ရွှေပေလွှာ
Vol. 4 Ch. 301
နတ်မိစ္ဆာများသည် နတ်မိစ္ဆာများသာ ဖြစ်လေသည်။ သူတို့သည် မွေးရာပါ စိတ်အာရုံ ရှုပ်ထွေးသူများ ဖြစ်ကြလေ သည်။
"အာရုံ ခံစားမှု မှန်သမျှသည် မိစ္ဆာများပင် ဖြစ်သည်" ဟု ကျင့်ကြံသူ တစ်ယောက်က ပြောခဲ့ဖူးလေသည်။
အာရုံခံစားမှုများနှင့် သက်ဆိုင်သည့် ရှုပ်ထွေးသည့် အတွေးများသည် ထိန်းချုပ်ရန် ခက်ခဲ လွန်းလေသည်။ အာရုံခံစားမှုများတွင် ပိတ်မိနေပါက မည်သည့်အခါမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
မိုးကောင်းကင် နတ်မိစ္ဆာများ ဆိုသည်က မည်သည့်အခါမှ လွတ်မြောက်မည့် သူများ မဟုတ်ပေ။ လူ့လောကဆိုသည် က သုခလည်း ရှိသလို ဒုက္ခလည်း ရှိလေသည်။
ယခု ဆန်းလျန် ရင်ဆိုင်နေရသည့် မိုးကောင်းကင် နတ်မိစ္ဆာသည် ချင်းရွှမ် နတ်တံခါးမှ ကျင့်ကြံသူများ၏ ဝိညာဉ် အလင်းဓာတ်ကိုပင် စုပ်ယူ ထားသေးသည်။ ထို့ပြင် သူ၏ ဆရာဖြစ်သူ ပိယွင်နတ်သမီး၏ ဝိညာဉ်အလင်း ဓာတ်ကိုလည်း စုပ်ယူ ထားလေသည်။ ထို့ကြောင့် ရင်ဆိုင်ရန် ခက်ခဲ လွန်းလေသည်။
သို့သော် ဆန်းလျန် အသုံးပြုလိုက်သည့် နည်းလမ်းကတော့ လွယ်ကူ လွန်းလေသည်။
မိုးကောင်းကင် နတ်မိစ္ဆာမိန်းမပျို၏ တည်ရှိမှုက မသေချာပေ။ စကြဝဠာကြီးထဲတွင် အကန့်အသတ် မရှိသည့် တည်ရှိမှု ဖြစ်လေသည်။ ထို့ပြင် သူက ဝိညာဉ် အလင်းဓာတ်များစွာကို စုစည်း ထားသည့်အတွက် နှိမ်နင်းရန် အလွန်ခက်ခဲလေသည်။
ဆန်းလျန်သည် သူ့တွင်ရှိနေသည့် ထိုက်ဝေ့ဟုခေါ်သည့် သစ်သား ငါးရုပ်တုံးလေးကို သတိရ သွားမိလေသည်။ ထိုသစ်သား ငါးရုပ်တုံးလေးတွင် တန်ခိုးစွမ်းအား များစွာ မရှိသော်လည်း ဝိညာဉ်ကို ငြိမ်းချမ်း စေလေသည်။
ဝိညာဉ်ကို ငြိမ်းချမ်းစေသည့် အတွက် အတွေး အာရုံများကို ငြိမ်သက် စေလေသည်။
လောကတွင် ဝိညာဉ် ငြိမ်းအေးစေသည့် ကိရိယာ များစွာ ရှိလေသည်။ သို့သော် ထိုက်ဝေ့ကတော့ တစ်မူ ထူးခြားသည့် ပစ္စည်းလေး တစ်ခု ဖြစ်လေသည်။
တာအို ဆရာတစ်ယောက်က ထိုက်ဝေ့ကို အမြဲတမ်း ယူဆောင် သွားလေ့ရှိလေသည်။ ထိုက်ဝေ့သည် တာအို ဆရာသခင်နှင့် အတူ နှစ်ပေါင်းကြာမြင့်စွာ အတူတူ ရှိနေခဲ့လေသည်။
