ငါ့စိတ်အေးအောင်လို့ပါ"

ချီယွင်သည်လည်း ထိုအချက်ကို တွေးမိသော်လည်း ထုတ်မပြောရက်ပေ။ ခဏလောက် တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ညန်ညန် စိတ်အေးအေးထားမှ ဖြစ်မှာပါ"

လုမင်ယွိသည် အသက်ပြင်းပြင်း ရှူလိုက်၏။ ကိုယ်တွင်းကလီစာများ နာကျင်မှုသည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ သို့သော် သူမသည် စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်သဖြင့် နာကျင်မှုကြောင့် လဲပြိုသွားမည် မဟုတ်ပေ။ လျင်မြန်စွာပင် တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။ "ဒီကိစ္စ မကြာခင် နန်းတွင်းထဲ ရောက်လာတော့မယ်။ လူယုတ်မာတွေ အခွင့်ကောင်းယူပြီး ပြဿနာ မရှာနိုင်အောင် အိမ်ရှေ့စံနန်းဆောင်နဲ့ ကျောင်းဖန်နန်းဆောင်က တည်ငြိမ်နေမှ ရမယ်"

"ချီယွင်၊ ရွှီအာ၊ ရွှမ်းအာနဲ့ ဟန်အာတို့ကို ခေါ်လိုက်။ ငါ မှာစရာ ရှိတယ်"

ချီယွင်သည် အမိန့်ကို နာခံပြီး ထွက်သွားကာ မျက်ရည်များကို လက်မောင်းစဖြင့် သုတ်လိုက်လေသည်။

မကြာမီ လီရွှီ၊ လီရွှမ်း၊ လီဟန်တို့ ရောက်ရှိလာကြသည်။

မောင်နှမ သုံးယောက်သည် ဘာဖြစ်မှန်း မသိကြသေးသဖြင့် ပြုံးပျော်ရွှင်လျက် မိခင်ဖြစ်သူကို ကြည့်နေကြသည်။ လီရွှီသည် အကင်းပါးသူ ဖြစ်သဖြင့် အခြေအနေ မဟန်သည်ကို ပထမဆုံး သတိထားမိလိုက်သည်။ "ဘွားဘွားက စောစောက ကောင်းနေတာပဲ။ ဘာလို့ ရုတ်တရက် မေ့လဲပြီး ကုတင်ပေါ် ရောက်နေတာလဲ"

လီရွှမ်း မျက်မှောင်ကြုတ်လိုက်သည့် ပုံစံသည် လုမင်ယွိနှင့် တစ်ထေရာတည်း တူလေသည်။ "မေမေ ဘာဖြစ်တာလဲ"

လီဟန် တစ်ယောက်သာ ဘာမှ နားမလည်ဘဲ မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ် လုပ်နေလေသည်။

လုမင်ယွိသည် စိတ်ကို တည်ငြိမ်အောင် ထားပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "အခု မေမေ ပြောမယ့် စကားတွေကို သားတို့ သမီးတို့ သေချာ မှတ်ထားကြ"

"သားတို့အဖေ စားပွဲတစ်ခု သွားတက်တုန်း လုပ်ကြံခံရပြီး ဒဏ်ရာရသွားတယ်။ ဒီကိစ္စကို ဘယ်သူမှ မသိသေးဘူး။ ဒါပေမဲ့ မကြာခင် သိကုန်ကြတော့မယ်။ နောက် တစ်ရက် နှစ်ရက်လောက်ဆို နန်းတွင်းရော နန်းပြင်ပါ သိကုန်ကြတော့မယ်"

"ဘယ်သူက ဘာမေးမေး ဘာပြောပြော သားတို့ စိတ်လှုပ်ရှားမသွားကြနဲ့"

လီဟန်က မျက်လုံး ပုတ်ခတ်ပုတ်ခတ် လုပ်နေဆဲ ဖြစ်သော်လည်း လီရွှီနှင့် လီရွှမ်းတို့၏ မျက်နှာထားများ ပြောင်းလဲသွားပြီး ပြိုင်တူ မေးလိုက်ကြသည်။ "ဖေဖေရဲ့ ဒဏ်ရာ ပြင်းလား"

"လက်မောင်းပဲ ထိတာပါ" လုမင်ယွိက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ဒဏ်ရာ မပြင်းပါဘူး။ ၁၀ ရက် ၁၅ ရက်လောက် နားလိုက်ရင် ကောင်းသွားမှာပါ။ သားတို့ စိတ်မပူနဲ့"

လီရွှီနှင့် လီရွှမ်းတို့သည် ဖခင်ဖြစ်သူနှင့် သံယောဇဉ် နက်ရှိုင်းပြီး အကြောင်းအကျိုး သိတတ်နေပြီ ဖြစ်သဖြင့် မည်သို့ စိတ်မပူဘဲ နေနိုင်ပါမည်နည်း။ မျက်နှာလေးများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။

လီဟန်ကတော့ ငယ်သေးသဖြင့် ဒဏ်ရာရသည် ဆိုသည်မှာ ဘာမှန်း နားမလည်ပေ။ ပြီးတော့ မွေးကတည်းက ဖခင်ဖြစ်သူနှင့် နေရချိန် နည်းပါးပြီး စုစုပေါင်း နှစ်ဝက်လောက်သာ ရှိသေးသည်။ ထို့ကြောင့် သူက အတည်ငြိမ်ဆုံး ဖြစ်နေပြီး စပ်စုကာ မေးလိုက်လေသည်။

"မေမေ ဒဏ်ရာရတယ် ဆိုတာ ဘာလဲ"

လီရွှမ်းက ဒေါသတကြီးဖြင့် သူ့ကို ရိုက်လိုက်လေသည်။ "ပါးစပ်ပိတ်ထား"

