← Chapters

အခန်း (၅၈၆-၅၈၈)

Vol. 40 Ch. 586-588

အခန်း (၅၈၆-၅၈၈)

Vol. 40 Ch. 586-588

အပိုင်း (၅၈၆) နောက်ဆက်တွဲ (၂)

ရင်းနှီးပြီးသား အသံကို ကြားလိုက်ရသည်နှင့် လုယိ၏ မျက်လုံးပြူးနေရာမှ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး စာအုပ်လှန်သည်ထက်ပင် မြန်ဆန်စွာ မျက်နှာပြောင်းသွားလေသည်။ သူသည် ရိုသေလေးစားပြီး ရင်းနှီးသော အမူအရာဖြင့် "ဟုတ်ကဲ့ပါ" ဟု ပြန်ဖြေလိုက်လေသည်။

စစ်သူကြီးလော့မှာလည်း လုံးဝကြီး မိုက်ရူးရဲဆန်သူတော့ မဟုတ်ပေ။

တကယ် မိုက်ရူးရဲဆန်သူဆိုလျှင် နန်းတွင်းကိုယ်ရံတော်တပ်တွင် မည်သို့ထင်ပေါ်ကျော်ကြားနိုင်ပါမည်နည်း။ ယုံးကျားဧကရာဇ်၏ အထူးတလည် မျက်နှာသာပေးမှုကို မည်သို့ ရယူနိုင်ပါမည်နည်း။ သူက ယခုလို ဘဝင်မြင့်ပြီး မောက်မာသည့်ဟန် ပြနေခြင်းမှာ တစ်ဝက်က မိမိ၏ အပြစ်ရှိစိတ်ကို ဖုံးကွယ်ရန်ဖြစ်ပြီး ကျန်တစ်ဝက်ကတော့ အခြေအနေကို စမ်းသပ်ကြည့်ချင်၍ ဖြစ်လေသည်။

အကယ်၍ အိမ်ရှေ့စံသာ ဒဏ်ရာပြင်းထန်နေပါက လူတိုင်းသည် သူ့ကို နောက်ကျမှရောက်လာသည့်အတွက် အပြစ်တင်ရဲကြမည် မဟုတ်ချေ။ အကြောင်းပြချက် အမျိုးမျိုးပေးပြီး နောက်ပိုင်းတွင် ဤကိစ္စကို ဖုံးဖိလိုက်လို့ ရနိုင်သည်...

သို့သော် မျက်နှာထား အေးစက်ပြီး အရှိန်အဝါ ကြီးမားသော ဤအမျိုးသမီး ပေါ်လာသည်နှင့် စစ်သူကြီးလော့၏ ရင်ထဲတွင် လေးလံသွားတော့သည်။

သူသည် ထိုက်ဇီဖေးကို မမြင်ဖူးသော်ငြားလည်း ဒီလောကကြီးတွင် ထိုက်ဇီဖေးမှလွဲ၍ အခြားမည်သူက ဤမျှကြီးမားသော အရှိန်အဝါမျိုး ရှိနိုင်ပါဦးမည်နည်း။

နန်းတော်က လုဖေးကို စေလွှတ်လိုက်သည့် အမိန့်တော်တွင် ထိုက်ဇီဖေးအကြောင်း လုံးဝ ဖော်ပြမထားခဲ့ပေ။

သူမက ဘယ်လိုလုပ်ပြီး ဘုရင်ခံအိမ်တော်ကို ရုတ်တရက် ရောက်လာရတာလဲ။

စစ်သူကြီးလော့၏ တဒင်္ဂထိတ်လန့်သွားမှုနှင့် ဖြတ်ခနဲပေါ်လာသည့် စိုးရိမ်ပူပန်မှုများကို လုမင်ယွိ၏ မျက်လုံးများထဲတွင် ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

လုမင်ယွိက နှုတ်ခမ်းထောင့်ကို တွန့်ရုံတွန့်လိုက်ပြီး မျက်ဝန်းထဲတွင်တော့ အပြုံးအရိပ်အယောင် နည်းနည်းလေးမှ မရှိချေ။ သူမသည် ဖြည်းညှင်းစွာ ရှေ့သို့တိုးလာရာ လုယိနှင့် တပ်မှူးကျော်တို့သည် အလိုက်တသိ ဘေးသို့ ဖယ်ပေးလိုက်ကြသည်။

"ရှင်က စစ်သူကြီးလော့လား" လုမင်ယွိက လေသံအေးအေးဖြင့် မေးလိုက်လေသည်။

သူမ ရောက်လာသည်နှင့် မောက်မာနေသည့် စစ်သူကြီးလော့၏ အရှိန်အဝါကို ချက်ချင်း ဖိနှိပ်လိုက်နိုင်လေသည်။

စစ်သူကြီးလော့က ချောင်းတစ်ချက်ဟန့်လိုက်ပြီး အသံကို ပျော့ပျောင်းထားလိုက်ကာ "ဟုတ်ပါ..."

"တယ်" ဟူသော စကားလုံး မထွက်လာမီမှာပင် လုမင်ယွိက လျှပ်တစ်ပြက် လှုပ်ရှားလိုက်လေသည်။

နှစ်ယောက်သားသည် ခြောက်ပေပင် မကွာဝေးသဖြင့် စစ်သူကြီးလော့သည် လုမင်ယွိကို သတိထားနေသော်ငြား သူမ၏ အစွမ်းအစကို တကယ်တမ်း မကြုံဖူးသေးချေ။ ထို့ကြောင့် စိတ်ထဲတွင် ပေါ့ပေါ့ဆဆ တွေးထားမိသည်။

လုယိနှင့် တပ်မှူးကျော်တို့ပင် ထိုက်ဇီဖေးညန်ညန်က စစ်သူကြီးလော့ကို စကားတစ်ခွန်း ဆုံးအောင်ပြောခွင့်မပေးဘဲ ရုတ်တရက် တိုက်ခိုက်လိုက်လိမ့်မည်ဟု ထင်မထားခဲ့ကြချေ။

ဖြူဖွေးသွယ်လျသော လက်ဖဝါးသည် လျှပ်စီးလက်သကဲ့သို့ စစ်သူကြီးလော့၏ ရင်ဘတ်ဆီသို့ ဝင်ရောက်သွားလေသည်။

စစ်သူကြီးလော့သည် ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ ရင်ဘတ်တည့်တည့်ကို အရှိန်ပြင်းပြင်း ရိုက်ချခြင်း ခံလိုက်ရ၏။ ကြီးမားလှသော အားအင်တစ်ခုကြောင့် ကိုယ်တွင်းအင်္ဂါများ နေရာရွေ့သွားသလို ခံစားလိုက်ရပြီး လည်ချောင်းထဲတွင် ပူနွေးသွားကာ သွေးတစ်လုပ် အန်ထွက်လာလေတော့သည်။

လုမင်ယွိသည် တစ်ချက်တိုက်ခိုက်ပြီးသည်နှင့် လက်ကို ပြန်မရုပ်သေးဘဲ စစ်သူကြီးလော့၏ အားနည်းစေသည့် သွေကြောအမှတ်ကို လက်ညှိုးဖြင့် ထောက်လိုက်လေသည်။ ပေါ့ပေါ့ပါးပါး အားစိုက်လိုက်ပြီး စစ်သူကြီးလော့၏ ရင်ဘတ်အင်္ကျီစကို ဆွဲကိုင်ကာ လွှဲပစ်လိုက်ရာ ထွားကျိုင်းလှသော စစ်သူကြီးလော့သည် ခွေးသေတစ်ကောင်လို ဘေးသို့ လွင့်စင်ကျသွားလေတော့သည်။

ကိုယ်ရံတော်တပ်သား အနည်းငယ်သည် ချက်ချင်း ပြေးဝင်လာပြီး အင်္ကျီလက်ထဲမှ ကြိုးများကို ထုတ်ကာ စစ်သူကြီးလော့၏ ခြေလက်များကို တင်းကြပ်စွာ တုပ်နှောင်လိုက်ကြသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် စစ်သူကြီးလော့ကို ဖမ်းဆီးနိုင်ခဲ့လေသည်။

မူလက စစ်သူကြီးလော့၏ နောက်တွင် ရပ်နေသော စစ်သူကြီးနှစ်ဦးသည် မျက်နှာပျက်သွားကြ၏။ ထိုအထဲမှ နဖူးပေါ်တွင် မှဲ့နက်ပါသော သူသည် ရုတ်တရက် ရှေ့တိုးလာပြီး ဓားကို ချွတ်လိုက်လေသည်။ "စစ်သူကြီးလော့က ကျုပ်တို့ကို ဦးဆောင်ပြီး စစ်ကူလာတာလေ။ ခင်ဗျားတို့က ဒါ ဘာသဘောလဲ"

