← Chapters

အခန်း (၅၆၈-၅၇၀)

Vol. 38 Ch. 568-570

အခန်း (၅၆၈-၅၇၀)

Vol. 38 Ch. 568-570

အပိုင်း (၅၆၈) ပြင်းထန်သော ဒေါသ (၁)

မုန့်ဖေးနှင့် ချင်ဖေးတို့ကပင် သံသယဝင်နေကြပြီဖြစ်ရာ ယုံးကျားဧကရာဇ်က သံသယမဝင်ဘဲ အဘယ်မှာ ရှိပါမည်နည်း။

လျိုကုန်းကုန်းက တိတ်တဆိတ် လာရောက်လျှောက်တင်ပြီး မြို့တော်အပြင်ဘက်က ထိုက်ဇီဖေးရဲ့ ကိုယ်ပိုင်တပ်သားတွေ တိတ်တဆိတ် ထွက်ခွာသွားကြပြီဟု လျှောက်တင်လာချိန်တွင်တော့ ယုံးကျားဧကရာဇ်ရဲ့ မျက်နှာက မည်းမှောင်သွားလေသည်။

ဒါက ဘာထပ်ပြီး တွေးစရာ လိုသေးလို့လဲ။

သတ္တိကောင်းပြီး မိုက်ရူးရဲဆန်တဲ့ ချွေးမက ကိုယ်ပိုင်သဘောနဲ့ တပ်ကိုဦးဆောင်ပြီး ကျန်းနန်ကို သွားတာ သေချာနေပြီ။

နန်းတွင်းမှာလည်း နန်းတွင်းစည်းမျဉ်းတွေ ရှိစမြဲပင်။ တပ်သား ၂၀၀ အထက်ကို အသုံးပြုပြီး ခရီးထွက်မယ်ဆိုရင် စစ်ဘက်ရေးရာဌာနကို အသိပေးရသည်။ မင်းသားများက ကိုယ်ပိုင်တပ်သားများကို ဦးဆောင်ပြီး မြို့တော်ကထွက်ရမည်ဆိုလျှင်ပင် ယုံးကျားဧကရာဇ်၏ ခွင့်ပြုချက်ကို ရယူရသည်။

ကိုယ်ပိုင်သဘောနှင့်ကိုယ် စစ်သည်များကို လှုပ်ရှားခြင်းက တော်ဝင်မိသားစု၏ တားမြစ်ချက်ဖြစ်ပြီး ဘယ်ဧကရာဇ်ကမှ သည်းခံနိုင်မှာ မဟုတ်ပေ။

သာ့ဝေတိုင်းပြည်မှာ အထူးတပ်သား လေးဖွဲ့ရှိသည်။ ရှင်းယန်စစ်တပ်၊ ဖူယန်စစ်တပ်၊ မုန့်မိသားစုစစ်တပ်နှင့် ဧကရာဇ်ရဲ့ ကိုယ်ပိုင်တပ်သားဖြစ်တဲ့ တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့တို့ ဖြစ်ကြသည်။ သူတို့တွင် သက်ဆိုင်ရာ စစ်သူကြီးများ ရှိကြသော်လည်း အားလုံးက နန်းတွင်း၏ ကွပ်ကဲမှုအောက်မှာ ရှိကြသည်။

လုမင်ယွိ၏ ထိုက်ဇီဖေး ကိုယ်ပိုင်တပ်သားတွေကတော့ ခြွင်းချက်ဖြစ်နေသည်။ နန်းတော်က အချိန်မှန် ရိက္ခာထောက်ပံ့သည်ကလွဲလျှင် လူလွှတ်ပြီး အုပ်ချုပ်တာမျိုး မရှိသလို စစ်ဆေးတာမျိုးလည်း တစ်ခါမှ မရှိခဲ့ဖူးချေ။

ဒီနှစ်တွေမှာ လုမင်ယွိက မာန်မာန မထောင်လွှားဘဲ ကိုယ်ပိုင်တပ်သားများကို လယ်တောအိမ်မှာပဲ အမြဲထားခဲ့သည်။ အလွန်ဆုံး ထိုက်ဇီလီကျင့် တာဝန်ထမ်းဆောင်သောအချိန်လောက်သာ အနည်းငယ် "ငှားရမ်းအသုံးပြု" တတ်သည်။ ဒါ့ပြင် လူရှေ့သူရှေ့ ဘယ်တော့မှ ထုတ်မပြခဲ့ပေ။

ထို့ကြောင့်လည်း ယုံးကျားဧကရာဇ်က ဒီကိုယ်ပိုင်တပ်သားတွေ ရှိနေခြင်းကို ခွင့်ပြုထားခြင်း ဖြစ်သည်။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ လုမင်ယွိရဲ့ လုပ်ရပ်က တကယ့်ကို တားမြစ်ချက်ကို ဖောက်ဖျက်လိုက်တာပဲ။ ဒီတစ်ခါက ထိုက်ဇီကို သွားကယ်တာဆိုပေမဲ့ နောက်တစ်ခါကျရင် စစ်သည်တွေကို ဦးဆောင်ပြီး နန်းတော်ထဲ ဝင်တိုက်ရဲတော့မလား။

လျိုကုန်းကုန်းသည် ယုံးကျားဧကရာဇ်၏ မည်းမှောင်အုံ့မှိုင်းနေသော မျက်နှာထားကို ကြည့်ရင်း စိတ်ထဲတွင် တိတ်တဆိတ် ထိတ်လန့်သွားလေသည်။

"ကျန်းရဲ့ အမိန့်ကို ပြန်တမ်းထုတ်လိုက်" ယုံးကျားဧကရာဇ်က အေးစက်စွာ ပြောလိုက်လေသည်။ "ကျောင်းဖန်နန်းဆောင်ကို သွားမယ်"

လျိုကုန်းကုန်းက အမိန့်ကို နာခံပြီး နောက်ဆုတ်သွားလေသည်။

ယုံးကျားဧကရာဇ်သည် တွေးလေလေ ဒေါသထွက်လေလေဖြစ်ပြီး ခဏလေးတောင် စောင့်ဆိုင်းချင်စိတ် မရှိတော့ဘဲ နှာခေါင်းတစ်ချက် ပြင်းပြင်းရှုံ့ကာ ထရပ်ပြီး အပြင်သို့ ထွက်သွားလေတော့သည်။

……

ချောင်မိဖုရားခေါင်သည် ရက်အနည်းငယ် နေမကောင်းဖြစ်နေရာမှ ယနေ့တွင် အနည်းငယ် သက်သာလာသဖြင့် ဟွေ့အန်းကုန်းကျူကို ပြောလိုက်လေသည်။ "ပန်ကုံး အိပ်ဆောင်ထဲမှာနေရတာ မွန်းကြပ်လှတယ်။ မင်း ပန်ကုံးကို အဖော်ပြုပြီး အပြင်ထွက် လမ်းလျှောက်ရအောင်"

ဟွေ့အန်းကုန်းကျူက ပြန်ဖြေလိုက်ပြီး ချောင်မိဖုရားခေါင်ကို ကိုယ်တိုင် အဝတ်အစား ဝတ်ဆင်ပေးရင်း အသံတိုးတိုးဖြင့် မေးလိုက်လေသည်။ "မူဟုပ်... အာ့တိမေ့က အမြဲတမ်း နေမကောင်းဘူးဆိုပြီး အရှေ့နန်းဆောင်ကို ဘယ်သူလာလာ လက်မခံဘူး။ ဒီအတိုင်း ဆက်သွားရင် မကောင်းဘူး ထင်တယ်နော်"

ဟွေ့အန်းကုန်းကျူကလည်း တုံးအသူ မဟုတ်ပေ။ ချောင်မိဖုရားခေါင် ဘာမှမပြောလျှင်တောင်မှ တစ်ခုခု မှားယွင်းနေသည်ကို ရိပ်မိနေပြီဖြစ်သည်။

ချောင်မိဖုရားခေါင်က ဟွေ့အန်းကုန်းကျူကို တစ်ချက်ကြည့်လိုက်သည်။ "မုန့်ဖေးနဲ့ ချင်ဖေးတို့ ဒီနေ့ အရှေ့နန်းဆောင်ကို ထပ်သွားကြသေးလား"

ဟွေ့အန်းကုန်းကျူက နှုတ်ခမ်းကို မဲ့လိုက်ပြီး ပြောလိုက်လေသည်။ "သူတို့နှစ်ယောက်ကလွဲရင် အနောက်နန်းဆောင်မှာ ဘယ်သူက ဒီလောက်တောင် အလုပ်ရှုပ်ခံနေမှာလဲ"

