← Chapters

အခန်း (၂၀၁)

Vol. 21 Ch. 201

အခန်း (၂၀၁)

Vol. 21 Ch. 201

ဖန်းမိသားစုခေါင်းဆောင်သည် ယခုလုပ်ကြံရေးမစ်ရှင်၏ ရှေ့ထွက်သာမက အဓိကစီစဉ်သူလည်း ဖြစ်သည်။

ယခုအချိန်တွင် သူသည် အညိုရောင်အမွေးများဖြင့် ဖုံးလွှမ်းနေသော မြွေပါသားမွေးဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် ဦးထုပ်အသေးလေး ဆောင်းထားကာ မျက်နှာတစ်ခုလုံးကိုလည်း အနက်ရောင်ဆေးမှုန့်များ သုတ်လိမ်းထားသည်။ ပုံစံမှာ အတော်ပင် ရယ်ချင်စရာကောင်းလှပြီး ပုံမှန်မြင်တွေ့နေကျ အရှိန်အဝါကြီးမားသော မျိုးနွယ်စုခေါင်းဆောင်တစ်ဦးနှင့် လုံးဝကွာခြားနေတော့သည်။

သူ၏ဦးဆောင်မှုအပေါ် မည်သူမျှ ကန့်ကွက်ခြင်းမရှိကြချေ။ သားရဲများမှာ တစ်ကောင်နှင့်တစ်ကောင် ပူးကပ်သိပ်သည်းနေသဖြင့် ၎င်းတို့၏ ဧရာမခန္ဓာကိုယ်ကြီးများက တစ်ခါတစ်ရံ ရိုင်းစိုင်းစွာ ပွတ်တိုက်မိတတ်ကြသည်။ သို့သော် လုံယီနှင့် အဖွဲ့သားများသည် သူတို့ခန္ဓာကိုယ်ကို အကောင်းဆုံး ထိန်းချုပ်နိုင်စွမ်းရှိသဖြင့် အာရုံစိုက်မခံရစေရန် ကျွမ်းကျင်စွာပင် ရှောင်တိမ်းသွားနိုင်ကြသည်။

ဉာဏ်ရည်အနည်းငယ်ရှိသော ဝိညာဉ်သားရဲအချို့မှာမူ လုံယီတို့အဖွဲ့၏ ထူးဆန်းသောပုံစံကို ကြည့်ပြီး ဇဝေဇဝါဖြစ်နေပုံပင်။ သို့သော် လုံယီတို့မှာ သူတို့အပေါ် ကျရောက်လာသော အကြည့်များကို အာရုံခံနိုင်စွမ်းရှိကြသဖြင့် တစ်စုံတစ်ဦးက သတိထားမိသည်နှင့် ချက်ချင်းပင် နေရာပြောင်းလဲလိုက်ကြပြီး ဒုတိယအကြိမ် ပြန်လည်အကဲခတ်ခွင့် မပေးတော့ချေ။

ဤသို့ဖြင့် တစ်လှမ်းချင်း တိုးထွက်လာခဲ့ရာ မကြာမီမှာပင် သားရဲအုပ်ကြီး၏ ဗဟိုချက်သို့ ရောက်ရှိလာခဲ့သည်။ ဤနေရာရှိ သားရဲများမှာ အပြင်ဘက်ရှိ သားရဲများထက် ပိုမိုကြီးမားပြီး ၎င်းတို့၏ မျက်လုံးများမှာလည်း ပိုမိုသွက်လက်ကာ အသိဉာဏ်ရှိပုံရသည်။

ကျားများ၊ ဝက်ဝံများ၊ ကျားသစ်များနှင့် တောဝံပုလွေများကဲ့သို့သော သားစားသတ္တဝါကြီးများကို ပိုမိုတွေ့ရှိလာရသည်။ လုံယီနှင့် အဖွဲ့သားများသည် ကိုယ်ကိုနှိမ့်ကာ အသက်ရှူနှုန်းကို မှန်မှန်ထိန်းထားကြပြီး ပိုလျှံသောအသံတစ်စုံတစ်ရာ ထွက်မလာစေရန် ပါးစပ်ကို တင်းတင်းပိတ်ထားကြသည်။ ယခုကဲ့သို့သော အခြေအနေမျိုးတွင်သာ ရန်သူက ရိပ်မိ၍ ဝိုင်းအုံတိုက်ခိုက်ခံရပါက သူတို့၏ စွမ်းရည်ဖြင့်ပင် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။

