← Chapters

အခန်း (၅၆၅-၅၆၇)

Vol. 38 Ch. 565-567

အခန်း (၅၆၅-၅၆၇)

Vol. 38 Ch. 565-567

အပိုင်း (၅၆၅) ကြောက်မက်ဖွယ် သတင်းဆိုး (၃)

ချောင်မိဖုရားခေါင်သည် ရုတ်တရက် ဆွံ့အသွားခဲ့သည်။

ယုံးကျားဧကရာဇ်သည် အိမ်ရှေ့စံကို ဖြုတ်ချရန် ရည်ရွယ်ချက် မရှိသည့်အပြင် အိမ်ရှေ့စံနန်းဆောင်ကို များစွာ ကာကွယ်ပေးထားလေသည်။ သို့သော် ထိုအချက်သည် ယုံးကျားဧကရာဇ်က အိမ်ရှေ့စံနန်းဆောင်အပေါ် လုံးဝ သံသယ မရှိဟု မဆိုလိုပေ။

လွန်ခဲ့သော နှစ်များအတွင်း လီကျင့် မြို့တော်မှ ထွက်ခွာပြီး တာဝန်ထမ်းဆောင်သည့် အခါတိုင်း နန်းတွင်းကိုယ်ရံတော်များ လိုက်ပါသွားလေ့ရှိသည်။ ယင်းကို ဧကရာဇ်၏ ဆုလာဘ်အဖြစ် ရှုမြင်နိုင်သလို ယုံးကျားဧကရာဇ်က လီကျင့်၏ ဘေးတွင် သူ၏ လူများကို ပေါ်ပေါ်ထင်ထင် ထည့်သွင်းထားသည်ဟုလည်း ရှုမြင်နိုင်လေသည်။

လီကျင့်၏ လှုပ်ရှားမှုတိုင်းသည် ယုံးကျားဧကရာဇ်၏ မျက်စိအောက်တွင် ရှိနေသည်။

ယုံးကျားဧကရာဇ်၏ အိမ်ရှေ့စံနန်းဆောင်အပေါ် ထားရှိသော သံသယနှင့် ယုံကြည်မှုသည် အညီအမျှပင် ဖြစ်လေသည်။

"ဒါဆို အခု ဘယ်လိုလုပ်မလဲ" ချောင်မိဖုရားခေါင်၏ အသံသည် တုန်ရီနေပြီး မျက်ရည်များ ဝဲတက်လာသည်။ "ငါတို့ ဒီအတိုင်း ထိုင်ကြည့်နေရမှာလား"

လုမင်ယွိသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး မျက်လုံးထဲတွင် ပြတ်သားသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။

သူမသည် ဦးစွာ ခေါင်းလှည့်ပြီး လီရွှီ၊ လီရွှမ်း၊ လီဟန်တို့ သုံးဦးကို ပြောလိုက်လေသည်။ "မေမေ အဘွားတော်နဲ့ ဆွေးနွေးစရာ ရှိတယ်။ သားတို့ သမီးတို့ အပြင် ခဏထွက်နေ"

လီဟန်သည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မထွက်ချင်သော်လည်း လီရွှီနှင့် လီရွှမ်းတို့သည် မိခင်ဖြစ်သူ၏ စိတ်သဘောထားကို သိကြသဖြင့် တစ်ယောက်တစ်ချက် အကြည့်ချင်းဖလှယ်လိုက်ပြီး လီဟန်ကို တစ်ဖက်တစ်ချက်မှ ဆွဲကာ အပြင်သို့ ခေါ်ထုတ်သွားကြသည်။

အိပ်ဆောင်ထဲတွင် လုမင်ယွိနှင့် ချောင်မိဖုရားခေါင် နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။

လုမင်ယွိသည် အသံကို နှိမ့်လိုက်ပြီး ချောင်မိဖုရားခေါင်၏ နားနားသို့ ကပ်ကာ စကားအနည်းငယ် ပြောလိုက်လေသည်။

ချောင်မိဖုရားခေါင်သည် အစပိုင်းတွင် ထိတ်လန့်သွားသော်လည်း မကြာမီ မျက်လုံးများ အရောင်တောက်လာပြီး ခန္ဓာကိုယ်တွင် အားအင်များ ချက်ချင်း ပြည့်ဝလာကာ ထထိုင်လိုက်တော့သည်။ "မင်း တကယ် လုပ်မလို့လား"

လုမင်ယွိက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ဒီကိစ္စကို လူသိရှင်ကြား လုပ်လို့ မရဘူး။ အရှင်မင်းကြီးကိုလည်း အသိပေးလို့ မရဘူး။ အလုပ်ပြီးမှ သတင်းပို့ရမှာ။ မူဟုပ်အနေနဲ့ ချွေးမနဲ့ ပူးပေါင်းပြီး ပြဇာတ်တစ်ပုဒ် ကပေးဖို့ လိုပါတယ်"

ချောင်မိဖုရားခေါင်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားသည်။ ကြောက်ရွံ့ခြင်းလား စိတ်လှုပ်ရှားခြင်းလား မသိနိုင်ပေ။ သို့သော် နှုတ်မှတော့ လျင်မြန်စွာပင် ဝန်ခံလိုက်သည်။ "ကောင်းပြီ၊ ဒီအတိုင်းပဲ လုပ်ကြတာပေါ့" ထို့နောက် လုမင်ယွိ၏ လက်နှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး အသံတုန်တုန်ဖြင့် ပြောလိုက်လေသည်။ "ရှောင်ယွိ၊ မင်း ပင်ပန်းရတော့မယ်"

ယောက္ခမနှင့် ချွေးမအဖြစ် ပေါင်းသင်းလာသည်မှာ နှစ်အနည်းငယ် ကြာပြီဖြစ်ပြီး အမြဲတမ်း သင့်မြတ်စွာ နေထိုင်ခဲ့ကြသဖြင့် သံယောဇဉ် တိုးပွားလာခဲ့ပြီ ဖြစ်သည်။

လုမင်ယွိသည် ပေါ့ပေါ့ပါးပါး ဟန်ဆောင်ကာ ပြောလိုက်လေသည်။ "မူဟုပ် ကျွန်မရဲ့ နာမည်ရင်းကို ခေါ်တာ ပထမဆုံး အကြိမ်ပဲ။ ကြည့်ရတာ မူဟုပ်က အခုမှ ကျွန်မကို ချွေးမအရင်းအဖြစ် တကယ် လက်ခံလိုက်တာ ထင်တယ်"

ချောင်မိဖုရားခေါင်သည် ငိုချင်သလို ရယ်ချင်သလို ဖြစ်သွားပြီး နှာသံကြီးဖြင့် ပြောလိုက်လေသည်။ "ဒီလိုအချိန်ရောက်မှ မင်းက နောက်ပြောင်နေနိုင်သေးတယ်"

အဝေးကြီးဖြစ်သော ကျန်းနန်တွင် ရောက်နေသော လီကျင့်၏ ဒဏ်ရာ အခြေအနေကို မသိရသေးပေ။ လုမင်ယွိ၏ ရင်ထဲတွင် လေးလံနေသော်လည်း နောက်ပြောင်ဖို့ စိတ်ကူး ဘယ်မှာ ရှိပါမည်နည်း။ ချောင်မိဖုရားခေါင်ကို ချော့မြှူနေခြင်းသာ ဖြစ်သည်။

လုမင်ယွိသည် စိတ်ကို တည်ငြိမ်အောင် ထားပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "ဆေးတွေ အေးကုန်တော့မယ်။ မူဟုပ် ဆေးသောက်ပြီး ကောင်းကောင်း အနားယူလိုက်ပါ။ နေ့တစ်ဝက်လောက် နေရင် ညီလာခံက သတင်းရတော့မှာပါ"

ချောင်မိဖုရားခေါင် ခေါင်းညိတ်လိုက်ပြီး ခါးသက်သက် ဆေးရည်နွေးနွေးကို တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။

...

