အခန်း (၅၈၉-၅၉၁)
Vol. 40 Ch. 589-591
အပိုင်း (၅၈၉) စစ်ဆေးမေးမြန်းခြင်း (၂)
ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းမှ ဆင်းသက်လာပြီး မာနကြီးကာ မိမိကိုယ်ကို အထင်ကြီးတတ်သည့် ဘုရင်ခံရှဲ့နှင့် ယှဉ်လျှင် ဆင်းရဲသားဘဝမှ တက်လာသည့် စစ်ဆေးရေးမှူးကျန်းကို ကိုင်တွယ်ရသည်မှာ ပို၍ လွယ်ကူလေသည်။
လုမင်ယွိ၏ ဂုဏ်အရှိန်အဝါဖြင့် ဖိနှိပ်ထားမှုနှင့် အေးစက်ခက်ထန်သော အကြည့်များကြောင့် စစ်ဆေးရေးမှူးကျန်းမှာ စိတ်ရောကိုယ်ပါ တုန်လှုပ်ချောက်ချားနေလေပြီ။
စစ်ဆေးရေးမှူးကျန်းသည် အံကိုကြိတ်ကာ ဒူးထောက်ဝန်ခံလိုက်တော့သည်။ "...အဲဒါ ကျွန်တော်မျိုးရဲ့ ကိုယ်ရံတော်တွေပါ။ အရှင်မင်းသားကို ရုတ်တရက် လုပ်ကြံခဲ့တာပါ။ ဒီကိုယ်ရံတော်အဖွဲ့က ကျွန်တော်မျိုး ကျန်းနန်ကို စရောက်တုန်းက ဝယ်ခဲ့တဲ့ အစေခံတွေပါ။ ကျွန်တော်မျိုးရဲ့ ဘေးနားမှာ နေတာ နှစ်အတော်ကြာပါပြီ။ ကျွန်တော်မျိုးက သူတို့ကို အပြည့်အဝ ယုံကြည်ထားမိလို့ စားပွဲသောက်ပွဲထဲထိ ခေါ်လာမိတာပါ။ အကြီးအကျယ် ဒုက္ခရောက်ကုန်တော့မလိုဖြစ်သွားခဲ့ပါတယ်"
"ကျွန်တော်မျိုးမှာ အပြစ်ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောဆိုဖို့ မဝံ့ရဲပါဘူး။ သတ်ချင်သတ် ခုတ်ချင်ခုတ်ပါ၊ ကျွန်တော်မျိုး အပြစ်ကို ဝန်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးရဲ့ မိသားစုကိုတော့ အသက်ချမ်းသာပေးဖို့ ထိုက်ဇီဖေးညန်ညန်ကို တောင်းပန်ပါတယ်"
ပြောပြီးသည်နှင့် စစ်ဆေးရေးမှူးကျန်းသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ခေါင်းဖြင့် ဒုန်းဒုန်းဒုန်းမြည်အောင် သုံးကြိမ်တိုင်တိုင် ပေါက်လိုက်လေသည်။
လုမင်ယွိသည် တုန်လှုပ်ခြင်းမရှိဘဲ အေးစက်စွာ ပြောလိုက်လေသည်။ "စစ်ဆေးရေးမှူးကျန်းရဲ့ လူတွေ လက်စလက်နလေ။ မဖြစ်ခင်က ထူးခြားမှု နည်းနည်းလေးတောင် မရှိခဲ့ဘူးလား"
စစ်ဆေးရေးမှူးကျန်းသည် ဒူးထောက်လျက်ပင် ရှိနေပြီး လေသံထဲတွင် ခါးသီးမှုများ ပြည့်နှက်နေလေသည်။ "ဒီရက်ပိုင်းအတွင်း ကျွန်တော်မျိုး အကြိမ်ကြိမ် ပြန်စဉ်းစားကြည့်ပါတယ်။ ဘာထူးခြားမှုမှကို စဉ်းစားလို့ မရဘူး ဖြစ်နေပါတယ်"
လုမင်ယွိက မျက်လုံးကို အနည်းငယ် မှေးလိုက်ပြီး ရုတ်တရက် အမိန့်ပေးလိုက်လေသည်။ "ငါ့အမိန့်စာ ထုတ်လိုက်။ ကျန်းအိမ်တော်ကိုသွားပြီး လူကြီးမင်းကျန်းရဲ့ မိသားစုဝင် အားလုံးကို ခေါ်လာခဲ့။ တစ်ယောက်ချင်းစီ စစ်ဆေးမေးမြန်းမယ်"
စစ်ဆေးရေးမှူးကျန်းသည် တစ်ကိုယ်လုံး တုန်တက်သွားပြီး ရုတ်တရက် ခေါင်းမော့ကာ နှုတ်မှ လွှတ်ခနဲ ပြောထွက်လာတော့သည်။ "အမှားအားလုံးက ကျွန်တော်မျိုး တစ်ယောက်တည်းရဲ့ အပြစ်ပါ။ မိသားစုအထိ အပြစ်မယူပါနဲ့။ သူတို့ကို အသက်ချမ်းသာပေးပါ ညန်ညန်"
လုမင်ယွိက အေးဆေးစွာ ပြောလိုက်လေသည်။ "ငါကြည့်ရသလောက် လူကြီးမင်းကျန်းက လိမ်တော့ မလိမ်ဘူး။ ဒါပေမဲ့ ဖုံးကွယ်ထားတာတော့ ရှိတယ်။ ဒီကိုယ်ရံတော်သုံးယောက်ကို ခိုင်းစေနိုင်တာက သာမန်လူ မဟုတ်နိုင်ဘူး။ လူကြီးမင်းကျန်း မသိဘူးဆိုရင် သစ္စာဖောက်က လူကြီးမင်းကျန်းရဲ့ မိသားစုထဲမှာ ရှိနေနိုင်တယ်။ ဟုတ်မဟုတ်ဆိုတာ သေချာမေးမြန်းကြည့်မှ သိရမှာပေါ့"
"တကယ်လို့ လူကြီးမင်းကျန်း ပြောသလို ကျန်းမိသားစုဝင်တွေက အပြစ်ကင်းတယ်ဆိုရင် ငါ တမင်သက်သက် ဒုက္ခမပေးပါဘူး။ တကယ်လို့ မသင်္ကာစရာ တစ်ခုခု စစ်ဆေးတွေ့ရှိခဲ့ရင်တော့ ငါ့ကို လက်ရဲတယ်လို့ အပြစ်မတင်နဲ့နော်"
စစ်ဆေးရေးမှူးကျန်း၏ မျက်နှာသည် ပို၍ ဖြူဖျော့သွားလေသည်။ ပါးစပ်ဟပြီး ပြောရန် ပြင်လိုက်သော်လည်း ပြန်လည်ချေပရန် အကြောင်းပြချက် ရှာမတွေ့တော့ချေ။
ဟုတ်သားပဲ... အပြစ်ကင်းစင်တယ်ဆိုရင် စစ်ဆေးမေးမြန်းမှာကို ဘာကြောက်စရာ ရှိသလဲ။
အဓိကအချက်က သူကိုယ်တိုင်လည်း စိတ်ထဲတွင် ရောထွေးပြီး သံသယဝင်နေမိခြင်း ဖြစ်၏...
