← Chapters

အခန်း (၅၇၁-၅၇၃)

Vol. 39 Ch. 571-573

အခန်း (၅၇၁-၅၇၃)

Vol. 39 Ch. 571-573

အပိုင်း (၅၇၁) နေမကောင်းဖြစ်ခြင်း (၁)

ချောင်မိဖုရားခေါင် နေမကောင်းဖြစ်သည့်ကိစ္စသည် မျက်တောင်တစ်ခတ်အတွင်း အနောက်နန်းဆောင် တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။

အတွင်းရေးကို မသိကြသော မိဖုရားငယ်များသည် ထုံးစံအတိုင်း ကျောင်းဖန်နန်းဆောင်သို့ ဂါရဝပြုရန် ရောက်ရှိလာကြသော်လည်း တံခါးပိတ် ငြင်းပယ်ခံကြရလေသည်။

နန်းဆောင်တံခါးစောင့် နန်းတွင်းသူများသည် ရောက်ရှိလာသူတိုင်းကို တစ်ပုံစံတည်းသာ ပြောဆိုကြသည်။ "ထိုက်ဇီ အရှင်မင်းသား လုပ်ကြံခံရပြီး ဒဏ်ရာရတယ်ဆိုတဲ့ သတင်းကြောင့် ဟွမ်ဟုပ်ညန်ညန် စိတ်ထိခိုက်ပြီး ရောဂါအခြေအနေ ဆိုးရွားလာပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး နန်းဆောင်တံခါးပိတ်ကာ အနားယူတော့မှာပါ။ ဟွမ်ဟုပ်ညန်ညန် ကျန်းမာလာတဲ့အခါ ညန်ညန်တို့ကို ပြန်ပြီး ခေါ်တွေ့ပါလိမ့်မယ်"

ဆိုလိုသည်မှာ ချောင်မိဖုရားခေါင်၏ အမိန့်မရှိဘဲ နောက်နောင် ဘယ်သူမှ ဂါရဝပြုရန် လာစရာမလိုတော့ပေ။

မနေ့က လာတုန်းကတော့ ချောင်မိဖုရားခေါင်၏ အိပ်ဆောင်အထိ ဝင်ခွင့်ရခဲ့သေးသည်။ ဒီနေ့ကျမှ ကျောင်းဖန်နန်းဆောင် တံခါးဝတောင် ပေးမဝင်တော့ဘူးလား။

နန်းတွင်းသို့ အသစ်ရောက်ရှိလာသော ကိုယ်လုပ်တော်များသည် သံသယများ ပြည့်နှက်နေကြသော်လည်း ပါးစပ်ဟရဲသူ မရှိကြဘဲ အသီးသီး ပြန်သွားကြလေသည်။

ယန်ဖင် တစ်ယောက်သာ ပြန်မသွားဘဲ စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန် အနားယူနေမယ်ဆိုရင် ဆဋ္ဌမမင်းသားလေးက ဘယ်လိုလုပ်မလဲ"

ဆဋ္ဌမမင်းသားကို ကျောင်းဖန်နန်းဆောင်တွင် မွေးစားထားခြင်းဖြစ်ပြီး ဂါရဝပြုရန် လာရောက်ချိန်တွင်သာ သားဖြစ်သူ၏ မျက်နှာကို ခဏတဖြုတ် ကြည့်ခွင့်ရလေသည်။ ယခုကဲ့သို့ ချောင်မိဖုရားခေါင်က တံခါးပိတ် အနားယူလိုက်ပြီဆိုလျှင် သူမအနေဖြင့် သားတော်ကို မည်သို့ တွေ့ခွင့်ရနိုင်တော့မည်နည်း။

တံခါးစောင့် နန်းတွင်းသူသည် ကြိုတင်မှာကြားထားသည့်အတိုင်း ရိုသေစွာ ပြန်ဖြေလိုက်လေသည်။ "ယန်ဖင်ညန်ညန်ကို လျှောက်တင်ပါတယ်။ ဟွမ်ဟုပ်ညန်ညန်က နေမကောင်းဖြစ်နေတာကြောင့် ဆဋ္ဌမမင်းသားလေးကို ဂရုမစိုက်နိုင်တော့လို့ မနေ့ညကတည်းက ရှို့နင်နန်းဆောင်ကို ပို့ဆောင်လိုက်ပါပြီ။ ယန်ဖင်ညန်ညန် ဆဋ္ဌမမင်းသားလေးကို တွေ့ချင်ရင် ရှို့နင်နန်းဆောင်ကို သွားပြီး ဂါရဝပြုနိုင်ပါတယ်"

ထိုအခါမှ ယန်ဖင်သည် သက်ပြင်းချနိုင်ပြီး မျက်ဝန်းထဲတွင် ဝမ်းသာရိပ်များ ယှက်သန်းလာလေတော့သည်။

နားယောင်လွယ်သော မယ်တော်ကြီးကျောက်သည် ချောင်မိဖုရားခေါင်ထက်စာလျှင် ပိုပြီး လှည့်ဖြားရလွယ်ကူသည်။ ထို့အပြင် ကလေးကို အဘွားဖြစ်သူနားတွင် ထားရသည်မှာ တရားဝင်မိခင်၏ မျက်စိအောက်တွင် ထားရသည်ထက်စာလျှင် ပိုကောင်းသည် မဟုတ်ပါလား။

ယန်ဖင်သည် တစ်ခဏမျှပင် အချိန်ဆွဲမနေတော့ဘဲ ချက်ချင်းလှည့်ကာ ရှို့နင်နန်းဆောင်သို့ ဂါရဝပြုရန် ထွက်ခွာသွားလေတော့သည်။

ရှို့နင်နန်းဆောင်သို့ ရောက်သောအခါ ပထမဆုံး တွေ့လိုက်ရသူမှာ ချင်ဖေး ဖြစ်လေသည်။

"ချင်ဖေးညန်ညန်ကို ဂါရဝပြုပါတယ်" ယန်ဖင်သည် မျက်နှာသာပေးမခံရတော့သည့် နောက်ပိုင်းတွင် အနေအထိုင် အတော်လေး ဆင်ခြင်လာပြီး ရိုးသားအေးဆေးစွာ နေထိုင်တတ်လာပြီ ဖြစ်သည်။ ချင်ဖေးကို တွေ့သောအခါတွင်လည်း အနည်းငယ်မျှပင် မလေးမစား မလုပ်ရဲပေ။

ချင်ဖေးက ဖော်ရွေစွာ ပြုံးလိုက်လေသည်။ "တို့တွေအားလုံးက အရှင်မင်းကြီးကို ပြုစုနေကြတဲ့ ညီအစ်မတွေပဲ။ ငါက မင်းထက် အသက်နည်းနည်း ပိုကြီးတာဆိုတော့ ချင်ကျဲကျဲလို့ ခေါ်ရင် ရပါတယ်"

အသက်အရွယ်အရ ပြောရလျှင် ချင်ဖေးသည် ယန်ဖင်၏ မိခင်အရင်းထက်ပင် ၂ နှစ်ခန့် ပိုကြီးလေသည်။ သို့သော် အားလုံးသည် ဧကရာဇ်မင်းမြတ်၏ မိန်းမများ ဖြစ်ကြသဖြင့် ညီအစ်မလို ဆက်ဆံကြရသည်မှာ ထုံးစံပင်။

ယန်ဖင်သည် စိတ်ထဲတွင် နှာခေါင်းရှုံ့လိုက်သော်လည်း မျက်နှာပေါ်တွင်တော့ အံ့ဩဝမ်းသာဟန်ဆောင်လိုက်ပြီး ချင်ဖေးကျဲကျဲ ဟု ပြောင်းခေါ်လိုက်လေသည်။

ချင်ဖေးသည် ယန်ဖင်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး တိုးတိုးလေး သက်ပြင်းချလိုက်သည်။ "ဆဋ္ဌမမင်းသားလေးက ကျောင်းဖန်နန်းဆောင်မှာ နေရတာ ကောင်းပါတယ်။ ဒါပေမဲ့ ထိုက်ဇီ ဒုက္ခရောက်သွားတော့ ဟွမ်ဟုပ်ညန်ညန်လည်း အိပ်ရာထဲ လဲသွားရှာပြီ။ အခု ဆဋ္ဌမမင်းသားလေးကို ရှို့နင်နန်းဆောင်မှာ ယာယီ ရွှေ့ထားရတယ်"

ဆဋ္ဌမမင်းသားအကြောင်း ပြောလိုက်သည်နှင့် ယန်ဖင်၏ မျက်လုံးများ အရောင်တောက်လာလေသည်။ "ချင်ဖေးကျဲကျဲ... မေ့မေ့(ညီမလေး) ဆဋ္ဌမမင်းသားကို တွေ့လို့ ရမလားဟင်"