ထိုနေ့ မွန်းလွဲပိုင်းတွင် အိမ်ရှေ့စံ လီကျင့် လုပ်ကြံခံရပြီး ဒဏ်ရာရရှိသည့် သတင်းသည် ယုံးကျားဧကရာဇ်၏ စားပွဲထက်သို့ ရောက်ရှိလာလေသည်။

ယုံးကျားဧကရာဇ်သည် အလွန်အမင်း ဒေါသထွက်သွားပြီး ချောင်ကောလောင်၊ ဝန်ကြီးလော် အစရှိသော အရေးပါသည့် အရာရှိကြီးများကို နန်းတော်သို့ ချက်ချင်း ဆင့်ခေါ်ကာ ဆွေးနွေးလေတော့သည်။

အနောက်နန်းဆောင်တွင်လည်း သတင်းရောက်ရှိသွားပြီး မယ်တော်ကြီးကျောက်သည် စိုးရိမ်တကြီးဖြင့် ဂနာမငြိမ် ဖြစ်နေလေသည်။ "ဘယ်လိုလုပ်ကြမလဲ။ ထိုက်ဇီ ဒဏ်ရာ အခြေအနေ ဘယ်လိုရှိလဲ။ ဒီလူယုတ်မာတွေက သိပ်ရဲတင်းတာပဲ။ ထိုက်ဇီကိုတောင် လုပ်ကြံရဲတယ်"

မယ်တော်ကြီးကျောက် အချစ်ဆုံးမြေးသည် စတုတ္ထမင်းသား ဖြစ်သော်လည်း အခြားမြေးများကိုလည်း ချစ်ခင်လေသည်။ လီကျင့် ဒဏ်ရာရသည့် သတင်းဆိုးကို ကြားလိုက်ရသောအခါ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားတော့သည်။

ချင်ဖေးသည် စိတ်ထဲတွင် ဝမ်းသာနေသော်လည်း မျက်နှာတွင်တော့ စိုးရိမ်ပူပန်ဟန်ဆောင်ထားလေသည်။ "ဟွမ်ဟုပ်ညန်ညန် ဒီသတင်းဆိုးကို ကြားရင် ခံနိုင်ရည် ရှိပါ့မလား မသိဘူး။ ပြီးတော့ ထိုက်ဇီဖေးနဲ့ ရွှီအာတို့ သုံးယောက်လည်း အခု ဘယ်လိုနေမလဲ မသိဘူး။ ချန်ချဲ့က မယ်တော်ကြီးကို တွဲပြီး ကျောင်းဖန်နန်းဆောင်ကို လိုက်ပို့ပေးပါရစေ"

အခွင့်အရေးရတုန်း သွားကြည့်ပြီး ချောင်မိဖုရားခေါင်နဲ့ လုမင်ယွိတို့ ပူလောင်နေတဲ့ ပုံစံကို ကြည့်ရတာပေါ့။

မယ်တော်ကြီးကျောက်သည် မီးပူပေါ်က ပုရွက်ဆိတ်ကဲ့သို့ ဖြစ်နေသဖြင့် ချင်ဖေး၏ ကောက်ကျစ်စဉ်းလဲမှုကို ဂရုမစိုက်နိုင်တော့ဘဲ ခေါင်းညိတ်လိုက်လေသည်။ "ကောင်းပြီ၊ နင် အိုက်ကျားနဲ့ လိုက်ခဲ့"

ချင်ဖေးသည် မယ်တော်ကြီးကျောက်၏ လက်မောင်းကို တွဲကူပေးပြီး ကျောင်းဖန်နန်းဆောင်သို့ အလျင်အမြန် ထွက်ခွာလာကြလေသည်။

ကျောင်းဖန်နန်းဆောင်သို့ ရောက်သောအခါ နန်းတွင်းအပျိုတော် ချိုင်လန်သည် မျက်ဝန်းများ နီရဲလျက် ကြိုဆိုလေသည်။ "မယ်တော်ကြီးနဲ့ ချင်ဖေးညန်ညန်ကို ဂါရဝပြုပါတယ်။ ဟွမ်ဟုပ်ညန်ညန်က အိမ်ရှေ့စံမင်းသား လုပ်ကြံခံရတဲ့ သတင်းဆိုး ကြားပြီး ချက်ချင်း သတိမေ့သွားပါတယ်။ အခု ကုတင်ပေါ်မှာ လဲလျောင်းနေပြီး သမားတော်ကြီးကျိုးက အပ်စိုက်ကုသပေးနေပါတယ်"

မယ်တော်ကြီးကျောက်သည် အိပ်ဆောင်ထဲ ဝင်ကြည့်မည်ဟု ပြောဆိုရာ ချိုင်လန် တားမရသဖြင့် လမ်းဖယ်ပေးလိုက်ရသည်။

ဝင်ကြည့်လိုက်သောအခါ ချောင်မိဖုရားခေါင်သည် ကုတင်ပေါ်တွင် မျက်နှာဖြူဖြူဖြင့် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။

ချင်ဖေးသည် ထိုမြင်ကွင်းကို ကြည့်ပြီး တစ်ကိုယ်လုံး နေလို့ကောင်းသွားတော့သည်။ သို့သော် မျက်လုံးများ ချက်ချင်း နီရဲလာပြီး လက်မောင်းစဖြင့် မျက်ရည်သုတ်ဟန် ဆောင်နေလေသည်။

မယ်တော်ကြီးကျောက်သည် စိတ်မကောင်းဖြစ်နေပြီး ခဏလောက် နေသော်လည်း ချောင်မိဖုရားခေါင် သတိမရလာသဖြင့် ပြန်လှည့်ထွက်လာခဲ့ရသည်။

မယ်တော်ကြီးကျောက်က ချွေးမကို သွားကြည့်သည်မှာ ပြဿနာ မရှိသော်လည်း မြေးချွေးမကို သွားကြည့်သည်မှာ မသင့်တော်ပေ။ ချင်ဖေးက ကိုယ်တိုင် အဆိုပြုလိုက်လေသည်။ "မယ်တော်ကြီး ရှို့နင်နန်းဆောင် ပြန်ပြီး အနားယူလိုက်ပါ။ ချန်ချဲ့က မယ်တော်ကြီးကိုယ်စား အိမ်ရှေ့စံနန်းဆောင်ကို သွားပြီး ထိုက်ဇီဖေးကို သွားကြည့်လိုက်ပါ့မယ်"

မယ်တော်ကြီးကျောက် သက်ပြင်းချလိုက်သည်။ "ကောင်းပြီလေ။ နင်ပဲ အိုက်ကျားအစား လုရှီကို သွားကြည့်လိုက်ပါ။ လုရှီက ပုံမှန်ဆိုရင်တောင် စိတ်ကြီးတဲ့သူမို့ နင်သွားရင် စကားပြော ဆင်ခြင်ဦး။ သူ့ဒေါသကို သွားမဆွနဲ့"

ချင်ဖေးက ထပ်ကာထပ်ကာ ဝန်ခံလိုက်သည်။ "မယ်တော်ကြီး စိတ်ချပါ။ ချန်ချဲ့ အနေအထိုင် အပြောအဆို ဆင်ခြင်ပါ့မယ်"

ဟွန်း!

လုမင်ယွိက ပုံမှန်ဆို ဘယ်သူ့ကိုမှ ဂရုစိုက်တာ မဟုတ်ဘူး။ ဒီတစ်ခါ အိမ်ရှေ့စံ လုပ်ကြံခံရပြီး ဒဏ်ရာရတာ ဘယ်လောက် ပြင်းထန်လဲ မသိဘူး။ ပထမမင်းသားလိုမျိုး မသန်မစွမ်း ဖြစ်သွားရင် ဖြစ်သွားမှာ။ လုမင်ယွိ မာနကြီးနိုင်ဦးမလား ကြည့်ရသေးတာပေါ့။

ချင်ဖေးသည် တွေးလေ စိတ်လှုပ်ရှားလေ ဖြစ်ပြီး ခြေလှမ်းသွက်သွက်ဖြင့် အိမ်ရှေ့စံနန်းဆောင်သို့ ရောက်လာခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင် မုန့်ဖေးနှင့် မျက်နှာချင်းဆိုင် တွေ့လေသည်။

ချင်ဖေးက နှုတ်ဆက်လိုက်သည်။ "ရှင် ယန်ရှီနန်းဆောင်မှာ မနေဘဲ ဒီနေ့ ဘယ်လိုလုပ် အိမ်ရှေ့စံနန်းဆောင်ကို ရောက်လာတာလဲ"

မုန့်ဖေးသည် ချင်ဖေးကို တစ်ချက် စောင်းကြည့်လိုက်ပြီး ဟန်ဆောင်ပြုံးဖြင့် ပြောလိုက်လေသည်။ "ထိုက်ဇီ လုပ်ကြံခံရပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတယ်ဆိုတော့ ထိုက်ဇီဖေး ဘယ်လောက်တောင် စိတ်ပူနေမလဲ။ ကျွန်မက အထူးတလည် လာကြည့်ပြီး ထိုက်ဇီဖေးကို နှစ်သိမ့်ပေးမလို့ပါ"

နှစ်သိမ့်ပေးမယ်တဲ့လား။ တွင်းထဲကျနေတဲ့သူကို ကျောက်တုံးနဲ့ ထပ်ပေါက်ဖို့ လာတာများ။

ချင်ဖေးသည် စိတ်ထဲတွင် ကဲ့ရဲ့လိုက်သော်လည်း မျက်နှာတွင်တော့ ဟန်ဆောင်စာနာမှု အပြုံးဖြင့် ပြောလိုက်လေသည်။ "ဟုတ်တာပေါ့။ ထိုက်ဇီဖေးက မီးလို ပူနေမှာ သေချာတယ်။ ကျွန်မလည်း မယ်တော်ကြီးရဲ့ အမိန့်နဲ့ ထိုက်ဇီဖေးကို လာနှစ်သိမ့်ပေးတာ"

နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး စိတ်ထဲတွင် ကျိတ်ရယ်လိုက်ကြသည်။

နှစ်ပေါင်းများစွာ သိကျွမ်းလာတာ ဘယ်သူက ဘယ်လိုလဲဆိုတာ သိပြီးသားပဲ။

ရောက်မှတော့ အတူတူ ဝင်သွားကြတာပေါ့။ နှစ်ယောက်သား အတူတူ ဝင်သွားကြပြီး နန်းတွင်းအပျိုတော်က သတင်းပို့လေသည်။ မကြာမီ ထိုက်ဇီဖေး၏ အချစ်တော် ချီယွင် ထွက်လာလေသည်။

ချီယွင်၏ မျက်ဝန်းအိမ်များ နီရဲနေပြီး ဂါရဝပြုကာ ပြတ်ပြတ်သားသား ပြောလိုက်လေသည်။ "ညန်ညန်တို့ နှစ်ယောက်ရဲ့ စေတနာကို ထိုက်ဇီဖေး လက်ခံပါတယ်။ ဒါပေမဲ့ ထိုက်ဇီဖေး စိတ်အခြေအနေ မကောင်းလို့ ဘယ်သူ့ကိုမှ မတွေ့ချင်ပါဘူးတဲ့။ ညန်ညန်တို့ ပြန်ကြပါတော့"

မုန့်ဖေးနှင့် ချင်ဖေးတို့ တံခါးပိတ်ငြင်းဆိုခံလိုက်ရသော်လည်း သိပ်ပြီး ဒေါသ မထွက်ကြပေ။ တစ်ယောက်တစ်မျိုး နားလည်ပေးသည့် ပုံစံဖြင့် ပြောလိုက်ကြသည်။ "သတင်းဆိုး ကြားရတော့ ထိုက်ဇီဖေး စိတ်မကောင်း ဖြစ်နေမှာပဲလေ။ ငါတို့ ဒီနေ့ လာတာ အချိန်မကိုက် ဖြစ်သွားတာပါ"

"ဟုတ်ပါတယ်။ ငါတို့ အရင် ပြန်လိုက်ပါ့မယ်။ ထိုက်ဇီဖေးကို ကောင်းကောင်း နားခိုင်းလိုက်ပါ။ နောက် နှစ်ရက်လောက်နေလို့ ထိုက်ဇီဖေး စိတ်ငြိမ်သွားရင် ငါတို့ ပြန်လာကြည့်ပါ့မယ်"

ချီယွင်သည် ထိုနှစ်ယောက်၏ ဟန်ဆောင်မျက်နှာများကို မကြည့်ဘဲ တိုးတိုးလေး ပြန်ဖြေလိုက်သည်။ "ညန်ညန်နှစ်ယောက်ရဲ့ စကားကို ထိုက်ဇီဖေးဆီ ကျွန်မ ပြန်ပြောပေးပါ့မယ်"

မုန့်ဖေးနှင့် ချင်ဖေး ထွက်သွားပြီးနောက် ချီယွင်သည် မျက်ရည်စကို သုတ်လိုက်ပြီး ထိုက်ဇီဖေး၏ အိပ်ဆောင်ထဲသို့ လျင်မြန်စွာ ပြန်ဝင်သွားလေသည်။

ခန္ဓာကိုယ်သွယ်လျသော အမျိုးသမီးတစ်ဦးသည် အတွင်းဘက်သို့ မျက်နှာမူကာ လဲလျောင်းနေလေသည်။

ချီယွင် ရှေ့တိုးသွားပြီး တိုးတိုးလေး မှာကြားလိုက်သည်။ "နင် ကုတင်ပေါ်မှာပဲ အိပ်နေ။ ဘာကိစ္စရှိရှိ ငါ ကာကွယ်ပေးမယ်"

ထိုအမျိုးသမီးက တိုးတိုးလေး ပြန်ဖြေလိုက်ပြီး ကိုယ်ကို လှည့်လိုက်လေသည်။

လုံးဝ သူစိမ်းမျက်နှာ တစ်ခု ဖြစ်ပြီး လုမင်ယွိ လုံးဝ မဟုတ်နေချေ။

...

အပိုင်း (၅၆၆) ဖုံးကွယ်ခြင်း (၁)

ဤသည်မှာ အရှေ့နန်းဆောင်မှ နန်းတွင်းအပျိုတော်တစ်ဦးဖြစ်ပြီး ခန္ဓာကိုယ်အချိုးအစားမှာ လုမင်ယွိနှင့် အလွန်တူညီလေသည်။

နန်းတွင်းအပျိုတော်သည် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး ကြောက်လန့်တုန်လှုပ်နေပုံရကာ လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။

"တကယ်ပဲ မရိပ်မိကြဘူးလား"

ချီယွင်က လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်၏။

"ရိပ်မိသွားဖို့ကတော့ အချိန်တစ်ခုပဲ လိုတာပါ။ ဒါပေမဲ့ တစ်ရက်ခံရင် တစ်ရက်အမြတ်ပေါ့။ တကယ်လို့ ရိပ်မိသွားရင်တောင် ဟွမ်ဟုပ်ညန်ညန် ကာကွယ်ပေးမှာပါ"

နန်းတွင်းအပျိုတော်သည် ခေါင်းညိတ်လိုက်ပြီး အသံမထွက်တော့ဘဲ ကုတင်အတွင်းဘက်သို့ လှည့်ကာ ထိုက်ဇီဖေးနေရာတွင် သရုပ်ဆောင်နေလိုက်လေသည်။

ခဏအကြာတွင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ "ယွင်မားမား တံခါးဖွင့်ပါဦး။ ကျွန်တော်ပါ"

တံခါးအပြင်ဘက်တွင် ရှိနေသူမှာ လီရွှီဖြစ်လေသည်။

ချီယွင်သည် တံခါးသွားဖွင့်လိုက်ရာ လီရွှီနှင့် လီရွှမ်းတို့ ရပ်နေကြသည်ကို တွေ့လိုက်ရသည်။ အသက်အငယ်ဆုံး လီဟန်ကတော့ နို့ထိန်းသည် ချော့မြှူနေသဖြင့် ခဏတာ ရောက်မလာသေးပေ။

ချီယွင်သည် တိတ်ဆိတ်စွာ လမ်းဖယ်ပေးလိုက်ပြီး လီရွှီနှင့် လီရွှမ်းတို့ကို ဝင်ခွင့်ပြုလိုက်လေသည်။

လီရွှီနှင့် လီရွှမ်းတို့သည် အိပ်ဆောင်ထဲသို့ ဝင်ရောက်လာကြသည်။ ကုတင်ပေါ်တွင် လှဲနေသော နန်းတွင်းအပျိုတော်က ထကာ ဂါရဝပြုရန် ပြင်လိုက်သည်။ လီရွှီက အလျင်အမြန်ပင် ပြောလိုက်၏။ "ဆက်ပြီး လှဲနေပါ။ ထပြီး ဂါရဝပြုစရာ မလိုပါဘူး"

လီရွှမ်းကလည်း လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "မေမေ မသွားခင်တုန်းက ကျွန်မတို့ကို မှာထားခဲ့တယ်။ နေ့တိုင်း ဒီကို တစ်ခေါက်လာပြီး ဟန်ဆောင်ပေးရမယ်တဲ့။ ရှင် အရမ်း စိတ်လှုပ်ရှားမနေပါနဲ့"

ထိုအခါမှသာ နန်းတွင်းအပျိုတော်သည် သက်ပြင်းချလိုက်နိုင်ပြီး တုန်တုန်ယင်ယင်ဖြင့် ဆက်လက် လှဲလျောင်းနေလိုက်တော့သည်။

လီရွှီနှင့် လီရွှမ်းတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး တိုးတိုးတိတ်တိတ် ပြောဆိုလိုက်ကြသည်။

"မေမေက လွန်ခဲ့တဲ့ ၂နာရီလောက်ကတည်းက နန်းတော်ထဲကနေ တိတ်တဆိတ် ထွက်ခွာသွားတာ။ အခု ဘယ်ရောက်နေလောက်ပြီလဲ မသိဘူးနော်"

"မေမေ့ရဲ့ မြင်းစီးစွမ်းရည်က အရမ်းကောင်းတာပဲ။ လမ်းတစ်လျှောက်လုံး မြန်မြန်မောင်းသွားရင် မိုးမချုပ်ခင် မြို့ပြင်က လယ်တောကို ရောက်လောက်ပါတယ်"

လီရွှီသည် စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် သက်ပြင်းချလိုက်သည်။ "ငါက အခုမှ ၇နှစ်ပဲ ရှိသေးတာ။ တကယ်လို့သာ အသက်နည်းနည်းလောက် ပိုကြီးရင် ကျန်းနန်ကို သွားပြီး အဖေ့ကို ပြုစုစောင့်ရှောက်ပေးမှာ"

