← Chapters

အခန်း (၅၇၄-၅၇၆)

Vol. 39 Ch. 574-576

အခန်း (၅၇၄-၅၇၆)

Vol. 39 Ch. 574-576

အပိုင်း (၅၇၄) အရှင်မင်းကြီးနှင့် တွေ့ဆုံခြင်း (၁)

ညစာသုံးဆောင်ပြီးနောက်တွင် အနားယူရန် အချိန်ကျရောက်လာသည်။

မုန့်ဖေးနှင့် အတူအိပ်စက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ လတ်ဆတ်သော စိတ်လှုပ်ရှားမှုမျိုး မရှိတော့ချေ။ လတ်တလောတွင် ကိစ္စအဝဝ များပြားနေသဖြင့် ယုံးကျားဧကရာဇ်၏ စိတ်အခြေအနေသည် မကောင်းမွန်လှပေ။ ရင်းနှီးကျွမ်းဝင်လိုစိတ် မရှိတော့သဖြင့် ပါးစပ်ဖွင့်ကာ ပြောလိုက်လေသည်။ "မင်း အရင်အနားယူလိုက်တော့။ ကျန်း ဝမ်ဟွားနန်းဆောင်ကို ပြန်ပြီး လျှောက်တင်လွှာတွေ ဖတ်လိုက်ဦးမယ်"

မုန့်ဖေး၏ ရင်ထဲက မီးတောက်ငယ်လေးသည် ရေအေးဖြင့် လောင်းချလိုက်သကဲ့သို့ ငြိမ်းသတ်ခြင်း ခံလိုက်ရလေသည်။ သူမ၏ အပြုံးထဲတွင် အနည်းငယ် အောင့်သက်သက်နိုင်သော အရိပ်အယောင်များ ပေါ်လွင်နေ၏။ "မိုးချုပ်နေပါပြီ။ အရှင်မင်းကြီးက ဘာလို့ ဒီလောက်တောင် ပင်ပန်းခံနေရတာလဲ။ လျှောက်တင်လွှာတွေကို မနက်ဖြန်မှ စစ်ဆေးလို့ မရဘူးလား"

ယုံးကျားဧကရာဇ်သည် အနည်းငယ် တွေဝေသွား၏။

ထိုအချိန်မှာပင် လျိုကုန်းကုန်းသည် ထူးဆန်းသော မျက်နှာထားဖြင့် ရောက်ရှိလာပြီး ယုံးကျားဧကရာဇ်၏ နားနားကပ်ကာ တီးတိုးစကား ဆိုလေသည်။

မုန့်ဖေးသည် အနီးတွင် ရှိနေသဖြင့် ရှင်းယန်ဝမ်၏ နာမည်ကို တိုးတိုးတိတ်တိတ် ကြားလိုက်ရလေသည်။

ထို့နောက် ယုံးကျားဧကရာဇ် ရုတ်တရက် ထရပ်လိုက်သည်ကို တွေ့လိုက်ရ၏။ "ဒီလောက် မိုးချုပ်နေပြီကို ရှင်းယန်ဝမ်က ဘယ်လိုလုပ် နန်းတော်ထဲ ဝင်လာတာလဲ"

တကယ်ကြီး ရောက်လာတာပဲ!

မုန့်ဖေးသည် စိတ်ထဲတွင် ဒေါသထွက်သွားပြီး ရှင်းယန်ဝမ်သည် ကျင့်ဝတ်မရှိသူဟု စိတ်ထဲတွင် ကြိမ်ဆဲလိုက်တော့၏။

သမီးကို အကာအကွယ်ပေးတတ်သူများကို မြင်ဖူးသော်လည်း ရှင်းယန်ဝမ်ကဲ့သို့သောသူမျိုးကား လောကတွင် ရှားပါးလှ၏။ လုမင်ယွိသည် စည်းကျော်သည့် ကိစ္စတစ်ခုခုကို လုပ်မိသည်နှင့် ရှင်းယန်ဝမ်သည် ချက်ချင်း နန်းတော်ထဲသို့ ရောက်လာတတ်စမြဲပင်။

ခက်သည်မှာ ယုံးကျားဧကရာဇ်သည် ရှင်းယန်ဝမ်၏ ဤနည်းလမ်းကို အနှစ်သက်ဆုံး ဖြစ်နေခြင်းပင်။ ယခင်က မည်မျှပင် ဒေါသထွက်နေပါစေ ရှင်းယန်ဝမ်က "အပြစ်လာတောင်း" သည်နှင့် ဒေါသများ ချက်ချင်း ပြေပျောက်သွားပြီး လုမင်ယွိ၏ အမှားများကို မေ့ပျောက်သွားတတ်လေသည်။

လျိုကုန်းကုန်းက လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ကျွန်တော်မျိုးလဲ ဘာဖြစ်လဲဆိုတာ သေချာမသိပါဘူး။ ရှင်းယန်ဝမ်က ဝမ်ဟွားနန်းဆောင်ကို ရောက်နေပါပြီ။ ပင်မခန်းဆောင်ထဲမှာ စောင့်နေပါတယ်။ အရှင်မင်းကြီး ကြွမလားဆိုတာ မသိပါဘူး"

ဒါက မေးနေစရာ လိုသေးလို့လား။

ယုံးကျားဧကရာဇ်သည် လျိုကုန်းကုန်းကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး မုန့်ဖေးကို စောစောအနားယူရန် မှာကြားကာ ထွက်ခွာသွားလေတော့သည်။

မုန့်ဖေးသည် ဒေါသအလိပ်လိုက် ရင်ဘတ်ထဲတွင် ဆို့နင့်နေပြီး ယုံးကျားဧကရာဇ် ထွက်သွားပြီးနောက်တွင် ဒေါသကြောင့် ကုလားထိုင်တစ်လုံးကို ခြေထောက်ဖြင့် ကန်မှောက်လိုက်လေသည်။ ထို့နောက် လေအေးတစ်ချက် ရှူသွင်းလိုက်မိပြီး ခြေထောက်နှစ်ဖက် ပျော့ခွေကာ ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်မိတော့သည်။ သူမသည် အိန္ဒြေကို ဂရုမစိုက်နိုင်တော့ဘဲ ခြေထောက်ကို ပိုက်ကာ ညည်းညူလေတော့သည်။

နန်းတွင်းအပျိုတော်များ လန့်ဖျပ်သွားပြီး တော်ဝင်သမားတော်ကို သွားခေါ်ရန် ပြင်လိုက်ကြ၏။ မုန့်ဖေးက အံကိုကြိတ်ကာ ဆူပူကြိမ်းမောင်းလိုက်လေသည်။ "ဒီလောက် မိုးချုပ်နေပြီကို ဘာတော်ဝင်သမားတော် သွားခေါ်မှာလဲ။ မြန်မြန်လာစမ်း။ ပန်ကုံးကို အိပ်ဆောင်ထဲ ပြန်တွဲပို့ပေး"

သေနာကျမ လုမင်ယွိ၊ သေနာကျတဲ့ ရှင်းယန်ဝမ်!

အမုန်းဆုံးကတော့ သေနာကျတဲ့ ခွေးကောင် လီယွမ်ပဲ!

နန်းပလ္လင်ပေါ် ထိုင်ပြီးနောက်တွင် စစ်သူကြီးများနှင့် အရပ်ဘက်အရာရှိများသည် သူ့မျက်လုံးထဲ၌ မိန်းမများထက် ပို၍ အရေးပါနေလေသည်။

...

မုန့်ဖေး စိတ်ထဲတွင် ဆဲရေးလိုက်သည်မှာ မမှားပေ။

ယုံးကျားဧကရာဇ်၏ စိတ်ထဲတွင် တိုင်းပြည်အရေးသည် အရေးအကြီးဆုံးဖြစ်ပြီး စစ်တပ်ကို ထိန်းချုပ်ထားနိုင်ကာ စစ်တိုက်တော်ပြီး သစ္စာရှိသော ရှင်းယန်ဝမ်သည် အနောက်နန်းဆောင်ထဲက မိဖုရားများထက် ပို၍ အရေးပါလေသည်။

နွေဦးပေါက် ရာသီဖြစ်သဖြင့် စိတ်ထဲက အပူအပင်များသည် ညလေပြေ၏ တိုက်ခတ်မှုကြောင့် အေးမြလန်းဆန်းသွားရလေသည်။

ဝမ်ဟွားနန်းဆောင်သို့ လမ်းလျှောက်လာရင်း ယုံးကျားဧကရာဇ်၏ စိတ်အခြေအနေသည် တည်ငြိမ်သွားခဲ့ပြီဖြစ်၏။ ရှင်းယန်ဝမ်က မည်သို့ပင် အသနားခံပါစေ ဒီတစ်ကြိမ်တော့ လွယ်လွယ်နှင့် လွှတ်မပေးရန် စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်လေသည်။

လုမင်ယွိသည် တကယ်ကို စိတ်ထင်ရာစိုင်းလွန်းသည်။ ဆက်လက်ပြီး သည်းခံခွင့်လွှတ်ပေးထား၍ မဖြစ်တော့ချေ။

ယုံးကျားဧကရာဇ်သည် ခိုင်မာပြတ်သားသော စိတ်ထားဖြင့် ဝမ်ဟွားနန်းဆောင်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။ ထို့နောက် စားပွဲတော်ရှေ့တွင် ဒူးထောက်နေသော အမျိုးသားတစ်ဦး၏ ကျောပြင်ကို ချက်ချင်း မြင်လိုက်ရတော့သည်။

