ကျက်သွားပြီ
Vol. 4 Ch. 65
ထမ်းစင်ပေါ်ရှိ သံကဏန်းကြီးမှာ အသက်မသေသေးဘဲ လှုပ်ရှားနိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။
“ဒါကတော့ မေပယ်မြို့ ကုန်သည်ကြီးများအသင်းက မစ္စတာကျန်း ပါ”
လက်ထောက်က မိတ်ဆက်ပေးလိုက်သည်။
“အကဲဖြတ်မှူးတုန်း... ကူညီပါဦးဗျာ”
ပိုးထည်ဝတ်ရုံနှင့် လူလတ်ပိုင်း အမျိုးသားက တုန်းဟယ်ကို ဂါရဝပြုလိုက်သည်။
တုန်းဟယ်က မတ်တတ်ရပ်ကာ လူနာထံသို့ ချက်ချင်း သွားလိုက်သည်။
“အားနာစရာ မလိုပါဘူး မစ္စတာကျန်း။ ကျွန်တော် အစွမ်းကုန် ကူညီပေးပါ့မယ်”
တုန်းဟယ်သည် သံကဏန်းကို အနီးကပ် ကြည့်လိုက်သောအခါ ရင်တွေ ခုန်လာတော့သည်။ ကဏန်း၏ ကိုယ်ထည်မှာ အလွန်အေးစက်နေပြီး အခွံပေါ်တွင် ရေခဲလွှာလေးပင် တင်နေသည်။
ဤသည်မှာ အတော်လေး ရှားပါးသော အခြေအနေ ဖြစ်သည်။ တုန်းဟယ် ကိုယ်တိုင်ပင် တစ်ခါမျှ မတွေ့ဖူးသေးပေ။
သူ အရင်က ကိုင်တွယ်ခဲ့သမျှမှာ ရိုးရှင်းသော ကိစ္စများသာ ဖြစ်ပြီး ယခုကိစ္စမှာ အတော်လေး ခက်ခဲပုံရသည်။ သို့သော် သေချာသည်မှာ ၎င်းသည် အအေးဓာတ် မိနေခြင်းပင်။ ပုံမှန်ဆိုလျှင် ကိုယ်အပူချိန် တက်လာစေရန် အပူပေးဆေးများ တိုက်ကျွေးကာ တဖြည်းဖြည်း ကုသရမည် ဖြစ်သည်။ ၎င်းမှာ အန္တရာယ်အကင်းဆုံး နည်းလမ်းပင်။
သို့သော် တုန်းဟယ်သည် အတွေ့အကြုံ မရှိသော်လည်း မိမိကိုယ်ကို ‘သက်သေပြ’ ချင်စိတ် ပြင်းပြနေသည်။ သူသည် အချိန်တိုအတွင်း နာမည်ကြီးချင်လျှင် တခြားသူတွေ မလုပ်နိုင်တာကို လုပ်ပြရမည်ဟု တွေးလိုက်မိသည်။
ကံကောင်းထောက်မစွာဖြင့် မနေ့က ဟန်ဒုန်း ပြောပြခဲ့သော လင်းကျင်း၏ ကုသနည်းကို သူ သတိရသွားသည်။ လင်းကျင်း ကုသပေးခဲ့သည်မှာလည်း အခုကဲ့သို့ အအေးမိနေသော သံကဏန်း တစ်ကောင်ပင် မဟုတ်ပါလား။
‘နတ်ဘုရားတွေက ငါ့ကို ကူညီနေတာပဲ’
တုန်းဟယ်သည် လင်းကျင်း၏ အကဲဖြတ် အစီရင်ခံစာကို ပြန်လည် မြင်ယောင်ကြည့်လိုက်သည်။ လင်းကျင်းသည် ပေါင်းအိုးနှင့် အိုးကြီးတစ်လုံးကို သုံးကာ သံကဏန်း၏ အအေးဓာတ်ကို ဖယ်ရှားပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ မီးနှင့် ရေ ဓာတ်သဘာဝများ ပေါင်းစပ်သည့် သီအိုရီအရလည်း ယုတ္တိရှိလှသည်။