သို့သော် ကြောက်သည့်အလုပ်ကို ပိုလုပ်ရတတ်သည်ဆိုသကဲ့သို့ပင်။

ကိုယ်ထည် အလျားပေ ၂၀ ကျော်ခန့်ရှိပြီး ဓားကြီးများသဖွယ် ဝါကျင်ကျင်အစွယ်များရှိသော တောဝက်ရိုင်းဝိညာဉ်နက်ကြီးတစ်ကောင်သည် သူတို့ရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ ၎င်းသည် လုံယီတို့အဖွဲ့ကို သံသယဖြစ်ဖွယ်ကြည့်ရှုပြီးနောက် အဘိုးကြီးရွှီ၏ အနားသို့ ကပ်လာခဲ့သည်။ ၎င်း၏ စပျစ်သီးအရွယ်ခန့်ရှိသော မျက်လုံးနက်ကြီးများမှာ အဘိုးကြီးရွှီကိုသာ စိုက်ကြည့်နေတော့သည်။

အတိအကျဆိုရလျှင် အဘိုးကြီးရွှီ၏ ဝမ်းဗိုက်အထိ ကျနေသော မုတ်ဆိတ်ဖြူရှည်ကြီးကို စိုက်ကြည့်နေခြင်းပင်။

“အူး... အူး...”

တောဝက်ရိုင်းဝိညာဉ်ကြီးသည် ၎င်းတို့၏ ဘာသာစကားအတိုင်း အဘိုးကြီးရွှီကို နှုတ်ဆက်လိုက်သည်။ အဘိုးကြီးရွှီသည် မည်သည့်အရိပ်အယောင်မျှ မပြဘဲ လောကပြင်ပမှ အရာအားလုံးကို စွန့်ခွာထားသည့် ရဟန္တာတစ်ပါးကဲ့သို့ တည်ငြိမ်စွာဖြင့် လျစ်လျူရှုထားလိုက်သည်။

“အူး... အူး... အူး...”

ဤတစ်ကြိမ်တွင်မူ တောဝက်ရိုင်းနက်ကြီးသည် စိတ်တိုသွားပုံရပြီး ၎င်း၏အော်သံမှာ ယခင်ကထက် ပိုမိုစူးရှကာ အလျင်စလို ဖြစ်လာသည်။ ၎င်းသည် သားရဲများအကြားတွင် ထူးခြားသောအဆင့်အတန်းတစ်ခု ရှိပုံပင်။

ချက်ချင်းဆိုသလိုပင် အနားရှိ သားရဲအများအပြားသည် လုံယီတို့အဖွဲ့ရှိရာသို့ လှည့်ကြည့်လာကြပြီး တဖြည်းဖြည်းချင်း အနားသို့ ကပ်လာကြတော့သည်။ ဤအခြေအနေတွင် ထွက်ပြေးရန်မှာ မဖြစ်နိုင်တော့ချေ။

“တောက်”

လုံယီ တစ်ယောက် တကယ်ပင် ဆဲရေးလိုက်ချင်စိတ် ပေါက်သွားတော့သည်။ ဤမျှ အန္တရာယ်များလှသော တာဝန်ကို ထမ်းဆောင်နေပါလျက် မုတ်ဆိတ်ဖြူရှည်ကြီးကို မရိပ်ဘဲ အပြင်သို့ ထွက်နေအောင် ထားရှိခြင်းမှာ ပြဿနာရှာနေခြင်းပင်။

ခေါင်းဆောင်ဖန်းနှင့် အစောင့်တပ်မှူးလင်းတို့၏ မျက်နှာများမှာလည်း ပျက်ယွင်းသွားပြီး ကြွက်သားများ တင်းမာနေကာ အချိန်မရွေး ထွက်ပြေးရန် အသင့်ဖြစ်နေကြသည်။ အားလုံး၏ အလယ်ဗဟိုတွင် ရောက်နေသော အဘိုးကြီးရွှီမှာမူ နှစ်ပေါင်းများစွာ မခံစားခဲ့ရသော ထိတ်လန့်မှုကို ခံစားနေရပြီး သူ၏နှလုံးခုန်သံမှာ သိသိသာသာ မြန်ဆန်လာခဲ့သည်။

“မြန်မြန်... ဝက်အော်သံအတိုင်း လိုက်အော်လိုက်”

လုံယီက လေသံတိုးတိုးဖြင့် အကြံပြုလိုက်သည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် အဘိုးကြီးရွှီ၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။

“မဟုတ်ရင်တော့ ကျွန်တော်တို့ အစီအစဉ် ပျက်တော့မှာပဲ။ အဲဒီအခါ မြို့စားမင်းက မေးလာရင်တော့ အဘိုးကြီးရွှီ... ခင်ဗျားပဲ တာဝန်ယူရလိမ့်မယ်နော်”

