တန်လင်း
Vol. 4 Ch. 67
ဒါကတော့ သားရဲပြတိုက်က မှတ်တမ်းတင်ထားတဲ့ ဒုက္ခပေးတတ်တဲ့ သားရဲဝိညာဉ်ကျိန်စာ ဒုတိယတစ်ခု ဖြစ်လေသည်။
ပထမတစ်ခုကတော့ ဟိုတစ်ခါ ယောက်ျားလေးလို ဝတ်ဆင်ထားတဲ့ မိန်းကလေးဆီမှာ တွေ့ခဲ့တာပါ။
အခုပြန်စဉ်းစားကြည့်ရင် သားရဲဝိညာဉ်ကျိန်စာဆိုတာ ချောမောလှပတဲ့ မိန်းကလေးတွေကိုပဲ ရွေးပြီး ဒုက္ခပေးတတ်ပုံရ၏။
မဟုတ်ရင် ဘာလို့ ခံစားရသူတွေက မိန်းကလေးတွေချည်း ဖြစ်နေရတာလဲ။
ပြတိုက်ထဲမှာ သားရဲဝိညာဉ်ကျိန်စာနဲ့ ပတ်သက်တဲ့ အသေးစိတ် ရှင်းပြချက်တွေလည်း ရှိနေသည်။
လူတွေမှာ ဝိညာဉ်ရှိသလို သားရဲတွေမှာလည်း ဝိညာဉ်ရှိကြပေသည်။
သားရဲဝိညာဉ်တွေကို ဆေးဖက်ဝင် ပစ္စည်းတွေအဖြစ် အသုံးပြုတာက မထူးဆန်းပေမဲ့ တချို့သော ထူးခြားတဲ့ သားရဲဝိညာဉ်တွေက မှားယွင်းတဲ့ မန္တန်တွေနဲ့ ပေါင်းစပ်မိတဲ့အခါ ကြောက်စရာကောင်းတဲ့ ကျိန်စာတွေ ဖြစ်သွားတတ်ပြီး လူတစ်ယောက်ကို ပူးကပ်သွားရင် ဘေးဒုက္ခတွေပဲ ကြုံရမှာ ဖြစ်၏။
တခြားသူတွေ မဖြေရှင်းနိုင်ပေမဲ့ လင်းကျင်းကတော့ ဖြေရှင်းနိုင်သည်။
အထူးသဖြင့် ပြတိုက်က အလွန်မြန်ဆန်ပြီး ထိရောက်တဲ့ ဖယ်ရှားနည်းလမ်းကို ပြသပေးထားလို့ပင် ဖြစ်လေသည်။
“တစ်ဘက်က မထင်မှတ်ထားတဲ့ အချိန်မှာ မီးဓာတ်အင်အားတွေကို လက်ချောင်းတစ်ချောင်းထဲ စုစည်းပြီး ထိုသူရဲ့ ဗိုက်က အချက်အချာနေရာကို ထိုးနှက်လိုက်ပါ ဒါဆိုရင် သားရဲဝိညာဉ်ကျိန်စာက ပျက်ပြယ်သွားလိမ့်မယ်”
ဒီညွှန်ကြားချက်ကို ဖတ်ပြီးနောက် လင်းကျင်းက ဘာလုပ်ရမလဲဆိုတာ သေချာ သိသွားပြီ ဖြစ်သည်။
သူက ရှောင်ဟော့ဆီကနေ မီးဓာတ်ကို ခဏယူပြီး အသုံးပြုလိုက်ရုံပင်။
အဓိကအချက်ကတော့ ဟိုဘက်ကလူ မရိပ်မိခင်မှာ လုပ်ဖို့ပဲ ဖြစ်လေသည်။
“ဒါက ပြဿနာအကြီးကြီး မဟုတ်ဘူး စိတ်မပူပါနဲ့”
လင်းကျင်းက ရှေ့တစ်လှမ်းတိုးလိုက်၏။
ပြီးတော့ ရုတ်တရက်ဆိုသလို မိန်းကလေးရဲ့ ဗိုက်က အချက်အချာနေရာကို လက်ညှိုးနဲ့ ထိုးလိုက်သည်။
အောင်မြင်သွားပြီ ဖြစ်လေသည်။
သားရဲပြတိုက်က ကျိန်စာပျက်ပြယ်သွားကြောင်း အကြောင်းကြားစာ ပြလိုက်၏။
ဒါပေမဲ့ အဲဒီနောက်မှာတော့ လင်းကျင်းရဲ့ မျက်နှာပေါ်ကို ပါးရိုက်ချက်တစ်ခု ရောက်လာသည်။