တုန်းဟယ်သည် ထိုအစီရင်ခံစာထဲမှ အချက်အလက် အားလုံးကို နားမလည်သော်လည်း ၎င်းမှာ ယခုအချိန်တွင် အရေးမကြီးတော့ပေ။ အရေးကြီးသည်မှာ ဤကဏန်း၏ ရောဂါလက္ခဏာမှာ လင်းကျင်း ကုသခဲ့သည်နှင့် ထပ်တူကျနေခြင်းပင်။
ထို့ကြောင့် သူသည်လည်း လင်းကျင်းကဲ့သို့ပင် အံ့အားသင့်စရာ ကုသနည်းကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ ချက်ချင်း ပျောက်ကင်းသွားပြီး နာမည်ကျော်သွားလျှင် သူ၏ အနာဂတ်မှာ တောက်ပလာတော့မည် ဖြစ်သည်။
ဤသို့ တွေးမိသည်နှင့် တုန်းဟယ်၏ ပါးပြင်မှ အဆီများပင် တုန်ခါသွားရသည်။ သို့သော် သူက အကုန်လုံး အရှူးတော့ မဟုတ်ပေ။ ကဏန်းမှာ အအေးမိနေသည်မှာ သေချာ၊ မသေချာကို အရင်ဆုံး စစ်ဆေးလိုက်သည်။ စစ်ဆေးမှုများအပြီးတွင် သူ၏ ယူဆချက်မှာ မှန်ကန်ကြောင်း အတည်ပြုလိုက်သည်။
သို့သော် တုန်းဟယ် သတိမထားမိလိုက်သည့် အချက်မှာ ကဏန်း၏ ပါးစပ်ထဲတွင် ကြည်လင်သော ပုလဲလုံးလေး တစ်လုံး ရှိနေခြင်း ဖြစ်သည်။ သူက ကဏန်းအခွံကို ခေါက်ကာ အိုးနှင့် မီးပြင်ခိုင်းနေစဉ်မှာပင် ထိုပုလဲလုံးလေးမှာ ကဏန်းပါးစပ်ထဲမှ ကျသွားခဲ့လေသည်။
ကုန်သည်ကြီးများအသင်းမှ မစ္စတာကျန်းသည် တုန်းဟယ်က အိုးနှင့် မီးပြင်ခိုင်းသည်ကို ကြားသောအခါ မှင်သက်သွားသည်။
“အကဲဖြတ်မှူးတုန်း... ခင်ဗျား ဒါက...”
တုန်းဟယ်က ထိုသူ မေးမြန်းလာမည်ကို သိထားပြီး ဖြစ်သည်။ သူသည် ခိုးချထားသော သီအိုရီကို လေယူလေသိမ်း အပြည့်ဖြင့် စတင် ရှင်းပြတော့သည်။
“မစ္စတာကျန်း... ခင်ဗျား နားမလည်ပါဘူး။ လာ... ကျွန်တော် ရှင်းပြမယ်။ ခင်ဗျားရဲ့ သံကဏန်းက အရမ်းအေးတဲ့ အစာတွေကို မှားစားမိထားတာ။ ကဏန်းတွေက ရေဓာတ်နဲ့ ယန်ဓာတ် (Yang attribute) ရှိပေမဲ့ အခုက အအေးဓာတ် လွန်ကဲနေတာ။ အအေးဓာတ်ကို ဖယ်ရှားဖို့ အပူပေးဆေးတွေ သုံးလို့ရပေမဲ့ အကျိုးသက်ရောက်မှုက အရမ်းနှေးတယ်။ ဒါကြောင့် သူ့ရဲ့ ဓာတ်သဘာဝကို မထိခိုက်စေဘဲ အအေးဓာတ်ကို ချက်ချင်း ပျောက်ကင်းစေဖို့ ကျွန်တော်က ‘ပေါင်းအိုး’ ကို သုံးမှာ ဖြစ်ပါတယ်။ ရေနွေးငွေ့မှာ ပါတဲ့ မီးဓာတ်က ကဏန်းကိုယ်ထဲက အအေးတွေကို ချက်ချင်း ဖယ်ရှားပေးနိုင်လို့ ခဏနေရင် ခင်ဗျားရဲ့ သားရဲက ပြန်ပြီး လန်းဆန်းလာမှာပါ”