ချင်ဖေး၏ မျက်ဝန်းအိမ်များ အရောင်လက်သွားပြီး ပြုံးလိုက်လေသည်။ "သားအမိတွေ တွေ့ချင်တယ်ဆိုတာ သဘာဝပဲလေ။ မယ်တော်ကြီးကလည်း သဘောထား အပြည့်ဝဆုံးပါ။ ငါ မင်းနဲ့အတူ မယ်တော်ကြီးဆီ လိုက်ပြီး တောင်းဆိုပေးပါ့မယ်။ မယ်တော်ကြီးက ငြင်းမှာ မဟုတ်ပါဘူး"

ယန်ဖင်သည် ဝမ်းသာအားရဖြင့် ကမန်းကတန်း အရိုအသေပြုကာ ကျေးဇူးတင်လိုက်လေသည်။ "ဒါဆို ချင်ဖေးကျဲကျဲကိုပဲ အားကိုးရတော့မယ်"

မယ်တော်ကြီးကျောက်သည် နားယောင်လွယ်သော်လည်း လူတိုင်းပြောသမျှကိုတော့ နားထောင်တတ်သူ မဟုတ်ပေ။ အနောက်နန်းဆောင်တွင် မယ်တော်ကြီးကျောက် အချစ်ဆုံးနှင့် အရင်းနှီးဆုံးသူမှာ ချင်ဖေးသာ ဖြစ်သည်။ ချင်ဖေး တစ်ခွန်းပြောလိုက်လျှင် တခြားလူ ဆယ်ခွန်း အခွန်းတစ်ရာ ပြောသည်နှင့် ညီမျှလေသည်။

ယန်ဖင်သည် ချင်ဖေးက သူမကို တမင်တကာ စည်းရုံးသိမ်းသွင်းနေမှန်း သိသော်လည်း မျက်နှာချိုသွေးကာ ခေါင်းငုံ့ခံရတော့သည်။

ချင်ဖေးသည် ယန်ဖင်၏ အလိုက်သိမှုကို သဘောကျသွားပြီး ကျေနပ်သွားလေသည်။

ချောင်မိဖုရားခေါင် "နေမကောင်းဖြစ်သည်" ဆိုသည့် အကြောင်းပြချက်ကို တခြားသူများ ယုံလျှင်ယုံမည်၊ သူမကိုတော့ လှည့်စား၍ မရပေ။ ယခု ထိုက်ဇီ ဒဏ်ရာရထားပြီး အခြေအနေ အန္တရာယ်ရှိနေချိန်၊ ထိုက်ဇီဖေး လုမင်ယွိ နန်းတော်ထဲတွင် မရှိချိန်၊ အရှေ့နန်းဆောင်တွင် ကလေးသုံးယောက်သာ ကျန်ရှိနေချိန်... ချောင်မိဖုရားခေါင်က အကျယ်ချုပ်ကျနေချိန်...

ဒီလောက် ကောင်းမွန်တဲ့ အခွင့်အရေးကိုမှ မွှေမနှောက်ဘဲ နေလိုက်လျှင် ကိုယ့်ကိုယ်ကိုယ် အားနာစရာ ကောင်းနေပေလိမ့်မည်။

အရင်ဆုံး ယန်ဖင်ကို စည်းရုံးပြီး နောက်ပိုင်းကျလျှင် ယန်ဖင်ဆိုတဲ့ ကျောက်ခဲလေးကိုသုံးပြီး လှုပ်ရှားမှုကို စောင့်ကြည့်ရမည်။ လှုပ်ရှားမှု ကြီးမားသွားရင်တောင် ပွန်းပဲ့သွားမှာက ကျောက်ခဲလေးပဲ ဖြစ်ပြီး သူမကို ထိခိုက်လာမှာ မဟုတ်ဘူး။

ချင်ဖေးသည် စိတ်ကူးယဉ်ရင်း ယန်ဖင်အပေါ် ပိုပြီး ရင်းနှီးဖော်ရွေဟန်ပြကာ လက်ချင်းချိတ်လျက် မယ်တော်ကြီးကျောက်၏ အိပ်ဆောင်ဆီသို့ ဝင်သွားကြလေတော့သည်။

……

ကျောင်းဖန်နန်းဆောင်၏ အပြင်ဘက်တွင်။

မိဖုရားငယ်များ အားလုံး ပြန်သွားကြပြီဖြစ်သော်လည်း မုန့်ဖေးနှင့် ဝမ်ကျဲယွီ နှစ်ယောက်သာ ကျန်ရစ်တော့သည်။

မုန့်ဖေးသည် မိဖုရားငယ်များ တစ်ယောက်ပြီးတစ်ယောက် ပြန်လွှတ်ခံရသည်ကို အေးစက်စွာ ကြည့်ရှုရင်း စိတ်ထဲတွင် ကျိတ်ရယ်နေမိသည်။

ဘာ တံခါးပိတ်ပြီး အနားယူမှာလဲ။ ဒီလို အရှက်ပြေ အကြောင်းပြချက်မျိုးက တခြားသူတွေကို လှည့်စားလို့ရရင် ရလိမ့်မယ်။ သူမအတွက်တော့ လုံးဝ အသုံးမဝင်ဘူး။ ဘာပဲပြောပြော သူမကိုယ်တိုင်လည်း တစ်နှစ်ကျော်ကြာအောင် "တံခါးပိတ် အနားယူ" ခဲ့ဖူးတာပဲ မဟုတ်လား။

မုန့်ဖေးသည် ပြန်မသွားဘဲ ပွဲကြည့်ပရိသတ် လုပ်နေလေသည်။

ဝမ်ကျဲယွီကတော့ တကယ်ပဲ စိတ်ပူနေပြီး မျက်မှောင်ကြုတ်လျက် တံခါးစောင့် နန်းတွင်းသူကို လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန် အနားယူနေတာကို မနှောင့်ယှက်ရဲပါဘူး။ ညန်ညန်ကို ငါ့အစား စကားပါးပေးပါ။ ညန်ညန် စိတ်အေးလက်အေး အနားယူပါလို့။ တကယ်လို့ တစ်ခုခု ခိုင်းစရာရှိရင် ဖန်းဟွာနန်းဆောင်ကို လူလွှတ်ပြီး အကြောင်းကြားလိုက်ပါလို့ ပြောပေးပါနော်"

စကားဆုံးသည်နှင့် ဘေးနားမှ လှောင်ရယ်သံ တစ်ခု ထွက်ပေါ်လာလေသည်။ "ဟွမ်ဟုပ်က တကယ့်ကို ခွေးကောင်းတစ်ကောင် မွေးထားတာပဲ။ ဒါပေမဲ့ ဒီခွေးက အခွင့်အရေးရရင် သခင်ကို ပြန်ကိုက်မလားဆိုတာတော့ မပြောတတ်ဘူး"

ဒီစကားက ဘယ်လောက်တောင် နားခါးလိုက်ပါသနည်း။

ပုံမှန်ဆို စိတ်သဘောထား နူးညံ့သိမ်မွေ့သော ဝမ်ကျဲယွီသည် ဒေါသအကြီးအကျယ် ထွက်သွားပြီး မုန့်ဖေးကို ချက်ချင်း လှည့်ကြည့်လိုက်လေသည်။ "မုန့်ဖေးညန်ညန် ကိုယ့်ကိုယ်ကိုယ် လေးစားမှု ရှိပါ"

မုန့်ဖေး၏ ရန်သူတော်ကြီးမှာ ချောင်မိဖုရားခေါင် ဖြစ်သော်လည်း ဒီနှစ်တွေမှာ မုန့်ဖေး မနာလိုဝန်တိုဆုံးမှာ ဝမ်ကျဲယွီ ဖြစ်လေသည်။

မှန်ထဲက ကိုယ့်ရုပ်သွင်က မနေ့ကပွင့်တဲ့ ပန်းတစ်ပွင့်လို တစ်နေ့တစ်ခြား ညှိုးနွမ်းလာနေချိန်မှာ ကိုယ်နဲ့ ရုပ်ချင်းဆင်တူတဲ့ ဝမ်ကျဲယွီကတော့ ပန်းတစ်ပွင့်လို လှပနေဆဲဖြစ်ပြီး အရှင်မင်းကြီးရဲ့ အချစ်တော်အဖြစ် တည်မြဲနေဆဲ။ မုန့်ဖေးတစ်ယောက် ရင်ထဲမှာ ဘယ်လိုလုပ် မမုန်းဘဲ နေနိုင်ပါမည်နည်း။

ဒါပေမဲ့ ဝမ်ကျဲယွီက ခေါင်းငုံ့ခံနေတတ်ပြီး မည်သူနှင့်မှ စကားနိုင်မလုတတ်ပေ။ သူမအနေဖြင့် ပြဿနာရှာပြီး အနိုင်ကျင့်ချင်လျှင်ပင် အခွင့်အရေး မရခဲ့ပေ။

