သစ္စာရှိမှု
Vol. 4 Ch. 61
ဟန်ဒုန်းက ရုတ်တရက် ဒူးထောက်ကာ ဦးတိုက်လိုက်သည့်အတွက် လူတိုင်း မှင်သက်သွားကြသည်။
ကျောက်ရင်းနှင့် လုရှောင်ယုတို့မှာမူ ဟန်ဒုန်းသည် ‘သူလျှို’ တစ်ယောက် ဖြစ်နေသည်ကို မသိကြပေ။ လင်းကျင်းကလည်း သူတို့ကို ပြောပြရန် အစီအစဉ်မရှိပေ။ အမျိုးသမီးငယ်နှစ်ဦးက အနားသို့ သွားကာ ပြောလိုက်ကြသည်။
“ဟန်ဒုန်း... မင်းမှာ ဘာအခက်အခဲရှိလဲ ပြောပြပါ။ ငါတို့အားလုံးက အတူတူပဲလေ... ဆရာလင်း မကူညီနိုင်ရင်တောင် မင်းတစ်ယောက်တည်း ဒုက္ခခံမနေပါနဲ့”
သူမတို့က ဟန်ဒုန်းသည် တစ်စုံတစ်ခုသော ဒုက္ခနှင့် တွေ့နေသည်ဟု ထင်မှတ်နေကြခြင်း ဖြစ်သည်။ သို့သော် ဟန်ဒုန်းက သူ ဒူးထောက်ရခြင်း၏ အကြောင်းရင်းကို ပြောပြလိုက်သောအခါမှသာ သူတို့ နားလည်သွားကြသည်။
၎င်းမှာ သူ၏ သားရဲကြောင့်ပင်။
“ဒါဆိုရင်တော့ စိတ်ပူစရာမလိုတော့ဘူး။ တခြားကိစ္စဆိုရင်သာ ဆရာလင်း မကူညီနိုင်တာ ရှိလိမ့်မယ်၊ သားရဲနဲ့ ပတ်သက်ရင်တော့ သူ ဘယ်လိုပြဿနာမျိုးကိုမဆို ဖြေရှင်းပေးနိုင်တာပဲ”
လင်းကျင်းက သားရဲများစွာကို အကဲဖြတ် ကုသပေးခဲ့သည်ကို မြင်တွေ့ခဲ့ရပြီးနောက် ထိုမိန်းကလေးများမှာ လင်းကျင်းကို နတ်ဘုရားတစ်ပါးကဲ့သို့ပင် ကိုးကွယ်နေကြပြီ ဖြစ်သည်။
လင်းကျင်းက ရုတ်တရက် မျက်နှာကို တင်းမာလိုက်ပြီး ပြောလိုက်သည်။
“ပညာလေး နည်းနည်းရရုံနဲ့ မာန်တက်မနေကြဖို့ ငါ ဘယ်နှစ်ခါ ပြောရမလဲ။ သားရဲတွေကို အကဲဖြတ် ကုသတဲ့နေရာမှာ ၁၀၀ ရာခိုင်နှုန်း သေချာတယ်ဆိုတာ မရှိဘူး”
၎င်းမှာ ဆရာကောင်းတစ်ယောက်၏ ဟန်ပန်ပင် ဖြစ်သည်။ သို့သော် လင်းကျင်း၏ စိတ်ထဲတွင်မူ ‘ငါကလွဲလို့ပေါ့လေ’ ဟု ထည့်ပြောလိုက်သေးသည်။ ၎င်းမှာ အမှန်ပင် ဖြစ်သည်။ သားရဲပြတိုက် ရှိနေသရွေ့ လင်းကျင်း၏ အောင်မြင်မှုနှုန်းမှာ ၁၀၀ ရာခိုင်နှုန်း ဖြစ်သည်။
လင်းကျင်းက ဟန်ဒုန်းကို ကြည့်လိုက်သည်။ သူသည် အမြဲ ပြုံးရယ်နေတတ်သော်လည်း မိမိကိုယ်ကို လေးစားစိတ် ရှိသူ ဖြစ်သည်။ သူ၏ သားရဲအတွက် ဒူးထောက် တောင်းပန်ဝံ့ခြင်းက သူသည် သံယောဇဉ်ကို တန်ဖိုးထားသူ ဖြစ်ကြောင်း သက်သေပြနေသည်။
