အခန်း (၂၀၂)
Vol. 21 Ch. 202
လုံယီ ဤထောင်ချောက်အတွင်းသို့ သက်ဆင်းသွားရခြင်းမှာ အကြောင်းရင်း နှစ်ရပ်ရှိသည်။
ပထမအချက်မှာ ခေါင်းဆောင်ဖန်းက သူ၏အမည်ကို ရုတ်တရက် လှမ်းခေါ်လိုက်သဖြင့် အာရုံစူးစိုက်မှု လွတ်သွားခြင်းဖြစ်ပြီး ဒုတိယအချက်မှာ သူတို့လေးဦးက အလွန်နီးကပ်စွာ ရှိနေကြသဖြင့် သူ၏ ကိုယ်ဟန်သိုင်း မည်မျှပင် ထူးချွန်စေကာမူ ဤမျှနီးကပ်သော အကွာအဝေးမှ ရှောင်တိမ်းရန် ခက်ခဲသွားခြင်းကြောင့်ပင်။
ဤမျှ နီးကပ်သောနေရာမှ ထွက်ပေါ်လာသော လေဖိအားလှိုင်းမှာ လုံယီကို အပြင်းအထန် ဒဏ်ရာရစေနိုင်လောက်အောင် အစွမ်းမထက်လှသော်လည်း ခေါင်းဆောင်ဖန်းနှင့် အခြားသူများ၏ ရည်ရွယ်ချက်မှာလည်း သူ့ကို ဒဏ်ရာရစေရန် မဟုတ်ချေ။
သူတို့သည် လုံယီကို သားရဲအုပ်ကြီးထဲသို့ ပစ်ချလိုက်ခြင်းဖြင့် သားရဲများ၏ အာရုံကို လွှဲစေပြီး ထိုအခွင့်ကောင်းကို အသုံးချကာ သားရဲဘုရင်ကို လုပ်ကြံရန် ကြံစည်ထားခြင်းဖြစ်သည်။ ဤသို့ဖြင့် သူတို့အတွက် အဓိကခြိမ်းခြောက်မှုဖြစ်နေသော လုံယီကို ဖယ်ရှားနိုင်မည့်အပြင် သားရဲဘုရင်ကိုပါ သုတ်သင်နိုင်မည်ဖြစ်ရာ လက်လွှတ်ခဲ့ရသော ပိုင်ဆိုင်မှုများစွာကိုလည်း ပြန်လည်ရရှိနိုင်ပေမည်။ ၎င်းမှာ သူတို့အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ် အခြေအနေပင်။
ဤအချိန်တွင် ခေါင်းဆောင်ဖန်း၊ အဘိုးကြီးရွှီနှင့် အခြားသူများ၏ မျက်နှာတွင် သူတို့၏ အကြံအစည် အောင်မြင်သွားသဖြင့် ကျေနပ်ပီတိဖြစ်နေသော အမူအရာများ ထင်ဟပ်နေသည်။ အထူးသဖြင့် အဘိုးကြီးရွှီမှာမူ လက်စားချေနိုင်ခဲ့သည့်အတွက် အတိုင်းမသိ ကျေနပ်နေတော့သည်။ လုံယီက သူ့အား ဝက်အော်သံ အတင်းတုပခိုင်းခဲ့သည့် မြင်ကွင်းကို သူ ဘယ်သောအခါမှ မေ့နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် မမျှော်လင့်ထားဘဲ လုံယီသည် လေထဲတွင် လွင့်စင်သွားစဉ်မှာပင် ကြိုတင်ပြင်ဆင်ထားပုံရကာ သူ၏လက်ထဲမှ အဖြူရောင်ကျောက်ခဲလေးများကို ဆုပ်ကိုင်လျက် ထို မိတ်ဆွေ များရှိရာသို့ နတ်သမီး ပန်းကြဲသည့်အလား အားကုန် ပစ်ပေါက်လိုက်တော့သည်။
“အရူးပဲ”
ခေါင်းဆောင်ဖန်းနှင့် အခြားသူများမှာ လက်နက်ပင် မထုတ်ဘဲ လက်ဝါးလေလှိုင်းကို အသာအယာ ထုတ်လိုက်ရုံဖြင့် ထိုကျောက်ခဲလေးများမှာ သူတို့ထံသို့ မရောက်မီ လေထဲမှာပင် ကြေမွသွားတော့သည်။