ဒီတစ်ခါတော့ အခွင့်ကောင်း ကြုံပြီ။

မုန့်ဖေးက မျက်ခုံးပင့်လိုက်ပြီး ဟန်ဆောင်ပြုံးလိုက်လေသည်။ "ဝမ်ကျဲယွီရဲ့ စကားက ဘာသဘောလဲ။ ငါက ဘယ်နေရာမှာ ကိုယ့်ကိုယ်ကိုယ် လေးစားမှု မရှိတာလဲ။ ငါ အခုပြောလိုက်တာတွေက အမှန်တရားတွေချည်းပဲ။ ဒါပေမဲ့ အမှန်တရားဆိုတာ နားထောင်ရ ခါးသီးတတ်တယ်လေ။ သူခိုးလူမိုက်တွေ ကြားရင်တော့ လိပ်ပြာလွင့်ပြီး ဒေါသထွက်ကြတာပေါ့"

ဝမ်ကျဲယွီ၏ လှပသော မျက်နှာလေးသည် ဒေါသကြောင့် နီရဲလာလေသည်။

သူမသည် ပုံမှန်ဆိုလျှင် သိုသိုသိပ်သိပ် နေတတ်ပြီး သူများနှင့် ရန်မဖြစ်ချင်ပေ။ မုန့်ဖေးက အကြိမ်ကြိမ်အခါခါ ရန်စခဲ့တာတောင် သူမက သည်းခံခဲ့သည်။

သို့သော် ဒီနေ့တော့ သည်းမခံနိုင်တော့ပေ။

"ဟွမ်ဟုပ်ညန်ညန်က ကျွန်မအပေါ် ကျေးဇူးတရား ကြီးမားပါတယ်။ ကျွန်မက ညန်ညန်ရဲ့ဘေးနားက ခွေးတစ်ကောင်အဖြစ် ခံယူရမယ်ဆိုရင်တောင် ကျေနပ်ပါတယ်။ ခွေးဆိုတာ သစ္စာအရှိဆုံးပဲ။ ကိုယ့်သခင်ကို ဘယ်တော့မှ သစ္စာမဖောက်ဘူး" ဝမ်ကျဲယွီက အေးစက်စွာ ပြောလိုက်လေသည်။ "မုန့်ဖေးညန်ညန်တော့ နားလည်မှာ မဟုတ်ပါဘူး။ ဘာပဲပြောပြော မုန့်ဖေးညန်ညန်က ခွေးမွေးတဲ့ သခင်တစ်ယောက် ဖြစ်ဖို့ အရည်အချင်းမှ မမီတာ"

ဒီစကားက မုန့်ဖေး၏ အနာကို တည့်တည့်ထိမှန်သွားလေသည်။

မုန့်ဖေး၏ မျက်နှာထား ပြောင်းလဲသွားပြီး ဝမ်ကျဲယွီကို စူးစူးရဲရဲ စိုက်ကြည့်လိုက်လေသည်။ "နင် ဘာပြောလိုက်တာလဲ"

ဝမ်ကျဲယွီက တည်ငြိမ်စွာ ပြောလိုက်သည်။ "မုန့်ဖေးညန်ညန်က နားပါးပါတယ်။ ကျွန်မ ဘာပြောလဲဆိုတာ မကြားဘဲ နေပါ့မလား။ ထားလိုက်ပါတော့လေ။ မုန့်ဖေးညန်ညန် ကြားချင်တယ်ဆိုရင်လည်း နောက်တစ်ခေါက် ထပ်ပြောပြပါ့မယ်"

"ကျွန်မတို့အားလုံးက မိဖုရားငယ်တွေချည်းပါပဲ။ ရာထူး အနိမ့်အမြင့်သာ ကွာခြားတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီနန်းတော်ထဲမှာ ဟွမ်ဟုပ်ညန်ညန် တစ်ယောက်တည်းသာ တရားဝင်ဇနီးမယား ဖြစ်ပြီး ကျွန်မတို့အားလုံးက မယားငယ်တွေပါ"

"ကိုယ်လုပ်တော်ပဲဖြစ်ဖြစ် မယားငယ်ပဲဖြစ်ဖြစ် ဘယ်သူမှ တကယ့်သခင်မ မဟုတ်ကြပါဘူး။ ဘယ်သူကများ ကျွန်မတို့ကို တရားဝင် လက်ထပ်ပြီး ဝေါယာဉ်နဲ့ အခမ်းအနားနဲ့ ခေါ်ယူခဲ့လို့လဲ။ မုန့်ဖေးညန်ညန်... ဟုတ်တယ် မဟုတ်လား"

မုန့်ဖေးသည် ဒေါသကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာပြီး ဝမ်ကျဲယွီ၏ နှာခေါင်းကို လက်ညှိုးထိုးကာ ဆဲဆိုလေတော့သည်။ "ဟွန်း! နင်လို အောက်တန်းစားမကများ! ရာဇဝတ်သားရဲ့ သမီးဖြစ်ပြီး ကံကောင်းလို့ နဂါးပျံခုတင်ပေါ် ရောက်သွားတာကိုများ ငါနဲ့ လာယှဉ်ရဲတယ်!"

လက်ညှိုးသည် ဝမ်ကျဲယွီ၏ နှာခေါင်းကို ထိုးမိလုနီးပါး ဖြစ်နေပြီ။

ဝမ်ကျဲယွီသည် နည်းနည်းလေးမှ မကြောက်ဘဲ အေးစက်စွာ ပြုံးလိုက်လေသည်။ "ကျွန်မက ရာဇဝတ်သားရဲ့ သမီးဆိုပေမဲ့ ဟွမ်ဟုပ်ညန်ညန် ကိုယ်တိုင် ရွေးချယ်ပြီး အရှင်မင်းကြီးကို ပြုစုခိုင်းတာပါ။ ကိုယ့်သဘောနဲ့ကိုယ် နဂါးပျံခုတင်ပေါ် တက်ခဲ့တာ မဟုတ်ပါဘူး။ မုန့်ဖေးညန်ညန်ကတော့ ဒီလိုကိစ္စမျိုးမှာ ကျွမ်းကျင်လိမ္မာလွန်းလို့ ကျွန်မက လက်ဖျားခါရပါတယ်"

မုန့်ဖေး "..."

...

အပိုင်း (၅၇၂) နေမကောင်းဖြစ်ခြင်း (၂)

"ဟွမ်ဟုပ်ညန်ညန်..." နန်းတွင်းသူသည် အိပ်ဆောင်အတွင်းသို့ ကမန်းကတန်း ဝင်ရောက်လာပြီး မျက်နှာတွင် စိုးရိမ်တကြီးဖြင့် လျှောက်တင်လေသည်။ "မုန့်ဖေးညန်ညန်နဲ့ ဝမ်ကျဲယွီညန်ညန်တို့ ကျောင်းဖန်နန်းဆောင် အပြင်ဘက်မှာ ရန်ဖြစ်နေကြပါတယ်"

ဘာ...

ဇာမဏီသလွန်တော်ထက်တွင် လဲလျောင်းနေသော ချောင်မိဖုရားခေါင်သည် ထိတ်လန့်သွားပြီး ရုတ်တရက် ထထိုင်လိုက်လေသည်။ "ဒါ ဘယ်လိုဖြစ်တာလဲ"

နန်းတွင်းသူသည် မှတ်ဉာဏ်ကောင်းမွန်သူဖြစ်၍ မုန့်ဖေးနှင့် ဝမ်ကျဲယွီတို့ ရန်ဖြစ်ရသည့် အကြောင်းရင်းကို တစ်လုံးမကျန် ပြန်လည်လျှောက်တင်လေသည်။ "...ဝမ်ကျဲယွီညန်ညန်က ပုံမှန်ဆို စိတ်သဘောထား နူးညံ့ပေမဲ့ ဒီနေ့တော့ လုံးဝ အလျှော့မပေးဘဲ နဂါးပျံခုတင်ပေါ်တက်တဲ့ကိစ္စမှာ မုန့်ဖေးညန်ညန်က ကျွမ်းကျင်လိမ္မာလွန်းတယ်ဆိုပြီး ပြောလိုက်လို့ မုန့်ဖေးညန်ညန် ဒေါသထွက်ပြီး မျက်နှာကြီး မည်းပုပ်သွားပါတယ်"

ချောင်မိဖုရားခေါင်သည် ဦးစွာ မျက်မှောင်ကြုတ်လိုက်သော်လည်း မကြာမီ ပြန်လည်ပြေလျော့သွားလေသည်။