ဝမ်ကျဲယွီက ချောင်မိဖုရားခေါင်၏ လူဖြစ်သဖြင့် သိုသိုသိပ်သိပ်နှင့် ဂရုတစိုက် နေထိုင်တတ်သည်။ ယန်ဖင်ကတော့ မူလက မာနကြီးပြီး သွေးထိုးလှုံ့ဆော်ရ လွယ်ကူသော်လည်း ယခုအခါ ဆဋ္ဌမမင်းသားကို ကျောင်းဖန်နန်းဆောင်သို့ ခေါ်ဆောင်သွားခံလိုက်ရသဖြင့် ငြိမ်ကုပ်နေတော့သည်။ ကျန်ရှိသော မိဖုရားငယ်အသစ်များသည် လောလောဆယ်တွင် အင်အားမရှိကြသဖြင့် ပြဿနာ မရှာရဲကြပေ။

မုန့်ဖေးနှင့် ချင်ဖေးတို့သာ ဝါရင့်သမ္ဘာရင့်များဖြစ်ပြီး မျက်နှာပြောင်တိုက်ကာ မငြိမ်မသက် ဖြစ်နေကြပြီး ရံဖန်ရံခါဆိုသလို ထထကြွကြွ ဖြစ်နေတတ်ကြသည်။

ချောင်မိဖုရားခေါင်က နှုတ်ခမ်းထောင့်ကို တွန့်ရုံမျှ ပြုံးလိုက်ပြီး လေသံအေးအေးဖြင့် ပြောလိုက်လေသည်။ "သူတို့ အရှေ့နန်းဆောင်ကို မသွားရင်တောင် လုရှီ ကိုယ်ပိုင်သဘောနဲ့ နန်းတော်ကထွက်ပြီး မြို့တော်ကနေ ခွာသွားတဲ့ကိစ္စကို ဖုံးကွယ်ထားလို့ မရတော့ပါဘူး။ ကောင်း မကောင်းကတော့ မင်းရဲ့ ဖုဟွမ်က သတင်းရပြီးနေလောက်ပြီ။ ဒေါသအမျက် ခြောင်းခြောင်းထွက်နေလောက်ပြီ"

ဟွေ့အန်းကုန်းကျူ "..."

ဟွေ့အန်းကုန်းကျူသည် လေအေးတစ်ချက်ကို ရှူသွင်းလိုက်မိပြီး မျက်လုံးအစုံ ပြူးကျယ်သွားကာ မျက်လုံးအိမ်ထဲမှ မျက်လုံးများ ကျွတ်ထွက်တော့မတတ် ဖြစ်သွားတော့သည်။ "မူဟုပ်"

ချောင်မိဖုရားခေါင်ကတော့ တည်ငြိမ်အေးဆေးနေသည်။ "ဘာကို လန့်နေတာလဲ။ အသက်အန္တရာယ်ကလွဲရင် ဘာမှ အရေးမကြီးဘူး။ တကယ်လို့ အားကျင့်သာ တစ်ခုခုဖြစ်သွားရင် ငါတို့သားအမိနှစ်ယောက်ရော လုရှီတို့သားအမိသုံးယောက်ပါ နောက်ပိုင်း နေပျော်မှာ မဟုတ်တော့ဘူး"

"သူက အားကျင့်ရဲ့ အန္တရာယ်ကို စိတ်ပူပြီး သတင်းရတဲ့ နေ့လယ်မှာပဲ တိတ်တဆိတ် နန်းတော်က ထွက်သွားတာလေ။ အခုဆို ခရီးတစ်ဝက်တောင် ကျိုးနေလောက်ပြီ။ နောက်ရက်အနည်းငယ်ဆိုရင် ကျန်းနန်ကို ရောက်တော့မှာ။ ငါက သတင်းပေါက်ကြားမှာစိုးလို့ မင်းကိုပါ ဖုံးကွယ်ထားခဲ့တာ"

ဟွေ့အန်းကုန်းကျူသည် ဟထားသော ပါးစပ်ကို ဖြည်းဖြည်းချင်း ပြန်ပိတ်လိုက်လေသည်။

ဟုတ်တာပဲလေ။

လီကျင့်ရဲ့ အသက်အန္တရာယ်က အရေးအကြီးဆုံးပဲ။

လုမင်ယွိက ကလေးတွေကို ထားပစ်ခဲ့ပြီး တပ်ကိုဦးဆောင်ကာ နေ့ညမပြတ် ခရီးနှင်ပြီး အမြန်ဆုံးနှုန်းနဲ့ လီကျင့်ရဲ့ ဘေးနားကို သွားနေတာ...

"သမီး အရင်တုန်းက အာ့တိက လုရှီအပေါ် ဒီလောက်ကောင်းပေမဲ့ လုရှီကတော့ အေးတိအေးစက် နိုင်တယ်လို့ ထင်ခဲ့တာ" ဟွေ့အန်းကုန်းကျူက ရုတ်တရက် သက်ပြင်းရှည် ချလိုက်မိသည်။ "အခုမှပဲ လုရှီက အာ့တိအပေါ် ဘယ်လောက်တောင် သံယောဇဉ်ကြီးမားလဲ ဆိုတာ သိတော့တယ်"

လူတစ်ယောက်က နောက်တစ်ယောက်အပေါ် ဂရုစိုက်လား မစိုက်လားဆိုတာ ပြောစကားနဲ့ မဆိုင်ဘဲ လုပ်ရပ်နဲ့သာ သက်သေပြရတာမျိုးပင်။

ကိုယ့်စိတ်ကိုယ် ပြန်မေးကြည့်မယ်ဆိုရင် သူမသာ နေရာချင်းလဲပြီး ဝူဖုမာ အန္တရာယ်ကြုံနေရတယ်ဆိုရင်တောင် ဒီလို သတ္တိမျိုးနဲ့ ဆုံးဖြတ်ချက်မျိုး ရှိချင်မှ ရှိမှာ။

ချောင်မိဖုရားခေါင်လည်း သက်ပြင်းအသာချလိုက်သည်။ စကားမပြောရသေးမီမှာပင် ချိုင်လန်က အလျင်အမြန် ဝင်ရောက်လာခဲ့လေသည်။ "ဟွမ်ဟုပ်ညန်ညန်... လျိုကုန်းကုန်း ရုတ်တရက် အမိန့်တော် လာပြန်ပါတယ်... အရှင်မင်းကြီးက မကြာခင် ကျောင်းဖန်နန်းဆောင်ကို ရောက်လာတော့မယ်တဲ့။ ဟွမ်ဟုပ်ညန်ညန် ကြိုဆိုဖို့ ပြင်ဆင်ပါတဲ့"

ကျားဆိုရင် ကျားရောက်လာတတ်သည် ဆိုသလိုပင်။

ချောင်မိဖုရားခေါင်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ဟွေ့အန်းကုန်းကျူ၏ တွဲကူမှုဖြင့် အပြင်သို့ ထွက်လာခဲ့လေသည်။

ပင်မဆောင်သို့ မရောက်မီမှာပင် ယုံးကျားဧကရာဇ်က မျက်နှာချင်းဆိုင်မှ လျှောက်လာသည်ကို တွေ့လိုက်ရ၏။

ချောင်မိဖုရားခေါင်က လက်ကိုယှက်ကာ အရိုအသေပြုလိုက်လေသည်။ "ချန်ချဲ့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

ဟွေ့အန်းကုန်းကျူသည် ယုံးကျားဧကရာဇ်၏ သံဖြူရောင်ပေါက်နေသော မျက်နှာကို ကြည့်ရင်း ရင်ထဲတွင် တဒိတ်ဒိတ် ခုန်လာကာ လိုက်ပါပြီး အရိုအသေ ပြုလိုက်လေသည်။ "သမီးတော် ဖုဟွမ်ကို ဂါရဝပြုပါတယ်..."