ထို့ကြောင့်ပင် ထိုက်ဝေ့မှ ထွက်ပေါ်လာသည့် ဝိညာဉ် ငြိမ်းချမ်းသံစဉ်သည် ထိပ်တန်း မိုးကောင်းကင် နတ်မိစ္ဆာ တစ်ပါးကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိလေသည်။ သာမန် မိုးကောင်းကင် နတ်မိစ္ဆာဆိုလျှင်တော့ ပြောစရာပင် မလိုတော့ပေ။
ဆန်းလျန်က ထိုက်ဝေ့ကို ပြန်လည် ရှာဖွေ တွေ့ရှိခဲ့သည့်တိုင် ချင်းရွှမ် နတ်တံခါးမှ အခြားသူများက ထိုက်ဝေ့ အကြောင်းကို သိရှိကြခြင်း မရှိကြပေ။ ထို့ပြင် ထိုက်ဝေ့ ပျောက်ဆုံး သွားသည်ကိုလည်း မည်သူမျှ မသိကြပေ။
ဆန်းလျန်က ကူဟွေ့ ဆရာတော်ထံမှ ပြန်လည် တောင်းယူလာခဲ့သည့် အတွက် ထိုက်ဝေ့သည် ချင်းရွှမ် နတ်တံခါးသို့ ပြန်လည် ရောက်ရှိလာခဲ့ခြင်း ဖြစ်လေသည်။ ဆန်းလျန်ကဲ့သို့ နတ်ဘုရား တစ်ပါးနီးနီး တန်ခိုးစွမ်းအား မြင့်မားသူ တစ်ယောက် အတွက်တော့ စိတ်အာရုံ တစ်ချက်မျှ စူးစိုက် ကြည့်လိုက်ရုံဖြင့် ထိုက်ဝေ့၏ သမိုင်းကြောင်းကို သိရှိနိုင် လေသည်။
ထိုက်ဝေ့မှ ထွက်ပေါ်နေသည့် ဝိညာဉ် ငြိမ်းချမ်း သံစဉ်သည် ထိုက်ဝေ့ ထိုင်ခန်းမဆောင် တစ်ခုလုံးတွင် ပျံ့လွင့် နေလေသည်။ ဝိညာဉ် ငြိမ်းချမ်းသံစဉ်ကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးမှာ ငြိမ်းချမ်း နေလေသည်။
ဆန်းလျန်က မိုးကောင်းကင် နတ်မိစ္ဆာကို အေးစက်စွာဖြင့် စိုက်ကြည့်လိုက်သည်။ သူမသည် အလွန်နာကျင်စွာဖြင့် အော်ဟစ် ညည်းညူရင်း ခွင့်လွှတ်ပါရန် တောင်းပန် နေလေသည်။ သူမ၏ တောင်းပန်သံမှာ ကျောက်သားကဲ့သို့ မာကျောသည့် နှလုံးသားကိုပင် အရည် ပျော်စေနိုင်လောက် လေသည်။
သို့သော် ဆန်းလျန်ကတော့ သူမ၏ တောင်းပန်သံကြောင့် အရည်ပျော်သွားမည့် စိတ်ထား ပိုင်ရှင် မဟုတ်ပါ။ ဆန်းလျန်သည် ထိုက်ဝေ့ကို အဆက်မပြတ် တီးခတ် နေလေသည်။ တီးခတ် နေသည့် စည်းချက်နှင့် စွမ်းအားများမှာ တစ်ခုမှ လျော့ကျသွားခြင်း မရှိပေ။
မိုးကောင်းကင် နတ်မိစ္ဆာ မိန်းမပျို၏ အော်သံမှာ ပိုပြီး စူးရှလာလေသည်။ ထိုအော်သံက ဆန်းလျန်၏ ရုပ်ခန္ဓာကိုပင် တုန်ခါသွားစေလေသည်။