ယုံးကျားဧကရာဇ်သည် အံ့သြသွားပြီး ရှေ့သို့ လှမ်းသွားကာ လက်ကမ်း၍ တွဲထူလိုက်လေသည်။ "ရှင်းယန်ဝမ်က ဘာလို့ ဒီမှာ ဒူးထောက်နေရတာလဲ။ မြန်မြန် ထပါ"

လုလင်းသည် စစ်တပ်ထဲမှ ရုတ်တရက် ထွက်လာခဲ့သည်မှာ သိသာထင်ရှားလှပြီး အဝတ်အစားပင် မလဲလှယ်နိုင်ဘဲ နေ့စဉ် စစ်ရေးလေ့ကျင့်ရာတွင် ဝတ်ဆင်သည့် ဝတ်စုံကိုသာ ဝတ်ဆင်ထားလေသည်။ နာရီပေါင်းများစွာ မြင်းဒုန်းစိုင်းစီးနင်းလာပြီး နန်းတော်ထဲသို့ ဝင်ရောက်လာခဲ့သဖြင့် ချောမောသော မျက်နှာထက်တွင် ဖုံးကွယ်မရနိုင်သော ပင်ပန်းနွမ်းနယ်မှုများ ရှိနေ၏။

ယခုအချိန်တွင် လုလင်း၏ မျက်နှာပေါ်တွင် အပြစ်ရှိစိတ်များ အပြည့်ရှိနေပြီး မတ်တပ်ရပ်ရန် ငြင်းဆန်နေတော့သည်။ "အရှင်မင်းကြီး ကျွန်တော်မျိုးကို ဒီအတိုင်းပဲ ဒူးထောက်ခွင့်ပြုပါ။ ဒီလောက် မိုက်မဲပြီး အသိတရားမရှိတဲ့ သမီးကို မွေးထားမိတဲ့အတွက် ကျွန်တော်မျိုး အရှင်မင်းကြီးကို မျက်နှာမပြရဲတော့ပါဘူး"

ခင်ဗျားသမီးက မိုက်မဲပြီး အသိတရားမရှိဘူးဆိုတာ ခင်ဗျားလည်း သိသားပဲ!

အဲဒါ ခင်ဗျား အလိုလိုက်ထားလို့ ဖြစ်လာတာလေ သိရဲ့လား!

ကျန်း သူ့ကို ကောင်းကောင်း ဆုံးမလိုက်မယ်ဆိုရင် သူသိပ်မကြာခင် လိမ်မာသွားမယ်ဆိုတာ ခင်ဗျားသိလား!

ယုံးကျားဧကရာဇ်သည် စိတ်ထဲတွင် အကြီးအကျယ် ရေရွတ်လိုက်မိလေသည်။ သို့သော်ငြား ယောက်ျားတို့သည် မျက်နှာလိုကြသည်ပင်။ ရှင်းယန်ဝမ်က သမီးအတွက်နှင့် မျက်နှာကို ဘေးဖယ်ထားနိုင်သော်လည်း သူကဲ့သို့သော တိုင်းပြည်အရှင်သခင် ဖြစ်သလို ယောက္ခမလည်းတော်စပ်သူ အနေဖြင့် စကားကို ဤမျှ ပွင့်ပွင့်လင်းလင်း ပြော၍မဖြစ်ချေ။

"ပြောစရာရှိရင် ထပြီးမှပြောပါ" ယုံးကျားဧကရာဇ်က လေသံကို လျှော့ချလိုက်လေသည်။ "ငါတို့နှစ်ယောက်က သိကျွမ်းခင်မင်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ မင်းနဲ့ငါက အရှင်သခင်နဲ့ လက်အောက်ငယ်သား ဖြစ်သလို မိတ်ဆွေသူငယ်ချင်းတွေလည်း ဖြစ်တယ်။ ကျန်းက ဘယ်တုန်းကမှ မင်းအပေါ်မှာ အရှင်သခင်တစ်ယောက်ရဲ့ အရှိန်အဝါနဲ့ မဆက်ဆံခဲ့ဘူး။ မင်းစိတ်ထဲမှာလည်း သိမှာပါ"

စကားထဲက အဓိပ္ပါယ်ကလည်း ရှင်းလင်းလှသည်။

တစ်ခါလည်း ဒီလို၊ နှစ်ခါလည်း ဒီလို၊ သုံးခါမြောက်တော့ မဖြစ်သင့်တော့။ ဒီတစ်ကြိမ်တော့ ဒီလောက် လွယ်လွယ်ကူကူနှင့် ကျော်သွား၍ မရနိုင်တော့ပေ။

လုလင်းက သက်ပြင်းရှည်ကြီး ချလိုက်လေသည်။ "အရှင်မင်းကြီး ဘာမှထပ်ပြောနေစရာ မလိုတော့ပါဘူး။ ကျွန်တော်မျိုး ရှက်လွန်းလို့ အရှင်မင်းကြီးကို မျက်နှာပြဖို့တောင် အင်အားမရှိတော့ပါဘူး"

"ရှောင်ယွိက ခွင့်ပြုချက်မရှိဘဲ တပ်ကိုဦးဆောင်ပြီး မြို့တော်က ထွက်ခွာသွားတာက ကြီးလေးတဲ့ ပြစ်မှုကြီးကို ကျူးလွန်လိုက်တာပါ။ တကယ်လို့ သူသာ ယောက်ျားလေးဆိုရင် ခေါင်းဖြတ်သတ်ရမဲ့ အပြစ်မျိုးပါ။ သူက သူ့ကိုယ်သူ ထိုက်ဇီဖေးဆိုပြီး အားကိုးတယ်။ အရှင်မင်းကြီးက ကျွန်တော်မျိုးအပေါ် ချစ်ခင်တာ၊ လုမိသားစုအပေါ် သဘောထားကြီးတာတွေကို အားကိုးပြီး ဒီလိုမျိုး ထင်ရာစိုင်းနေတာပါ။ ကျွန်တော်မျိုး သမီးကို မဆုံးမတတ်ပါဘူး။ အရှင်မင်းကြီး ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်ပါ"

ပြောပြီးသည်နှင့် သူက ခေါင်းဆောင့်၍ တောင်းပန်လိုက်လေသည်။

ယုံးကျားဧကရာဇ်သည် အစဉ်အမြဲ လက်အောက်ငယ်သားများကို တန်ဖိုးထားသူဖြစ်သဖြင့် အားသုံးကာ ရှင်းယန်ဝမ်ကို ဆွဲထူလိုက်လေသည်။

ရှင်းယန်ဝမ်၏ အပြစ်တောင်းပန်လိုစိတ်က ခိုင်မာလှသဖြင့် သုံးကြိမ်တိုင်တိုင် ခေါင်းဖြင့် ကြမ်းပြင်ကို ထိအောင် ဆောင့်ပြီးမှသာ မတ်တပ်ရပ်လိုက်တော့သည်။

လုလင်းက အပြစ်တောင်းပန်သည့် ဟန်ပန်ကို အပြည့်အဝ ပြသလိုက်သဖြင့် ယုံးကျားဧကရာဇ်၏ စိတ်ထဲက ဒေါသများမှာ သုံးပုံတစ်ပုံခန့် လျော့ပါးသွားခဲ့ပြီး လေသံကလည်း ပျော့ပျောင်းသွားတော့သည်။ "လုရှီ ခွင့်ပြုချက်မရှိဘဲ မြို့တော်က ထွက်သွားတဲ့ကိစ္စကို ကျန်းလည်း တမြန်နေ့ကမှ သိတာ"

လုလင်းက ခါးသက်သက်ပြုံးလိုက်လေသည်။ "အရှင်မင်းကြီးကို ဖုံးကွယ်မထားပါဘူး။ ကျွန်တော်မျိုးလည်း ဒီနေ့မနက်မှ ရှောင်ယွိရဲ့စာကို လက်ခံရရှိတာပါ။ သူက အချိန်ကို တွက်ချက်၊ စာကိုကြိုရေးပြီး စစ်တပ်ဆီ ပို့ခိုင်းလိုက်တာပါ။ စာကိုဖတ်ပြီးမှ သူက ခွင့်ပြုချက်မရှိဘဲ ကျန်းနန်ကို ထွက်သွားမှန်း သိလိုက်ရလို့ စိတ်ထဲမှာ မီးလောင်နေသလို ပူပန်နေရပါတယ်"

"လုဖေးက တပ်သားငါးသောင်းကို ဦးဆောင်ပြီး ထွက်ခွာသွားပါပြီ။ လဝက်လောက်ဆိုရင် တပ်မတော်ကြီးက ကျန်းနန်ကို ရောက်ပါလိမ့်မယ်။ တပ်မတော်ကြီးရဲ့ အရှိန်အဝါကြောင့် ကျန်းနန်က မိသားစုကြီးတွေလည်း လှိုင်းကြီးလေထန်အောင် လုပ်ရဲမှာ မဟုတ်တော့ပါဘူး။ ထိုက်ဇီလည်း ဘေးကင်းသွားမှာပါ။ သူက မိန်းကလေးတစ်ယောက်လေ။ အရှေ့နန်းဆောင်ထဲမှာ ကောင်းကောင်းမွန်မွန်နေ၊ သားသမီးတွေကို ထိန်းကျောင်း၊ ယောက္ခမတွေကို ပြုစုလုပ်ကျွေးတာကမှ လမ်းမှန်ပါ။ ဒီလို သတ်ဖြတ်တိုက်ခိုက်တဲ့ ကိစ္စတွေမှာ သူက ပါဝင်စရာ ဘာအကြောင်းရှိလို့လဲ"

