အရေးပေါ်ဌာနလား... ကျွန်တော် သဘောကျတယ်
Vol. 4 Ch. 63
လင်းကျင်းသည် တာဝန်ပြောင်းရွှေ့မိန့်ကို ရသည်နှင့် တစ်စက္ကန့်မျှ မဆိုင်းမတွဘဲ အရေးပေါ်ဌာနသို့ ရောက်ရှိလာခဲ့သည်။
သူသည် ဤဌာနအကြောင်းကို ကောင်းကောင်းသိထားသည်။ ပတ်ဝန်းကျင်က ဆိုးရွားလှသလို သားရဲအကဲဖြတ်ခြင်းနှင့် ကုသခြင်း အလုပ်ပမာဏမှာ လူတစ်ယောက် မူးမေ့သွားနိုင်လောက်အောင်ပင် များပြားလှသည်။ ပိုဆိုးသည်မှာ သားရဲပိုင်ရှင်များ၏ ဆဲဆိုရိုက်နှက်ခြင်းကိုလည်း ခဏခဏ ခံရတတ်သည်။ ဝမ်ကျိနှင့် အခြားသူများက သူ့ကို ဒုက္ခပေးရန် ဤနေရာသို့ ပို့လိုက်ခြင်းဖြစ်ကြောင်း လင်းကျင်း သိပါသည်။
သို့သော် လင်းကျင်းကမူ ဂရုမစိုက်ပေ။ သားရဲများကို အကဲဖြတ်ခွင့်ရနေသရွေ့ အဆင်ပြေသည်။
အရင်က အလုပ်မရှိသဖြင့် သူ ပျင်းရိနေခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် သားရဲပြတိုက်မှ ဆုလာဘ်များ ရရှိရန်အတွက် သားရဲမျိုးစုံကို မှတ်တမ်းတင်ရန် လိုအပ်သည်။ ဤအရေးပေါ်ဌာနတွင် သားရဲမျိုးစုံရှိသဖြင့် လူတိုင်း ထွက်ပြေးချင်နေသော ဤနေရာမှာ လင်းကျင်းအတွက်မူ ‘နိဗ္ဗာန်ဘုံ’ ပင် ဖြစ်တော့သည်။
သားရဲပြတိုက် ရှိနေသရွေ့ မည်သည့်သားရဲ၊ မည်သည့်ရောဂါမျိုးမဆို သူ ဖြေရှင်းနိုင်စွမ်း ရှိသည်။
“အကဲဖြတ်မှူးလင်း... ကျွန်တော်တို့ အရေးပေါ်ဌာနမှာ စည်းကမ်းသိပ်မရှိဘူး။ ဒါပေမဲ့ တစ်ခုပဲ ရှိတယ်။ ဘယ်သူက ပိုတော်လဲ၊ အဲဒီလူက အဆင့်အတန်း ပိုမြင့်တယ်။ အရည်အချင်းရှိတဲ့သူပဲ အမိန့်ပေးပိုင်ခွင့်ရှိတယ်။ မဟုတ်ရင် တခြားသူတွေကို ဒုက္ခပေးသလို ဖြစ်လိမ့်မယ်။ ဒါကြောင့် ခင်ဗျားက တရားဝင်အကဲဖြတ်မှူး ဖြစ်နေပေမဲ့ ဒီစည်းကမ်းက ခင်ဗျားနဲ့လည်း ဆိုင်တယ်”
ဝါရင့် အလုပ်သင်တစ်ဦးက ပြောလိုက်သည်။
သူသည် လင်းကျင်းကို ဒုက္ခပေးရန် ပြောခြင်းမဟုတ်ပေ။ အရေးပေါ်ဌာနတွင် လူတိုင်းမှာ ဒုက္ခရောက်နေကြသူများ ဖြစ်သဖြင့် တစ်ဦးကိုတစ်ဦး ဒုက္ခပေးရန် အကြောင်းမရှိပေ။ အလုပ်များလွန်းသဖြင့် အာဏာလုရန်ပင် အချိန်မရှိကြချေ။ အချင်းချင်း ကူညီကြရပြီး ပြဿနာတက်လျှင်လည်း အားလုံး အတူတူ တာဝန်ယူကြရသည်။
