← Chapters

အခန်း (၅၉၂-၅၉၄)

Vol. 40 Ch. 592-594

အခန်း (၅၉၂-၅၉၄)

Vol. 40 Ch. 592-594

အပိုင်း (၅၉၂) ပူးပေါင်းကြံစည်မှု (၂)

ဝန်ကြီးရှန်းသည် အရပ်ဖက် စာပေပညာရှင်အရာရှိပီပီ စာပေစွမ်းရည်မှာ ထူးချွန်လှသဖြင့် သဝဏ်လွှာရေးရာတွင် ခဏလေးနှင့်ပင် ပြီးမြောက်သွားလေသည်။ မှင်ခြောက်သည်နှင့် သဝဏ်လွှာကို အလျင်အမြန်ပင် ပေးပို့လိုက်တော့သည်။

၅ ရက်အတွင်း ဤသဝဏ်လွှာသည် ဧကရာဇ်၏ စားပွဲတော်ပေါ်သို့ ရောက်ရှိသွားပေလိမ့်မည်။

အိမ်ရှေ့စံ လုပ်ကြံခံရမှုတွင် ကျန်းနန်ဘုရင်ခံနှင့် စစ်ဆေးရေးမှူးတို့ ပါဝင်ပတ်သက်နေခြင်း၊ ကျန်းနန်မျိုးနွယ်စုကြီးများအားလုံး ပါဝင်ပတ်သက်နေပြီး တတိယမင်းသားပါ ဆက်စပ်နေခြင်းတို့ကြောင့်...

ဖြစ်ပေါ်လာမည့် ဂယက်ရိုက်ခတ်မှုများကို တွေးမိသည်နှင့် ဝန်ကြီးရှန်းသည် ကြောက်လန့်တကြား ဖြစ်မိတော့သည်။

သို့သော် ယခုအချိန်တွင် ဤအရာများကို တွေးတောနေရမည့်အချိန် မဟုတ်ပေ။

သေဆုံးသူများကို မြှုပ်နှံရမည်၊ ဒဏ်ရာရသူများကို ကုသပေးရမည်ဖြစ်ပြီး သမားတော်များနှင့် ဆေးဝါးများ အများအပြား လိုအပ်နေသည်။ ဖမ်းဆီးထားသူများကိုလည်း တစ်ယောက်ချင်းစီ စစ်ဆေးမေးမြန်းရမည်ဖြစ်ရာ အလုပ်များလွန်း၍ ခြေကုန်လက်ပန်းကျနေကြတော့သည်။

ဝန်ကြီးရှန်းသည် ထောက်ပံ့ရေးနှင့် စီမံခန့်ခွဲရေးကို တာဝန်ယူထားရသဖြင့် လက်ဆယ်ချောင်းပင် မလောက်ငှလောက် ဖြစ်နေရရာ အခြားကိစ္စများကို စဉ်းစားရန် အချိန်မရှိတော့ချေ။

အိမ်ရှေ့စံမင်းသားသည် စိတ်အေးအေးထားပြီး အနားယူရမည်ဖြစ်သဖြင့် ထိုက်ဇီဖေးက ဘုရင်ခံအိမ်တော်တွင် နေထိုင်ကာ ကိစ္စကြီးငယ်မဟူ အားလုံးကို စီမံဆုံးဖြတ်ပေးနေသည်။

လီယန်ပင်လျှင် မနေနိုင်တော့ဘဲ တိတ်တဆိတ် ရေရွတ်မိလေသည်။ "ငါ့စိတ်ထင် ထိုက်ဇီဖေးညန်ညန် ရောက်လာမှပဲ ကိစ္စတွေက ပိုပြီးချောမွေ့သွားသလိုပဲ"

အိမ်ရှေ့စံမင်းသားသည် သဘောထားကြီးပြီး နူးညံ့သိမ်မွေ့သူအဖြစ် နာမည်ကြီးလေသည်။ ကိစ္စရပ်တိုင်းကို စေ့စပ်သေချာစွာ လုပ်ဆောင်တတ်ပြီး အမြဲတမ်း သူတို့နှင့် တိုင်ပင်ဆွေးနွေးလေ့ရှိသည်။

ထိုက်ဇီဖေးညန်ညန်ကမူ ပြတ်သားခက်ထန်သော ပုံစံရှိပြီး ဆုံးဖြတ်ချက်ချရာတွင် မြန်ဆန်တိကျသည်။ အနည်းငယ် အာဏာဆန်သည်ဟု ထင်ရသော်လည်း အလုပ်တွင်မူ အလွန်ထိရောက်မှုရှိပြီး မည်သူမျှ အချိန်ဆွဲရဲခြင်း မရှိကြပေ။

ဖန်းဇီကျန်းသည် ထိုစကားကို ကြားသောအခါ ထိုနည်းတူ ခံစားရလေသည်။ "တခြားအိမ်တွေက အမျိုးသမီးတွေဆိုရင် အိမ်မှုကိစ္စလောက်ပဲ စီမံနိုင်ကြတာ။ ငါတို့ ထိုက်ဇီဖေးညန်ညန်ကျတော့ ငြိမ်နေရင် အရှေ့နန်းဆောင်ကို အုပ်ချုပ်နိုင်သလို လှုပ်ရှားလိုက်ရင်လည်း ကျားတစ်ကောင် တောင်ပေါ်က ဆင်းလာသလိုပဲ... လက်တစ်ဖက် လှုပ်လိုက်ရုံနဲ့ အခြေအနေကို ထိန်းချုပ်နိုင်တယ်။ ဒီလိုဇနီးမျိုး ရထားတာ အရှင်မင်းသားရဲ့ ကံကောင်းမှုပါပဲ"

ကျိုးလီက ချက်ချင်း ဝင်ထောက်လိုက်လေသည်။ "ဒါကလည်း အရှင်မင်းသားရဲ့ သဘောထားကြီးမှုကြောင့်ပါ။ သာမန်ယောကျ်ားသာဆိုရင် ဒီလောက်ထက်မြက်တဲ့ ဇနီးသည်မျိုးကို သည်းခံနိုင်မှာ မဟုတ်ဘူး"

ဒါလည်း ဟုတ်တာပဲ။

နန်းတွင်း၌ မွေးဖွားပြီး အိမ်ရှေ့စံရာထူးကို ရထားသဖြင့် လူတစ်ယောက်အောက် လူပေါင်းသောင်းချီ၏ အထက်တွင် ရှိနေသူဖြစ်သည်။ သို့သော် လီကျင့်သည် အာဏာကို မက်မောခြင်းမရှိဘဲ လုမင်ယွိအပေါ် ထားရှိသော ယုံကြည်မှုမှာ အားကျဖွယ်ကောင်းလှသည်။

လောကတွင် ဤကဲ့သို့ ပြုမူနိုင်သော ယောကျ်ား မည်မျှရှိပါမည်နည်း။

လီယန်က အလျင်အမြန် ကောက်ချက်ချလိုက်လေသည်။ "ဒါကြောင့် ပြောတာပေါ့... ထိုက်ဇီနဲ့ ထိုက်ဇီဖေးညန်ညန်က နတ်ဖက်တဲ့စုံတွဲပါလို့။ ဒီလောကမှာ ရှားမှရှားတဲ့ အတွဲမျိုးလေ"

ဖန်းဇီကျန်းနှင့် ကျိုးလီတို့သည် ရယ်မောလိုက်ကြပြီး သူ့ကို စနောက်လိုက်ကြသည်။ "ဒီလို ဖားတဲ့စကားမျိုးကို အရှင်မင်းသားနဲ့ ညန်ညန်ရှေ့ရောက်မှ ပြောပါကွာ။ ဒီမှာလာပြောနေတော့ ဘာအကျိုးထူးမှာလဲ"

လီယန်က ပြုံးဖြဲဖြဲလုပ်ကာ ပြန်ပြောလိုက်လေသည်။ "ငါက ရင်ထဲကလာတဲ့ စကားကို ပြောတာပါကွ။ ဖားတာ မဟုတ်ပါဘူး"

သူတို့သုံးဦးသည် အရှေ့နန်းဆောင်မှ အရာရှိများ ဖြစ်ကြပြီး အတူလက်တွဲလုပ်ကိုင်လာသည်မှာ နှစ်အနည်းငယ် ရှိပြီဖြစ်သဖြင့် အလွန်ရင်းနှီးလာကြသည်။