စကားမဆုံးသေးခင်မှာပင် ယုံးကျားဧကရာဇ်က အေးစက်စွာ ပြောလိုက်လေသည်။ "ဟွေ့အန်း... မင်း အရင်ထွက်သွား။ ကျန်း မင်းရဲ့ မူဟုပ်ကို မေးစရာရှိတယ်"

ရန်လိုနေသော လေသံကြောင့် ဟွေ့အန်းကုန်းကျူ ထိတ်လန့်သွားရသည်။ သူမက ဘယ်လိုလုပ် ထွက်သွားနိုင်ပါမည်နည်း။ သတ္တိမွေးပြီး ပြောလိုက်လေသည်။ "မူဟုပ်က နေမကောင်းသေးဘဲ ခန္ဓာကိုယ် အားနည်းနေတုန်းပါ။ ဖုဟွမ် ဘာပဲ မကျေနပ်တာရှိရှိ မူဟုပ်ကို ဒေါသတကြီး မလုပ်ပါနဲ့"

ယုံးကျားဧကရာဇ်က ဒေါသထွက်နေချိန်ဖြစ်သဖြင့် အေးစက်စက် ရယ်မောလိုက်လေသည်။ "ဒီလေသံကို နားထောင်ရတာ မင်းလည်း လုရှီ ကိုယ်ပိုင်သဘောနဲ့ နန်းတော်ကထွက်ပြီး မြို့တော်က ခွာသွားတဲ့ကိစ္စကို သိနေတာပေါ့"

ချောင်မိဖုရားခေါင်က ချက်ချင်းပင် ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး ဟွေ့အန်းကုန်းကျူကို နောက်တွင် ကွယ်ထားလိုက်လေသည်။ "ဟွေ့အန်းက အခုလေးတင်မှ သိတာပါ။ အရှင်မင်းကြီး ဒေါသထွက်နေရင် ချန်ချဲ့ကိုပဲ ပုံချလိုက်ပါ"

ယုံးကျားဧကရာဇ်သည် ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး အသံက ရေခဲတမျှ အေးစက်နေလေသည်။ "ဟွမ်ဟုပ်... မင်းက ကျန်းအပေါ် မကျေမနပ်ဖြစ်နေတာကို ကျန်းက အမြဲတမ်း သည်းခံပေးခဲ့တယ်။ ဒီနှစ်တွေမှာ ကျန်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ရင် မင်းအပေါ် အပြစ်မရှိခဲ့သလို မင်းကို ဟွမ်ဟုပ်အဖြစ်ကနေ ဖယ်ရှားဖို့လည်း တစ်ခါမှ မတွေးခဲ့ဖူးဘူး"

"ဒါပေမဲ့ မင်းက ကျန်းရဲ့ သည်းခံမှုကို အခွင့်ကောင်းယူပြီး လုရှီကို ကိုယ်ပိုင်သဘောနဲ့ နန်းတော်က ထွက်ခွင့်မပေးခဲ့သင့်ဘူး"

"ဒီကိစ္စရဲ့ တားမြစ်ချက်ကို မင်းက မိဖုရားခေါင်တစ်ယောက်အနေနဲ့ နားမလည်တာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက လုရှီအတွက် ဖုံးကွယ်ပေးပြီး ကျန်းကို အမြဲတမ်း လိမ်ညာထားခဲ့တယ်။ မင်း ဒီလိုလုပ်တာက ကျန်းကို ဘယ်နေရာမှာ ထားတာလဲ"

"မင်း တကယ်ပဲ ထင်နေတာလား။ ကျန်းက ချောင်ကောလောင်ကို အားနာပြီး မင်းကို မဖြုတ်ရဲဘူးလို့လေ"

နောက်ဆုံးစကား၏ လေသံသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်နေလေသည်။

ဟွေ့အန်းကုန်းကျူသည် ကြောက်လန့်လွန်းသဖြင့် လိပ်ပြာလွင့်မတတ်ဖြစ်သွားပြီး ချက်ချင်း ဒူးထောက်လိုက်လေသည်။ "ဖုဟွမ် စိတ်လျှော့ပါ! ဖုဟွမ် စိတ်လျှော့ပါ!"

ချောင်မိဖုရားခေါင်၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့သွားသော်လည်း အကြည့်များကတော့ တည်ငြိမ်နေဆဲပင်။ "အရှင်မင်းကြီး လုရှီကို အပြစ်မတင်ပါနဲ့"

"ဒါက ချန်ချဲ့ရဲ့ အကြံပါ။ ချန်ချဲ့က ထိုက်ဇီကို စိတ်ပူလို့ လုရှီကို တပ်သားတွေဦးဆောင်ပြီး ထိုက်ဇီကို သွားကာကွယ်ခိုင်းတာပါ။ လုရှီက မူလက တွန့်ဆုတ်နေခဲ့ပေမဲ့ ချန်ချဲ့က ဇွတ်အတင်းလုပ်ခဲ့လို့ လုရှီလည်း လက်ခံလိုက်ရတာပါ။ အရှင်မင်းကြီး ချန်ချဲ့ကို အပြစ်ပေးချင်ရင် ချန်ချဲ့က ကြည်ကြည်ဖြူဖြူ ခံယူပါ့မယ်။ လုံးဝ ငြီးငြူမှာ မဟုတ်ပါဘူး"

ပြောပြီးသည်နှင့် ဒူးထောက်လိုက်လေသည်။

ယုံးကျားဧကရာဇ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။ "မင်း လုရှီအတွက် ရှေ့နေလိုက်ပြီး ဖုံးကွယ်ပေးစရာ မလိုပါဘူး။ ဒီကိစ္စက သေချာပေါက် လုရှီရဲ့ ကိုယ်ပိုင်အကြံအစည်ပဲ နေမှာ။ အခု လေးရက်တောင် ရှိနေပြီ။ ကျန်း အမိန့်ထုတ်ပြီး လုရှီကို ပြန်ခေါ်ရင်တောင် နောက်ကျသွားပြီ။ သတင်းပျံ့သွားရင်လည်း ဂုဏ်သိက္ခာ မရှိဘူး"

"လုရှီက အရင်လုပ်ပြီးမှ နောက်မှလျှောက်တင်တဲ့ အကွက်ကို သုံးလိုက်တာပဲ။ ကျန်းက သူ့အပေါ် အရမ်းသည်းခံလွန်းတော့ သူ့သတ္တိတွေ ပိုပိုကြီးလာတာပေါ့။ သူနဲ့ ထိုက်ဇီ မြို့တော်ကို အတူတူပြန်ရောက်လာတဲ့အခါကျမှ ကျန်း သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး"

"မင်းအတွက်ကတော့ ကျန်းကို အရမ်းစိတ်ပျက်စေတယ်။ မင်းက မိဖုရားခေါင် ဖြစ်နေပါလျက်နဲ့ ကျန်းကို မျက်လုံးထဲ နည်းနည်းလေးတောင် မထည့်ဘူး။ မင်းက ကျန်းကို ဂရုမစိုက်မှတော့ ကျန်းကလည်း မင်းရဲ့မျက်နှာကို ထောက်ထားနေစရာ မလိုတော့ဘူး။ ဒီနေ့ကစပြီး မင်း ကျောင်းဖန်နန်းဆောင်မှာပဲ အနားယူနေလိုက်။ ကျောင်းဖန်နန်းဆောင်ကနေ ခြေတစ်လှမ်းတောင် အပြင်ထွက်ခွင့် မရှိဘူး"

...

အပိုင်း (၅၆၉) ပြင်းထန်သော ဒေါသ (၂)

မိဖုရားငယ်တွေ အမှားလုပ်လို့ အကျယ်ချုပ်ကျတာကတော့ ထားပါတော့။

ကြီးမြတ်လှတဲ့ မိဖုရားခေါင်ကတောင် ဒီလိုအခြေအနေမျိုး ရောက်သွားမှတော့ နောက်ပိုင်းကျရင် ဘယ်လိုလုပ် လူတွေကို အုပ်ချုပ်လို့ရတော့မှာလဲ။

ဟွေ့အန်းကုန်းကျူသည် ထိတ်လန့်သွားပြီး မျက်ဝန်းအိမ်များ နီရဲလျက် ချောင်မိဖုရားခေါင်အတွက် အသနားခံလေသည်။ "ဖုဟွမ် စိတ်လျှော့ပါဦး။ ဒီကိစ္စက လုရှီရဲ့ အကြံပါ။ မူဟုပ်ကို အပြစ်တင်လို့ မရပါဘူး..."

