← Chapters

အခန်း (၅၈၀-၅၈၂)

Vol. 39 Ch. 580-582

အခန်း (၅၈၀-၅၈၂)

Vol. 39 Ch. 580-582

အပိုင်း (၅၈၀) စစ်ကူ (၁)

အရူးအမူး သေမင်းတမန် တိုက်ခိုက်မှုများသည် တစ်ညလုံး မရပ်မနား ဖြစ်ပွားခဲ့လေသည်။ နောက်ပိုင်းတွင် ကိုယ်ရံတော်များသည် သွေးဆာနေကြပြီ ဖြစ်သည်။ အကယ်၍ လုယိနှင့် တပ်မှူးကျော်တို့သာ အထပ်ထပ် တားဆီးမထားခဲ့လျှင် သူတို့သည် အိမ်တော်အပြင်သို့ ပြေးထွက်သွားကြပြီးလောက်သည်။

ဘုရင်ခံအိမ်တော် အတွင်းအပြင် နေရာအနှံ့တွင် မီးတောက်များ ဟုန်းဟုန်းတောက်လောင်နေပြီး သတ်ဖြတ်သံများ ဆူညံနေသည်။ အလောင်းများ ပြန့်ကျဲနေပြီး သွေးများက မြေကြီးကို ရဲရဲနီစေသည်။ ငရဲပြည် ရောက်နေသကဲ့သို့ပင်။

"စစ်ကူတွေ မလာသေးဘူးလား" လုယိသည် ဓားကို ဝှေ့ယမ်းကာ ရန်သူများကို သတ်ဖြတ်ရင်း ဒေါသတကြီး အော်မေးလိုက်သည်။

သူသည် တစ်ညလုံး အော်ဟစ်ထားသဖြင့် လည်ချောင်းသံများ ဝင်နေပြီဖြစ်သည်။ ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း အသံမှာ အက်ကွဲနေသဖြင့် သေချာပင် မကြားရတော့ချေ။ မလှမ်းမကမ်းမှ ကိုယ်ရံတော်တစ်ဦးက ပြန်အော်ပြောလိုက်သည်။ "မလာသေးဘူး"

တောက်...

လုယိသည် စိတ်ထဲမှ ကြမ်းတမ်းစွာ ဆဲရေးလိုက်မိသည်။

ကျန်းနန်တပ်စခန်းသည် မိုင်(၁၀၀)ခန့်သာ ဝေးကွာသည်။ မြင်းစီးတမန် စေလွှတ်လိုက်လျှင် (၃)နာရီအတွင်း ရောက်ရှိနိုင်သည်။ စစ်သူကြီးလော့ အနေဖြင့် အရေးပေါ်သတင်းရလျှင်ရချင်း တပ်ကို စုစည်းပြီး မြင်းအမြန်စီးကာ လာရောက်ကယ်တင်သင့်သည်။ အချိန်ကို တွက်ချက်ကြည့်လိုက်လျှင် သန်းခေါင်ကျော်တာနဲ့ ရောက်နေသင့်ပြီ။

သို့သော် ယခုအချိန်တွင် မိုးလင်းလုနီးပါး ဖြစ်နေပြီ ဖြစ်သော်လည်း စစ်ကူအရိပ်အယောင်ကို မမြင်ရသေးချေ။

ဒီစစ်သူကြီးလော့မှာ တကယ် ပြဿနာရှိနေပြီ။

တစ်ညလုံး တိုက်ခိုက်ထားရသဖြင့် ကိုယ်ရံတော်များ မည်မျှ သေဆုံးဒဏ်ရာရခဲ့သည်ကို မသိနိုင်တော့ပေ။ တိုက်ခိုက်နိုင်စွမ်း ရှိသူများမှာလည်း အလွန်ပင်ပန်းနွမ်းနယ်နေကြပြီး စိတ်ဓာတ်ခွန်အားဖြင့်သာ တောင့်ခံထားကြခြင်း ဖြစ်သည်။ ခြံစည်းရိုးကို ကျော်တက်လာသော လူဆိုးများမှာတော့ ပို၍ များပြားလာသကဲ့သို့ ရှိပြီး ကုန်ဆုံးမည့်ပုံ မပေါ်ချေ။

ခန့်မှန်းကြည့်ရသလောက် ဒီည ဘုရင်ခံအိမ်တော်ကို လာရောက်တိုက်ခိုက်သော လူဆိုးဦးရေသည် အိမ်တော်တွင်းရှိ ကိုယ်ရံတော်ဦးရေထက် အနည်းဆုံး (၂)ဆခန့် များပြားလေသည်။ ထို့အပြင် လူတိုင်းသည် သိုင်းပညာ တတ်ကျွမ်းသူများ ဖြစ်ကြသည်။ သူတို့သည် အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး မျက်နှာကို အနက်ရောင်ပဝါဖြင့် စည်းထားကြသည်။ လက်ထဲတွင်လည်း သံမဏိလက်နက်ကောင်းများကို ကိုင်ဆောင်ထားကြသည်။

လုယိသည် အလောင်းအချို့၏ မျက်နှာဖုံးပဝါများကို ဆွဲခွာကြည့်ပြီး အဝတ်အစားများကိုပါ ချွတ်ကြည့်သော်လည်း မည်သူမည်ဝါဖြစ်ကြောင်း သက်သေအထောက်အထား တစုံတရာ မတွေ့ရပေ။ သို့သော် သူတို့၏ မျက်နှာထားများကို ကြည့်ခြင်းအားဖြင့် ဓားသွားပေါ်တွင် သွေးစက်လက်နေသော လူဆိုးလူမိုက်များ ဖြစ်ကြောင်း သိသာလှသည်။

"တပ်မှူးလု... လက်မောင်းမှာ ဒဏ်ရာရသွားပြီ" ကိုယ်ရံတော်တစ်ဦးသည် အမောတကြီး ပြေးလာပြီး ဆေးထုပ်ကို အလျင်အမြန် ထုတ်ပေးလိုက်သည်။

ဒီဆေးထုပ်ထဲတွင် အရေးပေါ် သွေးတိတ်ဆေးနှင့် ပတ်တီးများ ပါဝင်သလို အဆိပ်မြှားထိမှန်ပါက ချက်ချင်း သောက်သုံးနိုင်သော ဆေးလုံးများနှင့် အသက်ဆက်ဆေးလုံး တစ်လုံးလည်း ပါဝင်သည်။ ဒီဆေးထုပ်မျိုးကို ကိုယ်ရံတော်တိုင်း ဆောင်ထားကြသည်။ ဒီည ဒီဆေးထုပ်များကြောင့် လူအများအပြား အသက်ချမ်းသာရာ ရခဲ့ကြသည်။

လုယိသည် ခေါင်းမာမနေတော့ဘဲ သက်ပြင်းတစ်ချက်ချကာ ဘယ်ဘက်လက်မောင်းကို ဆန့်ပေးလိုက်သည်။ ကိုယ်ရံတော်က ဆေးထည့်ပေးပြီး ပတ်တီးစည်းပေးလိုက်သည်။

ဒီလိုအချိန်မျိုးတွင် သေချာ ဂရုစိုက်နေ၍ မရနိုင်တော့ပေ။ ဒဏ်ရာပေါ်သို့ ဆေးမှုန့်ဖြူးပြီး ပိတ်စအဖြူဖြင့် အထပ်ထပ် ပတ်ပေးလိုက်ရုံသာ ရှိသည်။ သို့မှသာ သွေးထွက်လွန်ပြီး အသက်အန္တရာယ် မဖြစ်မည် မဟုတ်ပါလား။

"စစ်ကူတွေ မလာသေးဘူး" ကိုယ်ရံတော်သည် အလုပ်ပြီးသွားသောအခါ အင်္ကျီလက်စဖြင့် မျက်နှာကို သုတ်လိုက်ရာ အင်္ကျီလက်စတွင် သွေးများ စွန်းထင်းသွားသည်။ "မိုးလင်းဖို့ (၂)နာရီလောက် လိုသေးတယ်။ ဒီအတိုင်း ဆက်သွားရင် ကျွန်တော်တို့ တောင့်ခံနိုင်ပါ့မလား မသိဘူး"

လုယိ၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ယှက်သန်းသွားပြီး အံကြိတ်ကာ ပြောလိုက်သည်။ "ဒီခွေးမသား... သေချာပေါက် ပြဿနာရှိနေပြီ။ အခု တခြားနည်းလမ်း မရှိတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မိုးလင်းတဲ့အထိ တောင့်ခံထားရမယ်"

