← Chapters

အခန်း (၅၈၃-၅၈၅)

Vol. 39 Ch. 583-585

အခန်း (၅၈၃-၅၈၅)

Vol. 39 Ch. 583-585

အပိုင်း (၅၈၃) ပြန်လည်ဆုံတွေ့ခြင်း (၁)

"အရှင်မင်းသား စစ်ကူတွေ ရောက်လာပါပြီ"

ရှောင်ယွမ်ကုန်းကုန်းသည် အိပ်ဆောင်ထဲသို့ အပြုံးပန်းဝေဆာစွာ ဝင်ရောက်လာပြီး အသံများပင် အလိုအလျောက် ကျယ်လောင်နေလေသည်။

ဘုရင်ခံရှဲ့သည် စိတ်အားတက်ကြွသွားပြီး ဖန်းဇီကျန်းနှင့် ကျိုးလီတို့သည်လည်း အလားတူပင် ဝမ်းသာအားရ ဖြစ်သွားကြလေသည်။

သူတို့အားလုံးသည် အရှင်မင်းသားကို အဖော်ပြုပေးရင်း တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ကြပေ။ တစ်ညလုံး စိတ်လှုပ်ရှားပြီး တင်းကျပ်နေခဲ့ရသမျှ ယခုမှသာ အနည်းငယ် စိတ်အေးလက်အေး ရှိသွားတော့သည်။

ကုတင်ပေါ်တွင် လှဲနေသော လီကျင့်သည်လည်း သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ကာ "စစ်ကူ ဘယ်လောက်တောင် ရောက်လာတာလဲ"

ရှောင်ယွမ်ကုန်းကုန်းက ပြုံးရွှင်စွာ ပြန်ဖြေလိုက်လေသည်။ "မိုးမလင်းသေးတော့ အပြင်မှာ ရှုပ်ထွေးနေတာနဲ့ စစ်ကူဘယ်လောက်ရှိလဲဆိုတာ အတိအကျ ပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ ခန့်မှန်းကြည့်ရသလောက်တော့ အနည်းဆုံး နှစ်ထောင်၊ သုံးထောင်လောက် ရှိပါတယ်"

နှစ်ထောင်၊ သုံးထောင် ဟုတ်လား။

လီကျင့်၏ နှလုံးသားသည် ရင်ဘတ်ထဲတွင် ဒိန်းခနဲ ခုန်သွားပြီး သွေးများ ဆူပွက်လာသလို ခံစားလိုက်ရသည်။

ဘေးနားရှိ ဖန်းဇီကျန်းက တစ်စုံတစ်ခု လွဲမှားနေသည်ကို သတိထားမိလိုက်သည်။ "ကျန်းနန်တပ်စခန်းမှာ စစ်သည်အင်အား သုံးသောင်းရှိတာ။ စစ်သူကြီးလော့လော့ လာတယ်ဆိုရင် အနည်းဆုံး တစ်သောင်းလောက်တော့ ခေါ်လာသင့်တာပေါ့"

"ဟုတ်တယ်။ နှစ်ထောင်၊ သုံးထောင်လောက်က တကယ် နည်းလွန်းတယ်” ကျိုးလီက မသိစိတ်ဖြင့် ဝင်ထောက်ခံလိုက်ပြီး တစ်ကိုယ်တည်း ရေရွတ်သလို ဆက်ပြောလိုက်သည်။ "ကျွန်တော် ထင်တာကတော့ ဒီစစ်ကူတွေက ကျန်းနန်တပ်စခန်းက ဟုတ်ပုံမရဘူး"

ကျန်းနန်တပ်စခန်းက မဟုတ်ရင် ဘယ်သူဖြစ်နိုင်မလဲ။

ဖန်းဇီကျန်းနှင့် ကျိုးလီတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး မျက်လုံးများ တစ်ပြိုင်နက် အရောင်တောက်သွားကြလေသည်။

ကုတင်ပေါ်တွင် အားအင်ကုန်ခမ်းစွာ လှဲနေသော အရှင်မင်းသားကို ကြည့်လိုက်သောအခါ ချောမောသော မျက်နှာတွင် ရုတ်တရက် သွေးရောင်လွှမ်းသွားသည်မှာ သေခါနီး ဆီမီးတောက်သကဲ့သို့ . . . ဖွိး၊ ဖွီး၊ ဖွီး။ လျှောက်တွေးမိတာတွေ လွင့်ပါးသွားစမ်း။

ကြည့်ရတာ နှစ်တစ်ရာ သက်တမ်းရှိ ဂျင်ဆင်းပြုတ်ရည်ကို သောက်လိုက်ရသကဲ့သို့ ချက်ချင်း အားအင်ပြည့်ဝသွားပုံရသည်။

"ငါ့ကို တွဲထူပေးပါဦး" အသံကအစ ကျယ်လောင်ပြတ်သားနေလေပြီ။

ရှောင်ယွမ်ကုန်းကုန်း အနားမရောက်ခင်မှာပင် ဖန်းဇီကျန်းနှင့် ကျိုးလီတို့က တစ်ပြိုင်နက် တားဆီးလိုက်ကြသည်။ "အရှင်မင်းသား ကျန်းမာရေး မကောင်းသေးဘူး။ မြန်မြန် ပြန်လှဲနေပါ။ ကုတင်ပေါ်က မဆင်းပါနဲ့"

ရှောင်ယွမ်ကုန်းကုန်းကလည်း အလျင်အမြန် ဝင်ပြောလေသည်။ "ဘာကိစ္စရှိလို့လဲ အရှင်မင်းသား။ ကျွန်တော်မျိုးကိုသာ ခိုင်းပါ။ အရှင်မင်းသား လှုပ်လှုပ်ရှားရှား မလုပ်ပါနဲ့"

လီကျင့်သည် တစ်ကိုယ်လုံး သွေးများ ဆူပွက်နေပြီဖြစ်ရာ မည်သို့ သည်းခံနိုင်ပါတော့မည်နည်း။ သူသည် ဇွတ်အတင်း ကုတင်ပေါ်မှ ဆင်းရန် ကြိုးစားလေသည်။ "ရှောင်ယွိ ရောက်လာပြီ။ ငါ အခုပဲ သွားတွေ့မယ်"

ဖန်းဇီကျန်းနှင့် ကျိုးလီတို့သည် ကြိုတင်ခန့်မှန်းထားပြီးဖြစ်ရာ တည်ငြိမ်နေသော်လည်း ရှောင်ယွမ်ကုန်းကုန်းမှာမူ လန့်ဖျပ်သွားလေသည်။ "အရှင်မင်းသား၊ ထိုက်ဇီဖေးက မြို့တော်မှာ ရှိနေတာလေ။ ဘယ်လိုလုပ် ကျန်းနန်ကို ရောက်လာမှာလဲ"

အရှင်မင်းသားက လွမ်းလွန်းလို့ စိတ်ကူးယဉ်နေတာတော့ မဟုတ်ပါဘူးနော်။

ဘုရင်ခံရှဲ့သည်လည်း အံ့သြသွားပြီး မျက်လုံးများ မီးတောက်မတတ် တောက်ပနေသော အရှင်မင်းသားကို လှမ်းကြည့်လိုက်လေသည်။ "အရှင်မင်းသား ဆိုလိုတာက ဒီစစ်ကူတွေက ကျန်းနန်တပ်စခန်းက မဟုတ်ဘဲ ထိုက်ဇီဖေး ခေါ်လာတဲ့ စစ်ကူတွေပေါ့"

လီကျင့်၏ ရင်ထဲတွင် မီးခဲကို ပိုက်ထားရသကဲ့သို့ ပူလောင်နေပြီး အသံများပင် အနည်းငယ် အက်ကွဲနေလေသည်။ "ရှောင်ယွိဆီမှာ ကိုယ်ရံတော် ငါးထောင်ရှိတယ်။ ငါက နှစ်ထောင်ပဲ ခေါ်လာတာ။ ငါ လုပ်ကြံခံရပြီး ဒဏ်ရာရတယ်ဆိုတဲ့ သတင်းကြားတာနဲ့ ကျန်နေတဲ့ ကိုယ်ရံတော် သုံးထောင်ကို ခေါ်ပြီး ချက်ချင်း လိုက်လာတာ နေမှာ"

ဘုရင်ခံရှဲ့သည် မယုံကြည်နိုင်သေးပေ။ "လူအရေအတွက်လောက်နဲ့ ကောက်ချက်ချတာက သိပ်ပြီး ခိုင်လုံမှု မရှိသေးပါဘူး။ ပြီးတော့ နန်းတွင်းကလည်း ရှင်းယန်တပ်သား ငါးသောင်းကို လွှတ်လိုက်ပြီပဲ။ ဘာကိစ္စ ထိုက်ဇီဖေးကို ထပ်လွှတ်ရမှာလဲ"

