စာရင်းမရှိတော့သူ
Vol. 4 Ch. 70
အစီရင်ခံစာ တင်ပြခြင်းက အချိန်အတော်ကြာသွားသဖြင့် လင်းကျင်း သားရဲအကဲဖြတ်မှူး အသင်းချုပ်သို့ ပြန်ရောက်သည့်အချိန်တွင် မွန်းလွဲပိုင်းပင် ရှိနေပြီ ဖြစ်သည်။
“အရင်ဆုံး အရေးပေါ်ခန်းမကို သွားကြစို့”
လင်းကျင်းက ပြောလိုက်၏။
သို့သော် သူတို့ အသင်းချုပ်တံခါးဝသို့ ရောက်သောအခါ ကျောက်ရင်းမှာ အထဲသို့ ချောချောမောမော ဝင်သွားနိုင်သော်လည်း လင်းကျင်းမှာမူ အပြင်ဘက်တွင် တားဆီးခြင်း ခံလိုက်ရသည်။
လင်းကျင်းမှာ ဇဝေဇဝါ ဖြစ်သွားသော်လည်း ကင်းစောင့်များက ဥက္ကဋ္ဌ ဝမ်ကျိ၏ အမိန့်အရ သူ့ကို အထဲပေးမဝင်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
“ဒါကတော့ လွန်လွန်းပြီ”
လင်းကျင်း၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်သွားရသည်။
ဝမ်ကျိက သူ့ကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသည်ကို သူ ဂရုမစိုက်သော်လည်း အသင်းချုပ်ထဲသို့ ပေးမဝင်ခြင်းမှာမူ လုံးဝ လက်ခံနိုင်စရာ မရှိပေ။
ထိုအချိန်တွင် ဝမ်ကျိသည် ကျားချန်နှင့် ကျန်းဟယ်တို့ကို ခေါ်ပြီး လျှောက်လာသည်။
“လင်းကျင်း... မင်းရဲ့ တရားဝင် အကဲဖြတ်မှူး လက်မှတ်ကို ဌာနချုပ်ကနေ တရားဝင် ပယ်ဖျက်လိုက်ပြီ။ အခု မင်းရဲ့ အကဲဖြတ်မှူး လက်ပတ်ကို ချွတ်ပြီး ပေးခဲ့တော့။ ဒီနေ့ကစပြီး မင်း ဒီအသင်းချုပ်ထဲကို ခြေလှမ်းတစ်လှမ်းတောင် မချရဘူး။ ဘာလို့လဲဆိုတော့ မင်းက ဒါနဲ့ မထိုက်တန်လို့ပဲ”
ဝမ်ကျိက အလွန်ပင် ကျေနပ်အားရနေပုံရ၏။
သူသည် လင်းကျင်းကို အသင်းချုပ်မှ အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။
၎င်းက သူထင်ထားသည်ထက် နှစ်ရက်ပင် စောနေသေးသည်။
အမှန်အတိုင်း ပြောရလျှင် ဒီမနက် သတင်းကြားရချိန်တွင် သူကိုယ်တိုင်ပင် အံ့အားသင့်သွားရသည်။ လင်းကျင်း၏ လက်မှတ်ကို ပယ်ဖျက်ရန် အမိန့်မှာ စစ်ဆေးရေးမှူး ဌာနချုပ်မှ တိုက်ရိုက် ရောက်လာခြင်း ဖြစ်သည်။
စစ်ဆေးရေးမှူးများတွင် ထိုကဲ့သို့သော လုပ်ပိုင်ခွင့် အမှန်တကယ် ရှိပေသည်။