ထူးဆန်းသည်မှာ ကျောက်ခဲများ ကြေမွသွားပြီးနောက်တွင်မူ နီရဲသော အရည်များစွာမှာ ရုတ်တရက် ထွက်ပေါ်လာခြင်းပင်။ ကောင်းကင်တစ်ခုလုံးတွင် သွေးမိုးများ ရွာသွန်းဖြာကျလာသကဲ့သို့ ဖြစ်သွားပြီး ထိုသူသုံးဦးကို ချက်ချင်းပင် ရွှဲရွှဲစိုသွားစေတော့သည်။ သူတို့ အတတ်နိုင်ဆုံး ရှောင်တိမ်းခဲ့ကြသော်လည်း အနီရောင်အစွန်းအထင်းများမှာ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ပေကျံသွားခဲ့ပြီ ဖြစ်သည်။
“မကောင်းတော့ဘူး ဒါ လူသွေးတွေပဲ”
ခေါင်းဆောင်ဖန်းက ထိတ်လန့်တကြားနှင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဒီကောင်စုတ်လေး... တကယ်ကို ယုတ်မာလွန်းတဲ့ စိတ်ထားပဲ”
အဘိုးကြီးရွှီလည်း မဆဲဘဲ မနေနိုင်တော့ချေ။
လက်ရှိ မြို့တွင်းတိုက်ပွဲများတွင် နေ့စဉ်နှင့်အမျှ လူများ သေဆုံးနေကြရာ လုံယီအတွက် လူသွေး စုဆောင်းရန်မှာ သေးငယ်သော ကိစ္စမျှသာ ဖြစ်သည်။ ထိုသွေးများကို ရွှံ့စေးခဲများအတွင်း ထည့်သွင်းသိုလှောင်ရန် ကျွမ်းကျင်သူများကို ငှားရမ်းခြင်းမှာလည်း ခက်ခဲသည့်ကိစ္စ မဟုတ်ပေ။
ဤသားရဲမိစ္ဆာများအတွက်မူ လူသွေးနံ့ဆိုသည်မှာ မှောင်မိုက်သော ညဦးယံတွင် ထွန်းညှိထားသော မီးပြတိုက်ကြီးကဲ့သို့ သိသာထင်ရှားလွန်းလှပေသည်။
သားရဲနှင်ဆေးမှုန့်မည်မျှပင် အစွမ်းထက်စေကာမူ ယခုကဲ့သို့ သွေးနံ့လှိုင်နေသည့် အခြေအနေမျိုးတွင်မူ သူတို့ကို လုံးဝဖုံးကွယ်ပေးနိုင်ခြင်း မရှိတော့ချေ။
အစောင့်တပ်မှူး လင်းသည် သူ၏ကျောနောက်မှ သုံးပေခန့်ရှည်သော သံတုတ်ကို လျင်မြန်စွာ ဆွဲထုတ်လိုက်သည်။ ချောက် ချောက် ဟူသော အသံအချို့နှင့်အတူ ထိုသံတုတ်မှာ ငွေရောင်တောက်ပနေသော လှံရှည်တစ်စင်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။ ခေါင်းဆောင်ဖန်းကလည်း သူ၏ တန်ဖိုးကြီးလှသော ဓားမြှောင်ကို ထုတ်လိုက်သလို အဘိုးကြီးရွှီကလည်း နီရဲသော အဖိုးတန်ဓားတစ်လက်ကို အသင့်ပြင်လိုက်သည်။
သူတို့သည် အစပိုင်းတွင် အလွန်အမင်း ထိတ်လန့်ခြင်းမရှိကြသေးပေ။ အကြောင်းမှာ လုံယီသည် ရှေ့ဆုံးသို့ ရောက်ရှိသွားပြီဖြစ်၍ သားရဲမိစ္ဆာများ၏ အာရုံစိုက်မှုကို ခံရမည်ဟု ယူဆထားသောကြောင့်ဖြစ်သည်။ သို့သော် ရှေ့သို့ လှမ်းကြည့်လိုက်သောအခါတွင်မူ သူတို့၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပျက်ယွင်းသွားတော့သည်။
လုံယီသည် ဝံပုလွေမိစ္ဆာများ၏ နယ်မြေဖြစ်သော ကန်ဘေးရှိ ဟင်းလင်းပြင်ပေါ်သို့ ကျရောက်သွားသည်မှာ မှန်သော်လည်းဝံပုလွေမိစ္ဆာများသည် သူ့ကို မမြင်သကဲ့သို့ ရှိနေကြပြီး အာရုံအားလုံးကို သူတို့ သုံးဦးထံသို့သာ လှည့်လာကြတော့သည်။
“ဝူးးးးး...”