နောက်ထပ် မျက်နှာရှည်ရှည်နှင့် မျက်နှာထား တင်းမာသော စစ်သူကြီးသည်လည်း ရှေ့သို့ တိုးလာလေသည်။ သူကတော့ ဓားကို မထုတ်ဘဲ လက်ယှက်ကာ အရိုအသေပြုလိုက်လေသည်။ "မေးပါရစေ... ထိုက်ဇီဖေးညန်ညန် များလားခင်ဗျာ"

လုမင်ယွိက အေးဆေးစွာ ပြန်ဖြေလိုက်လေသည်။ "ဟုတ်တယ်"

မှဲ့နက်နှင့် စစ်သူကြီး၏ မျက်နှာထား ပြောင်းလဲသွားပြန်သည်။ စိတ်ထဲတွင် ထင်ကြေးပေးခြင်းက တစ်ကဏ္ဍ၊ ကိုယ်တိုင် ကြားသိလိုက်ရခြင်းက တစ်ကဏ္ဍပင်။

လူမှာ နာမည်၊ သစ်ပင်မှာ အရိပ် ဆိုသလိုပင်။

လွန်ခဲ့သော လေးနှစ်က လုမင်ယွိသည် ညအချိန်မတော် စစ်တပ်စခန်းကို ဝင်ရောက်စီးနင်းပြီး စစ်သည်အင်အား ထောင်သောင်းချီကြားတွင် ယန်ထော်ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည့် ဂုဏ်သတင်းမှာ ဝေနိုင်ငံအနှံ့ ပျံ့နှံ့ကျော်ကြားပြီးဖြစ်၏။ လူအများ ပြောစမှတ်ပြုကြသည်မှာ ထိုက်ဇီဖေးညန်ညန်သည် အမျိုးသမီးဖြစ်သော်လည်း အားအင်ကြီးမားပြီး သိုင်းပညာ ပြိုင်ဘက်ကင်းသည် ဟူ၍ပင်။

ဒါကြောင့်လည်း တစ်ချက်တည်းနဲ့ စစ်သူကြီးလော့ကို သွေးအန်အောင် ရိုက်နိုင်တာကိုး။

လုမင်ယွိ၏ မျက်လုံးများသည် ဓားသွားကဲ့သို့ ထက်ရှကာ မှဲ့နက်နှင့် စစ်သူကြီး၏ လက်ပေါ်သို့ ကျရောက်သွားလေသည်။ ထိုစစ်သူကြီးသည် လက်တုန်သွားပြီး တစ်ဝက်နီးပါး ထုတ်ထားသည့် ဓားကို အလိုအလျောက် ပြန်ထည့်လိုက်မိကာ လက်ယှက် အရိုအသေပြုလိုက်လေသည်။ "ကျွန်တော်မျိုး ဝမ်ရင်း... ထိုက်ဇီဖေးညန်ညန်ကို ဂါရဝပြုပါတယ်"

နောက်ထပ် မျက်နှာထား တင်းမာသော စစ်သူကြီးကလည်း နာမည်ကို အစီရင်ခံလိုက်လေသည်။ "ကျွန်တော်မျိုး မာရှန်း... ထိုက်ဇီဖေးညန်ညန်ကို ဂါရဝပြုပါတယ်"

လုယိနှင့် တပ်မှူးကျော်တို့သည် စိတ်ထဲတွင် သက်ပြင်းချလိုက်မိကြသည်။

အကယ်၍များ ပဋိပက္ခဖြစ်ပွားခဲ့လျှင် တစ်ဖက်တွင် အင်အားပြည့်ဝသော စစ်သည်တစ်သောင်း ရှိနေသည်။ သူတို့ဘက်တွင်မူ တစ်ညလုံး တိုက်ခိုက်ထားရသဖြင့် သေသူသေ ဒဏ်ရာရသူရနှင့် တိုက်ခိုက်နိုင်စွမ်း ရှိသူမှာ ၃ပုံ ၁ပုံပင် မပြည့်တော့ချေ။

ကံကောင်းစွာပင် ထိုက်ဇီဖေးညန်ညန် အချိန်မီ ရောက်လာခဲ့သည်။

မဟုတ်လျှင် ယခုအချိန်တွင် ဤဓားပြနှင့်တူသော လူရိုင်းအုပ်စုကို မည်သူမျှ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။

"စစ်သူကြီးဝမ်၊ စစ်သူကြီးမာ" လုမင်ယွိ၏ အကြည့်သည် သူတို့နှစ်ဦး၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီး အသံက ပို၍ အေးစက်သွားလေသည်။ "မနေ့ညက ဘုရင်ခံအိမ်တော်ကို မိုးကြိုးပစ်သလို ရဲတင်းတဲ့ လူဆိုးတွေ ဝိုင်းထားကြတယ်။ မီးရှို့တယ်၊ ဝိုင်းတိုက်တယ်။ အိမ်တော်ထဲကိုတောင် ဝင်လုနီးပါး ဖြစ်ခဲ့တယ်။ တစ်ညလုံး သေကြေဒဏ်ရာရတာတွေလည်း မနည်းဘူး"

"စစ်သူကြီးလော့က အရေးပေါ်သတင်းရပါလျက်နဲ့ ဘာလို့ ချက်ချင်း စစ်ကူမလာတာလဲ"

"ရှင်တို့က စစ်သည်တွေကို ဦးဆောင်တဲ့သူတွေဆိုတော့ ဒီအထဲက အန္တရာယ်ကို ကောင်းကောင်းသိမှာပါ။ စစ်သူကြီးလော့က တမင်သက်သက် အချိန်ဆွဲနေခဲ့တယ်။ ဘုရင်ခံအိမ်တော်ကို ရောက်တော့လည်း အပြစ်ဝန်ခံဖို့ တစ်ယောက်တည်း ဝင်မလာဘဲ တံခါးဝမှာ ကိုယ်ရံတော်တပ်မှူးနှစ်ယောက်ကို အာဏာပြနေသေးတယ်။ ကျွန်မ သူ့ကို ဖမ်းဆီးပြီး အပြစ်ပေးတာ ဘာမှားလို့လဲ"

ဝမ်ရင်းနှင့် မာရှန်းတို့သည် ပြန်ပြောစရာစကားမရှိ ဆွံ့အသွားကြလေသည်။

တကယ်တမ်းတော့ သူတို့လည်း အကြောင်းရင်းကို သိပ်မရှင်းလင်းလှပေ။

ညသန်းခေါင်အချိန်မို့ စစ်တပ်စခန်းထဲတွင် လူတိုင်း အိပ်မောကျနေကြသည်။ မိုးလင်းခါနီးမှ စစ်သူကြီးလော့က စစ်သည်တွေကို စုဝေးလိုက်မှ ဘုရင်ခံအိမ်တော်တွင် ပြဿနာတက်နေမှန်း သိလိုက်ရသည်။ သူတို့ ရောက်သွားသည့်အချိန်တွင် တိုက်ပွဲပြီးဆုံးသွားပြီဖြစ်ပြီး မြေပြင်ပေါ်မှ အလောင်းများကိုလည်း တော်တော်များများ ရှင်းလင်းပြီးနေပြီ။

ထို့ကြောင့် စစ်သူကြီးလော့က တမင်သက်သက် အချိန်ဆွဲခဲ့ခြင်း ဟုတ်မဟုတ် သူတို့လည်း သေချာမသိကြပေ။ ထိုက်ဇီဖေးက အခွင့်ကောင်းယူပြီး ပြဿနာရှာနေတာလား၊ ဒါမှမဟုတ် တကယ်ပဲ ဒေါသထွက်ပြီး အပြစ်ပေးတာလား ဆိုတာလည်း ဝေခွဲမရဖြစ်နေသည်။

"ဝမ်ရင်း" လုမင်ယွိက ရုတ်တရက် ခေါ်လိုက်လေသည်။

ဝမ်ရင်းက အလိုအလျောက် လက်ယှက်လိုက်လေသည်။ "ရှိပါတယ်"

လုမင်ယွိက လေးနက်စွာ အမိန့်ပေးလိုက်လေသည်။ "အခုကစပြီး ရှင်က စစ်ကူတပ်တွေကို ဦးဆောင်ပြီး ဘုရင်ခံအိမ်တော်ကို စောင့်ကြပ်ပါ။ ဘယ်သူ့ကိုမှ ဝင်ထွက်ခွင့်မပေးနဲ့"