“ထစမ်းပါ ဟန်ဒုန်း။ ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာက ရွှေလို တန်ဖိုးရှိတယ်ဆိုတာ မှတ်ထားစမ်း။ မင်းက ဘုရားတရားနဲ့ မိဘကိုပဲ ဒူးထောက်ရမယ်။ အဲဒါကလွဲရင် တခြား ဘယ်သူ့ကိုမှ ဒူးထောက်စရာ မလိုဘူး”
လင်းကျင်းက ဆုံးမစကား ပြောလိုက်ရင်း ဟန်ဒုန်း၏ သားရဲကို လက်ဖြင့် ထိတွေ့လိုက်သည်။
ထိုစကားကို ကြားသောအခါ ဟန်ဒုန်းမှာ တုန်လှုပ်သွားရသည်။
အကဲဖြတ်မှူးလင်းက သူ၏ သားရဲကို မကုသပေးနိုင်လျှင်ပင် ဟန်ဒုန်းသည် သူ့အပေါ် တစ်သက်လုံး သစ္စာရှိသွားတော့မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို လူတစ်ယောက်အနေဖြင့် အသိအမှတ်ပြုကာ အခြေခံ လေးစားမှု ပေးခဲ့သူမှာ လင်းကျင်းတစ်ဦးတည်းသာ ရှိသောကြောင့် ဖြစ်သည်။
“အဆင့် ၁ သားရဲ။ ချပ်ဝတ်ဝက်။ မြေဓာတ်”
“အခြေအနေ - အဆိပ်မိထားသည်။ အတွင်းအင်္ဂါများ ပျက်စီးနေပြီး ခန္ဓာကိုယ်ထဲရှိ အဆိပ်ကြွင်းများက သွေးကြောများကို ပိတ်ဆို့နေသည်။ ကုသနည်း ၁၀ မျိုးမှာ...”
“အဆင့်မြှင့်တင်နည်း ၇ မျိုးမှာ...”
လင်းကျင်းက ပြတိုက်ထဲရှိ အချက်အလက်များကို အာရုံစိုက် ဖတ်ရှုနေစဉ် ဟန်ဒုန်းမှာမူ ရင်တထိတ်ထိတ် ဖြစ်နေရှာသည်။ အကြီးအကဲနန်ပင် မကုသနိုင်ခဲ့သည့် အခြေအနေကို သူ ပြန်လည် မြင်ယောင်နေမိသည်။ သို့သော် သူက မမေးရဲပေ။ ဘေးတွင်ရပ်ကာ ‘ကုလို့မရတော့ဘူး’ ဆိုသော စကားကို ကြားရမှာကိုသာ အလွန်ပင် ကြောက်လန့်နေမိသည်။
သူ့စိတ်ကူးထဲမှာ ယောင်ချာချာ ဖြစ်နေစဉ်မှာပင် လင်းကျင်းက မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။
“အခြေအနေက တော်တော်ဆိုးတယ် ထင်နေတာ။ အတွင်းအင်္ဂါ နည်းနည်း ပျက်စီးနေပြီး သွေးကြော အနည်းငယ် ပိတ်နေတာပဲကိုး။ ဒါက လွယ်လွယ်လေးပါ”
ဟန်ဒုန်းမှာ သတိမဝင်သေးပေ။
လင်းကျင်းသည် သူ၏ သွေးကတိကဝတ်မှ ရရှိသော ဝိညာဉ်စွမ်းအားများကို အသုံးပြုကာ အပ်အချို့ကို ထုတ်လိုက်ပြီး တောဝက်၏ ခန္ဓာကိုယ်ပေါ်ရှိ အပ်စိုက်မှတ် ၁၀ ခုထက်မနည်းကို ထိုးစိုက်လိုက်သည်။ ထို့နောက် သူ၏ လက်ချောင်းဖြင့် ဝက်၏ ဗိုက်ကို ဖိနှိပ်လိုက်သည်။