အနီရောင်ဝံပုလွေဘုရင်က ချက်ချင်းပင် ဟိန်းဟောက်လိုက်သည်။ လူသားများသည် မကောင်းသော ရည်ရွယ်ချက်ဖြင့် ၎င်းတို့၏ နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာလိမ့်မည်ဟု ၎င်း လုံးဝ မျှော်လင့်မထားခဲ့ပေ။
ရှူး... ရှူး... ရှူး
သားရဲဘုရင်၏ ဟိန်းဟောက်သံကို ကြားသည်နှင့် တစ်ပြိုင်နက် သားရဲခေါင်းများအားလုံးသည် သူတို့ရှိရာသို့ ဖြတ်ခနဲ လှည့်လာကြပြီး ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်များဖြင့် သူတို့ သုံးဦးကို စိုက်ကြည့်နေကြတော့သည်။ ထိုမြင်ကွင်းကြောင့် သူတို့ သုံးဦးမှာ အရိုးထဲအထိ စိမ့်အောင် အေးစက်သွားကြသည်။
တစ်ဖက်တွင်မူ လုံယီသည် မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ သားရဲအုပ်များအကြားတွင် လျင်မြန်စွာ တိုးဝှေ့ရှောင်တိမ်းရင်း သူတို့၏ အမြင်အာရုံထဲမှ အေးအေးလူလူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
“ငါ….သောက်ခွေးမသား…”
ခေါင်းဆောင်ဖန်း၊ အစောင့်တပ်မှူး လင်းနှင့် အဘိုးကြီးရွှီတို့သည် ဒေါသထွက်လွန်းသဖြင့် အသံထွက်၍ပင် ဆဲရေးလိုက်ချင်တော့သည်။
“ငါတို့ လွတ်လမ်းရှာဖို့ဆိုရင် အဲဒီအနီရောင်ဝံပုလွေကို မဖြစ်မနေ သတ်ရမယ်”
အဘိုးကြီးရွှီက ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။
ယခုအချိန်တွင် သူတို့ သုံးဦးမှာ သားရဲအုပ်ကြီး၏ နယ်မြေအတွင်းသို့ နက်ရှိုင်းစွာ ရောက်ရှိနေကြပြီး ရန်သူများ ဝိုင်းရံခြင်းကို ခံထားရပြီဖြစ်သည်။ ထွက်ပြေးရန်ပင် ခက်ခဲနေသည့်အပြင် အသက်ဆုံးရှုံးနိုင်သည့် အန္တရာယ်လည်း အလွန်ကြီးမားနေသည်။ ထိုသို့သော အခြေအနေမျိုးတွင် အန္တရာယ်ရှိသော လောင်းကြေးကို ထပ်လိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ခေါင်းဆောင်ဖန်းနှင့် အစောင့်တပ်မှူးလင်းတို့သည်လည်း ဝါရင့်သိုင်းပညာရှင်များ ဖြစ်ကြသည့်အလျောက် ပြတ်သားသော သူများဖြစ်သည်။ အဘိုးကြီးရွှီ၏ စကားမှာ တစ်ခုတည်းသော လွတ်လမ်းမှန်း သိရှိသွားကြသဖြင့် သူတို့သည် ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်ကြသည်။
လေတိုးသံများနှင့်အတူ ဝတ်ရုံများ တလူလူ လွင့်သွားကာ သူတို့ သုံးဦးသည် မည်သည့်အစွမ်းကိုမျှ ချန်မထားတော့ဘဲ ကိုယ်ဟန်သိုင်းများကို အသုံးပြု၍ အနီရောင်ဝံပုလွေမိစ္ဆာရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြတော့သည်။
“ဝူးးး...”