လူဆိုးတွေ ဘယ်လောက်ပဲ ရက်စက်ပါစေ နေ့ခင်းကြောင်တောင်ကြီး ဘုရင်ခံအိမ်တော်ကို ဝင်စီးရဲမှာ မဟုတ်ဘူး။ မိုးလင်းတာနဲ့ သူတို့ သေချာပေါက် ပြန်ဆုတ်သွားလိမ့်မယ်။

ဒါပေမဲ့ မိုးလင်းဖို့ (၂)နာရီလောက် လိုသေးတယ်ဆိုတော့ တကယ် ခက်ခဲတာပဲ။

သူ့ဘက်မှာတောင် အသေအပျောက် များနေပြီ။ တံခါးမကြီးနဲ့ ဘေးတံခါးဘက်မှာ တိုက်ခိုက်မှု ပိုပြင်းထန်နေတော့ အသေအပျောက် ပိုများမှာ သေချာတယ်။

လုယိ မျက်မှောင်ကြုတ်လိုက်ပြီး ကိုယ်ရံတော်တစ်ဖွဲ့ကို လှမ်းခေါ်ကာ တိုးတိုးလေး မှာကြားလိုက်သည်။ "မင်းတို့ တံခါးမကြီးဘက်ကို သွားပြီး တပ်မှူးကျော်ကို ကူညီလိုက်ကြ။ ပြီးတော့ ဟိုဘက်အခြေအနေ ဘယ်လိုရှိလဲဆိုတာ ကြည့်ပြီး ငါ့ဆီ လူလွှတ်ပြီး ချက်ချင်း သတင်းပို့"

ကိုယ်ရံတော်များသည် အမောဖြေချိန်ပင် မရလိုက်ဘဲ ချက်ချင်း အမိန့်နာခံကာ ပြေးထွက်သွားကြသည်။

လက်ဖက်ရည်တစ်ခွက်သောက်ချိန်ခန့် ကြာပြီးနောက် ကိုယ်ရံတော်တစ်ဦး ပြန်ရောက်လာပြီး စိုးရိမ်တကြီး သတင်းပို့လေသည်။ "တံခါးမကြီးဘက်မှာ တိုက်ခိုက်မှုက အရမ်းပြင်းထန်ပါတယ်။ အသေအပျောက်လည်း ပိုများတယ်။ တပ်မှူးကျော်လည်း ဒဏ်ရာရထားလို့ မခံနိုင်တော့ပါဘူး"

လုယိ တိုးတိုးလေး ဆဲရေးလိုက်ပြီး ချန်ထားသည့် ကိုယ်ရံတော် (၁၀၀)ကျော်ကို ထိုဘက်သို့ စေလွှတ်လိုက်သည်။

ဘေးနားရှိ ကိုယ်ရံတော်က လန့်သွားပြီး အလျင်အမြန် ပြောလိုက်သည်။ "တပ်မှူး... ကျွန်တော်တို့ဘက်မှာလည်း လူအင်အား သိပ်မကျန်တော့ဘူး။ ဒီအတိုင်းဆို ကျွန်တော်တို့ အရင် ကျဆုံးသွားလိမ့်မယ်"

"မခံနိုင်လည်း ခံရမယ်" လုယိသည် မျက်နှာသေဖြင့် ပြောလိုက်ပြီး ညာလက်ဖြင့် ဓားရိုးကို တင်းတင်းဆုပ်ကိုင်ကာ ရှေ့သို့ ပြေးထွက်သွားပြီး အနက်ရောင်ဝတ် လူဆိုးတစ်ယောက်ကို ခုတ်လှဲလိုက်သည်။

...

မခံနိုင်တော့ဘူး။

တပ်မှူးကျော်သည် ရေလှိုင်းလို တိုးဝင်လာသော အနက်ရောင်ဝတ် လူဆိုးများကို ကြည့်ရင်း စိတ်ဓာတ်ကျဆင်းလာသည်။

ဒီည ဘုရင်ခံအိမ်တော်ကို လာရောက်တိုက်ခိုက်သူ ဦးရေသည် အိမ်တော်တွင်းရှိ ကိုယ်ရံတော် ဦးရေထက် (၃)ဆခန့် များပြားနေသည်။ မူလ ခန့်မှန်းထားသည်ထက် ပိုမို များပြားနေခြင်းပင်။ စစ်ကူကလည်း ရောက်မလာသေး။ အိမ်တော်တွင်းရှိ ကိုယ်ရံတော်များကတော့ တဖြည်းဖြည်း လျော့ပါးလာသည်။

ဒီအတိုင်း ဆက်သွားရင် မိုးလင်းတဲ့အထိ ခံနိုင်မှာ မဟုတ်ဘူး...

"တပ်မှူးကျော်" ရင်းနှီးသော အသံတစ်ခု နားနားတွင် ကြားလိုက်ရသည်။

တပ်မှူးကျော် လှည့်ကြည့်လိုက်ရာ ရင်းနှီးသော မျက်နှာချောချောကို တွေ့လိုက်ရသည်။ မျက်လုံးနှင့် မျက်ခုံးကြားတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး လက်ထဲရှိ ဓားရှည်မှ သွေးများ တစက်စက် ကျနေသည်။ ထိုသူမှာ လီယန်ပင် ဖြစ်သည်။

"တံခါးမကြီးဘက်က အန္တရာယ်အများဆုံးပဲ" တပ်မှူးကျော် လန့်သွားပြီး အလျင်အမြန် ပြောလိုက်သည်။ "သခင်လေးလီ ဒီဘက် မလာပါနဲ့"

လီယန်သည် တစ်ညလုံး တိုက်ခိုက်ထားသဖြင့် ဒဏ်ရာအသေးစားလေးများ ရရှိထားသော်လည်း မောပန်းနွမ်းနယ်ခြင်း မရှိဘဲ သတ်ဖြတ်လိုစိတ် ပြင်းထန်နေဆဲပင်။ "ခင်ဗျားလည်း ဒဏ်ရာရထားပြီ။ အရင်သွားပြီး ဆေးထည့်လိုက်ဦး။ ဒီနေရာကို ကျွန်တော် ကြည့်ထားလိုက်မယ်"

သတိပေးလိုက်မှ တပ်မှူးကျော်သည် မိမိ၏ ခါးနှင့်ဗိုက်နေရာတွင် ပူစပ်ပူလောင် ဖြစ်နေသည်ကို သတိထားမိလိုက်သည်။ ငုံ့ကြည့်လိုက်ရာ ဗိုက်အောက်ပိုင်းတွင် ဓားဒဏ်ရာတစ်ခု ရထားပြီး သွေးများ စီးကျနေသည်ကို တွေ့လိုက်ရသည်။ ငွေရောင်သံချပ်အင်္ကျီသည် သွေးများဖြင့် ရဲရဲနီနေလေပြီ။

တပ်မှူးကျော်သည် ဟန်မဆောင်နေတော့ဘဲ ကျေးဇူးတင်စကားဆိုကာ အလျင်အမြန် ဆေးသွားထည့်လိုက်သည်။ လက်ဖက်ရည်တစ်ခွက်သောက်ချိန် မပြည့်ခင်မှာပင် ပြန်ရောက်လာသည်။

သူတို့နှစ်ဦး စကားပြောချိန် မရှိကြပေ။ လက်နက်ကိုယ်စီကိုင်ကာ ရှေ့တက်ပြီး ဝင်ရောက်လာသော အနက်ရောင်ဝတ် လူဆိုးများကို အကုန်အစင် သတ်ဖြတ်ပစ်လိုက်ကြသည်။

"သောက်ကျိုးနည်း လော့ဝူ" လီယန်သည် ဓားကို ဝှေ့ယမ်းရင်း အံကြိတ်ကာ ဆဲရေးလိုက်သည်။ "ကျေးဇူးကန်းတဲ့ကောင်... အရေးပေါ်စာ ပို့လိုက်တာတောင် အခုထိ စစ်ကူခေါ်မလာသေးဘူး။ ဒီကိစ္စပြီးသွားရင် ငါကိုယ်တိုင် ဓားနဲ့ သူ့ခေါင်းကို ဖြတ်ပစ်မယ်"