"ဟွေ့အန်း တိတ်စမ်း!" ချောင်မိဖုရားခေါင်က ခေါင်းကို ရုတ်တရက် လှည့်လိုက်ပြီး ဟွေ့အန်းကုန်းကျူကို ပြင်းထန်စွာ တားဆီးလိုက်လေသည်။ "ပန်ကုံး အမှားလုပ်မိမှတော့ အပြစ်ပေးတာ ခံယူရမှာပဲ။ မင်း ဘာမှ ဝင်ပြောစရာမလိုဘူး"

ဟွေ့အန်းကုန်းကျူသည် ချောင်မိဖုရားခေါင်၏ ယခုကဲ့သို့ ပြင်းထန်သော အပြုအမူကို တစ်ခါမှ မကြုံဖူးသဖြင့် ဝမ်းနည်းကြေကွဲသွားပြီး မျက်ရည်များ တသွင်သွင် စီးကျလာလေတော့သည်။

ချောင်မိဖုရားခေါင်သည် ဟွေ့အန်းကုန်းကျူကို ဆူပူကြိမ်းမောင်းပြီးနောက် ခေါင်းကိုပြန်လှည့်လိုက်ကာ ရိုသေစွာ ပြောလိုက်လေသည်။ "မိုးကြိုးပစ်တာပဲဖြစ်ဖြစ် မိုးရွာတာပဲဖြစ်ဖြစ် အားလုံးက အရှင်မင်းကြီးရဲ့ ကျေးဇူးတော်တွေချည်းပါပဲ။ ချန်ချဲ့က အမှားလုပ်မိမှတော့ အပြစ်ပေးတာကို ကြည်ကြည်ဖြူဖြူ ခံယူပါ့မယ်။ ဒီနေ့ကစပြီး ချန်ချဲ့က နေမကောင်းဖြစ်လို့ အနားယူတော့မှာမို့ နန်းဆောင်ထဲကနေ အပြင်ထွက်မှာ မဟုတ်ပါဘူး"

ယုံးကျားဧကရာဇ်က နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ချောင်မိဖုရားခေါင်ကို တစ်ချက်ကလေးမျှ လှည့်မကြည့်တော့ဘဲ လက်ကိုခါရမ်းကာ ထွက်ခွာသွားလေသည်။

ဟွေ့အန်းကုန်းကျူသည် လက်အင်္ကျီဖြင့် မျက်နှာကိုအုပ်ကာ ကြမ်းပြင်ပေါ်တွင် လဲကျမတတ် ငိုကြွေးလေတော့သည်။

ချောင်မိဖုရားခေါင်၏ မျက်ဝန်းအိမ်များ အနည်းငယ် နီရဲနေသော်လည်း မျက်ရည်မကျချေ။ "မင်းရဲ့ ဖုဟွမ်က ဒေါသထွက်နေလို့ ငါ့ကို အကျယ်ချုပ်ချထားရုံပဲဟာ။ တကယ်တမ်း မိဖုရားခေါင်အရာကနေ ဖယ်ရှားလိုက်တာမှ မဟုတ်တာ။ ဘာလို့ ငိုနေရတာလဲ"

'မိဖုရားခေါင်အရာကနေ ဖယ်ရှား' ဆိုသည့် စကားလုံးကို ကြားလိုက်ရသဖြင့် ဟွေ့အန်းကုန်းကျူသည် ရှိုက်သံပါ ထွက်လာလေတော့သည်။ "မူဟုပ်... မူဟုပ် မကြောက်ဘူးလား"

ချောင်မိဖုရားခေါင်သည် ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ဟွေ့အန်းကုန်းကျူကို လှမ်းတွဲလိုက်လေသည်။

ဟွေ့အန်းကုန်းကျူသည် အလိုက်သင့် ထရပ်လိုက်ပြီး လက်အင်္ကျီဖြင့် မျက်ရည်များကို သုတ်လိုက်သည်။ မျက်ရည်များ ဝေဝါးနေမှုကြောင့် ချောင်မိဖုရားခေါင်၏ မျက်နှာကို ကောင်းစွာ မမြင်ရသော်လည်း အသံကိုတော့ ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရလေသည်။ "ငါ မကြောက်ဘူး"

ဟွေ့အန်းကုန်းကျူ "..."

ဟွေ့အန်းကုန်းကျူသည် မျက်လုံးကို အားစိုက်ပြီး ပုတ်ခတ်ပုတ်ခတ် လုပ်ကြည့်လိုက်ကာ မယုံကြည်နိုင်စွာဖြင့် ချောင်မိဖုရားခေါင်ကို ကြည့်နေမိသည်။

ဒါ သူမမှတ်ဉာဏ်ထဲက အမြဲတမ်း သည်းခံပြီး ဝမ်းနည်းပူဆွေးမှုတွေကို မျိုသိပ်ထားတတ်တဲ့ မူဟုပ် ဟုတ်ရဲ့လား။

ချောင်မိဖုရားခေါင်က အေးစက်စွာ ပြောလိုက်လေသည်။ "လွန်ခဲ့တဲ့ လေးနှစ်ကတည်းက ငါနဲ့ မင်းဖုဟွမ်ရဲ့ ကံကြမ္မာနဲ့ သံယောဇဉ်က ပြတ်စဲခဲ့ပြီးပြီ။ ငါ့စိတ်ထဲမှာ သူက ဧကရာဇ်တစ်ပါး၊ မင်းတို့မောင်နှမတွေရဲ့ အဖေအရင်း၊ ဒါပါပဲ"

"ငါ ဂရုမစိုက်တော့မှတော့ ဘယ်ကလာ ကြောက်နေစရာ လိုတော့မလဲ"

"ငါ အသက် ၁၆ နှစ်ကတည်းက လီမိသားစုထဲကို ဝင်ရောက်လာခဲ့ပြီး ဆယ်နှစ်ကျော်ကြာအောင် မိဖုရားခေါင် လုပ်လာခဲ့တာ။ သူများတွေကြည့်ရင် ဂုဏ်ရှိသရောင် ထင်ရပေမဲ့ ဒီကြားထဲမှာ သည်းခံပြီး အလျှော့ပေးခဲ့ရတာတွေ၊ စိတ်ထဲက နာကျင်ခံစားခဲ့ရတာတွေကို ကိုယ့်ဘာသာပဲ သိတာပါ"

"မင်းတို့မောင်နှမတွေအတွက်သာ မဟုတ်ရင် ဒီမိဖုရားခေါင်နေရာကို ငါ စွန့်လွှတ်လိုက်တာ ကြာပါပြီ"

ဟွေ့အန်းကုန်းကျူသည် တည်ငြိမ်အေးဆေးနေသော ချောင်မိဖုရားခေါင်ကို ကြည့်ရင်း အသိစိတ်လွတ်သလို မေးလိုက်မိသည်။ "ဒါပေမဲ့ တကယ်လို့ ဖုဟွမ်က တကယ်ပဲ မိဖုရားခေါင်အရာကနေ ဖယ်ရှားချင်စိတ် ရှိလာရင် ဘယ်လိုလုပ်မလဲ။ အာ့တိက ဘယ်လိုလုပ်မလဲ။ သူက တရားဝင်မိဖုရားကြီးရဲ့ သားတော်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အိမ်ရှေ့စံနေရာကို ရထားတာလေ။ တကယ်လို့ မူဟုပ်သာ အရည်အချင်းမရှိတဲ့ မိဖုရားခေါင် ဖြစ်သွားရင် အာ့တိက..."

ချောင်မိဖုရားခေါင်က နှုတ်ခမ်းထောင့်ကို တွန့်လိုက်သော်လည်း မျက်လုံးထဲတွင် အပြုံးအရိပ်အယောင် လုံးဝ မပါရှိပေ။ "လုရှီ မသွားခင်ကတည်းက ဒီနေ့အခြေအနေကို ကြိုတွေးထားပြီးသား။ သူ ငါ့ကို မှာခဲ့ဖူးတယ်။ မင်းရဲ့ဖုဟွမ် ဘယ်လောက်ပဲ ဒေါသထွက်ထွက် ငါက ပုံမှန်စိတ်နဲ့ပဲ ရင်ဆိုင်လိုက်ပါ၊ ပြာပြာသလဲ ဖြစ်စရာမလိုပါဘူးတဲ့"

"ငါက မင်းရဲ့ ဖုဟွမ် တရားဝင် လက်ထပ်ပေါင်းသင်းထားတဲ့ ဇနီးမယားလေ။ အမှားလုပ်မိရင်တောင်မှ မိဖုရားခေါင်အရာကနေ ဖယ်ရှားဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး"

"မင်းရဲ့ အာ့တိနဲ့ လုရှီတို့ မြို့တော်ကို ဘေးကင်းကင်းနဲ့ ပြန်ရောက်လာသရွေ့ ငါ့ရဲ့ မိဖုရားခေါင်နေရာကလည်း လုံခြုံနေဦးမှာပါ"

အနောက်နန်းဆောင်နှင့် ညီလာခံက ဆက်စပ်နေလေသည်။ ယုံးကျားဧကရာဇ်က တိုင်းပြည်အုပ်ချုပ်သူ ဖြစ်သော်လည်း စိတ်တိုင်းကျ လုပ်ချင်ရာလုပ်လို့ မရပေ။

ချောင်ကောလောင်၏ တပည့်တပန်းများက ညီလာခံအနှံ့တွင် ရှိနေပြီး လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဆွေများနှင့် ဆွေမျိုးတော်စပ်သူများလည်း အများအပြား ရှိနေသဖြင့် အရပ်ဘက်အမတ်များကြားတွင် ဩဇာအာဏာ ကြီးမားလေသည်။ ယုံးကျားဧကရာဇ်က ပါးစပ်က ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် ပြောပြော၊ စိတ်ထဲမှာတော့ ချိန်ဆရဦးမည်။