"ငါလည်း သွားချင်တာပေါ့" လီရွှမ်းကလည်း သက်ပြင်းချလိုက်သည်။ "တကယ်တော့ ငါ့ရဲ့ မြင်းစီးစွမ်းရည်က တော်တော်လေး ကောင်းနေပါပြီ။ ဒါပေမဲ့ ငါက အရပ်ပုနေတော့ လူကြီးယောင်ဆောင်လို့ မရဘူးလေ။ ပြီးတော့ နေ့တိုင်း စာသင်ဆောင်ကို သွားနေရတာ။ တစ်ရက်လောက် မျက်နှာမပြတာနဲ့ လူတွေက သံသယဝင်ကြမှာ"

ပြောပြီးသည်နှင့် မောင်နှမနှစ်ယောက်စလုံး ပြိုင်တူ သက်ပြင်းချလိုက်ကြသည်။

ချီယွင်သည် ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲတွင် နာကျင်ခံစားလိုက်ရပြီး ညင်သာစွာ နှစ်သိမ့်လိုက်လေသည်။

"အရှင်မင်းသားလေးနဲ့ မင်းသမီးလေးတို့က ငယ်ပါသေးတယ်။ ခရီးကြမ်းကို ဘယ်ခံနိုင်မှာလဲ။ နောက်ပြီး ကျန်းနန်က ဆားမှောင်ခိုသမားတွေက သောင်းကျန်းလွန်းတယ်။ အချင်းချင်း ပူးပေါင်းပြီး ထိုက်ဇီအရှင်မင်းသားကိုတောင် လုပ်ကြံရဲကြတာ။ ထိုက်ဇီဖေးကိုယ်တိုင် သွားမှသာ အဲ့ဒီလူတွေကို နှိမ်နင်းနိုင်မှာပါ"

လီရွှီသည် တစ်ရက်ပြီးတစ်ရက် ကြီးပြင်းလာသည်နှင့်အမျှ ဆရာသခင်များ၏ သေချာသင်ကြားပြသမှုကြောင့် ရွယ်တူကလေးများထက် ပို၍ ဉာဏ်ကောင်းပြီး လိမ္မာရေးခြား ရှိလှသည်။ ချီယွင်၏ စကားကို ကြားသည်နှင့် ချက်ချင်း ပြန်မေးလိုက်တော့သည်။

"ယွင်မားမားပဲ ပြောတယ်လေ။ အဲ့ဒီ ဆားမှောင်ခိုသမားတွေက သတ္တိကောင်းလွန်းလို့ အဖေ့ကိုတောင် လုပ်ကြံရဲတယ်ဆို။ ဒါဆို မေမေ့ကိုရော သူတို့က ဘာလို့ ကြောက်ရမှာလဲ"

ချီယွင်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

"ထိုက်ဇီဖေးရဲ့ သိုင်းပညာစွမ်းရည်နဲ့ဆိုရင် လုပ်ကြံသူတွေနဲ့ တွေ့ရင်တောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိပါတယ်"

ဒါကလည်း ဟုတ်တာပဲ။

လီရွှမ်းသည် မိခင်ဖြစ်သူအပေါ် အလွန်ယုံကြည်မှု ရှိသူဖြစ်သဖြင့် ချက်ချင်း ဝင်ပြောလိုက်သည်။ "ယွင်မားမား ပြောတာ အဓိပ္ပာယ်ရှိတယ်။ ငါတို့လည်း လျှောက်တွေးမနေတော့ဘူး။ မေမေ့ရဲ့ စကားကို နားထောင်ပြီး နေ့တိုင်း စာကောင်းကောင်း ကြိုးစားကြမယ်။ လီဟန်ကိုလည်း ကောင်းကောင်း စောင့်ရှောက်..."

စကားမဆုံးမီမှာပင် တံခါးအပြင်ဘက်မှ လီဟန်၏ ငိုယိုအော်ဟစ်သံ ထွက်ပေါ်လာသည်။ "မေမေ ရော။ သား မေမေကို လိုချင်တယ်"

လီရွှီနှင့် လီရွှမ်းတို့ ပြိုင်တူ ခေါင်းကိုက်သွားကြသည်။

မေမေ ထွက်သွားတာ ဘယ်တော့ပြန်လာမလဲ မသိနိုင်ပေ။ သူတို့နှစ်ယောက်အတွက်က အဆင်ပြေသော်လည်း လီဟန်ကတော့ တစ်ရက်မှ မေမေနှင့် ခွဲနိုင်သူ မဟုတ်ပေ။ ဒီလို ငိုယိုသောင်းကျန်းနေလျှင် တော်တော်နှင့် ချော့မရနိုင်ချေ။

လီရွှမ်းက "ငါ သွားချော့လိုက်မယ်" ဟု ပြောပြီး တံခါးဖွင့်ကာ ထွက်သွားလေသည်။

ချီယွင်လည်း စိတ်မချသဖြင့် နောက်မှ ကပ်လိုက်သွားသည်။ လီရွှမ်းက လက်သီးဆုပ်ကာ ခြိမ်းခြောက်သည့်ပုံစံဖြင့် မြှောက်ပြလိုက်ပြီး မျက်လုံးများက စူးရှထက်မြက်ကာ ကြောက်စရာကောင်းနေသည်ကို တွေ့လိုက်ရသည်။ "ထပ်ငိုကြည့်။ နင့်ကို ငါ ထိုးမှာနော်"

လီဟန်သည် မကြာခဏ အထိုးခံရဖူးသဖြင့် လီရွှမ်း လက်သီးမြှောက်လိုက်သည်နှင့် အလိုအလျောက် ပါးစပ်ပိတ်သွားလေတော့သည်။

ချီယွင် "..."

...

ချောင်ကောလောင်နှင့် တခြားသူများသည် လေးနက်တည်ကြည်သော မျက်နှာထားများဖြင့် ဝမ်ဟွားနန်းဆောင်မှ ထွက်ခွာလာကြသည်။

ဝန်ကြီးလော်က ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တက်လာပြီး ချောင်ကောလောင်နှင့် ယှဉ်လျက် လှမ်းလျှောက်လာခဲ့သည်။ နန်းတော်ထဲမှ ထွက်ပြီး မြင်းလှည်းပေါ်သို့ ရောက်မှသာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "ထိုက်ဇီ လုပ်ကြံခံရတာ ဒါနဲ့ဆို ၃ကြိမ်မြောက် ရှိပြီ။ အရှင်မင်းကြီးက အရမ်းကို အမျက်ဒေါသထွက်နေတယ်။ ဒီတစ်ခေါက်တော့ တိုက်ရိုက် အမိန့်ထုတ်ပြီး စစ်သူကြီးလုကို ရှင်းယန်စစ်သည် ၅သောင်း ဦးဆောင်ပြီး ကျန်းနန်ကို သွားခိုင်းလိုက်ပြီ။ ၃ရက်နေရင် စတင် ထွက်ခွာတော့မယ်"

ရှင်းယန်ဝမ်လုလင်းသည် စစ်တပ်တွင် တပ်စွဲထားရမည် ဖြစ်ပြီး ယုံးကျားဧကရာဇ်က လုဖေးကို တပ်မှူးအဖြစ် ခန့်အပ်ကာ စစ်သည်ရဲမက် ၅သောင်းကို ဦးဆောင်၍ ကျန်းနန်သို့ သွားရောက်ရန် အမိန့်ချမှတ်လိုက်သည်။ ထိုက်ဇီ၏ လုံခြုံရေးကို ကာကွယ်ရန်သာမက ကျန်းနန်မှ မျိုးရိုးမြင့် မိသားစုများကို ခြိမ်းခြောက်ရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။

ချောင်ကောလောင်သည် မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလေသည်။ "စစ်တပ်မထွက်ခင် ရိက္ခာကို အရင်ပို့ရမယ်။ ဒီ၃ရက်အတွင်း ဘဏ္ဍာရေးဌာနရော စစ်ဘက်ရေးရာဌာနပါ အလုပ်ရှုပ်ကြတော့မှာပဲ"

"ဆားမှောင်ခိုသမားလောက်နဲ့တော့ ထိုက်ဇီကို လုပ်ကြံဖို့ ဒီလောက် စွမ်းရည်မရှိနိုင်ဘူး။ နောက်ကွယ်မှာ ကျန်းနန်က မျိုးရိုးမြင့် မိသားစုဟောင်းတွေ ပါဝင်ပတ်သက်ပြီး မွှေနှောက်နေတာ သေချာတယ်။ လျှောက်တင်လွှာထဲမှာ ထိုက်ဇီရဲ့ ဒဏ်ရာအခြေအနေကို ဝေဝါးနေအောင် ရေးထားတယ်။ ကျွန်တော်ကတော့ အခု ထိုက်ဇီရဲ့ လုံခြုံရေးကိုပဲ စိတ်ပူမိတယ်"