အရှေ့နန်းဆောင်သည် ဧကရာဇ်၏ ဖိနှိပ်မှုကို မသိမသာ ခံနေရသဖြင့် သူတို့အားလုံးသည် စည်းလုံးညီညွတ်စွာ ကြိုးပမ်းနေကြရသည်။ လတ်တလောတွင် အာဏာလုပွဲများ မရှိသေးသဖြင့် သင့်မြတ်ညီညွတ်နေကြခြင်းပင်။

"ထိုက်ဇီ လုပ်ကြံခံရတာက တတိယမင်းသားနဲ့ ပတ်သက်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ" ဖန်းဇီကျန်းက ရုတ်တရက် သက်ပြင်းချလိုက်ပြီး မျက်မှောင်ကြုတ်လိုက်လေသည်။ "အချိန်တွက်ကြည့်ရင် နောက်ထပ် ၂ရက်လောက်ဆို ဝန်ကြီးရှန်းရဲ့ သဝဏ်လွှာက နန်းတော်ကို ရောက်တော့မယ်။ ဘာတွေဆက်ဖြစ်မလဲ မသိနိုင်ဘူး"

ကျိုးလီသည်လည်း စိုးရိမ်ပူပန်နေလေသည်။ "အရှင်မင်းကြီးက တတိယမင်းသားကို မျက်နှာသာပေးတာလေ။ ပြီးတော့ တတိယမင်းသားနဲ့ အရှေ့နန်းဆောင်ကလည်း အရင်ကတည်းက အဆင်မပြေကြဘူး။ ဒီသဝဏ်လွှာကြောင့် အရှင်မင်းကြီးက သံသယဝင်ပြီး စိတ်မကျေမနပ် ဖြစ်မှာကို စိုးရိမ်မိတယ်"

လီယန်က နှာခေါင်းရှုံ့လိုက်ကာ "လုယိ စစ်ဆေးမေးမြန်းပြီးလို့ သက်သေခိုင်လုံသွားရင် အရှင်မင်းကြီးက တတိယမင်းသားဘက်က ကာကွယ်ပေးချင်ရင်တောင် မဖြစ်နိုင်တော့ဘူး။ နန်းတွင်းအရာရှိတွေ အားလုံးက မျက်လုံးဖွင့်ပြီး ကြည့်နေကြတာ။ ထိုက်ဇီကို လုပ်ကြံတာက သေဒဏ်ပေးရမယ့် အပြစ်လေ"

ဖန်းဇီကျန်း၏ မျက်လုံးများ အရောင်လက်သွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "အရှင်မင်းကြီးက ဒါကို ထိုက်ဇီက လုပ်ကြံဖန်တီးထားတဲ့ သက်သေလို့ ထင်သွားမှာကိုပဲ စိုးရိမ်ရတာ"

လီယန်သည် ငယ်ရွယ်ပြီး သွေးဆူလွယ်သော်လည်း ဤဖြစ်နိုင်ချေရှိသည်ကို သိထားလေသည်။ သူသည် မျက်မှောင်ကြုတ်သွားတော့၏။ သို့သော် ဤကိစ္စသည် တော်ဝင်မျိုးနွယ် သားအဖကြားက ကိစ္စဖြစ်သဖြင့် သူတို့ ဘာမှမတတ်နိုင်ကြပေ။

သုံးဦးသားသည် နေ့လယ်စာစားရင်း စကားစမြည်ပြောပြီးနောက် အလုပ်ကိုယ်စီ သွားလုပ်လိုက်ကြသည်။

……

လုယိသည် ရက်အနည်းငယ် အလုပ်များပြီးနောက် အကျိုးရလဒ် တချို့ ရရှိခဲ့လေသည်။

သူသည် ထူထဲသော မှတ်တမ်းများကို ကိုင်ဆောင်ကာ လုမင်ယွိ၏ ရှေ့မှောက်သို့ ရောက်လာပြီး တင်ပြလိုက်လေသည်။ "ညန်ညန်... အိမ်တော်ထဲကို ခေါ်လာတဲ့ လူတွေအားလုံးကို ကျွန်တော်မျိုး တစ်ယောက်ချင်းစီ စစ်ဆေးမေးမြန်းပြီးပါပြီ။ တကယ်ပဲ ထူးခြားမှုတွေ တွေ့ရပါတယ်"

"ကျန်းမိသားစုဝင် အမျိုးသမီးတွေထဲမှာ မျိုးရိုးနာမည် ယောင် ဆိုတဲ့ မယားငယ်တစ်ယောက် ရှိပါတယ်။ ဒီယောင်ရှီက အရင်တုန်းက ပြည့်တန်ဆာအိမ်က နာမည်ကြီးတစ်ယောက်ပါ။ သူဌေးတစ်ယောက်က ဝယ်ပြီး ကျန်းအိမ်တော်ကို ပို့လိုက်တာ။ စစ်ဆေးရေးမှူးကျန်းက ဒီယောင်ရှီကို အတော်လေး ချစ်မြတ်နိုးပါတယ်"

"ဒီယောင်ရှီက ချန်မိသားစုရဲ့ သူလျှိုပါ။ ဒီတစ်ခါ အိမ်ရှေ့စံကို လုပ်ကြံဖို့ အမိန့်ပေးတာက ယောင်ရှီကတစ်ဆင့် ပေးတာပါ"

လုမင်ယွိ၏ မျက်လုံးများ အေးစက်သွားပြီး မှတ်တမ်းများကို ယူကာ လျင်မြန်စွာ ဖတ်ရှုလိုက်လေသည်။ တစ်နာရီခန့်အကြာမှ ဖတ်ပြီးသွားလေသည်။

လုမင်ယွိက လုယိကို မော့ကြည့်လိုက်ပြီး အေးစက်သော အသံဖြင့် ပြောလိုက်လေသည်။ "ဒီယောင်ရှီကို အသက်ရှင်လျက် ထားရမယ်"

လုယိက လေးနက်စွာ ပြန်ဖြေလိုက်လေသည်။ "ညန်ညန် စိတ်မပူပါနဲ့။ ယောင်ရှီကို လက်မောင်းရော ခြေထောက်ပါ တုပ်နှောင်ထားပြီး နေ့ရောညပါ စောင့်ကြည့်ခိုင်းထားပါတယ်။ သူ သေချင်ရင်တောင် သေလို့မရပါဘူး"

လုယိ ထွက်ခွာသွားပြီးနောက် တပ်မှူးကျော် ရောက်လာပြန်သည်။

တပ်မှူးကျော်သည် အစပိုင်းတွင် ထိုက်ဇီဖေးညန်ညန်ကို အစီရင်ခံရသည်မှာ အနည်းငယ် အနေခက်ရသော်လည်း ရက်အနည်းငယ်ကြာသောအခါ အသားကျသွားလေသည်။ သူက လက်နှစ်ဖက်ကို ယှက်ပြီး ပြောလိုက်၏။ "ထိုက်ဇီဖေးညန်ညန်ကို လျှောက်တင်ပါတယ်... ရှန်မိသားစုက ယောကျ်ားတွေ ပင်လယ်ကမ်းစပ်ထိ ထွက်ပြေးပြီး သင်္ဘောနဲ့ ထွက်ပြေးဖို့ ကြိုးစားပေမဲ့ ဖမ်းမိပါပြီ။ အခု ပြန်ခေါ်လာနေပါပြီ။ ဝမ်မိသားစုရဲ့ သဲလွန်စလည်း ရပါပြီ။ နောက်ရက်အနည်းငယ်အတွင်း ဖမ်းမိတော့မှာပါ"

"ချန်မိသားစု တစ်ခုပဲ သတင်းအစအန ပျောက်နေတာပါ"

ဒီချန်မိသားစုက တတိယမင်းသား လီဟောက်နဲ့ တိတ်တဆိတ် ပူးပေါင်းကြံစည်နေတာလေ။ ကျန်တဲ့မိသားစုတွေက လီဟောက်နဲ့ တိုက်ရိုက်ပတ်သက်မှု မရှိကြဘူး။ တိုက်ရိုက်သက်သေ လိုချင်ရင် ချန်မိသားစုကို မဖြစ်မနေ ရှာတွေ့မှ ဖြစ်မယ်။