ထို့ပြင် စစ်ဆေးရေးမှူးသည် သတ်မှတ်ရက်ထက် နှစ်ရက်စောပြီး ရောက်နေမည်ဟု ဝမ်ကျီ မထင်ထားခဲ့ပေ။ ထိုစစ်ဆေးရေးမှူးကို လင်းကျင်းက မည်သို့ ဒေါသထွက်အောင် လုပ်လိုက်သည်ကို သူ မသိသော်လည်း ဌာနချုပ်မှ အမိန့်ထုတ်ရသည်အထိ ဖြစ်သွားခြင်းမှာ သူ့အတွက်တော့ အလွန်ကောင်းလှသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ့အစီအစဉ် အောင်မြင်သွားဖို့က အဓိကပင် မဟုတ်ပါလား။
သေဒဏ်ပေးခံရသကဲ့သို့ပင် လင်းကျင်းမှာ ယခုအချိန်တွင် ပြန်လည် ရုန်းထွက်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။
လင်းကျင်းမှာလည်း ထိတ်လန့်သွားရသည်။ သူသည် မနေ့ညက ထွက်မသွားခင် သူ့လက်မှတ်ကို ပယ်ဖျက်မည်ဟု ပြောသွားသော ထူးဆန်းသည့် မိန်းကလေးကို ရုတ်တရက် သတိရလိုက်သည်။
ထိုစဉ်က သူသည် နောက်ပြောင်နေသည်ဟုသာ ထင်ခဲ့သော်လည်း သူမက တကယ် ပြောခဲ့ခြင်း ဖြစ်နေသည်။
လင်းကျင်းသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။
ကိစ္စတွေက ဒီလို ဖြစ်လာမှတော့ ငြင်းခုံနေလည်း အပိုပင် ဖြစ်သည်။ သူ၏ အစီအစဉ်များအားလုံး ပျက်စီးသွားပြီ ဖြစ်သည်။ သူသည် အဆင့်မြင့် အကဲဖြတ်မှူး စာမေးပွဲကို ဖြေဆိုရန် ရည်ရွယ်ထားသော်လည်း ယခုအခါ အကဲဖြတ်မှူး အရည်အချင်း မရှိတော့သဖြင့် ထိုစာမေးပွဲကို ဖြေဆိုနိုင်တော့မည် မဟုတ်ပေ။
ဒါပေမဲ့ ဘာဖြစ်သလဲ။
တရားဝင် အကဲဖြတ်မှူး လက်မှတ် အသိမ်းခံရလျှင် သူ ပြန်ဖြေလို့ ရသည်ပင်။ အကဲဖြတ်မှူး လက်မှတ်တင် မဟုတ်ဘဲ အဆင့်မြင့် အကဲဖြတ်မှူး စာမေးပွဲကိုပါ တစ်ခါတည်း ဖြေပစ်မည် ဖြစ်သည်။
ဤအတွေးမှာ မဖြစ်နိုင်သကဲ့သို့ ထင်ရသော်လည်း သားရဲပြတိုက်ကို ပိုင်ဆိုင်ထားသော လင်းကျင်းအတွက်မူ ဒါက ပြဿနာ မဟုတ်ပေ။
“ဆရာလင်းရဲ့ အရည်အချင်းကို ပယ်ဖျက်ဖို့ ခင်ဗျားမှာ ဘာအခွင့်အရေး ရှိလို့လဲ”
ရုတ်တရက် ဒေါသထွက်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
၎င်းမှာ ကျောက်ရင်း ဖြစ်သည်။
ဒေါသထွက်နေသော ခြင်္သေ့မလေးကဲ့သို့ သူမ၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းနေပေသည်။
“ဌာနချုပ် စစ်ဆေးရေးမှူးမှာ ရှိတဲ့ အခွင့်အရေးတွေ အကုန်လုံးနဲ့ပေါ့”
ကျန်းဟယ်က ကြားဖြတ် ပြောလိုက်၏။ သူ့မျက်နှာမှာ မနေ့က တုန်းဟယ်၏ အရိုက်ခံထားရသဖြင့် ဖူးရောင်နေဆဲ ဖြစ်သည်။
လင်းကျင်းက ကျန်းဟယ်ကို ဂရုမစိုက်သော်လည်း ကျောက်ရင်းကိုတော့ ပစ်ထား၍ မရပေ။
