← Chapters

အခန်း (၅၉၅-၅၉၇)

Vol. 40 Ch. 595-597

အခန်း (၅၉၅-၅၉၇)

Vol. 40 Ch. 595-597

အပိုင်း (၅၉၅) ပြန်လည်ဆုံတွေ့ခြင်း

နှုတ်ဆက်စကား နည်းနည်းပါးပါး ပြောကြားပြီးနောက် ဒုတိယဝန်ကြီးမင်သည် အလိုက်တသိ ထွက်ခွာသွားလေသည်။

လုမင်ယွိက ရှောင်ယွမ်ကုန်းကုန်းကို ပြုံးပြီး အမိန့်ပေးလိုက်လေသည်။ "ဒုတိယဝန်ကြီးမင် တည်းခိုဖို့ အခန်းပြင်ဆင်ခိုင်းလိုက်။ ပြီးတော့ လုယိကို သွားပြော၊ ဒုတိယဝန်ကြီးမင်ကို သွားတွေ့ပါလို့"

ရှောင်ယွမ်ကုန်းကုန်းသည် ရက်အနည်းငယ်အတွင်း ထိုက်ဇီဖေးညန်ညန်၏ အမိန့်ကို နာခံရာတွင် ကျင့်သားရနေပြီဖြစ်ရာ ချက်ချင်းပင် လက်ခံဆောင်ရွက်လိုက်လေသည်။

ဝန်ကြီးရှန်းနှင့် အခြားသူများလည်း နှုတ်ဆက်ထွက်ခွာသွားကြသည်။

"မဆိုင်တဲ့သူတွေ" အားလုံး ထွက်သွားကြသောအခါမှ လုဖေးသည် မျက်မှောင်ကြုတ်ကာ လုမင်ယွိကို သဘောမတူသည့် အကြည့်ဖြင့် ကြည့်လိုက်တော့သည်။ "စစ်မေ့... နင့်လုပ်ရပ်က တကယ်ပဲ စွန့်စားလွန်းတယ်"

"ကိုယ့်သဘောနဲ့ စစ်သည်တွေ ခေါ်ထုတ်လာတာက အကြီးမားဆုံး တားမြစ်ချက်ကို ချိုးဖောက်တာပဲ။ အရှင်မင်းကြီး သိရင် သေချာပေါက် ဒေါသထွက်လိမ့်မယ်။ ဟွမ်ဟုပ်ညန်ညန်နဲ့ ယိဖု ကိုပါ အပြစ်မတင်ဘူးလို့ မပြောနိုင်ဘူး"

"အရှင်မင်းသားအတွက် စိတ်ပူနေမှန်း အာ့ကော သိပါတယ်။ ဒါပေမဲ့ နန်းတော်က အာ့ကောကို စစ်သည်တွေ ဦးဆောင်ပြီး စေလွှတ်လိုက်တာပဲဟာ... နင် ဘာကိစ္စ ဒီလောက်ကြီး စွန့်စားရတာလဲ"

လုရွှမ်းကတော့ လုမင်ယွိ၏ လုပ်ရပ်ကို ထောက်ခံသူဖြစ်ရာ ချက်ချင်း ဝင်ပြောလိုက်လေသည်။ "နန်းတော်က စစ်သည်လွှတ်ဖို့ ရိက္ခာတွေ စုဆောင်းရသေးတာလေ။ ၃ ရက်လောက် ကြာသွားသေးတယ်”

"ပြီးတော့ စစ်သည်ငါးသောင်းနဲ့ ချီတက်ရတာ နေ့ညမနား ခရီးနှင်ရင်တောင် ၁၀ ရက်လောက် ကြာတယ်။ တကယ်လို့သာ စစ်ကျဲ ကိုယ်တိုင် စစ်ကူမလာခဲ့ရင် ဘုရင်ခံအိမ်တော်က လူတွေ အကုန်လုံး သေကုန်ကြပြီ"

လုဖေး "..."

လုဖေးသည် ပါးစပ်ပိတ်သွားပြီး ရယ်ရခက် ငိုရခက် ဖြစ်သွားကာ လုရွှမ်းကို မျက်စောင်းထိုးလိုက်တော့သည်။ "အရှင်မင်းသားရဲ့ ရှေ့မှောက်မှာ အနေအထိုင် ဆင်ခြင်စမ်း။ ရိုင်းပျမနေနဲ့"

လုရွှမ်းက အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် ပြောလိုက်လေသည်။ "စောစောက ဒုတိယဝန်ကြီးမင်တို့ ရှိနေတုန်းက ကျွန်တော် ဒီစကားတွေ မပြောပါဘူး။ အခုက ညီအစ်ကိုတွေပဲ ရှိတာလေ... ရင်ဖွင့်စကားလေး ပြောတာ ဘာဖြစ်လို့လဲ"

လီကျင့်က အလိုက်သင့် ဝင်ပြောလိုက်သည်။ "လျို့တိ ပြောတာ မှန်ပါတယ်။ အခုက လူစိမ်းမှ မရှိတာ။ မိသားစုဝင်တွေပဲ ရှိတာဆိုတော့ စကားပြောရတာ ဘာမှတားမြစ်စရာ မလိုပါဘူး။ ဒီတစ်ခါတော့ ရှောင်ယွိ အချိန်မီ ရောက်လာလို့သာပေါ့။ မဟုတ်ရင် လော့ဝူ စစ်ကူရောက်လာတဲ့အချိန် တစ်ခုခု ကြံစည်ရင် ကျွန်တော်နဲ့ ကျွန်တော့်လူတွေ အကုန် အသက်မရှင်နိုင်တော့ဘူး"

လော့ဝူအကြောင်း ပြောလိုက်သည်နှင့် လုဖေး၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ် အရိပ်အယောင် ဖြတ်သန်းသွားပြီး အေးဆေးစွာ ပြောလိုက်လေသည်။ "လော့ဝူက အရှင်မင်းကြီးရဲ့ လူရင်းလေ။ အရှင်မင်းကြီးက သူ့ကို အများကြီး ယုံကြည်ထားတာ။ အခု သူက ဒီလိုလုပ်ရပ်မျိုး လုပ်ရဲတယ်ဆိုတော့ အရှင်မင်းကြီးရဲ့ ကျေးဇူးကို ကန်းတာပဲ။ သူ့ကို မြို့တော် ပြန်ပို့လိုက်ရင် အရှင်မင်းကြီးက သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး"

ဤစကားသည် လုမင်ယွိကို သွယ်ဝိုက်သတိပေးလိုက်ခြင်း ဖြစ်သည်။ စစ်သူကြီးလော့ကို အလွယ်တကူ လက်မလွန်မိစေနဲ့ ဟူ၍ပင်။

စစ်သူကြီးလော့တွင် အပြစ်ပေါင်းသောင်းခြောက်ထောင် ရှိနေပါစေ၊ သူသည် ယုံးကျားဧကရာဇ်၏ လူဖြစ်နေဆဲပင်။

စစ်သူကြီးလော့နှင့် ကျန်းနန်မျိုးနွယ်စုကြီးများ ပူးပေါင်းကြံစည်သည့် သက်သေအထောက်အထား ရှာတွေ့ပြီးသည်နှင့် သူ့ကို မြို့တော်သို့ ပို့ဆောင်ကာ သတ်မလား၊ လွှတ်မလား ဆိုသည်ကို ယုံးကျားဧကရာဇ်ကိုယ်တိုင် ဆုံးဖြတ်စေခြင်းသည်သာ အသင့်တော်ဆုံး ဖြစ်သည်။

လုမင်ယွိသည် အစ်ကိုကြီး၏ အကြည့်ကို ပြန်ကြည့်လိုက်ပြီး မတတ်သာသည့်ဟန်ဖြင့် ပြုံးလိုက်လေသည်။ "အာ့ကောက ငါ့ကို ဒီလောက်တောင် စိတ်မချဖြစ်နေတာလား။ ဒီရက်ပိုင်း လော့ဝူကို ဖမ်းထားပေမဲ့ ဘယ်သူကမှ သူ့ကို မနှိပ်စက်ပါဘူး။ တစ်နေ့ ၃နပ် ကောင်းကောင်း ကျွေးမွေးထားပါတယ်။ အာ့ကော စိတ်ချပါ... သူ့ကို အကောင်းပကတိအတိုင်း မြို့တော်ကို ပြန်ပို့ပေးပါ့မယ်"

လုဖေးသည် စိတ်သက်သာရာ ရသွားလေသည်။ "ဒါဆိုရင် ကောင်းတာပေါ့"