လုံယီက ဆက်ပြောလိုက်သည်။

“အူး... အူး... အူး”

တောဝက်ရိုင်းနက်ကြီး၏ မျက်လုံးများတွင် ဒေါသရိပ်များ ပိုမိုထင်ဟပ်လာပြီး ၎င်း၏အသံမှာလည်း ပိုမိုကျယ်လောင်လာကာ ပေါက်ကွဲထွက်တော့မည့် အတိုင်းအတာသို့ ရောက်နေပြီဖြစ်သည်။

“ဆရာကြီးရွှီ... အခုတော့ ဒီအရှက်ကွဲမှုကို သည်းခံလိုက်ပါဦး”

ခေါင်းဆောင်ဖန်းကလည်း ဝင်ရောက် ဖျောင်းဖျပြန်သည်။ အစောင့်တပ်မှူးလင်းကမူ စကားတစ်လုံးမျှ မဆိုသော်လည်း သူ၏ တောက်လောင်နေသော မျက်ဝန်းများက စကားလုံးများထက် ပိုမို၍ ဖိအားပေးနေတော့သည်။

အခြေအနေမှာ အလွန်ပင် စိုးရိမ်ရလှသဖြင့် အဘိုးကြီးရွှီသည် အလွန်အမင်း မလိုလားသော်လည်း အစီအစဉ် အောင်မြင်ရန်နှင့် အများအကျိုးအတွက်ကြောင့်သာ ဤအရှက်ရမှုကို အံကြိတ်ကာ မြိုသိပ်လိုက်ရတော့သည်။

“အူး... အူး... အူး...”

သူသည် အလိုမကျသော်လည်း ညည်းတွားသံခပ်တိုးတိုးကို မဖြစ်မနေ ထုတ်ဖော်လိုက်ရသည်။ ထိုအခါမှ တောဝက်ရိုင်းနက်ကြီး၏ ဒေါသမှာ အနည်းငယ် ပြေလျော့သွားပြီး အဘိုးကြီးရွှီကို အူးအူး ဟု ထပ်မံ၍ အသံပေးကာ ဆက်သွယ်လာပြန်သည်။

ဝက်အော်သံကို တစ်ကြိမ်တုပလိုက်ပြီးနောက်တွင်မူ အဘိုးကြီးရွှီ၏ စိတ်အစွဲမှာ လျော့ပါးသွားခဲ့ပြီဖြစ်သည်။ သူသည် အသံပို၍ တူညီစေရန် သူ၏စစ်မှန်သောခွန်အားကို အသုံးပြု၍ လည်ချောင်းကိုပင် နှိုးဆွလိုက်ပြီး တောဝက်ရိုင်းနက်ကြီး၏ အသံနေအသံထားမျိုးပါ ထွက်ပေါ်လာအောင် လုပ်ဆောင်လိုက်သည်။

အဓိပ္ပာယ်ကို နားမလည်သော်လည်း ဤသို့လုပ်ဆောင်ခြင်းက ပို၍ယုံကြည်စိတ်ချရမည်ဟု သူယူဆလိုက်ခြင်းဖြစ်သည်။ အမှန်တကယ်ပင် တောဝက်ရိုင်းနက်ကြီး၏ ဒေါသမှာ လုံးဝပျောက်ကွယ်သွားပြီး ပျော်ရွှင်စွာဖြင့် အကြိမ်အနည်းငယ် ပြန်လည်အော်ဟစ်တော့သည်။ နောက်ဆုံးတွင်မူ ၎င်း၏ ဝါကျင်ကျင် နှပ်ချေးများဖြင့် ပေကျံနေသော နှာခေါင်းကြီးဖြင့် အဘိုးကြီးရွှီကို တို့ထိနှုတ်ဆက်ရန် ပြင်တော့သည်။

“မြန်မြန်... ခင်ဗျားလည်း ပြန်တို့ပေးလိုက်ဦး”

လုံယီက တိုက်တွန်းလိုက်ပြန်သည်။ ကျန်ရှိသော နှစ်ဦး၏ မျက်ဝန်းများကလည်း အားပေးသည့်အမူအရာကို ပြသနေကြသည်။

ငါ့အသက် ခုနစ်ဆယ်အတွင်း ထိုင်မြို့ရဲ့ ထိပ်တန်းသိုင်းပညာရှင်တစ်ယောက်အဖြစ် ဘယ်တုန်းကများ ဒီလောက်အထိ အရှက်ကွဲဖူးလို့လဲ။

အဘိုးကြီးရွှီသည် ဒေါသတကြီး တွေးနေသော်လည်း သူ၏ခေါင်းမှာမူ ရိုးသားစွာဖြင့် ရှေ့သို့ တိုးပေးလိုက်ရှာသည်။

ဖတ်..

