← Chapters

အခန်း (၅၇၇-၅၇၉)

Vol. 39 Ch. 577-579

အခန်း (၅၇၇-၅၇၉)

Vol. 39 Ch. 577-579

အပိုင်း (၅၇၇) ထိတ်လန့်ဖွယ်အပြောင်းအလဲ (၂)

“အရှင်မင်းသား... ဆေးသောက်ချိန် ရောက်ပါပြီ”

ဘုရင်ခံအိမ်တော် နောက်ဖေးဝင်းရှိ အိပ်ဆောင်တစ်ခုထဲမှ ရှောင်ယွမ်ကုန်းကုန်း၏ အသံထွက်ပေါ်လာလေသည်။

ကုတင်ထက်တွင် လဲလျောင်းနေသော ထိုက်ဇီ၏ ချောမောသည့် မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သွေးရောင်လွှမ်းခြင်း မရှိသလောက်ပင်။ ဤသည်မှာ အဆိပ်အတောက်များကို ဖယ်ရှားရန်အတွက် ဆက်တိုက် သွေးဖောက်ထုတ်ထားရခြင်းကြောင့် ဖြစ်လေသည်။

သို့သော်လည်း လီကျင့်၏ စိတ်အခြေအနေမှာ မဆိုးလှဟု ဆိုရမည်။ အနည်းဆုံးတော့ မိမိကိုယ်ကို လှောင်ပြောင်ရယ်မောနိုင်သည့် စိတ်အခြေအနေ ရှိနေသေး၏။ "တကယ် မထင်ထားဘူး။ တစ်နေ့ကျရင် ငါလည်း ဆေးအိုးကြီး ဖြစ်လာလိမ့်မယ်လို့လေ"

ရှောင်ယွမ်ကုန်းကုန်းသည် ကွယ်ရာတွင် မည်မျှ ငိုကြွေးခဲ့ရသည် မသိပေ။ သခင်၏ ရှေ့မှောက်တွင်တော့ အတင်းဟန်ဆောင် ပြုံးရွှင်နေရရှာသည်။ "အရှင်မင်းသားက ဘုန်းကံကြီးမားပါတယ်။ ကောင်းကင်ဘုံက စောင့်ရှောက်နေမှာမို့ ဘာမှမဖြစ်နိုင်ပါဘူး"

လီကျင့်သည် မျက်လုံးများ နီရဲနေသော ရှောင်ယွမ်ကုန်းကုန်းကို တစ်ချက်ကြည့်လိုက်ပြီး မတတ်သာသည့်ဟန်ဖြင့် ပြုံးကာ ပြောလိုက်လေသည်။ "သမားတော်ကြီးက ပြောထားတယ်မလား။ ငါ့ကိုယ်ထဲက အဆိပ်အများစုက ကင်းစင်သွားပြီတဲ့။ ဖြည်းဖြည်းချင်း အနားယူလိုက်ရင် ပြဿနာမရှိတော့ဘူးတဲ့။ မင်းက ဘာလို့ ခိုးခိုးပြီး ငိုနေရတာလဲ"

"ဟုတ်... ဟုတ်ကဲ့။ ကျွန်တော်မျိုး မငိုတော့ပါဘူး" ရှောင်ယွမ်ကုန်းကုန်းသည် နှာခေါင်းကို တစ်ချက်ရှုံ့လိုက်ပြီး ဆေးပန်းကန်လုံးကို ကိုင်ကာ ရှေ့သို့တိုးလာပြီး သခင်ကို ဆေးတိုက်ရန် ပြင်ဆင်လိုက်လေသည်။

သခင်၏ အသက်ကို သေမင်းလက်မှ လုယူခဲ့ရခြင်း ဖြစ်လေသည်။

လုပ်ကြံသူ၏ မြှားတိုပေါ်ရှိ အဆိပ်သည် အလွန်ပြင်းထန်လှပြီး လောကတွင် တွေ့ရခဲသော အဆိပ်မျိုးပင်။ ထိုအချိန်က လုယိ၏ လျင်မြန်သော တုံ့ပြန်မှုကြောင့်သာ သက်သာရာ ရခဲ့ခြင်းဖြစ်သည်။ သူသည် သခင်အတွက် အဆိပ်ဖြေဆေးလုံးကို ဦးစွာ တိုက်ကျွေးပြီး နှလုံးသွေးကြောကို ကာကွယ်ပေးခဲ့ကာ ဒဏ်ရာရရှိထားသည့် အဆိပ်သင့်နေရာကို ဓားဖြင့်လှီးထုတ်ပြီး အဆိပ်သွေး အများစုကို ဖောက်ထုတ်ပစ်ခဲ့သည်။ သို့မဟုတ်ပါက အဆိပ်သည် နှလုံးထဲသို့ ဝင်ရောက်သွားပြီး နတ်သိကြားများပင် လီကျင့်ကို ကယ်တင်နိုင်မည် မဟုတ်ချေ။

လီကျင့်သည် (၃)ရက် (၃)ညတိုင်တိုင် သတိမေ့မြောနေခဲ့ပြီး အဖျားကြီးနေခဲ့လေသည်။ (၄)ရက်မြောက် မနက်ရောက်မှသာ မျက်လုံးများကို အနိုင်နိုင် ဖွင့်ကြည့်နိုင်ခဲ့သည်။ ထိုအချိန်တွင် သူ့ကို မဆိုထားနှင့် ဖန်းဇီကျန်း၊ ကျိုးလီနှင့် လီယန်တို့ပင် ငိုကြွေးခဲ့ကြသည်။ တည်ငြိမ်ရင့်ကျက်သည့် ရှန်အမတ်ကြီးပင်လျှင် တိတ်တဆိတ် မျက်ရည်ကျခဲ့ရလေသည်။

ဒီရက်ပိုင်းအတွင်းတွင် တော်ဝင်သမားတော်သည် နေ့စဉ်နေ့တိုင်း လီကျင့်ကို အပ်စိုက်ကုသပြီး သွေးဖောက်ကာ အဆိပ်ထုတ်ပေးနေရသည်။ လီကျင့်သည် သံမဏိလူသား ဖြစ်နေလျှင်ပင် ဤမျှ ဒုက္ခပေးမှုကို ခံနိုင်ရည်ရှိမည် မဟုတ်ဘဲ ခုတင်ပေါ်မှ မဆင်းနိုင်လောက်အောင် အားအင်ချိနဲ့နေတော့သည်။

ထိုခံစားရသည့် နာကျင်မှုအရသာကို အနည်းငယ် တွေးကြည့်လိုက်ရုံမျှဖြင့် လူကို ရင်ထဲဆို့နင့်သွားစေနိုင်သည်။ လီကျင့်က ပြုံးနိုင်သေးသည်မှာပင် အံ့ဩစရာ ကောင်းလှပေသည်။

ရှောင်ယွမ်ကုန်းကုန်းသည် သခင်ဖြစ်သူကို ဂရုတစိုက် ဆေးတိုက်ပြီးနောက် သစ်သီးယိုကို ယူဆောင်လာခဲ့သည်။ လီကျင့်သည် ပါးစပ်ထဲမှ ခါးသက်သော အရသာပျောက်စေရန် သစ်သီးယိုတစ်ခုကို စားလိုက်လေသည်။ ဒုတိယတစ်ခုကိုတော့ သူ ဆက်မစားနိုင်တော့ချေ။

ဒီရက်ပိုင်းအတွင်း သူသောက်ခဲ့ရသည့် ဆေးများမှာ များပြားလွန်းလှသည်။ တစ်ကိုယ်လုံး အတွင်းရော အပြင်ပါ ခါးသက်နေပြီး ခံတွင်းပျက်ကာ အစာစားချင်စိတ်လည်း မရှိတော့ပေ။

"ငါ ဒဏ်ရာရသွားတဲ့ကိစ္စကို ရှောင်ယွိနဲ့ မူဟုပ်တို့ သိလောက်ရောပေါ့" လီကျင့်သည် ရုတ်တရက် သက်ပြင်းချကာ တီးတိုးရေရွတ်လိုက်သည်။ "သူတို့ ဘယ်လောက်တောင် စိတ်ပူပြီး စိုးရိမ်နေကြမလဲ မသိဘူး"