ထို့အပြင် လုမင်ယွိ၏နောက်ကွယ်တွင် တိတ်တဆိတ် ရပ်တည်နေသော ရှင်းယန်ဝမ်နှင့် ရှင်းယန်စစ်သည် တစ်သိန်းလည်း ရှိနေသေးသည်။ ထိုအရာအားလုံးက အရှေ့နန်းဆောင်ကို မပြိုလဲအောင် ထောက်ကန်ပေးထားသော အခြေခံအုတ်မြစ်များပင်။

ထိုက်ဇီက ကျောက်ဆောင်ကြီးလို ခိုင်မာနေသရွေ့ သူမဆိုတဲ့ မိဖုရားခေါင်ကလည်း ပြိုလဲမှာ မဟုတ်ဘူး။

ဟွေ့အန်းကုန်းကျူသည် စိတ်ကို တည်ငြိမ်အောင်ထားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "စကားအရ ပြောရရင်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အာ့တိ ဘယ်တော့ မြို့တော်ပြန်ရောက်မယ်ဆိုတာ မသိရသေးဘူး။ မူဟုပ်တော့ သည်းခံရဦးမှာပဲ"

ချောင်မိဖုရားခေါင်က ပြန်ပြောလိုက်သည်။ "ငါ နေ့တိုင်း နန်းတွင်းရေးရာတွေကို စီမံနေရလို့ ဘယ်တော့မှ မအားလပ်ရဘူး။ အခု အလုပ်တွေအားလုံး ပစ်ထားလိုက်ပြီး ကောင်းကောင်း အနားယူလို့ရပြီပေါ့"

ချောင်မိဖုရားခေါင်၏ တည်ငြိမ်အေးဆေးမှုသည် ဟွေ့အန်းကုန်းကျူကိုပါ ကူးစက်သွားစေသည်။

ဟွေ့အန်းကုန်းကျူလည်း ဘာမှ ထပ်မပြောတော့ဘဲ ချောင်မိဖုရားခေါင်ကို တွဲကူပြီး အိပ်ဆောင်ထဲသို့ ပို့ဆောင်ပေးလိုက်လေသည်။

……

"ဘာ! လုရှီက လွန်ခဲ့တဲ့ လေးရက်ကတည်းက နန်းတော်ထဲက ထွက်သွားပြီဟုတ်လား"

မျက်နှာထား တင်းမာခက်ထန်နေပြီး ဒေါသအိုး ပေါက်ကွဲနေသော ယုံးကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်မှ ထွက်လာပြီးနောက် ရှို့နင်နန်းဆောင်သို့ တန်းတန်းမတ်မတ် လာခဲ့လေသည်။ လုမင်ယွိ ကိုယ်ပိုင်သဘောဖြင့် နန်းတော်မှထွက်ခွာကာ မြို့တော်ကနေ ထွက်ပြေးသွားသည့်ကိစ္စကို မယ်တော်ကြီးကျောက်အား ပြောပြလိုက်လေသည်။

မယ်တော်ကြီးကျောက်သည် အလွန်အမင်း တုန်လှုပ်သွားပြီး ထပ်ခါတလဲလဲ မေးမြန်းလေတော့သည်။ "ဒါ ဘယ်လိုဖြစ်ရတာလဲ"

ယုံးကျားဧကရာဇ်က အံကြိတ်ပြီး ဒေါသတကြီး ပြောလိုက်လေသည်။ "လုရှီက နေမကောင်းလို့ အနားယူမယ်ဆိုပြီး အကြောင်းပြပြီး တိတ်တဆိတ် နန်းတော်ကနေ ထွက်သွားတာ။ ကိုယ်ပိုင်တပ်သားတွေကို ဦးဆောင်ပြီး ကျန်းနန်ကို သွားပြီ။ မိဖုရားခေါင်က လုရှီအတွက် ဖုံးကွယ်ပေးထားတာ။ ဒီနေ့ ထိုက်ဇီဖေးရဲ့ ကိုယ်ပိုင်တပ်သားတွေ မြို့တော်က ထွက်သွားပြီဆိုတဲ့ သတင်းကြားမှ ကျန်း အဖြစ်မှန်ကို သိရတာ"

မယ်တော်ကြီးကျောက်သည် တုန်လှုပ်သွားတာလား ဒေါသထွက်သွားတာလား မသိရဘဲ မျက်နှာကြီး နီရဲလာပြီး ကုလားထိုင်လက်ရမ်းကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်လေသည်။ "မိုက်ရိုင်းလိုက်တာ! တကယ့်ကို မိုက်ရိုင်းလွန်းတယ်!"

"ဒါက အရှင်မင်းကြီးကို လုံးဝ မျက်လုံးထဲ မထည့်တာပဲ! ဒီအတိုင်း ဆက်လွှတ်ထားရင် ဒီချွေးမနဲ့ ယောက္ခမ မလုပ်ရဲတာ ဘာရှိတော့မှာလဲ"

"အရှင်မင်းကြီး လုရှီကို လုံးဝ အလွတ်မပေးပါနဲ့! ဟွမ်ဟုပ်လည်း အလွယ်တကူ ခွင့်မလွှတ်ပါနဲ့!"

ယုံးကျားဧကရာဇ်က ဒေါသတကြီး ပြောလိုက်လေသည်။ "လုရှီကို အပြစ်ပေးဖို့က အခုဆို နောက်ကျနေပြီ။ သူသွားတာ လေးရက်တောင် ရှိနေပြီ။ နောက်ရက်အနည်းငယ်ဆိုရင် ကျန်းနန်ကို ရောက်တော့မှာ။ ကျန်းက သူ့ကို အပြစ်ပေးလို့ မရတဲ့အပြင် တခြားအကြောင်းပြချက်တစ်ခု ရှာပြီး ဖုံးကွယ်ပေးရဦးမယ်"

ဒါကမှ တကယ့်ကို စိတ်အပျက်ရဆုံးနဲ့ ဒေါသအထွက်ရဆုံး အချက်ပဲ။

လုမင်ယွိက သူဆိုတဲ့ ဧကရာဇ်မင်းမြတ်ဟာ မျက်နှာပျက်မှာ ကြောက်ပြီး ချွေးမကို တိုက်ရိုက် အပြစ်မပေးရဲဘူးဆိုတာ သေချာပေါက် တွက်ချက်ထားပြီးသားပဲ။

မယ်တော်ကြီးကျောက်က ယုံးကျားဧကရာဇ်၏ မိခင်အရင်းပီသစွာပင် ဒီစကားကို ကြားလိုက်သည်နှင့် ချက်ချင်း ပြောလိုက်လေသည်။ "လုရှီကို အပြစ်ပေးလို့ မရရင် ဟွမ်ဟုပ်ကို အပြစ်ပေးလိုက်! သူ့ရဲ့ ဇာမဏီတံဆိပ်တုံးကို သိမ်းပြီး သူ့ကို 'နေမကောင်းဖြစ်လို့ အနားယူ' ခိုင်းလိုက်။ ဒါမှမဟုတ် တိုက်ရိုက် အမိန့်ထုတ်ပြီး ချောင်ရှီကို မိဖုရားခေါင်အရာကနေ ဖယ်ရှားလိုက်!"

"သူ မိဖုရားခေါင် မလုပ်ရတော့ရင် အနောက်နန်းဆောင်မှာ မိဖုရားခေါင်လုပ်မဲ့သူ ရှားလို့လား"

ယုံးကျားဧကရာဇ် "..."