လုလင်းသည် ပြောရင်းဆိုရင်းဖြင့် စိတ်လှုပ်ရှားလာလေသည်။ "ဟိုအရင်တုန်းက ယန်တပ်တွေ မြို့ကို ဝိုင်းထားတုန်းကလိုပေါ့။ စစ်သူကြီးလျန်က စစ်သည်တွေကို ဦးဆောင်ပြီး မြို့ကို ကာကွယ်နေတုန်း သူက စွန့်စားပြီး ညဘက် စစ်တပ်ထဲဝင်ကာ ယန်ထော်ကို လုပ်ကြံခဲ့တယ်။ ယန်ထော်ရဲ့ အစွမ်းအစကို တခြားသူတွေ မသိပေမဲ့ အရှင်မင်းကြီးကတော့ ကောင်းကောင်းသိမှာပါ။ ဒီလောက် အန္တရာယ်များတဲ့ကိစ္စကို သူက ဇွတ်လုပ်ခဲ့တယ်။ ယန်ထော်ကို သတ်ပြီး မြို့တော်ရဲ့ အန္တရာယ်ကို ဖြေရှင်းနိုင်ခဲ့ပေမဲ့ သူကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန် ရခဲ့တာလေ"

"ဒီလောက် မိုက်မဲပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတတ်တာ။ ကျွန်တော်မျိုး ဒါတွေကို တွေးမိတိုင်း သူ့ကို ကောင်းကောင်း ဆုံးမပစ်ချင်စိတ် ပေါက်မိတယ်။ ဒီတစ်ကြိမ်တော့ အရှင်မင်းကြီး သူ့ကို လုံးဝ ပေါ့ပေါ့ပါးပါး ခွင့်မလွှတ်ပါနဲ့"

ယုံးကျားဧကရာဇ် "..."

လုလင်းက လုမင်ယွိ ယန်ထော်ကို လုပ်ကြံခဲ့သည့် အတိတ်ကအကြောင်းကို ထုတ်ပြောလိုက်သည်နှင့် ယုံးကျားဧကရာဇ်၏ လေသံက နောက်ထပ် သုံးပုံတစ်ပုံခန့် ပျော့ပျောင်းသွားပြန်လေသည်။ "အဲဒီတုန်းက လုရှီက ကိုယ့်အသက်ကို ပဓာနမထားဘဲ အကျိုးဆောင်မှု ကြီးကြီးမားမား ပြုလုပ်ခဲ့တာပါ။ ကျန်းကလည်း သူ့ရဲ့ ရဲရင့်မှုကို အမြဲတမ်း သဘောကျခဲ့တာပါ"

လုလင်းက သဘာဝကျကျပင် စကားဆက်ပြောလိုက်လေသည်။ "အရှင်မင်းကြီးက သူ့ကို ထိုက်ဇီဖေး ကိုယ်ရံတော်တပ်ဖွဲ့ကို ဆုချီးမြှင့်ခဲ့တာက ကောင်းကင်လောက်ကြီးမားတဲ့ ကျေးဇူးတော်ပါ။ ရှေးခေတ်အဆက်ဆက်ကို ပြန်ကြည့်ရင် ဘယ်မိန်းကလေးက စစ်တပ်ကို ဦးဆောင်နိုင်တယ်ဆိုတဲ့ ထုံးစံရှိလို့လဲ"

"ကျွန်တော်မျိုးက သူ့ကို သီးသန့် အမြဲမှာကြားခဲ့ပါတယ်။ ဒီကိုယ်ရံတော်တပ်ဖွဲ့ကို စိတ်ထင်တိုင်း မသုံးပါနဲ့။ တခြားသူတွေ အတင်းအဖျင်း ပြောကြရင် အရှင်မင်းကြီး ဘေးကြပ်နံကြပ် ဖြစ်ရလိမ့်မယ်လို့လေ။ သူကလည်း ကောင်းကောင်း လက်ခံခဲ့ပါတယ်။ ဒီနှစ်ပိုင်းတွေမှာလည်း တကယ်ကို ငြိမ်ငြိမ်လေး နေခဲ့တာပါ။ သူက ရုတ်တရက်ကြီး ဒီလောက်ကြီးမားတဲ့ ပြဿနာကြီးကို ရှာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"

ဟုတ်တာပေါ့!

ယုံးကျားဧကရာဇ်သည် ခေါင်းညိတ်မိမတတ် ဖြစ်သွားသည်ကို ထိန်းချုပ်လိုက်ပြီး လုမင်ယွိဘက်မှ ပြန်လည်ကာကွယ် ပြောဆိုပေးလိုက်တော့သည်။ "ဒီကိစ္စက လုရှီကိုချည်းပဲ အပြစ်တင်လို့တော့ မရပါဘူး။ ထိုက်ဇီက ကျန်းနန်မှာ လုပ်ကြံမှုတွေနဲ့ ဆက်တိုက် ကြုံတွေ့နေရတာ။ ဒါက သုံးကြိမ်မြောက် ရှိနေပြီ။ ကျန်းနန်က မိသားစုကြီးတွေရဲ့ အင်အားက သောင်းကျန်းလွန်းတယ်။ ကျန်းကိုယ်တိုင်လည်း ထိုက်ဇီရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရတာပါ။ လုရှီနဲ့ ထိုက်ဇီက လင်မယား သံယောဇဉ် နက်ရှိုင်းကြတော့ စိတ်ပူလွန်းလို့ အမှားလုပ်မိသွားတာပါ။ ခွင့်လွှတ်ပေးလို့ ရနိုင်တဲ့ အကြောင်းပြချက် ရှိပါတယ်"

လုလင်းကတော့ ငြင်းဆန်လေသည်။ "ဘယ်လိုပဲဖြစ်ဖြစ် ထိုက်ဇီဖေးက အမှားကြီး ကျူးလွန်ခဲ့တာမို့ ပြင်းပြင်းထန်ထန် အပြစ်ပေးရပါလိမ့်မယ်။ နောက်ဆိုရင် ထိုက်ဇီဖေးရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ကို ပြန်လည်သိမ်းယူဖို့ အရှင်မင်းကြီးကို လျှောက်တင်ပါတယ်"

...

အပိုင်း (၅၇၅) အရှင်မင်းကြီးနှင့် တွေ့ဆုံခြင်း (၂)

ရှင်းယန်ဝမ်၏ စကားသံကြောင့် ယုံးကျားဧကရာဇ်၏ မျက်ခွံများ လှုပ်ခတ်သွားလေသည်။

ထိုအခိုက်အတန့်တွင် ယုံးကျားဧကရာဇ်သည် စကားမဆိုနိုင်အောင်ပင် စိတ်အနည်းငယ် လှုပ်ရှားသွားလေသည်။ သူသည် အလွန်အမင်း ဒေါသထွက်နေသဖြင့် ထိုကိုယ်ရံတော်တပ်ဖွဲ့ကို ပြန်လည်သိမ်းယူရန် အမှန်တကယ် ရည်ရွယ်ခဲ့လေသည်။ သို့မှသာ လုမင်ယွိသည် နောင်တွင် ပြဿနာများကို ထပ်မံ မရှာနိုင်တော့မည် မဟုတ်လား။

သို့သော် ထိုအကြံအစည်ကို မည်သူကိုမှ ထုတ်မပြောခဲ့ဖူးပေ။

ရှင်းယန်ဝမ်က ဘယ်လိုလုပ်ပြီး စကားတစ်ခွန်းတည်းနဲ့ သူ့စိတ်ထဲက အတွေးတွေကို ထိမိသွားတာလဲ။

လုလင်းသည် ယုံးကျားဧကရာဇ်၏ ထူးဆန်းသော မျက်နှာထားကို မမြင်သယောင်ပင် လေးနက်သော လေသံဖြင့် ဆက်ပြောလိုက်လေသည်။ "သာ့ဝေတိုင်းပြည်က အေးချမ်းသာယာနေပါပြီ။ အရှင်မင်းကြီးကလည်း ဉာဏ်ပညာကြီးမားပြီး စွမ်းရည်ထက်မြက်ပါတယ်။ ထိုက်ဇီရဲ့ စိတ်သဘောထားကလည်း နူးညံ့သိမ်မွေ့ပါတယ်။ တစ်ခါတစ်ရံ ပြဿနာအနည်းငယ် ပေါ်လာတတ်ပေမဲ့ သာ့ဝေရဲ့ စစ်သည်တော်တွေက မိုးပေါ်က တိမ်တိုက်တွေလို များပြားလှပါတယ်။ အဲဒါတွေကို ဖြေရှင်းဖို့ လုံလောက်ပါတယ်။ ထိုက်ဇီဖေးရဲ့ ကိုယ်ရံတော်တပ်ဖွဲ့က လက်တွေ့အသုံးဝင်မှုထက် ဂုဏ်ဒြပ်သဘောဆောင်တာ ပိုများပါတယ်"