ဖန်းဇီကျန်းနှင့် ကျိုးလီတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ တိတ်ဆိတ်သွားကြသည်။

ဒီကိစ္စက ရှင်းနေပြီပဲ။ အကယ်၍ ရောက်လာသူမှာ လုမင်ယွိသာ ဆိုလျှင် သူမက ခွင့်ပြုချက်မရဘဲ တိတ်တဆိတ် ထွက်လာတာပဲ ဖြစ်ရမည်။

ဒါက ကြီးလေးတဲ့ ပြစ်မှုတစ်ခုပဲ။

ဒီကိစ္စပြီးလို့ မြို့တော်ပြန်ရောက်ရင် မုန်တိုင်းထန်ဦးမှာ သေချာတယ်။

သို့သော် ဝမ်းသာလွန်းအားကြီးနေသော အရှင်မင်းသားကတော့ ဒါတွေကို တွေးမိပုံမရပေ။ ကုတင်ပေါ်မှ ဆင်းရန်သာ စိတ်အားထက်သန်နေလေသည်။ "ရှောင်ယွိ ရောက်လာတာ သေချာတယ်။ ငါ့ကို မြန်မြန် တွဲထူပေးကြ"

ရှောင်ယွမ်ကုန်းကုန်းက တွဲမထူသဖြင့် လီကျင့်သည် ကိုယ်တိုင် ကုတင်ပေါ်မှ ဆင်းလိုက်လေသည်။ လဝက်ကျော်ကြာ လှဲနေပြီးနောက် ပထမဆုံးအကြိမ် ခြေထောက်နှင့် ကြမ်းပြင် ထိတွေ့ခြင်း ဖြစ်သည်။ သူသည် အားရှိသည်ဟု ထင်ရသော်လည်း မတ်တပ်ရပ်လိုက်သည်နှင့် ယိမ်းယိုင်သွားလေသည်။

မူလကတည်းက အားနည်းနေသည့်အပြင် တစ်ညလုံး အိပ်မပျော်ဘဲ နေထားရသဖြင့် မည်သို့ တောင့်ခံနိုင်ပါမည်နည်း။

ဖန်းဇီကျန်းနှင့် ကျိုးလီတို့သည် ဘယ်တစ်ဖက် ညာတစ်ဖက်မှ လီကျင့်ကို အချိန်မီ ဝင်တွဲလိုက်ကြသည်။

သူတို့နှစ်ဦးသည် အမတ်များ ဖြစ်ကြသကဲ့သို့ လီကျင့်၏ ဆွေမျိုးတော်စပ်သူများလည်း ဖြစ်ကြသည်။ တစ်ယောက်က မရီး၏ ခင်ပွန်းဖြစ်ပြီး နောက်တစ်ယောက်က ခယ်မတော်ကို သူကို ယူထားသည့် မယားညီအစ်ကို တော်စပ်သူ ဖြစ်သည်။ ဤအချိန်တွင် နှစ်ယောက်သား ပေါင်းပြီး လီကျင့်ကို တားဆီးထားကြသဖြင့် လီကျင့်မှာ ရယ်ရခက် ငိုရခက်ဖြစ်နေပြီး နောက်ဆုံးတွင် အလျှော့ပေးလိုက်ရလေသည်။ "ရပါပြီကွာ၊ ငါ အပြင်မထွက်တော့ပါဘူး။ ဒီမှာပဲ စောင့်နေပါ့မယ်"

ထိုအခါမှသာ အားလုံး သက်ပြင်းချနိုင်ကြတော့သည်။

ဒဏ်ရာမပျောက်သေးသော အရှင်မင်းသားကို ကုတင်ပေါ်သို့ ပြန်ပို့ပြီး လှဲနေခိုင်းလိုက်သည်။

ထိုအချိန်မှာပင် ကောင်းကင်ယံ၌ အလင်းရောင် တစ်ချက်လက်သွားပြီး မကြာမီ တိမ်တိုက်များကြားမှ နီရဲရဲ နေရောင်ခြည် ထွက်ပေါ်လာကာ အမှောင်ထုကို ခွင်းလိုက်လေသည်။ မိုးလင်းတော့မည်။

ရှောင်ယွမ်ကုန်းကုန်းသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ အခန်းပြင်သို့ ထွက်သွားလေသည်။ အမွှေးတိုင် တစ်တိုင်စာ မပြည့်မီမှာပင် အလျင်အမြန် ပြန်ရောက်လာခဲ့သည်။

ဒီတစ်ခေါက်တွင်တော့ ခြေလှမ်းများ ပေါ့ပါးသွက်လက်နေပြီး မျက်နှာတွင်လည်း အလင်းရောင်များ ဖြာထွက်နေသကဲ့သို့ ဖြစ်နေလေသည်။ "အရှင်မင်းသား၊ အရှင်မင်းသား၊ တပ်မှူးလုဆီက သတင်းစကား ရောက်လာပါတယ်။ စစ်ကူလာတာ တကယ်ပဲ ထိုက်ဇီဖေးပါတဲ့"

"ထိုက်ဇီဖေးက တရားခံနှစ်ယောက်လုံးကို ဖမ်းမိထားပါပြီတဲ့"

"ညဘက် လာတိုက်တဲ့ အနက်ရောင်ဝတ် အသေခံတပ်သားတွေက အများစု သေကုန်ကြပြီဆိုတော့ စိတ်ဓာတ်တွေ ကျကုန်ပါပြီ။ ဒါပေမဲ့ ထွက်ပြေးတဲ့သူ သိပ်မရှိဘူး။ ဒါကြောင့် ညန်ညန်က အိမ်တော်တံခါးဝမှာ ကိုယ်ရံတော်တွေကို ဦးဆောင်ပြီး တိုက်ခိုက်နေရတုန်းမို့လို့ ခဏလောက် မလာနိုင်သေးပါဘူး။ အရှင်မင်းသား စိတ်ချလက်ချနဲ့ တစ်နာရီ၊ နှစ်နာရီလောက် ထပ်စောင့်ပေးပါဦး။ ညန်ညန် မကြာခင် ရောက်လာပါလိမ့်မယ်"

တကယ်ပဲ ထိုက်ဇီဖေး ရောက်လာတာကိုး။

ဖန်းဇီကျန်းနှင့် ကျိုးလီတို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြပြီး စိတ်ထဲတွင် အေးချမ်းသွားကြတော့သည်။

ဘုရင်ခံရှဲ့သည်ပင်လျှင် ထိုက်ဇီဖေး၏ မိုင်ထောင်ချီ ခရီးနှင်ပြီး ခင်ပွန်းသည်ကို လာကယ်သည့် လုပ်ရပ်ကို ရူးမိုက်သည်ဟု တွေးနေမိသော်လည်း တစ်ဖက်တွင်တော့ တိတ်တဆိတ် ဝမ်းသာနေမိလေသည်။ ကံကောင်းထောက်မစွာ ထိုက်ဇီဖေး အချိန်မီ ရောက်လာခဲ့သည်။ သို့မဟုတ်လျှင် ဒီအန္တရာယ်ကနေ လွတ်မြောက်နိုင်ပါ့မလား မသိပေ။

ကျန်းနန်တပ်စခန်းက အခုထိ မရောက်လာသေး။ သူတို့လာကယ်ဖို့ စောင့်နေလျှင် ဘုရင်ခံအိမ်တော် ပြာကျသွားလောက်ပြီ။

လီကျင့်သည် စကားမပြောဘဲ တံခါးပေါက်ဝကိုသာ ငေးကြည့်နေလေသည်။ နောက်တစ်ခဏတွင် သူ မျှော်လင့်တောင့်တနေသော ပုံရိပ်လေး တံခါးဝ၌ ပေါ်လာတော့မည့်အတိုင်း . . .

. . .