ဝက်ကလေးမှာ ကျယ်လောင်စွာ အော်လိုက်ပြီး မည်းနက်နေသော သွေးပုပ်များကို အန်ထုတ်လိုက်တော့သည်။ ဟန်ဒုန်းမှာ ထိတ်လန့်သွားသော်လည်း ထိုသွေးပုပ်များ ထွက်သွားပြီးနောက် သူ၏ သားရဲမှာ အရင်ကထက် ပိုမို လန်းဆန်း တက်ကြွလာသည်ကို တွေ့လိုက်ရသည်။
“ပြီးပြီ”
လင်းကျင်းက ဘာမှမဟုတ်သကဲ့သို့ပင် သူ၏ အပ်များကို ပြန်လည် သိမ်းဆည်းလိုက်သည်။
ဒီလောက်ပဲလား။
ဟန်ဒုန်း၏ အမြင်တွင်မူ လင်းကျင်းက သူ၏ သားရဲတွင် တစ်နှစ်ကျော်ကြာ စွဲကပ်နေသော ရောဂါဆိုးကြီးမှာ အမြစ်ပြတ်သွားပြီဟု ဆိုလိုနေခြင်း ဖြစ်သည်။
“ဟန်ဒုန်း... မင်းကလည်း အလုပ်သင် အကဲဖြတ်မှူး တစ်ယောက်ပဲ။ ပြောစမ်း... ကုသမှု အောင်မြင်၊ မအောင်မြင်ကို ဘယ်လို စစ်ဆေးမလဲ”
လင်းကျင်းက ဤအခွင့်အရေးကို အသုံးချကာ သူ့ကို စမ်းသပ်လိုက်သည်။
ဟန်ဒုန်းက ခေတ္တ စဉ်းစားပြီးနောက် လေးနက်စွာ ဖြေလိုက်သည်။
“ဆရာလင်း... ကျွန်တော့် သားရဲရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်တွေက သူ့ရဲ့ အင်္ဂါတွေကို ဖျက်ဆီးနေတာပါ။ အခက်ခဲဆုံးက သွေးကြောထဲ ရောက်သွားတာ ဖြစ်ပါတယ်။ ကုသမှု ထိရောက်မှုကို သိချင်ရင် ‘စွမ်းအင်ပေါက်ကွဲမှု’ စွမ်းရည်ကို သုံးပြီး စမ်းသပ်ကြည့်လို့ ရပါတယ်”
ဟန်ဒုန်း၏ အခြေခံဗဟုသုတမှာ အတော်ပင် ခိုင်မာလှသည်။ ‘စွမ်းအင်ပေါက်ကွဲမှု’ မှာ သားရဲကို ထိန်းချုပ်သည့် အခြေခံ စွမ်းရည်တစ်ခု ဖြစ်ပြီး အလုပ်သင်များပင် တတ်မြောက်နိုင်သည့် ပညာဖြစ်သည်။ ၎င်းသည် ပိုင်ရှင်၏ ဝိညာဉ်စွမ်းအားကို သားရဲ၏ ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်ကာ သားရဲ၏ ခွန်အားကို ခဏတာ မြှင့်တင်ပေးခြင်း ဖြစ်သည်။
ယခင်က သူ၏ သားရဲမှာ နာမကျန်းဖြစ်နေသဖြင့် ဟန်ဒုန်းသည် ဤစွမ်းရည်ကို အသုံးမပြုနိုင်ခဲ့ပေ။
လင်းကျင်းက ခေါင်းညိတ်ပြလိုက်သည်။
“စမ်းကြည့်လိုက်လေ”
ဟန်ဒုန်းက စိတ်လှုပ်ရှားစွာဖြင့် သားရဲလက်မှတ်ကို အသုံးပြုကာ စွမ်းရည်ကို ထုတ်ဖော်လိုက်သည်။ ဝိညာဉ်စွမ်းအားများ တောဝက်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသောအခါ ပြင်းထန်သော စွမ်းအင်များ ထွက်ပေါ်လာပြီး ခြေရင်းရှိ ဖုန်မှုန့်များပင် လွင့်စင်သွားရသည်။