ရှောင်ယွမ်ကုန်းကုန်းသည် အင်္ကျီလက်စဖြင့် မျက်ရည်စများကို သုတ်လိုက်ပြီး သခင်ကို နှစ်သိမ့်စကား ဆိုလိုက်သည်။ "အရှင်မင်းသား... ဒါတွေကို တွေးမနေပါနဲ့တော့။ ခန္ဓာကိုယ်ကို ကောင်းကောင်း ဂရုစိုက်ပြီး အနားယူပါ။ ကိုယ်ထဲက အဆိပ်ကြွင်းတွေ ကုန်သွားရင် ချက်ချင်းပဲ မြို့တော်ကို ပြန်ကြတာပေါ့။ အဲဒီကျရင် ထိုက်ဇီဖေးနဲ့ ဟွမ်ဟုပ်ညန်ညန်တို့ကို တွေ့ရတော့မှာပါ"

လီကျင့်ကတော့ ပြန်ပြောလိုက်သည်။ "မင်း တွေးတာ ရိုးရှင်းလွန်းတယ်"

ရှောင်ယွမ်ကုန်းကုန်းသည် အံ့အားသင့်သွားပြီး သခင်ဖြစ်သူကို မော့ကြည့်လိုက်မိသည်။

လီကျင့်၏ မျက်လုံးများထဲတွင် ပင်ပန်းနွမ်းနယ်ရိပ်များ ဖြတ်ပြေးသွားပြီး ဆက်ပြောရန် အားအင်မရှိတော့ချေ။ ရှောင်ယွမ်ကုန်းကုန်းသည် ဝမ်းနည်းစိတ်ကို မြိုသိပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "အရှင်မင်းသား ပင်ပန်းနေပြီဆိုရင် ကောင်းကောင်း အနားယူလိုက်ပါဦး"

လီကျင့်သည် ယခုတစ်ကြိမ်တွင် အားအင် အလွန်အမင်း ဆုံးရှုံးသွားခဲ့ပြီး လွန်စွာ အားနည်းနေရှာသည်။ မူလအတိုင်း ပြန်ဖြစ်လာရန် မည်မျှကြာမြင့်ဦးမည်ကို မသိနိုင်ချေ။

လီကျင့်က အင်း ဟု အသံပြုလိုက်ပြီး မျက်လုံးမှိတ်ကာ အနားယူလိုက်သည်။ စိတ်အာရုံထဲတွင် လုမင်ယွိ၏ မျက်နှာလေး ပေါ်လာလေသည်။

လူတို့သည် ဒဏ်ရာရပြီး အားနည်းနေချိန်တွင် စိတ်ခံစားမှု နုနယ်တတ်ကြပြီး ဇနီးမယားနှင့် မိသားစုကို အထူးတလည် လွမ်းဆွတ်တတ်ကြစမြဲပင်။ လီကျင့်လည်း ချွင်းချက်မရှိပေ။ ကုတင်ပေါ်တွင် လဲလျောင်းရင်း ခွဲခွာနေရသည်မှာ ကြာပြီဖြစ်သော ဇနီးသည်ကို တိတ်တဆိတ် သတိရနေမိကာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

လုမင်ယွိ၏ စိတ်ထားမျိုးနှင့်ဆိုလျှင် သူ လုပ်ကြံခံရပြီး ဒဏ်ရာရသည်ကို သိသွားပါက မည်မျှ ဒေါသထွက်နေမည်ကို မသိနိုင်ချေ။ သူမအနေဖြင့် အရင်ကလိုပင် ကြံ့ကြံ့ခံပြီး အခြေအနေကို ထိန်းထားနိုင်ရန်သာ မျှော်လင့်ရတော့သည်။

လီကျင့်သည် မသိမသာဖြင့် အိပ်ပျော်သွားလေသည်။ အိပ်မက်ထဲတွင် ရင်းနှီးကျွမ်းဝင်သော ခန္ဓာကိုယ်တစ်ခုက သူ့ကို မှီတွယ်ထားပြီး နူးညံ့သော လက်တစ်ဖက်က သူ့နဖူးကို ပွတ်သပ်ပေးနေသည်။ ထိုနွေးထွေးမှုသည် တကယ်ပင် တမ်းတချင်စရာ ကောင်းလှပေသည်။

သူသည် သတိမထားမိဘဲ ယောင်ယမ်းရေရွတ်လိုက်မိသည်။ "ရှောင်ယွိ"

နားထဲတွင် ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာလေသည်။ "အရှင်မင်းသား... ကျွန်တော်ပါ"

လီကျင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ ရင်းနှီးနေသော မျက်နှာချောချောကို မြင်လိုက်ရလေသည်။ ထိုသူမှာ သူနှင့်အတူ ကျန်းနန်သို့ လိုက်ပါလာသည့် လီယန်ပင် ဖြစ်သည်။ သူတို့နှစ်ဦးသည် ဝမ်းကွဲညီအစ်ကိုများ ဖြစ်ကြသလို မယားညီအစ်ကိုများလည်း တော်စပ်သဖြင့် အခြားသူများထက် ပိုမိုရင်းနှီးကျွမ်းဝင်ကြလေသည်။

လီယန်သည် ဤလဝက်ကျော် ကာလအတွင်း ကောင်းမွန်စွာ အိပ်စက်ရခြင်း မရှိသဖြင့် မျက်လုံးထဲတွင် သွေးကြောများ ယှက်သန်းနေသည်။ သူသည် ကုတင်ဘေးတွင် ထိုင်ကာ စိုးရိမ်တကြီးဖြင့် လီကျင့်၏ နဖူးကို လက်ဖြင့် စမ်းသပ်ကြည့်နေခြင်း ဖြစ်သည်။

လီယန်၏ ရှေ့မှောက်တွင် လီကျင့်သည် ဟန်မဆောင်ထားတော့ဘဲ ခါးသက်သက် ပြုံးကာ ပြောလိုက်သည်။ "ငါ ခုနက အိပ်ပျော်သွားပြီး အိပ်မက်မက်နေတာ။ ရှောင်ယွိကို မက်တာကွ"

လီယန်က အားနာဟန်ဖြင့် လက်ကို ပြန်ရုတ်လိုက်သည်။ "အရှင်မင်းသားရဲ့ အိပ်မက်လှလှလေးကို နှောင့်ယှက်မိသွားပြီ။ တကယ် မလုပ်သင့်ပါဘူး"

ထိုသို့ စနောက်ပြီးနောက် လီကျင့်သည် အားတင်းကာ မေးလိုက်လေသည်။ "အပြင်အခြေအနေ ဘယ်လိုရှိလဲ"

အလေးအနက်ထားရမည့် ကိစ္စကို ပြောလာသည်တွင် လီယန်သည် ချက်ချင်း တည်ငြိမ်သွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ရှဲ့ဘုရင်ခံ အပါအဝင် လူ(၄)ယောက်ကို အိမ်တော်ထဲမှာ ဖမ်းချုပ်ထားပါတယ်။ ကျန်းနန်က အရာရှိလောကမှာတော့ လူတွေ စိတ်လှုပ်ရှားနေကြတယ်။ ကံကောင်းလို့ ရှန်အမတ်တို့ လူစုရှိနေလို့သာ အခြေအနေကို ထိန်းထားနိုင်တာပါ။ အနည်းဆုံးတော့ အပေါ်ယံမှာ တည်ငြိမ်နေသလိုပါပဲ"

လီကျင့်က အင်း ဟု အသံပြုလိုက်သည်။

လီယန်က လေသံတိုးတိုးဖြင့် ဆက်ပြောပြန်သည်။ "ဘုရင်ခံအိမ်တော်ထဲက လူအားလုံးကို တစ်ယောက်ချင်းစီ စစ်ဆေးမေးမြန်းပြီးပါပြီ။ အဲဒီနေ့က လုပ်ကြံတဲ့ကိစ္စနဲ့ သူတို့ မပတ်သက်တာ သေချာပါတယ်။ စစ်ဆေးရေးမှူးကျန်းကလည်း သူ့ဘေးနားကလူတွေဟာ နှစ်ပေါင်းများစွာ ပုန်းအောင်းနေတဲ့ အသေခံတပ်သားတွေမှန်း တကယ်မသိခဲ့ပါဘူး"

လီကျင့်၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး တိုးတိုးလေး ပြောလိုက်သည်။ "စစ်ဆေးရေးမှူးကျန်းနဲ့ ရှဲ့ဘုရင်ခံက စာမေးပွဲ အောင်ပတ်စဉ်တူတယ်။ ပြီးတော့ အဘိုးရဲ့ တပည့်တွေလည်း ဖြစ်တယ်။ အဲဒီတုန်းက ရှဲ့ဘုရင်ခံက ပထမရပြီး စစ်ဆေးရေးမှူးကျန်းက ဒုတိယအဆင့်နဲ့ အောင်ခဲ့တာ။ နှစ်ယောက်စလုံးကို အဘိုးက ကျန်းနန်ကို လွှတ်လိုက်တာလေ"