တစ်နာရီ ကြာသွားသော်လည်း တံခါးဝတွင် မည်သည့်လှုပ်ရှားမှုမှ မရှိသေး။ ရှောင်ယွမ်ကုန်းကုန်းကတော့ အပြင်ဘက်အခြေအနေကို သတင်းပို့ရန် နှစ်ခေါက်လောက် ပြေးထွက်သွားလိုက်သေးသည်။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ် တစ်နာရီ ကုန်ဆုံးသွားပြန်သည်။

နေထွက်လာပြီး နေရောင်ခြည်သည် တံခါးဝသို့ ကျရောက်လာကာ လင်းထိန်သွားလေသည်။

ရင်းနှီးနေသော ခြေသံများကို အဝေးမှနေ၍ ကြားလိုက်ရပြီး တဖြည်းဖြည်း နီးကပ်လာကာ ပို၍ ပီပြင်လာတော့သည်။

ဒီတစ်ခေါက်တွင်တော့ လီကျင့်က အမိန့်မပေးရသေးခင်မှာပင် ရှောင်ယွမ်ကုန်းကုန်းက အလိုက်တသိ ဝင်ရောက်တွဲထူပေးလိုက်လေသည်။

လီကျင့်သည် ရှောင်ယွမ်၏ အကူအညီဖြင့် တံခါးဝသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။

ထို့နောက်တွင်တော့ ရင်းနှီးသော ပုံရိပ်လေး မျက်စိရှေ့တွင် ပေါ်လာခဲ့လေသည်။

မိုင်ထောင်ချီ ခရီးနှင်လာရသည့်အပြင် ညသန်းခေါင်ယံ တိုက်ပွဲဝင်ခဲ့ရသဖြင့် သူမ၏ အင်္ကျီရင်ဘတ်တွင် သွေးများ ပေကျံနေလေသည်။ မျက်နှာပေါ်တွင်လည်း မသုတ်ရသေးသည့် သွေးစက်များ ရှိနေသေး၏။ မျက်လုံးနှင့် မျက်ခုံးကြားတွင် ဒေါသအရိပ်အယောင်များ မပျောက်ကွယ်သေးဘဲ ဓားသွားပမာ ထက်ရှသော အကြည့်များကြောင့် သတ္တိနည်းသူဆိုလျှင် တစ်ချက်ကြည့်လိုက်ရုံဖြင့် ဒူးများ ပျော့ခွေသွားနိုင်လေသည်။

လီကျင့်၏ ခြေထောက်များကတော့ မပျော့ခွေသွားပေ။ သို့သော် မျက်ဝန်းအိမ်များကတော့ ပူနွေးလာပြီး မျက်ရည်များ ဝဲတက်လာလေသည်။ တကယ်လို့သာ သူ့မှာ ထိန်းချုပ်နိုင်စွမ်း အနည်းငယ်မျှ မကျန်ရှိတော့ပါက အရှင်မင်းသားတစ်ပါးအနေဖြင့် လူပုံအလယ်တွင် "သစ်တော်ပန်းလေး မိုးရေစို" ဇာတ်လမ်း ကပြမိတော့မည်။

လုမင်ယွိနှင့် လီကျင့်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက် စိုက်ကြည့်နေကြသည်။

အကြည့်ချင်း ဆုံနေကြရင်း . . .

လီကျင့်သည် လက်ကိုဆန့်ထုတ်ကာ လုမင်ယွိ၏ မျက်လုံးထောင့်မှ သွေးစက်များကို သုတ်ပေးလိုက်ပြီး လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။ "မင်း ဘယ်လိုလုပ် ရောက်လာတာလဲ"

လုမင်ယွိကလည်း လက်လှမ်းလိုက်ပြီး လီကျင့်၏ ပိန်လှီဖြူဖပ်နေသော မျက်နှာကို ပွတ်သပ်လိုက်လေသည်။ "ရှင် ပိန်သွားတယ်၊ ရုပ်လည်း ဆိုးသွားတယ်"

လီကျင့်သည် ပါးစပ်ဖြဲကာ ရယ်ချင်သော်လည်း မည်သို့ဖြစ်သည်မသိ ရယ်၍မထွက်ပေ။

လုမင်ယွိသည် လက်ချောင်းလေးများဖြင့် လီကျင့်၏ မျက်လုံးထောင့်ကို သုတ်ပေးလိုက်သည်။

ထိုအခါမှ လီကျင့်သည် မျက်ရည်များ ကျဆင်းနေပြီဖြစ်ကြောင်း သတိထားမိလိုက်လေသည်။

လူပုံအလယ်မှာ မျက်ရည်ကျတာတော့ နည်းနည်း ရှက်စရာကောင်းသား။

သို့သော် ယခုအချိန်တွင်တော့ လီကျင့်သည် ဒါတွေကို ဂရုမစိုက်နိုင်တော့ပေ။ သူသည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူမကို ရင်ခွင်ထဲသို့ အားကုန် ဆွဲဖက်လိုက်လေတော့သည်။

...

အပိုင်း (၅၈၄) ပြန်လည်ဆုံတွေ့ခြင်း (၂)

လီကျင့်က တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည့် ခဏတာတွင် လုမင်ယွိ၏ မျက်ဝန်းအိမ်များလည်း ပူနွေးလာလေသည်။ ထိုအချိန်ထိုအခိုက်အတန့်တွင် သူမသည် အရာအားလုံးကို မေ့လျော့သွားပြီး လီကျင့်ကို ပြန်လည်ပွေ့ဖက်ထားလိုက်တော့သည်။

ကြာမြင့်စွာ ခွဲခွာပြီးမှ ပြန်လည်ဆုံတွေ့ရသည့် ဇနီးမောင်နှံနှစ်ဦးသည် လူအများ၏ အကြည့်အောက်တွင် တင်းကြပ်စွာ ပွေ့ဖက်ထားကြ၏။

ဖန်းဇီကျန်းသည် စိတ်လှုပ်ရှားနေပြီး သူ၏ဇနီးသည် ချောင်ဝမ်ကို လွမ်းဆွတ်သတိရသွားတော့သည်။ ကျိုးလီ၏ တုံ့ပြန်ပုံကလည်း အတူတူပင်ဖြစ်၏။

အသက်အရွယ်ရနေပြီဖြစ်သည့် ဘုရင်ခံရှဲ့မှာမူ ထိုက်ဇီ နှင့် ထိုက်ဇီဖေး တို့၏ နက်ရှိုင်းလှသည့် သံယောဇဉ်ကြောင့် မျက်နှာများပင် နီရဲလာရလေသည်။

ယခုခေတ်တွင် ချစ်ခင်စုံမက်ကြသည့် ဇနီးမောင်နှံများသည် လူရှေ့သူရှေ့တွင် ကဗျာရွတ်ဆို၍ အချီအချပြောဆိုခြင်း၊ သို့မဟုတ် လက်ချင်းချိတ်၍ လျှောက်လှမ်းခြင်းမျိုး ပြုလုပ်လေ့ရှိကြပြီး ဤသည်မှာပင် အားကျစရာ မြင်ကွင်းတစ်ခု ဖြစ်နေလေပြီ။ ထိုက်ဇီနှင့် ထိုက်ဇီဖေးတို့ကဲ့သို့ တွေ့တွေ့ချင်း လွှတ်မပေးစတမ်း ဖက်ထားကြသည်မှာ ဘဝတစ်လျှောက် မမြင်ဖူးခဲ့ချေ။

ဘုရင်ခံရှဲ့က အကြည့်လွှဲလိုက်ပြီး စိတ်ထဲတွင် တစ်မှဆယ်အထိ ရေတွက်ကာ အသံမကျယ်မတိုး ချောင်းတစ်ချက် ဟန့်လိုက်လေသည်။ ပြန်လည်ဆုံတွေ့ခြင်း၏ ကြည်နူးမှုထဲတွင် နစ်မွန်းနေသည့် ဇနီးမောင်နှံနှစ်ဦးအား ဤနေရာတွင် "မဆိုင်သည့်လူပိုများ" ရှိနေသေးကြောင်း သတိပေးလိုက်ခြင်း ဖြစ်၏။

ဖြစ်ချင်တော့ ထိုချောင်းဟန့်သံက ဖက်ထားကြသည့် ထိုက်ဇီနှင့် ထိုက်ဇီဖေးတို့ကို မလှုပ်နှိုးနိုင်ခဲ့ချေ။

နှစ်ဦးသားသည် ဆက်လက်ပြီး တင်းကြပ်စွာ ဖက်ထားဆဲပင်။

ဘုရင်ခံရှဲ့ နောက်ထပ်တစ်ကြိမ် ချောင်းဟန့်ရန် ပြင်လိုက်စဉ် ကျိုးလီက လျှောက်လာပြီး အသံတိုးတိုးဖြင့် ရယ်မောကာ ပြောလိုကသည်။ "အရှင်မင်းသားနဲ့ ညန်ညန်တို့ ပြန်ဆုံကြတာဆိုတော့ ပြောစရာ သီးသန့်စကားတွေ ရှိမှာသေချာတယ်။ ဘုရင်ခံမင်း ဒီဘက်ကိုကြွပြီး ကျွန်တော်တို့နဲ့အတူ အပြင်ဘက်မှာ စောင့်နေကြရအောင်"