တပ်မှူးကျော်သည် ရန်သူကို သတ်ဖြတ်နေရသဖြင့် ပြန်မပြောနိုင်သော်လည်း စိတ်ထဲတွင်တော့ အလွန်မုန်းတီးနေမိသည်။

ဒီလို အသက်လုနေရတဲ့အချိန်မှာ ကျန်းနန်တပ်စခန်းက စစ်ကူမလာတာဟာ သစ္စာဖောက်တာ မဟုတ်ရင် ဘာဖြစ်မလဲ။ ဘယ်သူမှ ယုံမှာမဟုတ်ဘူး။

စစ်သူကြီးလော့က နန်းတွင်းကိုယ်ရံတော်ကနေ ဆင်းသက်လာသူလေ။ အဲဒီတုန်းက ယုံးကျားဧကရာဇ်ရဲ့ ကိုယ်ရံတော် လုပ်ခဲ့ဖူးတာ။ ယုံးကျားဧကရာဇ်က ကျန်းနန်တပ်စခန်း တပ်မှူးဆိုတဲ့ အရေးကြီးတဲ့ ရာထူးကို ပေးအပ်ခဲ့တာတောင် သူက အရှင်မင်းကြီးရဲ့ ကျေးဇူးကို စော်ကားပြီး သေမထူး နေမထူး လုပ်ရက်တယ်။

ရုတ်တရက် ဘေးနားမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

တပ်မှူးကျော်၏ ညာဘက်မျက်ခွံ လှုပ်သွားပြီး စဉ်းစားမနေတော့ဘဲ ဓားဖြင့် ဝင်ရောက် ကယ်တင်လိုက်သည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုကိုယ်ရံတော်၏ ရင်ဘတ်ကို ဓားတစ်ချောင်း ထိုးဖောက်ဝင်ရောက်သွားပြီ ဖြစ်သဖြင့် ချက်ချင်းပင် အသက်ပျောက်သွားရှာသည်။

လှမ်းကြည့်လိုက်ရာ လူတိုင်းတွင် ဒဏ်ရာကိုယ်စီ ရထားကြသည်။ ရဲရင့်သော စိတ်ဓာတ်တစ်ခုတည်းဖြင့်သာ ကြံ့ကြံ့ခံနေကြခြင်း ဖြစ်သည်။ နောက်ထပ် (၂)နာရီအကြာတွင် ထွက်ပေါ်လာမည့် နေရောင်ခြည်ကို ဘယ်နှစ်ယောက်လောက် မြင်တွေ့ခွင့်ရကြမည်နည်း။

တပ်မှူးကျော်၏ မျက်လုံးများ နီရဲလာပြီဖြစ်သည်။

လီယန်သည်လည်း ထိုနည်းတူပင်။ မျက်လုံးများ နီရဲကာ မရပ်မနား ဓားခုတ်နေတော့သည်။

ထိုအချိန်တွင် မြေပြင်သည် ရုတ်တရက် တုန်ခါလာလေသည်။

ဒီတုန်ခါမှု...

ဒါဟာ မြင်းကောင်ရေ ထောင်ပေါင်းများစွာ ဒုန်းစိုင်းစီးလာမှ ဖြစ်ပေါ်တတ်သော တုန်ခါမှုမျိုး ဖြစ်သည်။

တပ်မှူးကျော်၏ မျက်လုံးများ အရောင်လက်သွားပြီး အက်ကွဲသောအသံဖြင့် အော်ဟစ်လိုက်တော့သည်။ "စစ်ကူတွေ ရောက်လာပြီဟေ့... အားလုံး တောင့်ထားကြ... စစ်ကူတွေ ရောက်လာပြီ"

လီယန်သည်လည်း စိတ်ဓာတ်တက်ကြွသွားပြီး လိုက်အော်လေသည်။ "စစ်ကူတွေ ရောက်လာပြီ"

ဒဏ်ရာရပြီး အားအင်ကုန်ခမ်းနေသော ကိုယ်ရံတော်များသည် စစ်ကူဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် ကြက်သွေးသောက်လိုက်ရသကဲ့သို့ ရုတ်တရက် အားအင်များ ပြည့်ဖြိုးလာကြသည်။ အားလုံး ပြိုင်တူ အော်ဟစ်လိုက်ကြသည်။ "စစ်ကူတွေ ရောက်လာပြီ"

မူလက အားကောင်းမောင်းသန် တိုက်ခိုက်နေကြသော အနက်ရောင်ဝတ် လူဆိုးများ၏ စိတ်ဓာတ်သည် ရုတ်တရက် ကျဆင်းသွားတော့သည်။

အသေအပျောက် ပြောရလျှင် သူတို့ဘက်က ပိုများသည်။ သို့သော် သူတို့သည် ငွေအမြောက်အမြားပေးပြီး မွေးထားသော အသေခံတပ်သားများ ဖြစ်ကြသဖြင့် သခင်က အမိန့်ပေးလျှင် သေရမည်ကို သိလျက်နှင့် ရှေ့သို့ တက်နေကြခြင်း ဖြစ်သည်။

မြင်းခွာသံများသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လာပြီး မြေပြင်တုန်ခါမှုသည် ပိုမို သိသာလာတော့သည်။

စစ်ကူတွေ တကယ် ရောက်လာကြပြီ။

...

အပိုင်း (၅၈၁) စစ်ကူ (၂)

"လုယိ စစ်ကူတွေ ရောက်လာပြီ"

တစ်ဖက်တွင်လည်း မောပန်းနွမ်းနယ်နေသဖြင့် ဓားကိုပင် ကောင်းကောင်း မကိုင်နိုင်တော့သည့် ကိုယ်ရံတော်များသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။

လုယိသည် ပါးစပ်ဖြဲကာ ရယ်မောချင်သွားသော်လည်း ပါးစပ်မှ ထွက်လာသည်ကား ဒေါသတကြီး ဆဲဆိုသံသာ ဖြစ်လေသည်။ "လက်မလျှော့နဲ့ ဆက်သတ်ကြ"

စစ်ကူရောက်လာသည်မှာ အချိန်ကိုက်ပင် ဖြစ်တော့၏။

တစ်ညလုံးနီးပါး သေရေးရှင်ရေး တိုက်ခိုက်ခဲ့ကြသဖြင့် ဘုရင်ခံအိမ်တော်မှ ကိုယ်ရံတော်များသည် သေဆုံးဒဏ်ရာရသူ များပြားလှသည်။ လာရောက်တိုက်ခိုက်ကြသည့် အနက်ရောင်ဝတ် လူသတ်သမားများမှာ ပိုမိုများပြားစွာ သေဆုံးဒဏ်ရာရခဲ့ကြ၏။ အချိန်ကြာမြင့်စွာ တိုက်ခိုက်သော်လည်း မအောင်မြင်နိုင်သေးသဖြင့် စိတ်ဓာတ်များ ကျဆင်းလာကြလေပြီ။ ယခု စစ်ကူများ ရောက်ရှိလာသောအခါ ဘုရင်ခံအိမ်တော်ဘက်မှ စိတ်ဓာတ်များ တက်ကြွလာကြပြီး သတ်ဖြတ်ကြွေးကြော်သံများမှာ မိုးဟိန်းသံပမာ ကျယ်လောင်လာတော့သည်။ တစ်ဖက်နှင့်တစ်ဖက် အခြေအနေ ပြောင်းလဲသွားပြီး အနက်ရောင်ဝတ် လူသတ်သမားများမှာ ချက်ချင်းဆိုသလို အရေးနိမ့်သည့် အခြေအနေသို့ ရောက်ရှိသွားလေသည်။

ဘုရင်ခံအိမ်တော်နှင့် လမ်းငါးလမ်းကျော်သည့် ထောင့်ချိုးတစ်ခုတွင် မြင်းလှည်းတစ်စီး ရပ်ထားလေသည်။

ထိုမြင်းလှည်းသည် အပြင်ပန်းကြည့်လျှင် သာမန်ဟု ထင်ရသော်လည်း အတွင်းတွင်တော့ လျှို့ဝှက်ချက်များ ရှိနေ၏။ မြင်းလှည်းအတွင်းခန်းတွင် သံမဏိပြားများ ကာရံထားသဖြင့် မြှားမိုးရွာအောင် ပစ်ခတ်လျှင်ပင် အတွင်းတွင် ပုန်းအောင်းနေသူများ ဘေးကင်းနိုင်လေသည်။