လုမင်ယွိသည် စကားဆက်မပြောတော့ဘဲ ဘေးသို့လှည့်ကာ အမိန့်ပေးလိုက်လေသည်။ ဝန်ကြီးရှန်းသည် စုတ်တံကို လျင်မြန်စွာ ရွေ့လျားပြီး တစ်ခုမကျန် မှတ်တမ်းတင်နေလေသည်။
ထို့နောက်တွင်တော့ အခြားအရာရှိ နှစ်ဦး၏ အလှည့် ဖြစ်လေသည်။ ထိုနှစ်ဦးသည်လည်း စာမေးပွဲအောင်မြင်ထားသည့် စာပေပညာရှင် အရာရှိများဖြစ်ကြပြီး ဘုရင်ခံရှဲ့၏ လက်ရုံးများ ဖြစ်ကြသည်။ ထိုနေ့က စားပွဲသောက်ပွဲ အကြောင်း မေးမြန်းသည့်အခါ နှစ်ဦးစလုံး ထိတ်လန့်ကြောက်ရွံ့နေကြလေသည်။
"ထိုက်ဇီဖေးညန်ညန်ကို လျှောက်တင်ပါတယ်... အဲဒီနေ့က ကျွန်တော်မျိုး စစ်ဆေးရေးမှူးကျန်းရဲ့ ဘေးမှာ ထိုင်နေတာပါ။ အစတုန်းကတော့ ခွက်ချင်းတိုက်ပြီး သောက်နေကြတာ။ ဟိုကိုယ်ရံတော်သုံးယောက်က ဘာအရိပ်အယောင်မှ မပြဘဲ ရုတ်တရက် ထလုပ်ကြတာပါ။ ကျွန်တော်မျိုး ရှက်တော့ရှက်မိပါတယ်။ အဲဒီတုန်းက ကြောက်လွန်းလို့ ကြောင်အမ်းအမ်း ဖြစ်သွားမိတယ်။ အရှင်မင်းသား ဒဏ်ရာရပြီး လုပ်ကြံသူသုံးယောက် သေသွားမှပဲ ကျွန်တော်မျိုး သတိပြန်ဝင်လာတာပါ"
"ကျွန်တော်မျိုး မိုးမြေကို တိုင်တည်ပြီး ကျိန်ရဲပါတယ်။ ဒီကိစ္စနဲ့ ကျွန်တော်မျိုး လုံးဝ မပတ်သက်ပါဘူး။ တကယ်လို့ စကားတစ်လုံးတောင် လိမ်ပြောမိရင် မိုးကြိုးပစ်ပါစေ"
……
နှစ်နာရီကျော်ခန့် အလုပ်ရှုပ်ပြီးနောက် ဘုရင်ခံရှဲ့ အပါအဝင် လေးဦးစလုံးကို စစ်ဆေးမေးမြန်းပြီး ဖြစ်လေသည်။
နောက်ဆုံးတွင် စစ်သူကြီးလော့၏ အလှည့်သို့ ရောက်ရှိလာလေသည်။
ဤစစ်သူကြီးလော့သည် အလွန် မောက်မာခက်ထန်သူ ဖြစ်လေသည်။ ကုလားထိုင်ပေါ်တွင် ခြေလက်များ တုပ်နှောင်ခံထားရပြီး မျက်လုံးများထဲတွင် မီးပွားများ ထွက်မတတ် ဒေါသထွက်နေလေသည်။
စောင့်ကြပ်နေသည့် ကိုယ်ရံတော်တပ်သားက ပါးစပ်ထဲမှ အဝတ်စကို ဆွဲထုတ်လိုက်သည်နှင့် သူက ချက်ချင်း အော်ဟစ်တော့သည်။ "ငါ့ကို မြန်မြန် လွှတ်ပေးစမ်း။ ငါက အရှင်မင်းကြီး ကိုယ်တိုင်ခန့်အပ်ထားတဲ့ ကျန်းနန်တပ်ရဲ့ စစ်သူကြီးချုပ်ကွ... အရှင်မင်းသားကို ကာကွယ်ဖို့ တမင်သက်သက် စစ်သည်တွေ ခေါ်လာတာ။ မင်းတို့က ငါ့ကို ဒီလိုဆက်ဆံရဲတယ်ပေါ့။ ငါ အရှင်မင်းကြီးဆီ စာလွှာပို့ပြီး တိုင်မယ်။ အရှင်မင်းကြီးကို ငါ့ဘက်က ရပ်တည်ပေးဖို့ လျှောက်တင်မယ်..."
လုမင်ယွိ ရှိနေ၍သာ။ မဟုတ်လျှင် ရိုင်းစိုင်းသည့် ဆဲရေးသံများပါ ထွက်လာလောက်ပြီ ဖြစ်သည်။
လုမင်ယွိ၏ မျက်လုံးများ အေးစက်သွားပြီး ကိုယ်ရံတော်တပ်သားကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။
ကိုယ်ရံတော်တပ်သားက သဘောပေါက်လိုက်ပြီး ချက်ချင်း ရှေ့တိုးကာ ပါးစပ်ထဲသို့ အဝတ်စ ပြန်ထိုးထည့်လိုက်လေသည်။ လှုပ်ရှားမှုက အနည်းငယ် ကြမ်းတမ်းသဖြင့် စစ်သူကြီးလော့ခမျာ လေဖြတ်မတတ် ဖြစ်သွားရလေသည်။
စစ်သူကြီးလော့မှာ ဒေါသထွက်၍လား၊ သို့မဟုတ် လည်ချောင်းပိတ်သွား၍လားမသိ မျက်နှာနှင့် လည်ပင်းများ နီရဲလာသည်ကို မြင်မှ လုမင်ယွိက မျက်ရိပ်ပြလိုက်လေသည်။ ကိုယ်ရံတော်တပ်သားက ရှေ့တိုးသွားပြီး ပါးစပ်ထဲမှ အဝတ်စကို ပြန်ဆွဲထုတ်ပေးလိုက်သည်။
"ငါက အဆင့်နှစ် စစ်သူကြီးကွ... ထိုက်ဇီဖေးညန်ညန်က ငါ့ကို ဒီလိုဆက်ဆံတာ ဂုဏ်သတင်း ထိခိုက်မှာ မကြောက်ဘူးလား..."
ပါးစပ်က အနံ့ဆိုးထွက်နေသော အဝတ်စဖြင့် ထပ်မံပိတ်ဆို့ခံလိုက်ရပြန်သည်။ ဒေါသတကြီး အော်ဟစ်သံများ အားလုံး ပြန်မြိုချလိုက်ရလေသည်။
ခဏကြာတော့ အဝတ်စကို ပြန်ထုတ်ပေးလိုက်ပြန်သည်။ စစ်သူကြီးလော့မှာ ဒေါသထွက်လွန်းသဖြင့် ဆဲရေးတိုင်းထွာရန် ပြင်လိုက်သော်လည်း လုမင်ယွိက မျက်ရိပ်မပြရသေးခင် အဝတ်စက ပါးစပ်ထဲ ပြန်ရောက်လာလေသည်။
ဤသို့ဖြင့် ဆယ်ကြိမ်မက ပြုလုပ်ပြီးနောက် စစ်သူကြီးလော့ခမျာ စိတ်ဓာတ်ကျသွားတော့သည်။ အဝတ်စကို ဆွဲထုတ်လိုက်သော်လည်း အသံမထွက်တော့ဘဲ လုမင်ယွိကိုသာ နာကျည်းစွာ စိုက်ကြည့်နေတော့သည်။
"ရိုင်းစိုင်းလိုက်တာ။ ညန်ညန်ကို မလေးမစား လုပ်ရဲတယ်ပေါ့" လီယန်က လူငယ်ပီပီ သွေးဆူလွယ်သူဖြစ်ရာ စစ်သူကြီးလော့၏ မလေးမစားပြုမူမှုကို သည်းမခံနိုင်တော့ဘဲ ရှေ့တိုးကာ စစ်သူကြီးလော့ကို ခြေထောက်ဖြင့် ကန်လိုက်တော့သည်။