ဘုရင်ခံရှဲ့ခမျာ ပြောစရာစကား အများကြီးကို အောင့်အီးထားရရှာသည်။ ဥပမာအားဖြင့် ထိုက်ဇီဖေးက မြို့တော်ကနေ ဘယ်လိုထွက်လာသလဲ၊ ဘယ်လိုလုပ်ပြီး စစ်သည်တွေ ဦးဆောင်ကာ ဘုရင်ခံအိမ်တော်အပြင်ဘက်ကို ရောက်လာရတာလဲ၊ အပြင်ဘက်မှာ အခြေအနေ ဘယ်လိုရှိလဲ စသည်ဖြင့် မေးစရာက အများကြီးပင်။

ကျိုးလီက ဘုရင်ခံရှဲ့ကို စကားပြောခွင့် မပေးဘဲ အားတက်သရော ဆွဲခေါ်ကာ ထွက်သွားလေတော့သည်။

ရှောင်ယွမ်ကုန်းကုန်းက နန်းတွင်းအပျိုတော်များကို မျက်ရိပ်ပြလိုက်ပြီး အပြင်ထွက်ခွာသွားကြရာ တံခါးကိုပါ တစ်ပါတည်း ပိတ်ပေးသွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အိပ်ဆောင်ထဲ၌ လူရှင်းသွားပြီး လုမင်ယွိနှင့် လီကျင့်တို့နှစ်ဦးတည်းသာ ကျန်ရစ်တော့၏။

"ရှင်..."

လုမင်ယွိက ခေါင်းအနည်းငယ် မော့လိုက်ချိန် "ရှင်" ဟူသော စကားလုံး ထွက်လာသည်နှင့် လောဘတကြီး ပူလောင်ပြင်းပြနေသော နှုတ်ခမ်းတို့၏ ဖုံးအုပ်ခြင်းကို ခံလိုက်ရလေသည်။

အချိန်အတော်ကြာမှ လီကျင့်က ခေါင်းမော့လာခဲ့၏။ သူ၏ ချောမောသော မျက်နှာတွင် သွေးရောင်များ လွှမ်းနေပြီး မျက်လုံးများကလည်း မီးတောက်နှစ်ခု လောင်ကျွမ်းနေသကဲ့သို့ တောက်ပနေလေသည်။

"ရှောင်ယွိ... မင်း အရာအားလုံးကို ပစ်ချပြီး ကို့ဆီလာခဲ့လိမ့်မယ်လို့ ကို ဘယ်လိုမှ ထင်မထားခဲ့ဘူး"

လုမင်ယွိ၏ ပါးပြင်သည်လည်း နီရဲနေပြီး အသံက အနည်းငယ် အက်ရှရှ ဖြစ်နေလေသည်။ "ကျွန်မလည်း မတွေးဖူးပါဘူး။ တစ်နေ့ကျရင် ရှင့်အတွက်နဲ့ ဘာကိုမှ ဂရုမစိုက်ဘဲ မိုက်ရူးရဲဆန်မိလိမ့်မယ်လို့လေ"

သူတို့ကြားက သံယောဇဉ်သည် တောင်ပြိုမြေအက်သလို ကြမ်းတမ်းပြင်းထန်ခြင်းမရှိဘဲ ရေကဲ့သို့ ငြိမ်သက်သိမ်မွေ့သော ချစ်ခြင်းမေတ္တာမျိုးသာ ဖြစ်လေသည်။

သူတို့သည် အပြန်အလှန် နားလည်ကြပြီး အပြန်အလှန် ယုံကြည်ကြကာ သံသယကင်းရှင်းကြသည်။

သူတို့တွင် ရင်သွေးသုံးဦးပင် ထွန်းကားခဲ့လေပြီ။

သို့သော် လီကျင့်၏ စိတ်ထဲတွင် အမြဲတမ်း တိုးတိတ်သည့် ဝမ်းနည်းမှုတစ်ခု ရှိနေခဲ့သည်။ အကြောင်းမှာ သူက သူမကို ချစ်သည့်အချစ်သည် သူမက သူ့အပေါ်ထားရှိသည့် သံယောဇဉ်ထက် အမြဲသာလွန်နေကြောင်း သူ ကောင်းစွာ သိနားလည်ထားသောကြောင့် ဖြစ်၏။

ယခုအချိန် ယခုအခိုက်အတန့်အထိပင်။ သူမက အံ့ဖွယ်တစ်ခုလို သူ့ရှေ့မှောက်သို့ ရောက်ရှိလာပြီး သူ့ရင်ခွင်ထဲတွင် မှီတွယ်နေလေသည်။ ဤအရာက လောကကြီးရှိ ချိုမြိန်သော စကားလုံးများနှင့် ကတိသစ္စာများအားလုံးထက် ပို၍ ယစ်မူးဖွယ် ကောင်းလှသည်။

လီကျင့်၏ ရင်ထဲတွင် ပူနွေးနေပြီး ပြင်းပြသော ချစ်ခြင်းတရားတို့ လှုပ်ရှားလာတော့သည်။ "ကို့မှာ အားမရှိနေတာကိုပဲ နာကျည်းမိတယ်။ မဟုတ်ရင် မင်းကို ပွေ့ချီပြီး ကုတင်ပေါ် တန်းတင်လိုက်မှာ... အား!"

စကားမဆုံးခင်မှာပင် သူ့ခါးသည် အားဖြင့် ဆွဲလိမ်ခံလိုက်ရ၏။

ဒီတစ်ခါ ဆွဲလိမ်ခြင်းက အစစ်အမှန်ဖြစ်ပြီး နည်းနည်းလေးမှ အားမလျှော့ထားချေ။

လီကျင့်က ပါးစပ်ဖြဲကာ အော်ဟစ်ညည်းညူရင်း ရယ်မောခြင်းကို မရပ်တန့်နိုင်ဖြစ်နေလေသည်။ လုမင်ယွိက သူ့ကို မျက်စောင်းထိုးချင်သော်လည်း ပါးပြင်တစ်ခုလုံး နီမြန်းနေသဖြင့် ခြိမ်းခြောက်နိုင်စွမ်း မရှိဖြစ်နေရ၏။

လုမင်ယွိက ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး လက်ကိုဆန့်ကာ လီကျင့်ကို ပွေ့ချီလိုက်လေသည်။ "ရှင် ဒဏ်ရာရထားတုန်းလေ။ ခန္ဓာကိုယ်က အားနည်းနေသေးတယ်။ ကျွန်မ ရှင့်ကို ကုတင်ပေါ် ပွေ့သွားပြီး ကောင်းကောင်း အနားယူခိုင်းမယ်"

လီကျင့် "..."

ထိုက်ဇီ သည် မျက်နှာပြောင်တိုက်ရာတွင် အလွန်ထူးချွန်သူပီပီ အားနည်းချိနဲ့ချင်ယောင်ဆောင်ကာ ခေါင်းကို လုမင်ယွိ၏ လည်ပင်းနားသို့ မှီလိုက်ပြီး လေပူလေးမှုတ်ကာ ပြောလိုက်လေသည်။ "ထိုက်ဇီဖေးညန်ညန်ကို ဒုက္ခပေးရပါပြီ"

မျက်နှာက တစ္ဆေတစ်ကောင်လို ဖြူဖျော့နေပြီး လူကလည်း ပေါ့ပါးလွန်းနေကာ ကလေးဆန်စွာ ဆော့ကစားချင်စိတ် ရှိနေသေးသည်။

လုမင်ယွိမှာ ရယ်ရခက်ငိုရခက်ဖြစ်ကာ ကုတင်ဆီသို့ မြန်မြန်လျှောက်သွားပြီး လီကျင့်ကို ကုတင်ပေါ်တွင် ချပေးလိုက်၏။

လီကျင့်က သူမကိုပါ ကုတင်ပေါ်သို့ အတူပါလာအောင် အတင်းဆွဲခေါ်လိုက်၏။ "မင်း လမ်းတစ်လျှောက်လုံး ပင်ပန်းလာတယ်။ ညတစ်ဝက်လောက် အထိလည်း တိုက်ခိုက်သတ်ဖြတ်ခဲ့ရသေးတယ်။ သေချာပေါက် ပင်ပန်းနေမှာပဲ။ မင်းလည်း လှဲလိုက်ဦး။ အနားယူရင်း စကားပြောကြတာပေါ့"