ယခုအချိန်တွင် မြင်းလှည်းထဲ၌ အမျိုးသားနှစ်ဦး ထိုင်နေကြ၏။

ထိုအမျိုးသားနှစ်ဦးစလုံးသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကြသည်။ တစ်ဦးမှာ အသက် (၅၀) ခန့်ရှိပြီး မျက်နှာထား တင်းမာခက်ထန်နေ၏။ အခြားတစ်ဦးမှာ အသက် (၃၀) ကျော်အရွယ် လူငယ်ဖြစ်ပြီး တြိဂံပုံစံ မျက်လုံးအိမ်ကျဉ်းကျဉ်းနှင့် ရက်စက်ကြမ်းကြုတ်သည့် အလင်းရောင်များ လက်နေလေသည်။

မြင်းခွာသံများကို ကြားလိုက်ရသည်တွင် တြိဂံမျက်လုံးနှင့်လူသည် ဒေါသအိုးပေါက်ကွဲကာ ဆဲဆိုကြိမ်းမောင်းလိုက်လေသည်။

"ဒီလော့ဝူက တကယ်ပဲ လောဘကြီးလွန်းတယ်။ ငွေတွေ လယ်တွေ ဆိုင်တွေ မိန်းမတွေ အကုန်လုံး လက်ခံထားပြီးတော့။ မိုးလင်းမှ လာမယ်လို့ ပြောထားပြီး အခု ငါးချက်တီးတောင် မထိုးသေးဘူး။ ဘာလို့ စစ်ကူတွေ ခေါ်လာရတာလဲ"

အသက် (၅၀) အရွယ်လူကြီးသည် မျက်မှောင်ကို ကြုတ်ထားပြီး လေသံနိမ့်နိမ့်ဖြင့် ပြောလိုက်လေသည်။ "အရင်ဆုံး ကိုယ့်ဖက်က ကမောက်ကမ မဖြစ်စေနဲ့ဦး။ လော့ဝူရဲ့ အားနည်းချက်က ငါတို့လက်ထဲမှာ ရှိတယ်။ သူက ဒီတိုင်းကြီး စစ်ကူခေါ်လာရဲမှာ မဟုတ်ဘူး"

"ဒီမြင်းခွာသံတွေကို နားထောင်ကြည့်စမ်းပါ။ အနည်းဆုံး အကောင်ရေ ထောင်ချီရှိတယ်။ ကျန်းနန်တပ်စခန်းမှာပဲ စစ်သည်တွေ ဒီလောက်များများရှိတာ။ တခြား ဘယ်နေရာကနေ စစ်သည်တွေ ဒီလောက်အများကြီး ထွက်လာနိုင်မှာလဲ။ နန်းတွင်းကလွှတ်လိုက်တဲ့ တပ်မကြီးက အနည်းဆုံး (၁၀) ရက်လောက်ကြာမှ ရောက်လာမှာ။ ခင်ဗျားပြောကြည့်စမ်း။ ဒီစစ်ကူတွေက ဘယ်ကနေ ရောက်လာတာလဲ"

တြိဂံမျက်လုံးနှင့်လူသည် ဒေါသတကြီး ထရပ်လိုက်ရာ ခေါင်းနှင့် မြင်းလှည်းအမိုး ဆောင့်မိသွားပြီး နာကျင်မှုကြောင့် အံကြိတ်ထားလိုက်ရသည်။

အသက် (၅၀) အရွယ်လူကြီးသည်လည်း စိတ်ရှုပ်ထွေးနေတော့၏။

မြင်းခွာသံများက ပို၍ နီးကပ်လာလေပြီ။ အမွှေးတိုင် နှစ်တိုင်စာမပြည့်မီ ဘုရင်ခံအိမ်တော်သို့ ရောက်ရှိလာပေတော့မည်။ သူတို့အနေဖြင့် အမြန်ဆုံး ဆုံးဖြတ်ချက်ချရပေတော့မည်။

သေသည်အထိ တိုက်ခိုက်မလား။

ဒါမှမဟုတ် အရင်ဆုတ်ခွာပြီး အင်အားမွေးကာ နောက်မှ ကြံစည်ကြမလား။

အသက် (၅၀) အရွယ်လူကြီးသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ဆုံးဖြတ်ချက်ကို လျင်မြန်စွာ ချမှတ်လိုက်လေသည်။ "အရင်ဆုံး တပ်ဆုတ်မယ်"

တြိဂံမျက်လုံးနှင့်လူသည် ထိတ်လန့်သွားပြီး အလောတကြီး ပြောလိုက်လေသည်။ "ဒီအချိန်မှာ တပ်ဆုတ်လိုက်ရင် အရင်လူတွေ အလကား အသေခံလိုက်ရတာ ဖြစ်မသွားဘူးလား"

အသက် (၅၀) အရွယ်လူကြီးက မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။ "အခု မဆုတ်ရင် ဆုတ်ဖို့အချိန်ရှိမှာ မဟုတ်တော့ဘူး။ ငါပြောတာ နားထောင်။ ချက်ချင်း ခရာမှုတ်ပြီး တပ်ဆုတ်ခိုင်းလိုက်"

တြိဂံမျက်လုံးနှင့်လူသည် မကျေမနပ်ဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ရင်ဘတ်ထဲမှ အထူးပြုလုပ်ထားသော ခရာတစ်လုံးကို ထုတ်ယူလိုက်လေသည်။ ထိုခရာကို မှုတ်လိုက်ပါက (၁၀) မိုင်ပတ်လည်အတွင်း ကြားနိုင်၏။

သဘောတူညီချက်အရ သုံးကြိမ်ဆက်တိုက် မှုတ်လိုက်လျှင် လူအားလုံး ချက်ချင်း ဆုတ်ခွာရမည်။ ဒဏ်ရာနည်းသူများက အတူတူ ထွက်ပြေးရမည်ဖြစ်ပြီး ဒဏ်ရာပြင်းထန်သူများကတော့ အဆိပ်သောက်ပြီး မိမိကိုယ်ကို အဆုံးစီရင်ကြရမည် ဖြစ်လေသည်။

ဤအသေခံတပ်သား တစ်သောင်းသည် ကျန်းနန်ရှိ မျိုးရိုးမြင့်မိသားစုအချို့က ပိုင်ဆိုင်မှုများကို ရောင်းချကာ တိတ်တဆိတ် မွေးမြူထားခဲ့ခြင်း ဖြစ်သည်။ ယနေ့ညတွင် အကုန်အစင် ထုတ်သုံးခဲ့ပြီး ထိုက်ဇီကို တစ်ချက်တည်းနှင့် အပြတ်ရှင်းကာ ဘုရင်ခံအိမ်တော်ကို မီးရှို့ပစ်နိုင်မည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် ကံမကောင်းစွာဖြင့် အောင်မြင်ခါနီးမှ လက်လျှော့ကာ ဆုတ်ခွာရတော့မည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ရလေသည်။

တြိဂံမျက်လုံးနှင့်လူသည် ခရာကို နှုတ်ခမ်းနား တေ့လိုက်ပြီး အားစိုက်ကာ မှုတ်လိုက်ရာ စူးရှသောအသံသည် ညဉ့်ယံကို ထိုးဖောက်ကာ ပျံ့လွင့်သွားလေတော့သည်။

အသက် (၅၀) အရွယ်လူကြီးသည် မျက်မှောင်ကြုတ်ကာ သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်၏။

ဤအချိန်သို့ ရောက်လာသောအခါ နောင်တမရဘဲ မနေနိုင်တော့ချေ။ ဤနှစ်များအတွင်း စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သဖြင့် ကျန်းနန်ရှိ မျိုးရိုးမြင့်မိသားစုများသည် (၇၀) ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး ကျန်ရှိသည့် (၃၀) ရာခိုင်နှုန်းမှာ မိမိကိုယ်ကို ကာကွယ်ရန်အတွက် မဟာမိတ်ဖွဲ့ခဲ့ကြရသည်။ လူများလာသောအခါ စိတ်သဘောထားများလည်း ကွဲပြားလာကြ၏။ ထိုအထဲမှ မိသားစုတစ်စုသည် မည်သို့မည်ပုံ ချိတ်ဆက်မိသည်မသိ ကျင်းမြို့တော်ရှိ တတိယမင်းသားနှင့် အဆက်အသွယ် ရသွားခဲ့ပြီး ထိုက်ဇီကို လုပ်ကြံရန် အားလုံးကို မြှောက်ပင့်သွေးထိုးခဲ့ကြသည်။