ဝန်ကြီးလော်သည် ထိတ်လန့်သွားပြီး ချောင်ကောလောင်ကို မော့ကြည့်လိုက်မိသည်။ "ချောင်ကောလောင် ပြောချင်တာက ထိုက်ဇီက ကျန်းနန်မှာ အန္တရာယ်ရှိနေတယ်ပေါ့။ ဖြစ်နိုင်တာက နောက်ကွယ်က လူတွေက ထပ်ပြီး လက်ရဲဇက်ရဲ လုပ်ကြဦးမလို့လား"

ချောင်ကောလောင်၏ မျက်နှာထားသည် တင်းမာခက်ထန်နေသည်။ "ဒါက အဆိုးရွားဆုံး အခြေအနေပဲ"

ဝန်ကြီးလော်သည် လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။ "ဒါက ပုန်ကန်ချင်နေတာများလား"

ချောင်ကောလောင်က ခါးသက်သက် ပြုံးလိုက်ပြီး အသံကို နှိမ့်ကာ ပြောလေသည်။ "အရှင်မင်းကြီးက အဲဒီတုန်းက ထိုက်ဇီကို ကျန်းနန်လွှတ်လိုက်တာက အပေါ်ယံမှာတော့ ဆားမှောင်ခိုကိစ္စကို စစ်ဆေးဖို့ဆိုပေမယ့် တကယ်တမ်းကျတော့ ကျန်းနန်က မိသားစုဟောင်းတွေရဲ့ အင်အားကို ဖယ်ရှားပစ်ဖို့ ရည်ရွယ်ချက် ရှိနေတာ။ ထိုက်ဇီက ကျန်းနန်ရောက်ပြီးတာနဲ့ ဆားမှောင်ခိုဂိုဏ်း ၃ခုကို ဆက်တိုက် ဖျက်ဆီးပစ်လိုက်တယ်။ ဆားမှောင်ခိုသမားတွေနဲ့ ပူးပေါင်းနေတဲ့ အရာရှိတစ်ချို့ကိုပါ အမြစ်ပြတ် ဆွဲထုတ်နိုင်ခဲ့တယ်လေ"

"အဲဒီလူတွေရဲ့ နောက်ကွယ်မှာ ကျန်းနန်က မျိုးရိုးမြင့် မိသားစုဟောင်းတွေရဲ့ အရှိန်အဝါတွေ ရှိနေတယ်။ သူတို့က တိတ်တဆိတ် ကိုယ်ပိုင်စစ်တပ်တွေ မွေးထားပြီး အင်အားအတောင့်တင်း ရှိကြတယ်။ သာ့ဝေအုပ်ချုပ်ရေးကို လုံးဝ မျက်လုံးထဲ ထည့်ထားတာ မဟုတ်ဘူး"

"ထိုက်ဇီ လုပ်ကြံခံရပြီး ဒဏ်ရာရသွားတယ်ဆိုတော့ ဒဏ်ရာက သေချာပေါက် မသက်သာလောက်ဘူး။ ညီလာခံက စစ်တပ်လွှတ်လိုက်တဲ့သတင်း ကျန်းနန်ကို ရောက်သွားတာနဲ့။ အဲဒီလူတွေက ကိစ္စပြတ်သွားအောင် အင်အားတွေ စုစည်းပြီး ထိုက်ဇီကို ထပ်မလုပ်ကြံဘူးလို့ ဘယ်သူပြောနိုင်မှာလဲ"

ဝန်ကြီးလော်၏ မျက်နှာသည်လည်း မကောင်းတော့ပေ။

သာ့ဝေတိုင်းပြည် တည်ထောင်ခဲ့သည်မှာ ၁၀နှစ်ကျော်သာ ရှိသေးသည်။ အရင်နှစ်များက စစ်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး အေးချမ်းသည့် နေ့ရက်များ ရောက်ရှိလာသည်မှာ သိပ်မကြာသေးပေ။ ပြည်သူများ စိတ်နှလုံး အေးချမ်းပြီး တိုင်းပြည် တည်ငြိမ်သည်ဟု ပြောရန်မှာ စောလွန်းနေသေးသည်။

ကျန်းနန်သည် ကောင်းကင်အောက်တွင် အကြွယ်ဝဆုံး ဒေသဖြစ်ပြီး မျိုးရိုးမြင့် မိသားစုများ ထူထပ်ကာ အရှိန်အဝါ အာဏာများမှာလည်း ရှုပ်ထွေးပွေလီလှသည်။ အကယ်၍သာ ပုန်ကန်မှုများ ဖြစ်ပွားခဲ့လျှင် ခက်ခက်ခဲခဲ ရယူထားရသည့် ငြိမ်းချမ်းရေးသည် ပျက်စီးသွားရပေလိမ့်မည်။

ဝန်ကြီးတစ်ယောက် အနေဖြင့် သူတို့အားလုံးသည် တိုင်းပြည် အေးချမ်းသာယာမှုကိုသာ မျှော်လင့်ကြပြီး စစ်မက်ထပ်ဖြစ်မည်ကို မလိုလားကြပေ။

"ဘာပဲဖြစ်ဖြစ်လေ။ ထိုက်ဇီရဲ့ လုံခြုံရေးက အရေးကြီးဆုံးပဲ" ခဏအကြာတွင် ချောင်ကောလောင်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

ဝန်ကြီးလော်က တိတ်ဆိတ်စွာ နေလိုက်ပြီးမှ သက်ပြင်းချကာ ပြောလေသည်။ "လုဖေးက ထိုက်ဇီရဲ့ ယောက္ခမဘက်က အစ်ကို ဖြစ်သလို စစ်တိုက်ရာမှာလည်း ကျွမ်းကျင်သူဆိုတော့ ကျန်းနန်ကို ရောက်သွားရင် သေချာပေါက် ထိုက်ဇီကို အစွမ်းကုန် ကာကွယ်ပေးမှာပါ။ ဒါပေမဲ့ စစ်တပ်က ကျန်းနန်ကို ရောက်ဖို့ဆိုတာ အနည်းဆုံး ၁၀ရက်ကျော်လောက် ကြာမှာ။ ဒီရက်ပိုင်းအတွင်းမှာ မငြိမ်မသက် ဖြစ်မှာကိုပဲ စိုးရိမ်ရတယ်"

ချောင်ကောလောင်သည် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ရုတ်တရက် ပြောလိုက်လေသည်။ "ဖြစ်နိုင်တာက ထိုက်ဇီဖေးက ဒီအချက်ကို တွေးမိပြီးလောက်ပြီ"

ဝန်ကြီးလော်သည် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ချောင်ကောလောင်ကို မော့ကြည့်လိုက်သည်။

ချောင်ကောလောင်က စကားမပြောဘဲ ဝန်ကြီးလော်ကို လေးနက်စွာ ကြည့်လိုက်လေသည်။

ဝန်ကြီးလော်သည် တစ်ကိုယ်လုံး တုန်တက်သွားပြီး ခေါင်းထဲတွင် အတွေးတစ်ခု လက်ခနဲ ဖြတ်ပြေးသွားကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။ "ကောလောင် ပြောချင်တာက ထိုက်ဇီဖေးက မြို့တော်ကနေ တိတ်တဆိတ်ထွက်ပြီး ကျန်းနန်ကို သွားပြီလို့ ထင်နေတာလား"

သာ့ဝေတိုင်းပြည်၏ ဓလေ့ထုံးစံသည် ယခင်ခေတ်များထက် ပို၍ ပွင့်လင်းလွတ်လပ်ပြီး အမျိုးသမီးများ မြင်းစီးထွက်ခြင်းသည် ပုံမှန်ကိစ္စပင်။ လုမင်ယွိသည် လွန်ခဲ့သော ၄နှစ်က စစ်တပ်စခန်းကို ညအချိန် ဝင်ရောက်စီးနင်းပြီး ယန်ထော်ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည့် အကြောင်းအရာသည် ယခုအချိန်ထိ ပြည်သူများကြားတွင် ရေပန်းစားနေဆဲပင်။

သို့သော်လည်း သာ့ဝေတိုင်းပြည်၏ ထိုက်ဇီဖေး တစ်ပါးအနေဖြင့် မြို့တော်မှ တိတ်တဆိတ် ခိုးထွက်ပြီး ကျန်းနန်သို့ သွားရောက်သည် ဆိုသော ကိစ္စသည် အလွန်အမင်း ဆန်းကြယ်ပြီး တုန်လှုပ်ဖွယ်ရာ ကောင်းနေသေးသည်။

ချောင်ကောလောင်သည် စကားပြန်မပြောတော့ပေ။

မြင်းလှည်းထဲတွင် တိတ်ဆိတ်သွားတော့သည်။

ထိုအချိန် နန်းတော်ထဲတွင်တော့ နေရာအနှံ့၌ နန်းတွင်းမီးအိမ်များ ထွန်းညှိထားလိုက်ပြီ ဖြစ်သည်။

လအနည်းငယ်ကြာအောင် ကျောင်းဖန်နန်းဆောင်သို့ ခြေဦးမလှည့်ခဲ့သော ယုံးကျားဧကရာဇ်သည် တည်ငြိမ်လေးနက်သော မျက်နှာထားဖြင့် ဝင်ရောက်လာခဲ့လေသည်။

...