လုမင်ယွိလည်း တကယ်ပင် ပင်ပန်းနေခဲ့ပြီ။

သူမ၏ သိုင်းပညာက မည်မျှပင်ကောင်းမွန်ပါစေ သံမဏိဖြင့် ပြုလုပ်ထားသည်မဟုတ်။ ယခု စိတ်လျှော့လိုက်သည့်အချိန်တွင် တစ်ကိုယ်လုံး ကိုက်ခဲညောင်းညာလာပြီး လက်ချောင်းလေး လှုပ်ရသည်ကိုပင် ဝန်လေးနေမိသည်။ သူမသည် လီကျင့်ဘေးတွင် တိတ်ဆိတ်စွာ ဝင်လှဲလိုက်တော့သည်။

ဇနီးမောင်နှံနှစ်ဦးသည် ယှဉ်တွဲလျက် ခေါင်းချင်းဆိုင်ကာ စကားပြောလိုက်ကြသည်။

"ရှင် ဒဏ်ရာရတယ်ဆိုတဲ့သတင်း ရရချင်းပဲ ကျွန်မ မူဟုပ်နဲ့ တိုင်ပင်ပြီး နန်းတော်ထဲက ထွက်လာခဲ့တာ" လုမင်ယွိက အမြန်ပင် တီးတိုးပြောလိုက်လေသည်။ "ကျွန်မ ထွက်လာတော့ ရွှီအာနဲ့ ရွှမ်းအာအတွက်က ပြဿနာမရှိပေမဲ့ ဟန်အာကတော့ ရက်အနည်းငယ်လောက် ငိုနေတော့မှာ။ ပြီးတော့ မူဟုပ်လေ။ ဖုဟွမ်ရဲ့ အပြစ်တင်တာကို သေချာပေါက် ခံရတော့မှာပဲ"

လီကျင့်၏ မျက်လုံးများ တစ်ချက်လက်သွားပြီး အသံတိုးတိုးဖြင့် ပြောလေသည်။ "စိတ်မပူပါနဲ့။ အဘိုးနဲ့ ယွဲ့ဖု ရှိနေတာပဲ။ ဖုဟွမ်က ဘယ်လောက်ပဲ ဒေါသထွက်ထွက် မူဟုပ်ကို ဘာမှလုပ်မှာ မဟုတ်ပါဘူး။ အများဆုံးရှိလှ မူဟုပ်ကို ရက်အနည်းငယ်လောက် အကျယ်ချုပ် ချထားရုံပါပဲ"

လုမင်ယွိက အင်း ဟု ပြန်ဖြေလိုက်လေသည်။

ယုံးကျားဧကရာဇ်သည် ချောင်မိဖုရားခေါင်အပေါ်တွင် ဇနီးမောင်နှံသံယောဇဉ် နည်းပါးလှသည်။ ချောင်မိဖုရားခေါင်က မိဖုရားခေါင်နေရာတွင် တည်ငြိမ်စွာ ရှိနေနိုင်ခြင်းမှာလည်း အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကြောင့် မဟုတ်ပေ။ လီကျင့် ဘေးကင်းနေသမျှ ကာလပတ်လုံး ချောင်မိဖုရားခေါင်သည်လည်း ဘေးကင်းနေမည်သာ။

"အဲဒီနေ့က ရှင် လုပ်ကြံခံရတာ ဘယ်လိုဖြစ်တာလဲ" လုမင်ယွိက မျက်လုံးဖွင့်ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် သံသယတို့ ဖြတ်သန်းသွားလေသည်။ "ရှင် ဘာလို့ ကြိုတင်ကာကွယ်မှု မရှိခဲ့တာလဲ"

လီကျင့်က မတတ်သာသည့်ဟန်ဖြင့် ခါးသက်သက်ပြုံးလိုက်သည်။ "အဲဒီနေ့က ဘုရင်ခံရှဲ့ရဲ့ သီးသန့်စားပွဲလေ။ စားပွဲတက်တာ ကို အပါအဝင် ၄ယောက်ပဲရှိတယ်။ ကျန်တဲ့ ၃ယောက်က ဘုရင်ခံရှဲ့ရဲ့ လူယုံတွေချည်းပဲ။ အထူးသဖြင့် စစ်ဆေးရေးမှူးကျန်းဆိုရင် ဘုရင်ခံရှဲ့နဲ့ စာမေးပွဲအောင်နှစ်တူတူပဲ။ ပြီးတော့ အဘိုးရဲ့ တပည့်ရင်းပဲ။ ကို ကျန်းနန်ကို ရောက်ပြီးကတည်းက သူတို့က ကို့ကို အများကြီး ကူညီပေးခဲ့တာ"

"စစ်ဆေးရေးမှူးကျန်းရဲ့ ဘေးနားမှာ ၇နှစ် ၈နှစ်လောက် နေခဲ့တဲ့ ကိုယ်ရံတော်တပ်သားက သူများမွေးထားတဲ့ အသေခံလုပ်ကြံသူ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"

ထိုလျှို့ဝှက်လူသည် လွန်ခဲ့သော ၇နှစ် ၈နှစ်လောက်ကတည်းက မြို့နယ်စာရေးလေးဖြစ်သည့် စစ်ဆေးရေးမှူးကျန်း၏ ဘေးနားတွင် ရှိနေခဲ့ခြင်းဖြစ်သည်။ သာမန်အိမ်ဖော်ဘဝမှ တစ်ဆင့်ချင်းတက်လာကာ ကိုယ်ရံတော်ဖြစ်လာပြီး စစ်ဆေးရေးမှူးကျန်း၏ ယုံကြည်မှုကို ရရှိထားသူဖြစ်သည်။

စစ်ဆေးရေးမှူးကျန်း ကိုယ်တိုင်လည်း မိမိဘေးနားက ကိုယ်ရံတော်က ထိုက်ဇီကို ရုတ်တရက် လုပ်ကြံလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

လုမင်ယွိ၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်သန်းသွားပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။ "သေချင်မှန်းမသိဘဲ မိုက်ရိုင်းရဲတင်းလွန်းတဲ့ ဒီလူယုတ်မာတွေ! ကျွန်မ သူတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး!"

တခြားသူ၏ ကာကွယ်ပေးမှုကို ခံရသည့် အရသာက ဤမျှ ကောင်းမွန်လှသည်ကိုး။

လီကျင့်၏ ရင်ထဲတွင် နွေးထွေးသွားပြီး အသံမထွက်ဘဲ ပြုံးလိုက်မိလေသည်။

လုမင်ယွိက အသံတိုးတိုးဖြင့် ထပ်မေးလိုက်ပြန်သည်။ "ရှင့်ဒဏ်ရာက ပြင်းထန်လား။ လဝက်လောက်တောင် ရှိနေပြီကို ဘာလို့ မျက်နှာက ဒီလောက်တောင် ကြည့်ရဆိုးနေရတာလဲ"

လီကျင့်က သက်ပြင်းချလိုက်သည်။ "ကို့ဒဏ်ရာက သိပ်မပြင်းထန်ပါဘူး။ ဒါပေမဲ့ လုပ်ကြံသူရဲ့ ဓားမြှောင်မှာ အဆိပ်ပြင်းပါတယ်။ လုယိက အခြေအနေကို ချက်ချင်းဆုံးဖြတ်ပြီး ကို့ကို အဆိပ်ဖြေဆေး တိုက်တယ်။ ဓားနဲ့ အဆိပ်သင့်နေတဲ့ အသားတွေကို လှီးထုတ်ခဲ့တယ်။ ဒါကြောင့် ကို အသက်အန္တရာယ် မရှိခဲ့တာ။ ဒီရက်ပိုင်းအတွင်း တော်ဝင်သမားတော်တွေက ကို့ကို သွေးဖောက်ပြီး အဆိပ်ထုတ်ပေးနေတာလေ။ သွေးထွက်လွန်သွားလို့ မျက်နှာအရောင် အနည်းငယ် ဆိုးနေတာပါ"

"ကို အခု ပြဿနာမရှိတော့ပါဘူး။ ကိုယ်ထဲက အဆိပ်ကြွင်းတွေက ၁၀ပုံ ၈ပုံ ၉ပုံလောက် ကုန်သွားပြီ။ နောက်ပိုင်း ဖြည်းဖြည်းချင်း ပြန်အားဖြည့်လိုက်ရင် ရပါပြီ”

"မင်းသာ လမ်းတစ်လျှောက်လုံး ပင်ပန်းလာတာ။ ကောင်းကောင်း အနားယူသင့်..."