ထို့နောက် မိုးကောင်းကင် နတ်မိစ္ဆာသည် ဖုံမှုန့်များအလား ပျောက်ကွယ် သွားလေသည်။ သူမက ဆန်းလျန်၏ စိတ်ကို ထိုးဖောက်ရန် အတွက် စိတ်တံခါးကို ရှာဖွေနေလေသည်။ သူမက ဆန်းလျန်၏ ဝိညာဉ်အတွင်းသို့ ဝင်ရောက်ကာ ဆန်းလျန်၏ ဝိညာဉ်ကို ချုပ်ကိုင်ရန် ကြိုးစားလိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန်က သက်ပြင်း တစ်ချက် ချလိုက်သည်။
ထို့နောက် သူက စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း ကျင့်စဉ်ကို ထုတ်ဖော် လိုက်လေသည်။ ထိုအခါ သူပုံဖော်လေ့ရှိ သည့် ကျောက်စိမ်း ကျိုင်းတံကို ကိုင်ဆောင်ထားသည့် နတ်ဘုရား ပေါ်ထွက် လာလေသည်။
ဆန်းလျန်၏ စိတ်အတွင်းသို့ ထိုးဖောက် ဝင်ရောက်လာသည့် မိုးကောင်းကင် နတ်မိစ္ဆာမှာ ကျောက်စိမ်းကျိုင်းတံ ကိုင်ဆောင်ထားသည့် နတ်ဘုရားကို မြင်တွေ့သည်နှင့် ညည်းညူ လိုက်ရင်း ထိုက်ဝေ့ထိုင် ခန်းမဆောင် အတွင်းသို့ ပြန်လည် လွင့်ထွက် လာလေသည်။ သူမ၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင် မီးခိုးငွေ့များ ထွက်ပေါ်လာလေသည်။ သူမ၏ လှပသည့် မျက်နှာလေးနှင့် ဖြူစင်သည့် အသားအရေများမှာ မီးလောင်ကျွမ်း သွားသည့် အလား ရုပ်ပျက်ဆင်းပျက် ဖြစ်သွားလေသည်။
ယခင်ကတော့ ကျောက်စိမ်း ကျိုင်းတံ ကိုင်ဆောင်ထားသည့် နတ်ဘုရားသည် သူ့ဘဝ၏ သေရေးရှင်ရေး အခြေအနေ များတွင်သာ မသိစိတ်ထဲမှ ထွက်ပေါ် လာတတ်လေသည်။ သို့သော် ယခုအချိန်တွင်တော့ ဆန်းလျန်မှာ ကျောက်စိမ်း ကျိုင်းတံ ကိုင်ဆောင် ထားသည့် နတ်ဘုရားကို လွယ်ကူစွာပင် ဆင့်ခေါ်နိုင်ပြီ ဖြစ်လေသည်။ သူ့အတွက် အသက်ရှူ ရသည်လောက်ပင် အခက်အခဲ မရှိတော့ပေ။
ထို့ပြင် သူ၏ ဝိညာဉ် စွမ်းအားများမှာလည်း အဆက်မပြတ် မြင့်မားလာလျက် ရှိလေသည်။ သူ၏ ဝိညာဉ် စွမ်းအားမှာ လောက နတ်ဘုရား တစ်ပါးကို ကောင်းကောင်း ယှဉ်နိုင်နေပြီ ဖြစ်လေသည်။
ဆန်းလျန် အတွက်တော့ နတ်ဘုရား တစ်ပါး ဖြစ်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည့် အခြအနေ ဖြစ်လေသည်။