လွန်ခဲ့သောနှစ်များက ဒေါသတကြီးဖြင့် စူးဖေးကို အဆိပ်ခတ်သတ်ခဲ့သလို ထပ်မဖြစ်စေချင်ပေ။ ထိုအချိန်က စိတ်ကျေနပ်စရာ ကောင်းသော်လည်း ဧကရာဇ်၏ ငြိုငြင်ခြင်းကို ခံခဲ့ရသည်။ ဒီနှစ်ပိုင်းအတွင်း အရှေ့နန်းဆောင်က အခြေအနေ မကောင်းခြင်းမှာ ထိုကိစ္စနှင့် မကင်းပေ။

လော့ဝူသည် အဆင့်၂ စစ်သူကြီးဖြစ်ပြီး ယုံးကျားဧကရာဇ် ယုံကြည်အားကိုးသော အရာရှိတစ်ဦး ဖြစ်သည်။ လုမင်ယွိသည် အိမ်ရှေ့စံကြင်ရာတော် အနေဖြင့် အမှားကျူးလွန်သော ကိုယ်လုပ်တော်တစ်ဦးကို အဆိပ်ခတ်သတ်ဖြတ်ခြင်းမှာ လက်ခံနိုင်သေးသော်လည်း နန်းတွင်းအရာရှိကြီးတစ်ဦးကို ထိပါးခြင်းမှာမူ နောက်ဆက်တွဲ ဆိုးကျိုးများ များပြားလှသဖြင့် လုံးဝ မလုပ်သင့်ပေ။

လုရွှမ်းသည် မျက်လုံးများကို မှေးလိုက်ပြီး ရုတ်တရက် ပြောလိုက်လေသည်။ "စစ်ကျဲ... ဒီလော့ဝူကို ကျွန်တော့်လက်ထဲ အပ်လိုက်။ သူ့အသားအရေကို နည်းနည်းလေးမှ မထိခိုက်စေဘဲ ၃ရက်အတွင်း သူသိသမျှ အကုန်လုံး ဖွင့်ပြောလာအောင် လုပ်ပေးမယ်"

လုမင်ယွိ ဘာမှပြန်မပြောရသေးခင် လုဖေးက မျက်မှောင်ကြုတ်ကာ မျက်စောင်းထိုးလိုက်လေသည်။ "လျို့တိ... မွှေမနေနဲ့"

လုရွှမ်းက မကျေမနပ် ဖြစ်သွားလေသည်။ "အာ့ကော... ကျွန်တော့်ကို အထင်သေးလွန်းနေပြီ။ သူ့ကို နည်းနည်းလေးမှ မထိခိုက်စေပါဘူးလို့ ပြောသားပဲ။ ဆံပင်တစ်ချောင်းတောင် မကျွတ်စေရပါဘူး။ သူ့ပါးစပ်ကို ဟလာအောင် လုပ်မယ့် နည်းလမ်း ကျွန်တော့်မှာ ရှိပါတယ်"

ခဏရပ်ပြီးနောက် အသံနှိမ့်ကာ ပြောလိုက်ပြန်သည်။ "အခုအချိန်မှာ သေချာ မစစ်ဆေးလိုက်ရင် မြို့တော်ရောက်သွားတဲ့အခါ ကျွန်တော်တို့ လက်ထဲမှာ ရှိတော့မှာ မဟုတ်ဘူး"

လုဖေးသည် အနည်းငယ် တွေဝေသွားပြီး လုမင်ယွိကို ကြည့်လိုက်လေသည်။

လုမင်ယွိက ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်လေသည်။ "ကောင်းပြီလေ... လျို့တိကို စမ်းကြည့်ခိုင်းလိုက်မယ်"

"တစ်ခုခု မှားယွင်းသွားရင် ငါ အကုန်တာဝန်ယူမယ်" လီကျင့်က ချက်ချင်း ဝင်ပြောလိုက်လေသည်။ "လျို့တိ... မင်း စိတ်ကြိုက်သာ လုပ်တော့"

လုဖေးသည် မျက်နှာထား လျှော့ချလိုက်ပြီး လုရွှမ်းကို ကြည့်ကာ ပြောလိုက်လေသည်။ "အရှင်မင်းသားနဲ့ ညန်ညန်တောင် သဘောတူမှတော့ မင်း စမ်းကြည့်လိုက်ပေါ့။ ဒါပေမဲ့ သတိထား... စစ်သူကြီးလော့က နန်းတွင်းအရာရှိကြီးတစ်ယောက်ဆိုတာ မမေ့နဲ့။ ရိုင်းပျလို့ မဖြစ်ဘူး"

သဘောပေါက်ပါပြီ... ဒဏ်ရာအမာရွတ်ကျန်အောင် မလုပ်နဲ့၊ သူများအတင်းပြောစရာ မဖြစ်စေနဲ့ ဆိုတဲ့သဘောပဲမလား။

လုရွှမ်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြုံးဖြဲဖြဲဖြင့် ပြောလိုက်လေသည်။ "အာ့ကော စိတ်ချပါဗျာ"

လုဖေးသည် ဖခင်တစ်ဦးသဖွယ် လုရွှမ်းကို သေချာစွာ မှာကြားနေလေသည်။ လုရွှမ်းသည် ပုံမှန်အချိန်တွင် အဆော့သန်သော်လည်း လုဖေး၏ ရှေ့မှောက်တွင်မူ အလွန်လိမ္မာနေတတ်သည်။ လုဖေး၏ တတွတ်တွတ် မှာကြားနေမှုကြောင့် ခေါင်းကိုက်နေသော်လည်း အပြင်သို့ ထုတ်မပြရဲပေ။

လုရွှမ်းက ခေါင်းတငြိမ့်ငြိမ့်ဖြင့် "ဟုတ်ကဲ့"

"ကောင်းပါပြီ"

"အာ့ကော ပြောတာ မှန်ပါတယ်" ဟုသာ လိုက်ပြောနေရလေသည်။

လုမင်ယွိသည် ရင်းနှီးသော မြင်ကွင်းကို ကြည့်ရင်း ကြည်နူးသွားကာ နှုတ်ခမ်းကိုစေ့၍ ပြုံးလိုက်မိလေသည်။

"နောက်ကျရင် အပြင်ကိစ္စ မှန်သမျှကို အာ့ကော တာဝန်ယူမယ်" လုဖေးက အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ညန်ညန် စိတ်အေးအေးထားပြီး အရှင်မင်းသားကိုပဲ ကောင်းကောင်း ပြုစုပေးလိုက်ပါ"

လုမင်ယွိက ပြုံးပြီး ခေါင်းညိတ်လိုက်လေသည်။ "အာ့ကော... လမ်းခရီးမှာ ပင်ပန်းလာတာဆိုတော့ တစ်ရက်နှစ်ရက်လောက် အနားယူလိုက်ပါဦး"

လုဖေးက ပြန်ပြောလိုက်သည်။ "စစ်သည်တွေကို နေရာချထားပြီးမှပဲ နားပါတော့မယ်"

ဘုရင်ခံအိမ်တော်တွင် ကိုယ်ရံတော်တပ်သား ထောင်ချီ ရှိနေပြီးသားဖြစ်ရာ စစ်သည်ငါးသောင်း ထပ်ရောက်လာပါက နေရာထိုင်ခင်း အခက်အခဲ ရှိနိုင်လေသည်။ သို့သော် နေရာချထားမည့် နေရာသည်လည်း အရေးကြီးလှသည်။ အရမ်းဝေးလွန်းလျှင် အရေးကြုံလာပါက အချိန်မီ ရောက်လာနိုင်မည် မဟုတ်ပေ။

လီကျင့်က လုဖေးကို ကြည့်လိုက်လေသည်။ "ရှင်းယန်စစ်သည်တွေကို ဘယ်မှာထားဖို့ စိတ်ကူးလဲ"

လုဖေး၏ မျက်လုံးများ အရောင်လက်သွားလေသည်။ "နှစ်ထောင်လောက်ကိုပဲ ချန်ထားပြီး ကျန်တဲ့လူတွေကို ကျန်းနန်စစ်တပ်စခန်းမှာ သွားထားလိုက်မယ်"

ကျန်းနန်စစ်တပ်စခန်းသည် ၂ နာရီခန့်သာ သွားရသဖြင့် အသွားအပြန် နေ့တစ်ဝက်သာ ကြာမြင့်မည်ဖြစ်ရာ အသင့်တော်ဆုံး ဖြစ်လေသည်။

လုမင်ယွိ ရုတ်တရက် သတိရသွားပြီး မေးလိုက်လေသည်။ "ဒါနဲ့... အာ့ကော ဘုရင်ခံအိမ်တော် အပြင်ဘက်မှာ ဝမ်ရင်းနဲ့ တွေ့ခဲ့သေးလား"

