← Chapters

အခန်း (၅၉၈-၆၀၀)

Vol. 40 Ch. 598-600

အခန်း (၅၉၈-၆၀၀)

Vol. 40 Ch. 598-600

အပိုင်း (၅၉၈) ပတ်သက်ဆက်နွယ်မှု (၂)

ကောင်းကင်သည် တစ်စတစ်စ မှောင်ရီပျိုးစ ပြုလာခဲ့ပြီ။

နန်းဆောင်အတွင်းတွင် ဖယောင်းတိုင်မီးများ ထွန်းညှိထားပြီး ဆင်ဝင်အောက်တွင်လည်း မီးအိမ်များ ချိတ်ဆွဲထားလေသည်။ မှိန်ဖျော့သော အလင်းရောင်သည် ဆင်ဝင်အောက်တွင် ကိုယ်ကိုမတ်ကာ ဒူးထောက်နေသော အရိပ်တစ်ခုအပေါ်သို့ ကျရောက်နေသည်။

လီဟောက်သည် နည်းနည်းလေးမှ မလှုပ်ရှားပေ။ သူ၏ ချောမောသော မျက်နှာသည် ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်နေပြီး တိတ်ဆိတ်ခြင်းများကြားတွင် အရှက်တကွဲ အကျိုးနည်း ခံစားရမှုကို ကြိတ်မှိတ်သည်းခံနေသည့်ပုံ ပေါက်နေသည်။

ဤကဲ့သို့သော စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် သည်းခံနိုင်စွမ်းကို လူတိုင်းက လေးစားရပေမည်။

လျိုကုန်းကုန်း ထပ်မံထွက်လာသည့်အချိန်တွင် ၂နာရီခန့် ကြာမြင့်သွားခဲ့ပြီ။ "အရှင်မင်းကြီးရဲ့ အမိန့်တော်၊ တတိယမင်းသား ဝင်ရောက်ခစားပါ"

လီဟောက်သည် ကျေးဇူးတင်စကား ဆိုလိုက်ပြီး မြေပြင်မှ ထရပ်လိုက်လေသည်။ ၂နာရီကြာ ဒူးထောက်ခဲ့ရသဖြင့် ဒူးခေါင်းများ တောင့်တင်းကာ နာကျင်နေလေပြီ။ သူသည် သာမန်ထက် ထူးကဲသော သည်းခံနိုင်စွမ်းဖြင့် အတင်းအကြပ် ထရပ်လိုက်သော်လည်း လမ်းလျှောက်သည့်အခါတွင်တော့ ခြေလှမ်းများ အနည်းငယ် နှေးကွေးသွားခဲ့သည်။

ပင်မနန်းဆောင်ထဲသို့ ရောက်ရှိလာပြီးနောက် အေးစက်စက် စိုက်ကြည့်နေသော ယုံးကျားဧကရာဇ်ကို မြင်လိုက်ရသဖြင့် လီဟောက်သည် နောက်တစ်ကြိမ် ဒူးထောက်လိုက်ပြန်သည်။ "သားတော် ဖုဟွမ်ကို ဂါရဝပြုပါတယ်"

ယုံးကျားဧကရာဇ်၏ မျက်ဝန်းများသည် မီးတောက်များကဲ့သို့ တောက်ပနေပြီး လီဟောက်ကို စိုက်ကြည့်လိုက်လေသည်။ "လီဟောက်၊ ကျန်း မင်းကို မေးမယ်။ ဝန်ကြီးရှန်းရဲ့ အစီရင်ခံစာမှာ ပါတဲ့ ကိစ္စတွေက အမှန်လား အမှားလား။ မင်းနဲ့ ချန်မိသားစု တကယ်ပဲ ပတ်သက်မှု ရှိနေတာလား"

လီဟောက်က ခေါင်းမော့လိုက်ရာ ချောမောသော မျက်နှာထက်တွင် နာကျင်မှုများ ပြည့်နှက်နေလေသည်။ "ဖုဟွမ်၊ ဒီကိစ္စကို သားတော် ဘယ်လိုရှင်းပြရမလဲဆိုတာ တကယ်မသိတော့ပါဘူး"

"နှစ်သစ်ကူးပွဲတော် ရောက်တိုင်း မြို့တော်အတွင်းအပြင်က လူအများကြီး မင်းသားအိမ်တော်ကို လာပြီး လက်ဆောင်လာပေးကြတယ်။ အဲဒီအထဲမှာ ချန်မိသားစုလည်း ပါပါတယ်။ သားတော်မှာ ကျန်းနန်ကလာတဲ့ အကြံပေးတစ်ယောက် ရှိပါတယ်။ သူနဲ့ ချန်မိသားစုခေါင်းဆောင်က အသိမိတ်ဆွေတွေ ဖြစ်နေလို့ ချန်မိသားစုက သားတော်ရဲ့ အကြံပေးဆီ လာပြီး အကူအညီတောင်းကြတယ်။ သားတော်က သူ့မျက်နှာကို ထောက်ပြီး လက်ဆောင်လက်ခံလိုက်မိတာပါ"

"အဲဒါကလွဲရင် သားတော်နဲ့ ချန်မိသားစုကြား ဘာအဆက်အသွယ်မှ မရှိပါဘူး"

"သားတော် အခုမှပဲ ချန်မိသားစုရဲ့ ယုတ်မာတဲ့ ရည်ရွယ်ချက်ကို သိလိုက်ရတာပါ။ သူတို့က ထိုက်ဇီအစ်ကိုတော်ကို လုပ်ကြံရဲတဲ့အထိ သတ္တိကောင်းနေကြတာ။ သားတော် သူတို့ကို အပိုင်းပိုင်းခုတ်ပြီး သတ်ပစ်ချင်စိတ် ပေါက်သွားပြီ"

နောက်ဆုံးစကားကို ပြောလိုက်သည့်အချိန်တွင် အံကြိတ်ထားပြီး ခံစားချက်အပြည့် ပါဝင်နေလေသည်။

ယုံးကျားဧကရာဇ်သည် မျက်လုံးများကို မှေးစင်းလိုက်ပြီး စကားတစ်ခွန်းမျှ မဆိုဘဲ လီဟောက်ကိုသာ စူးစိုက်ကြည့်နေလေသည်။ "ကျူးမိသားစုခေါင်းဆောင်ရဲ့ ထွက်ဆိုချက်ထဲမှာတော့ အဲဒီလို မဟုတ်ဘူးကွ"

"ချန်မိသားစုက တတိယမင်းသားအိမ်တော်နဲ့ ချိတ်ဆက်မိပြီး တတိယမင်းသားရဲ့ ညွှန်ကြားချက်ကြောင့်သာ ထိုက်ဇီကို လုပ်ကြံတာလို့ သူတို့ ပြောကြတယ်။ နောက်ပြီး တတိယမင်းသားက ကိစ္စအောင်မြင်ရင် ကျန်းနန်ဒေသတစ်ခုလုံးကို သူတို့လက်ထဲ အပ်မယ်လို့ ကတိပေးထားတယ်တဲ့။ အဲဒီလို မက်လုံးမျိုး မရှိဘဲနဲ့ သူတို့က ဘယ်လိုလုပ် လုပ်ကြံရဲမှာလဲ"

လီဟောက်က သက်ပြင်းရှည်ကြီး ချလိုက်လေသည်။ "သားတော် အခု ဘာပြောပြော ဆင်ခြေပေးသလို ဖြစ်နေမှာပါပဲ။ ဖုဟွမ်က သားတော်ကို မယုံရင် သားတော် ဘာဆက်ပြောရမလဲ မသိတော့ပါဘူး။ ဖုဟွမ် အမိန့်ထုတ်ပြီး ချန်မိသားစုကို ဖမ်းဆီးခိုင်းလိုက်ပါ။ သူတို့ကို ဖမ်းမိပြီးရင် အမှန်တရားက ပေါ်လာမှာပါ"

ယုံးကျားဧကရာဇ်က အေးစက်စက် ရယ်မောလိုက်လေသည်။ "သက်သေနဲ့တကွ ဖမ်းမှ ယုံမယ်ဆိုတာ ကျန်း နားလည်ပါတယ်။ မင်း စိတ်ချပါ။ ချန်မိသားစုကို ရှာမတွေ့ခင် အချိန်အထိ ဘယ်သူမှ မင်းကို မထိခိုက်စေရဘူး"