ဝမ်ရင်း အမိန့်မနာခံရသေးခင် နောက်တစ်ယောက်ကို ကြည့်လိုက်ပြန်သည်။ "မာရှန်း"

မာရှန်းက ချက်ချင်း ခါးမတ်လိုက်လေသည်။ "ရှိပါတယ်... ညန်ညန် အမိန့်ရှိပါ"

လုမင်ယွိက အေးဆေးစွာ ပြောလိုက်လေသည်။ "ကျွန်မ စစ်သူကြီးလော့ကို အိမ်တော်ထဲခေါ်သွားပြီး ထိုက်ဇီနဲ့ တွေ့ပေးမလို့။ ဖြစ်နိုင်ရင် ရက်အနည်းငယ်လောက် ထားပြီး အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မေးမြန်းရမယ်။ ရှင် အခုပဲ ပြန်ပြီး စစ်သူကြီးလော့အစား စစ်စခန်းကို ကွပ်ကဲလိုက်ပါ။ တကယ်လို့ စစ်စခန်းမှာ တစ်ခုခုမှားယွင်းခဲ့ရင် ရှင့်ကိုပဲ တာဝန်ယူခိုင်းမယ်"

ဒီလိုအချိန်မျိုးမှာ စစ်စခန်းကို ကိုယ်စားကွပ်ကဲရတာ အကျိုးရှိတာပေါ့။ စစ်သူကြီးလော့ တကယ်ပဲ တစ်ခုခုဖြစ်သွားရင် နောက်ပိုင်း ဒီစစ်သူကြီးရာထူးက သူ့ခေါင်းပေါ် ကျရောက်လာနိုင်တယ်လေ။

မာရှန်းက စိတ်ထဲတွင် တွက်ချက်လိုက်ပြီး ချက်ချင်းပင် လက်ယှက်ကာ အမိန့်နာခံပြီး ထွက်ခွာသွားတော့သည်။

မာရှန်းက ကိုယ်ရံတော်တပ်သား ဆယ်ဂဏန်းလောက်ကို ခေါ်ပြီး ထွက်သွားလေသည်။ လုမင်ယွိကလည်း စကားဆက်မပြောတော့ဘဲ လှည့်ကာ ဘုရင်ခံအိမ်တော်ထဲသို့ ဝင်သွားတော့သည်။ ကိုယ်ရံတော်တပ်သားများသည် ဝက်သေတစ်ကောင်လို တုပ်နှောင်ထားသော စစ်သူကြီးလော့ကို သယ်ဆောင်ပြီး ဝင်သွားကြလေသည်။

တပ်မှူးကျော်နှင့် လုယိတို့ကတော့ ကျန်ရစ်ခဲ့သည့် အပျက်အစီးများကို ဆက်လက်ရှင်းလင်းနေကြသည်။ အလောင်းသယ်သူကသယ်၊ ဒဏ်ရာရသူကို တွဲသူကတွဲနှင့် အလုပ်ရှုပ်နေကြတော့သည်။

ဝမ်ရင်း "..."

ဝမ်ရင်းသည် နေရာမှာပင် ကြောင်တောင်တောင် ဖြစ်ကျန်ရစ်ခဲ့သည်။ ဘေးနားမှ ကိုယ်ရံတော်တပ်သားက တိုးတိုးလေး မေးလိုက်လေသည်။ "စစ်သူကြီးဝမ်... ဘာဆက်လုပ်ကြမလဲ"

ဘာဆက်လုပ်ရဦးမှာလဲ။

စစ်သူကြီးလော့နဲ့ ကျန်းနန်က ရှေးဟောင်းမျိုးနွယ်ကြီးတွေ ပူးပေါင်းပြီး အကျိုးအမြတ်တွေ ဘယ်လောက်တောင် ရထားလဲမသိဘူး။ လက်အောက်ငယ်သားတွေကျတော့ အရမ်းကပ်စေးနှဲတာ။ သူဆိုရင် ဟင်းရည်တစ်ခွက်တောင် မသောက်ရဘူး။ ဘာကိစ္စ ဒီအချိန်မှာ သူ့အတွက် အသက်နဲ့ရင်းပြီး ကာကွယ်ပေးရမှာလဲ။

ထိုက်ဇီဖေးရဲ့ အမိန့်အတိုင်း ဘုရင်ခံအိမ်တော်ကို အရင်ဆုံး စောင့်ကြပ်ပေးလိုက်တာက ပိုကောင်းပါလိမ့်မယ်။ အနည်းဆုံးတော့ အကျိုးဆောင်မှုတစ်ခု ရတာပေါ့။ နောက်ကျရင် မာရှန်းနဲ့ စစ်သူကြီးရာထူးကို ယှဉ်ပြိုင်လို့ ရသေးတာပဲ။

ဝမ်ရင်းက ဆုံးဖြတ်ချက်ချလိုက်ပြီး လေးနက်စွာ အမိန့်ပေးလိုက်လေသည်။ "ငါ့အမိန့်ကို နာခံကြ... အားလုံး မြင်းပေါ်ကဆင်း၊ ပုံမှန်လေ့ကျင့်ထားတဲ့ အစီအစဉ်အတိုင်း ဖြန့်ခွဲလိုက်ကြ။ ဘုရင်ခံအိမ်တော်ကို စောင့်ကြပ်မယ်။ ဘယ်သူ့ကိုမှ ဝင်ထွက်ခွင့် မပေးနဲ့"

...

အပိုင်း (၅၈၇) နောက်ဆက်တွဲ (၃)

လုမင်ယွိသည် အိမ်တော်အတွင်း ဝင်ရောက်ပြီးသည်နှင့် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

လီကျင့် ကျန်းနန်သို့ ရောက်ရှိပြီးကတည်းက သူမသည် ကျန်းနန်စစ်တပ်အကြောင်းကို တိတ်တဆိတ် စုံစမ်းလေ့လာခဲ့သည်။

အစ်ကိုဖြစ်သူ လုဖေးနှင့် သာ့ကျဲဖူ ကျန်းကျုံးတို့ နှစ်ဦးစလုံးသည် စစ်တပ်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ရာ ရဲဘော်ရဲဘက် သူငယ်ချင်းအများအပြား ရှိကြလေသည်။ ထို့ကြောင့် သူမအတွက် အသုံးဝင်သော သတင်းအချက်အလက်များကို အများအပြား စုံစမ်းပေးနိုင်ခဲ့ကြသည်။

ဥပမာအားဖြင့် ကျန်းနန်စစ်တပ်သည် တစ်သွေးတစ်သံတစ်မိန့် ရှိသည့် စစ်တပ်တစ်ခု မဟုတ်ပေ။ စစ်သူကြီးလော့သည် စစ်တပ်ကို လွှဲပြောင်းရယူခဲ့သည်မှာ ၃ နှစ်ရှိပြီ ဖြစ်သော်လည်း အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးချေ။ ဒုတိယစစ်သူကြီး နှစ်ဦးအနက် ဝမ်ရင်းသည် ယခင်စစ်သူကြီး လက်ထက်ကတည်းက ရာထူးတိုးမြှင့်ခံရသူဖြစ်ပြီး မာရှန်းကမှ စစ်သူကြီးလော့၏ လူရင်းဖြစ်လေသည်။ သူတို့နှစ်ဦးသည် အပြင်ပန်းတွင် သင့်မြတ်သော်လည်း အတွင်းစိတ်ထဲတွင် သဘောထားကွဲလွဲနေကြပြီး အခွင့်အရေးရတိုင်း အပြိုင်အဆိုင် ဖြစ်နေကြသည်။

ထို့ကြောင့် သူမသည် ဝမ်ရင်းကို တမင်သက်သက် ချန်ထားခဲ့ပြီး မာရှန်းကို စစ်တပ်သို့ ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်။ ရှင်းယန်စစ်သည် ငါးသောင်းသည်လည်း လမ်းခရီးတွင် ရောက်ရှိနေပြီဖြစ်ရာ မာရှန်း၏ သတ္တိမျိုးဖြင့် စစ်တပ်သို့ ပြန်ရောက်သည့်အခါ မည်သည့်လှုပ်ရှားမှုမှ ပြုရဲမည် မဟုတ်ပေ။

"ညန်ညန်" ဘေးနားရှိ ကိုယ်ရံတော်တပ်သားတစ်ဦးက မေးမြန်းလိုက်သည်။ "ဒီစစ်သူကြီးလော့ကို ဘယ်နေရာမှာ သွားထားရမလဲ"