သို့သော် နတ်ဘုရား တစ်ပါးအဖြစ် အဆင့်တက်ရောက်ရန်မှာ ထင်သလောက်တော့ လွယ်ကူခြင်း မရှိလှပေ။ သူက ဒြပ်စင် စွမ်းအား ငါးမျိုးကို အပြည့်အ၀ နားလည် ထားသော်လည်း တရားအလင်း ရရန်အတွက် အနှစ်သာရ တစ်ခုကို လိုအပ် နေသေးသည်။ အဘယ်ကြောင့်ဆိုသော် ဒြပ်စင်စွမ်းအား ငါးမျိုးကို အပြည့်အ၀ အသုံးမချ နိုင်သေးသောကြောင့် ဖြစ်လေသည်။
ဒြပ်စင်စွမ်းအား ငါးမျိုးကို အပြည့်အဝ အသုံး မချနိုင်သေးဘဲ မူလဝိညာဉ် ခန္ဓာရရှိအောင် ကျင့်ကြံ နိုင်မည်ဆိုလျှင် တောင်မှ တာအိုဖွဲ့စည်းမှု အနှစ်သာရက ပြီးပြည့်စုံမှု ရရှိမည် မဟုတ်ပေ။ ထိုသို့ လိုအပ်နေပါက နတ်ဘုရား တစ်ပါးအဆင့် တက်ရောက် နိုင်မည် ဆိုလျှင်တောင် ထိပ်တန်း နတ်ဘုရား တစ်ပါး ဖြစ်လာမည် မဟုတ်ပေ။
ထို့ကြောင့်ပင် သူက ရှေ့သို့မဆက်ဘဲ လက်ရှိနေရာတွင် ရပ်နေကာ အခွင့်အရေးကို စောင့်နေခြင်း ဖြစ်လေသည်။
ခေတ်အဆက်ဆက်တွင် ဆန်းလျန်ကဲ့သို့ နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်လှမ်းနိုင်ရန် အစစ အရာရာ အဆင်သင့် ဖြစ်နေသည့်တိုင် အချိန် စောင့်နေသေးသည့် လူမျိုး ရှိခဲ့ကြပုံမပေါ်ပေ။ သူကတော့ မူလဝိညာဉ် ခန္ဓာရရှိရန် အချိန်မရွေး ကျင့်ကြံကာ နတ်ဘုရား တစ်ပါး ဖြစ်လာနိုင်သည့် အခြေအနေကို ပိုင်ဆိုင်ထားသူ ဖြစလေသည်။ သို့တိုင်အောင် နတ်ဘုရား တစ်ပါး အဖြစ် အဆင့် တက်ရောက်ခြင်း မရှိသေးဘဲ ကိုယ့်သဘောနှင့်ကိုယ် အချိန်စောင့်ရင်း ရပ်တန့် နေသည်ကိုသာ အခြားသူများ သိရှိခဲ့ခြင်းရှိလျှင် "မိုးကြိုးပစ်ပြီး သေမည့်ကောင်" ဟု ကျိန်းသေကျိန်ဆဲ ခံရမည် ဖြစ်လေသည်။
ဆန်းလျန်၏ ရှေ့တွင် မိုးကောင်းကင် နတ်မိစ္ဆာမသည် လူးလိမ့် တောင်းပန် နေလေသည်။
"ငါ့ကို လွှတ်ပေးပါ၊ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးပါ၊ မင်းခိုင်းတာဘာမဆို ငါလုပ်ပေးပါ့မယ်"
ဆန်းလျန်က ထိုက်ဝေ့ကို တီးခတ်နေခြင်းကို ရပ်တန့်လိုက်ပြီး ပုံဖော်ထားသည့် ကျောက်စိမ်း ကျိုင်းတံ ကိုင်ဆောင်ထားသည့် နတ်ဘုရားကိုလည်း ပြန်လည် ရုတ်သိမ်း လိုက်သည်။
ဆန်းလျန်က သူမရှေ့သို့ လျှောက်သွားလိုက်ပြီး မေးလိုက်သည်။
"အစိမ်း သရဲမြို့တော်ကို မင်းဘယ်လို ရောက်လာတာလဲ"
"ငါ မသိဘူး"
ဆန်းလျန်က သက်ပြင်း ချလိုက်ရင်း….