တုန်းဟယ်က လက်ဟန်ခြေဟန် အပြည့်ဖြင့် အပီအပြင် ရှင်းပြလိုက်ရာ မစ္စတာကျန်းသာမက သူ၏ လက်ထောက်ပါ ‘တကယ့်ကို နက်နဲလှချေလား’ ဟု အထင်ကြီးသွားကြသည်။
မစ္စတာကျန်းသည် သံသယရှိသော်လည်း တုန်းဟယ်၏ ယုံကြည်မှုကို မြင်သောအခါ စကားကို မျိုချလိုက်ရသည်။
“ဒါဆိုရင်တော့ အကဲဖြတ်မှူးတုန်းကိုပဲ အားကိုးရတော့မှာပဲ။ ပြီးရင်တော့ ကျွန်တော် ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ပါ့မယ်”
“ကောင်းပြီ... အရမ်းကောင်းတယ်”
ခဏအကြာတွင် လူအချို့က ရုန်းကန်နေသော သံကဏန်းကြီးကို ပေါင်းအိုးထဲသို့ ထည့်လိုက်ကြသည်။
“မီးကို ပြင်းပြင်းထိုး... ရေနွေးငွေ့တွေ အများကြီး ထွက်လာအောင် လုပ်စမ်း”
တုန်းဟယ်က ယုံကြည်မှု အပြည့်ဖြင့် အမိန့်ပေးလိုက်သည်။
မီးက ပြင်းပြင်းတောက်လာပြီး အိုးထဲမှ ရေနွေးငွေ့များ ထွက်ပေါ်လာသည်။
ပထမတွင် အိုးဖုံးအောက်မှ ရုန်းကန်သံများ ကြားရသော်လည်း မကြာမီမှာပင် တိတ်ဆိတ်သွားတော့သည်။ သံကဏန်းကြီးမှာ မည်သည့် လှုပ်ရှားမှုမျှ မလုပ်တော့ပေ။
တုန်းဟယ်သည် တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။ ပုံမှန်ဆိုလျှင် ကဏန်းမှာ အိုးဖုံးကို ကန်ထုတ်ပြီး ခုန်ထွက်လာရမည် မဟုတ်ပါလား။ သို့သော် သူက အချိန်စောနေသေးသည်ဟု ယူဆလိုက်သည်။
လင်းကျင်းသည် ကဏန်းကို ၁၅ မိနစ်ခန့် ပေါင်းခဲ့သည်ဟု ဟန်ဒုန်းက ပြောပြဖူးသည်။ ယခုမူ ၇ မိနစ်ခန့်သာ ရှိသေးသဖြင့် အချိန် ထပ်လိုသေးသည်ဟု သူ ထင်နေသည်။
လူတိုင်းကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ ဤကဲ့သို့သော ကုသနည်းမျိုးကို တစ်ခါမျှ မမြင်ဖူးကြသောကြောင့် ဖြစ်သည်။
နောက်ထပ် မိနစ်အနည်းငယ် ကုန်လွန်သွားပြန်သည်။
ဘာလှုပ်ရှားမှုမှ မရှိသေးပေ။
တုန်းဟယ်မှာ စတင် ပျာယာခတ်လာတော့သည်။ ပိုဆိုးသည်မှာ သူသည် အလွန် မွှေးကြိုင်သော အနံ့တစ်ခုကို ရလိုက်ခြင်းပင်။