"ရှဲ့ဘုရင်ခံက ဆွေကြီးမျိုးကြီးထဲက ဆင်းသက်လာတာဆိုတော့ ရာထူးခန့်အပ်ခံရတဲ့အခါ အိမ်တော်အစေခံ အများကြီး ခေါ်လာနိုင်ခဲ့တယ်။ စစ်ဆေးရေးမှူးကျန်းကတော့ သာမန်မိသားစုကမို့ ကျန်းနန်ကို ရောက်မှ အစေခံ ကျွန်တွေကို ဝယ်ယူခဲ့ရတာ"

"အဲဒီ အသေခံတပ်သား (၃)ယောက်က သာမန်အိမ်ဖော် ဘဝကနေ စခဲ့ကြတာ။ ကိုယ်ခံပညာကောင်းပြီး အလုပ်ကြိုးစားကြလို့ စစ်ဆေးရေးမှူးကျန်းရဲ့ ယုံကြည်မှုကို တဖြည်းဖြည်း ရလာခဲ့ကြတာပဲ"

လီယန်၏ မျက်လုံးများထဲတွင် ဒေါသအမျက်များ ပြည့်နှက်သွားပြီး အံကြိတ်ကာ ပြောလိုက်လေသည်။ "စစ်ဆေးရေးမှူးကျန်းလို အရာရှိမျိုးတွေ အများကြီး ရှိသေးတယ်။ သူတို့ကြားထဲမှာ သပ်လျှိုထားတဲ့သူ ဘယ်နှစ်ယောက်လောက် ရှိနေမလဲ မသိနိုင်ဘူး"

ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ကျန်းနန်က ဆွေကြီးမျိုးကြီးတွေရဲ့ ရည်မှန်းချက်ကြီးမားပုံကို သိသာတယ်။ အဲဒီတုန်းက စစ်ဆေးရေးမှူးကျန်းက အဆင့်(၇) အရာရှိငယ်လေး တစ်ယောက်ပဲ ရှိသေးတာ။ ဒါပေမဲ့ ချောင်ကောလောင်ရဲ့ တပည့်ရင်းဖြစ်နေလို့ သူတို့ မျက်စိကျတာ ခံလိုက်ရတာပေါ့။

စစ်ဆေးရေးမှူးကျန်း အနေဖြင့် သူ့ကို နေ့ညမပြတ် စောင့်ရှောက်ပေးနေသည့် ကိုယ်ရံတော်များသည် သူတစ်ပါး စေလွှတ်လိုက်သည့် အသေခံတပ်သားများ ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်ထားခဲ့မည် မဟုတ်ပေ။

လီကျင့်က အေးစက်စွာ ပြောလိုက်သည်။ "ငါ ကံကောင်းလို့ မသေခဲ့ပေမဲ့ ဒီလူတွေက လက်လျှော့ချင်မှ လျှော့ကြမှာ"

လီယန်သည် ကြားလိုက်ရသည်နှင့် အံ့အားသင့်သွားတော့သည်။ "အရှင်မင်းသားရဲ့ သဘောက သူတို့ ထပ်ပြီး လုပ်ကြံရဲသေးတယ်ပေါ့။ ဒါပေမဲ့ ဘုရင်ခံအိမ်တော်ထဲမှာ အထူးစစ်သည် (၅၀၀၀) ရှိနေတာလေ။ လုပ်ကြံသူ မပြောနဲ့ ယင်ကောင်တစ်ကောင်တောင် အရှင်မင်းသား အနားကို ပျံမလာနိုင်ပါဘူး။ မဟုတ်မှလွဲရော သူတို့က ဗြောင်ကျကျ ပုန်ကန်ရဲကြလို့လား"

လီကျင့်၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲပင်။ "ဖုဟွမ်လည်း အဲဒီတုန်းက လီမိသားစုရဲ့ ခေါင်းဆောင်ပါပဲ။ အရင်မင်းဆက်က ဘုရင်တွေ တရားလမ်းစဉ်ကနေ သွေဖီပြီး တိုင်းပြည် ဖရိုဖရဲဖြစ်နေချိန်မှာ အခွင့်ကောင်းယူပြီး ထကြွခဲ့တာလေ။ လီမိသားစုက ဒီနည်းနဲ့ တိုင်းပြည်ကို ရခဲ့မှတော့ ကျန်းနန်မျိုးနွယ်ဟောင်းတွေကရော ဘာလို့ မကြံစည်နိုင်ရမှာလဲ"

လီယန်သည် လေအေးတစ်ချက်ကို ရှူရှိုက်လိုက်မိသည်။

လီကျင့်က လီယန်ကို တစ်ချက်ကြည့်လိုက်သည်။ "မင်း အရမ်း စိတ်ပူမနေပါနဲ့။ ငါ တွေးမိတဲ့ကိစ္စကို ဖုဟွမ်လည်း သေချာပေါက် တွေးမိမှာပါ။ အခုလောက်ဆို စစ်တပ်ကြီးကို လွှတ်လိုက်လောက်ပြီ"

"ဒါပေမဲ့ စစ်တပ်ကြီးက ကျန်းနန်ကို ရောက်လာဖို့ လဝက်လောက် ကြာဦးမှာ။ သတင်းကတော့ စစ်တပ်ထက် အရင်ရောက်လာမှာ သေချာတယ်။ အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ အလင်းမကြိုက်တဲ့ လူတန်းစားတွေက လှုပ်ရှားမယ်ဆိုရင် စစ်တပ်မရောက်ခင် အလျင်အမြန် လှုပ်ရှားကြလိမ့်မယ်"

လီယန်၏ မျက်လုံးများထဲတွင် ဒေါသအမျက်များ ပြည့်နှက်သွားပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။ "သူတို့ တကယ်လာရဲရင် ငါကိုယ်တိုင် ခေါင်းဖြတ်ပစ်မယ်"

စကားဆုံးသည်နှင့် ထိုက်ဇီ၏ ကိုယ်ရံတော်တပ်သားတစ်ဦး အလျင်အမြန် ဝင်ရောက်လာပြီး သတင်းပို့လေသည်။ "ထိုက်ဇီ အရှင်မင်းသားကို လျှောက်တင်ပါတယ်... ဘုရင်ခံအိမ်တော် အပြင်ဘက်မှာ ဘယ်ကမှန်းမသိတဲ့ လူအုပ်ကြီး ရောက်နေပါတယ်။ အဲဒီလူတွေက လေးရှည်တွေကို ကိုင်ဆောင်ထားပြီး အိမ်တော်ထဲကို မီးမြှားတွေနဲ့ မရပ်မနား ပစ်ခတ်နေကြပါတယ်။ အိမ်တော်ထဲက နေရာတော်တော်များများလည်း မီးလောင်နေပါပြီ"

...

အပိုင်း (၅၇၈) ထိတ်လန့်ဖွယ်အပြောင်းအလဲ (၃)

လီယန်သည် အံ့ဩစိတ်ရော၊ ဒေါသစိတ်ပါရောပြွမ်းနေပြီး ချက်ချင်းပင် ထရပ်လိုက်သည်။ "မင်း ဘာပြောလိုက်တာလဲ"

ကိုယ်ရံတော်တပ်သားသည် အသက်ရှုပြင်းစွာဖြင့် သူ ခုနက ပြောခဲ့သည့်စကားများကို ထပ်မံလျှောက်တင်လိုက်သည်။

လီယန်မှာ ဒေါသထွက်လွန်းသဖြင့် မနေနိုင်တော့ဘဲ ကြိမ်းမောင်းလိုက်တော့သည်။ "သေသင့်တဲ့ကောင်တွေ... နေခင်းကြောင်တောင်ကြီးကို အကြမ်းဖက်ရဲကြတယ်။ ဒါ တော်လှန်ပုန်ကန်တာပဲ"

လီကျင့်၏ မျက်မှောင်များ တွန့်ကွေးသွားသော်လည်း မျက်နှာထားမှာမူ တည်ငြိမ်နေဆဲပင်။ ထိတ်လန့်တုန်လှုပ်ခြင်း အလျဉ်းမရှိသည့်အပြင် လီယန်ကိုပင် ပြန်လည်စနောက်နိုင်သေးသည်။ "အခုက ညဘက်လေ... နေခင်းကြောင်တောင်ကြီး မဟုတ်ပါဘူးကွ"