လုဖေးက သရော်ပြုံး ပြုံးလိုက်ကာ "တွေ့ခဲ့ပါရဲ့... စကားနှစ်ခွန်းသုံးခွန်း ပြောပြီး စစ်စခန်းကို ပြန်လွှတ်လိုက်ပြီ။ ငါ ကျန်းနန်စစ်စခန်းကို သွားပြီး စစ်သည်တွေ နေရာချရင်း ဝမ်ရင်းနဲ့ မာရှန်းကို သွားတွေ့လိုက်ဦးမယ်"

လုဖေးသည် ထိုနာမည်နှစ်ခုကို အလွယ်တကူ ပြောထွက်လာခြင်းကို ကြည့်ခြင်းအားဖြင့် မလာခင်ကတည်းက သေချာလေ့လာထားကြောင်း သိသာလေသည်။

လုဖေး၏ အရည်အချင်းဖြင့် ထိုလူများကို ကိုင်တွယ်ရန်မှာ လုံလောက်သည်ထက်ပင် ပိုနေသေးသည်။ လုမင်ယွိ စိတ်ပူစရာ မရှိတော့ဘဲ ပြုံးပြီး မှာကြားလိုက်လေသည်။ "စစ်စခန်းမှာ အရမ်းကြာကြာ မနေနဲ့နော်။ စောစောသွားပြီး စောစောပြန်လာခဲ့"

လုဖေးက ပြုံးပြီး ပြောလိုက်လေသည်။ "ဒီညတော့ ငါ့ကို မစောင့်နဲ့တော့။ မနက်ဖြန် မိုးမချုပ်ခင် သေချာပေါက် ပြန်လာခဲ့မယ်"

ပြောပြီးသည်နှင့် မတ်တပ်ထရပ်ကာ နှုတ်ဆက်ထွက်ခွာသွားလေသည်။

လုရွှမ်းသည်လည်း မတ်တပ်ရပ်လိုက်ပြီး "ကျွန်တော် အခုပဲ စစ်သူကြီးလော့ကို သွားတွေ့လိုက်ဦးမယ်" ဟု ပြောကာ ထွက်ခွာသွားလေသည်။

……

လုမင်ယွိသည် သူတို့နှစ်ဦးကို တံခါးဝအထိ လိုက်ပို့ပြီးနောက် ပြန်လှည့်လာခဲ့သည်။ လီကျင့်သည် ကုတင်ပေါ်တွင် သက်တောင့်သက်သာ လှဲလျောင်းနေပြီး နွေရာသီတွင် မိုးရေကိုကြည့်သလို၊ ဆောင်းရာသီတွင် နှင်းကျသည်ကို ကြည့်သလို အေးဆေးတည်ငြိမ်နေသည်ကို တွေ့လိုက်ရလေသည်။

လုမင်ယွိက ပြုံးလိုက်ကာ "ဘာလို့ ဒီလောက်တောင် အေးဆေးနေရတာလဲ"

လီကျင့်က ပြုံးဖြဲဖြဲဖြင့် ပြန်ဖြေလေသည်။ "အာ့ကောနဲ့ လျို့တိ ရောက်လာတော့ ကို့စိတ်ထဲမှာ အရမ်းကို လုံခြုံစိတ်ချသွားလို့ပါ"

ဟုတ်တယ်မလား။

လုမင်ယွိက ရယ်မောပြီး သက်ပြင်းချလိုက်၏။ "ကျွန်မလည်း အတူတူပါပဲ။ ဒီညတော့ နောက်ဆုံး စိတ်အေးလက်အေး အိပ်ပျော်တော့မယ်"

ထိုစကားကို ကြားလိုက်ရသည့်အခါ လီကျင့်၏ ရင်ထဲတွင် ရုတ်တရက် အားနာစိတ် ဖြစ်ပေါ်လာလေသည်။ တစ်ခုခုပြောရန် ပြင်လိုက်စဉ် လုမင်ယွိက မျက်စောင်းထိုးပြီး တားတော့၏။ "အသုံးမဝင်တဲ့ စကားတွေ မပြောနဲ့တော့"

လီကျင့်က ရယ်မောလိုက်လေတော့သည်။ "ကောင်းပါပြီဗျာ... ကို ဘာမှမပြောတော့ပါဘူး"

...

အပိုင်း (၅၉၆) မှတ်တမ်း

ဝမ်ဟွားနန်းဆောင်အတွင်းရှိ စားပွဲတော်ပေါ်တွင် စာရွက်စာတမ်း အထပ်လိုက် တင်ရှိနေ၏။

လျိုကုန်းကုန်းသည် စာရွက်စာတမ်းများကို ရိုသေစွာ ဖွင့်ဖောက်လိုက်လေသည်။

ယုံးကျားဧကရာဇ်က လှမ်းယူလိုက်ပြီး ပထမတစ်စောင်မှစ၍ ဖတ်ရှုရာ မျက်နှာထားသည် ပိုမိုလေးနက် တည်ကြည်လာခဲ့သည်။ မကြာမီတွင်ပင် နဂါးမျက်ဝန်းများထဲ၌ ဒေါသရိပ်များ ဖြတ်ပြေးသွားပြီး "တိရစ္ဆာန်ကောင်" ဟုပင် ဆဲရေးလိုက်လေတော့သည်။

ထိုစကားသည် မည်သူ့ကို ဆဲရေးလိုက်မှန်း မသိရချေ။

လျိုကုန်းကုန်းသည် လက်ကိုလျှိုကာ မတ်တပ်ရပ်နေပြီး မျက်ခွံပင် မလှုပ်ရဲချေ။

အရှင်မင်းကြီးအနားတွင် ခစားရသည်မှာ မည်သည့်အချိန်တွင် စကားပြောရမည်၊ မည်သည့်အချိန်တွင် ဝင်မပြောရမည်ကို သူသည် ကောင်းစွာ နားလည်ကျွမ်းကျင်ပြီး ဖြစ်လေသည်။ ဥပမာအားဖြင့် ယခုလက်ရှိအချိန်တွင် ယုံးကျားဧကရာဇ်သည် ဒေါသအမျက် ခြောင်းခြောင်းထွက်နေပြီး အလွယ်တကူ အပြစ်ရှာနိုင်သဖြင့် ပါးစပ်ပိတ်ထားသည်ကသာ အကောင်းဆုံး ဖြစ်လိမ့်မည်။

ဝမ်ဟွားနန်းဆောင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး စာရွက်လှန်သံ သဲ့သဲ့ကိုသာ ကြားနေရသည်။ ရုတ်တရက် ဝုန်းခနဲ အသံမြည်သွားပြီး ယုံးကျားဧကရာဇ်သည် စားပွဲကို ရိုက်ကာ ထရပ်လိုက်ပြီး လက်ထဲမှ စာရွက်စာတမ်းများကို ပစ်ပေါက်လိုက်လေတော့သည်။

လျိုကုန်းကုန်း၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး ဤအချိန်တွင် နားမကြားချင်ယောင် ဆောင်နေ၍ မရတော့သဖြင့် ချက်ချင်း ဒူးထောက်လိုက်လေသည်။

"ကျွန်တော်မျိုး သေသင့်ပါတယ်။ အရှင်မင်းကြီး စိတ်လျှော့တော်မူပါ"

ယုံးကျားဧကရာဇ်၏ ဒေါသသည် လျိုကုန်းကုန်းနှင့် အနည်းငယ်မျှ မသက်ဆိုင်သော်လည်း လေသံကတော့ အေးစက်ခက်ထန်နေသဖြင့် လူကို တုန်လှုပ်စေသည်။ "ကျန်းရဲ့ အမိန့်ကို ထုတ်ပြန်လိုက်။ ချောင်ကောလောင်နဲ့ ဝန်ကြီးတွေကို နန်းတော်ထဲဝင်ဖို့ ချက်ချင်း ခေါ်လိုက်"

လျိုကုန်းကုန်းသည် အလျင်အမြန် လက်ခံလိုက်ပြီး သတိထားကာ ထထွက်သွားလေသည်။

ဝမ်ဟွားနန်းဆောင်မှ ထွက်လာပြီးနောက်မှ လျိုကုန်းကုန်းသည် ကွေးညွှတ်ထားသော ခါးကို အနည်းငယ် ဆန့်လိုက်ပြီး အတွင်းနန်းဆောင်ကုန်းကုန်း အချို့ကို ခေါ်ကာ အမိန့်ပေးလိုက်သည်။ "မင်းတို့အခု ဝန်ကြီးဌာန ၆ခုရဲ့ ရုံးခန်းကိုသွားပြီး အမတ်ချုပ်နဲ့ ဝန်ကြီးတွေကို အမြန်ဆုံး လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ကြ။ အရှင်မင်းကြီးက ဒေါသထွက်နေတာ။ တကယ်လို့ မင်းတို့ နောက်ကျပြီး အပြစ်ပေးခံရရင် ငါကလည်း မင်းတို့ကို ကယ်နိုင်မှာ မဟုတ်ဘူး"

