← Chapters

အရိုက်ခံရသော တုန်းဟယ်

Vol. 4 Ch. 66

အရိုက်ခံရသော တုန်းဟယ်

Vol. 4 Ch. 66

တုန်းဟယ် တစ်ယောက် အရိုက်ခံလိုက်ရသည်။

သတင်းက အလွန်မြန်သည်။ အကြီးအကဲနန်က ဖြစ်နိုင်သမျှ ဖုံးကွယ်ရန် ကြိုးစားသော်လည်း လူအတော်များများက ထိုသတင်းကို ကြားသိသွားကြပြီ ဖြစ်သည်။

“ကြားပြီးပြီလား။ တုန်းဟယ်က ရာထူးတိုးပြီး နှစ်ရက်ပဲ ရှိသေးတယ်၊ ပြဿနာ အကြီးအကျယ် တက်တာပဲ။ သူက သူများသားရဲကို ချက်ပစ်လိုက်တာတဲ့ဗျ”

“ဟဲဟဲ... ဒါကို လူတိုင်း သိပါတယ်။ ပဲငပိရည်လေးရယ်၊ ကြက်သွန်ဖြူလေးရယ်သာ ရှိရင်တော့ အကောင်းဆုံး နေ့လယ်စာ ဖြစ်မှာပဲ။ အဲဒီတုန်းက မွှေးလိုက်တဲ့အနံ့က အသင်းချုပ် တစ်ဝက်လောက်အထိ ရတယ်”

“သားရဲပိုင်ရှင် သတိရလာတော့ တုန်းဟယ်ကို ဝိုင်းရိုက်ကြတာတဲ့”

“ငါသာ သူ့နေရာမှာဆိုရင်လည်း တုန်းဟယ်ကို ရိုက်မှာပဲ”

တုန်းဟယ်သည် မျက်နှာတွင် ဒဏ်ရာ အညိုအမည်းများဖြင့် မတ်တတ်ရပ်နေသည်။ သူသည် ထိုင်ပင် မထိုင်ရဲပေ။

စားပွဲတစ်ဖက်တွင်မူ သူ၏ အစ်မနှင့် ခဲအိုဖြစ်သူတို့က အေးစက်သော မျက်နှာများဖြင့် ထိုင်နေကြသည်။

“အသုံးမကျတဲ့ကောင်!”

နန်ကုန်းရှန်း က ဟိန်းဟောက်လိုက်သည်။ အသင်းချုပ်၏ အကြီးအကဲတစ်ဦးအနေဖြင့် တုန်းဟယ်ကို ရာထူးတိုးပေးခဲ့သူမှာ သူဖြစ်သဖြင့် ယခုကိစ္စမှာ သူ့အတွက် အလွန် အရှက်ရစရာ ဖြစ်နေသည်။

“ယောင်္ကျား... သူ့ကို ဆူနေလည်း အပိုပဲ။ ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲဆိုတာပဲ အာရုံစိုက်ရအောင်”

တုန်းချွဲကလည်း သူမ၏ မောင်ဖြစ်သူကို အလွန် ဒေါသထွက်နေသည်။ သူမကိုယ်တိုင်ပင် အစောပိုင်းက တုန်းဟယ်ကို ပါးရိုက်ခဲ့သေးသည်။

“ကုန်သည်ကြီးများအသင်းက မစ္စတာကျန်းက ငါနဲ့ သိကျွမ်းတဲ့သူပါ။ သူ့အတွက် တခြား သားရဲတစ်ကောင် ငါကိုယ်တိုင် ရွေးပေးပြီး သွေးကတိကဝတ် လုပ်ပေးလိုက်ပြီ။ သူကတော့ ဒီကိစ္စကို ဆက်ပြီး အရေးယူမှာ မဟုတ်တော့ဘူး။ အခု ငါတို့ လုပ်ရမှာက သတင်းကို ဖုံးဖို့ပဲ”

နန်ကုန်းရှန်းက ပြောရင်း တုန်းဟယ်ကို လှည့်မေးသည်။

“မင်းက ဒီ ‘ပေါင်းတဲ့နည်း’ ကို ဘယ်က သင်လာတာလဲ”

တုန်းဟယ်သည် သူ၏ယောက်ဖကို အလွန်ကြောက်သဖြင့် အမှန်အတိုင်း အကုန်ပြောပြလိုက်တော့သည်။

“လင်းကျင်းလား။ သူ နောက်တစ်ခါပဲ”