"ထိုက်ဇီဖေးရဲ့ စိတ်နေစိတ်ထားက ပွင့်လင်းလွန်းပါတယ်။ ဒေါသထွက်လာရင် လုပ်ချင်ရာလုပ်တတ်ပြီး ခေါင်းမာပါတယ်။ မိုင်ပေါင်းတစ်ထောင်ဝေးတဲ့ ခရီးကိုနှင်ပြီး ခင်ပွန်းသည်ကို ကယ်တင်ဖို့သွားတာက ဂုဏ်ယူစရာကောင်းပေမဲ့ ထိုက်ဇီဖေး ကိုယ်ရံတော်တပ်ဖွဲ့ ရှိနေတာကြောင့် လူတွေရဲ့ အတင်းအဖျင်း ပြောတာကို ခံရနိုင်ပါတယ်။ မရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ ခွင့်ပြုချက်မရှိဘဲ စစ်တပ်ကို သုံးတယ်ဆိုပြီး အပြစ်တင်ခံရနိုင်ပါတယ်"

"ဒါကြောင့် နောင်ကျရင် ဒီကိုယ်ရံတော်တပ်ဖွဲ့ကို ပြန်လည်သိမ်းယူပြီး နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ထဲ ပြန်ထည့်လိုက်ဖို့ အရှင်မင်းကြီးကို အသနားခံပါတယ်။ ဒီလိုလုပ်လိုက်ရင် ထိုက်ဇီဖေးရဲ့ ဂုဏ်သိက္ခာကို အများကြီး ကာကွယ်ပေးနိုင်မှာပါ"

ထိုစကားလုံးများသည် လေးနက်ခိုင်မာပြီး အလွန်ပင် ရိုးသားမှုရှိလှသည်။

ယုံးကျားဧကရာဇ်သည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပါးစပ်ဖွင့်ကာ မေးလိုက်လေသည်။ "မင်း တကယ်ပဲ အဲဒီလို တွေးတာလား"

လုလင်းသည် ယုံးကျားဧကရာဇ်ကို တည်ငြိမ်စွာ ကြည့်လိုက်လေသည်။ "ဟုတ်ပါတယ်။ ကျွန်တော်မျိုးရဲ့ စကားလုံးတစ်လုံးချင်းစီက ရင်ထဲကလာတဲ့ စကားတွေပါ။ လုံးဝ လိမ်ညာခြင်း မရှိပါဘူး"

အပေါ်ယံ ကိုယ်ရံတော်တပ်ဖွဲ့ မရှိတော့ရင်လည်း တိတ်တဆိတ် အစောင့်အရှောက်တွေ မွေးထားလိုက်ရုံပေါ့။

ပြီးတော့ မြို့တော်အပြင်ဘက်က စစ်တပ်စခန်းမှာ ရှင်းယန်စစ်သည် တစ်သိန်းတောင် ရှိနေတာပဲ။ ဘယ်သူကများ လုမင်ယွိကို အနိုင်ကျင့်ရဲမှာမလို့လဲ။

ယုံးကျားဧကရာဇ်၏ မျက်နှာထားသည် သိသိသာသာ ပြေလျော့သွားတော့သည်။ "ဒီကိစ္စကို ကျန်း သေသေချာချာ စဉ်းစားဆုံးဖြတ်ပါ့မယ်" ခဏရပ်ပြီး သူက ဆက်ပြောလိုက်သည်။ "မိဘမေတ္တာဆိုတာ တကယ့်ကို သနားစရာကောင်းပါတယ်။ မင်းက ထိုက်ဇီဖေးကို စိတ်ပူသလို ကျန်းလည်း ကျန်းရဲ့ ထိုက်ဇီကို စိတ်ပူပါတယ်"

"ထိုက်ဇီဖေးက အမှားလုပ်ခဲ့ပေမဲ့ ရည်ရွယ်ချက်ကတော့ ထိုက်ဇီအတွက်ပဲလေ။ ဒါတွေကို ကျန်း ကောင်းကောင်း နားလည်ပါတယ်။ မင်း စိတ်ချပါ။ ကျန်းက မိုက်မဲတဲ့ ဘုရင်မဟုတ်ပါဘူး။ ဒီကိစ္စလေးနဲ့ ထိုက်ဇီဖေးကို သံသယဝင်မှာ မဟုတ်ပါဘူး"

ပြောတာတော့ ကောင်းလိုက်တာ။ သံသယမဝင်ဘူးဆိုရင် ဘာလို့ ချောင်မိဖုရားခေါင်ကို အကျယ်ချုပ် ချထားရတာလဲ။

လုလင်း၏ မျက်နှာပေါ်တွင် ဝမ်းနည်းစိတ်လှုပ်ရှားမှုများ အပြည့်ဖြစ်ပေါ်လာပြီး မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲတက်လာလေသည်။ "အရှင်မင်းကြီးရဲ့ သဘောထားကြီးမှုအတွက် ကျွန်တော်မျိုး ကျေးဇူးအများကြီး တင်ပါတယ်"

ယုံးကျားဧကရာဇ်သည် လုလင်း၏ ပခုံးကို ပုတ်လိုက်လေသည်။ "မင်းနဲ့ငါ့ကြားမှာ ဒီလို အားနာစကားတွေ ပြောနေစရာ မလိုပါဘူး။ မိုးချုပ်နေပြီ မင်း အိမ်ပြန်နားလိုက်တော့။ မနက်ဖြန်မှ နန်းတော်ထဲ ပြန်လာခဲ့။ ကျန်း မင်းနဲ့ အေးအေးဆေးဆေး စကားပြောမယ်"

လုလင်းသည် အလိုက်ကမ်းဆိုး သိတတ်သူပီပီ ရိုသေစွာ အမိန့်ကိုနာခံပြီး နှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။

လုလင်း ထွက်ခွာသွားပြီးနောက် ဝမ်ဟွားနန်းဆောင်သည် တိတ်ဆိတ်ငြိမ်သက်သွားပြန်လေသည်။

ယုံးကျားဧကရာဇ်သည် နဂါးပလ္လင်ပေါ်တွင် အချိန်အတော်ကြာ ထိုင်နေပြီး မျက်နှာထားက အမျိုးမျိုး ပြောင်းလဲနေလေသည်။

လျိုကုန်းကုန်းသည် အချိန်ကို ခန့်မှန်းကြည့်ပြီး ရှေ့သို့တိုးကာ လျှောက်တင်လိုက်လေသည်။ "အရှင်မင်းကြီး အချိန်မစောတော့ပါဘူး။ အနားယူသင့်ပါပြီ"

ယုံးကျားဧကရာဇ်သည် သက်ပြင်းချသံသဲ့သဲ့ ပြုလိုက်ပြီး မတ်တပ်ရပ်လိုက်လေသည်။ သူသည် မိမိကိုယ်ကို ပြောသည်လား လျိုကုန်းကုန်းကို ပြောသည်လား မသဲကွဲပေ။ "ရှင်းယန်ဝမ်က ရဲရင့်ပြီး သစ္စာရှိတယ်။ အရာရာတိုင်းက ကျန်း စိတ်တိုင်းကျပဲ။ သူက ကိုယ့်လူကို အရမ်းကာကွယ်တတ်တာ တစ်ခုပဲ ရှိတာ"

လျိုကုန်းကုန်းက အပြုံးဖြင့် ဂရုတစိုက် ပြန်ဖြေလိုက်လေသည်။ "ရှင်းယန်ဝမ်က ထိုက်ဇီဖေးရဲ့ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာကို အရေးအကြီးဆုံး ထားတာပါ။ ကျွန်တော်မျိုး ထင်တာကတော့ ဒီလိုစစ်သူကြီးမျိုးက အရှားပါးဆုံးပါပဲ"

ဧကရာဇ်မင်းတစ်ပါးအနေဖြင့် စစ်သူကြီးများက ကိုယ့်အင်အားကို ကိုယ်ယုံကြည်ပြီး မောက်မာကြမည်ကို အစိုးရိမ်ဆုံးပင်။

စစ်သည်အင်အား တစ်သိန်းကို ပိုင်ဆိုင်ထားပြီး လှည့်ကွက်များလွန်းကာ အာဏာမက်မောလွန်းလျှင် ထိန်းချုပ်ရ ခက်ခဲပေလိမ့်မည်။ ရှင်းယန်ဝမ်က အာဏာကို သိပ်မမက်မောဘဲ ပြဿနာရှာတတ်သည့် ထိုက်ဇီဖေးကိုသာ ကာကွယ်ပေးတတ်သူ ဖြစ်သည်။ ဒီလောက် အတ္တလေး နည်းနည်းရှိတာက ရှင်းရှင်းလင်းလင်းနှင့် ရိုးသားမှုရှိသည် မဟုတ်ပါလား။

ဒီလို စစ်သူကြီးမျိုးက ဘယ်နေရာမှာ မကောင်းလို့လဲ။

ယုံးကျားဧကရာဇ်၏ စိတ်သည် ရုတ်တရက် ကြည်လင်သွားပြီး နှုတ်ခမ်းထောင့်များ တွန့်ကွေးကာ ပြုံးလိုက်လေသည်။ "မင်း ဒီခွေးအိုကြီးက တော်တော်လေး နားလည်တာပဲ"

လျိုကုန်းကုန်းက အလျင်အမြန် ပြုံးကာ ပြောလိုက်လေသည်။ "အရှင်မင်းကြီး ဒီလောက် ချီးကျူးတာကို ကျွန်တော်မျိုး မခံယူဝံ့ပါဘူး"

ဒါကြောင့်မို့ ရှင်းယန်ဝမ်က လှေကားထစ် လုပ်ပေးထားမှတော့ အရှင်မင်းကြီးကလည်း အလိုက်သင့်လေး ဆင်းလိုက်ရုံပါပဲ။ ဘယ်လောက်ကြီးမားတဲ့ ကိစ္စမို့လို့လဲ။

ယုံးကျားဧကရာဇ်သည် စဉ်းစားတွေးတောနေပြီး စကားထပ်မပြောတော့ဘဲ အိပ်ဆောင်ထဲသို့ ဝင်ရောက်ကာ အနားယူလိုက်လေတော့သည်။

...