တောဝက်ရိုင်းနက်ကြီး ထွက်ခွာသွားချိန်တွင် အဘိုးကြီးရွှီ၏ မျက်နှာတစ်ခြမ်းလုံးမှာ ဝါကျင်ကျင်အရောင်များ ပေကျံသွားတော့သည်။ လုံယီမှာမူ ရင်ဘတ်ထဲမှ ထွက်ပေါ်လာတော့မည့် ရယ်သံကို မနည်းအောင့်ထားရသဖြင့် ဝမ်းဗိုက်ကို ဖိထားကာ ပါးစောင်များပင် ဖောင်းတက်နေတော့သည်။ ခေါင်းဆောင်ဖန်းနှင့် အစောင့်တပ်မှူးလင်းတို့မှာလည်း မျက်နှာကြွက်သားများ အနည်းငယ် တုန်ယင်နေကြသည်။

ကံကောင်းသည်မှာ သိုင်းပညာရှင်များဖြစ်သဖြင့် ခန္ဓာကိုယ်ကို ကောင်းစွာထိန်းချုပ်နိုင်ကာ မည်သည့်အသံမျှ ထွက်မလာခဲ့ချေ။ အဘိုးကြီးရွှီတစ်ဦးသာ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်သက်နေပြီး မျက်နှာမှာလည်း သစ်သားပြားကဲ့သို့ အသက်မဲ့နေတော့သည်။

“ဒီမုတ်ဆိတ်ကြီးက သိပ်အန္တရာယ်များတယ်”

လုံယီသည် သူ့အနားသို့ လျှောက်သွားကာ ရင်ဘတ်အတွင်းမှ ပုဆိန်ကို ထုတ်လိုက်ပြီး အဘိုးကြီးရွှီ၏ တလူလူလွင့်နေသော မုတ်ဆိတ်ရှည်ကြီးကို ကျွမ်းကျင်စွာပင် ပိုင်းဖြတ်လိုက်သည်။ ထို့နောက် လှီးဖြတ်ထားသော ဟင်းသီးဟင်းရွက်အရွက်များအလား မြေပြင်ပေါ်သို့ ပစ်ချလိုက်တော့သည်။

မူလက ခန့်ညားထည်ဝါလှသော နှစ်ပေခန့်ရှည်သည့် မုတ်ဆိတ်ကြီးမှာ ယခုမူ ပြတ်တောက်နေသော ကြွက်မြီးနှင့်ပင် ဆင်တူနေတော့သည်။

“ကောင်းတယ်... သိပ်ကောင်းတာပဲ”

အဘိုးကြီးရွှီ၏ မျက်ဝန်းများထဲတွင် ဖုံးကွယ်ထား၍မရသော သတ်ဖြတ်လိုစိတ်များ ဝင်းလက်လာသည်။

“အားမနာပါနဲ့ဗျာ လူကြီးမိဘကို ရိုသေတာဟာ မဟာဝေပြည်ကြီးရဲ့ ရိုးရာဓလေ့ ကောင်းတစ်ခုပဲလေ”

လုံယီက ဘာမှမဖြစ်သလိုပင် လက်ဝှေ့ယမ်းပြလိုက်သည်။

“ကဲ... တော်ကြပါတော့ ငါတို့ ဆက်သွားရအောင်။ အချိန်က သိပ်မရှိတော့ဘူး”

ထိုနှစ်ဦး တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ခေါင်းဆောင်ဖန်းက ရှားရှားပါးပါးပင် ကြားဝင်စေ့စပ်ပေးရတော့သည်။

သူတို့သည် ရှေ့သို့ ဆက်လက်တိုးထွက်လာခဲ့ကြပြီး ယခင်ကကဲ့သို့ အရှက်ရဖွယ်ကိစ္စမျိုး ထပ်မံမကြုံတွေ့ရစေရန် ယခုတစ်ကြိမ်တွင် ပိုမို၍ သတိထားလာကြသည်။ အဘိုးကြီးရွှီ မုတ်ဆိတ်ရိပ်လိုက်၍ပင်လားမသိပေ။ သူတို့၏ ကံဇာတာမှာ သိသိသာသာ ကောင်းမွန်လာခဲ့သည်။ ရှေ့ဆက်ရမည့်လမ်းတွင် မည်သည့်မမျှော်လင့်ထားသော အနှောင့်အယှက်မျှ မရှိဘဲ အဆင်ပြေချောမွေ့စွာ ခရီးဆက်နိုင်ခဲ့ကြသည်။