ကံကောင်းတာက လင်းကျင်းက လျင်မြန်စွာ ရှောင်လိုက်နိုင်လို့ပင်။
မိန်းကလေးရဲ့ မျက်နှာက ရေခဲလို အေးစက်သွားပြီး လူသတ်ချင်တဲ့ အရှိန်အဝါတွေ ထွက်ပေါ်လာလေသည်။
“ရှင်က ကောလာဟလတွေအတိုင်းပဲ အဆင့်အတန်းမရှိတဲ့ လူယုတ်မာပဲ”
မိန်းကလေးက လင်းကျင်းကို အော်ဟစ်ဆဲဆိုတော့သည်။
လင်းကျင်းလည်း စိတ်တိုသွားပြီး ပြန်ပြောလိုက်၏။
“ကျွန်တော့်ကို လျှောက်မစွပ်စွဲနဲ့ ကျွန်တော်က စေတနာနဲ့ ကူညီပေးတာကို ကျေးဇူးမတင်တဲ့အပြင် အပြစ်ပါ တင်နေသေးတယ် ခင်ဗျား ဒီလိုတုံ့ပြန်မယ်မှန်း သိရင် ကျွန်တော် ကူညီမှာ မဟုတ်ဘူး”
မိန်းကလေးက ဒေါသတွေ ထွက်ပြီး တုန်ရင်နေပေသည်။
“ဒါတွေအားလုံးက အလကားပဲ။ ဒီနေ့တော့ ရှင့်ကို သင်ခန်းစာပေးပြီး မေပယ်မြို့ သားရဲအကဲဖြတ်မှူး အသင်းချုပ်အတွက် ဘေးဒုက္ခတစ်ခုကို ဖယ်ရှားပေးမယ်”
သူမရဲ့ ဝတ်ရုံလက်စကနေ နကျယ်ကောင်တစ်ကောင်ကို ထုတ်လိုက်၏။
မန္တန်တစ်ခု ရွတ်လိုက်တဲ့အခါ အဲဒီနကျယ်ကောင်က ကြီးမားလာသည်။
ဒါက သူမရဲ့ သားရဲဖြစ်မှာ သေချာလေသည်။
အဲဒီအချိန်မှာပဲ အပြင်ကနေ ကျောက်ရင်းရဲ့ အသံ ထွက်လာ၏။
“ဆရာလင်း ကျွန်မ ပြန်ရောက်ပါပြီ”
ခန်းမထဲက မိန်းကလေးက ခေတ္တ တွန့်ဆုတ်သွားပြီးမှ သူမရဲ့ သားရဲကို ပြန်ခေါ်ကာ စကားတစ်ခွန်း ချန်ထားခဲ့ပြီး ထွက်သွားသည်။
အဲဒီစကားကတော့ “ရှင့်ရဲ့ အကဲဖြတ်မှူး လက်မှတ် အသိမ်းခံရတော့မယ်” ဆိုတာပင်။
ဒီမိန်းကလေးရဲ့ နာမည်က တန်လင်း ဖြစ်သည်။
သူမက ကျောက်စိမ်းနဂါးမြို့က အကဲဖြတ်မှူး ဌာနချုပ်ကနေ လွှတ်လိုက်တဲ့ စစ်ဆေးရေးမှူး တစ်ယောက် ဖြစ်လေသည်။
သူမက ဘာမှ အသိမပေးဘဲ မေပယ်မြို့ကို နှစ်ရက်စောပြီး ရောက်လာခဲ့တာ ဖြစ်၏။
အခုတော့ သူမ မျက်မြင်တွေ့လိုက်ရတဲ့ လင်းကျင်းရဲ့ လုပ်ရပ်တွေကြောင့် အလွန် ဒေါသထွက်နေပြီ ဖြစ်သည်။
သူမက ချက်ချင်းပဲ အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ပြီး လင်းကျင်းရဲ့ လက်မှတ်ကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ချက်ကို ရေးသားကာ မန္တန်နဲ့ မီးရှို့လိုက်၏။
အဲဒီအလင်းတန်းက ကောင်းကင်ပေါ်ကို ပျံတက်သွားပြီး ဌာနချုပ်ကို သတင်းပို့လိုက်ပြီ ဖြစ်သည်။