ကုန်းကုန်းများသည် ကိုယ်စီ စိတ်လှုပ်ရှားသွားကြပြီး ထွက်ခွာသွားကြလေသည်။

ဝန်ကြီးဌာန ၆ခု၏ ရုံးခန်းသည် နန်းမြို့ရိုး ဘေးတွင် ရှိသဖြင့် အသွားအပြန် ၁နာရီခန့်သာ ကြာမြင့်လေသည်။

အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော ချောင်ကောလောင်သည် ခြေလှမ်းသွက်လက်စွာဖြင့် ဝမ်ဟွားနန်းဆောင်ထဲသို့ ပထမဆုံး ဝင်ရောက်လာခဲ့သည်။ ဝန်ကြီးလော်နှင့် အခြားသူများသည်လည်း နောက်မှ ကပ်လိုက်လာကာ အတူတကွ ဝင်ရောက်လာကြလေသည်။

၁နာရီခန့် ကြာမြင့်သွားပြီဖြစ်သဖြင့် ယုံးကျားဧကရာဇ်၏ ဒေါသသည် အနည်းငယ် လျော့ပါးသွားပြီ ဖြစ်သော်လည်း မျက်နှာထားကတော့ ပျက်နေဆဲပင်။ "ချောင်ကောလောင်၊ ဝန်ကြီးလော်၊ ဒါက ထိုက်ဇီ လူလွှတ်ပြီး ပို့ခိုင်းလိုက်တဲ့ မှတ်တမ်းဖိုင်တွေပဲ။ မင်းတို့လည်း ကြည့်လိုက်ကြဦး"

ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့သည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ပြိုင်တူ ပြန်ဖြေလိုက်ကြသည်။ အခြားသော ဝန်ကြီးများသည်လည်း မှတ်တမ်းဖိုင်များကို ကိုယ်စီ ယူငင်ကာ ဖတ်ရှုလိုက်ကြလေသည်။

ကျူး၊ ဝေ၊ ရှန်၊ ဝမ်၊ ချန် မိသားစု ၅စု အကြောင်းကိုတော့ ပြောနေစရာ မလိုတော့ချေ။ သက်သေအထောက်အထား ခိုင်လုံနေသဖြင့် ဆွေ ၉ဆက် မျိုးဖြုတ်သတ်ရန် လုံလောက်နေပြီ ဖြစ်သည်။

အမှန်တကယ် တုန်လှုပ်စရာ ကောင်းသည်မှာ တမင်သက်သက် အချိန်ဆွဲပြီး ရောက်မလာခဲ့သည့် စစ်သူကြီးလော့ပင်။

လွန်ခဲ့သည့် ၃နှစ်က ကျန်းနန်တပ်စခန်းတွင် တပ်မှူးနေရာ လစ်လပ်သွားသဖြင့် ယုံးကျားဧကရာဇ်က သူ၏ လူယုံဖြစ်သည့် လော့ဝူကို ကျန်းနန်စစ်တပ်အာဏာကို ကိုင်တွယ်ရန် ကိုယ်တိုင် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ လော့ဝူသည် စည်းစိမ်ယစ်မူးဖွယ်ကောင်းသည့် နေရာသို့ ရောက်ရှိသွားသည်နှင့် ဤမျှလောက်အထိ လောဘကြီးလာလိမ့်မည်ဟု ဘယ်သူက ထင်ထားပါမည်နည်း။ ဟို လယ်ဧကသောင်းချီနှင့် အိမ်ကြီး ၇လုံး ၈လုံးကို ကြည့်လိုက်ပါဦး...

ယုံးကျားဧကရာဇ် ဤမျှ ဒေါသထွက်နေသည်မှာလည်း အံ့သြစရာ မဟုတ်တော့ချေ။

ဤမှတ်တမ်းသည် ယုံးကျားဧကရာဇ်၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။

ပြောရမည်ဆိုလျှင် ထိုက်ဇီဖေး ကျန်းနန်သို့ ရောက်ရှိသွားပြီးနောက် ကျန်းနန်၏ အခြေအနေကို လျင်မြန်စွာ တည်ငြိမ်အောင် လုပ်ဆောင်နိုင်ခဲ့သည်မှာ အမှန်တကယ်ပင် ကြီးမားသော အကျိုးဆောင်မှု တစ်ခုပင်။ သို့သော် ထိုက်ဇီဖေး၏ စိတ်နေစိတ်ထားအရ ဤကဲ့သို့သော ကိစ္စမျိုးနှင့် ကြုံတွေ့ရပါက လုံးဝ ဖုံးကွယ်ထားလိမ့်မည် မဟုတ်ပေ။ ထင်ထားသည့်အတိုင်းပင် တဲ့တိုးကြီး တင်ပြလာခဲ့တော့သည်။

စိတ်ဓာတ်ခိုင်မာပြတ်သားသည့် ထိုက်ဇီဖေးဟု ခေါ်ဝေါ်ထိုက်ပေသည်။

စစ်သူကြီးလော့၏ မှတ်တမ်းကို ဖတ်ပြီးနောက် ဝန်ကြီးများသည် ဘုရင်ခံရှဲ့နှင့် စစ်ဆေးရေးမှူးကျန်းတို့၏ ထွက်ဆိုချက်များကို ဆက်လက် ဖတ်ရှုလိုက်ကြပြန်သည်။

ဝန်ကြီးလော်သည် ဖတ်ရှုပြီးနောက် ဦးစွာ လက်ကို ယှက်ကာ လျှောက်တင်လိုက်လေသည်။ "ကျန်းနန်က မိသားစုဟောင်းတွေက တကယ်ပဲ မိုးကောင်းကင်ကို ပြန်မကြည့်ရဲလောက်အောင် သတ္တိကောင်းလွန်းပါတယ်။ အရင်ဆုံး ထိုက်ဇီအရှင်မင်းသားကို လုပ်ကြံတယ်။ နောက်တော့ ဘုရင်ခံအိမ်တော်ကို ဝိုင်းရံတိုက်ခိုက်ကြတယ်။ ကျွန်တော်မျိုးကတော့ သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ အရှင်မင်းကြီးကို လျှောက်တင်ပါတယ်"

စစ်ဘက်ဆိုင်ရာ ဝန်ကြီးယန်ကလည်း လေးနက်စွာ ပြောလိုက်လေသည်။ "သူတို့ မိသားစု ၅စုလုံးကို ဆွေစဉ် ၉ဆက် မျိုးဖြုတ်သတ်ဖို့ အမိန့်ချမှတ်ပေးပါရန် ကျွန်တော်မျိုး လျှောက်တင်ပါတယ်"

ယုံးကျားဧကရာဇ်က နှာခေါင်းရှုံ့လိုက်လေသည်။ "ကျန်းနန်ကို ကျန်းရဲ့ အမိန့်တော် ပို့လိုက်။ သူတို့ မိသားစု ၅စုလုံးကို ဆွေ ၉ဆက် သတ်ပစ်လိုက်။ ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်"

ဘဏ္ဍာရေး ဝန်ကြီးကောင်းသည် ချက်ချင်းပင် မျက်နှာဝင်းပသွားပြီး အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်တော့သည်။ သာ့ဝေတိုင်းပြည်၏ ဘဏ္ဍာရေးသည် မည်သည့်အခါကမျှ ဖူလုံခဲ့ခြင်း မရှိချေ။ ဒီနှစ်ပိုင်းအတွင်း ပြည်သူများ အသက်ရှူချောင်လာသဖြင့် အခြေအနေ အနည်းငယ် ကောင်းမွန်လာခဲ့သည်။ သို့သော် ငွေသုံးစွဲရမည့် နေရာများမှာ နွားမွေးကဲ့သို့ များပြားနေဆဲပင်။

ကျန်းနန်မှ ထိုမိသားစု ၅စုသည် ကြွယ်ဝချမ်းသာကြသည် ဖြစ်ရာ သို့မဟုတ်ပါက အသေခံစစ်သည် အများအပြားကို မွေးမြူထားနိုင်မည် မဟုတ်ပေ။ ယခုအခါ ပိုင်ဆိုင်မှုအားလုံးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်ခြင်းသည် ဘဏ္ဍာရေးဌာနအတွက် ကောင်းမွန်သော ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။