နီရဲသော အမွေးအမှင်များရှိသည့် ဝံပုလွေမိစ္ဆာသည် သူတို့ထံမှ အန္တရာယ်ကို အာရုံခံမိသွားသဖြင့် သတိထားကာ နောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားပြီး အကာအကွယ်အဖြစ် မီးခိုးရောင်ဝံပုလွေမိစ္ဆာ အများအပြားကို ဆင့်ခေါ်လိုက်တော့သည်။
“ငါ့ရှေ့က ဖယ်စမ်း”
တပ်မှူးလင်းသည် သူ၏လှံကို အလျားလိုက်ဝှေ့ယမ်းကာ လမ်းပိတ်ထားသော ခေါင်းနှစ်လုံးပါ မီးခိုးရောင်ဝံပုလွေမိစ္ဆာကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ ထိုဝံပုလွေမိစ္ဆာသည် ယပ်တောင်ကြီးအလား ကြီးမားလှသော ခြေဖဝါးကို မြှောက်၍ ခုခံသည်။ ခြေချောင်းတိုင်းမှ ထွက်ပေါ်နေသော ရှည်လျားထက်မြက်သည့် လက်သည်းနက်ကြီးများသည် ဓားသွားများအလား တောက်ပနေပြီး လှံရိုးကို ရိုက်ချလိုက်သည်။
ကလောင်….
လှံရိုးမှာ ဝံပုလွေမိစ္ဆာ၏ ကြီးမားလှသော ခွန်အားကြောင့် လမ်းကြောင်းလွဲသွားသော်လည်း တပ်မှူးလင်းသည် ထိုအရှိန်ကို အသုံးချကာ အခြားတစ်ဖက်သို့ ပြန်လည် ထိုးနှက်လိုက်ပြန်သည်။ လှံဖျားမှ အဖြူရောင်လှံအလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာပြီး အနားသို့ ကပ်လာသော ဒုတိယမြောက် ဝံပုလွေမိစ္ဆာကို ထိုးဖောက်သွားတော့သည်။
“အူး...”
ဝံပုလွေမိစ္ဆာသည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး ၎င်း၏ ဝမ်းဗိုက်တွင် သွေးများ တရဟုန်ထိုး စီးကျနေသော ဒဏ်ရာပေါက်ကြီး တစ်ခု ဖြစ်ပေါ်သွားသည်။ သို့သော် တပ်မှူးလင်း ဝမ်းသာချိန်ပင် မရလိုက်ဘဲ တတိယမြောက် ဝံပုလွေမိစ္ဆာမှာ သူ့ထံသို့ ခုန်အုပ်လာပြန်သည်။ သူသည် ဝံပုလွေကို အသေသတ်မည့် အခွင့်အရေးကောင်းကို လက်လွှတ်ကာ လှံကို ပြန်လည်ရုပ်သိမ်း၍ ခုခံလိုက်ရတော့သည်။
အကယ်၍ ဝံပုလွေမိစ္ဆာ တစ်ကောင်တည်းသာဆိုလျှင် အကွက် ၃၀ အတွင်း အပြတ်အသတ် သတ်နိုင်မည်ဟု သူ ယုံကြည်ချက်ရှိသည်။ နှစ်ကောင်ဆိုလျှင် အကွက် ၁၀၀ အတွင်း အခွင့်အရေး ရှာနိုင်ပေမည်။ သို့သော် သုံးကောင်နှင့်အထက် ဆိုပါက မရှုံးနိမ့်အောင်သာ မနည်း အားထုတ်နေရတော့သည်။ တပ်မှူးလင်းသည် ဝံပုလွေမိစ္ဆာ သုံးကောင်ကို တားဆီးထားနိုင်ရန် အစွမ်းကုန် ကြိုးစားနေရသည်။
ဘုန်း ဘုန်း ဘုန်း…
ထိုအချိန်တွင် သူတို့၏ နောက်ကွယ်၌မူ တောရိုင်းတိရစ္ဆာန် ရာနှင့်ချီ ထောင်နှင့်ချီ၍ ငလျင်လှုပ်သကဲ့သို့ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြတော့သည်။
“ငါ သူတို့ကို ပိတ်ဆို့ထားမယ်။ ကျန်တာကိုတော့ ဆရာကြီးရွှီကိုပဲ ပုံအပ်လိုက်ပြီ”