စကားပြောနေရင်း ပြန်ဖြေသံ ကြားမလာတော့ချေ။

လီကျင့် ခေါင်းငုံ့ကြည့်လိုက်သည့်အခါ လုမင်ယွိသည် မျက်လုံးများ မှိတ်ထားပြီး အနည်းငယ် ဟောက်သံလေးများပင် ထွက်ပေါ်နေသည်ကို တွေ့လိုက်ရလေသည်။

သူမသည် ငယ်စဉ်ကတည်းက နေချင်သလိုနေ စားချင်သလိုစားပြီး ကြီးပြင်းလာသူဖြစ်ရာ ဤမျှ ပင်ပန်းဆင်းရဲမှုကို ဘယ်တုန်းက ကြုံခဲ့ဖူးပါသနည်း။

ဒီအရာအားလုံးက သူ့အတွက်ကြောင့်ပင်။

လီကျင့်၏ ရင်ထဲတွင် အပူစီးကြောင်းများ ဖြတ်စီးသွားပြီး စိတ်လှုပ်ရှားမှုများက အချိန်ကြာမြင့်စွာ မငြိမ်သက်နိုင်အောင် ဖြစ်ရလေသည်။ သို့သော် သူသည် နည်းနည်းလေးမှ မလှုပ်ရှားရက်ဘဲ ခေါင်းကိုစောင်းကာ သူမ၏ အိပ်မောကျနေသည့် မျက်နှာလေးကို တိတ်ဆိတ်စွာ ငေးကြည့်နေမိလေတော့သည်။

...

အပိုင်း (၅၈၅) နောက်ဆက်တွဲ (၁)

လုမင်ယွိသည် အချိန်ကြာမြင့်စွာ အိပ်စက်အနားယူနိုင်ခြင်း မရှိချေ။

နှစ်နာရီခန့်အကြာတွင် တံခါးခေါက်သံ အဆောတလျင် ထွက်ပေါ်လာပြီး သူမကို လန့်နိုးသွားစေတော့သည်။

လုမင်ယွိသည် ချက်ချင်း မျက်လုံးဖွင့်လိုက်ပြီး သွက်လက်စွာ ထရပ်ကာ တံခါးသွားဖွင့်လိုက်လေသည်။ တံခါးပေါက်တွင် ရပ်နေသူမှာ အိမ်ရှေ့စံ၏ ကိုယ်ရံတော်တပ်သားတစ်ဦး ဖြစ်လေသည်။ လီကျင့်၏ ဘေးနားတွင် အမြဲတာဝန်ထမ်းဆောင်နေသူဖြစ်သဖြင့် လုမင်ယွိအတွက်တော့ ရင်းနှီးပြီးသား မျက်နှာတစ်ခု ဖြစ်နေတော့သည်။

ထိုကိုယ်ရံတော်တပ်သားသည်လည်း တစ်ညလုံး တိုက်ခိုက်ခဲ့ရသဖြင့် အဝတ်အစားပေါ်တွင် သွေးစက်များ ပေကျံနေသော်လည်း စိတ်ဓာတ်ကြံ့ခိုင်မှုကတော့ မဆိုးလှချေ။ "ထိုက်ဇီဖေးညန်ညန်ကို လျှောက်တင်ပါတယ်... တပ်မှူးကျော်က ကျွန်တော်မျိုးကို သတင်းလာပို့ခိုင်းလိုက်ပါတယ်။ စစ်သူကြီးလော့က ကျန်းနန်တပ်သားတစ်သောင်းကို ဦးဆောင်ပြီး စစ်ကူလာပါတယ်။ အခု ဘုရင်ခံအိမ်တော် အပြင်ဘက်ကို ရောက်နေပါပြီ"

အခုမှ ရောက်လာတယ်ပေါ့လေ!

စောစောက ဘာသွားလုပ်နေတာလဲ။

လုမင်ယွိက အေးစက်စက် ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။ "စစ်သည်တွေအားလုံးကို အိမ်တော်အပြင်ဘက်မှာ စောင့်ခိုင်းထားလိုက်။ စစ်သူကြီးလော့ကို တစ်ယောက်တည်း အိမ်တော်ထဲဝင်လာပြီး ငါနဲ့ အရှင်မင်းသားကို လာတွေ့ခိုင်းလိုက်"

ကိုယ်ရံတော်တပ်သားက အမိန့်ကိုနာခံပြီး ထွက်ခွာသွားတော့သည်။

ထိုအချိန်တွင် လီကျင့်သည် ကုတင်ပေါ်၌ ထထိုင်လိုက်ပြီး ဆင်းရန်ပြင်လိုက်သည်။ လုမင်ယွိက ခေါင်းလှည့်ကြည့်ကာ ပြောလိုက်လေသည်။ "ရှင် ဒဏ်ရာရထားတာလေ... မထပါနဲ့ဦး။ ဒီကိစ္စကို ကျွန်မ ဖြေရှင်းလိုက်ပါ့မယ်"

ထိုက်ဇီဖေးက တကယ့်ကို သြဇာအာဏာ ကြီးမားတာပဲ!

လီကျင့်က စိတ်ကိုလျှော့ချလိုက်ပြီး ခန္ဓာကိုယ်ကို ပျော့ပျောင်းစွာထားကာ ကုတင်ပေါ်တွင် ပြန်လှဲလိုက်လေသည်။ "ကောင်းပြီလေ"

ဒီလောကကြီးထဲမှာ သူ စိတ်ချလက်ချနဲ့ အရာအားလုံးကို ပုံအပ်ထားနိုင်တဲ့သူက သူတစ်ယောက်တည်းပဲ ရှိတာလေ။

လုမင်ယွိသည် ကုတင်ဘေးသို့ လျှောက်သွားပြီး စောင်ကိုဆွဲယူကာ လီကျင့်ကို သေချာခြုံပေးလိုက်လေသည်။

ထိုအချိန်မှာပင် ဖန်းဇီကျန်း၊ ကျိုးလီနှင့် ဘုရင်ခံရှဲ့တို့ ရောက်လာကြလေသည်။ ကြည့်ရသည်မှာ သူတို့လည်း စစ်သူကြီးလော့ ရောက်လာတော့မည့်သတင်းကို ကြားသိထားကြပုံရလေသည်။

"စစ်သူကြီးလော့က သန်းခေါင်ယံကတည်းက သတင်းရပြီးသားပါ။ ဒါပေမဲ့ တမင်သက်သက် အချိန်ဆွဲနေပြီး အခုမှ ရောက်လာတာ" ဖန်းဇီကျန်းက ဒေါသခြောင်းခြောင်းထွက်နေပြီး နှာခေါင်းတစ်ချက်ရှုံ့ကာ ပြောလေသည်။ "တကယ်လို့သာ ထိုက်ဇီဖေးညန်ညန် အချိန်မီ ရောက်မလာခဲ့ရင် ဘုရင်ခံအိမ်တော်က အခုဆို မီးဟုန်းဟုန်းတောက်နေလောက်ပြီ"

ကျိုးလီက အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်လေသည်။ "အရှင်မင်းသားအနေနဲ့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မေးမြန်းရမယ်။ သူ့ကို လုံးဝ အလွတ်ပေးလို့ မဖြစ်ဘူး"

ဘုရင်ခံရှဲ့၏ မျက်နှာပေါ်တွင်လည်း ဒေါသအရိပ်အယောင်များ လွှမ်းခြုံထားသည်။

လီကျင့်က လေးနက်စွာ ပြောလိုက်၏။ "ငါ အခု ဒဏ်ရာကုသပြီး အနားယူနေရတာဆိုတော့ ဒီကိစ္စမှန်သမျှကို ထိုက်ဇီဖေးကိုပဲ လွှဲအပ်လိုက်မယ်။ မင်းတို့အားလုံး ထိုက်ဇီဖေးရဲ့ အမိန့်ကိုပဲ နာခံကြ"

ဖန်းဇီကျန်းနှင့် ကျိုးလီတို့က ပုံမှန်အတိုင်းပင် လက်ခံလိုက်ကြလေသည်။

ဘုရင်ခံရှဲ့ကတော့ အံ့အားသင့်သွားပြီး နှုတ်မှလွှတ်ခနဲ ပြောထွက်လာတော့သည်။ "အရှင်မင်းသား... စစ်သူကြီးလော့က ဘယ်လိုပဲပြောပြော နန်းတွင်းအရာရှိတစ်ယောက်လေ။ ထိုက်ဇီဖေးညန်ညန်ကို တိုက်ရိုက်စီမံခိုင်းလိုက်တာက စည်းမျဉ်းနဲ့ မညီမှာကို စိုးရိမ်မိပါတယ်"

လုမင်ယွိက ဘုရင်ခံရှဲ့ကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။ "ဘုရင်ခံမင်း စိတ်ချပါ။ ကျွန်မက အိမ်ရှေ့စံရဲ့ အရှိန်အဝါကိုယူပြီး နန်းတွင်းအရာရှိကို အနိုင်ကျင့်ဗိုလ်ကျဖို့ ရည်ရွယ်ချက်မရှိပါဘူး"