ဝုန်းခနဲ အသံကျယ်ကြီး ထွက်ပေါ်လာပြီး စစ်သူကြီးလော့သည် ကုလားထိုင်နှင့်အတူ မြေကြီးပေါ်သို့ လဲကျသွားကာ လိမ့်သွားလေသည်။ ဒဏ်ရာမရသော်လည်း အလွန်တရာ ကြည့်ရဆိုးပြီး အရှက်ရစေလေသည်။
ဖန်းဇီကျန်းနှင့် ကျိုးလီတို့၏ ရင်ထဲတွင် အလွန် ကျေနပ်အားရသွားကြသည်။
ဒီလိုကိစ္စမျိုးကို လီယန်က ဝင်လုပ်တာ အသင့်တော်ဆုံးပဲ။ ရာထူးအရဆိုလျှင် လီယန်က စစ်သူကြီးလော့ကို မမီပေ။ သို့သော် လီယန်သည် တုန်းဖျင်ကျွင်းဝမ်၏ သား၊ ဆက်ခံသူ ဖြစ်သည့်အပြင် ယုံးကျားဧကရာဇ်၏ တူတော်မောင်လည်း ဖြစ်လေသည်။ ကန်တာမပြောနှင့်၊ စစ်သူကြီးလော့ကို အသေရိုက်လျှင်တောင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည် မဟုတ်ပေ။
အမိုးအောက်ရောက်နေမှတော့ ခေါင်းငုံ့ရတော့မည်။ စစ်သူကြီးလော့သည် ဒေါသများကို အံကြိတ်မြိုသိပ်လိုက်ရသည်။ ကိုယ်ရံတော်တပ်သားနှစ်ဦးက သူ့ကို မ,ထူပေးလိုက်ပြီး ကုလားထိုင်ပေါ်တွင် ပြန်ထိုင်ခိုင်းလိုက်သည်။
ထိုအခါမှ လုမင်ယွိက အေးစက်စွာ စကားစပြောလေသည်။ "လော့ဝူ... ရှင် မကျေနပ်ဘူးလား"
စစ်သူကြီးလော့က မျက်နှာသေဖြင့် စကားလုံးအနည်းငယ်ကို ညှစ်ထုတ်လိုက်လေသည်။ "ဟုတ်တယ်။ ကျွန်တော် မကျေနပ်ဘူး"
"ကျွန်တော်က အရေးပေါ်သတင်းရတာနဲ့ စစ်သည်တွေကို စုစည်းခဲ့တာ။ သန်းခေါင်ယံ အချိန်ဆိုတော့ စစ်သည်တွေက အိပ်မောကျနေကြတာလေ။ နေ့ခင်းဘက်လောက် ဘယ်မြန်ပါ့မလဲ။ အရှင်မင်းကြီး ရှေ့မှောက်ရောက်ရင်တောင် ကျွန်တော် ရင်ကော့ပြီး ဒီတိုင်းပြောရဲတယ်"
လုမင်ယွိက အေးစက်စက် ရယ်မောလိုက်လေသည်။ "စစ်သူကြီးလော့က ပါးစပ်မာသားပဲ။ တကယ်ပဲ တမင်အချိန်ဆွဲတာလား၊ မဆွဲဘူးလားဆိုတာ ရှင့်စိတ်ထဲမှာ အသိဆုံးပါ။ ရှင် ဝန်မခံလည်း ကိစ္စမရှိပါဘူး။ ကျွန်မ လူလွှတ်ပြီး စစ်စခန်းထဲမှာ သေချာစစ်ဆေးခိုင်းလိုက်မယ်"
"ပြီးတော့ ကြားမိတာက စစ်သူကြီးလော့ ကျန်းနန်ရောက်တာ ၃နှစ်ပဲ ရှိသေးတယ်။ လယ်တွေခြံတွေ အများကြီးပိုင်ဆိုင်ပြီး ဇနီးမယားပြိုင်တွေနဲ့ အိမ်ကြီးအိမ်ကောင်း ၇လုံး ၈လုံးတောင် ရှိနေပြီတဲ့။ ကျန်းနန်စစ်တပ်က ၃သောင်းပဲ ရှိတာပါ။ စစ်သည်တွေရဲ့ သွေးကို စုပ်ရင်တောင် ၃နှစ်အတွင်း ဒီလောက်များတဲ့ အိမ်တွေခြံတွေ ရလာစရာ အကြောင်းမရှိဘူး။ ဒါတွေက ဘယ်ကရတာလဲ"
စစ်သူကြီးလော့ "..."
စစ်သူကြီးလော့သည် မိမိအကြောင်းကို အကုန်နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းထားပြီးဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ချေ။ နောက်ဆုံးစကားများကို ကြားလိုက်ရသည့်အခါ မျက်နှာအရောင် ပြောင်းလဲသွားလေသည်။ ပြန်လည်ဖြေရှင်းရန် ကြိုးစားသော်လည်း သင့်တော်သည့် အကြောင်းပြချက် ရှာမတွေ့ ဖြစ်နေရသည်။
ဘေးနားတွင် တိတ်ဆိတ်စွာ မှတ်တမ်းတင်နေသော ဝန်ကြီးရှန်းသည် ရွံရှာစက်ဆုပ်သည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်လေသည်။ "ကျွန်တော်မျိုးက ဘဏ္ဍာရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတာပါ။ စစ်တပ်ကို ချပေးတဲ့ ငွေစာရင်းတိုင်း မှတ်တမ်းရှိပါတယ်။ ကျန်းနန်စစ်တပ်ရဲ့ ၃နှစ်စာ ရိက္ခာငွေ စုစုပေါင်းတောင် အဲဒီလောက် မရှိပါဘူး"
"စစ်သူကြီးလော့ရဲ့ မျက်လုံးထဲမှာ ငွေပဲ ရှိတော့တာလား။ တိုင်းပြည်ဥပဒေဆိုတာရော ရှိသေးရဲ့လား။ အရှင်မင်းကြီးက ခင်ဗျားကို ယုံကြည်ပြီး ကျန်းနန်စစ်တပ်ကို အုပ်ချုပ်ခိုင်းတာက စစ်အင်အားနဲ့ ကျန်းနန်က ရှေးဟောင်းမျိုးနွယ်ကြီးတွေကို ထိန်းချုပ်ပြီး ပုန်ကန်မှုတွေ မဖြစ်အောင်လို့လေ။ ခင်ဗျားက အရှင်မင်းကြီးရဲ့ ကျေးဇူးကို ဒီလိုပြန်ဆပ်တာလား"
ဖန်းဇီကျန်းက နှာခေါင်းရှုံ့လိုက်ပြီး ဝင်ပြောလိုက်လေသည်။ "ဘယ်သူ့ပိုက်ဆံမဆို ခင်ဗျားက ယူရဲတယ်ပေါ့လေ။ ကျန်းနန်က ရှေးဟောင်းမျိုးနွယ်ကြီးတွေ ပေးတဲ့ လက်ဆောင်တွေက များလွန်းတော့ ပြန်ပြီး ကျေးဇူးဆပ်ရတာပေါ့။ ခင်ဗျားက အရေးကြီးတဲ့အချိန်မှာ တမင်သက်သက် အချိန်ဆွဲနေခဲ့တာ။ တကယ်လို့ ထိုက်ဇီဖေးညန်ညန်သာ အချိန်မီ ရောက်မလာရင် ဘုရင်ခံအိမ်တော်ထဲမှာ လူဘယ်နှယောက်လောက် သေကုန်ကြမလဲ မသိဘူး"
ကျိုးလီက ဒေါသတကြီးဖြင့် တံတွေးထွေးလိုက်လေတော့သည်။
...