ခဏရပ်ပြီး သူက ဆက်ပြောလိုက်သည်။ "ကျန်း မင်းကို နောက်ဆုံးအခွင့်အရေး ပေးမယ်။ မင်း ကျန်းကို အမှန်အတိုင်း ပြောစမ်း။ လီဟောက်၊ မင်း စူးဖေးသေဆုံးသွားတဲ့ ကိစ္စကြောင့် ထိုက်ဇီနဲ့ ထိုက်ဇီဖေးအပေါ် အငြိုးအတေး ထားပြီး လမ်းမှား ရောက်သွားတာ မဟုတ်လား"

"မင်း ရိုးရိုးသားသား ဝန်ခံမယ်ဆိုရင် ကျန်း မင်းရဲ့ အသက်လမ်းကြောင်းကို ဖြတ်တောက်ပစ်မှာ မဟုတ်ပါဘူး"

လီဟောက်၏ မျက်ဝန်းများ မှေးမှိန်သွားပြီး နှုတ်ခမ်းထောင့်များတွင် ခါးသက်မှုများ ပြည့်နှက်သွားလေသည်။ "ဖုဟွမ်က သားတော်ကို မယုံသေးဘူးပဲ။ သားတော် ဝန်ခံပါတယ်။ စိတ်ထဲမှာ အာ့ကောနဲ့ အာ့စောင်အပေါ် အငြိုးအတေး ရှိခဲ့ဖူးပါတယ်။ မိခင်ကို သတ်တဲ့အမုန်းတရားကို သားတော် တစ်သက်လုံး မေ့ပျောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက သားတော်ရဲ့ အစ်ကိုအရင်းလေ။ သွေးက ရေထက် ပျစ်ပါတယ်။ သားတော်က ဘယ်လိုလုပ် ကိုယ့်အစ်ကိုအရင်းကို ပြန်သတ်တဲ့ တိရစ္ဆာန်အလုပ်မျိုးကို လုပ်နိုင်မှာလဲ"

"အဲဒီအထဲက အထင်လွဲမှုတွေကို အခု ရှင်းပြလို့လည်း ရှင်းမရတော့ပါဘူး။ သားတော်ရဲ့ အမှားပါ။ စိတ်နုပြီး ချန်မိသားစုရဲ့ နှစ်သစ်ကူးလက်ဆောင်ကို လက်ခံလိုက်မိတာ။ ချန်မိသားစုက ရည်မှန်းချက်ကြီးပြီး ဒီကိစ္စကို အခွင့်ကောင်းယူကာ အလံထူပြီး ကျူး၊ ဝေ၊ ရှန်၊ ဝမ် လေးမိသားစုနဲ့ ပူးပေါင်းပြီး အာ့ကောကို လုပ်ကြံခဲ့တာပါ။ သားတော် အခု ရွှံ့အိုင်ထဲ ကျသွားသလို ဖြစ်နေပြီ။ ဆေးကြောလို့လည်း စင်တော့မှာ မဟုတ်ဘူး"

ပြောရင်းနှင့် မျက်လုံးများ နီရဲလာသော်လည်း မျက်ရည်ကျမလာဘဲ တည်ငြိမ်နေဆဲပင်။ "ဖုဟွမ်၊ သားတော် ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်။ သားတော် အာ့ကောအပေါ် ဘယ်တုန်းကမှ မကောင်း မကြံခဲ့ပါဘူး။ ဒီကတိသစ္စာ ပျက်ယွင်းခဲ့ရင် သားတော် ရင်ဘတ်ကို ဓားနဲ့ အထိုးခံရပါစေ"

ဒီလို ကျိန်စာဆိုးမျိုးတောင် တိုင်တည်လိုက်ပြီပဲ။

ယုံးကျားဧကရာဇ်သည် ဘာမှ ဆက်မပြောတော့ဘဲ လီဟောက်ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်လေသည်။ "ကျန်းလည်း မင်းပြောတာတွေ အမှန်ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။ မင်း အိမ်တော်ကို အရင်ပြန်တော့။ ကျန်းရဲ့ အမိန့်မရဘဲ အိမ်တော်အပြင်ကို မထွက်နဲ့ဦး။ ပြီးတော့ ချန်မိသားစုနဲ့ ရင်းနှီးတဲ့ ဟိုအကြံပေးကို တရားရေးဌာနကို ပို့ပြီး သေချာ စစ်ဆေးမေးမြန်းခိုင်းလိုက်"

လီဟောက်သည် ဦးခေါင်းနှင့် ကြမ်းပြင်ထိအောင် ဦးညွှတ်ပြီး ကျေးဇူးတင်စကား ဆိုကာ ထွက်ခွာသွားလေသည်။

...

အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးပြီးနောက် လီဟောက်သည် တတိယမင်းသားအိမ်တော်သို့ ပြန်ရောက်လာပြီး ချက်ချင်း အမိန့်ပေးလိုက်လေသည်။ "ဒီနေ့ကစပြီး အိမ်တော်တံခါး ပိတ်လိုက်တော့။ ဘယ်သူမှ အပြင်မထွက်ရဘူး။ ပြီးတော့ အကြံပေးကျန်းကို တရားရေးဌာနကို သွားခိုင်းလိုက်"

အကြံပေးကျန်းသည် မျက်နှာထား တည်ကြည်စွာဖြင့် စကားတစ်ခွန်းမျှ ပြန်မပြောဘဲ အမိန့်ကို နာခံကာ ထွက်ခွာသွားလေသည်။

မုန့်ယွင်လော်သည် ထိတ်လန့်တကြားဖြင့် လီဟောက်၏ လက်မောင်းကို ဆွဲကိုင်လိုက်လေသည်။ "အရှင်မင်းသား၊ ဘာဖြစ်လို့လဲ။ ဘာလို့ အိမ်တော်တံခါး ပိတ်ရတာလဲ"

ဘေးတွင်ရှိနေသော ၂နှစ်ကျော်အရွယ် ကလေးငယ်သည် မိခင်ဖြစ်သူ၏ ကြောက်လန့်နေသော ပုံစံကြောင့် လန့်သွားပြီး လက်သေးသေးလေးဖြင့် လီဟောက်၏ အင်္ကျီစကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလေသည်။

ထိုကလေးငယ်၏ နာမည်မှာ လီဝေ ဖြစ်သည်။ မုန့်ယွင်လော် လွန်ခဲ့သည့် ၂နှစ်ကျော်က မွေးဖွားခဲ့သော သားဖြစ်ပြီး လီဟန်ထက် လဝက်ခန့် ငယ်လေသည်။

မုန့်ယွင်လော်သည် ကလေးမွေးဖွားစဉ်က ခက်ခဲခဲ့ပြီး ဒုက္ခများစွာ ခံစားခဲ့ရသဖြင့် နောက်ထပ် ကိုယ်ဝန်ရရန် ခက်ခဲသွားတော့သည်။ ထို့ကြောင့်ပင် တစ်ဦးတည်းသော သားလေးကို မျက်လုံးထဲက မျက်ဆန်လို တုန်နေအောင် ချစ်လေသည်။ နေ့စဉ် အထိန်းတော်များက အလှည့်ကျ ပွေ့ချီထားရပြီး ယခုအချိန်အထိ နို့မပြတ်သေးဘဲ အလွန်အမင်း အလိုလိုက်ခံထားရသည်။

လီဟောက်သည်လည်း သားဖြစ်သူကို ချစ်ခင်လေသည်။ သားဖြစ်သူ ငိုယိုနေသည်ကို မြင်သောအခါ ကုန်းပြီး ပွေ့ချီလိုက်ကာ ကျောကုန်းလေးကို ဖွဖွလေး ပုတ်ပေးလိုက်ကာ "မကြောက်နဲ့၊ ဘာမှမဖြစ်ဘူး။ မနက်ဖြန်ကစပြီး ဖေဖေ ဘယ်မှမသွားဘူး။ အိမ်မှာပဲ သားတို့သားအမိကို အဖော်လုပ်ပေးမယ်"

မုန့်ယွင်လော်က စကားပြောချင်သေးသော်လည်း လီဟောက်က မျက်မှောင်ကြုတ်ကာ မျက်ရိပ်ပြလိုက်လေသည်။