ချောင်မိဖုရားခေါင်က ချိုင်လန်ကို အမိန့်ပေးလိုက်လေသည်။ "မင်း အပြင်ထွက်ပြီး ပန်ကုံးရဲ့ အမိန့်ကို ပြန်တမ်းထုတ်လိုက်။ မုန့်ဖေးနဲ့ ဝမ်ကျဲယွီကို ပါးစပ်ပိတ်ပြီး ကိုယ့်နန်းဆောင်ကိုယ်ပြန်ကာ ငြိမ်ငြိမ်နေကြလို့ ပြောလိုက်"

ချိုင်လန်သည် အမိန့်ကိုနာခံပြီး ထွက်ခွာသွားလေသည်။

ဆေးတစ်ဖုံညှိချိန်ခန့် ကြာပြီးနောက် ချိုင်လန် ပြန်ရောက်လာပြီး အစီရင်ခံလေသည်။ "မုန့်ဖေးညန်ညန်နဲ့ ဝမ်ကျဲယွီညန်ညန်တို့ ပြန်သွားကြပါပြီ"

ခဏမျှ ရပ်တန့်လိုက်ပြီး အသံကိုနှိမ့်ကာ ရယ်မောလျက် ပြောလိုက်လေသည်။ "ကျွန်တော်မျိုးမ ကြည့်ရတာ ဒီတစ်ခါ စကားစစ်ထိုးပွဲမှာ မုန့်ဖေးညန်ညန်က အသာမရလိုက်ပါဘူး။ ဒေါသထွက်လွန်းလို့ မျက်နှာကြီး ဖြူဖျော့သွားတာပဲ"

ဝမ်ကျဲယွီက နူးညံ့သိမ်မွေ့ပြီး စကားနည်းသည်ကို မကြည့်နှင့်။ အရေးကြီးချိန် လှုပ်ရှားလိုက်လျှင် မုန့်ဖေးတောင် တဖြည်းဖြည်း နောက်ဆုတ်သွားရသည်ပင်။

ချောင်မိဖုရားခေါင်လည်း ရယ်မောလိုက်လေသည်။ "အဲဒီတုန်းက ပန်ကုံး ဝမ်ကျဲယွီကို ရွေးချယ်ခဲ့တာက သူ့ရဲ့ ရုပ်ရည်ကြောင့်ပါ။ သူက ပန်ကုံးကို ဒီလောက်တောင် အံ့အားသင့်စရာတွေ ပေးလိမ့်မယ်လို့ ထင်မထားမိဘူး"

ချိုင်လန်က နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်လေသည်။ "ညန်ညန်က စိတ်ထားကောင်းလို့ ကောင်းကျိုးပြန်ရတာပါ"

ချောင်မိဖုရားခေါင်က ရယ်မောလိုက်သည်။ "မင်းက ပန်ကုံး စိတ်ပျော်အောင် ပြောတတ်သားပဲ"

အကျယ်ချုပ်ကျသည့် ပထမဆုံးနေ့တွင် ချောင်မိဖုရားခေါင်သည် ဝမ်းနည်းပူဆွေးခြင်း အလျဉ်းမရှိဘဲ အလွန် တည်ငြိမ်အေးဆေးနေလေသည်။ နှစ်ပေါင်းများစွာ ဝေးကွာနေသော တိတ်ဆိတ်ငြိမ်းချမ်းမှုကိုပင် ခံစားနေရ၏။

ချိုင်လန်သည် ချောင်မိဖုရားခေါင်၏ နှုတ်ခမ်းထောင့်မှ အပြုံးကိုမြင်သောအခါ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ "အခုလို အခြေအနေဖြစ်နေတာတောင် ညန်ညန်က နည်းနည်းလေးမှ စိတ်မပူပါလား"

"ပူနေလဲ အလကားပဲလေ" ချောင်မိဖုရားခေါင်က ခပ်ပါးပါး ပြုံးလိုက်သည်။ "ရယ်မောရတာလည်း တစ်ရက်ပဲ၊ ငိုကြွေးရတာလည်း တစ်ရက်ပဲ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဘဝကို ဖြတ်သန်းရမှာပဲ။ လာ... ပန်ကုံး သလွန်ပေါ်က ဆင်းဖို့ တွဲကူပေး။ ပန်ကုံးကို ဆံပင်ဖြီးပြီး အဝတ်အစား လဲပေးစမ်း"

အလှပြင်ဆင်ခြင်းသည် သူတစ်ပါးကြည့်ဖို့ မဟုတ်ပေ။ ကိုယ့်ဘာသာကြည့်ပြီး စိတ်ချမ်းသာလျှင် ပြီးသည်ပင်။

ချိုင်လန်သည် ချောင်မိဖုရားခေါင်ကို တွဲကူထူမပေးပြီး သလွန်ပေါ်မှ ဆင်းစေကာ ဆံပင်ရှည်များကို ဖြည်းညှင်းစွာ ဖြီးပေးလိုက်လေသည်။ ရံဖန်ရံခါ ဆံပင်ဖြူတစ်ချောင်းကို တွေ့လိုက်ရသဖြင့် မသိမသာ နှုတ်ပစ်လိုက်လေသည်။

ချောင်မိဖုရားခေါင်က မျက်လုံးကိုပင့်ကာ မှန်ထဲမှတစ်ဆင့် ချိုင်လန်ကို ကြည့်ပြီး ပြုံးလိုက်လေသည်။ "ပန်ကုံး အသက်ကြီးပြီပဲ။ ဆံပင်ဖြူတွေတောင် ပေါက်နေပြီ"

ချောင်မိဖုရားခေါင်သည် တည်ငြိမ်အေးဆေးနေသဖြင့် ချိုင်လန်သည် နှစ်သိမ့်စကားပင် မပြောတော့ဘဲ ပြုံးလျက် ပြောလိုက်လေသည်။ "နည်းနည်းပါးပါး ဖြူတာပါ ညန်ညန်ရယ်။ နှုတ်လိုက်ရင် ပြီးတာပါပဲ။ နောက်ပိုင်း ဆံပင်ဖြူတွေ များလာရင် ကျွန်တော်မျိုးမက ညန်ညန်အတွက် ဆံပင်ဆိုးပေးပါ့မယ်"

ချောင်မိဖုရားခေါင်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

ခဏအကြာတွင် ချောင်မိဖုရားခေါင်က လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။ "ရွှီအာ၊ ရွှမ်းအာနဲ့ ဟန်အာလေးတို့ ဘယ်လိုနေလဲ"

"နန်းဆောင်တံခါးပိတ်ပြီး အနားယူနေသည်" ဆိုသော်လည်း နန်းတွင်းလှုပ်ရှားမှု သတင်းများကို သူမ မသိဘဲ မနေပေ။

ချိုင်လန်က တိုးညင်းစွာ ပြန်ဖြေလိုက်သည်။ "မင်းသားလေးနဲ့ မင်းသမီးလေးတို့ နှစ်ပါးက စာသင်ဆောင်မှာ စာလေ့လာနေပါတယ်။ မင်းသားငယ်လေးကတော့ ချီယွင် ထိန်းကျောင်းပေးနေလို့ ညန်ညန် စိတ်ပူစရာ မလိုပါဘူး"

ချောင်မိဖုရားခေါင်က သက်ပြင်းချလိုက်သည်။ "ဒီကလေးသုံးယောက်က တကယ့်ကို လိမ္မာပြီး သိတတ်ကြတယ်။ မနေ့က ရှို့နင်နန်းဆောင်ထိသွားပြီး 'အပြစ်တောင်းပန်' ကြသေးသတဲ့။ သူတို့မှာ ဘာအပြစ်ရှိလို့လဲ။ မိခင်ရင်းနဲ့ အဘွားဖြစ်တဲ့ ပန်ကုံးကို သနားလို့ လုပ်ကြတာလေ"

"တံခါးပိတ်ပြီး အနားယူရတာကို ပန်ကုံး ဂရုမစိုက်ပေမဲ့ ကလေးသုံးယောက်ကို မတွေ့ရတာတော့ ပန်ကုံး စိတ်မကောင်းဘူး"

ဒါလည်း မတတ်နိုင်ပေ။

ယုံးကျားဧကရာဇ်က ဒေါသထွက်နေတုန်းမို့ လီရွှီတို့ကို ကျောင်းဖန်နန်းဆောင်ထဲ ဝင်ခွင့်မပေးခြင်း ဖြစ်သည်။

ချိုင်လန်က ချောင်မိဖုရားခေါင်ကို အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။ "ညန်ညန် ရက်နည်းနည်းလောက် သည်းခံလိုက်ပါ။ အရှင်မင်းကြီး ဒေါသပြေသွားရင် မင်းသားလေးတွေကို ညန်ညန်ဆီ လာလည်ခွင့် ပြုမှာပါ"

ချောင်မိဖုရားခေါင်က သက်ပြင်းချလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