လျိုကုန်းကုန်းသည် အရှင်မင်းကြီး အိပ်ပျော်သွားသည်အထိ ပြုစုပေးပြီးနောက် ညတာဝန်ကျသည့် ကုန်းကုန်းလေးများကို သတိထားနေရန် မှာကြားကာ တစ်နေ့တာ တာဝန်ကို အဆုံးသတ်ပြီး သူ၏ အခန်းသို့ ပြန်လာခဲ့လေသည်။

လျိုကုန်းကုန်းသည် အရှင်မင်းကြီး ယုံကြည်အားကိုးရဆုံးသော ကုန်းကုန်းခေါင်းဆောင် ဖြစ်သည်။ ပုံမှန်အချိန်များတွင် ယုံးကျားဧကရာဇ်၏ ရှေ့မှောက်၌ တာဝန်ထမ်းဆောင်ရာတွင် မြေးတစ်ယောက်လို ခေါင်းညိတ်ခါးညွတ် နေရသော်လည်း တာဝန်ချိန်ပြီးသည့်အခါတွင်မူ သူ့ကို ပြုစုသည့် ကုန်းကုန်းလေးများစွာ ရှိပြီး စားသောက်နေထိုင်မှု အားလုံးသည် နန်းတော်ထဲတွင် အကောင်းဆုံးများသာ ဖြစ်လေသည်။

"လျိုကုန်းကုန်း ဒီည အရှင်မင်းကြီး စိတ်အခြေအနေ ကောင်းရဲ့လား" ကုန်းကုန်းလေးတစ်ဦးက ဂရုတစိုက် ပြုစုပေးရင်း ပြုံးကာ မေးမြန်းလိုက်လေသည်။

လျိုကုန်းကုန်းက မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး အေးအေးဆေးဆေးပင် ဆူပူလိုက်လေသည်။ "ဒီလိုကိစ္စမျိုးကို မင်းက မေးရဲသလား။ ပါးစပ် ပိတ်ထားစမ်း"

စကားလုံးများက ကြမ်းတမ်းသော်လည်း လေသံကတော့ ပေါ့ပါးနေလေသည်။

ကုန်းကုန်းလေးသည် အဆူခံရသည်ကို ယဉ်ပါးနေပြီဖြစ်သဖြင့် စိတ်ထဲမထားဘဲ ရေနွေးပုံးကို ယူလာကာ လျိုကုန်းကုန်း၏ ခြေထောက်ကို ဆေးကြောပေးလိုက်လေသည်။

လျိုကုန်းကုန်းသည် ဇိမ်ရှိသွားသဖြင့် မျက်လုံးကို တစ်ဝက်မှိတ်ကာ အနားယူလိုက်လေသည်။

သူသည် ယုံးကျားဧကရာဇ်အပေါ်တွင် သစ္စာရှိသည်မှာ အမှန်ပင်။ သို့သော် ကျောင်းဖန်နန်းဆောင်နှင့် အရှေ့နန်းဆောင်တို့က တိတ်တဆိတ် လာဘ်ထိုးသည်ကိုလည်း သူက မငြင်းပယ်ခဲ့ပေ။ သူ လုပ်ပေးနိုင်သည်မှာ အရေးကြီးသည့် အချိန်တွင် အရှေ့နန်းဆောင်အတွက် သွယ်ဝိုက်ပြီး ပါးပါးနပ်နပ် စကားပြောပေးခြင်းသာ။

ဒီနေ့ညလိုမျိုးပေါ့။ ရှင်းယန်ဝမ် လုလင်းက နန်းတော်ထဲဝင်ပြီး အပြစ်တောင်းပန်သည့်အခါ သူက ဘေးကနေ တစ်ခွန်းနှစ်ခွန်း ဝင်ထောက်ပေးလိုက်သဖြင့် ယုံးကျားဧကရာဇ်၏ ဒေါသများ တစ်ဝက်ကျော် ပြေလျော့သွားခဲ့ရသည်။

ယုံးကျားဧကရာဇ်၏ စိတ်သဘောထားကို သူ နားလည်ထားသလောက်ဆိုလျှင် ထိုက်ဇီဖေးက ကျန်းနန်မှာ နှစ်လ သုံးလလောက် နေပြီး ဒဏ်ရာပျောက်ကင်းသွားသည့် ထိုက်ဇီနှင့်အတူ ပြန်လာသည့်အခါ ယုံးကျားဧကရာဇ်၏ ဒေါသများလည်း ပျောက်ကွယ်သွားလောက်ပြီ။

ပြင်းပြင်းထန်ထန် အပြစ်ပေးမည် ဆိုသည်မှာလည်း ဖြစ်မြောက်လာနိုင်ချေ နည်းပါးသွားပြီ ဖြစ်သည်။

...

လမင်းကြီးသည် ညကောင်းကင်ယံတွင် မြင့်မားစွာ တွဲခိုနေပြီး နန်းမြို့တော်ကြီးအပေါ်တွင် ငွေရောင်အလင်းတန်းများ ဖြန့်ကျက်ထားလေသည်။ မိုင်ပေါင်းရာချီ ဝေးကွာသော ကျန်းနန်ဒေသကိုလည်း ငွေရောင်အလင်းများ ဖြန့်ကျက်ထားလေသည်။

ကျန်းနန် ဘုရင်ခံရုံးကို ယခုအခါတွင် စစ်သည်အင်အား ငါးထောင်ဖြင့် အတွင်းအပြင် ပိတ်ဆို့ထားသဖြင့် သူစိမ်းတစ်ယောက် မဆိုထားနှင့် ယင်ကောင်တစ်ကောင်ပင် ပျံသန်းမဝင်ရောက်နိုင်ပေ။

ထိုက်ဇီ လီကျင့် လုပ်ကြံခံရပြီး ဒဏ်ရာရရှိမှုသည် ကျန်းနန်အရာရှိလောကကို တုန်လှုပ်စေခဲ့သလို အမှောင်ထဲတွင် ပုန်းကွယ်နေသော အင်အားစုများကိုလည်း လှုပ်ရှားရုန်းကန်လာစေခဲ့သည်။

အပေါ်ယံတွင် တည်ငြိမ်နေသော ဘုရင်ခံရုံးကို အမှောင်ထဲမှ မျက်လုံးပေါင်းများစွာက တိတ်တဆိတ် စောင့်ကြည့်နေကြလေသည်။

ကံဆိုးသည်မှာ ထိုက်ဇီသည် ဒဏ်ရာရပြီးနောက်တွင် လူလုံးမပြတော့ဘဲ ဘုရင်ခံရုံး၏ နောက်ဖေးအိမ်ဆောင်တွင်သာ ဒဏ်ရာကို ကုသနေခဲ့သည်။ ဒဏ်ရာအခြေအနေ မည်သို့ရှိသည်ကို မည်သူမျှ သေချာမသိကြပေ။

အစိုးရိမ်ရဆုံးသူမှာ ကျန်းနန်ဘုရင်ခံ ရှဲ့တာ့ကျီပင် ဖြစ်လေသည်။

ယုံးကျားဧကရာဇ် နန်းတက်ပြီး ဒုတိယနှစ်တွင် စာမေးပွဲကျင်းပပြီး ပညာရှိများကို ရွေးချယ်ခဲ့သည်။ ရှဲ့တာ့ကျီသည် ထိုနှစ်က ပထမရခဲ့သူဖြစ်ပြီး ချောင်ကောလောင်၏ တပည့်ရင်းလည်း ဖြစ်လေသည်။

ရှဲ့တာ့ကျီသည် ကိုယ်တိုင်လည်း ပညာအရည်အချင်း ထူးချွန်ပြီး ချောင်ကောလောင်၏ မြှောက်စားမှုကို ခံရသဖြင့် အဆင့်ခုနစ် မြို့ပိုင်အရာရှိလေးဘဝမှ ဆယ်နှစ်ကျော်အတွင်း ရာထူးများ ဆက်တိုက်တိုးလာခဲ့ပြီး မနှစ်က ကျန်းနန်ဘုရင်ခံ ဖြစ်လာခဲ့သည်။