လုမင်ယွိ၏ မျက်လုံးများ အရောင်လက်သွားပြီး လေးနက်စွာ အမိန့်ပေးလိုက်သည်။ "ချန်မိသားစု သတင်းကို ဆက်ပြီး စုံစမ်း။ ချန်မိသားစုနဲ့ ပတ်သက်တဲ့ ဆွေမျိုးမိတ်ဆွေ အပေါင်းအသင်း တစ်ယောက်ကိုမှ အလွတ်မပေးနဲ့"

ချန်မိသားစုက အမျိုးသမီးတွေ အကုန်သေကုန်ပြီ။ ထွက်ပြေးသွားတဲ့ ယောကျ်ား ၃၂ ယောက် ရှိတယ်။ ကိုယ်ရံတော်တွေ၊ အစေခံတွေနဲ့ ရွှေငွေပစ္စည်းတွေ ပါသွားတာဆိုတော့ ဘယ်လောက်ပဲ ထွက်ပြေးပါစေ ခြေရာလက်ရာ မကျန်ဘဲ နေမှာ မဟုတ်ဘူး။

တပ်မှူးကျော်က အမိန့်နာခံပြီး ထွက်ခွာသွားလေသည်။

လုမင်ယွိလည်း မှတ်တမ်းစာအုပ်များကို ကိုင်ဆောင်ကာ အိပ်ဆောင်ထဲသို့ ဝင်လာခဲ့လိုက်သည်။

ကုတင်ပေါ်တွင် ငြိမ်ငြိမ်သက်သက် အနားယူရန် "အမိန့်" ရရှိထားသော အိမ်ရှေ့စံမင်းသားသည် ဒီရက်ပိုင်းအတွင်း စားကောင်းအိပ်ပျော်နေသဖြင့် ပိန်လှီသော မျက်နှာသည် အနည်းငယ် ပြည့်ဖြိုးလာပြီး သွေးရောင်လည်း လွှမ်းလာ၏။ သူသည် ဇနီးသည်ကို ပြုံးရွှင်စွာ စိုက်ကြည့်နေလေသည်။

နှစ်ဦးသား အကြည့်ချင်းဆုံမိကြပြီး လုမင်ယွိက ပြုံးလိုက်လေသည်။

အပြင်လောကတွင် မုန်တိုင်းထန်နေသော်လည်း ဤအိပ်ဆောင်လေးထဲတွင်မူ နွေဦးရာသီကဲ့သို့ နွေးထွေးလို့နေသည်။

လုမင်ယွိက ရှေ့တိုးသွားပြီး လီကျင့်ကို တွဲထူပေးလိုက်သည်။ လီကျင့်သည် ကိုယ်ကိုမတ်လိုက်ပြီးနောက် လုမင်ယွိ၏ လက်ထဲမှ မှတ်တမ်းများကို ယူကာ တစ်ရွက်ချင်းစီ ဖတ်ရှုလိုက်လေသည်။

ဖတ်ပြီးနောက် လီကျင့်၏ မျက်မှောင်များ ကြုတ်သွားတော့သည်။ "ကျန်းအိမ်တော်ထဲမှာ တကယ်ပဲ သစ္စာဖောက် ရှိနေတာကိုး"

လုမင်ယွိက တည်ငြိမ်စွာပင် ပြောလိုက်၏။ "ဒီစစ်ဆေးရေးမှူးကျန်းကလည်း တကယ့် လူနုံလူအပဲ။ ကိုယ့်ဘေးနားမှာ ဒီလောက်တောင် အန္တရာယ်များတဲ့ လူတွေ ရှိနေတာကို သတိမထားမိဘူး။ ဒီလိုလူမျိုးကို အရေးကြီးတဲ့နေရာမှာ ဆက်ထားလို့ မဖြစ်ဘူး။ ဒီကိစ္စပြီးရင် ရာထူးဖြုတ်ပြီး အိမ်ပြန် အနားယူခိုင်းလိုက်တာ ကောင်းမယ်"

လီကျင့်က ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်သည်။ "စစ်ဆေးရေးမှူးကျန်းက အိမ်တွင်းရေးမှာတော့ ပျော့ညံ့ပြီး နုံအပေမဲ့ အရာရှိတစ်ယောက်အနေနဲ့တော့ အရည်အချင်းရှိပါတယ်။ ဒီတိုင်း ရာထူးဖြုတ်လိုက်ရင် နှမြောစရာပဲ။ နောက်ကျရင် ဝေးလံခေါင်သီတဲ့ နေရာတစ်ခုကို ပို့ပြီး အတွေ့အကြုံ ယူခိုင်းလိုက်မယ်"

နန်းတွင်းအရာရှိကိစ္စများကို လုမင်ယွိ သိပ်မကျွမ်းကျင်သဖြင့် ဝင်မပြောတော့ဘဲ ခေါင်းသာညိတ်ပြလိုက်၏။

ထိုအချိန်မှာပင် ရှောင်ယွမ်ကုန်းကုန်းသည် ဝမ်းသာအားရ ဝင်ရောက်လာလေသည်။ "အရှင်မင်းသား၊ ညန်ညန်... သတင်းကောင်းပါ။ စစ်သူကြီးလုက စစ်သည်တွေကို ဦးဆောင်ပြီး ကျန်းနန်ကို ဝင်ရောက်လာပါပြီ။ နောက်တစ်ရက်ဆိုရင် ဘုရင်ခံအိမ်တော်ကို ရောက်ပါတော့မယ်"

...

အပိုင်း (၅၉၃) စစ်သည်အင်အား (၁)

လုဖေးက စစ်သည်ငါးသောင်းကို ဦးဆောင်ပြီး ရောက်လာတော့မယ်!

လုမင်ယွိ၏ ရင်ထဲတွင် ပေါ့ပါးသွားပြီး မျက်လုံးများ အရောင်လက်သွားကာ မတ်တပ်ထရပ်လိုက်လေသည်။ "ဘယ်သူ သတင်းလာပို့တာလဲ"

ရှောင်ယွမ်ကုန်းကုန်းက ပြုံးရွှင်စွာ ပြန်ဖြေလိုက်၏။ "စစ်သူကြီးလုရဲ့ ကိုယ်ရံတော်တပ်သားက သတင်းလာပို့တာပါ။ သူ အပြင်ခန်းမှာ စောင့်နေတယ်။ ညန်ညန် တွေ့ချင်ရင် ကျွန်တော်မျိုး အခုပဲ သွားခေါ်လိုက်ပါ့မယ်"

လုမင်ယွိ ခေါင်းမညိတ်ရသေးခင် လီကျင့်က ပြုံးပြီး ဝင်ပြောလိုက်လေသည်။ "မြန်မြန် ခေါ်လိုက်ပါ"

လုမင်ယွိသာမက လီကျင့်သည်လည်း သူ့ယွဲ့ဖုကို အမြဲတမ်း သတိရနေသူ ဖြစ်သည်။

စစ်သူကြီးလော့ကို ဘုရင်ခံအိမ်တော်တွင် ဖမ်းဆီးထားပြီး ဝမ်ရင်းက စစ်သည်တစ်သောင်းနှင့်အတူ အိမ်တော်အပြင်ဘက်တွင် စောင့်ကြပ်နေသည်။ အပြင်ပန်းတွင် အိမ်တော်ကို ကာကွယ်ပေးနေသည်ဟု ပြောသော်လည်း လက်တွေ့တွင်မူ ဝိုင်းရံပိတ်ဆို့ထားခြင်းပင်။

ကျန်းနန်စစ်တပ်စခန်းတွင် နောက်ထပ် စစ်သည်နှစ်သောင်း ကျန်ရှိနေသေးပြီး အခြေအနေကို စောင့်ကြည့်နေကြသည်။ မာရှန်းက သစ္စာရှိလား၊ သစ္စာဖောက်လား ဆိုတာလည်း ပြောဖို့ခက်သည်။ လူတိုင်းက ပါးစပ်ဖြင့် မပြောကြသော်လည်း ရင်ထဲတွင် စိုးရိမ်ပူပန်နေကြရသည်။

ရှင်းယန်စစ်သည်ငါးသောင်း ရောက်လာသည်နှင့် ခိုင်မာသော ကျောက်တောင်ကြီး ရောက်လာသကဲ့သို့ စိတ်ချသွားကြတော့သည်။