ချောင်ကောလောင်သည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ လျှောက်တင်လိုက်သည်။ "စစ်ဆေးရေးမှူးကျန်းနဲ့ စစ်သူကြီးလော့တို့က နိုင်ငံတော်အရာရှိတွေ ဖြစ်ပြီး အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ခံစားနေရသူတွေပါ။ မှတ်တမ်းလောက်နဲ့ပဲ သူတို့ကို အပြစ်ပေးလိုက်ရင် လူအများက လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒုဝန်ကြီးမင်ကို သူတို့နဲ့အတူ မြို့တော်ကို ပြန်ခေါ်လာခိုင်းပြီး အရှင်မင်းကြီးကိုယ်တိုင် စစ်ဆေးမေးမြန်းပြီးမှ အပြစ်ပေးဖို့ လျှောက်တင်ပါတယ်"

စစ်ဆေးရေးမှူးကျန်းက ဗန်းပြသက်သက်သာ ဖြစ်ပြီး အမှန်တကယ် စစ်ဆေးရမည်မှာ စစ်သူကြီးလော့ ဖြစ်သည်။ ဖုံးကွယ်ထားရမည်မှာ ယုံးကျားဧကရာဇ် အရှက်ကွဲရသည့် ကိစ္စပင်။

ဝန်ကြီးလော်က ထပ်မံ လျှောက်တင်လိုက်ပြန်သည်။ "စစ်ဆေးမေးမြန်းပြီး အပြစ်မပေးခင်မှာ သူတို့ကို နိုင်ငံတော်အရာရှိတွေရဲ့ ဂုဏ်သိက္ခာလေးတော့ ချန်ပေးထားသင့်ပါတယ်။ သူတို့ကို မြင်းလှည်းစီးပြီး မြို့တော်ကို ပြန်ဝင်ခွင့်ပြုဖို့ အရှင်မင်းကြီးကို လျှောက်တင်ပါတယ်"

အကယ်၍ အချုပ်လှည်းဖြင့် မြို့တော်သို့ ပြန်ဝင်လာရပါက ယုံးကျားဧကရာဇ် အရှက်ရစေရုံသာမကဘဲ အရာရှိများကိုလည်း စိတ်ဓာတ်ကျစေလိမ့်မည်။

ယုံးကျားဧကရာဇ်၏ မျက်နှာထားမှာ မည်းမှောင်နေပြီး အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။ "ကျန်းလည်း အဲဒီလိုပဲ သဘောရပါတယ်။ လာကြစမ်း။ စစ်ဆေးရေးမှူးကျန်းနဲ့ စစ်သူကြီးလော့ကို မြို့တော်ပြန်ခေါ်ဖို့ အမိန့်စာ ချက်ချင်းရေးလိုက်"

ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့သည် တိတ်တဆိတ် သက်ပြင်းချလိုက်မိကြသည်။

...

ချောင်ကောလောင်နှင့် အခြားသူများ ထွက်ခွာသွားကြသည့် အချိန်တွင် ၁နာရီကျော်ခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

ထိုအချိန်တွင် မိုးက အတော်လေး ချုပ်နေပြီဖြစ်ကာ ဝမ်ဟွားနန်းဆောင်ထဲတွင် ဖယောင်းတိုင်မီးများ ထွန်းညှိထားသဖြင့် တစ်ဆောင်လုံး လင်းထိန်နေလေသည်။ လျိုကုန်းကုန်းသည် စားပွဲတော်ဘေးတွင် မှတ်တမ်းတစ်ခု ကျနေသည်ကို ဖျပ်ခနဲ မြင်တွေ့လိုက်သည်။

လျိုကုန်းကုန်းသည် ရှေ့သို့တိုးကာ ကောက်ယူရန် ပြင်လိုက်စဉ် ယုံးကျားဧကရာဇ်က ရုတ်တရက် ပြောလာခဲ့သည်။ "မင်းတို့အားလုံး ထွက်သွားကြ။ ကျန်း တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်တယ်"

လျိုကုန်းကုန်းနှင့် ကုန်းကုန်းများအားလုံး တန်းစီကာ ထွက်ခွာသွားကြလေသည်။

ယုံးကျားဧကရာဇ်၏ မျက်နှာထားသည် ခက်ထန်နေပြီး မျက်မှောင်ကြုတ်ထားကာ သူ တမင်တကာ ချန်လှပ်ထားခဲ့သည့် မှတ်တမ်းပေါ်သို့ အကြည့်ရောက်နေလေသည်။

ထိုမှတ်တမ်းဖိုင်ထဲမှ အကြောင်းအရာသည်သာ သူ့ကို အဒေါသထွက်ဆုံး ဖြစ်စေသည့်အရာပင်။

သူသည် စောစောက ချောင်ကောလောင်နှင့် အခြားသူများကို ထိုအရာအား ပေးမဖတ်ခဲ့ချေ။

အတော်ကြာမှ ယုံးကျားဧကရာဇ်သည် ခါးကို ကုန်းလိုက်ပြီး မှတ်တမ်းကို ကောက်ယူကာ ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ တုန်လှုပ်ဖွယ်ကောင်းသော စာလုံးအချို့သည် မျက်လုံးထဲသို့ တိုးဝင်လာခဲ့သည်။

ချန်မိသားစုသည် တတိယမင်းသားနှင့် တိတ်တဆိတ် ပတ်သက်ဆက်နွယ်မှု ရှိနေပြီး ထိုက်ဇီကို အကြိမ်ကြိမ် လုပ်ကြံခဲ့သည်။ ထို့အပြင် အသေခံစစ်သည်များကို စေလွှတ်ကာ ထိုက်ဇီကို သေစေရန် ရည်ရွယ်ချက်ဖြင့် ဘုရင်ခံအိမ်တော်ကို ဝိုင်းရံတိုက်ခိုက်သည်အထိ စွန့်စားခဲ့သည်။

ချန်မိသားစုသည် ရက်စက်ကြမ်းကြုတ်လှပြီး ထွက်မပြေးမီ အမျိုးသမီးများနှင့် ကလေးငယ်များ အားလုံးကို အိမ်တန်းများတွင် ကြိုးဆွဲချ သတ်ဖြတ်ခဲ့သည်။ ချန်မိသားစုမှ ထွက်ပြေးလွတ်မြောက်သွားသော အမျိုးသား ၃၂ယောက်မှာ ယနေ့ထက်တိုင် သတင်းအစအန မရရှိသေးပေ...

ဒီကိစ္စက လီဟောက်နှင့်ပါ ပတ်သက်နေတယ်တဲ့လား။

ဒီမှတ်တမ်းဖိုင်ထဲမှာ ရေးထားတာတွေက အမှန်တွေလား။ ဒါမှမဟုတ် ထိုက်ဇီက တတိယမင်းသားကို မဟုတ်မမှန် စွပ်စွဲချင်လို့ တမင်သက်သက် လုပ်ကြံဖန်တီးထားတဲ့ သက်သေတွေလား။ သူက လီဟောက်ကို ရှင်းပစ်ဖို့ အရှင်မင်းကြီးရဲ့လက်ကို ငှားရမ်းချင်နေတာလား။

ယုံးကျားဧကရာဇ်သည် မျက်ခုံးနှစ်ခုကြားကို အားဖြင့် ဖိနှိပ်လိုက်သည်။

လီဟောက်သည်လည်း မြို့တော်ပြင်ပသို့ တာဝန်ဖြင့် စေလွှတ်ခြင်း ခံထားရပြီး လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ မြို့တော်သို့ ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူ လီဟောက်ကို တွေ့ချင်လျှင် အမိန့်တစ်ခွန်း ပေးလိုက်ရုံဖြင့် ၁နာရီမပြည့်မီ လီဟောက်သည် သူ့ရှေ့သို့ ရောက်လာပေလိမ့်မည်။

သို့သော် ထိုအမိန့်စကားကို သူ မပြောထွက်နိုင်ဘဲ ဖြစ်နေခဲ့သည်။

အချိန်မည်မျှ ကြာသွားသည်မသိ။ မိုးအမှောင်ကျသွားလေပြီ။ ညအမှောင်ထု၏ လွှမ်းခြုံမှုအောက်တွင် ခမ်းနားထည်ဝါသော ဝမ်ဟွားနန်းဆောင်ကြီးသည် ဦးခေါင်းကို မော့ထားသော သားရဲကြီးတစ်ကောင်အလား ဖြစ်နေလေသည်။