လုမင်ယွိသည် သတိပြန်ဝင်လာပြီး "အရှင်မင်းသားရဲ့ ခြံဝင်းထဲကို ခေါ်သွား။ အခန်းလွတ်တစ်ခန်း ရှာပြီး အထဲမှာ ပိတ်လှောင်ထားလိုက်"

လက်ရှိအချိန်တွင် သူမ၏ဘေးနား၌ ရှိနေသူများမှာ လွန်ခဲ့သောနှစ်များက လုအိမ်တော်မှ ခေါ်ထုတ်လာခဲ့သည့် ကိုယ်ရံတော်တပ်သားများဖြစ်ကြပြီး တစ်ဦးတစ်ယောက်ချင်းစီတိုင်း သစ္စာရှိကြသူများ ဖြစ်ကြသည်။ လုမင်ယွိ မည်သို့ပင် အမိန့်ပေးပါစေ ကိုယ်ရံတော်တပ်သားများသည် စကားတစ်ခွန်းမှ ပြန်မပြောဘဲ ချက်ချင်း လိုက်နာဆောင်ရွက်ကြသည်။

မေ့ကြောကို အနှိပ်ခံထားရသည့် စစ်သူကြီးလော့သည် အနည်းဆုံး တစ်နာရီ နှစ်နာရီခန့် မေ့မြောနေလိမ့်မည်။

လုမင်ယွိသည်လည်း စိတ်မလောတော့ဘဲ ကိုယ်ရံတော်တပ်သား ဆယ်ဦးကို ရွေးချယ်ပြီး မျက်စိဒေါက်ထောက် ကြည့်ရှုစောင့်ကြပ်ခိုင်းလိုက်သည်။

သူမကိုယ်တိုင်မှာမူ အိပ်ဆောင်ထဲသို့ ပြန်လည်ဝင်ရောက်သွားပြီး စောစောက ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို လီကျင့်အား ပြောပြလိုက်လေသည်။ "...စစ်သူကြီးလော့ကို ကျွန်မကိုယ်တိုင် ဖမ်းဆီးပြီး ဒီကို ခေါ်လာခဲ့တယ်။ အခန်းလွတ်ထဲမှာ ပိတ်လှောင်ထားတယ်။ သူ နိုးလာမှပဲ ဖြည်းဖြည်းချင်း စစ်ဆေးမေးမြန်းတာပေါ့"

လီကျင့်၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်သန်းသွားပြီး အသံတိုးတိုးဖြင့် ပြောလေသည်။ "သူက ဖုဟွမ် ကိုယ်တိုင် ခန့်အပ်ထားတဲ့ ကျန်းနန်စစ်တပ်ရဲ့ စစ်သူကြီးချုပ်လေ။ အကြောင်းရင်းကို ရှင်းလင်းအောင် မေးမြန်းပြီးရင် နန်းတော်ကို အရင်ဆုံး သဝဏ်လွှာပို့ရမယ်။ ဖုဟွမ်ကပဲ ဘယ်လိုအပြစ်ပေးမလဲဆိုတာ ဆုံးဖြတ်ပါစေ"

အိမ်ရှေ့စံ တစ်ပါးအနေဖြင့် စည်းကမ်းတကျ လုပ်ဆောင်သင့်ကာ နန်းတွင်းအရာရှိများကို မိမိသဘောဖြင့် စီရင်ဆုံးဖြတ်၍ မရနိုင်ပေ။

လုမင်ယွိက ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။ "ဒါကတော့ သေချာတာပေါ့။ ပြီးတော့ ဘုရင်ခံရှဲ့၊ စစ်ဆေးရေးမှူးကျန်းနဲ့ တခြားနှစ်ယောက်ကို စစ်ဆေးမေးမြန်းပြီးရင် အားလုံးကို အမှုတွဲတစ်ခုအဖြစ် စုစည်းပြီး နန်းတော်ကို ပို့လိုက်မယ်။ ဘယ်လိုအပြစ်ပေးမလဲဆိုတာ ဖုဟွမ်ရဲ့ အပိုင်းပဲ"

ခဏရပ်ပြီးနောက် သူမက ဆက်ပြောလိုက်သည်။ "ဟို ဝတ်စုံနက် အသေခံတပ်သားတွေရဲ့ သခင်နှစ်ယောက်ကိုတော့ ဒီလောက် ယဉ်ကျေးနေစရာ မလိုတော့ဘူး။ ပြင်းပြင်းထန်ထန် နှိပ်စက်ပြီး စစ်ဆေးမေးမြန်းရမယ်။ သူတို့သိထားသမျှ အရာအားလုံးကို ဖွင့်ပြောလာအောင် လုပ်ရမယ်"

လီကျင့်က "အင်း" ဟု ပြန်ဖြေလိုက်ပြီး လုမင်ယွိ၏ မျက်နှာပေါ်မှ ဖျောက်ဖျက်မရနိုင်သော ပင်ပန်းနွမ်းနယ်မှုကို ကြည့်ကာ ရင်နာစွာ ပြောလိုက်လေသည်။ "အပြင်ကိစ္စတွေကို ဖန်းဇီကျန်းတို့ ကြည့်လုပ်ပါစေ။ မင်း ဒီကိုလာခဲ့... နောက်ထပ် နှစ်နာရီလောက် ထပ်ပြီး အနားယူလိုက်ဦး"

ပြီးခဲ့သည့် ၇ရက်လုံးလုံး သူမသည် မြင်းဒုန်းစိုင်းစီးကာ ခရီးနှင်လာခဲ့ရသည်။ အိပ်စက်သည့်အချိန် စုစုပေါင်း ၁၂နာရီပင် မပြည့်ခဲ့ချေ။ ထို့နောက်တွင်လည်း တစ်ညလုံးနီးပါး ဓားဆွဲကာ သတ်ဖြတ်တိုက်ခိုက်ခဲ့ရသဖြင့် ယခုအချိန်တွင် အမှန်တကယ် ပင်ပန်းနေလောက်ပြီ။

လုမင်ယွိသည်လည်း ဟန်ဆောင်မနေတော့ဘဲ ခေါင်းညိတ်ကာ ပြောလိုက်လေသည်။ "ကောင်းပြီ... ကျွန်မ ခဏလောက် အိပ်လိုက်ဦးမယ်။ တစ်ခုခုဆိုရင် ကျွန်မကို ချက်ချင်း လာနှိုးနော်"

သူမသည် ကုတင်ပေါ်သို့ တက်ကာ အတွင်းဘက်ခြမ်းတွင် ဝင်လှဲလိုက်ပြီး ခေါင်းနှင့် ခေါင်းအုံး ထိလိုက်သည်နှင့် မျက်ခွံများ ချက်ချင်း လေးလံသွားတော့သည်။

……

မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ။ အိပ်ရသည်မှာ အလွန်ပင် ကောင်းမွန်လှသည်။

မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်မှာ စိမ်းသက်နေသော ကုတင်လိုက်ကာများနှင့် သူမ၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသော ရင်းနှီးသည့် လက်တစ်ဖက်ပင်။ နေ့နေ့ညည လွမ်းဆွတ်တမ်းတနေရသော ခင်ပွန်းသည်မှာ သူမ၏ ခေါင်းအုံးဘေးတွင် ရှိနေလေသည်။

သို့သော် ချောမောသော မျက်နှာသည် အလွန် ဖြူဖျော့ပြီး အားနည်းနေသဖြင့် သူမ အိပ်မက်မက်လေ့ရှိသည့် ပုံစံနှင့် အနည်းငယ် ကွဲပြားနေလေသည်။

လုမင်ယွိသည် ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားပြီး ခဏကြာမှ သတိပြန်ဝင်လာတော့သည်။

သူမသည် အမှောင်ကျနေပြီဖြစ်သော ပြတင်းပေါက်အပြင်ဘက်ကို တစ်ချက်ကြည့်လိုက်ပြီး အိပ်ဆောင်ထဲတွင် ထွန်းညှိထားသော ဖယောင်းတိုင်မီးကို ကြည့်ကာ မိမိကိုယ်ကို လှောင်ပြောင်သလို ရယ်မောလိုက်လေသည်။ "ကျွန်မက ၁နာရီ ၂နာရီလောက်ပဲ အိပ်မယ်လို့ စိတ်ကူးထားတာ။ မထင်မှတ်ဘဲ တစ်နေကုန်နီးပါး အိပ်ပျော်သွားတာပဲ"