"မင်း စိတ်မပူပါနဲ့။ တပ်မှူးကျော်နဲ့ လုယိ ရှိနေမှတော့ အခြေအနေကို ထိန်းနိုင်မှာပါ"

တပ်မှူးကျော်သည် ဒီနှစ်များအတွင်း ထိုက်ဇီ၏ နောက်လိုက်အဖြစ် နေရာအနှံ့လိုက်ပါခဲ့သဖြင့် အတွေ့အကြုံ ရင့်ကျက်နေပြီ ဖြစ်သည်။ လုယိ ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။ စစ်ရေးစစ်ရာ ကျွမ်းကျင်ပြီး သူ၏လက်အောက်ခံ ကိုယ်ရံတော်တပ်သားများမှာလည်း တစ်ယောက်ထက်တစ်ယောက် ရဲရင့်ကြသူများသာ ဖြစ်ကြသည်။

လီယန်မှာ လူငယ်သွေးဆူတတ်သူဖြစ်သဖြင့် ဒီလိုသတင်းမျိုးကို ကြားရလျှင် မည်သို့ အငြိမ်နေနိုင်ပါမည်နည်း။ မနေနိုင်မထိုင်နိုင် ပြောလိုက်တော့သည်။ "ငါ အခုပဲ အပြင်ထွက်ကြည့်လိုက်ဦးမယ်"

လီကျင့် ခွင့်မပြုခင်မှာပင် သူသည် အခန်းပြင်သို့ ပြေးထွက်သွားတော့သည်။

လီကျင့်၏ စိတ်ထဲတွင်မူ မျက်နှာပေါ်တွင် ပေါ်လွင်နေသလောက် တည်ငြိမ်မနေခဲ့ချေ။

ရှေးလူကြီးများ ဆိုရိုးစကားရှိသကဲ့သို့ ခေါင်းဆောင်မရှိလျှင် နဂါးပျောက်တတ်သည် ဟူသည့်အတိုင်းပင် ဖြစ်နေသည်။ သူကဲ့သို့ ထိုက်ဇီတစ်ပါး ဒဏ်ရာရပြီး အိပ်ရာထဲ လဲနေသဖြင့် လူအများမှာ ကျောရိုးမဲ့သကဲ့သို့ ဖြစ်နေကြသည်။ ယခုအခါ ရန်သူများက ဗြောင်ကျကျ တိုက်ခိုက်လာကြပြီဖြစ်ရာ အမှောင်ထဲတွင် လူအင်အား မည်မျှ စုဝေးနေမည်ကို မသိနိုင်ချေ။ အကယ်၍ မခုခံနိုင်ခဲ့လျှင်...

တံခါးပွင့်သွားပြီး လူငယ်နှစ်ဦး အလျင်အမြန် ဝင်ရောက်လာကြသည်။

ထိုနှစ်ဦးစလုံးသည် အသက်(၂၀)ကျော် အရွယ်များဖြစ်ကြပြီး တစ်ယောက်မှာ စာပေပညာရှင် ရုပ်ရည်မျိုးရှိကာ နောက်တစ်ယောက်မှာမူ ချောမောခန့်ညားသူ ဖြစ်သည်။ သူတို့သည် အရှေ့နန်းဆောင်မှ အရာရှိများဖြစ်ကြသော ဖန်းဇီကျန်းနှင့် ကျိုးလီတို့ပင် ဖြစ်ကြသည်။

သူတို့နှစ်ဦးစလုံးသည် စာပေပညာရှင်များ ဖြစ်ကြသဖြင့် မြင်းစီးခြင်း၊ မြှားပစ်ခြင်းတို့တွင် သာမန်မျှသာ ရှိကြသည်။ နှစ်ယောက်ပေါင်းမှ တစ်ယောက်စာ မရှိချေ။ ယခုကဲ့သို့ အကြမ်းဖက်သမားများ ညအချိန် ဝင်ရောက်စီးနင်းသည့်အခါ သူတို့ အပြင်ထွက်လျှင်လည်း အသုံးဝင်မည် မဟုတ်သဖြင့် ထိုက်ဇီကို လာရောက်အဖော်ပြုပေးကြခြင်း ဖြစ်သည်။

"အရှင်မင်းသား မကြောက်ပါနဲ့" ဖန်းဇီကျန်းက အတတ်နိုင်ဆုံး တည်ငြိမ်အောင်နေပြီး ထိုက်ဇီကို နှစ်သိမ့်ပေးလေသည်။ "မီးလောင်နေတဲ့ နေရာတွေကို အမြန်ဆုံး ငြှိမ်းသတ်လိုက်ပါပြီ"

ကျိုးလီကလည်း ချက်ချင်း ဝင်ပြောလေသည်။ "တပ်မှူးကျော်က ပင်မတံခါးမကြီးနဲ့ ဘေးတံခါးနှစ်ပေါက်ကို စောင့်ကြပ်နေပါတယ်။ တပ်မှူးလုကတော့ ခြံစည်းရိုးတွေကို စောင့်ကြပ်နေပါတယ်။ လူဆိုးတစ်ယောက်မှ ဝင်မလာနိုင်စေရပါဘူး။ ပြီးတော့ တပ်မှူးလုက မြင်းစီးတမန်လွှတ်ပြီး ကျန်းနန်တပ်စခန်းကို သတင်းပို့ခိုင်းလိုက်ပါပြီ။ မကြာခင် စစ်သူကြီးလော့ ရောက်လာတော့မှာပါ"

ကျန်းနန်ဒေသသည် အရေးပါသော နေရာဖြစ်သဖြင့် တပ်စွဲထားသော စစ်သည်အင်အား (၃)သောင်းခန့် ရှိသည်။ ဝေတိုင်းပြည်၏ တပ်စခန်းများအနက် စစ်သည်အများဆုံးနှင့် လက်နက်အစုံလင်ဆုံး တပ်စခန်းတစ်ခု ဖြစ်သည်။

ကျန်းနန်တပ်စခန်း၏ တပ်မှူးကြီးမှာ လော့မျိုးနွယ်ဖြစ်သည်။ ထိုက်ဇီ ကျန်းနန်သို့ ရောက်ရှိလာစဉ်က ပထမဆုံး ဆင့်ခေါ်တွေ့ဆုံခဲ့သူမှာ စစ်သူကြီးလော့ပင် ဖြစ်သည်။

ဖန်းဇီကျန်းနှင့် ကျိုးလီတို့ နှစ်ဦးစလုံးသည် အရပ်မြင့်မြင့်၊ ဗလတောင့်တောင့်နှင့် စစ်သူကြီးလော့ကို မြင်ဖူးကြသည်။ ယခုအချိန်တွင် သူ့အကြောင်း ပြောကြရာ၌ ယုံကြည်မှုအပြည့် ရှိနေကြသည်။ "တပ်စခန်းက မိုင်(၁၀၀)လောက်ပဲ ဝေးတာပါ။ (၂)နာရီ (၃)နာရီလောက် တောင့်ထားလိုက်ရင် စစ်ကူရောက်လာတော့မှာပါ"

လီကျင့်သည် သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်လေသည်။ "မိုးမလင်းခင်အထိ စစ်သူကြီးလော့ ရောက်လာချင်မှ ရောက်လာမှာကွ"

ဒီစကားက ဘာသဘောလဲ။

ဖန်းဇီကျန်းနှင့် ကျိုးလီတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း အတွေးတစ်ခု ဝင်လာကာ လေအေးတစ်ချက် ရှူရှိုက်လိုက်မိကြသည်။

"အရှင်မင်းသား... အဲဒီစကားက ဘာသဘောပါလဲ" ဖန်းဇီကျန်း၏ မျက်နှာ ချောချောလေးမှာ ဖြူဖျော့သွားပြီး အသံများပင် တုန်ခါနေသည်။ "မ... မဟုတ်မှလွဲရော... စစ်သူကြီးလော့က စိတ်မချရဘူးလား"

ကျိုးလီကတော့ ဖန်းဇီကျန်းထက် အနည်းငယ် သာလွန်ပြီး တည်ငြိမ်အောင် နေနိုင်သေးသည်။ "ဒီမှာ တခြားလူ မရှိပါဘူး။ အရှင်မင်းသား ပွင့်ပွင့်လင်းလင်း ပြောပြပါ"

ပြတင်းပေါက်ကြားမှ လေအေးတစ်ချက် တိုးဝင်လာသဖြင့် စားပွဲပေါ်ရှိ ဖယောင်းတိုင်မီး တုန်ခါသွားသည်။