အပိုင်း (၅၉၀) စစ်ဆေးမေးမြန်းခြင်း (၃)
စစ်သူကြီးလော့၏ မျက်နှာအရောင်သည် ပြောင်းလဲသွားပြီး ဆင်ခြေပေးရန် ပြင်လိုက်သော်လည်း လုမင်ယွိသည် ဆက်လက်နားထောင်ချင်စိတ် မရှိတော့သဖြင့် ကိုယ်ရံတော်တပ်သားအား တစ်ချက် ဝေ့ကြည့်လိုက်လေသည်။
ကိုယ်ရံတော်တပ်သားသည် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး လျင်မြန်စွာ ရှေ့တိုးကာ အဝတ်စအကြီးကြီးကို စစ်သူကြီးလော့၏ ပါးစပ်ထဲသို့ ထပ်မံထိုးထည့်လိုက်ပြန်သည်။ စစ်သူကြီးလော့သည် တအူအူမြည်နေပြီး မည်သည့်အရာကို ပြောချင်နေမှန်း မသိနိုင်ချေ။
လူအုပ်စုသည် အခန်းထဲမှ ထွက်လာပြီးနောက် လုမင်ယွိက ဝန်ကြီးရှန်းကို ပြောလိုက်သည်။ "ဒီည ဝန်ကြီးရှန်း ပင်ပန်းရတော့မယ်။ သဝဏ်လွှာတစ်စောင်လောက်ရေးပြီး အမှုတွဲနဲ့အတူ မြို့တော်ကို ပို့ပေးပါ"
ဝန်ကြီးရှန်းသည် တည်ငြိမ်စွာ လက်ခံပြောကြားလိုက်လေသည်။ "ကျွန်တော်မျိုး အခုချက်ချင်း အမှုတွဲတွေ စီစစ်ပြီး သဝဏ်လွှာရေးလိုက်ပါ့မယ်"
ဝန်ကြီးရှန်း ထွက်ခွာသွားပြီးနောက် လုမင်ယွိသည် ဖန်းဇီကျန်း၊ ကျိုးလီနှင့် လီယန်တို့ သုံးဦးကို ကြည့်လိုက်လေသည်။ "တပ်မှူးကျော်နဲ့ လုယိတို့က သူတို့အလုပ်နဲ့သူတို့ မအားကြဘူး။ နောက်ရက်တွေကျရင် ရှင်တို့ပဲ အိမ်တော်အပြင်နဲ့အတွင်းကို မျက်ခြည်မပြတ် စောင့်ကြည့်ပေးကြပါ။ ထူးခြားမှု တစ်ခုခုရှိတာနဲ့ ချက်ချင်း လာပြောပါ"
သုံးဦးသားသည် ပြိုင်တူ လက်ယှက်ကာ အမိန့်ကို နာခံလိုက်ကြလေသည်။
လီယန်သည် အသက်အငယ်ဆုံးဖြစ်ပြီး စိတ်မြန်လက်မြန်ရှိသူဖြစ်ရာ မနေနိုင်မထိုင်နိုင် စပ်စုမေးမြန်းတော့သည်။ "ကြားမိတာက ညန်ညန် ဝတ်စုံနက် နှစ်ယောက်ကို အိမ်တော်ထဲ ခေါ်လာတယ်ဆို။ သွားပြီး စစ်ဆေးမေးမြန်းဖို့ လိုဦးမလားမသိဘူး"
လုမင်ယွိက တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည်။ "ကျွန်မ လုယိကို စစ်ဆေးမေးမြန်းခိုင်းလိုက်ပြီ"
ဘုရင်ခံရှဲ့တို့ လေးဦးသည် နန်းတွင်းအရာရှိကြီးများ ဖြစ်ကြသဖြင့် စစ်ဆေးမေးမြန်းလျှင်ပင် နှိပ်စက်ညှဉ်းပန်း၍ မရနိုင်ဘဲ ယဉ်ယဉ်ကျေးကျေး မေးမြန်းရလေသည်။ ဟို ဝတ်စုံနက် အမျိုးသားနှစ်ဦးအတွက်မူ ထိုမျှလောက် ကောင်းမွန်သော ဆက်ဆံရေးမျိုး ရှိမည်မဟုတ်ပေ။
လီယန်သည်လည်း ဆက်မမေးတော့ချေ။
လုမင်ယွိ ထွက်ခွာသွားပြီးနောက် ဖန်းဇီကျန်းက အသံတိုးတိုးဖြင့် ပြောလိုက်၏။ "ငါကြည့်ရသလောက် ဟိုဝတ်စုံနက် နှစ်ယောက်က ဒီညကို ကျော်နိုင်မှာ မဟုတ်တော့ဘူး"
ကျိုးလီ၏ မျက်ဝန်းထဲတွင် ဒေါသနှင့် နာကျည်းမုန်းတီးမှုများ ဖြတ်သန်းသွားကာ "ဒီလူတွေက တော်တော် မိုက်ရိုင်းရဲတင်းတာပဲ။ ဘုရင်ခံအိမ်တော်ကို ဝိုင်းတိုက်ရဲတယ်၊ အရှင်မင်းသားကို လုပ်ကြံရဲတယ်။ တစ်စစီမွှန်းပြီး သတ်ပစ်ရင်တောင် အမုန်းပြေမှာ မဟုတ်ဘူး"
လီယန်က နှမြောတသဖြစ်သလို သက်ပြင်းချလိုက်လေသည်။ "နှမြောစရာပဲ။ ငါက နှိပ်စက်ပြီး စစ်ဆေးမေးမြန်းတာ မကျွမ်းကျင်လို့။ မဟုတ်ရင် ကိုယ်တိုင် သွားစစ်ဆေးမေးမြန်းချင်တာ"
ထားလိုက်ပါတော့လေ။ ဒီလိုအလုပ်မျိုးကို ထိုက်ဇီဖေးရဲ့ လူယုံ လုယိကိုပဲ လွှဲပေးလိုက်ပါတော့မယ်။
သုံးဦးသားသည် ခေါင်းချင်းဆိုင်ကာ မိမိတို့ တာဝန်ယူရမည့် ကိစ္စများကို တိုင်ပင်ဆွေးနွေးပြီးနောက် အလုပ်ကိုယ်စီ သွားလုပ်ကြတော့သည်။
……
လုမင်ယွိသည် ယခုအချိန်တွင် အိပ်ဆောင်ထဲသို့ ပြန်လည်ရောက်ရှိနေလေပြီ။
လီကျင့်သည် ဆေးလဲ၊ အပ်စိုက်ကုသပြီး ဆေးရည်စိမ်လိုက်ရာ ၂နာရီခန့် အချိန်ကုန်ဆုံးသွားခဲ့သည်။ မျက်နှာပေါ်ရှိ သွေးရောင်ကို ကြည့်ရသည်မှာ ထိတ်လန့်စရာ ကောင်းလှသည်။ ဤတစ်ကြိမ်တွင် အားအင်အများအပြား ဆုံးရှုံးသွားခဲ့ရာ မူလအတိုင်း ပြန်ဖြစ်လာရန် မည်မျှကြာအောင် ကုသရမည်မသိချေ။
လုမင်ယွိသည် ကြည့်ရင်းဖြင့် ရင်ထဲတွင် နာကျင်လာပြီး ရှေ့တိုးကာ လီကျင့်၏ မျက်နှာကို ဖွဖွလေး ပွတ်သပ်ပေးလိုက်လေသည်။ မျက်ဝန်းထဲတွင် ကြင်နာမှုနှင့် သနားဂရုဏာများ ပြည့်နှက်နေ၏။
ယခုအချိန်တွင် လုမင်ယွိသည် ယခင်က ဓားဆွဲပြီး လူသတ်နတ်ဘုရားမသဖွယ် ဖြစ်နေသော အမျိုးသမီးနှင့် လုံးဝ ကွဲပြားခြားနားနေလေသည်။
လီကျင့်သည် ညာဘက်လက်ကို မလှုပ်ရှားနိုင်သဖြင့် ဘယ်ဘက်လက်ကို ဆန့်ထုတ်ကာ လုမင်ယွိ၏လက်ကို အုပ်မိုးကိုင်လိုက်လေသည်။ "အားလုံး မေးပြီးပြီလား"
လုမင်ယွိက "အင်း" ဟု ပြန်ဖြေလိုက်လေသည်။ "ဝန်ကြီးရှန်းက အမှုတွဲတွေ စီစစ်ပြီး သဝဏ်လွှာရေးဖို့ သွားပြီ"
ပြောရင်းဆိုရင်း ကုတင်ဘေးတွင် ဝင်ထိုင်လိုက်လေသည်။ လီကျင့်က မျက်နှာပြောင်တိုက်ကာ ခေါင်းကို လုမင်ယွိ၏ ပေါင်ပေါ်သို့ တင်ပြီး အိပ်လိုက်သည်။ ဇနီးမောင်နှံနှစ်ဦးသည် တစ်ယောက်က မျက်နှာမော့ထားပြီး တစ်ယောက်က ခေါင်းငုံ့ထားကာ အနေအထားမှာ အလွန်ရင်းနှီးကြင်နာလှသည်။
သူတို့နှစ်ဦး ပြောနေကြသည့် စကားများကတော့ နူးညံ့ချိုမြိန်သော လေထုနှင့် မသက်ဆိုင်လှချေ။