“တကယ်ပဲ ပျောက်ကင်းသွားပြီ”
ဟန်ဒုန်းမှာ အံ့သြဝမ်းသာ ဖြစ်သွားရသည်။ အကဲဖြတ်မှူးလင်း၏ လက်ရာအချို့ဖြင့်ပင် သူ၏ သားရဲမှာ တစ်နှစ်ကျော်ကြာ ခံစားခဲ့ရသော ဝေဒနာမှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။ ဟန်ဒုန်းသည် လင်းကျင်း၏ သစ္စာရှိ နောက်လိုက်တစ်ဦး ဖြစ်လာရန် ယခင်ကထက် ပိုမို ခိုင်မာစွာ ဆုံးဖြတ်လိုက်တော့သည်။
“ငါ မင်းရဲ့ သားရဲကို အဆင့်မြှင့်ပေးချင်ပေမဲ့ သူက ရောဂါပျောက်တာ မကြာသေးဘူး။ သွေးကြောတွေက မတည်ငြိမ်သေးတော့ အခု အတင်းအဆင့်မြှင့်ရင် ဒုက္ခရောက်သွားလိမ့်မယ်။ ရက်အနည်းငယ်လောက် ထပ်စောင့်လိုက်ပါဦး”
ထို့နောက် လင်းကျင်းက ပျက်စီးယိုယွင်းနေသော ခြံဝင်းကို ကြည့်ကာ အားနာစွာဖြင့် ပြောလိုက်သည်။
“ငါတို့က ဧည့်သည်အဖြစ် လာတာဆိုတော့ စားဖိုမှူးကြီးလျောင်ရဲ့ ခြံကို ဒီလိုကြီး ထားခဲ့လို့ မဖြစ်ဘူး။ လာကြ... အားလုံး အတူတူ သန့်ရှင်းရေး လုပ်ကြရအောင်”
“ဟုတ်ကဲ့ပါ”
တပည့်သုံးဦးစလုံးက တက်တက်ကြွကြွဖြင့် အလုပ်လုပ်ကြတော့သည်။ အထူးသဖြင့် ဟန်ဒုန်းမှာ ခွန်အားများ ပြည့်ဝနေသကဲ့သို့ပင်။ ယနေ့သည် သူ့အတွက် အပျော်ဆုံးနေ့ ဖြစ်သည်။ သူ၏ အမှားကို ဝန်ခံခဲ့သော်လည်း အမောင်းထုတ်မခံရရုံသာမက သူ၏ သားရဲကိုပါ ကုသပေးခဲ့သည့်အတွက် လင်းကျင်း၏ ကျေးဇူးကို မည်သို့ ဆပ်ရမှန်းပင် မသိတော့ပေ။
စားဖိုမှူးကြီးလျောင်၏ ခြံဝင်းကို သန့်ရှင်းရေး လုပ်ပြီးနောက် လင်းကျင်းနှင့် တပည့်များမှာ ပြန်ရန် ပြင်လိုက်ကြသည်။
လင်းကျင်းက တပည့်များကို အသင်းချုပ်သို့ ပြန်လွှတ်လိုက်ပြီး သူကမူ ရွှေဝါလေးနှင့် လိပ်ကလေးကို ခေါ်ကာ အိမ်သို့ ပြန်လာခဲ့သည်။ သူ၏ အကဲဖြတ်ခန်းမှာ ပိတ်ခံထားရသဖြင့် အသင်းချုပ်သို့ ပြန်သွားလျှင်လည်း နေစရာမရှိပေ။
ကံကောင်းထောက်မစွာဖြင့် သူ၏ အိမ်မှာ ပြုပြင်မွမ်းမံမှု ပြီးစီးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ အိမ်ခေါင်မိုးမှာ ပြီးစီးသွားပြီ ဖြစ်သဖြင့် အနည်းငယ် သန့်ရှင်းရေး လုပ်လိုက်ရုံနှင့်ပင် နေထိုင်၍ ရပြီ ဖြစ်သည်။ ပြုပြင်စရိတ် လက်ကျန်ကို ပေးချေလိုက်ပြီးနောက် လင်းကျင်းတွင် နေစရာ အတည်တကျ ရှိသွားပြီ ဖြစ်သည်။