လီကျင့်၏ မျက်နှာချောချောသည် အလင်းနှင့်အမှောင်ကြားတွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပြီး မျက်လုံးများမှာ နက်ရှိုင်းနေသည်။ "ငါတို့ ကျန်းနန်မှာ ရောက်နေတာ လအနည်းငယ် ကြာပြီ။ ဆားမှောင်ခိုကိစ္စကို စုံစမ်းတာ အဆင်ပြေတယ်လို့ ထင်ရပေမဲ့ ငါတို့ ဖမ်းမိထားတာတွေက ငါးသေးငါးမွှားတွေပါ။ တကယ့် ငါးကြီးတွေကတော့ ရေနက်ထဲမှာ ပုန်းနေတုန်းပဲ"

"ကျန်းနန်မျိုးနွယ်ဟောင်းတွေက ကျန်းနန်အရာရှိလောက တစ်ခုလုံးနီးပါးကို သိမ်းသွင်းထားပြီးပြီ။ မင်းတို့က စစ်သည်(၃)သောင်းရှိတဲ့ ကျန်းနန်တပ်စခန်းကြီးက သန့်ရှင်းနေလိမ့်မယ်လို့ ထင်နေတာလား"

"လွန်ခဲ့တဲ့ တစ်လလောက်က ဘုရင်ခံရှဲ့ရဲ့ လူတွေက စစ်သူကြီးလော့နဲ့ ကျန်းနန်မျိုးနွယ်ဟောင်းတွေ တိတ်တဆိတ် ဆက်သွယ်နေတာကို စုံစမ်းမိခဲ့တယ်။ စစ်သူကြီးလော့မှာ လယ်ဧကသောင်းချီ ပိုင်ဆိုင်ပြီး အိမ်ကြီးအိမ်ကောင်း (၈)လုံး ရှိတယ်။ မယားငယ် (၁၀)ယောက်ကျော် ရှိပြီး ဇာတ်အဖွဲ့တောင် (၂)ဖွဲ့ မွေးထားသေးတယ်။ သူက သာမန် စစ်သည်မျိုးရိုးက ဆင်းသက်လာတာပါ။ လော့မိသားစုရဲ့ ပိုင်ဆိုင်မှုနဲ့ သူ့ရဲ့ လစာလောက်နဲ့ ဒီလို စည်းစိမ်မျိုး ခံစားနိုင်ပါ့မလား"

"ငါက စောစောကတည်းက သူ့ကို သံသယရှိလို့ သက်သေအထောက်အထား ရှာခိုင်းထားတာ"

"အခု ငါ့ကို လုပ်ကြံတဲ့ကိစ္စမှာလည်း သူနဲ့ ပတ်သက်နေနိုင်တယ်"

"သတင်းရရချင်း သူလာကယ်ရင်တော့ ကိစ္စမရှိဘူး။ တကယ်လို့ သူ့မှာ မရိုးသားတဲ့စိတ်ရှိရင်တော့ တမင် အချိန်ဆွဲနေမှာပဲ"

ဖန်းဇီကျန်းနှင့် ကျိုးလီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာ မျက်လုံးထဲတွင် ထိတ်လန့်မှုနှင့် ဒေါသများကို အပြန်အလှန် တွေ့မြင်လိုက်ရသည်။

တကယ်လို့... တကယ်လို့သာ အခု အကြမ်းဖက်နေသူတွေထဲမှာ စစ်သူကြီးလော့လည်း ပါဝင်နေမယ်ဆိုရင် ဒီည အခြေအနေက တကယ် ဆိုးရွားပြီ။

ဘုရင်ံခံအိမ်တော် တစ်ခုတည်းနဲ့ စစ်သည် (၅၀၀၀)က ထိုက်ဇီကို ကာကွယ်ပေးနိုင်ပါ့မလား။

ဒုန်း...

ဘယ်နေရာကမှန်း မသိသော ဗုံသံတစ်ချက် ထွက်ပေါ်လာသည်။ ထို့နောက် တရွှီရွှီမြည်သံများ ဆက်တိုက် ကြားလိုက်ရသည်။

စစ်မြေပြင် ရောက်ဖူးသူတိုင်း သိကြသည်။ ဒါဟာ မြှားမိုးရွာသည့် အသံပင် ဖြစ်သည်။ ချက်ချင်းဆိုသလို လူအချို့ မြှားထိမှန်၍ အော်ဟစ်သံများနှင့် "မီးလောင်နေပြီ... မီးလာငြှိမ်းကြပါဦး" ဟူသော အသံများ ဆူညံသွားသည်။

မူလက တိုးတိုးတိတ်တိတ် ကြားနေရသော အသံများသည် ယခုအခါ ပိုမိုကျယ်လောင်လာသည်။ အပြင်ဘက်မှ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာသည်မှာ သိသာထင်ရှားလှသည်။

...

ကျိုးလီက စဉ်းစားပြီးနောက် တိုးတိုးလေး မေးလိုက်သည်။ "အရှင်မင်းသား... ဘုရင်ခံရှဲ့တို့ကို ဟိုဘက်အဆောင်မှာ ဖမ်းထားတုန်းလား။ သူတို့ကို ဒီခေါ်ထားလိုက်ရင် မကောင်းဘူးလား။ အရှင်မင်းသားဆီမှာက စစ်သည်အင်အား အများဆုံးဆိုတော့ အလုံခြုံဆုံးပဲလေ"

ဒီအကြံက မဆိုးလှပေ။

လုပ်ကြံမှုကိစ္စကို သေချာ မစစ်ဆေးရသေးသဖြင့် ဘုရင်ခံရှဲ့တို့ ပါဝင်ပတ်သက်သည် ဆိုလျှင်တောင် နောက်မှ အဆုံးအဖြတ် ပေးရမည်ဖြစ်သည်။

လီကျင့်က ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။ မင်း သွားခေါ်လိုက်ပါ။ စစ်ဆေးရေးမှူးကျန်း အပါအဝင် (၃)ယောက်ကိုတော့ ဆက်ဖမ်းထားလိုက်။ ဘုရင်ခံရှဲ့ကိုပဲ ငါ့အခန်းထဲ ခေါ်လာခဲ့"

အမွှေးတိုင် တစ်တိုင်စာခန့် အကြာတွင် ကြောက်လန့်တကြား ဖြစ်နေသော ဘုရင်ခံရှဲ့သည် မျက်ရည်များဖြင့် လီကျင့်၏ ကုတင်ရှေ့တွင် ဒူးထောက်လိုက်လေသည်။ "ကျွန်တော်မျိုး အရှင်မင်းသားကို မျက်နှာမပြရဲတော့ပါဘူး"

ဒီလဝက်ကျော် ကာလအတွင်း ဘုရင်ခံရှဲ့၏ ဘဝမှာ ဆိုးရွားလှသည်။ မျက်လုံးထဲတွင် သွေးကြောများ ယှက်သန်းနေပြီး မျက်နှာမှာလည်း ချောင်ကျနေသည်။ အရင်က သူ အမြတ်တနိုးထားခဲ့သော နှုတ်ခမ်းမွေးရှည်ကြီးကိုလည်း ပြုပြင်ခြင်း မရှိတော့သဖြင့် ရှုပ်ထွေးကာ ကြည့်ရဆိုးနေသည်။

အသက် (၄၀)ကျော်အရွယ် ဘုရင်ခံရှဲ့သည် ကုတင်ရှေ့တွင် ဒူးထောက်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေရှာသည်။ ဟန်ဆောင်ခြင်း အလျဉ်းမရှိပေ။

လီကျင့်က သက်ပြင်းချလိုက်သည်။ "ဘုရင်ခံရှဲ့... ထလိုက်ပါဦး။ လုပ်ကြံတဲ့ကိစ္စနဲ့ ခင်ဗျား မပတ်သက်ဘူးဆိုတာ ကျုပ် ယုံပါတယ်။ ခင်ဗျားကို လဝက်လောက် ဖမ်းချုပ်ထားတာက တခြားလူတွေကို ဖြေရှင်းပြချင်လို့ပါ"