ကလေး လန့်သွားလိမ့်မယ်။

မုန့်ယွင်လော်လည်း မတတ်သာဘဲ ပါးစပ်ပိတ်လိုက်ရတော့သည်။ လီဝေကို ချော့မော့ပြီး ရယ်မောလာအောင် လုပ်ပေးလိုက်ကာ အထိန်းတော်က ပွေ့ချီသွားပြီးမှ သူမသည် အလျင်စလို တိုးတိုးလေး မေးလိုက်လေသည်။ "အရှင်မင်းသား၊ ကောင်းကောင်းမွန်မွန် နေရင်း ဘာလို့ အိမ်တော်တံခါး ပိတ်ရတာလဲ"

လီဟောက်သည် မုန့်ယွင်လော်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။ "ထိုက်ဇီ လုပ်ကြံခံရတာ ကျန်းနန်က မိသားစု ၅စုထဲက ချန်မိသားစုနဲ့ ကိုယ် သီးသန့် အဆက်အသွယ် ရှိတယ်လို့ တစ်ယောက်ယောက်က ထွက်ဆိုလိုက်တယ်။ ကိုယ်ကပဲ သူတို့ကို ထိုက်ဇီကို လုပ်ကြံဖို့ ခိုင်းစေခဲ့တာတဲ့"

မုန့်ယွင်လော်သည် လေတစ်ချက် ရှူသွင်းလိုက်ပြီး မျက်နှာ ဖြူဖပ်ဖြူရော ဖြစ်သွားကာ အသံများ တုန်ရီနေတော့သည်။ "အရှင်မင်းသား၊ တကယ်ပဲ... တကယ်ပဲ ရှင်..."

"မဟုတ်ပါဘူး" လီဟောက်သည် မျက်မှောင်ကြုတ်လိုက်ပြီး အသံ ရုတ်တရက် နက်ရှိုင်းသွားလေသည်။ "ကိုယ် ချန်မိသားစုရဲ့ လက်ဆောင်ကို လက်ခံခဲ့ဖူးပေမယ့် ချန်မိသားစုဝင်တွေကို တစ်ခါမှ မတွေ့ဖူးပါဘူး။ ထိုက်ဇီကို လုပ်ကြံဖို့ ခိုင်းတယ်ဆိုတာ ပိုတောင် ဝေးသေးတယ်"

လီဟောက်၏ မျက်နှာထား မည်းမှောင်နေသည်ကို မြင်လိုက်ရသဖြင့် မုန့်ယွင်လော်၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး ထပ်မမေးရဲတော့ချေ။

ဒီ ၃နှစ်အတွင်း သူတို့လင်မယား တွေ့ရသည့်အချိန်က နည်းပြီး ခွဲခွာရသည့်အချိန်က များလေသည်။ လီဟောက် အပြင်တွင် ဘာတွေလုပ်နေသည်၊ ဘာတွေ အလုပ်ရှုပ်နေသည်၊ ဘယ်သူတွေကို စည်းရုံးနေသည် ဆိုတာ သူမ လုံးဝ မသိရချေ။ လီဟောက်က ယတိပြတ် ငြင်းဆိုနေသော်လည်း ဘာကြောင့်မှန်းမသိ သူမ၏ စိတ်ရင်းထဲမှ သိပ်မယုံကြည်ချင်ပေ...

"အရှင်မင်းသားကို လျှောက်တင်ပါတယ်။ ပဉ္စမမင်းသား ရောက်လာပါတယ်" အတွင်းနန်းဆောင်ကုန်းကုန်းတစ်ဦး ဝင်ရောက် အစီရင်ခံလိုက်သည်။

လီဟောက်က အင်း ဟု ပြန်ဖြေလိုက်လေသည်။ "ပဉ္စမမင်းသားကို စာကြည့်ဆောင်မှာ စောင့်ခိုင်းလိုက်"

မုန့်ယွင်လော်သည် ရင်ထဲတွင် ဗြောင်းဆန်နေသော သံသယနှင့် စိုးရိမ်ပူပန်မှုများကို ဖိနှိပ်လိုက်ပြီး အပြုံးတစ်ခုကို ညှစ်ထုတ်ကာ ပြောလိုက်လေသည်။ "ကျွန်မ ညစာ ပြင်ခိုင်းလိုက်မယ်။ ရှင်နဲ့ ဝူတိတို့ နှစ်ယောက်သောက်လို့ ရတာပေါ့"

လီဟောက်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ထို့နောက် ထရပ်ကာ စာကြည့်ဆောင်သို့ ထွက်သွားလေသည်။

"စန်းကော" လီချန်သည် အလျင်အမြန် နှုတ်ဆက်လိုက်လေသည်။ ၃နှစ် ကြာပြီးနောက်တွင် လီချန်၏ ခန္ဓာကိုယ်သည် နောက်ထပ် ကိုယ်တစ်လုံးစာ ဝိုင်းစက်လာပြီး လမ်းလျှောက်သည့်အခါ တုန်တုန်ယင်ယင် ဖြစ်နေလေသည်။ "အစ်ကို ဒီနေ့ တကယ်ပဲ နန်းတော်ထဲဝင်ပြီး အပြစ်ပေးခံယူခဲ့တာလား"

လီဟောက်၏ မျက်ဝန်းများ နက်ရှိုင်းသွားပြီး လီချန်ကို တစ်ချက် ကြည့်လိုက်လေသည်။ "အတွင်းထဲ ဝင်မှ ပြောရအောင်"

ညီအစ်ကိုနှစ်ယောက် စာကြည့်ဆောင်ထဲတွင် ဘာတွေ ပြောခဲ့ကြသည်ကို မည်သူမျှ မသိနိုင်ချေ။

တရားရေးဌာနသို့ ရောက်ရှိသွားသော အကြံပေးကျန်းကတော့ ထိုညတွင်ပင် စစ်ဆေးမေးမြန်းခံရပြီး ပါးစပ်ဟလာခဲ့သည်။

ချန်မိသားစုသည် မြို့တော်သို့ အကြိမ်ကြိမ် လာရောက်ကာ တတိယမင်းသားကို တိတ်တဆိတ် တွေ့ဆုံရန် တောင်းဆိုခဲ့သည်။ တတိယမင်းသားသည် တစ်ကြိမ်တစ်ခါမျှ လက်မခံခဲ့ဘဲ ချန်မိသားစုဝင်များကို တွေ့ဆုံခဲ့သူမှာ ပဉ္စမမင်းသား လီချန်ဖြစ်သည် ဟူ၍။

...

အပိုင်း (၅၉၉) အပြစ်ဝန်ခံခြင်း (၁)

ဘာ...

လီချန်ဟုတ်လား။

နောက်နေတာလား။

တစ်ညလုံး ကောင်းကောင်း အိပ်မပျော်ခဲ့သော ယုံးကျားဧကရာဇ်သည် မိုးလင်းသည်နှင့် တရားရေးဝန်ကြီးယောင်ကို နန်းတော်ထဲသို့ ခေါ်လိုက်လေသည်။ ဝန်ကြီးယောင်သည် တရားရေးဌာနတွင် တစ်ညလုံး မအိပ်ဘဲ အလုပ်လုပ်ထားသဖြင့် မျက်လုံးများ နီရဲနေလျက် နန်းတော်ထဲသို့ ဝင်ရောက်လာပြီး အကြံပေးကျန်း၏ ထွက်ဆိုချက်ကို ရိုသေစွာ ဆက်သလိုက်၏။

ယုံးကျားဧကရာဇ်သည် မှတ်တမ်းလွှာကို လျင်မြန်စွာ ဖွင့်လိုက်ပြီး တစ်ချက်ကြည့်လိုက်ရာ လီချန်၏ နာမည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်း ဒေါသထွက်သွားခဲ့သည်။ ရုတ်တရက် ထရပ်လိုက်ကာ လက်ထဲမှ မှတ်တမ်းဖိုင်ကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်ပြီး အသံနက်ကြီးဖြင့် ပြောလိုက်လေသည်။ "ဝန်ကြီးယောင်၊ ဒါက မင်းတို့ တရားရေးဌာနက တစ်ညလုံး အိပ်ရေးပျက်ခံပြီး စစ်ဆေးမေးမြန်းထားတဲ့ ရလဒ်ပေါ့လေ"