မနက်ဖြန် မနက်ဆိုရင်တော့ လင်းကျင်းရဲ့ လက်မှတ် ပယ်ဖျက်ခံရမှာ သေချာသလောက် ရှိနေပြီ ဖြစ်လေသည်။
တန်လင်းက စိတ်အနှောင့်အယှက် ဖြစ်နေတာကြောင့် တစ်နေရာမှာ သွားနားလိုက်၏။
သူမရဲ့ ဖခင်ကလည်း မေပယ်မြို့ကို မနေ့ကမှ ရောက်နေတာကြောင့် ဖခင်ဆီကိုလည်း သွားတွေ့ဖို့ စဉ်းစားနေသည်။
အရေးပေါ်ဌာနထဲမှာတော့ ကျောက်ရင်းက သူမရဲ့ သူငယ်ချင်း မိန်းကလေးကို ခေါ်လာသည်။
“ဆရာကြီးလင်း အခုနက ဘယ်သူလဲ။ သူ ဘာလို့ ဒေါသထွက်ပြီး ထွက်သွားတာလဲ”
ကျောက်ရင်းက မေးလိုက်၏။
လင်းကျင်းက ကြောင်သွားပြီး ပြန်မေးမိသည်။
“သူက မင်းရဲ့ သူငယ်ချင်း မဟုတ်ဘူးလား”
ကျောက်ရင်းက ခေတ္တ ခေါင်းခါပြလိုက်တဲ့အခါမှ လင်းကျင်း တစ်ယောက် အမှားကြီး မှားသွားမှန်း သိလိုက်လေသည်။
အခုနက မိန်းကလေးက ကျောက်ရင်းရဲ့ သူငယ်ချင်း မဟုတ်ဘဲ တခြားသူ ဖြစ်နေတာ ဖြစ်၏။
ဒါပေမဲ့ အဲဒီမိန်းကလေးမှာလည်း ကျိန်စာရှိနေတာ အမှန်ပဲမို့ လင်းကျင်းက ကူညီပေးခဲ့တာ ဖြစ်သည်။
လင်းကျင်းက ဒါကို အများကြီး မတွေးတော့ဘဲ ကျောက်ရင်း ခေါ်လာတဲ့ သူငယ်ချင်း လန်ရှုအာကို စစ်ဆေးပေးလိုက်၏။
ဒီတစ်ခါတော့ လင်းကျင်းရဲ့ မျက်နှာက တကယ်ကို တည်ကြည်သွားသည်။
ဆရာကြီးလင်း ဒီလိုမျိုး အမူအရာ ဖြစ်လာပြီဆိုရင် အခြေအနေက တကယ် မကောင်းဘူးဆိုတာ ကျောက်ရင်း သိသည်။
“ဆရာကြီးလင်း ဘယ်လိုလဲ”
ကျောက်ရင်းက အသံတုန်တုန်ယင်ယင်နဲ့ မေးလိုက်၏။
လင်းကျင်းက ပြုံးပြီး ပြန်ပြောလိုက်သည်။
“ဘာမှ မဟုတ်ပါဘူး။ ဒါနဲ့ မင်းတို့ အိမ်ကို ခဏလောက် သွားလို့ရမလား”
ဒါက တကယ်ကို အရေးကြီးနေလို့ ဖြစ်မှာ ဖြစ်ပေသည်။
လင်းကျင်းက အလုပ်သင် တစ်ယောက်ကို သူ့ကိုယ်စား ဂျူတီဝင်ခိုင်းပြီး လန်ရှုအာတို့ အိမ်ကို လိုက်သွားသည်။
“မိစ္ဆာ... ဒါက ငါ ပထမဆုံး မှတ်တမ်းတင်ရတဲ့ အမျိုးအစားပဲ။ စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ငါ ကိုယ်တိုင် သွားကြည့်မှ ဖြစ်မယ်။ မဟုတ်ရင် ဒီမိန်းကလေး ဒီညကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး”
လင်းကျင်းက တိုးတိုးလေး ရေရွတ်လိုက်လေသည်။
သူတို့ သုံးယောက် လန်ရှုအာရဲ့ အိမ်ကို ရောက်တဲ့အချိန်မှာတော့ သန်းခေါင်ကျော်နေပြီ ဖြစ်၏။