ယခင်နှစ်ကြိမ် လုပ်ကြံမှုတွင် ထိုက်ဇီ၏ သတိထားမှုကို လျော့ကျသွားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ပေါ့ပေါ့တန်တန် လုပ်ဆောင်ခဲ့ကြသည်။ အမှန်တကယ် သေစေလောက်သည့် အကွက်မှာ ဘုရင်ခံအိမ်တော်၌ ပြုလုပ်ခဲ့သော ညစာစားပွဲသာ ဖြစ်လေသည်။

ထိုက်ဇီမှာ ကံကောင်းလွန်းသဖြင့် လုပ်ကြံသူများလက်ထဲတွင် မသေဆုံးခဲ့ပေ။ သူတို့မိသားစုများမှာလည်း လှေတစ်စီးတည်း စီးမိသည့်အခြေအနေ ဖြစ်နေပြီဖြစ်ရာ ခေါင်းမာမာဖြင့် ဆက်လက်လုပ်ဆောင်ခဲ့ရသည်။ ထို့ကြောင့် ယနေ့ညတွင် ဘုရင်ခံအိမ်တော်ကို ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်လေသည်။

ယခု စစ်ကူများ ရောက်လာပြီဖြစ်ရာ သူတို့အနေဖြင့် ဆုတ်ခွာရုံသာ တတ်နိုင်တော့လေသည်။

ဒီတစ်ကြိမ်တွင် လူဘယ်နှစ်ယောက်လောက် ထပ်သေရဦးမည်မသိ။ နန်းတွင်းမှ တပ်မတော်ကြီး ရောက်လာလျှင် သူတို့ ပို၍ အန္တရာယ်များသွားပေလိမ့်မည်။

"ဒုန်း"

ပြင်းထန်သော အားတစ်ခုသည် ရုတ်တရက် ဝင်ဆောင့်လေသည်။

လေးလံခိုင်ခံ့သော မြင်းလှည်းသည် ထိုအားကြောင့် တိမ်းမှောက်သွားလေသည်။ မြင်းလှည်းဆွဲသော မြင်းနှစ်ကောင်မှာ သနားစဖွယ် အော်မြည်လိုက်ကြ၏။ အသက် (၅၀) အရွယ်လူကြီးနှင့် တြိဂံမျက်လုံးနှင့်လူတို့သည် အငိုက်မိသွားသဖြင့် မြင်းလှည်းထဲတွင် လိမ့်သွားကြပြီး တစ်ယောက်က မြင်းလှည်းအခန်းနှင့် ခေါင်းဆောင့်မိကာ အခြားတစ်ယောက်မှာ အမိုးနှင့် ဆောင့်မိသွားလေသည်။

နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း အော်ဟစ်ညည်းညူလိုက်ကြတော့သည်။

ထိုအချိန်မှာပင် မြင်းလှည်းအပြင်ဘက်၌ ပြင်းထန်သော ဓားချင်းရိုက်ခတ်သံများ ထွက်ပေါ်လာခဲ့သည်။

မြင်းလှည်းကို စောင့်ကြပ်နေသော အသေခံတပ်သား တစ်ရာခန့်ရှိပြီး သူတို့အားလုံးသည် တစ်ရာတွင် တစ်ယောက်ရွေးထားသည့် သိုင်းပညာရှင်များ ဖြစ်ကြသည်။ သို့သော် လက်နှစ်ဖက်က လက်လေးဖက်ကို မယှဉ်နိုင်သကဲ့သို့ သူတို့ မည်မျှပင် တော်နေပါစေ မြင်းရာချီဖြင့် ဝင်တိုက်သည်ကိုတော့ တောင့်ခံနိုင်စွမ်းမရှိပေ။

ဦးဆောင်လာသူသည် သံချပ်ကာအင်္ကျီကို ဝတ်ဆင်ထားပြီး အရပ်မရှည်သော်လည်း လက်ထဲမှဓားရှည်မှာမူ အလွန်ပင် ထက်မြက်လှသည်။ ဓားတစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် လူတစ်ယောက် လဲကျသွားကာ မည်သူမျှ ခုခံနိုင်စွမ်း မရှိကြပေ။

အနီးကပ်ရောက်လာမှသာ ထိုမြင်းတပ်ဖွဲ့ ခေါင်းဆောင်၏ ကိုယ်လုံးကိုယ်ပေါက် သွယ်လျမှုနှင့် ဓားသွားပမာ ထက်ရှသော မျက်ဝန်းနက်များကို မြင်လိုက်ရပြီး မျက်နှာလေးမှာ အံ့သြဖွယ်ကောင်းလောက်အောင် လှပနေသည်ကို တွေ့လိုက်ရလေသည်။

ထိုက်ဇီကို ကယ်တင်ရန် စစ်ကူလာသူမှာ အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့၏။

အနားရောက်လာသော အနက်ရောင်ဝတ်လူသည် အာမေဋိတ်ပင် မထွက်လိုက်နိုင်ဘဲ ထိုအမျိုးသမီး၏ ဓားချက်ဖြင့် ရင်ဘတ်ကို ထိုးဖောက်ခံလိုက်ရကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားလေသည်။

"မြင်းလှည်းကို ဝိုင်းထားလိုက်" ထိုအမျိုးသမီးသည် ဓားကိုဝှေ့ယမ်းကာ လူသတ်ရင်း အေးစက်စွာ အမိန့်ပေးလိုက်၏။ "တွေ့တာနဲ့ အသေသာသတ်။ အရှင်ဖမ်းစရာ မလိုဘူး"

ထိုစကားလုံးများတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းနေပြီး ကြားရသူကို ကျောချမ်းသွားစေသည်။

အနက်ရောင်ဝတ်လူများသည် သေမင်းကို မကြောက်သော အသေခံတပ်သားများ ဖြစ်ကြသော်လည်း ယခုအချိန်တွင် သူတို့၏ စိတ်ထဲ၌ အေးစက်မှုကို ခံစားလိုက်ရလေသည်။

ကိုယ်ရံတော်များသည် အမိန့်ကို တညီတညွတ်တည်း နာခံလိုက်ကြပြီး ငါးယောက်တစ်ဖွဲ့ စစ်ကွက်ပုံဖော်ကာ အနက်ရောင်ဝတ် အသေခံတပ်သားများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ကြတော့သည်။ ဓားရိပ်ဓားရောင်များအကြားတွင် ခဏအတွင်းမှာပင် လူအများအပြား လဲကျသေဆုံးသွားကြလေသည်။

ထိုအမျိုးသမီးသည် မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး မြင်းလှည်းအနားသို့ လျှောက်သွားလိုက်သည်။ သူမသည် လက်ကိုဝှေ့ယမ်းကာ မြင်းလှည်းဆွဲထားသည့် မြင်းနှစ်ကောင်၏ ခေါင်းကို အရင်ဆုံး ဖြတ်ချလိုက်လေသည်။ မူလက သနားစဖွယ် အော်မြည်နေသော မြင်းများသည် သွေးများ ပေကျံကာ လဲကျသွားတော့၏။

ဤကဲ့သို့ အထူးစီမံထားသော မြင်းလှည်းသည် အတွင်းမှသာ ဖွင့်၍ရလေသည်။ အပြင်မှ အတင်းရိုက်ချိုး ခုတ်ထစ်၍ မရနိုင်ပေ။

ကိုယ်ရံတော် တစ်ဒါဇင်ကျော်သည် ထိုအမျိုးသမီး၏ ဘေးနားတွင် ဝန်းရံထားလိုက်ကြသည်။ ထိုအထဲမှ မျက်နှာတွင် ဓားဒဏ်ရာရထားသော ကိုယ်ရံတော်က လေသံတိုးတိုးဖြင့် မေးလျှောက်လိုက်၏။ "ညန်ညန် ဒီမြင်းလှည်းက ဖွင့်မရဘူး။ ဘယ်လိုလုပ်မလဲ"

ထိုအမျိုးသမီးသည် ကျင်းမြို့တော်မှ တိတ်တဆိတ် ထွက်ခွာလာပြီး မိုင်ပေါင်းရာချီဝေးကွာသော ကျန်းနန်သို့ လာရောက်ခဲ့သည့် လုမင်ယွိပင် ဖြစ်လေသည်။