ခေါင်းဆောင်ဖန်းသည် ပြေးဝင်လာသော သောင်းချီသော သားရဲတပ်မတော်ကို ရင်ဆိုင်ရင်း ပြတ်သားစွာ ပြောလိုက်သည်။
“ငါ အများဆုံး ထွက်သက် ဆယ်ကြိမ်ပဲ ထိန်းထားနိုင်လိမ့်မယ်”
စကားအဆုံးတွင် ခေါင်းဆောင်ဖန်း၏ မျက်ဝန်းများမှာ စူးရှသွားပြီး သူ၏ ဓားမြှောင်ထက်မှ အဖြူရောင် အလင်းတန်းများမှာ တောက်လောင်လာတော့သည်။
“ကြာပန်း... ဓားသိုင်း”
သူ၏ ညာဘက်ခြေဖဝါးဖြင့် မြေပြင်ကို ဆောင့်နင်းကာ ခါးကိုလှည့်လိုက်ရာ သူ၏ခန္ဓာကိုယ်မှာ ဂျာင်တစ်ခုအလား နေရာတွင်ပင် အရှိန်အဟုန်ဖြင့် လည်ပတ်သွားတော့သည်။
အရပ်မျက်နှာ ၃၆၀ ဒီဂရီ အဘက်ဘက်သို့ ဖြူဖွေးသော ဓားစွမ်းအင်များမှာ ရုတ်တရက် ပွင့်လန်းလာသော ကြာပန်းတစ်ပွင့်အလား အဆက်မပြတ် ထွက်ပေါ်လာသည်။ ၎င်းသည် လှပသလောက် အလွန်ပင် အန္တရာယ်ကြီးမားလှပေသည်။ တစ်ချိန်တည်းမှာပင် ထိုဓားစွမ်းအင်များသည် လေထုကို တွန်းကန်လိုက်ရာ လက်ညှိုးခန့် တုတ်ခိုင်သော လေဖိအားလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ရှေ့သို့ တိုးဝင်လာနေသော သားရဲတပ်မတော်ကြီးထံသို့ တရဟုန်ထိုး ပြေးဝင်သွားတော့သည်။
ထိုကြာပန်းငယ်လေးမှာ ချက်ချင်းဆိုသလိုပင် ကြာပန်းကြီးတစ်ပွင့်အဖြစ်သို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်။
ဘုန်း... ဘုန်း... ဘုန်း... ဟူသော အသံများ အဆက်မပြတ် ပဲ့တင်ထပ်သွားသည်။ အနားသို့ တိုးကပ်လာသော မရေမတွက်နိုင်သည့် သားရဲများနှင့် ငှက်ရဲများသည် ထိုအဖြူရောင် လေဖိအားလှိုင်းများကြောင့် လွင့်စင်လဲကျကုန်ကြသည်။ ထိုလေဖိအားလှိုင်းဒဏ်ကို ခံနိုင်ရည်ရှိလောက်အောင် သန်မာသူ သို့မဟုတ် ကံကောင်း၍ အနားသို့ ရောက်ရှိလာသူများမှာလည်း ထက်ရှလှသော ဓားစွမ်းအင် ကြာပန်း၏ ဝါးမြိုမှုကို ခံရကာ အပိုင်းပိုင်းအစစ ပြတ်တောက်ကုန်ကြတော့သည်။
ခေါင်းဆောင်ဖန်းသည် သူတစ်ဦးတည်း၏ အစွမ်းဖြင့် သားရဲလှိုင်းတပ်မတော်ကြီးကို ထွက်သက် ၁၀ ကြိမ်ထက်မက တားဆီးထားနိုင်ခဲ့သည်။ ကံမကောင်းသည်မှာ ဤကဲ့သို့သော လျှို့ဝှက်သိုင်းကွက်များသည် ခန္ဓာကိုယ်ကို အလွန်အမင်း ထိခိုက်စေသဖြင့် ကြာရှည်စွာ အသုံးမပြုနိုင်ခြင်းပင်။ သူ ဓားကို ရပ်တန့်လိုက်ချိန်တွင် သူ၏မျက်နှာမှာ ဖြူလျော်သွားခဲ့ပြီး လည်ချောင်းထဲတွင် သွေးနံ့များ ပြည့်နှက်လာကာ ပါးစပ်မှ သွေးတစ်လုပ်ကို မအောင့်နိုင်ဘဲ အန်ထုတ်လိုက်ရတော့သည်။