……

နေ့လယ်ပိုင်း ကျော်လွန်သောအခါ ယုံးကျားဧကရာဇ်သည် မုန့်ဖေးအား နန်းတွင်းရေးရာများကို ကိုယ်စားစီမံခန့်ခွဲရန် အမိန့်ပြန်တမ်း ထုတ်လိုက်လေသည်။

မုန့်ဖေးသည် အမိန့်ကို ကြားသိလိုက်ရသည်နှင့် တစ်မနက်ခင်းလုံး ဖြစ်နေသော ဒေါသများ လွင့်စင်သွားပြီး ပျော်ရွှင်မြူးထူးသွားကာ လျိုကုန်းကုန်းအား ဆုလာဘ်များ နှစ်ဆတိုးပေးရန် ချက်ချင်း အမိန့်ပေးလိုက်လေသည်။

လျိုကုန်းကုန်းက ပြုံးလျက် ပြောလိုက်သည်။ "ညန်ညန်ရဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုး မျက်နှာပြောင်တိုက်ပြီး ယူလိုက်ပါ့မယ်"

မုန့်ဖေးသည် ပျော်ရွှင်လွန်းသဖြင့် "ပန်ကုံး ဝမ်ဟွားနန်းဆောင်ကို သွားပြီး အရှင်မင်းကြီးကို လူကိုယ်တိုင် ကျေးဇူးတင်စကား သွားပြောဦးမယ်" ဟု စိတ်လောကြီးစွာ ပြောလိုက်လေသည်။

လျိုကုန်းကုန်းက ရယ်မောလိုက်သည်။ "အရှင်မင်းကြီးက ကောလောင်တွေ ဝန်ကြီးတွေနဲ့ ဆွေးနွေးစရာရှိလို့ ခေါ်တွေ့နေပါတယ်။ အားတဲ့အချိန်ကျရင် ယန်ရှီနန်းဆောင်ကို ကြွလာပါလိမ့်မယ်။ အဲဒီကျမှ မုန့်ဖေးညန်ညန် အရှင်မင်းကြီးကို ကျေးဇူးတင်ချင်သလို တင်လို့ရပါတယ်"

မုန့်ဖေးတစ်ယောက် ဒီအသက်အရွယ် ရောက်နေတာတောင်မှ မိန်းမပျိုလေးတစ်ယောက်လို ရှက်သွေးဖြာနေပြီး မျက်နှာနီရဲလျက် လျိုကုန်းကုန်းကို ထွေးခနဲ တံတွေးထွေးဟန်ပြုလိုက်သည်။ "နင် ဒီအဘိုးကြီးကများ ပန်ကုံးကို လာနောက်ပြောင်ရဲတယ်"

လျိုကုန်းကုန်းသည် စိတ်ထဲတွင် ပျို့အန်ချင်သလို ဖြစ်သွားသော်လည်း မျက်နှာတွင်တော့ ပိုပြီးဖော်ရွေစွာ ပြုံးလိုက်လေသည်။ "အရှင်မင်းကြီးက ပြောလိုက်ပါတယ်။ မနက်ဖြန်ကစပြီး နန်းတွင်းက အရာရှိတွေအားလုံး ယန်ရှီနန်းဆောင်ကိုလာပြီး အစီရင်ခံကြလိမ့်မယ်။ ညန်ညန်တော့ ပင်ပန်းရတော့မှာပါပဲ"

မုန့်ဖေးသည် နွေဦးလေညင်းကဲ့သို့ ပြုံးရွှင်လျက် ပြောလိုက်လေသည်။ "အရှင်မင်းကြီးနဲ့ ဟွမ်ဟုပ်ညန်ညန်အတွက် အခက်အခဲတွေကို ကူညီဖြေရှင်းပေးရမှာပဲ။ ပင်ပန်းလည်း ပန်ကုံး ကျေနပ်ပါတယ်" ခဏမျှ ရပ်တန့်လိုက်ပြီး ထပ်မေးလိုက်သည်။ "ဒါနဲ့ ပန်ကုံးက နန်းတွင်းရေးရာတွေကို စီမံခန့်ခွဲရမှာဆိုတော့ ဇာမဏီတံဆိပ်တုံးကို သုံးဖို့ လိုလိမ့်မယ်။ ကျောင်းဖန်နန်းဆောင်ကိုသွားပြီး ဇာမဏီတံဆိပ်တုံးကိုပါ တစ်ခါတည်း ယူလာခဲ့ရမလား"

တကယ့်ကို လောဘတက်နေတာပဲ။

နန်းတွင်းအာဏာကို လက်ထဲတောင် မရောက်သေးဘူး ဇာမဏီတံဆိပ်တုံးကို လိုချင်နေပြီ။

လျိုကုန်းကုန်းက မျက်နှာထားမပျက် ပြန်ဖြေလိုက်လေသည်။ "အရှင်မင်းကြီးက ညန်ညန် ဒီလိုမေးမယ်ဆိုတာ ကြိုသိပြီးသားပါ။ ဒါကြောင့် ညန်ညန်ကို ပြောပြဖို့ ကျွန်တော်မျိုးကို မှာလိုက်ပါတယ်။ နန်းတွင်းကိစ္စ အသေးအဖွဲလေးတွေအတွက် ဇာမဏီတံဆိပ်တုံး ထုစရာမလိုပါဘူး။ တံဆိပ်တုံး သုံးဖို့လိုတဲ့အခါကျမှ ကျောင်းဖန်နန်းဆောင်ကိုသွားပြီး တံဆိပ်တုံး တောင်းခံလိုက်ပါတဲ့"

မုန့်ဖေး၏ မျက်လုံးထဲတွင် စိတ်ပျက်သွားသည့် အရိပ်အယောင် ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် အားတင်းပြီး ပြုံးလိုက်လေသည်။ "အရှင်မင်းကြီး စဉ်းစားတာက ပိုပြီး ပြည့်စုံတာပဲ"

လျိုကုန်းကုန်းက ဟားခနဲ ရယ်မောလိုက်ပြီး အရိုအသေပြုကာ ထွက်ခွာသွားလေသည်။

ဒီအမိန့်ပြန်တမ်းကို တခြားနန်းဆောင်အသီးသီးက မိဖုရားငယ်များကို လိုက်လံ ကြေညာရဦးမည်။

နှစ်နာရီ မပြည့်မီမှာပင် ဒီကိစ္စက အနောက်နန်းဆောင် တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။

ချင်ဖေးသည် အားကျသလို မနာလိုသလို ဖြစ်သွားပြီး မယ်တော်ကြီးကျောက်ရှေ့တွင် ညည်းတွားလိုက်လေသည်။ "အရှင်မင်းကြီးကလည်း... နန်းတွင်းကိစ္စတွေကို မယ်တော်ကြီးပဲ စီမံခန့်ခွဲသင့်တာကို။ ဘယ်လိုလုပ် မုန့်ဖေးကို ပေးလိုက်ရတာလဲ"

မယ်တော်ကြီးကျောက်သည် အသက်ကြီးလာသည်နှင့်အမျှ အရင်ကလောက် အားအင်မရှိတော့သဖြင့် ထိုကိစ္စများကို ဂရုစိုက်ချင်စိတ် မရှိတော့ပေ။ "အိုက်ကျားက အသက်ကြီးနေပြီ။ မြေးတော်လေးကိုပဲ ပြုစုပျိုးထောင်ရင်း အေးအေးဆေးဆေး နေချင်တော့တယ်။ နန်းတွင်းက ရှုပ်ထွေးပွေလီတဲ့ ကိစ္စတွေကို အရှင်မင်းကြီးက မုန့်ဖေးကို ပေးလုပ်ချင်ရင်လည်း အရှင်မင်းကြီး သဘောပါပဲ"

ချင်ဖေးကတော့ မကျေနပ်နိုင်သေးပေ။ "တကယ်တော့ ချန်ချဲ့က မုန့်ဖေးထက် အသက်နည်းနည်း ပိုငယ်တာပါ"

မယ်တော်ကြီးကျောက်က ပြုံးလျက် ချင်ဖေးကို မျက်စောင်းထိုးလိုက်သည်။ "မင်းကြည့်ရတာ ပါးနပ်ပုံရပေမဲ့ ဘာလို့ ဒီလောက်တောင် အချီးနှီးဖြစ်တာတွေ တွေးနေရတာလဲ။ မုန့်ဖေးက နန်းတွင်းရေးရာတွေကို ကိုယ်စားစီမံခန့်ခွဲရရင် ချောင်မိဖုရားခေါင်နဲ့ ပွတ်တိုက်မှုတွေ ရှိလာမှာပဲ။ မင်းသာဆိုရင် မိဖုရားခေါင်ကိုလည်း မနိုင်၊ မုန့်ဖေးကိုလည်း မကျော်လွန်နိုင်ဘဲ ပင်ပင်ပန်းပန်းနဲ့ အမောဆို့နေရမှာ။ ဘာအဓိပ္ပာယ် ရှိမှာလဲ"

"မင်းက အရင်လိုပဲ အိုက်ကျားဘေးနားမှာနေပြီး ပွဲထိုင်ကြည့်နေတာက ပိုကောင်းပါတယ်"

ချင်ဖေး "..."