"မင်းက လုံးဝ မရိုးသားဘူးပဲ"
ဆန်းလျန်၏ စူးရှသည့် အကြည့်သည် သူမဆီသို့ ကျရောက် သွားလေသည်။
ဆန်းလျန်၏ မျက်ဝန်းထဲမှ နှလုံးစိုက် ဓားသွားကြောင့် သူမသည် နာကျင်စွာဖြင့် အော်ဟစ် လိုက်လေသည်။
သူမ ထွက်ပြေး လွတ်မြောက် လိုလှသည်။ သို့သော် သူမသည် သဲတွင်းထဲတွင် နစ်မြုပ်နေသည့် အလား ထွက်ပြေး၍ မရ ဖြစ်နေရလေသည်။
ထိုက်ဝေ့မှ ထွက်ပေါ်နေသည့် ဝိညာဉ် ငြိမ်းချမ်း သံစဉ်ကြောင့်လည်း သူမ၏ မိုးကောင်းကင် နတ်မိစ္ဆာ တန်ခိုးစွမ်းအားများကို အသုံးပြု၍မရ ဖြစ်နေရလေသည်။ ဆန်းလျန်၏ ကြောက်မက်ဖွယ်ရာ ဝိညာဉ် စွမ်းအားများကြောင့်လည်း သူမသည် တစ်လက်မပင် နေရာမှ ရွေ့လျားနိုင်ခြင်း မရှိတော့ပေ။
ရုတ်တရက်…
အမှောင်ထု တစ်ခု ပေါ်ပေါက်လာပြီး မိုးကောင်းကင် နတ်မိစ္ဆာကို အမှောင်ထုထဲသို့ စုပ်ယူ ဆွဲခေါ်သွားလေသည်။ ထို့နောက် အမှောင်ထုရော မိုးကောင်းကင် နတ်မိစ္ဆာပါ ပျောက်ချင်းမလှ ပျောက်ကွယ် သွားလေသည်။
"မင်းလုပ်တာကို ကျုပ်မသိဘူး မထင်နဲ့၊ မင်း ဘာအကြောင်းနဲ့ ဒီမှာ နေနေရတာလဲ၊ ဝိညာဉ် တစ်စအနေနဲ့ နေထိုင်နေတာလား ဒါမှမဟုတ် ဖန်ဆင်းခြင်း တစ်ခုအနေနဲ့ နေထိုင်နေတာလား ကျုပ် ဂရုမစိုက်ဘူး၊ ဒါပေမဲ့ မင်း ဘာလို့ ဒီနေရာမှာ နေနေရတာလဲ၊ ချင်းရွှမ် နတ်တံခါးရဲ့ ဂိုဏ်းချုပ် တစ်ယောက် အနေနဲ့ ကျုပ်သိရမှ ဖြစ်မယ်"
ဆန်းလျန်သည် ထိုက်ဝေ့ထိုက် ခန်းမထဲတွင် တစ်ယောက်တည်း ရပ်နေရင်း ပြောလိုက် လေသည်။
သူ၏အမေးကို မည်သူမျှ ပြန်လည် ဖြေကြားခြင်း မရှိပါ။ ခန်းမဆောင် တစ်ခုလုံးသည် တိတ်ဆိတ် နေလေသည်။
အမှောင်ထုကို ဖန်ဆင်းသူသည် မည်သူ ဖြစ်နိုင်မည်နည်း။ လောကတွင် ဖန်ဆင်းမှု တစ်ခု ပြုလုပ်ပြီး ခြေရာလက်ရာ တစ်ခုမှ မကျန်အောင် ပျောက်ကွယ် သွားနိုင်ခြင်းသည် လုံး၀ မဖြစ်နိုင်သည့် ကိစ္စတစ်ခု ဖြစ်လေသည်။ မည်မျှပင် တန်ခိုးစွမ်းအား ကြီးမားပါစေ ဖန်ဆင်းခဲ့သည့် သက်သေ အနည်းကတော့ ကျန်ရစ်ခဲ့ရမည် ဖြစ်လေသည်။
နတ်ဘုရား အဘိုးအိုဆိုလျှင်တော့ ထိပ်တန်းအဆင့် နတ်ဘုရား တစ်ပါးဖြစ်သည့် အတွက် မည်သည့် သက်သေမှ ချန်ထားခဲ့ခြင်း မရှိဘဲ ဖန်ဆင်းခြင်းနှင့် ဖျက်ဆီးခြင်းကို ပြုလုပ်နိုင်မည် ဖြစ်လေသည်။
မိုးကောင်းကင် နတ်မိစ္ဆာနှင့် နတ်ဘုရား အဘိုးအိုကြားတွင် မည်သို့သော ပတ်သက်မှုများ ရှိနေပါသနည်း။ ထို့ပြင် အစိမ်းသရဲ မြို့တော်သည် နတ်ဘုရား အဘိုးအိုနှင့် မိုးကောင်းကင် နတ်မိစ္ဆာကို ချိတ်ဆက် ပေးထားသည့် နေရာတစ်ခု ဖြစ်နေလေသည်လား။
နတ်ဘုရား အဘိုးအို အနေဖြင့် ချင်းရွှမ် နတ်တံခါးကို ဒုက္ခပေးလိုစိတ် မရှိကြောင်းကို ဆန်းလျန် သိထားပါသည်။ သို့သော် ယခု ပြဿနာကတော့ မည်သို့မျှ စဉ်းစား၍ မရနိုင်လောက်အောင် ထူးဆန်း လွန်းလေသည်။
ထိုအချိန်မှာပင်….