"မင်းအမြင်အရဆိုရင် ဘယ်သူက သံသယအဖြစ်ရဆုံးလဲ"
လုမင်ယွိ၏ မျက်လုံးများ အရောင်လက်သွားလေသည်။ "လူကိုသိပေမဲ့ စိတ်ကိုမသိနိုင်ဘူးလေ။ စကားနည်းနည်းပြောရုံနဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ။ နောက်ထပ် သူတို့လေးယောက်ရဲ့ မိသားစုဝင်တွေကိုပါ စစ်ဆေးမေးမြန်းရဦးမယ်"
လီကျင့်က အားနာသည့်ဟန်ဖြင့် ကြည့်လိုက်လေသည်။ "ဒီကိစ္စက မင်း မျက်နှာပြမှပဲ ရမှာ"
ဝန်ကြီးရှန်းက စာပေပညာရှင်ဖြစ်သဖြင့် အမှုစစ်ဆေးရာတွင် မကျွမ်းကျင်လှပေ။ ထို့အပြင် ကျန်းနန်၏ အခြေအနေက ရှုပ်ထွေးလှရာ ဝန်ကြီးရှန်း၏ ဂုဏ်ဒြပ်ဖြင့် ဖိနှိပ်၍ မရနိုင်ချေ။ ဖန်းဇီကျန်းတို့ဆိုလျှင် ပို၍ပင် မရနိုင်တော့ပေ။
ဂုဏ်ရည်မြင့်မားပြီး အရှိန်အဝါကြီးမားသော လုမင်ယွိကသာလျှင် လူအများကို ခြိမ်းခြောက်နိုင်လိမ့်မည်။
လုမင်ယွိက မျက်ခုံးပင့်လိုက်ပြီး ရယ်မောလိုက်ကာ "မထင်မှတ်ဘဲ ကျွန်မ အာဏာပြခွင့် ရတာပဲ။ ဒီတစ်ခါတော့ ဝဝလင်လင်ကြီး အာဏာပြလိုက်ဦးမယ်"
ဇနီးမောင်နှံကြားတွင် ကျေးဇူးတင်စကား ပြောနေရသည်မှာ စိမ်းကားသလို ဖြစ်နေလိမ့်မည်။
လီကျင့်၏ ရင်ထဲတွင် နွေးထွေးသွားပြီး စကားဆက်မပြောတော့ချေ။
ထိုအချိန်မှာပင် လုမင်ယွိ၏ ဗိုက်ထဲမှ အချိန်အခါမဟုတ်သည့် အသံတစ်ခု ထွက်ပေါ်လာလေသည်။ လုမင်ယွိသည် ရှက်ရွံ့ခြင်းမရှိဘဲ ဗိုက်ကိုပွတ်ကာ ပြောလိုက်၏။ "ကျွန်မ တစ်နေကုန် ဘာမှမစားရသေးဘူး"
သေချာတွက်ကြည့်လျှင် တစ်ရက်နှင့်တစ်ည ရှိလေပြီ။ နောက်ဆုံးစားခဲ့သည်မှာ ခြောက်ကပ်ကပ် မုန့်ပြားနှင့် ရေအေးအနည်းငယ်သာ။
နေ့ညမနား ခရီးနှင်လာခဲ့ရသဖြင့် လမ်းခရီးတစ်လျှောက်လုံး မုန့်ခြောက်များသာ စားခဲ့ရသည်။ လုမင်ယွိသည် ငယ်စဉ်ကတည်းက ဤကဲ့သို့ ဒုက္ခမျိုး မည်သည့်အခါကမျှ မကြုံတွေ့ခဲ့ရဖူးဘဲ ယခုတစ်ကြိမ်တွင် ညည်းညူခြင်းမရှိ သည်းခံကျော်ဖြတ်လာခဲ့သည်။
လီကျင့်သည် ရင်နာသလိုလို ရယ်ချင်သလိုလို ဖြစ်သွားကာ "ဒါဆို ကို ထမင်းပွဲပြင်ခိုင်းလိုက်မယ်"
လုမင်ယွိက သူ့ကို ထခွင့်မပေးချေ။ "ရှင် ကောင်းကောင်း လှဲနေ။ ကျွန်မပဲ သွားပြောလိုက်မယ်"
မီးဖိုချောင်တွင် ပူပူနွေးနွေး ထမင်းဟင်းများ ရှိနေသည်။ ရှောင်ယွမ်ကုန်းကုန်း ကိုယ်တိုင် သွားရောက်ယူငင်ရာ လက်ဖက်ရည်တစ်အိုးတည်ချိန်ခန့်တွင် ထမင်းချိုင့်ဆွဲပြီး ပြန်ရောက်လာလေသည်။ ၄ဆင့်ပါ ထမင်းချိုင့်အကြီးကြီးထဲတွင် သေသပ်သော ဟင်းပွဲ ၈မျိုးနှင့် ဆန်ကောင်းထမင်းတစ်ပန်းကန်အပြင် အငွေ့တထောင်းထောင်းထနေသော အမဲသားဟင်းရည်တစ်ခွက်ပါ ပါရှိလေသည်။ လူ ၃၊ ၄ယောက်စာ စားလောက်ပေသည်။
လုမင်ယွိသည် အားနာမနေတော့ဘဲ စားပွဲတွင်ဝင်ထိုင်ကာ တူကို လျင်မြန်စွာ လှုပ်ရှားပြီး စားသောက်လေတော့သည်။ တစ်ယောက်တည်းနှင့် ထမင်းဟင်းများကို ပြောင်စင်အောင် စားလိုက်လေသည်။
ရှောင်ယွမ်ကုန်းကုန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။
လီကျင့်မှာ ရယ်ချင်သလို ဖြစ်သွားသော်လည်း ရင်ထဲတွင် ပိုပြီး နာကျင်ခံစားလိုက်ရသည်။
၇ရက်အတွင်း မြို့တော်မှ ကျန်းနန်သို့ နေ့ညမနား ခရီးနှင်လာခဲ့ရာ သူမတစ်ယောက် သေချာပေါက် ပင်ပန်းဆင်းရဲခဲ့ရမည်။ သူမ၏ သိုင်းပညာ မည်မျှပင် ကောင်းမွန်ပါစေ စစ်သည်များကို ဦးဆောင်ပြီး ခရီးကြမ်းနှင်ရသည့် ပင်ပန်းမှုကို မခံစားဖူးချေ။
ဒီတစ်ခါ ဒုက္ခခံရတာ အားလုံးက သူ့အတွက်ကြောင့်ပင်။
လုမင်ယွိသည် ဗိုက်ဝသွားမှ ကျေနပ်သွားပြီး တူကိုချလိုက်၏။ ခေါင်းလှည့်ကြည့်လိုက်ရာ လီကျင့်၏ အကြည့်နှင့်ဆုံတွေ့သွားပြီး ပြုံးလိုက်ကာ "တကယ်ကို ဗိုက်ဆာလွန်းပြီး စားချင်စိတ်ဖြစ်နေလို့ပါ"
စားသောက်ပြီးနောက် ရေချိုးကြလေသည်။
ရေနွေးနှစ်ကြိမ် လဲလှယ်ပြီးနောက် အတွင်းအပြင် စင်ကြယ်အောင် ဆေးကြောပြီး နူးညံ့သော အိပ်ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။ ဆံပင်ရှည်များကို ခြောက်သွေ့အောင်သုတ်ကာ ဖြီးသင်ပြီး ပခုံးပေါ်တွင် ဖြန့်ချထားရာ အနက်ရောင် ရေတံခွန်တစ်ခုသဖွယ် ဖြစ်နေလေသည်။ ပါးပြင်လေးများသည် ဖြူဖွေးနုဖတ်ပြီး ပန်းရောင်သန်းနေကာ မျက်တောင်ရှည်ကြီးများကို ပုတ်ခတ်လိုက်သည့်အခါ ဆွဲဆောင်မှုရှိပြီး ယစ်မူးဖွယ် ကောင်းလှသည်။
လီကျင့်သည် ကြည့်ရင်း စိတ်လှုပ်ရှားလာပြီး လက်ကို ဆန့်ထုတ်လိုက်လေသည်။
လုမင်ယွိက ရင်ထဲမှ အပူလှိုင်းကို ထိန်းချုပ်လိုက်ပြီး ပြုံးကာ မျက်စောင်းထိုးလိုက်လေသည်။ "ရှင့်လက်မောင်းမှာ ဒဏ်ရာနဲ့လေ။ မလှုပ်နဲ့"
လက်မောင်းတွင် ဒဏ်ရာရထားရုံသာမက တစ်ကိုယ်လုံးလည်း အားအင်မရှိ ပျော့ခွေနေလေသည်။
လီကျင့်သည် နှမြောတသစွာဖြင့် လက်ကိုပြန်ရုပ်လိုက်ပြီး သူမ၏ ပခုံးကိုသာ ဖက်ထားလိုက်တော့သည်။ နှစ်ယောက်သား နေ့ခင်းက အိပ်ထားကြသဖြင့် သိပ်မအိပ်ချင်ကြဘဲ ခေါင်းချင်းဆိုင်ကာ ညဥ့်နက်သည်အထိ စကားပြောနေကြသည်။ မည်သည့်အချိန်တွင် အိပ်ပျော်သွားမှန်း မသိလိုက်ကြချေ။