ယုံးကျားဧကရာဇ်သည် စစ်ဘက်ဆိုင်ရာ အရာရှိများကို အလေးထားပြီး ဆက်ဆံလေ့ရှိသည်။ အရပ်ဘက်အရာရှိများနှင့် သိပ်မရင်းနှီးသော်လည်း ဒေါသထွက်ခဲလေသည်။ ယခုကဲ့သို့ ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းသည်မှာ အလွန် ရှားပါးလှသည်။

"တကယ့်ကို အဓိပ္ပာယ်မရှိလိုက်တာ"

"ပဉ္စမမင်းသား လီချန်က ငယ်ငယ်ကတည်းက စာပေရော သိုင်းပညာပါ သာမန်ပဲရှိတာ။ ပုံမှန်ဆိုရင်လည်း လူတွေနဲ့ ပြိုင်ဆိုင်လေ့ မရှိဘူး။ လူရှေ့သူရှေ့ဆို စကားတောင် သိပ်မပြောရဲဘူး။ ဆောက်လုပ်ရေးဌာနမှာ အလုပ်ပါးပါးလေး လုပ်နေပြီး နန်းတွင်းအရာရှိတွေနဲ့လည်း ဘာမှ အဆက်အသွယ် မရှိဘူး"

"မင်းတို့က ချန်မိသားစုကို ခိုင်းစေတဲ့ နောက်ကွယ်က တရားခံက လီချန်လို့ ပြောရဲတယ်ပေါ့"

နောက်ဆုံးစကားကို ပြောလိုက်သည့်အချိန်တွင် ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။

ငါ့သားရဲ့ အကြောင်း ငါ့ထက်ပိုသိတဲ့သူ ဘယ်ရှိမလဲ။ သူ့မှာ ဒီလောက် စွမ်းဆောင်နိုင်ရည် ဘယ်က ရလာမှာလဲ။

ဝန်ကြီးယောင်သည် ဌာနတစ်ခု၏ ဝန်ကြီးပီသစွာပင် ယုံးကျားဧကရာဇ်၏ အပြစ်တင်ခြင်းကို ခံရသော်လည်း ပြာသွားခြင်း မရှိဘဲ လက်ကို ယှက်ကာ ပြန်ဖြေလိုက်လေသည်။ "အရှင်မင်းကြီး စိတ်လျှော့တော်မူပါ။ ကျွန်တော်မျိုး ပြောတာကို နားထောင်ပေးပါဦး"

ယုံးကျားဧကရာဇ်က အေးစက်စက် ရယ်မောလိုက်လေသည်။ "ကောင်းပြီ။ မင်း ပြောစမ်း။ မင်း ဘာပြောမလဲဆိုတာ ကျန်း နားထောင်ကြည့်ချင်သေးတယ်"

ဝန်ကြီးယောင်သည် တရားရေးဌာနကို နှစ်ပေါင်းများစွာ ကိုင်တွယ်လာခဲ့သူဖြစ်ရာ စိတ်တည်ငြိမ်မှုမှာ သာမန်လူများ လိုက်မမီနိုင်ချေ။ ယုံးကျားဧကရာဇ်၏ ဒေါသကို ရင်ဆိုင်နေရသော်လည်း အေးဆေးတည်ငြိမ်စွာဖြင့် တစ်ခုချင်းစီ လျှောက်တင်လိုက်လေသည်။ "အကြံပေးကျန်း တရားရေးဌာနကို ရောက်ကာစက ငြင်းဆန်နေခဲ့ပါတယ်။ နောက်ပိုင်းမှာ ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးလိုက်မှ ဝန်ခံလာတာပါ။ စစ်ဆေးတဲ့သူတွေကလည်း တရားရေးဌာနက ဝါရင့်တွေဖြစ်ပြီး အတွေ့အကြုံ ရင့်ကျက်သူတွေပါ။ အကြံပေးကျန်းက တစ်ညလုံး အစစ်ဆေးခံရပြီးမှ ပဉ္စမမင်းသားပါဝင်ကြောင်း ဝန်ခံလာတာပါ။ ကျွန်တော်မျိုး ထင်တာတော့ အကြံပေးကျန်း လိမ်ပြောမှာ မဟုတ်ပါဘူး"

သေခါနီးနေပြီပဲ။ လိမ်ပြောဖို့ စိတ်ကူးရှိဦးမှာလား။

တရားရေးဌာနက အကျဉ်းထောင်ဆိုတာ ကစားစရာမှ မဟုတ်တာ။

ဝန်ကြီးယောင်က တည်ငြိမ်လေလေ ယုံးကျားဧကရာဇ်က ပိုပြီး ဒေါသထွက်လေလေပင်။ သူသည် မျက်နှာကို တင်းထားပြီး အသံနက်ကြီးဖြင့် ပြောလိုက်လေသည်။ "မင်း အခုပဲ တရားရေးဌာနကို ပြန်ပြီး ဆက်စစ်ဆေးလိုက်။ လီချန်က ဒီလိုကိစ္စမျိုး လုပ်မယ်ဆိုတာ ကျန်း မယုံဘူး..."

စကားမဆုံးမီမှာပင် လျိုကုန်းကုန်းက ကမန်းကတန်း ဝင်လာခဲ့သည်။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ပဉ္စမမင်းသား အပြင်မှာ ရောက်နေပြီး ဝင်တွေ့ခွင့် တောင်းနေပါတယ်"

တကယ်ပဲ ပြောရင်းဆိုရင်း ရောက်လာတာပဲ။

ယုံးကျားဧကရာဇ်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်လေသည်။ "သူ့ကို ဝင်ခိုင်းလိုက်။ ကျန်း သူ့ကို မေးစရာ ရှိနေတာနဲ့ အတော်ပဲ" ထို့နောက် ဝန်ကြီးယောင်ကို တစ်ချက် စွေကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။ "ဝန်ကြီးယောင်လည်း ဒီမှာပဲ နေခဲ့။ လီချန် ဘာပြောမလဲဆိုတာ နားထောင်ကြည့်တာပေါ့"

ဝန်ကြီးယောင်က လေးနက်စွာဖြင့် ဟုတ်ကဲ့ဟု ဖြေကြားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ ဘေးတွင် ရပ်နေလိုက်သည်။

ခဏအကြာတွင် ပဉ္စမမင်းသား လီချန်သည် ခြေလှမ်းသွက်လက်စွာဖြင့် ဝင်ရောက်လာခဲ့သည်။

ယုံးကျားဧကရာဇ်တွင် သားတော် ၆ပါး၊ သမီးတော် ၃ပါး ရှိသည်။ အရွယ်ရောက်ပြီးသော သားတော် ၅ပါးအနက် ပထမမင်းသား လီယိသည် ၁၀နှစ်ကျော်ကြာ အချစ်တော် ဖြစ်ခဲ့ဖူးသည်။ ဒုတိယမင်းသား လီကျင့်သည် ထိုက်ဇီအဖြစ် ခန့်အပ်ခံရပြီး လူအများ လေးစားကြည်ညိုခြင်းကို ခံရသည်။ တတိယမင်းသား လီဟောက်သည် စာပေရော သိုင်းပညာပါ ထူးချွန်သည်။ စတုတ္ထမင်းသား လီရှန်သည်လည်း ဒီနှစ်ပိုင်းအတွင်း နာမည်ကောင်း ရလာခဲ့သည်။

ပဉ္စမမင်းသား လီချန်တစ်ယောက်တည်းသာ အရည်အချင်း ညံ့ဖျင်းပြီး တုံးအ,ကာ ရှိသည် မရှိသည် မသိသာချေ။

လွန်ခဲ့သည့် တစ်နှစ်က ပဉ္စမမင်းသားကြင်ရာတော်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် ကိစ္စကြောင့် လူပြောစရာ ဖြစ်ခဲ့ဖူးသည်။ ဝန်ထမ်းရေးရာဝန်ကြီးယွီက မျက်ရည်စက်လက်ဖြင့် နန်းတော်ထဲဝင်ကာ တိုင်တန်းခဲ့ဖူးသည်။

ယုံးကျားဧကရာဇ်သည် ဒေါသအမျက်ချောင်းချောင်းထွက်ကာ လီချန်ကို နန်းတော်ထဲ ခေါ်ပြီး ဝန်ကြီးယွီရှေ့တွင်ပင် ပါးနှစ်ချက် ရိုက်ခဲ့သည်။ ထို့နောက် ဝန်ကြီးယွီကို ဒူးထောက်တောင်းပန်ခိုင်းပြီး ၃လတိတိ အပြင်မထွက်ရ အမိန့် ထုတ်ပြန်ခဲ့သည်။