ယုံးကျားဧကရာဇ်၏ ရင်ထဲမှ ဒေါသများမှာ ဒီစကားတစ်ခွန်းကြောင့် ရုတ်တရက် တစ်ဝက်ခန့် ငြိမ်းအေးသွားရလေသည်။

ယုံးကျားဧကရာဇ်က မယ်တော်ကြီးကျောက်ကို ကြည့်လိုက်သည်။ "မူဟုပ် ထင်တာက နန်းတွင်းမှာ ဘယ်သူက မိဖုရားခေါင်ဖြစ်ဖို့ သင့်တော်လဲ"

"ချင်ဖေးက အသင့်တော်ဆုံးပေါ့" မယ်တော်ကြီးကျောက်က ယုံကြည်မှုအပြည့်နှင့် ပြောလိုက်လေသည်။ "သူက အိုက်ကျားရဲ့ တူမတော်သလို အရှင်မင်းကြီးရဲ့ ညီမဝမ်းကွဲလည်း တော်တယ်။ အရှင်မင်းကြီးအတွက် စတုတ္ထမင်းသားကိုလည်း မွေးဖွားပေးထားသေးတယ်။ ချောင်ရှီကို ဖယ်ရှားပြီး ချင်ရှီကို မိဖုရားခေါင် တင်မြှောက်လိုက်"

ယုံးကျားဧကရာဇ်က နဖူးကို ပွတ်သပ်လိုက်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိသော မယ်တော်ကြီးကျောက်ကို အကြောင်းပြချက်များ ရှင်းပြလိုက်လေသည်။ "မိဖုရားခေါင်အရာကနေ ဖယ်ရှားတယ်ဆိုတာ သာမန်ကိစ္စ မဟုတ်ဘူး။ ကလေးကစားစရာ မဟုတ်ဘူး။ ကျန်းက ချောင်ရှီကို အကျယ်ချုပ် ချထားတာက ကိစ္စမရှိပေမဲ့ တကယ်တမ်း အမိန့်ထုတ်ပြီး ဖယ်ရှားမယ်ဆိုရင် ညီလာခံက အရပ်ဘက်တွေနဲ့ စစ်ဘက်အရာရှိတွေက ကန့်ကွက်ကြလိမ့်မယ်"

"ပြီးတော့ ကျန်းသာ မိဖုရားခေါင်ကို ဖယ်ရှားလိုက်ရင် ထိုက်ဇီက တရားဝင်မိဖုရားကြီးရဲ့ သားတော် မဟုတ်တော့ဘူး။ ကျန်းက ထိုက်ဇီကိုပါ ဖယ်ရှားရမလား။ ပြီးရင် စတုတ္ထမင်းသားကို အိမ်ရှေ့စံအဖြစ် တင်မြှောက်ရမလား"

မယ်တော်ကြီးကျောက်သည် "စတုတ္ထမင်းသားက ဘာလို့ အိမ်ရှေ့စံ မဖြစ်ရမှာလဲ" ဆိုသည့် စကားလုံး ပါးစပ်ဖျား ရောက်လာသော်လည်း ယုံးကျားဧကရာဇ်၏ မျက်နှာထားကို မြင်လိုက်ရသဖြင့် ပြန်မျိုချလိုက်ပြီး စကားပြောင်းပြောလိုက်လေသည်။ "အိုက်ကျားက ဒီအတိုင်း ပါးစပ်ထဲ ရှိတာ ပြောလိုက်တာပါ။ အရှင်မင်းကြီး စိတ်ထဲမထားပါနဲ့"

ယုံးကျားဧကရာဇ်သည် မိခင်အရင်းဖြစ်နေသဖြင့် အပြစ်မယူလိုတော့ဘဲ အေးဆေးစွာ ပြောလိုက်လေသည်။ "ဘယ်လိုပဲဖြစ်ဖြစ် ကျန်း အနောက်နန်းဆောင်ကို ကောင်းကောင်း ပြုပြင်ပြောင်းလဲမှ ရတော့မယ်။ ကျန်းရဲ့ မျက်စိအောက်မှာတင် ဒီလိုမျိုး လှည့်ဖြားရဲကြတယ်။ ကျန်း သူတို့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး"

'သူတို့' ဆိုသည်မှာ သေချာပေါက် ချောင်မိဖုရားခေါင်နှင့် လုမင်ယွိတို့ သားအမိကို ရည်ညွှန်းခြင်း ဖြစ်သည်။

မယ်တော်ကြီးကျောက်က ချက်ချင်း ထောက်ခံလိုက်လေသည်။ "ပြောတာ မှန်တယ်။ အရင်ဆုံး ချောင်ရှီကို နေမကောင်းဘူးဆိုပြီး အနားယူခိုင်းလိုက်။ ထိုက်ဇီဖေး ပြန်လာမှ ပြင်းပြင်းထန်ထန် အပြစ်ပေးတာပေါ့"

ယုံးကျားဧကရာဇ်၏ ရင်ထဲမှ ဒေါသများ အနည်းငယ် လျော့ပါးသွားပြီး လေသံလည်း ပျော့ပျောင်းလာလေသည်။ "ဒီကိစ္စကို မူဟုပ် စိတ်ထဲမှာ မှတ်ထားလိုက်ရင် ရပါပြီ။ ချင်ဖေးကိုတော့ သွားမပြောပါနဲ့"

မယ်တော်ကြီးကျောက်က ခေါင်းညိတ်လိုက်ပြီး ယုံးကျားဧကရာဇ်ကို နေ့လယ်စာ အတူစားရန် ပြောလိုက်လေသည်။

ယုံးကျားဧကရာဇ်သည် စားချင်သောက်ချင်စိတ် မရှိသော်လည်း မယ်တော်ကြီးကျောက်၏ တားဆီးမှုကို မငြင်းဆန်လိုသဖြင့် ခေါင်းညိတ်လိုက်လေသည်။

ထိုအချိန်တွင် လျိုကုန်းကုန်းက ရိုသေစွာ လာရောက်လျှောက်တင်လေသည်။ "ထိုက်ဟုပ်ညန်ညန်... အရှင်မင်းကြီး... သခင်လေးနဲ့ သခင်မလေးတို့ သုံးယောက် ဂါရဝပြုဖို့ အတူတူ ရောက်လာကြပါတယ်"

...

အပိုင်း (၅၇၀) အပြစ်တောင်းပန်ခြင်း

တော်ဝင်မျိုးဆက်များမှာ အသင့်အတင့် ထွန်းကားသည်ဟု ဆိုရပေမည်။ ဒီမျိုးဆက်တွင် မြေးတော် ၅ ယောက်နှင့် မြေးမတော် ၂ ယောက် စုစုပေါင်း ၇ ယောက် ရှိလေသည်။

နန်းတွင်းထုံးစံများအရ ကလေးများသည် ၈ နှစ်ခန့် အရွယ်ရောက်မှသာ ဘေးကင်းသည်ဟု သတ်မှတ်ပြီး ၁၀ နှစ်ကျော်မှသာ မင်းသားငယ်ဘွဲ့ သို့မဟုတ် အမွေခံသားအဖြစ် ဘွဲ့ပေးလေ့ရှိသည်။ လီရွှီသည် အရှေ့နန်းဆောင်မှ တရားဝင်မြေးတော် ဖြစ်သဖြင့် မြေးတော်များအနက် အဆင့်အတန်း အမြင့်ဆုံးနှင့် အလေးမြတ်ထားခံရဆုံး ဖြစ်သည်။

လျိုကုန်းကုန်း လျှောက်တင်လိုက်သော သခင်လေးသုံးယောက် ဆိုသည်မှာ လီရွှီ၊ လီရွှမ်းနှင့် လီဟန် မောင်နှမသုံးယောက်ကို ဆိုလိုခြင်း ဖြစ်သည်။

လီထန်နှင့် လီချန်တို့မှာ နေ့စဉ် စာသင်ဆောင်သို့ သွားရောက် စာသင်ကြားပြီး ရက်အနည်းငယ် ကြာတိုင်း ရှို့နင်နန်းဆောင်သို့ လာရောက် ဂါရဝပြုကြသည်။ လီရွှီတို့ မောင်နှမသုံးယောက်ကတော့ အရှေ့နန်းဆောင်တွင် နေထိုင်ပြီး ယုံးကျားဧကရာဇ် မျက်စိအောက်တွင် ကြီးပြင်းလာသူများ ဖြစ်သဖြင့် သဘာဝကျကျ ပိုပြီး ရင်းနှီးချစ်ခင်ကြသည်။

မယ်တော်ကြီးကျောက်သည်လည်း သူတို့ မောင်နှမသုံးယောက်ကို အထူးတလည် ချစ်ခင်မြတ်နိုးလေသည်။

"ရွှီအာတို့ကို အမြန် ဝင်ခိုင်းလိုက်" မယ်တော်ကြီးကျောက်က စဉ်းစားမနေဘဲ အမိန့်ပေးလိုက်သည်။

ယုံးကျားဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သည်။

လုမင်ယွိ တိတ်တဆိတ် ထွက်သွားတာကို လီရွှီတို့လည်း သိမှာပဲ။ ဒါကို ဒီရက်ပိုင်းအတွင်း လုံးဝ လုံအောင် ဖုံးထားနိုင်တယ်ပေါ့။

မယ်တော်ကြီးကျောက်သည် ယုံးကျားဧကရာဇ်ကို တစ်ချက် ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ကလေးတွေက ဘာသိမှာလဲ။ အမေလုပ်သူက ပြောတာကို နားထောင်ကြတာပဲလေ။ အရှင်မင်းကြီး ကလေးတွေကို စိတ်မဆိုးပါနဲ့"

ယုံးကျားဧကရာဇ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

လီရွှီ၊ လီရွှမ်းနှင့် လီဟန်တို့သည် အတူတကွ ဝင်ရောက်လာကြပြီး တညီတညွတ်တည်း ဒူးထောက်လိုက်ကြသည်။