အပိုင်း (၅၆၇) ဖုံးကွယ်ခြင်း (၂)

နန်းတွင်းအစေခံများသည် တညီတညွတ်တည်း ဒူးထောက်လိုက်ကြလေသည်။ "ကျွန်တော်မျိုးမတို့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

ယုံးကျားဧကရာဇ်၏ မျက်နှာတော်သည် ညိုမှိုင်းနေပြီး တစ်ချက်ကလေးမျှပင် လှမ်းကြည့်လိုစိတ်မရှိဘဲ ချောင်မိဖုရားခေါင်၏ အိပ်ဆောင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလေသည်။

နှစ်ပေါင်းများစွာ ပေါင်းသင်းခဲ့သည့် ဇနီးမောင်နှံပီသစွာပင် မေးမြန်းနေစရာမလိုဘဲ ချောင်မိဖုရားခေါင်တစ်ယောက် ထိုက်ဇီ ဒဏ်ရာရသည့်သတင်းကို ကြားသိပြီးနောက် မည်သို့သောပုံစံ ဖြစ်နေမည်ကို ယုံးကျားဧကရာဇ် ခန့်မှန်းမိလေသည်။ အမှန်တကယ်ပင် အိပ်ဆောင်ထဲသို့ ဝင်လိုက်သည်နှင့် ပြင်းထန်လှသော ဆေးနံ့တစ်ခုကို ရလိုက်လေတော့သည်။

ချိုင်လန်သည် ဆေးပန်းကန်လုံးကို ကိုင်ဆောင်လျက် ချောင်မိဖုရားခေါင်ကို ဆေးတိုက်ကျွေးနေခြင်း ဖြစ်၏။

ခြေသံကို ကြားလိုက်ရသည်နှင့် ချိုင်လန်သည် ဆေးပန်းကန်လုံးကို အလျင်အမြန် ချထားလိုက်ပြီး ထရပ်ကာ အရိုအသေ ပြုလိုက်လေသည်။ "ကျွန်တော်မျိုးမ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

ယုံးကျားဧကရာဇ်သည် ပေါ့ပေါ့ပါးပါးပင် အင်း ဟု တစ်ချက်အသံပြုလိုက်ပြီး ဇာမဏီသလွန်တော်ထက်ရှိ ချောင်မိဖုရားခေါင်ကို လှမ်းကြည့်လိုက်သည်။

ချောင်မိဖုရားခေါင်၏ ဖြူဖျော့နေသော မျက်နှာထားသည် ဟန်ဆောင်ထားခြင်း မဟုတ်ပေ။ ယခုအချိန်တွင် ထရပ်ကာ အရိုအသေပြုရန်ပင် အားအင်မရှိတော့ဘဲ နွမ်းနယ်စွာဖြင့် ပြောလိုက်လေသည်။ "ချန်ချဲ့က သလွန်ပေါ်ကဆင်းပြီး မကြိုဆိုနိုင်တော့လို့ အရှင်မင်းကြီး ခွင့်လွှတ်ပေးပါ"

ယုံးကျားဧကရာဇ်သည်လည်း ယနေ့တွင် စိတ်အခြေအနေ မကောင်းလှသဖြင့် မျက်မှောင်ကြုတ်လျက် ပြောလိုက်လေသည်။ "ထိုက်ဇီ ဒဏ်ရာရတဲ့ကိစ္စကို ဟွမ်ဟုပ်လည်း သိပြီးလောက်ပါပြီ။ ကျန်းက လုဖေးကို အထူးတပ်သား ငါးသောင်း ဦးဆောင်ပြီး ကျန်းနန်ကိုသွားဖို့ အမိန့်ပေးလိုက်ပါပြီ။ ထိုက်ဇီကို ကာကွယ်စောင့်ရှောက်ပြီး မြို့တော်ကို ပြန်ခေါ်လာလိမ့်မယ်။ ဟွမ်ဟုပ်လည်း စိတ်လျှော့ပြီး ကောင်းကောင်း အနားယူလိုက်ပါ။ အရမ်းကြီး စိတ်ပူမနေပါနဲ့"

လေသံသည် နူးညံ့သိမ်မွေ့ခြင်း မရှိလှပေ။ ယင်းသည် "မင်းနဲ့ငါက ဇနီးမောင်နှံ သံယောဇဉ် ကုန်ခမ်းနေပြီ ဖြစ်ပေမဲ့ ငါက သားတော်ရဲ့ အဖေအရင်း ဖြစ်နေတဲ့အတွက် လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး" ဆိုသည့် သဘောထားမျိုးပင်။

ဖယောင်းတိုင်မီးရောင် ထိန်ထိန်လင်းနေမှုက ယုံးကျားဧကရာဇ်၏ မျက်ဝန်းထဲမှ မဆိုစလောက်သော ကြင်နာမှု အရိပ်အယောင်ကို ထင်ဟပ်ပေါ်လွင်စေသည်။

ချောင်မိဖုရားခေါင်၏ မျက်ဝန်းအိမ်များ နီရဲလာပြီး ခေါင်းကို အတွင်းဘက်သို့ လှည့်လိုက်ရာ မျက်ရည်များ တိတ်တဆိတ် စီးကျလာလေတော့သည်။

ဒီအခိုက်အတန့်တွင် သူမသည် ဒဏ်ရာရနေသော သားတော်အတွက် ငိုကြွေးနေခြင်းလား။ သို့တည်းမဟုတ် ယခုကဲ့သို့ ဂရုစိုက်ခံရမှုအတွက် မျက်ရည်ကျမိခြင်းလား ဆိုသည်ကိုတော့ မသိနိုင်တော့ချေ။

ယုံးကျားဧကရာဇ်၏ ကျန်ရှိနေသေးသော မေတ္တာတရား အနည်းငယ်သည် ချောင်မိဖုရားခေါင်၏ တိတ်တဆိတ် ဝမ်းနည်းပက်လက် ငိုကြွေးမှုကြောင့် နိုးကြားလာခဲ့ပြီး သက်ပြင်းတစ်ချက် ရှည်လျားစွာ ချလိုက်ကာ ဇာမဏီသလွန်တော်နားတွင် ဝင်ထိုင်လိုက်လေသည်။ သူသည် လက်ကိုဆန့်ကာ ချောင်မိဖုရားခေါင်၏ ပခုံးကို ဖွဖွလေး ကိုင်လိုက်မိ၏။

ချိုင်လန်သည် နန်းတွင်းအစေခံများကို ဦးဆောင်လျက် စောစီးစွာကပင် ခေါင်းငုံ့ကာ နောက်ဆုတ် ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။

အိပ်ဆောင်ထဲတွင် ဧကရာဇ်နှင့် မိဖုရားခေါင် နှစ်ဦးတည်းသာ ကျန်ရစ်လေတော့သည်။

"မင်း ဝမ်းနည်းပူဆွေးနေမယ်ဆိုတာ ကျန်း သိပါတယ်”

ယုံးကျားဧကရာဇ်၏ အသံထဲတွင် နောင်တရသည့် အရိပ်အယောင် အနည်းငယ် ပါဝင်နေလေသည်။ "သတင်းဆိုးကို ကြားလိုက်ရတုန်းက ကျန်းလည်း အတူတူပဲ တုန်လှုပ်ပြီး ဒေါသထွက်ခဲ့ရတာ"

"အခုတော့ ကျန်း မင်းကို ဖုံးကွယ်မထားတော့ပါဘူး။ ကျန်းနန်က မျိုးရိုးဟောင်းတွေရဲ့ အင်အားက အလင်းထဲကနေ အမှောင်ထဲကို ကူးပြောင်းသွားပြီး အင်အားအတောင့်တင်းဆုံး ဖြစ်နေတော့ ကျန်း စိတ်မချနိုင်ဖြစ်နေခဲ့ရတယ်။ ထိုက်ဇီကို လွှတ်လိုက်တာက ကိုယ်ပိုင်ဆားချက်တဲ့ကိစ္စကို စစ်ဆေးဖို့က တစ်ပိုင်း၊ ပိုပြီးအရေးကြီးတာက ကိုယ်ပိုင်ဆားချက်တဲ့ကိစ္စကို အကြောင်းပြပြီး ကျန်းနန်က မျိုးရိုးဟောင်းတွေရဲ့ အင်အားကို ရှင်းထုတ်ပစ်ဖို့နဲ့ ကျန်းနန်က အရာရှိလောကကို သန့်စင်ပစ်ဖို့ပဲ"

"ဒီခရီးစဉ်က အန္တရာယ်များမှန်း ကျန်း သိပါတယ်။ ဒါကြောင့် ထိုက်ဇီအတွက် တော်ဝင်ကိုယ်ရံတော် နှစ်ထောင်ကို အထူးတလည် ထည့်ပေးလိုက်သလို ထိုက်ဇီဖေးရဲ့ ကိုယ်ပိုင်တပ်သား နှစ်ထောင်နဲ့ ထိုက်ဇီရဲ့ ကိုယ်ပိုင်တပ်သား တစ်ထောင်၊ စုစုပေါင်း အထူးတပ်သား ငါးထောင်ကို ပေးလိုက်တာပါ။ သူ့ကိုယ်သူ ကာကွယ်ဖို့ လုံလောက်ပြီလို့ ကျန်း ထင်ခဲ့မိတယ်။ ဒီကောင်တွေက မိုးကောင်းကင်ကို ဖုံးဖိရဲတဲ့အထိ သတ္တိတွေကောင်းနေပြီး ထိုက်ဇီကို ဆက်တိုက် လုပ်ကြံရဲကြလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး..."