သူက သူမကို တားရန် ပြင်သော်လည်း ကျောက်ရင်းက ပြတ်သားစွာဖြင့် ဆက်ပြောနေသည်။
“ဒါက အထောက်အထား မရှိဘဲ လုပ်ပိုင်ခွင့်ကို အလွဲသုံးစား လုပ်တာပဲ။ ကျွန်မ မကျေနပ်ဘူး... ကျွန်မက အလုပ်သင် တစ်ယောက်အနေနဲ့ ဆရာလင်းအတွက် အာမခံပါတယ်။ သူက အရည်အချင်းရော အကျင့်စာရိတ္တပါ အပြစ်ပြောစရာ မရှိတဲ့ အကဲဖြတ်မှူး တစ်ယောက်ပါ။ ကျွန်မက ပြန်လည် စစ်ဆေးပေးဖို့ တောင်းဆိုပါတယ်။ အကယ်၍ ဆရာလင်းက ဒီရာထူးနဲ့ မထိုက်တန်ဘူးဆိုရင် ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကို ကျွန်မ တာဝန်ယူပါတယ်”
“ကျွန်မကိုလည်း ထည့်ပါ”
လုရှောင်ယုနှင့် ဟန်ဒုန်းတို့ကလည်း အပြေးအလွှား ရောက်လာကြသည်။
“ကျွန်မ လုရှောင်ယုလည်း ဆရာလင်းအတွက် အာမခံပါတယ်”
“ကျွန်တော် ဟန်ဒုန်းလည်း ဆရာလင်းအတွက် အာမခံပါတယ်”
အလုပ်သင် သုံးယောက်စလုံးက ရှေ့သို့ တိုးလာပြီး ဦးညွှတ်ကာ တောင်းဆိုလိုက်ကြသည်။
လင်းကျင်းမှာ စကားပင် မပြောနိုင်တော့ပေ။
သူ တကယ်ကို စိတ်လှုပ်ရှားသွားရသည် ။
“မင်းတို့ကရော ထိုက်တန်တယ် ထင်လို့လား”
ဝမ်ကျိက နှာခေါင်းရှုံ့လိုက်၏။
“မင်းတို့ သုံးယောက်က အလုပ်သင်တွေပဲ ရှိသေးတာ။ တရားဝင် အကဲဖြတ်မှူးတွေ မဟုတ်ဘူး။ ဘာအခွင့်အရေးနဲ့ အာမခံမှာလဲ။ မင်းတို့ ဘာနဲ့ လောင်းကြေးထပ်မှာလဲ။ ငါ သတိပေးလိုက်မယ်၊ လာပြီး ပြဿနာ မရှာနဲ့။ ဒါက ဌာနချုပ်ရဲ့ ဆုံးဖြတ်ချက်ပဲ။ အသင်းချုပ်မှာ ဆက်မနေချင်ရင်လည်း အကုန်လုံး အတူတူ ထွက်သွားလို့ ရတယ်။ ငါ မတားဘူး”
“ကောင်းပြီလေ... ကျွန်မ ထွက်..."
လုရှောင်ယုက ဒေါသတကြီးဖြင့် အော်ပြောရန် ပြင်လိုက်သည်။ သို့သော် သူမ စကားမဆုံးခင်မှာပင် လင်းကျင်းက သူမ၏ ပါးစပ်ကို အမြန် ပိတ်လိုက်သည်။
"အွန်း... အွန်း... "
လုရှောင်ယုမှာ ရုန်းကန်နေသော်လည်း အသံများမှာ လည်ချောင်းထဲတွင် ပိတ်နေတော့သည်။
“တော်တော့... မင်းတို့ သုံးယောက်စလုံး”
လင်းကျင်းက တည်ငြိမ်စွာဖြင့် အမိန့်ပေးလိုက်၏။
“ဆရာလင်း... ကျွန်တော်က ဆရာ့ဆီကနေ ကျေးဇူးတွေ အများကြီး ရထားတာပါ။ အခု ကျွန်တော့်ရဲ့ ကျေးဇူးရှင် အရှက်ခွဲခံနေရတာကို ဘေးကနေ ဒီအတိုင်း ကြည့်နေရမှာလား။ ကျွန်တော် ဆရာ့နောက်ကို လိုက်..."