ထို့နောက်တွင်တော့ လီချန်သည် လုံးဝ ငြိမ်သက်သွားခဲ့သည်။

နေ့တိုင်း ဆောက်လုပ်ရေးဌာနကို သွားပြီး မျက်နှာပြသည်။ မနက်ခင်းညီလာခံတွင် မင်းသားများကြား၌ လူဖြည့်သည့်အနေဖြင့် ဝင်ရပ်သည်။ ကျန်သည့်အချိန်များတွင် တတိယမင်းသားအိမ်တော်သို့ သွားပြီး အချိန်ဖြုန်းလေ့ ရှိသည်။ ပဉ္စမမင်းသားကြင်ရာတော်နှင့် သံယောဇဉ်ကတော့ ထည့်ပြောနေစရာပင် မလိုတော့ချေ။ တော်ဝင်မိသားစု စည်းကမ်းအရ ကွာရှင်းခွင့် မရှိ၍သာ။ မဟုတ်ပါက ဝန်ကြီးယွီသည် သမီးဖြစ်သူကို အိမ်ပြန်ခေါ်သွားပြီး ဖြစ်ပေလိမ့်မည်။

ယခင်ကထက်စာလျှင် လီချန်သည် လူတစ်ကိုယ်စာ ပိုဝလာပြီး လမ်းလျှောက်သည်မှာ နှေးကွေးလေးလံနေသည်။ မျက်နှာပေါ်က အဆီများကြောင့် မျက်လုံးများသည် မျဉ်းကြောင်းလေး နှစ်ကြောင်းကဲ့သို့ ဖြစ်နေလေသည်။

မည်သူမဆို ကြည့်လိုက်လျှင် လူအ တစ်ယောက်ဟုသာ ထင်မြင်ကြပြီး လူဆိုးတစ်ယောက်နှင့် တူသည်ဟု ထင်ကြမည် မဟုတ်ပေ။

ယုံးကျားဧကရာဇ်သည် စိတ်ရှုပ်ထွေးစွာဖြင့် ပဉ္စမမင်းသားကို တစ်ချက်ကြည့်လိုက်ပြီး ဝန်ကြီးယောင်ကို တစ်ချက်ကြည့်လိုက်ပြန်သည်။

ငါ့ရဲ့ ပဉ္စမသားတော်ကို ကြည့်လိုက်ပါဦး။ သူက ထိုက်ဇီကို လုပ်ကြံမယ့် လူပုံစံ ပေါက်နေလို့လား။

ဝန်ကြီးယောင်ကိုယ်တိုင်လည်း မယုံကြည်ပေ။ သို့သော် သူက စစ်ဆေးရေးမှူးကို ပိုယုံကြည်ပြီး စာရွက်ပေါ်က သက်သေအထောက်အထားကို ပိုပြီး ယုံကြည်သည်။

လီချန်က ဂါရဝပြု နှုတ်ဆက်လိုက်သည်။

"လီချန်၊ မင်းကို ပြစရာ တစ်ခု ရှိတယ်။ မင်းရှေ့မှာပဲ ရှိတယ်။ မင်းဘာသာ ကောက်ကြည့်လိုက်" ယုံးကျားဧကရာဇ်သည် ဒေါသကို ထိန်းချုပ်ပြီး ပြောလိုက်လေသည်။

လီချန်က အမိန့်ကို နာခံပြီး ကြမ်းပြင်ပေါ်မှ မှတ်တမ်းဖိုင်ကို ကောက်ယူကာ အလျင်အမြန် ဖတ်ရှုလိုက်သည်။ ထို့နောက် မျှော်လင့်မထားဘဲ ဒူးထောက်ချလိုက်လေသည်။ "သားတော် နန်းတော်ထဲ ဝင်လာတာက ဖုဟွမ်ဆီမှာ အပြစ်လာဝန်ခံတာပါ"

"ချန်မိသားစုက စန်းကောရဲ့ အိမ်တော်ကို လက်ဆောင်ပို့ပေမယ့် စန်းကောက သူတို့ကို မတွေ့ခဲ့ပါဘူး။ သားတော်က စန်းကောအိမ်တော်ကို ခဏခဏ သွားလေ့ရှိတော့ အကြံပေးကျန်းနဲ့ ရင်းနှီးနေခဲ့ပါတယ်။ သူက ချန်မိသားစုအကြောင်း ပြောပြတာနဲ့ သားတော်က သီးသန့် တွေ့ဆုံခဲ့တာပါ"

"ချန်မိသားစုကို ကျူး၊ ဝေ၊ ရှန်၊ ဝမ် လေးမိသားစုနဲ့ ပေါင်းပြီး ထိုက်ဇီကို လုပ်ကြံဖို့ ခိုင်းစေခဲ့တာက သားတော်ပါပဲ။ စန်းကောက အစအဆုံး ဘာမှ မသိပါဘူး။ ဖုဟွမ် ရိုက်ချင်နှက်ချင်ရင် သားတော် ခံယူပါ့မယ်"

ယုံးကျားဧကရာဇ် "..."

ဝန်ကြီးယောင် "..."

ယုံးကျားဧကရာဇ်၏ မျက်နှာသည် အေးခဲသွားသကဲ့သို့ မည်သည့် ခံစားချက်မျှ မပေါ်တော့ချေ။

ဝန်ကြီးယောင်သည် အစပိုင်းတွင် တုန်လှုပ်သွားသော်လည်း ချက်ချင်း သတိပြန်ဝင်လာပြီး လီချန်၏ မျက်နှာကို စူးစိုက်ကြည့်လိုက်သည်။ ထိုဝိုင်းစက်နေသော မျက်နှာပေါ်တွင် "မလုံမလဲဖြစ်ခြင်း" သို့မဟုတ် "အပြစ်အစားခံပေးခြင်း" စသည့် အရိပ်အယောင်များကို ရှာဖွေကြည့်လိုက်သည်။

သို့သော် လီချန်သည် မှန်ကန်သည့်အလုပ်ကို လုပ်ထားသူကဲ့သို့ နည်းနည်းလေးမှ ရှက်ရွံ့ခြင်း မရှိဘဲ ဆက်လက် ပြောဆိုလေသည်။

"ထိုက်ဇီဖေးက ညီအစ်ကို သံယောဇဉ်ကို မငဲ့ဘဲ သားတော်တို့ရဲ့ မူဖေးကို အဆိပ်ခတ် သတ်ဖြတ်ခဲ့တာ။ ထိုက်ဇီက မြို့တော်ကို ပြန်ရောက်လာတော့ ထိုက်ဇီဖေးနဲ့ တစ်လေသံတည်း ထွက်နေတယ်။ သားတော်ရဲ့ မူဖေးက ဒီအတိုင်း အလကား သေသွားရမှာလား"

"စန်းကောက ထည့်တွက်စဉ်းစားစရာတွေ များပြီး သည်းခံနေတာ။ သားတော်မှာတော့ အဲဒီလို စိုးရိမ်စရာတွေ မရှိဘူး"

"သားတော် ဒီအခွင့်အရေးကို စောင့်နေတာ နှစ်ချို့နေပါပြီ။ ထိုက်ဇီက တာဝန်နဲ့ မြို့တော်က ထွက်သွားတိုင်း ကိုယ်ရံတော် ထောင်ချီ ခေါ်သွားပြီး အစောင့်အရှောက်က တင်းကျပ်လွန်းလို့ သားတော် လှုပ်ရှားဖို့ အခွင့်အရေး မရခဲ့ဘူး။ ကံကောင်းစွာနဲ့ ဒီနှစ် ကျန်းနန်ကို သွားတယ်။ ကျန်းနန်က မိသားစု ၅စုကလည်း အစကတည်းက မရိုးမသားနဲ့ အသေခံစစ်သည်တွေ မွေးထားကြတာ။ သားတော်က စန်းကောရဲ့ နာမည်ကို သုံးပြီး ချန်မိသားစုကို သတင်းစကား ပါးလိုက်တယ်။ ချန်မိသားစုက ရည်ရွယ်ချက် မကောင်းတော့ ငါးစာချလိုက်တာနဲ့ ချက်ချင်း ငါးစာဟပ်တော့တာပဲ။ ၇နှစ် ၈နှစ်လောက် ဖုံးကွယ်ထားတဲ့ အသေခံစစ်သည်တွေကို ထုတ်သုံးပြီး ထိုက်ဇီကို လုပ်ကြံခဲ့တာ။ နှမြောစရာကောင်းတာက ကချေသည်တစ်ယောက်က ထွက်လာပြီး ထိုက်ဇီအစား ဝင်ခံလိုက်တာပဲ"