သူတို့ အကြောက်ဆုံးမှာ အလုပ်မလုပ်တတ်ဘဲ တခြားသူကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည့်သူမျိုး ဖြစ်သည်။ လင်းကျင်းသည် အကြီးအကဲ ဝမ်ကျိ၏ နှိပ်ကွပ်မှုကို ခံရပြီး ဤနေရာသို့ ရောက်လာခြင်း ဖြစ်ကြောင်း သူတို့ သိကြသည်။ လင်းကျင်း၏ အရည်အချင်းကို သူတို့ သိပ်စိတ်မပူပေ။ ‘ပိန်သော်လည်း ဆင်၊ နံသော်လည်း နံ့သာ’ ဆိုသကဲ့သို့ တရားဝင်အကဲဖြတ်မှူး တစ်ယောက်ဖြစ်သဖြင့် အလုပ်သင်များထက်တော့ တော်မည်ဟု သူတို့ ယူဆထားကြသည်။
သူတို့ ကြောက်သည်မှာ လင်းကျင်းက သူ့ကိုယ်သူ အထင်ကြီးပြီး အမိန့်တွေ လျှောက်ပေးကာ သူတို့ကို ဒုက္ခပေးမည်ကို ဖြစ်သည်။
လင်းကျင်းက သူတို့၏ စိုးရိမ်မှုကို နားလည်သဖြင့် အေးဆေးစွာပင် ပြန်ပြောလိုက်သည်။
“ကျွန်တော် ရောက်လာပြီဆိုမှတော့ ဒီက စည်းမျဉ်းအတိုင်း လိုက်နာမှာပါ။ အဆင်ပြေပါတယ်... ခင်ဗျားတို့ပဲ စီစဉ်ပေးပါ”
လင်းကျင်းက လွယ်လွယ်ကူကူ လက်ခံလိုက်သည်ကို မြင်သောအခါ အလုပ်သင်မှာ စိတ်အေးသွားသည်။ သို့သော် လင်းကျင်းမှာ တရားဝင်အကဲဖြတ်မှူး ဖြစ်သဖြင့် အခြားအလုပ်သင်များကဲ့သို့ အောက်ခြေသိမ်း အလုပ်များကိုတော့ ခိုင်းရန် မသင့်ပေ။
ထို့ကြောင့် သူသည် စားပွဲတန်းတစ်ခုကို ညွှန်ပြကာ ပြောလိုက်သည်။
“အကဲဖြတ်မှူးလင်း... ခင်ဗျား ဟိုမှာ ထိုင်ပြီး သားရဲတွေကို ကုသပေးပါ။ ကုသနည်းကို သေချာမသိရင် တခြားသူတွေကို ခေါ်ပြီး အတူတူ တိုင်ပင်လို့ ရပါတယ်။ ဒါမှမရရင်တော့ ဒီလူနာကို တခြားဌာနဆီ ပြောင်းပေးရုံပါပဲ”
လင်းကျင်းက ခေါင်းညိတ်ကာ ဘာမှမငြင်းဘဲ ဝင်ထိုင်လိုက်သည်။
သူ ထိုင်လိုက်သည်နှင့် ပထမဆုံး အလုပ်က ရောက်လာတော့သည်။
အလုပ်သင်တစ်ဦးက လူတစ်ယောက်ကို အမြန်ခေါ်လာသည်။ ထိုသူသည် သားရဲတစ်ကောင်ကို ပွေ့ချီထားပြီး လင်းကျင်း၏ ရှေ့တွင် ထိုင်လိုက်သည်။
“အကဲဖြတ်မှူး... ကျွန်တော့် သားရဲက တိုက်ခိုက်ရင်း ဒဏ်ရာအပြင်းအထန် ရလာလို့ပါ။ သူ့ကို ကယ်ပေးပါဦး”
ထိုသူ၏ ခန္ဓာကိုယ်တွင် ချွေးများနှင့် သွေးကွက်များ ပေကျံနေသည်။
သူ၏ လက်ထဲတွင်မူ ‘မြွေပါဖြူ’ လေး တစ်ကောင် ရှိနေသည်။
သားရဲလေး၏ ခန္ဓာကိုယ်တွင် ကြီးမားသော ပြတ်ရှဒဏ်ရာကြီး ရှိနေပြီး သွေးများ အဆက်မပြတ် ထွက်နေသဖြင့် ဖြူဖွေးသော အမွေးများမှာ ရဲရဲနီနေတော့သည်။
လင်းကျင်းသည် ချက်ချင်း မတ်တတ်ရပ်ကာ သားရဲကို ထိတွေ့လိုက်သည်။
“အဆင့် ၁ သားရဲ။ ဓားမြီးမြွေပါ”
“အခြေအနေ - ဒဏ်ရာ ပြင်းထန်ခြင်း၊ သွေးထွက်လွန်ခြင်း၊ အသက်အန္တရာယ် စိုးရိမ်ရခြင်း...”