လီကျင့်သည်လည်း နေ့တစ်ဝက်ခန့် အိပ်စက်ထားသဖြင့် ယခုအချိန်တွင် စိတ်ကြည်လင်လန်းဆန်းနေလေသည်။ သူက အသံတိုးတိုးဖြင့် ပြောလိုက်၏။ "မင်း အရမ်း ပင်ပန်းနေလို့ပါ"

လုမင်ယွိက မျက်နှာကို ဘေးသို့ လှည့်လိုက်ပြီး သူ့ကို ကြည့်ကာ ညင်သာစွာ ပြုံးလိုက်လေသည်။ "ရှင့်အတွက်ဆိုရင် ဘယ်လောက်ပဲ ပင်ပန်းရပါစေ တန်ပါတယ်"

လီကျင့်၏ မျက်ဝန်းအိမ်များ ပူနွေးလာပြန်သည်။

လုမင်ယွိက သူ၏ပုံစံကို ကြည့်ပြီး ရုတ်တရက် တခစ်ခစ် ရယ်မောလိုက်ကာ "ကြည့်ပါဦး... အသက် ၂၀ ကျော်နေပြီကို ကလေးလေးလိုပဲ။ စကားနည်းနည်းလောက် ပြောတာနဲ့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရသလား"

လီကျင့်ကတော့ အစနောက်ခံရသည်ကို ဂရုမစိုက်ဘဲ အနားတိုးကပ်လာကာ အနမ်းတစ်ပွင့် တောင်းဆိုလေသည်။

လုမင်ယွိက လီကျင့်ကို တွန်းထုတ်လိုက်ပြီး မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။ "ဒီလောက်တောင် ဒဏ်ရာရထားတာကို မငြိမ်မသက် ဖြစ်နေသေးတယ်။ ဒဏ်ရာကို ထိခိုက်မိရင် ခံစားရမှာ ရှင်ပဲနော်"

ထိုနေ့က လုယိသည် ဓားကို မြှောက်ကာ လီကျင့်၏အသားကို လှီးထုတ်ပြီး အဆိပ်သွေးများ ဖောက်ထုတ်ပေးခဲ့သည်။

ဤအရေးပေါ် ကုသနည်းသည် ထိရောက်သော်လည်း လူကို များစွာ ထိခိုက်စေသည်။ လီကျင့်၏ ညာဘက်လက်မောင်းသည် ယခုအချိန်ထိ လှုပ်ရှား၍ မရသေးချေ။ လုမင်ယွိ၏ ဆူပူမှုကို ခံလိုက်ရသဖြင့် လီကျင့်သည် ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး သိသိသာသာ ငြိမ်ကျသွားတော့သည်။

လုမင်ယွိသည် ကုတင်ပေါ်မှ ဆင်းလိုက်ပြီး ရှောင်ယွမ်ကုန်းကုန်းကို အထဲဝင်လာရန် ခေါ်လိုက်သည်။

ရှောင်ယွမ်ကုန်းကုန်းသည် အားတက်သရော အရိုအသေပြုလိုက်လေသည်။ "ကျွန်တော်မျိုး ထိုက်ဇီဖေးညန်ညန်ကို ဂါရဝပြုပါတယ်"

လုမင်ယွိက ပေါ့ပေါ့ပါးပါးပင် အမိန့်ပေးလိုက်လေသည်။ "သွား... တော်ဝင်သမားတော်ကို သွားခေါ်ချေ။ ထိုက်ဇီရဲ့ ဒဏ်ရာအခြေအနေ ဘယ်လိုရှိလဲဆိုတာ ငါကြည့်ချင်တယ်"

ရှောင်ယွမ်ကုန်းကုန်းသည် အမိန့်ကိုနာခံပြီး ပြန်လည်ထွက်ခွာသွားလေသည်။ ခဏအကြာတွင် သမားတော်ယန်သည် အိပ်ဆောင်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ဤသမားတော်ယန်သည် ပြင်ပဒဏ်ရာများကို ကုသရာတွင် ကျွမ်းကျင်ပြီး အဆိပ်ဖြေဆေးပညာတွင်လည်း နှံ့စပ်သူဖြစ်လေသည်။

ကံကောင်းစွာပင် လီကျင့်သည် မြို့တော်မှ ထွက်ခွာလာစဉ်က သမားတော်ယန်ကို ခေါ်ဆောင်လာခဲ့သည်။ လွန်ခဲ့သည့် လဝက်ခန့်အတွင်း သမားတော်ယန်သည် မျက်လုံးပင် ကောင်းကောင်းမမှိတ်ရဘဲ လီကျင့်၏ ဘေးနားတွင် အမြဲစောင့်ကြပ်နေခဲ့ရသည်။

သမားတော်ယန်သည် အသက်ကြီးရင့်နေပြီဖြစ်ပြီး ပင်ပန်းလွန်းသဖြင့် မျက်လုံးများ နီရဲကာ ခြေလှမ်းများပင် မခိုင်တော့ချေ။ တုန်တုန်ယင်ယင်ဖြင့် အရိုအသေပြုရန် ပြင်လိုက်စဉ် လုမင်ယွိက ရှေ့သို့တိုးလာပြီး သူ့ကို တွဲထူလိုက်ကာ အလွန်နူးညံ့သိမ်မွေ့စွာ ပြောလိုက်လေသည်။ "သမားတော်ယန်... မတ်တပ်ရပ်ပါ"

"ဒီရက်ပိုင်းအတွင်း သမားတော်ယန် တကယ့်ကို ပင်ပန်းခဲ့ပါပြီ။ မြို့တော်ပြန်ရောက်ရင် ထိုက်တန်တဲ့ ဆုလာဘ်တွေ ချီးမြှင့်ပါ့မယ်"

သမားတော်ယန်သည် ချက်ချင်းပင် ဝမ်းသာအားရဖြစ်သွားပြီး ကျေးဇူးတင်စကား ဆိုလိုက်လေသည်။

လုမင်ယွိက နူးညံ့စွာ ပြောလိုက်ပြန်သည်။ "သမားတော်ယန်... အရှင်မင်းသားကို ဆေးထည့်ပေးလိုက်ပါဦး"

သမားတော်ယန်က အမိန့်နာခံပြီး ရှေ့တိုးကာ အိမ်ရှေ့စံမင်းသားအား ဆေးလဲလှယ်ပေးလေသည်။

လုမင်ယွိသည် ဘေးနားတွင် ငြိမ်သက်စွာ ရပ်နေလေသည်။ ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာကို မြင်လိုက်ရသည်နှင့် အပ်တစ်ချောင်းဖြင့် မျက်လုံးကို ထိုးစိုက်လိုက်သကဲ့သို့ လုမင်ယွိ၏ ရင်ထဲတွင် နာကျင်ဒေါသထွက်လာပြီး မျက်ဝန်းထဲတွင် မီးတောက်များ တောက်လောင်လာတော့သည်။

လီကျင့်သည် နာကျင်မှုကြောင့် ချွေးစေးများ ထွက်လာသော်လည်း အံကိုတင်းတင်းကြိတ်ကာ အသံမထွက်မိအောင် ထိန်းထားလိုက်သည်။ အပြုံးတစ်ခုကိုပင် အတင်းညှစ်ထုတ်လိုက်လေသည်။ "အများကြီး သက်သာသွားပါပြီ... မနာတော့ပါဘူး"

လုမင်ယွိက ခေါင်းကို ဘေးသို့ လှည့်လိုက်ပြီး ခဏအကြာမှ ပြန်လှည့်လာခဲ့သည်။ မျက်ဝန်းအိမ်များ အနည်းငယ် နီရဲနေသည်မှလွဲ၍ မည်သည့် ထူးခြားမှုမှ မရှိချေ။

သူမနှင့် မရင်းနှီးသူများ မြင်လျှင် သူမသည် အနည်းငယ် အေးစက်ပြီး ရက်စက်တတ်သည်ဟု ထင်မှတ်ကြပေမည်။

သူမ၏ စိတ်နေစိတ်ထားကို ကောင်းစွာ သိရှိသူများသာလျှင် သူမ၏ အေးစက်သော အသွင်အပြင်အောက်တွင် ပူပြင်းတောက်လောင်နေသော နှလုံးသားတစ်စုံ ရှိနေကြောင်း သိရှိကြပေမည်။