"ဒီအဆင့်ထိ ရောက်လာမှတော့ သားတော်က သူတို့ကို ဘုရင်ခံအိမ်တော်ကို ဝိုင်းရံတိုက်ခိုက်ဖို့ ထပ်ပြီး မြှောက်ပင့်ပေးလိုက်တာ။ နောက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေကို ဖုဟွမ်လည်း သိပြီးသားပါ"

"ဘာပဲဖြစ်ဖြစ် သားတော် လုပ်ခဲ့တာမို့လို့ ဝန်မခံရဲစရာ မရှိပါဘူး"

"သူတို့လင်မယားနှစ်ယောက်က သားတော်တို့ကို မိသားစုဝင်တွေလို့ သဘောမထားခဲ့ကြဘူးလေ။ သားတော်က ဘာလို့ ကလဲ့စားမချေရမှာလဲ။ နှမြောစရာကောင်းတာက အခွင့်အရေး မရှိတော့တာပဲ။ မဟုတ်ရင် သားတော် လူထပ်လွှတ်ပြီး..."

စကားမဆုံးမီမှာပင် ယုံးကျားဧကရာဇ်သည် မျက်နှာထား မည်းမှောင်လျက် ရှေ့သို့ ပြေးတက်သွားပြီး ခြေထောက်ဖြင့် ကန်ချလိုက်လေသည်။

လီချန်သည် ရင်ဝကို အကန်ခံလိုက်ရသဖြင့် အော်ဟစ်ညည်းညူကာ မီတာအနည်းငယ်လောက် လွင့်ထွက်သွားပြီး နန်းဆောင်အတွင်းရှိ တိုင်လုံးနှင့် ဝုန်းခနဲ ဝင်ဆောင့်မိလေသည်။ ဝေါခနဲ အသံမြည်သွားပြီး သွေးတစ်ပွက် အန်ထွက်လာခဲ့သည်။

ကျောက်စိမ်းခင်းထားသော ကြမ်းပြင်ပေါ်တွင် သွေးများ ပေကျံသွားသည်မှာ ကြောက်မက်ဖွယ် ကောင်းလှသည်။

"တိရစ္ဆာန်ကောင်" ယုံးကျားဧကရာဇ်သည် တစ်ကိုယ်လုံးရှိ သွေးများ ဆူပွက်လာသကဲ့သို့ ခံစားလိုက်ရပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ "မင်းက လူဖြစ်ဖို့တောင် မတန်ဘူး။ ဒီနေ့ မင်းလို တိရစ္ဆာန်ကောင်ကို ငါကိုယ်တိုင် ရိုက်သတ်ပစ်မယ်"

...

အပိုင်း (၆၀၀) အပြစ်ဝန်ခံခြင်း (၂)

ယုံးကျားဧကရာဇ်သည် အလကား ခြိမ်းခြောက်နေခြင်း မဟုတ်ပေ။

သူသည် ယခုအခါ ဒေါသအမျက် ခြောင်းခြောင်းထွက်နေပြီး လီချန်ကို ခြေထောက်ဖြင့် ကန်သတ်ပစ်ချင်နေလေသည်။

ဝန်ကြီးယောင်သည် "ပြဇာတ်ကောင်း" တစ်ပုဒ်ကို အတင်းအကျပ် ကြည့်ရှုခဲ့ရပြီး စိတ်ထဲတွင် တိတ်တိတ်လေး နောင်တရနေမိသည်။

ဒီလိုဖြစ်မယ်မှန်း စောစောကသိခဲ့လျှင် သူသည် "သက်သေ" အဖြစ် ကျန်ရစ်ခဲ့မည် မဟုတ်ပေ။ ညီအစ်ကိုအချင်းချင်း ရန်ဖြစ်သည့်ကိစ္စမျိုးသည် မည်သည့်အိမ်တွင်မဆို အလွန် အရုပ်ဆိုး အကျည်းတန်သော ကိစ္စပင်။ တော်ဝင်မိသားစုတွင် ဖြစ်ပျက်သည်ဆိုပါက လူအများ အထင်အမြင်သေးဖွယ်ရာ ပိုဖြစ်စေလေသည်။

ယခုအချိန်တွင် ယုံးကျားဧကရာဇ်သည် ဒေါသထွက်နေသဖြင့် သူ ဘေးတွင် ရှိနေသည်ကိုပင် ဂရုမစိုက်တော့ချေ။ အကယ်၍ သူသာ ဘာမှမလုပ်ဘဲ အရှင်မင်းကြီးက သားအရင်းကို သတ်ဖြတ်နေသည်ကို လက်ပိုက်ကြည့်နေမည် ဆိုပါက သူသည် သာ့ဝေတိုင်းပြည်၏ သစ္စာရှိအမတ်ကောင်းတစ်ယောက် ဖြစ်ပါဦးမည်တဲ့လား။

"အရှင်မင်းကြီး စိတ်လျှော့တော်မူပါ"

ဝန်ကြီးယောင်သည် အသက်အရွယ်နှင့် မလိုက်အောင် လျင်မြန်ဖျတ်လတ်စွာဖြင့် ရှေ့သို့ ပြေးတက်သွားပြီး ဒေါသအဟုန် ပြင်းထန်နေသော ယုံးကျားဧကရာဇ်ကို တားဆီးလိုက်၏။ "အရှင်မင်းကြီး စိတ်လျှော့တော်မူပါ။ ကိစ္စတွေကို သေချာ စုံစမ်းစစ်ဆေးပြီးမှ ဆုံးဖြတ်ပါ။ ဒီလောက်ကြီး စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့"

ယုံးကျားဧကရာဇ်၏ မျက်နှာထားသည် ရှုံ့မဲ့နေပြီး နှာခေါင်းဝမှ ဒေါသ မီးတောက်များ မှုတ်ထုတ်နေတော့သည်။ "မင်း ဖယ်နေစမ်း။ ကျန်း ဒီသားမိုက်ကို သတ်ပစ်မယ်"

ဝန်ကြီးယောင်သည် ဒူးထောက်လိုက်ရတော့သည်။ "အရှင်မင်းကြီး ဒေါသထွက်နေတဲ့အချိန် ပြောတဲ့စကားတွေက အတည်ယူလို့ မရပါဘူး။ အရှင်မင်းကြီး စိတ်လျှော့တော်မူပါ"

ယုံးကျားဧကရာဇ်သည် ဒေါသထွက်နေသော်လည်း အသိစိတ် အနည်းငယ် ကျန်ရှိနေသေးသည်။ ဝန်ကြီးယောင် ဒူးထောက်လိုက်ခြင်းက သူ့ကို တားဆီးနိုင်ခဲ့လေသည်။

လီချန်သည် ရင်ဘတ်ကို ဖိထားပြီး နာကျင်စွာဖြင့် သွေးတစ်ပွက် ထပ်အန်လိုက်ပြန်သည်။ စောစောက ယုံးကျားဧကရာဇ်၏ ကန်ချက်သည် အားကုန်သုံးထားသဖြင့် အတော်လေး ပြင်းထန်ကြောင်း သိသာလှသည်။

နန်းဆောင်ထဲတွင် ရှိနေသော လျိုကုန်းကုန်းသည်လည်း အသက်ရှူပင် မဝတော့ချေ။

ဘုရားရေ...