သူသည် မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ သူတို့သုံးဦးအနက် အားအကောင်းဆုံးဖြစ်သည့် ဆရာကြီးရွှီကို မြင်လိုက်ရသည်။
ဆရာကြီးရွှီ ထမ်းဆောင်ရမည့် တာဝန်မှာလည်း ခက်ခဲလှပေသည်။ သူသည် မီးခိုးရောင်ဝံပုလွေမိစ္ဆာ သုံးကောင်အပြင် သူ၏ အဓိကပစ်မှတ်ဖြစ်သော အနီရောင်ဝံပုလွေဘုရင်ကိုပါ ရင်ဆိုင်ရမည် ဖြစ်သည်။ ထိုင်မြို့၏ ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်သည့်အားလျော်စွာ သူ၏ ဂုဏ်သတင်းမှာ အလကားရခဲ့ခြင်း မဟုတ်ပေ။
သူသည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ဝိညာဉ်ချေမှုန်းခြင်းဟု အမည်ရသော သွေးရောင်ကွေးဓားကို ဝှေ့ယမ်းကာ လေထဲသို့ ငှက်ကြီးတစ်ကောင်အလား ခုန်တက်လိုက်သည်။ သူ၏ ခြေဖဝါးများမှ အဖြူရောင် အလင်းတန်းမှိန်ပျပျများ ထွက်ပေါ်လာပြီး လေကိုနင်း၍ နတ်ဘုရားတစ်ပါးကဲ့သို့ မြန်ဆန်လှသော အရှိန်ဖြင့် ဝံပုလွေမိစ္ဆာတစ်ကောင်၏ တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းလိုက်သည်။
သို့သော်လည်း မီးခိုးရောင်ဝံပုလွေမိစ္ဆာ နှစ်ကောင်မှာ ဘယ်နှင့်ညာ တစ်ပြိုင်နက်တည်း သူ့ထံသို့ ခုန်အုပ်လာကြပြန်သည်။ ယပ်တောင်ကြီးအလား ကြီးမားလှသော ခြေဖဝါးလေးဖက်မှ လက်သည်းများသည် စူးရှသော လေတိုးသံများနှင့်အတူ လေထုကို ဆွဲဖြဲကာ ပြေးဝင်လာတော့သည်။
“သေစမ်း”
ဆရာကြီးရွှီထံမှ ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး မမြင်နိုင်သော ဂယက်လှိုင်းများမှာ ရှေ့သို့ ပျံ့နှက်သွားသည်။ ထိုမီးခိုးရောင်ဝံပုလွေမိစ္ဆာ နှစ်ကောင်မှာ ထိတ်လန့်တကြားဖြစ်သွားပြီး ခေတ္တမျှ မလှုပ်မယှက် ဖြစ်သွားကြသည်။ ဝိညာဉ်ချေမှုန်းခြင်း ဓားသည် ထိုအခိုက်အတန့်ကို အမိအရယူကာ သန့်ရှင်းသေချာစွာ ပိုင်းဖြတ်လိုက်ရာ ၎င်း၏ ထူးခြားလှသော ဝိညာဉ်ကို ညှို့ယူသည့် အစွမ်းကြောင့် ဝံပုလွေများမှာ တွေဝေသွားကြတော့သည်။
ဖျတ်...
ဝံပုလွေမိစ္ဆာတစ်ကောင်၏ ခေါင်းနှစ်လုံးစလုံးမှာ တစ်ပြိုင်နက်တည်း ပြတ်တောက်သွားပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။ ကျန်ရှိနေသော အခြားဝံပုလွေမိစ္ဆာမှာမူ သူ၏ အဖော်ဖြစ်သူ၏ အဖြစ်ဆိုးကို မြင်သောအခါ ထိတ်လန့်တကြားဖြင့် နောက်သို့ ဆုတ်ခွာထွက်ပြေးသွားတော့သည်။ ဆရာကြီးရွှီသည် ထိုဝံပုလွေနောက်သို့ လိုက်ရန် စိတ်မဝင်စားဘဲ သူ၏ မျက်ဝန်းများကို တစ်ကိုယ်လုံး နီရဲနေသော အမွေးအမှင်များရှိသည့် သားရဲဘုရင်ထံသို့သာ စူးစိုက်ကြည့်လိုက်တော့သည်။