အရပ်အမောင်းမြင့်မားသော ကိုယ်ရံတော်တပ်သားတစ်ဦး ဝင်ရောက်လာပြီး ဒူးထောက်၍ အရိုအသေပြုရန် ပြင်လိုက်စဉ် လုမင်ယွိက နူးညံ့စွာ ပြောလိုက်လေသည်။ "မင်းက လမ်းတစ်လျှောက်လုံး မြင်းစီးပြီး သတင်းလာပို့ရတာ ပင်ပန်းနေမှာပါ။ ဒူးမထောက်ပါနဲ့တော့... ထိုင်ပြီး စကားပြောပါ"

ရှောင်ယွမ်ကုန်းကုန်းက မျက်စိလျင်သူပီပီ ကုလားထိုင်တစ်လုံးကို ကိုယ်တိုင် သယ်ဆောင်လာပြီး ကိုယ်ရံတော်တပ်သားကို ထိုင်ခိုင်းလိုက်လေသည်။

ဤကိုယ်ရံတော်တပ်သားသည် အသက် ၃၀ ခန့်ရှိပြီး လုအိမ်တော်မှ ဆင်းသက်လာသူဖြစ်ရာ လုမင်ယွိနှင့် အလွန်ရင်းနှီးလေသည်။ ထို့ကြောင့် သိပ်ပြီး အားနာမနေတော့ဘဲ ကျေးဇူးတင်စကားဆိုကာ ဝင်ထိုင်လိုက်လေသည်။

"လမ်းခရီး အဆင်ပြေရဲ့လား" လီကျင့်က ပြုံးပြီး မေးလိုက်၏။

ကိုယ်ရံတော်တပ်သားက ပြန်ဖြေလိုက်သည်။ "အရှင်မင်းသားကို လျှောက်တင်ပါတယ်... စစ်သူကြီးက အမြန်ချီတက်ဖို့ အမိန့်ပေးထားတာပါ။ တစ်နေ့ကို ၆နာရီလောက်ပဲ အိပ်ရပြီး ကျန်တဲ့အချိန်တွေမှာ မြင်းဆက်တိုက်စီးခဲ့ရပါတယ်။ ဒါကြောင့် နန်းတော်က သတ်မှတ်ထားတဲ့ ရက်ထက် ၃ရက်စောပြီး ရောက်လာတာပါ"

တကယ့်ကို ကိုယ့်အစ်ကိုအရင်းကမှ အားကိုးရတာကိုး။

လီကျင့်၏ ရင်ထဲတွင် နွေးထွေးသွားပြီး ပြုံးရွှင်စွာ သက်ပြင်းချလိုက်လေသည်။ "မင်းတို့ ပင်ပန်းကြပါပြီ"

ကိုယ်ရံတော်တပ်သားသည် ရက်ပေါင်းများစွာ ဆက်တိုက် ခရီးနှင်လာခဲ့သဖြင့် မျက်လုံးများ နီရဲနေသော်လည်း မျက်နှာပေါ်တွင် မောပန်းနွမ်းနယ်သည့် အရိပ်အယောင် မရှိချေ။ "မပင်ပန်းပါဘူး ခင်ဗျာ။ စစ်သူကြီးက အရှင်မင်းသားနဲ့ ညန်ညန်ကို သတင်းစကား ပါးလိုက်ပါတယ်။ စစ်သူကြီး မကြာခင် ရောက်လာတော့မှာမို့ အရှင်မင်းသားနဲ့ ညန်ညန် စိတ်အေးအေးထားပါတဲ့။ စစ်တပ်ကြီး ရောက်လာတာနဲ့ လူဆိုးလူမိုက်တွေ အကုန်လုံး ထွက်ပြေးစရာ မြေမရှိ ဖြစ်သွားစေရမယ်တဲ့"

လုမင်ယွိ၏ ရင်ထဲတွင်လည်း နွေးထွေးသွားပြီး နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်လေသည်။ "ငါလည်း အာ့ကောကို မျှော်နေတာ"

ခဏရပ်ပြီးနောက် သူမက ထပ်မေးလိုက်သည်။ "ဒီတစ်ခေါက် ဘယ်သူတွေ ပါလာကြသေးလဲ"

ကိုယ်ရံတော်တပ်သားက ပြန်ဖြေလိုက်လေသည်။ "တရားစီရင်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီးမင် လိုက်ပါလာပါတယ်"

ဒုတိယဝန်ကြီးမင် ရောက်လာပြီဆိုလျှင် အမှုစစ်ဆေးခြင်း ကိစ္စများကို လွှဲပြောင်းယူတော့မည်။

လုမင်ယွိက ခေါင်းညိတ်လိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။ "မင်း အရင်သွားနားလိုက်ဦး။ ကောင်းကောင်း အနားယူပါ"

ကိုယ်ရံတော်တပ်သားက ပြောလိုက်လေသည်။ "ကျွန်တော်မျိုး မပင်ပန်းပါဘူး။ အခုပဲ စစ်သူကြီးဆီ ပြန်ပြီး သတင်းပို့လိုက်ပါဦးမယ်"

ရှင်းယန်စစ်တပ်သည် စည်းကမ်းတင်းကျပ်ပြီး လုဖေးသည် လူငယ်စစ်သူကြီးများထဲတွင် နံပါတ်တစ်ဟု ကျော်ကြားသည်မှာ အလကား မဟုတ်ပေ။ ကိုယ်ရံတော်တပ်သားသည် ချက်ချင်း မတ်တပ်ရပ်ကာ အရိုအသေပြုပြီး ထွက်ခွာသွားတော့သည်။ ကိုယ်ရံတော်တပ်သား ထွက်ခွာသွားပြီးနောက် လီကျင့်က လုမင်ယွိကို ပြုံးပြလိုက်ကာ "ကျဲဖူ ရောက်လာမယ်ဆိုတော့ ကို့စိတ်ထဲမှာ တကယ့်ကို လုံခြုံသွားသလို ခံစားရတယ်"

ဟုတ်တယ်မလား။

အစ်ကိုရောက်လာတော့မယ် ဟူသည့်အတွေးနှင့်တင် သူမလည်း စိတ်အေးသွားရသည်။

လုမင်ယွိသည် နှုတ်ခမ်းထောင့်ကို ကွေးညွှတ်လိုက်မိလေသည်။

……

ညနေစောင်းသည့်အထိ စောင့်ဆိုင်းလိုက်ရ၏။

ရှင်းယန်စစ်တပ်၏ သီးသန့်အမှတ်အသားဖြစ်သော စွန်ရဲနက်အလံသည် လေထဲတွင် တလွင့်လွင့် ဖြစ်နေပြီး မိုးချိန်းသံကဲ့သို့ မြင်းခွာသံများကြောင့် မြေပြင်တစ်ခုလုံး တုန်ခါနေလေသည်။

မူလက ဘုရင်ခံအိမ်တော်ကို အထပ်ထပ် ဝိုင်းရံထားသော ကျန်းနန်စစ်သည်များသည် အလိုအလျောက် ကြောက်ရွံ့လာကြပြီး ဝမ်ရင်းပင်လျှင် ရင်တုန်ပန်းတုန် ဖြစ်လာရလေသည်။

ရှင်းယန်စစ်တပ်သည် သာ့ဝေ၏ အကောင်းဆုံးစစ်တပ်အဖြစ် ကျော်ကြားပြီး လုဖေး၏ နာမည်ဂုဏ်သတင်းမှာလည်း ကြီးမားလှသည်။

ဝမ်ရင်းသည် မိမိကိုယ်ကို အထင်ကြီးတတ်သော်လည်း မကြာမီ ရောက်ရှိလာတော့မည့် လုဖေး၏ ရှေ့မှောက်တွင်မူ ခေါင်းငုံ့ရပေတော့မည်။

ဘေးနားရှိ ကိုယ်ရံတော်တပ်သားက စိုးရိမ်တကြီး တီးတိုးမေးမြန်းလိုက်လေသည်။ "စစ်သူကြီးဝမ်... ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ စစ်ကြောင်းဖြန့်ပြီး ကြိုဆိုကြမလား"

ဝမ်ရင်းက မျက်စောင်းထိုးပြီး ဆဲရေးလိုက်၏။ "ဒီလိုနုံအစကားမျိုး မေးထွက်ရလား။ ချက်ချင်း အမိန့်ပေးလိုက်... လမ်းဖယ်ပေးကြ။ ရှင်းယန်စစ်တပ်ရဲ့ လမ်းကို မပိတ်နဲ့"

ကိုယ်ရံတော်တပ်သား "..."