ဘုရင်ခံရှဲ့ တစ်သက်တာ ဆက်ဆံဖူးသည့် အမျိုးသမီးများမှာ အိန္ဒြေရပြီး ကျင့်ဝတ်ထိန်းသိမ်းတတ်သည့် အရာရှိကတော်များ၊ သို့မဟုတ် အဆင့်အတန်းနိမ့်ပါးပြီး မျက်နှာလိုမျက်နှာရ ပြုမူတတ်သည့် ကချေသည်များသာ ဖြစ်လေသည်။ လုမင်ယွိကဲ့သို့ ဂုဏ်ရည်မြင့်မားပြီး အာဏာစက်ပြင်းထန်ကာ ထက်မြက်သည့် အမျိုးသမီးမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ယနေ့တွင်မှ သူ၏ အစွမ်းအစကို လက်တွေ့သိရှိလိုက်ရတော့သည်။

ဘုရင်ခံရှဲ့မှာ ပြောစရာစကားမရှိ ဆွံ့အသွားပြီးနောက် လုမင်ယွိက လေသံအေးအေးဖြင့် ဆက်ပြောသည်ကို ကြားလိုက်ရပြန်သည်။ "အရှင်မင်းသားက ဘုရင်ခံမင်းရဲ့ သီးသန့်စားပွဲမှာ လုပ်ကြံခံရတာလေ။ ဘုရင်ခံအိမ်တော်ထဲမှာ ဒဏ်ရာကုသနေတုန်းမှာပဲ ဝတ်စုံနက် လူသတ်သမားတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်တာကို ခံရပြန်တယ်"

"ဘုရင်ခံရှဲ့က အပြစ်ကင်းစင်ပါတယ်လို့ ပြောမယ်ဆိုရင် အရှင်မင်းသားက ယုံကြည်ပါလိမ့်မယ်။ ကျွန်မလည်း ယုံကြည်ပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးနဲ့ ညီလာခံထဲက အမတ်မင်းတွေက ယုံကြည်ချင်မှ ယုံကြည်ကြမှာ။ တိုင်းသူပြည်သားတွေ အားလုံးကလည်း ယုံကြည်ကြမှာ မဟုတ်ဘူး"

"ဝတ်စုံနက် အသေခံတပ်သားတွေကို ဘုရင်ခံအိမ်တော်ထဲ စေလွှတ်လိုက်တဲ့ တရားခံနှစ်ယောက်ကို ကျွန်မ ဖမ်းမိထားတယ်။ နောက်ဆက်တွဲအနေနဲ့ ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းပြီး နောက်ကွယ်က အင်အားစုတွေကို အမြစ်ပြတ် သုတ်သင်ပစ်ရမယ်"

"ဒီစစ်သူကြီးလော့က အရေးပေါ်သတင်းကို ရရှိထားရက်နဲ့ စစ်ကူလာဖို့ နှောင့်နှေးနေခဲ့တာ။ တကယ်လို့သာ ကျွန်မ အချိန်မီ ရောက်မလာခဲ့ရင် ဒီအသေခံတပ်သားတွေက ဘုရင်ခံအိမ်တော်ထဲကို ဝင်ရောက်စီးနင်းမိလောက်ပြီ။ အဲဒီအချိန်ကျရင် ဘုရင်ခံမင်းတောင် ထာဝရ မျက်လုံးမှိတ်သွားရနိုင်တယ်"

"ဘုရင်ခံရှဲ့ကတော့ တကယ်ကို ဘုရားလောင်းစိတ်ထား ရှိတာပဲနော်။ စစ်သူကြီးလော့ကိုတောင် သနားနေသေးတယ်"

ဘုရင်ခံရှဲ့ "..."

ဘုရင်ခံရှဲ့၏ နဖူးပေါ်တွင် ချွေးအေးများ စီးကျလာလေတော့သည်။

သူသည် ခေါင်းပင်မမော့ရဲတော့ဘဲ ထိုက်ဇီဖေးညန်ညန်ကို လက်ယှက်ကာ အရိုအသေပြုလိုက်လေသည်။ "ညန်ညန် ပြောတာ အကျိုးကြောင်း သင့်မြတ်ပါတယ်။ ကျွန်တော်မျိုး ခဏတာ အတွေးမှားသွားတာပါ။ အရာအားလုံး ညန်ညန် စီစဉ်တဲ့အတိုင်းပါပဲ"

ဖန်းဇီကျန်းနှင့် ကျိုးလီတို့သည် ထိုမြင်ကွင်းကို ကြည့်ပြီး ကြိတ်ကာ ရယ်မောချင်စိတ်ကို မထိန်းနိုင်ဖြစ်နေကြသည်။

ဘုရင်ခံရှဲ့သည် ပညာတတ်မျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး တစ်ချိန်က စာမေးပွဲတွင် ပထမရခဲ့သူလည်း ဖြစ်၏။ သူ့ထံတွင် စာပေပညာရှင်တို့၏ မာန်မာန အနည်းငယ် ရှိနေတတ်သည်မှာ ရှောင်လွှဲမရပေ။ အိမ်ရှေ့စံမင်းသားက စိတ်သဘောထား နူးညံ့သိမ်မွေ့သူဖြစ်သဖြင့် ဘုရင်ခံရှဲ့အပေါ် အတော်လေး လေးစားမှု ပေးထားခဲ့သည်။

အခု ထိုက်ဇီဖေးညန်ညန်နဲ့ တွေ့တော့မှပဲ ... ဟင်း! ဘုရင်ခံရှဲ့ရဲ့ ရှက်ရွံ့နေတဲ့ ပုံစံကို ကြည့်ရတာ သူလည်း ကောင်းကောင်းကြီး မှတ်သွားလောက်ပြီ။

လုမင်ယွိကလည်း အားနာမနေတော့ဘဲ ပါးစပ်ဖွင့်ကာ အမိန့်ပေးလိုက်လေသည်။ "ဘုရင်ခံမင်းက တစ်ညလုံး နေခဲ့ရတော့ ပင်ပန်းနေလောက်ပြီ။ လာကြစမ်း... ဘုရင်ခံမင်းကို ပြန်ပြီးအနားယူဖို့ လိုက်ပို့ပေးလိုက်ကြ။ ကျွန်မ စစ်သူကြီးလော့နဲ့ တွေ့ပြီးမှပဲ ဘုရင်ခံမင်းကို စကားပြောဖို့ ပြန်ဖိတ်လိုက်ပါ့မယ်"

အမိန့်သံ ဆုံးသည်နှင့် အတွင်းနန်းဆောင်ကုန်းကုန်း တစ်ယောက် ချက်ချင်း ရှေ့တိုးလာပြီး ဘုရင်ခံရှဲ့ကို ယဉ်ယဉ်ကျေးကျေးဖြင့် "ဖိတ်ခေါ်" ပြီး ခေါ်ထုတ်သွားလေတော့သည်။

ဘုရင်ခံရှဲ့သည် မျက်နှာငယ်လေးဖြင့် ထွက်ခွာသွားရတော့၏။

ဖန်းဇီကျန်းနှင့် ကျိုးလီတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရယ်မောချင်စိတ်ကို ထိန်းချုပ်ထားလိုက်ကြလေသည်။

လုမင်ယွိက လီကျင့်ဘက်သို့ လှည့်ကာ မှာကြားလိုက်ပြန်သည်။ "ရှင် စိတ်အေးအေးထားပြီး အနားယူနေနော်။ ကျွန်မ ခဏလေးသွားပြီး ပြန်လာခဲ့မယ်"

လီကျင့်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး လုမင်ယွိ အိပ်ဆောင်ထဲမှ ထွက်ခွာသွားသည်ကို လိုက်လံကြည့်ရှုနေလေသည်။ ထို့နောက်တွင် ဖန်းဇီကျန်းနှင့် ကျိုးလီတို့ကို တစ်ချက်ကြည့်လိုက်၏။ "မင်းတို့နှစ်ယောက် ဝန်ကြီးရှန်းတို့ဆီသွားပြီး သေဆုံးဒဏ်ရာရတဲ့ စစ်သည်တွေအတွက် နစ်နာကြေး ဘယ်လိုပေးမလဲဆိုတာ တိုင်ပင်ဆွေးနွေးလိုက်ကြ"

ဒီအခက်အခဲကတော့ ကျော်ဖြတ်ပြီးသွားပြီ။ နောက်ဆက်တွဲ ဖြေရှင်းစရာကိစ္စတွေ အများကြီး ကျန်နေသေးတယ်။