နန်ကုန်းရှန်းက မျက်မှောင်ကြုတ်လိုက်သည်။

“ဘာဖြစ်လို့လဲ ယောင်္ကျား"

တုန်းချွဲက တစ်ခုခု ထူးဆန်းနေသည်ကို ရိပ်မိသဖြင့် မေးလိုက်သည်။

နန်ကုန်းရှန်း၏ မျက်နှာမှာ ပို၍ မှောင်မှောင်သွားသည်။

“ဒါဟာ လင်းကျင်းက တုန်းဟယ်အတွက် ဆင်ထားတဲ့ ထောင်ချောက်လို့ ငါ ခံစားနေရတယ်။ ရှေးယခင်ကတည်းက သားရဲကို ပေါင်းပြီး ကုရတဲ့ နည်းလမ်းဆိုတာ မရှိဘူး။ သူ့ရဲ့ အစီရင်ခံစာထဲမှာ ပါတဲ့ သီအိုရီက ယုတ္တိရှိသလို ထင်ရပေမဲ့ အကြီးကြီး လွဲနေတာ တစ်ခုရှိတယ်။ အဲဒါက သားရဲရဲ့ သွေးကြောနဲ့ အင်္ဂါတွေထဲအထိ အအေးဓာတ် ရောက်နေတာကို ၁၀၀ ရာခိုင်နှုန်း သေချာမှ သုံးရမှာ။ မဟုတ်ရင် သားရဲကို ကယ်တာမဟုတ်ဘဲ ချက်ပစ်သလို ဖြစ်သွားလိမ့်မယ်”

တုန်းချွဲ၏ မျက်လုံးများ တောက်ပသွားသည်။

“မှန်တယ်။ သူက အဆင့် ၁ အကဲဖြတ်မှူးပဲရှိတာ၊ သားရဲရဲ့ အတွင်းအင်္ဂါထဲအထိ အအေးဓာတ် ရောက်မရောက်ကို သူက ဘယ်လိုလုပ် သေချာ သိနိုင်မှာလဲ။ သူ တမင် လုပ်တာပဲ”

“ငါတောင် သေချာ မသိနိုင်တာ၊ သူက ပိုလို့တောင် မသိနိုင်ဘူး။ သူက တမင် မင်းကို ထောင်ချောက်ဆင်တာပဲ”

နန်ကုန်းရှန်းက ကောက်ချက်ချလိုက်သည်။

“တုန်းဟယ်မှာ အပြစ်မရှိပါဘူး။ လင်းကျင်းက သိပ်ကို ကောက်ကျစ်လွန်းတာ”

ထိုစကားကို ကြားသောအခါ တုန်းဟယ်က ကြုံးဝါးလိုက်သည်။

“ကောင်းပြီ... လင်းကျင်း၊ မင်း ဒါအတွက် ပြန်ပေးဆပ်ရမယ်!”

နန်ကုန်းရှန်းက တုန်းချွဲကို ကြည့်ကာ ပြောလိုက်သည်။

“ချွဲအာ... ဒီကိစ္စကြောင့် တုန်းဟယ်ကို ရာထူးတိုးပေးဖို့ ခက်သွားလိမ့်မယ်။ ဒါပေမဲ့ ငါတို့မှာ အချိန်ရှိပါသေးတယ်။ လင်းကျင်းကိုတော့ ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး။ နောက်နှစ်ရက်နေရင် စစ်ဆေးမှု ရှိတယ်။ လင်းကျင်းရဲ့ ကောက်ကျစ်တဲ့ လုပ်ရပ်တွေကို အစီရင်ခံစာရေးပြီး ဗဟိုဌာနချုပ်ဆီကို ပို့မယ်။ သူ့ကို ပိတ်ပင်ခိုင်းလိုက်မယ်”

ပိတ်ပင်ခြင်း...။

သားရဲအကဲဖြတ်မှူး တစ်ဦးအတွက် ဤစကားလုံးထက် ကြောက်စရာ ကောင်းသည်မှာ မရှိတော့ပေ။

အကယ်၍ လက်မှတ် အသိမ်းခံရရုံဆိုလျှင် နောက်နှစ်တွင် ပြန်ဖြေ၍ ရသေးသည်။ သို့သော် အသင်းချုပ်က ပိတ်ပင်လိုက်ပါက ထိုသူမှာ တစ်သက်လုံး အခွင့်အရေး ရတော့မည် မဟုတ်ပေ။