ဤအနံ့မှာ သူ ခဏခဏ သွားလေ့ရှိသော ‘ဆင်ဖိုနီ စားသောက်ဆိုင်’ မှ အနံ့နှင့် အတော်လေး တူလှသည်။ စားသောက်ဆိုင်အကြောင်း တွေးမိသည်နှင့် တုန်းဟယ်မှာ ဗိုက်ပင် ဆာလာသလို ခံစားရသည်။
သို့သော် အိုးထဲတွင် ဘာလှုပ်ရှားမှုမှ မရှိပေ။
တုန်းဟယ်၏ နဖူးတွင် ချွေးစေးများ ထွက်လာတော့သည်။ သူသည် မအောင့်နိုင်တော့ဘဲ အိုးဖုံးကို ဖွင့်ခိုင်းလိုက်သည်။ မွှေးကြိုင်လှသော ‘ကဏန်းပေါင်း’ နံ့က ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး လူတိုင်း သွားရည်ကျလာကြသည်။ သို့သော် တစ်ချိန်တည်းမှာပင် လူတိုင်း၏ မျက်နှာမှာ ထိတ်လန့်သွားကြရသည်။
အထူးသဖြင့် မစ္စတာကျန်းပင် ဖြစ်သည်။ သူသည် ရဲရဲနီနေသော သူ၏ ချစ်လှစွာသော သံကဏန်းကြီးကို ကြည့်ကာ မျက်လုံးပြူးသွားသည်။ သူသည် အသက်ရှူပင် မဝတော့ဘဲ မျက်လုံးများ လန်တက်သွားကာ ကြမ်းပြင်ပေါ်သို့ လဲကျ သတိမေ့သွားတော့သည်။
တုန်းဟယ်မှာလည်း ဆွံ့အသွားရသည်။
လက်ထောက်က အိုးထဲကို ငုံ့ကြည့်ပြီးနောက် တုန်းဟယ်ကို လှည့်ပြောလိုက်သည်။
“အကဲဖြတ်မှူးတုန်း... ကဏန်းက ကျက်သွားပြီဗျ”
“ဟားဟား... အကဲဖြတ်မှူးတုန်း၊ ခင်ဗျား ခိုးစားနေတာလား။ အနံ့က ဒီအထိ ရတယ်ဗျာ... ကျွန်တော့်ကိုလည်း ကျွေးဦးလေ”
ကျန်းဟယ် သည် ပြုံးရွှင်စွာဖြင့် အခန်းထဲသို့ ဝင်လာသည်။
ကျန်းဟယ်သည် ယနေ့ အလွန် ပျော်နေသည်။ မနက်က လင်းကျင်း၏ အခန်း ပိတ်ခံရရုံတင်မကဘဲ နေ့လယ်တွင် အရေးပေါ်ဌာနသို့ အပို့ခံလိုက်ရသောကြောင့် ဖြစ်သည်။ လင်းကျင်းကို အရေးပေါ်ဌာနသို့ ပို့ရန် အကြံပေးခဲ့သူမှာ တုန်းဟယ် ဖြစ်သဖြင့် သူက လာရောက် မြှောက်ပင့်ခြင်း ဖြစ်သည်။ သို့သော် ကဏန်းပေါင်းနံ့ကို ရသောအခါ တုန်းဟယ် စားသောက်နေသည်ဟု ထင်မှတ်ကာ ထိုသို့ ပြောလိုက်မိခြင်း ဖြစ်သည်။
သို့သော် သူသည် အချိန်မရွေး ပေါက်ကွဲနိုင်သော ဗုံးတစ်လုံးကို သွားပြီး ထိလိုက်သကဲ့သို့ ဖြစ်သွားသည်။
တုန်းဟယ်သည် သူ အကြီးအကျယ် မှားသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် အလွန် စိတ်ပူနေရသည့်ကြားထဲ ကျန်းဟယ်က မီးလောင်ရာ လေပင့်လိုက်သဖြင့် သူ၏ ဒေါသများမှာ ပေါက်ကွဲထွက်သွားတော့သည်။ သူသည် လျှောက်သွားကာ ကျန်းဟယ်၏ ပါးကို ဖြတ်ခနဲ ရိုက်လိုက်ပြီး အော်ဟစ်လိုက်သည်။