ဖန်းဇီကျန်းနှင့် ကျိုးလီတို့သည် ပြိုင်တူ အမိန့်ကိုနာခံပြီး ပြန်လည်ထွက်ခွာသွားကြသည်။

……

လုမင်ယွိသည် ခြံဝင်းထဲတွင် ခဏစောင့်ဆိုင်းနေသော်လည်း စစ်သူကြီးလော့ ရောက်မလာသည်ကို တွေ့လိုက်ရ၏။ စိတ်ထဲတွင် တစ်ချက်စဉ်းစားလိုက်သည်နှင့် ဖြစ်ပျက်နေသည့်အခြေအနေကို ရိပ်မိလိုက်တော့သည်။ သူမသည် အေးစက်စက် ရယ်မောလိုက်ပြီး ဘုရင်ခံအိမ်တော်၏ တံခါးမကြီးဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်တော့သည်။

ဘုရင်ခံအိမ်တော်ထဲရှိ အလောင်းများကို တစ်လောင်းပြီးတစ်လောင်း ဆွဲထုတ်သွားကြလေသည်။ မြေပြင်ပေါ်မှ သွေးစက်များကို ရှင်းလင်းရန် အချိန်မရသေးသဖြင့် လေထုထဲတွင် ပြင်းထန်သော သွေးညှီနံ့များ ပျံ့လွင့်နေပြီး ပျို့အန်ချင်စရာ ကောင်းလှသည်။

လုမင်ယွိသည် ရှေ့သို့ ခြေလှမ်းသွက်သွက် လှမ်းလိုက်ပြီး မျက်နှာပေါ်တွင် မလိုအပ်သည့် ခံစားချက်ဟူသမျှ မရှိချေ။ သူမ၏ နောက်တွင် ကိုယ်ရံတော်တပ်သား ဆယ်ဂဏန်းခန့်သည် ယပ်တောင်ပုံစံ ဖြန့်ခင်းကာ ကပ်လျက်လိုက်ပါလာကြသည်။

တံခါးမကြီးနား မရောက်မီမှာပင် ဒေါသတကြီး အော်ဟစ်သံတစ်သံကို ကြားလိုက်ရလေသည်။ "ကျုပ်က စစ်သည်တွေကို ဦးဆောင်ပြီး စစ်ကူလာတာ။ အရှင်မင်းသားက အခု ကျုပ်တစ်ယောက်တည်းကိုပဲ အိမ်တော်ထဲ ဝင်ခိုင်းတယ်ဆိုတော့ ဒါ ဘာသဘောလဲ။ ကျုပ်ကို သံသယဝင်နေတာလား"

ထိုသို့ ဒေါသတကြီး အော်ဟစ်နေသူမှာ စစ်သည်များကို ဦးဆောင်လာသည့် စစ်သူကြီးလော့ပင် ဖြစ်လေသည်။

စစ်သူကြီးလော့သည်လည်း ယုံးကျားဧကရာဇ်၏ နောက်လိုက်အဖြစ် နှစ်ပေါင်းများစွာ ပါဝင်ခဲ့သည့် စစ်သူကြီးတစ်ဦးဖြစ်ပြီး အရပ်အမောင်း အလွန်မြင့်မားထွားကျိုင်းလေသည်။ မျက်လုံးတစ်စုံသည် အနည်းငယ် ပြူးထွက်နေပြီး မျက်လုံးပြူးကြည့်လိုက်လျှင် မျက်လုံးအိမ်ထဲမှ ကျွတ်ထွက်တော့မတတ် ဖြစ်ကာ ကြည့်ရသည်မှာ အလွန်တရာ ရက်စက်ကြမ်းကြုတ်ပုံ ပေါက်နေတော့သည်။

တပ်မှူးကျော်နှင့် လုယိတို့သည်လည်း ခန္ဓာကိုယ် ကြီးမားထွားကျိုင်းသူများ ဖြစ်ကြသော်ငြား စစ်သူကြီးလော့၏ ရှေ့မှောက်သို့ ရောက်သည့်အခါ ခေါင်းတစ်ဝက်ခန့် ပုသွားတော့သည်။

ထို့အပြင် သူတို့သည် တစ်ညလုံး သတ်ဖြတ်တိုက်ခိုက်ခဲ့ရသဖြင့် ကိုယ်ပေါ်တွင် ဒဏ်ရာအနည်းငယ်စီ ရရှိထားပြီး အလွန်ပင်ပန်းနွမ်းနယ်နေကာ အားအင်အခြေအနေမှာ ပုံမှန်အချိန်နှင့် ယှဉ်လျှင် များစွာကွာခြားနေလေသည်။ စစ်သူကြီးလော့ကတော့ လူရောမြင်းပါ အားအင်ပြည့်ဖြိုးနေပြီး နောက်ကွယ်တွင် အဆုံးမမြင်နိုင်အောင် များပြားလှသည့် စစ်သည်အလုံးအရင်း ရှိနေလေသည်။

နှစ်ဖက်ယှဉ်ကြည့်လိုက်လျှင် အရှိန်အဝါချင်းက နိမ့်ကျသွားရလေသည်။

တပ်မှူးကျော်က ဒေါသကို မြိုသိပ်ထားပြီး လေးနက်စွာ ပြောလိုက်လေသည်။ "စစ်သူကြီးလော့မှာ ပြောစရာရှိရင် အတွင်းထဲဝင်ပြီး အရှင်မင်းသားကို ကိုယ်တိုင်ကိုယ်ကျ လျှောက်တင်လိုက်ပါ။ ကျွန်တော်နဲ့ တပ်မှူးလုက အခြေအနေတွေကို ရှင်းလင်းရဦးမှာမို့ အဖော်မလုပ်ပေးနိုင်ပါဘူး"

စစ်သူကြီးလော့က မျက်နှာသေဖြင့် လက်ထဲက ဓားရှည်ကို ဆုပ်ကိုင်လိုက်လေသည်။ "ကျုပ် ကိုယ်ရံတော်တပ်သားတွေကို ခေါ်ပြီး ဝင်ရမှဖြစ်မယ်"

လုယိ၏ မျက်လုံးများ အရောင်လက်သွားတော့သည်။ "ထိုက်ဇီ အမိန့်ရှိပါတယ်။ စစ်သူကြီးလော့ တစ်ယောက်တည်း အိမ်တော်ထဲ ဝင်ခဲ့ပါတဲ့။ စစ်သူကြီးလော့က ကိုယ့်လိပ်ပြာကိုယ်လုံတယ်ဆိုရင် ဘာလို့ မဝင်ရဲရတာလဲ။ ကိုယ်ရံတော်တပ်သားတွေကို ခေါ်ဖို့ ဘာလို့ ခေါင်းမာနေရတာလဲ။ ထိုက်ဇီကို သံသယဝင်နေတာလား"

တစ်ဖက်နှင့်တစ်ဖက် ခြေတစ်လှမ်းမှ မဆုတ်ဘဲ ထိပ်တိုက်တွေ့နေကြတော့သည်။

စစ်သူကြီးလော့က အေးစက်စက် ရယ်မောလိုက်ပြီး လုယိကို မျက်စောင်းထိုး ကြည့်လိုက်လေသည်။ "မင်းက ဘာကောင်မို့လို့ ငါ့ကို ဒီလိုစကားမျိုး ပြောရဲရတာလဲ"

လုယိကလည်း ပြန်ပြီး နှာခေါင်းရှုံ့လိုက်လေသည်။ "စစ်သူကြီးလော့က အဆင့်နှစ် စစ်သူကြီးတစ်ယောက်ပါ။ ကျွန်တော်က အဆင့်လေးပဲရှိတော့ ရာထူးချင်းမယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်မျက်နှာကိုကြည့်ပြီး စကားတစ်လုံးတောင် ဆဲရဲတဲ့လူ တစ်ခါမှ မရှိဖူးသေးဘူး"

စစ်သူကြီးလော့၏ အရှိန်အဝါက မောက်မာပြီး ဘဝင်မြင့်နေသလို လုယိကလည်း အလျှော့မပေးဘဲ မျက်လုံးများပင် ပြူးထွက်လုမတတ် ဖြစ်နေတော့သည်။

စစ်သူကြီးလော့က စိတ်ထဲတွင် ဒေါသထွက်လာပြီး အော်ဟစ်ငေါက်ငမ်းရန် ပြင်လိုက်စဉ် အမျိုးသမီးတစ်ယောက်၏ အသံထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။

"မင်းတို့ အရင်နောက်ဆုတ်နေလိုက်"

...

All Chapters