ရွှေဝါလေးမှာ အဆင့် ၃ သို့ ရောက်ရှိသွားသော်လည်း အရင်အတိုင်းပင် အေးဆေးနေတတ်ဆဲ ဖြစ်သည်။ လင်းကျင်းကလည်း သူ့ကို အတင်းအကျပ် မလုပ်ပေ။ လိပ်ကလေးကို ခြံထဲတွင် ထားလိုက်ပြီး ရှောင်ဟော့ကမူ လင်းကျင်းနှင့်အတူ ရှိနေသည်။
သူ၏ အခန်းမှာ ပိတ်ခံထားရသော်လည်း လင်းကျင်းသည် အသင်းချုပ်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေဆဲ ဖြစ်သဖြင့် ပြန်သွားရန် လိုအပ်သည်။ ထို့ပြင် သူသည် ရာထူးတိုး စာမေးပွဲ ဖြေဆိုရန်အတွက် စာရင်းသွားပေးရမည် ဖြစ်သည်။
သူ အသင်းချုပ်သို့ ပြန်ရောက်သောအခါ လူတိုင်းက သူ့ကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
အဘယ်ကြောင့်ဆိုသော် အကဲဖြတ်ခန်း ပိတ်သိမ်းခံရခြင်းမှာ အကဲဖြတ်မှူးတစ်ဦးအတွက် အလွန် ကြီးမားသော ကိစ္စဖြစ်သောကြောင့် ဖြစ်သည်။ မေပယ်မြို့၏ သားရဲအကဲဖြတ်မှူး အသင်းချုပ် သမိုင်းတွင် ဤသို့ တစ်ခါမျှ မဖြစ်ဖူးခဲ့ပေ။
လင်းကျင်းမှာ ပထမဆုံး စံချိန်တင်သူ ဖြစ်လာခဲ့သည်။
သို့သော် သူသည် ထိုကဲ့သို့ အတင်းအဖျင်း ပြောနေသူများကို ဂရုမစိုက်ပေ။ သူသည် ရှောင်ဟော့ကို ခေါ်ကာ အသင်းချုပ်၏ စီမံခန့်ခွဲရေးရုံးသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ ရာထူးတိုး စာမေးပွဲ ဖြေဆိုရန်အတွက် ထိုနေရာတွင် စာရင်းပေးရမည် ဖြစ်သည်။
စီမံခန့်ခွဲရေးရုံးမှာ သာမန်ရက်များတွင် လူသူ ကင်းမဲ့လှသည်။ အလုပ်သင်များ၏ မှတ်ပုံတင်ခြင်းနှင့် အကဲဖြတ်မှူးများ၏ စာမေးပွဲ ကိစ္စများကိုသာ ဆောင်ရွက်ပေးခြင်း ဖြစ်သဖြင့် စာကြည့်တိုက်တစ်ခုကဲ့သို့ပင် တိတ်ဆိတ်လှသည်။
လှုပ်လှုပ်ရှားရှား ရှိလှသော အသင်းချုပ်နှင့် မလှမ်းမကမ်းတွင် ရှိသော်လည်း ဤနေရာမှာ အေးချမ်းလှသည်။ သစ်ပင်များ ဝန်းရံထားသော သစ်သားမျှော်စင်လေး တစ်ခုနှင့် အခန်းငယ် သုံးခန်း ရှိသည်။ ခြံဝင်းအလယ်တွင် ၁၀ ပေခန့် မြင့်သော အမွှေးတိုင်အိုးကြီး တစ်ခု ရှိပြီး အမွှေးတိုင်များမှာ ဝါးပင်များကဲ့သို့ပင် မတ်မတ်ရပ်လျက် ရှိနေကြသည်။