ဒါ ဘာဖြစ်သွားတာလဲ။ ဒီလို အလှည့်အပြောင်း ဖြစ်သွားတာက တကယ်ပဲ တုန်လှုပ်စရာပဲ။။

ပဉ္စမမင်းသားက ဒီလောက် ပြတ်ပြတ်သားသား ဝန်ခံလိုက်တာကို ကြည့်ရင် တကယ်ပဲ သူက တတိယမင်းသားရဲ့ နာမည်ကို သုံးပြီး လုပ်ခဲ့တာများလား။

"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ တတိယမင်းသား အပြင်မှာ ရောက်နေပြီး ဝင်တွေ့ခွင့် တောင်းနေပါတယ်" သတင်းပို့သော အတွင်းနန်းဆောင်ကုန်းကုန်းသည် တုန်တုန်ယင်ယင်ဖြင့် ဝင်ရောက်လာလေသည်။

ယုံးကျားဧကရာဇ်သည် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ဒေါသထွက်မည့်အစား ပြုံးလိုက်လေသည်။ "ကောင်းတယ်... ကောင်းတယ်။ ညီအစ်ကိုနှစ်ယောက်လုံး ရောက်လာကြတာ ကောင်းတာပေါ့။ သူတို့နှစ်ယောက် ဘာတွေ ကြံစည်နေကြလဲဆိုတာ ကျန်း ဒီနေ့ နားထောင်ကြည့်ရသေးတာပေါ့"

ခဏအကြာတွင် လီဟောက်သည် ခြေလှမ်းသွက်လက်စွာဖြင့် အတွင်းနန်းဆောင်ထဲသို့ ဝင်ရောက်လာခဲ့သည်။ လီချန်တစ်ယောက် ကန်ကျောက်ခံထားရပြီး သွေးအန်ကာ လဲကျနေသည်ကို မြင်လိုက်ရသဖြင့် လီဟောက်၏ မျက်နှာသည် ဖြူဖပ်ဖြူရော ဖြစ်သွားပြီး လီချန်ကို ထူပေးရန် ပြေးသွားလိုက်လေသည်။

လီချန်သည် နာကျင်နေသော မျက်နှာထားဖြင့် လက်ကို အားပျော့စွာ ယမ်းပြလိုက်လေသည်။ "စန်းကော၊ ကျွန်တော် ဘာမှမဖြစ်ပါဘူး။ လောလောဆယ်တော့ မသေသေးပါဘူး"

လီဟောက်၏ မျက်ဝန်းများသည် ရုတ်တရက် နီရဲသွားတော့သည်။

သူသည် တုန်တုန်ယင်ယင်ဖြင့် လီချန်ကို လွှတ်ပေးလိုက်ပြီးနောက် လီချန်၏ ဘေးတွင် ဒူးထောက်လိုက်ကာ ခေါင်းကို ကြမ်းပြင်နှင့် သုံးကြိမ်တိုင်တိုင် ဆောင့်လိုက်လေသည်။ "ဖုဟွမ်၊ တောင်းပန်ပါတယ်။ သားတော် မနေ့က လိမ်ပြောမိပါတယ်။ ဖုဟွမ်ကို လှည့်စားခဲ့မိပါတယ်။ ဒီကိစ္စတွေ အားလုံးက သားတော်ရဲ့ လက်ချက်ပါ။ ဝူတိနဲ့ ဘာမှမဆိုင်ပါဘူး။ ဖုဟွမ် ရိုက်ချင်သတ်ချင်ရင် သားတော်ကိုပဲ လုပ်ပါ။ ဝူတိကိုတော့ လွှတ်ပေးပါ"

ဝန်ကြီးယောင် "..."

ဝန်ကြီးယောင်သည် ဒူးထောက်နေရသည်ကိုပင် မေ့လျော့လုနီးပါး ဖြစ်သွားပြီး မနေနိုင်တော့ဘဲ ခေါင်းလှည့်ကြည့်လိုက်မိသည်။ တတိယမင်းသား လီဟောက်၏ မျက်နှာပေါ်တွင် မျက်ရည်များ ဝဲနေပြီး ပြတ်သားသော အမူအရာ ရှိနေသည်ကို တွေ့လိုက်ရသည်။

ချန်မိသားစုနဲ့ တကယ် ပတ်သက်နေတာက ဘယ်သူလဲ။ ပဉ္စမမင်းသားလား။ ဒါမှမဟုတ် တတိယမင်းသားလား။

သူတို့ညီအစ်ကိုနှစ်ယောက်က အပြစ်ကို လုပြီး ဝန်ခံနေကြတာက တကယ်ပဲ ကိုယ့်လိပ်ပြာကိုယ် မလုံလို့လား။ ဒါမှမဟုတ် တစ်ယောက်အတွက် တစ်ယောက်က အပြစ်ခံပေးနေတာလား။

ဝန်ကြီးယောင်သည် တရားရေးဝန်ကြီး တစ်ယောက်အနေဖြင့် ဒီနှစ်ပိုင်းအတွင်း အမှုပေါင်း ထောင်ချီ စစ်ဆေးလာခဲ့ဖူးသော်လည်း ယခုကဲ့သို့သော ထူးဆန်းသည့် အဖြစ်အပျက်မျိုးကိုတော့ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

ဝန်ကြီးယောင်တောင်မှ ဒီလောက် တုန်လှုပ်နေလျှင် ယုံးကျားဧကရာဇ် ဆိုပါက ပြောနေစရာပင် မလိုတော့ချေ။

ယုံးကျားဧကရာဇ်သည် ဒေါသအထွတ်အထိပ် ရောက်သွားရာမှ ပြန်လည် တည်ငြိမ်သွားလေသည်။ သူသည် လီဟောက်ကို ကြည့်ပြီး အသံနက်ဖြင့် မေးလိုက်လေသည်။ "မင်း မနေ့က ကျန်းကို ပြောခဲ့တာတွေက လိမ်ပြောတာတွေလား။ မင်း ချန်မိသားစုကို တွေ့ခဲ့လား"

"အဲဒါကတော့ သားတော် မလိမ်ပါဘူး။ သားတော် တကယ်ပဲ ချန်မိသားစုကို မတွေ့ခဲ့ပါဘူး" လီဟောက်က ချောမွေ့စွာ ပြန်ဖြေလိုက်လေသည်။ "သားတော်က ဝူတိကို လှည့်စားပြီး ချန်မိသားစုနဲ့ တိတ်တဆိတ် ဆက်သွယ်ခိုင်းခဲ့တာပါ။ ချန်မိသားစုကို ထိုက်ဇီလုပ်ကြံဖို့ လျှို့ဝှက်အမိန့်ပေးတာက သားတော် လူလွှတ်ပြီး ကျန်းနန်ကို ပို့ခိုင်းလိုက်တာပါ။ ဝူတိက ဘာမှမသိပါဘူး။ သူက ဒီကိစ္စကို သားတော် လုပ်မှန်းသိလို့ သားတော်အစား အပြစ်ခံယူဖို့ ပြေးလာခဲ့တာပါ..."

"စန်းကော" လီချန်သည် ပြင်းပြင်းထန်ထန် အသက်ဖမ်းရှူလိုက်ပြီး အံကြိတ်ကာ စကားလုံးအချို့ကို ညှစ်ထုတ်လိုက်လေသည်။ "အစ်ကို ကျွန်တော့်အစား အပြစ်ခံပေးစရာ မလိုပါဘူး။ ယောကျ်ားကောင်းဆိုတာ ကိုယ်လုပ်တဲ့အလုပ် ကိုယ်တာဝန်ယူရတယ်။ ကျွန်တော် လုပ်တဲ့ကိစ္စကို ကျွန်တော်ပဲ တာဝန်ယူမယ်"

လီဟောက်၏ မျက်လုံးများ နီရဲနေပြီး လီချန်ကို စူးရဲစွာ ကြည့်လိုက်လေသည်။ "ပါးစပ်ပိတ်ထားစမ်း"

လီချန်သည် ပါးစပ်မပိတ်သည့်အပြင် ရုန်းကန်ပြီး ထရပ်လိုက်သေးသည်။ ရင်ဘတ်က နာကျင်နေသဖြင့် ခါးကို မတ်မတ်မထားနိုင်ဘဲ ကွေးညွှတ်ထားရသည်။ "ဖုဟွမ်၊ သားတော်က ငယ်ငယ်ကတည်းက တုံးအပြီး အစ်ကိုတွေလောက် ဖုဟွမ်ရဲ့ အချစ်ကို မရခဲ့ပါဘူး။ မူဖေးနဲ့ စန်းကောကလွဲရင် ဘယ်သူကမှ သားတော်ကို အဖက်လုပ်တာ မဟုတ်ပါဘူး"