သာ့ဝေတိုင်းပြည်တွင် စုစုပေါင်း ဘုရင်ခံရုံး ခြောက်ခု ဖွင့်လှစ်ထားသည်။ ကျန်းနန်ဘုရင်ခံသည် ရာထူးအာဏာ ကြီးမားပြီး ဘုရင်ခံရုံး ခြောက်ခုတွင် ပထမနေရာ၌ ရှိနေလေသည်။ ငါးနှစ် ရှစ်နှစ်ခန့် အေးအေးဆေးဆေး တာဝန်ထမ်းဆောင်ပြီးလျှင် မြို့တော်သို့ ပြန်လည်ဝင်ရောက်ကာ ဝန်ကြီးဌာန ခြောက်ခုတွင် ဝန်ကြီးအဖြစ် ရာထူးတိုးနိုင်ပြီး အစိုးရအဖွဲ့တွင် ပါဝင်ခွင့်ရမည် ဖြစ်သဖြင့် လူပေါင်းများစွာက မနာလိုဝန်တို ဖြစ်နေကြရသည်။

ထိုက်ဇီက ကျန်းနန်သို့ ကိုယ်ပိုင်ဆားချက်လုပ်ငန်းများကို စစ်ဆေးရန် ရောက်လာသည့်အခါ ရှဲ့ဘုရင်ခံသည် ၎င်းမှာ မီးခဲကို ကိုင်ရသလို ဖြစ်နေမှန်း သိသော်လည်း ခေါင်းမာမာဖြင့်ပင် တာဝန်ယူကာ ထိုက်ဇီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရသည်။

ယခင်က လုပ်ကြံမှုနှစ်ကြိမ်ကို တိတ်တဆိတ် ဖြေရှင်းနိုင်ခဲ့ပြီး လှိုင်းဂယက် မထခဲ့ပေ။ ဆားမှောင်ခိုအဖွဲ့ သုံးဖွဲ့ကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ပြီး အကျင့်ပျက် အရာရှိများကိုလည်း တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။ အခြေအနေက အလွန်ကောင်းမွန်နေခဲ့သည်။

ရှဲ့ဘုရင်ခံက ကိုယ်တိုင် ဧည့်ခံပွဲကျင်းပပြီး ထိုက်ဇီကို ဧည့်ခံခဲ့လေသည်။

ရှဲ့ဘုရင်ခံနှင့် ချောင်ကောလောင်တို့သည် ရင်းနှီးသော ဆက်ဆံရေးရှိပြီး ထိုက်ဇီကို ပြတ်ပြတ်သားသား ထောက်ခံသူများ ဖြစ်ကြသည်။ ထိုက်ဇီသည် ရှဲ့ဘုရင်ခံ၏ မျက်နှာကို မပျက်စေလိုသဖြင့် ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဤသို့ တစ်ကြိမ်တစ်ခါ သတိလက်လွတ် ဖြစ်သွားချိန်တွင်ပင် ပြဿနာတက်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

...

အပိုင်း (၅၇၆) ထိတ်လန့်ဖွယ်အပြောင်းအလဲ (၁)

ထိုနေ့တွင် သူသည် ဘုရင်ခံအိမ်တော်၌ သီးသန့်စားပွဲတစ်ခုကို ပြင်ဆင်ခင်းကျင်းခဲ့လေသည်။ စားပွဲသို့ လာရောက်သူများမှာ ထိုက်ဇီအပြင် နောက်ထပ် လူသုံးယောက်ရှိသေး၏။

ထိုသုံးဦးစလုံးသည် သူနှင့် နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့ကြသူများဖြစ်ကြသည်။ သူ၏ ယုံကြည်အားထားရဆုံး လူယုံတော်များဟုလည်း ဆိုနိုင်ပေသည်။ ထိုက်ဇီ ကျန်းနန်သို့ ရောက်ရှိလာပြီးနောက်တွင် သူသည် ထိုအရာရှိသုံးဦးကို ဦးဆောင်ကာ ထိုက်ဇီအတွက် ရှေ့နောက်မကျန် တာဝန်ထမ်းဆောင်ပေးခဲ့ကြလေသည်။

ကံဆိုးမိုးမှောင်ကျမည့်အရေးသည် ထိုလူသုံးဦးထံမှ စတင်ဖြစ်ပေါ်လာလိမ့်မည်ဟု ဘယ်သူက ထင်မှတ်ထားပါမည်နည်း။

လဝက်ကျော်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သော်ငြား ထိုညက မြင်ကွင်းသည် မျက်စိရှေ့တွင် ထင်ရှားနေဆဲပင်။

သူတို့လေးဦးသည် ထိုက်ဇီကို တစ်လှည့်စီ ဂါရဝပြုကာ အရက်ခွက် ကမ်းခဲ့ကြသည်။ ထိုက်ဇီသည် အရက်သောက်နိုင်စွမ်း သိပ်မရှိလှချေ။ ခွက်အနည်းငယ် သောက်ပြီးသည်နှင့် ဆက်မသောက်လိုတော့ဘဲ ပြုံးကာ ပြောဆိုခဲ့လေသည်။

"ကျွန်တော်က အရက်သောက်နိုင်စွမ်း မရှိပါဘူး။ ခွက်နည်းနည်းလောက် သောက်ပြီး အရသာခံလိုက်ရရင်ပဲ လုံလောက်ပါပြီ"

စစ်ဆေးရေးမှူးကျန်းမှာမူ အရက်ရှိန်တက်နေပြီဖြစ်ကာ အားပါးတရ တိုက်တွန်းနေတော့သည်။ အရက်ဖြည့်ပေးရန် တာဝန်ယူထားသည့် ကချေသည်မလေးကလည်း ပြုံးရွှင်စွာဖြင့် ထိုက်ဇီအတွက် အရက်တစ်ခွက် ထပ်မံဖြည့်ပေးလိုက်လေသည်။

ဂီတသံစဉ်များ လွင့်ပျံ့နေပြီး ကချေသည်မလေးများသည် ရှည်လျားသော လက်ပြတ်ဝတ်ရုံများကို ဝှေ့ယမ်းကာ ညှို့ဓာတ်ပြင်းစွာ ကပြဖျော်ဖြေနေကြသည်။

ဒီလိုအခြေအနေမျိုးတွင် ထိုက်ဇီ၏ နောက်ပါးမှ စောင့်ကြပ်နေသည့် ကိုယ်ရံတော်တပ်သားများပင်လျှင် သတိအနေအထားကို အနည်းငယ် လျှော့ချလိုက်မိကြသည်။

မထင်မှတ်ထားသော အဖြစ်အပျက်သည် မျက်တောင်တစ်ခတ် အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့လေသည်။

စစ်ဆေးရေးမှူးကျန်း၏ နောက်ပါးရှိ ကိုယ်ရံတော်တပ်သားသုံးဦးသည် ရုတ်တရက် ထကြွသောင်းကျန်းလာကာ ထိုက်ဇီရှိရာသို့ ပြေးဝင်တိုက်ခိုက်ကြတော့သည်။ ထိုက်ဇီ၏ ဘေးနားရှိ လုယိနှင့် တပ်မှူးကျော်တို့သည် လျင်မြန်စွာ တုံ့ပြန်လိုက်ကြပြီး တစ်ယောက်လျှင် လုပ်ကြံသူတစ်ယောက်စီကို ဝင်ရောက်ဟန့်တားလိုက်ကြသည်။ နောက်ဆုံးကျန်ရစ်သည့် လုပ်ကြံသူတစ်ဦးကမူ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရာ လက်ဖဝါးထဲတွင် ထက်ရှသော မြှားတိုတစ်ချောင်း ရောက်ရှိလာပြီး အသေခံ တိုက်ခိုက်မည့်ဟန်ဖြင့် ခုန်အုပ်လိုက်လေသည်။

ထိုက်ဇီသည် သိုင်းပညာကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ဖူးသဖြင့် ထိပ်တန်းသိုင်းပညာရှင် မဟုတ်သည့်တိုင် တုံ့ပြန်မှုမှာ အလွန်လျင်မြန်လှပေသည်။ သို့သော် လုပ်ကြံသူ၏ လှုပ်ရှားမှုက ပို၍မြန်ဆန်နေ၏။ လျှပ်တစ်ပြက် အခိုက်အတန့်တွင် ဘေးနားရှိ ကချေသည်မလေးက ရှေ့သို့ ခုန်အုပ်လိုက်ကာ ထိုက်ဇီအစား ဓားချက်ကို ဝင်ရောက်ခံယူလိုက်လေသည်။

လုပ်ကြံသူ၏ မြှားတိုသည် ကချေသည်မလေး၏ ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွား၏။ ကချေသည်မလေးသည် နာကျင်စွာ အော်ဟစ်လိုက်ရှာသည်။

လုပ်ကြံသူသည် မြှားတိုကို ပြန်ဆွဲထုတ်လိုက်ပြီး ထိုက်ဇီကို ထပ်မံထိုးစိုက်လိုက်ပြန်သည်။ ထိုက်ဇီသည် ရှောင်တိမ်းရန် အချိန်မရှိတော့ဘဲ ညာဘက်လက်မောင်းတွင် ဒဏ်ရာရရှိသွားခဲ့လေသည်။ ထိုအချိန်ကျမှသာ လူအားလုံး အသိပြန်ဝင်လာကြပြီး ကိုယ်ရံတော်တပ်သားများက ပြေးဝင်လာကာ ဒေါသတကြီး အော်ဟစ်လျက် လုပ်ကြံသူသုံးဦးစလုံးကို သုတ်သင်ပစ်လိုက်ကြတော့သည်။