“အရေးပေါ် ကုသနည်းများမှာ...”
လင်းကျင်းသည် အရေးပေါ်ဌာန၏ ပထမဆုံးအလုပ်မှာ ဤမျှ ခက်ခဲလိမ့်မည်ဟု မထင်ထားပေ။ သွေးထွက်လွန်ပြီး သေခါနီးဖြစ်နေသော သားရဲကို ကယ်တင်ရန်မှာ အလွန် ခက်ခဲလှသည်။ မြွေပါလေးမှာ လုံးဝ မလှုပ်ရှားတော့ဘဲ သေနေသည်နှင့်ပင် တူလှသည်။
သို့သော် သားရဲပြတိုက်က ကယ်လို့ရသည်ဟု ဆိုထားသဖြင့် သူ ကြိုးစားကြည့်ရမည် ဖြစ်သည်။
“သူ့ကို စားပွဲပေါ် တင်လိုက်ပါ။ သွေးတိတ်မန္တန် တတ်တဲ့သူ ရှိရင် လာကူပေးကြပါ။ ခွဲစိတ်ဓားနဲ့ သွေးတိတ်ဆေးမှုန့်တွေ အမြန်ယူခဲ့ပါ”
လင်းကျင်းက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
အလုပ်သင်များမှာ ထိုဒဏ်ရာကို မြင်သောအခါ သက်ပြင်းချလိုက်ကြသည်။ သူတို့ အမြင်တွင် ဤသားရဲမှာ မည်သို့မျှ ကယ်၍ မရတော့ပေ။ သေမှာ သေချာနေပြီ ဖြစ်သည်။
အရေးပေါ်ဌာနတွင် အလုပ်လုပ်နေသူများမှာ ဤကဲ့သို့သော အခြေအနေမျိုးကို ခဏခဏ တွေ့ဖူးကြသည်။ များသောအားဖြင့် ကယ်မရနိုင်သော အခြေအနေများ ဖြစ်သဖြင့် သူတို့မှာ လက်မခံချင်ကြပေ။ အကယ်၍ ကုသရင်း သေသွားပါက ပိုင်ရှင်၏ ဆဲဆိုရိုက်နှက်ခြင်းကို ခံရမည် ဖြစ်သည်။
ထို့ကြောင့် လူတိုင်းက နောက်သို့ ဆုတ်သွားကြပြီး မည်သူမျှ မကူညီရဲကြပေ။
လင်းကျင်းက ကုသရန် လက်ခံလိုက်သည်ကို မြင်သောအခါ မည်သူမျှ မယုံကြည်ကြပေ။ လင်းကျင်း မပြောနှင့်၊ အကဲဖြတ်မှူးဂေါင် သို့မဟုတ် ဝမ်ကျိ ကိုယ်တိုင် လာလျှင်ပင် ဤမြွေပါလေးကို ကယ်နိုင်မည် မဟုတ်ဟု ထင်နေကြသည်။
“ဒီအကဲဖြတ်မှူးလင်းကတော့ တကယ့်ကို သနားစရာပဲ။ ဝမ်ကျိရဲ့ နှိပ်ကွပ်မှုကို ခံရရုံတင်မကဘူး၊ အရေးပေါ်ဌာန ရောက်လာတော့လည်း ပထမဆုံးတိုးတာက ဒီလို လူနာမျိုး။ သူ ကုလို့မအောင်မြင်ရင် ဒုတိယအကြိမ် အမှားအယွင်း ဖြစ်ပြန်ပြီဆိုပြီး အပြစ်တင်ခံရဦးမှာပဲ”
မည်သူမျှ အနားမလာကြသလို မည်သူမျှ မကူညီကြပေ။
လင်းကျင်းက သူနှင့်အတူ ပါလာသော အပ်များကို ထုတ်ကာ သားရဲ၏ ခန္ဓာကိုယ်ပေါ်သို့ လျင်မြန်စွာ ထိုးစိုက်လိုက်သည်။ ထိုအခါ သွေးထွက်နေမှုမှာ သိသိသာသာ လျော့နည်းသွားသည်။
ထို့နောက် သူက ပတ်ဝန်းကျင်ကို ကြည့်ကာ ထပ်ပြောလိုက်သည်။
“ဘာပြဿနာပဲတက်တက် ကျွန်တော်ပဲ တာဝန်ယူမယ်”
ထိုအခါမှသာ အလုပ်သင်တစ်ဦးက ဝန်လေးစွာဖြင့် အနားသို့ လာကူညီတော့သည်။