ပွဲကြည့်ရတာများလွန်းလို့ ကိုယ်တိုင်ဝင်ကပြချင်နေပြီလေ။

ချင်ဖေးသည် စိတ်ထဲတွင် ကျိတ်ပြီး မကျေမနပ်ဖြစ်နေသော်လည်း ပါးစပ်ကတော့ လိမ္မာစွာ ခေါင်းညိတ်လိုက်လေသည်။

ချောင်မိဖုရားခေါင်သည် ဒီသတင်းကို သိလိုက်ရသောအခါ လှောင်ပြောင်သရော်သည့်အပြုံးဖြင့် နှုတ်ခမ်းကို တွန့်လိုက်လေသည်။

ယုံးကျားဧကရာဇ်က သူမ မုန့်ဖေးကို မုန်းမှန်းသိရက်နဲ့ နန်းတွင်းအာဏာကို မုန့်ဖေးလက်ထဲ ထည့်ပေးလိုက်တာက တမင်တကာ သူမကို စိတ်ဒုက္ခပေးချင်လို့ပဲ။ မဟုတ်ရင် ချင်ဖေးကို ပေးလို့ရသလို ဝမ်ကျဲယွီကို ပေးလည်း ရတာပဲ။

ချိုင်လန်သည် ချောင်မိဖုရားခေါင် စိတ်မကောင်းဖြစ်မည်ကို စိုးရိမ်သဖြင့် အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။ "ညန်ညန်က ခဏလောက် 'နေမကောင်း' ဖြစ်နေတာပါ။ ထိုက်ဇီနဲ့ ထိုက်ဇီဖေး ပြန်ရောက်လာပြီး ညန်ညန် နေကောင်းသွားရင် နန်းတွင်းအာဏာက ညန်ညန်လက်ထဲ ပြန်ရောက်လာမှာပါ။ မုန့်ဖေးညန်ညန် သိပ်ပြီး ဘဝင်မြင့်မခံပါနဲ့"

ချောင်မိဖုရားခေါင်က လှောင်ရယ် ရယ်လိုက်လေသည်။ "ထားလိုက်ပါတော့။ သူ ဒီလောက်နှစ်တွေအများကြီး အောင့်အီးသည်းခံလာခဲ့တာ ဒီနေ့ကို မျှော်လင့်နေခဲ့တာလေ။ သူ ရက်အနည်းငယ်လောက် ပျော်ပါစေဦးတော့"

...

အပိုင်း (၅၇၃) အားပြိုင်ခြင်း

နောက်တစ်နေ့တွင် နန်းတွင်းအထိန်းတော်များသည် ယန်ရှီနန်းဆောင်သို့ စုံညီစွာ ရောက်ရှိလာကြသည်။

မုန့်ဖေးသည် စစ်သူကြီးမျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး စာပေနှင့် စစ်ရေးကို ငယ်စဉ်ကတည်းက လေ့လာခဲ့သူ ဖြစ်သည်။ ငယ်ရွယ်စဉ်ကတည်းက ပွင့်လင်းရိုးသားသော စိတ်ထားရှိခဲ့ပြီး နှစ်ပေါင်းများစွာ အရှင်မင်းကြီး၏ ချစ်မြတ်နိုးမှုကို ရရှိခဲ့သဖြင့် အခြေအနေ ခိုင်မာသူ ဖြစ်သည်။ နန်းတွင်းအထိန်းတော်များရှေ့တွင် အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိဘဲ နန်းတွင်းရေးရာများကို ကိုင်တွယ်ရာတွင်လည်း ပုံစံကျနလှသည်။

နန်းတွင်းအထိန်းတော်များသည် မိမိတို့ တာဝန်ယူထားရသော ကိစ္စရပ်များကို အသီးသီး တင်ပြကြပြီးနောက် မုန့်ဖေးသည် တစ်ခုချင်းစီကို အမိန့်ပေး ဖြေရှင်းပေးခဲ့ရာ မနက်ခင်း တစ်ပိုင်းလုံး အလုပ်ရှုပ်နေတော့သည်။

နန်းတွင်းအထိန်းတော်များ ပြန်သွားကြသည်နှင့် ချင်ဖေးနှင့် ယန်ဖင်တို့ နှစ်ယောက် အတူတကွ ရောက်ရှိလာကြသည်။

"ဒီနေ့တော့ မုန့်ဖေးညန်ညန်ကို ကောင်းကောင်း ဂုဏ်ပြုရမယ်" ချင်ဖေးက ပြုံးရွှင်စွာ ပြောလိုက်သည်။ "နောက်ဆိုရင် ဒီအနောက်နန်းဆောင်က ကိစ္စအဝဝကို မုန့်ဖေးညန်ညန်ပဲ တာဝန်ယူရတော့မှာ။ ချန်ချဲ့က ဂုဏ်ပြုလက်ဆောင်လေး ပြင်ဆင်လာပါတယ်၊ ညန်ညန် လက်ခံပေးပါနော်"

ယန်ဖင်ကလည်း ပြုံးရွှင်စွာဖြင့် ဝင်ထောက်လိုက်သည်။ "ချန်ချဲ့လည်း ဂါရဝပြုလက်ဆောင်လေး ပြင်ဆင်လာပါတယ်။ မပြောပလောက်ပေမဲ့ မုန့်ဖေးညန်ညန် လက်ခံပေးပါ"

မုန့်ဖေးက မာန်ပါပါဖြင့် ပြုံးလိုက်သည်။ "ဟွမ်ဟုပ်ညန်ညန်က သေချာအနားယူရမှာမို့လို့ ပန်ကုံးက နန်းတွင်းရေးရာတွေကို ယာယီ ကိုယ်စားစီမံပေးရုံပါ။ ဟွမ်ဟုပ်ညန်ညန် နေကောင်းလာရင် နန်းတွင်းရေးရာတွေကို တစ်ယောက်ယောက်ကတော့ စီမံရဦးမှာပဲလေ။ ဒီလောက်ကိစ္စသေးသေးလေးကို ဂုဏ်ပြုလက်ဆောင်တွေ ပေးနေကြတာ သိပ်ပိုလွန်းမနေဘူးလား"

ဟွန်း!

ကြည့်စမ်းပါဦး ဒီပုံစံကို!

ဘာတွေများ ဘဝင်မြင့်နေတာလဲ!

ချင်ဖေးသည် စိတ်ထဲတွင် ရွံရှာစွာ ထွီးခနဲ တံတွေးထွေးလိုက်သော်လည်း မျက်နှာပေါ်တွင်တော့ ပိုမို ရင်းနှီးဖော်ရွေစွာ ပြုံးလိုက်လေသည်။ "လက်ဆောင်က နည်းတာများတာ အဓိက မဟုတ်ပါဘူး။ အဓိကက စေတနာပါပဲ။ ညန်ညန် မငြင်းပါနဲ့နော်"

မုန့်ဖေးနှင့် ချင်ဖေးတို့ သိကျွမ်းလာသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်၍ ချင်ဖေး၏ ဉာဏ်နီဉာဏ်နက်များကို မုန့်ဖေး ကောင်းစွာ သိရှိလေသည်။ နှုတ်ချိုသော်လည်း စိတ်ပုပ်သော ချင်ဖေးကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးသလိုလို မပြုံးသလိုလိုနှင့် ပြောလိုက်သည်။ "မင်းရဲ့ စေတနာကို ပန်ကုံး မခံယူရဲပါဘူး"

ချင်ဖေးက ဟားခနဲ ရယ်မောလိုက်သည်။ "ညန်ညန်ရဲ့ ကံကြမ္မာက မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားတာ လောကမှာ ရှားပါတယ်။ ဘယ်လိုလုပ် မခံယူရဲဘဲ နေမှာလဲ"

မုန့်ဖေးသည် လက်အင်္ကျီဖြင့် ပါးစပ်ကိုကာပြီး ရယ်မောလိုက်သည်။ "ကြည့်စမ်း မင်းရဲ့ပါးစပ်က လူကိုမြှောက်ပင့်ပြောတတ်လိုက်တာ ပျားရည်သုတ်ထားတဲ့အတိုင်းပဲ။ အရင်တုန်းက ပန်ကုံး မကြားဖူးခဲ့ပေမဲ့ ဒီနေ့တော့ မျက်မြင်ကိုယ်တွေ့ပဲ"