"လာကြစမ်း... လုယိကို သွားခေါ်ခဲ့" လုမင်ယွိက ခေါင်းမလှည့်ဘဲ အမိန့်ပေးလိုက်လေသည်။

တံခါးဝရှိ ကိုယ်ရံတော်တပ်သားသည် အမိန့်ကိုနာခံပြီး ထွက်ခွာသွားလေသည်။

လက်ဖက်ရည်တစ်အိုးတည်ချိန် မကြာမီမှာပင် လုယိ ရောက်ရှိလာခဲ့သည်။

ထိုအချိန်တွင် သမားတော်ယန်သည် လီကျင့်ကို အပ်စိုက်ကုသနေဆဲ ဖြစ်သည်။ လုမင်ယွိသည် အိပ်ဆောင်ထဲမှ ထွက်လာခဲ့ပြီး ဧည့်ဆောင်အမိုးအောက်တွင် ရပ်နေသော လုယိသည် စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့တိုးလာပြီး အရိုအသေပြုလေသည်။

မိုးချုပ်နေပြီဖြစ်သဖြင့် ဧည့်ဆောင်အမိုးအောက်တွင် မီးအိမ်များ ချိတ်ဆွဲထားရာ အလင်းရောင်မှာ တော်တော်လေး လင်းလက်နေလေသည်။

လုမင်ယွိ၏ မျက်နှာသည် အလွန်အမင်း အေးစက်တင်းမာနေပြီး စကားလုံးများမှာ တိုတောင်းပြတ်သားလှသည်။ "လုယိ... ငါ ခေါ်လာတဲ့ လူနှစ်ယောက်က ဝတ်စုံနက် အသေခံတပ်သားတွေရဲ့ သခင်တွေပဲ။ မင်း ကိုယ်တိုင် သွားပြီး စစ်ဆေးမေးမြန်း"

"ငါ မင်းကို တစ်ညအချိန်ပေးမယ်။ သူတို့ရဲ့ ပါးစပ်ကို ဖွင့်ပြီး သူတို့သိသမျှ အရာအားလုံး ပြောပြလာအောင် လုပ်ရမယ်"

ခဏရပ်ပြီးနောက် သူမက ဖြည့်စွက်ပြောလိုက်လေသည်။ "သူတို့ကို အသက်ငွေ့ငွေ့ ချန်ထားပေးဦး။ စောစောစီးစီး အသက်ထွက်မသွားစေနဲ့"

တစ်ညတည်းနှင့် သူတို့၏ နှုတ်ကို ဖွင့်နိုင်ရန်မှာ ပြင်းထန်သော နှိပ်စက်နည်းများကို အသုံးပြုရမည်သာ။

လုယိသည် အနည်းငယ် တွေဝေသွားပြီး အခက်တွေ့စွာ ပြောလိုက်လေသည်။ "ပြင်းပြင်းထန်ထန် နှိပ်စက်ပြီး စစ်ဆေးမေးမြန်းတဲ့အခါ အသက်ရှင်လျက် ကျန်ဖို့ဆိုတာ မလွယ်ကူပါဘူး"

လုမင်ယွိ၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင် ဖြတ်သန်းသွားလေသည်။ "မင်း နှိပ်စက်စရာ ရှိတာသာ နှိပ်စက်လိုက်"

လုယိသည် လေးနက်စွာ အမိန့်ကို နာခံလိုက်တော့သည်။

...

အပိုင်း (၅၈၈) စစ်ဆေးမေးမြန်းခြင်း (၁)

လုယိသည် အမိန့်ကိုနာခံပြီး ထွက်ခွာရန် ပြင်လိုက်စဉ် လုမင်ယွိက လှမ်းတားလိုက်ကာ "မင်းရဲ့ ဒဏ်ရာက ဘယ်လိုလဲ။ စိုးရိမ်ရလား။ ငါ သမားတော်ယန်ကို ခေါ်ပေးလိုက်မယ်လေ"

လုယိ၏ ရင်ထဲတွင် နွေးထွေးသွားပြီး အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်လေသည်။ "ညန်ညန် စိတ်မပူပါနဲ့။ ကျွန်တော် ဒဏ်ရာအသေးစားလေး နှစ်နေရာလောက်ပဲ ရတာပါ။ ဆေးထည့်ပြီး ပတ်တီးစည်းထားပါပြီ။ သမားတော်ကို ဒုက္ခပေးနေစရာ မလိုတော့ပါဘူး"

လုမင်ယွိသည် လုယိကို သေချာကြည့်ရှုလိုက်ရာ သူ၏မျက်နှာမှာ မဆိုးလှကြောင်း တွေ့လိုက်ရသဖြင့် ပြောလိုက်လေသည်။ "မင်း အခု နားလို့မရသေးဘူး။ နောက်ထပ် တစ်ညလောက် အောင့်အီးသည်းခံလိုက်ပါ။ မနက်ဖြန်ကျရင် ကောင်းကောင်း အနားယူလို့ရပြီ"

လုမင်ယွိ၏ ဤမျှ ဂရုစိုက်မှုကို ခံရသူမှာ လောကတွင် လက်ချိုးရေ၍ပင် ရနိုင်လေသည်။

လုယိ၏ ရင်ထဲတွင် ပူနွေးသွားပြီး လက်ယှက်ကာ ပြောလိုက်လေသည်။ "ညန်ညန်ရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်ပါတယ်။ ညန်ညန်ရဲ့ စကားနှစ်ခွန်းကြောင့် ကျွန်တော် နောက်ထပ် နှစ်ရက်နှစ်ည ဆက်တိုက် အလုပ်လုပ်ရရင်တောင် မပင်ပန်းတော့ပါဘူး"

လုမင်ယွိသည် သူ့စကားကြောင့် အနည်းငယ် ပြုံးမိသွားတော့သည်။ "သွား... မင်းရဲ့ အလုပ်ကို သွားလုပ်တော့။ ဒီကိစ္စပြီးရင် မြို့တော်ကို ပြန်မယ်။ နောက်နောင်ကျရင် မင်း မြို့တော်ကနေ ထွက်ပြီး တာဝန်ထမ်းဆောင်ရမယ့် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး"

စကားထဲတွင် ပါဝင်နေသော အဓိပ္ပာယ်ကို နားလည်လိုက်သည်နှင့် လုယိ အံ့အားသင့်သွားတော့သည်။

လူအများ ရှိနေသဖြင့် ရှင်းပြရန် အဆင်မပြေပေ။ လုမင်ယွိကလည်း ဆက်မပြောတော့ချေ။ လုယိသည် လျင်မြန်စွာ ထွက်ခွာသွားလေသည်။

လုမင်ယွိက ရှောင်ယွမ်ကုန်းကုန်းကို ခေါ်လိုက်သည်။ "ငါ ဘုရင်ခံရှဲ့နဲ့ စစ်ဆေးရေးမှူးကျန်းတို့ကို တွေ့ချင်တယ်။ ငါ့အမိန့်နဲ့ ဝန်ကြီးရှန်း၊ ဖန်းဇီကျန်းနဲ့ ကျိုးလီတို့ကို သွားခေါ်လိုက်"

ရှောင်ယွမ်ကုန်းကုန်းက ချက်ချင်း အမိန့်နာခံလိုက်လေသည်။

ခဏအကြာတွင် ဝန်ကြီးရှန်း၊ ဖန်းဇီကျန်းနှင့် ကျိုးလီတို့ ရောက်ရှိလာကြသည်။ သူတို့နှင့်အတူ လီယန်ပါ ပါလာလေသည်။

လုမင်ယွိသည် နေ့တစ်ဝက်ကျော် အိပ်စက်ထားသဖြင့် အားအင်အများစု ပြန်လည်ပြည့်ဖြိုးနေပြီဖြစ်သည်။ သူမသည် ဧည့်ဆောင်အမိုးအောက်တွင် ဘေးတိုက်ရပ်နေပြီး ခြေသံကြားသည်နှင့် လှည့်ကြည့်လိုက်၏။

အရှေ့နန်းဆောင်မှ အရာရှိများသည် စိတ်ထဲတွင် တိတ်တဆိတ် ထိတ်လန့်သွားကြသည်။

ထိုက်ဇီဖေးသည် မနေ့ညက လူပေါင်းမည်မျှ သတ်ဖြတ်ခဲ့သည်မသိ။ တစ်ကိုယ်လုံးတွင် သတ်ဖြတ်ခြင်းအငွေ့အသက်များ လွှမ်းခြုံနေလေသည်။