သားရဲအုပ်ကြီးများကြားတွင် ငါးမိုင်၊ ခြောက်မိုင်ခန့် တိုးဝှေ့လာပြီးနောက်တွင်မူ တစ်ဧကခန့် ကျယ်ဝန်းသော ကြည်လင်သည့် ကန်ရေပြင်တစ်ခုသို့ ရောက်ရှိလာကြသည်။ ကန်ပေါင်ပေါ်တွင်မူ ဧရာမဝံပုလွေမိစ္ဆာ ခုနစ်ကောင်မှာ မတ်တတ်ရပ်လျက်တစ်မျိုး၊ လဲလျောင်းလျက်တစ်ဖုံ ရှိနေကြသည်။

၎င်းတို့တစ်ကောင်ချင်းစီတွင် ခေါင်းကြီးတစ်လုံးနှင့် ခေါင်းငယ်တစ်လုံးစီ ရှိကြပြီး ကိုယ်ထည်မှာ ပေ ၂၀ ကျော်ထက်မက ရှည်လျားကြသည်။ ခန္ဓာကိုယ်တစ်ခုလုံးကို သန်မာထူထဲသော အမွေးအမှင်များ ဖုံးလွှမ်းထားကာ ၎င်းတို့၏ အမြီးများမှာ သံမဏိနှင်တံများအလား လေထဲတွင် ဝှေ့ယမ်းနေပြီး တစ်ခါတစ်ရံတွင် စူးရှသော လေတိုးသံများကိုပင် ကြားနေရသည်။

ထိုဝံပုလွေမိစ္ဆာများအနက် ခြောက်ကောင်မှာ မီးခိုးရောင်ဖြစ်ပြီး သူတို့၏ ပစ်မှတ်မှာမူ အလယ်ဗဟိုတည့်တည့်ရှိ အနီရောင်အမွေးများဖြင့် ဖုံးလွှမ်းနေသော ကောင်ဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ရရှိထားသော သတင်းအချက်အလက်များအရ ထိုအနီရောင်ဝံပုလွေမိစ္ဆာမှာ ဝံပုလွေခုနစ်ကောင်အကြား စစ်မှန်သော သားရဲဘုရင်ဖြစ်ပြီး သားရဲအုပ်ကြီးကို အမိန့်ပေးနိုင်သည့် တစ်ကောင်တည်းသော ခေါင်းဆောင်ဖြစ်သည်။ အကယ်၍ ၎င်းကိုသာ သတ်ဖြတ်နိုင်ပါက သားရဲလှိုင်းများ ဆုတ်ခွာသွားပေလိမ့်မည်။

“ခေါင်းဆောင်ဖန်း... ခင်ဗျား လှုပ်ရှားရမယ့် အချိန်ရောက်ပြီ”

လုံယီက တည်ငြိမ်စွာ ပြောလိုက်သည်။

“ကောင်းပြီ”

ခေါင်းဆောင်ဖန်းက ခေါင်းညိတ်ပြကာ “ငါက အနီးဆုံးတစ်ကောင်ကို တိုက်ခိုက်ပြီး အရှေ့ဘက်ကို ထွက်ပြေးမယ်။ မင်းတို့ကတော့ အခွင့်ကောင်းယူပြီး အနီရောင်ဝံပုလွေကို တစ်ချက်တည်းနဲ့ အပြတ်သတ်ရမယ်။ ဒီတစ်ကြိမ်သာ မအောင်မြင်ရင် နောက်တစ်ခါ အခွင့်အရေးရဖို့ ခက်လိမ့်မယ်”

ညွှန်ကြားချက်များ ပေးပြီးနောက် သူသည် ရှေ့သို့ တက်လှမ်းရန် ပြင်လိုက်သည်။

“ဒါနဲ့ လုံယီ...”

ခေါင်းဆောင်ဖန်းက ရုတ်တရက် လှမ်းခေါ်လိုက်သည်။

“ဗျာ”

လုံယီက နောက်သို့ လှည့်ကြည့်လိုက်သည်။

ထိုခဏ၌ပင်..

ဘုန်း

အဖြူရောင် လေဖိအားလှိုင်း နှစ်ခုသည် လုံယီ၏ ဝဲဘက်နှင့် ယာဘက်တို့မှ တရဟုန်ထိုး ပြေးဝင်လာသည်။ လုံယီသည် တစ်ခုကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း အခြားတစ်ခုမှာမူ သူ့ကို တိုက်ရိုက်ထိမှန်သွားကာ သူ၏ ခန္ဓာကိုယ်မှာ လွင့်စင်သွားတော့သည်။

All Chapters