စစ်သူကြီးဝမ်က ပုံမှန်အချိန်ဆို ပါးစပ်အရမ်းသန်တာ။ တကယ်တမ်းကျတော့လည်း သတ္တိနည်းသားပဲ။ စစ်သူကြီးလုရဲ့ အရိပ်တောင် မမြင်ရသေးဘူး၊ အရင်ပျော့ခွေနေပြီ။

ကိုယ်ရံတော်တပ်သားက စိတ်ထဲတွင် ရေရွတ်ရင်း မျက်နှာပေါ်တွင် မပေါ်စေဘဲ အမိန့်ကို အမြန်သွားရောက် ပေးပို့လိုက်လေသည်။

မြေပြင်တုန်ခါမှု ပို၍ ပြင်းထန်လာပြီး စွန်ရဲနက်အလံသည် အဝေးမှ အနီးသို့ ရောက်ရှိလာကာ မျက်စိရှေ့မှောက်သို့ ရောက်လာတော့သည်။

မြင်းစီးစစ်သည်များစွာသည် ဒုန်းစိုင်းစီးနင်းလာကြ၏။ မြင်းပေါ်မှ စစ်သည်များသည် မြင့်မားထွားကျိုင်းပြီး သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေကြသည်။

ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ မျက်နှာထား တည်ငြိမ်အေးစက်သော လူငယ်တစ်ဦး ဖြစ်သည်။ ထိုလူငယ်သည် သံချပ်ကာ ဝတ်ဆင်ထားပြီး မျက်လုံးများ စူးရှကာ တစ်ကိုယ်လုံးတွင် စစ်သူကြီးအရှိန်အဝါများ လွှမ်းခြုံထားလေသည်။

ဝမ်ရင်းသည် တစ်ခါမှ မမြင်ဖူးသော်လည်း ချက်ချင်းပင် မှတ်မိလိုက်၏။ လူငယ် မြင်းပေါ်မှ ဆင်းလိုက်သည်နှင့် သူက ချက်ချင်း ရှေ့တိုးကာ လက်ယှက် အရိုအသေပြုလိုက်လေသည်။ "ကျွန်တော်မျိုး ဝမ်ရင်း... စစ်သူကြီးလုကို ဂါရဝပြုပါတယ်"

ထိုလူငယ်မှာ လုဖေးပင်။

လုဖေးသည် ခရီးဝေးမှ လာရသော်လည်း မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှု မတွေ့ရဘဲ မျက်လုံးများ အနည်းငယ် နီရဲနေသည်သာ ရှိလေသည်။ သူ ပါးစပ်ဟလိုက်သည်နှင့် မထင်မှတ်ဘဲ ဖော်ရွေသော အသံထွက်ပေါ်လာလေသည်။ "စစ်သူကြီးဝမ် ယဉ်ကျေးလွန်းနေပါပြီ။ မတ်တပ်ရပ်ပါ"

ပြောရင်းဆိုရင်း လက်ယှက်ကာ ပြန်ပြီး ဂါရဝပြုလိုက်သည်။

ထိုနေ့က ရောက်လာပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်နေသော ထိုက်ဇီဖေးနှင့် ယှဉ်လျှင် ဤစစ်သူကြီးလုသည် အလွန် ဖော်ရွေပျူငှာသူ ဖြစ်လေသည်။

လုဖေး၏ အကြည့်သည် ဝမ်ရင်း၏ မျက်နှာပေါ်သို့ ဖြတ်သန်းသွားပြီး ယဉ်ကျေးစွာ ပြောလိုက်လေသည်။ "ဒီရက်ပိုင်းအတွင်း ဘုရင်ခံအိမ်တော်အပြင်ဘက်မှာ စစ်သည်တွေနဲ့ စောင့်ကြပ်ပေးပြီး လူဆိုးတွေ ရန်ကနေ ကာကွယ်ပေးခဲ့တဲ့ စစ်သူကြီးဝမ်ကို ကျေးဇူးတင်ပါတယ်။ ဒီကျေးဇူးကို ကျွန်တော် မှတ်ထားပါ့မယ်။ နောင်ကျရင် မြို့တော်ပြန်ရောက်တဲ့အခါ စစ်သူကြီးဝမ်အတွက် ဆုတောင်းပေးပါ့မယ်"

ဝမ်ရင်းက အားနာပါးနာ ပြုံးလိုက်လေသည်။ "ပြောရမှာ ရှက်စရာပါပဲ။ အဲဒီညက ဘုရင်ခံအိမ်တော် တိုက်ခိုက်ခံရတုန်းက ကျွန်တော်မျိုးက စစ်သူကြီးလော့နဲ့အတူ စစ်ကူလာခဲ့တာပါ။ ဒါပေမဲ့ နောက်ကျသွားခဲ့ပါတယ်။ အရှင်မင်းသားနဲ့ ညန်ညန်ကို မျက်နှာမပြရဲလောက်အောင်ပါပဲ"

လုဖေးက နားလည်ပေးဟန်ဖြင့် ပြောလိုက်လေသည်။ "ကျန်းနန်စစ်တပ်ရဲ့ စစ်သူကြီးချုပ်က စစ်သူကြီးလော့လေ။ စစ်သူကြီးဝမ်က အမိန့်နာခံရုံပဲ ရှိတာပါ။ စစ်ကူနောက်ကျတာ စစ်သူကြီးဝမ်ရဲ့ အပြစ် မဟုတ်ပါဘူး။ ကျွန်တော် အရှင်မင်းသားနဲ့ ညန်ညန်ကို တွေ့ရင် သေချာရှင်းပြပေးပါ့မယ်"

ဝမ်ရင်းမှာ မျက်ရည်ကျမတတ် ဖြစ်သွားပြီး လုဖေး၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်လေသည်။ "ကျေးဇူးတင်ပါတယ် စစ်သူကြီးလု"

လုဖေးက ဖော်ရွေစွာ ပြောလိုက်လေသည်။ "ဒီရက်ပိုင်း စစ်သူကြီးဝမ် ပင်ပန်းခဲ့ပါပြီ။ နောက်ရက်ကျမှ ကျွန်တော် အားရင် စစ်တပ်စခန်းကို လာလည်ပါဦးမယ်။ အခုတော့ အရှင်မင်းသားနဲ့ ညန်ညန်ကို သွားတွေ့လိုက်ပါဦးမယ်"

ဝမ်ရင်းသည် ချက်ချင်း လက်ကိုလွှတ်လိုက်ပြီး ပြုံးရွှင်စွာ ပြောလိုက်လေသည်။ "ဟုတ်ကဲ့... ဟုတ်ကဲ့... ကျွန်တော်မျိုးက စစ်သူကြီးကို စကားပြောပြီး အချိန်ဆွဲနေမိတယ်။ စစ်သူကြီး အထဲဝင်ပါ"

လုဖေးက "အင်း" ဟု ပြန်ဖြေလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်ပြန်သည်။ "ဘုရင်ခံအိမ်တော်မှာ ကျွန်တော်ရှိနေမှတော့ လုံခြုံရေးအတွက် စိတ်ပူစရာ မလိုတော့ပါဘူး။ စစ်သူကြီးဝမ် စစ်သည်တွေကိုခေါ်ပြီး စစ်စခန်းပြန်၊ ကောင်းကောင်း အနားယူလိုက်ပါတော့"

ဝမ်ရင်း "..."