“သွားသေလိုက်စမ်း... ဝက်သာသာကောင်ရဲ့"
“ခင်ဗျား ဘာလို့ ကျွန်တော့်ကို ရိုက်တာလဲ”
ကျန်းဟယ်မှာ အရိုက်ခံရသဖြင့် မူးဝေသွားရသည်။ သို့သော် သူကလည်း အလျှော့မပေးပေ။ အကြီးအကဲဝမ်၏ တပည့်ဖြစ်သော သူက ဘာကြောင့် ဒီအတိုင်း အရိုက်ခံရမည်နည်း။ ကျန်းဟယ်က ပြန်လည် တိုက်ခိုက်သော်လည်း တုန်းဟယ်၏ ခွန်အားကို မယှဉ်နိုင်ဘဲ ကြမ်းပြင်ပေါ်တွင် အလဲအထိုး ခံလိုက်ရတော့သည်။
လင်းကျင်းမှာမူ ဤကဲ့သို့သော ရယ်စရာ ဇာတ်လမ်းများကို မသိရှိပေ။ သူသည် ‘သွေးကြောရှာဖွေခြင်းအတတ်’ ကိုသာ အာရုံစိုက် လေ့လာနေသည်။ ဤအတတ်ပညာသည် အလွန်ပင် စွမ်းအားကြီးလှသည်။ တိုက်ခိုက်ရေးတွင် အပ်တစ်ချောင်းကို သုံးရုံဖြင့် ရန်သူကို လှုပ်မရအောင် လုပ်နိုင်စွမ်း ရှိသည်။
သားရဲကိုလည်း ကယ်နိုင်၊ လူကိုလည်း ဒုက္ခပေးနိုင်သော ဤစွမ်းအားကို သူ အသေအချာ လေ့လာနေမိသည်။
သွေးကြောရှာဖွေခြင်းအတတ်၏ ပထမပိုင်းဖြစ်သော ‘စူးရှသောအပ်’ ပညာကို တတ်မြောက်ပြီးနောက် လင်းကျင်း မျက်လုံးဖွင့်လိုက်သည်။
အပြင်ဘက်တွင် မှောင်နေပြီ ဖြစ်သဖြင့် အချိန်အတော်ကြာသွားပြီ ဖြစ်ကြောင်း သူ သိလိုက်ရသည်။ အရေးပေါ်ဌာနမှာ အရင်အတိုင်း အလုပ်များနေဆဲ ဖြစ်သော်လည်း လူအုပ်ထဲတွင် ကျောက်ရင်း၊ လုရှောင်ယုနှင့် ဟန်ဒုန်းတို့ကို မြင်လိုက်ရသဖြင့် လင်းကျင်း အံ့သြသွားရသည်။
သူတို့သည် လင်းကျင်း အခြေအနေ မကောင်းလျှင်ပင် စွန့်ခွာမသွားကြကြောင်း သိလိုက်ရသဖြင့် လင်းကျင်းမှာ လူမှန်ကို ရွေးချယ်မိခဲ့ပြီဟု တွေးလိုက်မိသည်။
လင်းကျင်းက မတ်တတ်ရပ်ကာ ညောင်းညာနေသော ခန္ဓာကိုယ်ကို ဆန့်လိုက်ပြီး အလုပ်ထဲသို့ ဝင်ကူလိုက်သည်။
လင်းကျင်း ရှိနေသဖြင့် အရေးပေါ်ဌာနမှာ ဘယ်လောက်ပင် အလုပ်များပါစေ အရာရာမှာ စနစ်တကျ ရှိလှသည်။ အားလုံးက လင်းကျင်း၏ အမိန့်ကို လိုက်နာကြပြီး ခက်ခဲသော ကိစ္စများရှိလျှင်လည်း လင်းကျင်း၏ အကြည့်တစ်ချက်ဖြင့်ပင် အဖြေထွက်သွားတော့သည်။
ထိုအချိန်တွင် လင်းကျင်း၏ နှာခေါင်းက လှုပ်ရှားသွားပြီး သူက ပြောလိုက်သည်။
“ဘယ်သူ ကဏန်းချက်နေတာလဲ။ အနံ့က သွားရည်ကျစရာကြီး"