ရင်းနှီးသော လေသံကို ကြားလိုက်ရသဖြင့် ဘုရင်ခံရှဲ့သည် ဝမ်းလည်းသာ၊ ရှက်လည်းရှက်ဖြစ်ကာ မျက်ရည်များ တွင်တွင်ကျရင်း ဆက်လက် ဒူးထောက်နေလေသည်။ "ကျွန်တော်မျိုး အရည်အချင်းမရှိလို့ပါ။ ကျွန်တော်မျိုးက ကျန်းနန်ဘုရင်ံခံ ဆိုပေမဲ့ ကျန်းနန်ကို တကယ် မအုပ်ချုပ်နိုင်ခဲ့ပါဘူး။ အရှင်မင်းသားကို ဒဏ်ရာရစေခဲ့တဲ့အပြင် အခုလည်း လူဆိုးတွေက မီးတွေ၊ မြှားတွေနဲ့ အိမ်တော်ကို လာဝိုင်းနေကြပြီ"

"ကျွန်တော်မျိုး အရှင်မင်းသားကို မျက်နှာမပြရဲတော့ပါဘူး"

လီကျင့်သည် စကားအများကြီး ပြောလိုက်ရသဖြင့် အသက်ရှူ မမှန်ချင်တော့ပေ။ ဖန်းဇီကျန်းကို မျက်ရိပ်ပြလိုက်သည်။

ဖန်းဇီကျန်းသည် စိတ်ကို တည်ငြိမ်အောင်ထားပြီး မျက်ရည်များဖြင့် ပြည့်နှက်နေသော ဘုရင်ခံရှဲ့ကို တွဲထူပေးလိုက်သည်။ "ကျန်းနန်အခြေအနေက ရှုပ်ထွေးပါတယ်။ ဘုရင်ံခံလူကြီးမင်း ရောက်တာလည်း (၁)နှစ်လောက်ပဲ ရှိသေးတော့ ဘယ်လိုလုပ် အကုန်ထိန်းချုပ်နိုင်မှာလဲ။ အရှင်မင်းသား ရောက်လာပြီးကတည်းက ဘုရင်ံခံလူကြီးမင်းလည်း အစွမ်းကုန် ကူညီပေးခဲ့တာပဲ။ ဘာအပြစ်မှ မရှိပါဘူး"

"အရှင်မင်းသားက အားနည်းနေလို့ ပင်ပန်းလို့ မဖြစ်ပါဘူး။ ဘုရင်ခံရှဲ့ကို ဒီခေါ်လိုက်တာက လူဆိုးတွေ ဝင်လာရင် အန္တရာယ်ဖြစ်မှာစိုးလို့ပါ။ စိတ်အေးအေးထားပြီး ထိုင်ပါ"

...

အပိုင်း (၅၇၉) ထိတ်လန့်ဖွယ်အပြောင်းအလဲ (၄)

ကျိုးလီက ကိုယ်တိုင် ကုလားထိုင်တစ်လုံးကို သယ်ဆောင်လာပေးလေသည်။

ဒီလို အခွင့်ထူးခံလိုက်ရသဖြင့် ဘုရင်ခံရှဲ့သည် ကျေးဇူးတင်ဝမ်းသာဖြစ်သွားပြီး ကြောက်ကြောက်ရွံ့ရွံ့ဖြင့်ပင် ဝင်ထိုင်လိုက်လေသည်။

ထိုင်လိုက်ပြီးမှသာ ထိုက်ဇီကို သေချာကြည့်ခွင့် ရတော့သည်။

သေချာကြည့်မိလိုက်သည်နှင့် ဘုရင်ခံရှဲ့သည် စိတ်ထဲတွင် ထိတ်လန့်သွားတော့သည်။ "အရှင်မင်းသားရဲ့ မျက်နှာက ဘာလို့ ဒီလောက်တောင် ဖြူဖျော့နေရတာလဲ" သွေးရောင်မရှိသလောက် ဖြူဆွတ်နေကာ စက္ကူဖြူတစ်ရွက်လို ဖြစ်နေသည်။

ကျိုးလီက ကိုယ်စား ဖြေပေးလိုက်သည်။ "အရှင်မင်းသားက အဲဒီနေ့တုန်းက အဆိပ်ပြင်းမိထားတာ။ ခန္ဓာကိုယ်ထဲက အဆိပ်ကြွင်းတွေကို ဖယ်ရှားဖို့အတွက် နေ့တိုင်း အပ်စိုက်ကုသရပြီး ဆေးသောက်ရတယ်။ တစ်ရက်ခြားတစ်ခါ သွေးဖောက်ထုတ်ရတယ်။ ဒါကြောင့် အားနည်းနေတာပါ။ ကံကောင်းတာက အရှင်မင်းသား အခု အသက်အန္တရာယ် မရှိတော့ပါဘူး။ ဖြည်းဖြည်းချင်း အနားယူလိုက်ရင် အကောင်းပကတိ ပြန်ဖြစ်လာမှာပါ"

အသက်ပြန်ရှင်လာတာကိုက ကံကောင်းခြင်း တစ်မျိုးပင်။

ဘုရင်ခံရှဲ့က သက်ပြင်းချကာ ပြောလိုက်သည်။ "ကျွန်တော်မျိုးနဲ့ စစ်ဆေးရေးမှူးကျန်းက ခင်လာတာ (၁၀)နှစ်ကျော်ပါပြီ။ ပြီးတော့ ကျန်းနန်မှာ အတူတူ အရာရှိလုပ်လာကြတာဆိုတော့ ရင်းနှီးမှုလည်း ရှိတယ်။ ဒီတစ်ခါ သူ့ကြောင့် ဒီလောက် ပြဿနာကြီး ဖြစ်သွားမယ်လို့ လုံးဝ ထင်မထားခဲ့ပါဘူး"

သူ့အတွက် ကူညီပြောပေးချင်သော်လည်း တကယ် မျက်နှာမရှိတော့ချေ။

လီကျင့်သည် ဘုရင်ခံရှဲ့၏ စိတ်ကို သိမြင်နေသကဲ့သို့ ဖြည်းညင်းစွာ ပြောလိုက်လေသည်။ "စိတ်မပူပါနဲ့။ ကျုပ်က တခြားလူတွေကို မဆိုင်ဘဲ အပြစ်မတင်ပါဘူး။ တရားခံအစစ်ကို ဖမ်းမိပြီး စစ်ဆေးရေးမှူးကျန်းနဲ့ မသက်ဆိုင်မှန်း သေချာရင် ကျုပ် သူ့ကို ပြန်လွှတ်ပေးမှာပါ။ တကယ်လို့ သူနဲ့ ပတ်သက်နေရင်တောင် သူ့တစ်ယောက်တည်းကိုပဲ အရေးယူမှာပါ။ ကျန်းမိသားစု တစ်ခုလုံးကို ဒုက္ခမပေးပါဘူး"

ဘုရင်ခံရှဲ့သည် စိတ်အေးသွားကာ ကျေးဇူးတင်စွာဖြင့် လက်နှစ်ဖက်ကို ယှက်၍ အရိုအသေပြုလိုက်သည်။ "အရှင်မင်းသားက သဘောထားကြီးပါတယ်။ ကျွန်တော်မျိုးကပဲ စစ်ဆေးရေးမှူးကျန်း ကိုယ်စား ကျေးဇူးတင်ပါတယ်"

စကားဆုံးသည်နှင့် တံခါးခေါက်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ကျိုးလီ ကိုယ်တိုင် သွားဖွင့်ပေးလိုက်ရာ ရှောင်ယွမ်ကုန်းကုန်း အပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။ နဖူးပေါ်တွင် ချွေးစေးများ ပြန်နေပြီး အသံမှာလည်း မောဟိုက်နေသည်။ "အရှင်မင်းသား... အိမ်တော်အပြင်က လူဆိုးတွေ ပိုပိုများလာပါပြီ။ ခုနက ဘယ်ကမှန်းမသိတဲ့ သိုင်းသမားတစ်သိုက် ထွက်လာပြီး ဘေးတံခါးကနေ ဝင်လုနီးပါး ဖြစ်သွားပါတယ်။ ကိုယ်ရံတော်တွေ အသည်းအသန် ခုခံလိုက်လို့သာ တားနိုင်လိုက်တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကလည်း အသေအပျောက် များပါတယ်"

ဒီကိုယ်ရံတော်တွေက လီကျင့်နဲ့အတူ စစ်မြေပြင်ကို ဝင်ဖူးသူတွေ ဖြစ်ကြသလို ဒီနှစ်တွေမှာ လီကျင့်ကို ကာကွယ်စောင့်ရှောက်ပေးရင်း နေရာအနှံ့ လိုက်ပါခဲ့သူတွေ ဖြစ်ကြသည်။