"လူကြီးမင်းတို့ကို ဖိတ်ခေါ်လိုက်တာက အဲဒီနေ့က အခြေအနေကို အသေးစိတ် မေးမြန်းချင်လို့ပါ" လုမင်ယွိက အေးဆေးစွာ ပြောလိုက်သည်။ "ဘုရင်ခံရှဲ့တို့က နန်းတွင်းအရာရှိကြီးတွေလေ။ ကျွန်မက ထိုက်ဇီဖေး ဖြစ်ပေမဲ့ သီးသန့်စစ်ဆေးမေးမြန်းလို့ မကောင်းဘူး။ ဒါကြောင့် ရှင်တို့အားလုံးကို သက်သေအဖြစ် ခေါ်လိုက်တာပါ"

အားလုံးက ပြိုင်တူ လက်ယှက်ကာ အမိန့်နာခံလိုက်ကြလေသည်။ "ကျွန်တော်မျိုးတို့ ထိုက်ဇီဖေးညန်ညန်ရဲ့ အမိန့်ကို နာခံပါတယ်"

လုမင်ယွိက အသံကို ပျော့ပျောင်းအောင် ပြုလုပ်လိုက်ပြီး ဝန်ကြီးရှန်းကို ပြောလိုက်သည်။ "သူတို့က ငယ်သေးတယ်။ ဝန်ကြီးရှန်းလောက် အတွေ့အကြုံ မရှိကြသေးဘူး။ ဒီည စစ်ဆေးမေးမြန်းမှုတွေကို ဝန်ကြီးရှန်းကပဲ မှတ်တမ်းတင်၊ အမှုတွဲလုပ်ပြီး မြို့တော်ကို ပို့ပေးပါ"

ဖန်းဇီကျန်း၊ ကျိုးလီနှင့် လီယန်တို့သည် အရှေ့နန်းဆောင်မှ အရာရှိများ ဖြစ်ကြသော်လည်း ငယ်ရွယ်ကြပြီး ရာထူးလည်း နိမ့်ကျကြသည်။ ဝန်ကြီးရှန်းကသာ ဤကိစ္စကို လုပ်ဆောင်ရန် အသင့်တော်ဆုံး ဖြစ်နေသည်။

ဝန်ကြီးရှန်းသည်လည်း တစ်ရက်နှင့်တစ်ညလုံးလုံး အိပ်စက်ခြင်းမရှိခဲ့သဖြင့် မျက်လုံးများ နီရဲနေသော်လည်း တည်ငြိမ်စွာပင် လက်နှစ်ဖက်ယှက်၍ ပြန်ဖြေလိုက်၏။ "ဒီကိစ္စကို ကျွန်တော်မျိုး တာဝန်ယူပါ့မယ်။ ညန်ညန် စိတ်ချပါ"

ဝန်ကြီးရှန်းသည် လုမင်ယွိ၏ ဒုတိယယောင်းမ ရှန်းလန်၏အဖေရင်းဖြစ်ပြီး လုမိသားစုနှင့် ဆွေမျိုးတော်စပ်သူ ဖြစ်သည်။ ထိုဆက်ဆံရေးကြောင့် လုမင်ယွိသည် ဝန်ကြီးရှန်းအပေါ် အထူးတလည် ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံခြင်း ဖြစ်သည်။ "ဝန်ကြီးရှန်းကို ဒုက္ခပေးရပါပြီ"

အားလုံးသည် နေရာရွှေ့ပြောင်းပြီး ဘုရင်ခံရှဲ့၏ အခန်းသို့ သွားရောက်ကြလေသည်။

ဘုရင်ခံရှဲ့သည် ဤအခြေအနေကို မြင်လိုက်သည်နှင့် စစ်ဆေးမေးမြန်းခံရတော့မည်ကို သိလိုက်တော့သည်။ အဆင့်နှစ် အရာရှိကြီးတစ်ဦးအနေဖြင့် ရာဇဝတ်သားကဲ့သို့ စစ်ဆေးမေးမြန်းခံရခြင်းမှာ အမှန်တကယ်ပင် အရှက်ရစရာ ကောင်းလှသည်။

ထိုက်ဇီဖေးညန်ညန်၏ စွမ်းရည်မှာလည်း မျှော်လင့်ထားသည်ထက် များစွာ သာလွန်နေသည်။ အရှေ့နန်းဆောင်မှ အရာရှိများကို ဦးဆောင်ပြီး လာရောက်စစ်ဆေးမေးမြန်းခြင်းမှာ သူ့ကို မျက်နှာသာပေးခြင်း အလျဉ်းမရှိပေ။

သို့သော် ထိုက်ဇီ အိမ်ရှေ့စံသည် ဘုရင်ခံအိမ်တော်တွင် လုပ်ကြံခံရပြီး လူဆိုးများကလည်း အိမ်တော်အထိ ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ သူသည် ကျန်းနန်ဘုရင်ခံတစ်ဦးအနေဖြင့် တာဝန်မကင်းနိုင်သဖြင့် မျက်နှာလိုချင်၍လည်း မရနိုင်တော့ချေ။

"ကျွန်တော်မျိုး ထိုက်ဇီဖေးညန်ညန်ကို ဂါရဝပြုပါတယ်" ဘုရင်ခံရှဲ့သည် အသက်ပြင်းပြင်းရှူလိုက်ပြီး လက်ယှက် အရိုအသေပြုလိုက်လေသည်။

လုမင်ယွိက တစ်ချက်ဝေ့ကြည့်လိုက်ပြီး အေးစက်သော အသံဖြင့် ပြောလိုက်လေသည်။ "ဘုရင်ခံရှဲ့... ထပါ"

"ကျွန်မ ဘုရင်ခံရှဲ့ကို မေးစရာတချို့ ရှိတယ်။ ဝန်ကြီးရှန်းတို့ကို သက်သေအဖြစ် နားထောင်ခိုင်းထားတာပါ။ ဘုရင်ခံရှဲ့ ပြောသမျှ စကားတွေကို မှတ်တမ်းတင်ထားပြီး နန်းတော်ကို ပို့လိုက်မယ်။ အရှင်မင်းကြီးနဲ့ အမတ်ချုပ်ချောင်ကောလောင်တို့ ကြည့်ရှုစစ်ဆေးကြလိမ့်မယ်"

ဘုရင်ခံရှဲ့သည် အပြစ်ရှိစိတ်ဖြင့် ပြန်ဖြေလိုက်လေသည်။ "ညန်ညန် မေးမြန်းစရာရှိရင် မေးပါ။ ကျွန်တော်မျိုး သိသမျှ အကုန်လုံးကို အမှန်အတိုင်း လျှောက်တင်ပါ့မယ်"

လုမင်ယွိက အားနာမနေတော့ဘဲ အေးဆေးစွာ ပြောလိုက်လေသည်။ "ခဏနေရင် ကျွန်မ စစ်ဆေးရေးမှူးကျန်းနဲ့ တခြားနှစ်ယောက်ကို သွားမေးဦးမယ်။ တကယ်လို့ ရှင်တို့ပြောတာတွေက မကိုက်ညီဘူး၊ ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက် ဖုံးဖိပေးထားတယ်ဆိုတာ သိလိုက်ရရင် ကျွန်မကို အပြစ်မတင်နဲ့နော်"

ဘုရင်ခံရှဲ့ "..."

ဘုရင်ခံရှဲ့သည် စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသော်လည်း ရိုသေလေးစားစွာ ပြန်ဖြေလိုက်ရလေသည်။ "ကျွန်တော်မျိုး မုသားစကား မဆိုရဲပါဘူး"

လီယန်က ဘေးမှကြည့်ရင်း စိတ်ကျေနပ်နေမိသည်။

ထိုက်ဇီ ဒဏ်ရာရပြီး လဲနေချိန်တွင် သူတို့အဖွဲ့ထဲ၌ ရာထူးအကြီးဆုံး ဝန်ကြီးရှန်းသည်ပင် အဆင့်သုံးသာ ရှိလေသည်။ အဆင့်နှစ် ကျန်းနန်ဘုရင်ခံနှင့် ယှဉ်လျှင် အနည်းငယ် နိမ့်ကျနေသေးသည်။

ဒီရက်ပိုင်းအတွင်း ဘုရင်ခံရှဲ့တို့ကို အခန်းထဲတွင် ပိတ်လှောင်ထားသော်လည်း မည်သူမျှ မျက်နှာချင်းဆိုင် စစ်ဆေးမေးမြန်းရဲခြင်း မရှိခဲ့ချေ။

ထိုက်ဇီဖေးညန်ညန် ရောက်လာမှသာ အခြေအနေ ပြောင်းလဲသွားတော့သည်။ ပုံမှန်အချိန်တွင် မောက်မာတတ်သော ဘုရင်ခံရှဲ့သည်ပင် ယခုအခါ ခေါင်းငုံ့ခံနေရလေပြီ။