လီရွှီနှင့် လီရွှမ်းကတော့ ထားပါတော့။ လီဟန်က ၃ နှစ်အရွယ် ကလေးလေးသာ ရှိသေးပြီး ထိုနေရာတွင် ဒူးထောက်နေသော ပုံစံလေးမှာ သေးသေးကွေးကွေးလေးနှင့် တကယ်ကို သနားစရာ ကောင်းလှသည်။ မယ်တော်ကြီးကျောက်မှာ ရင်ထဲမကောင်း ဖြစ်သွားပြီး ဆက်တိုက် ပြောလိုက်လေသည်။ "အို... မြစ်တော်တို့ ဘာလုပ်နေကြတာလဲ။ မြန်မြန်ထပြီး စကားပြောကြ။ ဒူးထောက်မနေကြနဲ့"

ကလေးသုံးယောက်သည် လှုပ်မသွားဘဲ ဆက်လက် ဒူးထောက်နေကြသည်။

လီရွှီသည် အစ်ကိုကြီး ဖြစ်သည့်အားလျော်စွာ တာဝန်ယူရမည်ဖြစ်သဖြင့် ပထမဆုံး စကားစပြောပြီး အပြစ်တောင်းပန်လေသည်။ "ဘွားဘွားတော်၊ အဘိုးတော်... မြေးတော်တို့ အပြစ်လုပ်မိပါတယ်။ အခု အထူးတလည် လာပြီး အပြစ်တောင်းပန်တာပါ"

လီရွှမ်းသည်လည်း ပုံမှန်လို မာန်ပါမနေဘဲ ညှိုးငယ်စွာ ပြောလိုက်လေသည်။ "မြေးတော်တို့ မကောင်းတာပါ။ ဟန်ဆောင်ပြီး ဘွားဘွားတော်နဲ့ အဘိုးတော်ကို လှည့်စားခဲ့မိပါတယ်။ ဒီနေ့ သမီးတော်တို့ အပြစ်လာခံယူတာပါ"

လီဟန်ကတော့ ဘာမှမပြောဘဲ နှုတ်ခမ်းလေး ထော်ကာ ငိုတော့သည်။ အသံကျယ်ကြီးဖြင့် မဟုတ်ဘဲ ကိုယ်ခန္ဓာလေး တသိမ့်သိမ့်တုန်ကာ ငိုရှိုက်နေသည်မှာ မိဘမဲ့ကလေးလေး တစ်ယောက်လို သနားစရာ ကောင်းလှသည်။

မယ်တော်ကြီးကျောက်သည် သနားလွန်းသဖြင့် လီဟန်ကို ကောက်ချီလိုက်လေသည်။ "ဟန်အာလေး လိမ္မာတယ်။ မငိုနဲ့တော့နော်။ ဘွားဘွားတော်က မြေးတော်လေးကို အပြစ်မတင်ပါဘူး"

လီဟန်သည် အစ်ကိုနှင့် အစ်မ မှာကြားထားသည်များကို သေချာမှတ်သားထားသဖြင့် မယ်တော်ကြီးကျောက်၏ လည်ပင်းကို ဖက်ကာ အော်ငိုလေတော့သည်။ "ဘွားဘွားတော်... ဟန်အာ မှားသွားပါတယ်။ ဟန်အာကို စိတ်မဆိုးပါနဲ့နော်"

မယ်တော်ကြီးကျောက်သည် လီဟန်၏ ငိုသံကြောင့် မျက်ဝန်းများ နီရဲလာပြီး မျက်ရည်များပါ လိုက်ကျလုနီးပါး ဖြစ်သွားသည်။ "ဘွားဘွားတော်က ဘယ်လိုလုပ် မြစ်တော်လေးကို စိတ်ဆိုးရက်မှာလဲ။ လိမ္မာတယ်နော်... တိတ်တိတ်... မငိုနဲ့တော့"

ယုံးကျားဧကရာဇ်သည် ကျောက်ခဲလို မာကျောသော စိတ်နှလုံး ရှိသူဖြစ်သော်လည်း သည်အခြေအနေကိုတော့ မတောင့်ခံနိုင်တော့ပေ။ တင်းကျပ်နေသော မျက်မှောင်များ ပြေလျော့သွားပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။ "လီရွှီ၊ လီရွှမ်း... မင်းတို့နှစ်ယောက် ထလိုက်။ ကျန်း မင်းတို့ကို မေးစရာရှိတယ်"

ထိုအခါမှ လီရွှီနှင့် လီရွှမ်းတို့သည် မတ်တပ်ထရပ်လိုက်ကြပြီး ခေါင်းငုံ့ကာ အပြစ်ရှိသူများကဲ့သို့ သနားစရာ ပုံစံလေးများ လုပ်နေကြသည်။

ယုံးကျားဧကရာဇ်သည် ဒေါသထွက်စရာ ကောင်းသလို သနားစရာလည်း ကောင်းနေသဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပြောလိုက်သည်။ "ဒါ လုရှီ သင်ပေးထားတာ မဟုတ်လား။ ကျန်း ဒေါသထွက်မယ်ဆိုတာ သိလို့ မင်းတို့သုံးယောက်ကို လာပြီး အပြစ်တောင်းပန်ခိုင်းတာလေ။ ကျန်း စိတ်ပျော့သွားအောင်လို့ပေါ့"

လီရွှီက ရှက်ရွံ့သည့် မျက်နှာထားဖြင့် ပြန်ဖြေသည်။ "အဲလို မဟုတ်ပါဘူး။ မူချင်း(အမေ)က အလျင်စလို သွားရတာမို့လို့ မြေးတော်တို့ကို ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ပဲ မှာသွားတာပါ။ မြေးတော်တို့ဘာသာ မလုပ်သင့်တာ လုပ်မိတယ်လို့ ခံစားရလို့အ ဘိုးတော်ဆီ လာပြီး အပြစ်ဝန်ခံတာပါ"

"အဘိုးတော်... မြေးတော်တို့ မှားသွားပါတယ်" ဘယ်တော့မှ မငိုတတ်သော လီရွှမ်းသည် ယနေ့တွင် မျက်လုံးများ နီရဲနေပြီး လက်ဖမိုးဖြင့် မျက်လုံးကို ပွတ်သပ်လိုက်သည်။ "အဘိုးတော် မြေးတော်တို့ကို အပြစ်ပေးပါ"

ယုံးကျားဧကရာဇ် "..."

ယုံးကျားဧကရာဇ်သည် သားသမီးများကို ချစ်ခင်သော ဖခင်ကောင်းတစ်ယောက် ဖြစ်ခဲ့သည်။ ထိုက်ဇီ လီကျင့်ကို သတိထားနေရသော်လည်း မျက်နှာချင်းဆိုင်တွင် တစ်ခါမှ ဆူပူကြိမ်းမောင်းခြင်း မရှိခဲ့ပေ။ မြေးတော်များ လက်ထက် ရောက်သောအခါတွင်တော့ ပို၍ပင် ချစ်ခင်မြတ်နိုးလေသည်။

လီရွှီနှင့် လီရွှမ်းတို့၏ ပုံစံကို မြင်သောအခါ ယုံးကျားဧကရာဇ်၏ စိတ်နှလုံးသည် ပျော့ပျောင်းနေပြီ ဖြစ်သော်လည်း ပါးစပ်ကတော့ မာကျောစွာ ပြောလိုက်လေသည်။ "မှားတာက လုရှီလေ။ မင်းတို့နဲ့ ဘာမှမဆိုင်ဘူး။ မင်းတို့ အပြစ်တောင်းပန်စရာ မလိုဘူး"

"မူချင်းက ဖုချင်(အဖေ)ရဲ့ အန္တရာယ်ကို စိတ်ပူလို့ အဘိုးတော်ရဲ့ အပြစ်ပေးတာကို ခံရမယ်ဆိုတာ သိရက်နဲ့ စွန့်စားပြီး နန်းတော်က ထွက်သွားတာပါ" လီရွှီ၏ အသံထဲတွင် ရှိုက်သံအနည်းငယ် ပါဝင်နေသည်။ "မြေးတော်တို့က ဖုချင်အတွက်ရော မူချင်းအတွက်ပါ စိတ်ပူနေရပါတယ်"

လီရွှမ်း၏ မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲနေပြီဖြစ်သည်။ "မူချင်း အမှားလုပ်မိတာကို မြေးတော်တို့က မူချင်းအစား အပြစ်ခံယူပါ့မယ်။ ဘိုးတော် မြေးတော်တို့ကို အကျယ်ချုပ် ချချင်ချ၊ ဒူးထောက်ခိုင်းချင်ခိုင်း၊ စာကူးရေးခိုင်းချင်ခိုင်း၊ ဒါမှမဟုတ် သုံးရက် ထမင်းမကျွေးဘဲ ထားချင်ထားပါ"

လီဟန်၏ တိုးညင်းသော ငိုသံလေးသည် ရုတ်တရက် ကျယ်လောင်လာသည်။ "မြေးတော် ဗိုက်ဆာတယ်။ အခု ထမင်းစားချင်တယ်!"