ဒီည လူဆိုးများက ဘုရင်ခံအိမ်တော်ကို ဝင်ရောက်စီးနင်းရာတွင် အသေအပျောက် ရှိသည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။ ဒီသတင်းကို ကိုယ်တိုင် ကြားလိုက်ရသဖြင့် လီကျင့်၏ ရင်ထဲတွင် နာကျင်ခံစားလိုက်ရသည်။ မျက်နှာချောချောသည်လည်း ပို၍ ဖြူဖျော့သွားသည်။

ဘုရင်ခံရှဲ့သည်လည်း လေအေးတစ်ချက် ရှူရှိုက်လိုက်မိပြီး ဒေါသတကြီး ပြောလိုက်သည်။ "ဒီကောင်တွေ တကယ် မိုက်ရိုင်းတာပဲ"

ဘုရင်ခံအိမ်တော်ကို ညအချိန်မတော် ဝင်ရောက်စီးနင်းပြီး ထိုက်ဇီကို ဝိုင်းဝန်းလုပ်ကြံရဲသည်မှာ ဆွေမျိုး (၉)ဆက် မျိုးဖြုတ်သတ်ပစ်ရမည့် သေဒဏ်ပင် ဖြစ်လေသည်။

ဖန်းဇီကျန်းက သက်ပြင်းချလိုက်သည်။ "အခု ဘာပြောပြော အလကားပါပဲ။ အရင်ဆုံး ဘုရင်ခံအိမ်တော်ကို ကာကွယ်ပြီး ဘယ်သူ့ကိုမှ ဝင်မလာနိုင်အောင် လုပ်ရမှာပဲ" ခဏရပ်ပြီး သူက ဘုရင်ခံရှဲ့ကို တိုးတိုးလေး ပြောလိုက်သည်။ "အရှင်မင်းသား ခုနက ပြောသလိုပဲ... ကျန်းနန်တပ်စခန်းက စစ်ကူတွေ အချိန်မီ ရောက်လာချင်မှ ရောက်လာမှာပါ"

ဘုရင်ခံရှဲ့၏ မျက်နှာထားမှာလည်း တည်ငြိမ်လေးနက်သွားပြီး လီကျင့်ကို ကြည့်လိုက်သည်။

ဘုရင်ခံရှဲ့သည် ကျန်းနန်ဒေသရှိ အရပ်ဖက်အရာရှိများ၏ ခေါင်းဆောင်ဖြစ်သဖြင့် ကျန်းနန်ရှိ စစ်ဖက်အရာရှိများနှင့် ဆက်ဆံဖူးသည်မှာ မဆန်းပေ။ မူလ ကျန်းနန်တပ်စခန်း၏ တပ်မှူးကြီးသည် လွန်ခဲ့သော (၃)နှစ်က ရောဂါသည်းထန်စွာ ဖြစ်ပွားခဲ့သဖြင့် ရာထူးမှ အနားယူပြီး အိမ်ပြန်ကာ ဆေးကုသနေရသည်။ စစ်ဘက်ဆိုင်ရာဌာနမှ စစ်သူကြီးလော့ကို တပ်မှူးအဖြစ် လာရောက်တာဝန်ယူစေခဲ့သည်။

ဒီစစ်သူကြီးလော့က နန်းတွင်းကိုယ်ရံတော်ဟောင်း တစ်ဦးဖြစ်ပြီး ယုံးကျားဧကရာဇ်နှင့်အတူ စစ်မြေပြင်ဝင်ကာ အမှုထမ်းကောင်းခဲ့သူ ဖြစ်သည်။ စစ်သူကြီးလော့ ကျန်းနန်တပ်စခန်း၏ တပ်မှူးဖြစ်လာခြင်းမှာ ယုံးကျားဧကရာဇ် ကိုယ်တိုင် ရွေးချယ်ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

ဘုရင်ခံရှဲ့သည် စစ်သူကြီးလော့၏ လှုပ်ရှားမှုများကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ ယခုကဲ့သို့ အသေးစိတ် စုံစမ်းလိုက်သောအခါ သံသယဖြစ်ဖွယ်ရာများကို တွေ့ရှိခဲ့ရသည်။ တခြားအကြောင်း မပြောနှင့်ဦး။ စစ်သည်များ၏ ရိက္ခာကို ခိုးယူစားသောက်သည် ဆိုလျှင်တောင် (၃)နှစ်အတွင်း ဤမျှ ကြွယ်ဝချမ်းသာလာရန် မဖြစ်နိုင်ပေ။

အကယ်၍ စစ်သူကြီးလော့ကို ကျန်းနန်မျိုးနွယ်ဟောင်းများက ငွေအမြောက်အမြားပေးပြီး ဝယ်ယူထားခဲ့လျှင် သို့မဟုတ် တမင်သက်သက် အချိန်ဆွဲပြီး နောက်ကျမှ ရောက်လာအောင် လုပ်ထားလျှင် ဘုရင်ခံအိမ်တော်၏ ဒီညအခြေအနေမှာ အမှန်တကယ် စိုးရိမ်ရလေသည်။

ဘုရင်ခံရှဲ့သည် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "အရှင်မင်းသား... ကျွန်တော်မျိုးရဲ့ စကားကို နားထောင်ပါ။ ရွှေအိုးကြီးကို အိမ်အောက်မှာ မထားသင့်ပါဘူး။ အရှင်မင်းသား ဘာမှ ဖြစ်လို့မရပါဘူး"

"ဘုရင်ခံအိမ်တော်ထဲမှာ လျှို့ဝှက်လမ်းကြောင်း တစ်ခုရှိပါတယ်။ လျှို့ဝှက်လမ်းကြောင်း အောက်မှာတော့ လျှို့ဝှက်အခန်း တစ်ခုရှိတယ်။ ဒီလျှို့ဝှက်အခန်းက အရမ်းလုံခြုံပြီး သိတဲ့သူ (၃)ယောက်တောင် မပြည့်ပါဘူး။ ကျွန်တော်မျိုး အရှင်မင်းသားကို အဲဒီ လျှို့ဝှက်အခန်းဆီ ခေါ်သွားပါရစေ။ အားလုံးအေးဆေးသွားမှ ပြန်ထွက်လာခဲ့ပေါ့"

လျှို့ဝှက်အခန်း ရှိတယ် ဟုတ်လား။

ဖန်းဇီကျန်းနှင့် ကျိုးလီတို့ မျက်လုံးများ အရောင်လက်သွားကြပြီး ပြိုင်တူ ပြောလိုက်ကြသည်။ "အရှင်မင်းသား... လျှို့ဝှက်အခန်းထဲ ဝင်နေလိုက်ပါ"

ဘယ်လိုပဲဖြစ်ဖြစ် လီကျင့် ဘာမှ ဖြစ်လို့မရဘူး။

လီကျင့် တစုံတရာ ဖြစ်သွားပါက အရှေ့နန်းဆောင် တစ်ခုလုံး အခြေအနေ ပျက်စီးသွားပြီး အားလုံး ဒုက္ခရောက်ကုန်ကြပေမည်။

သို့သော် လီကျင့်က ပြန်ပြောလိုက်သည်။ "အဲဒီအဆင့်ထိ မရောက်သေးပါဘူး။ ပြီးတော့ ဒီလူတွေသာ အိမ်တော်ထဲ ဝင်လာနိုင်ရင် ငါ လျှို့ဝှက်အခန်းထဲ ပုန်းနေလည်း အလကားပါပဲ"

ဘုရင်ခံရှဲ့က ဆက်ပြီး နားချချင်သော်လည်း လီကျင့်က ကြည့်လိုက်သဖြင့် ပါးစပ်ပိတ်သွားသည်။ "မင်းတို့ရဲ့ စေတနာကို ကျုပ် နားလည်ပါတယ်။ ဒါပေမဲ့ ဒီလိုအချိန်မှာ ကျုပ်ဆိုတဲ့ ထိုက်ဇီက ကိုယ့်အသက်လွတ်မြောက်ဖို့ပဲ ကြည့်နေမယ်ဆိုရင် အသက်ပေးပြီး တိုက်ခိုက်နေတဲ့ ကိုယ်ရံတော်တွေ စိတ်ဓာတ်ကျကုန်မှာပေါ့။ ကျုပ်က အားနည်းနေလို့ ထပြီး မတိုက်ခိုက်နိုင်ပေမဲ့ အနည်းဆုံးတော့ ဒီနေရာမှာပဲ တည်တည်ငြိမ်ငြိမ် လဲလျောင်းနေသင့်တယ်"

လီကျင့်သည် ကြည့်ရသည်မှာ နူးညံ့သိမ်မွေ့သော်လည်း လက်တွေ့တွင် အလွန်ပြတ်သားသူ ဖြစ်သည်။ သူ ဆုံးဖြတ်ပြီးသား ကိစ္စကို အလွယ်တကူ ပြင်ဆင်လေ့မရှိပေ။

ဘုရင်ခံရှဲ့လည်း မတတ်နိုင်တော့ဘဲ ပါးစပ်ပိတ်ထားလိုက်ရတော့သည်။

...