ဝမ်ရင်းသည် စကားတစ်ခွန်းမှ ပြန်မပြောရဲဘဲ ခေါင်းငုံ့ကာ စစ်သည်များကို ဦးဆောင်ပြီး ပြန်လည်ထွက်ခွာသွားရတော့သည်။

လုဖေးသည် ရှင်းယန်စစ်သည်များကို ဖြန့်ခွဲပြီး ဘုရင်ခံအိမ်တော်ကို စောင့်ကြပ်ခိုင်းလိုက်သည်။ သူကိုယ်တိုင်မှာမူ ကိုယ်ရံတော်တပ်သား ဆယ်ဂဏန်းခန့်ကို ဦးဆောင်ပြီး ဘုရင်ခံအိမ်တော်ထဲသို့ ဝင်ရောက်သွားလေသည်။ တံခါးမကြီးကို ကျော်ဖြတ်လိုက်သည်နှင့် လူအုပ်စုတစ်စု သူတို့ဘက်သို့ လျှောက်လာသည်ကို တွေ့လိုက်ရလေသည်။

သူ၏ ယောက္ခထီး ဝန်ကြီးရှန်း၊ ယောက်ဖတော်စပ်သူ ကျိုးလီနှင့် လီယန်၊ အရှေ့နန်းဆောင်အရာရှိ ဖန်းဇီကျန်းတို့ ပါဝင်ကြသည်။ သို့သော် အားလုံးထက် ပိုမိုထင်ရှားနေသူမှာ ရှေ့ဆုံးမှ အမျိုးသမီးပင်။

ထိုအမျိုးသမီးသည် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်လုံးများ တောက်ပနေကာ အေးစက်သော အလှတရားနှင့် ပြည့်စုံနေလေ၏။

မျက်လုံးချင်း ဆုံမိသည့် ခဏတာတွင် အနီရောင်ဝတ် အမျိုးသမီးသည် နှုတ်ခမ်းထောင့်ကို ပင့်လိုက်ပြီး လှမ်းခေါ်လိုက်လေသည်။ "အာ့ကော"

"စစ်မေ့"

လုဖေး၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး နှုတ်မှ လွှတ်ခနဲ ပြောထွက်လိုက်မိသည်။

မောင်နှမနှစ်ဦးသည် ရှေ့သို့ အမြန်လျှောက်လာကြပြီး နီးကပ်သွားမှ ရပ်တန့်လိုက်ကြသည်။ လုဖေးသည် လုမင်ယွိ၏ မျက်ဝန်းထဲမှ စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာမှုများကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသဖြင့် ရင်ထဲတွင် နွေးထွေးသွားတော့သည်။ "စစ်မေ့... နင် ဘာမှမဖြစ်ဘူးမလား"

အစ်ကိုဖြစ်သူ လုဖေး၏ မျက်ဝန်းထဲမှ စိုးရိမ်ပူပန်မှုများကို ကြည့်ပြီး လုမင်ယွိ၏ ရင်ထဲတွင် ဝမ်းနည်းသလို ခံစားလိုက်ရတော့သည်။ "ငါ ဘာမှမဖြစ်ပါဘူး။ အာ့ကော... အာ့ကော နောက်ဆုံးတော့ ရောက်လာပြီပဲ"

...

အပိုင်း (၅၉၄) စစ်သည်အင်အား (၂)

ဤရက်ပိုင်းအတွင်း သူမသည် အပြင်ပန်း၌ တည်ငြိမ်အေးဆေးဟန် ရှိသော်ငြား လက်တွေ့တွင်မူ စိတ်အာရုံများ တင်းမာနေပြီး တစ်ခဏလေးမျှပင် သတိမပေါ့လျော့ရဲချေ။

ထိုညက ပြင်းထန်သော တိုက်ခိုက်သတ်ဖြတ်မှု ပြီးနောက်တွင် ကိုယ်ရံတော်တပ်သား ၁၀၀၀ နီးပါး ကျဆုံးခဲ့ရပြီး ၂၀၀၀ ကျော်မှာ ဒဏ်ရာအကြီးအငယ် ရရှိခဲ့ကြလေသည်။ ကျန်းနန်ဒေသတစ်ခုလုံးရှိ သမားတော်များကို "ဖိတ်ခေါ်" ထားရပြီး ဆေးဆိုင်များရှိ ဒဏ်ရာကုဆေးများကိုလည်း အကုန်အစင် ဝယ်ယူထားရ၏။

ကျန်းနန်စစ်တပ်မှ စစ်သည် ၁၀၀၀၀ သည် ဘုရင်ခံအိမ်တော်အပြင်ဘက်တွင် ရှိနေပြီး နောက်ထပ် စစ်သည် ၂၀၀၀၀ သည်လည်း မြင်းဒုန်းစိုင်းစီးပါက ၂ နာရီအတွင်း ဘုရင်ခံအိမ်တော်သို့ ရောက်ရှိနိုင်လေသည်။ အကယ်၍ ကျန်းနန်စစ်တပ်သာ တကယ်ပုန်ကန်ခဲ့လျှင် ဘုရင်ခံအိမ်တော်ရှိ စစ်အင်အားဖြင့် ခုခံကာကွယ်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။

ထို့ကြောင့် သူမသည် ဘုရင်ခံအိမ်တော်တွင် တပ်စွဲကာ ကျူး၊ ဝေ စသည့် မိသားစုများကို အင်အားသုံး နှိမ်နင်းခဲ့ပြီး ရှေးဟောင်းမျိုးနွယ်ကြီး ၅ စုကို ဆက်တိုက် ပိတ်ဆို့အရေးယူခဲ့သည်။ သံမဏိသွေးကဲ့သို့ ပြတ်သားသော လုပ်ရပ်များဖြင့် လှုပ်ရှားချင်နေသော ကျန်းနန်အရာရှိလောကကို ခြိမ်းခြောက် ထိန်းချုပ်ထားခဲ့လေသည်။

ယခုအခါ လုဖေးသည် စစ်သည် ၅၀၀၀၀ ကို ဦးဆောင်ပြီး ရောက်ရှိလာခဲ့ပြီ။

ရှင်းယန်စစ်သည် ၅၀၀၀၀ အခိုင်အမာ ရှိနေပြီဖြစ်ရာ လုမင်ယွိသည်လည်း နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့လေသည်။

လုဖေးသည် လုမင်ယွိ၏ ပုံစံကို ကြည့်ပြီး ရင်ထဲတွင် နာကျင်သနားသွားကာ အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဒီရက်ပိုင်းအတွင်း နင် ပင်ပန်းခဲ့ပါပြီ။ အခု ငါ ရောက်လာပြီဆိုတော့ ကိစ္စအားလုံးကို ငါ့ဆီ လွှဲပေးလိုက်တော့။ နင်က အရှင်မင်းသားနားမှာပဲ စိတ်အေးအေးထားပြီး နေလိုက်ပါ"

လူအများရှေ့တွင် ဖြစ်သဖြင့် စကားအများကြီး မပြောသင့်ရာ လုမင်ယွိက ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်လေသည်။

လုဖေးသည် ဝန်ကြီးရှန်းကို လက်ယှက်ကာ နှုတ်ဆက်လိုက်ပြန်သည်။ "သားမက်က ယောက္ခမကို ဂါရဝပြုပါတယ်"

ရက်အတော်ကြာ ပင်ပန်းဆင်းရဲထားသဖြင့် ပိန်ကျသွားသော ဝန်ကြီးရှန်းသည် အရပ်ရှည်ပြီး တက်ကြွရွှင်လန်းနေသော သားမက်ဖြစ်သူကို မြင်လိုက်ရသည့်အခါ စိတ်သက်သာရာ ရသွားပြီး ပြုံးကာ သက်ပြင်းချလိုက်လေသည်။ "နောက်ဆုံးတော့ မင်းရောက်လာတာကို တွေ့ရပြီပဲ"

သမီးဖြစ်သူ အိမ်ထောင်မကျမီက သူသည် ဤလက်ထပ်ပွဲကို သဘောမကျခဲ့ပေ။ အလိုလိုက်ကာ ပျိုးထောင်ထားသော သမီးလေးက ရိုင်းစိုင်းသော စစ်သည်တစ်ဦးနှင့် လက်ထပ်လိုက်ရသည်ကို တွေးမိတိုင်း ရင်မွန်းကျပ်ခဲ့ရသည်။