လျိုကုန်းကုန်းသည် သတ္တိမွေးကာ ဝင်ရောက်လာခဲ့သည်။ "အချိန်မစောတော့ပါဘူး။ အရှင်မင်းကြီး ညစာ သုံးဆောင်သင့်ပါပြီ"

ယုံးကျားဧကရာဇ်သည် ညစာစားချင်စိတ် အဘယ်မှာ ရှိပါမည်နည်း။ "ညစာ ပြင်ဆင်စရာ မလိုတော့ဘူး။ ရှို့နဉ်နန်းတော်ကို သွားဖို့ ပြင်ဆင်။ ကျန်း မယ်တော်ကြီးကို သွားတွေ့ရင်း မင်းသားလေးကိုပါ တစ်ခါတည်း သွားကြည့်မလို့"

အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးပြီးနောက်တွင် ယုံးကျားဧကရာဇ်သည် ရှို့နဉ်နန်းတော်သို့ ရောက်ရှိလာခဲ့သည်။

မယ်တော်ကြီးကျောက်သည်လည်း ရှေ့တော်မှ ပေးပို့လာသော သတင်းစကားကို ကြားသိထားပြီးဖြစ်ရာ စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်လေသည်။ "ထိုက်ဇီ အခု တကယ်ပဲ ဘယ်လိုနေသေးလဲ။ ဟို ဓားနဲ့ အကြိမ်တစ်ထောင် သတ်ခံသင့်တဲ့ ကျန်းနန်က မိသားစုဟောင်းတွေ အကုန်လုံး အဖမ်းခံရပြီလား"

...

အပိုင်း (၅၉၇) ပတ်သက်ဆက်နွယ်မှု (၁)

ယုံးကျားဧကရာဇ်သည် စကားအများကြီး မပြောချင်ဘဲ တည်ငြိမ်စွာ ပြောလိုက်လေသည်။ "ထိုက်ဇီက ဘာမှ မဖြစ်ပါဘူး။ ကျန်းနန်က မိသားစုဟောင်းတွေထဲက သုံးစု အဖမ်းခံရပြီး နှစ်စုကတော့ လွတ်မြောက်နေတယ်။ ကျန်းက သူတို့ကို ဆွေစဉ်ကိုးဆက် မျိုးဖြုတ်သတ်ဖို့ အမိန့်ထုတ်ပြီးပါပြီ။ ဒီကိစ္စသေးသေးလေးအတွက် မူဟုပ် စိတ်ပူနေစရာ မလိုပါဘူး"

မယ်တော်ကြီးကျောက်သည် ယုံးကျားဧကရာဇ်၏ မျက်နှာထား မကောင်းသည်ကို မြင်လိုက်ရသဖြင့် ဆက်လက်ပြီး အကျယ်ချဲ့မနေတော့ဘဲ မင်းသားလေးကို ပွေ့ချီလာရန် ချက်ချင်း အမိန့်ပေးလိုက်လေသည်။

ဆဋ္ဌမမင်းသားသည် ၇လ ၈လသားအရွယ်သာ ရှိသေးပြီး ဖွေးဖွေးတုတ်တုတ်နှင့် ချစ်စရာကောင်းနေတော့သည်။ ယုံးကျားဧကရာဇ်ကို မြင်လိုက်သည်နှင့် ချီခိုင်းသည့်အလား လက်သေးသေးလေးများကို ဆန့်တန်းလိုက်လေသည်။

ယုံးကျားဧကရာဇ်၏ စိတ်ရှုပ်ထွေးပြီး မည်သူ့ကိုမျှ မကြည့်ချင်လောက်အောင် ဖြစ်နေသည့် စိတ်အခြေအနေသည် ချက်ချင်းဆိုသလို ပေါ့ပါးသွားရပြီး ဆဋ္ဌမမင်းသားကို လှမ်းချီလိုက်ကာ ကျောကုန်းလေးကို ပြုံးလျက် ပုတ်ပေးလိုက်သည်။ ဆဋ္ဌမမင်းသားသည် ပုတ်ပေးသည်ကို ခံရသဖြင့် ဇိမ်တွေ့သွားကာ အကြောဆန့်လိုက်ပြီး ပါးစပ်ထဲမှ တံတွေးပူဖောင်းလေးတစ်ခုကို မှုတ်ထုတ်လိုက်လေသည်။

မယ်တော်ကြီးကျောက်သည် သဘောကျကာ ရယ်မောလိုက်တော့၏။ "ရှောင်လျို့ ရှို့နဉ်နန်းဆောင်ကို ရောက်လာကတည်းက အိုက်ကျား နေ့တိုင်း ရယ်မောရတဲ့အချိန် ပိုများလာတယ်" မနေနိုင်မထိုင်နိုင် ပွစိပွစိ ပြောပြန်လေသည်။ "အရင်တုန်းက အိုက်ကျားက မင်းသားတစ်ပါးလောက်ကို ရှို့နဉ်နန်းဆောင်မှာ ခေါ်ထားပြီး ပြုစုပျိုးထောင်ချင်ခဲ့တာ။ မုန့်ဖေးနဲ့ ဟွမ်ဟုပ်ကပဲ ကပ်စေးနည်းပြီး သဘောမတူခဲ့ကြတာလေ"

ပျိုးထောင်ခံရသည့်ကလေးက ပျိုးထောင်သူနှင့်သာ ရင်းနှီးပေလိမ့်မည်။

မုန့်ဖေးနှင့် ချောင်မိဖုရားခေါင်တို့တွင် သားတစ်ယောက်စီသာ ရှိကြရာ ရှို့နဉ်နန်းဆောင်သို့ ပို့ဆောင်ရန် မည်သို့ စိတ်ကူးရှိပါမည်နည်း။ ယုံးကျားဧကရာဇ်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။ "တတိယမင်းသား၊ စတုတ္ထမင်းသားနဲ့ ပဉ္စမမင်းသားတို့ ရှိသေးတာပဲ။ မူဟုပ်က ဘယ်သူ့ကို မွေးချင်လဲ။ ပါးစပ်ကနေ ထုတ်ပြောလိုက်ရုံပဲ။ ဘယ်သူက ငြင်းရဲမှာလဲ"

မယ်တော်ကြီးကျောက်က ပြန်ပြောလိုက်လေသည်။ "ချင်ဖေးမှာ သားတစ်ယောက်တည်း ရှိတာလေ။ အိုက်ကျားက သူတို့သားအမိကို ခွဲမပစ်ရက်ပါဘူး"

တတိယမင်းသားနှင့် ပဉ္စမမင်းသားတို့သည် စူးဖေး၏ ဝမ်းဗိုက်မှ မွေးဖွားလာသူများ ဖြစ်ကြသည်။ မယ်တော်ကြီးကျောက်သည် ကချေသည်ဘဝမှ လာသော စူးဖေးကို အထင်အမြင်သေးသဖြင့် စူးဖေးကို မျက်နှာသာပေးမြှောက်စားရန် ဆန္ဒမရှိသည်မှာ သဘာဝပင်။

မင်းသားအကြောင်း ပြောမိသည်နှင့် ယုံးကျားဧကရာဇ်သည် ထိုမှတ်တမ်းကို သတိရသွားပြီး ဖိနှိပ်ထားသော စိတ်ဒုက္ခများနှင့် ဒေါသအမျက်များက ပြန်လည် ကြွလာခဲ့လေသည်။

"ကျန်း ကိုယ့်ကိုယ်ကိုယ် ဖခင်ကောင်းတစ်ယောက်လို့ ထင်ခဲ့မိတယ်" ယုံးကျားဧကရာဇ်သည် တစ်ကိုယ်တည်း ရေရွတ်သလို၊ မယ်တော်ကြီးကျောက်ကို ရင်ဖွင့်သလို ပြောလိုက်လေသည်။ "ရှောင်လျို့က နောက်ကျမှ မွေးတာဆိုတော့ ထားလိုက်ပါတော့။ ကျန်တဲ့ ငါးယောက်လုံးကို ကျန်း အကောင်းဆုံး ဆက်ဆံပေးခဲ့တယ်။ သူတို့ညီအစ်ကိုတွေ အချင်းချင်း သင့်မြတ်ပြီး စည်းလုံးကြဖို့ မျှော်လင့်ခဲ့တာ"

"ဒါပေမဲ့ သူတို့ ကျန်းကို ဘယ်လို ကျေးဇူးဆပ်လဲဆိုတာ ကြည့်ပါဦး။ စိတ်မချမ်းသာစရာ ကောင်းတဲ့ တိရစ္ဆာန်ကောင်တွေ။ ကျန်းကို ဒေါသထွက်ပြီး သေအောင် လုပ်ချင်နေကြတာလား မသိဘူး"