"စစ်ဆေးရေးမှူးကျန်း ခေါ်လာတဲ့ ကိုယ်ရံတော်တပ်သားက လူသတ်သမားဆိုတာ ရှင် အရင်ကတည်းက သိထားသလား" လုမင်ယွိက စတင်မေးမြန်းလိုက်လေသည်။

ဘုရင်ခံရှဲ့က ခါးသက်သက် သက်ပြင်းချလိုက်လေသည်။ "မသိပါဘူး။ စစ်ဆေးရေးမှူးကျန်း ကိုယ်တိုင်တောင် သူ့ဘေးနားကလူက သူများမွေးထားတဲ့ အသေခံတပ်သားမှန်း မသိခဲ့ပါဘူး"

လုမင်ယွိ၏ မျက်နှာထား ပြောင်းလဲခြင်းမရှိဘဲ ဆက်မေးလိုက်လေသည်။ "ဘုရင်ခံအိမ်တော်ထဲမှာ စစ်ဆေးရေးမှူးကျန်းရဲ့ လူတွေ ရှိသလား"

ဘုရင်ခံရှဲ့က ပြန်ဖြေလေသည်။ "မရှိပါဘူး။ ဘုရင်ခံအိမ်တော်ထဲက အစေခံတွေ အားလုံးက ကျွန်တော်မျိုးရဲ့ အိမ်တော်က မွေးထားတဲ့ လူတွေထဲကနေ သေချာရွေးချယ်ပြီး ကျန်းနန်ကို ခေါ်လာခဲ့တာပါ။ အားလုံးက သစ္စာရှိပြီး ယုံကြည်စိတ်ချရသူတွေပါ"

ဝန်ကြီးရှန်းသည် စာရွက်နှင့် စုတ်တံကို ထုတ်ကာ လျင်မြန်စွာ မှတ်တမ်းတင်နေလေသည်။ ဤနေရာသို့ ရောက်သောအခါ ဝင်ပြောလိုက်လေသည်။ "ဘုရင်ခံအိမ်တော်ထဲက အစေခံတွေ အားလုံးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ တပ်မှူးလုက တစ်ယောက်ချင်းစီ စစ်ဆေးမေးမြန်းပြီးပါပြီ။ သံသယဖြစ်ဖွယ်ရာ လူမတွေ့ရပါဘူး"

လုမင်ယွိက "အင်း" ဟု ပြန်ဖြေလိုက်ပြီး ထိုနေ့က စားပွဲအခြေအနေကို အသေးစိတ် ဆက်လက်မေးမြန်းလေသည်။

ဘုရင်ခံရှဲ့သည် ဒီရက်ပိုင်းအတွင်း ထိုနေ့က ဖြစ်ပျက်ခဲ့ပုံများကို အကြိမ်ကြိမ် ပြန်လည်စဉ်းစားထားသဖြင့် အသေးစိတ်အချက်အလက်များကိုပင် ရှင်းလင်းစွာ မှတ်မိနေပြီး မေးသမျှကို ချောမွေ့စွာ ဖြေကြားနိုင်လေသည်။

ဘုရင်ခံရှဲ့ကို မေးမြန်းပြီးနောက် လုမင်ယွိသည် လူအုပ်စုကို ဦးဆောင်ပြီး စစ်ဆေးရေးမှူးကျန်း၏ အခန်းသို့ သွားရောက်ကြလေသည်။

စစ်ဆေးရေးမှူးကျန်းသည် လဝက်ကျော်မျှ စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲခဲ့ရသဖြင့် စိတ်ဓာတ်ကျဆင်းနေပြီး ယခင်က သပ်ရပ်ချောမောသော မျက်နှာသည် ယခုအခါ မုတ်ဆိတ်မွေးများဖြင့် ဖုံးလွှမ်းနေကာ ညစ်ပတ်ပေရေနေလေသည်။

လုမင်ယွိတို့ ဝင်လာသောအခါ စစ်ဆေးရေးမှူးကျန်းသည် အံ့အားသင့်သွားလေသည်။

မျက်ခုံးမျက်လုံး စူးရှပြီး အကြည့်ထက်မြက်တဲ့ ဒီအမျိုးသမီးက ဘယ်သူပါလိမ့်။

ဘာလို့ ဝန်ကြီးရှန်းတို့က သူမအပေါ် ဒီလောက်တောင် ရိုသေလေးစားနေကြတာလဲ။

လီယန်က အေးစက်စွာ အော်ဟစ်လိုက်လေသည်။ "ထိုက်ဇီဖေးညန်ညန် ရောက်နေတာကို စစ်ဆေးရေးမှူးကျန်းက ဘာကြောင်ကြည့်နေတာလဲ။ ညန်ညန်ကို မြန်မြန် အရိုအသေမပြုဘဲ ဘာလုပ်နေတာလဲ"

စစ်ဆေးရေးမှူးကျန်း "..."

စစ်ဆေးရေးမှူးကျန်းသည် ကြောင်တောင်တောင် ဖြစ်သွားပြီး ဝန်ကြီးရှန်းကို အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။ ဟို လူငယ်လေးတွေက ကြည့်ရတာ သိပ်စိတ်ချရမယ့်ပုံ မပေါက်ဘူး။

ဝန်ကြီးရှန်းက ခေါင်းအနည်းငယ် ညိတ်ပြပြီး သိမ်မွေ့စွာ သတိပေးလိုက်လေသည်။ "စစ်ဆေးရေးမှူးကျန်း... ထိုက်ဇီဖေးညန်ညန်က စစ်သည်တွေကို ဦးဆောင်ပြီး ကျန်းနန်ကို ရောက်လာတာပါ။ မနေ့ညက လူဆိုးတွေ ဘုရင်ခံအိမ်တော်ကို ဝိုင်းတိုက်တုန်းက ညန်ညန် အချိန်မီ ဝင်ရောက်ကူညီခဲ့လို့သာပေါ့။ မဟုတ်ရင် အခု ကျွန်တော်တို့ စစ်ဆေးရေးမှူးကျန်းကို လာတွေ့နိုင်မှာ မဟုတ်တော့ဘူး"

ဒါကြောင့် ခင်ဗျားအနေနဲ့ ရိုးရိုးသားသား အရိုအသေပြုပြီး မေးတာဖြေလိုက်တာ ကောင်းမယ်။ ဖုံးကွယ်ဖို့ လှည့်စားဖို့ မစဉ်းစားနဲ့တော့။

စစ်ဆေးရေးမှူးကျန်းသည် အံ့အားသင့်မှုကို မျိုသိပ်လိုက်ပြီး ရှေ့တိုးကာ အရိုအသေပြုလိုက်လေသည်။ "ကျွန်တော်မျိုး ထိုက်ဇီဖေးညန်ညန်ကို ဂါရဝပြုပါတယ်"

လုမင်ယွိက စကားမပြောဘဲ စစ်ဆေးရေးမှူးကျန်းကို အေးစက်စွာ ကြည့်နေလေသည်။

စစ်ဆေးရေးမှူးကျန်းသည် ဖိအားတစ်ခုက သူ့ကို ဖိနှိပ်ထားသလို ခံစားလိုက်ရပြီး ခေါင်းမော့၍ အသက်ရှူရန်ပင် ခက်ခဲလာသည်။ ထိုက်ဇီဖေးညန်ညန်က ထခွင့်မပေးသဖြင့် သူသည် အရိုအသေပြုသည့် ပုံစံအတိုင်း ဆက်နေလိုက်ရသည်။

လက်ဖက်ရည်တစ်အိုးတည်ချိန်ခန့် ကြာမှ လုမင်ယွိက ပြောလိုက်လေသည်။ "စစ်ဆေးရေးမှူးကျန်း... ထပါ"

စစ်ဆေးရေးမှူးကျန်း၏ ကျောပြင်တစ်ခုလုံး ချွေးအေးများဖြင့် စိုရွှဲနေလေပြီ။ ကျေးဇူးတင်စကားဆိုကာ မတ်တပ်ရပ်လိုက်ပြီး ခေါင်းမော့ကြည့်လိုက်ရာ လုမင်ယွိ၏ အေးစက်စူးရှသော အကြည့်နှင့် ဆုံတွေ့လိုက်ရသဖြင့် ရင်ထဲတွင် တုန်လှုပ်သွားရပြန်တော့သည်။

...

All Chapters