ကံကောင်းသည်မှာ လွန်ခဲ့သောနှစ်များအတွင်း သမီးနှင့် သားမက်တို့၏ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်ခဲ့ပြီး ကျွမ်းအာပြီးနောက် မြေးမလေးတစ်ယောက်ပင် ထပ်မံဖွားမြင်ခဲ့သည်။ လုဖေးသည် ငယ်ရွယ်စဉ်မှာပင် အဆင့်၂ စစ်သူကြီးဖြစ်လာပြီး ရှန်းလန်သည်လည်း အဆင့်၂ ကတော်ဘွဲ့ကို ရရှိကာ ရှင်းယန်ဝမ်အိမ်တော်၏ အိမ်မှုကိစ္စများကို စီမံခန့်ခွဲခွင့် ရရှိခဲ့သည်။ မြို့တော်တစ်ခုလုံးကို ကြည့်လျှင်ပင် မည်သူမျှ နှိုင်းယှဉ်နိုင်ခြင်း မရှိချေ။

သမီးဖြစ်သူ နေထိုင်ကောင်းမွန်သည်ကို မြင်ရသဖြင့် ဝန်ကြီးရှန်းသည် သားမက်ကို ကြည့်ရသည်မှာလည်း မျက်စိပသာဒ ဖြစ်လာတော့သည်။

ဤတစ်ကြိမ် ကြီးမားသော စစ်ပွဲကို ကြုံတွေ့ပြီးနောက် ဝန်ကြီးရှန်းသည် ပိုမိုနက်ရှိုင်းသော သင်ခန်းစာကို ရရှိခဲ့သည်။ အရပ်ဘက် အရာရှိများ မည်မျှပင် တော်ပါစေ ပါးစပ်ဖြင့်သာ ပြောနိုင်ကြသည်။ မငြိမ်မသက်မှုများ ဖြစ်ပွားချိန်တွင်မူ အင်အားကြီးမားသော စစ်တပ်ကသာ အခြေအနေကို ထိန်းချုပ်နိုင်လေသည်။

လုဖေး ရောက်လာသည်နှင့် လူတိုင်း၏ စိတ်နှလုံး တည်ငြိမ်သွားကြတော့သည်။

လီယန်နှင့် ကျိုးလီတို့သည်လည်း ရှေ့တိုးလာပြီး ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်ကြလေသည်။

လုဖေး၏ နောက်မှ သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ရှေ့တိုးလာပြီး ရိုသေလေးစားစွာ လက်ယှက်လိုက်လေသည်။ "ကျွန်တော်မျိုး ထိုက်ဇီဖေးညန်ညန်ကို ဂါရဝပြုပါတယ်"

ထိုသက်လတ်ပိုင်း အမျိုးသားသည် အရပ်ပုပြီး အသားညိုကာ မျက်လုံးများ တောက်ပနေပြီး တရားစီရင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးမင် ဖြစ်လေသည်။ လုမင်ယွိက အနည်းငယ် ပြုံးပြပြီး စကားပြောရန် ပြင်လိုက်စဉ် ရင်းနှီးနေသော လူငယ်တစ်ဦးသည် ရုတ်တရက် ထွက်ပေါ်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။ "စစ်ကျဲ! "

ထိုလူငယ်သည် အရပ်ရှည်ပြီး ပိန်ပါးကာ လည်ပင်းရှည်သော်လည်း ခေါင်းက ထူးခြားစွာ ကြီးမားနေသည်။ မျက်နှာက သိပ်ပြီး ချောမောသည်ဟု မဆိုနိုင်သော်လည်း ကြည့်ရသည်မှာ အဆင်ပြေပြီး နှစ်လိုဖွယ်ကောင်းသည်။ ပြုံးလိုက်လျှင် သွားဖြူဖြူလေးများ ပေါ်လာတတ်သည်။

လုမင်ယွိ၏ မျက်လုံးများ အရောင်လက်သွားပြီး ဝမ်းသာအားရ ပြောလိုက်လေသည်။ "လျို့တိ... နင် ဘယ်လိုလုပ် ရောက်လာတာလဲ"

လုရွှမ်းသည် လူကောင်ကြီးထွားနေပြီ ဖြစ်သော်လည်း ကလေးဘဝတုန်းကလိုပင် လုမင်ယွိ၏ ရှေ့သို့ ရင်းနှီးစွာ တိုးကပ်လာပြီး ပါးစပ်ဖြဲကာ ရယ်မောလိုက်လေသည်။ "ဒုတိယဝန်ကြီးမင်က အမှုစစ်ဖို့ လာတာလေ။ တရားစီရင်ရေးဝန်ကြီးဌာနက လူနည်းနည်း ထည့်ပေးလိုက်တော့ ကျွန်တော်လည်း လိုက်လာတာပေါ့..."

ထို့နောက် လုမင်ယွိကို အကဲခတ်လိုက်ပြီး ပြောလိုက်လေသည်။ "ကျွန်တော် လမ်းတစ်လျှောက်လုံး စစ်ကျဲ အစားမဝင် အိပ်မပျော် ဖြစ်နေမှာကို စိတ်ပူနေတာ။ ဒီနေ့ တွေ့လိုက်ရတော့မှပဲ ကျွန်တော် တွေးပူလွန်မှန်း သိတော့တယ်"

"စကားများပြန်ပြီ" လုမင်ယွိက ပြုံးပြီး မျက်စောင်းထိုးလိုက်သော်လည်း ရင်ထဲတွင် နွေးထွေးသွားလေသည်။

မိသားစုဆိုတာ ဘာလဲ။

ဘယ်လို ဒုက္ခမျိုးနဲ့ ကြုံရပါစေ ကိုယ့်ရှေ့ကို ပထမဆုံး ရောက်လာတတ်သူတွေက ကိုယ့်ကို အချစ်ဆုံးသူတွေပါပဲ။

"အရှင်မင်းသား ဘယ်မှာလဲ" လုဖေးက ပြုံးပြီး မေးလိုက်လေသည်။ "အရှင်မင်းသားကို အရင်သွားတွေ့ကြမယ်"

လုမင်ယွိက နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်လေသည်။ "အရှင်မင်းသားက အစ်ကိုတို့ ရောက်လာတာသိရင် ဘယ်လောက်တောင် ဝမ်းသာမလဲမသိဘူး။ ဒါပေမဲ့ ဒဏ်ရာက မသက်သာသေးလို့ အားနည်းနေတုန်းပဲ။ ကုတင်ပေါ်မှာ အနားယူနေရတယ်။ ငါ့နောက် လိုက်ခဲ့ကြ"

အားလုံးက ပြုံးရွှင်စွာ လက်ခံလိုက်ကြပြီး လုမင်ယွိကို ခြံရံလျက် အိမ်ရှေ့စံမင်းသားကို တွေ့ဆုံရန် သွားရောက်ကြလေသည်။

လီကျင့်သည် ကုတင်ပေါ်မှ မဆင်းနိုင်သော်လည်း စောစောစီးစီးကတည်းက ထထိုင်နေခဲ့သည်။ လူအများ တံခါးဖွင့်ဝင်လာသည်ကို မြင်သောအခါ လီကျင့်သည် အလိုအလျောက် ကုတင်ပေါ်မှ ဆင်းရန် ပြင်လိုက်လေသည်။

လုဖေးက ရှေ့သို့ အမြန်တိုးသွားပြီး ပြောလိုက်သည်။ "အရှင်မင်းသား... မဆင်းပါနဲ့"

သို့သော် အရိပ်တစ်ခုသည် သူ့ထက်ပင် လျင်မြန်စွာ ရောက်ရှိသွားသည်။ လုရွှမ်းသည် လေပွေတစ်ခုကဲ့သို့ ကုတင်ဘေးသို့ ပြေးဝင်သွားပြီး လီကျင့်၏ လက်မောင်းကို တွဲထားလိုက်လေသည်။ "အရှင်မင်းသား... မြန်မြန် ပြန်ထိုင်နေပါ... မလှုပ်ပါနဲ့"

လီကျင့်က သေချာကြည့်လိုက်ပြီး အံ့သြဝမ်းသာ ဖြစ်သွားလေသည်။ "လျို့တိ... မင်းပါလား"

လုရွှမ်းက ပြုံးစိစိဖြင့် လုမင်ယွိကို ပြောခဲ့သော စကားများကို ထပ်ပြောလိုက်ပြန်သည်။ "...ကျွန်တော်က တရားစီရင်ရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတာလေ။ မြို့တော်အပြင်ထွက်ပြီး အမှုလိုက်ရမယ့် အခွင့်အရေးက ရှားတယ်လေ။ ဒီလိုအခွင့်ကောင်းမျိုးကို ကျွန်တော်က ဘယ်လိုလုပ် လက်လွှတ်ခံမလဲ။ အလုအယက် လိုက်လာတာပေါ့"