လီဟန်သည် အရိုက်ခံလိုက်ရသဖြင့် သွားဖြဲပြီး နာကြောင်း အော်ဟစ်တော့သည်။

လီရွှီသည် အစ်ကိုကြီး ပီသစွာ မျက်နှာထား တင်းတင်းဖြင့် ဝင်ပြောလိုက်သည်။ "လီရွှမ်း၊ ညီလေးကို အနိုင်မကျင့်နဲ့။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်။ မေမေ စိတ်မပူရအောင် နေရမယ်"

လီရွှမ်းလည်း မျက်နှာထား တင်းတင်းဖြင့် ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် သမားတော်ကြီးကျိုး ရောက်ရှိလာလေသည်။

လုမင်ယွိက တိုးတိုးလေး အမိန့်ပေးလိုက်သည်။ "သားတို့ သုံးယောက် အိမ်ရှေ့စံနန်းဆောင်ကို ပြန်ကြတော့။ မေမေ ဒီမှာ ဘွားဘွားကို စောင့်ပေးလိုက်မယ်"

သို့သော် ကလေးသုံးယောက်စလုံး ပြန်မသွားချင်ကြပေ။ "သားတို့လည်း ဒီမှာ စောင့်မယ်" အထူးသဖြင့် လီဟန်သည် လက်တစ်ဖက်က လုမင်ယွိ၏ အင်္ကျီစကို ဆွဲထားပြီး ကျန်တစ်ဖက်က ချောင်မိဖုရားခေါင်၏ လက်ကို ကိုင်ထားကာ မည်သူ မောင်းထုတ်ထုတ် ထွက်မသွားမည့် ပုံစံ ဖမ်းနေလေသည်။

လုမင်ယွိသည် စိတ်ရှုပ်ထွေးနေသဖြင့် သူ့ကို ချော့မနေနိုင်တော့ဘဲ သူ့လက်ကို ဆွဲယူလိုက်သည်။ "လာခဲ့၊ သမားတော်ကြီးကျိုး ဘွားဘွားကို ဆေးကုပေးပါစေ"

လီဟန်သည် နှုတ်ခမ်းမဲ့လိုက်ပြီး မိခင်ဖြစ်သူ၏ မျက်နှာထားကို ကြည့်ကာ ဘာမှ ဆက်မပြောရဲဘဲ ဘေးနားတွင် ငြိမ်ငြိမ်လေး နေလိုက်လေသည်။

အိပ်ဆောင်ထဲတွင် လေထုက လေးလံနေသည်။ ထိုက်ဇီဖေး၏ မျက်နှာထားက တင်းမာနေပြီး ကုတင်ပေါ်ရှိ ချောင်မိဖုရားခေါင်၏ မျက်နှာထားက ဖြူဖပ်ဖြူရော် ဖြစ်နေသည်။

သမားတော်ကြီးကျိုးသည် ဝါရင့်သူ ဖြစ်သဖြင့် တစ်ချက်ကြည့်ရုံဖြင့် အခြေအနေ မမှန်သည်ကို သိလိုက်သည်။ သို့သော် သူ ဘာမှ မပြောဘဲ ချောင်မိဖုရားခေါင်၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီး စိတ်ငြိမ်ဆေး ညွှန်းပေးလိုက်လေသည်။

...

နှစ်နာရီခန့် ကြာပြီးနောက် ချောင်မိဖုရားခေါင် မျက်လုံးပွင့်လာလေသည်။

ကလေးသုံးယောက်၏ မျက်နှာကို မြင်လိုက်ရပြီး အလုအယက် ပြောသံများကို ကြားလိုက်ရသည်။ "ဘွားဘွား သတိရလာပြီ"

"ဘွားဘွား ဘယ်နား နေမကောင်းတာလဲ။ အခု သက်သာရဲ့လား"

"ဘွားဘွား၊ သား ဘွားဘွားနားမှာ အမြဲ နေပေးမယ်နော်"

ချောင်မိဖုရားခေါင်၏ မျက်ဝန်းများ နီရဲလာပြီး မျက်ရည်များ စီးကျလာလေသည်။

လုမင်ယွိသည် ဆေးပန်းကန်လုံးကို ကိုင်ထားပြီး နူးညံ့စွာ ပြောလိုက်လေသည်။ "မူဟုပ်၊ စောစောက ချွေးမ မိုက်မဲမိပါတယ်။ ဒါပေမဲ့ အခု လောလောဆယ် အခြေအနေက မသေချာသေးဘူး။ ညီလာခံကလည်း သတင်း မရသေးဘူး။ အရှင်မင်းကြီးလည်း မသိသေးဘူး။ ကျွန်မတို့ သတင်းကို ခဏ ဖုံးထားလိုက်ရအောင်။ အရှင်မင်းကြီး သံသယ ဝင်မှာစိုးလို့ပါ"

ချောင်မိဖုရားခေါင်သည် မျက်ရည်များ ကျဆင်းလျက် ပြောလိုက်သည်။ "ထိုက်ဇီ ဒဏ်ရာရတာလေ။ အရှင်မင်းကြီးက ဘာ သံသယ ဝင်စရာ ရှိလို့လဲ"

လုမင်ယွိ သက်ပြင်းတစ်ချက် ချလိုက်သည်။ "ကျွန်မတို့က ညီလာခံထက် အရင် သတင်းရတယ် ဆိုတာနဲ့တင် အရှင်မင်းကြီး သံသယဝင်ပြီး စိတ်ဆိုးဖို့ လုံလောက်နေပါပြီ"

ချောင်မိဖုရားခေါင် "..."

...

All Chapters