အရင်တုန်းက နင် နားထောင်ဖို့ အရည်အချင်းမှ မမီခဲ့တာ။ ဘယ်သူ့ကို သွားအပြစ်တင်ရမှာလဲ။

ချင်ဖေးသည် မျက်တောင်တစ်ချက်မခတ်ဘဲ ရင်းနှီးစွာ ပြုံးလိုက်သည်။ "ညန်ညန် နားထောင်ချင်တယ်ဆိုရင် နောက်ဆို နေ့တိုင်းလာပြီး ပြောပြပါ့မယ်"

"မဖြစ်ပါဘူး။ မယ်တော်ကြီးနားမှာ မင်းမရှိလို့ မဖြစ်ဘူးလေ။ မယ်တော်ကြီးကို ကောင်းကောင်း ပြုစုဖို့က အရေးကြီးဆုံးပဲ"

မုန့်ဖေးနှင့် ချင်ဖေးတို့သည် ပန်းပွင့်များကဲ့သို့ ပြုံးရွှင်နေကြသော်လည်း စကားလုံးများဖြင့် တိုက်ခိုက်နေကြသည်မှာ အပြန်အလှန်ပင်။

ယန်ဖင်သည် ဘေးနားတွင် မျက်လုံးလေး ကလယ်ကလယ်နှင့် ထိုင်နေပြီး ဝင်ပြောစရာ စကားမရှိ ဖြစ်နေသည်။

အရင်တုန်းက ယန်ဖင်သည် မုန့်ဖေးကို မျက်လုံးထဲတွင် သိပ်မထည့်ခဲ့ပေ။ သူမ နန်းတွင်းထဲ ဝင်လာချိန်တွင် မုန့်ဖေးသည် မျက်နှာသာပေးမခံရတော့ပေ။ သူမကတော့ တစ်နှစ်ကျော်ကြာအောင် အောင်မြင်ကျော်ကြားခဲ့သူ ဖြစ်၍ ခေတ်ကုန်သွားသော မိဖုရားတစ်ပါးကို မည်သို့လုပ် မျက်လုံးထဲ ထည့်ပါမည်နည်း။ သို့သော် အကြီးအကျယ် ဒုက္ခရောက်ပြီးနောက်တွင်တော့ ချက်ချင်းဆိုသလို စိတ်ဓာတ်ကျသွားပြီး ရိုးသားအေးဆေးသွားခဲ့ရသည်။

ခဏအကြာတွင် ကျောက်ချိုင်ရန်နှင့် အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ဂါရဝပြုရန် ရောက်လာကြသည်။

ပုံမှန်အားဖြင့် ကျောင်းဖန်နန်းဆောင်တွင်သာ ဤမျှ စည်ကားသော မြင်ကွင်းမျိုး ရှိတတ်သည်။

ယနေ့တွင်တော့ ယန်ရှီနန်းဆောင်တွင် မိဖုရားငယ်များ စုံညီစွာ ရောက်ရှိနေပြီး ကြယ်လေးများက လမင်းကြီးကို ဝန်းရံထားသကဲ့သို့ ဖြစ်နေသည်။ သူမသည် ထိပ်ဆုံးတွင် ထိုင်နေပြီး မိဖုရားခေါင်၏ အရှိန်အဝါမျိုး ရရှိနေသယောင် ခံစားရသည်။

မုန့်ဖေးသည် ဤအချက်ကို တွေးမိသောအခါ ရင်ထဲတွင် မီးခဲကဲ့သို့ ပူနွေးလာသည်။ သို့သော် လှပသော မိန်းမပျိုများကြားတွင် တစ်ယောက် လျော့နည်းနေသည်ကို သတိထားမိလိုက်သည်။

ဝမ်ကျဲယွီ ရောက်မလာသေးပေ။

ဝမ်ကျဲယွီကို တွေးမိသည်နှင့် မုန့်ဖေး၏ ခေါင်းထဲတွင် မနေ့က ကျောင်းဖန်နန်းဆောင်ရှေ့တွင် အရှက်ကွဲခဲ့ရသည့် မြင်ကွင်းက ဖြတ်ပြေးသွားပြီး ရင်ထဲတွင် မနာလိုဝန်တိုမှုများ ပိုမို တိုးပွားလာလေသည်။

ဟွန်း! အရင်တုန်းကတော့ ချောင်မိဖုရားခေါင်က ဝမ်ကျဲယွီကို ကာကွယ်ပေးထားတာကိုး။ အခု ချောင်မိဖုရားခေါင် အကျယ်ချုပ်ကျနေတုန်း ဒီလိုအခွင့်ကောင်းမှာ ဝမ်ကျဲယွီကို မနှိပ်ကွပ်ရင် ကိုယ့်ကိုယ်ကိုယ် အားနာစရာ ကောင်းနေမှာပေါ့။

……

မုန့်ဖေးသည် ဝမ်ကျဲယွီကို ဒုက္ခပေးရန် အကြံမထုတ်ရသေးမီမှာပင် ဖန်းဟွာနန်းဆောင်မှ နန်းတွင်းသူ ရောက်ရှိလာလေသည်။

"မုန့်ဖေးညန်ညန်ကို လျှောက်တင်ပါတယ်။ ကျဲယွီညန်ညန် မနေ့က အအေးမိသွားလို့ နေမကောင်းဖြစ်နေပါတယ်။ တော်ဝင်သမားတော်ကို ဆေးကုသပေးဖို့ ခေါ်ချင်လို့ ညန်ညန် ခွင့်ပြုပေးပါ"

မိဖုရားငယ်များ တော်ဝင်သမားတော်ကို ခေါ်ယူလိုလျှင် ခွင့်ပြုချက် ရယူရသည်။ မုန့်ဖေးက နန်းတွင်းရေးရာများကို ကိုယ်စားစီမံနေသဖြင့် ဝမ်ကျဲယွီက ယန်ရှီနန်းဆောင်သို့ လာရောက် တောင်းဆိုရခြင်း ဖြစ်သည်။

မုန့်ဖေး၏ မျက်ဝန်းများ အရောင်လက်သွားပြီး ပြောလိုက်လေသည်။ "ပန်ကုံး ခွင့်ပြုတယ်။ ပြီးတော့ ဝမ်ကျဲယွီကို ပန်ကုံးကိုယ်စား စကားနည်းနည်းလောက် ပါးလိုက်ပါ။ နေမကောင်းရင် နန်းဆောင်ထဲမှာပဲ ကောင်းကောင်း အနားယူပါ။ လျှောက်သွားမနေပါနဲ့။ သူများတွေကို ရောဂါကူးရင် မကောင်းပါဘူး"

ဒီစကားများသည် ဝမ်ကျဲယွီ၏ နားထဲသို့ လျင်မြန်စွာ ရောက်ရှိသွားလေသည်။

စကားပါးသော နန်းတွင်းသူသည် သခင်အတွက် မကျေမနပ် ဖြစ်သွားလေသည်။ "မုန့်ဖေးညန်ညန်က သိပ်လွန်လွန်းပါတယ်။ ဒါက ညန်ညန်ကို အကျယ်ချုပ် ချလိုက်တာနဲ့ တူတူပဲ မဟုတ်လား။ သူက ဟွမ်ဟုပ်ညန်ညန်ကိုယ်စား နန်းတွင်းရေးရာတွေကို စီမံပေးရုံလေးကို ညန်ညန်အပေါ် အာဏာလာပြနေတယ်"

ဝမ်ကျဲယွီက အေးစက်စွာ ပြောလိုက်လေသည်။ "သူ အာဏာမပြရင်တောင် ငါက အပြင်ထွက်ဖို့ စိတ်ကူးမရှိပါဘူး"

နန်းတွင်းထဲက လူတိုင်းက ယန်ရှီနန်းဆောင်ကို ဂါရဝပြုဖို့ သွားနေကြချိန်မှာ သူမက နေမကောင်းဟန်ဆောင်ပြီး ပုန်းနေတာက ကိစ္စမရှိပေမဲ့ တခြားနေရာတွေကို လျှောက်သွားနေရင်တော့ သိပ်မကောင်းလှပေ။ နေမကောင်းဟန်ဆောင်မယ်ဆိုရင်လည်း တကယ်နေမကောင်းတဲ့ပုံစံ ဖြစ်နေမှ ရမည်။

နန်းတွင်းသူသည် သခင်ဖြစ်သူအတွက် စိတ်မကောင်းဖြစ်ပြီး တိုးတိုးလေး ညည်းတွားလိုက်သည်။ "ညန်ညန်က ဘာလို့ ကိုယ့်ဒုက္ခကိုယ် ရှာနေရတာလဲ။ အခု ဟွမ်ဟုပ်ညန်ညန်က ဒုက္ခရောက်နေပြီး မုန့်ဖေးညန်ညန်က အရှိန်အဝါ ကောင်းနေချိန်လေ။ လူတိုင်းက ယန်ရှီနန်းဆောင်ကို သွားပြီး မျက်နှာလိုမျက်နှာရ လုပ်နေကြတာ။ ညန်ညန်ကလည်း သွားထိုင်ပြီး စကားမပြောဘဲ နေလိုက်ရင် ရတာပဲကို"