“ကျွန်တော် သွေးတိတ်မန္တန် တတ်ပါတယ်”
မျက်နှာဖြူဖျော့ဖျော့နှင့် အလုပ်သင်လေးက ပြောသည်။
လင်းကျင်းက သူ့ကို မန္တန်ရွတ်ခိုင်းပြီး သူကမူ အပ်များဖြင့် သွေးတိတ်အောင် လုပ်ဆောင်သည်။ တစ်ချိန်တည်းမှာပင် ခွဲစိတ်ဓားနှင့် ဆေးမှုန့်များ ရောက်လာသည်။
လင်းကျင်း၏ လက်လှုပ်ရှားမှုများမှာ အလွန် မြန်ဆန်ပြီး တိကျလှသည်။ သူသည် မည်သည့်နေရာတွင်မှ တွန့်ဆုတ်မနေဘဲ ယုံကြည်မှု အပြည့်ဖြင့် ကုသနေသည်။
ထိုအချိန်တွင် အရေးပေါ်ဌာန တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ အလုပ်သင်များမှာ အကဲဖြတ်ခြင်းနှင့် ကုသခြင်းကို နေ့စဉ် လုပ်နေကြသူများ ဖြစ်သဖြင့် လက်တွေ့ကျွမ်းကျင်မှုမှာ အဆင့်မြင့် အလုပ်သင်များထက်ပင် သာလွန်ကြသည်။ သူတို့သည် လင်းကျင်း၏ လက်ရာကို မြင်သောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။ သွေးတိတ်အောင် လုပ်ပုံ၊ ဒဏ်ရာကို ချုပ်ပုံနှင့် အပ်စိုက်ပုံများမှာ စာအုပ်ထဲက စံပြအတိုင်းပင် ဖြစ်နေသည်။
အချို့မှာ အနားသို့ တိုးကာ အနီးကပ် လေ့လာကြတော့သည်။ လင်းကျင်း၏ အပ်စိုက်ပညာကို သူတို့ နားမလည်ကြသဖြင့် အံ့သြနေကြရသည်။
မကြာမီမှာပင် လင်းကျင်းက ဒဏ်ရာကို ချုပ်ပြီးသွားသည်။ သို့သော် မြွေပါလေးမှာမူ သတိမရသေးဘဲ ငြိမ်သက်နေဆဲ ဖြစ်သည်။
‘သူ့ရဲ့ ကုသမှုကတော့ အပြစ်ပြောစရာ မရှိပါဘူး။ ဝါရင့်အလုပ်သင်တွေထက်တောင် ပိုတော်သေးတယ်။ ဒါပေမဲ့ ပြဿနာက သားရဲက သေခါနီး ဖြစ်နေတာ။ ဒဏ်ရာကို ဘယ်လောက်ကောင်းကောင်း ကုကု၊ အသက်မပါရင် အလကားပဲ’ ဟု တစ်ဦးက တွေးလိုက်သည်။
“မိုးကြိုးကျောက်ရှိတဲ့သူ ရှိလား”
လင်းကျင်းက ရုတ်တရက် မေးလိုက်သည်။
လူတိုင်း ကြောင်သွားကြသည်။
“မိုးကြိုးကျောက် ရှိတဲ့သူ ရှိလား။ ခဏလောက် ငှားပေးပါ၊ ပြီးရင် ပြန်ပေးပါ့မယ်”
“ကျွန်မမှာ တစ်ခု ရှိပါတယ်၊ ဒါပေမဲ့ သေးသေးလေးပဲ”
အမျိုးသမီး အလုပ်သင်လေး တစ်ဦးက သူမ၏ နားကပ်ကို ဖြုတ်ကာ ပေးလိုက်သည်။ ထိုနားကပ်တွင် ဆန်စေ့အရွယ်ခန့်ရှိသော အဝါရောင် ကျောက်လေး တစ်လုံး ပါရှိသည်။
လင်းကျင်းက ၎င်းကို ယူကာ ကျေးဇူးတင်စကား ပြောလိုက်သည်။
ထို့နောက် သူသည် အပ်တစ်ချောင်းကို ယူကာ ဓားမြီးမြွေပါလေး၏ နှလုံးသားဆီသို့ ထိုးစိုက်လိုက်တော့သည်။