"စန်းကောက သားတော်ကို အမြဲ ဂရုစိုက်တယ်။ ဒီလောက်ကြီးမားတဲ့ အပြစ်ကြီးကိုတောင် သူက ကာကွယ်ပေးချင်နေတယ်။ တကယ်တော့ ဒီကိစ္စကို သားတော် လုပ်ခဲ့တာပါ"

လီဟောက်သည် ရူးသွပ်တော့မည့်ဟန်ဖြင့် အလောတကြီး ပြောလိုက်လေသည်။ "လီချန်၊ ပါးစပ်ပိတ်ထားစမ်း။ ဒီစကားတွေကို ဘယ်လိုလုပ် လျှောက်ပြောရတာလဲ။ ထိုက်ဇီကို လုပ်ကြံတာက ဘယ်လောက် အပြစ်ကြီးလဲဆိုတာ မင်း သိရဲ့လား"

"သိတာပေါ့။ သေဒဏ်လေ" လီချန်သည် ဒီတစ်သက်တွင် ပထမဆုံးအကြိမ် ပြတ်သားခြင်း ဖြစ်ပေလိမ့်မည်။ "ဆွေကိုးဆက် မျိုးဖြုတ်သတ်မယ့် အပြစ်လေ။ တော်သေးတာက ကျွန်တော်က မင်းသားဖြစ်နေလို့။ ဖုဟွမ်က လီမိသားစုကိုတော့ မျိုးဖြုတ်သတ်မှာ မဟုတ်လောက်ပါဘူး။ ကျွန်တော့်အသက်တစ်ချောင်းကိုပဲ ထိုက်ဇီအတွက် ပေးဆပ်လိုက်ပါ့မယ်"

လီဟောက်၏ မျက်လုံးများထဲမှ သွေးများ ယိုစီးကျတော့မတတ် ဖြစ်နေလေသည်။ သူသည် လီချန်ကို တားမရသဖြင့် ယုံးကျားဧကရာဇ်ဘက်သို့ လှည့်ကာ အသနားခံလိုက်လေသည်။ "ဖုဟွမ်က ဉာဏ်ပညာကြီးမားပြီး အမြော်အမြင် ရှိပါတယ်။ ဝူတိ ပြောတာတွေက လိမ်ပြောနေတာဆိုတာ ကြည့်ရုံနဲ့ သိမှာပါ။ ဖုဟွမ်၊ အားလုံးက သားတော်ရဲ့ စနက်တွေပါ။ ဝူတိက ကြံရာပါလောက်ပဲ ဖြစ်ပါလိမ့်မယ်။ အပြစ်ပေးချင်ရင် သားတော်ကိုပဲ ပေးပါ"

ဝန်ကြီးယောင်၏ အစပိုင်း တုန်လှုပ်မှုများ လွန်မြောက်သွားပြီး စိတ်ထဲတွင် အံ့သြချီးကျူးနေမိသည်။

အကယ်၍ လီချန်ပြောတာသာ အမှန်ဆိုရင် လီဟောက်က ညီရင်းအပေါ်ထားတဲ့ မေတ္တာတရားက ဒီလောကမှာ ပြိုင်ဘက်ကင်းပါပဲ။

အကယ်၍ နောက်ကွယ်က တရားခံအစစ်က လီဟောက်ဖြစ်ပြီး ဒီအကွက်တွေ အကုန်လုံးက လီဟောက်ရဲ့ လွတ်မြောက်ရေး လမ်းကြောင်းဆိုရင်တော့ လီဟောက်က တကယ့်ကို ပါးနပ်လွန်းတာပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ညီအစ်ကိုနှစ်ယောက် ဘယ်သူက အမှန် ဘယ်သူက အမှားဆိုတာ ခွဲခြားဖို့ ခက်ခဲနေပြီ။

ယုံးကျားဧကရာဇ်သည် အသံမထွက်တော့ဘဲ လီဟောက်၏ မျက်နှာကို ဦးစွာ ကြည့်လိုက်ပြီးနောက် လီချန်ကို ကြည့်လိုက်ပြန်သည်။ ထိုသို့ ကြည့်ရှုနေပုံမှာ ရှားပါးပစ္စည်းများကို ကြည့်ရှုနေသကဲ့သို့ပင်။

"ကောင်းတယ်။ တကယ်ကောင်းတယ်" ယုံးကျားဧကရာဇ် ရုတ်တရက် ရယ်မောလိုက်လေသည်။ "ငါ လီယွမ် ဒီတစ်သက် ဒီလို သားလိမ္မာလေးတွေ မွေးထားမိမယ်လို့ ထင်မထားမိဘူး။ မင်းတို့က တကယ်ပဲ တော်ကြပါပေတယ်"

လီဟောက်နှင့် လီချန်တို့သည် ပြိုင်တူ ခေါင်းဆောင့်ကာ တောင်းပန်လိုက်ကြသည်။ "ဖုဟွမ် စိတ်လျှော့တော်မူပါ။ သားတော်တို့ သေသင့်ပါတယ်"

"သေသင့်တာက မင်းတို့ မဟုတ်ဘူး။ ငါကွ" ယုံးကျားဧကရာဇ်သည် ခဏမျှ တည်ငြိမ်နေရာမှ ချက်ချင်း ဒေါသပေါက်ကွဲလာပြီး 'ကျန်း' ဟုပင် ကိုယ့်ကိုယ်ကိုယ် မသုံးနှုန်းတော့ချေ။ "ငါ့မှာ မင်းတို့လို သားလိမ္မာတွေ ရှိနေပါလား"

ထူးဆန်းသော သွေးနီရောင် အရှိန်အဝါတစ်ခုသည် ဦးနှောက်ထဲသို့ အရှိန်ပြင်းစွာ တက်ဆောင့်လိုက်တော့သည်။

ယုံးကျားဧကရာဇ်၏ ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး တောင့်တောင့်ကြီး လဲကျသွားလေတော့သည်။

သစ္စာရှိသော ဝန်ကြီးယောင်သည် ရှေ့သို့ ပြေးတက်သွားသည်။ သို့သော် ဘေးတွင် ရှိနေသော လျိုကုန်းကုန်းလောက် လက်မမြန်ချေ။ လျိုကုန်းကုန်းသည် မြေပြင်ပေါ်သို့ လှဲချလိုက်ပြီး သူ၏ ခန္ဓာကိုယ်ဖြင့် ယုံးကျားဧကရာဇ်ကို ဖမ်းထိန်းလိုက်လေသည်။

"ဖုဟွမ်"

လီဟောက်နှင့် လီချန်တို့ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ လီချန်က မလှုပ်ရှားနိုင်သော်လည်း လီဟောက်ကတော့ တစ်ဟုန်ထိုး ပြေးတက်သွားလေသည်။

လျိုကုန်းကုန်းသည် ညည်းညူလိုက်ပြီး နှာခေါင်းကျိုးသွားပုံရကာ နှာခေါင်းအောက်တွင် သွေးကြောင်းနှစ်ခု စီးကျလာခဲ့သည်။

လီဟောက်နှင့် ဝန်ကြီးယောင်တို့သည် ဘယ်ညာတစ်ဖက်စီ ယုံးကျားဧကရာဇ်ကို တွဲထူရန် ကြိုးစားလိုက်ကြသည်။ သို့သော် ယုံးကျားဧကရာဇ်သည် သတိလစ်မေ့မြောနေပြီး တစ်ကိုယ်လုံး လေးလံနေလေသည်။

ဝန်ကြီးယောင်က ချက်ချင်း ပြောလိုက်၏။ "တတိယမင်းသား လွှတ်လိုက်ပါ။ အရှင်မင်းကြီးရဲ့ အခြေအနေကို မသိရသေးတော့ နေရာမရွှေ့ပါနဲ့ဦး။ အရင်ဆုံး တော်ဝင်သမားတော်ကို ခေါ်လိုက်ပါ"

လီဟောက်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး လက်လွှတ်ပေးလိုက်လေသည်။

လျိုကုန်းကုန်းသည်လည်း မလှုပ်ရဲတော့ဘဲ အတွင်းနန်းဆောင်ကုန်းကုန်းတစ်ဦးကို တုန်တုန်ယင်ယင်ဖြင့် လှမ်းခေါ်လိုက်လေတော့သည်။ "သမားတော်ချုပ်ကျိုးကို မြန်မြန် သွားခေါ်စမ်း"

...

All Chapters