ချောင်မိဖုရားခေါင်သည် ဘယ်ကနေ ရောက်လာမှန်းမသိသော အားအင်များဖြင့် ကုတင်ပေါ်မှ ရုတ်တရက် ထထိုင်လိုက်ပြီး ဒေါသကြောင့် မျက်နှာတစ်ခုလုံး ဖြူဖျော့လျက် အော်ပြောလိုက်လေသည်။ "ရှင် အန္တရာယ်များမှန်း သိရက်နဲ့ အားကျင့်ကို လွှတ်လိုက်တယ်ပေါ့! ညီလာခံမှာ အရပ်ဘက်အရာရှိတွေ စစ်ဘက်အရာရှိတွေ အများကြီးရှိတာ ဘယ်သူ့ကို လွှတ်လွှတ် ရနေတာပဲကို!"

ယုံးကျားဧကရာဇ်သည် ရှားရှားပါးပါးပင် ချောင်မိဖုရားခေါင်ကို အပြစ်မယူဘဲ စိတ်ရှည်လက်ရှည် ရှင်းပြလိုက်လေသည်။ "နန်းတွင်းအာဏာနဲ့ ပတ်သက်နေတဲ့ကိစ္စကို အမတ်တွေကို ဘယ်လိုလုပ် လွှဲပေးလို့ရမှာလဲ။ တကယ်လို့ စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်တော်က လာဘ်စားသွားတာမျိုး ဒါမှမဟုတ် နောက်ကွယ်မှာ ပူးပေါင်းသွားတာမျိုးဆိုရင် ပိုပြီးကြီးမားတဲ့ ဘေးဒုက္ခတွေ ဖြစ်လာလိမ့်မယ်"

ခဏမျှ ရပ်တန့်သွားပြီးနောက် သူက လေးနက်သော အဓိပ္ပာယ်ပါသည့် စကားတစ်ခွန်းကို ထပ်ဖြည့်ပြောလိုက်သည်။ "ကျန်းက ထိုက်ဇီကိုပဲ စေလွှတ်လို့ရမှာ"

သူသည် ထိုက်ဇီကို သိပ်ပြီးနှစ်သက်လှသည်တော့ မဟုတ်ပေ။

သို့သော် ထိုက်ဇီ့မှာ ချောင်ကောလောင်နှင့် ရှင်းယန်ဝမ်တို့၏ အကူအညီရှိပြီး အမတ်များ၏ ထောက်ခံမှုကို ရရှိထားကြောင်း သူ ကောင်းစွာ သိရှိလေသည်။ ထို့အပြင် ထိုက်ဇီသည် ထက်မြက်လိမ္မာသည်ဟု နာမည်ကျော်ကြားပြီး တိုင်းသူပြည်သားများအကြားတွင် ဂုဏ်သတင်း အလွန်ကောင်းမွန်သူ ဖြစ်သည်။ သာ့ဝေတိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် လီမိသားစု၏ ထီးနန်းဆက်ခံမှုအတွက် အိမ်ရှေ့စံသည် လီကျင့်သာ ဖြစ်ရပေမည်။

ကျန်းနန်က အရာရှိလောကကို ရှင်းလင်းရာတွင် ကြီးမားသော အန္တရာယ်များ ရှိနေသည်မှာ အမှန်ပင်။ သို့သော် အောင်မြင်ခဲ့ပါကလည်း ကောင်းကင်မျှကြီးမားသော အကျိုးဆောင်မှုကြီး တစ်ခု ဖြစ်လာပေလိမ့်မည်။

အကယ်၍ သူသာ ဒီတာဝန်ကို တတိယမင်းသား သို့မဟုတ် စတုတ္ထမင်းသားကို ပေးအပ်လိုက်ပါက ထိုက်ဇီကို ဘယ်နေရာမှာ သွားထားရပါမည်နည်း။

ချောင်မိဖုရားခေါင်သည် ယုံးကျားဧကရာဇ်၏ စကားထဲက အဓိပ္ပာယ်ကို နားလည်လိုက်သဖြင့် မူလက ဒေါသများ ဖြည်းဖြည်းချင်း ငြိမ်းအေးသွားသော်လည်း မျက်ဝန်းအိမ်များကတော့ နီရဲနေဆဲပင်။ "အရှင်မင်းကြီး ပြောသလိုဆိုရင် ဒီလူတွေက ထိုက်ဇီကို လုပ်ကြံရဲကြတယ်။ အခု ထိုက်ဇီက ဒဏ်ရာရနေတော့ တကယ်လို့များ သူတို့တွေ ပုန်ကန်ချင်စိတ် ပေါက်လာပြီး ဘူးလေးရာဖရုံဆင့် ဆိုသလို စစ်သည်အင်အား အကုန်သုံးပြီး ထိုက်ဇီကို ဝိုင်းသတ်ကြရင် ဘယ်လိုလုပ်မလဲ"

ချောင်မိဖုရားခေါင်သည် ပြောရင်းဆိုရင်းနှင့် ပိုပြီး ထိတ်လန့်လာကာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာပြီး ခေါင်းထဲတွင် လုမင်ယွိ၏ မျက်နှာလေး ရုတ်တရက် ဖြတ်ခနဲ ပေါ်လာလေသည်။

လုမင်ယွိက ဒီအန္တရာယ်ကို သိနေလို့ပဲ ဘာကိုမှ ဂရုမစိုက်တော့ဘဲ ကလေးသုံးယောက်ကို ပစ်ထားခဲ့ပြီး မြို့တော်ကနေ မြင်းဒုန်းစိုင်းစီးကာ ထွက်သွားခြင်း ဖြစ်ပေလိမ့်မည်။

စစ်တပ်ကြီး ချီတက်လာသည့်သတင်း ကျန်းနန်ကို ရောက်သွားသည်နှင့် တစ်ဖက်လူက စွန့်စားပြီး မိုက်မဲသည့်အလုပ်ကို လုပ်လာမှာ စိုးရိမ်ရသည်။ လုမင်ယွိက သတင်း ကျန်းနန်ကို မရောက်ခင် လီကျင့်၏ ဘေးနားကို အရောက်သွားမည့် သဘောပင်။

ယုံးကျားဧကရာဇ်သည် ချောင်မိဖုရားခေါင်၏ မျက်နှာ ဖြူဖျော့ပြီး မရပ်မနား တုန်ယင်နေသည်ကို မြင်သောအခါ ထိုက်ဇီ၏ လုံခြုံရေးကို စိုးရိမ်နေသည်ဟုသာ ထင်မှတ်လိုက်ပြီး သံသယ မဝင်မိချေ။ ထို့ကြောင့် နှုတ်မှ နှစ်သိမ့်စကား ပြောလိုက်လေသည်။ "မင်း လျှောက်တွေးပြီး ကိုယ့်ကိုယ်ကိုယ် ခြောက်လှန့်မနေပါနဲ့။ ဒါက အဆိုးရွားဆုံး ရလဒ်ကို ပြောတာပါ။ သာ့ဝေတိုင်းပြည်မှာ စစ်သည်တွေက ထူးချွန်ပြီး စစ်သူကြီးတွေလည်း ပေါများတယ်။ ယန်ပြည်ထောင်နဲ့ ချူပြည်ထောင်တောင်မှ တိုက်ခိုက်သိမ်းပိုက်ခံလိုက်ရတာ။ ကျန်းနန်က မျိုးရိုးဟောင်းတွေ ပုန်ကန်ချင်တယ်ဆိုရင်တောင် သူတို့ရဲ့ အရည်အချင်းကို သူတို့ ပြန်ချိန်ဆရဦးမှာ"

"လုဖေးက လူငယ်မျိုးဆက်သစ်တွေထဲမှာ အထူးချွန်ဆုံး စစ်သူကြီးတစ်ယောက် ဖြစ်သလို ထိုက်ဇီရဲ့ ယောက်ဖလည်း တော်စပ်တယ်။ ကျန်းက သူ့ကို ရှင်းယန်စစ်တပ် အင်အား ငါးသောင်းပေးပြီး ကျန်းနန်ကို လွှတ်လိုက်ပြီဆိုတော့ မင်း စိတ်ချလိုက်ပါတော့"