“ပါးစပ်ပိတ်ထားစမ်း”
လင်းကျင်းက သူတို့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ဟန်ဒုန်းမှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။
သို့သော် သူ၏ မျက်ရည်များကိုမူ မထိန်းနိုင်တော့ပေ။ အမြဲတမ်း ပြုံးပျော်နေတတ်သော ဟန်ဒုန်းကဲ့သို့ လူကောင်ကြီးကြီး ယောင်္ကျားတစ်ယောက်မှာ ငိုကြွေးနေရရှာသည်။
သူတင် မဟုတ်ဘဲ ကျောက်ရင်းနှင့် လုရှောင်ယုတို့၏ မျက်လုံးများတွင်လည်း မျက်ရည်များ ပြည့်နေပေသည်။
လင်းကျင်းကို လူအများရှေ့တွင် အသင်းချုပ် တံခါးဝ၌ တားဆီးထားခြင်းမှာပင် အရှက်ခွဲခြင်း ဖြစ်နေပြီ ဖြစ်သည်။ ဝမ်ကျိက အားလုံးကို ကြေညာရန် တမင်တကာ ရောက်လာခြင်းမှာ ပို၍ပင် ယုတ်မာလှသည်။
လင်းကျင်းကို သီးသန့်ခေါ်ပြီးမှ ဒီသတင်းကို ပြောပြလို့ မရဘူးလား။
ဒါက တမင်တကာ စီစဉ်ထားခြင်း ဖြစ်မှာ သေချာသည်။ ဝမ်ကျိသည် ဌာနချုပ်မှ သတင်းရသည်နှင့် အရှက်ခွဲရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
အလုပ်သင် သုံးယောက်စလုံးမှာ လင်းကျင်း အရှက်ခွဲခံရသည်ကို ကြည့်မနေနိုင်ကြပေ။ ရက်အနည်းငယ်အတွင်းမှာပင် သူတို့သည် အေးအတူ ပူအမျှ ဖြစ်ခဲ့ကြသည်။ လူငယ်ပီပီ မတရားမှုကို တွေ့လျှင် ဒေါသထွက်တတ်ကြသည်မှာ သဘာဝပင် ဖြစ်သည်။
ဒါက လူသားတို့၏ သဘာဝ မဟုတ်ပါလား။
အကယ်၍ လင်းကျင်းသာ သာမန်လူတစ်ယောက် ဖြစ်ခဲ့လျှင် ထိုအချိန်မှာပင် ရူးသွပ်သွားနိုင်သည် ။ သူသည် ဒေါသတကြီး အော်ဟစ်ကာ အရှက်ကွဲခြင်း သို့မဟုတ် ဒေါသကြောင့် သတိလစ်သွားခြင်းမျိုး ဖြစ်သွားနိုင်သည်။
သို့သော် လင်းကျင်းမှာ သာမန်လူ မဟုတ်ပေ။
သူသည် ဟန်ဒုန်း၏ ပခုံးကို ပုတ်ပေးလိုက်ပြီး လုရှောင်ယု၏ ခေါင်းကို အသာအယာ ပွတ်ပေးလိုက်သည် ။ ထို့နောက် ကျောက်ရင်း၏ မျက်ရည်များကို သုတ်ပေးရင်း ပြောလိုက်၏ ။
“မင်းတို့ရဲ့ စေတနာကို ငါ နားလည်ပါတယ်။ ငါ့ကို ဆရာတစ်ယောက်အနေနဲ့ လေးစားသေးတယ်ဆိုရင် ငါ့အမိန့်ကို နာခံကြ။ ဘာမှ ထပ်မပြောနဲ့တော့။ အသင်းချုပ်မှာပဲ ဆက်နေပါ။ မင်းတို့ရဲ့ ပညာတွေကိုပဲ ကြိုးစားသင်ယူကြ။ ကျန်တဲ့ကိစ္စတွေကိုတော့ ငါ့ကိုပဲ လွှဲထားလိုက်ပါ”