သူမသည် ကျန်ရှိနေသည့် ကိုယ်ရံတော် သုံးထောင်ကိုပါ တစ်ပါတည်း ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ကျန်းနန်သို့ အမြန်ဆုံးရောက်ရှိရန် နေ့ရောညပါ ခရီးနှင်ခဲ့ရာ (၇) ရက်အတွင်း ရောက်ရှိလာခဲ့လေသည်။ နန်းတွင်းမှ စေလွှတ်လိုက်သော တပ်မတော်ကြီးထက် (၁၀) ရက်ပို၍ စောလေသည်။

ဘုရင်ခံအိမ်တော်တွင် မီးများလောင်ကျွမ်းနေသည်ကို မြင်ရသဖြင့် သူမသည် ကိုယ်ရံတော်များကို စစ်ကူလွှတ်လိုက်ပြီး သူမကိုယ်တိုင်ကတော့ ကိုယ်ရံတော်ရာဂဏန်းကို ဦးဆောင်ကာ တရားခံကို လာဖမ်းခြင်း ဖြစ်လေသည်။ သူမ တွေးထင်ထားသည့်အတိုင်းပင် နောက်ကွယ်မှ ကြိုးကိုင်သူသည် အိမ်တော်အနီးအနားတွင် ရှိနေခဲ့၏။

လုမင်ယွိ၏ အေးစက်သော အကြည့်များသည် မည်းနက်နေသော မြင်းလှည်းဆီသို့ ရောက်ရှိသွားပြီး တိုတိုပြတ်ပြတ်ပင် အမိန့်ပေးလိုက်လေသည်။ "မြင်းလှည်းကို မီးရှို့လိုက်"

ဘေးနားရှိ ကိုယ်ရံတော်များသည် စဉ်းစားမနေဘဲ ချက်ချင်းပင် အမိန့်ကို နာခံလိုက်ကြသည်။

မြင်းလှည်းအခန်းသည် အထူးစီမံထားပြီး အလယ်တွင် သံမဏိပြားများ ခံထားသဖြင့် အပြင်မှ ဖွင့်၍မရချေ။ သို့သော် ဤကဲ့သို့သော မြင်းလှည်းတွင်လည်း သေစေနိုင်သော အားနည်းချက် ရှိလေသည်။ မီးရှို့လိုက်သည်နှင့် မီးခိုးမွှန်ပြီး သေမလား၊ အပူလောင်ပြီး သေမလားသာ ရှိတော့သည်။

ထင်ထားသည့်အတိုင်းပင် မြင်းလှည်းကို မီးရှို့လိုက်ပြီး သိပ်မကြာမီမှာပင် မြင်းလှည်းထဲမှ သနားစဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာလေတော့သည်။

သိပ်မစောင့်လိုက်ရပါပေ။ မြင်းလှည်းတံခါးသည် အတွင်းဘက်မှ ပွင့်လာခဲ့၏။

အနက်ရောင်ဝတ် လူနှစ်ယောက်သည် လိမ့်တစ်ဖုံ ပြေးတစ်ဖုံဖြင့် အပြင်သို့ ထွက်လာကြသည်။ အဝတ်အစားများတွင် မီးစွဲနေသဖြင့် မီးလူသားနှစ်ယောက်ကဲ့သို့ ဖြစ်နေကာ မြေကြီးပေါ်တွင် လူးလိမ့်နေရင်း အဆက်မပြတ် အော်ဟစ်နေကြလေတော့သည်။

...

အပိုင်း (၅၈၂) စစ်ကူ (၃)

ဘေးနားရှိ ကိုယ်ရံတော်များသည် မျက်နှာထားတင်းတင်းဖြင့် လက်ထဲမှ ဓားများကို မြှောက်ကာ ထိုနှစ်ယောက်ကို ချက်ချင်း အပြတ်ရှင်းရန် ပြင်လိုက်ကြသည်။

"ရပ်လိုက်"

လုမင်ယွိက ချက်ချင်း တားဆီးလိုက်ပြီး အမိန့်ပေးလိုက်လေသည်။ "သူတို့ကိုယ်ပေါ်က မီးကိုငြှိမ်း၊ ကြိုးနဲ့တုပ်ပြီး ဘုရင်ခံအိမ်တော်ကို တစ်ခါတည်း ခေါ်သွား"

အရှင်ဖမ်းပြီး နှိပ်စက်စစ်ဆေးမည်။ ပြီးလျှင် ဒီတစ်ခေါက်တည်းနှင့် နောက်ကွယ်မှ သောင်းကျန်းနေသူများကို အမြစ်ပြတ်ရှင်းပစ်မည်။

ကိုယ်ရံတော်များသည် တစ်ပြိုင်နက်တည်း အမိန့်ကို နာခံလိုက်ကြသည်။ ရေရှာမရသဖြင့် အင်္ကျီများကို ချွတ်ကာ မီးကို အားကုန်ရိုက်ငြှိမ်းလိုက်ကြ၏။ အနက်ရောင်ဝတ် လူနှစ်ဦး၏ ကိုယ်ပေါ်မှမီးများ လျင်မြန်စွာ ငြိမ်းသွားသော်လည်း လူများမှာမူ ရိုက်နှက်ခံထားရသဖြင့် သေလုမျောပါး ဖြစ်နေကြလေပြီ။

လုမင်ယွိသည် သူတို့အပေါ် နည်းနည်းလေးမှ သနားခြင်း မရှိဘဲ လက်နှင့်ခြေထောက်များကို တုပ်နှောင်ကာ မြင်းကျောပေါ်တွင် တင်ခိုင်းလိုက်လေသည်။ ဆန်အိတ်နှစ်အိတ်ကို တင်ထားသကဲ့သို့ မြင်းဝမ်းဗိုက် ဘေးတစ်ဖက်တစ်ချက်တွင် တွဲလောင်းကျနေ၏။

တြိဂံမျက်လုံးနှင့်လူသည် ဒဏ်ရာနည်းသဖြင့် ညည်းညူအော်ဟစ်ရန် အားအင်ကျန်သေးသော်လည်း အသက် (၅၀) အရွယ်လူကြီးမှာမူ တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာများနှင့် မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး နာကျင်မှုကြောင့် သတိလစ်မေ့မြောနေလေပြီ။

လုမင်ယွိသည် စကားများများမပြောဘဲ ဓားကိုဝှေ့ယမ်းကာ ကိုယ်ရံတော်များကို ဦးဆောင်ပြီး ကျန်ရှိနေသည့် အနက်ရောင်ဝတ် အသေခံတပ်သားများကို အကုန်အစင် သတ်ဖြတ်ရှင်းလင်းလိုက်လေသည်။

ခေါင်းဆောင်ဖြစ်သူများ အဖမ်းခံလိုက်ရသဖြင့် အနက်ရောင်ဝတ် အသေခံတပ်သားများသည် တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားပြီး တောင်ပြိုသကဲ့သို့ ပြိုလဲသွားကြတော့သည်။ သို့သော် ဤအသေခံတပ်သားများသည် စိတ်ဓာတ်မာကြောကြပြီး ဓားဖြင့် အသတ်ခံလိုက်ရလျှင်တောင် ဒူးထောက်အသနားခံမည့်သူ တစ်ဦးတစ်ယောက်မှ မရှိပေ။

လုမင်ယွိသည် ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲတွင် တုန်လှုပ်မိသွားပြီး လေသံတိုးတိုးဖြင့် ရေရွတ်လိုက်မိလေသည်။ "ဒီအသေခံတပ်သားတွေက တော်တော် စိတ်ဓာတ်မာတာပဲ"

ဘေးနားရှိ ကိုယ်ရံတော်တစ်ဦးက ဝင်ပြောလိုက်၏။ "ဒီအသေခံတပ်သားတွေက ဆင်းရဲသားတွေပါ။ ငယ်ငယ်ကတည်းက မိသားစုက ရောင်းစားလိုက်တာတို့၊ မိဘမဲ့ကလေးတွေတို့ ဖြစ်ကြတာ။ ပုံမှန်ဆိုရင် တစ်နေရာထဲမှာ ပိတ်လှောင်ထားပြီး လူသတ်တဲ့ပညာတွေပဲ သင်ပေးထားတာဆိုတော့ သူတို့စိတ်ထဲမှာ သခင်ကလွဲရင် ဘာမှမရှိတော့ဘူးလေ"

ထိုကဲ့သို့သော အသေခံတပ်သားများသည် အလွန်ကြောက်စရာ ကောင်းလှသည်။

ယခုည ဘုရင်ခံအိမ်တော်ကို ဝင်ရောက်စီးနင်းသူများမှာလည်း ဤကဲ့သို့ သေချာလေ့ကျင့်ပေးထားသည့် အသေခံတပ်သား အများအပြားပင် ဖြစ်လေသည်။

လီကျင့် အခြေအနေ ဘယ်လိုရှိနေမလဲမသိ . . .