အကယ်၍ ဖူယန်မြို့စား သို့မဟုတ် ကွမ်းပင်းနယ်စားကိုသာ စစ်သည်များ ဦးဆောင်ပြီး ကျန်းနန်သို့ သွားခိုင်းမည်ဆိုလျှင် ချောင်မိဖုရားခေါင်တစ်ယောက် အိပ်မပျော် စားမဝင် ဖြစ်နေပေဦးမည်။

ပထမတစ်ယောက်က စစ်တိုက်သည့် စွမ်းရည် သာမန်သာရှိပြီး နောက်တစ်ယောက်ကတော့ အိမ်ရှေ့စံနန်းဆောင်နှင့် မသင့်မြတ်ပေ။

ရှင်းယန်စစ်တပ်ကသာ အစိတ်ချရဆုံးနှင့် အားကိုးရဆုံး ဖြစ်ပေသည်။

ချောင်မိဖုရားခေါင်သည် အင်္ကျီလက်ဖြင့် မျက်ရည်များကို သုတ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "အရှင်မင်းကြီးက ထိုက်ဇီအတွက် ဒီလို စဉ်းစားပေးတဲ့အတွက် ချန်ချဲ့က အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်"

ယုံးကျားဧကရာဇ်က ပြောလိုက်လေသည်။ "ကျန်းကို ကျေးဇူးတင်စရာ မလိုပါဘူး။ ထိုက်ဇီက မင်းရဲ့သား ဖြစ်သလို ကျန်းရဲ့ တစ်ဦးတည်းသော မိဖုရားခေါင်က မွေးတဲ့ သားတော်လည်း ဖြစ်တယ်။ သာ့ဝေတိုင်းပြည်ရဲ့ အိမ်ရှေ့စံလေ။ ကျန်းက ဘယ်သူ့ထက်မဆို သူ့ရဲ့ လုံခြုံရေးကို ဂရုစိုက်ပါတယ်"

ချောင်မိဖုရားခေါင်သည် စိတ်လှုပ်ရှားသွားပြီး လုမင်ယွိ နန်းတော်ထဲကနေ တိတ်တဆိတ် ထွက်ခွာသွားသည့်ကိစ္စကို ပြောမိလုနီးပါး ဖြစ်သွားသည်။ မော့ကြည့်လိုက်သည့်အခါ ယုံးကျားဧကရာဇ်၏ ခန့်မှန်းရခက်သော နက်ရှိုင်းသည့် မျက်ဝန်းများကို တွေ့လိုက်ရသဖြင့် ပါးစပ်ဖျား ရောက်နေသော စကားများကို ပြန်မျိုချလိုက်ရလေသည်။

ယုံးကျားဧကရာဇ်သည် မတ်တပ်ထရပ်လိုက်လေသည်။ "ကျန်း ရှို့နင်နန်းဆောင်ကို သွားပြီး မူဟုပ်ကို သွားကြည့်လိုက်ဦးမယ်။ မင်း ကောင်းကောင်း အနားယူလိုက်ပါ"

ချောင်မိဖုရားခေါင်က အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏။

ယုံးကျားဧကရာဇ် ထွက်ခွာသွားပြီးနောက်မှ ချောင်မိဖုရားခေါင်သည် လေပူတစ်ချက်ကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်လေတော့သည်။

ယုံးကျားဧကရာဇ်၏ စိတ်သဘောထားအရဆိုလျှင် ဒီနေ့တစ်ခေါက် လာပြီးပြီမို့ နောက်ထပ် ရက်အနည်းငယ်လောက် လာတော့မည် မဟုတ်ပေ။ လုမင်ယွိ "နေမကောင်းလို့ အပြင်မထွက်တာ" ဆိုသော အကြောင်းပြချက်နှင့် အနည်းဆုံး လေးငါးရက်လောက်တော့ ဖုံးကွယ်ထားလို့ ရနိုင်သေးသည်။

လူတိုင်းက လုမင်ယွိ နန်းတော်ထဲမှာ မရှိတော့သည်ကို ရိပ်မိသွားကြချိန်တွင် သူမ ကျန်းနန်ကိုတောင် ရောက်ခါနီးလောက်ပြီ ဖြစ်ပေလိမ့်မည်။

……

အရာအားလုံးသည် ချောင်မိဖုရားခေါင် တွေးထားသည့်အတိုင်း ဖြစ်ပျက်လာခဲ့သည်။

ထိုက်ဇီ ဒဏ်ရာရသည့် သတင်း ပျံ့နှံ့သွားသည်နှင့် တိုင်းပြည်တစ်ခုလုံး တုန်လှုပ်ချောက်ချား သွားကြလေသည်။

ချောင်မိဖုရားခေါင် နေမကောင်းဖြစ်ကာ လဲလျောင်းနေရပြီး ထိုက်ဇီဖေး လုမင်ယွိသည်လည်း တစ်ချိန်တည်းမှာပင် နေမကောင်းကြောင်း ခွင့်တိုင်ကြားထားလေသည်။ မြေးတော်လေး လီရွှီက နေ့တိုင်း စာသင်ဆောင်သို့သွား၍ စာလေ့လာသော်လည်း မြေးမတော်လေး လီရွှမ်းကတော့ မိခင်နှင့် မောင်လေးကို ပြုစုစောင့်ရှောက်ရန်အတွက်ဟုဆိုကာ ခွင့်ယူထားလေသည်။ မောင်နှမနှစ်ယောက်စလုံး၏ အပြုအမူကို လူတိုင်းက တညီတညွတ်တည်း ချီးကျူးကြလေတော့သည်။

လုမင်ယွိသည် ရက်ဆက်ဆိုသလို မျက်နှာမပြလာသည့်အခါ အနောက်နန်းဆောင်ထဲတွင် သံသယဝင်သူများ တဖြည်းဖြည်း ရှိလာကြလေသည်။

အားလပ်နေသော မုန့်ဖေးနှင့် အပျော်အပါး အတင်းအဖျင်း ပြောရသည်ကို အနှစ်သက်ဆုံးဖြစ်သည့် ချင်ဖေးတို့သည် နေ့တိုင်း အိမ်ရှေ့စံနန်းဆောင်သို့ သွားရောက်ကြသော်လည်း တံခါးပိတ်ငြင်းဆိုခြင်းကိုသာ ခံခဲ့ကြရသည်။ ထို့ကြောင့် နှစ်ယောက်သား ပူးပေါင်းမိကြပြီး တိုးတိုးတိတ်တိတ် တိုင်ပင်ကြလေတော့သည်။

"ထိုက်ဇီဖေးက ပုံမှန်ဆိုရင် ကျန်းမာရေး သိပ်ကောင်းတာ။ သာမန်အချိန်ဆို ချောင်းဆိုးတာတောင် မတွေ့ရဘူး။ ဒီတစ်ခါတော့ လေးရက်တောင်ရှိပြီ မျက်နှာမပြဘူး" မုန့်ဖေးက တစ်စုံတစ်ခုကို ရည်ရွယ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ချင်ဖေးက မျက်လုံးကို ကလယ်ကလယ် လုပ်လိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်လေသည်။ "ကြားတာတော့ မနေ့က လုမိသားစုက အမျိုးသမီးတွေ နန်းတော်ထဲဝင်ပြီး ဂါရဝပြုဖို့လာကြတာတောင် ပြန်လွှတ်လိုက်တယ်တဲ့"

ဒါက အတော်လေးကို မူမမှန်သည့် ကိစ္စပင်။

လုမင်ယွိနှင့် မိဘအိမ်တော်က အမျိုးသမီး ဆွေမျိုးများသည် အမြဲတမ်း ရင်းနှီးကြပြီး နန်းတော်ထဲ ဝင်ရောက်တွေ့ဆုံခွင့် မပေးဘဲ တားဆီးသည်ဟူ၍ တစ်ခါမှ မရှိဖူးချေ။

တစ်ခုခု ထူးခြားနေလျှင်သာ...

"ငါ မှတ်မိသေးတယ်။ လုရှီ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက 'နေမကောင်းဘူး' ဆိုပြီး ခွင့်ယူတုန်းက စစ်တပ်ထဲကို ညဘက် ဝင်တိုက်ပြီး ယန်ထော်ကို လုပ်ကြံခဲ့တဲ့ အချိန်လေ" မုန့်ဖေးက စဉ်းစားခန်း ဝင်သွားလေသည်။

သူတို့နှစ်ဦး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ရင်ထဲတွင် တုန်လှုပ်စရာကောင်းသော အတွေးတစ်ခု တပြိုင်တည်း ဖြတ်ပြေးသွားလေတော့သည်။

...

All Chapters