ညနက်ပိုင်းတွင် အခြားသော အကဲဖြတ်ခန်းများ အားလုံး ပိတ်သွားကြသော်လည်း အရေးပေါ်ဌာနမှာမူ လူချိန်းဖြင့် ဖွင့်ထားဆဲ ဖြစ်သည်။ ညဘက်တွင် အရေးပေါ် လူနာများ ရောက်လာနိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာလည်း လူတိုင်း အရေးပေါ်ဌာနကို မလာချင်ကြသည့် အကြောင်းရင်း တစ်ခု ဖြစ်သည်။

သို့သော် လင်းကျင်းကမူ ယနေ့ ညဂျူတီကို သူကိုယ်တိုင် တောင်းဆိုပြီး ယူထားသည်။ သူ၏ အိမ်မှာ အကုန်မပြင်ရသေးသဖြင့် ဤနေရာမှာပင် အိပ်လိုက်ခြင်းက ပို၍ အဆင်ပြေမည်ဟု အကြောင်းပြခဲ့သည်။

ညဘက်တွင် လူမရှိသဖြင့် အတော်လေး အေးဆေးလှသည်။

“ကျောက်ရင်း၊ ရှောင်ယု၊ ဟန်ဒုန်း... မင်းတို့လည်း အိမ်ပြန်ကြတော့လေ”

လင်းကျင်းက သူတို့ကို လွှတ်လိုက်သည်။ သူတို့မှာ တစ်နေကုန် ပင်ပန်းနေကြပြီ ဖြစ်သည်။

ကျောက်ရင်းကမူ ကျန်နေခဲ့ရန် အကြောင်းပြချက် ပေးလိုက်သည်။ လုရှောင်ယုနှင့် ဟန်ဒုန်း ထွက်သွားပြီးနောက် သူမက လင်းကျင်း၏ အနားသို့ တိုးကာ တိုးတိုးလေး မေးလိုက်သည်။

“ဆရာလင်း... ကျွန်မကို ကူညီပါဦး”

“ဘာဖြစ်လို့လဲ”

လင်းကျင်းက စိုးရိမ်တကြီး မေးလိုက်သည်။ ကျောက်ရင်းမှာ အကူအညီ တောင်းတတ်သူ မဟုတ်ကြောင်း သူ သိသောကြောင့် ဖြစ်သည်။

“ကျွန်မမှာ သူငယ်ချင်း တစ်ယောက် ရှိတယ်။ သူမက... နေလို့ မကောင်းဘူး ဖြစ်နေလို့။ ဆရာကြီးကို ကြည့်ပေးစေချင်လို့ပါ”

“နေမကောင်းရင် ဆေးခန်းသွားပြရမှာလေ။ ငါတို့ အသင်းချုပ်က သားရဲတွေကိုပဲ ကုတာပါ”

လင်းကျင်းက နားမလည်နိုင်ဘဲ ပြောလိုက်သည်။

ကျောက်ရင်းက တွန့်ဆုတ်နေသော်လည်း အကျိုးအကြောင်း ရှင်းပြလိုက်သည်။

“သူမက ဆေးခန်းသွားပြပြီးပြီ။ ဆရာဝန်က ဘာရောဂါမှ မရှိဘူးလို့ ပြောတယ်။ ဒါပေမဲ့ သူမက ညတိုင်း မြွေနက်ကြီး တစ်ကောင်ကို အိပ်မက်မက်နေရတယ်။ အစကတော့ အိမ်အပြင်မှာ၊ နောက်တော့ တဖြည်းဖြည်း နီးလာပြီး မနေ့ညကတော့ သူမရဲ့ အခန်းထဲအထိ ရောက်လာပြီတဲ့။ သူမ သိပ်ကြောက်နေတယ်”

“အိပ်မက်ဆိုး မက်တာပဲ မဟုတ်ဘူးလား”

လင်းကျင်း စိတ်ဝင်စားသွားသည်။

“ကျွန်မလည်း အစက အဲဒီလို ထင်တာပဲ။ ဒါပေမဲ့ သူမက ပြောတယ်... အိပ်မက်ထဲမှာ အဲဒီမြွေနက်ကြီးက သူမကို မိန်းမအဖြစ် သိမ်းပိုက်မယ်လို့ ပြောတယ်တဲ့"