လုမင်ယွိသည် စိတ်ထဲတွင် မီးစနှင့်ထိုးထားသကဲ့သို့ ပူလောင်နေသော်လည်း မျက်နှာတွင်မူ တည်ငြိမ်နေပြီး လေးနက်စွာ ပြောလိုက်လေသည်။ "အားလုံးပဲ လက်သွက်သွက် လုပ်ကြ။ ငါနဲ့အတူ ဘုရင်ခံအိမ်တော်ကို လိုက်ခဲ့"

အမွှေးတိုင် တစ်တိုင်စာ ကြာပြီးနောက် လူအားလုံးသည် အလောင်းများကို ထားခဲ့ကာ မြင်းကိုယ်စီဖြင့် ဘုရင်ခံအိမ်တော်သို့ ထွက်ခွာသွားကြလေသည်။

ညလေသည် တဝေါဝေါတိုက်ခတ်နေပြီး မျက်နှာပြင်ကို အေးစက်စွာ လာရောက်ထိတွေ့နေ၏။ နားထဲတွင် နှလုံးခုန်သံ တဒိန်းဒိန်းနှင့် လေတိုးသံ တဝေါဝေါကိုသာ ကြားနေရတော့သည်။

လုမင်ယွိသည် စိတ်ထဲတွင် အတောင်ပံပေါက်ပြီး လီကျင့်၏ ဘေးနားသို့ ချက်ချင်းပျံသန်းသွားချင်လောက်အောင် ပူပန်နေလေသည်။ သို့သော် ဦးနှောက်ထဲတွင် အသိတရား ရှိနေသေးပြီး ယခုအချိန်တွင် အရေးအကြီးဆုံးမှာ စိတ်ဓာတ်မြှင့်တင်ပေးရန်နှင့် ဘုရင်ခံအိမ်တော်ကို တိုက်ခိုက်နေသည့် အနက်ရောင်ဝတ် အသေခံတပ်သား အားလုံးကို နှိမ်နင်းရန်ဖြစ်ကြောင်း ကောင်းစွာ သိရှိထားလေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က သူမသည် ဘာကိုမှ မတွေးမိအောင် အတင်းအကျပ် ထိန်းချုပ်ထားခဲ့ရသည်။

လီကျင့်၏ ဒဏ်ရာ မည်သို့ရှိသည်ကို မတွေးရ။ နန်းတော်ထဲတွင် ကျန်ရစ်ခဲ့သည့် ချောင်မိဖုရားခေါင် မည်သို့ အခက်တွေ့နေမည်ကို မတွေးရ။ ကလေးများက မိခင်ကို မည်မျှ လွမ်းဆွတ်နေမည်ကို မတွေးရ။ ဖခင်ဖြစ်သူက သူမ တိတ်တဆိတ် ထွက်ခွာလာသည်ကို သိလျှင် မည်မျှ စိတ်ပူနေမည်ကို မတွေးရ . . .

အတွေးပေါင်းစုံကို ဘေးဖယ်ထားပြီး ခရီးရောက်ရေးကိုသာ အာရုံစိုက်ခဲ့ရသည်။

သူမသည် သိုင်းပညာ အလွန်တော်သော်လည်း သက်တောင့်သက်သာ နေထိုင်လာသူဖြစ်သဖြင့် ခရီးကြမ်းနှင်ရသည့် ဒုက္ခကို မခံစားဖူးပေ။ ဒီရက်ပိုင်းအတွင်း အံကြိတ်ပြီး တောင့်ခံခဲ့ရခြင်း ဖြစ်သည်။

ယခုအချိန်တွင်တော့ ထိုနေ့က သူမ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အတွက် အလွန်ဝမ်းသာမိလေသည်။ ကံကောင်းထောက်မစွာ သူမ အချိန်မီ ရောက်လာနိုင်ခဲ့သည်။ သို့မဟုတ်လျှင် ထိုအနက်ရောင်ဝတ် အသေခံတပ်သားများသည် ဘုရင်ခံအိမ်တော်ထဲသို့ တကယ် ဝင်ရောက်စီးနင်းနိုင်သွားပါက လီကျင့်၏ စိတ်ဓာတ်အရ လူများကို ထားပစ်ခဲ့ပြီး တစ်ယောက်တည်း ပုန်းရှောင်နေမည့်သူ မဟုတ်ပေ။

သူမ ရောက်လာခဲ့သည်မှာ ကံကောင်းလေစွ။

အဝေးကတည်းက သတ်ဖြတ်ကြွေးကြော်သံများနှင့် ဓားချင်းရိုက်ခတ်သံများကို ကြားနေရသည်။ လှမ်းကြည့်လိုက်လျှင် သူမ၏ ကိုယ်ရံတော်များနှင့် အနက်ရောင်ဝတ် အသေခံတပ်သားများ ရောနှောတိုက်ခိုက်နေကြသည်ကို မြင်နေရသည်။

လုမင်ယွိသည် အတွေးများကို ဘေးဖယ်လိုက်ပြီး မြင်းကို အရှိန်မြှင့်ကာ ရှေ့သို့ ပြေးထွက်သွားလိုက်၏။ လက်ထဲမှ ဓားရှည်ကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်ရာ အနက်ရောင်ဝတ် အသေခံတပ်သား တစ်ယောက်၏ ခေါင်းသည် ပြတ်ထွက်လွင့်စင်သွားပြီး ခေါင်းတစ်ခြား ကိုယ်တစ်ခြား ဖြစ်သွားတော့သည်။

မူလက ဘုရင်ခံအိမ်တော် တံခါးမကြီးကို အသေအလဲ ကာကွယ်နေကြသည့် ကိုယ်ရံတော်များသည် စစ်ကူရောက်လာပြီ ဖြစ်သဖြင့် စိတ်ဓာတ်များ တက်ကြွလာကြကာ အချို့မှာ အပြင်သို့ ပြေးထွက်လာကြလေသည်။

ဦးဆောင်လာသူမှာ မျက်နှာချောချောနှင့် မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် လီယန်ပင် ဖြစ်လေသည်။

လီယန်သည် တစ်ညလုံး မွန်းကြပ်နေခဲ့ရပြီး ယခုအခါ လူများကို ဦးဆောင်ကာ အပြင်ထွက်တိုက်ခိုက်ရသဖြင့် စိတ်ထဲတွင် အလွန်ပေါ့ပါးလန်းဆန်းသွားလေသည်။ သူသည် လူများကို ဦးဆောင်ကာ ရှေ့သို့ တိုးဝင်ရင်း အသံကုန်ဟစ်အော်မေးလိုက်သည်။ "လာတာ စစ်သူကြီးလော့လား"

အသံများ အက်ကွဲနေသည်အထိ အားကုန်အော်ဟစ်နေသည်ကို ကြည့်ခြင်းအားဖြင့် စိတ်ဓာတ်အခြေအနေ ကောင်းမွန်နေသေးသည်မှာ ထင်ရှားလှသည်။

လုမင်ယွိသည် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး စိတ်ထဲတွင် ရုတ်တရက် ကြည်လင်သွားတော့သည်။ ညီမဖြစ်သူ၏ ခင်ပွန်း လီယန်ကို တွေ့နေရပြီဖြစ်ရာ မကြာခင်တွင် သူမသည် လီကျင့်နှင့် ပြန်လည်ဆုံတွေ့ရတော့မည်။

လုမင်ယွိသည် ကိုယ်ရံတော်များကို မည်သူမည်ဝါဖြစ်ကြောင်း မထုတ်ဖော်ရန် ကြိုတင်မှာကြားထားပြီး ဖြစ်သည်။ ထို့ကြောင့် လီယန်က အကြိမ်ကြိမ် အော်ဟစ်မေးမြန်းသော်လည်း မည်သူမှ ပြန်မဖြေကြပေ။

လီယန်သည် အလွန်အမင်း စိတ်လှုပ်ရှား တက်ကြွနေသဖြင့် အားကြိုးမာန်တက် တိုက်ခိုက်နေကြသော စစ်ကူများက ပြန်မဖြေသည်ကို ဂရုမစိုက်အားပေ။