ရွှေရောင် ပေလွှာလေး တစ်ချပ်သည် ကောင်းကင်ထက်မှ လွင့်ပျံ ကျဆင်း လာလေသည်။ ထိုစာရွက်လေးပေါ်တွင် အလင်းမှုံလေးများပင် ကပ်ငြိ နေသေးသည်။ ထိုရွှေပေလွှာလေးမှ ထွက်ပေါ်နေသည့် ထူးဆန်းသည့် အငွေ့အသက် များကြောင့် ဆန်းလျန်၏ နှလုံးခုန်သံများပင် မြန်လာလေသည်။ ထိုရွှေပေလွှာပေါ်တွင် မရေမတွက် နိုင်အောင် များပြားသည့် ရှေးဟောင်း စာလုံး သင်္ကေတများ ရေးသား ထားလေသည်။ စာလုံးများသည် ရွှေပေလွှာထက်တွင် ပြွတ်သိပ် နေလေသည်။
ဆန်းလျန်သည် ထိုရွှေပေလွှာကို ဖမ်းယူလိုက်သည်နှင့် လွတ်မြောက်သွားသလို ခံစား လိုက်ရလေသည်။
သူက ရွှေပေလွှာထက်မှ စာလုံးများကို အသေးစိတ် မကြည့်ရှုနိုင်ခင်မှာပင် သူ၏ ခန္ဓာကိုယ်မှာ အလင်းအလျှင် အလား လျှင်မြန်လွန်းသည့် အရှိန်ဖြင့် ရွေ့လျား နေသကဲ့သို့ ခံစား လိုက်ရလေသည်။ သူသည် ချက်ချင်းပင် ကောင်းကင် အမြင့် တစ်နေရာသို့ ရောက်ရှိ သွားလေသည်။ သူက လေထုထဲမှ ရနံ့တစ်ခု နောက်သို့ လိုက်နေခြင်း ဖြစ်လေသည်။ သို့သော် ထိုရနံ့သည် လေထုထဲတွင် ရုတ်တရက် ပျောက်ကွယ် သွားလေသည်။
ရွှေပေလွှာ စာရွက်လေးကို စုပ်ကိုင် ထားရသည်မှာ နတ်ဘုရား အဘိုးအိုထံမှ ထုတ်လွှတ် ထားသည့် အသက်ဓာတ် စွမ်းအားကို ဆုပ်ကိုင် ထားရသကဲ့သို့ ခံစားရလေသည်။ သူသာ ရွှေပေလွှာလေးမှ တစ်ဆင့် နတ်ဘုရားအဘိုးအို၏ အသက်ဓာတ်စွမ်းအားနှင့် ချိတ်ဆက်မိလျှင် နတ်ဘုရား အဘိုးအို မည်သည့် နေရာသို့ ရောက်ရှိနေသည်ကို သိနိုင်မည် ဖြစ်လေသည်။ ထိုအခါ သူ့ရင်ထဲမှ မဟေဠိပေါင်း များစွာ အတွက်လည်း အဖြေကို ရရှိမည် ဖြစ်လေသည်။
သို့သော် နတ်ဘုရား အဘိုးအို၏ အသက် ဓာတ်စွမ်းအားသည် တဖြည်းဖြည်း ပျောက်ကွယ် သွားလေသည်။
ဆန်းလျန်က ရွှေပေလွှာထဲမှ ပြွတ်သိပ်နေသည့် ရှေးဟောင်း သင်္ကေတ စာလုံးများကို ဖတ်ကြည့် လိုက်သည်။ ဖားလောင်း စာရေးနည်းဖြင့် ရေးသားထားသည့် "ခဲသိုဝန်" ဟု ခေါ်ဆိုသည့် ရှေးဟောင်း စာပေ ဖြစ်လေသည်။