သူတို့ သုံးယောက်လုံး ခေါင်းငြိမ့်လိုက်ကြပြီးနောက် လင်းကျင်းက ဝမ်ကျီဘက်သို့ လှည့်လိုက်သည်။
“ဌာနချုပ်ရဲ့ အမိန့်ကို နာခံရမှာက သဘာဝပါပဲ။ ဥက္ကဋ္ဌဝမ်... ကျွန်တော် တစ်ခု မေးပါရစေ။ ဌာနချုပ်က ကျွန်တော့်ရဲ့ အကဲဖြတ်မှူး လက်မှတ်ကိုပဲ ပယ်ဖျက်လိုက်တာလား၊ တခြား ဘာမှ ထပ်မပြောဘူးလား”
လင်းကျင်းက မေးလိုက်၏။
ဝမ်ကျိက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“လင်းကျင်း... ဒါတင် မလုံလောက်သေးဘူးလား။ ကောင်းပြီလေ။ မင်း ကြားချင်တယ်ဆိုရင် ငါ ထပ်ပြောပေးမယ်။ ဟုတ်တယ်။ ဌာနချုပ်က မင်းရဲ့ အကဲဖြတ်မှူး လက်မှတ်ကိုပဲ ပယ်ဖျက်ဖို့ အမိန့်ပေးထားတာ။ အခု သေချာ ကြားပြီလား”
လင်းကျင်းက ခေါင်းငြိမ့်လိုက်၏။
“ဒါဆိုရင်တော့ ကောင်းတာပေါ့။ ဒါကြောင့် ကျွန်တော် သဘက်ခါ ကျင်းပမယ့် အကဲဖြတ်မှူး အရည်အချင်းစစ် စာမေးပွဲကို ဝင်ဖြေဖို့ စာရင်းပေးပါ့မယ်။ ဥက္ကဋ္ဌဝမ်... အဲဒီကျရင် ပြန်တွေ့ကြတာပေါ့”
ထိုသို့ ပြောပြီးနောက် လင်းကျင်းသည် ဝတ်ရုံစကို ခါကာ ထွက်သွားတော့သည်။
လူအုပ်ကြီးမှာ ခဏတာ ဆွံ့အသွားပြီးနောက် ကျယ်လောင်သော ရယ်သံများ ထွက်ပေါ်လာသည်။
“လင်းကျင်း ရူးသွားပြီလား။ သူ အောင်မယ်လို့ တကယ် ထင်နေတာလား”
“ရယ်စရာကြီးပဲ။ သူက အကဲဖြတ်မှူး ဖြစ်ဖို့ ထိုက်တန်တယ်လို့ တကယ် ထင်နေတာလား။ ဌာနချုပ်က စစ်ဆေးရေးမှူးက မျက်စိကန်းနေတာ မဟုတ်ဘူး။ လင်းကျင်းက အရည်အချင်း မရှိဘူးဆိုတဲ့ အထောက်အထား မရှိဘဲနဲ့ ဘာလို့ လက်မှတ် သိမ်းမှာလဲ။ သူက အခုတော့ အရှက်မရှိ ထပ်လုပ်နေပြန်ပြီ”
ဝမ်ကျိကလည်း ခေါင်းခါရင်း ရယ်မောနေသည်။
“မင်း စာမေးပွဲ ဖြေမှာကို ငါ တကယ် စောင့်ကြည့်ချင်ပါသေးတယ်။ ဒါပေမဲ့ မင်း ဒါကို လုပ်တာက စစ်ဆေးရေးမှူးရဲ့ ဆုံးဖြတ်ချက်ကို စိန်ခေါ်လိုက်တာပဲ။ အဲဒီလူက မေပယ်မြို့မှာ ရှိနေဆဲပဲ။ အဲဒီအကြောင်းကိုသာ သူ သိသွားရင် မင်း အောင်ဖို့ နေနေသာသာ အကဲဖြတ်မှူး လုံးဝ မဖြစ်နိုင်အောင် တားမြစ်ခံရလိမ့်မယ်”