သိပ်မကြာခင်မှာပင် နောက်ထပ် လူတစ်စု အော်ဟစ်ပြေးထွက်လာကြပြန်သည်။

ဦးဆောင်လာသူမှာ လုယိ ဖြစ်လေသည်။

လုယိသည် ဒီတစ်ညအတွင်း လူဘယ်နှစ်ယောက် သတ်ခဲ့သည်မသိ။ မုတ်ဆိတ်မွှေးများတွင် သွေးများ ပေကျံနေပြီး မျက်လုံးအိမ်များသည်လည်း နီရဲနေကာ ကြည့်ရသည်မှာ အလွန်ကြောက်စရာ ကောင်းလှသည်။

လုယိသည် လူများကို ဦးဆောင်ကာ လီယန်၏ ဘေးနားသို့ ရောက်လာသည်။ သူတို့နှစ်ယောက်သည် ပခုံးချင်းယှဉ် တိုက်ခိုက်ကြရာ ကိုယ်ရံတော်အဖွဲ့နှစ်ဖွဲ့သည်လည်း လျင်မြန်စွာ ပေါင်းစည်းသွားပြီး ပို၍ အားကောင်းမောင်းသန် ဖြစ်လာကြသည်။ ချွန်ထက်သော လှံတစ်ချောင်းကဲ့သို့ ရှေ့သို့တိုးဝင်သွားကြရာ စစ်ကူများနှင့် ပေါင်းစည်းမိတော့မည့် အခြေအနေသို့ ရောက်ရှိလာလေသည်။

"ဒီစစ်ကူတွေက တကယ်ပဲ ကျန်းနန်တပ်စခန်းကလား" လီယန်သည် တစ်စုံတစ်ခု လွဲမှားနေသည်ကို သတိထားမိလာသည်။ "ငါကြည့်ရတာ မတူသလိုပဲ"

ကျန်းနန်တပ်စခန်းမှ စစ်သည်များကို သူမြင်ဖူးသည်။ ထိပ်တန်းစစ်သည်များဟု ပြော၍ရသော်လည်း ယခုမြင်နေရသကဲ့သို့ ရက်စက်ကြမ်းကြုတ်ခြင်း မရှိပေ။ ပြီးတော့ ဒီရက်စက်ကြမ်းကြုတ်လှသည့် ငါးယောက်တစ်ဖွဲ့ စစ်ကွက်ပုံဖော်ပုံကလည်း ရင်းနှီးနေသလိုလိုပင်။

လုယိ၏ မျက်လုံးများမှာမူ အရောင်တောက်လာပြီး ပါးစပ်ဖြဲကာ ရယ်မောလိုက်လေသည်။

ဒါပေါ့ ကျန်းနန်တပ်စခန်းက မဟုတ်ပါဘူး။

ဒါက သူကိုယ်တိုင် လေ့ကျင့်ပေးထားတဲ့ ထိုက်ဇီဖေးရဲ့ ကိုယ်ရံတော်တွေပဲ။

ထိုက်ဇီဖေး ကိုယ်တိုင် ဦးဆောင်ပြီး လာတာပဲ။

သို့သော် ယခုအချိန်တွင် ဒါတွေကို ပြောပြနေရန် အချိန်မရှိပေ။ သူသည် လီယန်ကို ပြန်မဖြေဘဲ အားကုန် အော်ဟစ်လိုက်လေသည်။ မီတာဆယ်ဂဏန်းအကွာမှ အသံများစွာ ပြန်လည်ထွက်ပေါ်လာခဲ့၏။

အော်ဟစ်သံများက ပို၍ များလာပြီး ပို၍ ကျယ်လောင်လာသည်။

လီယန်သည် ပို၍ အံ့သြသွားပြီး အံ့မခန်းဖွယ်ရာ အတွေးတစ်ခု ခေါင်းထဲသို့ ဝင်ရောက်လာသည်။ ထို့နောက် ထိုအတွေးကြောင့် သူကိုယ်တိုင် လန့်သွားရလေသည်။

မဟုတ်ပါဘူးနော် . . .

တကယ်ပဲ . . .

"ထိုက်ဇီဖေး" ကိုယ်ရံတော်တစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်လေသည်။

သွယ်လျသော ပုံရိပ်တစ်ခု မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။ မျက်နှာတွင် ခံစားချက်ကင်းမဲ့နေပြီး မျက်ဝန်းအကြည့်များက အေးစက်နေကာ လက်ထဲမှ ဓားရှည်ဝှေ့ယမ်းလိုက်တိုင်း သွေးစက်များ လွင့်စင်လာသည်မှာ အသက်နုတ်ယူသည့် ငရဲမင်းသဖွယ်ပင်။

တကယ်ပဲ လုမင်ယွိ ရောက်လာခဲ့သည်။

လီယန်၏ နှလုံးသားသည် ရင်ဘတ်ထဲမှ ခုန်ထွက်လုမတတ် ဖြစ်သွားပြီး နှုတ်ကနေ အလောတကြီး ထွက်သွားလေသည်။ "စစ်ကျဲ"

သီးသန့်တွေ့သည့်အချိန်များတွင် လီယန်သည် လုမင်ယွဲ့ကို လိုက်ပြီး ထိုကဲ့သို့ စနောက်ခေါ်ဝေါ်လေ့ရှိသည်။ ယခုအချိန်တွင် အလွန်အံ့သြပြီး စိတ်လှုပ်ရှားလွန်းသဖြင့် သတိမထားမိဘဲ ပါးစပ်မှ ထွက်သွားခြင်း ဖြစ်လေသည်။

လုမင်ယွိသည် လှုပ်ရှားမှုကို မရပ်တန့်ဘဲ တောက်ပစူးရှသော မျက်လုံးများဖြင့် တစ်ချက်ကြည့်လိုက်ကာ "ငေးမနေနဲ့၊ ဒီလူတွေကို အရင်မောင်းထုတ်လိုက်ဦး"

လီယန်သည် ချက်ချင်း အသိဝင်လာပြီး ကျယ်လောင်စွာ ပြန်ထူးလိုက်သည်။ ခန္ဓာကိုယ်ထဲမှ မည်သည့်နေရာက ထွက်လာမှန်းမသိသော ပူနွေးသည့် စွမ်းအင်စီးကြောင်းတစ်ခု ဖြတ်သန်းသွားလေသည်။

သူတောင်မှ ဒီလိုဖြစ်နေရင် ထိုက်ဇီနဲ့ ထိုက်ဇီဖေးတို့ ပြန်တွေ့ကြတဲ့အခါ ဘယ်လောက်တောင် စိတ်လှုပ်ရှားကြမလဲ မသိဘူး။

လုယိသည် ကိုယ်ရံတော်များကို ဦးဆောင်ကာ လုမင်ယွိ၏ ဘေးနားသို့ ရောက်ရှိလာသည်။ ကိုယ်ရံတော်များသည် ချက်ချင်း စစ်ကွက်ပုံဖော်ကာ လုမင်ယွိကို အလယ်တွင်ထားပြီး ဝန်းရံလိုက်ကြလေသည်။

လုမင်ယွိသည် ဆက်လက်တိုက်ခိုက်ရန် စိတ်မလောတော့ဘဲ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရာ အနက်ရောင်ဝတ် အသေခံတပ်သားများ လုံးဝ အရေးနိမ့်သွားပြီဖြစ်ကြောင်း သေချာသွားသဖြင့် စိတ်ထဲတွင် ပေါ့ပါးသွားလေသည်။

သူမသည် ဘေးနားရှိ လုယိကို လှည့်ကြည့်လိုက်သည်။

လုယိသည် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ဝန်းအိမ်များ နီရဲနေပြီး အရပ် (၈) ပေကျော်မြင့်သည့် မည်းမည်းသည်းသည်း လူကောင်ကြီးက လက်ခုံဖြင့် မျက်လုံးကို ပွတ်သပ်ကာ အသံအက်အက်ဖြင့် ပြောလိုက်လေသည်။ "ညန်ညန် . . . ဘယ်လိုလုပ် ရောက်လာတာလဲ"

လုမင်ယွိသည် ရှုပ်ထွေးနေသော စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး လုယိကို ပြုံးပြလိုက်လေသည်။

"ငါမလာရင် ဘယ်သူက နင်တို့ကို လာကယ်မှာလဲ"

. . .

All Chapters