နောက်တစ်နေ့ မိုးလင်းသည်နှင့် လုယိ ရောက်လာလေသည်။
"အရှင်မင်းသား၊ ညန်ညန်" လုယိသည် ၂ရက်နှင့် ၂ညလုံးလုံး မအိပ်ခဲ့ရသဖြင့် မျက်လုံးများ နီရဲနေလေသည်။ "ကျွန်တော်မျိုး အပြင်းအထန် စစ်ဆေးမေးမြန်းခဲ့ပါတယ်။ မနက် ၅ချက်တီးလောက်ကျမှ ဒီဝတ်စုံနက် နှစ်ယောက်က မခံနိုင်တော့ဘဲ ဝန်ခံပါတယ်။ ဒါက စစ်ဆေးချက် မှတ်တမ်းပါ"
မှတ်တမ်းသည် ၅ရွက်ရှိပြီး သွေးညှီနံ့သင်းသင်း ထွက်ပေါ်နေလေသည်။
လုမင်ယွိက ချက်ချင်းမဖတ်သေးဘဲ အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဒီနှစ်ရက်အတွင်း မင်း ပင်ပန်းသွားပြီ။ အရင်ပြန်ပြီး ဗိုက်ဝအောင်စား အိပ်ရေးဝအောင်အိပ်ပြီးမှ ပြန်လာခဲ့"
လုယိက ဟန်လုပ်ပြချင်သေးသည်။ "ညန်ညန် စိတ်မပူပါနဲ့။ ကျွန်တော် မပင်ပန်းပါဘူး။ ခံနိုင်ရည်ရှိပါတယ်"
လုမင်ယွိက ပြုံးပြီး မျက်စောင်းထိုးကာ "မင်း တစ်ခုခုဖြစ်သွားရင် ချီယွင်နဲ့ ကျုံးအာကို ငါဘယ်လို မျက်နှာပြရမလဲ။ မြန်မြန်ပြန်ပြီး အနားယူချေ"
လုယိသည် ပြုံးဖြဲဖြဲလုပ်ကာ အမိန့်နာခံပြီး ထွက်ခွာသွားလေသည်။
လုမင်ယွိသည် လက်ထဲမှ မှတ်တမ်းကို အာရုံစိုက် ဖတ်ရှုလိုက်လေသည်။ ပထမတစ်ရွက်နှင့် ဒုတိယတစ်ရွက်ကို ဖတ်ပြီးချိန်တွင် မျက်နှာထား တည်ငြိမ်နေသော်လည်း တတိယတစ်ရွက်သို့ ရောက်သောအခါ မျက်နှာအရောင် အနည်းငယ် ပြောင်းလဲသွားလေသည်။
လီကျင့်၏ ရင်ထဲတွင် လေးလံသွားလေသည်။ "ဘာဖြစ်လို့လဲ"
လုမင်ယွိသည် စကားမပြောတော့ဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ကျန်နှစ်ရွက်ကို အမြန်ဖတ်လိုက်ပြီးနောက် စာရွက် ၅ရွက်လုံးကို လီကျင့်၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်ကာ "ရှင် ကိုယ်တိုင်သာ ကြည့်လိုက်တော့"
...
အပိုင်း (၅၉၁) ပူးပေါင်းကြံစည်မှု (၁)
လီကျင့်သည် ညာလက်ကို မလှုပ်ရှားနိုင်သဖြင့် ဘယ်လက်ဖြင့် ပထမတစ်ရွက်ကို ကောက်ယူဖတ်ရှုလိုက်သည်။ ထို့နောက် ဒုတိယတစ်ရွက်ကို ဆက်ဖတ်လိုက်သည်။ တတိယတစ်ရွက်သို့ ရောက်သောအခါ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်မိပြီး မျက်နှာပျက်သွားတော့သည်။
ကျန်းနန်ရှိ ရှေးဟောင်းမျိုးနွယ်ကြီးများထဲမှ တစ်ဦးသည် တတိယမင်းသားနှင့် ပူးပေါင်းကြံစည်နေသည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
သူ ကျန်းနန်ကို ရောက်ကတည်းက မကြာခဏ လုပ်ကြံခံနေရခြင်းမှာ အကြောင်းရှိသည်ကိုး။
ကျန်းနန်မျိုးနွယ်စုကြီးများသည် မည်သည့်အရာကိုမှ မကြောက်တော့ဘဲ ဘုရင်ခံအိမ်တော်ကို ဝိုင်းရံတိုက်ခိုက်ရဲပြီး စစ်သူကြီးလော့ကို ငွေအမြောက်အမြားပေးကာ ဝယ်ယူထားရဲခြင်းမှာလည်း အကြောင်းရှိနေသည်ပင်။ လီဟောက်သည် သူ့ကို သေစေချင်လွန်းသဖြင့် တကယ့်ကို အစွမ်းကုန် ကြိုးစားထားခြင်းပင်။
လုမင်ယွိ၏ အသံက သူ၏ နားဘေးတွင် ထွက်ပေါ်လာသည်။ "ဒီလို ထွက်ဆိုချက်မျိုးကို ဖုဟွမ်ရဲ့ ရှေ့မှောက် ပို့လိုက်ရင်... ကျွန်မတို့က လီဟောက်ကို မနာလိုဖြစ်ပြီး တမင်သက်သက် လုပ်ကြံဖန်တီးထားတဲ့ သက်သေလို့ ဖုဟွမ် ထင်သွားမလား"
လီကျင့်သည် တိတ်ဆိတ်ငြိမ်သက်နေပြီး စာရွက်ကို ကိုင်ထားသော လက်ကို တင်းတင်းဆုပ်လိုက်မိသည်။
ဤအချက်သည် လီဟောက်၏ အကြံအစည်ထဲတွင် အဆိပ်ပြင်းဆုံးနှင့် ပါးနပ်ဆုံး အကွက်ပင်။ အရှေ့နန်းဆောင်နှင့် တတိယမင်းသားတို့သည် ယခင်ကတည်းက ရန်ငြိုးရှိခဲ့ကြသည်။ အရှေ့နန်းဆောင်မှ တင်ပြလာသော စစ်ဆေးချက်မှတ်တမ်းတွင် လီဟောက် ပါဝင်ပတ်သက်နေသည်ကို တွေ့လျှင် ယုံးကျားဧကရာဇ် မည်သို့ တွေးထင်ပါမည်နည်း။
လုမင်ယွိက လက်ကိုဆန့်ထုတ်ကာ လီကျင့်၏ တွန့်ချိုးနေသော မျက်ခုံးများကို ဖွဖွလေး ပွတ်သပ်ပေးလိုက်လေသည်။
လီကျင့် သတိပြန်ဝင်လာပြီး လုမင်ယွိကို ကြည့်ကာ ပြုံးလိုက်ပြီး "ဖုဟွမ် ဘယ်လိုတွေးမလဲ ဆိုတာက ဖုဟွမ်ရဲ့ အပိုင်းလေ။ ဒီကိစ္စက လီဟောက်နဲ့ ပတ်သက်နေမှတော့ သာမန်ကိစ္စ မဟုတ်တော့ဘူး။ ဒီသက်သေခံချက်ကို နန်းတော်ဆီ အရင်ပို့လိုက်တာ ကောင်းမယ်"
လုမင်ယွိက ခေါင်းညိတ်လိုက်ကာ "ကျွန်မလည်း အဲဒီလိုပဲ တွေးမိတယ်"
ခဏရပ်ပြီးနောက် အသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည်။ "ဒီထွက်ဆိုချက်ထဲမှာ ကျန်တဲ့ မိသားစု ၃စုအကြောင်းလည်း ပါတယ်။ အခုပဲ အမိန့်ထုတ်ပြီး အဲဒီမိသားစု ၃စုလုံးကို ဖမ်းဆီးထိန်းသိမ်းလိုက်မယ်"
ကျန်းနန်မျိုးနွယ်စုကြီးများသည် စစ်ပွဲများကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရပြီး ယခုအချိန်တွင် အင်အားအတန်အသင့် ရှိနေသေးသည့် မိသားစု ၅စုသာ ကျန်ရှိတော့သည်။ ထိုမိသားစုများမှာ ကျုး၊ ဝေ၊ ရှန်၊ ဝမ် နှင့် ချန် မိသားစုတို့ ဖြစ်ကြသည်။
လွန်ခဲ့သောညက ဖမ်းမိခဲ့သည့် ဝတ်စုံနက် နှစ်ဦးသည် ကျူးမိသားစုနှင့် ဝေမိသားစု၏ ခေါင်းဆောင်များ ဖြစ်ကြသည်။ တတိယမင်းသားနှင့် တိတ်တဆိတ် ပူးပေါင်းကြံစည်နေသူမှာ ချန်မိသားစု ဖြစ်လေသည်။