ထိုက်ဇီ၏ ဒဏ်ရာမှာ အသက်အန္တရာယ် မရှိသော်ငြား အဓိက သေစေနိုင်သည့်အရာမှာ မြှားတိုပေါ်တွင် သုတ်လိမ်းထားသည့် ပြင်းထန်သော အဆိပ်ပင် ဖြစ်လေသည်။ ရင်ဘတ်ကို ဓားထိုးခံလိုက်ရသည့် ကချေသည်မလေးသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး ပါးစပ်ထဲမှ သွေးမည်းများ စီးကျလာကာ ခဏအတွင်းမှာပင် အသက်ပျောက်သွားရှာသည်။

တပ်မှူးကျော်သည် နန်းတွင်းမှ ဖော်စပ်ထားသော အဆိပ်ဖြေဆေးလုံးကို လျင်မြန်စွာ ထုတ်ယူလိုက်ပြီး ထိုက်ဇီ၏ ပါးစပ်ထဲသို့ သုံးလုံးဆက်တိုက် ထည့်ပေးလိုက်လေသည်။

လုယိ၏ မျက်နှာထားမှာ တင်းမာခက်ထန်နေပြီး ထိုက်ဇီ၏ သွေးကြောများကို ပိတ်လိုက်ကာ ထိုက်ဇီ၏ ညာဘက်လက်မောင်းမှ ဒဏ်ရာရထားသည့် အသားများကို ဓားဖြင့် လှီးထုတ်ပစ်လိုက်တော့သည်။ ဒဏ်ရာမှ သွေးမည်းများ စီးကျလာပြီး သွေးအရောင် ပုံမှန်ပြန်ဖြစ်လာမှသာ ရပ်တန့်လိုက်သည်။

ကံကောင်းထောက်မစွာပင် ထိုက်ဇီ၏အနီး၌ တော်ဝင်သမားတော် အမြဲပါရှိနေခဲ့သည်။ ခဏအကြာတွင် တော်ဝင်သမားတော်သည် ကမန်းကတန်း ပြေးလာခဲ့ပြီး ထိုက်ဇီကို နေရာမှ မရွှေ့ပြောင်းရဲဘဲ ထိုနေရာတွင်ပင် ထိုင်ချကာ အပ်စိုက်ကုသပေးပြီး အဆိပ်ထုတ်ပေးရလေသည်။

ကိုယ်ရံတော်တပ်သားများ အားလုံးသည် ထိုက်ဇီကို ဝိုင်းရံကာ စောင့်ကြပ်ထားလိုက်ကြသည်။

ရှဲ့ဘုရင်ခံနှင့် စစ်ဆေးရေးမှူးကျန်း အစရှိသူတို့သည် ဤမျှ ကြီးမားသော အပြောင်းအလဲကြောင့် ထိတ်လန့်ကြောင်အမ်း သွားကြတော့သည်။ အထူးသဖြင့် စစ်ဆေးရေးမှူးကျန်းပင်။ လုပ်ကြံသူများသည် သူခေါ်ဆောင်လာသူများ ဖြစ်နေ၏။ အကယ်၍ ထိုက်ဇီသာ တစုံတရာ ဖြစ်သွားပါက သူ၏ခေါင်းကိုလည်း ဆက်ထားနိုင်တော့မည် မဟုတ်ပေ။ ကျန်းမိသားစုဝင် လူကြီးလူငယ် (၁၀)ဂဏန်းခန့်သည်လည်း လိုက်ပါသေဆုံးကြရပေတော့မည်။

စစ်ဆေးရေးမှူးကျန်းသည် ကြောက်လန့်လွန်းသဖြင့် ခြေထောက်များ ပျော့ခွေသွားပြီး ချက်ချင်း ဒူးထောက်ချလိုက်မိသည်။ မျက်ရည်၊ နှပ်ရည်များ စီးကျလာကာ အဆက်မပြတ် ဦးခိုက်တောင်းပန်တော့သည်။ "ဘုရင်ခံလူကြီးမင်း... ကျွန်တော့်ကို ကယ်ပါဦး။ ဒီလုပ်ကြံသူသုံးယောက်ကို ကျွန်တော် ခိုင်းတာ လုံးဝမဟုတ်ပါဘူး။ ဘာဖြစ်သွားမှန်းတောင် ကျွန်တော် မသိလိုက်ပါဘူး။ တစ်ယောက်ယောက်က ကျွန်တော့်လက်ကို ငှားပြီး ထိုက်ဇီကို လုပ်ကြံတာပါ။ ပြီးတော့ ကျွန်တော့်ခေါင်းပေါ် ပုံချချင်တာပါ။ လူကြီးမင်း... ကျွန်တော့်အသက်ကို ကယ်ပါဦး"

ထိုအချိန်က ရှဲ့ဘုရင်ခံ၏ မျက်နှာထားသည်လည်း စစ်ဆေးရေးမှူးကျန်းထက် သာလွန်မနေခဲ့ချေ။ အံကိုကြိတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။ "ထိုက်ဇီ အခုလိုဖြစ်သွားတာ ခင်ဗျားရော ကျုပ်ရော တာဝန်ကင်းမှာ မဟုတ်ဘူး။ ဒီလူသုံးယောက်လုံးကို ခင်ဗျားပဲ ခေါ်လာတာလေ။ မသိဘူးလို့ ပါးစပ်ကပြောနေရုံနဲ့ ဘယ်သူက ခင်ဗျားရဲ့ သရဲစကားကို ယုံမှာလဲ"

စစ်ဆေးရေးမှူးကျန်းသည် တုန်တုန်ယင်ယင်ဖြင့် ပြောရှာသည်။ "သူတို့က ကျွန်တော့်နောက်လိုက်နေတာ (၇)နှစ် (၈)နှစ်လောက်ရှိနေပါပြီ။ သစ္စာရှိပြီး အရည်အချင်းရှိတဲ့ ကိုယ်ရံတော်တွေပါ။ ကျွန်တော် ဘယ်သွားသွား သူတို့အမြဲပါတယ်။ သူတို့က ထိုက်ဇီကို လုပ်ကြံလိမ့်မယ်လို့ ကျွန်တော် လုံးဝ ထင်မထားခဲ့ပါဘူး... သူတို့က ကျန်းနန်မျိုးနွယ်ဟောင်းတွေရဲ့ လူတွေပဲ ဖြစ်ရမယ်။ လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက ကျွန်တော့်ဘေးမှာ သူလျှိုလုပ်ခိုင်းထားတာ နေမှာ။ ဟုတ်တယ်... အဲဒါ အမှန်ပဲ ဖြစ်ရမယ်"

ရှဲ့ဘုရင်ခံ၏ စိတ်ထဲတွင် ရှုပ်ထွေးနောက်ကျိနေသဖြင့် ဒီစကားများကို နားထောင်နိုင်စွမ်း မရှိတော့ချေ။ "အရင်ဆုံး ပါးစပ်ပိတ်ထားလိုက်"

ပါးစပ်ပိတ်ထားလိုက်စမ်းပါကွာ။

ထိုက်ဇီက အသက်အန္တရာယ် မရှိဘူးဆိုရင်တောင် စစ်ဆေးရေးမှူးကျန်းက ရာထူးပြုတ်ရုံပဲ ရှိမှာ။ တကယ်လို့ ထိုက်ဇီသာ တစုံတရာဖြစ်သွားခဲ့ရင်တော့ ကျန်းမိသားစုတစ်ခုလုံး သေလမ်းပဲ ရှိတော့မှာ။

ကျန်ရှိနေသည့် အရာရှိနှစ်ဦးမှာလည်း ကြောက်လန့်လွန်းသဖြင့် မျက်နှာတွင် သွေးဆုတ်ကာ ဖြူဖျော့နေကြပြီ ဖြစ်သည်။ သူတို့သည် အရပ်ဘက်အရာရှိများ ဖြစ်ကြရာ ဤကဲ့သို့ ကြမ်းတမ်းခက်ထန်သည့် အခြေအနေမျိုးကို မည်သည့်အခါကမျှ မမြင်ဖူးကြသဖြင့် ခြေထောက်များ ပျော့ခွေနေကြလေသည်။

လုယိသည် လျှောက်လှမ်းလာပြီး သူ၏ အကြည့်များက ဓားသွားအလား လူတိုင်း၏ မျက်နှာပေါ်သို့ ဖြတ်သန်းသွားကာ နောက်ဆုံးတွင် ရှဲ့ဘုရင်ခံ၏ မျက်နှာပေါ်တွင် ရပ်တန့်သွားသည်။ "ဘုရင်ခံလူကြီးမင်း... ထိုက်ဇီက နေရာရွှေ့ပြောင်းလို့ မရဘူး။ အခုချိန်ကစပြီး ဘုရင်ခံအိမ်တော်ကို ခဏလောက် အသုံးပြုရလိမ့်မယ်။ ဘုရင်ခံလူကြီးမင်းနဲ့ တခြားလူကြီးမင်းသုံးယောက်လုံး နည်းနည်းလောက် သည်းခံပြီး ဘုရင်ခံအိမ်တော်ထဲမှာပဲ ခဏနေပေးကြပါ"

ထိုက်ဇီ ဘေးကင်းလုံခြုံပြီး အကြောင်းစုံကို စုံစမ်းစစ်ဆေးပြီးမှသာ သူတို့ကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သိသာထင်ရှားလှသည်။