ကျောက်ရင်းက ပြောရင်း ရှက်သွေးဖြာသွားသည်။

လင်းကျင်းက ရယ်လိုက်ပြီး

“သူများ အိမ်ထောင်ပြုမှာကို မင်းက ဘာလို့ ရှက်နေတာလဲ။ ထားပါ... ခေါ်လာခဲ့လိုက်ပါ။ မြွေနက်ကြီးဆိုတာလည်း သားရဲတစ်မျိုးပဲလေ။ အခုလည်း မှောင်နေပြီဆိုတော့ ငါ ကြည့်ပေးပါ့မယ်”

“တကယ်လား။ ဒါဆို ကျွန်မ သွားခေါ်လိုက်မယ်”

ကျောက်ရင်းက ပြုံးကာ ထွက်သွားသည်။

လင်းကျင်းက အရေးပေါ်ဌာနတွင် စောင့်နေသည်။ အချိန်အနည်းငယ် ကြာမည်ဟု ထင်ထားသော်လည်း မကြာမီမှာပင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။

“မြန်လှချေလား”

လင်းကျင်းသည် ဝတ်ရုံကို သပ်သပ်ရပ်ရပ် ပြင်ဝတ်လိုက်ပြီး စောင့်နေလိုက်သည်။

ခြေသံများ နီးကပ်လာပြီး လူတစ်ယောက် ဝင်လာသည်။

လင်းကျင်း ကြည့်လိုက်သောအခါ ကျောက်ရင်း၏ သူငယ်ချင်းမှာ တကယ့်ကို အလှပဂေးလေး ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သို့သော် သူမသည် အတော်လေး အေးစက်သော ပုံစံရှိသည်။ သူမသည် ရှက်ကြောက်နေမည့် ပုံစံမျိုး မဟုတ်ပေ။

ထိုမိန်းကလေးမှာ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော်လည်း သူရဲကောင်းဆန်သော အရှိန်အဝါ တစ်ခု ရှိနေသည်။ ကျောက်ရင်းကိုမူ မတွေ့ရပေ။

လင်းကျင်းက အများကြီး မတွေးတော့ဘဲ ပြောလိုက်သည်။

“မကြောက်ပါနဲ့၊ ရှက်စရာလည်း မလိုပါဘူး။ ကျွန်တော် ကြည့်ပေးပါ့မယ်။ ဆေးခန်းမှာ သွေးကြောစမ်းသလိုမျိုးပဲ စမ်းကြည့်ရအောင်”

လင်းကျင်းက သူမကို ထိုင်ခိုင်းလိုက်ပြီး သူကိုယ်တိုင်လည်း ဝင်ထိုင်လိုက်သည်။ သားရဲ သို့မဟုတ် ဝိညာဉ်သားရဲနှင့် ပတ်သက်သော ပြဿနာဆိုလျှင် သူ ထိတွေ့လိုက်သည်နှင့် ပြတိုက်က အလုပ်လုပ်မည် ဖြစ်သည်။

ထိုမိန်းကလေးမှာ ခေတ္တမျှ မှင်သက်သွားသော်လည်း ဘာမှမပြောဘဲ သူမ၏ လက်ကောက်ဝတ်ကို စားပွဲပေါ် တင်ပေးလိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင်မူ စူးစမ်းလိုစိတ်နှင့် နောက်ပြောင်လိုသည့် အရိပ်အယောင်များ ရှိနေသည်။

လင်းကျင်းက သူမ၏ ဖြူလွှလွှ လက်ကောက်ဝတ်လေးပေါ်သို့ သူ၏ လက်ချောင်းကို တင်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သားရဲပြတိုက်က နိုးထလာတော့သည်။

‘တကယ်ပဲ တစ်ခုခု ရှိနေတာပဲ"

လင်းကျင်း၏ မျက်နှာမှာ တည်ကြည်သွားသည်။

ပြတိုက်တွင် ပြသနေသော ရလဒ်များကို ဖတ်ရှုလိုက်သောအခါ လင်းကျင်းသည် နက်မှောင်သော မြူခိုးလုံးကြီး တစ်ခုကို မြင်လိုက်ရသည်။

“ဒါက... သားရဲဝိညာဉ် ကျိန်စာပဲ”

လင်းကျင်းက သူ့ဘာသာ ရေရွတ်လိုက်မိတော့သည်။

All Chapters