လီကျင့်၏ မျက်နှာထားမှာ လေးနက်သွားပြီး ခေါင်းတစ်ချက် ညိတ်လိုက်ကာ "ကောင်းပြီ... အခုပဲ အမိန့်ထုတ်ပြီး ဒီ ၅စုလုံးကို ချိတ်ပိတ်ထားလိုက်။ မိသားစုခေါင်းဆောင်တွေကို ဘုရင်ခံအိမ်တော်ထဲ ဖမ်းခေါ်လာခဲ့။ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေကိုလည်း စောင့်ကြည့်ထားရမယ်"
ဤကိစ္စသည် အလွန် အရေးကြီးသဖြင့် အခြားသူများကို လွှဲအပ်ရန် စိတ်မချနိုင်ချေ။
လုမင်ယွိသည် ခဏလောက် စဉ်းစားပြီးနောက် လီယန်ကို ခေါ်ကာ သေချာမှာကြားလိုက်လေသည်။
လီယန်သည် ဖြစ်ကြောင်းကုန်စင်ကို ကြားသိလိုက်ရသည့်အခါ ဒေါသကြောင့် မျက်နှာချောချောလေးပင် နီရဲလာပြီး အံကိုကြိတ်ကာ ပြောလေသည်။ "တတိယမင်းသားနဲ့ အရှင်မင်းသားက ညီအစ်ကိုအရင်းတွေလေ။ ဘယ်လိုလုပ်ပြီး အရှင်မင်းသားကို ဒီလိုလုပ်ရက်ရတာလဲ"
လုမင်ယွိ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်သန်းသွားပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။ "နောက်ပိုင်းကျရင် သူ့ကို မျက်နှာချင်းဆိုင် မေးမြန်းရမယ့်အချိန် ရောက်လာမှာပါ။ အခုတော့ လီယန်, လူတွေကို ဦးဆောင်ပြီး သွားဖမ်းတော့။ လူအများကြီး ခေါ်သွားနော်။ ဘယ်သူ့ကိုမှ ထွက်ပြေးလွတ်မြောက်ခွင့် မပေးနဲ့"
လီယန်သည် လှိုက်တက်လာသောဒေါသကို ထိန်းချုပ်လိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ အမိန့်နာခံလိုက်လေသည်။
……
လီယန်သည် လူတစ်ထောင်ကို ဦးဆောင်ပြီး အိမ်တော်မှ ထွက်ခွာသွားခဲ့သည်။
ထိုလူတစ်ထောင်လုံးသည် ထိုက်ဇီဖေး၏ ကိုယ်ရံတော်တပ်သားများ ဖြစ်ကြပြီး ခါးတွင် ဓားရှည်များ ချိတ်ဆွဲထားကာ သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေကြသည်။ သူတို့သည် ကျူးအိမ်တော်သို့ ဦးစွာ ရောက်ရှိသွားကြသည်။
ကျူးမိသားစု၏ ခေါင်းဆောင်မှာ အသက် ၅၀ အရွယ်ရှိ အမျိုးသားကြီးဖြစ်သည်။ ကျူးမိသားစုသည် ယခင်က ကျန်းနန်မျိုးနွယ်စုကြီးများထဲတွင် ဒုတိယတန်းစားသာ ဖြစ်သော်လည်း ထိပ်တန်းမျိုးနွယ်စုကြီးများ အားလုံး ရှင်းလင်းခံလိုက်ရသဖြင့် ထိပ်ဆုံးသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
သို့သော် ကျူးမိသားစုသည် ယခုအခါ ကျဆင်းနေပြီဖြစ်ပြီး မိသားစုထဲတွင် စာမေးပွဲအောင်မြင်ထားသည့် ပညာတတ်အနည်းငယ်သာ ရှိကာ ရာထူးငယ်လေးများကိုသာ ရယူထားနိုင်ကြသည်။ နန်းတွင်းတွင် ဩဇာအာဏာ မရှိလှချေ။
လီယန်သည် ထိုက်ဇီဖေး၏ ကိုယ်ရံတော်တပ်သားများကို ဦးဆောင်ပြီး ကျူးအိမ်တော် တံခါးမကြီးကို ပိတ်ဆို့လိုက်၏။ ကျူးအိမ်တော်အတွင်းမှ အမျိုးသမီးများနှင့် ကလေးငယ်များ၏ ငိုကြွေးသံများ ဆူညံသွားပြီး အရွယ်ရောက်ပြီးသား အမျိုးသားများ အားလုံး ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံလိုက်ရလေသည်။
ဝေအိမ်တော်သည် ကျူးအိမ်တော်နှင့် သိပ်မဝေးလှဘဲ တစ်နာရီခန့်သာ သွားရသည်။
ဝေအိမ်တော်သို့ ရောက်သောအခါ လီယန်သည် အိမ်တံခါးကို ပိတ်ဆို့လိုက်ပြန်သည်။ သို့သော် ဝေအိမ်တော်တွင်မူ ခုခံမှုတချို့ ကြုံတွေ့ရပြီး အိမ်တော်ထိန်း အယောက်တစ်ရာခန့်သည် လက်နက်များ ကိုင်ဆောင်ကာ ပြေးထွက်လာကြသည်။
လီယန်က အေးစက်စက် ရယ်မောလိုက်ပြီး ချက်ချင်း အမိန့်ပေးလိုက်လေသည်။ "အားလုံးကို ဖမ်းလိုက်။ ခုခံရင် အသေသတ်"
သံမဏိစည်းကမ်းသည် အမြဲတမ်း အထိရောက်ဆုံး ဖြစ်လေသည်။ အိမ်တော်ထိန်း ဆယ်ဂဏန်းခန့် သွေးမြေကျသွားပြီးနောက် ကျန်ရှိနေသူများမှာ မျက်နှာဖြူဖျော့သွားပြီး ခြေထောက်များ ပျော့ခွေကာ လက်နက်များကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ကြတော့သည်။
ဝေအိမ်တော်ကို ရှင်းလင်းပြီးနောက် ကျန်ရှိသည့် သုံးအိမ်ကို ကိုင်တွယ်ရန်မှာ အနည်းငယ် ခက်ခဲလာတော့သည်။
ရှန်အိမ်တော်နှင့် ဝမ်အိမ်တော်တို့သည် နေ့ဝက်ခန့် ခရီးသွားရပြီး ချန်အိမ်တော်ဆိုလျှင် ပို၍ဝေးကွာကာ မြင်းဒုန်းစိုင်းစီးလျှင်ပင် နေ့တစ်ဝက်ကျော် ကြာမြင့်လေသည်။
လီယန်သည် ကြိုတင်စီစဉ်ထားပြီးဖြစ်ရာ လူများကို နှစ်ဖွဲ့ခွဲလိုက်သည်။ တစ်ဖွဲ့က ရှန်အိမ်တော်သို့ သွားပြီး နောက်တစ်ဖွဲ့က ဝမ်အိမ်တော်သို့ သွားရောက်ကြသည်။ နောက်ဆုံးတွင် ပြန်လည်ဆုံတွေ့ပြီး ချန်အိမ်တော်သို့ ညတွင်းချင်း သွားရောက်ကြမည်။
ဤသို့ တရစပ် လှုပ်ရှားမှုများကို သတင်းနားစွင့်နေသူများ သိရှိသွားကြလေသည်။
ထိုက်ဇီဖေး၏ ကိုယ်ရံတော်တပ်သားများ မရောက်လာမီ ရှန်နှင့် ဝမ်မိသားစုတို့သည် သတင်းရရှိသွားကြသည်။ သူတို့သည် အချိန်ဆွဲမနေရဲတော့ဘဲ ငွေစက္ကူများနှင့် တန်ဖိုးရှိပစ္စည်းများကို သိမ်းဆည်းကာ အိမ်ရှိ အမျိုးသမီးများနှင့် ကလေးငယ်များကို ပစ်ထားခဲ့ပြီး အရွယ်ရောက်ပြီးသား အမျိုးသားများကို လျှို့ဝှက်လမ်းကြောင်းမှတစ်ဆင့် ထွက်ပြေးခိုင်းလိုက်တော့သည်။