မယ်တော်ကြီးကျောက်သည် တစ်သက်လုံး ရှုပ်ထွေးနေခဲ့သော်လည်း သားဖြစ်သူအပေါ်တွင်တော့ အထူးဂရုစိုက်လေသည်။ ထိုစကားကို ကြားသည်နှင့် တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ "မင်း အိုက်ကျားကို ဖုံးကွယ်ထားတာ တစ်ခုခု ရှိနေတယ် မဟုတ်လား"

ယုံးကျားဧကရာဇ်သည် မယ်တော်ကြီးကျောက်ကို တစ်ချက်ကြည့်လိုက်ပြီး ပါးစပ်ဖျားအထိ ရောက်လာသော စကားများကို ပြန်မျိုချလိုက်လေသည်။

မယ်တော်ကြီးကျောက်၏ စိတ်နေစိတ်ထားအရ မှတ်တမ်းအကြောင်းကိုသာ သိရှိသွားပါက ချင်ဖေးကို သေချာပေါက် ပြောပြပေလိမ့်မည်။ ချင်ဖေးသာ သိသွားလျှင် အနောက်နန်းဆောင်တစ်ခုလုံးလည်း သိကုန်ကြပေတော့မည်။

ကိစ္စရပ်များကို သေချာစွာ စစ်ဆေးမေးမြန်းခြင်း မပြုရသေးသဖြင့် ထုတ်မပြောသည်ကသာ အကောင်းဆုံးပင်။

ယုံးကျားဧကရာဇ်သည် မသိမသာ ဟန်ဆောင်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။ "ဘာမှ မဖြစ်ပါဘူး။ ကျန်းက ဒီအတိုင်း ပါးစပ်ထဲ ရှိတာ ပြောလိုက်တာပါ" ထို့နောက် ဆဋ္ဌမမင်းသားကို မြှောက်ကာ ပင့်လိုက်ရာ ဆဋ္ဌမမင်းသားသည် သဘောကျပြီး တခစ်ခစ် ရယ်မောနေတော့သည်။

တကယ်ပဲ သားငယ်လေးက အချစ်စရာကောင်းဆုံးနှင့် အလိုချင်ဖွယ် အကောင်းဆုံးပါလား။ တိရစ္ဆာန်ကောင် အစ်ကိုတွေထက် အများကြီး သာလွန်တာပဲ။

...

ထိုနေ့ ကုန်ဆုံးသွားပြီးနောက်တွင် ကျန်းနန်မှ နေ့စဉ် အစီရင်ခံစာများ ပေးပို့လာခဲ့သည်။

အစီရင်ခံစာများသည် ဝန်ကြီးရှန်း၏ လက်ရာများ ဖြစ်ကြပြီး လက်ရေးလက်သား သေသပ်လှပကာ စာပေအရေးအသား ကောင်းမွန်ရုံသာမက အားပါလှသည်။ အကယ်၍ အကြောင်းအရာကို မကြည့်ဘဲ လက်ရေးကိုသာ ခံစားကြည့်မည် ဆိုပါက အမှန်တကယ်ပင် ကြီးမားသော အရသာတစ်ခု ဖြစ်ပေလိမ့်မည်။ သို့သော် အစီရင်ခံစာပါ အကြောင်းအရာကို သေချာဖတ်လိုက်သည်နှင့် ယုံးကျားဧကရာဇ်ကို ဒေါသထွက်လွန်း၍ မီးဟုန်းဟုန်းတောက်စေနိုင်လေသည်။

အစီရင်ခံစာအားလုံးကို ညီလာခံသို့ တင်ပြရမည်။ တတိယမင်းသား လီဟောက်နှင့် ကျန်းနန်မှ ချန်မိသားစုတို့ ပူးပေါင်းကာ ထိုက်ဇီကို သေစေရန် ကြံစည်ခဲ့သည့်ကိစ္စကို ယုံးကျားဧကရာဇ် ဖုံးကွယ်ချင်လျှင်ပင် ဖုံးကွယ်၍ မရတော့ပေ။

ထိုကိစ္စသည် တော်ဝင်မင်းသားများ၏ ပဋိပက္ခနှင့် ပတ်သက်နေသဖြင့် ယုံးကျားဧကရာဇ်၏ မည်းမှောင်နေသော မျက်နှာကို ကြည့်ပြီးနောက် ချောင်ကောလောင်သည်ပင် အလိုက်တသိဖြင့် အစီရင်ခံစာပေါ်ရှိ တုန်လှုပ်ဖွယ်ရာ စာကြောင်းများကို မမြင်ချင်ယောင် ဆောင်လိုက်ရတော့သည်။

သတင်းစကားများသည် အနောက်နန်းဆောင်သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။

"ဘာပြောလိုက်တယ်။ ဒီကိစ္စက တတိယမင်းသားနဲ့ ပတ်သက်နေတယ် ဟုတ်လား"

ယန်ရှီးနန်းဆောင်ထဲမှ မုန့်ဖေး၏ အံ့သြတကြီး အသံ ထွက်ပေါ်လာခဲ့သည်။

ပထမမင်းသားက အင်း ဟု ပြန်ဖြေလိုက်လေသည်။ "ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာပါ။ ဘယ်လိုလုပ် အမှားဖြစ်နိုင်မှာလဲ"

သူသည် အစပိုင်းတွင် တုန်လှုပ်သွားခဲ့သော်လည်း နောက်ပိုင်းတွင် မျက်နှာပြောင်တိုက်ကာ ဝန်ကြီးရှန်း၏ အစီရင်ခံစာကို ခိုးကြည့်ခဲ့ပြီးနောက် စိတ်ထဲတွင် ကျေနပ်ကာ ရယ်မောနေခဲ့သည်။

ဒီကိစ္စက အမှန်ပဲဖြစ်ဖြစ် အမှားပဲဖြစ်ဖြစ် ထားလိုက်ပါတော့။ အချုပ်အားဖြင့်တော့ ပွဲကောင်း ကြည့်ရဦးမှာပဲ။

သားအမိအရင်းများ ဖြစ်ကြသည့်အတိုင်း မုန့်ဖေး၏ မျက်နှာပေါ်ရှိ သူတစ်ပါး ဒုက္ခရောက်လျှင် ဝမ်းသာတတ်သည့် အမူအရာသည် ပထမမင်းသားနှင့် တစ်ပုံစံတည်း ဖြစ်နေလေသည်။ "ဒီ သုံးနှစ်အတွင်းမှာ ထိုက်ဇီနဲ့ တတိယမင်းသားက မြို့တော်အပြင်ကို အလှည့်ကျ တာဝန်ထမ်းဆောင်ဖို့ ထွက်ရတော့ တွေ့ဆုံရတဲ့ အခွင့်အရေးက နည်းသထက် နည်းခဲ့တာ။ အရှင်မင်းကြီးက ကိုယ့်ကိုယ်ကိုယ် ဖခင်ကောင်းတစ်ယောက်လို့ ခံယူထားပြီး သားတွေ အဆင်ပြေပြေ ဖြစ်နေစေဖို့အတွက် အများကြီး ကြိုးစားခဲ့ရတာ။ အခု ကြည့်ပါဦး။ ဒီလိုတွေ ဖြစ်ကုန်ကြပြီ။ အရှင်မင်းကြီးက အဆုံးထိ စုံစမ်းစစ်ဆေးမလား။ ဒါမှမဟုတ် ဒီအတိုင်းပဲ ရောချလိုက်မလားဆိုတာ မသိရသေးဘူး"

ပထမမင်းသားက အေးစက်စက် ရယ်မောလိုက်ကာ "ဒီကိစ္စက လူသိရှင်ကြား ဖြစ်သွားခဲ့ပြီ။ ဝန်ကြီးရှန်းက ဒီလို အစီရင်ခံစာမျိုး ရေးတင်တယ်ဆိုတာ ထိုက်ဇီရဲ့ ခွင့်ပြုချက် ပါလို့ပဲ။ ထိုက်ဇီက မျက်နှာဖုံးကို ခွာချဖို့ ဆုံးဖြတ်လိုက်မှတော့ ဖုဟွမ် ဖုံးကွယ်ချင်ရင်တောင် ဖုံးကွယ်လို့ မရတော့ဘူး"

မုန့်ဖေးသည် ထိုစကားကို ကြားရသည်တွင် ကျေနပ်သွားပြီး အေးစက်စက် ရယ်မောကာ ပြောလိုက်လေသည်။ "ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်ဘူး။ ရှေ့ထွက်ပြီး ပါဝင်မနေနဲ့ဦး။ မင်းရဲ့ ဖုဟွမ်က သူများအပေါ် ဒေါသပုံချတတ်တဲ့ အကျင့်ရှိတယ်။ မင်းက အနားကပ်သွားရင် မတော်တဆ ကိုယ့်ဆီ မီးပွားလွင့်လာလိမ့်မယ်"