ဝမ်ကျိသည် ထိုအကြောင်းကို စစ်ဆေးရေးမှူး ကြားအောင် ‘သေချာ’ လုပ်မှာ ဖြစ်သည်။
ထို့ပြင် ဌာနချုပ်မှ လွှတ်လိုက်သော စစ်ဆေးရေးမှူးမှာ သာမန်လူ မဟုတ်ကြောင်း သူ သိသည်။ အကယ်၍ ထိုကဲ့သို့သော လူက စိတ်ဆိုးသွားလျှင် လင်းကျင်း မည်မျှပင် တော်နေပါစေ ပြန်ပြီး နာမည်ကောင်း ရရန် မဖြစ်နိုင်တော့ပေ။
သားရဲအကဲဖြတ်မှူး အသင်းချုပ်ထဲတွင် တန်လင်းသည် ဝမ်ကျီ၏ အစီရင်ခံစာကို နားထောင်နေရင်း မနေ့ညက ကိစ္စကို ပြန်သတိရကာ ဒေါသများ ပြန်ထွက်လာပြီး မျက်နှာ ပို၍ ပျက်သွားရသည်။
‘သူက လက်မလျှော့သေးဘူးလား။ ဒီလူက အရှက်မရှိတဲ့အပြင် ကိုယ့်နေရာကိုယ်လည်း မသိတဲ့လူပဲ’
သူမက သွားကြိတ်ပြီး တွေးလိုက်မိ၏။
သို့သော် တန်လင်းသည် အပြင်ပန်းတွင် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“သူ စာမေးပွဲ ဖြေချင်ရင်လည်း ပေးဖြေလိုက်ပါ။ ဌာနချုပ်က သူ့ကို စာမေးပွဲ ဖြေခွင့် ပိတ်ပင်ထားတာ မဟုတ်ပါဘူး”
ထိုသို့ ပြောသော်လည်း တန်လင်းမှာ အတော်ပင် ဒေါသထွက်နေဆဲ ဖြစ်သည်မှာ သိသာလှသည်။
ဝမ်ကျိကလည်း ထိုကဲ့သို့သော တုံ့ပြန်မှုကို မျှော်လင့်ထားသဖြင့် ပြောလိုက်၏။
“ကျွန်တော့်ဘက်က ပေါ့လျော့မိလို့ အသင်းချုပ်မှာ ဒီလို လူညံ့တစ်ယောက် ရှိနေတာပါ။ ဟုတ်သားပဲ... အကြီးအကဲတန် ထွက်လာပြီလား”
သူသည် ရိုရိုသေသေ မေးလိုက်သည်။
အကြီးအကဲတန်ဟု လူသိများသော တန်ရွှင်းမှာ ဌာနချုပ်မှ အဆင့် ၃ သားရဲအကဲဖြတ်မှူး ဖြစ်ပြီး မြို့စားမင်းက ဖိတ်ကြားထားသူ ဖြစ်သည်။ ထိုလူကြီးမှာ ဌာနချုပ်တွင် အလွန် မြင့်မားသော ရာထူးကို ပိုင်ဆိုင်ထားပြီး စစ်ဆေးရေးမှူး တန်လင်း၏ ဖခင်လည်း ဖြစ်သည်။
တန်လင်းက ခေါင်းခါပြလိုက်၏။
“ကျွန်မ အဖေက အခုထိ မြေအောက်မီးဝိညာဉ်စမ်းချောင်းမှာပဲ ရှိသေးတယ်။ အကြီးအကဲမို၊ အကြီးအကဲတုတို့နဲ့ အတူ တံဆိပ်ခတ်နှိပ်မှုကို ဘယ်လို ခိုင်မာအောင် လုပ်မလဲဆိုတာ ဆွေးနွေးနေကြတုန်းပဲ။ သူတို့ အချိန်အတော်ကြာဦးမယ် ထင်တယ်။ သူ ပြန်လာတဲ့အထိ ကျွန်မ ဒီမှာပဲ စောင့်နေပါ့မယ်”