ရှည်လျားသော စောင့်ဆိုင်းချိန်အတွင်း အချိန်ကုန်လွန်မှုသည် နှေးကွေးပြီး ခံစားရ ခက်ခဲလှသည်။

ဘုရင်ခံအိမ်တော်ထဲတွင် မကြာခဏ မီးတောက်များ ထွက်ပေါ်လာပြီး မကြာခင်မှာပင် ပြန်လည်ငြိမ်းသတ်နိုင်ခဲ့သည်။ မြှားမိုးရွာသံများ၊ ဒဏ်ရာရသူများ၏ အော်ဟစ်ညည်းညူသံများ၊ ဓားချင်းထိခတ်သံများသည် ရောနှောနေပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။

အမှောင်ထုထဲတွင် ဘယ်နေရာမှန်း မသိသော နေရာမှ လူအုပ်ကြီးသည် တစ်သုတ်ပြီးတစ်သုတ် ထွက်ပေါ်လာကာ ဘုရင်ခံအိမ်တော်ကို ဆက်တိုက် တိုက်ခိုက်နေကြသည်။ တစ်သုတ်ကို သတ်လိုက်လျှင် နောက်ထပ် တစ်သုတ် ထပ်ရောက်လာသည်။ ကုန်ဆုံးမည့်ပုံ မပေါ်ချေ။

ဘုရင်ခံအိမ်တော် အနီးအနားရှိ လမ်းကြားများတွင် ကလေးငယ်များ လန့်နိုးပြီး ငိုကြွေးသံများ မကြာခဏ ထွက်ပေါ်လာသည်။ မကြာခင်မှာပင် ပါးစပ်ပိတ်ခံလိုက်ရပြီး တုန်တုန်ယင်ယင် အသံများ ထွက်ပေါ်လာသည်။ "မအော်နဲ့... ထပ်ငိုရင် လူဆိုးတွေ ဝင်လာလိမ့်မယ်"

သာမန် ပြည်သူလူထုများသည် မြေကြီးထဲသို့ ခေါင်းဝင်သွားချင်လောက်အောင် ကြောက်လန့်နေကြပြီး ဒီကြောက်မက်ဖွယ် အသံများကို မကြားချင်ကြတော့ပေ။

အမှောင်ထုထဲတွင် မျက်လုံးများစွာက ဒီအဖြစ်အပျက်ကို စောင့်ကြည့်နေကြပြီး မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ယှက်သန်းနေကြသည်။

ထိုက်ဇီကို အရင်သတ်မယ်... ပြီးရင် ဘုရင်ခံအိမ်တော်ကို မီးရှို့ပစ်မယ်။

နန်းတွင်းက လွှတ်လိုက်တဲ့ စစ်ကူတွေက လမ်းမှာပဲ ရှိသေးတာ။ သူတို့ ကျန်းနန်ကို ရောက်လာတဲ့အချိန်ကျရင် ထိုက်ဇီရဲ့ အလောင်းက အေးစက်နေလောက်ပြီ။ အဲဒီအချိန်ကျရင် အရှင်မင်းကြီး ဒေါသထွက်လည်း ဘာမှ မတတ်နိုင်တော့ဘူး။ အရှင်မင်းကြီးက နောက်ထပ် ထိုက်ဇီအသစ် တစ်ပါးကို ရွေးချယ်လိုက်တဲ့အချိန်ကျရင် ကျန်းနန်ဒေသက အသက်ပြန်ရှူနိုင်ပြီပေါ့။

ဘုရင်ခံအိမ်တော် ခြံစည်းရိုး အတွင်းဘက်တွင် ကိုယ်ရံတော်တပ်သားများသည် လက်နက်များကို ကိုင်ဆောင်ကာ ခြံစည်းရိုးကို စိုက်ကြည့်နေကြသည်။ တစ်စုံတစ်ယောက် ခြံစည်းရိုးကို ကျော်ဝင်လာသည်နှင့် ချက်ချင်း တိုက်ခိုက်သတ်ဖြတ်ပစ်ကြသည်။

(၂)နာရီ ကုန်ဆုံးသွားခဲ့ပြီ။ မြေပြင်ပေါ်တွင် အလောင်းများ ပြန့်ကျဲနေသည်။ ညအချိန် ဝင်ရောက်စီးနင်းသူများ၏ အလောင်းများ ရှိသလို ကိုယ်ရံတော်များ၏ အလောင်းများလည်း ရှိနေသည်။ သွေးများ စီးကျနေပြီး မြေကြီးတွင် ရွှဲစိုလို့ပင်။

နောက်ထပ် (၂)နာရီ ကုန်ဆုံးသွားပြန်သည်။

လုယိသည် ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။ အေးစက်သော ဓားရောင်သည် သွေးများပေကျံနေသော မျက်နှာပေါ်သို့ ဟပ်နေပြီး မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေသည်။

ရွှီ... ရွှီ... ရွှီ...

ခြံစည်းရိုး အပြင်ဘက်မှ မြှားမိုးများ ရွာချလာပြန်သည်။

ကိုယ်ရံတော်များသည် လက်ထဲမှ လက်နက်များဖြင့် ကာကွယ်လိုက်ကြသည်။ အချို့မှာ မြှားထိမှန်သွားပြီး အော်ဟစ်ကာ လဲကျသွားကြသည်။ မီးမြှားအချို့သည် အိမ်ခေါင်မိုးပေါ်သို့ ကျရောက်သွားပြီး မီးလောင်ကျွမ်းစေသည်။ မီးငြှိမ်းသတ်ရန် လူခွဲလွှတ်လိုက်ရပြန်သည်။ ဒီလို အသည်းအသန် တိုက်ခိုက်နေချိန်တွင် နောက်ထပ် လူဆိုး (၁၀)ယောက်ကျော် ခြံစည်းရိုးပေါ်သို့ တက်လာကြပြန်သည်။

လုယိသည် ဓားရိုးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး မျက်လုံးထဲတွင် ရက်စက်မှုများ ပိုမိုပြင်းထန်လာသည်။

ဘေးနားရှိ ကိုယ်ရံတော်တစ်ဦးက အံကြိတ်ကာ ပြောလိုက်သည်။ "တပ်မှူးလု... ဒီကောင်တွေက ကျွန်တော်တို့ ဒီမှာ စောင့်နေမှန်း သိလို့ တမင်သက်သက် မြှားတွေနဲ့ ပစ်နေတာ။ ကျွန်တော်တို့ ဒီအတိုင်း ဆက်စောင့်နေရင် ခံရတာ များလိမ့်မယ်"

နောက်ထပ် ကိုယ်ရံတော် တစ်ဦးကလည်း အလျင်အမြန် ပြောလိုက်သည်။ "ဟုတ်တယ်။ အပြင်ထွက်ပြီး အကုန်သတ်ပစ်လိုက်ရအောင်။ ဒီအတိုင်း ငြိမ်ခံနေရတာ အရမ်း စိတ်ဆင်းရဲစရာ ကောင်းတယ်"

လုယိက သူတို့ကို စူးစိုက်ကြည့်ကာ ဟိန်းဟောက်လိုက်သည်။ "အားလုံး ပါးစပ်ပိတ်ထားကြ"

ဒီလောက် ရိုးရှင်းတဲ့ကိစ္စကို ငါ မစဉ်းစားမိဘူးလို့ ထင်နေလား။

အပြင်ဘက် အခြေအနေကို မသိရသေးဘူး။ တကယ်လို့ အပြင်ထွက်တိုက်ခိုက်လိုက်ရင် အိမ်တော်ထဲမှာ အင်အားနည်းသွားပြီး လူဆိုးတွေ ဝင်လာခဲ့ရင် အရှင်မင်းသားကို ဘယ်လိုလုပ်မလဲ။ ဖြစ်နိုင်တာက တဖက်လူတွေက ငါတို့ကို အိမ်တော်ထဲက ထွက်လာအောင် တမင် သွေးတိုးစမ်းနေတာ နေမှာ။

ဘယ်လောက်ပဲ စိတ်ဆင်းရဲစရာ ကောင်းနေပါစေ သည်းခံရမှာပဲ။

...

All Chapters