မယ်တော်ကြီးကျောက်သည် မနေနိုင်တော့ဘဲ ဆက်တိုက် ပြောလိုက်လေသည်။ "ဘွားဘွားတော် အခုပဲ ထမင်းပွဲ ပြင်ခိုင်းလိုက်မယ်။ ဟန်အာလေးကို အစာမငတ်စေရပါဘူး"

လီဟန်က ရှိုက်ကြီးတငင် ပြောလိုက်သည်။ "အဘိုးတော်က စိတ်ဆိုးနေတုန်းပဲ။ မြေးတော် မစားရဲဘူး"

မယ်တော်ကြီးကျောက်က ချက်ချင်း မျက်စောင်းထိုးလိုက်သည်။ "မိုးပြိုရင်တောင် ထမင်းစားရမယ်။ ဟန်အာလေးတို့ ဗိုက်ဝအောင် စားပြီးမှ အရှင်မင်းကြီး မျက်နှာတည်ချင် တည်ပါစေတော့"

ယုံးကျားဧကရာဇ် "..."

ထားလိုက်ပါတော့။ ဒီလိုအခြေအနေမျိုးမှာ ဘာများ စိတ်ဆိုးစရာ ရှိတော့မှာလဲ။

ဘယ်လောက်ပဲ ဒေါသထွက်ထွက် ကလေးတွေကိုတော့ မာန်မဲလို့ မဖြစ်ဘူးလေ။

ယုံးကျားဧကရာဇ်သည် နဖူးကို ပွတ်သပ်လိုက်ပြီး လီရွှီနှင့် လီရွှမ်းကို ပြောလိုက်သည်။ "ကျန်းနဲ့အတူ နေ့လယ်စာ စားကြရအောင်"

လီရွှီနှင့် လီရွှမ်းတို့သည် လိမ္မာစွာ ခေါင်းညိတ်လိုက်ကြသည်။

ဒီလောက် လိမ္မာရေးခြားရှိပြီး ထက်မြက်ချစ်စရာကောင်းတဲ့ မြေးတော်တွေကို ကမ္ဘာပေါ်မှာ ဘယ်မှာမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး။

ဒီအချက်လေး တစ်ချက်တည်းနဲ့တင် ချွေးမ လုမင်ယွိက အကျိုးဆောင်တစ်ယောက် ဖြစ်နေပြီ။ ဒါပေမဲ့ ဒီ လုမင်ယွိက သတ္တိတွေ အရမ်းကောင်းလွန်းနေတာပဲ။ ယုံးကျားဧကရာဇ်သည် တွေးလိုက်တိုင်း ခေါင်းကိုက်လာရသဖြင့် လောလောဆယ်တွင် ဘာမှမတတ်နိုင်ဘဲ ဒေါသကို မျိုသိပ်ထားလိုက်ရသည်။

……

ဒီနေ့လယ်စာကို ယုံးကျားဧကရာဇ်သည် အရသာမခံစားနိုင်ဘဲ ပြီးစလွယ်သာ စားသောက်ပြီး တူကို ချလိုက်သည်။

လီရွှီနှင့် လီရွှမ်းတို့သည် စည်းကမ်းတကျဖြင့် ဗိုက်တစ်ဝက်လောက်သာ စားကြပြီး ယုံးကျားဧကရာဇ် တူချလိုက်သည်နှင့် သူတို့လည်း လိုက်ချလိုက်ကြသည်။

လီဟန်ကတော့ ငိုပြီးသည်နှင့် မျက်ရည်သုတ်ကာ ခေါင်းငုံ့ပြီး အားရပါးရ စားသောက်လေတော့သည်။ ဗိုက်လေး စူထွက်လာမှသာ ရပ်တန့်လိုက်သည်။

မယ်တော်ကြီးကျောက်သည် မနေနိုင်ဘဲ မေးလိုက်သည်။ "ဟန်အာလေး ထမင်းမစားရတာ ရက်အတော်ကြာနေပြီလား"

လီဟန်က နှုတ်ခမ်းကို မဲ့လိုက်ပြီး ခေါင်းညိတ်ပြသည်။ "မြေးတော် နေ့တိုင်း မူချင်းကို လွမ်းတယ်။ မူချင်း မရှိတော့ သားတော် ထမင်းမစားချင်တော့ဘူး"

မယ်တော်ကြီးကျောက်သည် ရင်ထဲတွင် ဒေါသထွက်လာပြီး ပြောလိုက်သည်။ "သူက မင်းတို့သုံးယောက်ကို ဒီအတိုင်း ပစ်ထားခဲ့တာ။ တကယ့်ကို ရက်စက်လွန်းတယ်"

လီဟန်က ချက်ချင်း အသံကျယ်ကြီးဖြင့် ပြန်ပြောလိုက်သည်။ "မူချင်းက ဖုချင်ကို ကယ်ဖို့သွားတာ။ မူချင်းက သားတော်ကို ပစ်ထားခဲ့တာ မဟုတ်ဘူး"

မယ်တော်ကြီးကျောက် "..."

လီရွှမ်းက လီဟန်ကို မျက်စောင်းထိုးလိုက်သည်။

လီဟန်သည် အလိုအလျောက် လည်ပင်းကို ပုလိုက်ပြီး ထပ်မအော်ရဲတော့ပေ။

ယုံးကျားဧကရာဇ်သည် နှုတ်ခမ်းထောင့်ကို တွန့်လိုက်ပြီး ထရပ်ကာ ပြောလိုက်သည်။ "ကျန်း ဝမ်ဟွားနန်းဆောင်ကို သွားပြီး အစီရင်ခံစာတွေ ဖတ်ရဦးမယ်။ မင်းတို့သုံးယောက် အရှေ့နန်းဆောင်ကို ပြန်ပြီး ကောင်းကောင်းနေကြ။ ဘာကိစ္စမှ မင်းတို့နဲ့ မဆိုင်ဘူး။ ကြောက်လန့်နေစရာ မလိုဘူး"

ကလေးသုံးယောက်သည် တညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။

လီရွှီက သတ္တိမွေးပြီး တောင်းဆိုလိုက်သည်။ "အဘိုးတော်... မြေးတော်တို့ နေ့တိုင်း အဘွားတော်ဆီ သွားပြီး ဂါရဝပြုလို့ ရမလား"

လီရွှမ်းကလည်း တောင်းပန်တိုးလျှိုးသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ "အဘွားတော် နေမကောင်းဖြစ်နေတာ။ ဖုချင်နဲ့ မူချင်းလည်း နန်းတော်ထဲမှာ မရှိကြဘူး။ မြေးတော်က ဖုချင်နဲ့ မူချင်း ကိုယ်စား အဘွားတော်ကို ပြုစုချင်လို့ပါ"

လီဟန်သည် စိတ်လောသွားပြီး ကုလားထိုင်ပေါ်မှ လျှောဆင်းကာ ယုံးကျားဧကရာဇ် ရှေ့သို့ ပြေးသွားပြီး အင်္ကျီလက်စကို ဆွဲကာ ယမ်းခါနေတော့သည်။ "အဘိုးတော်... မြေးတော်လည်း လိုက်သွားချင်တယ်"

ယုံးကျားဧကရာဇ် "..."

ကလေးမျက်နှာလေး သုံးခုက မော့ကြည့်နေကြပြီး မျက်လုံးဝိုင်းဝိုင်းလေးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေလေသည်။

ဒါပေမဲ့ ကလေးတွေကို ကျောင်းဖန်နန်းဆောင်ထဲ ဝင်ခွင့်ပေးလိုက်ရင် အကျယ်ချုပ် ချထားတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။

ယုံးကျားဧကရာဇ်သည် စိတ်ကိုတင်းလိုက်ပြီး မျက်နှာထား တင်းတင်းဖြင့် ပြောလိုက်သည်။ "မင်းတို့ အဘွားတော် နေမကောင်းဖြစ်နေတာ။ ကောင်းကောင်း အနားယူဖို့ လိုတယ်။ မင်းတို့ သွားပြီး မနှောင့်ယှက်ကြနဲ့။ ရောဂါကူးမှာလည်း စိုးရိမ်ရတယ်"

ထို့နောက် ကလေးများ၏ စိတ်ပျက်အားငယ်နေသော အကြည့်များအောက်မှ လက်ကိုခါရမ်းကာ ထွက်ခွာသွားလေတော့သည်။

...

All Chapters