ထိုရွှေပေလွှာသည် ဆန်းလျန် မေးခွန်းများ ထုတ်ခြင်းကို ရပ်တန့် သွားစေရန် အတွက် နတ်ဘုရား အဘိုးအိုမှ လျော်ကြေး ပေးလိုက်သည့် စာပေတစ်ခု အလားပင် ဖြစ်လေသည်။
ဆန်းလျန်သည် ချင်းရွှမ် နတ်တံခါး၏ အဓိက ကျင့်စဉ် တစ်ရာ့ရှစ်မျိုးလုံးကို အကြမ်းဖျင်း အားဖြင့် သိရှိ နားလည်ထားသူ ဖြစ်လေသည်။ သို့သော် ရွှေပေလွှာထက်မှ ထူးဆန်းသည့် အငွေ့အသက်များက ဆန်းလျန်ကို အလွန်အမင်း အံ့သြ သွားစေလေသည်။
ပတ်ဝန်းကျင်မှ အသက်ဓာတ် စွမ်းအားများသည် ရွှေပေလွှာဆီသို့ စုစည်း ရောက်ရှိလာပြီး နဂါးပုံသဏ္ဌာန်နှင့် ကျားပုံသဏ္ဌာန် စတင် ဖြစ်တည်လာလေသည်။ ရွှေပေလွှာထက်မှ ရှေးဟောင်း စာလုံးများသည် ပတ်ဝန်းကျင်မှ မိုးမြေ စွမ်းအားများနှင့် အသက်ဓာတ် စွမ်းအားများကို စုပ်ယူ လိုက်လေသည်။
ရွှေပေလွှာမှာ ဆန်းလျန်၏ လက်ထဲမှ ပျံသန်း ထွက်ခွာသွားတော့မည့် အလား ရုန်းကြွ နေလေသည်။ စာလုံးများမှာ အသက်ဝင် လာသည့်အလား ဖောင်းကြွ နေလေသည်။ ထို့နောက် စာလုံးများမှ ထောင်ပေါင်း များစွာသော အဖြူရောင် အလင်းတန်းများ ဖြာထွက်လာပြီး မိုးမြေကို ကိုင်လှုပ်တော့မည့် အလားပင် ဖြစ်လေသည်။
ဆန်းလျန်သည် ချက်ချင်းပင် ရွှေပေလွှာကို တံဆိပ် ခတ်လိုက်ကာ အလင်းတန်းများ ထွက်ပေါ်ခြင်းကို တားမြစ် လိုက်လေသည်။
ကံကောင်းသွားရသည့်အချက်မှာ ဆန်းလျန်မှာ မြေပြင်အထက် ပေပေါင်း တစ်သောင်း အမြင့်တွင် ရောက်ရှိ နေသည့်အတွက် ရွှေပေလွှာမှ ထွက်လာသည့် အလင်းတန်းများကို မည်သူမျှ သတိပြုမိကြခြင်း မရှိပေ။ ထို့ပြင် ချင်းရွှမ် နယ်နိမိတ်ထဲတွင် ဖြစ်သည့် အတွက် အလင်းတန်းများကို အခြား နတ်ဘုရား ဂိုဏ်းများမှ သတိထားမိ ကြခြင်းလည်း မရှိခဲ့ပေ။
***