"အခုလို နေမကောင်းပါဘူးလို့ ပြောလိုက်တော့ မုန့်ဖေးညန်ညန်ရဲ့ သဘောကျ ဖြစ်မသွားဘူးလား"

ဝမ်ကျဲယွီက ဂရုမစိုက်စွာ ပြောလိုက်သည်။ "တစ်ယောက်နဲ့တစ်ယောက် ကြည့်မရတာချင်း တူတူပဲ။ ဒီလိုလုပ်လိုက်တာ ပိုကောင်းပါတယ်"

နန်းတွင်းသူက တစ်ခုခု ဆက်ပြောချင်သော်လည်း သခင်ဖြစ်သူက ထပ်ပြောလိုက်သည်ကို ကြားလိုက်ရသည်။ "ဘာမှ ဆက်မပြောပါနဲ့တော့။ သွားပြီး စကားပြန်ပါးလိုက်။ ငါ ဒီနေ့ကစပြီး ဖန်းဟွာနန်းဆောင်မှာပဲ နေတော့မယ်။ နေကောင်းလာမှ မုန့်ဖေးညန်ညန်ကို ဂါရဝပြုဖို့ လာခဲ့မယ်လို့ ပြောလိုက်"

နန်းတွင်းသူသည် ခေါင်းညိတ်ပြီး စကားပါးရန် ထပ်မံထွက်ခွာသွားရလေသည်။

ထို့ကြောင့် ချောင်မိဖုရားခေါင် နေမကောင်းဖြစ်ပြီးနောက် ဝမ်ကျဲယွီလည်း လိုက်ပါ နေမကောင်း ဖြစ်သွားလေတော့သည်။

ယုံးကျားဧကရာဇ်သည် ညနေပိုင်း အားလပ်ချိန်တွင် ယန်ရှီနန်းဆောင်သို့ ဝင်ရောက်လာပြီး မုန့်ဖေးနှင့်အတူ ညစာသုံးဆောင်လေသည်။

မုန့်ဖေးသည် ဝမ်ကျဲယွီအကြောင်းကို မရည်ရွယ်သလိုနှင့် ပြောလိုက်လေသည်။ "...ဖန်းဟွာနန်းဆောင်က ဒီနေ့ လာလျှောက်တင်တယ်။ ဝမ်ကျဲယွီ နေမကောင်းဘူးတဲ့။ ချန်ချဲ့က တော်ဝင်သမားတော်ကို သွားကြည့်ခိုင်းပြီး ဆေးပေးခိုင်းလိုက်ပါတယ်။ အရှင်မင်းကြီး ဒီရက်ပိုင်း ဖန်းဟွာနန်းဆောင်ကို မသွားပါနဲ့ဦး။ ရောဂါကူးမှာ စိုးရိမ်ရပါတယ်"

ဝမ်ကျဲယွီအနေဖြင့် ယုံးကျားဧကရာဇ်ရှေ့တွင် တိုင်တောခွင့် မရှိတော့ပေ။

မိန်းမများကြားက ဒီလို လှည့်ကွက်ကလေးတွေကို ယုံးကျားဧကရာဇ်က မျက်လုံးထဲတောင် မထည့်ပေ။ "ဒီကိစ္စသေးသေးလေးတွေကို မင်းကြည့်စီစဉ်လိုက်ပါ" ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။

မုန့်ဖေး၏ မျက်လုံးထဲတွင် ဝမ်းသာရိပ်များ ဖြတ်ပြေးသွားပြီး စမ်းသပ်သည့်အနေဖြင့် မေးလိုက်လေသည်။ "အရှင်မင်းကြီး... အရှေ့နန်းဆောင်ဘက်မှာ ထိုက်ဇီဖေးက နေမကောင်းဖြစ်နေတာ ကြာပြီဆိုတော့ တခြား တော်ဝင်သမားတော်နဲ့ လဲပြီး ကုသပေးရင် ကောင်းမလား..."

ယုံးကျားဧကရာဇ်၏ မျက်နှာထား တင်းမာသွားပြီး နဂါးမျက်လုံးများဖြင့် စိုက်ကြည့်လိုက်လေသည်။

မုန့်ဖေးသည် ရင်ထဲထိတ်ခနဲ ဖြစ်သွားပြီး ချက်ချင်း စကားပြင်ပြောလိုက်သည်။ "ချန်ချဲ့က လုရှီကို စိတ်ပူလို့ပါ။ တခြားသဘော မရှိပါဘူး"

"တခြားသဘော မရှိရင် အကောင်းဆုံးပဲ" ယုံးကျားဧကရာဇ်၏ အသံသည် အနည်းငယ် အေးစက်နေ၏။ "မင်းလုပ်စရာရှိတာပဲ မင်းလုပ်။ ကျောင်းဖန်နန်းဆောင်နဲ့ အရှေ့နန်းဆောင်ကိစ္စတွေကို ဝင်ပါစရာ မလိုဘူး"

တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမည်။

ထို့ကြောင့် ယုံးကျားဧကရာဇ်သည် ဘယ်လောက်ပဲ ဒေါသထွက်ထွက် လုမင်ယွိ ကိုယ်ပိုင်သဘောဖြင့် တပ်ကိုဦးဆောင်ပြီး မြို့တော်ကထွက်ခွာသွားသည့်ကိစ္စကို ဖွင့်ချခြင်းမရှိပေ။ လူတိုင်းက ရိပ်မိနေရင်တောင် မသိချင်ယောင်ဆောင်ပြီး ပူးပေါင်းပေးရမည်။

ချောင်ကောလောင်ကဲ့သို့ပင် ဒီနေ့ညနေ နိုင်ငံရေးဆွေးနွေးပြီးသောအခါ ချောင်မိဖုရားခေါင်၏ ကျန်းမာရေးကိုပဲ စိုးရိမ်တကြီး မေးမြန်းခဲ့ပြီး ထိုက်ဇီဖေးအကြောင်း လုံးဝ မဟခဲ့ပေ။

ဝန်ကြီးလော်ကလည်း ချောင်မိဖုရားခေါင်ဘက်ကနေ သွယ်ဝိုက်ပြီး ရှေ့နေလိုက်ပေးခဲ့သည်။ ချောင်မိဖုရားခေါင်က သီလရှိပြီး မနာလိုဝန်တိုစိတ် မရှိကြောင်း၊ နှစ်ပေါင်းများစွာ ပင်ပန်းခဲ့ရလို့ ရှားရှားပါးပါး နေမကောင်းဖြစ်ချိန်မှာ ကောင်းကောင်း အနားယူသင့်ကြောင်း ပြောဆိုခဲ့သည်။ ထိုက်ဇီဖေးအကြောင်းကိုတော့ ထပ်တူပင် မပြောခဲ့ပေ။

စိတ်ထဲတွင် ဒေါသထွက်နေရတဲ့အထဲ မုန့်ဖေးက မပြောသင့်သည်ကို လာပြောနေသဖြင့် ယုံးကျားဧကရာဇ်မှာ မည်သို့ မျက်နှာကောင်း ပြနိုင်ပါမည်နည်း။

မုန့်ဖေးသည် လေပူတစ်လုတ် လည်ချောင်းထဲတွင် တစ်ဆို့သွားသော်လည်း အပြုံးကို အတင်းညှစ်ထုတ်ပြီး ပြန်ဖြေလိုက်ရသည်။ "အရှင်မင်းကြီး ပြောတာတွေကို ချန်ချဲ့ မှတ်သားထားပါ့မယ်"

အရင်တုန်းက သူမ မာန်မာနကြီးပြီး ဆိုးသွမ်းခဲ့တာတွေက သူမဘေးနားက ယောက်ျားက အလိုလိုက်ခဲ့လို့ပဲလေ။

အခုကျတော့ သူမမှာ ဘယ်ကလာ အားကိုးရတော့မှာလဲ။

သူမသည် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး သနားစဖွယ် တောင်းပန်နေရသည့် ပုံစံအတွက် ဝမ်းနည်းဖို့ပင် အချိန်မရဘဲ သေရည်အိုးကို ကမန်းကတန်း မကာ ယုံးကျားဧကရာဇ်အတွက် ဝိုင်တစ်ခွက် ကိုယ်တိုင် ငှဲ့ပေးလိုက်လေသည်။ "ချန်ချဲ့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

ယုံးကျားဧကရာဇ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ခွက်ကိုမြှောက်ကာ သောက်လိုက်လေတော့သည်။

...

All Chapters