လီကျင့်၏ ရင်ထဲတွင် နွေးထွေးသွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ကျေးဇူးတင်ပါတယ် လျို့တိရာ"

လုရွှမ်း စကားဆက်ပြောရန် ပြင်လိုက်စဉ် အစ်ကိုဖြစ်သူ လုဖေး၏ မျက်စောင်းကို မြင်လိုက်ရသဖြင့် ချက်ချင်း လိမ္မာစွာ ဘေးဖယ်ပေးလိုက်သည်။ လုဖေးက ရှေ့တိုးပြီး လက်ယှက်လိုက်လေသည်။ "ကျွန်တော်မျိုး လုဖေး... အရှင်မင်းသားကို ဂါရဝပြုပါတယ်"

ဒုတိယဝန်ကြီးမင်ကလည်း လက်ယှက်လိုက်လေသည်။ "ကျွန်တော်မျိုး မင်ဟန်... အရှင်မင်းသားကို ဂါရဝပြုပါတယ်"

လီကျင့်သည် စိတ်လှုပ်ရှားနေသဖြင့် အသံများ တက်ကြွနေလေသည်။ "အာ့ကော ထပါ... ဒုတိယဝန်ကြီးမင်လည်း ထပါ... လာကြစမ်း... ထိုင်ခုံယူလာခဲ့"

ရှောင်ယွမ်ကုန်းကုန်းသည် အတွင်းနန်းဆောင်ကုန်းကုန်းများကို ဦးဆောင်ပြီး ကုလားထိုင်နှစ်လုံးကို ကုတင်ဘေးသို့ သယ်ဆောင်လာလေသည်။ လုဖေးနှင့် ဒုတိယဝန်ကြီးမင်တို့သည် ဤကဲ့သို့ မျက်နှာသာပေးခံရသဖြင့် အားနာဝမ်းသာဖြစ်ကာ ကျေးဇူးတင်စကား ပြောလိုက်ကြသည်။

လုမင်ယွိက ပြုံးပြီး ပြောလိုက်လေသည်။ "ရှင်တို့ ခရီးဝေးက လာရတာ ပင်ပန်းနေကြမှာပါ။ အရှင်မင်းသားက ရှင်တို့ကိုတွေ့လို့ ဝမ်းသာပြီး ထိုင်ခိုင်းနေတာဆိုတော့ ဝင်ထိုင်လိုက်ကြပါ"

သူတို့လည်း မငြင်းဆန်တော့ဘဲ ထိုင်လိုက်ကြသည်။

လုဖေးသည် လီကျင့်၏ မျက်နှာကို သေချာကြည့်ပြီး သက်ပြင်းချလိုက်လေသည်။ "အရှင်မင်းသား ပင်ပန်းသွားပါပြီ"

လုပ်ကြံခံရသည့်နေ့မှစ၍ ရက်ပေါင်း ၂၀ ကျော် ရှိခဲ့ပြီ။ လီကျင့်သည် ရက်ပေါင်း ၂၀ ကျော် ကုတင်ပေါ်တွင် အနားယူနေသော်လည်း မျက်နှာက ဖြူဖျော့နေဆဲဖြစ်ပြီး အသံကလည်း အားနည်းနေဆဲ ဖြစ်သည်။ အတော်လေး ဒုက္ခရောက်ခဲ့ရပုံ ပေါ်လေသည်။

လီကျင့်က ဟာသတစ်ဝက်၊ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလိုတစ်ဝက် ပြောလိုက်လေသည်။ "ကံကောင်းလို့ လုယိက အချိန်မီ ကယ်တင်နိုင်ခဲ့တာ။ ပြီးတော့ သမားတော်ယန်ရဲ့ ဆေးကုသမှု ကောင်းတာတွေကြောင့်ပါ။ မဟုတ်ရင် ကျွန်တော် အဲဒီညကတည်းက အသက်ပျောက်သွားလောက်ပြီ"

ဒုတိယဝန်ကြီးမင်၏ မျက်နှာထား လေးနက်သွားပြီး ပြောလိုက်သည်။ "ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ အမိန့်နဲ့ အရှင်မင်းသား လုပ်ကြံခံရတဲ့အမှုကို အသေးစိတ် လာရောက်စစ်ဆေးတာပါ။ အရှင်မင်းသား စိတ်ချပါ။ ကျွန်တော်မျိုး ဒီအမှုကို ရှင်းရှင်းလင်းလင်းဖြစ်အောင် စစ်ဆေးပါ့မယ်။ အရှင်မင်းသားကို လုပ်ကြံရဲတဲ့သူ မှန်သမျှ တစ်ယောက်ကိုမှ အလွတ်မပေးပါဘူး"

လီကျင့်က လုမင်ယွိကို တစ်ချက် ကြည့်လိုက်လေသည်။

လုမင်ယွိက အသံတိုးတိုးဖြင့် ပြောလိုက်၏။ "အစက အမှုစစ်တာတွေကို လုယိ လုပ်နေတာပါ။ အခု ဒုတိယဝန်ကြီးမင် ရောက်လာပြီဆိုတော့ အားလုံးကို ဒုတိယဝန်ကြီးမင်ဆီ လွှဲပြောင်းပေးလိုက်ပါတော့မယ်"

လီကျင့်က ခေါင်းတစ်ချက်ညိတ်ပြီး ဒုတိယဝန်ကြီးမင်ကို ပြောလိုက်လေသည်။ "ဒါဆိုရင် အမှုစစ်ဆေးတဲ့ကိစ္စကို ဒုတိယဝန်ကြီးမင်ကိုပဲ အပ်လိုက်ပါတော့မယ်"

ဒုတိယဝန်ကြီးမင်က လက်ယှက်ကာ အမိန့်နာခံလိုက်လေသည်။

ဒုတိယဝန်ကြီးမင်၏ နောက်တွင် ရပ်နေသော လုရွှမ်းသည် သတ်ဖြတ်လိုစိတ်ဖြင့် အေးစက်စက် ရယ်မောလိုက်ပြီး ညာဘက်လက်သီးကို တင်းတင်းဆုပ်လိုက်လေသည်။

ဒုတိယဝန်ကြီးမင်က မကျယ်မလောင် ချောင်းတစ်ချက်ဟန့်ပြီး လုရွှမ်းကို အနည်းငယ် ထိန်းသိမ်းရန် သတိပေးလိုက်လေသည်။

လုရွှမ်းသည် ချက်ချင်း လက်သီးကို ဖြေလျှော့လိုက်ပြီး ခန္ဓာကိုယ်ကို မတ်မတ်ရပ်ကာ အာရုံစိုက် နားထောင်နေသည့်ပုံစံ ဟန်ဆောင်လိုက်လေသည်။

လုရွှမ်းသည် အသက် ၁၄ နှစ်ကတည်းက တရားစီရင်ရေးဝန်ကြီးဌာနသို့ ဝင်ရောက် အမှုထမ်းခဲ့သူ ဖြစ်သည်။ အမှုလိုက်ခြင်း၊ ဖမ်းဆီးခြင်းနှင့် စစ်ဆေးမေးမြန်းခြင်းတို့တွင် ကျွမ်းကျင်ပိုင်နိုင်လှသည်။ အထူးသဖြင့် ရာဇဝတ်သားများကို စစ်ဆေးမေးမြန်းရာတွင် ထူးချွန်သည့် ပါရမီရှင်တစ်ဦး ဖြစ်လေသည်။

ကြာပွတ်ဖြင့်ရိုက်ခြင်း၊ ကျားခုံတန်းတွင် တင်ခြင်း စသည့် ကြမ်းတမ်းသော နည်းလမ်းများကို လုရွှမ်းက အထင်မကြီးပေ။ သူက ရာဇဝတ်သား၏ စိတ်ဓာတ်ကို နှိပ်စက်ပြီး စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားအောင် ပြုလုပ်ကာ နောက်ဆုံးတွင် သေပါရစေတော့ဟု တောင်းပန်လာအောင် ပြုလုပ်တတ်သည်။

ဘာပဲဖြစ်ဖြစ် လုရွှမ်းလက်ထဲ ရောက်သွားပြီဆိုရင်တော့ ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးရမှာပါပဲ။

...

All Chapters