လီယန် ရှန်အိမ်တော်သို့ ရောက်ရှိချိန်တွင် အိမ်တံခါးမကြီး ပွင့်ဟနေပြီး ဆံပင်ဖြူဖွေးနေသော အဘွားကြီးတစ်ဦးသည် တံခါးဝတွင် ဒူးထောက်နေလေသည်။ သူမ၏ နောက်တွင်မူ မျက်နှာသေနှင့် အမျိုးသမီး ဆယ်ဂဏန်းခန့်နှင့် အသက်အရွယ်စုံ မိန်းကလေးငယ် ၅၊ ၆ ဦး ရှိနေကြသည်။
သတ်ချင်သတ် ခုတ်ချင်ခုတ်... ယောကျ်ားတွေ အကုန် ထွက်ပြေးသွားကြပြီ။
လီယန်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဒေါသထွက်လွန်းသဖြင့် ဆဲရေးတိုင်းထွာလိုက်မိ၏။
ဒီရှန်မိသားစုက ယောကျ်ားတွေက သောက်သုံးမကျလိုက်တာ။ မိန်းမတွေနဲ့ ကလေးတွေကို ပစ်ထားခဲ့ပြီး ယောကျ်ားမှန်သမျှ အကုန် ထွက်ပြေးကုန်ကြတယ်။ တကယ်လို့များ စစ်တပ်နဲ့သာ တွေ့ရင် ဒီအမျိုးသမီးတွေနဲ့ ကလေးတွေ ဘယ်လိုဖြစ်ကုန်ကြမလဲ။
"လီရှီဇီ... ဘာဆက်လုပ်ကြမလဲ" ကိုယ်ရံတော်တပ်သားတစ်ဦးက တိုးတိုးလေး မေးလိုက်သည်။
ဘာဆက်လုပ်ရဦးမှာလဲ။
လီယန်သည် ညိုမည်းပြီး ချောမောလှသည့်မျက်နှာကို ဆောင်ကာ အံကြိတ်ပြီး ပြောလိုက်လေသည်။ "ရှန်အိမ်တော်ကို ပိတ်ထားလိုက်။ ရှန်မိသားစုဝင် တစ်ယောက်ကိုမှ မထိနဲ့"
နောက်တစ်ဖွဲ့ ဝမ်အိမ်တော်သို့ ရောက်သွားသည့်အခါတွင်လည်း အလားတူပင် ဖြစ်နေလေသည်။
ဒါကြောင့်လည်း တခြားမျိုးနွယ်စုတွေ ပျက်စီးသွားပေမဲ့ ဒီမိသားစုတွေက အခုထိ ကျန်ရစ်နေတာကိုး။ "လက်မောင်းဖြတ်ပြီး အသက်ဆက်တဲ့" နည်းလမ်းကို သုံးတာပဲ။ အရေးကြုံလာရင် မိန်းမနဲ့ကလေးတွေကို ဝန်ထုပ်ဝန်ပိုးသဘောထားပြီး ပစ်ထားခဲ့ကာ ယောကျ်ားတွေက ရွှေငွေတွေယူပြီး ထွက်ပြေးကြတယ်။ တခြားနေရာရောက်ရင် နာမည်ပြောင်း မျိုးရိုးပြောင်းပြီး မိန်းမသစ်ယူ ကလေးသစ်မွေးကြတယ်။ ဒီလိုနဲ့ မျိုးဆက်ပြန့်ပွားအောင် လုပ်ကြတာပေါ့လေ။
"ထွီ!"
ချန်မိသားစုအတွက်တော့ စဉ်းစားမနေတော့ပါဘူး။ တစ်ရက်လောက် ကြာသွားပြီဆိုတော့ ဟိုရောက်ရင် အရိပ်တောင် တွေ့ရတော့မှာ မဟုတ်ဘူး။
လီယန်သည် ညတွင်းချင်း ခရီးဆက်ပြီး ချန်အိမ်တော်သို့ သွားရောက်ခဲ့သည်။
တစ်ညလုံး ခရီးနှင်ပြီး ချန်အိမ်တော်သို့ ရောက်သောအခါ တံခါးမကြီး ပိတ်ထားသည်ကို တွေ့လိုက်ရသည်။
လီယန်က လက်ဝှေ့ယမ်းပြလိုက်ရာ တံခါးမကြီးကို ဝင်တိုက်ဖွင့်လိုက်ကြသည်။ ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး ရင်ထဲတွင် ထိတ်လန့်စရာ ကောင်းလှသည်။
လီယန်သည် မျက်မှောင်ကြုတ်လျက် အိမ်ထဲဝင်သွားရာ ဧည့်ဆောင်အမိုးအောက်တွင် တန်းစီပြီး ဆွဲကြိုးချသေဆုံးနေသော အမျိုးသမီးအလောင်းများကို တွေ့လိုက်ရသဖြင့် ဗိုက်ထဲတွင် ရစ်နာသွားပြီး အန်ချင်စိတ်ပင် ဖြစ်ပေါ်လာတော့သည်။
ဒီချန်မိသားစု ခေါင်းဆောင်က အရက်စက်ဆုံးပဲ။ ယောကျ်ားတွေ ထွက်ပြေးတာတင်မကဘဲ အမျိုးသမီးတွေကိုပါ အကုန်လုံး ဆွဲကြိုးချ သတ်ပစ်ခဲ့တာ။
……
ညနေစောင်းတွင် လီယန်သည် မျက်နှာငယ်လေးဖြင့် ပြန်ရောက်လာပြီး အစီရင်ခံလေသည်။
"ကျူးနဲ့ ဝေအိမ်တော်ကို ပိတ်ထားလိုက်ပါပြီ။ ရှန်နဲ့ ဝမ်အိမ်တော်က ယောကျ်ားတွေ အကုန်ထွက်ပြေးသွားလို့ ကျန်ရစ်ခဲ့တဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေကိုပဲ စောင့်ကြည့်ခိုင်းထားပါတယ်။ ချန်မိသားစုကတော့ တစ်ယောက်မကျန် ထွက်ပြေးသွားကြပြီး အမျိုးသမီးတွေအားလုံး ဆွဲကြိုးချသေဆုံးနေတာကို တွေ့ခဲ့ရပါတယ်"
အားလုံးသည် ပြိုင်တူ အသက်ပြင်းပြင်း ရှူလိုက်မိကြသည်။
ထိုက်ဇီနှင့် ထိုက်ဇီဖေးတို့၏ ဘေးနားတွင် နေခွင့်ရသူများသည် အရှေ့နန်းဆောင်မှ အရာရှိများသာ ဖြစ်ကြသည်။ ဝန်ကြီးရှန်းသည် လီယန် ပြောပြသည်များကို ကြားသိရသောအခါ ကြက်သီးမွေးညင်းထသွားပြီး လုမင်ယွိကို ကြည့်ကာ မေးလိုက်မိလေသည်။ "ထိုက်ဇီဖေးညန်ညန်... ရှန်၊ ဝမ်၊ ချန် ၃စုလုံး ထွက်ပြေးသွားကြပြီဆိုတော့ ဘယ်လို ဆက်လုပ်ကြမလဲ"
"အဲဒါ မေးနေစရာ လိုသေးလား။ လူလွှတ်ပြီး လိုက်ဖမ်းခိုင်းရမှာပေါ့" ဖန်းဇီကျန်းက ချက်ချင်း ဝင်ပြောလိုက်လေသည်။
ကျိုးလီနှင့် ဖန်းဇီကျန်းတို့၏ သဘောထားမှာ တူညီကြသည်။ "၂ရက်ပဲ ရှိသေးတာဆိုတော့ သူတို့ ဝေးဝေးမရောက်လောက်သေးဘူး။ မြို့နယ်အသီးသီးက အုပ်ချုပ်ရေးမှူးတွေကို အမိန့်စာ ထုတ်ပြန်ပြီး ဖမ်းခိုင်းလိုက်ပါ"
လီကျင့်နှင့် လုမင်ယွိတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ခဏအကြာတွင် လုမင်ယွိက အေးဆေးစွာ အမိန့်ပေးလိုက်လေသည်။ "ဝန်ကြီးရှန်း... ဒီအကြောင်းတွေကို သဝဏ်လွှာထဲထည့်ရေးပြီး နန်းတော်ကို ပို့လိုက်ပါ။ လီယန်... မင်း ဖမ်းလာတဲ့ လူတွေကို လုယိဆီ ပို့ပြီး ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းခိုင်းလိုက်"
ဖန်းဇီကျန်းကို လှည့်ပြောလိုက်ပြန်သည်။ "ရှင်က ထိုက်ဇီရဲ့ အမိန့်စာ ရေးပြီး ကျန်းနန်က မြို့နယ်အသီးသီးကို ပို့လိုက်"
အားလုံးက ပြိုင်တူ အမိန့်နာခံလိုက်ကြလေတော့သည်။
...