ပထမမင်းသား၏ လေသံက ဖျော့တော့သွားခဲ့သည်။ "ကျွန်တော်က ရှေ့ထွက်ချင်ရင်တောင် အခွင့်အရေးမှ မရှိတာ။ ဖုဟွမ်က စစ်တိကိုပဲ ခဏခဏ ခေါ်တွေ့နေတာ။ ကျွန်တော့်လို ခြေထောက်မသန်တဲ့ ပထမမင်းသားကို ဘယ်သူက အဖက်လုပ်ပြီး ကြည့်မှာလဲ"

မိမိကိုယ်ကို အားငယ်စိတ်ပျက်သည့် လေသံကို ကြားလိုက်ရသဖြင့် မုန့်ဖေးသည် စိတ်မကောင်းဖြစ်ရသလို ဒေါသလည်း ထွက်သွားပြီး ပထမမင်းသားကို လက်ဖြင့် ရိုက်ထည့်လိုက်လေသည်။ "ဘာတွေ လျှောက်ပြောနေတာလဲ။ ဒီလိုစကားမျိုး အပြင်ရောက်သွားရင် စိတ်ဝမ်းကွဲတယ်လို့ အထင်ခံရလိမ့်မယ်။ မင်းက နေရထိုင်ရတာ သက်တောင့်သက်သာ ရှိလွန်းလို့ ကိုယ့်ဒုက္ခကိုယ် ရှာနေတာလား"

ပထမမင်းသားသည် စိတ်မပါလက်မပါ ဖြစ်နေပြီး အတော်ကြာမှ စကားတစ်ခွန်း ပြောလာခဲ့သည်။ "ကျွန်တော်ကတော့ ဖုဟွမ် ကျွန်တော့်ကို ခေါ်ပြီး ဆဲဆိုတာကိုပဲ ခံချင်ပါသေးတယ်"

သူ့ကို သနားဂရုဏာသက်သည့် အကြည့်ဖြင့် ကြည့်ပြီး အိမ်တော်ပြန်ကာ အနားယူခိုင်းသည်ထက် စာရင်ပေါ့။

သူက ညာဘက်ခြေထောက် တစ်ဖက်ပဲ မသန်စွမ်းတာလေ။ တစ်ကိုယ်လုံး အသုံးမကျဖြစ်သွားတာမှ မဟုတ်တာ။

မုန့်ဖေးသည် ဒေါသတကြီးဖြင့် ပထမမင်းသားကို မျက်စောင်းထိုးလိုက်လေသည်။ "ပါးစပ်ပိတ်ထားလိုက်စမ်း။ တစ်နေ့ကုန် ဒါတွေပဲ တွေးနေမယ့်အစား သားတစ်ယောက်လောက် မြန်မြန်ရအောင် လုပ်ဖို့ စဉ်းစားစမ်းပါ။ လျန်ရှီက မမွေးနိုင်ဘူးဆိုရင် မင်းအတွက် နောက်ထပ် ကိုယ်လုပ်တော်ကောင်းကောင်း နှစ်ယောက်လောက် ရွေးပေးမယ်။ မယားငယ်က မွေးတဲ့ သားဆိုရင်လည်း သားတစ်ယောက် ရလာတာ ကောင်းတာပါပဲ"

ဘယ်စကားက ပထမမင်းသား၏ အနာကို သွားထိလိုက်မှန်း မသိရချေ။ ပထမမင်းသားသည် ရုတ်တရက် ဒေါသထွက်လာပြီး "မလိုပါဘူး" ဟု ထပြောလိုက်သည်။

ပြောပြီးသည်နှင့် ထထွက်သွားလေတော့သည်။

မုန့်ဖေး "..."

ပထမမင်းသား ဒဏ်ရာရထားတာက ညာဘက်ခြေထောက် တစ်ခုတည်း မဟုတ်လောက်ဘူး ထင်တယ်။ မဟုတ်ရင် ဘာလို့ မျိုးဆက်ကိစ္စ ပြောလိုက်တာနဲ့ ဒီလို တုံ့ပြန်ရတာလဲ။ စွမ်းဆောင်ရည် မရှိတော့လို့ ရှက်ပြီး ဒေါသထွက်သွားတဲ့ ပုံစံမျိုးပဲ။

မုန့်ဖေး၏ မျက်ခုံးများ ရှုပ်ထွေးသွားတော့သည်။

"မုန့်ဖေးညန်ညန်ကို လျှောက်တင်ပါတယ်။ ချင်ဖေးညန်ညန်နဲ့ ယန်ဖင်ညန်ညန်တို့ ရောက်လာပါတယ်"

မုန့်ဖေးသည် သတိပြန်ဝင်လာပြီး မနေနိုင်ဘဲ နှုတ်ခမ်းမဲ့ထားလိုက်တော့သည်။ "ဘယ်နေရာမှာပဲ ပွဲကောင်းရှိရှိ သူကတော့ မပါမဖြစ်ပါပဲလား"

မုန့်ဖေး ပြောသည့် 'သူ' ဆိုသည်မှာ ချင်ဖေးကို ဆိုလိုခြင်း ဖြစ်သည်။

ယန်ဖင်အတွက်ကတော့ ဆဋ္ဌမမင်းသား ရှို့နဉ်နန်းဆောင်သို့ ရောက်သွားကတည်းက သူမ၏ အသည်းနှလုံးကို ချင်ဖေးက ဆုပ်ကိုင်ထားသလို ဖြစ်နေပြီး ချင်ဖေး၏ နောက်လိုက်အဖြစ် တိုက်ရိုက် ပြောင်းလဲသွားခဲ့သည်။ ချင်ဖေး ဘာပြောပြော ယန်ဖင်က လိုက်ပြီး ထောက်ခံပေးလေသည်။ အစပိုင်းတွင် ကြည့်ရသည်မှာ မြိုင်မြိုင်ဆိုင်ဆိုင် ရှိသော်လည်း ယခုအခါတွင်တော့ အီလည်လည်နှင့် စိတ်ပျက်စရာ ကောင်းလာတော့သည်။

...

တတိယမင်းသား လီဟောက်သည် သတင်းကြားပြီးသည်နှင့် တစ်ခဏမျှ အချိန်မဆွဲဘဲ နန်းတော်ထဲသို့ ဝင်ရောက်လာခဲ့သည်။

ဝမ်ဟွားနန်းဆောင်အပြင်ဘက်တွင် မျက်နှာပျက်နေသော လျိုကုန်းကုန်းက တားဆီးလိုက်လေသည်။ "တတိယမင်းသား ဖြည်းဖြည်းလုပ်ပါ။ အရှင်မင်းကြီးက အစီရင်ခံစာတွေကို စစ်ဆေးနေပြီး ဘယ်သူ့ကိုမှ အနှောင့်အယှက် မပေးဖို့ အမိန့်ထုတ်ထားပါတယ်။ အရှင်မင်းသား ဒီမှာပဲ ခဏလောက် စောင့်ပေးပါဦး"

ယုံးကျားဧကရာဇ်က သားတော် တစ်ပါးပါးကို စိတ်ဆိုးသည့်အခါ အမြဲတမ်း သုံးနေကျ နည်းလမ်းပင်။

လီဟောက်သည် လွန်ခဲ့သည့် သုံးနှစ်ကတည်းက နှုတ်ခမ်းမွေး စတင်ထားရှိခဲ့ပြီး ရွယ်တူလူငယ်များထက် ပိုမို ရင့်ကျက်ပုံ ပေါက်နေလေသည်။ ထိုစကားကို ကြားသော်လည်း ထိတ်လန့်ခြင်း ဒေါသထွက်ခြင်း မရှိဘဲ ပြောလိုက်လေသည်။ "လျိုကုန်းကုန်း ကျွန်တော့်အစား စကားတစ်ခွန်းလောက် သွားပြောပေးပါ။ ကျွန်တော် ဒီနေရာမှာပဲ ဒူးထောက်ပြီး အပြစ်ပေးတာကို ခံယူနေပါမယ်။ ဖုဟွမ် ကျွန်တော့်ကို တွေ့ချင်တဲ့အချိန်ကျမှ ကျွန်တော် ထပါမယ်လို့"

ပြောပြီးသည်နှင့် လီဟောက်သည် ဒူးနှစ်ဖက်ဖြင့် မြေပြင်ပေါ်သို့ ကျသွားလေတော့သည်။

...

All Chapters