သူတို့အားလုံးကို ထိန်းသိမ်းထားလိုက်ခြင်းပင်။

ဒီလိုအခြေအနေမျိုးတွင် ရှဲ့ဘုရင်ခံအနေဖြင့် "ဟင့်အင်း" ဟူသော စကားတစ်ခွန်းကိုပင် မပြောရဲတော့ဘဲ ချက်ချင်း လက်ခံလိုက်ရတော့သည်။

စစ်ဆေးရေးမှူးကျန်း၏ မျက်နှာသည် မြေကြီးကဲ့သို့ အရောင်ပြောင်းသွားပြီး တကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေရှာသည်။

ထိုနေ့ညတွင်ပင် အထူးတပ်သား (၅၀၀၀)ကျော်သည် ဘုရင်ခံအိမ်တော်သို့ ရောက်ရှိလာပြီး အတွင်းရော အပြင်ပါ ပိတ်ဆို့ထားလိုက်ကြသည်။ မည်သူမျှ ဝင်ခွင့်ထွက်ခွင့် မရှိတော့ချေ။

တပ်မှူးကျော်က လုံခြုံရေးကို တာဝန်ယူပြီး လုယိက ဘုရင်ခံအိမ်တော်ရှိ လူများအားလုံးကို တစ်နေရာတည်းတွင် စုစည်းကာ တစ်ယောက်ချင်းစီ စစ်ဆေးမေးမြန်းလေသည်။

ရှဲ့ဘုရင်ခံနှင့် စစ်ဆေးရေးမှူးကျန်း အပါအဝင် လူလေးဦးကိုမူ အခန်းလွတ်တစ်ခန်းစီတွင် ထည့်သွင်းထားကာ အပြင်မှ ကိုယ်ရံတော်တပ်သား (၁၀)ကျော်က မျက်တောင်မခတ် စောင့်ကြပ်ကြည့်ရှုနေကြသည်။

ရှဲ့ဘုရင်ခံကတော့ တာဝန်ယူတတ်သူ ပီသပါပေသည်။ အစပိုင်းတွင် ထိတ်လန့်တုန်လှုပ်သွားသော်လည်း မကြာခင်မှာပင် တည်ငြိမ်သွားခဲ့သည်။ ဦးစွာ အပြစ်ဝန်ခံသည့် အသနားခံလွှာကို ရေးသားပြီးနောက် ချောင်ကောလောင်ထံသို့လည်း စာတစ်စောင် ရေးသားလိုက်လေသည်။

အသနားခံလွှာနှင့် စာကို သေချာစွာ စစ်ဆေးပြီးမှသာ ဘုရင်ခံအိမ်တော်မှ သယ်ဆောင်ခွင့်ပြုပြီး မြို့တော်သို့ ပို့ဆောင်စေခဲ့သည်။

ထိုက်ဇီ လုပ်ကြံခံရပြီး ဒဏ်ရာရရှိသွားသည့်ကိစ္စကို ဖုံးဖိထား၍ မရနိုင်ပေ။ (၂)ရက် မပြည့်ခင်မှာပင် ကျန်းနန်ဒေသတစ်ခုလုံးသို့ သတင်းပြန့်နှံ့သွားခဲ့သည်။ ကျန်းနန်ဒေသရှိ အရာရှိကြီးငယ် အပေါင်းတို့သည် ဘုရင်ခံအိမ်တော်သို့ အပြေးအလွှား ရောက်ရှိလာကြပြီး ထိုက်ဇီကို တွေ့ဆုံခွင့်တောင်းခံကြသော်လည်း အားလုံးသည် တံခါးဝတွင်သာ တားဆီးခံလိုက်ရသည်။

ဇွဲမလျှော့သူ အချို့က ထိုက်ဇီကို မတွေ့ရလျှင် ရှဲ့ဘုရင်ခံကို တွေ့ခွင့်တောင်းကြပြန်သည်။ သို့သော်လည်း ရှဲ့ဘုရင်ခံကလည်း ထွက်မတွေ့ချေ။

ထိုက်ဇီ၏ ဒဏ်ရာ အခြေအနေ အမှန်တကယ် ဘယ်လိုရှိနေသလဲ။ အဆိပ်ကရော ပြယ်သွားပြီလား။ ထိုက်ဇီ၏ ကိုယ်ရံတော်များမှလွဲ၍ မည်သူမျှ မသိရှိကြပေ။

အပြင်လောကတွင်တော့ ကောလာဟလများ ပျံ့နှံ့နေတော့သည်။

ကြားရသည်မှာ ထိုလုပ်ကြံသူသုံးဦးသည် စစ်ဆေးရေးမှူးကျန်း၏ ဘေးနားတွင် နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ကြပြီး ရုတ်တရက် ထိုက်ဇီကို လုပ်ကြံခဲ့ကြခြင်းဖြစ်သည်ဟု ဆိုကြသည်။ စစ်ဆေးရေးမှူးကျန်းမှာ ရွှံ့အိုင်ထဲ ကျသွားသကဲ့သို့ မည်သို့မျှ ရှင်းပြ၍ မရနိုင်တော့ချေ။

ဖြစ်နိုင်သည်မှာ စစ်ဆေးရေးမှူးကျန်းသည် ဆားမှောင်ခိုသမားများနှင့် ကြိုတင်ပူးပေါင်းထားပြီး လုပ်ကြံမှုကို စီစဉ်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ဒါနဲ့... စစ်ဆေးရေးမှူးကျန်းက ရှဲ့ဘုရင်ခံရဲ့ လူယုံလေ။ ဒီလုပ်ကြံမှုက တကယ်ပဲ စစ်ဆေးရေးမှူးကျန်းရဲ့ လက်ချက်ဆိုရင် ရှဲ့ဘုရင်ခံနဲ့ရော ပတ်သက်မှု မရှိနိုင်ဘူးလား။

ဒီလိုစကားမျိုးကို လျှောက်ပြောလို့ မဖြစ်ဘူးလေ။ ရှဲ့ဘုရင်ခံက ကျန်းနန်ဒေသကို အုပ်ချုပ်တဲ့ အဆင့်(၂)အရာရှိကြီးပဲ။ ပြီးတော့ ချောင်ကောလောင် ကိုယ်တိုင် ပြုစုပျိုးထောင်ပေးထားတဲ့ တပည့်ရင်းလေ။ ချောင်ကောလောင်ရဲ့ ကျေးဇူးတရားတွေ အများကြီးရှိတာ။ ထိုက်ဇီအပေါ် ဘယ်လိုလုပ်ပြီး သစ္စာဖောက်တဲ့စိတ် ရှိနိုင်မှာလဲ။

ကောလာဟလများက မိုးပျံမတတ် ပျံ့နှံ့နေပြီး တဖြည်းဖြည်းနှင့် ယုံတမ်းစကားများ ဖြစ်လာကြတော့သည်။

ဘုရင်ခံအိမ်တော်ထဲတွင် လှုပ်ရှားခွင့်မရှိဘဲ အပိတ်လှောင်ခံထားရသည့် ရှဲ့ဘုရင်ခံသည် ပြတင်းပေါက်အပြင်ဘက်မှ လမင်းကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်ထားမိလေသည်။

သူသည် ကျန်းနန်တွင် နေထိုင်လာသည်မှာ (၁၀)နှစ်ကျော် ရှိနေပြီဖြစ်သည်။ ကျန်းနန်မျိုးနွယ်ဟောင်းများ၏ အာဏာစက် ကြီးမားကျယ်ပြန့်ပုံကို သူ့ထက်ပိုသိသူ မရှိချေ။ ထိုက်ဇီက ထိုလူများကို စတင်ထိပါးလိုက်သဖြင့် ရူးသွပ်မိုက်မဲစွာ တန်ပြန်လုပ်ကြံခြင်းကို ခံလိုက်ရခြင်းပင်။ ယခုအခါ ဒဏ်ရာအခြေအနေကို မသိရသေးချေ။

သူပေးပို့လိုက်သည့် အသနားခံလွှာသည် ယခုလောက်ဆိုလျှင် ညီလာခံသို့ ရောက်ရှိနေလောက်ပြီ။

တော်ဝင်နန်းတွင်းမှ မည်သို့တုံ့ပြန်လာမည်ကို သူ အနည်းငယ် ခန့်မှန်းမိပေသည်။

သူ ယခု စိတ်ပူပန်နေရသည်မှာ နန်းတွင်းမှ စစ်သည်များ စေလွှတ်လိုက်သည့်သတင်း ကျန်းနန်သို့ ရောက်ရှိလာပါက ပိုမိုပြင်းထန်သည့် တန်ပြန်မှုများ ဖြစ်ပေါ်လာမည်ကိုပင်။

ထူးဆန်းသော အသံတစ်ခုသည် နားထဲသို့ တိုးဝင်လာခဲ့သည်။

ရှဲ့ဘုရင်ခံသည် ထိတ်လန့်သွားပြီး ပြတင်းပေါက်ကို အလျင်အမြန် ဖွင့်ကြည့်လိုက်ရာ မီးတောက်တစ်ခုကို လှမ်းမြင်လိုက်ရလေသည်။ ထိုမီးတောက်ငယ်လေးသည် တိတ်ဆိတ်ငြိမ်သက်နေသော ညဉ့်နက်သန်းခေါင်ယံကို ဖြိုခွင်းလိုက်တော့သည်။

...

All Chapters